← Chapters

ဝမ်ယန်၏ တုန်လှုပ်မှု...

Vol. 2 Ch. 15

ဝမ်ယန်၏ တုန်လှုပ်မှု...

Vol. 2 Ch. 15

ပတ်ဝန်းကျင်မှ စစ်သားများက ဝေချွမ်နှင့် ကျောက်ဖုန်းကို.မြင်သောအခါ တစ်ယောက်ပြီး တစ်ယောက် ထရပ်လာကြသည်။ သူတို့က တဖြည်းဖြည်းနှင့် သူတို့နှစ်ယောက်ကို ဝန်းရံလိုက်ကြသည်။ ၎င်းကို မြင်သောအခါ ကျောက်ဖုန်းက ဝေချွမ်၏ အင်္ကျီလက်ကို ဆွဲလိုက်သည်။

" ဘာဖြစ်လို့လဲ။ " ဝေချွမ်က နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။

" ကြည့်ဦး။ " ကျောက်ဖုန်းက ပတ်ဝန်းကျင်ကို မေးငေါ့ပြလိုက်သည်။

ဝေချွမ်က ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ စစ်သားရာချီက သူတို့အား ဝန်းရံထားသည်ကို တွေ့လိုက်ရသည်။ သူ၏ မျက်နှာက မဲမှောင်သွားပြီး တိုးတိုးလေး ကပ်မေးလိုက်သည်။

" သူတို့က မင်း စစ်သေနာပတိချုပ်ကို သတ်လိုက်တဲ့အကြောင်း ကြားပြီး အဲ့ဒီခေါင်းကို လုယူချင်နေတာတော့ မဟုတ်ပါဘူးနော်။ "

" ကျုပ်တော့ အဲ့လိုမထင်ဘူး။ " ကျောက်ဖုန်းက ခေါင်းခါလိုက်သည်။

" ကျုပ်တို့အသက်ကို ကယ်တင်ပေးခဲ့တဲ့အတွက် တပ်စုမှူးကျောက်ကို ကျေးဇူးတင်ပါတယ်။ "

ဒဏ်ရာရနေသော စစ်သားများက ကျောက်ဖုန်းဘက်သို့ မျက်နှာမူ၍ ဒူးတစ်ဖက်ထောက်ပြီး ကျေးဇူးတင်စကားဆိုလိုက်ကြသည်။ ကျောက်ဖုန်းနှင့် ဝေချွမ်တို့က တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး အခြေအနေကို နားလည်သွားကြသည်။

" ဒီမှာရှိတဲ့ တပ်မှူးတွေနဲ့ ညီအကိုတို့...." ကျောက်ဖုန်းက လျင်မြန်စွာ ထရပ်ပြီး အရိုအသေပေးလိုက်သည်။ " ကျုပ်ကို ကျေးဇူးတင်ဖို့မလိုပါဘူး။ ခင်ဗျားတို့ကို ကယ်ခဲ့တာ ကျုပ်မဟုတ်ပါဘူး။ တိုက်ပွဲမှာ ခင်ဗျားတို့ပြခဲ့တဲ့ ရဲစွမ်းသတ္တိတွေကပဲ ခင်ဗျားတို့ကို ကယ်ခဲ့တာပါ။ "

" တပ်စုမှူးကျောက်..." တပ်မှူးတစ်ယောက်၏ အသံက တုန်ယင်နေသည်။

" ညီအကိုတစ်သောင်းထဲမှာ အခု ကျုပ်တို့ပဲ ကျန်တော့တာပါ။ ဗိုလ်ချုပ်လော၊ တပ်မမှူးနှစ်ယောက်... ပြီးတော့ ကျန်တဲ့ တပ်မှူးကိုးယောက်ထဲမှာလည်း ကျုပ်တစ်ယောက်ပဲ အသက်ရှင်ကျန်တော့တယ်။ "

" မင်းသာ တိုက်ပွဲကို ဦးမဆောင်ခဲ့ရင် မင်းသာ ရန်သူတွေကြား အသက်စွန့်ပြီး မတိုးဝင်ခဲ့ရင် ကျုပ်တို့ ဘယ်သူမှတိုက်ခိုက်ရဲမှာမဟုတ်ဘူး။ တပ်မှူးတစ်ယောက်အနေနဲ့ ငါ့လူတွေကို ဦးဆောင်ပြီး တိုက်ပွဲဝင်ရမှာဆိုပေမယ့် ငါလုံးဝ ကြောက်လန့်နေခဲ့တယ်။ ငါ့ရဲ့ တာဝန်ကို ပျက်ကွက်ခဲ့တယ်။ ငါ သူတို့ကို မျက်နှာပျက်အောင် လုပ်မိပြီ။ " ထိုတပ်မှူးက ဒူးထောက်နေဆဲ ဖြစ်ပြီး ရှက်စိတ်ကြောင့် မျက်ရည်များ စီးကျနေသည်။

ထိုစကားကို ကြားသောအခါ ကျောက်ဖုန်းက သနားမိသွားသည်။ စစ်တပ်အတွင်း လအချို့ နေထိုင်ပြီးနောက် စစ်တပ်အတွင်းမှ ညီအကိုစိတ်ဓာတ်ကို သူနားလည်လာခဲ့သည်။ သူတို့အပေါ် သံယောဇဉ်မရှိဘူးပြောလျှင် ၎င်းက လိမ်ညာရာရောက်ပေလိမ့်မည်။

လူတစ်သောင်းတွင် လူခြောက်ရာခုနှစ်ရာသာ အသက်ရှင်ကျန်ရစ်သည်ဟူသော အတွေးက စိတ်နှလုံးကြေကွဲဖွယ်ရာကောင်းလှသည်။

ထို့နောက် ကျောက်ဖုန်းက မြေပြင်ပေါ်မှ ပေါင်ယွမ်၏ ဦးခေါင်းကို ကောက်ယူလိုက်ပြီး အားလုံးမြင်စေရန် မြှောက်လိုက်သည်။

" ညီအကိုတို့ ငါတို့ရဲ့ ကျဆုံးသွားတဲ့ ရဲဘော်တွေကို ပြောလိုက် ငါ သူတို့အတွက် လက်စားချေပေးလိုက်ပြီလို့။ ဒီဦးခေါင်းကငါတို့ တပ်ဖွဲ့ကို ချေမှုန်းဖို့ စီစဉ်ခဲ့တဲ့ စစ်သေနာပတိချုပ် ပေါင်ယွမ်ရဲ့ အလောင်းပဲ။ သူသေသွားပြီ။ သူ့ရဲ့ လက်အောက်က ဟန်စစ်သားတွေအားလုံး သေဆုံးသွားပြီ။ "

" ငါတို့ရဲ့ ကျဆုံးသွားတဲ့ ညီအကိုတွေအတွက် သွေးကြွေးကို အပြည့်အဝ ဆပ်ပြီးသွားပြီ။ "

စစ်ပွဲ။

သာမန်စစ်သားတစ်ယောက်အတွက် မှားသည်မှန်သည်ဟူသော မေးခွန်းမရှိပေ။ ထိုအရာအားလုံးက ကိုယ်ပိုင်နယ်မြေချဲ့ထွင်ရန် ကြိုးစားကြသော ဘုရင်နှင့် ရာထူးကြီးမားသူများ၏ ဖန်တီးမှုသာ ဖြစ်သည်။ ရည်မှန်းချက်၊ အကျိုးအမြတ်၊ လောကတစ်ခုလုံးကို အုပ်စိုးလိုသော အာဏာ ထိုအရာအားလုံးက တွန်းအားများဖြစ်သည်။

ပတ်ဝန်းကျင်မှ စစ်သားများက ပေါင်ယွမ်၏ ဦးခေါင်းကို ကြည့်၍ တုန်လှုပ်သွားကြပြီး ကျောက်ဖုန်းအပေါ် သူတို့၏ ရိုသေလေးစားမှုကလည်း ပို၍ ကြီးမားလာသည်။

မြေပြင်တွင် ဒူးထောက်နေသော တပ်မှူးက ဖြည်းညင်းစွာ ထရပ်ပြီး ကျောက်ဖုန်းရှိရာသို့ လျှောက်လာသည်။

" ကျုပ်လုဟောက် ထောက်ပို့တပ်ဖွဲ့ရဲ့ ပဉ္မမြောက် တပ်မှူးအနေနဲ့ ကျဆုံးသွားတဲ့ စစ်သည်အားလုံးကိုယ်စား တပ်စုမှူးကျောက်ကို ကျေးဇူးတင်ပါတယ်။ " တပ်မှူးလုဟောက်က လေးနက်စွာ ပြောလိုက်သည်။

" တပ်မှူးလု ဒီခေါင်းကို ဆက်သဖို့ ကူညီပေးပါဦး။ " ကျောက်ဖုန်းက ပေါင်ယွမ်၏ ဦးခေါင်းကို လုဟောက်ဆီသို့ ပေးလိုက်သည်။ " ကျုပ်တို့ ထောက်ပို့တပ်ဖွဲ့က အရေးနိမ့်ခဲ့ပေမယ့် စစ်သည်ဂုဏ်သိက္ခာကို လုံးဝ သစ္စာမဖောက်ဘူးဆိုတာ ပြောပြလိုက်ပါ။ "

ထိုဦးခေါင်းက ကျောက်ဖုန်း၏ အောင်မြင်မှုသာမက ထောက်ပို့တပ်ဖွဲ့၏ အောင်မြင်မှုလည်း ဖြစ်သည်။ ထိုဦးခေါင်းနှင့်အတူ ထောက်ပို့တပ်ဖွဲ့၏ နာမည်က ကျော်ကြလာပေလိမ့်မည်။

ယန်မြို့တွင် ခြုံခိုတိုက်ခိုက်ခံခဲ့ရပြီး အရေးနိမ့်ခဲ့သော်လည်း ခုခံတားဆီးနိုင်ခဲ့သည်။ သူတို့က စစ်သေနာပတိချုပ် ဦးဆောင်သော ဟန်အထူးစစ်သည်များကို ရင်ဆိုင်နိုင်ခဲ့ပြီး ပေါင်ယွမ်ကိုလည်း သတ်ဖြတ်ခဲ့သည်။

လုဟောက်က ပေါင်ယွမ်၏ ခေါင်းကို လက်နှစ်ဖက်ဖြင့် လက်ခံယူလိုက်သည်။ " စိတ်ချပါ။ ကျုပ် ဒီဦးခေါင်းကို သေချာပေါက် ဆက်သလိုက်ပါမယ်။ မင်းရဲ့ အောင်မြင်မှုတွေကို ကျုပ်တို့ ညီအကိုတွေအားလုံးက သက်သေခံပေးပါမယ်။ " လုဟောက်က လေးနက်သော အမူအရာနှင့် ကတိပေးလိုက်သည်။

" စစ်သူကြီး ဆေးတပ်ဖွဲ့ ရောက်လာပြီး ဒဏ်ရာရတဲ့သူတွေကို ကုသပေးနေပါပြီ။ ပြီးတော့ စစ်သူကြီးလီကလည်း ဒီကိုလာနေပါတယ်။ "

" ဒီကိစ္စက အရမ်းကြီးမားသွားပြီ။ " ဝမ်ယန်က မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။ " ခြုံခိုတိုက်ခိုက်ခဲ့တဲ့ ဟန်စစ်တပ်တစ်ခုလုံးကို ချေမှုန်းနိုင်ခဲ့ပေမယ့် ငါတို့ ချင်စစ်တပ်ကလည်း အကျအဆုံးတော်တော်များတယ်။ "

" အခြေအနေကို စစ်သေနာပတိချုပ်ဆီ သတင်းပို့ပြီးပါပြီ။ ဒီတစ်ခါတော့ စစ်သူကြီးလီ အပြစ်ပေးခံရဖို့ များပါတယ်။ " တပ်မှူးက လျင်မြန်စွာ ပြောလိုက်သည်။

ဟန်စစ်တပ်က ယန်မြို့အတွင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ပေါင်ယွမ်က ဟန်စစ်သားများအား ပုန်းအောင်းစေခဲ့ခြင်းမှာ လှည့်ကွက်တစ်ခုဖြစ်သော်လည်း အဓိကအကြောင်းရင်းမှာ စစ်သူကြီးလီဖန်က အောင်မြင်မှုအပေါ် လောဘတက်ခဲ့မှုကြောင့် ဖြစ်သည်။

အကယ်၍ သူက အထူးစစ်သည်များကို ချန်ထားခဲ့လျှင် ထိုသို့ဖြစ်လာမည်မဟုတ်ဘဲ ချင်စစ်သားတစ်သောင်းကျော်လည်း ကျဆုံးသွားမည်မဟုတ်ပေ။

" အနည်းဆုံးတော့ ဟန်စစ်တပ်ကို ချေမှုန်းနိုင်ခဲ့တာပဲ။ ပြီးတော့ ပေါင်ယွမ်လည်း သေသွားပြီ။ " ဝမ်ယန်က ပြောလိုက်သည်။ " ချင်နိုင်ငံအတွက် ကြောက်စရာကောင်းတဲ့ ရန်သူတစ်ယောက် လျော့သွားတာပေါ့။ စစ်မြေပြင်ရလဒ်တွေ ထွက်လာပြီလား။ "

" ဒါက ရန်သူတွေ သတ်ဖြတ်မှုစာရင်းပါ။ ကျွန်တော်တို့ဘက်က အကျအဆုံးကိုတော့ တွက်ချက်နေတုန်းပါ။ " တပ်မှူးက ဝမ်ယန်ကို ဝါးချပ်စာလိပ်များ ပေးလိုက်သည်။

" ပေါင်ယွမ်က တကယ် ဟန်စစ်သေနာပတိချုပ်ဆိုတဲ့အတိုင်း တပ်ဖြန့်တာနဲ့ ပုန်းအောင်းတဲ့နေရာမှာ သိပ်ကျွမ်းကျင်တယ်။ " ဝမ်ယန်က ပြောလိုက်သည်။ " ယန်မြို့ထဲမှာ ဟန်စစ်သား ခုနှစ်ထောင်ကျော် ပုန်းအောင်းနိုင်ခဲ့လို့ ငါတို့ ချင်စစ်တပ်က အကျအဆုံးများခဲ့တာပဲ။ "

" ဒါနဲ့ ဒီမှာ တင်ပြချက်တစ်ခုရှိပါသေးတယ်။ ဒါကတော့ မယုံကြည်နိုင်စရာကောင်းပါတယ်။ " တပ်မှူးက နောက်ထပ် ဝါးချပ်စာလိပ်ကို ပေးလိုက်သည်။

" ဘာလို့ မယုံကြည်နိုင်စရာကောင်းတာလဲ။ " ဝမ်ယန်က မေးလိုက်သည်။

" ထောက်ပို့တပ်က ထွန်းကျန်း တပ်စုမှူးတစ်ယောက်က ရန်သူသုံးရာနီးပါးကို သတ်ခဲ့ပါတယ်။ " တပ်မှူးက လေးနက်စွာ ပြောလိုက်သည်။

" လူတစ်ယောက်တည်းက လူသုံးရာကို သတ်တယ်။ " ဝမ်ယန်က မျက်မှောင်ကြုတ်သွားသည်။

" သတင်းအချက်အလက်မှားနေတာလား။ ဒီလောက် ရှုပ်ထွေးနေတဲ့ တိုက်ပွဲမှာ ဘယ်လိုလုပ်အသေးစိတ် တွက်ချက်နိုင်မှာလဲ။ "

" စစ်သူကြီး တင်ပြချက်က လုံးဝ မှန်ကန်ပါတယ်။ အဲ့ဒီထောက်ပို့တပ်စုမှူးသတ်ခဲ့တဲ့ လူတွေအားလုံးမှာ တူညီတဲ့ အချက်တစ်ခုရှိပါတယ်။ အားလုံးက ခေါင်းဖြတ်ခံထားရတာပဲ။ "

" နေ့တစ်ဝက်လောက် ရေတွက်ပြီးတဲ့နောက်မှာ ခေါင်းမပါတဲ့ ဟန်စစ်သားအလောင်း ၂၈၅ယောက်ကို တွေ့ခဲ့ပါတယ်။ အားလုံးက ဓားချက်တစ်ချက်တည်းနဲ့ ခေါင်းဖြတ်ခံထားရတာပါ။ " တပ်မှူးက သေချာစွာ ပြောလိုက်သည်။

" ဒီလိုသန်မာတဲ့ စစ်သားတစ်ယောက်က ထောက်ပို့တပ်ထဲမှာ ရှိနေတာလား။ ရန်သူသုံးရာနီးပါးကို သတ်နိုင်တာဆိုတော့ တစ်ကမ္ဘာလုံးမှာ ဒီလိုလုပ်နိုင်တဲ့သူ ရှိရောရှိပါ့မလား။ " ဝမ်ယန်က အံ့အားသင့်သွားခဲ့သည်။

" ရှိတဲ့အတိုင်းပဲ သတင်းပို့လိုက်။ " ဝမ်ယန်က တပ်မှူးကို ကြည့်ပြီး မေးလိုက်သည်။ " ပေါင်ယွမ်ကို သတ်ခဲ့တဲ့ စစ်သားကို ရှာတွေ့ပြီလား။ "

ဝမ်ယန်က စိတ်ထဲတွင် မျှော်လင့်ချက်များနှင့် ရှိနေသည်။ စစ်မြေပြင်တွင် ဖရိုဖရဲဖြစ်နေပြီး လူများဖြင့် ပြည့်နှက်နေသောကြောင့် သူမက ကျေးဇူးတင်စကား မပြောလိုက်ရပေ။ ယခု တိုက်ပွဲပြီးဆုံးချိန်မှာသာ သူမက ရှာဖွေရန် အချိန်ရခြင်းဖြစ်သည်။

သူမ၏ မေးခွန်းကို ကြားသောအခါ တပ်မှူးက ပြုံးလိုက်ပြီး လက်ခုပ်တီးလိုက်ရာ စစ်သားတစ်ယောက်က သစ်သားသေတ္တာတစ်လုံးကို သယ်ဆောင်လာသည်။

" စစ်သူကြီး ဒါက ပေါင်ယွမ်ရဲ့ဦးခေါင်းပါ။ သူ့ကို သတ်ခဲ့တဲ့သူက ရန်သူသုံးရာကို သတ်ခဲ့တဲ့သူပါပဲ။ သူ့နာမည်က ကျောက်ဖုန်းပါ။ "

" ကျွန်တော်တို့ ဟန်စစ်တပ်ကို မြန်မြန် ချေမှုန်းနိုင်ခဲ့တာ ထောက်ပို့တပ်ဖွဲ့က အသက်ရင်းပြီး သူတို့ကို တားဆီးထားခဲ့လို့ပါ။ ရန်သူတပ်ကို ပထမဆုံး ထိုးဖောက်ခဲ့တဲ့သူကလည်း ကျောက်ဖုန်းပါပဲ။ ဒီတိုက်ပွဲမှာ သူ့ရဲဘ စွမ်းဆောင်ရည်က ကြီးမားလွန်းပါတယ်။ " တပ်မှူးက တင်ပြလိုက်သည်။

" ကျောက်ဖုန်း ထောက်ပို့တပ်ဖွဲ့ရဲ့ တပ်စုမှူးပေါ့။ " ဝမ်ယန်က အနည်းငယ် စိတ်ဝင်စားသွားသည်။

" ဒါတွေအားလုံး ဖြစ်ပျက်ခဲ့တဲ့အတိုင်း သတင်းပို့ရမှာလား။ " တပ်မှူးက မေးလိုက်သည်။

" အားလုံး ဖြစ်ပျက်ခဲ့တဲ့အတိုင်း သတင်းပို့လိုက်။ " ဝမ်ယန်က ခေါင်းညိမ့်လိုက်သည်။

"ဟုတ်ကဲ့ပါ စစ်သူကြီး။ " တပ်မှူးက အမိန့်ကို လက်ခံပြီး ထွက်သွားရန် ပြင်လိုက်သည်။

" နေဦး။ " ဝမ်ယန်က တားလိုက်သည်။

" တခြားဘာကိစ္စရှိလို့ပါလဲ။ " တပ်မှူးက ပြန်လှည့်လာပြီး မေးလိုက်သည်။

All Chapters