← Chapters

ရတနာသေတ္တာများနှင့် ဆုလာဘ်များ....

Vol. 2 Ch. 13

ရတနာသေတ္တာများနှင့် ဆုလာဘ်များ....

Vol. 2 Ch. 13

ကျောက်ဖုန်းက တင်းကျပ်စွာ ဆုပ်ကိုင်ပြီး ရှေ့သို့ အရှိန်အဟုန်ဖြင့် တိုးဝင်သွားသည်။ သူ၏ အမြန်နှုန်းက အမြင်အာရုံကိုပင် လှည့်စားသွားစေနိုင်သည်အထိ မြန်ဆန်လှသည်။ မျက်စိတစ်မှိတ်အတွင်း သူက ဟန်စစ်သားများ၏ လှံထိုးချက်များကို ရှောင်တိမ်းလိုက်သည်။

ထို့နောက် ကျောက်ဖုန်းက ချက်ချင်း လေပေါ်သို့ ခုန်တက်လိုက်ပြီး ပေါင်ယွမ်ရှေ့သို့ ဆင်းသက်သွားသည်။

" သေစမ်း " ကျောက်ဖုန်းက ဓားဖြင့် ခုတ်ပိုင်းလိုက်ပြီး ပေါင်ယွမ်ကလည်း သူ၏ ဓားကို မြှောက်၍ ခုခံလိုက်သည်။

ဂျွတ်...

ဓားချက်မှ ကြီးမားသော ခွန်အားကြောင့် ပေါင်ယွမ်၏ လက်မောင်းက ချက်ချင်း ကျိုးသွားခဲ့သည်။ သူ၏ လက်နက်က မြေပြင်သို့ ပြုတ်ကျသွားပြီး ကျောက်ဖုန်း၏ ဓားကလည်း ကျိုးသွားခဲ့သည်။ ပေါင်ယွမ်၏ ဓားက နတ်ဘုရားလက်နက်အဖြစ် ကျော်ကြားလှသည်။

သို့သော် ကျောက်ဖုန်းက တုန်လှုပ်ခြင်းမရှိပေ။ သူက ကျိုးနေသော ဓားနှင့် ရှေ့သို့ ထိုးသွင်းလိုက်သည်။

စွပ်...

ဓားကျိုးက ပေါင်ယွမ်၏ ရင်ဘတ်ကို ထိုးဖောက်သွားခဲ့ပြီး သူ၏ ချပ်ဝတ်ကလည်း ကာကွယ်နိုင်ခြင်းမရှိခဲ့ပေ။

" အား..." ပေါင်ယွမ်က သွေးတစ်လုပ် အန်ထုတ်လိုက်ပြီး နာကျင်စွာ အော်ဟစ်လိုက်သည်။ သူက ကျောက်ဖုန်းကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။

" ငါ ငါ တကယ်ပဲ ထောက်ပို့စစ်သားတစ်ယောက်ရဲ့ လက်ထဲမှာ သေရတော့မှာလား။ " ပေါင်ယွမ်က အမြင်အာရုံများ ဝေဝါးလာပြီး သူ၏ စိတ်ထဲတွင် ခါးသီးမှု၊ မကျေနပ်မှုများနှင့် ပြည့်နှက်နေသည်။

ကျောက်ဖုန်းက ဓားကျိုးကို ဆွဲထုတ်လိုက်ပြီး ပေါင်ယွမ်၏ အလောင်းက သူ၏ ရှေ့တွင် လဲကျသွားသည်။

" စစ်သေနာပတိချုပ်..." ပတ်ဝန်းကျင်ရှိ ဟန်စစ်သားများက ထိတ်လန့်စွာဖြင့် အော်ဟစ်လိုက်ကြသည်။ သူတို့၏ အော်ဟစ်သံကိုကြားသောအခါ ကျောက်ဖုန်းက အံ့အားသင့်သွားသည်။

စစ်သေနာပတိချုပ်လား။ ထိုခဏတွင် စနစ်မှ အသိပေးချက် ထွက်ပေါ်လာသည်။

" မြင့်မားသော တိုင်းပြည်ကံကြမ္မာကို ပိုင်ဆိုင်ထားသော ဟန်စစ်သေနာပတိချုပ်ကို သတ်ဖြတ်ပြီး စွမ်းရည်အားလုံး ၅၀မှတ် တိုးလာသည်။ အဆင့်တစ် ရတနာသေတ္တာကို ရရှိသည်။ "

" ငါ တကယ်ကံကောင်းတာပဲ။ " ကျောက်ဖုန်းက အလွန်ဝမ်းသာသွားသည်။ ထို့နောက် သူက ပေါင်ယွမ်၏ ဓားကို ကောက်ယူပြီး ဓားတစ်ချက်ဖြင့် သူ၏ ခေါင်းကို ဖြတ်လိုက်သည်။

ထို့နောက် သူက ပေါင်းယွမ်၏ ဦးခေါင်းကို ခါးတွင် ချိတ်ဆွဲပြီး ပတ်ဝန်းကျင်မှ ဟန်စစ်သားများကို ဆက်လက်သတ်ဖြတ်လေတော့သည်။

" သူ့ကို သတ်ကြစမ်း။ စစ်သေနာပတိချုပ်အတွက် လက်စားချေကြ။ " ဟန်စစ်သားများက ဒေါသတကြီး အော်ဟစ်လိုက်ပြီး ကျောက်ဖုန်းကို တိုက်ခိုက်လိုက်ကြသည်။

မြင်းစီးတပ်နှင့် ခြေလျင်တပ် တိုက်ခိုက်ခြင်းမှာ တစ်ဖက်သတ် သတ်ဖြတ်ခြင်းမျိုး ဖြစ်သင့်သည်။ သို့သော် ကျောက်ဖုန်းက ကြောက်စရာကောင်းလောက်အောင် လျင်မြန်လှပြီး ဟန်စစ်သားများ၏ လှံချက်များက သူ့ကို မထိနိုင်ကြပေ။ သူ၏ ပုံရိပ်က တစ်နေရာနှင့် တစ်နေရာ လျှပ်ခနဲပေါ်လာပြီး ပေါ်လာသည့်နေရာတွင် ဟန်စစ်သားတစ်ယောက်က လဲကျနေသည်။

"ဟန်စစ်သားတစ်ယောက်ကို သတ်ဖြတ်ပြီး ခွန်အား ၅မှတ် ရရှိသည်။ "

" ဟန်စစ်သားတစ်ယောက်ကို သတ်ဖြတ်ပြီး အမြန်နှုန်း ၅မှတ် ရရှိသည်။ "

ယခုအခါ စစ်ကူများ ရောက်လာသောကြောင့် ကျောက်ဖုန်းက ဝန်းရံခံရသည့်အခြေအနေမျိုး မရှိတော့ပေ။ ရန်သူများကို သတ်ဖြတ်ရခြင်းက သူ့အတွက် ပို၍ လွယ်ကူလာပြီး သူက ရန်သူများ၏ အသက်များကို ရူးသွပ်စွာ ရိတ်သိမ်းလေတော့သည်။

" ကြောက်စရာကောင်းတဲ့လူပဲ။ ဟန်စစ်သားတွေအများကြီး ဝိုင်းထားတာတောင် သူ့ကို မထိနိုင်ဘူး။ သူက ပေါင်ယွမ်ကိုတောင် သတ်လိုက်နိုင်တယ်။ ဒီလိုသန်မာတဲ့ လူတစ်ယောက်က ထောက်ပို့တပ်ထဲမှာ ဘယ်လိုလုပ် ပုန်းအောင်းနေတာလဲ။ "

" ထောက်ပို့တပ်ဖွဲ့က ဟန်အထူးစစ်သားတွေကို ဒီလောက်ကြာအောင် တားဆီးထားနိုင်တာ အံ့ဩစရာမရှိဘူး။ ဒါတွေအားလုံးက သူ့ကြောင့်ပဲထင်တယ်။ ဒီလိုအရည်အချင်းမျိုးက အတိတ်က အရှင်ဝူအန်းနဲ့တောင် ယှဉ်နိုင်လောက်တယ်။ " ဝမ်ယန်က ကျောက်ဖုန်းကို ကြည့်ပြီး အံ့အားသင့်နေခဲ့သည်။

တစ်ချိန်တည်းတွင် သူမ၏ အကြည့်များမှာ ကျေးဇူးတင်မှုများလည်း ပါဝင်နေသည်။ အကယ်၍ ကျောက်ဖုန်းသာ အချိန်မီမကူညီခဲ့လျှင် သူမက သေဆုံးသွားမည်မှာ သေချာသည်။

ဝမ်ယန်က အခြေအနေကို ချက်ချင်း သတိထားမိလိုက်သည်။ ပေါင်ယွမ်သေဆုံးသွားပြီဖြစ်သောကြောင့် ဟန်စစ်သားများက ခေါင်းဆောင်မဲ့သွားကြပြီဖြစ်သည်။ ၎င်းက သူတို့ကို ရှင်းလင်းရန် အကောင်းဆုံး အခွင့်အရေးဖြစ်သည်။

" တပ်ဖွဲ့အားလုံး ငါ့အမိန့်ကို နာခံကြ..." ဝမ်ယန်က မြင်းပေါ်သို့ လျင်မြန်စွာ တက်ပြီး လှံကို မြှောက်၍ အော်ဟစ်လိုက်သည်။ " ပေါင်ယွမ်သေပြီ။ ဟန်စစ်တပ်ကို အပြတ်ရှင်းကြ။ တစ်ယောက်မှ အရှင်မထားနဲ့။ "

" သတ် သတ် သတ်...." ချင်စစ်သားများက ဟိန်းဟောက်ပြီး အားနည်းနေသော ဟန်စစ်သားများဆီသို့ တိုးဝင်သွားကြသည်။

တစ်နာရီကြာပြီးသောအခါ တိုက်ပွဲကြီးက နောက်ဆုံးတွင် ပြီးဆုံးသွားခဲ့သည်။ အလောင်းများက နေရာအနှံ့ပျံ့ကြဲနေပြီး ဟန်စစ်သား ခုနှစ်ထောင်လုံး သေဆုံးသွားခဲ့သည်။

" ဂုဏ်ပြုပါတယ်။ စွမ်းရည်အားလုံး ၆၀၀မှတ် ကျော်သွားပြီး အဆင့်တစ်ရတနာသေတ္တာကို ရရှိသည်။ "

ကျောက်ဖုန်းအတွက် ထိုတိုက်ပွဲက အန္တရာယ်များခဲ့သော်လည်း ရရှိသော အကျိုးကျေးဇူးကလည်း ကြီးမားလှသည်။

" ငါ့ရဲ့ အမှတ်တွေက သုံးရာကျော်တိုးလာတယ်။ အဆင့်သုံးဆင့်လောက် တက်လာတာနဲ့ အတူတူပဲ။ ငါ ဟန်စစ်သေနာပတိချုပ် ပေါင်းယွမ်ကိုလည်း သတ်ခဲ့တယ်။ သားဖနှစ်ယောက်လုံးက ငါ့လက်ချက်နဲ့ သေကုန်ကြတယ်။ တကယ် ထူးဆန်းတဲ့ ကံကြမ္မာပဲ။ "

" ဒီလိုကြီးမားတဲ့ စွမ်းဆောင်မှုနဲ့ဆို ချင်စစ်တပ်ထဲမှာ ပိုပြီး သက်သောင့်သက်သာ နေထိုင်နိုင်လိမ့်မယ်။ " ကျောက်ဖုန်းက ကျေနပ်သွားသည်။

ထိုတိုက်ပွဲက သူ၏ ခွန်အားကို တိုးတက်စေခဲ့ရုံသာမက ကြီးမားသော စစ်တပ်စွမ်းဆောင်မှုများကိုလည်း စုဆောင်းနိုင်ခဲ့သည်။ ထိုစွမ်းဆောင်မှုများက သူ ရာထူးတက်ရန်အတွက် လုံလောက်ပေသည်။ သူက နှသ်စဉ်လစာများတိုးတက်လာရုံသာမက လုပ်ပိုင်ခွင့်အာဏာများလည်း ပိုရှိလာပေလိမ့်မည်။ ထိုသို့သော အာဏာမျိုးက စစ်တပ်အတွင်း ပိုမိုလွယ်ကူစွာ ရှင်သန်နိုင်ပေလိမ့်မည်။

နာမည် - ကျောက်ဖုန်း။

ခွန်အား - ၈၉၉

အမြန်နှုန်း - ၆၁၅

ရုပ်ခန္ဓာ - ၆၁၈

စိတ်ဝိညာဉ် - ၆၂၅

သက်တမ်း - ၈၆နှစ်၊ ၂၇၆ရက်

သိုလှောင်နေရာ - ၆ ကုဗမီတာ

သိုင်းပညာ - ပေါက်ကွဲလက်သီး (အခြေခံအဆင့်)။

" ငါ့ရဲ့ လက်ရှိခွန်အားနဲ့ဆို စစ်သည်တစ်ထောင်ကြားမှာ ပိတ်မိနေရင်တောင် သတ်ဖြတ်ပြီး ဖောက်ထွက်လာနိုင်လိမ့်မယ်။ ငါက သာမန်လူသားအဆင့်ထက် ကျော်လွန်နေပြီ။ ပြီးတော့ ငါ့ရဲ့ နတ်ဘုရားအာရုံကလည်း ၁၈မီတာအထိ ဖြန့်ကျက်နိုင်ပြီ။ " ကျောက်ဖုန်းက စိတ်လှုပ်ရှားစွာဖြင့် တွေးလိုက်သည်။

ယခုတစ်ကြိမ်တွင် သူ၏ ခွန်အားက အမှန်တကယ်ပင် တစ်ဟုန်ထိုး တိုးတက်သွားခဲ့သည်။ စစ်မြေပြင်တစ်ခုလုံးတွင် အခြားချင်စစ်သားများ၏ သတ်ဖြတ်မှုက ကျောက်ဖုန်းနှင့်ယှဉ်လျှင် အနည်းငယ်သာ ဖြစ်သည်။

စစ်မြေပြင်မှ ခေါင်းမပါသည့် အလောင်းများက သူ၏ လက်ချက်ဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိနိုင်သည်။

" စွမ်းရည်တွေတိုးလို့ ရတဲ့ ရတနာသေတ္တာသုံးလုံးရယ်၊ ပေါင်ယွမ်ကို သတ်လို့ရတဲ့ ရတနာတစ်လုံး စုစုပေါင်းရတနာသေတ္တာလေးလုံးရတယ်။ ငါ ကံကောင်းပြီး ကျင့်စဉ်တစ်ခုခု ရဖို့ မျှော်လင့်ရမှာပဲ။ " ကျောက်ဖုန်းက မျှော်လင့်ချက်များနှင့် တွေးလိုက်သည်။ ထို့နောက် သူက ရတနာသေတ္တာအားလုံးကို ဖွင့်လိုက်သည်။

" ရတနာသေတ္တာအားလုံး ဖွင့်နေသည်။ "

" အဝါရောင်အဆင့် အဆင့်မြင့် သိုင်းပညာ ဖရိုဖရဲလှံသိုင်းကို ရရှိသည်။ "

" အနက်ရောင်အဆင့် အဆင့်နိမ့် အာဏာရှင်လှံကို ရရှိသည်။ "

" ရွှေငါးရာကို ရရှိသည်။ "

" အခြေခံဆေးပညာကို ရရှိပါတယ်။ "

" ကျင့်စဉ်တစ်ခု ရဖို့အတွက် ပိုမြင့်တဲ့ ရတနာသေတ္တာတွေကို လိုတဲ့ပုံပဲ။ ဒီလောက်အများကြီး ဖွင့်တာတောင် တစ်ခုမှမရဘူး။ " ကျောက်ဖုန်းက စိတ်ပျက်စွာ တွေးလိုက်သည်။

သို့သော် ထိုဆုလာဘ်များကလည်း သူ့ကို ကျေနပ်စေလေသည်။ သူက နောက်ထပ် သိုင်းပညာတစ်ခုနှင့် ရတနာလက်နက်တစ်ခုကို ရရှိခဲ့သည်။ ၎င်းတို့က အသက်အန္တရာယ်မှ ကယ်တင်ပေးနိုင်သော ဝှက်ဖဲများ ဖြစ်လာပေလိမ့်မည်။

ရွှေစငါးရာက ပြောစရာပင်မလိုပေ။ ထိုပမာဏက ကျောက်ဖုန်း၏ လက်ရှိနှစ်စဉ်လစာဖြင့်ဆိုလျှင် ဆယ်စုနှစ်ပေါင်းများစွာ စုဆောင်းရပေလိမ့်မည်။

" ဖရိုဖရဲလှံသိုင်းနဲ့ အခြေခံ ဆေးပညာကို သင်ယူမယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။ ထိုခဏတွင် သိုင်းပညာနှင့် ဆေးပညာ၏ အသိအမြင်များက သူ၏ စိတ်ထဲသို့ ဝင်ရောက်လာသည်။

" ဒီလှံသိုင်းက ငါနဲ့ တကယ်လိုက်ဖက်တာပဲ။ ကြည့်ရတာ ရှုပ်ထွေးပေမယ့် လှုပ်ရှားမှုတိုင်းက သတ်ဖြတ်နိုင်တယ်။ ငါ့ရဲ့ ခွန်အားနဲ့ဆိုရင် ရန်သူတွေကို သတ်ရတာ ပိုလွယ်သွားလိမ့်မယ်။ "

" ဒီအာဏာရှင်လှံကိုတော့ လောလောဆယ် ထုတ်လို့မရသေးဘူး။ သမိုင်းမှာ အာဏာရှင်လှံကို ကိုင်ခဲ့တဲ့သာက အနောက်ဘက် ချူနိုင်ငံရဲ့ အရှင်သခင် ရှန်းယုတစ်ယောက်ပဲ ရှိမယ်ထင်တယ်။ အခုအချိန်မှာ ရှန်းယုက မမွေးသေးဘူး။ "

" ပြီးတော့ ဆေးပညာက တန်ဖိုးအရှိဆုံး ဆုလာဘ်ပဲ။ အခြေခံဆေးပညာက ငါ့ကို နတ်ဆေးဆရာတစ်ယောက် ဖြစ်မလာနိုင်စေပေမယ့် ဆေးပညာသဘောတရာတွေကိုတော့ ကျွမ်းကျင်သွားစေတယ်။ "

" အမေက ဆေးပညာကျွမ်းကျင်တယ်။ ညီမလေးကလည်း ပါရမီရှိတယ်။ ငါတစ်ယောက်ပဲ ဘာမှမသိတာ။ အိမ်ပြန်ရောက်ရင် အမေက တကယ်အံ့ဩသွားမှာပဲ။ " ကျောက်ဖုန်းက ကျေနပ်စွာ ပြုံးလိုက်သည်။

ထိုအချိန်တွင် ဝေချွမ်က သူ့အနားသို့ ထော့နဲ့ ထော့နဲ့ဖြင့် လျှောက်လာသည်။

" ကျောက်ဖုန်း ဘာတွေငိုင်နေတာလဲ။ " ဝေချွမ်က ရယ်ပြီး မေးလိုက်သည်။

" အသက်အန္တရာယ်က လွတ်မြောက်လာတာကို ပြန်စဉ်းစားနေတာ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ ဝေချွမ်ကလည်း သူ၏ ဘေးတွင် ဝင်ထိုင်ပြီး သူ၏ မျက်နှာတွင် ခံစားချက်များနှင့် ပြည့်နှက်နေသည်။

All Chapters