အားလုံးက အသက်ရှင်ဖို့ပဲ၊ ဘယ်သူမှမမှားပါဘူး....
Vol. 2 Ch. 20
" မင်းရဲ့ အရည်အချင်းနဲ့ဆိုရင် အစကတည်းက တိုက်ခိုက်ရေးစစ်သည်ဖြစ်ရမှာပါ။ ဘာလို့ ထောက်ပို့တပ်ဖွဲ့ထဲကို ရောက်လယတာလဲ။ " ဝမ်ယန်က နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။
" ကျုပ်မှာ ဘာအရည်အချင်းရှိလို့လဲ။ ရှင်သန်ဖို့အတွက် ကြိုးစားရင်းနဲ့ ဒီလိုတွေဖြစ်လာတာပဲ။ " ကျောက်ဖုန်းက ရယ်ပြီး ပြောလိုက်သည်။
အမှန်တော့ သူက စစ်သင်တန်းတက်စဉ်ကတည်းက သူ၏ အရည်အချင်းများကို ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားခဲ့ခြင်းဖြစ်သည်။ ကျောက်ဖုန်း၏ အဖြေကို ကြားသောအခါ ဝမ်ယန်က မျက်လုံးလှန်ကြည့်လိုက်သည်။
" မင်းက ကိုယ့်နာမည်ကို ကျော်ကြားအောင် မလုပ်ချင်ဘူးလား။ " ဝမ်ယန်က မနေနိုင်တော့ဘဲ မေးလိုက်သည်။ " မင်းရဲ့ အစွမ်းနဲ့ဆိုရင် အနာဂတ်မှာ ရာထူးကြီးကြီးမားမား သေချာပေါက် ရနိုင်လိမ့်မယ်။ " သူမက ကျောက်ဖုန်းဘာတွေးနေသည်ကို နားမလည်နိုင်ဖြစ်နေသည်။
သူက ကြီးမားသော အရာများကို လုပ်ဆောင်နိုင်စွမ်းရှိသော်လည်း ၎င်းတို့ကို လုပ်ရန် စိတ်ဝင်စားမှု လုံးဝမရှိပေ။ ကျောက်ဖုန်းက ပြန်မဖြေဘဲ သိုးသားကင်ကိုသာ စားနေသည်။
စစ်ထဲဝင်ပြီးကတည်းက ကျောက်ဖုန်းက အသားမစားရသည်မှာ ကြာပြီဖြစ်သည်။ ချင်နိုင်ငံက စစ်တပ်ကို ကောင်းကောင်းထောက်ပံ့ပေးထားသော်လည်း ထိုဆက်ဆံမှုမှာ စစ်မြေပြင်တွင် တိုက်ခိုက်နေရသော စစ်သည်များအတွက်သာ ဖြစ်သည်။
ထောက်ပို့တပ်ဖွဲ့အတွက် အစားအစာမှာ ငတ်မသေရုံမျှသာ ကျွေးမွေးခြင်းဖြစ်သည်။ ချင်ဘုရင် ရင်ကျန်းက သူ့အတွက် တိုက်ပွဲဝင်ပေးသော စစ်သည်များကို တန်ဖိုးထားသော်လည်း တိုက်ပွဲဝင်ရန်အတွက် မလိုအပ်သော ထောက်ပို့စစ်သားများကို ထိုမျှဂရုမစိုက်ပေ။
ကျောက်ဖုန်းက အသားအနည်းငယ် စားပြီး ဆရာချန်ပေးထားသော ဝိုင်ကို သောက်လိုက်သည်။ ထို့နောက် သူက ဝမ်ယန်ကို ကြည့်ပြီး ပြောလိုက်သည်။
" နာမည်ကျော်ကြားတာထက်စာရင် အသက်ရှင်နေဖို့က ကျုပ်အတွက် ပိုအရေးကြီးပါတယ်။ "
" ချင်နိုင်ငံရဲ့ စစ်သည်တစ်ယောက်အနေနဲ့ မင်းက နယ်မြေချဲ့ထွင်ဖို့နဲ့ မင်းကြီးနဲ့နိုင်ငံတော်အပေါ် သစ္စာစောင့်သိဖို့က မင်းရဲ့တာဝန်မဟုတ်ဘူးလား။ "
ထိုစကားကို ကြားသောအခါ ကျောက်ဖုန်းက ပြောလိုက်သည်။
" မင်းကြီးနဲ့ နိုင်ငံတော်အပေါ် သစ္စာစောင့်သိဖို့ဆိုတာ...ဟုတ်ကောင်းဟုတ်မှာပါ။ တကယ်လို့ ရန်သူက ကျုပ်ရဲ့ ဇာတိမြေကို ကျူးကျော်လာရင်တော့ ကျုပ်လက်နက်ကိုင်စွဲပြီး အသက်ပေးတိုက်ခိုက်မှာပါ။ "
" ဒါပေမယ့် နယ်မြေချဲ့ထွင်ဖို့ကတော့ ဘုရင်အာဏာနဲ့ ပက်သက်နေတဲ့ မှူးမတ်မျိုးနွယ်တွေရဲ့ ကိစ္စပါ။ ချင်နိုင်ငံရဲ့ နယ်မြေပိုကျယ်ပြန့်လာရင် သူတို့အတွက် အကျိုးအမြတ်တွေ အများကြီးရပေမယ့် ကျုပ်တို့လို သာမန်လူတွေနဲ့ ဘာဆိုင်လို့လဲ။ "
" ကျုပ်တို့ရမှာ အသက်ဆုံးရှုံးဖို့ အခွင့်အရေးပဲရှိမှာ။ အာဏာရှိသူတွေ အကျိုးအမြတ်ရဖို့အတွက် ကျုပ်တို့က လှေကားထစ်တစ်ခုပါပဲ။ နယ်မြေတွေ ကျယ်ပြန့်လာရင် အာဏာရှိသူတွေက ကျေနပ်ဝမ်းသာနေမှာပေါ့။ "
" ဒါပေမယ့် သာမန်ပြည်သူတွေ ရလိုက်တာကတော့ နာရေးအတွက် ထောက်ပံ့ကြေးငွေနည်းနည်းနဲ့ မိသားစုဝင်တွေ ငိုကြွေးဖို့အတွက် ကျောက်တိုင်တစ်ခုပါပဲ။ "
ထိုစကားများကြောင့် ဝမ်ယန်က မျက်နှာပျက်သွားသည်။ ထိုစကားများက သူမ ငယ်စဉ်က သင်ယူခဲ့ရသော အဆုံးအမများနှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်နေသည်။ အမှန်တကယ်တော့ သူမအနေဖြင့် သာမန်ပြည်သူတစ်ယောက်၏ အမြင်ကို ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သည်။ သူမက ပြန်လည်ချေပချင်သော်လည်း ခဏမျှ ဘာပြောရမှန်းမသိဖြစ်နေသည်။
ခဏတိတ်ဆိတ်သွားပြီးနောက် သူမက ကျောက်ဖုန်းကို စိုက်ကြည့်ပြီး ပြောလိုက်သည်။ " ချင်နိုင်ငံက ကမ္ဘာကြီးရဲ့ ကောင်းကျိုးအတွက် နယ်မြေချဲ့ထွင်နေတာပဲ။ ကျန်တဲ့ နိုင်ငံခြောက်ခုကို သိမ်းပိုက်ပြီးသွားရင် စစ်ပွဲတွေ ရှိတော့မှာ မဟုတ်ဘူး။ ပြည်သူတွေလည်း အေးအေးချမ်းချမ်း နေထိုင်ပြီး အလုပ်လုပ်နိုင်ကြလိမ့်မယ်။ တစ်ကမ္ဘာလုံး တစ်စုတစ်စည်းတည်းဖြစ်သွားရင် အားလုံး အေးချမ်းသွားလိမ့်မယ်။ "
" ဒါက ချင်နိုင်ငံသားတွေရဲ့ ကြီးမားတဲ့ ဆန္ဒပဲ။ ဒိဆန္ဒအတွက် လူတိုင်းက အသက်ပေးဖို့ အဆင်သင့်ပဲ။ မင်းဒါကို နားမလည်ဘူးလား။ "
" အဲ့ဒါက အာဏာရှိသူတွေရဲ့ ယုံကြည်ချက်ပါပဲ။ " ကျောက်ဖုန်းက ပြန်ဖြေသည်။
" အရင်က ချင်နိုင်ငံသားတွေက သူတို့ရဲ့ ဇာတိမြေကို ကာကွယ်ဖို့အတွက် အသက်ပေးတိုက်ပွဲဝင်ခဲ့ကြတာပဲ။ အဲ့ဒီအတွက် အသက်ပေးချင်ကြတာ သဘာဝကျပါတယ်။ ချင်နိုင်ငံတစ်ခုတည်း ရှိတော့ရင် စစ်ပွဲတွေ ပြီးဆုံးပြီး အေးချမ်းသွားမယ်ဆိုတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သာမန်ပြည်သူတွေအတွက်တော့ စစ်မြေပြင်ကို သွားပြီး အသေမခံရဖို့က အဓိကပါပဲ။ "
" လူတိုင်းက ကျော်ကြားမှုနဲ့ အာဏာနောက် လိုက်နေကြတာမဟုတ်ပါဘူး။ တချို့အခြေအနေတွေမှာ ကျုပ်တို့အတွက် ရွေးချယ်စရာမရှိလို့ပဲ။ ကျုပ်ကိုပဲ ကြည့်လေ။ ကျုပ်စစ်ထဲမဝင်ချင်ခဲ့ဘူး။ အသက်ပြည့်လို့ စစ်ထဲ မဖြစ်မနေ အခေါ်ခံလိုက်ရတာပဲ။ "
" ကျုပ်မှာသာ ရွေးချယ်ခွင့်ရှိခဲ့ရင် ကျုပ်ရဲ့ မိဘကို အရင်ဆုံး ပြုစုစောင့်ရှောက်မှာပဲ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
သူ၏ မိခင်ကို စိုးရိမ်စိတ်သာမရှိခဲ့လျှင် ကျောက်ဖုန်းက ယခုလောက်ထိ ဖြစ်နေမည်မဟုတ်ပေ။ သူက ယခင်အနာဂတ်ဘဝတွင် ချင်ရှီဟွမ်က တစ်ကမ္ဘာလုံးအား စုစည်းနိုင်ခဲ့သည်ကို အမှန်တကယ် လေးစားမိခဲ့သည်။
ချင်ရှီဟွမ်က တရုတ်နိုင်ငံကို စည်းလုံးညီညွှတ်အောင် လုပ်ဆောင်မှုသာ မရှိခဲ့လျှင် နိုင်ငံမှာ အစိတ်စိတ်အမြွှာမြွှာ ကွဲပြားနေမည်ဖြစ်သည်။ အနာဂတ်တွင် တရုတ်နိုင်ငံ၏ ပထမဆုံး ဧကရာဇ်အဖြစ် ချင်ရှီဟွမ်၏ အေယင်မြင်မှုများက ခေတ်အဆက်ဆက် မှတ်မိနေပေလိမ့်မည်။
သို့သော် သူ၏ အောင်မြင်မှုများအပြင် နောက်ထပ်စကားတစ်ခုလည်း ရှိနေသည်။ ၎င်းမှာ " သူ၏ ခေတ်မှ လူများအတွက်တော့ ဒါက ငရဲတစ်ခုပဲ " ဟူ၍ပင်ဖြစ်သည်။ ထိုခေတ်မှလူများက အလွန်ပင် ဆင်းရဲဒုက္ခရောက်ခဲ့ရသည်။
ချင်စစ်တပ်ဆိုသည်မှာ ပြည်သူများ၏ ဆင်ရဲဒုက္ခများကြားမှ အော်ဟစ်ခဲ့ကြသော နာမည်တစ်ခုဖြစ်သည်။ ထိုခေတ်တွင် မွေးဖွားလာသူကသာ မည်မျှခက်ခဲသည်ကို သိနိုင်ပေလိမ့်မည်။
စစ်မြေပြင်တွင် လူ့အသက်က တန်ဖိုးမရှိပေ။ လက်ရှိအခြေအနေတွင် ကျောက်ဖုန်းက စစ်မြေပြင်နှင့် တတ်နိုင်သမျှ ဝေးဝေးနေချင်သည်။ သူက အခြားရည်ရွယ်ချက်များ မရှိပေ။
သူ၏ လက်ရှိစွမ်းအားနှင့် စစ်သည်တစ်ထောင်ကြားတွင် အသက်ရှင်နိုင်မလား မသေချာပေ။ သူ့အတွက်ပင် ခက်ခဲနေလျှင် သာမန်စစ်သားတစ်ယောက်အတွက် မျှော်လင့်ချက်မရှိသလောက်ပင်ဖြစ်သည်။
အချို့လူများက အမည်မသိဘဝဖြင့် မနေလိုပဲ ကျော်ကြားလိုကြသည်။ အချို့က စစ်တပ်စွမ်းဆောင်မှုများကို စုဆောင်းပြီး ဘွဲ့ထူးများလိုချင်ကြသည်။ သို့သော် ၎င်းက အလွန်ခက်ခဲလှသည်။ လူအများစုက စစ်တပ်ထဲသို့ အတင်းအကျပ် ဆွဲသွင်းခံရသူများဖြစ်ပြီး စစ်တိုက်ရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိကြပေ။
ကျောက်ဖုန်း၏ စကားများကို နားထောင်ပြီး ဝမ်ယန်က ဘာပြောရမှန်းမသိဘဲ ပြန်လည်တိတ်ဆိတ်သွားပြန်သည်။ သူတို့၏ တွေ့ဆုံမှုမှာ အမွှေးတိုင်တစ်တိုင် ကုန်ဆုံးချိန်သာ ကြာမြင့်သော်လည်း သူမ၏ စိတ်ထဲတွင် ဖော်မပြနိုင်သော ခံစားချက်များ ပြည့်နှက်နေသည်။
" စစ်သူကြီးက မှူးမတ်မျိုးနွယ်ကပဲ။ ကာကွယ်ပေးမယ့် ကိုယ်ရံတော်တွေလည်း ရှိတယ်။ ဒါကြောင့် စစ်သူကြီးက နယ်မြေချဲ့ထွင်ဖို့နဲ့ မိသားစုအတွက် ဂုဏ်ယူစရာတွေ ယူဆောင်လာပေးဖို့ ကြီးမားတဲ့ ရည်မှန်းချက်တွေရှိနေတာ သဘာဝကျပါတယ်။ စစ်သူကြီးရဲ့ရှုထောင်က ကြည့်ရင်လည်း မမှားပါဘူး။ "
" ဒါပေမယ့် ကျုပ်တို့လို သာမန်မိသားစုက လာတဲ့ စစ်သားတွေအတွက် ကျုပ်တို့ရဲ့ အကြီးမားဆုံး ရည်မှန်းချက်က အာဏာမဟုတ်ဘူး။ ရှင်သန်နိုင်ဖို့ပဲ။ ကျုပ်တို့ မိဘတွေကို မငိုစေချင်ဘူး။ ကျုပ်တို့ရဲ့ သားသမီးကျင့်ဝတ်တွေကို ကျေပွန်ချင်ကြတယ်။ "
" စစ်သူကြီးတစ်ယောက်ရဲ့ အောင်မြင်မှုက စစ်သည်တစ်သောင်းရဲ့ အရိုးစုတွေပေါ်မှာ တည်ဆောက်ထားတာပါ။ သာမန်ပြည်သူတစ်ယောက်အတွက်ကတော့ ငတ်မသေဖို့နဲ့ မိသားစုကို ကျွေးမွေးနိုင်ဖို့ပါပဲ။ "
" စစ်ထဲအခေါ်ခံရတဲ့ စစ်သားတစ်ယောက်အတွက်တော့ စစ်မြေပြင်မှာ မသေဖို့ပဲ။ ဒါက သာမန်လူတစ်ယောက်အနေနဲ့ ကျုပ်လိုချင်တဲ့အရာပဲ။ ပြီးတော့ အခြားသာမန်လူတွေ လိုချင်နေတဲ့အရာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ " ကျောက်ဖုန်းက ပြုံးလိုက်သည်။
" ဘုရင်တစ်ပါးက တစ်ကမ္ဘာလုံးကို စုစည်းချင်တာ အောင်မြင်မှုတွေ ရယူချင်တာ မမှားပါဘူး။ အမတ်တွေ အရာရှိတွေကလည်း နယ်မြေချဲ့ထွင်ပြီး နိုင်ငံတော်ကို အကျိုးပြုချင်တာလည်း မမှားပါဘူး။ "
" ဒါပေမယ့် သာမန်လူတစ်ယောက် စစ်သားတစ်ယောက်အတွက်လည်း အသက်ရှင်ချင်တာ မိဘကို ပြုစုစောင့်ရှောက်ချင်တာလည်း မမှားလောက်ပါဘူး။ "
သူ၏စကားများကို နားထောင်ပြီး ဝမ်ယန်ကလည်း တစ်စုံတစ်ခုကို နားလည်လာပုံသည်။ ကျောက်ဖုန်းက ဘာမှဆက်မပြောတော့ဘဲ မီးပုံပေါ်တွင် ကင်ထားသော အသားကင်ကို တိတ်ဆိတ်စွာ စားနေသည်။ သူစားသောက်ပြီးသောအခါ ဖြည်းညင်းစွာ ထရပ်ပြီး ဝမ်ယန်ကို အဓိပ္ပါယ်များစွာပါဝင်သော အကြည့်ဖြင့် ကြည့်လိုက်သည်။
" မှူးမတ်မျိုးနွယ်တွေက နယ်မြေချဲ့ထွင်ဖို့ စိတ်အားထက်သန်ကြလိမ့်မယ်။ ဒါပေမယ့် မိန်းကလေးတစ်ယောက်အနေနဲ့ စစ်မြေပြင်ကို တတ်နိုင်သမျှ ရှောင်သင့်တယ်။ ဒါက ကိုယ့်ရဲ့ တန်ဖိုးကို ပြသရမယ့်နေရာမဟုတ်ဘူး။ " ကျောက်ဖုန်းက ဝမ်ယန်ကို ပြောပြီးနောက် ကုသရေးစခန်းဆီသို့ လျှောက်သွားသည်။