← Chapters

စွမ်းဆောင်မှုရမှတ်များ၏ အသုံးဝင်မှု...

Vol. 2 Ch. 17

စွမ်းဆောင်မှုရမှတ်များ၏ အသုံးဝင်မှု...

Vol. 2 Ch. 17

ကျောက်ဖုန်း၏ ပထမဆုံး ကုသမှု ပြီးဆုံးသွားသည်နှင့် စနစ်၏ အသိပေးချက် ထွက်ပေါ်လာသည်။

" လူတစ်ယောက်ကို ကုသပေးပြီး စွမ်းဆောင်မှုရမှတ် ၁ မှတ် ရရှိသညိ။ "

" လူကယ်ရင် စွမ်းဆောင်မှုရမှတ်တွေရတာလား။ " ကျောက်ဖုန်းက အံ့အားသင့်သွားသည်။ သူက ၎င်းကို လုံးဝ မမျှော်လင့်ထားခဲ့ပေ။

" ဒီစွမ်းဆောင်မှုရမှတ်တွေကို ဘာအတွက်သုံးတာလဲ။ " ကျောက်ဖုန်းက စနစ်ကို မေးလိုက်သည်။

" စွမ်းဆောင်မှုရမှတ် ၁မှတ်က စွမ်းရည် ၅မှတ်နှင့် လဲလှယ်နိုင်သည်။ စွမ်းဆောင်မှုရမှတ် ၁၀မှတ်က မည်သည့်နည်စနစ်ကိုမဆို မြှင့်တင်ပေးနိုင်သော ကျွမ်းကျင်မှုအမှတ် ၁မှတ်နှင့် လဲလှယ်နိုင်ပါသည်။ "

ထိုအသိပေးချက်ကို ကြားသောအခါ ကျောက်ဖုန်းက ဒဏ်ရာရစစ်သည်များ ပြည့်နှက်နေသော စခန်းကို ကြည့်ပြီး ပြုံးလိုက်သည်။

" လူကယ်တာက မမျှော်လင့်ထားတဲ့ ဆုလာဘ်တွေ ရရှိတာပဲ။ စွမ်းဆောင်မှုရမှတ်တွေ သိပ်ကောင်းတာပေါ့။ "

ကျောက်ဖုန်းက ဒဏ်ရာကို ကုသပြီးသောအခါ ဆရာချန်က ဒဏ်ရာကို စစ်ဆေးရန် ရှေ့သို့ တိုးလာသည်။ ချုပ်ထားသောကြောင့် သွေးက လုံးဝနီးပါး ရပ်တန့်သွားပြီး သွေးတိတ်ဆေးမှုန့်ပါ ထည့်လိုက်သောအခါ ပို၍ ထိရောက်သွားသည်။

" ဒီဒဏ်ရာချုပ်တဲ့ပညာက ဒီလောက်တောင် အစွမ်းထက်တာလား။ သွေးထွက်တာက ဒီအတိုင်းကြီးရပ်သွားတာလား။ အပ်နဲ့အပ်ချည်ကို ဒီလိုသုံးလို့ရတယ်ပေါ့။ " ဆရာချန်က ကျောက်ဖုန်းကို အံ့အားသင့်စွာ ကြည့်လိုက်သည်။

" ဒဏ်ရာချုပ်တာက သွေးတိတ်ဖို့ပဲ ကူညီပေးနိုင်တာပါ။ ဒါပေမယ့် ကိုယ်တွင်းအင်္ဂါတွေ ပျက်စီးနေရင်တော့ အသက်ရှင်ဖို့ ကံတရားအပေါ်မှာပဲ မူတည်ပါတယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။

" မင်းရဲ့ ပိုးသတ်တဲ့ နည်းလမ်းက ထိရောက်တာထက် မထိရောက်တာထက် ဒီချုပ်တဲ့ ပညာတစ်ခုတည်းနဲ့တင် တန်ဖိုးဖြတ်လို့မရနိုင်ဘူး။ " ဆရာကြီးချန်က ချီးကျူးလိုက်သည်။

" ငါ့ရဲ့ ဆရာက နာမည်အကြီးဆုံး ဆရာကြီးတစ်ယောက်ပဲ။ ဒါပေမယ့် သူ့မှာတောင် ဒီလိုနည်းစနစ်မျိုးမရှိဘူး။ "

" ကောင်လေး မင်းက တကယ်စစ်သားတစ်ယောက်ရော ဟုတ်လား။ မင်းရဲ့အမေက ဒီပညာတွေ ဘယ်ကသင်လာတာလဲ။ သူမကလည်း ဆေးဆရာကြီးတစ်ယောက်ရဲ့ တပည့်လား။ " ဆရာချန်က အံ့ဩစွာ မေးလိုက်သည်။

" ကျုပ်အမေမှာ ဆရာရှိကောင်းရှိနိုင်ပါတယ်။ ဒါတွေက ကျုပ်ကြုံကြိုက်လို့ သင်ထားမိတဲ့ ပညာတွေပါ။ " ကျောက်ဖုန်းက နှိမ့်ချစွာ ပြောလိုက်သည်။ ဆေးပညာဗဟုသုတရှိသူတစ်ယောက်အတွက် ဒဏ်ရာချုပ်သည့်ပညာက အသုံးပြုရန် မခက်ခဲပေ။

" ငါ့မှာ ကြိုတင်ခံစားချက်တစ်ခုရှိနေတယ်။ ဒီချုပ်တဲ့ပညာသာ လူသိများသွားရင် မင်းကိုယ်တိုင် ဆေးဆရာတစ်ယောက် ဖြစ်လာဖို့ အခြေခံကောင်းတွေ ရှိလာလိမ့်မယ်။ " ဆရာချန်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

" ဆရာချန် ကျုပ်တို့ အချိန်မဖြုန်းသင့်တော့ဘူး။ " ကျောက်ဖုန်းက စခန်းအတွင်း အေယ်ဟစ်သံများကို အာရုံစိုက်လိုက်သည်။

" ကျုပ်နဲ့လိုက်ခဲ့ပါ။ ဒီချုပ်တဲ့ပညာနဲ့ ပိုးသတ်တဲ့ အဓိကအချက်တွေကို ကျုပ်ပြောပြမယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။

" မင်းက ဒီချုပ်တဲ့ပညာကို ငါ့ကို သင်ပေးမှာလား။ " ဆရာချန်က အံ့ဩသွားသည်။ " ဒါက သွေးတိတ်ဖို့အတွက် ထိပ်တန်းလျို့ဝှက်နည်းစနစ်လေ။ "

ဤခေတ်ကာလတွင် ပညာရပ်ဆိုင်ရာ ဂိုဏ်ဂဏခွဲခြားမှုများက အလွန်ပြင်းထန်လှသည်။ မိမိ၏ တပည့်အရင်းမဟုတ်လျှင် မည်သူကမှ ထိုသို့သော ပညာကို လက်ဆင့်ကမ်းပေးမည်မဟုတ်ပေ။

" ကျုပ်က ဒီပညာနဲ့ အသက်မွေးဝမ်းကျောင်းပြုနေတာမဟုတ်ဘူး။ ပြီးတော့ ဒီချုပ်တဲ့ပညာက ရဲဘော်တွေ အများကြီးကို ကယ်တင်နိုင်လိမ့်မယ်။ ကျုပ် ဆရာချန်ကို သင်ပေးမယ်။ ဆရာချန်ကတစ်ဆင့် လက်ဆင့်ကမ်းပေးရင် ဒီနေ့ည ကျုပ်တို့ ရဲဘော်တွေကို ကယ်တင်နိုင်လိမ့်မယ်။ "

"အနာဂတ် ကမ္ဘာကြီး အေးချမ်းသွားရင် ဒါက လူသားအားလုံးအတွက် အကျိုးရှိစေမှာပါ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်ပြီး နောက်ထပ် ဒဏ်ရာရစစ်သည်တစ်ယောက်ထံသို့ လျှောက်သွားလိုက်သည်။

ကျောက်ဖုန်း၏ စကားများကို ကြားသောအခါ ဆရာချန်၏ မျက်နှာတွင် လေးစားသော အမူအရာများ ပေါ်လာသည်။ ထိုကဲ့သို့သော နည်းစနစ်က စစ်တပ်အတွက် အသက်ကယ်ရန် နတ်ဘုရားနည်းစနစ်တစ်ခုသဖွယ် ဖြစ်သော်လည်း သူက မည်သည့်အရာမှတပ်မက်ခြင်းမရှိဘဲ လက်ဆင့်ကမ်းပေးသည်။

" ဒါက ငါ့ဆရာ အမြဲပြောလေ့ရှိတဲ့ ဆေးဆရာတစ်ယောက်ရဲ့ ကရုဏာစိတ်ပဲ။ " ဆရာချန်က အချိန်မဆွဲတော့ဘဲ ကျောက်ဖုန်းနောက်သို့ လိုက်သွားသည်။

လန်ထျန်းစခန်း၏ အကျွမ်းကျင်ဆုံး ဆေးဆရာအဖြစ် ကျော်ကြားသော ဆရာချန်က ယခုအခါ ကျောက်ဖုန်း၏ နောက်တွင် တပည့်တစ်ယောက်သဖွယ် ရပ်နေတော့သည်။

" ဆရာချန် ဓားကို မီးကင်ပြီးမှ အရက်ပြင်းနဲ့ အအေးခံပြီး ပိုးသတ်ရမှာပဲ။ စစ်သားတွေကို အနာသက်သာအောင် အရက်တိုက်တာအပြင် ဒဏ်ရာအပေါ် တိုက်ရိုက်လောင်းချတာကလည်း ပိုးသတ်ပေးနိုင်ပါတယ်။ " ကျောက်ဖုန်းက ဒဏ်ရာရသူများကို ကုသပေးရင်း ပြောလိုက်သည်။

" ဒဏ်ရာချုပ်တာက သတ်မှတ်ထားတဲ့ အရေပြားနဲ့ အသားကို တွဲပြီးချုပ်ပေးရမယ်။ "

ဆရာချန်က အာရုံစိုက်၍ နားထောင်နေသည်။ ထိုမြင်ကွင်းကို စခန်းအတွင်းမှ အခြားဆေးဆရာများက မြင်တွေ့သွားကြပြီး အားလုံး အံ့အားသင့်ကုန်ကြသည်။

" ဟိုစစ်သားက ဒဏ်ရာရတဲ့သူတွေကို ကုသပေးနေတာပဲ။ ဒါပေမယ့် ငါတို့ဆရာက ဘာလို့ သူ့ဆီက ပညာသင်နေသလို ဖြစ်နေတာလဲ။ "

" ဟုတ်တယ်။ အဲ့ဒီစစ်သားက ဆရာကို သင်ပေးနေသလိုပဲ။ "

" မဖြစ်နိုင်တာ။ ငါတို့ဆရာရဲ့ ပညာတွေက ချင်နိုင်ငံတစ်ခုလုံးမှာ အတော်ဆုံး ဆေးဆရာကြီးဆီက ဆင်းသက်လာတာလေ။ သာမန်စစ်သားတစ်ယောက်က ဘယ်လိုလုပ် သူ့ကို သင်ပေးနေတာလဲ။ "

ဆေးဆရာများက ထူးဆန်းစွာ ကြည့်နေကြသည်။ သို့သော် ဆရာချန်က စည်းကမ်းတင်းကျပ်သောကြောင့် ဘာမှမပြောကြပဲ သိလိုစိတ်ဖြင့်သာ စောင့်ကြည့်နေကြသည်။

ခဏကြာသောအခါ ဆံပင်ထုံးထားပြီး စစ်ဝတ်စုံကို ဝတ်ဆင်ထားသော ဝမ်ယန်က ကိုယ်ရံတော်များနှင့် ကုသရေးစခန်းသို့ ရောက်လာသည်။

" ဒီကုသရေးစခန်းကို ဘယ်သူတာဝန်ယူထားတာလဲ။ " ဝမ်ယန်က ချက်ချင်း မေးလိုက်သည်။

တပ်မှူးတစ်ယောက်က အပြေးအလွှားရောက်လာပြီး ဝမ်ယန်ကို အရိုအသေပေးလိုက်သည်။ " စစ်သူကြီးကို ဂါရဝပြုပါတယ်။ "

" အခြေအနေဘယ်လိုရှိလဲ။ " ဝမ်ယန်က မေးလိုက်သည်။

" ဆရာချန်က ဆေးဆရာ ၅၀ကို ဦးဆောင်ပြီး အစွမ်းကုန်ကုသပေးနေပါတယ်။ " တာဝန်ခံတပ်မှူးက ရိုသေစွာ ပြောလိုက်သည်။

" ဆရာချန်ကိုယ်တိုင် ဒီမှာ ရှိနေရင်တော့ စိတ်ချရပါတယ်။ " ဝမ်ယန်က ခေါင်းညိမ့်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ " မင်း ကျောက်ဖုန်းဆိုတဲ့ စစ်သားကို သိလား။ "

" သိပါတယ်။ " တပ်မှူးက ထူးဆန်းသော အမူအရာနှင့် ပြန်ဖြေလိုက်သည်။

" သူဘယ်မှာလဲ။ " ဝမ်ယန်က ထပ်မေးသည်။

" သူ သူက ဆရာချန်ကို ဆေးပညာသင်ပေးနေပါတယ်။ " တပ်မှူးကလည်း နားမလည်စွာဖြင့် ပြန်ဖြေလိုက်သည်။ သူက နောက်လှည့်ပြီး ကုသရေးစခန်း၏ အတွင်းပိုင်းသို့ ညွှန်ပြလိုက်သည်။

ဝမ်ယန်က ကြည့်လိုက်ရာ ခန္ဓာကိုယ်အပေါ်ပိုင်းတွင် ပတ်တီးများ စည်းထားပြီး မျက်နှာတွင် သွေးများစွန်းပေနေသော လူငယ်တစ်ယောက်ကို မြင်လိုက်ရသည်။ သူကိုယ်တိုင်လည်း ကုသမှုခံယူထားသည်မှာ ထင်ရှားလှသည်။

သို့သော် သူက အနားယူခြင်းမရှိဘဲ ဓားလေးတစ်လက်ကို ကိုင်ကာ ဒဏ်ရာရထားသော စစ်သားတစ်ယောက်၏ ခန္ဓာကိုယ်ပေါ်မှ မြားကို ထုတ်ပေးနေသည်။ ထိုစစ်သား၏ ဘေးတွင် တပည့်တစ်ယောက်ကဲ့သို့ ရပ်နေသူမှာ လန်ထျန်းစခန်း၏ အတော်ဆုံး ဆေးဆရာဖြစ်သော ဆရာချန်ဖြစ်ပြီး သူက လက်ထောက်တစ်ယောက်ကဲ့သို့ ဓား၊ ဆေးနှင့် ပတ်တီးများကို ကမ်းပေးနေသည်။

" အဲ့ဒါက ဘာတွေဖြစ်နေတာလဲ။ " ဝမ်ယန်က အံ့ဩစွာဖြင့် မေးလိုက်သည်။

" စစ်သူကြီး ယုံဖို့ခက်ပေမယ့် အဲ့ဒီကျောက်ဖုန်းက ဆရာချန်တောင် အလွန်လေးစားရတဲ့ ဆေးပညာတစ်ခုကို တတ်မြောက်ထားတာပါ။ " တပ်မှူးက ပြုံး၍ ပြောလိုက်သည်။

" အဲ့ဒီပညာက စစ်သားတွေကို အသက်ရှင်ဖို့ အခွင့်အရေး အများကြီး တိုးလာစေပါတယ်။ အခုကျောက်ဖုန်းက ဆရာချန်ကို အဲ့ဒီပညာသင်ပေးနေတာပါ။ "

" သူက တကယ်ပဲ ဆေးပညာကျွမ်းကျင်တာလား။ ဆရာချန်ကိုတောင် ပညာသင်ပေးနိုင်တယ်ပေါ့။ " ဝမ်ယန်က အံ့အားသင့်သွားသည်။

ထိုအချိန်တွင် ကျောက်ဖုန်းက ဒဏ်ရာများကို ချုပ်ပေးခြင်း၊ မြားများထုတ်ပေးခြင်းနှင့် ဒဏ်ရာများကို ဆေးထည့်ပေးခြင်းများ ပြုလုပ်နေသည်။

" လူတစ်ယောက်ကို ကုသပေးပြီး စွမ်းဆောင်မှုရမှတ် ၁မှတ် ရရှိသည်။ "

စနစ်မှ အသိပေးချက်ထွက်ပေါ်လာသောအခါ ကျောက်ဖုန်းက စိတ်အေးသွားသည်။ ၎င်းမှာ ထိုစစ်သား၏ အသက်ကို ကယ်တင်လိုက်နိုင်ပြီဟု အဓိပ္ပါယ်ရသောကြောင့်ဖြစ်သည်။

အကယ်၍ အသိပေးချက် ထွက်ပေါ်မလာလျှင် ကုသမှုမအောင်မြင်ဟု ဆိုလိုခြင်းဖြစ်သည်။ ထိုအချိန်အတွင်း ကျောက်ဖုန်းက လူဆယ်ယောက်ကို ကုသပေးခဲ့ပြီးဖြစ်သော်လည်း အချို့ကိုမူ မကယ်တင်နိုင်ခဲ့ပေ။

All Chapters