အခန်း (၁၆၈)
Vol. 17 Ch. 168
ဤလမ်းကြောင်းတွင် လူအများစုသည် ပြိုင်ပွဲကို ပြီးဆုံးအောင် မယှဉ်ပြိုင်နိုင်ရုံသာမက အသက်ပါ ဆုံးရှုံးနိုင်သည်။ လမ်းကြောင်းသည် အလွန် ကြမ်းတမ်းပြီး မြင်းစီးသူနှင့် မြင်း၏ စွမ်းရည်ကို အထူး လိုအပ်သည်။
အနည်းငယ် မှားယွင်းမှု သို့မဟုတ် မြင်းနှင့် လူအကြား နားလည်မှု လွဲချော်ခြင်း ရှိသည်နှင့် သွေးမြေကျသော အဆုံးသတ်ကို ရောက်ရှိသွားနိုင်သည်။
“နှစ်တိုင်း ဒီလမ်းကြောင်းမှာ စစ်မြင်းတွေနဲ့ မြင်းစီးသမား အများအပြား သေဆုံးကြတယ်။ မင်း ယုံကြည်မှု ရှိလား။” ချူဟုန်မြန်က မေးလိုက်သည်။
တုပိုင် ခေါင်းညိတ်လိုက်သည်။ တုပိုင်အတွက်မူ လမ်းကြောင်း ပိုခက်ခဲလေ ပိုကောင်းလေ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မြင်းက အနည်းငယ် နှေးနေလျှင်ပင် စစ်မြင်းကို ထိန်းချုပ်နိုင်မှုက အဆုံးအဖြတ် ပေးနိုင်သောကြောင့် ဖြစ်သည်။
စိတ်စွမ်းအင်ဖြင့် စစ်မြင်းများကို ထိန်းချုပ်ခြင်းသည် အတိကျဆုံး နည်းလမ်း ဖြစ်ပြီး အမိန့်ပေးခြင်း။ ကျာပွတ် သို့မဟုတ် ဇက်ကြိုး အသုံးပြုခြင်းထက် ဆယ်ဆမက ပိုမို တိကျသည်။ ထို့ကြောင့် လမ်းကြောင်း ပိုခက်ခဲလေ တုပိုင်အတွက် အားသာချက် ပိုရလေ ဖြစ်သည်။
သေချာပေါက် ယင်းအတွက် ကြိုတင်လိုအပ်ချက်မှာ တုပိုင်အနေဖြင့် သားရဲဘာသာစကား မြင်းစီးခြင်းကဏ္ဍကို တစ်ညတည်းနှင့် အပြီး လေ့လာရမည် ဖြစ်သည်။ ဤသည်မှာ အခြားသူများ တစ်နှစ် နှစ်နှစ်နှင့်ပင် မတတ်မြောက်နိုင်သော အရာ ဖြစ်သည်။
“ကောင်းပြီ။ ဆုံးဖြတ်ပြီးပြီ။” ချူဟုန်မြန်က ပြောလိုက်သည်။ “မနက်ဖြန် ငါ ကိုယ်တိုင် တပ်တွေကို ဦးဆောင်ပြီး ထျန်လုံမြင်းခြံကို လာခဲ့မယ်။ ပြိုင်ပွဲလုပ်ငန်းစဉ် တစ်ခုလုံးကို ကြီးကြပ်ပေးပြီး တစ်ဖက်လူတွေ ပြဿနာ မရှာနိုင်အောင် ကာကွယ်ပေးမယ်။”
**--**--**--**--**--**--**--**
ချူဟုန်မြန်၊ တုပိုင်နှင့် ရွှဲ့ကွမ်ရင်တို့ ထွက်ခွာသွားပြီးနောက် လီချန်ချန်က ပြောလိုက်သည်။
“လာကြစမ်း။ သူတို့ ထိုင်သွားတဲ့ ကုလားထိုင်တွေကို မီးရှို့ပစ်လိုက်။ ကြမ်းခင်းတွေကိုလည်း ခွာပြီး အသစ်လဲလိုက်။”
“ဟုတ်ကဲ့။” အစေခံက ပြန်ဖြေလိုက်သည်။
လီချန်ချန်သည် မကျေနပ်သေးဘဲ ပြောလိုက်သည်။ “မီးရှို့ပြီး အသစ်လဲပြီးသွားရင် ဒီခန်းမဆောင်ကို ပိတ်ထားလိုက်။ ဘယ်သူမှ မသုံးစေနဲ့တော့။”
ဤဖာသည်မလေးသည် တကယ်ပင် ယုတ္တိမရှိပေ။
**--**--**--**--**--**--**--**
တုပိုင်သည် လျန်ကျိုးမြို့သို့ မပြန်ဘဲ ချူဟုန်မြန်၏ ဝံပုလွေတပ်စခန်းသို့ လိုက်ပါသွားခဲ့သည်။ ဗိုလ်ချုပ်ကြီးသည် နောက်ဆုံး ထောက်ပံ့ရေးပစ္စည်းများကို စောင့်ဆိုင်းနေပြီး သဘက်ခါလောက်တွင် တောင်ဘက်သို့ ချီတက်နိုင်ဖွယ် ရှိသည်။
ယခုအချိန်တွင် ရွှဲ့ကွမ်ရင်သည် ပြန်လည် သက်သာလာပြီ ဖြစ်သော်လည်း စိတ်ဓာတ်ကျသွားမည်ကို စိုးရိမ်သဖြင့် တည်ငြိမ်သော မျက်နှာထားကို အတင်းအကျပ် ထိန်းသိမ်းထားသည်။ တုပိုင်ခမျာ ပေါ့ပျက်ပျက် စကားတစ်ခွန်းမျှ မပြောရဲပေ။
“ဒါက စိတ်ဝိညာဉ်ရှိတဲ့ စစ်မြင်းတစ်ကောင်ပဲ။ မင်း စီးကြည့်ပါလား။ မင်းရဲ့ မြင်းစီးစွမ်းရည်ကို ငါ့ကို ပြပါဦး။” ချူဟုန်မြန်က ပြောလိုက်သည်။
တုပိုင် ရင်ထဲတွင် ခါးသီးသွားသည်။ သူ အိပ်မက်ကမ္ဘာထဲသို့ ဝင်ရောက် လေ့လာရခြင်း မရှိသေးသော်လည်း ခေါင်းညိတ်လိုက်သည်။ သူ မြင်းပေါ်သို့ တက်လိုက်ပြီးနောက် ဇက်ကြိုးကို တင်းတင်းဆုပ်ကိုင်ကာ ရှေ့သို့ မောင်းနှင်လိုက်သည်။ မြင်းသည် အရှိန်ပြင်းပြင်းဖြင့် ဒုန်းစိုင်းပြေးထွက်သွားရာ တုပိုင် နောက်သို့ လန်ကျသွားပြီး လဲကျလုနီးပါး ဖြစ်သွားသည်။
သူ၏ စွမ်းဆောင်ရည်မှာ ဆိုးရွားလွန်းလှသည်။ ထို့နောက် မြင်းသည် ပို၍ ပို၍ မြန်လာရာ ကျောပြင်သည် အလွန် လှုပ်ခါလာသည်။ တုပိုင်မှာ မြင်းလည်ပင်းကို ဖက်ထားရသဖြင့် မြင်းကို ပိုမို စိတ်အနှောင့်အယှက် ဖြစ်စေသည်။ မြင်းသည် ပြေးရင်းလွှားရင်း ရှေ့ခြေထောက်ကို မြှောက်ကာ တုပိုင်ကို ကျောပေါ်မှ ခါချရန် ကြိုးစားလေသည်။
ဤအချိန်တွင် တုပိုင်၏ အဖြစ်မှာ ဖရိုဖရဲ ဖြစ်နေသည်ဟုသာ ပြောနိုင်သည်။ သူသည် မြင်းစီးခြင်းနှင့် ပတ်သက်၍ လုံးဝ အတွေ့အကြုံ မရှိသော လူသစ်တစ်ယောက် ဖြစ်သည်။
ထိုမြင်ကွင်းကို မြင်သောအခါ ချူဟုန်မြန်သည် လျှပ်စီးကဲ့သို့ ပြေးထွက်သွားပြီး မြင်းကို အမီလိုက်ကာ ဇက်ကြိုးကို ဆွဲပြီး ရပ်တန့်ပေးလိုက်သည်။ သူမ၏ သိုင်းပညာ စွမ်းရည်မှာ အမှန်တကယ်ပင် အထင်ကြီးဖွယ် ကောင်းလှသည်။
“တုပိုင်။ မင်း မြင်း ဘယ်နှခါ စီးဖူးလဲ။” ချူဟုန်မြန်က မေးလိုက်သည်။
“ကျွန်တော် တစ်ခါမှ မစီးဖူးသလောက်ပါပဲ။” တုပိုင်က ဖြေလိုက်သည်။
ချူဟုန်မြန်က မေးလိုက်သည်။ “မင်းတို့ မိန်းမစိုးအကယ်ဒမီမှာ အထူးပြု မြင်းစီးသင်တန်းတွေ ရှိတယ် မဟုတ်လား။ မင်း ဘယ်လို သင်ခဲ့တာလဲ။”
တုပိုင်က ပြောလိုက်သည်။ “အဲဒီတုန်းက ကျွန်တော် အတန်းလစ်ခဲ့တာ။”
ထိုစကားကို ကြားသောအခါ ဗိုလ်ချုပ်ကြီး ချူဟုန်မြန်၏ မျက်နှာ ချက်ချင်း မည်းမှောင်သွားပြီး ဆူပူလိုက်သည်။ “ပေါက်ကရတွေ။ ပေါက်ကရတွေ။ မင်းက ကွမ်ရင်လေးရဲ့ အသက်ကို ကလေးကစားစရာလို သဘောထားနေတာလား။” ဗိုလ်ချုပ်ကြီး ဒေါသထွက်သည်မှာ အံ့သြစရာ မဟုတ်ပေ။ တုပိုင်သည် မြင်းစီးနည်း မသင်ဖူးဘဲ လီချန်ချန်ကို မြင်းစီးပြိုင်ရန် စိန်ခေါ်ရဲသည်။
လီချန်ချန်သည် အသက် ၅ နှစ် ၆ နှစ် အရွယ်ကတည်းက မြင်းစတင်စီးခဲ့ပြီး သူမ၏ မြင်းစီးစွမ်းရည်မှာ ထိပ်တန်းအဆင့်ဟု ပြောနိုင်သည်။ ထိုမိန်းကလေးသည် ဆိုးသွမ်းပြီး ဗိုလ်ကျတတ်သော်လည်း ဓားသိုင်းနှင့် မြင်းစီးခြင်းကို အမှန်တကယ် ဝါသနာပါသူ ဖြစ်ပြီး အားလပ်ချိန်များတွင် အလွန် ခက်ခဲသော ပြိုင်ကွင်းများ၌ မိမိကိုယ်ကို စိန်ခေါ်လေ့ ရှိသည်။ အနောက်တောင်ပိုင်း စော်ဘွားမဟာမိတ်အဖွဲ့မှ သားသမီးများသည်လည်း အားလပ်ချိန်တွင် မြင်းစီးပြိုင်ပွဲနှင့် လောင်းကစားခြင်းကို နှစ်သက်ကြပြီး ပြိုင်သည့်အခါတိုင်း လီချန်ချန်သည်သာ အမြဲလိုလို အနိုင်ရလေ့ ရှိသည်။
ထို့ပြင် လီချန်ချန် စီးသောမြင်းမှာ သွေးကောင်းမြင်းထက်ပင် သာလွန်သော အလွန်လျင်မြန်ပြီး ခန့်ညားထည်ဝါသည့် အာခါတက်ခီ မြင်း အမျိုးအစား ဖြစ်သည်။ မြင်းစီးခြင်းကို လုံးဝ မသင်ဖူးသော တုပိုင်က လီချန်ချန်ကို စိန်ခေါ်ချင်နေသည်တဲ့လော။ သောက်ကျိုးနည်းလှသည်။
ချူဟုန်မြန်သည် တုပိုင်၏ ဂုဏ်သတင်းကို ကြားဖူးသည်။ အထူးသဖြင့် တက္ကသိုလ်သုံးခု ပူးပေါင်းပြိုင်ပွဲကြီးတွင် ရရှိခဲ့သော ကြီးကျယ်ခမ်းနားသည့် အောင်ပွဲကြောင့် သူမသည် သူ့ကို ထူးချွန်သော လူငယ်တစ်ယောက်အဖြစ် အလိုအလျောက် သတ်မှတ်ထားမိသည်။ သူ၏ ကဗျာနှင့် စာပေကဲ့သို့ပင် မြင်းစီးစွမ်းရည်လည်း ကောင်းမွန်လိမ့်မည်ဟု ထင်မှတ်ထားခဲ့သည်။
အံ့သြစရာကောင်းသည်မှာ ဤသကောင့်သားသည် မြင်းတစ်ခါမျှ မစီးဖူးချေ။ အမှန်တကယ်ကို သောက်ကျိုးအကြီးကြီးနည်းလှသည်။
ထို့နောက် ချူဟုန်မြန်က ပြောလိုက်သည်။ “ကွမ်ရင်လေး။ တုပိုင် မြင်းမစီးတတ်တာ မင်း သိလား။”
သွေးကွမ်ရင်မယ်တော် ခေါင်းညိတ်ပြီး ပြောလိုက်သည်။ “သိပါတယ်။ သူ ကျွန်မကို ပြောပြပါတယ်။”
“ဒါဆို မင်းက ရယ်စရာ ကောင်းနေပြီ။ မင်း အစကတည်းက သိလျက်နဲ့ ဒီလောင်းကြေးကို လက်ခံခဲ့တာလား။ လီမိသားစုက မင်းအပေါ် ထားတဲ့ ဝံပုလွေလို ရည်မှန်းချက်တွေကို သိလျက်နဲ့ ဒုက္ခထဲ တိုးဝင်ခဲ့တာလား။ ဒါဆိုရင် မင်း ပြန်မသွားနဲ့တော့။ ဝံပုလွေတပ်ဖွဲ့ထဲ ဝင်လိုက်ပြီး မနက်ဖြန် ငါနဲ့အတူ တောင်ဘက်ကို လိုက်ခဲ့။ မိုက်မဲပြီး ကိုယ့်ကိုယ်ကိုယ် မဖျက်ဆီးပစ်နဲ့။”
သွေးကွမ်ရင်မယ်တော်က ပြောလိုက်သည်။ “တုပိုင် မြင်းစီးစွမ်းရည်ကို တစ်ညတည်းနဲ့ တတ်မြောက်နိုင်မယ်လို့ ကျွန်မ ယုံတယ်။”
ချူဟုန်မြန်သည် သွေးကွမ်ရင်မယ်တော်ကို အံ့သြတကြီး စိုက်ကြည့်နေသည်။ ဤကောင်မလေး အချစ်ကြောင့် မျက်လုံးကန်းသွားပြီး ပါးစပ်မှလည်း သောက်ကျိုးနည်းစကားများ အဆက်မပြတ်ထွက်လာနေသည်။ မြင်းစီးခြင်းနှင့် မြှားပစ်ခြင်းတို့သည် တူညီသည်။ အချိန်ကာလတစ်ခုအထိ စုဆောင်းလေ့ကျင့်ရပြီး စစ်မြင်းနှင့် ရေရှည် သံယောဇဉ် တည်ဆောက်ရသည်။
မြင်းစီးသူရဲကောင်း အများအပြားသည် အစပိုင်းတွင် မိမိကိုယ်ကို မြင်းနှင့် တွဲချည်ထားပြီး မြင်းစီးကျွမ်းကျင်ရန် မြင်းနှင့်အတူ နေထိုင်စားသောက်ခဲ့ကြရသည်။ ထိုသို့ လုပ်ဆောင်သည့်တိုင် ထူးချွန်သော မြင်းစီးစွမ်းရည် ရရှိရန် နှစ်ပေါင်းများစွာ ကြာမြင့်တတ်သည်။
သို့တိုင်အောင် သူမသည် လီချန်ချန်ကို ယှဉ်နိုင်ဦးမည် မဟုတ်ပေ။ မြင်းမစီးဖူးသလောက် ဖြစ်သော တုပိုင်က အဆင့်မြင့် မြင်းစီးစွမ်းရည်ကို တစ်ညတည်းနှင့် တတ်မြောက်ပြီး လီချန်ချန်ကို အနိုင်ယူမည်ဟု ပြောနေသည်လော။ ဤသည်မှာ သိပ်ကိုမှ ရယ်ချင် စရာကောင်းလွန်းလှသည်။
“ကလေး။ ငါ ရှင်းပြချက် တစ်ခု လိုတယ်။ မဟုတ်ရင် ငါ ဒေါသထွက်တော့မယ်။” ချူဟုန်မြန်က တုပိုင်ကို လေးနက်စွာ ပြောလိုက်သည်။
တုပိုင်က ပြောလိုက်သည်။
အပိုင်း ၁၆၈ ပြီး။