← Chapters

အခန်း (၁၆၇)

Vol. 17 Ch. 167

အခန်း (၁၆၇)

Vol. 17 Ch. 167

ရိုးရိုးသားသား ဝန်ခံရလျှင် သွေးကွမ်ရင်မယ်တော် ကိုယ်တိုင်ပင် သူမ ဘာကြောင့် ဒီလို လုပ်ခဲ့မိမှန်း မသိတော့ပေ။ အမှန်တကယ်တော့ သူမ၏ နှလုံးသားထဲတွင် မူလက ခံစားချက် သို့မဟုတ် အချစ်ဟူသည် မရှိခဲ့ပေ။ အကယ်၍ အချစ်ကို ရွေးချယ်ရမည် ဆိုလျှင်လည်း သူမ၏ မိသားစု၊ တနည်းအားဖြင့် ကျန်းနန်နယ်စားမင်း မိသားစုကိုသာ ချစ်ခင်မြတ်နိုးမည် ဖြစ်သည်။

သူမ၏ မွေးစားအဖေ ကျေးဇူးကြောင့်သာ သွေးကွမ်ရင်မယ်တော်ဟူ၍ ယနေ့ ရှိလာခြင်း ဖြစ်သည်။ မွေးစားအဖေသည် သူမကို မွေးစားခဲ့ပြီး သိုင်းပညာ သင်ပေးခဲ့သလို စွမ်းအားကြီးသူ တစ်ယောက် ဖြစ်လာစေရန်နှင့် ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးနိုင်စွမ်း ရှိစေရန် ပံ့ပိုးပေးခဲ့သည်။

ထို့ကြောင့် သူမသည် တစ်သက်လုံး အိမ်ထောင်မပြုဘဲ မွေးစားအဖေကိုသာ လုပ်ကျွေးပြုစုသွားရန် ရည်ရွယ်ထားခဲ့သဖြင့် မည်သည့် အမျိုးသားနှင့်မျှ ရင်းနှီးကျွမ်းဝင်အောင် မနေခဲ့ပေ။ တုပိုင်နှင့် ဖြစ်ပျက်ခဲ့သော ရင်းနှီးကျွမ်းဝင်မှု အဖြစ်အပျက်မှာမူ မတော်တဆမှု တစ်ခုသာ ဖြစ်သည်။

သို့သော် အကြောင်းပြချက် တစ်စုံတစ်ရာကြောင့် ထိုကိစ္စပြီးနောက် သူမ၏ စိတ်ထဲတွင် ရှင်းပြရခက်သော အတွေးတစ်ခု စွဲထင်ကျန်ရစ်ခဲ့သည်။ အစပိုင်းတွင် အဆင်ပြေနေသော်လည်း တုပိုင် သူမရှေ့သို့ ထပ်မံ ရောက်ရှိလာသောအခါ ထိုအတွေးသည် စွဲလမ်းမှု တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

သူမသည် တစ်စုံတစ်ခုကို သက်သေပြလိုခဲ့ပြီး စိတ်လိုက်မာန်ပါ ဖြစ်သွားကာ အရာအားလုံးကို လောင်းကြေးထပ်လိုက်ခြင်း ဖြစ်သည်။ ထို့နောက်တွင် သူမ နောင်တမရသည့်အပြင် ထူးဆန်းသော ပျော်ရွှင်မှု တစ်မျိုးကိုပါ ခံစားလိုက်ရသည်။

အခြားသူအတွက် ပေးဆပ်ရခြင်းက အမှန်တကယ် ပျော်ရွှင်မှုကို ပေးစွမ်းနိုင်ကြောင်း သူမ သိရှိသွားခြင်း ဖြစ်သည်။ တုပိုင်သည် ရွှဲ့ကွမ်ရင်ကို အမီလိုက်ရန် အပြေးလိုက်သွားသည်။

တုပိုင်၏ ခြေသံကို ကြားသောအခါ ရွှဲ့ကွမ်ရင်သည် သူ့ကို အမီမခံလိုသဖြင့် ပိုမို သွက်လက်စွာ လျှောက်သွားလိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူမသည် တုပိုင်ကို ရင်ဆိုင်ရန် အားနည်းနေသည်ဟု ခံစားရသောကြောင့် ဖြစ်သည်။

တုပိုင်က အနောက်မှနေ၍ တိုးတိုးလေး ပြောလိုက်သည်။ “မင်း ရူးနေလား။ ငါက လောင်းကြေးအတွက် မိန်းမတစ်ယောက်ကို မလိုအပ်ပါဘူး။”

သွေးကွမ်ရင်မယ်တော်သည် ရှေ့သို့ သွက်လက်စွာ ဆက်လျှောက်နေရင်း ပြောလိုက်သည်။ “ဒါက ငါ့ရွေးချယ်မှုပါ။ နင်နဲ့ ဘာမှ မဆိုင်ဘူး။”

‘သောက်ကျိုးနည်း…။ ခင်ဗျားက ဂိုဏ်းချုပ်ကြီး ဖြစ်ပြီးတော့ လူ့အသက်ပေါင်းများစွာကို ထိန်းချုပ်နိုင်တဲ့ စွမ်းအားရှင် မဟုတ်လား။ အဲဒီလို ကလေးဆန်တဲ့ စကားတွေ မပြောဘဲ နေလို့ မရဘူးလား။’ ကြည့်ရသည်မှာ စွမ်းရည်အရှိဆုံး အမျိုးသမီး ဖြစ်လင့်ကစား အချစ်စိတ် ဝင်သွားသည်နှင့် ဉာဏ်ရည်မှာ သုညအထိ ကျဆင်းသွားတတ်ပုံ ရသည်။ ဪအချစ်အချစ်။ သိပ်ကိုရက်စက်လွန်းလှသည်။ တစ်ချိန်တည်းတွင် မှော်ဆန်လွန်းလှသည်။

ထို့နောက် သွေးကွမ်ရင်မယ်တော် ရပ်တန့်လိုက်ပြီး ပြောလိုက်သည်။ “တုပိုင်။ အရမ်းကြီး တွေးမနေပါနဲ့။ ဒါတွေအားလုံးက နင်နဲ့ မဆိုင်ပါဘူး။” ထို့နောက် သူမ လေးနက်စွာ ဆက်ပြောလိုက်သည်။

“မင်းသမီးယွီကျိန်းက ငါ့ရဲ့ ညီမ ဖြစ်သလို ငါ့ရဲ့ ဆရာသခင်လည်း ဖြစ်တယ်။ သူ နင့်ကို ပေးထားတဲ့ အဖိုးတန်ဓားကို လောင်းကြေးအဖြစ် အသုံးပြုမှာကို ငါ ခွင့်မပြုနိုင်ဘူး။ အဲဒါက ကျန်းနန်နယ်စားမင်းအိမ်တော်ကို အကြီးအကျယ် စော်ကားရာ ရောက်တယ်။ ပြီးတော့ နင့်မြင်းက ငါ့လက်ထဲမှာ ဆုံးရှုံးသွားတာမို့လို့ ငါ အပြည့်အဝ တာဝန်ယူမှာပါ။”

တုပိုင်သည် လေးနက်နေသော်လည်း ခံစားချက်အစစ်အမှန်များကို ဖုံးကွယ်ထားသော သူမ၏ လှပသော မျက်နှာလေးကို ကြည့်ရင်း စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။ သူ အချို့သော စကားများကို ပေါ့ပေါ့ပါးပါး ပြောလိုက်၍ ရသည်။

ဥပမာအားဖြင့် လောကကြီးထဲတွင် ကျင်လည်နေကြသူများ ဖြစ်သည့်အတွက် သေးငယ်သော ကိစ္စများကို ဂရုစိုက်မနေသင့်ကြောင်း အတူတူ ဒုက္ခခံမည့်အစား တစ်ယောက်နှင့်တစ်ယောက် မေ့လျော့သွားကြသည်က ပိုကောင်းကြောင်း ပြောနိုင်သည်။ သို့သော် ယခု သူ စကားတစ်ခွန်းမျှ မပြောနိုင်ပေ။ သူသည် လူယုတ်မာ တစ်ယောက် ဖြစ်နိုင်သော်လည်း တိရစ္ဆာန်တော့ မဟုတ်ပေ။

ဖြောင့်မတ်ပြီး လှပသော သွေးကွမ်ရင်မယ်တော်၏ မျက်နှာကို ကြည့်ရင်း တုပိုင် သက်ပြင်းချလိုက်သည်။ “ခင်ဗျား ဒီလိုတွေ လုပ်နေရင် နောက်ကျ ကျွန်တော် ဘယ်လို ပြန်ပေးဆပ်ရမလဲ။”

ထိုစကားကို ကြားသောအခါ သွေးကွမ်ရင်မယ်တော်၏ လှပသော မျက်နှာလေး ဖြူဖျော့သွားသည်။ သူမသည် သူ့ကို စူးရဲစွာ စိုက်ကြည့်လိုက်ပြီး ကျယ်လောင်စွာ ပြောလိုက်သည်။

“မလိုချင်ဘူးဟဲ့။”

ထို့နောက် သူမ ပြေးထွက်သွားပြီး မြင်းပေါ်တက်ကာ တုပိုင်နှင့် ဝေးရာသို့ အမြန်ဆုံး ဒုန်းစိုင်း မောင်းနှင်သွားလေသည်။

**--**--**--**--**--**--**--**

“ရွှေလို တန်ဖိုးရှိတဲ့ မိန်းကလေးပဲ မဟုတ်လား။” ချူဟုန်မြန်၏ အသံ အနောက်ဘက်မှ ထွက်ပေါ်လာသည်။

တုပိုင် ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။ “ဒါပေမဲ့ ကျွန်တော်က မိန်းမစိုးလေ။ ပြီးတော့ ကောင်မလေးတစ်ယောက်ရဲ့ နောက်ကွယ်မှာ ပုန်းနေရတဲ့ ကောင်ပဲ။”

ချူဟုန်မြန်က ပြောလိုက်သည်။ “သဘာဝအတိုင်းပဲ ဖြစ်ခွင့်ပေးလိုက်ပါ။ တချို့အချိန်တွေမှာ အမျိုးသမီးတစ်ယောက်ရဲ့ တစ်ဖက်သတ် ပေးဆပ်မှုကလည်း ပျော်ရွှင်မှု တစ်မျိုးပါပဲ။ အမျိုးသားဘက်ကသာ ဒီပျော်ရွှင်မှုကို မနှောင့်ယှက်ရင် ရပြီ။”

အကယ်၍ ယောကျ်ားတစ်ယောက်သာ ဤစကားကို ပြောခဲ့လျှင် သေသည်အထိ ရိုက်နှက်ပြီး အကြိမ်တစ်ရာလောက် သင်းကွပ်ပစ်သင့်သည်။

သို့သော် ထိုစကားကို ပြောသူမှာ ချူဟုန်မြန် ဖြစ်နေသည်။ အဘယ်ကြောင့်ဆိုသော် သူမကိုယ်တိုင် ထိုကဲ့သို့ ပြုမူခဲ့သောကြောင့် ဖြစ်သည်။ သူမသည် ကျန်းနန်နယ်စားမင်း ဆုန်ချွဲကို လေးစားမြတ်နိုးသော်လည်း နှုတ်မှ ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့သလို သူ၏ တုံ့ပြန်မှုကိုလည်း မလိုအပ်ခဲ့ပေ။ သူမ၏ ကြိုးစားအားထုတ်မှုများကို မနှောင့်ယှက်သရွေ့ သူမ ကျေနပ်ခဲ့သည်။

ထို့နောက် ချူဟုန်မြန်က ပြောလိုက်သည်။ “ဒါပေမဲ့ အဲဒီလို ဖြစ်သွားပြီ ဆိုမှတော့ မနက်ဖြန် မြင်းပြိုင်ပွဲကို မင်း အလေးအနက်ထားပြီး ယှဉ်ပြိုင်ရမယ်။ ကလေးကစားစရာလို့ သဘောမထားနဲ့။ ဘာလို့လဲဆိုတော့ အဲဒီပွဲမှာ မြင်းကောင်းတစ်ကောင်တင် မကဘဲ ကွမ်ရင်လေးရဲ့ ဘဝပါ ပါဝင်နေလို့ပဲ။”

တုပိုင် ခေါင်းညိတ်လိုက်သည်။ သူ့ခေါင်း ပြတ်သွားလျှင်တောင် အရှုံးခံမည် မဟုတ်ပေ။ သူ့ကို လုံးဝဥဿုံ သင်းကွပ်လိုက်ပြီး စစ်မှန်သော မိန်းမစိုးတစ်ယောက် ဖြစ်သွားစေဦးတော့ သွေးကွမ်ရင်မယ်တော်ကို လီမိသားစုလက်ထဲ ကျရောက်ခွင့် မပြုနိုင်ပေ။

“ထျန်လုံမြင်းခြံက ဝိညာဉ်ကြွေလမ်းကြောင်း အကြောင်း မင်း သိလား။” ချူဟုန်မြန်က မေးလိုက်သည်။ ထျန်လုံမြင်းခြံကို ကျန်းနန်နယ်စားမင်း ဆုန်ချွဲက မြင်းစီးတပ်ဖွဲ့ လေ့ကျင့်ရန် တည်ထောင်ခဲ့ပြီး တပ်သား တစ်သိန်းနီးပါး ထားရှိဖူးကြောင်း တုပိုင် သိထားသည်။

ဤကမ္ဘာတွင် မြင်းစီးခြင်း အတတ်ပညာ ခေတ်စားသောကြောင့် မြင်းပြိုင်ပွဲများနှင့် လောင်းကစားပွဲ အမျိုးအစား များပြားလှသည်။ နှစ်စဉ်နှစ်တိုင်း စစ်တပ်၊ အာဏာရှိသူများ၊ သူဌေးများ၊ စော်ဘွားမဟာမိတ်များနှင့် အရပ်သားများအကြား မြင်းစီးပြိုင်ပွဲ အမျိုးမျိုးကို ကျင်းပလေ့ ရှိသည်။

ထျန်လုံမြင်းခြံတွင် မြေပြင်အနေအထား အမျိုးမျိုးနှင့် ကိုက်ညီသော ဖြတ်လမ်းများ အတားအဆီးများနှင့် အခြားအင်္ဂါရပ်များ ရှိသည်။ မြင်းစီးတပ်ဖွဲ့ လေ့ကျင့်ရန်သာမက မြင်းစီးပြိုင်ပွဲ အမျိုးမျိုးအတွက်ပါ အသုံးပြုနိုင်သည်။

ဝိညာဉ်ကြွေလမ်းကြောင်းသည် ထျန်လုံမြင်းခြံ တစ်ခုလုံးတွင် အခက်ခဲဆုံး လမ်းကြောင်း ဖြစ်သည်။ တောင်ခြေမှ စတင်ပြီး မီတာ ၉၀၀ မြင့်သော တောင်ထိပ်သို့ တက်ရမည် ဖြစ်ကာ ထိုမှတစ်ဆင့် မီတာ ၁,၀၀၀ ရှည်သော ကြိုးတံတားကို ဖြတ်ကျော်ရမည်။ ထို့နောက် အလွန် ကျဉ်းမြောင်းသော မိုးမျှော်လျှိုမြောင်ကို ဖြတ်သန်းပြီးနောက် လူများကို ကြောက်ရွံ့တုန်လှုပ်စေသော အကွေ့ကိုးခု အချိုးတစ်ဆယ့်ရှစ်ခု ပါဝင်သည့် ချောက်ကမ်းပါးလမ်းကို ဖြတ်ကျော်ရမည် ဖြစ်သည်။

အပိုင်း ၁၆၇ ပြီး။

All Chapters