ကျောက်ဖုန်း၏ ဆေးပညာ...
Vol. 2 Ch. 16
" ကျောက်ဖုန်း အခုဘယ်မှာလဲ။ " ဝမ်ယန်က မေးလိုက်သည်။ " သူက ငါ့အသက်ကို ကယ်ခဲ့တာပဲ။ ငါ သူ့ကို ကျေးဇူးတင်စကားပြောရဦးမယ်။ "
" အသက်ရှင်ကျန်တဲ့ ထောက်ပို့စစ်သားတွေအားလုံးက ဒဏ်ရာရထားကြတာဆိုတော့ အားလုံး ကုသရေးစခန်းမှာ ရှိကြပါတယ်။ " တပ်မှူးက ပြန်ဖြေလိုက်သည်။
" ကောင်းပြီ။ " ဝမ်ယန်က ခေါင်းညိမ့်လိုက်သည်။
ကုသရေးစခန်းအတွင်း။
" ညီလေး မင်းရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုကတော့ တကယ်အံ့ဩစရာပဲ။ " စစ်တပ်ဆေးဆရာက ကျောက်ဖုန်းကို ပတ်တီးစည်းပေးရင်း ပြောလိုက်သည်။ " မင်းက မြားဒဏ်ရာငါးချက် ခံထားရတာတောင် အရိုးနဲ့ အကြောတွေ တစ်ခုမှမထိပဲ မင်းရဲ့ အသားနဲ့ ကြွက်သားတွေကပဲ မြားတွေကို တားဆီးထားတဲ့ပုံပဲ။ မင်း နောက်ထပ် လဝက်လောက်ဆို ပြန်ကောင်းသွားလိမ့်မယ်။ "
" ကျေးဇူးတင်ပါတယ် ဆရာ။ " ကျောက်ဖုန်းက ပြောလိုက်သည်။
" ကျေးဇူးတင်ဖို့မလိုဘူး။ ဒါက ငါတို့ရဲ့ တာဝန်ပဲ။ " စစ်တပ်ဆေးဆရာက ပြုံးလိုက်သည်။ " ကောင်းပြီ။ ငါတခြားစစ်သားတွေကို ကုပေးလိုက်ဦးမယ်။ "
ကုသရေးစခန်းအတွင်း စစ်သားများက နာကျင်စွာ ညည်းညူနေကြသည်။ စစ်မြေပြင်တွင် စစ်သားများ၏ ဒဏ်ရာများက ထုံကျဉ်နေကြသော်လည်း မြားများကို ဆွဲထုတ်ပြီး ကုသမှုစတင်သောအခါမှ ပြင်းထန်စွာ နာကျင်လာခဲ့ခြင်းဖြစ်သည်။ ဒဏ်ရာအပြင်းအထန်ရထားသော စစ်သားများကို ကြည့်ရင်း ကျောက်ဖုန်းက သက်ပြင်းချလိုက်သည်။
" သူတို့ထဲက ဘယ်နှစ်ယောက်များ အသက်ရှင်နိုင်မှာလဲ။ " ထိုအချိန်တွင် ကျောက်ဖုန်းက ပတ်ဝန်းကျင်ကို ကြည့်ပြီး အနည်းငယ် အံ့အားသင့်သွားသည်။
" ဟိုဆေးဆရာ ခင်ဗျားရဲ့ ဓားကို မီးနဲ့ အပူပေးပြီး ပိုးသတ်တာတို့ ဒဏ်ရာကို အရက်ပြင်းနဲ့ သန့်စင်တာတို့ မလုပ်ဘူးလား။ "
အနီးရှိ စစ်တပ်ဆေးဆရာက မြားမှန်ထားသော စစ်သားတစ်ယောက်၏ ဒဏ်ရာကို ဓားဖြင့်ခွဲခါနီးတွင် ဓားကို ဦးစွာပိုးမသတ်သည်ကို မြင်လိုက်ရသဖြင့် ကျောက်ဖုန်းက အံ့အားသင့်သွားခြင်းဖြစ်သည်။ သူ၏ ခန္ဓာကိုယ်မှ မြားကို ဆွဲထုတ်ခဲ့ချိန်တွင် မြားက အပေါ်ယံသာ စိုက်ဝင်နေသောကြောင့် သူ၏ အသားကို ဓားဖြင့် ခွဲရန် မလိုအပ်ခဲ့ပေ။
" မီးနဲ့ ပိုးသတ်တယ်ဆိုတာဘာလဲ။ ပြီးတော့ အရက်နဲ့သန့်စင်တာကရော ဘာလဲ။ " ဘေးမှ ဆေးဆရာက ပြန်မေးလိုက်သည်။
" ဟမ် " ကျောက်ဖုန်းက ဆေးဆရာ၏ တုန့်ပြန်မှုကြောင့် ကြောင်အမ်းအမ်းဖြစ်သွားသည်။
" ဒါက သိပ်ကို အခြေခံကျတဲ့ ဆေးပညာပဲ။ အနာဂတ်မှာ ကလေးတွေတောင် နားလည်ကြတယ်။ ဒါကို ဒီခေတ်က ဆေးဆရာတွေ မသိကြဘူးလား။ "
" အကိုကျောက်..." ကျောက်ဖုန်း၏ ဘေးတွင် ထိုင်နေသော စစ်သားက တိုးတိုးလေး ပြောလိုက်သည်။ " အဲ့ဒီဆေးဆရာက ငါတို့စစ်တပ်မှာ နာမည်ကြီးတဲ့ ဆေးဆရာပဲ။ သူ့ကို ဆရာချန်လို့ ခေါ်ကြတယ်။ သူ့ရဲ့ ပညာတွေက ဆေးဆရာကြီးတစ်ယောက်ဆီက ဆင်းသက်လာတာပဲ။ ဆရာချန် ဒီမှာ ရှိလို့ ငါတို့ညီအကိုတွေ အသက်ဘေးက လွတ်ခဲ့တာပဲ။ "
သူ၏ ဝတ်စုံအရ သူက ထောက်ပို့တပ်ဖွဲ့မှမဟုတ်ဘဲ တိုက်ခိုက်ရေးအထူးစစ်သည်တစ်ယောက်ဖြစ်သည်မှာ ထင်ရှားသည်။ ယခုအချိန်တွင် ကျောက်ဖုန်းက ပေါင်ယွမ်ကို သတ်လိုက်သည့်သတင်းက စစ်တပ်တစ်ခုလုံး ပျံ့နှံ့နေပြီဖြစ်သည်။
" ပိုးသတ်တာကိုမသိတဲ့ ဆေးဆရာလား။ တစ်ခုခုတော့မှားနေပြီ။ ဒါမှမဟုတ် ဒီခေတ်မှာ ပိုးသတ်တဲ့နည်းလမ်းမျိုး မရှိတာ ဖြစ်နိုင်တယ်။ စခန်းထဲကလူတွေ မေးခိုင်ပိုးဝင်တာ မထူးဆန်းပါဘူး။ ပိုးမသတ်ဘဲ ရောဂါပိုးမဝင်မှ အံ့ဩစရာကောင်းနေဦးမယ်။ "
" ညီအကို ကုသရေးစခန်းမှာ ရှင်သန်မှုနှုန်းဘယ်လောက်ရှိလဲ။ " ကျောက်ဖုန်းက ဘေးမှ စစ်သားကို မေးလိုက်သည်။
" ရှင်သန်မှုနှုန်းက ဘာလဲ။ " စစ်သားက နားမလည်ဘဲ မေးလိုက်သည်။
" အာ..." ကျောက်ဖုန်းက အံ့အားသင့်သွားပြီး သူသုံးလိုက်သည့်စကားက ခေတ်ရှေ့ပြေးလွန်းနေသည်ကို သတိထားမိလိုက်သည်။
" ကျုပ်ပြောချင်တာ ကုသရေးစခန်းကို လူဆယ်ယောက် ရောက်လာရင် အသက်ရှင်လျက် ဘယ်နှစ်ယောက်ပြန်သွားနိုင်လဲ။ "
" အဲ့ဒါကတော့ ကောင်းကင်ဘုံပေါ်မှာပဲ မူတည်တယ်။ မင်းသာ ခုနှစ်ရက်ဖျား (မေးခိုင်ပိုး) မဝင်ဘူး၊ သွေးလည်း တိတ်သွားမယ်ဆိုရင်တော့ အသက်ရှင်ဖို့ အခွင့်အရေးရှိတာပေါ့။ ဒါပေမယ့် ခုနှစ်ရက်ဖျားဝင်ရင်တော့ သေဖို့ပဲရှိတယ်။ ပြီးတော့ ကိုယ်တွင်းအင်္ဂါတွေ ထိခိုက်ပြီး သွေးမတိတ်ရင်လည်း သေမှာသေချာတယ်။ "
" အသေးအဖွဲဒဏ်ရာတွေကို ဘေးဖယ်ထားရင် ဒဏ်ရာပြင်းထန်တဲ့ လူဆယ်ယောက်မှာ တစ်ယောက်အသက်ရှင်ရင်တောင် အတော်လေး ကံကောင်းတယ်လို့ ပြောလို့ရတယ်။ ဒါပေမယ့် ဆရာချန်ကိုယ်တိုင်ကုသပေးရင်တော့ အသက်ရှင်ဖို့ အခွင့်အရေး အများကြီး ပိုများသွားတာပေါ့။ "
" ခင်ဗျားက တော်တော်သိတဲ့ပုံပဲ။ " ကျောက်ဖုန်းက ပြောလိုက်သည်။
" ဟူး..." စစ်သားက ခါးသီးစွာ ပြုံး၍ ဆက်ပြောလိုက်သည်။ " ငါ ဒီစခန်းကို အကြိမ်ကြိမ် ရောက်ခဲ့ဖူးတယ်။ ကံကောင်းလို့ သေမင်းက ငါ့ကို မခေါ်သေးတာပဲ။ "
ကျောက်ဖုန်းက အော်ဟစ်ညည်းတွားနေကြသော စစ်သားများကို ကြည့်ပြီး စိတ်မကောင်းဖြစ်မိသွားသည်။ " သူတို့တွေ မေးခိုင်ပိုးဝင်ပြီး သေသွားတာကို ငါက ထိုင်ကြည့်နေရမှာလား။ ငါမသိရင် ကိစ္စမရှိဘူး။ ဒါပေမယ့် ပိုးမသတ်ရင် ဘာဖြစ်မယ်ိုတာ ငါ သေချာသိနေတယ်။ "
" ဘာပဲဖြစ်ဖြစ် ငါက ချင်စစ်သားတစ်ယောက်ပဲ။ ငါ့ရဲ့ ရဲဘော်ရဲဘက်တွေ သေကုန်တာကို ငါ ဒီအတိုင်း ထိုင်ကြည့်မနေနိုင်ဘူး။ " ကျောက်ဖုန်းက ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။ သူက ကုတင်ပေါ်မှ ဖြည်းညင်းစွာ ဆင်းလိုက်ပြီး မလှမ်းမကမ်းရှိ ဆရာချန်ဆီသို့ သွားလိုက်သည်။
" ဆရာချန်..." ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။ " ဆရာချန်က ဆေးပညာမှာ ထူးချွန်တယ်ဆိုတာ ကျုပ်သိပါတယ်။ ဒါပေမယ့် ဒါက ကျုပ်တို့ ရဲဘော်တွေရဲ့ အသက်နဲ့ဆိုင်နေတော့ ကျုပ် အကြံနည်းနည်း ပေးပါရစေ။ "
" ပြောလေ။ " ဆရာချန်က သူ၏ အလုပ်ကိုခဏရပ်ပြီး ကျောက်ဖုန်းကို သံသယဖြင့် ကြည့်လိုက်သည်။
" ပထမဆုံး အသားကို ခွဲတဲ့ဓားကို မီးနဲ့ ပိုးသတ်ပးရပါတယ်။ ဒါက ခုနှစ်ရက်ဖျားဖြစ်စေတဲ့ ညစ်ညမ်းတဲ့ အဆိပ်ပိုးမွှားတွေကို လောင်ကျွမ်းသွားမှာပါ။ စစ်သားတစ်ယောက်ကို ကုပြီးတိုင်း ဓားကို မီးပြန်ကင်ရပါတယ်။ ဒါမှ တစ်ယောက်ဆီက ပိုးက နောက်တစ်ယောက်ဆီကို မကူးမှာပါ။ "
" ဒုတိယအချက်အနေနဲ့ ဒဏ်ရာကို အရက်ပြင်းနဲ့ ဆေးကြောပေးတာကလည်း ခုနှစ်ရက်ဖျားအဆိပ်တွေကို သန့်စင်ပေးနိုင်ပါတယ်။ တကယ်လို့ ကျွန်တော်ရဲ့ နည်းလမ်းအတိုင်း သုံးမယ်ဆိုရင် စစ်သားတွေရဲ့ ရှင်သန်မှုနှုန်းက ၃၀ ရာခိုင်နှုန်း တိုးလာပါလိမ့်မယ်။ " ကျောက်ဖုန်းက လေးနက်စွာ ဆက်ပြောလိုက်သည်။
" အခုရှိနေတဲ့ အရက်က တကယ်ပြင်းတဲ့ အမျိုးအစားမဟုတ်ပေမယ့် ဒါနဲ့ပဲ ဖြစ်အောင်လုပ်လို့ရပါတယ်။ "
ဆရာချန်က ခဏစဉ်းစားပြီးနောက် ကျောက်ဖုန်းကို စိုက်ကြည့်လိုက်သည်။ " မင်းက ဆေးပညာကျွမ်းကျင်လို့လား။ "
" ကျွမ်းကျင်တယ်လို့တော့ ပြောလို့မရပါဘူး။ ဒါပေမယ့် ကျုပ်အမေက ထိပ်တန်းဆေးဆရာမဖြစ်ပြီး ငယ်ငယ်ကတည်းက မြင်တွေ့ခဲ့ရတော့ အချို့အချက်တွေကို နားလည်ထားပါတယ်။ " ကျောက်ဖုန်းက ပြန်ဖြေလိုက်သည်။
" ဓားကို မီးကင်တာတို့ ဒဏ်ရာကို အရက်နဲ့ဆေးတာတို့ကို ငါတစ်ခါမှ မကြားဖူးဘူး။ " ဆရာချန်က ပြောလိုက်သည်။ " ငါသာ ဒါကို စမ်းကြည့်လို့ တစ်ခုခုမှားသွားရင် ငါ့ခေါင်းတင် ပြုတ်မှာမဟုတ်ဘူး။ မင်းမှာလည်း တာဝန်ရှိတယ်နော်။ မင်း တကယ်ပဲ ငါ့ကို အဲ့လိုလုပ်စေချင်တာလား။ "
ကျောက်ဖုန်းက ပတ်ဝန်းကျင်ရှိ နာကျင်စွာ အော်ဟစ်နေကြသော ရဲဘော်များကို ကြည့်လိုက်သည်။ " ကျုပ်နည်းလမ်း အောင်မြင်ရင် ရဲဘော်တွေ အများကြီး ကယ်တင်နိုင်လိမ့်မယ်။ တကယ်လို့ တစ်ခုခုမှားသွားရင် ကျုပ် အပြည့်အဝ တာဝန်ယူပါမယ်။ "
ကျောက်ဖုန်း၏ ပြတ်သားသော အမူအရာကို မြင်သောအခါ ဆရာချန်၏ မျက်လုံးများထဲတွင် ချီးကျူးသောအရိပ်အယောင်အချို့ ပေါ်လာသည်။
" ဟေ့ လူတွေ..." ဆရာချန်က လှမ်းအော်လိုက်သည်။ " မီးဖိုတစ်ဖိုနဲ့ အရက်ပြင်းတာ ယူခဲ့ကြစမ်း။ "
ခဏကြာသောအခါ အစေခံတစ်ယောက်က မီးဖိုတစ်ခု ယူလာပြီး ဘေးတွင် အရက်ပြင်းကလည်း အဆင်သင့် ဖြစ်နေသည်။
" ငါဘာလုပ်ရမလဲဆိုတာ ပြောပြ။ ဒဏ်ရာရတဲ့သူတွေကို ငါကုပေးမယ်။ " ဆရာချန်က ကျောက်ဖုန်းကို ပြောလိုက်သည်။
" ကျုပ်လုပ်ကြည့်မယ်။ " ကျောက်ဖုန်းက ဆရာချန်၏ လက်ထဲမှ ဓားကို ယူပြီး မီးကင်လိုက်သည်။
ဓားက လုံလောက်စွာ ပူသွားသောအခါ သူက ဒဏ်ရာပြင်းထန်ပြီး သတိလစ်နေသော စစ်သားတစ်ယောက်ထံသို့ လျှောက်သွားလိုက်သည်။
" ငါ့မှာ အခြေခံဆေးပညာရှိတော့ မြားတစ်စင်းလောက် ထုတ်ရတာတော့ မခက်ခဲလောက်ပါဘူး။ " ကျောက်ဖုန်းကလည်း ပထမဆုံးအကြိမ် ဖြစ်သဖြင့် ရင်ခုန်နေဆဲ ဖြစ်သည်။
စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်ပြီးနောက် ကျောက်ဖုန်းက ကုသခြင်းလုပ်ငန်းကို စတင်လိုက်သည်။ သူက ဒဏ်ရာပေါ်သို့ အရက်များလောင်းချပြီး ဓားဖြင့် အသားကို ခွဲ၍ မြားကို ဆွဲထုတ်လိုက်သည်။ မြားကို ဆွဲထုတ်လိုက်သည်နှင့် သွေးများစွာ ပန်းထွက်လာသည်။
" အပ်နဲ့ အပ်ချည်ပေး..." ကျောက်ဖုန်းက ချက်ချင်း ပြောလိုက်သည်။
" အပ်နဲ့ အပ်ချည်က ဘာလုပ်ဖို့လဲ။ " ဆရာချန်က အံ့ဩစွာ မေးလိုက်သည်။
" ဒဏ်ရာကို ပြန်ချုပ်မလို့လေ။ " ကျောက်ဖုန်းက စကားပြောပြီးမှ နောက်ပြန်လှည့်ကြည့်လိုက်သည်။ " ခင်ဗျားတို့ စစ်သားတွေရဲ့ ဒဏ်ရာကို မချုပ်ပေးဘူးလား။ "
" မြားကို ဆွဲထုတ်ပြီး သွေးတိတ်ဆေးမှုန့် ထည့်ပေးလိုက်တာလေ။ ဒဏ်ရာချုပ်တယ်ဆိုတာ ဘာအတွက်လဲ။ " ဆရာချန်က နားမလည်နိုင်စွာ မေးလိုက်သည်။
" ရှင်သန်မှုနှုန်းက ဒီလောက်နည်းနေတာ အံ့ဩစရာမရှိဘူး။ ဒီခေတ်ရဲ့ ဆေးပညာက တကယ်အားနည်းလွန်းတာပဲ။ "
" နေပါဦး... ဒဏ်ရာချုပ်တဲ့ နည်းလမ်းက အနောက်ဟန်ခေတ်ကျမှ ပေါ်လာတာထင်တယ်။ အုခအချိန်မှာမရှိသေးဘူးပဲ။ "
ကျောက်ဖုန်းက အင်္ကျီအတွင်းသို့ လက်နှိုက်လိုက်သော်လည်း အမှန်တော့ စနစ်အတွင်းမှ အပ်နှင့် အပ်ချည်ကို ထုတ်ယူနေခြင်းဖြစ်သည်။ ဆရာချန်၏ အံ့အားသင့်သော အကြည့်များအောက်တွင် ကျောက်ဖုန်းက စစ်သား၏ ဒဏ်ရာကို စတင်ချုပ်လိုက်သည်။
ဒဏ်ရာချုပ်ပြီးသောအခါ သွေးထွက်ခြင်းကလည်း နည်းသွားသည်။ ကျောက်ဖုန်းက သွေးတိတ်ဆေးမှုန့်ယူပြီး ဒဏ်ရာပေါ်တွင် သုတ်ပေးလိုက်သည်။