ဝမ်ယန်နှင့် တွေ့ဆုံခြင်း...
Vol. 2 Ch. 19
ကုသရေးစခန်း၏ အပြင်ဘက်တွင် ဝမ်ယန်က သိုးသားကင်နေသော မီးပုံဘေး၌ ထိုင်နေသည်။ သူမ၏ ဘေးတွင် ကိုယ်ရံတော်များက ဝန်းရံထားကြသည်။
" ဘယ်သူက စစ်သူကြီးဝမ်ယန်လဲ။ " ကျောက်ဖုန်းက အပြင်သို့ ထွက်လာပြီး ချက်ချင်း မေးလိုက်သည်။
ကိုယ်ရံတော်တစ်ယောက်က လျှောက်လာပြီး ကျောက်ဖုန်းကို ကြဘ့်လိုက်သည်။ " မင်းက ကျောက်ဖုန်းလား။ "
" ဟုတ်ပါတယ်။ " ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်သည်။
" ငါ့နောက်လိုက်ခဲ့ပါ။ " ကိုယ်ရံတော်က ပြောပြီး ရှေ့မှ ဦးဆောင်သွားသည်။
" ဒီစစ်သူကြီးဆိုတာ ယန်မြို့မှာ ငါတစ်ခါတွေ့ဖူးတဲ့ မိန်းကလေးထင်တယ်။ " ကျောက်ဖုန်းက ကိုယ်ရံတော်များကို ကြည့်ပြီး တွေးလိုက်သည်။
ကိုယ်ရံတော်၏ နောက်မှ လိုက်လာပြီး ကျောက်ဖုန်းက မီးပုံရှိရာသို့ ရောက်လာသည်။
" ငါထင်တဲ့အတိုင်းပဲ။ သူမပဲ။ " ကျောက်ဖုန်းက သူမကို ချက်ချင်း မှတ်မိသွားသည်။
မည်သို့ပင်ဖြစ်စေ သူမက ယောကျာ်းလေးကဲ့သို့ ဝတ်ဆင်ထားသော မိန်းကလေးတစ်ယောက်ဖြစ်သည်ကို မြင်နိုင်သည်။ သူမက အခြားစစ်သားများကဲ့သို့ ဆံပင်ကို ထုံးထသော်လည်း သူမ၏ ဖြးဖွေးသော အသားအရေနှင့် သေးသွယ်သော ခန္ဓာကိုယ်က ဖုံးကွယ်၍မရပေ။ သေချာကြည့်လျှင် သူမတွင် လည်စေ့လည်းမရှိပေ။
" စစ်သူကြီး လူခေါ်လာပါပြီ။ " ကိုယ်ရံတော်က ဦးညွှတ်ပြီး ပြောလိုက်သည်။
ဝမ်ယန်က ချက်ချင်း ထရပ်ပြီး လှည့်ကြည့်လိုက်သည်။ ကျောက်ဖုန်းကို မြင်သောအခါ သူမက အနည်းငယ် အံ့အားသင့်သွားသည်။ သူမက ကျောက်ဖုန်း၏ အသက်ကို မှားယွင်စွာ ခန့်မှန်းမိခဲ့ခြင်းဖြစ်သည်။
" သူက ဘယ်လိုလုပ်ဒီလောက်ငယ်နေရတာလဲ။ " ဝမ်ယန်က စိတ်ထဲမှ တွေးလိုက်သည်။
ယမန်နေ့က တိုက်ပွဲအတွင်း ကျောက်ဖုန်းက သွေးများဖြင့် ဖုံးလွှမ်းနေသောကြောင့် သူမ၏ မျက်နှာကို လုံးဝ မမြင်ခဲ့ရပေ။
" မင်းက ကျောက်ဖုန်းလား။ " ဝမ်ယန်က မေးလိုက်သည်။
" ဟုတ်ပါတယ်။ " ကျောက်ဖုန်းက ခေါင်းညိမ့်ပြီး အရိုအသေပေးလိုက်သည်။ " စစ်သူကြီး ကျုပ်ကို ဘာလို့ခေါ်လိုက်တာလဲမသိဘူး။ "
" အားလုံး ထွက်သွားကြ။ " ဝမ်ယန်က သူမ၏ ဘေးရှိ ကိုယ်ရံတော်များကို လက်ဝှေ့ရမ်းပြီး ပြောလိုက်သည်။
" ဟုတ်ကဲ့။ " ကိုယ်ရံတော်များက ပြန်ပြောပြီး ထွက်ခွာသွားကြသည်။
သူတို့နှစ်ယောက်တည်း ကျန်ခဲ့သော အချိန်တွင် ဝမ်ယန်က အနည်းငယ် ပြုံး၍ ကျောက်ဖုန်းကို ဦးညွှတ်လိုက်သည်။
" ငါ့ရဲ့ အသက်ကို ကယ်ခဲ့တဲ့အတွက် မင်းကို ကျေးဇူးတင်ပါတယ်။ မနေ့က မင်းသာ မကူညီခဲ့ရင် ငါ ရန်သူလှံချက်နဲ့ သေသွားလောက်ပြီ။ "
" ငါကူညီခဲ့လို့လား။ " ကျောက်ဖုန်းက အံ့အားသင့်သွားပြီး တိုက်ပွဲကို ပြန်လည်စဉ်းစားလိုက်သည်။
ပေါင်ယွမ်ကို သတ်ဖြတ်ရန် ကြိုးစားချိန်တွင် သူက တစ်စုံတစ်ယောက်အား ကယ်တင်မိခဲ့သကဲ့သို့ ဖြစ်ခဲ့သော်လည်း ထိုအချိန်က သိပ်ဂရုမစိုက်ခဲ့ပေ။ မည်သို့ပင်ဖြစ်စေ ထိုနေ့က သူ လူတော်တော်များများကို ကယ်တင်ခဲ့ခြင်းဖြစ်သည်။
" ကျုပ်တို့က ရဲဘော်ရဲဘက်တွေပဲ။ ကျုပ်က လုပ်သင့်လုပ်ထိုက်တာကို လုပ်ခဲ့တာပါ။ စစ်သူကြီးက ဒီလောက်ထိ အလေးအနက်ထားစရာမလိုပါဘူး။ " ကျောက်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။
ကျောက်ဖုန်း၏ တည်ငြိမ်သော အမူအရာကို မြင်သောအခါ ဝမ်ယန်က ပို၍ပင် အံ့အားသင့်သွားပြန်သည်။ သူမ၏ အသက်ကို ကယ်တင်ခဲ့ပြီး ကျေးဇူးတင်ခံရမှန်းသိလျှင် မည်သည့်သာမန်လူမဆို တည်ငြိမ်စွာ နေနိုင်လျှင်တောင် အနည်းဆုံးတော့ ဝမ်းသာသွားပေလိမ့်မည်ဖြစ်သည်။
" မင်းအတွက် ရိုးရှင်းတဲ့ အလုပ်တစ်ခုဖြစ်ရင်တောင် ငါ့အတွက်တော့ ငါ့ရဲ့ အသက်ကို ကယ်တင်ခဲ့တာပဲ။ ငါမင်းကို အကြွေးတင်သွားပြီ။ ငါ တတ်နိုင်ရင် မင်းရဲ့ တောင်းဆိုမှုတစ်ခုကို ဖြည့်ဆည်းပေးမယ်။ "
" ကျုပ်ဘာမှမလိုချင်ပါဘူး။ " ကျောက်ဖုန်းက ခေါင်းခါပြီး ပြောလိုက်သည်။
" ငွေကြေးလား။ အာဏာလား။ ကြိုက်တာကို တောင်းဆိုနိုင်တယ်။ " ဝမ်ယန်က ထပ်မေးလိုက်သည်။
သူမက ထိုကျေးဇူးကြွေးကို ဆပ်ရန်အတွက် လာခဲ့ခြင်းဖြစ်သည်။ ချင်နိုင်ငံ၏ စစ်သေနာပတိချုပ်ဝမ်ကျန့်၏ သမီးဖြစ်သော သူမက ကျေးဇူးရှိလျှင် ပြန်ဆပ်ရန်နှင့် နိုင်ငံတော်အပေါ် သစ္စာစောင့်သိရန်ဟူသော မူဝါဒများနှင့် ကြီးပြင်းလာသူဖြစ်သည်။ အကယ်၍ သူမက ထိုသို့သော ကျေးဇူးကြွေးကို မဆပ်နိုင်ခဲ့လျှင် အခြားသူများက သူမကို ကဲ့ရဲ့ကြပေလိမ့်မည်။
" ကျုပ်မှာ ငွေကြေးအတွက် ကြီးကြီးမားမား လိုအပ်ချက်မရှိပါဘူး။ ကျုပ်ရဲ့ နှစ်စဉ်လစာနဲ့တင် မိသားစုစားဝတ်နေရေးအတွက် လုံလောက်ပါတယ်။ " ကျောက်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။
" အာဏာဆိုတာကလည်း ကျုပ်အတွက် အရေးမကြီးပါဘူး။ ပြီးတော့ ပေါင်ယွမ်ကို သတ်ခဲ့တဲ့အတွက် ဆုလာဘ်ကလည်း အတော်လေးများမှာပါ။ "
ဝမ်ယန်က အနည်းငယ် ကူကယ်ရာမဲ့သွားသည်။ သူမရှေ့မှ ကျောက်ဖုန်းက အလွန်ငယ်ပုံရပြီး သူမနှင့် အသက်ချင်းမတိမ်းမယိမ်းဖြစ်သော်လည်း ရင်းကျက်မှုမှာ အသက်အရွယ်နှင့်မလိုက်အောင် ရှိနေသည်။
" မင်းတကယ်ပဲ ဘာမှမလိုချင်ဘူးလား။ " ဝမ်ယန်က ထပ်မေးလိုက်သည်။
" တကယ်လို့ ကျုပ်လိုချင်တဲ့အရာကို ပြောရမယ်ဆိုရင် တစ်ခုတော့ရှိတယ်။ " ကျောက်ဖုန်းက ရုတ်တရက် ပြုံး၍ ပြောလိုက်သည်။ " ဒါပေမယ့် စစ်သူကြီးက တကယ်လုပ်ပေးမှာလား။ "
" ပြောပါ။ " ဝမ်ယန်က ပြောလိုက်သည်။
" ကျုပ်စစ်တပ်က ထွက်ပြီး အိမ်ပြန်ချင်တယ်။ " ကျောက်ဖုန်းက မျှော်လင့်ချက်များနှင့် ပြောလိုက်သည်။ အကယ်၍ သူမသာ ထိုသို့ဖြစ်အောင် လုပ်ပေးနိုင်လျှင် သူက သူမကို တစ်သက်လုံး ကျေးဇူးတင်နေမည်ဖြစ်သည်။
စစ်တပ်တွင် ကျော်ကြားမှုနှင့် အာဏာရှိရန်ထက် ကျောက်ဖုန်း၏ အကြီးမားဆုံးဆန္ဒမှာ သူ၏ မိခင်ကို ပြုစုစောင့်ရှောက်ရန်သာ ဖြစ်သည်။ သို့သော် သူ၏ လက်ရှိစွမ်းရည်နှင့်ဆိုလျှင် စစ်တပ်နောက် လိုက်ပါရုံဖြင့် သူ၏ အာဏာက အထွတ်အထိပ်သို့ ရောက်ရှိရန် အခွင့်အရေးရှိသည်။
သို့သော် ကျောက်ဖုန်းက အနာဂတ်တွင် ဘာဖြစ်မည်ကို သိနေသည်။ ချင်ရှီဟွမ်၏ ကွယ်လွန်ပြီး ဟူဟိုင်နန်းတက်ကာ ဒုတိယမြောက် ဧကရာဇ်လက်ထက်တွင် ချင်မင်းဆက် ပျက်သုဉ်းသွားမည်ဖြစ်သည်။ ထိုအရာများက ဝေးကွာသည်ဟု ထင်ရသော်လည်း အမှန်တကယ်တွင် နှစ်ပေါင်း ၂၀ သာ လိုတော့သည်။ အကယ်၍ သူသာ အလိုရှိလျှင် ချင်မင်းဆက်အဆုံးသတ်ကာလအတွင်း ဖြစ်ပေါ်လာသော ဖရိုဖရဲအခြေအနေတွင် ကိုယ်ပိုင်အင်ပါယာတစ်ခု တည်ထောင်နိုင်သည်။
သို့သော် သူက စစ်အာဏာအပေါ် စိတ်မဝင်စားသည့်အကြောင်းရင်းမှာ သူ၏ မိခင်က ကျန်းမာရေးမကောင်းသောကြောင့် ဖြစ်သည်။ သူနှင့် သူ၏ ညီမက အမြွှာမောင်နှမများဖြစ်ပြီး သူတို့ မွေးဖွားပြီးချိန်တွင် သူတို့၏ မိခင်မှာ ကျန်းမာရေးချို့တဲ့ကာ ဖျားနာနေခဲ့သည်။
ကျောက်ဖုန်းက သူမ၏ နံဘေးတွင် နေပြီး ပြုစုစောင့်ရှောက်ပေးလိုသည်။ ထိုခေတ်တွင် ကလေးမွေးခြင်းမှာ သေမင်းနှင့် ရုန်းကန်နေရခြင်းဖြစ်ပြီး အမြွှာမွေးဖွားခြင်းက ပို၍ပင် အန္တရာယ်များလှသည်။
" ဘာ..." ဝမ်ယန်က သူ့ကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။ " မင်းက စစ်တပ်ကထွက်ပြီး အိမ်ပြန်ချင်တာလား။ "
" မှန်ပါတယ်။ " ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်သည်။
" မင်း ဘာတွေပြောနေတယ်ဆိုတာ သိရဲ့လား။ ဒီတိုက်ပွဲတစ်ခုတည်းနဲ့ မင်းက ရန်သူသုံးရာကို သတ်ခဲ့တယ်။ အဲ့ဒါနဲ့တင် ကြီးမားတဲ့ အောင်မြင်မှုတစ်ခုဖြစ်နေပြီ။ အဲ့ဒါအပြင် မင်းက ပေါင်ယွမ်ကိုပါ သတ်ခဲ့တာပဲ။ "
" ငါတို့ ထောက်ပို့တပ်ရဲ့ ရိက္ခာလမ်းကြောင်းကို ပေါင်ယွမ်ရဲ့ တိုက်ခိုက်မှုကနေ လွတ်မြောက်ခဲ့တာကလည်း မင်းကြောင့်လို့ပဲ ပြောလို့ရတယ်။ ဒီအောင်မြင်မှုတွေနဲ့ဆို မင်း ရာထူးတွေတိုးနိုင်သလို ဘွဲ့ထူးတွေလည်း ရနိုင်တယ်။ မင်းရဲ့ အနာဂတ်က တောက်ပနေတာကို အခု မင်းက စစ်တပ်က ထွက်သွားချင်တာလား။ " ဝမ်ယန်က အံ့ဩစွာ မေးလိုက်သည်။
သူမက ထိတ်လန့်အံ့ဩနေသော်လည်း ကျောက်ဖုန်းက တည်ငြိမ်နေဆဲ ဖြစ်သည်။ ထိုကဲသို့သော အောင်မြင်မှုများနှင့် စစ်တပ်မှ ထွက်လိုခြင်းမှာ သူမအတွက် အရူးတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။
" ဟုတ်ပါတယ်။ " ကျောက်ဖုန်းက ပြန်ဖြေသည်။
ကျောက်ဖုန်းက နောက်ပြောင်နေခြင်းမဟုတ်သည်ကို မြင်သောအခါ ဝမ်ယန်က ဆွံ့အသွားပြီး ဘာပြောရမှန်းမသိ ဖြစ်သွားသည်။
မီးပုံပေါ်တွင် ကင်ထားသော သိုးသားကို မြင်သောအခါ ကျောက်ဖုန်းက အားမနာတမ်း မေးလိုက်သည်။ " ဒီသိုးသားကင်က ကျုပ်အတွက်ကင်ထားတာလား။ "
ဝမ်ယန်က ပြန်မဖြေဘဲ ထူးဆန်းစွာဖြင့် ကြည့်နေသည်။ ကျောက်ဖုန်းက မီးပုံဘေးတွင် ထိုင်ပြီး ဓားငယ်တစ်လက်ကို ထုတ်ကာ အသားတစ်ဖဲ့ကို လှီးယူလိုက်သည်။
" ချင်နိုင်ငံရဲ့ စစ်တပ်စည်းမျဉ်းအရ စစ်မှုထမ်းနှစ်က နှစ်နှစ်ပဲ။ တိုက်ခိုက်ရေးစစ်သည်တွေအတွက်ကတော့ ငါးနှစ်သတ်မှတ်ထားတယ်။ ဘယ်သူမှ ဒီသတ်မှတ်ချက်တွေကို ပြင်ဆင်ခွင့်မရှိသလို စစ်သားတစ်ယောက်ကိုလည်း သတ်မှတ်ချိန်မတိုင်ခင် ထွက်သွားခွင့်ပေးပိုင်ခွင့်လည်း မရှိဘူး။ အဲ့လိုလုပ်ရင် ချင်နိုင်ငံရဲ့ ဥပဒေအရ ပြင်းပြင်းထန်ထန် အပြစ်ပေးခံရလိမ့်မယ်။ "
" မင်းပြောတာမှန်တယ်။ အဲ့ဒီတောင်းဆိုမှုကို ငါမဖြည့်ဆည်းပေးနိုင်ဘူး။ "
" ကိစ္စမရှိဘူး။ " ကျောက်ဖုန်းက ဘာမှမဖြစ်သကဲ့သို့ ပြုံး၍ ပြောလိုက်သည်။ " ကျုပ်က စစ်တပ်ထဲရောက်တာ ခြောက်လရှိပြီ။ သတ်မှတ်ချက်အရဆို နောက်တစ်နှစ်ခွဲနေရင် အိမ်ပြန်လို့ရမှာပဲ။ "
သူက ဝမ်ယန်ကို စနောက်သည့်သဘောဖြင့်သာ မေးမြန်းခဲ့ခြင်းဖြစ်သည်။ အကယ်၍ စောစောပြန်ရလျှင် အလွန်ကောင်းမည်ဖြစ်ပြီး မပြန်ရလျှင်လည်း ပြဿနာမရှိပေ။ မည်သို့ပင်ဖြစ်စေ သူက စစ်ပြေးတစ်ယောက်တော့ အဖြစ်မခံလိုပေ။ ပြစ်ဒဏ်က အလွန်ပြင်းထန်ပြီး အလုပ်ကြမ်းဖြင့် ထောင်ဒဏ် အပြစ်ပေးခံရမည်ဖြစ်သည်။