အခန်း (၁၆၈၈)
Vol. 121 Ch. 1688
ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ ဂိတ်တံခါးအပြင်ဘက်မှ လူတိုင်းက ကျောက်မင်ယွင်ကို ကြည့်လိုက်သည့်အခါ အလိုအလျောက် ဦးညွတ်ချင်စိတ် ဖြစ်ပေါ်လာကြသည်။
သူတို့က အတိတ်မှာ ထိုအကြောင်းကို တစ်ခါမှ မစဉ်းစားဖူးကြချေ။
အမှန်မှာ မစဉ်းစားဝံ့ကြခြင်း ဖြစ်သည်။
ဓားဂိုဏ်း(၃၆)ဂိုဏ်းကို ပြန်စုစည်းမယ်… ။
ကျန်းကောင်းကင်ဘုံဓားဂိုဏ်းကို ပြန်တည်ဆောက်မယ်… ။
မည်သူက ထိုသို့အရာကို ပြောဝံ့မည်နည်း။
သို့သော် ကျောက်မင်ယွင်က ထိုသို့ပြောဝံ့သည်။
ကောင်းကင်ဘုံစစ်ပွဲတွင် ကောင်းကင်အသင်္ချေဓားဂိုဏ်းမှ တပည့်စုစုပေါင်း တစ်ထောင့်ရှစ်ရာသုံးဆယ့်နှစ်ယောက်က သေခြင်းရှင်ခြင်းအဆင့်၏ အထက်သို့ တတ်လှမ်းသွားကြသည်။
ကောင်းကင်ဘုံစစ်ပွဲတွင် ကျောက်မင်ယွင်က သံသရာစက်ဝန်းအဆင့် အစွမ်းထက်ပညာရှင်တစ်ယောက် ဖြစ်လာသည်။
ကောင်းကင်ဘုံစစ်ပွဲတွင် ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ နံပါတ်တစ်ပုဂ္ဂိုလ်ဖြစ်သော ဂိုဏ်းခေါင်းဆောင်ဟန်မူယဲ့က စစ်တပ်များကို အမိန့်ပေးသော စစ်ဦးစီးချုပ်ဖြစ်လာသည်။ သူ၏ လက်အောက်တွင် စစ်ဗိုလ်ချုပ်ဒါဇင်ခန့်နှင့် စစ်သည်တော်သန်းပေါင်းများစွာရှိပြီး သူက မရေမတွက်နိုင်သော တိုက်ပွဲအကျိုးပြုအမှတ်များကို စုဆောင်းနိုင်ခဲ့သည်။
ယင်းက တောင်ကြီးသမျှ ကြီးမားသော ယုံကြည်မှုကို ပေးသည်။
ဝမ်ယုက သူ့အရှေ့မှ ကျောက်မင်ယွင်ကို ကြည့်လိုက်သည်။
သူ၏ စီနီယာအကိုကြီးက သံသရာစက်ဝန်းအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်လာသည်လော။
အတိတ်မှာ စီနီယာအကိုကြီးသည် ဂိုဏ်းမှ မထွက်သွားခင် တာအိုချိုးဖြတ်ခြင်းအဆင့်မှာသာ ရှိသေးသည်။ နှစ်တစ်ရာအတွင်းမှာ သူက တာအိုငြိမ်းသတ်ခြင်းအဆင့်၊ ကနဦးမူလအဆင့်၊ စကြာဝဠာအဆင့်၊ ယင်ယန်အဆင့်၊ သေခြင်းရှင်ခြင်းအဆင့်၊ ကောင်းကင်ဘုံလျှို့ဝှက်ချက်အဆင့်နှင့် ကမ္မအဆင့်ကို ချိုးဖြတ်သွားခဲ့သည်လော။
သံသရာစက်ဝန်းအဆင့်… ။
ယင်းက အာဏာရှင်အဆင့်အောက်တွင် အသန်မာဆုံး ဖြစ်သည်။
ယင်းက လူတစ်ယောက်အောက်မှာသာရှိပြီး လူတစ်သိန်းအထက်မှာ ရပ်တည်နိုင်သော အဆင့်ဖြစ်သည်။ သူ၏ စီနီယာအကိုကြီးက နှစ်တစ်ရာကြာပြီးနောက် သံသရာစက်ဝန်းအဆင့် အစွမ်းထက်ပညာရှင်တစ်ယောက် ဖြစ်လာ၏။
အနှစ်တစ်ရာ… ။
အနှစ်တစ်ရာမတိုင်ခင်နှင့် အနှစ်တစ်ရာကြာပြီးနောက် ကွာခြားချက်က မိုးနှင့်မြေပမာ ကြီးမားလှ၏။
“ ဝမ်ယု… အမိန့်နာခံပါတယ်… ”
ဝမ်ယုက ဦးညွတ်လိုက်ပြီး နူးညံ့စွာ ပြောသည်။
“ အမိန့်နာခံပါတယ် ”
ဝမ်ယု၏ အနောက်မှ ကောင်းကင်အသင်္ချေဓားဂိုဏ်းတပည့်များက တစ်ယောက်ပြီးတစ်ယောက် အော်ပြောလိုက်ကြသည်။
စိတ်လှုပ်ရှားမှုက လူတိုင်း၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
“ ဂိုဏ်းဆီ ပြန်ပြီး တိတ်တဆိတ် ကျင့်ကြံကြပါ… ပြီးရင် စီရင်စုဆီ သွားကြပါ ”
ကျောက်မင်ယွင်က လက်ဝှေ့ယမ်းလိုက်လေရာ သူ့အနောက်မှ မှော်ယာဉ်ပျံများပေါ်မှ ဓားကျင့်ကြံသူများက ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ ဂိတ်တံခါးဆီသို့ ဆင်းသက်သွားကြသည်။
အဆုံးမဲ့ဓားအလင်းက ဘေးပတ်ဝန်းကျင်တစ်လျှောက် ပျံ့နှံ့သွားသည်။ ဓားအလင်းက အလွန်ထက်ရှလေရာ အချင်းမိုင်တစ်သောင်းအတွင်းမှ တိမ်တိုက်များက အပိုင်းပိုင်းအစစ ပိုင်းဖြတ်ခံလိုက်ရသည်။
သုံးပေရှည်လျားသော ဓားပုံရိပ်က လေထဲသို့ မြှောက်တတ်သွားပြီး မရေမတွက်နိုင်သော မူလစွမ်းအားများကို တရစပ် ဖြတ်တောက်လိုက်သည်။
“ ဗုန်း ”
ထိုဓားက ဤလောက၏ ခမ်းနားထည်ဝါဆုံး ဓားတာအိုကို ကိုယ်စားပြုသည်။
….
မိုင်တစ်သန်းအဝေးမှ တိမ်နဂါးတောင်တန်းထဲတွင်… ။
ဓားအလင်းတန်းများက တောင်တန်း၏ ကောင်းကင်ယံပေါ်မှာ ပရမ်းပတာ လှုပ်ခတ်နေသည်။
ထိုတောင်တန်းပေါ်တွင် တိမ်နဂါးဓားဂိုဏ်း တည်ရှိသည်။
မှန်ပေသည်။ ယင်းက ဓားဂိုဏ်း(၃၆)ဂိုဏ်းထဲမှ တစ်ဂိုဏ်းဖြစ်သည်။
အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော ဟန်မူယဲ့က တိမ်နဂါးဓားဂိုဏ်း၏ ဂိတ်တံခါးအရှေ့မှာ ဆင်းသက်လိုက်သည်။ သူက ဂိတ်တံခါးအရှေ့မှာ မတ်တတ်ရပ်လိုက်ပြီး မတည်မငြိမ်ဖြစ်နေသော ဓားဆန္ဒကို ကြည့်လိုက်သည်။
ဂိုဏ်း၏ ဂိတ်တံခါးကို အဖြူရောင်ကျောက်စိမ်းဖြင့် ဆောက်လုပ်ထားသည်။ ရွှေရောင်အလင်းနှင့် နတ်ဘုရားအလင်းက ထိုကျောက်တုံးများပေါ်မှာ အတူတကွ ယှက်ထွေနေသည်။
ထိုရွှေရောင်အလင်းက ဓားဆန္ဒမှလွဲ၍ တခြားမဟုတ်ပေ။
မူလစွမ်းအား… ။
ယင်းက ဓားမူလစွမ်းအား ဖြစ်သည်။
တိမ်နဂါးဓားဂိုဏ်းက အမှန်တကယ်ပင် ဂိုဏ်းကြီးတစ်ဂိုဏ်း ဖြစ်သည်။
“ တိမ်နဂါးဓားဂိုဏ်းကို တပည့်အဖြစ် ဝင်ရောက်ချင်တဲ့ လူတွေက တောင်ဂိတ်တံခါးရဲ့ အပြင်ဘက်မှာ တစ်နှစ်ကြာအောင် စောင့်ဆိုင်းရမယ် ”
“ တကယ်လို့ တခြားဂိုဏ်းက ဓားကျင့်ကြံသူတွေ အလည်လာမယ်ဆိုရင် သူတို့က အရင်ကြိုစာရင်းပေးပြီး နောက်သုံးနှစ်နေမှ ပြန်လာရမယ် ”
တောင်ဂိတ်တံခါး၏ အရှေ့တွင် အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော လူငယ်ဒါဇင်ခန့်က စီတန်းရပ်နေကြသည်။ သူတို့က နောက်ကျောပေါ်တွင် ဓားရှည်တစ်လက်ကို လွယ်ထားကြသည်။ သူတို့က ဖြောင့်မတ်စွာ မတ်တတ်ရပ်နေကြပြီး ရှိန်လောက်ဖွယ်ကောင်းသော ဓားဆန္ဒကို ထုတ်လွှတ်နေကြသည်။
(၈၁)ထစ်ပါရှိသော ကျောက်တုံးလှေကား၏ အရှေ့တွင် ဓားကျင့်ကြံသူများက အရှေ့သို့ ရွေ့လျားရန် ရုန်းကန်နေကြသည်။
“ ငါမယုံဘူး… ဓားလှေကားပေါ်ကို သေချာပေါက် ငါခြေချနိုင်ရမယ် ”
“ ဒီနေ့ ငါကျူးဝူယွမ်က လှေကားထစ်(၁၀)ထစ်ကို ဖြတ်ကျော်ပြီး တိမ်နဂါးဓားဂိုဏ်းဆီ သေချာပေါက် ဝင်ရောက်မယ် ”
လူငယ်တစ်ယောက်ပြီးတစ်ယောက်က စိတ်ဓာတ်ပြတ်သားသော အမူအရာဖြင့် ကျောက်တုံးလှေကားပေါ်သို့ ခြေချလိုက်ကြသည်။
တစ်စုံတစ်ယောက်က ကျောက်တုံးလှေကားပေါ်သို့ ခြေချပြီး လှေကားထစ်(၁၀)ထစ်ကို အနောက်မဆုတ်ဘဲ ဖြတ်ကျော်နိုင်မည်ဆိုလျှင် တိမ်နဂါးဓားဂိုဏ်း၏ တပည့်တစ်ယောက် ဖြစ်လာလိမ့်မည်။
အကယ်၍ သူတို့က လှေကားထစ်(၁၂)ထစ်ကို ရောက်နိုင်မည်ဆိုလျှင် ဓားဂိုဏ်းထဲ၌ လက်ရွေးစင်တပည့်များ ဖြစ်လာကြလိမ့်မည်။
“ ဗုန်း ”
လှေကားထစ်(၁၀)ထစ်ပေါ်သို့ ခြေချလိုက်သော လူငယ်တစ်ယောက်က အံတင်းတင်းကြိတ်လိုက်သည်။ သူ၏ မျက်နှာပေါ်မှာ ဆန္ဒမရှိမှုဖြင့် ပြည့်နှက်နေသည်။
သူ၏ ခန္ဓာကိုယ်တစ်ဝိုက်၌ လှည့်ပတ်နေသော ဓားအလင်းအကာအကွယ်က အက်ကွဲသွားသည်။
ထို့နောက် သူက ဓားအလင်းတန်းဖြင့် ထိမှန်သွားပြီး အောက်သို့ ပြုတ်ကျသွားသည်။
“ စိတ်မကောင်းစရာပဲ… အသက်သုံးခါရှူချိန်ထိ တောင့်ခံနိုင်မယ်ဆိုရင် ဂိုဏ်းထဲ ဝင်ရောက်နိုင်တော့မှာကို ”
“ ဟွန့်… အသက်သုံးခါရှူချိန်ထိ တောင့်ခံထားဖို့ဆိုတာ လွယ်လွယ်လေး ထင်နေလား ”
ကျောက်တုံးလှေကားအောက်တွင် လူအများအပြားက တီးတိုးပြောနေကြသည်။
ဟန်မူယဲ့က ခေါင်းမော့လိုက်သည်။ သူက အင်္ကျီကို သပ်ရပ်စွာ ပြုပြင်လိုက်ပြီး သူ၏ ခြေထောက်ကို မြှောက်လိုက်သည်။
“ အမ်… ဟိုလူက ရောက်ရောက်ချင်း ဓားလှေကားပေါ် တန်းတတ်ချင်တာလား ”
“ ဟား ဟား… အဲ့ဒီလူ ပထမတစ်ထစ်တောင် ရောက်နိုင်မှာမဟုတ်ဘူး ”
“ ဘယ်လောက် ဘဝမြင့်လိုက်လဲ ”
ကျောက်တုံးလှေကားအောက်မှ လူများက သရော်လှောင်ပြောင်သော အပြုံးကို ထုတ်ဖော်လိုက်ကြပြီး အထင်အမြင်သေးစွာ ပြောကြသည်။
ယခု မျက်လုံးအားလုံးက ဟန်မူယဲ့၏ ခြေထောက်ပေါ်သို့ ကျရောက်သွားသည်။
ထိုခြေထောက်က ကျောက်တုံးလှေကားပေါ်သို့ မြဲမြံစွာ ကျဆင်းသွားသည်။
သူက ပထမလှေကားထစ်ကို သက်တောင့်သက်သာ ဖြတ်ကျော်သွားသည်။
ထိုမြင်ကွင်းက ဘေးပတ်ဝန်းကျင်မှ လူများကို အနည်းငယ် အံ့ဩသွားစေသည်။
“ သူက အဲ့ဒီအပေါ် နင်းလိုက်တာလား ”
“ အို… စိတ်ဝင်စားစရာပဲ ”
အနီးနားဝန်းကျင်မှ လူများက စူးစမ်းလိုသော အမူအရာဖြင့် ဟန်မူယဲ့ကို ကြည့်လိုက်ကြသည်။
ဟန်မူယဲ့က သူ၏ ခြေထောက်ကို မြှောက်လိုက်ပြီး နောက်ထပ် ခြေတစ်လှမ်း လှမ်းလိုက်သည်။
တောက်ပသော အလင်းက စောင့်ကြည့်နေသူအားလုံး၏ မျက်လုံးထဲမှာ လင်းလက်သွားသည်။ ဟန်မူယဲ့က တတိယမြောက် လှေကားထစ်ပေါ်သို့ အလွယ်တကူ တတ်လှမ်းသွားသည်။
စတုတ္ထလှေကားထစ်… ။
ဘေးပတ်ဝန်းကျင်မှ လူများက အသက်ပြင်းပြင်းရှူသွင်းလိုက်ကြသည်။
“ ဗုန်း ”
ဓားအလင်းက သူ၏ ခန္ဓာကိုယ်တစ်ဝိုက်၌ မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားသည်။
ဟန်မူယဲ့က ညင်သာစွာ လက်မြှောက်လိုက်ပြီး အရှေ့သို့ ညွှန်လိုက်သည်။
တောက်ပသော ဓားအလင်းက ပျံသန်းထွက်သွားပြီး သူ၏ ဘေးပတ်ဝန်းကျင်မှ ဓားအလင်းများကို ဖျက်ဆီးလိုက်သည်။
သူက နောက်ထပ် ခြေတစ်လှမ်း လှမ်းလိုက်ပြီး ပဉ္စမမြောက် လှေကားထစ်ပေါ်သို့ တတ်လှမ်းသွားသည်။
ပဉ္စမမြောက် လှေကားထစ်… ။
ထိုအချိန်တွင် သူ၏ ဘေးပတ်ဝန်းကျင်မှ လူများက တစ်စုံတစ်ခု လွဲမှားနေကြောင်း သတိထားမိသွားကြသည်။
ဟန်မူယဲ့ ထုတ်ဖော်လိုက်သော ဓားကျင့်ကြံခြင်းက အလွန်အဆင့်မြင့်သည်။ သူက တိမ်နဂါးဓားဂိုဏ်း၏ တပည့်ဖြစ်လာရန် ကျောက်တုံးလှေကားစစ်ဆေးမှုကို ဖြတ်ကျော်ရန် မလိုပေ။
“ သူ… သူက စိန်ခေါ်ချင်နေတာများလား… ”
“ မဖြစ်နိုင်တာ… တိမ်နဂါးဓားဂိုဏ်းက ဓားဂိုဏ်း(၃၆)ဂိုဏ်းထဲက တစ်ဂိုဏ်းပဲ… ဘယ်သူက စိန်ခေါ်ရဲ… ”
ထိုသူ၏ စကားမဆုံးခင်မှာ ဟန်မူယဲ့က အဌမမြောက် လှေကားထစ်ပေါ်သို့ ဆက်တိုက် တတ်လှမ်းသွားကြောင်း လူတိုင်း မြင်လိုက်ကြရသည်။
ထိုသို့ဆက်တိုက် တတ်လှမ်းသွားမှုကြောင့် လှေကားသုံးထစ်ထံမှ ဓားဆန္ဒက အတူတကွပေါင်းစည်းသွားပြီး ဟန်မူယဲ့၏ ရင်ဘက်ပေါ်သို့ ကျဆင်းလာသည်။
“ ရွှီး ”
ဓားအလင်းက ပဲ့တင်ပြန်လိုက်သည်။
ဟန်မူယဲ့က သူ၏ လက်ကို ထပ်မံ မြှောက်လိုက်သည်။
အစိမ်းရောင်ဓားအလင်းက သူ၏ လက်ညှိုးထိပ်မှ ပျံသန်းသွားသည်။
“ ထန် ”
ဓားအလင်းနှစ်ခု တွေ့ဆုံသွားသည့်အခါ ဟန်မူယဲ့၏ ဓားအလင်းက ဓားဆန္ဒသုံးခု၏ ပေါင်းစည်းမှုကို တိုက်ရိုက် ထိုးဖောက်သွားပြီး ဒသမမြောက် လှေကားထစ်ပေါ်သို့ ကျဆင်းသွားသည်။
ဓားအလင်းနှစ်ခု၏ ထိပ်တိုက် တွေ့ဆုံမှုအောက်မှာ မျက်စိကျိန်းစပ်လုနီးပါး ထွန်းလင်းတောက်ပသော အလင်းရောင်က ထွက်ပေါ်လာသည်။
ယင်းက သာမန်ကျင့်ကြံသူများကို တိုက်ရိုက် မော်မကြည့်နိုင်အောင် ဖြစ်စေသည်။
“ ဗုန်း ”
ကျောက်တုံးလှေကားထစ်များ၏ အပေါ်တွင် မိုးခြိမ်းသံသဖွယ် ကျယ်လောင်သော မြည်သံတစ်သံ ထွက်ပေါ်လာသည်။ ထို့နောက် မီးခိုးရောင်ဓားတစ်လက် ထွက်ပေါ်လာပြီး ဟန်မူယဲ့ထုတ်လွှတ်လိုက်သော ဓားအလင်းတန်းကို ပိုင်းချလိုက်သည်။
ထိုဓားက တောင်ဂိတ်တံခါးထံမှ ဓားမူလစွမ်းအား၏ ဒြပ်ထည်ဖွဲ့စည်းမှုပုံစံ ဖြစ်သည်။
“ ထန် ”
ဓားအလင်းနှစ်ခု၏ အပြန်အလှန် အားပြိုင်မှုကြောင့် စွမ်းအင်လှိုင်းများက အရပ်မျက်နှာအဘက်ဘက်ဆီသို့ ပျံ့လွင့်သွားကြသည်။
“ ခရက် ”
မီးခိုးရောင်ဓားက တစ်စစီ အက်ကွဲသွားသည်။
လူတိုင်းက ထိုမြင်ကွင်းကို မြင်သွားသောအခါ မျက်လုံးပြူးသွားကြသည်။
“ သူရူးသွားပြီ… သူဘာလုပ်ချင်နေတာလဲ ”
“ အဲ့ဒါ… အဲ့ဒါ… တိမ်နဂါးဓားဂိုဏ်းကို စိန်ခေါ်နေတာပဲ ”
ကျောက်တုံးလှေကားအောက်မှ လူများက လှေကားထစ် တစ်ထစ်ပြီးတစ်ထစ် တတ်လှမ်းသွားနေသော ဟန်မူယဲ့အား ကြည့်လိုက်သည့်အခါ အံ့ဩဆွံ့အသွားကြသည်။
ယခု ဟန်မူယဲ့က ဒသမမြောက် လှေကားထစ်ပေါ်သို့ တတ်လှမ်းသွားပြီ ဖြစ်၏။ ထို့ပြင် သူက မည်သည့်တုံ့ဆိုင်းမှုမှမရှိဘဲ ဆက်တိုက် တတ်လှမ်းသွားခဲ့ခြင်း ဖြစ်သည်။
ကျောက်တုံးလှေကားပေါ်တွင် ဓားကျင့်ကြံသူအုပ်စုတစ်စုက အကြည့်ချင်းဖလှယ်လိုက်ကြသည်။
သူတို့ထဲမှ တစ်ယောက်က ဓားဆွဲထုတ်လျက် အရှေ့သို့ လျှောက်သွားသည်။
“ တိမ်နဂါးဓားဂိုဏ်းရဲ့ ဟဲကျူးမင်က တာအိုရောင်းရင်းဆီကနေ ပညာသင်ယူချင်ပါတယ် ”
ဓားရှည်ကို တင်းကျပ်စွာ ဆုပ်လိုက်သည့်အခါ တောက်ပသော ဓားအလင်းက ဟဲကျူးမင်၏ ခန္ဓာကိုယ်တစ်ဝိုက်မှာ ထွက်ပေါ်လာသည်။ သူက ဓားကို မြှောက်တင်လိုက်ပြီး ကျောက်တုံးလှေကားပေါ်မှ ဟန်မူယဲ့ထံသို့ ခုတ်လိုက်လေရာ ပေတစ်ရာရှည်လျားသော ဓားပုံရိပ်က အောက်သို့ ပျံသန်းသွားသည်။
တာအိုငြိမ်းသတ်ခြင်းအဆင့်… ။
ငယ်ရွယ်ပုံပေါ်သော ထိုဓားကျင့်ကြံသူက တာအိုငြိမ်းသတ်ခြင်းအဆင့် ကျင့်ကြံသူဖြစ်နေသည်။
ဟန်မူယဲ့က ခေါင်းမော့လိုက်သည်။ သတ်ဖြတ်ခြင်းအရှိန်အဝါက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
သူက ခြေတစ်လှမ်းဖြင့် အတားအဆီးအားလုံးကို ဖြတ်ကျော်သွားပြီး ရှစ်ဆယ့်တစ်ထစ်မြောက် လှေကားထစ်ပေါ်သို့ ခြေချလိုက်သည်။
သူက ခြေတစ်လှမ်းတည်းဖြင့် ဂိတ်တံခါးအရှေ့သို့ ရောက်ရှိသွားသည်။
ဟန်မူယဲ့အပေါ်သို့ ကျဆင်းလာနေသော ဓားပုံရိပ်သည်လည်း အပိုင်းပိုင်းအစစ အက်ကွဲသွားသည်။
“ တိမ်နဂါးဓားဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်ကို ငါ့ဆီ လာတွေ့ဖို့ သွားခေါ်ပါ ”
ထိုစကားက သူ့အရှေ့မှာ ရပ်နေကြသော တိမ်နဂါးဓားဂိုဏ်းမှ တပည့်များကို အမူအရာပြောင်းလဲသွားစေသည်။
“ ငါတို့ရဲ့ ဂိုဏ်းခေါင်းဆောင်ကို မင်းတွေ့ချင်ရင် အရင်ဆုံး မင်း… ”
ထိုလူငယ်၏ စကားမဆုံးခင်မှာ ဟန်မူယဲ့က ရုတ်တရက် လက်ညှိုးညွှန်လိုက်သည်။ ဓားအလင်းတန်းတစ်ခုက သူ၏ လက်ညှိုးထိပ်မှ ပျံသန်းသွားပြီး ဆန့်ကျင်ဘက်မှ ဓားအလင်းမှန်သမျှကို ဖြတ်တောက်သွားသည်။
“ ဘန်း ”
ဟန်မူယဲ့က ဘေးပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်လိုက်ပြီး မထူးမခြားနား အမူအရာဖြင့် ပြောသည်။
“ ငါ့နာမည်က ဟန်မူယဲ့… ငါက ကျန်းကောင်းကင်ဘုံချိပ်တံဆိပ်ကို ကိုင်ဆောင်ထားတဲ့လူပဲ… ကျန်းကောင်းကင်ဘုံဓားဂိုဏ်းကို ပြန်တည်ဆောက်ဖို့ ငါဆန္ဒရှိတယ် ”
“ ဓားဂိုဏ်း(၃၆)ဂိုဏ်းထဲက ဘယ်တပည့်မဆို မင်းတို့ဆန္ဒရှိရင် ကျန်းကောင်းကင်ဘုံဓားဂိုဏ်းရဲ့ တပည့်ဖြစ်လာနိုင်တယ် ”
“ အမိန့်မနာခံတဲ့ လူတွေက ကျန်းကောင်းကင်ဘုံဓားဂိုဏ်းကနေ နှင်ထုတ်ခံရပြီး ကျန်းကောင်းကင်ဘုံဓားဂိုဏ်းရဲ့ အမွေအနှစ်တွေကို နောက်ထပ် လက်ဆင့်မကမ်းနိုင်အောင် တားမြစ်ပိတ်ပင်ခံရမယ် ”
သူ၏ စကားသံ ဆုံးသွားသည်နှင့် ထွန်းလင်းတောက်ပသော ဓားအလင်းက အဝေးမှ ထွက်ပေါ်လာပြီး ဟန်မူယဲ့ထံသို့ ကျဆင်းလာသည်။
ထိုဓားအလင်းက လွန်စွာ ထွန်းလင်းတောက်ပလေရာ ယင်းထဲမှာ စကြာဝဠာတစ်ခုလုံး ပါဝင်နေသည့်အလားပင်။
ယင်ယန်အဆင့်… ။
“ ကျန်းကောင်းကင်ဘုံဓားဂိုဏ်းကို ပြန်တည်ဆောက်မယ်တဲ့လား… မင်းက ဘာအားကိုးရှိလို့ အဲ့လိုပြောရဲ… ”
သူ၏ စကားမဆုံးခင်မှာ ဟန်မူယဲ့က သူ၏ လက်ကို မြှောက်လိုက်သည်။
ပေတစ်သိန်းရှည်လျားသော ဓားအလင်းက လေထဲမှာ ချက်ချင်း ဖွဲ့စည်းသွားသည်။
ထိုဓားအလင်း ထွက်ပေါ်လာသည့်အခိုက် အချင်းမိုင်တစ်သိန်းဧရိယာထဲမှ ဓားအားလုံးက အပြင်းအထန် တုန်ယင်သွားကြပြီး ညည်းညူလိုက်ကြသည်။ တချို့ဓားများပေါ်မှာ အက်ကွဲရာများ ထွက်ပေါ်လာသည်။
အချင်းမိုင်တစ်သိန်းဧရိယာထဲမှ ဓားကျင့်ကြံသူအားလုံးက တုန်ယင်သွားကြသည်။ သူတို့၏ ဓားချီ၊ ဓားဆန္ဒနှင့် ဓားမူလစွမ်းအားသည်ပင် ဖရိုဖရဲဖြစ်သွားကြသည်။
ဤအခိုက်အတန့်မှာ အချင်းမိုင်တစ်သိန်းဧရိယာထဲမှ မည်သည့်ဓားကျင့်ကြံသူမှ ခေါင်းမမော့ဝံ့ကြတော့ချေ။
သူ့အရှေ့မှ ဓားအလင်းက ကျယ်လောင်သော မြည်သံနှင့်အတူ ပေါက်ကွဲသွားပြီး မရေမတွက်နိုင်သော ဓားချီအမျှင်တန်းများအဖြစ် ပြောင်းလဲသွားသည်။
ဓားတစ်လက်ဖြင့် မိုးမြေပျက်စီးသွားခြင်း… ။
“ မဟာပန်သွန်ဘုံရဲ့ အထွတ်အထိပ် ဓားတာအိုကို ငါအားကိုးထားပြီး ပြောတယ် ”
ဟန်မူယဲ့က သူ၏ ဓားကို ကောင်းကင်ပေါ်သို့ ညွှန်လိုက်သည်။ အချင်းမိုင်သန်းတစ်ထောင်အတွင်း၌ အဆုံးမဲ့ဓားအလင်းက ပေါ်လျှိုးလာသည်။
“ ကျန်းကောင်းကင်ဘုံ ”ဟူသော စာလုံးကြီးများက အချင်းမိုင်သန်းတစ်ထောင်အတွင်းမှ ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာသည်။