← Chapters

အခန်း (၁၆၅)

Vol. 17 Ch. 165

အခန်း (၁၆၅)

Vol. 17 Ch. 165

ထိုစကားကို ကြားလိုက်ရသောအခါ လီချန်ချန်၏ ဗာဒံစေ့ပုံ မျက်လုံးများ ပြူးကျယ်သွားပြီး သူမ၏ နားကို သူမ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားသည်။

ဤကမ္ဘာလောကတွင် သူမကို လက်ညှိုးထိုးပြီး ဖာသည်မဟု ခေါ်ဝေါ်ရဲသူ ရှိနေသေးသည်လား။ ယခင်က မည်သူမျှ သူမကို ထိုကဲ့သို့ ဆဲဆိုရဲခြင်း မရှိခဲ့ပေ။ သူမ၏ မိဘများကလည်း သည်းမခံနိုင်သလို ကျန်းနန်နယ်စားမင်းကလည်း ထိုကဲ့သို့ မဆဲဆိုရဲပေ။ မြို့တော်ရှိ ဧကရာဇ်မင်းမြတ် ကိုယ်တိုင်ပင် သူမကို ပြုံးပြုံးရွှင်ရွှင်ဖြင့်သာ ပြောဆိုဆက်ဆံရသည်။

ဧကရီနှင့် မယ်တော်ကြီးတို့ပင် သူမကို မြင်လျှင် လက်ကို နူးညံစွာဆုပ်ကိုင်လျက် ဂရုစိုက်မှုကို ပြသကာ လက်ဆောင်ပစ္စည်းများကို အဆက်မပြတ် ပေးသနားလေ့ ရှိသည်။ သို့သော် သူမသည် တော်ဝင်မိသားစုမှ ပေးသော လက်ဆောင်ငယ်များကို ဂရုမစိုက်ဘဲ မျက်တောင်တစ်ခတ် အတွင်းမှာပင် အစေခံများကို ပေးပစ်လေ့ ရှိသည်။

သူမသည် တော်ဝင်မိသားစုဝင် အားလုံး ကပ်စေးနည်းသည်ဟု သူမ၏ ဖခင်လီရူဟိုင်ထံ တိုင်တောခဲ့ဖူးသည်။ လီရူဟိုင်က ရယ်မောကာ ဧကရာဇ်သည် ကပ်စေးနည်းခြင်း မဟုတ်ဘဲ ဆင်းရဲသောကြောင့် ဖြစ်ကြောင်း ပြောပြခဲ့သည်။ ထိုအချိန်မှစ၍ လီချန်ချန်သည် တော်ဝင်မိသားစုအပေါ် လေးစားမှု လုံးဝ မရှိတော့ပေ။ ဧကရာဇ်မနှင့် မယ်တော်ကြီးတို့ပင် သူမကို ချော့မော့ဆက်ဆံရသည်ကို သာမန် မိန်းမစိုးတစ်ကောင်က သူမကို ဆဲဆိုရဲသည်လား။

လီချန်ချန်သည် စကားတစ်ခွန်းမျှ မဆိုဘဲ ဓားကို ဆွဲထုတ်ကာ တုပိုင်၏ လည်ပင်းသို့ ထိုးသွင်းပြီး အသက်ကို ယူရန် ပြင်လိုက်သည်။

“ထန်းးးး။” သွေးကွမ်ရင်မယ်တော်သည် လျှပ်စီးကဲ့သို့ လျင်မြန်သော လှုပ်ရှားမှုဖြင့် လီချန်ချန်၏ ဓားကို ပိတ်ဆို့လိုက်သည်။ သူမ၏ လှပသော မျက်နှာလေးသည် အနည်းငယ် နီရဲနေပြီး မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။

မည်သည့်ကမ္ဘာတွင်မဆို အမျိုးသမီးများ အနှစ်သက်ဆုံး အရာမှာ အမျိုးသားများက သူတို့အတွက် တိုက်ခိုက်ပေးခြင်း ဖြစ်သည်။ ယခုတွင် တုပိုင်သည် သူမအတွက် လီချန်ချန်ကို လက်ညှိုးထိုးကာ ဖာသည်မဟု ရဲဝံ့စွာ ဆဲဆိုခဲ့သည်။ သူမ မည်သို့ မပျော်ရွှင်ဘဲ နေမည်နည်း။

“အစေခံတွေ။ ဒီမိန်းမစိုးခွေးကောင်ကို အပြင်ဆွဲထုတ်ပြီး တစ်စစီ ဆွဲဖြဲပစ်လိုက်စမ်း။ ခုတ်ထစ်ပြီး ခွေးကျွေးပစ်လိုက်။” လီချန်ချန်က​ ဒေါသတကြီးဖြင့် အမိန့်ပေးလိုက်သည်။ ချက်ချင်းပင် လီမိသားစုမှ စစ်သည် အများအပြား ဝင်ရောက်လာကြသည်။

“ဘယ်သူ လုပ်ရဲလဲ။” တုပိုင် တည်ငြိမ်စွာ ပြောလိုက်သည်။ “လီချန်ချန်။ ဒီလောကမှာ မင်းကို ဘယ်သူမှ မပြစ်မှားရဲကြဘူး။ ဧကရာဇ်။ ဧကရီနဲ့ မယ်တော်ကြီးတို့က မင်းကို ချော့မော့နေရတာ မင်းတို့ လီမိသားစုက နယ်ခြားစောင့် အရာရှိတွေ ဖြစ်နေလို့ပဲ။”

“ဧကရာဇ်က မင်းတို့ ပုန်ကန်မှာ ကြောက်လို့ ချော့မော့နေရုံ သက်သက်ပဲ။ ဒီလောကမှာ ငါ့ကို သတ်နိုင်တဲ့သူတွေ အများကြီး ရှိတယ်။ ဧကရာဇ်၊ အိမ်ရှေ့စံ၊ မင်းသမီး၊ ဧကရာဇ်မ၊ မယ်တော်ကြီး၊ အရှေ့ဘက်ကွပ်ကဲရေးရုံး အကြီးအကဲပေါ့။ သူတို့ထဲက တစ်ယောက်ယောက်က ငါ့ကို သတ်ဖို့ အမိန့်ပေးနိုင်တယ်။ ဒါပေမဲ့ မင်းတို့ လီမိသားစု စော်ဘွားကတော့ အဲဒီအထဲမှာ မပါဘူး။”

လီချန်ချန်၏ လှပသော မျက်ဝန်းများ ကျဉ်းမြောင်းသွားပြီးနောက် ဆွဲဆောင်မှုရှိသော အပြုံးတစ်ခုကို ထုတ်ဖော်ကာ ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်သည်။ “အစောင့်တွေ။ ဒီမိန်းမစိုးခွေးကောင်ကို ဒီကနေ ရိုက်ထုတ်လိုက်ကြ။ ဒါပေမဲ့ မသေစေနဲ့ဦး။” လီချန်ချန် အမိန့်ပေးလိုက်သည်။ “အဲဒီ မြင်းကောင်းကိုတော့ ဒီနေ့ ငါ သတ်ပြီး စားပစ်မယ်။”

“ဟုတ်ကဲ့။” လီမိသားစု စစ်သည်များသည် အပြင်ဘက်မှ သစ်သားတုတ်များကို ဆွဲယူကာ တုပိုင်နှင့် အခြားသူများကို ရိုက်နှက် မောင်းထုတ်ရန် ပြင်ဆင်လိုက်ကြသည်။ မှန်ပေသည်။ သူတို့ကို သတ်၍ မရသော်လည်း လီမိသားစုသည် ထိုမျှအထိ မောက်မာပေသည်။ အရှေ့ဘက်ကွပ်ကဲရေးရုံး၏ သခင်လေးနှင့် ကျန်းနန်နယ်စားမင်း၏ မွေးစားသမီးတို့ကို စိတ်ကြိုက် ရိုက်နှက်နိုင်သည်။

ချူဟုန်မြန်နှင့် လီတောက်ကျိန်းတို့သည် မျက်နှာချင်းဆိုင် ရပ်နေကြပြီး သွေးကွမ်ရင်မယ်တော်ကမူ ဓားကို ကိုင်ကာ တုပိုင်၏ အနောက်တွင် အကာအကွယ် ပေးထားသည်။

တုပိုင်သည် မျက်နှာထား ပြောင်းလဲကာ ပြုံးလိုက်ပြီး ပြောလိုက်သည်။

“မိန်းကလေးလီ။ ဘာလို့ ဒေါသထွက်နေတာလဲ။ ကျွန်တော်က သွေးကွမ်ရင်မယ်တော်ကို လောင်းကြေးအဖြစ် ဘယ်တော့မှ အသုံးပြုမှာ မဟုတ်သလို အဲဒီလို လုပ်ဖို့ အရည်အချင်းနဲ့ အခွင့်အရေးလည်း မရှိပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ လောင်းကြေး ပြောင်းလဲလို့ ရပါတယ်။”

“စိတ်မဝင်စားဘူး။ နင်လို မိန်းမစိုးခွေးကောင်က ဘယ်လို လောင်းကြေးမျိုး ပေးနိုင်မှာလဲ။” လီချန်ချန်က ပြောလိုက်သည်။ “ငါ့ လီမိသားစုမှာ ဘာမဆို ရှိတယ်။ ကျန်းနန်နယ်စားမင်းအိမ်တော်ကို အရှက်ခွဲဖို့သာ မဟုတ်ရင် နင်နဲ့ သွေးကွမ်ရင်မယ်တော် နှစ်ယောက်ပေါင်းရဲ့ အသက်က ငါ့ ဖာဂါနာမြင်းရဲ့ ခွာတစ်ဝက်တောင် တန်ဖိုးမရှိဘူး။”

တုပိုင်က သူမကို ဖာသည်မဟု ခေါ်ပြီး သူမက တုပိုင်ကို မိန်းမစိုးခွေးကောင်ဟု ခေါ်သည်။ နှစ်ယောက်သား အတော်ပင် လိုက်ဖက်ညီလှသည်။ သောက်ကျိုးနည်းလှ၏။

တုပိုင်သည် လက်ထဲမှ ဓားကို မြှောက်ပြပြီး ပြောလိုက်သည်။ “ဒီဓားကို ကောင်းကင်ပြာဓား လို့ ခေါ်တယ်။ ဧကရာဇ်မင်းမြတ် ကိုယ်တိုင် မင်းသမီးယွီကျိန်းကို ကျွန်တော်ကို ပေးသနားထားတာ။ မင်းသမီးယွီကျိန်းက ဒီဓားကို ကျွန်တော့်ဆီ ပေးခဲ့တယ်။ အဲဒီတော့ ဒီဓားကို လောင်းကြေးအဖြစ် သုံးရင်ရော ဘယ်လိုလဲ။ ကျွန်တော် ရှုံးရင် ဒီဓားက ခင်ဗျားအပိုင်ပဲ။”

ထိုစကားကို ကြားသောအခါ လီချန်ချန်၏ မျက်နှာထား ပြောင်းလဲသွားသည်။ အဘယ်ကြောင့်ဆိုသော် လီမိသားစု တစ်ခုလုံးသည် မင်းသမီးယွီကျိန်းကို သူတို့၏ လူရင်းအဖြစ် သတ်မှတ်ထားကြပြီး ယခုတွင် သူမ၏ အဖိုးတန်ဓားသည် တုပိုင်လက်ထဲသို့ ရောက်ရှိနေသောကြောင့် ဖြစ်သည်။

“ဆုန်ယွီကျိန်းရဲ့ ဓားက ဘာလို့ နင့်လက်ထဲ ရောက်နေတာလဲ။” လီချန်ချန်က အေးစက်သော အသံဖြင့် မေးလိုက်သည်။

တုပိုင်က ပြောလိုက်သည်။ “ကျွန်တော်တို့ နှစ်ယောက်လုံးက ဆရာသခင်ကြီး နင်ဇောင်ဝူရဲ့ တပည့်တွေလေ။ ကျွန်တော့်ရဲ့ စီနီယာအစ်မက ကျွန်တော့်ကို ဓားတစ်လက် ပေးတာ မဆန်းပါဘူး။”

လီချန်ချန်၏ လှပသော မျက်ဝန်းများသည် တုပိုင်လက်ထဲရှိ ဓားပေါ်သို့ ရောက်ရှိနေသည်။ ဤကောင်းကင်ပြာဓားသည် အဖိုးတန်ဓားတစ်လက် ဖြစ်သော်လည်း လီချန်ချန် ဂရုမစိုက်ပေ။ လီမိသားစုတွင် မည်သည့် အဖိုးတန်ဓားမျိုး မရှိဘဲ နေမည်နည်း။ သို့သော် ဤဓားသည် မင်းသမီးယွီကျိန်း၏ ဓားဖြစ်သောကြောင့် သူမအတွက် အလွန် အဓိပ္ပာယ် ရှိပေသည်။

လီမိသားစုသည် ကျန်းနန်နယ်စားမင်းအိမ်တော်ကို မုန်းတီးပြီး လီချန်ချန်သည် မင်းသမီးနင်းရွှဲ့နှင့် မင်းသမီးယွီကျိန်းကို အမုန်းဆုံး ဖြစ်သည်။ အထူးသဖြင့် မင်းသမီးယွီကျိန်းကို ပိုမုန်းသည်။ လူတိုင်းက အနောက်တောင်ပိုင်းဒေသတွင် ဆုန်ယွီကျိန်းသည် အလှပဆုံး အမျိုးသမီး ဖြစ်သည်ဟု အဘယ်ကြောင့် ပြောကြသနည်း။

‘ငါ လီချန်ချန်ကရော။ နင် ဆုန်ယွီကျိန်းက ငါ့ထက် ဘယ်နေရာ ပိုလှလို့လဲ။ ကိုယ်လုံးကိုယ်ပေါက်၊ ရုပ်ရည်သွင်ပြင်နဲ့ မိသားစု နောက်ခံ ဘယ်အရာမှာများ ငါ လီချန်ချန်က နင့်ထက် နိမ့်ကျနေလို့လဲ။’ ထို့ကြောင့် ဆုန်ယွီကျိန်းကို အရှက်ခွဲရန် အခွင့်အရေး ရှိပါက လီချန်ချန်သည် လုံးဝ လက်လွတ်ခံမည် မဟုတ်ပေ။

အကယ်၍ သူမသည် ဆုန်ယွီကျိန်း၏ ဓားကို ရရှိခဲ့ပါက ထိုဓားကို မီးမွှေးရန် သို့မဟုတ် ပြဿနာရှာရန် အသုံးပြုနိုင်သည်။ အကယ်၍ သူမသည် ဤအဖိုးတန်ဓားကို ဆုန်ယွီကျိန်း၏ ရှေ့မှောက်တွင် ဖျက်ဆီးပစ်လိုက်ပါက မင်းသမီးယွီကျိန်း သေချာပေါက် ဒေါသထွက်ပေလိမ့်မည်။

သေချာပေါက် ဤကောင်းကင်ပြာဓား၏ တန်ဖိုးသည် သူမ၏ ဖာဂါနာမြင်းနှင့် နှိုင်းယှဉ်၍ မရနိုင်ပေ။ သို့သော် ဤပွဲသည် သေချာပေါက် နိုင်မည့်ပွဲ ဖြစ်ပြီး မည်သည့် သို့လောသို့လော ဖြစ်စရာမှ မရှိပေ။ လောင်းကြေး ဆွဲဆောင်မှု ရှိနေသမျှ လီချန်ချန် ပါဝင်ရန် ဝန်လေးမည် မဟုတ်ပေ။

“ကောင်းပြီ။ ဒီ ကောင်းကင်ပြာဓားကို လောင်းကြေးအဖြစ် သုံးကြတာပေါ့။” လီချန်ချန်က ပြောလိုက်သည်။ “မနက်ဖြန် ထျန်လုံမြင်းခြံက ဝိညာဉ်ကြွေလမ်းကြောင်းမှာ နင်နဲ့ငါ မြင်းစီး ပြိုင်ကြမယ်။ နင်နိုင်ရင် လီတစ်ထောင်မြင်းက နင့်အပိုင် ဖြစ်ပြီး ငါ့ရဲ့ ဖာဂါနာမြင်းကလည်း နင့်အပိုင်ပဲ။ နင်ရှုံးရင်တော့ ဆုန်ယွီကျိန်းရဲ့ ကောင်းကင်ပြာဓားက ငါ့အပိုင် ဖြစ်မယ်။ ပြီးရင် အစောက နင့်ရဲ့ ရိုင်းစိုင်းမှုအတွက် ပြစ်ဒဏ်အနေနဲ့ နင့်လျှာ တစ်လက်မဝက်ကို ဖြတ်ယူမယ်။ ဘယ်လိုလဲ။” ဤအသည်းနှလုံးမရှိသော လက်စားချေတတ်သည့် အမျိုးသမီးသည် တကယ်ပင် ရက်စက်လှသည်။

တုပိုင် ခဏမျှ စဉ်းစားပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက်သည်။

အပိုင်း ၁၆၅ ပြီး။

All Chapters