← Chapters

အခန်း (၁၇၀)

Vol. 17 Ch. 170

အခန်း (၁၇၀)

Vol. 17 Ch. 170

ဤနည်းဖြင့် မိမိ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်သကဲ့သို့ စစ်မြင်းကို ထိန်းချုပ်နိုင်မည် ဖြစ်သည်။ ထို့ကြောင့် ဤအရာသည် မရေမတွက်နိုင်သော ကြိုးစားအားထုတ်မှုနှင့် လေ့လာသင်ယူမှုများ လိုအပ်ပြီး စိတ်နှစ်ခွဖြစ်ကာ ကိုယ့်ကိုယ်ကိုယ် မြင်းတစ်ကောင်အဖြစ် ရှုမြင်လာသည်အထိ လေ့ကျင့်ရမည် ဖြစ်သည်။

ကံကောင်းစွာဖြင့် တုပိုင်သည် အိပ်မက်ထဲတွင် လဝက်ကျော်ကြာ အချိန်ကုန်ဆုံးခဲ့သည်။ သူသည် စစ်မြင်း၏ စိတ်ပိုင်းဆိုင်ရာ အမိန့်ပေးချက်များကို ထပ်ခါတလဲလဲ အသုံးပြုခဲ့ပြီး အကြိမ်ပေါင်း ရာနှင့်ချီ၊ ထောင်နှင့်ချီ၊ သောင်းနှင့်ချီ၍ လေ့ကျင့်ခဲ့သည်။

အချိန်ကြာလာသည်နှင့်အမျှ အိပ်မက်ထဲရှိ သူ၏ စိတ်ပိုင်းဆိုင်ရာ အမိန့်ပေးချက်များသည် လူသားတစ်ဦးနှင့် မတူတော့ဘဲ စစ်မြင်းတစ်ကောင်နှင့် တူလာခဲ့သည်။

ဥပမာအားဖြင့် သူ လက်မြှောက်ချင်သည့်အခါ သူ၏ ပထမဆုံး တုံ့ပြန်မှုမှာ မြင်းတစ်ကောင်က ခွာမြှောက်သည့် စိတ်ပိုင်းဆိုင်ရာ အမိန့်ပေးချက်ကို လိုက်နာခြင်း ဖြစ်သည်။

ဤအခြေအနေတွင် တုပိုင်သည် စိတ်ပိုင်းဆိုင်ရာ ပြိုကွဲမည့် အခြေအနေသို့ ရောက်ရှိသွားနိုင်သည်။

တစ်ခုမှာ ပုံမှန် ကိုယ်ရည်ကိုယ်သွေး၏ စိတ်ဝိညာဉ်ဖြစ်ပြီး နောက်တစ်ခုမှာ စစ်မြင်းတစ်ကောင်နှင့် တူညီသော စိတ်ပိုင်းဆိုင်ရာ ကမ္ဘာဖြစ်သည်။ တုပိုင်သည် ထပ်ခါထပ်ခါ ကြိုးစားခဲ့သည်။

အိပ်မက်၏ နောက်ဆုံးရက်များတွင် သူသည် စစ်မြင်းတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး မြင်း၏ စိတ်ပိုင်းဆိုင်ရာ အမိန့်ပေးချက်များကို အသုံးပြုကာ သူ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်၍ ပျော်ရွှင်စွာ ခုန်ပျံပြေးလွှားနေခဲ့သည်။ တဖြည်းဖြည်းဖြင့် သူသည် စစ်မြင်းများနှင့် ပတ်သက်သော လျှို့ဝှက်ချက်များစွာကို သိရှိလာခဲ့သည်။

ဥပမာအားဖြင့် စစ်မြင်း၏ အမြင့်ဆုံး အလားအလာကို လှုံ့ဆော်ပေးခြင်း ဖြစ်သည်။ စစ်မြင်းတစ်ကောင်၏ ဦးနှောက်အတွင်းပိုင်းတွင် ဟော်မုန်းအမျိုးမျိုးကို ထုတ်ပေးသော ဦးနှောက်အောက်ပိုင်း ဂလင်းတစ်ခု ရှိသည်။

အမိန့်တစ်ခုခု ပေးလိုက်သည့်အခါ ဤစစ်မြင်းများသည် ဒေါသတကြီး ဖြစ်သွားပြီး သူတို့၏ ကန့်သတ်ချက်များကို ကျော်လွန်ကာ မယုံနိုင်လောက်အောင် မြန်ဆန်စွာ ပြေးလွှားခြင်းနှင့် အလွန်မြင့်မားစွာ ခုန်ပျံခြင်းတို့ကို ပြုလုပ်နိုင်ကြသည်။

သေချာသည်မှာ ဤစိတ်ပိုင်းဆိုင်ရာ အမိန့်ပေးချက်ကို အသုံးမပြုခြင်းက အကောင်းဆုံး ဖြစ်သည်။ ယင်းသည် ခေတ်သစ် စွမ်းဆောင်ရည်မြှင့်ဆေး ပေးလိုက်သကဲ့သို့ဖြစ်ပြီး ယင်းနောက်တွင် စစ်မြင်းသည် အချိန်ကြာမြင့်စွာ ထိုင်းမှိုင်းသွားမည်ဖြစ်သလို မြင်း၏ ခံနိုင်ရည်အားကို ထာဝရ လျော့ကျသွားစေနိုင်သည်။ လူပိန်းနားလည်အောင်ပြောရလျှင် အလွန်အကြွံအားသုံးလိုက်၍ တစ်သက်တာ ဒဏ်ဖြစ်သွားခြင်းပင်။

ထိုသို့ဖြင့် တုပိုင်သည် စိတ်ဝင်စားမှုအပြည့်ဖြင့် စစ်မြင်းတစ်ကောင်၏ စိတ်ပိုင်းဆိုင်ရာ ကမ္ဘာထဲသို့ ဝင်ရောက်သွားခဲ့သည်။ သဲကန္တာရ၊ ပင်လယ်၊ မြက်ခင်းပြင်၊ ချောက်ကမ်းပါးနှင့် တောင်ထိပ် စသည့် နေရာအမျိုးမျိုးတွင် ရူးသွပ်စွာ ပြေးလွှားနေခဲ့သည်။

တုပိုင်သည် ဆရာသခင်ကြီး နင်ဇောင်ဝူအပေါ် လေးစားမှုကို နောက်တစ်ကြိမ် ထုတ်ဖော်ပြသလိုက်သည်။ ဆရာသခင်ကြီးတစ်ဦးထံမှ သိုင်းပညာ သင်ယူခြင်းသည် ဓား၊ လှံတို့ဖြင့် တိုက်ရိုက် လေ့ကျင့်မှု ရှားပါးကြောင်း သူ တွေ့ရှိခဲ့သည်။ ထို့ပြင် ပင်ပန်းခက်ခဲပြီး အရာမရောက်သော လေ့ကျင့်မှုများလည်း နည်းပါးသည်။ သိသာထင်ရှားသော တိုးတက်မှုများကို စိတ်ပိုင်းဆိုင်ရာနှင့် သီအိုရီနယ်ပယ်များတွင်သာ ရရှိလေ့ရှိသည်။

နင်ဇောင်ဝူ၏ သိုင်းပညာကျမ်းစာအုပ်သည် စိတ်စွမ်းအင်ကို အမြင့်ဆုံးအထိ အပြည့်အဝ အသုံးချထားသည်။ နင်ဇောင်ဝူသည် တစ်ကိုယ်တည်း မဟုတ်ကြောင်း တုပိုင် အပြည့်အဝ ယုံကြည်သွားသည်။ သူ့နောက်ကွယ်တွင် အလွန် ထူးခြားဆန်းကြယ်ပြီး အစွမ်းထက်သော အင်အားစုတစ်ခု ရှိနေရမည်။ သို့မဟုတ် သူ၏ ဗဟုသုတနှင့် ပညာရပ်များသည် အစွမ်းထက်ပြီး လျှို့ဝှက်ဆန်းကြယ်သော အင်အားစုတစ်ခုမှ လာခြင်း ဖြစ်နိုင်သည်။

**--**--**--**--**--**--**--**

နောက်တစ်နေ့ မိုးမလင်းမီတွင် ချူဟုန်မြန်က တုပိုင်ကို နှိုးလိုက်သည်။ ဤအချိန်တွင် သူသည် မျက်လုံးမှိတ်ပြီး ၅ နာရီတိတိ တရားထိုင်နေခဲ့ရာ အိပ်မက်ထဲတွင် ရက်ပေါင်း ၂၀ နီးပါး လှည့်လည်သွားလာနေခဲ့ခြင်း ဖြစ်သည်။

“ဘယ်လိုလဲ။” ချူဟုန်မြန် အလွန် အံ့သြသွားသည်။ အဘယ်ကြောင့်ဆိုသော် တုပိုင်သည် တရားထိုင်ရုံသာ ထိုင်နေပြီး လျှို့ဝှက်ကျမ်းစာအုပ်ကို ကိုင်ဆောင်လေ့လာခြင်း မရှိသည်ကို တွေ့လိုက်ရသောကြောင့် ဖြစ်သည်။

“ပြီးသလောက်ပါပဲ။” တုပိုင်က ပြောလိုက်သည်။

သူမက တစ်ညတည်းဖြင့် မြင်းစီးပညာကို ပြီးမြောက်အောင် သင်ယူနိုင်ခဲ့သည် ဆိုခြင်းကို နားမလည်သလို ယုံလည်း မယုံကြည်ပေ။

သို့သော် သူမက ပြောလိုက်သည်။ “ဒါဆို စမ်းကြည့်ရအောင်။ ငါ့တပ်ထဲက မြင်းစီးကျွမ်းကျင်တဲ့ မြင်းစီးတပ်သား တစ်ယောက်ကို ရွေးပြီး မင်းနဲ့ ပြိုင်ခိုင်းမယ်။ သေချာတာပေါ့။”

“ငါတို့ရဲ့ လမ်းကြောင်းက ထျန်လုံမြင်းခြံက ဝိညာဉ်ကြွေလမ်းကြောင်းလောက် မရှုပ်ထွေးသလို အန္တရာယ်လည်း မများပါဘူး။ မြေသားကုန်းဆင်းတွေ၊ မြောင်းတွေ၊ ခြံစည်းရိုး အတားအဆီးတွေလောက်ပါပဲ။ ပြဿနာ ရှိလား။”

“မရှိပါဘူး။” တုပိုင်က ပြန်ဖြေလိုက်သည်။

ချူဟုန်မြန်က ပြောလိုက်သည်။ “ကောင်းပြီ။ မင်းသာ ငါတို့တပ်ဖွဲ့ရဲ့ အတော်ဆုံး မြင်းစီးသမားကို အနိုင်ရရင် လီချန်ချန်နဲ့ သွားပြိုင်လို့ ရပြီ။ အဲဒီလိုမှ မဟုတ်ရင် ငါ ရှောင်ကွမ်ရင်ကို ချက်ချင်း ခေါ်သွားပြီး အရာအားလုံး စွန့်လွှတ်ခိုင်းပြီး ဝံပုလွေတပ်ဖွဲ့ထဲ ဝင်ခိုင်းမယ်။ မင်းကိစ္စတွေကို ငါ ဂရုစိုက်တော့မှာ မဟုတ်ဘူး။ မင်းဖာသာ ရှင်းတော့။”

“ဟုတ်ကဲ့။” တုပိုင် ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီ။ စစ်မြင်းတွေ ရွေးကြတာပေါ့။” ချူဟုန်မြန်က ပြောလိုက်သည်။

တုပိုင် ရွေးချယ်ရန်အတွက် မြင်းကောင်း ၃ ကောင် ရှိသည်။ ယင်းတို့သည် မျိုးကောင်းမြင်းစစ်စစ်များ မဟုတ်သော်လည်း ဝံပုလွေတပ်ဖွဲ့ရှိ အကောင်းဆုံး စစ်မြင်းများ ဖြစ်ကြသည်။ ဘယ်ဘက်တွင် အညိုရောင်မြင်း၊ အလယ်တွင် မီးခိုးရောင်မြင်းနှင့် ညာဘက်တွင် အနက်ရောင်မြင်းတစ်ကောင် ရှိသည်။

တုပိုင်သည် အလယ်မှ မီးခိုးရောင်မြင်းကို ရွေးချယ်လိုက်သော်လည်း ယင်းသည် အသန်မာဆုံး မဟုတ်ဘဲ အမှန်တကယ်တွင် အားအနည်းဆုံး ဖြစ်သည်။ ဘယ်ဘက်မှ အညိုရောင်မြင်းသည် အသန်မာဆုံး ဖြစ်သည်။

“ဘာလို့ အသန်မာဆုံး စစ်မြင်းကို မရွေးတာလဲ။” ချူဟုန်မြန်က မေးလိုက်သည်။

“ဒါက တကယ့် အသက်အန္တရာယ်ရှိတဲ့ ပြိုင်ပွဲ မဟုတ်သေးတော့ အဆင့်မှန်ကို စမ်းသပ်ဖို့ ပိုညံ့တဲ့မြင်းကို ရွေးရမှာပေါ့။” တုပိုင်က ပြောလိုက်သည်။

ချူဟုန်မြန် ခေါင်းညိတ်လိုက်သည်။ ဝံပုလွေတပ်ဖွဲ့၏ မြင်းစီးတပ်မှူးငယ် လန်တန်ရှေ့ထွက်လာသည်။ သူသည် ထူးချွန်သော မြင်းစီးစွမ်းရည်ရှိသည့် ကင်းထောက်တစ်ဦး ဖြစ်သည်။

ဆယ်စုနှစ်တစ်ခုကျော်ကြာ သူသည် အချိန်တစ်ဝက်ခန့်ကို သူ့စစ်မြင်းနှင့်အတူ စားသောက်အိပ်စက်ရင်း ကုန်ဆုံးခဲ့သည်။ သူသည် လမ်းလျောက်နေသကဲ့သို့ သက်တောင့်သက်သာပဲ မြင်းပေါ်တွင် စီးနင်းလိုက်ပါနိုင်သည်။ သူသည် မြင်းပေါ်တွင် အစာစားနိုင်သည်။ မြှားများကို ရှောင်တိမ်းနိုင်ပြီး ကျွမ်းပစ်လျှင်ပင် ပြဿနာ မရှိပေ။

ထို့ပြင် သူသည် စစ်မြင်း၏ အချစ်ဆုံးသူငယ်ချင်း ဖြစ်ပြီး မြင်း၏ အလေ့အထများကို အတွင်းကျကျ သိရှိကာ မြင်းရူးတစ်ယောက် ဖြစ်သည်။ သူသည် အိမ်ထောင်မပြုဘဲ သူ့ဘဝကို စစ်မြင်းနှင့်အတူ ကုန်ဆုံးရန် ရည်ရွယ်ထားသူ ဖြစ်သည်။

ထင်ထားသည့်အတိုင်းပင် ဤဝံပုလွေနှင့်တူသော လန်တန် ရောက်လာသောအခါ မြင်းကောင်း ၃ ကောင်သည် ပျော်ရွှင်စွာ မြည်ဟီးလျက် သူ့ကို ကြိုဆိုရန် ပြေးသွားကြပြီး မိသားစုဝင်တစ်ဦးကို တွေ့ရသကဲ့သို့ သူ၏ ရင်ခွင်ထဲသို့ ခေါင်းကြီးများဖြင့် ချစ်ခင်စွာ ပွတ်သီးပွတ်သပ် လုပ်နေကြသည်။

“ဒါ ငါတို့ ဝံပုလွေတပ်ဖွဲ့ရဲ့ အကောင်းဆုံး မြင်းစီးသမားပဲ။” ချူဟုန်မြန်က ပြောလိုက်သည်။ “လန်တန်။ မင်း ပြောပြပါဦး။ အရင်တုန်းက မြင်းပြိုင်ပွဲတွေမှာ မင်း ဘယ်နှပွဲနိုင်ပြီး ဘယ်နှပွဲ ရှုံးခဲ့လဲ။”

လန်တန်သည် သူ့ဘယ်ဘက်ရှိ မြင်းနက်၏ လည်ဆံမွေးကို ပွတ်သပ်ရင်း ပြောလိုက်သည်။ “ကျွန်တော် ၃၈ ပွဲနိုင်ပြီး ၂ ပွဲ ရှုံးခဲ့တယ်။ တစ်ပွဲက အန်လုံစော်ဘွားအိမ်တော် ကိုယ်စားပြု ယှဉ်ပြိုင်တုန်းက လီချန်ချန်ကို ရှုံးခဲ့တာ။ ကျွန်တော်တို့ကြားက ကွာဟချက်က ကြီးမားလွန်းတယ်။ အဲဒီက အာခါတက်ခီမြင်းတွေက အရမ်း တက်ကြွလွန်းပြီး သူကလည်း မြင်းစီးပညာ ပါရမီရှင်တစ်ယောက် ဖြစ်နေလို့ပါ။”

ဤလန်တန်သည် အလွန် စွမ်းဆောင်ရည် ကောင်းမွန်သော်လည်း လီချန်ချန်ကို ရှုံးနိမ့်ခဲ့သည် ဆိုခြင်းက ဤမောက်မာသော စော်ဘွားမင်းသမီးသည် မြင်းစီးရာတွင် မည်မျှ ကျွမ်းကျင်ကြောင်း ပြသနေသည်။ လန်တန်သည် အကောင်းဆုံး အညိုရောင်မြင်းကို ရွေးချယ်လိုက်ပြီး တုပိုင်က ၃ ကောင်ထဲတွင် အညံ့ဆုံး မီးခိုးရောင်မြင်းကို ရွေးချယ်လိုက်သည်။ ထို့နောက် သူတို့နှစ်ဦး လေ့ကျင့်ရေးကွင်းသို့ ရောက်ရှိလာကြသည်။

ဤစစ်တပ်စခန်းရှိ မြင်းစီးလေ့ကျင့်ရေးကွင်းသည် သိပ်မရှည်လျားဘဲ ၂ ကီလိုမီတာခန့်သာ ရှိသည်။ ယင်းတွင် မြောင်းများ၊ အတားအဆီးများ၊ အနိမ့်အမြင့်များ၊ စမ်းချောင်းများနှင့် ချောသော ကျောက်စရစ်ခဲများ ရှိသည်။ ထျန်လုံမြင်းခြံရှိ ဝိညာဉ်ကြွေလမ်းကြောင်း ကဲ့သို့ မခက်ခဲသော်လည်း အတော်လေး ရှုပ်ထွေးနေဆဲ ဖြစ်သည်။

ဤနေရာတွင် သွေးကွမ်ရင်၊ ချူဟုန်မြန်နှင့် ချူလင်းရှိုတို့မှလွဲ၍ စတုတ္ထမြောက် ပရိသတ် မရှိပေ။ ချူဟုန်မြန်က ပြောလိုက်သည်။ “ပြိုင်ပွဲပုံစံက ရိုးရှင်းပါတယ်။ ဒီလမ်းကြောင်းမှာ စစ်ဆေးရေးဂိတ် ၅ ခု ရှိပြီး စုစုပေါင်း အကွာအဝေးက ၄ လီ ရှိတယ်။”

“လမ်းဆုံးမှာ အလံ ၂ ခု ရှိတယ်။ အနီရောင်အလံက တုပိုင်ကို ကိုယ်စားပြုပြီး အဖြူရောင်အလံက လန်တန်ကို ကိုယ်စားပြုတယ်။ မင်းတို့ ကိုယ့်အလံကို အမြန်ဆုံး သွားယူပြီး ပြန်လှည့်ပြီးတော့ ငါ့ကို ပေးရမယ်။ ငါ့ဆီကို အလံအရင်လာပေးတဲ့သူက ပိုမြန်ပြီး မြင်းစီးစွမ်းရည် ပိုကောင်းတဲ့အတွက် ပြိုင်ပွဲမှာ အနိုင်ရမယ်။ နားလည်လား။”

ထိုသည်က လမ်းကြောင်းကို ၂ ခေါက် ပြေးရသည်နှင့် တူညီပြီး စုစုပေါင်း အကွာအဝေး ၄ ကီလိုမီတာ ဖြစ်သည်။

“ဟုတ်ကဲ့။” တုပိုင်က ပြန်ဖြေလိုက်သည်။

ချူဟုန်မြန်က ပြောလိုက်သည်။ “ဒီပြိုင်ပွဲမှာ ဆုကြေးနဲ့ ပြစ်ဒဏ် မရှိဘူး။ ဒါပေမဲ့ တုပိုင်။ မင်းသာ ရှုံးရင် လီချန်ချန်နဲ့ မြင်းသွားပြိုင်လို့ မရဘူး။”

“ဟုတ်ကဲ့။” တုပိုင် ပြန်ဖြေလိုက်သည်။

အကယ်၍ သူသာ ဤဝံပုလွေနှင့်တူသော လန်တန်ကို ရှုံးနိမ့်ခဲ့လျှင် လီချန်ချန်နှင့် ယှဉ်ပြိုင်ရန် နည်းလမ်းမရှိတော့သလို ထိုမြင်းကောင်းကိုလည်း လက်လွှတ်လိုက်ရပေလိမ့်မည်။

“နှစ်ယောက်လုံး နေရာယူကြ။” ချူဟုန်မြန်က ပြောလိုက်သည်။

ချက်ချင်းပင် တုပိုင်နှင့် လန်တန်တို့သည် မြင်းများကို စီးလျက် ပြိုင်ပွဲလမ်းကြောင်း၏ စမှတ်သို့ ရောက်ရှိလာကြသည်။

တုပိုင်၏ မီးခိုးရောင်မြင်းသည် လန်တန်ကို ခင်တွယ်ပြီး တုပိုင်ကို မကြိုက်သောကြောင့် အနည်းငယ် မလိုလားသည့်ပုံ ပေါက်နေသော်လည်း သောင်းကျန်းခြင်း မပြုဘဲ လိမ္မာနေဆဲ ဖြစ်သည်။ သို့သော် လာမည့်ပြိုင်ပွဲတွင် ပြင်းပြင်းထန်ထန် ယှဉ်ပြိုင်ဖို့ကိုတော့ မေ့ထားလိုက်၍ ရသည်။

ဤပေါ့လျော့နေသော အခြေအနေကို လန်တန် ချက်ချင်း သတိထားမိလိုက်သလို ချူဟုန်မြန်လည်း သတိထားမိလိုက်သည်။

ဤရှုထောင့်မှ ကြည့်လျှင် ပြိုင်ပွဲရလဒ်သည် သေချာသလောက် ရှိနေသည်။ လန်တန် သေချာပေါက် အနိုင်ရပေလိမ့်မည်။ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေသော မြင်းကောင်းတစ်ကောင်သည် အနိုင်ရရန် မဖြစ်နိုင်သလောက်ပင်။

ဆန့်ကျင်ဘက်အနေဖြင့် လန်တန်စီးနင်းထားသော အညိုရောင်မြင်းသည် တိုက်ခိုက်လိုစိတ် ပြင်းထန်နေပြီး အကောင်းဆုံး ယှဉ်ပြိုင်မှု အခြေအနေတွင် ရှိနေသည်။

ရွှဲ့ကွမ်ရင် အလွန် စိတ်လှုပ်ရှားနေသည်။ သူမသည် နိုင်ခြင်း၊ ရှုံးခြင်းအတွက်သာမက တုပိုင်အပေါ် ထားရှိသော ယုံကြည်မှုအတွက်ပါ စိုးရိမ်နေခြင်း ဖြစ်သည်။ တုပိုင်သာ ရှုံးနိမ့်သွားပါက သူသည် သေချာပေါက် အနိုင်ရမည်ဟု ပြောခဲ့သော်လည်း စိတ်မချရသူ ဖြစ်ကြောင်း သက်သေပြလိုက်သလို ဖြစ်သွားပေလိမ့်မည်။

သွေးကွမ်ရင်လို မိဘမဲ့တစ်ယောက် အတွက် လူမှန်ကို ယုံကြည်မိခြင်း ရှိမရှိ ဆိုသည်မှာ အလွန် အရေးကြီးသော ကိစ္စဖြစ်သည်။

ဗိုလ်ချုပ်ချူဟုန်မြန်သည် ညာလက်ကို မြှောက်ကာ အော်ပြောလိုက်သည်။ “အသင့်ပြင်။ သွား။”

သူမ၏ လက်ကို အောက်သို့ပိုင်းဖြတ်လိုက်သည်နှင့် ချက်ချင်းပင် တုပိုင်နှင့် လန်တန်တို့၏ မြင်းနှစ်ကောင်သည် ဒုန်းစိုင်းပြေးထွက်သွားကြလေသည်။

အပိုင်း ၁၇၀ ပြီး။

All Chapters