← Chapters

အခန်း (၁၇၇)

Vol. 18 Ch. 177

အခန်း (၁၇၇)

Vol. 18 Ch. 177

သို့သော် ကွေ့ကောက်သော ချောက်ကမ်းပါးလမ်းမှ ထွက်လာသည်နှင့် တုပိုင်သည် သေစေနိုင်လောက်သော အန္တရာယ်တစ်ခုကို အာရုံခံလိုက်မိသည်။

ထို့နောက် စဉ်းစားရန် သို့မဟုတ် ကြည့်ရှုရန် အချိန်ပင် မရလိုက်ဘဲ လူနှင့်မြင်း တစ်သားတည်း ပေါင်းစပ်ကာ အမြင့်ဆုံးအရှိန်ဖြင့် ဘေးသို့ ရှောင်တိမ်းလိုက်သည်။

“ရွှစ်... ရွှစ်... ရွှစ်...။”

မြှားမိုးရွာကျလာခြင်း ဖြစ်သည်။ ကြောက်မက်ဖွယ်ကောင်းသော မြှားကိုးစင်း ဆင့်ပစ်ခတ်ခြင်းပင်။ အပေါ်၊ အောက်၊ ဘယ်၊ ညာ စသည့် အရပ်မျက်နှာ အသီးသီးမှ လာသော ဤမြှားကိုးစင်းသည် ပိုက်ကွန်တစ်ခုကဲ့သို့ တုပိုင်ထံ ပစ်ခတ်လာခြင်း ဖြစ်သည်။

ဤသည်မှာ သေချာပေါက် ကန်ရှန်၏ လက်ချက်ပင် ဖြစ်သည်။ ထိုမိန်းမယုတ် လီချန်ချန်၏ ဘေးနားမှ လေးသည်တော် ဖြစ်သည်။ သူသည် ထိုအချိန်က မြင့်မားသော နေရာတွင် ရပ်နေခဲ့ပြီး တုပိုင် ပန်းဝင်မျဉ်းဆီသို့ ဦးစွာ ပြေးဝင်လာသည်ကို မြင်သောအခါ တိုက်ရိုက် ပစ်ခတ်လိုက်ခြင်း ဖြစ်ရမည်။

တုပိုင်၏ နိုးထလာသော စိတ်စွမ်းအင်ကြောင့် ကျေးဇူးတင်ရပေမည်။ စိတ်စွမ်းအင်ကြောင့်သာလျှင် မြှားများ မီတာ ဒါဇင်နှင့်ချီ ဝေးကွာနေချိန်ကတည်းက သူသည် အန္တရာယ်ကို အာရုံခံမိခဲ့ပြီး ကြိုတင် ရှောင်တိမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။

ပထမမြှား၊ ဒုတိယမြှား၊ တတိယမြှား...။ တုပိုင်သည် သေမင်းနှင့် ကခုန်နေသကဲ့သို့ ယုံကြည်နိုင်လောက်အောင် လျင်မြန်သော အရှိန်ဖြင့် မြှားတစ်စင်းပြီးတစ်စင်း ရှောင်တိမ်းလိုက်သည်။

အကယ်၍ အခြားသူ တစ်ဦးဦးသာ ဆိုပါက တုကိုင်ထက် သိုင်းပညာ ပိုမို ထူးချွန်လျှင်တောင် စောစီးစွာကပင် မြှားဒဏ်ရာများဖြင့် ဆန်ခါပေါက် ဖြစ်သွားပေလိမ့်မည်။

သို့တိုင်အောင် အခြေအနေသည် ယုံကြည်နိုင်လောက်အောင် အန္တရာယ်များနေဆဲ ဖြစ်သည်။ နောက်ဆုံးမြှားသည် တုပိုင်၏ လည်ပင်းကို ရှပ်ထိသွားခဲ့သည်။ အရေပြားကွဲပြီး သွေးထွက်ခြင်း မရှိသော်လည်း တစ်စင်တီမီတာလောက်သာ လွဲချော်သွားပါက သွေးကြောမကြီူကို ထိသွားပြီး တုပိုင် သေချာပေါက် သေဆုံးသွားမည် ဖြစ်သည်။

တုပိုင်သည် ကန်ရှန်၏ တည်နေရာကို ဂရုမစိုက်တော့ဘဲ လူနှင့်မြင်း တစ်သားတည်းနည်းစနစ်ကို ဆက်လက် အသုံးပြုကာ ချောက်ကမ်းပါးလမ်းမှ အမြင့်ဆုံး အရှိန်ဖြင့် ပြေးထွက်လာပြီး ပန်းဝင်မျဉ်းဆီသို့ ဦးတည်လိုက်ရာ ချူဟုန်မြန်နှင့် အခြားသူများ၏ မြင်ကွင်းထဲသို့ ရောက်ရှိလာသည်။

အမြင့်ဆုံးတွင် ရှိနေသော ကန်ရှန်သည် တုပိုင်ကို ထပ်မံ ပစ်ခတ်ရန် အခွင့်အရေး လွတ်သွားခဲ့သဖြင့် ဒေါသတကြီးဖြင့် ဘေးနားရှိ ကျောက်ဆောင်ကို ကန်ကျောက်လိုက်မိသည်။

နောက်ဆုံး မီတာရာပေါင်းများစွာ အကွာအဝေးတွင် တုပိုင်သည် လည်ပင်းကျိုးမတတ် အရှိန်ဖြင့် ဒုန်းစိုင်းပြေးနေပြီး ပန်းဝင်မျဉ်းနှင့် ပိုမို နီးကပ်လာသည်။

ထို့နောက် ပရိသတ်တစ်အုပ်လုံးသည် အလွန်အမင်း တုန်လှုပ်ချောက်ချားစွာဖြင့် သူ့ကို စိုက်ကြည့်နေကြသည်။

မည်သည်တို့ဖြစ်နေသနည်း။ မြင်းစီးပြိုင်ပွဲ စတင်ခဲ့သည်မှာ မည်မျှ ကြာမြင့်ခဲ့ပြီနည်း။ ယခင် အမြန်ဆုံး စံချိန်ကို လီချန်ချန်ကပင် တင်ရှိခဲ့ခြင်း ဖြစ်ပြီး ၂၅ မိနစ် ကြာမြင့်ခဲ့သည်။ အံ့သြဖွယ်ကောင်းသော ၂၅ မိနစ် ဖြစ်သည်။ ခေတ်သစ်ကမ္ဘာမြေ၏ အချိန်ဖြင့် တွက်ချက်မည် ဆိုပါက ၃၁ မိနစ်ခန့် ရှိပြီး ဒုတိယနေရာမှ လူထက် ၁၅ မိနစ်ကျော် ဦးဆောင်ထားခြင်း ဖြစ်သည်။

ထို့ကြောင့် လီချန်ချန်သည် မြင်းစီးပါရမီရှင် တစ်ဦး ဖြစ်သည်။ သို့သော် ၁၅ မိနစ်ခန့်သာ ကုန်ဆုံးသေးသော်လည်း တုပိုင်သည် ပန်းဝင်မျဉ်းဆီသို့ ဦးတည်ပြေးဝင်လာပြီ ဖြစ်သည်။

သူ ဤနေရာသို့ ပျံသန်းလာခြင်းလော။ သို့တည်းမဟုတ် လမ်းတွင် လျှို့ဝှက်လမ်းကြောင်း ရှိနေခြင်းလော။ သို့သော် ဖြတ်လမ်း သို့မဟုတ် လျှို့ဝှက်လမ်းကြောင်း မရှိကြောင်း လူတိုင်း သိကြသည်။ ပိုမို တိကျစွာ ပြောရလျှင် ဝိညာဉ်ကြွေလမ်းကြောင်း ကိုယ်တိုင်က အတိုဆုံး ဖြတ်လမ်း ဖြစ်သည်။

ဤသည်မှာ မည်သည့် အဓိပ္ပာယ်နည်း။ ဤသည်မှာ တုပိုင်သည် မြင်းရိုင်းကို စီးနင်းကာ မြင်းစီးပါရမီရှင် လီချန်ချန်နှင့် အာခါတက်ခီမြင်းကို အနိုင်ယူလိုက်ပြီး ဤလမ်းကြောင်း၏ သမိုင်းဝင်စံချိန်ကို လုံးဝ ချိုးဖျက်ပစ်လိုက်ခြင်း ဖြစ်သည်။

အချိန်ထက်ဝက်သာ ကြာမြင့်ခဲ့သည်။ ဤသည်မှာ မြင်းစီးခြင်း မဟုတ်ပေ။ ဤသည်မှာ ပျံသန်းခြင်း ဖြစ်သည်။ ဤရလဒ်အတွက် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားသော်လည်း သွေးကွမ်ရင်မယ်တော်နှင့် ချူဟုန်မြန်တို့သည် အလွန်အမင်း တုန်လှုပ်နေကြဆဲ ဖြစ်သည်။

လီမိသားစုအတွက်မူ အိပ်မက်တစ်ခု မက်နေသကဲ့သို့ ဖြစ်နေသည်။ ဓားမိစ္ဆာ လီတောက်ကျိန်း ပင်လျှင် ဤရလဒ်ကို ယုံကြည်ရန် ခက်ခဲနေသည်။ သူမ၏ တပည့် လီချန်ချန်သည် မြင်းစီးခြင်း၌ မည်မျှ ဝါသနာပါပြီး ပါရမီရှိကြောင်း သူမ ကောင်းစွာ သိသည်။

မြင်းစီးခြင်း၌ လီချန်ချန်ကို ကျော်ဖြတ်နိုင်မည့်သူ ရှိကောင်းရှိနိုင်သော်လည်း မင်းသမီးနင်းရွှဲ့ သို့မဟုတ် မင်းသမီးယွီကျိန်းတို့သာ ဖြစ်နိုင်ခြေ အနည်းငယ် ရှိကြောင်း သူမ သိသည်။ ထိုမိန်းမစိုးလေး တုပိုင် ဖြစ်လာရန်မှာ လုံးဝ မဖြစ်နိုင်ပေ။ သို့သော် တုပိုင်သည် အနိုင်ရရုံသာမက ပြတ်သားသော အောင်ပွဲဖြင့် အနိုင်ရရှိခဲ့သည်။

ဤရလဒ်နှင့် ရင်ဆိုင်ရသောအခါ တကယ့်ကို အိပ်မက်တစ်ခုလို ခံစားနေရသည်။ အိပ်မက်ထဲတွင်ပင် မယုံနိုင်စရာ ဖြစ်သည်။

ဗိုလ်ချုပ်ကြီး ချူဟုန်မြန်က ပြောလိုက်သည်။ “ဆရာသခင်ကြီး လီ။ လီချန်ချန် မရောက်လာသေးပေမဲ့ ဒီမြင်းစီးပြိုင်ပွဲကို တုပိုင် နိုင်သွားပြီလို့ သတ်မှတ်ရမှာ မဟုတ်လား။”

လီတောက်ကျိန်းသည် ပေါ်မလာသေးသော်လည်း သူမ၏ အရှိန်အဝါသည် နေရာတစ်ခုလုံးကို လွှမ်းမိုးထားဆဲ ဖြစ်သည်။ ချူဟုန်မြန်၏ စကားကို ကြားပြီးနောက် သူမသည် ဓားအိမ်ဖြင့် မြေကြီးကို တစ်ချက် ခေါက်လိုက်သည်။

ဆရာသခင်ကြီး တစ်ပါးအနေဖြင့် ထိုကဲ့သို့ အသေးအဖွဲ ကိစ္စများတွင် ညစ်ပတ်သော လှည့်ကွက်များ သုံးရန် သူမ သေချာပေါက် ဝန်လေးပေလိမ့်မည်။

“ဝေါ...။” တုပိုင်သည် မည်သည့် အငြင်းပွားဖွယ်ရာမှ မရှိဘဲ ပန်းဝင်မျဉ်းကို ဖြတ်ကျော်ကာ ပြတ်သားမြန်ဆန်သော အနိုင်ရရှိမှုဖြင့် မြင်းစီးပြိုင်ပွဲကို အနိုင်ရရှိသွားလေသည်။

စိတ်လှုပ်ရှားနေသော သွေးကွမ်ရင်မယ်တော်သည် အလိုအလျောက် ပြေးသွားချင်မိသော်လည်း ရှက်ရွံ့သွားသဖြင့် ခြေတစ်လှမ်း လှမ်းပြီးသည်နှင့် ရပ်တန့်လိုက်သည်။

မြင်းပေါ်မှ ဆင်းပြီးနောက် တုပိုင်က ပြောလိုက်သည်။ “ဆရာသခင် လီတောက်ကျိန်း။ စောစောက တစ်ယောက်ယောက်က ကျောက်ကမ်းပါးပေါ်ကနေ ကျွန်တော့်ကို မြှားနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်။ လီမိသားစုက စစ်သည်တချို့၊ အရှေ့ဘက်ကွပ်ကဲရေးရုံးက စစ်သည်တချို့နဲ့ ဗိုလ်ချုပ်ကြီး ချူဟုန်မြန်ဆီက စစ်သည်တချို့ စေလွှတ်ပြီး ရှာဖွေဖမ်းဆီးပေးဖို့ မေတ္တာရပ်ခံပါတယ်။”

ထိုစကားများသည် ရှိနေသူ အားလုံးကို အံ့အားသင့်သွားစေသည်။ “နင် အဆင်ပြေရဲ့လား။” သွေးကွမ်ရင်မယ်တော်က မေးလိုက်သည်။

တုပိုင်က ပြောလိုက်သည်။ “ကျွန်တော် အဆင်ပြေပါတယ်။ ပြိုင်ဘက်ရဲ့ မြှားကိုးစင်းဆင့်တိုက်ကွက်ကို သီသီလေး ရှောင်နိုင်ခဲ့တယ်။”

ခဏကြာပြီးနောက် ဓားမိစ္ဆာ လီတောက်ကျိန်းက ပြောလိုက်သည်။ “သွားကြ။” ချက်ချင်းပင် လီမိသားစုမှ လူသုံးဦး၊ ချူဟုန်မြန်ထံမှ လူသုံးဦးနှင့် အရှေ့ဘက်ကွပ်ကဲရေးရုံးမှ လီစန်းနှင့် လီစစ်တို့သည် တုပိုင် ညွှန်ပြသော နေရာသို့ သွားရောက်ကာ လေးသည်တော်ကို ဖမ်းဆီးရန် ထွက်ခွာသွားကြသည်။

မှန်ပေသည်။ လီမိသားစုမှ လူလွှတ်လိုက်ခြင်းသည် တုပိုင်ကို တိုက်ခိုက်သော လေးသည်တော်ကို ဖမ်းဆီးရန် မဟုတ်ဘဲ အရှေ့ဘက်ကွပ်ကဲရေးရုံးနှင့် ချူဟုန်မြန်၏ လူများက လီချန်ချန်ကို ချုံခိုတိုက်ခိုက်မည်ကို တားဆီးရန် ဖြစ်သည်။ ဤသည်မှာ သူခိုးက လူဟစ်နေခြင်း သက်သက်သာ ဖြစ်သည်။

**--**--**--**--**--**--**--**

လီချန်ချန်သည် မီတာ ၈၀၀ ရှည်လျားသော ကြိုးတံတားကို အကောင်းဆုံး ပုံစံဖြင့် ဖြတ်ကျော်ခဲ့ပြီး ကျဉ်းမြောင်းသော လျှိုမြောင်ကို ဖြတ်သန်းခဲ့သည်။ ကွေ့ကောက်သော ချောက်ကမ်းပါးလမ်းသည် အလွန် အန္တရာယ်များသော်လည်း လီချန်ချန်၏ မြင်းအတွက် ပြဿနာ မရှိဘဲ အရှိန်မြင့်မြင့်ဖြင့် ဆက်လက် ပြေးလွှားနေသည်။

မိနစ်အနည်းငယ် အတွင်းမှာပင် သူတို့သည် မီတာထောင်ချီ ရှည်လျားသော ချောက်ကမ်းပါးလမ်းကို ဖြတ်ကျော်နိုင်ခဲ့သည်။ ထို့နောက် ပန်းဝင်မျဉ်းဆီသို့ ဦးတည်နေသော မီတာရာပေါင်းများစွာ ရှည်လျားသည့် မြေပြန့်လမ်းပိုင်း ရောက်ရှိလာသည်။

သူမသည် သူမ၏ ကိုယ်ပိုင်စံချိန်ကို ထပ်မံ ချိုးဖျက်တော့မည် ဖြစ်ပြီး အောင်ပွဲ၏ ပျော်ရွှင်မှုနှင့် လူအုပ်ကြီး၏ အားပေးသံများကို နောက်တစ်ကြိမ် ခံစားရတော့မည် ဖြစ်သည်။ ဤအခိုက်အတန့်ကို မရေမတွက်နိုင်အောင် ခံစားဖူးသော်လည်း ယခုထိတိုင် အလွန် စိတ်လှုပ်ရှားနေဆဲ ဖြစ်သည်။

သူမသည် တုပိုင်နှင့် ပြိုင်ပွဲကို နှလုံးသားထဲ လုံးဝ ထည့်မထားခဲ့ပေ။ အကြိမ်တိုင်းတွင် သူမသည် ကိုယ့်ကိုယ်ကိုယ် ပြိုင်ဆိုင်နေခြင်း ဖြစ်ပြီး အကြိမ်တိုင်းတွင် ကိုယ့်စံချိန်ကိုယ် ချိုးဖျက်လိုခြင်း ဖြစ်သည်။

အပိုင်း ၁၇၇ ပြီး။

All Chapters