ထောက်ပို့တပ်ဖွဲ့၏ ပြန်လည်တိုက်ခိုက်မှု....
Vol. 2 Ch. 11
" ဗျူဟာပြောင်းမယ်။ " ဟန်တပ်မှူးက အော်ဟစ်လိုက်သည်။ " လှံကိုင်စစ်သားတွေ ရှေ့တက်။ "
ရှေ့တန်းမှ လေးသမားများက လျင်မြန်စွာ နောက်ဆုတ်သွားပြီး လှံကိုင်စစ်သားများက ရှေ့ထွက်လာကြသည်။ လှံကိုင်စစ်သားအချို့က ကျောက်ဖုန်းကို လှံများဖြင့် ထိုးလိုက်ကြသည်။
ကျောက်ဖုန်းက ကြောက်ရွံ့ခြင်းမရှိဘဲ ဒိုင်းကိုကိုင်ပြီး ရှေ့သို့ တိုးဝင်ကာ သူ၏ ဓားကို ဝှေ့ရမ်းလိုက်သည်။ သူ၏ ရှေ့မှ ဟန်စစ်သားများ၏ လှံများက ချက်ချင်း နှစ်ပိုင်းပြတ်သွားသည်။ သူတို့ မတုန့်ပြန်နိုင်မီ ကျောက်ဖုန်းက သူ၏ ဓားဖြင့် ခုတ်ပိုင်းလိုက်သည်။
ဟန်စစ်သားများက တိုက်ခိုက်ကြသော်လည်း သူတို့၏ လက်နက်များက ကျောက်ဖုန်းအနီးသို့ မရောက်မီ သူက အလွယ်တကူ ရှောင်တိမ်းသွားခဲ့သည်။ သူ၏ အလျင်က သာမန်လူများထက် နှစ်ဆသုံးဆ ပိုမြန်နေသဖြင့် ရန်သူများက အလွန်နှေးကွေးနေသကဲ့သို့ ဖြစ်နေသည်။
ရွှပ်...
သူ၏ ဓားက သွေးများစွန်းပေသွားပြီး ဟန်စစ်သားအချို့၏ ခေါင်းများက ပြတ်တောက်သွားကြသည်။
" ဟန်စစ်သားကို သတ်ဖြတ်ပြီး ခွန်အား ၅မှတ် ရရှိသည်။ "
" ဟန်စစ်သားကို သတ်ဖြတ်ပြီး အမြန်နှုန်း ၅မှတ် ရရှိပါသည်။ "
" ဟန်စစ်သားကို သတ်ဖြတ်ပြီး ခံနိုင်ရည် ၅မှတ် ရရှိပါသည်။ "
စနစ်၏ သတိပေးချက်များ ဆက်တိုက်ထွက်ပေါ်လာသော်လည်း ကျောက်ဖုန်းက ယခင်ကဲ့သို့ စိတ်လှုပ်ရှားမှုကို မခံစားရတော့ပေ။ ယခုအချိန်တွင် သူ၏ စိတ်ထဲတွင် ရန်သူများကို သတ်ဖြတ်ရန်သာ ရှိသည်။
ဟန်စစ်သားထောင်ချီကို ရင်ဆိုင်ရသော်လည်း သေခြင်းနှင့် ရင်ဆိုင်နေရသောကြောင့် သူက ကြောက်ရွံ့ခြင်းမရှိတော့ပေ။ သူက ဘယ်လက်တွင် ဒိုင်း၊ ညာလက်တွင် ဓားကို ကိုင်ကာ ရန်သူတပ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။
" သူ့ကို သတ်စမ်...." ကျောက်ဖုန်း၏ ကြောက်စရာကောင်းသော တိုက်ခိုက်မှုကို မြင်သောအခါ ဟန်တပ်မှူးတစ်ယောက်က ချက်ချင်း အမိန့်ပေးလိုက်သည်။
ဟန်စစ်သားတစ်ဖွဲ့က လှံရှည်များကို လွှဲယမ်းပြီး ရှေ့သို့ တိုးဝင်လာကြသည်။ ကျောက်ဖုန်းက သူ၏ ဒိုင်းဖြင့် သူတို့ကို ဝင်တိုက်လိုက်သည်။
ဝုန်း....
ဒိုင်းမှ ကြီးမားသော ခွန်အားက ပေါက်ကွဲလာပြီး ဟန်စစ်သားအချို့ လွင့်ထွက်ကာ ဝင်တိုက်မိသော အရှိန်ကြောင့်ပင် သူတို့က ချက်ချင်း သေဆုံးသွားကြသည်။ သူ၏ ဓားက မရပ်မနား ဆက်လက်ခုတ်ပိုင်းနေခဲ့သည်။
မည်သည့်နည်းစနစ်မှ မပါဘဲ ကြမ်းတမ်းသော ခွန်အားသက်သက်ဖြင့် ရန်သူများကို တိုက်ခိုက်နေခြင်းဖြစ်သည်။ ဟန်စစ်သားများက သူ၏ လက်ချက်ဖြင့် တစ်ယောက်ပြီးတစ်ယောက် လဲကျသွားကြသည်။
" တိုက်ကြ..."
" သတ်... "
ကျောက်ဖုန်း၏ မယုံကြည်နိုင်စရာကောင်းသော ရဲစွမ်းသတ္တိကို မြင်သောအခါ လက်အောက်ခံစစ်သားများက မှင်သက်သွားကြသည်။ ထိတ်လန့်တကြား ထွက်ပြေးနေကြသော ချင်ထောက်ပို့စစ်သားများကလည်း အံ့အားသင့်သွားကြသည်။ သူတို့က နောက်တစ်ကြိမ် ယုံကြည်မှုများ ရရှိလာကြသည်။
" ညီအကိုတို့ တပ်စုမှူးနောက်လိုက်ပြီး ရန်သူတွေကို သတ်ကြစို့။ "
" ဒီဟန်စစ်သားတွေက ငါတို့ကို အလွတ်ပေးမှာ မဟုတ်ဘူး။ ပြန်တိုက်မှ အသက်ရှင်ဖို့ အခွင့်အရေးရှိလိမ့်မယ်။ "
ကျောက်ဖုန်း၏ သူရဲကောင်ဆန်သော သတ္တိကြောင့် ပတ်ဝန်းကျင်ရှိ ထောက်ပို့စစ်သားများက စိတ်ဓာတ်များ တက်ကြွလာကြသည်။ ထောက်ပို့စစ်သား ၈၀မှ ၉၀ ရာခိုင်နှုန်းက ထွက်ပြေးခြင်းကို စွန့်လွှတ်လိုက်ကြသည်။ သူတို့က ဓားများကို ဆွဲထုတ်ပြီး နောက်လှည့်ကာ ရန်သူများနှင့် သေခြင်းရှင်ခြင်းတိုက်ပွဲကို စတင်လိုက်ကြသည်။
" ဒီကောင်လေးက တကယ်စွမ်းတာပဲ။ ဒီလိုအရည်အချင်းနဲ့ တပ်မကြီးက တပ်မှူးတောင် သူ့ကို ယှဉ်နိုင်မှာမဟုတ်ဘူး။ တကယ်မယုံကြည်နိုင်စရာပဲ။ "
ကျောက်ဖုန်း၏ ဓားချက်ကို မည်သူမျှမခုခံနိုင်သည်ကို မြင်သောအခါ နောက်မှကပ်လိုက်လာသော ဝေချွမ်က အလွန်အံ့အားသင့်နေသည်။
" ဒီချင်ထောက်ပို့တပ်ဖွဲ့က ငါတို့ကို တက်ပြန်တိုက်ရဲတာလား။ " ဟန်စစ်တပ်မှ ပေါင်ယွမ်က အံ့အားသင့်နေသည်။
သို့သော် ဟန်နိုင်ငံ၏ စစ်သေနာပတိချုပ်အနေဖြင့် သူ၏ စိတ်ကို လျင်မြန်စွာ ပြန်လည်ထိန်းချုပ်နိုင်သည်။
" အမိန့်ထုတ်လိုက်။ " ပေါင်ယွမ်က အေးစက်စွာ အမိန့်ပေးလိုက်သည်။ " တပ်ဖွဲ့အားလုံး အင်အားအပြည့်နဲ့ တိုက်ခိုက်ကြ။ အဲ့ဒီချင်စစ်သားတွေကို အမြန်ဆုံး အမြတ်ဖြတ်သုတ်သင်ပစ်။ "
သူ၏ အမြင်တွင် ထောက်ပို့တပ်ဖွဲ့က ထောက်ပို့တပ်ဖွဲ့သာဖြစ်သည်။ သူတို့က မည်မျှပြန်လည်တိုက်ခိုက်သည်ဖြစ်စေ ဘာမှပြောင်းလဲသွားမည်မဟုတ်ပေ။ သူဦးဆောင်လာသော စစ်သည်ရှစ်ထောင်က ယန်မြို့ မကျရှုံးမီကတည်းက ယနေ့အတွက်ပြင်ဆင်လာခဲ့သည့် ဟန်စစ်တပ်၏ အထူးစစ်သည်များ ဖြစ်ကြသည်။
" စစ်သေနာပတိချုပ်က အမိန့်ပေးလိုက်တယ်။ ချင်စစ်တပ်ကို အမြစ်ပြတ် ချေမှုန်းကြ။ တစ်ယောက်မှအရှင်မထားနဲ့။ "
" တပ်ဖွဲ့အားလုံး ထိုးစစ်ဆင်ကြ။ သတ်..." ဟန်တပ်မှူးများက တညီတညွှတ်တည်း ဟိန်းဟောက်လိုက်ကြသည်။
ဟန်စစ်တပ်တစ်ခုလုံးက ရှေ့သို့ တိုးလာကြသည်။ ချင်ထောက်ပို့စစ်သားများက ဟန်စစ်သား ခုနှစ်ထောင်၊ ရှစ်ထောင်နှင့် ထိပ်တိုက်ရင်ဆိုင်နေကြသည်။ တိုက်ခိုက်ရေးစွမ်းအားအရ ကွာခြားချက်မှာ ကြီးမားလွန်သဖြင့် ထောက်ပို့တပ်ဖွဲ့ဘက်မှ အကျအဆုံး အလွန်များပြားခဲ့သည်။
သို့သော် သူတို့၏ ကြောက်စရာကောင်းသော ရဲစွမ်းသတ္တိမှာ ကြည့်နေသူ မည်သူကိုမဆို အထင်ကြီးသွားစေရန် လုံလောက်သည်။ ပြင်းထန်သော တိုက်ပွဲမှာ ဆက်လက်ဖြစ်ပွားနေသည်။
" အချိန်တော်တော်ကြာသွားပြီ။ " ပေါင်းယွမ်က နောက်တန်းမှနေ၍ စဉ်းစားနေမိသည်။ " ငါ့ရဲ့ အထူးစစ်သား ခုနှစ်ထောင်နီးပါးက ချင်ထောက်ပို့စစ်သား ငါးထောင်ခြောက်ထောင်ကို အခုထိ အပြတ်မရှင်းနိုင်သေးဘူးလား။ "
" ချင်နိုင်ငံက သူတို့ စစ်တပ်ကို ဘယ်လိုများ လေ့ကျင့်ပေးထားတာလဲ။ သူတို့ရဲ့ ထောက်ပို့တပ်က ဘယ်လိုလုပ် ဒီလိုသေမထူးနေမထူး တိုက်ခိုက်ရဲတဲ့ စိတ်ဓာတ်မျိုး ရှိနေတာလဲ။ "
သူ၏ စစ်တပ်က ဝန်းရံထားသော်လည်း ဆက်လက်တိုက်ခိုက်နေကြသော ထောက်ပို့စစ်သားများကို ကြည့်ပြီး သူ၏ မျက်လုံးများတွင် မယုံကြည်နိုင်ခြင်းများ ပြည့်နှက်နေသည်။ သူရင်ဆိုင်နေရသည်က ချင်နိုင်ငံ၏ အထူးတပ်ဖွဲ့မဟုတ်ဘဲ ထောက်ပို့တပ်ဖွဲ့သာ ဖြစ်သော်လည်း သူတို့အား ယခုအထိ အဆုံးမသတ်နိုင်သေးပေ။
" ဒီချင်စစ်သားတွေကို မြန်မြန်ရှင်းလိုက်တော့။ ငါတို့ ထပ်ပြီးအချိန်ဆွဲလို့မရတော့ဘူး။ " ပေါင်ယွမ်က အေးစက်စွာ ပြောလိုက်သည်။
" ဒီထောက်ပို့တပ်ဖွဲ့ကြောင့် ငါတို့ ချင်ရဲ့ ရိက္ခာလမ်းကြောင်းကို မဖြတ်တောက်နိုင်ရင် ဒုက္ခရောက်သွားနိုင်တယ်။ "
ဟန်စစ်တပ်၏ ဝန်းရံမှုအတွင်း ကျန်ရှိနေသော ချင်စစ်သားများက ဒဏ်ရာကိုယ်စီ ရရှိနေကြပြီဖြစ်သည်။ ကျောက်ဖုန်း၏ ခန္ဓာကိုယ်တွင်လည်း မြှားအချို့ စိုက်ဝင်နေပြီး သူ၏ ချပ်ဝတ်တွင်လည်း သွေးများဖြင့် ရဲရဲနီနေသည်။
သို့သော် ယခုတိုင်အောင် သူ၏ မဆုတ်မနစ် ဦးဆောင်မှုအောက်တွင် ကျန်ရှိနေသော ထောက်ပို့စစ်သားများက သူ၏ အနီးတွင် စုရုံးနေကြပြီး ကျောက်ဖုန်းကို ဗဟိုပြု၍ ကာကွယ်ရေးစက်ဝန်းတစ်ခုကို တည်ဆောက်ထားကြသည်။
" ကျောက်ဖုန်းရေ... ငါတို့သာ အသက်ရှင်ခဲ့ရင် မင်းနဲ့အတူ ပျော်ပျော်ပါးပါး သောက်စားချင်ပါသေးတယ်။ " ဝေချွမ်က ပတ်ဝန်းကျင်ကို ကြည့်ပြီး ကျယ်လောင်စွာ ပြောလိုက်သည်။
" ကောင်းပြီ။ ကျွန်တော်တို့ ပျော်ပျော်ပါးပါး သောက်ကြတာပေါ့။ ကျွန်တော်တို့နှစ်ယောက်တည်းမဟုတ်ဘူး။ ကျွန်တော်တို့ ညီအကိုအားလုံး အတူတူသောက်ကြမယ်။ " ကျောက်ဖုန်းက ကြောက်ရွံ့မှုကင်းမဲ့သော မျက်လုံးများဖြင့် ရယ်မောရင်း ပြန်ပြောလိုက်သည်။
" ညီအကိုတို့ ငါ့နောက်လိုက်ခဲ့ကြ။ တစ်ယောက်သတ်ရင် အရင်းကျေတယ်။ နှစ်ယောက်သတ်ရင် မြတ်တယ်။ ငါ့နောက်လိုက်ပြီး သတ်ကြစမ်း။ "
" သတ်...." ပတ်ဝန်းကျင်ရှိ ထောက်ပို့စစ်သားများက ဟိန်းဟောက်လိုက်ကြသည်။ ထိုသူများထဲတွင် သာမန်စစ်သားများသာမက တပ်ခွဲမှူးနှင့် တပ်ရင်းမှူးကဲ့သို့ သူ့ထက် ရာထူးမြင့်သော အရာရှိများလည်း ပါဝင်နေသည်။
ထိုအခိုက်အတန့်တွင် သူတို့အားလုံးက ကျောက်ဖုန်းကို ယုံကြည်ထားကြပြီး သေအတူရှင်အတူ ရင်ဆိုင်ရန် အသင့်ဖြစ်နေကြသည်။ စစ်မြေပြင်မှ ညီအကိုစိတ်ဓာတ်က ထင်ရှားပေါ်လွင်နေသည်။
" သတ် " ကျောက်ဖုန်းက ရှေ့သို့ ထပ်မံတိုးဝင်သွားပြန်သည်။ သူ၏ လက်ထဲမှ ဓားက လင်းလက်သွားပြီး ရှေ့မှ ဟန်စစ်သားတစ်ယောက်က လဲကျသွားသည်။
" ဟန်စစ်သားတစ်ယောက်ကို သတ်ဖြတ်ပြီး ခွန်အား ၅မှတ်ရရှိပါသည်။ "
" ဟန်စစ်သားတစ်ယောက်ကို သတ်ဖြတ်ပြီး အမြန်နှုန်း ၅မှတ်ရရှိပါသည်။ "
" ဟန်စစ်သားတစ်ယောက်ကို သတ်ဖြတ်ပြီး သက်တမ်း ၅မှတ်ရရှိပါသည်။ "
ကျောက်ဖုန်းက ရန်သူတစ်ယောက်ကို သတ်လိုက်သည့်အကြိမ်တိုင်း စနစ်မှ အမှတ်များရရှိသည့် သတိပေးချက်ကလည်း အဆက်မပြတ် ထွက်ပေါ်နေသည်။
အခြားချင်ထောက်ပို့စစ်သားများကလည်း နောက်မှလိုက်လာပြီး သူတို့က တိုးကပ်လာသော ဟန်စစ်သားများကို အသက်ချင်းလဲ၍ တိုက်ခိုက်နေကြသည်။ ထိုအချိန်တွင် ဟန်စစ်တပ်၏ နောက်မှ မြင်းခွာသံများ ရုတ်တရက် ထွက်ပေါ်လာသည်။
အနက်ရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားသော ချင်စစ်တပ်မှ စစ်သည်များက နောက်မှ ရောက်လာကြသည်။ ရှေ့တန်းတွင် မြင်းစီးစစ်သည်တစ်ထောင်နီးပါး ပါဝင်ပြီး သူတို့နောက်တွင် လှံကိုခြေလျင်တပ်သား သုံးလေးထောင်ခန့် လိုက်ပါလာကြသည်။ ဝမ်ယန်က စစ်တပ်၏ ရှေ့တွင် ဦးဆောင်လာသည်။
ဟန်စစ်တပ်က ထောက်ပို့တပ်ဖွဲ့နှင့် ရင်ဆိုင်နေပြီး ဟန်စစ်သားအလောင်းများ နေရာအနှံ့ ပျံ့ကျဲနေသည်ကို မြင်သောအခါ သူမက အံ့အားသင့်သွားခဲ့သည်။ ၎င်းက သူမမမျှော်လင့်ထားသော ရလဒ်တစ်ခုဖြစ်သည်။ ချင်နိုင်ငံ၏ ထောက်ပို့တပ်ဖွဲ့က ဟန်စစ်တပ်၏ အထူးတပ်ဖွဲ့ကို အမှန်တကယ် ယှဉ်နိုင်ရုံသာမက ထိုနေရာတွင် အချိန်ဆွဲထားနိုင်ပြီး ရှေ့သို့ မတိုးနိုင်အောင် ဟန့်တားထားနိုင်သည်မှာ မယုံကြည်နိုင်စရာပင် ဖြစ်သည်။
" တပ်ဖွဲ့အားလုံး ငါ့အမိန့်ကို နာခံကြ။ တစ်ယောက်မှ အရှင်မထားနဲ့ သတ်ကြ။ " ဝမ်ယန်က အခွင့်အရေးကို မြင်သည်နှင့် ချက်ချင်း အမိန့်ထုတ်ပြန်လိုက်သည်။ ချင်အထူးစစ်သည် လေးထောင်ကျော်က ဟန်စစ်တပ်ဆီသို့ တိုးဝင်တိုက်ခိုက်ကြသည်။
" စစ်သူကြီး နောက်က ချင်စစ်တပ်က မီလာပါပြီ။ " ဟန်တပ်မှူးတစ်ယောက်က ထိတ်လန့်စွာ ပြောလိုက်သည်။
" သေစမ်း ဒီထောက်ပို့စစ်သားတွေကြောင့်ပဲ။ သူတို့က ငါတို့စစ်တပ်ကို နှစ်နာရီကျော်အောင် တားဆီးထားခဲ့တာ။ ငါ့ရဲ့ အစီအစဉ်က ဒီဘာမမဟုတ်တဲ့ ထောက်ပို့တပ်ဖွဲ့ကြောင့် ပျက်ဆီးရတော့မှာလား။ " ပေါင်ယွမ်က အလွန်ဒေါသထွက်နေသည်။