အခန်း (၁၆၈၉)
Vol. 121 Ch. 1689
ကျန်းကောင်းကင်ဘုံချိပ်တံဆိပ်သည် စုစုပေါင်းသုံးခု ရှိသည်။ ယင်းတို့က ကောင်းကင်ဘုံအစောင့်တပ်ကို အမိန့်ပေးနိုင်သော တံဆိပ်များ ဖြစ်ကြသည်။
ကျန်းကောင်းကင်ဘုံချိပ်တံဆိပ်ကို မြင်ရခြင်းက ကောင်းကင်ဘုံအစောင့်တပ်၏ ခေါင်းဆောင်ကို မြင်ရခြင်းနှင့် တူညီသည်။
လက်ရှိ မဟာပန်သွန်ဘုံထဲတွင် တော်ဝင်မိသားစုက ရွှေရောင်ကျန်းကောင်းကင်ဘုံချိပ်တံဆိပ်ကို ထိန်းချုပ်ထားပြီး ကောင်းကင်ဘုံအစောင့်တပ်များကို အမိန့်ပေးနေသည်။
ဟန်မူယဲ့၏ လက်ထဲမှ ကျန်းကောင်းကင်ဘုံချိပ်တံဆိပ်သည် သူ့အား ကောင်းကင်ဘုံအစောင့်တပ်များကို ထိန်းချုပ်နိုင်စေရုံသာမက ကျန်းကောင်းကင်ဘုံဓားဂိုဏ်း၏ သရုပ်ကိုလည်း ကိုယ်စားပြုသည်။
အတိတ်တွင် ကျန်းကောင်းကင်ဘုံဓားဂိုဏ်းက ဓားဂိုဏ်း(၃၆)ဂိုဏ်းအဖြစ် ကွဲထွက်သွားခဲ့ပြီး တဖြည်းဖြည်း အင်အားဆုတ်ယုတ်သွားခဲ့သည်။
“ ဗုန်း ”
မိုးမြေကြားတွင် လှည့်ပတ်နေသော ဓားအလင်းက မဟာပန်သွန်ဘုံတစ်ခုလုံး၏ မူလစွမ်းအားကို လှုံ့ဆော်လိုက်သည်။ ထိုဓားအောက်တွင် ပုံရိပ်အများအပြားက မြေကြီးပေါ်မှာ ဒူးထောက်လိုက်ကြသည်။ သူတို့က ခေါင်းမမော့ဝံ့ကြချေ။
ဓားကျင့်ကြံသူများသည် သူတို့၏ ခန္ဓာကိုယ်ထဲမှ ဓားစွမ်းအားက ထိန်းချုပ်မရအောင် ဖရိုဖရဲဖြစ်နေကြောင်း ခံစားမိသွားကြသည်။
ဤအခိုက်အတန့်မှာ ဓားတာအိုအပေါ် သူတို့၏ ဆင်ခြင်နားလည်မှုက လွန်ခဲ့သော နှစ်သန်းပေါင်းများစွာထက် သာလွန်သွားသည်။
သူတို့က ခေါင်းမော့လိုက်မည်ဆိုလျှင် ဤလောက၏ အသန်မာဆုံး ဓားကို မြင်နိုင်ကြလိမ့်မည်။
ဓားရှည်သည် အသက်ရှူချိန်တစ်ရာကြာပြီးနောက် ကောင်းကင်ပေါ်မှာ ပျောက်ကွယ်သွားသည်။
ထိုဓားက ကျန်းကောင်းကင်ဘုံဓားဂိုဏ်း ပြန်လည်ပေါင်းစည်းတော့မည့်အကြောင်း၊ ဝူလင်းကုန်းမြေ၏ နံပါတ်တစ်ဓားဂိုဏ်းက တဖန် ပြန်ပေါ်လာတော့မည်ဖြစ်ကြောင်း၊ အတိတ်၌ အင်မော်တယ်မင်းဆက်၏ အသန်မာဆုံး ဓားလမ်းစဉ်က ပြန်လည်နိုးထလာတော့မည်ဖြစ်ကြောင်း ဖော်ပြနေသည်။
ဤအခိုက်အတန့်မှာ မဟာပန်သွန်ဘုံတစ်ခုလုံးတွင် အာဏာရှင်အဆင့်၏ အထက်မှ အစွမ်းထက်ကျင့်ကြံသူများက ယင်းကို အာရုံခံမိသွားကြသည်။ သူတို့က ခေါင်းမမော့ဘဲ မနေနိုင်ကြပေ။
မိုင်ပေါင်းတစ်ရာဘီလီယံ အဝေးမှ အကန့်အသတ်မဲ့မြို့တော်ထဲတွင် ခမ်းနားထည်ဝါသော ဝတ်စုံကို ဝတ်ဆင်ထားသည့် အဖိုးအိုတစ်ယောက်က ခေါင်းမော့လိုက်သည်။ နတ်ဘုရားအလင်းတန်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
သူ၏ အရှေ့တွင် ရွှေရောင်ချိပ်တံဆိပ်တစ်ခုက လွင့်မျောနေသည်။
“ ကျန်းကောင်းကင်ဘုံချိပ်တံဆိပ်လား ”
“ အတိတ်မှာ ယုရှောက်တန်က မဟာပန်သွန်ဘုံရဲ့ အပြင်ဘက်မှာ သေဆုံးသွားခဲ့တယ်… ဒီတော့ ကျန်းကောင်းကင်ဘုံချိပ်တံဆိပ် ပြန်ရောက်လာပြီလား ”
အဖိုးအိုက လက်မြှောက်လိုက်သည့်အခါ ရွှေရောင်ချိပ်တံဆိပ်က သူ၏ လက်ဖဝါးပေါ်သို့ ကျဆင်းလာသည်။ ထို့နောက် သူက အော်ပြောလိုက်သည်။
“ ကျောက်ချင်… ငါ့ကို လာတွေ့ပါ ”
နာရီဝက်မပြည့်မီ အစိမ်းရောင်သိုင်းဝတ်စုံကို ဝတ်ဆင်ထားပြီး ခရမ်းရွှေရောင်သရဖူကို ဆောင်းထားသော လူထွားကြီးတစ်ယောက်က အရှေ့သို့ မြန်မြန်သွက်သွက် လျှောက်လာသည်။
“ ကျောက်ချင်က ဘိုးဘေးကို ဂါရဝပြုပါတယ် ”
လူထွားကြီးက ဦးညွတ်လိုက်သည်။
“ ကျန်းကောင်းကင်ဘုံချိပ်တံဆိပ်က ဝူလင်းကုန်းမြေမှာ ပြန်ပေါ်လာပြီ… မင်း အဲ့ဒီကို သွားပြီး ချိပ်တံဆိပ်ကို ပြန်ယူလာခဲ့ပါ ”
“ ကောင်းကင်ဘုံအစောင့်တပ်ကို ငါ့ရဲ့ တော်ဝင်မိသားစုပဲ ထိန်းချုပ်ရမယ် ”
အဖိုးအိုက မထူးမခြားနား အမူအရာဖြင့် ပြောသည်။ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက သူ၏ ခန္ဓာကိုယ်တစ်ဝိုက်မှာ ထွက်ပေါ်လာသည်။
ထိုစကားက ဦးညွတ်ထားသော လူထွားကြီးကို အနည်းငယ် အံ့ဩသွားစေသည်။
“ ဘိုးဘေး… ကောင်းကင်ဘုံအစောင့်တပ်ကို အစကတည်းက အင်အားစုသုံးခု ခွဲဝေအုပ်ချုပ်ခဲ့တာပါ… ကျန်းကောင်းကင်ဘုံဓားဂိုဏ်းရဲ့ ချိပ်တံဆိပ် ပြန်ရောက်လာတာက ကောင်းတဲ့အရာ မဟုတ်ပါဘူးလား ”
“ ပြီးတော့… အရှင်မင်းကြီး တံခါးပိတ်ကျင့်ကြံခြင်း မဝင်ရောက်ခင်မှာ ကောင်းကင်ဘုံအစောင့်တပ်ကို အလွယ်တကူ မရွှေ့ပြောင်းဖို့ မှာကြားခဲ့ပါတယ်… တော်ဝင်မိသားစုဝင်တွေက ကောင်းကင်ဘုံအစောင့်တပ်ကို စီမံရုံပဲ စီမံနိုင်ပါတယ်… နေရာရွှေ့ပြောင်းဖို့ မလုပ်နိုင်… ”
သူ၏ စကားမဆုံးခင်မှာ ခမ်းနားထည်ဝါသော ဝတ်စုံကို ဝတ်ဆင်ထားသည့် အဖိုးအိုက လက်မြှောက်လိုက်ပြီး ဝှေ့ယမ်းလိုက်သည်။ ရွှေရောင်အလင်းတန်းက လူထွားကြီး၏ ခန္ဓာကိုယ်ကို ရစ်ပတ်သွားပြီး သူ့ကို ခန်းဆောင်အပြင်သို့ လွှတ်ပစ်လိုက်သည်။
“ မင်းက ဒီဘိုးဘေးကို ဘာလုပ်ရမယ်ဆိုတာ လာသင်ပေးနေတာလား ”
“ မင်းမသွားချင်ဘူးဆိုရင် ကျောက်ကျင်းကို လွှတ်လိုက် ”
ခန်းဆောင်အပြင်ဘက်မှ လူထွားကြီးက စိတ်ရှုပ်ထွေးသော အမူအရာကို ထုတ်ဖော်လိုက်သည်။ ထို့နောက် သူက အရိုအသေပေးလိုက်သည်။
“ ဒီတပည့်က အရည်အချင်းမရှိပါဘူး… ကျောက်ကျင်းကို စေလွှတ်လိုက်ပါမယ် ”
ထိုသို့ပြောပြီးနောက် သူက အနောက်လှည့်၍ ထွက်သွားသည်။
ခန်းဆောင်နှင့် ဝေးရာသို့ ရောက်သွားသည့်အခါ အစောနက သူ၏ တင်းမာနေသော မျက်နှာက ပျော့ပျောင်းသွားသည်။ သူ၏ မျက်နှာပေါ်မှာ အပြုံးရိပ်ယောင်က မထင်မရှား ထွက်ပေါ်လာသည်။
“ အရှင်မင်းကြီးက မကြာခင် တံခါးပိတ်ကျင့်ကြံခြင်းကနေ ပြန်ထွက်လာတော့မယ်… ပြီးတော့ ကောင်းကင်ဘုံစစ်ပွဲရဲ့ စစ်တပ်တွေ ပြန်ရောက်လာကြတော့မယ်… ဒီလိုအချိန်မှာ ငတုံးတွေပဲ တော်ဝင်မြို့တော်ကနေ ထွက်သွားလိမ့်မယ် ”
“ ပြီးတော့ ကျန်းကောင်းကင်ဘုံချိပ်တံဆိပ်အကြောင်း တရားဝင် ကြေညာခဲ့တဲ့ အဲ့ဒီလူက တော်ဝင်မိသားစု သူ့ကို လာရှာမှာကို မကြောက်ဘူးလား… ဒီလောကမှာ တော်ဝင်မိသားစုနဲ့ ယှဉ်ပြိုင်နိုင်တဲ့ အစွမ်းထက်ပုဂ္ဂိုလ်တွေ မရှိဘူးလို့ သူယုံကြည်နေတာလား… မဟာပန်သွန်ဘုံထဲမှာ နတ်ဘုရားအဆင့် ပညာရှင်တွေ အများကြီး ရှိတယ် ”
…..
ဝူလင်းကုန်းမြေ… ရှန်းဟဲစီရင်စု… ။
ရှန်းဟဲမြို့တော်သည် မိုင်သုံးရာကျယ်ပြောပြီး မြို့တော်ထဲမှာ ကျင့်ကြံသူဆယ်သန်းခန့် နေထိုင်ကြသည်။
ဤအခိုက်အတန့်မှာ မြို့တော်ထဲမှ လူတိုင်းက ကျန်းကောင်းကင်ဘုံဓားဂိုဏ်း ပြန်တည်ဆောက်မည့်အကြောင်းကို ပြောနေကြသည်။
ထို့ပြင် ဤတစ်ကြိမ် ကောင်းကင်ဘုံစစ်ပွဲက အဆုံးသတ်သွားပြီ ဖြစ်သည်။ ဤတစ်ကြိမ် ဆုံးရှုံးမှုက အတိတ်မှ ဆုံးရှုံးမှုများထက် မလျော့သော်လည်း စစ်သည်တော်နှစ်သန်းက အသက်ရှင်လျက် ပြန်ရောက်လာကြသည်။ ထိုလူများက သူတို့၏ ဆုလာဘ်များကို သိမ်းယူရန် မြို့တော်သို့ မကြာခင် ရောက်လာကြတော့မည်။
ရှန်းဟဲမြို့တော်သို့ ပြန်ရောက်လာသော ဂျူနီယာနှစ်ယောက်သည် ဒေသအကြီးအကဲစံအိမ်ထဲမှာ တိုက်ပွဲအကျိုးပြုအမှတ်ငါးသောင်းဖြင့် လဲလှယ်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။
တိုက်ပွဲအကျိုးပြုအမှတ်ငါးသောင်း… ။
အဲ့ဒါ ဘာအဓိပ္ပာယ်လဲ… ။
တိုက်ပွဲအကျိုးပြုအမှတ်တစ်ရာက ကောင်းကင်ဘုံအစောင့်တပ်ထဲသို့ ဝင်ရောက်နိုင်ပြီး တိုက်ပွဲအကျိုးပြုအမှတ်တစ်ထောင်က တပ်မှူးရာထူးဖြင့် လဲလှယ်နိုင်သည်။
တိုက်ပွဲအကျိုးပြုအမှတ်တစ်သောင်းဆိုလျှင် လက်ထောက်ဗိုလ်ချုပ်ရာထူးဖြင့် လဲလှယ်နိုင်သည်။
အကယ်၍ တစ်စုံတစ်ယောက်က တိုက်ပွဲအကျိုးပြုအမှတ်များကို အရင်းအမြစ်များဖြင့် လဲလှယ်မည်ဆိုလျှင် တိုက်ပွဲအကျိုးပြုအမှတ်ငါးသောင်းက သာမန်ကျင့်ကြံသူတစ်ယောက်ကို သေခြင်းရှင်ခြင်းအဆင့်ထက် ကျော်လွန်သွားရန် မြှင့်တင်ပေးနိုင်သည်။
သို့သော်လည်း ထိုဂျူနီယာနှစ်ယောက်သည် ကျင့်ကြံခြင်းအရင်းအမြစ်များကို လဲလှယ်ရန် မလိုအပ်ပေ။
အဘယ့်ကြောင့်ဆိုသော် ကောင်းကင်ဘုံစစ်ပွဲမှ သူတို့ပြန်သယ်လာသော အရင်းအမြစ်များကို ထုတ်ရောင်းချလိုက်သည့်အခါ မြို့တော်တစ်ဝက်က အုန်းအုန်းကျွက်ကျွက် ဖြစ်သွားသည်။
အထူးသဖြင့် ဟင်းလင်းပြင်ချိုးဖြတ်ပုတီးစေ့တချို့ပင်။
ယင်းတို့ကို ကုန်သည်အဖွဲ့ကြီးအသီးသီးက အလုအယက် ဝယ်ယူခဲ့ကြသည်။
ပိုပြီးမယုံကြည်နိုင်စရာကောင်းသည့် အချက်မှာ မြို့တော်ထဲမှ ထိုဂျူနီယာနှစ်ယောက်က မည်သည့်အလားအလာ မည်သည့်နောက်ခံအင်အားမှမရှိသော သာမန်ကျင့်ကြံသူများ ဖြစ်ကြသော်လည်း ယခု သူတို့နှစ်ယောက်စလုံးက သေခြင်းရှင်ခြင်းအဆင့်သို့ ရောက်ရှိနေကြသည်။
သူတို့မိသားစု၏ ဘိုးဘေးများသည်ပင် ခြေလှမ်းဝက် စကြာဝဠာအဆင့်မှာသာ ရှိကြသေး၏။
သူတို့နှစ်ယောက်က အိမ်သို့ ပြန်သွားသည့်အခါ မိသားစု၏ ဘိုးဘေးများ တိုက်ရိုက် ဖြစ်လာကြသည်။
ယင်းက အစသာရှိသေး၏။
ပိုမိုများပြားသော လူများက တိုက်ပွဲအကျိုးပြုအမှတ်များ လဲလှယ်ရန် ရှန်းဟဲမြို့တော်ဆီသို့ ရောက်လာကြသည့်အခါ ဤတစ်ကြိမ် ကောင်းကင်ဘုံစစ်ပွဲက အတိတ်တုန်းကနှင့် လုံးဝ ခြားနားနေကြောင်း လူတိုင်း သတိထားမိသွားကြသည်။
တိုက်ပွဲအကျိုးပြုအမှတ်များ လဲလှယ်ရန် ရောက်လာကြသည့် စစ်သည်တော်တိုင်းက အနည်းဆုံး တိုက်ပွဲအကျိုးပြုအမှတ်တစ်သောင်းကို ပိုင်ဆိုင်ထားကြသည်။
အဲ့ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ… ။
ပြန်ရောက်လာကြသော စစ်သည်တော်များထဲတွင် အားအနည်းဆုံးက ကနဦးမူလအဆင့် အထွတ်အထိပ်နှင့် ခြေလှမ်းဝက် စကြာဝဠာအဆင့်မှာ ဖြစ်ကြသည်။
ကနဦးမူလအဆင့်ထက် နိမ့်သော ကျင့်ကြံသူများက မရှိပေ။
ဒီတစ်ခေါက် ကောင်းကင်ဘုံစစ်ပွဲမှာ ဘာတွေဖြစ်ခဲ့တာလဲ… ။
ကောင်းကင်ပေါ်တွင် ဓားရှည်ထွက်ပေါ်လာသည့် ကိစ္စနှင့် ဤတစ်ကြိမ် ကောင်းကင်ဘုံစစ်ပွဲ၏ ထူးခြားချက်များက ပေါင်းစည်းသွားသည့်အခါ ရှန်းဟဲမြို့တော်ထဲတွင် ကောလဟာလတချို့ ထွက်ပေါ်လာသည်။
ဟန်မူယဲ့… ။
ဟန်မူယဲ့က ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်ဖြစ်ပြီး သူက အတိတ်၌ ပျောက်ဆုံးသွားခဲ့သော ကျန်းကောင်းကင်ဘုံချိပ်တံဆိပ်ကို ကောင်းကင်ဘုံစစ်ပွဲအတွင်းမှာ ပြန်ရှာတွေ့ခဲ့သည်။
သူက ကျန်းကောင်းကင်ဘုံဓားဂိုဏ်း၏ အမွေအနှစ်ကိုလည်း ရရှိခဲ့သည်။
ကျန်းကောင်းကင်ဘုံဓားဂိုဏ်း၏ အမွေအနှစ်ကို အားကိုးပြုပြီးနောက် သူ၏ စစ်တပ်က မဟာမူလဘုံ၏ တစ်ဝက်ကို ကျူးကျော်သိမ်းပိုက်နိုင်ခဲ့ပြီး မရေမတွက်နိုင်သော တိုက်ပွဲအကျိုးပြုအမှတ်များကို ရရှိသွားခဲ့သည်။
စစ်ဦးစီးချုပ်ရာထူးအတွက် ယှဉ်ပြိုင်ပွဲတွင် သူက တိုက်ပွဲအကျိုးပြုအမှတ်သန်းရှစ်ရာကို အသုံးပြုပြီး ဝူလင်းကုန်းမြေမှ ရွှေအစောင့်အရှောက်နန်းတော်၏ အရာရှိများကို တိုက်ရိုက် ဖိတ်ခေါ်ခဲ့သည်။
ထိုကောလဟာလများ ပျံ့နှံ့သွားသည့်အခါ မြို့တော်ထဲမှ လူတိုင်းက ကောင်းကင်အသင်္ချေဓားဂိုဏ်းမှ တပည့်များ တိုက်ပွဲအကျိုးပြုအမှတ် လာရောက်လဲလှယ်မည်ကို စောင့်မျှော်လိုက်ကြသည်။ ပိုပြီးအရေးကြီးသည်မှာ သူတို့က စစ်ဦးစီးချုပ်ဟန်၏ တိုက်ပွဲအကျိုးပြုအမှတ် လဲလှယ်မှုကို မြင်ချင်ကြသည်။
ရှန်းဟဲမြို့တော်ထဲမှ ကျင့်ကြံသူများက ထိုသို့စောင့်ဆိုင်းနေစဉ် အချင်းမိုင်သန်းတစ်ရာကျယ်ပြောသော ဧရိယာထဲမှ ဓားကျင့်ကြံသူများက ရှန်းဟဲမြို့တော်ဆီသို့ အပြေးအလွှား ရောက်လာကြသည်။
အကယ်၍ ကျန်းကောင်းကင်ဘုံဓားဂိုဏ်း၏ အမွေအနှစ်ကို ရရှိနိုင်မည်ဆိုလျှင် မည်သည့်ဓားကျင့်ကြံသူက ရောက်မလာဘဲ နေမည်နည်း။
ကျန်းကောင်းကင်ဘုံဓားဂိုဏ်းကို ပြန်လည်ဖွဲ့စည်းခြင်း… ။
ထိုသို့ကြီးမားသော ကိစ္စကို ဓားကျင့်ကြံသူများဖြစ်သည့် သူတို့က မည်သို့လက်လွှတ်ခံမည်နည်း။
လဝက်ကြာပြီးနောက် ဓားကျင့်ကြံသူသန်းပေါင်းများစွာက မြို့တော်ထဲမှာ ထွက်ပေါ်လာကြသည်။
ယင်းက မြို့တော်ထဲ၌ ဓားအလင်းဖြင့် ပြည့်နှက်သွားစေသည်။
“ ဗုန်း ”
အဝေး၌ မှော်ယာဉ်ပျံများက ကောင်းကင်ကို ဖြတ်သန်း၍ ရှန်းဟဲမြို့တော်ဆီသို့ ချဉ်းကပ်လာနေကြသည်။
“ အဲ့ဒါ ကောင်းကင်အသင်္ချေဓားဂိုဏ်းက လူတွေ ”
“ အိုဘုရားရေ… အဲ့ဒါ ဘယ်လိုအင်အားစုလဲ… သေခြင်းရှင်ခြင်းနဲ့ အထက်အဆင့် ကျင့်ကြံသူတွေက များလှချည်လား ”
“ သူတို့ထဲမှာ ခြေလှမ်းဝက် အာဏာရှင်အဆင့် ကျင့်ကြံသူတွေတောင် ရှိတယ်လို့ ပြောကြတယ် ”
မြို့တော်ထဲမှာ စောင့်ဆိုင်းနေကြသော ကျင့်ကြံသူများက တီးတိုးပြောလိုက်ကြသည်။
မှော်ယာဉ်ပျံများက မြေပြင်ပေါ်သို့ ဆင်းသက်သွားသည့်အခါ ကျောက်မင်ယွင်က အရှေ့ဆုံးမှ ဦးဆောင်၍ ထွက်လျှောက်လာသည်။
“ ဗိုလ်ချုပ်ကျောက်ကို နှုတ်ဆက်ပါတယ် ”
“ ဗိုလ်ချုပ်ကျောက်ကို နှုတ်ဆက်ပါတယ် ”
ရှန်းဟဲမြို့ထဲတွင် အော်သံများ ထွက်ပေါ်လာသည်။
အတိတ်မှာ ကျောက်မင်ယွင်က ဟန်မူယဲ့ကိုယ်စား စစ်တပ်ကို ဦးဆောင်ပြီး အမိန့်ပေးခဲ့သည်။ ထို့ကြောင့် စစ်သည်တော်များက သူ့ကို ဗိုလ်ချုပ်ကျောက်ဟု ခေါ်ကြသည်။
ကျောက်မင်ယွင်က လက်နှစ်ဖက်ကိုဆုပ်လိုက်ပြီး ဘေးပတ်ဝန်းကျင်မှ ကျင့်ကြံသူများကို ပြန်နှုတ်ဆက်လိုက်သည်။ ထို့နောက် သူက မြို့တော်ထဲသို့ မြန်မြန်သွက်သွက် လျှောက်သွားသည်။
“ ဟား ဟား… ဗိုလ်ချုပ်ကျောက်… ဒေသအကြီးအကဲက ခင်ဗျားအတွက် ကြိုတင်စီစဉ်ပေးထားပါတယ်… ခင်ဗျားနဲ့ ကောင်းကင်အသင်္ချေဓားဂိုဏ်းက တပည့်တွေ တိုက်ပွဲအကျိုးပြုအမှတ် လာလဲလှယ်မှာကို ဒေသအကြီးအကဲက စောင့်နေပါတယ် ”
မြို့ဂိတ်တံခါး၏ အရှေ့တွင် အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော အဖိုးအိုက ရယ်မောလိုက်ပြီး ပြောသည်။
ကျောက်မင်ယွင်က ခေါင်းညိတ်လိုက်ပြီး တိုက်ပွဲအကျိုးပြုအမှတ် လဲလှယ်သော ခန်းဆောင်ဆီသို့ အဖိုးအိုနောက်မှ လိုက်သွားသည်။
ခန်းဆောင်အပြင်ဘက်တွင် မရေမတွက်နိုင်သော ကျင့်ကြံသူများက ခေါင်းမော့လိုက်ကြသည်။
ကျောက်မင်ယွင်က လက်မြှောက်လိုက်ပြီး သူ၏ သရုပ်တုံကင်ကို ထုတ်ကာ သူ့အရှေ့မှ အရာရှိကို ကမ်းပေးလိုက်သည်။ ထိုအရာရှိက သရုပ်တုံကင်ကို စစ်ဆေးလိုက်လေရာ ရွှေရောင်အလင်းက တုံကင်ကို ရစ်ပတ်သွားသည်။
“ ဘန်း ”
ရွှေရောင်စာလုံးများက လေထဲမှာ ထွက်ပေါ်လာကြသည်။
“ သုံးဆယ့်တစ်သန်း… ငါးသိန်းငါးသောင်းနှစ်ထောင် တိုက်ပွဲအကျိုးပြုအမှတ် ”
လူတစ်ယောက်တည်းက တိုက်ပွဲအကျိုးပြုအမှတ် သန်းသုံးဆယ်ကျော်ကို ရရှိသည်လော။
သရုပ်တုံကင်ကို ပြန်ယူပြီးနောက် ကျောက်မင်ယွင်က ခန်းဆောင်အပြင်သို့ ထွက်သွားသည်။ သူ့အနောက်တွင် ရှုဖုန်းယန်နှင့် တခြားလူများက တိုက်ပွဲအကျိုးပြုအမှတ်များကို စတင်လဲလှယ်ကြသည်။
“ ဆယ့်ငါးသန်း ”
“ နှစ်ဆယ့်သုံးသန်းငါးသိန်း… ”
“ ဆယ့်ခြောက်သန်းတစ်သိန်း… ”
…..
ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ ထိပ်တန်းကျင့်ကြံသူများထဲတွင် တိုက်ပွဲအကျိုးပြုအမှတ် ဆယ်သန်းအောက်လျော့သောသူ မရှိပေ။
ထိုသို့တိုက်ပွဲအကျိုးပြုအမှတ်များက လူတိုင်းကို ဆွံ့အသွားစေသည်။
“ ဘန်း ”
အဝေးမှ ကောင်းကင်ယံတွင် ရွှေရောင်ဓားရှည်တစ်လက်က ပျံသန်းလာနေသည်။
ဘေးပတ်ဝန်းကျင်မှ နတ်ဘုရားအလင်းက ဓားရှည်ဖြင့် ဖြတ်တောက်ခံလိုက်ရသည်။
“ အဲ့ဒါ စစ်ဦးစီးချုပ်ဟန် ”
“ စစ်ဦးစီးချုပ်ဟန်က တိုက်ပွဲအကျိုးပြုအမှတ်တွေ လဲလှယ်ဖို့ ရောက်လာပြီ ”
“ စစ်ဦးစီးချုပ်ဟန်က တိုက်ပွဲတစ်ပွဲတည်းနဲ့ မြို့စားဖြစ်လာမယ်လို့ မင်းတို့ထင်လား ”
မြို့ထဲမှ ကျင့်ကြံသူများက ခေါင်းမော့လိုက်ကြပြီး ကောင်းကင်ပေါ်မှ ကျဆင်းလာနေသော ဓားအလင်းကို ကြည့်လိုက်ကြသည်။ ထို့နောက် ဓားအလင်းထဲမှ ပုံရိပ်က ခန်းဆောင်အရှေ့သို့ လျှောက်သွားသည်။
မနီးမဝေးမှ စံအိမ်တစ်ခုတွင် အင်မော်တယ်မင်းဆက်၏ အရာရှိဝတ်စုံကို ဝတ်ဆင်ထားကြသော ပုံရိပ်တချို့က ခန်းဆောင်၏ ဦးတည်ရာဆီသို့ စိုက်ကြည့်လိုက်ကြပြီး မျှော်လင့်သော အမူအရာကို ထုတ်ဖော်လိုက်ကြသည်။
“ တကယ်လို့ အဲ့ဒီစစ်ဦးစီးချုပ်ဟန်က တိုက်ပွဲအကျိုးပြုအမှတ်တစ်ဘီလီယံကို တိုက်ပွဲတစ်ပွဲတည်းနဲ့ သူ့ဘာသာ ရရှိမယ်ဆိုရင် သူက ငါ့ရဲ့ ရှန်းဟဲစီရင်စုထဲမှာ ပထမဆုံး ကျန်းကောင်းကင်ဘုံမြို့စား ဖြစ်လာလိမ့်မယ် ”