အခန်း (၁၇၂)
Vol. 18 Ch. 172
လူနှင့်မြင်း တစ်သားတည်း ဖြစ်နေသဖြင့် သူသည် စစ်မြင်းကို သူ့ခန္ဓာကိုယ်ကဲ့သို့ ထိန်းချုပ်နိုင်ပြီး စစ်မြင်း၏ ကြောက်ရွံ့မှုကို တိုက်ရိုက် ဖိနှိပ်ထားနိုင်သည်။ ထို့ပြင် ရေတိမ် ရေနက် နေရာများကို တစ်ချက်ကြည့်ရုံဖြင့် သူ သိနိုင်သည်။
ထို့ကြောင့် တုပိုင်သည် အရှိန် လုံးဝ မလျှော့ဘဲ မီးခိုးရောင်မြင်းကို စီး၍ မြစ်ကို ဖြတ်ကူးသွားလေသည်။ နောက်တစ်ဆင့် ဖြစ်သော ကျောက်စရစ်ခဲ ကမ်းခြေလမ်းသည် အခြားမြင်းများအတွက် ကြီးမားသော စိန်ခေါ်မှု ဖြစ်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ခြေချော်မလဲစေရန် အလွန် သတိထားပြီး သွားရမည် ဖြစ်သောကြောင့်ပင်။
သို့သော် တုပိုင်သည် အလုံခြုံဆုံး လမ်းကြောင်းကို ချက်ချင်း တွက်ချက်လိုက်ပြီးနောက် ပြီးပြည့်စုံသော အကွေးပုံစံ ခြေလှမ်းများဖြင့် မြစ်ကမ်းဘေးရှိ ကျောက်စရစ်ခဲ ကမ်းခြေကို လျင်မြန်စွာ ဖြတ်ကျော်သွားလေသည်။ အလံသည် ရှေ့တည့်တည့်တွင် ရှိနေသည်။
တုပိုင်သည် သူ၏ အနီရောင်အလံကို ဆွဲထုတ်လိုက်ပြီး မြင်းကို လှည့်ကာ ပန်းတိုင်ဖြစ်သည့် စမှတ်ဆီသို့ ပြန်လည် ဒုန်းစိုင်းမောင်းနှင်သွားလေသည်။ အရှိန်မလျှော့ဘဲ အန္တရာယ်ရှိသော ဧရိယာ ၅ ခုကို အတားအဆီးမရှိ ကျော်ဖြတ်သွားသည်။
သူသည် တောင်ပေါ်တွင် လန်တန်နှင့်ပင် ဆုံတွေ့ခဲ့သေးသည်။ သူက ပြန်လာနေပြီ ဖြစ်သော်လည်း လန်တန်မှာမူ တတိယမြောက် စမ်းသပ်မှုကိုပင် မပြီးမြောက်သေးပေ။
**--**--**--**--**--**--**--**
“ခွပ်... ခွပ်... ခွပ်...”
သွက်လက်သော လှုပ်ရှားမှုဖြင့် တုပိုင်၏ မီးခိုးရောင် စစ်မြင်းသည် ပြန်ရောက်လာပြီး သူ၏ လက်ထဲတွင် အနီရောင်အလံကို ဝှေ့ယမ်းပြနေသည်။ ထိုအချိန်တွင် ချူဟုန်မြန်သည် ပြိုင်ပွဲအတွက် မျှော်လင့်ချက် အားလုံးကို စွန့်လွှတ်လိုက်ပြီ ဖြစ်သဖြင့် ရွှဲ့ကွမ်ရင်ကို နှစ်သိမ့်ပေးနေသည်။
မြင်းခွာသံကို ကြားလိုက်ရသောအခါ ချူဟုန်မြန် အလွန် အံ့သြထိတ်လန့်သွားသည်။ ‘လန်တန် ဘယ်လိုလုပ် ဒီလောက်မြန်မြန် ပြန်ရောက်လာတာလဲ။ ဒီလောက် မြန်တာ မဖြစ်နိုင်ဘူး။’
ချူဟုန်မြန်နှင့် ရွှဲ့ကွမ်ရင်တို့ မော့ကြည့်လိုက်သောအခါ ဒုန်းစိုင်း ပြန်လာနေသူမှာ အနီရောင်အလံကို ဝှေ့ယမ်းနေသော တုပိုင် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
သူမတို့နှစ်ယောက် သူတို့မျက်လုံး သူတို့ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားပြီး ဘေးနားရှိ သဲနာရီကို လှမ်းကြည့်လိုက်ကြသည်။
၇ မိနစ်ခန့်သာ ကုန်ဆုံးသေးသည်။ မည်သည်သို့ဖြစ်သွားသည်နည်း။ နေမင်းအကြီး အနောက်ရပ်မှ ထွက်ပေါ်လာပြီလော။ ကောင်းကင်ကြီးပျိုကျလာပြီလော။
ဤလမ်းကြောင်းကို ပြီးစီးရန် အမြန်ဆုံးအချိန်မှာ ၁၅ မိနစ်ဖြစ်ပြီး ယင်းသည် ဆယ်စုနှစ်များစွာအတွင်း အမြန်ဆုံး စံချိန်ဖြစ်သည်။ တပ်ဖွဲ့ပေါင်း များစွာ ဤနေရာတွင် စခန်းချခဲ့ဖူးပြီး ဤလမ်းကြောင်းကို ကျွမ်းကျင်သော မြင်းစီးသမားများ ပြိုင်ပွဲအတွက် အသုံးပြုခဲ့ကြသည်။
ယခု တုပိုင်က ထိုစံချိန်ကို နှစ်ဆ ချိုးဖျက်လိုက်ခြင်း ဖြစ်သည်။ အဓိကအချက်မှာ သူ ထွက်ခွာချိန်က အတော်လေး နောက်ကျခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ မြင်းစီးပညာနှင့် ပတ်သက်သော အများလက်ခံထားသည့် အသိပညာကို လုံးဝ ဆန့်ကျင်နေသည်။
သူသည် ၄ လီ ခရီးကို အသွားအပြန် ၇ မိနစ်ခွဲခန့်ဖြင့် မောင်းနှင်ခဲ့ပြီး စစ်ဆေးရေးဂိတ် ၅ ခု ရှိသည်ကို ထည့်တွက်လျှင် သူ အရှိန် လုံးဝ မလျှော့ခဲ့ကြောင်း ဆိုလိုသည်။
တောင်တက်တောင်ဆင်း၊ အတားအဆီးများ ကျော်ဖြတ်ခြင်း၊ လျှိုမြောင်များ ဖြတ်သန်းခြင်းနှင့် မြစ်ကူးခြင်းတို့တွင် အရှိန်မလျှော့ခဲ့ပေ။ တုပိုင်၏ အလံကို အတုလုပ်၍ မရသောကြောင့်သာ မဟုတ်လျှင် ချူဟုန်မြန်သည် သူ မသမာမှု လုပ်ပြီး ပြိုင်ပွဲကို မပြီးဆုံးခင် ပြန်လှည့်လာသည်ဟု သံသယ ဝင်မိပေလိမ့်မည်။
ဤကဲ့သို့ တုန်လှုပ်ချောက်ချားရခြင်း၏ အကြောင်းရင်းမှာ တာ့နင်အင်ပါယာအတွင်း စိတ်စွမ်းအင် မြင်းစီးပညာ ရှိသော်လည်း လူနည်းစုသာ ပိုင်ဆိုင်ထားသောကြောင့် ဖြစ်သည်။ စိတ်စွမ်းအင် နိုးထသူများသည် လူတစ်သောင်းတွင် တစ်ယောက်သာ ရှိသော်လည်း တာ့နင်အင်ပါယာ တစ်ခုလုံးတွင်မူ လူနည်းစု မဟုတ်ပေ။
သို့သော် စိတ်စွမ်းအင် နိုးထပြီး ဆရာသခင်ကြီး နင်ဇောင်ဝူ၏သားရဲဘာသာစကား မြင်းစီးခြင်းကဏ္ဍကို လေ့လာဖူးသူ အရေအတွက်မှာ အလွန်နည်းပါးပြီး သူ၏ တပည့်အနည်းငယ်သာ ရှိသည်။
ထို့ကြောင့် တုပိုင်သည် လူနှင့်မြင်း တစ်သားတည်းဟူသော အဆုံးစွန် လက်နက်ကို အသုံးပြုလိုက်သောအခါ စံချိန်ပေါင်းများစွာကို မချိုးဖျက်ဘဲ လူများကို မတုန်လှုပ်စေဘဲ မည်သို့ နေမည်နည်း။ အချိန်အတော်ကြာပြီးနောက် ချူဟုန်မြန် နောက်ဆုံးတွင် စကားပြောလိုက်သည်။
“တုပိုင်။ မင်း ဘယ်လို လုပ်လိုက်တာလဲ။ အဲဒါက မဖြစ်နိုင်သလောက်ပဲ။”
တုပိုင်က ပြောလိုက်သည်။ “စိတ်စွမ်းအင် နည်းစနစ်က စစ်မြင်းကို ထိန်းချုပ်နိုင်စေပြီး လူနဲ့မြင်းကြား ပြီးပြည့်စုံတဲ့ သဟဇာတဖြစ်မှုကို ရရှိစေပါတယ်။”
ချူဟုန်မြန် တုန်လှုပ်စွာ ရေရွတ်လိုက်သည်။ “ဆရာသခင်ကြီး နင်ဇောင်ဝူက တကယ်ကို ပြိုင်ဘက်ကင်းတဲ့ ပညာရှင်ပါလား။ သူက စစ်မြင်းတွေကို ဒီအဆင့်ထိ ထိန်းချုပ်နိုင်တယ်ဆိုတာ လုံးဝ မယုံနိုင်စရာပဲ။”
ဆယ်မိနစ်ခန့် ကြာပြီးနောက် လန်တန် ပြန်ရောက်လာပြီး တုပိုင်ကို ကြည့်သော သူ၏ အကြည့်များတွင် အကန့်အသတ်မဲ့ လေးစားအားကျမှုများ ပြည့်နှက်နေသည်။ ထိုထဲတွင် တုန်လှုပ်မှုနှင့် နားမလည်နိုင်မှုများလည်း ပါဝင်နေသည်။ လူတစ်ယောက်သည် စစ်မြင်းတစ်ကောင်ကို ဤအဆင့်ထိ ထိန်းချုပ်နိုင်လိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ပေ။
ချူဟုန်မြန်က ပြောလိုက်သည်။ “လန်တန်။ မင်း လီချန်ချန်နဲ့ ယှဉ်ပြိုင်ဖူးတယ်နော်။ သူ့ရဲ့ မြင်းစီးစွမ်းရည်နဲ့ တုပိုင်ရဲ့ စွမ်းရည် ဘယ်သူ ပိုကောင်းလဲ။”
လန်တန်က ပြောလိုက်သည်။ “သခင်လေးတုပိုင်ရဲ့ မြင်းစီးပညာက လုံးဝ ခန့်မှန်းလို့ မရပါဘူး။ ကျွန်တော် အခုထိ ကြောင်တောင်တောင် ဖြစ်နေတုန်းပဲ။”
ထို့နောက် လန်တန်က ဆက်ပြောလိုက်သည်။ “လီချန်ချန်နဲ့ မြင်းပြိုင်ပွဲအတွက်တော့ သခင်လေးတုပိုင် သေချာပေါက် နိုင်မှာပါ။ သံသယ ဖြစ်စရာ မလိုပါဘူး။”
ချူဟုန်မြန်က ရယ်မောလိုက်ပြီး ပြောလိုက်သည်။ “အင်း။ ကောင်းတယ် ကောင်းတယ် ကောင်းတယ် အဲဒီ မောက်မာတဲ့ ကလေးမလေးကို ပညာပေးလို့ရပြီ။”
ထို့နောက် တုပိုင်၊ ရွှဲ့ကွမ်ရင်နှင့် ချူဟုန်မြန်တို့သည် ထျန်လုံမြင်းခြံသို့ ထွက်ခွာလာခဲ့ကြသည်။
‘လီချန်ချန်။ နင်လို အသည်းနှလုံးမရှိတဲ့ မြွေပွေးမလေး။ စောင့်နေလိုက်။ ငါလာပြီး နင့်ပါးကို ရိုက်မယ်။ နင့်ရဲ့ အာခါတက်ခီမြင်းကိုယူမယ်။ ပြီးတော့ နင် ဘယ်တော့မှ မမေ့နိုင်မယ့် သင်ခန်းစာတစ်ခု ပေးမယ်။’
ထျန်လုံမြင်းခြံထဲတွင် စော်ဘွားမင်းသမီး လီချန်ချန်သည် မိသားစု စစ်သည် အယောက် ၁၀၀ ကျော်နှင့်အတူ စောင့်ဆိုင်းနေလေ၏။ ယနေ့တွင် လီချန်ချန်သည် မြင်းစီးဝတ်စုံကို ဝတ်ဆင်ထားသည်။ မိကျောင်းသားရေဖြင့် ချုပ်လုပ်ထားဟန် တူသည်။ ခေတ်သစ် ကမ္ဘာမြေတွင် မြင်းစီးဝတ်စုံများကို လူတိုင်း မြင်ဖူးကြသည်။ ယင်းတို့သည် ခန္ဓာကိုယ်နှင့် အလွန် ကြပ်နေပြီး ခန္ဓာကိုယ်အချိုးအစားကို ပေါ်လွင်စေသည်။
ဤမြေခွေးမလေး၏ မိကျောင်းသားရေ မြင်းစီးဝတ်စုံသည် ပို၍ပင် ကြပ်နေသေးသည်။ ယင်းသည် သူမ၏ နတ်သမီးသဖွယ် လှပသော မျက်နှာနှင့် ပေါင်းစပ်လိုက်သောအခါ ဤရက်စက်သော မိန်းကလေးသည် မည်သည့်အရာများကို စားသောက်ပြီး ကြီးပြင်းလာသဖြင့် ခန္ဓာကိုယ်အချိုးအစားနှင့် အရွယ်အစားက ဤမျှ ကောင်းမွန်နေရသနည်းဟု လူများကို တွေးတောမိစေသည်။
လီချန်ချန်၏ အသက်သည် ၁၉ နှစ်အောက်သာ ရှိသေးသော်လည်း ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး၏ ကိုယ်လုံးကိုယ်ပေါက်နှင့် ၁၅ နှစ်အရွယ် မိန်းကလေးတစ်ဦး၏ မျက်နှာ ရှိနေသည်။ သူမသည် အမှန်တကယ်ပင် ညှို့ယူဖမ်းစားနိုင်သော အလှပိုင်ရှင် ဖြစ်သည်။
“နင် မလာရဲဘူးလို့ ငါ ထင်နေတာ။” လီချန်ချန် မထီမဲ့မြင် ပြုံးကာ ပြောလိုက်သည်။ “ဒါပေမဲ့ သွေးကွမ်ရင် ရောက်လာပြီဆိုမှတော့ ပြန်သွားဖို့ စိတ်မကူးနဲ့တော့။ ငါ တုပိုင်ကို ရှင်းပြီးတာနဲ့ ငါတို့ အိမ်ပြန်ကြမယ်။ ပြီးရင် မနက်ဖြန်ညကျရင် ငါ့အစ်ကိုနဲ့ မင်္ဂလာဦးည ဆင်နွှဲခိုင်းလိုက်မယ်။”
ထိုကောင်မစုတ်လေးသည် ထိုကိစ္စကို တည့်တိုး ပြောချလိုက်သည်။ “ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်လုပ်တော် ယူတာပဲလေ။ ကိစ္စကြီးလုပ်ပြီး ဆူညံနေစရာ မလိုပါဘူး။” လီချန်ချန်က ပြောလိုက်သည်။ “အတိုချုပ်ပြောရရင် ငါတို့ လီမိသားစုက ကျန်းနန်နယ်စားမင်းအိမ်တော်က အမျိုးသမီးတစ်ယောက်ကို ရအောင်ယူဖို့ ဆုံးဖြတ်ထားပြီးသား။”
“သွေးကွမ်ရင်။ နင့်ကံဆိုးမှုကိုသာ အပြစ်တင်လိုက်တော့။ အချစ်ကြောင့် မျက်စိကန်းပြီး ကိုယ့်သဘောဆန္ဒအလျောက် လောင်းကြေးထပ်ခဲ့တာကိုး။”
ထိုအချိန်တွင် ရွှဲ့ကွမ်ရင်သည် မနေနိုင်တော့ဘဲ တုပိုင်ကို လှမ်းကြည့်လိုက်မိသည်။ ဂုဏ်ယူဝင့်ကြွားသော ခံစားချက်တစ်ခု သူမ၏ ရင်ထဲတွင် ပြည့်လျှံလာသည်။ ဤဂုဏ်ယူမှုသည် သူမကိုယ်တိုင်ကြောင့် မဟုတ်ဘဲ တုပိုင်ကြောင့် ဖြစ်သည်။
ယုံကြည်မှု ရှိနေပြီး အနိုင်ရမည်ကို သေချာနေခြင်းက အလွန် ခံစားရ ကောင်းမွန်သည်။
“နင်တို့ စာချုပ်ဖောက်ဖျက်မှာ စိုးရိမ်လို့ ဒီတစ်ခေါက် ငါ့မိသားစု စစ်သည် ၁၀၀ ကျော်ကို ခေါ်လာခဲ့သလို ငါ့ဆရာသခင်လည်း ဒီမှာ ရှိနေတယ်။” လီချန်ချန်က ပြောလိုက်သည်။ “ဒါကြောင့် ချူဟုန်မြန် ရှိရင်တောင် သွေးကွမ်ရင်ကို ငါတို့ ခေါ်သွားမှာကို တားဆီးလို့ မရဘူး။ ချူဟုန်မြန်။ ရှင်က စွမ်းအားကြီးပေမဲ့ ရှင့်ရဲ့ သိုင်းပညာစွမ်းရည်က ကျမရဲ့ ဆရာသခင်ထက် သာမယ်လို့ မထင်ပါဘူး။”
မည်သူမျှ ဓားမိစ္ဆာ လီတောက်ကျိန်းကို မမြင်ရသော်လည်း သူ၏ အငွေ့အသက်များသည် မီတာရာပေါင်းများစွာအတွင်း လွှမ်းခြုံထားသဖြင့် လေထုကို လေးလံစေပြီး မွန်းကြပ်မှုကိုပင် ခံစားနေရသည်။
တုပိုင်က ပြောလိုက်သည်။ “ကျွန်တော်တို့ ဒီကို ရောက်လာကတည်းက စာချုပ်ဖျက်ဖို့ ရည်ရွယ်ချက် မရှိပါဘူး။ မိန်းကလေး လီချန်ချန်။ ခင်ဗျား နောက်ကျမှ စာချုပ်ဖောက်ဖျက်မှာတော့ မဟုတ်ပါဘူးနော်။”
“ဒါပေါ့ မဖျက်ပါဘူး။ ငါ့စကားက ဥပဒေပဲ။ ဒီလူအုပ်ကြီးရှေ့မှာ ငါက ဘယ်လိုလုပ် စာချုပ်ဖျက်ရမှာလဲ။ ငါ့စကားတစ်ခွန်းက ရွေတုံးတစ်ထောင်းထက်ပို တန်ဖိုးရှိတယ်။” လီချန်ချန်က နှာရှုံ့လိုက်ပြီး မောက်မာစွာဖြင့် ပြောလိုက်သည်။
ဤမိန်းကလေးသည် တကယ်ပင် မစဉ်းစားမဆင်ခြင်ဘဲ ပြောတတ်သည်။ ဧကရာဇ်၏ စကားသည်သာ ရွှေစကား ဖြစ်သည်။ စော်ဘွားသမီးတော် တစ်ယောက်က ဤကဲ့သို့ စကားမျိုး မည်သို့ ပြောရဲသနည်း။ ယခင်အချိန်ကဆိုလျှင် ဤသည်မှာ ပုန်ကန်မှုဟု သတ်မှတ်ခံရပေလိမ့်မည်။
သို့သော် အင်ပါယာ ယိုယွင်းပျက်စီးနေချိန်တွင် မည်သူက စုံစမ်းစစ်ဆေးနိုင်မည်နည်း။ စစ်ဆေးနိုင်သည်ဆိုလျှင်တောင် မည်သူက စုံစမ်းစစ်ဆေးရဲမည်နည်း။
အပိုင်း ၁၇၂ ပြီး။