← Chapters

အခန်း (၁၆၉၄)

Vol. 121 Ch. 1694

အခန်း (၁၆၉၄)

Vol. 121 Ch. 1694

ဓားအလင်းက အောက်သို့ ကျဆင်းလာပြီး သန်းပေါင်းများစွာသော အလင်းစီးကြောင်းများအဖြစ် ပြောင်းလဲသွားသည်။

အာဏာရှင်ခုနစ်ပါး၏ ခန္ဓာကိုယ်က အလင်းစီးကြောင်းများဖြင့် ရစ်ပတ်ချုပ်နှောင်ခံလိုက်ကြရသည်။ ထိုအလင်းစီးကြောင်းက သူတို့ခုခံနိုင်သောအရာ မဟုတ်ပေ။ နောက်အခိုက်အတန့်မှာ သူတို့အားလုံးက ကျောက်စိမ်းလေဟာပြင်တောင်အောက်မှာ ဖမ်းချုပ်ခံလိုက်ကြရသည်။

အာဏာရှင်အဆင့်… ။

သူတို့က လောက၏ အရှင်သခင်များဖြစ်ကြပြီး မရေမတွက်နိုင်သော ဘုံများ၏ ကြည်ညိုလေးစားမှုကို ခံကြရသည်။ သို့တိုင် ယခု သူတို့က ကျောက်စိမ်းလေဟာပြင်တောင်အောက်မှာ အကျဉ်းသားများ ဖြစ်သွားကြသည်။ ဓားအလင်းသံကြိုးများက သူတို့၏ ခန္ဓာကိုယ်ကို အထပ်ထပ်ရစ်ပတ်သွားပြီး တောင်အောက်သို့ ဆွဲခေါ်သွားသည်။

မရေမတွက်နိုင်သော ကျင့်ကြံသူများက ခေါင်းမော့လိုက်သည့်အခါ ထိုမြင်ကွင်းကြောင့် အသိစိတ်ဗလာဖြစ်သွားကြသည်။

ကျောက်စိမ်းလေဟာပြင်တောင်ပေါ်တွင် သူတို့မျှော်လင့်ထားသကဲ့သို့ ပြင်းထန်ကြမ်းတမ်းသော မည်သည့်တိုက်ပွဲကြီးမှ မဖြစ်ပွားခဲ့ပေ။

ဟန်မူယဲ့က သာမန်ကာလျှံကာ လက်မြှောက်လိုက်သည့်အခါ ဓားအလင်းများက သံကြိုးများအဖြစ် ပြောင်းလဲသွားပြီး အာဏာရှင်ခုနစ်ပါးကို တောင်အောက်မှာ ဖမ်းချုပ်လိုက်သည်။

ဟန်မူယဲ့၏ ဓားအလင်းအရှေ့တွင် အာဏာရှင်အဆင့် အစွမ်းထက်ပုဂ္ဂိုလ်များက ကြက်ကလေး ငှက်ကလေးများထက် မပိုပေ။

အမှန်တကယ်ပင် ထိုသို့ဖြစ်သည်။

ဟန်မူယဲ့၏ ဓားတာအိုက ဖန်ဆင်းရှင်အဆင့်သို့ ရောက်ရှိနေလေရာ အာဏာရှင်အဆင့် ကျင့်ကြံသူများက သူ့အတွက်တော့ ကြက်ကလေး ငှက်ကလေးများ ဖြစ်ကြသည်။

အာဏာရှင်အဆင့်၏ အထက်က ဟင်းလင်းပြင်ချိုးဖြတ်ခြင်းအဆင့်ဖြစ်ပြီး ဟင်းလင်းပြင်ချိုးဖြတ်ခြင်းအဆင့်၏ အထက်က နတ်ဘုရားအဆင့် ဖြစ်သည်။

ဖန်ဆင်းရှင်အဆင့် ဓားတာအိုစွမ်းအားကို ပိုင်ဆိုင်ထားသော ဟန်မူယဲ့သည် နတ်ဘုရားအဆင့် ပညာရှင်များကိုပင် အလွယ်တကူ သတ်ဖြတ်နိုင်သည်။ သို့ဖြစ်လေရာ အာဏာရှင်ခုနစ်ပါးကို ဖိနှိပ်ခြင်းက သူ့အတွက် မည်သို့ခက်ခဲမည်နည်း။

အာဏာရှင်များက သူ့အတွက်တော့ ပုရွက်ဆိတ်များနှင့် မခြားပေ။

ဟန်မူယဲ့၏ ကျင့်ကြံခြင်းက ပိုပြီးနက်ရှိုင်းလာပြီး ဓားတာအိုအပေါ် သူ၏ ဆင်ခြင်နားလည်မှုက ပိုပြီးတိုးပွားလာသည့်အခါ ဤလောက၏ ကျင့်ကြံခြင်းအကြောင်းကို ပိုပြီးရှင်းလင်းစွာ သူနားလည်သွားသည်။

မဟာတာအိုဆီသို့ ခရီးစဉ်က အထီးကျန်စရာကောင်း၏။ ယင်းက မရှောင်လွှဲနိုင်သောအရာ ဖြစ်သည်။

ကျောက်စိမ်းလေဟာပြင်တောင်၏ အရှေ့တွင် ကောင်းကင်က ဓားအလင်းကြောင့် ဖရိုဖရဲဖြစ်သွားသည်။ လေနှင့် တိမ်တိုက်များက ပရမ်းပတာ လှုပ်ခတ်သွားကြသည်။

အာဏာရှင်ရှစ်ပါးက ဤနေရာသို့ ကိန်းကြီးခန်းကြီး ရောက်လာခဲ့ကြသော်လည်း ယခု အာဏာရှင်တစ်ပါးသာ နေရာမှာ ဆက်ပြီး ရပ်နေနိုင်သည်။ သို့တိုင် သူ၏ ခန္ဓာကိုယ်က အပြင်းအထန် တုန်ယင်နေပြီး ခြေဖျားလက်ဖျားက အေးစက်နေသည်။

“ စစ်ဦးစီးချုပ်ဟန်က အရမ်းသန်မာတာပဲ… ”

ချန်းရွှမ်အရှင်သခင်က တီးတိုးရေရွတ်လိုက်သည်။ ထို့နောက် စိတ်သက်သာရာရသော အမူအရာက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

အကယ်၍ သူသာ အစောနက အနောက်မဆုတ်ခဲ့လျှင် ယခု သူသည်လည်း ကျောက်စိမ်းလေဟာပြင်တောင်အောက်မှာ ဖမ်းချုပ်ခံထားရလိမ့်မည်။

လေထဲတွင် တိမ်လေဓားဝင်္ကပါကို ဆုပ်ကိုင်ထားသော ယုရှောင်တန်က အမူအရာပျက်ယွင်းသွားသည်။ ထို့နောက် သူက သက်ပြင်းရှည်ကြီးချလိုက်သည်။

သူ၏ လက်ထဲမှ တိမ်လေဓားဝင်္ကပါက တုန်ယင်သွားပြီး ယုရှောက်တန်ဆီသို့ အသံပို့လွှတ်လိုက်သည်။

“ ယုရှောက်တန်… သူ့ကို ကြည့်စမ်း… အတိတ်မှာ မင်းသာ သူ့ရဲ့ စွမ်းအားတစ်ဝက်ကို ပိုင်ဆိုင်ခဲ့မယ်ဆိုရင် ကျန်းကောင်းကင်ဘုံဓားဂိုဏ်းက ပျက်စီးသွားခဲ့မှာ မဟုတ်ဘူး ”

ထိုစကားကို ကြားသောအခါ ယုရှောက်တန်က နှုတ်ခမ်းတွန့်သွားသည်။

အဝေး၌ ဟန်မူယဲ့က သူ၏ လက်ကို ထပ်မံ မြှောက်လိုက်သည်။

ယုရှောက်တန်နှင့် တိမ်လေဓားဝင်္ကပါက လေထဲမှာ ပြန့်ကျဲသွားပြီး ဓားမျှော်စင်သုံးရာ့ခြောက်ဆယ်အဖြစ် ပြန်ပြောင်းလဲသွားသည်။ ထို့နောက် ဓားမျှော်စင်များက ကျောက်စိမ်းလေဟာပြင်တောင်အောက်မှာ ဖမ်းချုပ်ခံထားရသော အာဏာရှင်များကို ဖိချလိုက်သည်။

သွေးချီအနှစ်သာရ အလင်းတိုင်လုံးများက အာဏာရှင်ခုနစ်ပါးထံမှ ထွက်ပေါ်လာကြပြီး အချင်းမိုင်တစ်သောင်းဧရိယာထဲမှ ကောင်းကင်ကို သွေးနီရောင်အဖြစ် ပြောင်းလဲသွားစေသည်။

သူတို့က မည်သို့ရုန်းကန်ပါစေ ဓားမျှော်စင်သုံးရာ့ခြောက်ဆယ့်က သူတို့ကို ရက်စက်ကြမ်းကြုတ်စွာ ဖိနှိပ်ထားသည်။

ကျောက်စိမ်းလေဟာပြင်တောင်က တုန်ယင်သွားသည်။ အာဏာရှင်ခုနစ်ပါးက တောင်အောက်မှာ ဖိနှိပ်ခံလိုက်ရစဉ် သွေးနီရောင်အလင်းက အချင်းမိုင်တစ်သောင်းဧရိယာကို ဖုံးအုပ်သွားသည်။ ယင်းက တောင်ဂိတ်တံခါးအရှေ့မှ မရေမတွက်နိုင်သော ကျင့်ကြံသူများကို ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားစေသည်။

“ ယနေ့ ကြွရောက်လာကြတဲ့ လူကြီးမင်းတို့ခင်ဗျာ… ကျန်းကောင်းကင်ဘုံဓားဂိုဏ်း ပြန်လည်ဖွဲ့စည်းတာကို ဂုဏ်ပြုတဲ့အနေနဲ့ အာဏာရှင်ခုနစ်ပါးကို ကျောက်စိမ်းလေဟာပြင်တောင်အောက်မှာ ကျုပ်အကျဉ်းချလိုက်တယ်… ခင်ဗျားတို့ ဘယ်လိုသဘောရလဲ ”

ဟန်မူယဲ့၏ အသံက မိုးမြေကြားမှာ ပဲ့တင်ထပ်သွားသည်။

ဘယ်လိုသဘောရလဲ… ။

ဘယ်သူက အဲ့ဒီကိစ္စကို မှတ်ချက်ပေးရဲမှာလဲ… ။

တောင်ဂိတ်တံခါး၏ အပြင်ဘက်တွင် မရေမတွက်နိုင်သော ကျင့်ကြံသူများက ဦးညွတ်လိုက်ကြသည်။

အင်မော်တယ်မင်းဆက်ကို ရန်ပြုဝံ့သော ဂိုဏ်း… ။

ထိုသို့ဂိုဏ်းတစ်ဂိုဏ်း၏ အရှေ့မှာ သူတို့၏ ဖြစ်တည်မှုက အလွန်အမင်း သေးနုတ်သည်။

အဝေး၌ ရွှေရောင်အလင်းက ဝေးသထက် အဝေးသို့ ပျံသန်းသွားသည်။ မကြာမီ ရွှေရောင်အလင်းက ကောင်းကင်ယံမှ လုံးဝ ပျောက်ကွယ်သွားသည်။

ဒဏ်ရာရရှိသွားသော ယွင်မိုမြို့စားသည် အာဏာရှင်ခုနစ်ပါးကို ဆုံးရှုံးပြီးနောက် ထွက်ပြေးသွားသည်။

“ စစ်ဦးစီးချုပ်ဟန်… ဂရုစိုက်ပါ ”

ချန်းရွှမ်အရှင်သခင်က နူးညံ့စွာ ပြောပြီး လက်နှစ်ဖက်ဆုပ်၍ ဟန်မူယဲ့ကို ဂါရဝပြုလိုက်သည်။ ထို့နောက် သူက နေရာမှ ပျောက်ကွယ်သွားသည်။

အင်မော်တယ်မင်းဆက်၏ အရာရှိတစ်ယောက်အနေဖြင့် အင်မော်တယ်မင်းဆက်က မည်မျှအင်အားကြီးမားကြောင်း သူသိသည်။

ဟန်မူယဲ့က အာဏာရှင်ခုနစ်ပါးကို သူ့ကိုယ်ပိုင်စွမ်းအားဖြင့် ဖိနှိပ်နိုင်ခဲ့သည်။ သို့သော် ရန်သူက ဟင်းလင်းပြင်ချိုးဖြတ်ခြင်းအဆင့် အစွမ်းထက်ကျင့်ကြံသူခုနစ်ယောက်ဆိုလျှင်ရော သို့မဟုတ် ရန်သူက နတ်သခင်ခုနစ်ပါးဆိုလျှင်ရော ဟန်မူယဲ့က ထိုသို့ဖိနှိပ်နိုင်ဦးမည်လော။

အင်မော်တယ်မင်းဆက်ကို ဆန့်ကျင်ခဲ့သူများထဲတွင် မည်သူမှ ဇာတ်သိမ်းမလှခဲ့ပေ။

စိတ်မကောင်းစရာပဲ… ။

“ အရှင်ချန်းရွှမ်… ခင်ဗျားက ကျုပ်ကိုယ်စား စကားပါးပေးပါ… ကျုပ်ရဲ့ တိုက်ပွဲအကျိုးပြုအမှတ်ဆယ်ဘီလီယံကို ကျုပ်ဘာသာ လာလဲလှယ်မယ်လို့… ပြီးတော့ ကောင်းကင်ဘုံအစောင့်တပ်ရဲ့ ခေါင်းဆောင်ရာထူးကို ကျုပ်ကိုယ်တိုင် လာယူမယ်လို့ ”

ဟန်မူယဲ့၏ အသံက ချန်းရွှမ်အရှင်သခင်၏ အနောက်မှ ထွက်ပေါ်လာသည်။

တိုက်ပွဲအကျိုးပြုအမှတ်တွေကို ကိုယ်တိုင်လဲလှယ်မယ်… ။

ကောင်းကင်ဘုံအစောင့်တပ်ရဲ့ ခေါင်းဆောင်ရာထူးကို ကိုယ်တိုင်ယူမယ်… ။

ယင်းက အင်မော်တယ်မင်းဆက်ကို စိန်ခေါ်ခြင်း မဟုတ်တော့ပေ။ ယင်းအစား အင်မော်တယ်မင်းဆက်ကို တိုက်ရိုက် စော်ကားလိုက်ခြင်း ဖြစ်သည်။

…..

ကျောက်စိမ်းလေဟာပြင်တောင်… ။

ကျန်းကောင်းကင်ဘုံဓားဂိုဏ်း ပြန်ဖွဲ့စည်းသွားသော ပွဲအခမ်းအနားက ရင်တမမဖြင့် ပြီးဆုံးသွားသည်။

ကျန်းကောင်းကင်ဘုံဓားဂိုဏ်းဆီသို့ ရောက်လာကြသော ထိုကျင့်ကြံသူများက ကျောက်စိမ်းလေဟာပြင်တောင်ပေါ်မှ အမြန်ဆုံး ထွက်သွားနိုင်ရန် စိတ်ထဲမှ ဆုတောင်းနေကြသည်။

အင်မော်တယ်မင်းဆက်ကို ဆန့်ကျင်ခြင်းက ကိုယ့်ဘာသာ သေတွင်းထဲသို့ ခုန်ချလိုက်ခြင်းနှင့် မခြားပေ။

ဟန်မူယဲ့က အလွန်အမင်း သန်မာပြီး သူ့မှာ တိုက်ပွဲအကျိုးပြုအမှတ်ဆယ်ဘီလီယံရှိသည်ဆိုလျှင် အင်မော်တယ်မင်းဆက်ကို ဆန့်ကျင်ခြင်းက ကောင်းမွန်သော ဆုံးဖြတ်ချက် မဟုတ်ပေ။

ဧည့်သည်များ ပြန်သွားကြသည့်အခါ ကျောက်မင်ယွင်အပါအဝင် ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ ယခင်တပည့်များက ဟန်မူယဲ့ကို ကြည့်လိုက်ကြသည်။

အသစ်ဖွဲ့စည်းထားသော ကျန်းကောင်းကင်ဘုံဓားဂိုဏ်း၏ အဓိကအင်အားစုက ကောင်းကင်အသင်္ချေဓားဂိုဏ်းမှ တပည့်များ ဖြစ်နေဆဲပင်။ ကျောက်မင်ယွင်က ဂိုဏ်းကို စီမံအုပ်ချုပ်နေစဉ် ဟန်မူယဲ့က ထိုလောကီကိစ္စများကို လျစ်လျူရှုထားသည်။

“ ကျောက်မင်ယွင် တကယ်လို့ မင်းက ကျောက်စိမ်းလေဟာပြင်တောင်ပေါ်မှာ မင်းမရင်ဆိုင်နိုင်တဲ့ ရန်သူတစ်ယောက်နဲ့ တွေ့ဆုံရပြီဆိုရင် ယုရှောက်တန်နဲ့ တိမ်လေဓားဝင်္ကပါကို ပြောပြီး ကျောက်စိမ်းလေဟာပြင်တောင်တစ်ခုလုံးကို ဟင်းလင်းပြင်လောကဆီ ပို့ဆောင်ခိုင်းပါ ”

ဟန်မူယဲ့က လက်မြှောက်လိုက်လေရာ အစိမ်းရောင်ဓားတိုတစ်လက်က ကျောက်မင်ယွင်ဆီသို့ ပျံသန်းသွားသည်။

“ ဟင်းလင်းပြင်ထဲမှာ ဒီဓားနဲ့ဆိုရင် တပ်ကူတွေကို မင်းဆင့်ခေါ်နိုင်တယ် ”

တပ်ကူ… ။

ဟန်မူယဲ့ပြောသော တပ်ကူက မည်သည့်အရာဖြစ်ကြောင်း ကျောက်မင်ယွင်မသိပေ။ သို့သော်လည်း သူ့ဆရာက ထိုသို့ပြောမှတော့ သူက ဆရာ့၏ ညွှန်ကြားချက်အတိုင်း လိုက်နာရမည်။

ဟန်မူယဲ့မရှိလျှင် သူတို့က လစန္ဒာတောင်ထွတ်၏ တာအိုအဆင့် တပည့်များအဖြစ်သာ ဆက်ရှိနေကြလိမ့်မည်။

ယနေ့ သူတို့ရရှိလာသော အောင်မြင်မှုများက အတိတ်၌ တစ်ခါမှ သူတို့စိတ်မကူးဝံ့သောအရာ ဖြစ်၏။ သူတို့က ဤအဆင့်သို့ ရောက်လာမှတော့ နောက်ထပ် မည်သည့်အရာကို ကြောက်နေရမည်နည်း။

အကယ်၍ အင်မော်တယ်မင်းဆက်၏ အစွမ်းထက်ကျင့်ကြံသူများက သူတို့ဆီ လာရောက်တိုက်ခိုက်မည်ဆိုလျှင်ပင် ကိစ္စမရှိပေ။

တိုက်ပွဲမှာ သူတို့က ကျဆုံးသွားမည်ဆိုလျှင်ပင် ကိစ္စမရှိပေ။

သူတို့က ဤဘဝ၌ တစ်ခါမှ စိတ်မကူးဖူးသော အောင်မြင်မှုများကို ရရှိပိုင်ဆိုင်ပြီးပြီ မဟုတ်ပါလော။

ကျင့်ကြံခြင်းလောကတွင် သေခြင်းရှင်ခြင်းက မည်သူမှ မရှောင်လွှဲနိုင်သောအရာ ဖြစ်သည်။ အကယ်၍ သူတို့က မသေခင်မှာ ထိုသို့ကြီးမြတ်သော တိုက်ပွဲတစ်ပွဲကို ဆင်နွှဲနိုင်မည်ဆိုလျှင် နောင်တရစရာရှိဦးမည်လော။

“ ဆရာစိတ်ချပါ… ကျုပ်တို့တွေ ဂိုဏ်းကို သေချာကာကွယ်ပေးပါမယ် ”

ရှုဖုန်းယန်က လက်နှစ်ဖက်ဆုပ်၍ ဟန်မူယဲ့ကို ဂါရဝပြုလိုက်ပြီး တည်ကြည်လေးနက်စွာ ပြောသည်။ တိုက်ပွဲစိတ်ဆန္ဒက သူ၏ ခန္ဓာကိုယ်တစ်ဝိုက်မှာ စုဝေးသွားသည်။

ဓားကျင့်ကြံသူတစ်ယောက်အနေဖြင့် ကျန်းကောင်းကင်ဘုံဓားဂိုဏ်း ပြန်လည်ဖွဲ့စည်းသွားခြင်းကို မျက်မြင်တွေ့ရခြင်းက သူ့အတွက် ဂုဏ်ယူစရာဖြစ်သည်။

ယခု မရေမတွက်နိုင်သော ဓားသမားများ၏ အိမ်ဖြစ်သော ကျန်းကောင်းကင်ဘုံဓားဂိုဏ်းက ကြီးမားသော ကပ်ဘေးဖြင့် ရင်ဆိုင်ရတော့မည်။ အကယ်၍ သူက ထိုကပ်ဘေးကို ခုခံတားဆီးပေးရင်း ကျဆုံးသွားမည်ဆိုလျှင်ပင် နောင်တရလိမ့်မည် မဟုတ်ချေ။

“ ကောင်းပြီ ငါပိုင်ဆိုင်တဲ့ အရာကို ပြန်ယူဖို့ ဝူလင်းကုန်းမြေရဲ့ ရွှေအစောင့်အရှောက်နန်းတော်ဆီ ငါသွားတော့မယ် ”

ထိုသို့ပြောလိုက်သည်နှင့် သိမ်မွေ့သော ဓားအလင်းတန်းတစ်ခုက သူ၏ ခန္ဓာကိုယ်တစ်ဝိုက်မှာ ထွက်ပေါ်လာသည်။

မကြာမီ ဓားအလင်းတန်းက ပေထောင်ပေါင်းများစွာ ရှည်လျားသွားပြီး မိုးမြေတစ်လျှောက် ဖြန့်ကြက်သွားသည်။

ဟန်မူယဲ့က ဓားပျံပေါ်သို့ ခြေချလိုက်သည်။ ထို့နောက် ဓားပျံက အဝေးသို့ ထွက်သွားသည်။

ဓားအလင်းက မိုးမြေ၏ အကာအကွယ်အလွှာများကို တိုက်ရိုက် ထိုးဖောက်သွားပြီး ဟင်းလင်းပြင်ကို ဖြတ်သန်းသွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ ဓားအလင်းက မိုင်ပေါင်းဘီလီယံနှင့်ချီသော အကွာအဝေးကို ဖြတ်ကျော်သွားသည်။

“ ဗုန်း ”

ဓားပုံရိပ်တစ်ခုက ကောင်းကင်ပေါ်မှာ ဖျတ်ခနဲ ထွက်ပေါ်လာပြီး ဖျတ်ခနဲ ပျောက်ကွယ်သွားကြောင်း အနီးနားဝန်းကျင်မှ ကျင့်ကြံသူများက မြင်လိုက်ကြရသည်။

ဓားအလင်းတန်းက လေထုကို ပိုင်းဖြတ်သွားရာမှ ထွက်ပေါ်လာသော ပေါက်ကွဲသံသည် မရေမတွက်နိုင်သော ကျင့်ကြံသူများကို ကောင်းကင်ပေါ်သို့ ခေါင်းမော့သွားစေသည်။ သို့သော်လည်း သူတို့က ဓား၏ အရိပ်ကိုသာ ဖျတ်ခနဲ မြင်လိုက်ကြရ၏။

“ အဲ့ဒါ ဘယ်လိုပညာရှင်လဲဟ… ”

“ အာဏာရှင်အဆင့်လား… မဟုတ်ဘူး… အာဏာရှင်အဆင့် ပညာရှင်တွေက အဲ့ဒီလိုစွမ်းအားကို မပိုင်ဆိုင်နိုင်ဘူး ”

“ ဟင်းလင်းပြင်ချိုးဖြတ်ခြင်းလား ”

“ အဲ့ထက် ပိုမြင့်နေမှာပဲ ငါကြောက်တယ် ”

“ ဟင်းလင်းပြင်ချိုးဖြတ်ခြင်းထက် ပိုမြင့်တယ်… အဲ့ဒါဆို ဓားနတ်ဘုရားပေါ့ ”

“ သူက ဘယ်ကို သွားတာလဲ ”

…..

ဝူလင်းကုန်းမြေ၏ ရွှေအစောင့်အရှောက်နန်းတော်ထဲတွင်… ။

အာဏာရှင်အဆင့်နှင့် သံသရာစက်ဝန်းအဆင့် ကျွမ်းကျင်ပညာရှင်သုံးဆယ်ကျော်က ခန်းမတစ်ခုထဲမှာ ထိုင်နေကြသည်။

သူတို့အားလုံးက ခမ်းနားထည်ဝါသော အရှိန်အဝါကို ထုတ်လွှတ်နေလေရာ ခန်းမထဲ၌ ကြယ်များ စုဝေးနေဟန် အောက်မေ့ရသည်။

“ ကိုယ့်လူတို့… အာဏာရှင်ခုနစ်ပါးက ဖိနှိပ်ခံထားရပြီး ကျုပ်က ဒဏ်ရာအပြင်းအထန်ရသွားတယ်… ဒါက ဝူလင်းကုန်းမြေရဲ့ ရွှေအစောင့်အရှောက်နန်းတော်က အင်မော်တယ်မင်းဆက်ရဲ့ နယ်မြေတွေကို ကာကွယ်ပေးတဲ့ပုံစံလား ”

“ ဒီကိစ္စကို ဘိုးဘေးဆီ ကျုပ်တင်ပြမယ်… ဝူလင်းကုန်းမြေရဲ့ ရွှေအစောင့်အရှောက်နန်းတော်က တာဝန်မကျေပွန်ခဲ့တာကြောင့် အပြစ်ဒဏ်ကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး ”

ရွှေရောင်သံချပ်ကာ ဝတ်ဆင်ထားသော ယွင်မိုမြို့စားက ဒေါသတကြီး ပြောသည်။ သူ၏ အသားအရေက ဖြူဖျော့နေပြီး သူ၏ မျက်လုံးထဲ၌ မဖိနှိပ်နိုင်သော မီးတောက်က တဟုန်းဟုန်း လောင်မြိုက်နေသည်။

သူက အင်မော်တယ်မင်းဆက် တော်ဝင်မိသားစု၏ အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး ပမာဏများပြားသော တိုက်ပွဲအကျိုးပြုအမှတ်များ ရရှိထားသူ ဖြစ်သည်။ သို့သော် သူက ဝူလင်းကုန်းမြေတွင် အစော်ကားခံခဲ့ရပြီး ဒဏ်ရာအပြင်းအထန်ရရှိသွားခဲ့သည်။

သူလုပ်ခဲ့သည်မှာ သာမန်ဓားဂိုဏ်းတစ်ဂိုဏ်းကို ဖိနှိပ်ရန် ကြိုးစားခဲ့ခြင်းသာ ဖြစ်၏။

ယင်းက သူ့ကို ဤအခြေအနေသို့ ရောက်စေခဲ့သည်။

မည်သို့ဖြစ်ပါစေ သူက ဘိုးဘေး၏ မှာကြားချက်ကို မဖြစ်မနေ လုပ်ဆောင်ရမည်။ ကျန်းကောင်းကင်ဘုံချိပ်တံဆိပ်ကို သူပြန်ယူရမည်။

“ ယွင်မိုမြို့စား… ခင်ဗျားက တော်ဝင်မိသားစုဝင်တစ်ယောက်ဆိုရင်တောင် စစ်ဦးစီးချုပ်ဟန်လို ပုဂ္ဂိုလ်တစ်ယောက်ကို အဲ့ဒီလိုပြောတာက မသင့်တော်ဘူးမလား ”

ခန်းမ၏ ထိပ်ဆုံးနေရာပေါ်တွင် ထိုင်နေသော ဆံပင်ဖြူအဖိုးအိုတစ်ယောက်က မထူးမခြားနား ပြောသည်။

“ ဟုတ်တယ်… ဟန်မူယဲ့က မဟာပန်သွန်ဘုံအတွက် နှစ်ပေါင်းတစ်ရာ တိုက်ခိုက်ပေးခဲ့ပြီး တိုက်ပွဲအကျိုးပြုအမှတ်ဆယ်ဘီလီယံကို ပိုင်ဆိုင်ခဲ့တယ်… သူ့ရဲ့ တိုက်ပွဲအကျိုးပြုအမှတ်တွေနဲ့ ကျန်းကောင်းကင်ဘုံချိပ်တံဆိပ်ကို လက်လွှဲပေးဖို့ တောင်းဆိုတာက လောကကျင့်ဝတ်နဲ့ မကိုက်ညီတဲ့အရာပဲ ”

တခြားတစ်ယောက်က ပြောသည်။

ထိုစကားများကို ကြားသောအခါ ကျောက်ကျင်းက မျက်နှာနီမြန်းသွားသည်။ ထို့နောက် သူက အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။

သူလက်မြှောက်လိုက်သည့်အခါ မှိန်ဖျော့သော ရွှေရောင်နတ်ဘုရားအလင်းက လေထဲမှာ ပေါ်လျှိုးလာသည်။

သတင်းစကားတချို့က ထိုနတ်ဘုရားအလင်းထဲမှာ ထွက်ပေါ်နေသည်။

“ ဒီဟာက ကျုပ်ရဲ့ ဘိုးဘေး ယွင်ကျိနတ်ဘုရင် ကျောက်ယုရှင်းရဲ့ စိတ်ဆန္ဒကို ကိုယ်စားပြုတယ် ”

“ နတ်ဘုရင်က ကောင်းကင်ဘုံအစောင့်တပ်ရဲ့ အမိန့်အာဏာကို တခြားလူလက်ထဲ ထည့်ပေးဖို့ ဆန္ဒမရှိဘူး… ဒါကြောင့် ကျုပ်တို့က ကျန်းကောင်းကင်ဘုံချိပ်တံဆိပ်ကို မရရအောင် ပြန်ယူရမယ်… ခင်ဗျားတို့တွေ နောက်ထပ် ငြင်းချင်သေးလား ”

ကျောက်ကျင်းက ကျယ်လောင်စွာ အော်ရယ်လိုက်သည်။ သူ၏ မျက်နှာပေါ်မှာ အထင်သေးရှုံ့ချသော အမူအရာ ထွက်ပေါ်လာသည်။

ခန်းမထဲမှ လူတိုင်း၏ မျက်နှာက တည်ကြည်လေးနက်သွားသည်။

အချိန်အတော်ကြာပြီးနောက် ခန်းမ၏ အပေါ်ဆုံးမှ ဆံပင်ဖြူအဖိုးအိုက မတ်တတ်ရပ်လိုက်ပြီး နူးညံ့စွာ ပြောသည်။

“ ဒီဟာက နတ်ဘုရင်ရဲ့ စိတ်ဆန္ဒဆိုမှတော့ ဝူလင်းကုန်းမြေရဲ့ ရွှေအစောင့်အရှောက်နန်းတော်က အစွမ်းကုန်… ”

စကားမဆုံးမီ အဖိုးအို၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။

“ သူရောက်လာပြီ ”

All Chapters