← Chapters

အခန်း (၁၆၂)

Vol. 17 Ch. 162

အခန်း (၁၆၂)

Vol. 17 Ch. 162

ဤအမျိုးသမီးသည် အမှန်တကယ်ပင် အခြေအနေ မကောင်းတော့ပေ။ သူမသည် သူ့အကြောင်း အလုံးစုံ စုံစမ်းထားလေသည်။ အဘယ်ကြောင့် သူ့အကြောင်းကို အလုံးစုံ စုံစမ်းထားရသည်နည်း။ သူသည် မိန်းမစိုးတစ်ယောက် ဖြစ်ပြီး သင့်တော်သော လက်တွဲဖော် မဟုတ်ပေ။

တုပိုင်က ပြောလိုက်သည်။ “တကယ်တော့ အဲဒါ အမှန်ပဲ။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ငါ့ရဲ့ မြှားပစ်စွမ်းရည်က ပစ်မှတ်လွဲတဲ့အဆင့်မှာပဲ ရှိသေးတယ်။ ဒါပေမဲ့ တစ်ရက်၊ နှစ်ရက်အတွင်းမှာပဲ ငါ အာရုံစူးစိုက်ပြီး ပစ်ခတ်တတ်လာတဲ့အတွက် ငါ့ရဲ့ မြှားပစ်စွမ်းရည်က ပထမတန်းစား မြှားပစ်သမားအဆင့်ကို ရောက်ရှိလာပြီ။”

“မဖြစ်နိုင်တာ။”

ရွှဲ့ကွမ်ရင် တီးတိုး ရေရွတ်လိုက်သည်။ အာရုံစူးစိုက်ပြီး ပစ်ခတ်ရန် မည်မျှ ခက်ခဲကြောင်း သူမ ကောင်းကောင်း သိထားသည်။

တုပိုင်က ပြောလိုက်သည်။ “ငါ့ကို လေးတစ်လက် ပေးပါ။”

မကြာမီ သွေးကွမ်ရင်၏ လူတစ်ယောက်က အားကောင်းသော လေးတစ်လက်ကို ယူလာပေးသည်။

“ဘယ်နေရာကို ပစ်ပြရမလဲ။” တုပိုင် မေးလိုက်သည်။

သူသည် မွေးရာပါ လူမိုက်တစ်ယောက် ဖြစ်ကောင်း ဖြစ်ပေမည်။ အဘယ်ကြောင့်ဆိုသော် သူ ထိုမေးခွန်းကို မေးလိုက်သည့်အခါ သူ၏ မျက်လုံးများက သွေးကွမ်ရင်၏ ဆွဲဆောင်မှုရှိသော နှုတ်ခမ်းပါးလေးကို အလိုအလျောက် ကြည့်မိသွားသောကြောင့် ဖြစ်သည်။

သို့သော် သွေးကွမ်ရင်သည် ဤကိစ္စနှင့် ပတ်သက်၍ အလွန် အပြစ်ကင်းစင်လွန်းသဖြင့် ထိုနောက်ပြောင်မှုကို နားမလည်ခဲ့ပေ။ ထို့ကြောင့် တုပိုင်၏ နှာဘူးဆန်သော အပြုအမူသည် အပြစ်ပေးခံရခြင်း မရှိဘဲ ပြီးသွားလေသည်။

သူမက လေးနက်စွာ ပြောလိုက်သည်။ “ရှေ့က သစ်ပင်က ကျွန်မတို့နဲ့ ခြေလှမ်း ၁၈၀ လောက် ဝေးတယ်။ အဲဒီအပေါ်က လက်မဝက်လောက် ကျယ်တဲ့ အဝိုင်းပုံ အမာရွတ်ကို မြင်လား။”

“မြင်တယ်။” တုပိုင် ပြောလိုက်သည်။

ထို့နောက် သူသည် လေးကို တန်းတန်းမတ်မတ် ဆွဲတင်လိုက်ပြီး မြှားတစ်စင်း တင်လိုက်သည်။ စိတ်စွမ်းအင်ကို နိုးထစေခြင်း။ စိတ်စွမ်းအင်ကို စူးစိုက်ခြင်းနှင့် ပစ်မှတ်ကို ချိန်ရွယ်ခြင်း။

“ရွှီးးး။ ရွှီးးး။ ရွှီးးး။”

၁၀ စက္ကန့်အတွင်းမှာပင် တုပိုင်သည် မြှား ၅ စင်း ပစ်လွှတ်လိုက်သည်။ “ဒေါက်။ ဒေါက်။ ဒေါက်။ ဒေါက်။ ဒေါက်။”

မြှား ၅ စင်းစလုံးသည် သစ်ပင်ပင်စည်ပေါ်ရှိ လက်မဝက် အချင်းရှိသော အမာရွတ်ကို ထိမှန်သွားလေသည်။

ရုတ်တရက် သွေးကွမ်ရင်၏ လှပသော မျက်ဝန်းများ တောက်ပလာပြီး တုပိုင်ကို မယုံကြည်နိုင်စွာဖြင့် စိုက်ကြည့်နေမိသည်။

ဤမျှ မြန်ဆန်ပြီး ဤမျှ တိကျစွာ ပစ်ခတ်နိုင်သည်မှာ တကယ်ပင် တုပိုင်၏ အာရုံစူးစိုက်မှုစွမ်းရည်သည် အမှန်တကယ်အဆင့်မြင့်ကြောင်း ပြသနေသည်။

“မြှားပစ်လေ့ကျင့်မှုကို ရက်အနည်းငယ်အတွင်းမှာ တကယ်ကြီး ပြီးမြောက်ခဲ့တာလား။” သွေးကွမ်ရင် မေးလိုက်သည်။

“တကယ်ပါ။” တုပိုင်က လေးနက်စွာ ပြောလိုက်သည်။ “ဒါမှ မဟုတ်ရင် မွေးစားအဖေ လီဝမ်ဟွေ့က ငါ့ကို ပျိုးထောင်ပေးဖို့ အရာအားလုံး ပုံအောထားပါ့မလား။”

သွေးကွမ်ရင် ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။

“ကောင်းပြီ။ ကျွန်မ ရှင့်ကို ယုံတယ်။ ဘယ်လောက်ပဲ ပေးဆပ်ရပါစေ။ လီချန်ချန်ဆီကနေ လီတစ်ထောင်မြင်းကို ပြန်ယူပေးဖို့ ကျွန်မ ကူညီပါ့မယ်။”

ထို့နောက် သွေးကွမ်ရင်က မြင်းစီး၍ တုပိုင်က မြင်းရထားစီးကာ ဗိုလ်ချုပ်ချူဟုန်မြန်၏ စခန်းသို့ ဦးတည်ထွက်ခွာလာခဲ့ကြသည်။

လမ်းတစ်လျှောက်လုံးတွင် ရွှဲ့ကွမ်ရင် စိုးရိမ်နေမိသည်။ အဘယ်ကြောင့်ဆိုသော် သူမသည် တုပိုင်ပေးထားသော နှင်းဆီအဆီအနှစ်ကို လိမ်းထားသဖြင့် တုပိုင် အနံ့ရသွားမည်ကို ကြောက်ရွံ့နေသောကြောင့် ဖြစ်သည်။

တုပိုင် ဘာမှမတုံ့ပြန်သည်ကို မြင်သောအခါ သူမ စိတ်သက်သာရာ ရသွားသော်လည်း အနည်းငယ် စိတ်ပျက်မိသွားသည်။

တကယ်တော့ တုပိုင်သည် အနံ့ရပြီးသား ဖြစ်သော်လည်း မသိချင်ယောင် ဆောင်နေခြင်း ဖြစ်သည်။

**--**--**--**--**--**--**--**

ဗိုလ်ချုပ်ချူဟုန်မြန်၏ ဝံပုလွေတပ်ဖွဲ့ စခန်းသည် မြို့စွန်တွင် တည်ရှိသည်။ သူမသည် အမြဲတမ်း ဤကဲ့သို့ပင် ဖြစ်သည်။ နေရာဒေသတစ်ခုသို့ ချီတက်သည့်အခါတိုင်း သာမန်ပြည်သူများ၏ ဘဝကို မနှောင့်ယှက်မိစေရန် မြို့စွန်တွင်သာ စခန်းချလေ့ရှိသည်။

ဤသည်မှာ တုပိုင်အနေဖြင့် ကမ္ဘာကျော် ဝံပုလွေတပ်ဖွဲ့ကို ပထမဆုံးအကြိမ် တွေ့မြင်ဖူးခြင်း ဖြစ်သည်။ ရလဒ်က ရင်နာစရာ ကောင်းလှသည်။

ဝံပုလွေတပ်ဖွဲ့မှ စစ်သည်တိုင်းသည် ရက်စက်ကြမ်းကြုတ်ပြီး ရဲရင့်ကြသည်။ သူတို့သည် အရပ်မရှည်ကြသော်လည်း အားလုံးသည် ပိန်ပါးကြံ့ခိုင်ကြပြီး အသားညိုကာ သံမဏိကဲ့သို့ မာကျောသော ကြွက်သားများ ရှိကြသည်။ သူတို့ထံမှ လူသတ်လိုသော အငွေ့အသက်များ ထွက်ပေါ်နေသည်။

သို့သော် သူတို့၏ သံချပ်ကာများသည် စုတ်ပြတ်နေပြီး လက်နက်အများစုမှာ ဟောင်းနွမ်းနေကာ အချို့ဆိုလျှင် ပဲ့ကြွေနေပြီ ဖြစ်သည်။

ဤသည်မှာ အင်ပါယာအတွက် ကြီးမားသော အကျိုးပြုမှုများ လုပ်ဆောင်ခဲ့သည့် အင်အားကြီးမားသော ဝံပုလွေတပ်ဖွဲ့ ဖြစ်သော်လည်း အလွန်အမင်း နွမ်းပါးနေလေသည်။

တုပိုင်နှင့် ရွှဲ့ကွမ်ရင်ကို မြင်သောအခါ ဝံပုလွေတပ်ဖွဲ့ အစောင့်များက တင်းမာစွာ ပြောလိုက်သည်။

“ဒါ စစ်ဘက်ဆိုင်ရာ တပ်စခန်း ဖြစ်တယ်။ ဝင်ခွင့်မရှိဘူး။”

သွေးကွမ်ရင် မြင်းပေါ်မှ ဆင်းလိုက်ပြီး ပြောလိုက်သည်။

“ရှင်တို့ တပ်မှူးကို သွားအကြောင်းကြားပေးပါ။ ကျန်းနန်နယ်စားမင်းရဲ့ မွေးစားသမီးနဲ့ လီဝမ်ဟွေ့ရဲ့ မွေးစားသားတို့ လာရောက်တွေ့ဆုံခွင့် တောင်းပါတယ်လို့။”

ထိုဂုဏ်ပုဒ်နှစ်ခုကို ကြားလိုက်ရသောအခါ ဝံပုလွေအစောင့်များသည် ချက်ချင်းပင် သူတို့ကို နွေးထွေးစွာ ကြည့်လိုက်ကြသည်။

သူတို့သည် မိသားစုဝင်များနှင့် သူငယ်ချင်းများ ဖြစ်ကြသည်။ မှန်ပါသည်။ လီဝမ်ဟွေ့သည် ဝံပုလွေတပ်ဖွဲ့၏ မိတ်ဆွေလည်း ဖြစ်သည်။ ဝံပုလွေတပ်ဖွဲ့၏ အကျိုးအတွက် လီဝမ်ဟွေ့သည် သူတို့ကို အကြိမ်ပေါင်းများစွာ ကူညီပေးခဲ့ဖူးသည်။

“ခဏလောက် စောင့်ပါ။ ကျွန်တော် ဝင်ပြီး သတင်းပို့လိုက်ပါမယ်။”

ခဏအကြာတွင် ဝံပုလွေတပ်ဖွဲ့ အစောင့် ပြန်ထွက်လာပြီး ပြောလိုက်သည်။

“လူကြီးမင်းတို့ ဝင်ခဲ့ပါ။ ဗိုလ်ချုပ်က စောင့်နေပါတယ်။”

“စိတ်မရှိပါနဲ့။ ငါ ထွက်ပြီး ကြိုဆိုသင့်ပေမဲ့ ခုနက ထမင်းစားနေလို့ပါ။” ဗိုလ်ချုပ်ချူဟုန်မြန်က ပြောလိုက်သည်။ “ထမင်းမစားပြီးမချင်း ထွက်မသွားရဘူးဆိုတာ ဝံပုလွေတပ်ဖွဲ့ရဲ့ စည်းကမ်းမို့လို့ပါ။”

တုပိုင်သည် ဤနာမည်ကျော် ဗိုလ်ချုပ်အိုကြီး။ အမျိုးသမီးဗိုလ်ချုပ်နှင့် သစ္စာရှိသော စော်ဘွားကို ပထမဆုံးအကြိမ် တွေ့ဆုံခြင်း ဖြစ်သည်။

သူမသည် တုပိုင် ထင်ထားသည်ထက် ငယ်ရွယ်သည်။ အဘယ်ကြောင့်ဆိုသော် သူမ၏ မျက်နှာသည် ချောမွတ်နေပြီး အရေးအကြောင်း သိပ်မရှိဘဲ အတော်လေး လှပနေသေးသောကြောင့် ဖြစ်သည်။

သို့သော် သူမသည် သူထင်ထားသည်ထက် ပိုအိုစာနေပုံ ရသည်။ နှစ်ပေါင်းများစွာ ခက်ခဲကြမ်းတမ်းမှုကို ခံစားခဲ့ရသောကြောင့် သူမ၏ ဆံပင်အများစုသည် ဖြူနေပြီး လက်များသည် ယောက်ျားတစ်ယောက်ထက်ပင် ပိုကြမ်းတမ်းနေသည်။

ထို့ပြင် သူမသည် အရပ်အလွန်ရှည်ပြီး ၁.၈ မီတာနီးပါး ရှိကာ ရာသီဥတုဒဏ် ခံထားရသော သူမ၏ မျက်လုံးများသည် စူးရှထက်မြက်မှုများ ပြည့်နှက်နေသည်။

ချက်ချင်းပင် တုပိုင်သည် ဒူးတစ်ဖက်ထောက်ကာ ပြောလိုက်သည်။

“လူငယ် တုပိုင်က ဗိုလ်ချုပ်ချူကို ဂါရဝပြုပါတယ်။”

“မင်းက ဝမ်ဟွေ့ရဲ့ မွေးစားသားလား။”

ချူဟုန်မြန်က တုပိုင်ကို တွဲထူပေးလိုက်သည်။

“ဟုတ်ကဲ့။”

တုပိုင် ပြန်ဖြေလိုက်သည်။

ထိုအချိန်တွင် အသက် ၇ နှစ်ပင် မပြည့်သေးသော ကလေးမလေးတစ်ယောက် ပြေးထွက်လာသည်။ သူမသည် အသားဖြူဖြူ၊ နုနယ်သော ရုပ်ရည်သွင်ပြင်နှင့် အလွန် ချစ်စရာကောင်းသည်။ သူမသည် ပိုးထည်အစား ဝါဂွမ်းထည်များကို ဝတ်ဆင်ထားပြီး မျက်လုံးများက ဝိုင်းစက်ကာ တက်ကြွနေသည်။

“ဖွားဖွား။ သူက ဘယ်သူလဲ။” ကလေးမလေးက တုပိုင်ကို လက်ညှိုးထိုးပြပြီး မေးလိုက်သည်။

ချူဟုန်မြန်က ကလေးမလေး၏ လက်ကို ကိုင်လိုက်ပြီး ပြောလိုက်သည်။

“အသက်အရဆိုရင် သမီးက သူ့ကို အစ်ကိုလို့ ခေါ်သင့်တယ်။ ဒါပေမဲ့ ဆွေမျိုးစဉ်ဆက်အရဆိုရင် ဦးလေးလို့ ခေါ်ရမယ်။ ရှိုရှို။ သူ့ကို ဦးလေးတုလို့ ခေါ်လိုက်။”

ချက်ချင်းပင် ကလေးမလေးက မော့ကြည့်ပြီး ချိုသာစွာ ခေါ်လိုက်သည်။

“ဦးလေးတု။”

ကလေးမလေးကို မြင်လိုက်ရသောအခါ တုပိုင် ဝမ်းနည်းသွားပြီး သူမကို ကာကွယ်ပေးချင်စိတ်များ အလိုအလျောက် ဖြစ်ပေါ်လာသည်။

အဘယ်ကြောင့်ဆိုသော် သူမသည် အန်လုံ ငြိမ်းချမ်းရေးစော်ဘွားရာထူးကို ဆက်ခံမည့် တစ်ဦးတည်းသော အမွေဆက်ခံသူ ဖြစ်သောကြောင့်ပင်။

အန်လုံရှိ ချူမျိုးနွယ်စုမှ အမျိုးသားအားလုံးနီးပါးသည် တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ကြပြီး ချူဟုန်မြန်နှင့် ချူလင်းရှိုဟူသည့် အဖွားနှင့် မြေးမလေးနှစ်ယောက်သာ အမှီသဟဲပြုစရာ ကျန်ရစ်ခဲ့သည်။ တစ်နေ့တွင် ချူဟုန်မြန်သာ စစ်ပွဲ၌ ကျဆုံးသွားပါက ဤ ၇ နှစ်အရွယ် ကလေးမလေးသည် အန်လုံ၏ နောက်ထပ် စော်ဘွား ဖြစ်လာပေလိမ့်မည်။

တုပိုင် ခဏလောက် မွှေနှောက်ရှာဖွေပြီးနောက် ပန်းပွင့်သကြားလုံး တစ်ဘူးကို ထုတ်ယူလိုက်သည်။ ဤအရာကို သူ၏ အစ်မဖြစ်သူ တုဖိန်အာအတွက် ဝယ်လာခဲ့ခြင်းဖြစ်ပြီး ပေးဖို့ပင် အချိန်မရသေးပေ။ ယခု သူက ဤပါးနပ်သော ကလေးမလေးကို ပေးလိုက်သည်။ အနည်းငယ်တော့ ကပ်စေးနည်းရာ ကျနေသည်။ လီဝ​မ်ဟွေ့၏ မွေးစားသားဖြစ်သော်လည်း ပေးနိုင်သည့် အကောင်းဆုံး လက်ဆောင်မှာ သောက်ကျိုးနည်း သကြားလုံးဘူး​ဖြစ်နေလေ၏။

“ဖွားဖွား။ သမီး ယူလို့ ရလား။” ကလေးမလေးက မျက်လုံးလေးများ အရောင်တောက်သွားကာ မေးလိုက်သည်။

“ဦးလေးတုက အဘိုးလီရဲ့ သားဆိုတော့ သမီး သူ့ပစ္စည်းကို ယူလို့ ရတယ်။” ချူဟုန်မြန်က ပြောလိုက်သည်။

ကလေးမလေးသည် စိတ်လှုပ်ရှားစွာ ယူလိုက်ပြီး ပါးစပ်ထဲ အငမ်းမရ ထည့်လိုက်ရာ မျက်လုံးများ ချက်ချင်း တောက်ပလာလေသည်။

ပန်းပွင့်သကြားလုံးသည် ရှားပါးသော စားသောက်ဖွယ်ရာ မဟုတ်သော်လည်း ဤကလေးမလေးက အလွန် တန်ဖိုးထားနေခြင်းက အန်လုံစော်ဘွား၏ ဘဝ မည်မျှ ဆင်းရဲနွမ်းပါးကြောင်း ပြသနေသည်။

နှစ်ဦးစလုံးသည် စော်ဘွားမင်းသမီးများ ဖြစ်ကြသော်လည်း လီချန်ချန်သည် ဖြုန်းတီးပြီး ပျော်ပါးနေတတ်သည်။ ဤကလေးမသည်တော့ လီချန်ချန်နှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေသည်။

“စားလို့ ကောင်းလိုက်တာ။ ကျေးဇူးတင်ပါတယ် ဦးလေးတု။” ရှောင်လင်းရှို၏ မျက်လုံးလေးများက ပြုံးလိုက်သောအခါ လခြမ်းကွေးလေးများသဖွယ် ဖြစ်သွားလေသည်။ တုပိုင် မနေနိုင်တော့ဘဲ ကလေးမလေး၏ ခေါင်းကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။

ချူဟုန်မြန်က မြေးမလေးကို ပွေ့ချီလိုက်ပြီး မေးလိုက်သည်။ “ကွမ်ရင်လေးနဲ့ တုပိုင်။ ဘာကိစ္စ ရှိလို့လဲ။”

ရွှဲ့ကွမ်ရင်က ပြောလိုက်သည်။ “တုပိုင်မှာ မထင်မှတ်ဘဲ ရထားတဲ့ မြင်းကောင်းတစ်ကောင် ရှိတယ်။ ဒါပေမဲ့ လီချန်ချန်က ငွေတုံး တစ်ထောင်နဲ့ အတင်းအကျပ် ဝယ်ယူသွားတယ်။”

“ဒီမြင်းကောင်းက သူ့အတွက် အရမ်း အရေးကြီးတယ်။ မိန်းမစိုးအကယ်ဒမီရဲ့ ဘွဲ့ယူစာမေးပွဲ မြင်းစီးစွမ်းရည်စစ်ဆေးမှုအတွက် လိုအပ်လို့ပါ။ ဒါကြောင့် ဒီမြင်းကောင်းကို ပြန်ယူဖို့ ကျွန်မတို့နဲ့အတူ လိုက်ခဲ့ပေးဖို့ ဗိုလ်ချုပ်ချူကို အကူအညီ လာတောင်းတာပါ။”

“ကောင်းပြီ။ သွားကြစို့။ မြန်မြန် သွားကြမယ်။”

ချူဟုန်မြန်က ပြောလိုက်သည်။

အပိုင်း ၁၆၂ ပြီး။

All Chapters