အခန်း (၁၆၆)
Vol. 17 Ch. 166
“ကောင်းပြီ။ ဒါပေမဲ့ ခင်ဗျားက လောင်းကြေး မြှင့်လိုက်မှတော့ ကျွန်တော်လည်း လိုက်မြှင့်ရမှာပေါ့။ ခင်ဗျား ရှုံးရင် ခင်ဗျားပါး ခင်ဗျား ပြန်ရိုက်ရမယ်။ ဘယ်လိုလဲ။”
“ကောင်းပြီ။ သဘောတူတယ်။” လီချန်ချန်က ပြောလိုက်သည်။
“စကားပြောတာက သက်သေမဖြစ်ဘူး။ စာချုပ် ချုပ်ကြတာပေါ့။” တုပိုင်က ပြောလိုက်သည်။ “ဗိုလ်ချုပ်ကြီး ချူဟုန်မြန်နဲ့ ဆရာသခင် လီတောက်ကျိန်းတို့ကို သက်သေအဖြစ် ဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံပါတယ်။”
ထိုအချိန်တွင် သွေးကွမ်ရင်မယ်တော်သည် ဘေးနား၌ ရပ်နေပြီး သူမ၏ နှလုံးသားထဲတွင် ရှုပ်ထွေးသော ခံစားချက်များ ပြည့်နှက်နေသည်။ သူမ အလွန် နေရခက်ပြီး ဆုံးရှုံးသွားသလို ခံစားနေရသည်။ မကြာမီ ဤနေရခက်ပြီး စိတ်ပျက်စရာကောင်းသော ခံစားချက်၏ အရင်းအမြစ်ကို သူမ ရှာတွေ့သွားသည်။
အဘယ်ကြောင့်ဆိုသော် သူမ မည်သည်ကိုမျှ အသုံးကျကျ မလုပ်ဆောင်နိုင်ဘဲ မြင်းကောင်းသည် သူမလက်ထဲတွင် ဆုံးရှုံးခဲ့ရသည်။ ယခုလေးတင် တုပိုင်သည် သူမ၏ ဂုဏ်သိက္ခာအတွက် ဒေါသထွက်ပေးခဲ့သော်လည်း သူသည် သူမအတွက် အရာအားလုံး ပေးဆပ်နေရသည်။ သူမကတော့ တုပိုင်အတွက် ဘာမှမလုပ်ပေးနိုင်သလိုဖြစ်နေလေ၏။
ဤအချက်က သွေးကွမ်ရင်မယ်တော်ကို အလွန် ဝမ်းနည်းစေသည်။ သူမ တစ်စုံတစ်ခုကို သက်သေပြလိုပြီး ပေးဆပ်ရန်လည်း ဆန္ဒရှိသည်။ “နေဦး။” သွေးကွမ်ရင်မယ်တော် ရုတ်တရက် အော်ပြောလိုက်ပြီး တုပိုင်ကို တိုးတိုးလေး ပြောလိုက်သည်။ “ဒီကို လာခဲ့။”
တုပိုင် အံ့အားသင့်သွားသည်။ ဤကောင်မလေး မည်သည်ကိုပြောချင်နေသနည်း။ ထို့နောက် သူမသည် တုပိုင်ကို ထောင့်တစ်နေရာသို့ ဆွဲခေါ်သွားပြီး ပြောလိုက်သည်။ “နင်က မြင်းတောင် မစီးတတ်ဘဲနဲ့ ဘယ်လိုလုပ် နိုင်မှာလဲ။”
တုပိုင် ခဏမျှ စဉ်းစားလိုက်သည်။ အိပ်မက်စနစ်ကို အသုံးပြုပြီး သားရဲဘာသာစကားမြင်းစီးခြင်းအခန်းကဏ္ဍကို လေ့လာရန် တစ်ည အချိန်ရလျှင် လုံလောက်သည်ဟု တွက်ဆလိုက်သည်။ စိတ်စွမ်းအင်ဖြင့် စစ်မြင်းကို ထိန်းချုပ်လိုက်သည်နှင့် သူ အလွယ်တကူ အနိုင်ရရှိနိုင်ပေလိမ့်မည်။
ဤသည်မှာ ဂိမ်း၏လျှို့ဝှက်ကုဒ်ကို အသုံးပြုခြင်းနှင့် တူညီသည်။ အဘယ်ကြောင့်ဆိုသော် ယင်းသည် ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှု မလိုအပ်ဘဲ စိတ်အမိန့်ဖြင့် စစ်မြင်းနှင့် တိုက်ရိုက် ဆက်သွယ်ခြင်း ဖြစ်သောကြောင့် စစ်မြင်း၏ အလားအလာ အပြည့်အဝကို ထုတ်ဖော်နိုင်ပြီး ကိုယ်ပိုင် ခန္ဓာကိုယ်ကဲ့သို့ ထိန်းချုပ်နိုင်မည် ဖြစ်သည်။
“ငါတို့ နိုင်မှာပါ။” တုပိုင် ပြောလိုက်သည်။
သွေးကွမ်ရင်မယ်တော် ခေါင်းညိတ်ပြီး ပြောလိုက်သည်။ “ကောင်းပြီ။ ငါ နင့်ကို ယုံတယ်။”
ထို့နောက် သူမသည် လီချန်ချန်ထံသို့ တည့်တည့် လျှောက်သွားပြီး ပြောလိုက်သည်။
“တုပိုင်ရဲ့ မြင်းက ငါ့ဆီမှာ ဆုံးရှုံးသွားခဲ့တာ။ ဒါကြောင့် ဒီလောင်းကြေးမှာ ငါကပဲ ပါဝင်သင့်တယ်။ တုပိုင်နိုင်ရင် သူ့မြင်းကို ပြန်ပေးရမယ်။ ပြီးတော့ နင့်ရဲ့ မြင်းကောင်းလည်း သူ့အပိုင် ဖြစ်မယ်။ တုပိုင်ရှုံးရင် သူ့ရဲ့ ကောင်းကင်ပြာဓားကို နင့်ဆီ ပေးစရာ မလိုဘူး။ သူ့လျှာကိုလည်း ဖြတ်စရာ မလိုဘူး။ အဲဒီအစား ငါက နင်တို့ လီမိသားစုရဲ့အပိုင် ဖြစ်သွားမယ်။ ငါ့ကို လောင်းကြေးအဖြစ် ထားမယ်။”
အရာအားလုံး မူလအစသို့ ပြန်ရောက်သွားခဲ့သည်။ လီချန်ချန်သည် သွေးကွမ်ရင်မယ်တော်ကို လောင်းကြေးအဖြစ် အသုံးပြုလိုခဲ့သည်။
ထိုစကားကို ကြားသောအခါ တုပိုင်၏ မျက်နှာထား လုံးဝ ပြောင်းလဲသွားပြီး ကြောင်အသွားသည်။ ချက်ချင်းပင် သူ အော်ဟစ်လိုက်သည်။ “မင်း ဘာလုပ်တာလဲ။ ရူးနေလား။”
သွေးကွမ်ရင်မယ်တော်သည် တုပိုင်ကို တားဆီးလိုက်ပြီး လှုပ်ရှားမရအောင် သူ့လက်ကို ဆုပ်ကိုင်ထားကာ ပြောလိုက်သည်။ “ဆုံးဖြတ်ပြီးပြီ။ နင့်ရဲ့ မြင်းက ငါ့လက်ထဲမှာ ဆုံးရှုံးသွားခဲ့တာမို့ ငါ အပြည့်အဝ တာဝန်ယူမယ်။”
ထို့နောက် သူမသည် အခြားလက်တစ်ဖက်ဖြင့် လောင်းကြေးစာချုပ်ကို ရေးသားပြီး လက်မှတ်ထိုးလိုက်သည်။ တုပိုင် ထပ်မံ တားဆီးရန် ကြိုးစားသော်လည်း သူမက သူ့လည်ပင်းကို သိုင်းဖက်ပြီး ပါးစပ်ကို ပိတ်ထားလိုက်ရာ သူ လုံးဝ လှုပ်ရှားမရ ဖြစ်သွားသည်။
ချူဟုန်မြန်က ပြောလိုက်သည်။ “မိန်းကလေး။ မင်း သေချာ စဉ်းစားပြီးပြီလား။”
သွေးကွမ်ရင်မယ်တော်က ပြောလိုက်သည်။ “တုပိုင်က သူ နိုင်နိုင်တယ်လို့ ပြောတယ်။ ကျွန်မ သူ့ကို ယုံတယ်။”
လီချန်ချန်သည်လည်း သူမရှေ့မှ မြင်ကွင်းကြောင့် အံ့သြမှင်သက်နေသော်လည်း ဤအခြေအနေသည် သူမ၏ ဆန္ဒနှင့် ပိုမို ကိုက်ညီနေသည်။ ကျန်းနန်နယ်စားမင်း၏ မွေးစားသမီး ဖြစ်သော သွေးကွမ်ရင်မယ်တော်သည် လီမိသားစုလက်ထဲတွင် အရှက်ရခဲ့ပါက ကျန်းနန်နယ်စားမင်းကို ပိုမို ပြင်းထန်စွာ ပါးရိုက်နိုင်မည် မဟုတ်ပါလော။
ထို့နောက် လီချန်ချန်သည် လောင်းကြေးစာချုပ်ပေါ်တွင် လက်မှတ်ထိုးလိုက်သည်။ ထို့ကြောင့် လောင်းကြေးကိစ္စ ပြီးမြောက်သွားပြီး တရားဝင် အတည် ဖြစ်သွားလေသည်။ ထို့နောက် လီချန်ချန် မထီမဲ့မြင် ပြုံးကာ ပြောလိုက်သည်။ “အချစ်က လူတွေကို တကယ် ကန်းစေပြီး တုံးအစေတာပဲ။ ဒါပေမဲ့ သွေးကွမ်ရင်မယ်တော်။ နင့်အရသာက တော်တော်တော့ ထူးဆန်းတယ်နော်။ မိန်းမစိုးတစ်ယောက်တဲ့လား။”
ထိုစကားကို ကြားသောအခါ သွေးကွမ်ရင်မယ်တော်၏ မျက်နှာ ရဲခနဲ ဖြစ်သွားသည်။ မူလက သွေးကွမ်ရင်မယ်တော်သည် ကိုယ်ကျိုးစွန့်လွှတ်ခြင်းနှင့် ပေးဆပ်ခြင်းမှ ရရှိသော ပျော်ရွှင်မှုကို ခံစားနေရခြင်း ဖြစ်သည်။
သူမနှင့် တုပိုင်ကြား ဆက်ဆံရေးသည် နောက်ဆုံးတွင် တန်းတူညီမျှ အခြေအနေသို့ ပြန်ရောက်သွားပြီ ဖြစ်ပြီး တခြားသူ၏ အကာအကွယ်ကို တုံဏှိဘာဝေ လက်ခံနေရသူ မဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ် ပေးဆပ်ရန် ဆန္ဒရှိသူ ဖြစ်သောကြောင့် ထိန်းချုပ်နိုင်စွမ်း ပြန်ရလာသည်ဟု ခံစားနေရသည်။
သို့သော် တုပိုင်က လီချန်ချန်အား ဖာသည်မ ဟု ဆဲဆိုခဲ့ရုံသက်သက်ဖြင့် သူမသည် သူမကိုယ် သူမလောင်းကြေးထပ်လိုက်သည်လော။ ဤသည်မှာ အချစ်ရူးနေခြင်းကြောင့် ဖြစ်ပေလိမ့်မည်။ လီချန်ချန်၏ စကားကြောင့် လန့်ဖျပ်သွားပြီး သွေးကွမ်ရင်မယ်တော် ချက်ချင်း ငြင်းဆိုလိုက်သည်။ “လျှောက်မပြောနဲ့။ ငါက မင်းသမီးယွီကျိန်းရဲ့ ဓား နင့်လက်ထဲမှာ ပျက်စီးသွားမှာ မလိုလားရုံ သက်သက်ပဲ။”
“ကောင်းပြီ။ ငါ သွားတော့မယ်။” ထို့နောက် ဆက်မနေနိုင်တော့ဘဲ သွေးကွမ်ရင်မယ်တော် တစ်ယောက်တည်း အလျင်အမြန် ထွက်ခွာသွားလေသည်။ ဝေးဝေးရောက်လေ သူမ၏ မျက်နှာ ပိုမို နီရဲလာလေ ဖြစ်ပြီး လည်ပင်းများ ရဲတက်လာကာ နားရွက်ဖျားလေးများပါ သွေးထွက်တော့မတတ် နီရဲလာသည်။
ထိုအချိန်တွင် တုပိုင်သည် စကားမပြောနိုင် ဖြစ်သွားပြီး ကောင်းကင်ကို မော့ကြည့်ကာ တိတ်ဆိတ် ငြိမ်သက်နေမိသည်။ သူ အလွန် စိတ်လှုပ်ရှားသွားသလို အလွန်လည်း စိတ်အနှောင့်အယှက် ဖြစ်မိသည်။ သူမသည် တုပိုင်ကို လောင်းကြေးစာချုပ်တွင် လက်မှတ်ထိုးရန် အတင်းအကျပ် ဖိအားပေးခဲ့ပြီး တုပိုင်မှာ တားဆီးရန် စွမ်းအား မရှိခဲ့ပေ။
‘ခင်ဗျား ကျွန်တော့်အတွက် တစ်ခုခု လုပ်ပေးချင်ရင်တောင် ကျွန်တော့်သဘောထားကို အရင် မေးသင့်တယ် မဟုတ်လား။’
‘ခင်ဗျားက ကျွန်တော့်အတွက် ကိုယ့်ကိုယ်ကိုယ် စွန့်လွှတ်အနစ်နာခံတာက ကျွန်တော့်ကို အရမ်း အကျပ်ရိုက်စေတယ် ဆိုတာ သိရဲ့လား။ အဲဒါက ကျွန်တော့်ကို လူယုတ်မာ တစ်ယောက်လို ပိုဖြစ်စေတယ်။’
‘သောက်ကျိုးနည်း…။ ဘဝနှစ်ခုလုံးမှာ အမျိုးသမီးတွေနဲ့ ပတ်သက်ခဲ့ဖူးပေမဲ့ သွေးကွမ်ရင်မယ်တော်လောက် တုံးအတဲ့ အမျိုးသမီးမျိုး တစ်ခါမှ မတွေ့ဖူးဘူး။’ သူမသည် တကယ့်ကို ရွှေကဲ့သို့ တန်ဖိုးရှိသော အမျိုးသမီး ဖြစ်ပေသည်။
စော်ဘွားသမီးတော် လီချန်ချန်သည် လောင်းကြေးစာချုပ်ပေါ်ရှိ စာများ ခြောက်သွေ့သွားစေရန် မှုတ်လိုက်ပြီး ပြောလိုက်သည်။ “မိုးချုပ်နေပြီ။ နင်တို့အားလုံး ထွက်သွားလို့ ရပြီ။” သူမသည် လူများကို တိုက်ရိုက်ပင် ရိုင်းစိုင်းစွာ မောင်းထုတ်လိုက်သည်။
“မနက်ဖြန် နေ့လယ်ကျရင် ထျန်လုံမြင်းခြံက ဝိညာဉ်ကြွေလမ်းကြောင်းမှာ ငါ့ကို လာတွေ့ကြ။ အဲဒီကျရင် အစစ်အမှန် မြင်းစီးစွမ်းရည် ဆိုတာ ဘာလဲဆိုတာ ငါပြမယ်။ ပြီးတော့ နင်လို မိန်းမစိုးခွေးကောင်ကို မျှော်လင့်ချက် ကုန်ဆုံးသွားတဲ့အထိ ရှုံးနိမ့်သွားအောင် ငါလုပ်ပြမယ်။”
“နင်ရှုံးပြီးရင် သွေးကွမ်ရင်မယ်တော်ကို ရေဆေးပြီး လာပို့လိုက်တော့။”
အပိုင်း ၁၆၆ ပြီး။