အခန်း (၁၆၉၁)
Vol. 121 Ch. 1691
ယုရှောက်တန်၏ ဝိညာဉ်က သန်းပေါင်းများစွာသော ဓားအလင်းများအဖြစ် ပြောင်းလဲသွားစဉ် ဘေးပတ်ဝန်းကျင်မှ ဓားကျင့်ကြံသူများက ယင်းကို အာရုံခံမိသွားကြသောအခါ သူတို့၏ ဓားများက တုန်ယင်သွားပြီး သာယာသော မြည်သံကို ထုတ်လွှတ်လိုက်ကြသည်။
“ ကျန်းကောင်းကင်ဘုံဓားဂိုဏ်းက တပည့်အားလုံး… မင်းတို့ရဲ့ ဓားတွေကို တောင်အကာအကွယ်ဝင်္ကပါထဲမှာ ပျိုးထောင်နိုင်တယ် ”
ယုရှောက်တန်၏ အော်သံက မိုးမြေကြားထဲမှာ ပဲ့တင်ထပ်သွားသည်။
ငါတို့ရဲ့ ဓားတွေကို ဝင်္ကပါထဲမှာ ပျိုးထောင်နိုင်တယ်လား… ။
ယုရှောက်တန်၏ စကားကို ကြားသောအခါ ဘေးပတ်ဝန်းကျင်မှ ဓားကျင့်ကြံသူများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ တုံ့ဆိုင်းသော အမူအရာက သူတို့၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
ထိုဓားများက သူတို့၏ လက်သုံးတော်ဓားများ ဖြစ်ကြပြီး အမြဲတမ်း သူတို့၏ ခန္ဓာကိုယ်နှင့်မကွာ တည်ရှိနေခဲ့သောအရာ ဖြစ်သည်။ သို့ဖြစ်၍ သူတို့က ထိုဓားများကို လက်လွှဲပေးရန် တုံ့ဆိုင်းနေကြသည်။
သူတို့က ဟန်မူယဲ့နောက်သို့ လိုက်လာခဲ့ကြသော်လည်း သူတို့အားလုံးက ကျန်းကောင်းကင်ဘုံဓားဂိုဏ်း ပြန်လည်ဖွဲ့စည်းမည့်ကိစ္စကို သံသယရှိနေကြဆဲပင်။
လွန်ခဲ့သော နှစ်တစ်သန်းတွင် ပြိုကွဲပျက်စီးသွားခဲ့သော ဓားလမ်းစဉ်ကို ပြန်လည်တည်ဆောက်ရန်သည် မဖြစ်နိုင်လုနီးပါး ခက်ခဲသောအရာ ဖြစ်သည်။ ထိုသို့ကိစ္စကို အတိတ်မှာ မည်သူမှ ရဲဝံ့စွာ မပြောခဲ့ဖူးပေ။
မည်သို့ဖြစ်ပါစေ ကျန်းကောင်းကင်ဘုံဓားဂိုဏ်းကို မဆိုထားနှင့် ဓားဂိုဏ်း(၃၆)ဂိုဏ်း၏ အမွေအနှစ်ကို ထောက်ပံ့ပေးရမည့် ကိစ္စသည်ပင် အလွန်ခက်ခဲသည်။
သူတို့က ဤနေရာသို့ လိုက်လာခဲ့ကြသည်မှာ မျှော်လင့်ချက်အရိပ်အယောင် တစ်စွန်းတစ်စကို မြင်တွေ့နေသောကြောင့် ဖြစ်သည်။ သို့သော်လည်း သူတို့က ထိုမျှော်လင့်ချက်သေးသေးလေးအတွက် စွန့်စားရန် ဆန္ဒမရှိကြပေ။
“ ခင်ဗျားက ဓားတွေ လိုအပ်တာလား ”
ဟန်မူယဲ့က အရှေ့သို့ ကြည့်လိုက်ပြီး နူးညံ့စွာ ပြောသည်။
“ အတိတ်မှာ ငါက ဝင်္ကပါတာအိုရဲ့ ဝိညာဉ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတယ်… ဓားတစ်သိန်းကို အခြေခံအုတ်မြစ်အဖြစ် အသုံးပြုပြီး မိုးမြေကို ဖိနှိပ်နိုင်မယ့် တောင်အကာအကွယ်ဝင်္ကပါတစ်ခုကို ငါဖန်တီးခဲ့တယ် ”
တိမ်လေဓားဝင်္ကပါက ဂုဏ်ယူဝင့်ကြွားစွာ ပြောသည်။
သူက အာဏာရှင်အဆင့် စွမ်းအားကို ပိုင်ဆိုင်ထားသည်။ သို့ဖြစ်၍ သူ၏ ဓားတစ်ချက်က ဓားတစ်သောင်းကို ဦးညွတ်စေလိမ့်မည်။
အတိတ်၌ ကျန်းကောင်းကင်ဘုံဓားဂိုဏ်း၏ ရွှေခေတ်အချိန်တွင် အကာအကွယ်ဝင်္ကပါမှ ထွက်ပေါ်လာသော ဓားမူလစွမ်းအားက အာဏာရှင်အဆင့် ကျင့်ကြံသူများ သို့မဟုတ် အထွတ်အထိပ် အာဏာရှင်အဆင့် ကျင့်ကြံသူများကိုပင် ဖိနှိပ်နိုင်ခဲ့သည်။
သို့ဖြစ်၍ ကျန်းကောင်းကင်ဘုံဓားဂိုဏ်းသည် အကာအကွယ်ဝင်္ကပါ၏ စွမ်းအားရှိမှသာလျှင် အလွန်သန်မာသည်ဟု ဆိုနိုင်လိမ့်မည်။
မှန်ပေသည်။ ထိုအကြောင်းကြောင့် ကျန်းကောင်းကင်ဘုံဓားဂိုဏ်းက အတိတ်မှာ ဖျက်ဆီးခံခဲ့ရခြင်း ဖြစ်သည်။ သူတို့က ကောင်းကင်ဘုံအစောင့်တပ်ကို ဖွဲ့စည်းခဲ့ပြီး အင်မော်တယ်မင်းဆက်၏ လွှမ်းမိုးမှုနှင့် ယှဉ်ပြိုင်နိုင်ခဲ့သော်လည်း ဂိုဏ်းတစ်ခုလုံး ဖျက်ဆီးခံရမည့် ကပ်ဘေးကို မရှောင်တိမ်းနိုင်ခဲ့ပေ။
ကံကောင်းစွာဖြင့် သူတို့က ကောင်းကင်ဘုံအစောင့်တပ်ကို ဖွဲ့စည်းခဲ့သောကြောင့် ကျန်းကောင်းကင်ဘုံဓားဂိုဏ်း၏ အမွေအနှစ်က အမြစ်ဖြတ်ဖျက်ဆီးမခံခဲ့ရပေ။
“ တကယ်လို့ ခင်ဗျားက ဓားလိုအပ်တယ်ဆိုရင် လွယ်လွယ်လေးပါ ”
ဟန်မူယဲ့က နူးညံ့စွာ ပြောသည်။
တိမ်လေဓားဝင်္ကပါက အစတွင် အံ့ဩသွားသည်။ ထို့နောက် သူက ရယ်လိုက်သည်။
“ ဓားတွေချည်းပဲ မဟုတ်ဘူး… အနည်းဆုံး အဲ့ဒါတွေက ဓားဆန္ဒကိန်းအောင်းနေတဲ့ ဓားတွေဖြစ်ရမယ် ”
“ အဲ့ဒီဓားတွေက တခြားဘုံတွေမှာဆိုရင် အင်မော်တယ်လက်နက်တွေအဖြစ် သတ်မှတ်ခံရလိမ့်မယ် ”
“ ဝင်္ကပါရဲ့ အဓိကအမြူတေနေရာမှာ ထည့်သွင်းဖို့ မူလစွမ်းအားကိန်းအောင်းနေတဲ့ ရတနာဓားတွေ အနည်းဆုံး ဆယ်လက် လို… ”
တိမ်လေဓားဝင်္ကပါ၏ စကားမဆုံးခင်မှာ သူက မျက်လုံးပြူးသွားပြီး ပါးစပ်အဟောင်းသားဖြစ်သွားသည်။
သူ၏ အရှေ့တွင် ဟန်မူယဲ့က လက်တစ်ချက်ဝှေ့ယမ်းလိုက်လေရာ ကောင်းကင်တစ်ခွင်၌ ဓားအလင်းဖြင့် ပြည့်နှက်သွားသည်။
ယင်းတို့က သန်းနှင့်ချီသော ဓားအလင်းစီးကြောင်းများ ဖြစ်ကြသည်။ ထို့ပြင် ဓားအလင်းတစ်ခုစီမှာ မူလစွမ်းအားက ကိန်းအောင်းနေသည်။
ထိုဓားအလင်းစီးကြောင်းတစ်ခုစီသည် အာဏာရှင်အဆင့်အောက်မှ ကျင့်ကြံသူများ ကိုင်ဆွဲရန် သင့်တော်သော ရတနာဓားများ ဖြစ်ကြသည်။
ထိုမျှသာ မဟုတ်ပေ။ ထိုထဲမှ ဓားအလင်းတန်းဆယ်ခုသည် အလွန်အားကောင်းသော မူလစွမ်းအားကို ပိုင်ဆိုင်ထားကြသည်။ ယင်းတို့က တိမ်လေဓားဝင်္ကပါ၏ ဓားထက် မနိမ့်ကျပေ။
“ မင်း… မင်း… ဓားတာအိုဘုံတစ်ခုကို ဓားပြတိုက်ခဲ့တာလား ”
တိမ်လေဓားဝင်္ကပါက အပြင်းအထန် တုန်ယင်သွားပြီး ဟန်မူယဲ့ကို စူးစိုက်ကြည့်လိုက်သည်။
ဘာလို့ သူ့မှာ ဒီလောက်များတဲ့ ရတနာဓားတွေ ရှိနေတာလဲ… ။
“ မဟုတ်ဘူး ”
ဟန်မူယဲ့က ခေါင်းယမ်းလိုက်ပြီး ပေါ့ပါးစွာ ပြောသည်။
“ ငါ့မှာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်း ရှိတယ်… မကြာသေးခင်က အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက ဘုံတစ်ခုကို ထိန်းချုပ်လိုက်တယ် ”
ဘုံတစ်ခုကို ထိန်းချုပ်တယ်… ။
အဲ့ဒါက ဓားပြတိုက်တာနဲ့ ဘာကွာလို့လဲ… ။
တိမ်လေဓားဝင်္ကပါက မျက်နှာရှုံ့မဲ့သွားသည်။ ထို့နောက် သူက ကောင်းကင်တစ်ခွင် ပြည့်နှက်နေသော ဓားအလင်းများကို ကြည့်လိုက်သည့်အခါ မျက်လုံးအရောင်လက်သွားသည်။
“ ဘာပဲဖြစ်ဖြစ်… ဒီတစ်ကြိမ်တော့ ငါချမ်းသာပြီ ”
“ ယုရှောက်တန်… လုပ်ကြစို့ ”
တိမ်လေဓားဝင်္ကပါက ကျယ်လောင်စွာ အော်လိုက်သည်။ ထို့နောက် သူက ကျန်းတစ်ထောင်ရှည်လျားသော ဓားအလင်းတန်းအဖြစ် အသွင်ပြောင်းလဲသွားပြီး မြေပြင်ပေါ်မှ ကျောက်စိမ်းလေဟာပြင်တောင်ဆီသို့ ထိုးဆင်းသွားသည်။
သူ့အရှေ့တွင် သန်းပေါင်းများစွာသော ဓားအလင်းတန်းများအဖြစ် ပြိုကွဲနေသော ယုရှောက်တန်က ဟန်မူယဲ့ထုတ်လွှတ်လိုက်သည့် မရေမတွက်နိုင်သော ဓားများကို လမ်းညွှန်ပေးလိုက်သည်။ ထိုဓားများက တိမ်လေဓားဝင်္ကပါ၏ အနောက်သို့ လိုက်သွားကြသည်။
“ ဗုန်း ”
မိုးမြေကြားတွင် သန်းပေါင်းများစွာသော ဓားအလင်းများက စက်ဝိုင်းသဏ္ဍာန် လှည့်ပတ်သွားကြပြီး နက်နဲသိမ်မွေ့သော ဓားဝင်္ကပါတစ်ခုကို ဖွဲ့စည်းလိုက်ကြသည်။ ဓားအမျှင်တန်းတစ်ခုစီက အချင်းချင်း ချိတ်ဆက်သွားသည့်အခါ ဘေးပတ်ဝန်းကျင်မှ မိုးမြေက ပရမ်းပတာ လှုပ်ခတ်သွားသည်။
ဘေးပတ်ဝန်းကျင်မှ ကောင်းကင်ယံတွင် ဓားမူလစွမ်းအားက မြှောက်တတ်လာပြီး အရေအတွက်သုံးထောင့်ခြောက်ရာရှိသော ဓားမျှော်စင်ပုံရိပ်များအဖြစ် အသွင်ပြောင်းလဲသွားသည်။
ဓားမျှော်စင်တစ်ခုစီ၏ ထိပ်ဖျားပေါ်တွင် ထွန်းလင်းတောက်ပသော မူလစွမ်းအားက စီးဆင်းနေသည်။ ယင်းက အဆင့်နိမ့်ကျင့်ကြံသူများ မော်မကြည့်နိုင်အောင် လွှမ်းမိုးဖိနှိပ်လွန်းသည်။
အချင်းမိုင်တစ်သောင်းဧရိယာထဲ၌ ကျန်းကောင်းကင်ဘုံဓားဂိုဏ်း၏ အမွေအနှစ်ကို ရရှိထားကြသော မည်သည့်ဓားကျင့်ကြံသူမဆို ဝင်္ကပါထံမှ ကောင်းချီးပေးမှုကို ရရှိသွားကြသည်။ ယင်းက သူတို့၏ ဓားကျင့်ကြံခြင်းကို သိသိသာသာ တိုးမြှင့်ပေးသည်။
ယင်းက ဟန်မူယဲ့နောက်သို့ လိုက်လာကြသော ဓားကျင့်ကြံသူအားလုံးကို မျက်လုံးပြူးသွားစေသည်။
ယင်းက ဓားမူလစွမ်းအား ဖြစ်သည်။ ယင်းက ဓားကျင့်ကြံသူများ ဤဘဝတွင် အမြဲတမ်း လိုက်ရှာဖွေနေသောအရာ ဖြစ်သည်။
“ ကျန်းကောင်းကင်ဘုံဓားဂိုဏ်းက တကယ် ပြန်ဖွဲ့စည်းတော့မယ်… ”
“ အဲ့ဒီဓားတာအိုဝင်္ကပါက အရမ်းအားကောင်းတာပဲ… အာဏာရှင်အဆင့် ကျင့်ကြံသူနှစ်ယောက် ဒါမှမဟုတ် သုံးယောက်က အတူပူးပေါင်းမယ်ဆိုရင်တောင် သူတို့က အဲ့ဒါကို မချိုးဖြတ်နိုင်လောက်ဘူး ”
“ ဟား ဟား… ဒီဘဝမှာ ငါက ကျန်းကောင်းကင်ဘုံဓားဂိုဏ်းရဲ့ ပြန်လည်ဖွဲ့စည်းမှုကို မျက်မြင်တွေ့နိုင်ပြီ ”
စိတ်ခံစားချက်ကိန်းအောင်းနေသော စကားသံများက လူတစ်ယောက်ပြီးတစ်ယောက်ထံမှ ထွက်ပေါ်လာသည်။
ကျောက်စိမ်းလေဟာပြင်တောင်ပေါ်မှ ဓားကျင့်ကြံသူချည်းသာ မဟုတ်ပေ။ မိုးမြေတစ်လျှောက်တွင် မရေမတွက်နိုင်သော ပုံရိပ်များက ဆင်းသက်လာကြသည်။ သူတို့က တည်ကြည်လေးနက်သော မျက်နှာဖြင့် ခေါင်းမော့လိုက်ကြပြီး အဝေးမှ ဓားအလင်းကို ကြည့်လိုက်ကြသည်။
ဂိုဏ်းကြီးတစ်ဂိုဏ်း တည်ဆောက်သည့်အခါ ဘေးပတ်ဝန်းကျင်မှ ဂိုဏ်းများက ဖိအားကို ခံစားကြရလိမ့်မည်။
သူတို့က အညံ့ခံမည်လော သို့မဟုတ် ခုခံမည်လော။
“ အဲ့ဒီနှစ်တွေမှာ ကျန်းကောင်းကင်ဘုံဓားဂိုဏ်းက သူတို့ရဲ့ ကိုယ်ပိုင်အမွေအနှစ်ကို ကိုယ်တိုင်ဖြတ်တောက်ခဲ့တယ်… အခု သူတို့က ဘယ်လောက်သတ္တိကောင်းလို့ အဲ့ဒါကို ပြန်ဖွဲ့စည်းရဲတာလဲ… အင်မော်တယ်မင်းဆက်က အဲ့ဒါကို ထိုင်ကြည့်နေလိမ့်မယ်လို့ ငါတော့ မထင်ဘူး ”
အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော အဖိုးအိုတစ်ယောက်က တည်ကြည်လေးနက်သော မျက်နှာဖြင့် တိုးညင်းစွာ ပြောသည်။
ထိုစကားက သူ၏ ဘေးပတ်ဝန်းကျင်မှ ကျင့်ကြံသူများကို သဘောတူညီစွာ ခေါင်းညိတ်စေသည်။
သူတို့က ကျွမ်းကျင်ပညာရှင်များဖြစ်ကြပြီး သူတို့ထဲမှ အားအနည်းဆုံးလူက စကြာဝဠာအဆင့်မှာ ရှိသည်။
“ အရင်စောင့်ကြည့်ရအောင်… ရွှေအစောင့်အရှောက်နန်းတော်က မကြာခင် သတင်းပို့လိမ့်မယ် ”
အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော တာအိုပညာရှင်က မထွက်သွားမီ တီးတိုးပြောသည်။
တခြားလူများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး နေရာမှ ပျောက်ကွယ်သွားကြသည်။ အစောနက သူတို့ရှိနေခဲ့သော နေရာတွင် တိမ်တိုက်များနှင့် လေက လှုပ်ခတ်သွားသည်။
…..
ဂိုဏ်းတစ်ဂိုဏ်း ပြန်လည်ဖွဲ့စည်းရာတွင် အကာအကွယ်ဝင်္ကပါတစ်ခု တည်ရှိရုံဖြင့် မလုံလောက်သေးပေ။
ဟန်မူယဲ့က လက်ဝှေ့ယမ်းလိုက်ပြီး သူသိမ်းဆည်းထားသော အရင်းအမြစ်များကို ထုတ်လိုက်သည်။ အကာအကွယ်ဝင်္ကပါအောက်မှာ ယင်းတို့က စွမ်းအင်အနှစ်သာရအဖြစ် အရည်ပျော်သွားပြီး နေရာအနှံ့သို့ ကျဆင်းသွားသည်။
အစောနက စွန့်ပစ်ကုန်းမြေအဖြစ် တည်ရှိနေခဲ့သော ကျောက်စိမ်းလေဟာပြင်တောင်က ယခု အင်မော်တယ်ဝိညာဉ်ကုန်းမြေ ဖြစ်လာသည်။
တောင်၏ ခမ်းနားထည်ဝါမှုက အတိတ်မှ ကျန်းကောင်းကင်ဘုံဓားဂိုဏ်းထက်ပင် သာလွန်သွားသည်။
ဟန်မူယဲ့နောက်သို့ လိုက်လာကြသော ဓားကျင့်ကြံသူများသည် သူတို့၏ ကိုယ်ပိုင်အမွေအနှစ်များကို ဓားကျောက်တိုင်များပေါ်မှာ ရေးထွင်းလိုက်ကြသည်။
ဓားကျောက်တိုင်များသည် ကြေးနီရောင်ရှိပြီး ကျန်းဆယ်ပေခန့် ရှည်လျားကြသည်။ ယင်းတို့၏ မျက်နှာပြင်ပေါ်မှာ ဓားတာအိုအမွေအနှစ်များကို မှတ်တမ်းတင်နိုင်သည်။
တစ်စုံတစ်ယောက်က သူတို့တတ်ကျွမ်းသော ဓားတာအိုအမွေအနှစ်ကို ဓားကျောက်တိုင်များပေါ်မှာ ရေးထွင်းမည်ဆိုလျှင် သူတို့က ကျန်းကောင်းကင်ဘုံဓားဂိုဏ်း၏ တရားဝင်တပည့်များ ဖြစ်လာကြပြီး သရုပ်တုံကင်ကို ပိုင်ဆိုင်နိုင်ကြလိမ့်မည်။
သရုပ်တုံကင်များသည် ဂိုဏ်းအပေါ် သူတို့၏ အကျိုးဆောင်မှုများကို မှတ်သားပေးလိမ့်မည်။
ဟန်မူယဲ့က ထိုကိစ္စများကို ကျောက်မင်ယွင်နှင့် သူ့အုပ်စုကို တာဝန်လွှဲပြောင်းပေးလိုက်သည်။ ထို့နောက် သူက ထွက်သွားသည်။
ကျောက်မင်ယွင်သည် အတိတ်မှ ကောင်းကင်ဘုံစစ်ပွဲထဲမှာ စစ်တပ်ကို အမိန့်ပေးခဲ့သူဖြစ်သည်။ ယခု သူက ဒေသကြီးတစ်ခုကို အုပ်ချုပ်နိုင်သော ကျင့်ကြံခြင်းစွမ်းအားနှင့် ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ နောက်ခံအင်အားကို ပိုင်ဆိုင်ထားလေရာ ကျန်းကောင်းကင်ဘုံဓားဂိုဏ်းကို စီမံအုပ်ချုပ်ခြင်းက သူ့အတွက် ခက်ခဲသော တာဝန်မဟုတ်ပေ။
နှစ်လအတောအတွင်းမှာ ကျန်းကောင်းကင်ဘုံဓားဂိုဏ်းက ဂိုဏ်းတစ်ဂိုဏ်း၏ အခြေခံအုတ်မြစ်ကို ပိုင်ဆိုင်သွားသည်။
ထို့နောက် ကျန်းကောင်းကင်ဘုံဓားဂိုဏ်းသည် အနီးနားဝန်းကျင်မှ ဂိုဏ်းများကို ဖိတ်ကြားလိုက်သည်။ ဖိတ်ခေါ်ခံရသည့်အထဲမှာ အင်မော်တယ်မင်းဆက်၏ ရွှေအစောင့်အရှောက်နန်းတော်လည်း ပါဝင်သည်။
ယင်းက ဖိတ်ခေါ်မှုဟု အမည်ရသော်လည်း အမှန်မှာ ယင်းက ခွန်အားပြသမှု ဖြစ်သည်။ သူတို့က ကျန်းကောင်းကင်ဘုံဓားဂိုဏ်းကို ပြန်လည်ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း လူတိုင်းကို အသိပေးကြေညာချင်သည်။
ထို့ပြင် လက်ဆောင်ပဏ္ဍာပေးမည့် အရင်းအမြစ်များက ပမာဏ မနည်းသင့်ပေ။
ဤအခိုက်အတန့်မှာ ဓားအလင်းများက အရပ်မျက်နှာအသီးသီးဆီသို့ ပျံ့နှံ့သွားကြသည်။ အချင်းမိုင်သုံးသန်းအတွင်းမှ မြို့တော်အားလုံးနှင့် ဂိုဏ်းအားလုံးက ဓားအလင်းများဖြင့် ဖုံးလွှမ်းခံလိုက်ကြရသည်။
ဓားအလင်းတစ်ခုစီသည် စကြာဝဠာအဆင့်၏ အထက်မှာ ဖြစ်ကြသည်။
သတင်းစကားပါးရန် ကျန်းကောင်းကင်ဘုံဓားဂိုဏ်းမှ စေလွှတ်လိုက်သော တပည့်များသည်ပင် ဂိုဏ်းထဲမှ အသန်မာဆုံး မဟာအကြီးအကဲများထက် သာလွန်နေကြသည်။
ယင်းက ခွန်အားပြမှု ဖြစ်သည်။
ထိုသို့အင်အားဖြင့်ဆိုလျှင် မည်သူက ကျန်းကောင်းကင်ဘုံဓားဂိုဏ်း၏ အမိန့်ကို မနာခံဘဲ နေဝံ့မည်နည်း။
တစ်လကြာပြီးနောက် ကျောက်စိမ်းလေဟာပြင်တောင်၏ ကောင်းကင်ပေါ်ဝယ် အချင်းမိုင်တစ်သောင်းဧရိယာထဲ၌ ဓားအလင်းဖြင့် ပြည့်နှက်နေသည်။ ထို့နောက် မရေမတွက်နိုင်သော ဓားအလင်းများက ကောင်းကင်ပေါ်သို့ ဦးတည်နေသည့် လှေကားထစ်များအဖြစ် အသွင်ပြောင်းလဲသွားသည်။
ကောင်းကင်ဘုံတတ်လှမ်းခြင်းလှေကားက ကျန်းကောင်းကင်ဘုံဓားဂိုဏ်းဆီသို့ ရောက်လာကြသော အနယ်နယ်အရပ်ရပ်မှ ကျင့်ကြံသူများကို ကြိုဆိုလိုက်သည်။
ဓားမျှော်စင်သုံးရာ့ခြောက်ဆယ်ကို မြင်သွားသောအခါ လူတိုင်းက နှုတ်ဆိတ်သွားကြသည်။
ဘယ်သူက အဲ့ဒီစွမ်းအားကို ယှဉ်ပြိုင်နိုင်မှာလဲ… ။
“ အင်မော်တယ်မင်းဆက်ရဲ့ ဆုလာဘ်က ရွှေအစောင့်အရှောက်နန်းတော်ဆီ ရောက်နေပြီလို့ ငါကြားတယ် ”
“ အင်မော်တယ်မင်းဆက်က ကျန်းကောင်းကင်ဘုံဓားဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်ဟန်မူယဲ့ကို ဘယ်လိုဆုလာဘ်ပေးမလဲ ငါသိချင်မိတယ် ”
ကျန်းကောင်းကင်ဘုံဓားဂိုဏ်း၏ ဂိတ်တံခါးအပြင်ဘက်၌ မတ်တတ်ရပ်နေကြသော လူများထဲတွင် တစ်စုံတစ်ယောက်က တီးတိုးပြောသည်။
အင်မော်တယ်မင်းဆက်၏ ဆုလာဘ်က ဤတစ်ကြိမ်တွင် ရောက်လာတော့မည်။
ကောင်းကင်ယံမှ အင်မော်တယ်စင်မြင့်၏ နဝမမြောက်အလွှာပေါ်တွင် ဟန်မူယဲ့က လက်နှစ်ဖက်ကို အနောက်ပစ်လျက် မတ်တတ်ရပ်နေပြီး သူ့အရှေ့၌ ပရမ်းပတာ လှုပ်ခတ်နေသော မိုးမြေကို ကြည့်လိုက်သည်။
“ နောက်ဆုံးတော့ ရောက်လာပြီ… ဒီတစ်ကြိမ် ဘာဆုလာဘ်ရမလဲ ငါလည်းပဲ အရမ်းသိချင်မိတယ် ”