သူသားနဲ့ ပြန်တွေ့ရအောင် ကျုပ်ပို့ပေးလိုက်တယ်....
Vol. 2 Ch. 14
"ငါတော့ ဒီတစ်ခါ တကယ်သေပြီလို့ မှတ်ထားတာ။ အသက်ရှင်နိုင်မယ်လို့ မမျှော်လင့်ထားဘူး။ ငါတစ်ယောက်တည်းမဟုတ်ဘူး။ ငါတို့တပ်က ညီအကိုတွေအားလုံးကို မင်းကယ်ခဲ့တာပဲ။ "
" မင်းသာ ငါတို့ကို ဦးဆောင်ပြီး ပြန်မတိုက်ခဲ့ရင် ဟန်စစ်တပ်က ငါတို့အားလုံးကို သတ်ပစ်မှာပဲ။ " ဝေချွမ်က ကျေးဇူးတင်စွာဖြင့် ပြောလိုက်သည်။
" ကျုပ်က ခင်ဗျားတို့ကို ကယ်ခဲ့တာမဟုတ်ဘူး။ ကျုပ်အပါအဝင် အားလုံးက အတူတူရင်ဆိုင်ခဲ့ကြတာပဲ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" မင်းသာ ငါတို့ကို ပြန်တိုက်ဖို့ ဦးမဆောင်ခဲ့ရင် ငါတို့လုပ်နိုင်တာက ပြေးဖို့ပဲရှိတယ်။ ပြေးရင် ငါတို့အားလုံး သေရမှာပဲ။ " ဝေချွမ်က လေးနက်စွာ ပြောလိုက်သည်။ " အသက်ရှင်ကျန်ခဲ့တဲ့ ညီအကိုအားလုံး မင်းအပေါ်ကို အကြွေးတင်သွားပြီ။ "
" ကျုပ်တို့အားလုံးက စစ်တပ်တစ်ခုတည်းက ညီအကိုတွေပဲ။ ဒီလိုတွေပြောဖို့ မလိုပါဘူး။ " ကျောက်ဖုန်းက ပြုံးပြီး ပြန်ပြောလိုက်သည်။
ယခုအချိန်တွင် ကျောက်ဖုန်းက ဝေချွမ်ကို ညီအကိုတစ်ယောက်အဖြစ် အမှန်တကယ် သတ်မှတ်လိုက်ပြီဖြစ်သည်။ မြားများကို ခန္ဓာကိုယ်ဖြင့် ဝင်ရောက်ကာကွယ်ပေးခဲ့ခြင်းက သာမန်ခင်မင်မှုမျိုး မဟုတ်ပေ။ ၎င်းက စစ်မြေပြင်မှ ညီအကိုတစ်ယောက်၏ စွန့်လွှတ်အနစ်နာခံမှုပင်ဖြစ်သည်။ အခက်အခဲများ ကြုံတွေ့မှ လူတစ်ယောက်၏ စိတ်ဓာတ်ကို သိနိုင်သည်ဟူသော စကားက အမှန်ပင်ဖြစ်သည်။
" ဟူး...." ဝေချွမ်က သက်ပြင်းချလိုက်ပြီး သူ၏ မျက်လုံးများထဲတွင် ဝမ်းနည်းမှုအရိပ်အယောင်များ ပေါ်လာသည်။
" ဒီတိုက်ပွဲက ဝမ်းနည်းစရာကောင်းလွန်းတယ်။ ငါတို့ ထောက်ပို့တပ်ဖွဲ့က ညီအကိုတစ်သောင်းထဲမှာ တစ်ဝက်ကျော်က ရန်သူ့ရဲ့ ရုတ်တရက် တိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့ရတယ်။ သူတို့နောက်က လိုက်သတ်တာကြောင့်လည်း အများကြီး သေခဲ့ရတယ်။ အခု လူတစ်သောင်းမှာ ခြောက်ရာ ခုနှစ်ရာလောက်ပဲ ကျန်နေခဲ့တယ်။ တကယ်စိတ်မကောင်းစရာပဲ။ "
" ဒါက စစ်သူကြီးက အောင်မြင်မှုနဲ့ ကျော်ကြားမှုကို အရမ်းလောဘကြီးလို့ ဖြစ်လာတာပဲ။ " ကျောက်ဖုန်းက ပြောလိုက်သည်။ " ချင်မင်းကြီးသာ ဒါကိုသိရင် ပြင်းထန်တဲ့ ပြစ်ဒဏ်တွေကို ခံရလိမ့်မယ်။ "
" အောင်မြင်မှုနဲ့ ကျော်ကြားမှုကို လောဘကြီးခဲ့တာလား။ " ဝေချွမ်က အံ့အားသင့်သွားသည်။
" ငါတို့ ချင်စစ်သည်တစ်သိန်းက ယန်မြို့ကို သိမ်းပိုက်ခဲ့တာပဲ။ တကယ်လို့ မြို့ကို စောင့်ကြပ်ဖို့ စစ်သည်တစ်သောင်းလောက်သာ ထားခဲ့ရင် ပုန်းနေတဲ့ ဟန်စစ်သားတွေက ဘာလုပ်နိုင်မှာမလို့လဲ။ " ကျောက်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။ " ဒါပေမယ့် လူနည်းနည်းပဲ ချန်ခဲ့တော့ အခုလို ရှုံးနိမ့်မှုနဲ့ ရင်ဆိုင်ခဲ့ရတာပဲ။ "
" မင်းပြောတာ အမှန်ဆိုရင် စစ်သူကြီးလီထန်ကတော့ ပစ်ဒဏ်ခံရတော့မှာပဲ။ " ဝေချွမ်က ခေါင်းညိမ့် ထောက်ခံလိုက်သည်။
" အထက်လူကြီးတွေ သူတို့ကိစ္စ သူတို့ရှင်းလိမ့်မယ်။ ဒါတွေက ကျုပ်တို့နဲ့ ဘာမှမဆိုင်ဘူး။ အရေးကြီးဆုံးက ကျုပ်တို့ အသက်ရှင်ဖို့ပဲ။ " ကျောက်ဖုန်းက ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
" မင်းပြောတာမှန်တယ်။ " ဝေချွမ်က ပြုံးလိုက်သည်။ သို့သော် သူက ကျောက်ဖုန်း၏ လက်မောင်းနှင့် ပခုံးပေါ်တွင် မြားအချို့ စိုက်ဝင်နေသည်ကို သတိပြုမိသွားသည်။
" စစ်တပ်သမားတော်က ဘာလို့ အခုထိ ရောက်မလာသေးတာလဲ။ " ဝေချွမ်က အနည်းငယ် စိုးရိမ်စွာဖြင့် ပြောလိုက်သည်။
" ဒါတွေက အသေးအဖွဲလေးတွေပါ။ အသက်အန္တရာယ်မရှိပါဘူး။ " ကျောက်ဖုန်းက ရယ်ပြီး ပြောလိုက်သည်။
သူ၏ ခန္ဓာကိုယ်ခံနိုင်ရည်က ယခုအခါ ၆၀၀ ကျော်သွားပြီဖြစ်သည်။ ထိုသို့သော အသေးအဖွဲဒဏ်ရာများ မပြောနှင့် ပိုမိုပြင်းထန်သော ဒဏ်ရာများပင် လျင်မြန်စွာ ကုသနိုင်စွမ်းရှိသည်။
" အသက်အန္တရာယ်မရှိပေမယ့် ဟန်စစ်သားတွေက မြားမှာ အဆိပ်တစ်ခုခု သုတ်လိမ်းထားမလား မသိနိုင်ဘူး။ မင်းသာ ခုနှစ်ရက်ဖျားကူးသွားရင် အန္တရာယ်ရှိနိုင်တယ်။ " ဝေချွမ်က စိုးရိမ်တကြီး ပြောလိုက်သည်။
ကျောက်ဖုန်းက ဝေချွမ်၏ စကားကို နားလည်ပေသည်။ ခုနှစ်ရက်ဖျားဆိုသည်မှာ မည်သည့်ခေတ်တွင်မဆို သေစေနိုင်သော ရောဂါဖြစ်သည်။ ဤအချိန်တွင် ခုနှစ်ရက်ဖျားဟု ဆိုသော်လည်း နောက်တွင် မေးခိုင်ရောဂါဟု ခေါ်ကြပေလိမ့်မည်။ သို့သော် သူ၏ ရုပ်ခန္ဓာကြံ့ခိုင်မှုနှင့်ဆိုလျှင် ရောဂါပိုးများက သူ၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်နိုင်မည်မဟုတ်ပေ။
" စိတ်အေးအေးထားပါ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။ " ဟန်စစ်သားတွေက မြို့ထဲမှာ အကြာကြီးပုန်းနေရတာဆိုတော့ မြားတွေကို အဆိပ်ခတ်ဖို့ အချိန်ရမှာမဟုတ်ပါဘူး။ "
ဝေချွမ်က ခေါင်းညိမ့်လိုက်ပြီး သူ၏ အကြည့်က ကျောက်ဖုန်း၏ ခါးမှ ဦးခေါင်းပြတ်ဆီသို့ ရောက်သွားသည်။
" မင်း ဒီတိုက်ပွဲမှာ အနည်းဆုံး လူနှစ်ရာသုံးရာလောက် သတ်ခဲ့တာပဲ။ ဒီခေါင်းက ဘာများထူးခြားလို့လဲ။ " ဝေချွမ်က သိချင်စိတ်ဖြင့် မေးလိုက်သည်။
ထိုစကားကို ကြားသောအခါ ကျောက်ဖုန်းက ဂုဏ်ယူစွာ ပြုံးလိုက်သည်။ " အကိုဝေ ကျုပ်တော့ ချမ်းသာတော့မယ်။ ဒါ ဘယ်သူ့ခေါင်းလဲ ခင်ဗျားသိလား။ "
" ဟန်နိုင်ငံရဲ့ စစ်သူကြီးလား။ " ဝေချွမ်က ခန့်မှန်းလိုက်သည်။ " မင်းအရင်က တစ်ယောက်သတ်ခဲ့တာပဲ။ အခုနောက်တစ်ယောက်ကို ထပ်သတ်နိုင်ခဲ့တာဆိုရင် ဒါက ကြီးမားတဲ့ စွမ်းဆောင်မှုပဲ။ "
" ဒီခေါင်းက ကျွန်တော် အရင်က သတ်ခဲ့တဲ့လူနဲ့ ပက်သက်နေတယ်။ " ကျောက်ဖုန်းက ပြုံးလိုက်သည်။
" အဲ့ဒီပေါင်ချိုးနဲ့ ပက်သက်နေတာလား။ " ဝေချွမ်က ထိုခေါင်းကို ကြည့်ရင်း စဉ်းစားနေသည်။ ရုတ်တရက် သူ၏ စိတ်ထဲတွင် အတွေးတစ်ခုပေါ်လာပြီး ထိတ်လန့်စွာ အော်လိုက်သည်။ " ဒါ ဟန်စစ်သေနာပတိချုပ် ပေါင်ယွမ်တော့ မဟုတ်လောက်ပါဘူးနော်။ "
" ဟားဟားဟား..." ကျောက်ဖုန်းက ရယ်လိုက်သည်။ " မှန်တာပေါ့။ ဒါပေါင်ယွမ်ရဲ့ ခေါင်းပဲ။ သူသားနဲ့ ပြန်တွေ့ရအောင် ကျုပ်ပို့ပေးလိုက်တယ်။ "
ဝေချွမ်က ကျောက်ဖုန်း၏ ဘေးမှ ဦးခေါင်းကို အံ့အားသင့်စွာ ကြည့်နေသည်။
" ဟန်စစ်သေနာပတိချုပ် ပေါင်ယွမ်လား။ ဒီလောက်ရာထူးကြီးတဲ့သူကို မင်းသတ်လိုက်တာလား။ ဒါ ဒါက..." ဝေချွမ်က တုန်လှုပ်စွာဖြင့် ပြောလိုက်သည်။
စစ်သေနာပတိချုပ်ဆိုသည်မှာ စစ်တပ်အာဏာကို ချုပ်ကိုင်ထားသော အဆင့်မြင့်အရာရှိတစ်ယောက်ဖြစ်ပြီး နိုင်ငံဘုရင်ပြီးလျှင် ဒုတိယမြောက် အာဏာအရှိဆုံး ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်။
ဟန်နိုင်ငံ၏ အင်အားမှာ ချင်နိုင်ငံထက် များစွာအားနည်းသော်လည်း ပေါင်ယွမ်၏ အာဏာက ကြီးမားလှသည်။ သို့သော် တစ်ချိန်က ဩဇာအာဏာကြီးမားခဲ့သူမှာ ယခုက အေးစက်ပြီး အသက်မဲ့နေသော ဦးခေါင်းတစ်ခုသာ ရှိတော့သည်။
" အကိုဝေ ဒီလောက်ထိ အံ့ဩဖို့ လိုလို့လား။ သူက စစ်သေနာပတိချုပ်တစ်ယောက်ဖြစ်ခဲ့ပေမယ့် လူသားတစ်ယောက်ပါပဲ။ နတ်ဘုရားမှမဟုတ်တာ။ " ကျောက်ဖုန်းက စနောက်လိုက်သည်။
" ကျောက်ဖုန်း မင်းကတော့ တကယ် ကျားကြောက်ရမှန်းမသိတဲ့ နွားပေါက်လေးပဲ။ စစ်သေနာပတိတစ်ယောက်က ဘယ်လောက်အာဏာရှိလဲဆိုတာ မင်းသိရဲ့လား။ "
" ငါ့ရဲ့ မွေးရပ်မြေဖြစ်တဲ့ ခရိုင်လေးတစ်ခုမှာတောင် အရာရှိတွေက ကောင်းကင်ကို လက်တစ်ဖက်နဲ့ ကွယ်ထားနိုင်လောက်တဲ့ အာဏာမျိုးရှိတယ်။ စစ်သေနာပတိဆိုတာ စစ်သည်ထောင်ပေါင်းများစွာကို အုပ်ချုပ်ပြီး မင်းကြီးပြီးရင် အာဏာအရှိဆုံးပဲ။ " ဝေချွမ်က မယုံကြည်နိုင်စွာ ပြောလိုက်သည်။
" သူက တစ်ချိန်တုန်းက မင်းကြီးပြီးရင် အာဏာအရှိဆုံးပေါ့။ ဒါပေမယ့် အခုတော့ လူသေတစ်ယောက်ပါပဲ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
အကယ်၍ သူက သာမန်လူတစ်ယောက်ဖြစ်လျှင် အာဏာရှိသူများကို အဝေးမှသာ ငေးကြည့်ရပေလိမ့်မည်။ သို့သော် ယခု ကျောက်ဖုန်းက ခွန်အားများရှိနေပြီး ဆက်လက်တိုးတက်နိုင်ဆဲ ဖြစ်သည်။ သူက စစ်တပ်အတွင်း နှစ်နှစ်သာ တာဝန်ထမ်းဆောင်ရမည်ဖြစ်သော်လည်း နောက်ဆုံးတွင် စစ်တပ်တစ်ခုလုံးနှင့် ယှဉ်နိုင်သော စွမ်းအားမျိုး ရှိလာလိမ့်မည်ဟု ယုံကြည်မှုရှိသည်။
ယခု စစ်ဖြစ်ပွားနေချိန်တွင် ကျောက်ဖုန်းက နယ်မြေတစ်ခု ထူထောင်ရန် မဖြစ်နိုင်သော်လည်း ချင်နိုင်ငံပျက်သုဉ်းသွားချိန်တွင် သူအလိုရှိလျှင် နယ်မြေတစ်ခုကို ထူထောင်နိုင်ပေလိမ့်မည်။ အင်ပါယာတစ်ခု ထူထောင်လိုသော ဆန္ဒက သူပြန်လည်မွေးဖွားပြီး မှတ်ဉာဏ်များ ပြန်ရလာချိန်တွင် ကျောက်ဖုန်းက တစ်ကြိမ်တစ်ခါက စိတ်ကူးယဉ်ခဲ့ဖူးသည်။
သို့သော် သူ၏ မိခင်၊ ညီမလေးတို့နှင့် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သော ဘဝကို သူ ကျင့်သားရနေခဲ့ပြီဖြစ်သည်။ ထို့အပြင် သူ့လိုသာမန်လူတစ်ယောက်က အင်ပါယာတစ်ခုကို ထူထောင်နိုင်မည်မဟုတ်ပေ။
သို့သော် ယခု ခွန်အားများ တိုးတက်ရန် နည်းလမ်းရှိနေချိန်တွင် စိတ်ထားမှာလည်း ပြောင်းလဲသွားခဲ့သည်။ ချင်နိုင်ငံက ကမ္ဘာကြီးကို စုစည်းမည်မှာ သေချာသော်လည်းချင်နိုင်ငံပျက်သုဉ်းသွားချိန်တွင် ဘာဖြစ်လာမလဲ။
ကျောက်ဖုန်းက သမိုင်းကြောင်းနှင့် ထိုအချိန်မှ ကျော်ကြားခဲ့သော ပုဂ္ဂိုလ်များအကြောင်း သိထားသည်။ သူက ယခုအချိန်တွင် စွမ်းအားများ စုဆောင်းထားပြီး မည်သူမှမယဉ်နိုင်သောအချိန်တွင် အင်ပါယာတစ်ခုကို ထူထောင်နိုင်ပေလိမ့်မည်။
" ကျောက်ဖုန်း..." ဝေချွမ်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ " မင်း ဒီတစ်ခါ တကယ်ကံကောင်းတာပဲ။ မင်းက ဟန်နိုင်ငံရဲ့ စစ်သေနာပတိချုပ်ကို သတ်လိုက်တာ တကယ်ကြီးမားတဲ့ အောင်မြင်မှုပဲ။ "
" ငါ့အထင် ဒီတစ်ခါတော့ မင်း ရာထူးကြီးကြီးမားမား တက်ပြီပဲ။ "
" အဲ့လိုပဲမျှော်လင့်ရမှာပဲ။ " ကျောက်ဖုန်းက ပြောလိုက်သည်။
" တိုက်ပွဲကို အောင်မြင်မှု... စစ်သေနာပတိချုပ်ရဲ့ အသက်... ဒါက ငါတို့ စစ်သေနာပတိချုပ်ဆီတင်မကဘူး မင်းကြီးဆီထိပါ ရောက်သွားလိမ့်မယ်။ ကျောက်ဖုန်း ဒါက ဘာကိုဆိုလိုတယ်ဆိုတာ မင်းသိလား။ " ကျောက်ဖုန်း၏ တည်ငြိမ်သော ပုံစံကြောင့် ဝေချွမ်က အားမလိုအားမရဖြစ်သွားသည်။
" ဒါက မင်းကြီးကိုယ်တိုင် မင်းနာမည်ကို သိသွားမယ်လို့ ဆိုလိုတာပဲ။ ပြီးတော့ စစ်တပ်တစ်ခုလုံးမှာ မင်းရဲ့ နာမည်က ကျော်ကြားသွားလိမ့်မယ်။ " သူက ကျောက်ဖုန်းအတွက် အမှန်တကယ် ဝမ်းသာနေခြင်းဖြစ်သည်။
" ကောင်းပြီ။ အကိုဝေ စစ်ပွဲအကြောင်း သတင်းတောင်မပို့ရသေးဘူးလေ။ ဆုလာဘ်က ဘာဖြစ်မလဲဆိုတာ မသိခင် စောစော အောင်ပွဲမခံတာ ကောင်းပါတယ်။ စိတ်ထိန်း စိတ်ထိန်း..." ကျောက်ဖုန်းက လက်ကာပြီး ပြောလိုက်သည်။
" ငါစိတ်မထိန်းနိုင်ဘူး။ မင်းက စစ်သေနာပတိချုပ်ကို သတ်လိုက်တာလေ။ " ဝေချွန်က တုန်လှုပ်နေဆဲ ဖြစ်သည်။