← Chapters

အခန်း (၁၆၈၇)

Vol. 121 Ch. 1687

အခန်း (၁၆၈၇)

Vol. 121 Ch. 1687

လျောင်ချန်းဖုန်း၏ စကားက ဝမ်ယု၏ ခန္ဓာကိုယ်ကို တုန်ယင်သွားစေသည်။

မြေကွက်လပ်ထဲမှ ကျင့်ကြံသူများက ခေါင်းလှည့်လိုက်ကြပြီး ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ ဦးတည်ရာဆီသို့ ကြည့်လိုက်ကြသည်။

“ ငါသိပြီ… လျောင်ချန်းဖုန်းက ဓားကျင့်ကြံသူမလား… ပြီးတော့ ကောင်းကင်အသင်္ချေဓားဂိုဏ်းက ဓားကျင့်ကြံသူတွေ စုဝေးနေတဲ့ ဂိုဏ်းတစ်ခုပဲ… လျောင်ချန်းဖုန်းမှာ ဂျူနီယာတွေမရှိတာကြောင့် သူက ကောင်းကင်အသင်္ချေဓားဂိုဏ်းကို သဘောကျသွားတာ ဖြစ်မယ် ”

မုတ်ဆိတ်ဖြူအကြီးအကဲတစ်ယောက်က မျက်လုံးမှေးကျဉ်းလိုက်ပြီး နူးညံ့စွာ ပြောသည်။

သူ၏ စကားက ဘေးပတ်ဝန်းကျင်မှ ကျင့်ကြံသူများကို မနာလိုသော အမူအရာ ဖြစ်ပေါ်စေသည်။

“ ဒီလိုဆိုရင် ကောင်းကင်အသင်္ချေဓားဂိုဏ်းရဲ့ ကံကြမ္မာဆိုးက ကောင်းချီးအဖြစ် ပြောင်းလဲသွားတော့မှာပေါ့ ”

“ ဟုတ်တယ်… မင်းစဉ်းစားကြည့်လေ… အခု ကောင်းကင်အသင်္ချေဓားဂိုဏ်းရဲ့ အင်အားက ဆုတ်ယုတ်သွားပြီ… ဒါပေမဲ့ အကြီးအကဲလျောင်ချန်းဖုန်းက သူတို့ကို ဂရုစိုက်ပေးပြီး ဂိုဏ်းကို ပြန်တည်ဆောက်ပေးမယ်ဆိုရင် ယွင်ထျန်းတာအိုဂိတ်ကို သူတို့ကျော်တတ်သွားဖို့က မဖြစ်နိုင်တဲ့အရာ မဟုတ်ဘူး… ”

မည်သို့ဖြစ်ပါစေ လျောင်ချန်းဖုန်းက ကောင်းကင်ဘုံစစ်ပွဲမှ အသက်ရှင်လျက် ပြန်ရောက်လာသူ ဖြစ်သည်။ သူ၏ ကျင့်ကြံခြင်းစွမ်းအားနှင့် အခြေခံအုတ်မြစ်က ကောင်းကင်အသင်္ချေဓားဂိုဏ်းကို တစ်ဟုန်ထိုး တိုးတတ်သွားအောင် လုပ်ဆောင်ပေးနိုင်သည်။

မှန်ပေသည်။ လျောင်ချန်းဖုန်းက ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ အမွေအနှစ်နှင့် ဂိုဏ်းနာမည်ကို ထိုအတိုင်း ဆက်ထားမည်လော မည်သူမှ မသေချာပေ။

ယွင်ထျန်းတာအိုဂိတ်၏ ဂိုဏ်းခေါင်းဆောင်ဖြစ်သော တာအိုပညာရှင်ယုမင်နှင့် တခြားအကြီးအကဲများက ဝမ်ယုကို စိတ်ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်လိုက်ကြသည်။

ဝမ်ယု၏ အနောက်မှ တပည့်များသည်လည်း အမူအရာပြောင်းလဲသွားကြသည်။

မြေကွက်လပ်ထဲမှာ ရပ်နေသော ဝမ်ယု၏ မျက်လုံးထဲမှာ တုံ့ဆိုင်းသော အရိပ်အမြွက် ထွက်ပေါ်လာသည်။ နောက်ဆုံးမှာတော့ သူက အံတင်းတင်းကြိတ်လိုက်ပြီး လျောင်ချန်းဖုန်းကို အရိုအသေပေးလိုက်သည်။

“ အကြီးအကဲလျောင်… ကျုပ်က ဝမ်ယုပါ… ကောင်းကင်အသင်္ချေဓားဂိုဏ်းရဲ့ ကိစ္စအဝဝကို စီမံဆောင်ရွက်နေတဲ့ ယာယီဂိုဏ်းခေါင်းဆောင်ပါ ”

“ တကယ်လို့ စီနီယာညွှန်ကြားချင်တာရှိရင် ကျုပ်ရဲ့ ကောင်းကင်အသင်္ချေဓားဂိုဏ်းက အဲ့ဒါကို ဖြည့်ဆည်းပေးဖို့ အကောင်းဆုံး ကြိုးစားပေးပါမယ် ”

အကောင်းဆုံး ကြိုးစားပေးမယ်တဲ့လား… ။

သူက အကူအညီတောင်းမည့်အစား တစ်စုံတစ်ခု ညွှန်ကြားရန် ဆန္ဒရှိသလားဟု ဦးစွာမေးသည်။

သူ့စကားကို ကြားသောအခါ ဘေးဝန်းကျင်မှ လူအများအပြားက နူးညံ့စွာ သက်ပြင်းချလိုက်ကြသည်။

ထိုဝမ်ယုက အမြော်အမြင်မရှိပေ။

သူက ဤနှစ်များတွင် ကောင်းကင်အသင်္ချေဓားဂိုဏ်းကို တိုးတတ်အောင် မလုပ်နိုင်ခဲ့သည်မှာ မထူးဆန်းတော့ပေ။

“ စိတ်မကောင်းစရာပဲ… သူက အခြေအနေကို မကြည့်တတ်ဘူး… ”

မြေကွက်လပ်ထဲမှ တစ်စုံတစ်ယောက်က တိုးညင်းစွာ ပြောသည်။

ထို့နောက် လူအများအပြားက လျောင်ချန်းဖုန်းထံသို့ လှည့်ကြည့်လိုက်ကြသည်။

လူအများရှေ့မှာ ထိုသို့ငြင်းပယ်ခံရသည့်အခါ စစ်မြေပြင်မှ ပြန်လာသော ထိုအစွမ်းထက်ပုဂ္ဂိုလ်က မည်သို့ပြန်တုံ့ပြန်လိမ့်မည်နည်း။

“ ငါ့မှာ ဓားတစ်လက်ရှိတယ်… အဲ့ဒါက ကမ္ဘာတစ်ခု ပျိုးထောင်ပေးနိုင်တဲ့ ရတနာတစ်ခုပဲ… ဒီဟာက ငါတို့ရဲ့ ပထမဆုံးအကြိမ် တွေ့ဆုံမှုဖြစ်တာကြောင့် ဒီဟာကို မင်းကို ငါလက်ဆောင်ပေးလိုက်မယ် ”

လျောင်ချန်းဖုန်းက လက်ဝှေ့ယမ်းလိုက်လေရာ သုံးပေရှည်လျားသော ရွှေရောင်ဓားတစ်လက်က ဝမ်ယုဆီသို့ ပျံသန်းသွားသည်။

ကမ္ဘာတစ်ခု ပျိုးထောင်နိုင်သော ရတနာ… ။

ယင်းက သေချာပေါက် စကြာဝဠာအဆင့်ရတနာ ဖြစ်သည်။

တစ်စုံတစ်ယောက်က ထိုရတနာကို အသုံးပြုမည်ဆိုလျှင် စကြာဝဠာအဆင့် ကျွမ်းကျင်ပညာရှင်တစ်ယောက်၏ တိုက်ပွဲစွမ်းအားကို ထုတ်လွှတ်နိုင်လိမ့်မည်။

“ အဲ့ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ”

“ အဲ့ဒါ ဘာအဓိပ္ပာယ်လဲ ”

“ ဒါ… ဒါ… မမှန်ဘူး ”

တီးတိုးစကားသံများက မြေကွက်လပ်ထဲမှာ ထွက်ပေါ်လာသည်။

လျောင်ချန်းဖုန်းက ငြင်းပယ်ခံရတဲ့အတွက် ဒေါသမထွက်ဘူးလား… ။

ဘာလို့ သူက ရတနာဓားကို လက်ဆောင်ပေးနေတာလဲ… ။

ရုတ်တရက်ဆိုသလို မြေကွက်လပ်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။ သူတို့က လျောင်ချန်းဖုန်းကို မယုံကြည်နိုင်စွာ ကြည့်လိုက်ကြသည်။

ဝမ်ယု၏ မျက်လုံးထဲမှာလည်း ဇဝေဇဝါဖြစ်သော အရိပ်အယောင် ထွက်ပေါ်လာသည်။ သူက သူ့အရှေ့မှာ ပျံဝဲနေသော ဓားကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။

ထိုရတနာဓားဖြင့်ဆိုလျှင် သူ၏ တိုက်ပွဲစွမ်းအားက ဤအချင်းမိုင်တစ်သိန်းဧရိယာထဲ၌ ထိပ်ဆုံးသုံးယောက်ထဲ ဝင်ရောက်သွားလိမ့်မည်။

သို့သော်လည်း မည်သို့ကြောင့် တစ်ဖက်လူက ထိုသို့ရတနာကို သူ့အား အလွယ်တကူ လက်ဆောင်ပေးနေသနည်း။

“ စီနီယာ… ကျုပ်နဲ့ ကောင်းကင်အသင်္ချေဓားဂိုဏ်းက ဒီလောက်တန်ဖိုးကြီးမားတဲ့ ရတနာကို ပိုင်ဆိုင်ဖို့ မထိုက်တန်ပါဘူး ”

ဝမ်ယုက ခေါင်းယမ်းလိုက်ပြီး လေးစားစွာ ပြောသည်။

ငြင်းပယ်တာလား… ။

စကြာဝဠာအဆင့် အထွတ်အထိပ်ပုဂ္ဂိုလ်တစ်ယောက်၏ ကြင်နာမှုကို နှစ်ကြိမ်တိုင်အောင် ငြင်းပယ်သည်လော… ။

မြေကွက်လပ်ထဲမှ ကျင့်ကြံသူများက အနောက်သို့ ခြေတစ်လှမ်း ဆုတ်သွားကြသည်။

သူတို့က ဝမ်ယု၊ ကောင်းကင်အသင်္ချေဓားဂိုဏ်းမှ တပည့်များနှင့်အတူ မြေမြှုပ်မခံချင်ကြပေ။

ကပ်ဘေးကို ကိုယ့်ဘာသာ ဖိတ်ခေါ်သည့်အတွက် လွတ်လမ်းမရှိတော့ပေ။

လူတိုင်း၏ အရှေ့တွင် လျောင်ချန်းဖုန်းက အနည်းငယ် အံ့ဩသွားသည်။ ထို့နောက် သူက ကျယ်လောင်စွာ ရယ်လိုက်သည်။

“ ဝမ်ယု… ငါက ပေးပြီးသားလက်ဆောင်ကို ပြန်ယူမယ်ထင်လား ”

သွားပြီ… ။

လျောင်ချန်းဖုန်း ဒေါသထွက်သွားပြီ… ။

လူတိုင်းက စိတ်ထဲမှာ သက်ပြင်းချလိုက်ကြသည်။

လျောင်ချန်းဖုန်းက ထပ်မံ ပြောသည်။

“ ကောင်းကင်ဘုံစစ်ပွဲအတွင်းမှာ ငါက မင်းရဲ့ စီနီယာအကိုကြီးတွေရဲ့ လက်အောက်က စစ်သည်တော်တစ်ယောက်ပဲ… စစ်ဦးစီးချုပ်က မင်းရဲ့ ဆရာ ဟန်မူယဲ့… ဒါကြောင့် ငါမင်းကို လက်ဆောင်ပေးတာက မသင့်တော်တဲ့အရာ မဟုတ်ဘူး ”

“ တကယ်တော့ သူတို့ပြန်ရောက်လာတဲ့အခါ ငါ့ရဲ့ သေးငယ်တဲ့ ဒီလက်ဆောင်က ဘာမှတန်ဖိုးရှိတော့မှာ မဟုတ်ဘူး ”

လျောင်ချန်းဖုန်း၏ စကားက ဝမ်ယုကို အံ့ဩဆွံ့အသွားစေသည်။

သူ၏ တစ်ကိုယ်လုံးက ပြင်းထန်စွာ တုန်ယင်နေပြီး သူ၏ ဦးခေါင်းက မူးနောက်နေသည်ဟု ခံစားမိသွားသည်။

ကောင်းကင်ဘုံစစ်ပွဲအတွင်းမှာ လျောင်ချန်းဖုန်းက သူ့စီနီယာအကိုကြီးများ၏ လက်အောက်မှ စစ်သည်တော်တစ်ယောက်လား… ။

သူ၏ ဆရာက ကောင်းကင်ဘုံစစ်ပွဲမှာ စစ်တပ်များကို အမိန့်ပေးသည့် စစ်ဦးစီးချုပ်လား… ။

ဘာတွေဖြစ်ကုန်တာလဲ…။

အဲ့ဒါ ဘာအဓိပ္ပာယ်လဲ…။

ဝမ်ယုတစ်ယောက်တည်း မဟုတ်ပေ။ ယွင်ထျန်းတာအိုဂိတ်၏ ဂိတ်တံခါးအရှေ့မှ လူတိုင်းက မျက်လုံးပြူးသွားကြပြီး လျောင်ချန်းဖုန်းကို မယုံကြည်နိုင်စွာ ကြည့်လိုက်ကြသည်။

လျောင်ချန်းဖုန်းက ဟက်ဟက်ပက်ပက် ရယ်လိုက်ပြီး လက်ဝှေ့ယမ်းလိုက်သည်။

“ ငါ့မှာ လုပ်ဆောင်ရမယ့် ကိစ္စတချို့ ရှိနေသေးလို့ ဒီမှာ ကြာကြာမနေနိုင်ဘူး… စစ်ဦးစီးချုပ်ဟန်နဲ့ တခြားလူတွေက မကြာခင် ပြန်ရောက်လာကြလိမ့်မယ်… မင်းက ဂိုဏ်းကို ပြန်သွားပြီး သူတို့ကို ကြိုဆိုဖို့ အသင့်ပြင်ထားသင့်တယ် ”

“ ကောင်းကင်ဘုံစစ်ပွဲပြီးဆုံးသွားပြီးနောက် မင်းရဲ့ ကောင်းကင်အသင်္ချေဓားဂိုဏ်းက မိုင်သန်းပေါင်းများစွာကို အုပ်ချုပ်လိမ့်မယ် ”

“ ဒါကြောင့် ငါ့ရဲ့ ထူးခြားငါးပါးဓားဂိုဏ်းက မင်းရဲ့ ကောင်းကင်အသင်္ချေဓားဂိုဏ်းကို အရင်ဂုဏ်ပြုပါတယ် ”

စကားဆုံးသည်နှင့် လျောင်ချန်းဖုန်း၏ ပုံရိပ်က ဓားအလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး အဝေးသို့ ပျံသန်းသွားသည်။

ဝမ်ယုက သူ့အရှေ့မှာ လွင့်မျောနေသော ဓားကို ကြည့်လိုက်သည်။ သူက ဖြည်းညင်းစွာ လက်ဆန့်ထုတ်လိုက်ပြီး ဓားကို ဖမ်းဆုပ်လိုက်သည်။

မြေကွက်လပ်ထဲတွင် လူတိုင်းက ခေါင်းလှည့်လိုက်ကြပြီး ဝမ်ယုကို ကြည့်လိုက်ကြသည်။

ကောင်းကင်အသင်္ချေဓားဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်ဟန်မူယဲ့က ကောင်းကင်ဘုံစစ်ပွဲမှာ စစ်ဦးစီးချုပ်လား… ။

မည်မျှများပြားသော အစွမ်းထက်ကျင့်ကြံသူများက ကောင်းကင်အသင်္ချေဓားဂိုဏ်းဆီသို့ ပြန်ရောက်လာကြမည်နည်း။

“ ဟား ဟား… ဂိုဏ်းဆီ ပြန်ကြမယ် ”

ဝမ်ယုက ကျယ်လောင်စွာ အော်ရယ်လိုက်သည်။ သူ့အရှေ့၌ ဓားအလင်းက ပေါ်လျှိုးလာပြီး ပေတစ်ထောင်ရှည်လျားသွားသည်။ နောက်အခိုက်အတန့်မှာ ဓားအလင်းက သူနှင့် သူ့အနောက်မှ တပည့်များကို လွှမ်းခြုံသွားပြီး သူတို့ကို အဝေးသို့ ခေါ်ဆောင်သွားသည်။

ယွင်ထျန်းတာအိုဂိတ်၏ ဂိတ်တံခါးအရှေ့တွင် တခြားကျင့်ကြံသူများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ထို့နောက် သူတို့က ကောင်းကင်အသင်္ချေဓားဂိုဏ်းဆီသို့ အမြန်ပျံသန်းသွားကြသည်။

ယခုအချိန်မှာ ငတုံးသာလျှင် ကောင်းကင်အသင်္ချေဓားဂိုဏ်းဆီသို့ မသွားဘဲ နေလိမ့်မည်။

“ ဒီငမိုက်သားက ကောင်းကင်အသင်္ချေဓားဂိုဏ်းဆီ ခရီးထွက်ဦးမယ်… တကယ်လို့… ”

တာအိုပညာရှင်ယုမင်က သူ့ဘေးမှ အကြီးအကဲတစ်ယောက်ကို နူးညံ့စွာ ပြောသည်။

“ တကယ်လို့ ဒီငမိုက်သားက အသက်ရှင်လျက် ပြန်မလာနိုင်ဘူးဆိုရင် ခင်ဗျားက ယွင်ထျန်းတာအိုဂိတ်က တပည့်တွေကို ခေါ်ပြီး ဝေးနိုင်သမျှဝေးဝေးကို ထွက်သွားပါ… ဂိုဏ်းရဲ့ အမွေအနှစ် ဆက်လက် တည်မြဲနေဖို့က အရေးကြီးဆုံးပဲ ”

ဤနှစ်များတွင် ယွင်ထျန်းတာအိုဂိတ်က ကောင်းကင်အသင်္ချေဓားဂိုဏ်းကို အကြိမ်ကြိမ် ရန်ပြုခဲ့သည်။ သို့ဖြစ်၍ ကောင်းကင်အသင်္ချေဓားဂိုဏ်းဆီသို့ သွားရောက်မည့် တာအိုပညာရှင်ယုမင်၏ ခရီးစဉ်သည် ကျားဂူထဲသို့ ဝင်ရောက်ခြင်းနှင့် မခြားပေ။

သို့တိုင် သူက မည်သို့ကြောင့် မသွားဘဲ နေနိုင်မည်နည်း။

သူ့မှာ ထိုသို့လုပ်ဝံ့သော သတ္တိမရှိပေ။

…..

ဆယ်ရက်ကြာပြီးနောက်… ။

ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ ဂိတ်တံခါးအရှေ့တွင် ထောင်သောင်းချီသော ကျင့်ကြံသူများက စောင့်ဆိုင်းနေကြသည်။

“ သူတို့ လာပြီ ”

“ သူတို့ပြန်လာပြီ ”

လူတိုင်းက ခေါင်းမော့လိုက်ကြပြီး ကျယ်လောင်စွာ အော်ပြောလိုက်ကြသည်။

အဝေးမှ ကောင်းကင်ယံတွင် ရွှေရောင်မှော်ယာဉ်ပျံများက ကောင်းကင်ကို ဖြတ်သန်း၍ ကောင်းကင်အသင်္ချေဓားဂိုဏ်းဆီသို့ ချဉ်းကပ်လာနေကြသည်။

ယင်းတို့ထဲမှ မည်သည့်မှော်ယာဉ်ပျံမဆို ပေတစ်သောင်းရှည်လျားကြပြီး နတ်ဘုရားအလင်းက ယင်းတို့ကို အပေါ်မှ လွှမ်းခြုံထားသည်။

အနည်းဆုံး မှော်ယာဉ်ပျံတစ်ရာခန့်က ဤနေရာသို့ ဦးတည်လာနေကြသည်။ တစ်ချိန်တည်းမှာ တောက်ပသော ဓားအလင်းက မိုးမြေတစ်ခွင် ဖြန့်ကြက်သွားပြီး ရွှေရောင်အလင်းစက်ဝိုင်းကို ထုတ်လွှတ်လိုက်သည်။

“ အဲ့ဒါ ကောင်းကင်အသင်္ချေဓားဂိုဏ်းက လူတွေပဲ ”

“ အဲ့ဒီဓားအလင်း… သူတို့က ဘယ်လောက်သန်မာလိုက်လဲ ”

“ ကောင်းကင်ကို ဖြတ်တောက်နိုင်တဲ့ဓား… အဲ့ဒါက သေချာပေါက် စကြာဝဠာအဆင့်ရဲ့ အထက်မှာ ဖြစ်ရမယ် ”

မရေမတွက်နိုင်သော အာမေဋိတ်သံများ ထွက်ပေါ်လာသည်။ ထို့နောက် မှော်ယာဉ်ပျံများက ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ ဂိတ်တံခါးဆီသို့ ဆင်းသက်လာကြသည်။

“ ဒေါင် ”

“ ဒေါင် ”

“ ဒေါင် ”

…..

ခေါင်းလောင်းမြည်သံက ကိုးကြိမ်တိုင်အောင် တိမ်တိုက်များထဲမှာ ပဲ့တင်ထပ်သွားသည်။ ထို့နောက် ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ မဟာဝင်္ကပါက အသက်ဝင်လာပြီး တောက်ပသော ဓားအလင်းက ကောင်းကင်ပေါ်သို့ ပျံတတ်သွားသည်။

“ တပည့်ဝမ်ယုက ကောင်းကင်အသင်္ချေဓားဂိုဏ်းက တပည့်တွေကို ဦးဆောင်ပြီး ဂိုဏ်းခေါင်းဆောင်နဲ့ စီနီယာအကိုတွေရဲ့ ပြန်ရောက်လာမှုကို ရိုသေလေးစားစွာ ကြိုဆိုပါတယ်… ”

ဝတ်စုံရှည်ဝတ်ဆင်ထားသော ဝမ်ယုက ကျယ်လောင်စွာ အော်ပြောလိုက်ပြီး ဦးညွတ်လိုက်သည်။ သူ၏ ဘေးတစ်ဖက်စီမှာ အတန်းလိုက် မတ်တတ်ရပ်နေကြသော တပည့်များသည်လည်း ပြိုင်တူ ဦးညွတ်လိုက်ကြသည်။

ထိုစဉ် ပုံရိပ်အများအပြားက မှော်ယာဉ်ပျံပေါ်မှ ဆင်းသက်လာကြသည်။ သူတို့က စိတ်ရှုပ်ထွေးသော အမူအရာဖြင့် ဂိတ်တံခါးကို ကြည့်လိုက်ကြသည်။

“ ကောင်းကင်အသင်္ချေဓားဂိုဏ်း ငါပြန်ရောက်လာပြီ ”

အသက်ငယ်ရွယ်သော လူငယ်တစ်ယောက်က ပြောသည်။ သို့သော်လည်း သူ၏ ဘေးပတ်ပတ်လည်မှာ ရစ်သိုင်းနေသော သွေးချီအရှိန်အဝါအရ သူ၏ ကျင့်ကြံခြင်းအဆင့်က တခြားလူများ စိတ်ကူးမယဉ်နိုင်အောင် အလွန်မြင့်မားကြောင်း ထင်ရှားသည်။

“ ရွှင်းယန်ဂျူနီယာညီလေး… မင်း… မင်း ပြန်ရောက်လာပြီ… ”

ဝမ်ယု၏ အနောက်တွင် မတ်တတ်ရပ်နေသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က ကောင်းကင်ပေါ်မှ လူငယ်ကို မြင်သွားသောအခါ စိတ်ခံစားချက်ဖြင့် အော်ပြောလိုက်သည်။ မယုံကြည်နိုင်မှုကြောင့် သူ၏ မျက်လုံးက ပြူးကျယ်နေသည်။

ကောင်းကင်ပေါ်မှ လူငယ်က သက်လတ်ပိုင်းအရွယ် အမျိုးသားကို ကြည့်လိုက်သည်။ သူက နူးညံ့စွာ ပြောသည်။

“ စီနီယာအကိုကြီး… ကျုပ်ပြန်လာပြီ ”

ထို့နောက် ကျောက်မင်ယွင်၏ ဦးဆောင်မှုအောက်မှာ ပုံရိပ်အများအပြားက မှော်ယာဉ်ပျံများပေါ်မှ ဆင်းသက်လာကြသည်။

ဤအခိုက်အတန့်မှာ ကျောက်မင်ယွင်က လေထဲမှာ မားမားမတ်မတ် ရပ်နေသည်။ သူ၏ ဘေးတွင် သုံးပေရှည်လျားသော ဓားတစ်လက်က လွင့်မျောနေသည်။

“ စီနီယာအကိုကြီး ”

ဝမ်ယုက စိတ်လှုပ်ရှားစွာ အော်လိုက်ပြီး အရိုအသေပေးလိုက်သည်။

ယခု ကျောက်မင်ယွင်ထံမှ ထုတ်လွှတ်နေသော အရှိန်အဝါကြောင့် သူက ကျောက်မင်ယွင်ကို တိုက်ရိုက် မကြည့်နိုင်ပေ။

“ အင်း… ဂျူနီယာညီလေး… မင်း ဒီနှစ်တွေမှာ အလုပ်ကြိုးစားခဲ့တယ် ”

ကျောက်မင်ယွင်က ခေါင်းလှည့်လိုက်ပြီး ဘေးဘီကို ကြည့်လိုက်သည်။ သူ၏ အရှိန်အဝါက ဖြည်းဖြည်းချင်း စုစည်းသွားသည်။

“ ဗုန်း ”

အချင်းမိုင်တစ်သောင်းဧရိယာထဲမှ တောင်တန်းများနှင့် မြစ်ချောင်းများက တုန်ယင်သွားကြသည်။

“ ဝုန်း ”

ထို့နောက် ပေတစ်သောင်းရှည်လျားသော ဓားအလင်းက ထွက်ပေါ်လာသည်။

ဝမ်ယုက မျက်လုံးပြူးကျယ်သွားသည်။ ဓားအလင်းဖြင့် ဝိုင်းရံခံထားရသော ကျောက်မင်ယွင်ကို သူကြည့်လိုက်သည့်အခါ သူ၏ မျက်လုံးထဲမှာ အံ့ဩထိတ်လန့်မှုဖြင့် ပြည့်နှက်သွားသည်။

ကျောက်မင်ယွင်က ခေါင်းမော့လိုက်ပြီး မထူးမခြားနား ပြောသည်။

“ ဒီဘုရင်က ကိုယ်ပိုင်စကြာဝဠာတစ်ခုကို ဖွဲ့စည်းပြီး ယင်ယန်နဲ့ သေခြင်းရှင်ခြင်းကို ဖြတ်တောက်ခဲ့တယ်… ကောင်းကင်ဘုံရဲ့ လျှို့ဝှက်ချက်တွေကို ဖမ်းဆုပ်ပြီး ကမ္မချည်မျှင်တွေကို ပိုင်းဖြတ်ခဲ့တယ်… နောက်ဆုံးမှာ ဒီဘုရင်က သံသရာစက်ဝန်းအဆင့်ကို ဝင်ရောက်ခဲ့တယ် ”

“ ဒီနေ့မှာ ကောင်းကင်အသင်္ချေဓားဂိုဏ်းရဲ့ တပည်စုစုပေါင်း တစ်ထောင့်ရှစ်ရာသုံးဆယ့်နှစ်ယောက်က သေခြင်းရှင်ခြင်းအဆင့်ကို ကျော်လွန်သွားကြပြီ ”

“ ဂိုဏ်းခေါင်းဆောင်ဟန်ရဲ့ အမိန့်တော်အရ ကောင်းကင်အသင်္ချေဓားဂိုဏ်းက အတိတ်က ဓားဂိုဏ်း(၃၆)ဂိုဏ်းကို ပြန်လည်စုစည်းမယ် ”

“ အမွေအနှစ်တွေအားလုံး ပြန်ပေါင်းစည်းသွားတဲ့အခါ ကျန်းကောင်းကင်ဘုံဓားဂိုဏ်းက ဒီလောကမှာ တဖန် ပြန်ပေါ်လာမယ် ”

“ ဝမ်ယု… အခုကစပြီး မင်းက ကျန်းကောင်းကင်ဘုံဓားဂိုဏ်းက ကောင်းကင်အသင်္ချေဓားခန်းဆောင်ရဲ့ ခန်းမသခင်ဖြစ်သွားပြီ… ကောင်းကင်အသင်္ချေဓားဂိုဏ်းရဲ့ အမွေအနှစ်ကို မင်းက ဆက်လက် ထိန်းသိမ်းရမယ် ”

All Chapters