အခန်း (၁၆၉၂)
Vol. 121 Ch. 1692
“ ဗုန်း ”
အဝေးမှ မိုးမြေကြားတွင် ရွှေရောင်ရထားလုံးတစ်လုံးက မြန်ဆန်စွာ ချဉ်းကပ်လာနေသည်။
ရထားလုံးကို ကျန်းတစ်သောင်းရှည်လျားသော နဂါးငါးကောင်က အရှေ့မှ ဆွဲနေကြပြီး ရထားလုံးကို အံ့ဖွယ်ကောင်းကင်ဘုံ၏ မြင့်မြတ်ရွှေသတ္ထုဖြင့် ဆောက်လုပ်ထားသည်။ ထိုရထားလုံးတစ်ခုတည်းက ထိပ်တန်းမဟာပန်သွန်ကျောက်တုံး ဆယ်သန်းခန့် တန်ကြေးရှိသည်။
ကျန်းတစ်သောင်းရှည်လျားကြသော နဂါးတစ်ကောင်စီသည် စကြာဝဠာအဆင့်မှာဖြစ်ကြပြီး ကိုယ်ပိုင်မိုးမြေစကြာဝဠာကို ပိုင်ဆိုင်ထားကြသည်။
ထိုသို့နတ်သားရဲများသည် ၎င်းတို့၏ သက်ဆိုင်ရာလောကများမှာ အရှင်သခင်များဖြစ်ကြသော်လည်း ယခု ၎င်းတို့က ရထားလုံးကို ဆွဲရန် တာဝန်ပေးအပ်ခံထားကြရသည်။
“ တော်ဝင်မိသားစု ”
“ အင်မော်တယ်မင်းဆက်ရဲ့ တော်ဝင်မိသားစုကိုယ်တိုင် ရောက်လာတာလား ”
ဘေးပတ်ဝန်းကျင်တွင် အံ့ဩသော အာမေဋိတ်သံများ ထွက်ပေါ်လာသည်။
အစက သူတို့တွေးထားကြသည်မှာ ဆုလာဘ်ချီးမြှင့်ရန် ရောက်လာမည့်လူက ဝူလင်းကုန်းမြေ၏ ရွှေအစောင့်အရှောက်နန်းတော်ထဲမှ အရာရှိတစ်ယောက် ဖြစ်လိမ့်မည်။ သို့သော် ယခုအခြေအနေအရ ဟန်မူယဲ့၏ ကိစ္စက တော်ဝင်မိသားစုကိုပင် လှုပ်ခတ်သွားစေဟန် ရ၏။
စီရင်စုအဆင့် ကောင်းကင်ဘုံစစ်ပွဲမှ အောင်မြင်မှုများက တော်ဝင်မိသားစုကိုယ်တိုင် ရောက်လာရန် ထိုက်တန်သည်လော။ အတိတ်မှာ ထိုသို့ကိစ္စမျိုး တစ်ခါမှ မဖြစ်ခဲ့ဖူးပေ။
“ တော်ဝင်မိသားစုကိုယ်တိုင် ရောက်လာတယ်ဆိုတော့ ဂိုဏ်းခေါင်းဆောင်ဟန်က ဘယ်လိုဆုလာဘ်မျိုး ချီးမြှင့်ခံရမလဲ မသိဘူး”
တချို့က မနာလိုဖြစ်သွားကြပြီး တချို့က မျက်မှောင်ကြုတ်လိုက်ကြသည်။
ဤတစ်ကြိမ် ဟန်မူယဲ့၏ စွမ်းဆောင်မှုများက အလွန်ကြီးမားသော်လည်း ယင်းက တော်ဝင်မိသားစုကိုယ်တိုင် ရောက်လာရန် မလုံလောက်သေးပေ။
တော်ဝင်မိသားစုက ဝူလင်းကုန်းမြေထဲမှာ မထွက်ပေါ်လာခဲ့သည်မှာ အနည်းဆုံး နှစ်တစ်ထောင်ကြာမြင့်သွားပြီ ဖြစ်၏။
“ မဟာပန်သွန်ဘုံ အင်မော်တယ်မင်းဆက်ရဲ့ ယွင်မိုမြို့စား ကျောက်ကျင်း ရောက်လာပြီ… စစ်ဦးစီးချုပ်ဟန် ဧည့်ခံကြိုဆိုဖို့ ထွက်လာပါ ”
အသံတစ်သံက ရွှေရောင်ရထားလုံးထဲမှ ပဲ့တင်ထပ်လာသည်။
ထိုအသံထဲမှာ ဩဇာအာဏာဖြင့် ပြည့်နှက်နေပြီး အသံပျံ့လွင့်သွားသည့်အခါ ဘေးပတ်ဝန်းကျင်မှ မိုးမြေစွမ်းအားက လှုံ့ဆော်ခံလိုက်ရသည်။ ရှင်းလင်းစွာပင် ထိုအသံပိုင်ရှင်က မဟာပန်သွန်ဘုံ၏ ကောင်းချီးပေးမှုကို ရရှိထားသည်။
ယင်းက အင်မော်တယ်မင်းဆက်ထဲမှ အဆင့်မြင့်အရာရှိတစ်ဦး၏ ကောင်းကင်ဘုံစွမ်းအားဖြစ်သည်။
ကျောက်စိမ်းလေဟာပြင်တောင်၏ အပေါ်တွင် ကောင်းကင်ယံကို လွှမ်းခြုံထားသော ဓားအလင်းက ရပ်တန့်သွားသည်။ ဤသည်မှာ ယင်းက အင်မော်တယ်မင်းဆက်၏ ဩဇာအာဏာဖြင့် ဖိနှိပ်ခံလိုက်ရသည့်အလားပင်။
သို့သော်လည်း နောက်အခိုက်အတန့်မှာ ကျောက်စိမ်းလေဟာပြင်တောင်တစ်ခုလုံးက စတင်ဝေဝါးလာသည်။
“ ဟင်းလင်းပြင်လောကထဲ ဝင်ရောက်တယ် ”
“ ကျောက်စိမ်းလေဟာပြင်တောင်မှာ မိုးမြေမူလစွမ်းအားနဲ့ မဟာပန်သွန်ဘုံရဲ့ ဖိနှိပ်မှုကို ချိုးဖြတ်နိုင်တဲ့ အစွမ်းအစရှိတာပဲ ”
တောင်ဂိတ်တံခါး၏ အရှေ့တွင် အာမေဋိတ်သံများ တရစပ် ထွက်ပေါ်လာသည်။
မရေမတွက်နိုင်သော ကျင့်ကြံသူများက ဝေဝါးနေသော တောင်ဂိတ်တံခါးကို မော့ကြည့်လိုက်ကြသည်။ အံ့ဩသော အမူအရာက သူတို့၏ မျက်နှာပေါ်မှာ ထွက်နေသည်။
တော်ဝင်မိသားစု၏ အရှေ့မှာ ဂိုဏ်းကို ဟင်းလင်းပြင်လောကထဲသို့ တိုက်ရိုက် ထည့်သွင်းလိုက်သည်။
ယင်းက မည်သို့အပြုအမူနည်း။
အဲ့ဒါ တိုက်ရိုက် စိန်ခေါ်တာလား… ။
ရထားလုံးအရှေ့မှ ရွှေရောင်နဂါးများက ကျယ်လောင်စွာ မာန်ဖီလိုက်ကြသည်။ အလွန်အားကောင်းသော သွေးချီစွမ်းအင်တိုင်လုံးတစ်ခုက ရထားလုံးထဲမှ မြှောက်တတ်လာသည်။
ရွှေရောင်ဝတ်စုံ ဝတ်ဆင်ထားပြီး အစိမ်းရောင်သရဖူကို ဆောင်းထားသော သက်လတ်ပိုင်းအမျိုးသားတစ်ယောက်က ရထားလုံးထဲမှ ထွက်လာပြီး လေထဲမှာ မတ်တတ်ရပ်လိုက်သည်။ သူက သူ့အရှေ့၌ ဝေဝါးနေသော ကျောက်စိမ်းလေဟာပြင်တောင်ကို စိုက်ကြည့်လိုက်သည်။
ယွင်မိုမြို့စား ကျောက်ကျင်း… ။
ယင်းက တော်ဝင်မိသားစု၏ အဆင့်အတန်းဖြစ်သည်။
သူ့ထံမှ ထုတ်လွှတ်နေသော သွေးချီအရှိန်အဝါအရ သူက အာဏာရှင်တစ်ပါးဖြစ်ကြောင်း ထင်ရှားသည်။
အာဏာရှင်အဆင့်… ။
ရှန်းဟဲစီရင်စုထဲတွင် အာဏာရှင်က အထွတ်အထိပ်တည်ရှိမှု ဖြစ်သည်။
“ ဟန်မူယဲ့… ဒီမြို့စားက မင်းကို ရာထူးအပ်နှင်းပေးဖို့ ရောက်လာတာ… မင်းက အဲ့ဒါကို လက်မခံဘူးလား ”
ကျောက်ကျင်းက အော်ပြောလိုက်သည်။ ရွှေရောင်တိုက်ပွဲလှံက သူ၏ အနောက်မှာ ဒြပ်ထည်ဖွဲ့စည်းသွားသည်။
လှံ၏ ဘေးပတ်ပတ်လည်တွင် မူလစွမ်းအားက ရစ်ပတ်သွားသည်။ ယင်းက တစ်စုံတစ်ယောက်ကို အကြည့်တစ်ချက်ဖြင့် အညံ့ခံစေရန် လုံလောက်သည်။
ယင်းက မူလစွမ်းအား ကိန်းအောင်းနေသော တိုက်ပွဲလှံဖြစ်ပြီး အာဏာရှင်အဆင့်အောက်မှာ အသန်မာဆုံးလက်နက် ဖြစ်သည်။
အာဏာရှင်အဆင့် ကျောက်ကျင်းက ထိုလှံကို ကိုင်ဆွဲလိုက်သည့်အခါ သူ၏ တိုက်ပွဲစွမ်းအားက မယုံကြည်နိုင်စရာကောင်းသည်အထိ မြင့်တတ်သွားသည်။
“ လက်ခံတယ် ”
ကျောက်စိမ်းလေဟာပြင်တောင်၏ အပေါ်တွင် တိုးညင်းသော အသံက ပဲ့တင်ထပ်သွားသည်။
အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော ဟန်မူယဲ့က တောင်ဂိတ်တံခါး၏ အရှေ့မှာ ထွက်ပေါ်လာသည်။
“ နှစ်ပေါင်းတစ်ရာကြာမြင့်တဲ့ ကောင်းကင်ဘုံစစ်ပွဲမှာ ကျုပ်က တိုက်ပွဲအကျိုးပြုအမှတ်ဆယ်ဘီလီယံကို စုဆောင်းနိုင်ခဲ့တယ်… အဲ့ဒီအတွက် အင်မော်တယ်မင်းဆက်က ကျုပ်ကို ဘာလက်ဆောင်ပေးမလဲ ကျုပ်သိချင်မိတယ် ”
ဟန်မူယဲ့၏ စကားသံက မိုင်ထောင်ပေါင်းများစွာထိ ပဲ့တင်ထပ်သွားသည်။ ယင်းက ဘေးပတ်ဝန်းကျင်မှ ကျင့်ကြံသူများကို မျက်လုံးဝင်းလက်သွားစေသည်။
ဟန်မူယဲ့၏ သဘောထားနှင့် အပြုအမူက အင်မော်တယ်မင်းဆက်အပေါ် မလေးစားရာရောက်သော်လည်း သူ၏ စကားထဲမှာ အမှားတစ်ခုမှ မပါဝင်ပေ။
အင်မော်တယ်မင်းဆက်အတွက် နှစ်ပေါင်းတစ်ရာ တိုက်ခိုက်ပေးခဲ့တယ်… ။ အင်မော်တယ်မင်းဆက်က အဲ့ဒီအတွက် ဘယ်လိုဆုလာဘ် ပြန်ပေးမလဲ… ။
မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ အမြင်တွင် ဤကိစ္စက အင်မော်တယ်မင်းဆက်၏ ဂုဏ်သိက္ခာနှင့် သက်ဆိုင်နေသည်။
“ အမိန့်တော်ကြေညာမယ်… ရှန်းဟဲစီရင်စုရဲ့ စစ်ဦးစီးချုပ်ဟန်မူယဲ့က ကောင်းကင်ဘုံစစ်ပွဲမှာ ထူးချွန်ပြောင်မြောက်တဲ့ စွမ်းဆောင်ရည်ကို ပြသခဲ့ပြီး နှစ်တစ်ရာအတွင်းမှာ အံ့ဩဖွယ်ကောင်းတဲ့ တိုက်ပွဲအကျိုးပြုအမှတ်တွေကို ရရှိခဲ့တယ်… အဲ့ဒီအတွက် ပထမတန်းစား ဝေယွမ်မြို့စားဘွဲ့ကို ချီးမြှောက်မယ် ”
“ ဒါ့အပြင် ဟန်မူယဲ့က ကျန်းကောင်းကင်ဘုံချိပ်တံဆိပ်ကို ကိုင်ဆောင်ထားတယ်… ကောင်းကင်ဘုံအစောင့်တပ်ရဲ့ စည်းမျဉ်းတွေအရ ဟန်မူယဲ့က ကောင်းကင်ဘုံအစောင့်တပ်ရဲ့ ခေါင်းဆောင်ဖြစ်လာပြီး ကောင်းကင်ဘုံအစောင့်တပ်ရဲ့ အာဏာသုံးဆယ်ရာခိုင်နှုန်းကို အုပ်ချုပ်ခွင့်ရမယ် ”
ပထမတန်းစား မြို့စားဘွဲ့… ။
ကောင်းကင်ဘုံအစောင့်တပ်ရဲ့ အာဏာသုံးဆယ်ရာခိုင်နှုန်းကို ထိန်းချုပ်နိုင်မယ်…။
တော်ဝင်စာလိပ်ထဲမှ အမိန့်တော်ကို ဖတ်ကြားပြီးနောက် ကျောက်ကျင်းက ယင်းကို တင်းကျပ်စွာ ဆုပ်လိုက်ပြီး ဟန်မူယဲ့ကို ကြည့်လိုက်သည်။
“ ဝေယွမ်မြို့စား… စစ်ဦးစီးချုပ်ဟန်… ဒီဆုလာဘ်ကို ခင်ဗျားကျေနပ်ရဲ့လား ”
မြေပြင်ပေါ်တွင် မရေမတွက်နိုင်သော ကျင့်ကြံသူများက ဟန်မူယဲ့ကို မနာလိုစွာ ကြည့်လိုက်ကြသည်။
သာမန်လူတစ်ယောက်က တော်ဝင်မျိုးနွယ်၏ မြို့စားတစ်ယောက်ဖြစ်လာသည်။
ယင်းက အမှန်တကယ်ပင် တိုက်ပွဲတစ်ပွဲတည်းဖြင့် မြို့စားဖြစ်လာခြင်း ဖြစ်၏။
ထိုအဆင့်အတန်းက မဟာပန်သွန်ဘုံထဲမှ မရေမတွက်နိုင်သော ကျင့်ကြံသူများ လိုချင်တောင့်တနေသောအရာ ဖြစ်သည်။
ပထမတန်းစား မြို့စားဘွဲ့… ။
ယင်းက အင်မော်တယ်မင်းဆက်ထဲမှာ နေထိုင်ကြသည့် အမတ်များပြီးနောက် အင်အားအကြီးမားဆုံး ရာထူးဖြစ်သည်။
တိုက်ပွဲတစ်ပွဲတည်းဖြင့် ထိုသို့ရာထူးကို ချီးမြှောက်ခြင်းက အင်မော်တယ်မင်းဆက် အလွန်ရက်ရောသည်ဟု ဆိုနိုင်သည်။
ကျောက်ကျင်း၏ လက်ထဲမှ အမိန့်စာလွှာကို ကြည့်နေရင်း ဟန်မူယဲ့၏ အမူအရာက တည်ငြိမ်နေသည်။
“ အဲ့ဒီဆုလာဘ်တွေကို လက်ခံရရှိဖို့အတွက် ကျုပ်က နောက်ထပ် ဘယ်လိုတန်ကြေးကို ပေးရမလဲ သိချင်ပါတယ် ယွင်မိုမြို့စား ”
သူ၏ မေးခွန်းက ကျောက်ကျင်းကို ရယ်မောသွားစေသည်။
“ အို စစ်ဦးစီးချုပ်ဟန်က အရမ်းဉာဏ်ကောင်းတာပဲ… တိုက်ပွဲတစ်ပွဲတည်းနဲ့ ဒီလောက်များပြားတဲ့ တိုက်ပွဲအကျိုးပြုအမှတ်တွေ ရှာနိုင်ခဲ့တာ မထူးဆန်းတော့ပါဘူး… တစ်ဖက်လူရဲ့ အတွေးနဲ့ ဆန္ဒကို မြင်နိုင်စွမ်းရှိတယ်… တကယ်အံ့မခန်းပဲ ”
“ ဆယ်ဘီလီယံတိုက်ပွဲအကျိုးပြုအမှတ်နဲ့ လဲလှယ်မယ့် အရင်းအမြစ်တွေထဲက ရှစ်ဆယ်ရာခိုင်နှုန်းက ကောင်းကင်ဘုံအစောင့်တပ်အတွက် ဖြစ်ရမယ် ”
“ ပြီးတော့ ကျန်းကောင်းကင်ဘုံချိပ်တံဆိပ်ကို လက်လွှဲပေးပြီး ပြင်ပဘုံမှာ နှစ်တစ်သန်းကြာအောင် အစောင့်အကြပ်လုပ်ပေးရမယ် ”
ကျောက်ကျင်းက ဘေးပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်လိုက်သည်။ သူ၏ နှုတ်ခမ်းထောင့်မှာ အပြုံးရိပ်တစ်ခု ထွက်ပေါ်လာသည်။
“ မင်းရဲ့ ကျန်းကောင်းကင်ဘုံဓားဂိုဏ်းကို မင်းကိုယ်စား ငါစောင့်ရှောက်ပေးထားမယ် ”
“ နှစ်တစ်သန်းကြာပြီးရင် ဂိုဏ်းကို မင်းလက်ထဲ ငါပြန်လွှဲပေးမယ် ”
တိုက်ပွဲအကျိုးပြုအမှတ်တွေနဲ့ ကျန်းကောင်းကင်ဘုံချိပ်တံဆိပ်ကို လွှဲပြောင်းပေးရမယ်လား… ။
ပြီးတော့ မဟာပန်သွန်ဘုံကနေ နှစ်တစ်သန်းကြာအောင် ထွက်သွားရမယ်လား… ။
ကျောက်ကျင်း၏ စကားသံ ပဲ့တင်ထပ်သွားသည့်အခါ မြေပြင်ပေါ်မှ ကျင့်ကြံသူအားလုံးက စိတ်ရှုပ်ထွေးသော အမူအရာကို ထုတ်ဖော်လိုက်သည်။
အမှန်တကယ်ပင် အင်မော်တယ်မင်းဆက်၏ ဆုလာဘ်က မရိုးရှင်းပေ။
တိုက်ပွဲတစ်ပွဲတည်းဖြင့် မြို့စားဖြစ်လာခြင်းက အင်မော်တယ်မင်းဆက်၏ အသိအမှတ်ပြုမှုကို ရရှိသည်ဟု မဆိုလိုပေ။
တစ်စုံတစ်ယောက်က သူ၏ သစ္စာရှိမှုကို ပြသရန် မဟာပန်သွန်ဘုံအတွက် နှစ်တစ်သန်းကြာအောင် အပြင်ဘက်၌ စောင့်ကြပ်ပေးရမည်။
တကယ်လို့ တစ်ယောက်ယောက်က ငြင်းဆန်မယ်ဆိုရင်ရော… ။
“ ကျုပ်က ငြင်းမယ်ဆိုရင်ရော ”
ဟန်မူယဲ့က တည်ငြိမ်စွာ မေးသည်။
ကျောက်ကျင်းက ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။ သူက ဟန်မူယဲ့ကို စူးစိုက်ကြည့်လိုက်စဉ် သူ၏ သွေးချီအနှစ်သာရက ကျန်းတစ်သောင်းရှည်လျားသော သွေးနီရောင်နဂါးတစ်ကောင်အဖြစ် သိပ်သည်းသွားသည်။
သူက ရွှေရောင်တိုက်ပွဲလှံကို ဖြည်းဖြည်းချင်း မြှောက်လိုက်ပြီး ဟန်မူယဲ့ကို ချိန်ရွယ်လိုက်သည်။
“ ဒီမြို့စားက မင်းနဲ့ ဆွေးနွေးဖို့ ရောက်လာတယ် ထင်နေတာလား ”
“ ပြီးတော့ ဒီနေရာကို ငါတစ်ယောက်တည်း ရောက်လာတာလို့ မင်းယုံကြည်နေတာလား ”
အဝေးမှ ကောင်းကင်ယံတွင် ရွှေရောင်သံချပ်ကာ ဝတ်ဆင်ထားကြသော ပုံရိပ်များက တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာကြသည်။
ဟင်းလင်းပြင်လောကထဲမှ ကျောက်စိမ်းလေဟာပြင်တောင်သည်ပင် ကြီးမားသော အင်အားဖြင့် ဖိချခံလိုက်ရသည်။ ဤသည်မှာ တောင်က မဟာပန်သွန်ဘုံဆီသို့ ပြန်ဆွဲခေါ်ခံနေရသည့်အလားပင်။
ကျန်းကောင်းကင်ဘုံဓားဂိုဏ်း၏ ဖိတ်ကြားမှုကြောင့် ပွဲအခမ်းအနားတတ်ရန် ရောက်လာကြသော ကျင့်ကြံသူအားလုံးက မျက်နှာဖြူဖျော့သွားကြပြီး ချက်ချင်း အနောက်ဆုတ်သွားကြသည်။
မမျှော်လင့်ထားသော တိုက်ပွဲက စတင်အစပျိုးနေ၏။
ကျောက်စိမ်းလေဟာပြင်တောင်ပေါ်တွင် ဓားအလင်းများက ပြိုးပြိုးပြက်ပြက် ဝင်းလက်သွားသည်။
“ ကောင်းကင်ဘုံစစ်ပွဲပြီးရင် အင်မော်တယ်မင်းဆက်က ငါ့ရဲ့ တိုက်ပွဲအကျိုးပြုအမှတ်ကို ကြည့်ပြီး ဆုလာဘ်ချီးမြှင့်လိမ့်မယ်လို့ ငါထင်ထားခဲ့တာ… ကြည့်ရတာ ငါက အင်မော်တယ်မင်းဆက်ကို အထင်ကြီးခဲ့ပုံပဲ ”
“ ‘ ယုန်တွေအားလုံး သေသွားတဲ့အခါ အမဲလိုက်ခွေးကို သတ်စားပစ်တယ် ’ဆိုတဲ့ ဆိုရိုးစကားရှိတယ်… အဲ့ဒါ လောကရဲ့ အလုပ်လုပ်ပုံပဲ… အသုံးမလိုတော့တဲ့အခါကျရင် ကန်ထုတ်ခံရလိမ့်မယ် ”
ဟန်မူယဲ့က မထူးမခြားနား ပြောသည်။ သူ၏ လက်ထဲမှ အစိမ်းရောင်ချိပ်တံဆိပ်က လေထဲမှာ လွင့်မျောသွားသည်။
သူက ဟင်းလင်းပြင်ပေါ်သို့ ခြေချလိုက်သည့်အခါ ဓားအလင်းက သူ၏ ခန္ဓာကိုယ်တစ်ဝိုက်၌ ရစ်သိုင်းသွားသည်။
“ ဒီပစ္စည်းကို မင်းလိုချင်ရင် လာယူပါ ”
သူ၏ စကားဆုံးသွားသည်နှင့် ကျောက်ကျင်းက အော်ရယ်လိုက်သည်။ သူ၏ ပုံရိပ်က လေထဲမှာ ပျောက်ကွယ်သွားပြီး ဟန်မူယဲ့၏ အရှေ့မှာ ထွက်ပေါ်လာသည်။ သူက လက်ထဲမှ တိုက်ပွဲလှံကို ဟန်မူယဲ့၏ ဦးခေါင်းပေါ်သို့ ထိုးချလိုက်သည်။
ဘီလီယံနှင့်ချီသော လှံပုံရိပ်များက ဟန်မူယဲ့ကို လွှမ်းခြုံသွားသည်။
သို့သော်လည်း ထိုလှံပုံရိပ်များက ဟန်မူယဲ့အနားသို့ မရောက်သွားမီ အစိမ်းရောင်ဓားအလင်းတစ်ခုက ဟန်မူယဲ့၏ အရှေ့မှ ချိပ်တံဆိပ်ထဲမှ ပျံသန်းထွက်လာသည်။
သူ့အနောက်မှ ကျောက်စိမ်းလေဟာပြင်တောင်ပေါ်ရှိ ဓားမျှော်စင်သုံးရာ့ခြောက်ဆယ်ထံမှ တောက်ပသော ဓားအလင်းတန်းများက ရွှေရောင်တိုက်ပွဲလှံဖြင့် ထိပ်တိုက် တွေ့ဆုံသွားသည်။
“ ဗုန်း ”
ကျောက်ကျင်း၏ အမူအရာက သိသာစွာ ပျက်ယွင်းသွားသည်။ အမြဲတမ်း သူဂုဏ်ယူခဲ့ရသော တိုက်ပွဲလှံပေါ်မှာ အက်ကွဲကြောင်းများက ထွက်ပေါ်လာသည်။
သူက လက်ဆန့်ထုတ်လိုက်ပြီး လှံကို ဖမ်းဆုပ်လိုက်သည်။ သို့သော်လည်း လှံပေါ်မှာ ကိန်းဝပ်နေသော အစွန်းရောက်အင်အားက လှံနှင့် သူ့ကို အဝေးသို့ လွင့်ထွက်သွားစေသည်။
သူ၏ ခန္ဓာကိုယ်က ရထားလုံးနှင့် ဝင်ဆောင့်သွားပြီး ရထားလုံးက အစိတ်စိတ်အမွှာမွှာ အက်ကွဲသွားသည်။
ရွှေရောင်နဂါးငါးကောင်က အသင်္ချေဓားအလင်းတန်းများဖြင့် ဖုံးလွှမ်းခံလိုက်ရပြီး ဖျက်ဆီးခံလိုက်ကြရသည်။ ထို့နောက် အရေအတွက်များပြားသော မဟာပန်သွန်ကျောက်တုံးများက မြေကြီးပေါ်သို့ ပြုတ်ကျသွားကြသည်။
“ ဘန်း ”
ရှည်လျားသော ဓားအလင်းတန်း(၃၆၀)ခုက မိုးမြေတစ်လျှောက် ဖြတ်သန်းသွားကြပြီး ရွှေရောင်စစ်ချပ်ဝတ်နှင့် ဗိုလ်ချုပ်များပေါ်သို့ ကျရောက်သွားကြသည်။
“ အင်မော်တယ်မင်းဆက်ရဲ့ အင်အားက ငါ့ကို စိတ်မပျက်စေဖို့ မျှော်လင့်တယ် ”
“ နောက်တစ်ခေါက်ကျရင် ကျောက်ကျင်းလို အမှိုက်တွေကို လာမပို့နဲ့ ”
ဟန်မူယဲ့၏ အသံက မိုးမြေတစ်လျှောက် ပဲ့တင်ထပ်သွားသည်။