← Chapters

အခန်း (၁၇၈)

Vol. 18 Ch. 178

အခန်း (၁၇၈)

Vol. 18 Ch. 178

သူမ ဂရုစိုက်သည်မှာ တစ်ခုတည်းသာ ရှိသည်။ သွေးကွမ်ရင်မယ်တော်ကို ယူပြီး သူမ၏ အစ်ကို လီကျန့်၏ ကုတင်ပေါ်သို့ ပို့ဆောင်ပေးရန် ဖြစ်သည်။ သူမ ခံစားရမည့် အရှက်တရားနှင့် ပတ်သက်၍မူ လီချန်ချန်နှင့် မသက်ဆိုင်ပေ။ အတိုချုပ် ပြောရလျှင် ကျန်းနန်နယ်စားမင်းအိမ်တော်ကို ပါးရိုက်နိုင်မည့် မည်သည့်အရာကိုမဆို သူမ လုပ်ဆောင်ရန် ဆန္ဒရှိသည်။

နောက်ဆုံး မီတာတစ်ထောင်ခန့် အလို မြေပြန့်လမ်းပိုင်းတွင် အာခါတက်ခီမြင်း၏ အရှိန်သည် အမြင့်ဆုံးသို့ ရောက်ရှိသွားပြီး တစ်စက္ကန့်လျှင် ၂၁ မီတာနှုန်းဖြင့် ပြေးလွှားနေသည်။ ထိုအရှိန်မှာ အမှန်တကယ် အံ့သြဖွယ်ကောင်းသော အရှိန် ဖြစ်သည်။

၁၀ စက္ကန့်အကြာတွင် သူမ၏ ဖွံ့ဖြိုးလွန်းသော ခန္ဓာကိုယ်သည် လူတိုင်း၏ မြင်ကွင်းထဲသို့ ရောက်ရှိလာသည်။ လီချန်ချန်သည် လီမိသားစု စစ်သည်များ၏ အားပေးသံများကို မျှော်လင့်ရင်း မျက်လုံးများကို အနည်းငယ် ကျဉ်းမြောင်းထားလိုက်သည်။

သို့သော် ကိုးရိုးကားရားနိုင်သော တိတ်ဆိတ်မှုသာ ရှိနေသည်။ မည်သို့ ဖြစ်ပျက်သွားသနည်း။ သူမ၏ စံချိန်သစ် အရှိန်ကြောင့် လန့်ဖျပ်သွားကြခြင်းလော။

လီချန်ချန်သည် အမှန်တကယ်ပင် စံချိန်သစ် တစ်ခု ထပ်မံ တင်ရှိခဲ့သည်။ သူမ၏ ယခင် အမြန်ဆုံး စံချိန်သည် ၃၁ မိနစ် ဖြစ်သော်လည်း ယခုတစ်ကြိမ်တွင် မိနစ် ၃၀ အောက်သာ ရှိရာ လုံးဝ အံ့သြဖွယ် ကောင်းလှသည်။

သို့သော် တုပိုင်သည် ၁၇ မိနစ်အောက်သာ ကြာမြင့်ခဲ့ပြီး ဤကမ္ဘာ၏ အချိန်ဖြင့် တွက်လျှင် ၁၅ မိနစ်ကျော်ရုံသာ ရှိသည်။

ထူးဆန်းသော အကြည့်များစွာ သူမထံ ကျရောက်နေပြီး လက်ခုပ်သံများ မကြားရသဖြင့် လီချန်ချန်သည် သူမ၏ လှပသော မျက်လုံးများကို ဖွင့်ကြည့်လိုက်မိသည်။

ထို့နောက် သူမ အမှန်တကယ် လန့်ဖျပ်သွားသည်။

အဘယ်ကြောင့်ဆိုသော် တုပိုင်နှင့် သူ့မြင်းရိုင်းသည် မျက်စိရှေ့မှောက်တွင် ပေါ်လာသောကြောင့် ဖြစ်သည်။

“နင်... နင် ဘယ်လိုလုပ် ဒီကို ရောက်နေတာလဲ။” လီချန်ချန် အံ့သြတကြီး အော်ပြောလိုက်သည်။ “နင် ပြိုင်ပွဲကို အရှုံးပေးလိုက်တာလား။”

ဤသည်မှာ တစ်ခုတည်းသော ဖြေရှင်းချက် ဖြစ်သင့်သည်။ တုပိုင်သည် ပြိုင်ပွဲကို အရှုံးပေးလိုက်ပြီး တောင်ပေါ်သို့ တက်ပြီးသည်နှင့် ချက်ချင်း ပြန်လှည့်လာခြင်း ဖြစ်ရမည်။

တုပိုင်က ပြုံးပြီး ပြောလိုက်သည်။ “ခင်ဗျား တွေးတာလွန်နေပြီ။ ကျွန်တော် အဲဒီဘက်က လာတယ်ဆိုတာ လူတိုင်း မြင်ပါတယ်။ ဝိညာဉ်ကြွေလမ်းကြောင်းရဲ့ နောက်ဆုံးအဆင့် ဖြစ်တဲ့ အကွေ့ကိုးခု အချိုးတစ်ဆယ့်ရှစ်ခု ပါဝင်တဲ့ ချောက်ကမ်းပါးလမ်းကနေ ကျွန်တော် ထွက်လာတာကို လူတိုင်း မြင်လိုက်ကြပါတယ်။”

မှန်ပေသည်။ လူတိုင်း မြင်လိုက်ကြသည်။ လီချန်ချန်၏ လှပသော မျက်လုံးများသည် သရဲတစ္ဆေ မြင်လိုက်ရသကဲ့သို့ ပြူးကျယ်သွားသည်။ သူမ၏ အသံ ပြောင်းလဲသွားပြီး အက်ကွဲစွာ ပြောလိုက်သည်။ “မဖြစ်နိုင်ဘူး။ နင် သေသွားရင်တောင် မဖြစ်နိုင်ဘူး။ ငါက မြင်းစီးပါရမီရှင်။ ပြီးတော့ ငါ့မှာ အကောင်းဆုံး အာခါတက်ခီမြင်း ရှိတယ်။ နင် ငါ့ထက် ပိုမြန်ဖို့ မဖြစ်နိုင်ဘူး။ တစ်စက္ကန့်လောက်တောင် ပိုမမြန်နိုင်ဘူး။”

“ဟုတ်တယ်။ ကျွန်တော် ခင်ဗျားထက် တစ်စက္ကန့်လောက် ပိုမြန်တာ မဟုတ်ပါဘူး။” တုပိုင်က ပြောလိုက်သည်။ “ကျွန်တော်က ခင်ဗျားထက် နှစ်ဆ ပိုမြန်ခဲ့တာ။ ဝိညာဉ်ကြွေလမ်းကြောင်း တစ်ခုလုံးကို ပြီးစီးဖို့ ကျွန်တော် ၁၅ မိနစ်ပဲ ကြာခဲ့တယ်။”

ထိုစကားကို ကြားသောအခါ လီချန်ချန် အသက်ရှူမှားသွားပြီးနောက် လုံးဝ ယုတ္တိမရှိဟု ယူဆလိုက်သည်။

‘ဝိညာဉ်ကြွေလမ်းကြောင်းကို ၁၅ မိနစ်နဲ့ ပြီးစီးအောင် လုပ်မယ် ဟုတ်လား။ အိပ်မက်မက်နေလိုက်။’

ဒေါသထွက်သွားသော လီချန်ချန်သည် သူမ၏ ဉာဏ်ရည်ကို စော်ကားခံရသည်ဟု ခံစားလိုက်ရပြီး ချက်ချင်း အမိန့်ပေးလိုက်သည်။ “အရှက်မရှိတဲ့ တုပိုင်။ ပြိုင်ပွဲကို အရှုံးပေးပြီး ပန်းဝင်မျဉ်းဆီ ပြန်လာခဲ့တာပဲ။ နင် ဘယ်လိုလုပ် ဒီလို အဓိပ္ပာယ်မရှိတဲ့ စကားတွေ ပြောရဲတာလဲ။ အစောင့်တွေ။ သွေးကွမ်ရင်မယ်တော်ကို ဖမ်းပြီး ပြန်ခေါ်သွားကြ။”

သို့သော် လီမိသားစု စစ်သည်များ မည်သူမျှ မလှုပ်ရှားကြပေ။ သူတို့၏ မျက်နှာများသည် အလွန် အရှက်ရနေကြသည်။ အခြေအနေ မဟန်မှန်း လီချန်ချန် သတိထားမိလိုက်ပြီး အော်ခေါ်လိုက်သည်။ “ဆရာသခင်။”

လီတောက်ကျိန်း၏ အသံ ထွက်ပေါ်လာပြီး ပြောလိုက်သည်။ “မင်း ရှုံးသွားပြီ။ တုပိုင်က လွန်ခဲ့တဲ့ ၁၅ မိနစ်ကတည်းက ပန်းဝင်သွားပြီ။”

လီချန်ချန်အတွက်မူ လီတောက်ကျိန်း၏ စကားများသည် ရွှေကဲ့သို့ အဖိုးတန်ပြီး မှန်ကန်သည်။ ရုတ်တရက် သူမ၏ ကောက်ကြောင်းလှပသော ခန္ဓာကိုယ်သည် မြင်းပေါ်တွင် ယိမ်းယိုင်သွားပြီး ပိုမို၍ မယုံကြည်နိုင် ဖြစ်သွားသည်။

“မဖြစ်နိုင်ဘူး။ လုံးဝ မဖြစ်နိုင်ဘူး။” လီချန်ချန်က ရှူးရှူးရှားရှား ပြောလိုက်သည်။ “နင် ဘယ်လို နည်းလမ်းသုံးပြီး လိမ်လည်ခဲ့တာလဲ။ လူစားထိုးလိုက်တာလား။”

သေချာပေါက် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် လမ်းကြောင်းတလျှောက်တွင် ထျန်လုံမြင်းခြံ၊ လီမိသားစုနှင့် ချူဟုန်မြန်တို့မှ လူများ အပါအဝင် လျှို့ဝှက်ကြီးကြပ်သူ ဒါဇင်နှင့်ချီ ရှိနေသောကြောင့် ဖြစ်သည်။

လီချန်ချန်သည် သူမ၏ အတွေးအချို့ ဇောက်ထိုးမိုးမျှော် ဖြစ်သွားသလို ခံစားလိုက်ရသည်။ ဝိညာဉ်ကြွေလမ်းကြောင်းကို ၁၅ မိနစ်အတွင်း ပြီးစီးခဲ့သည်လား။ မည်ကံသို့ ဖြစ်နိုင်မည်နည်း။ ချက်ချင်းပင် ငယ်စဉ်ကတည်းက သူမ စုဆောင်းခဲ့သော ဂုဏ်ကျက်သရေ အားလုံးသည် တစ်ခဏချင်းအတွင်း ပြိုလဲပျက်စီးသွားခဲ့သည်။

ယခင် မြင်းစီးပြိုင်ပွဲများမှ ပထမဆုများနှင့် ဂုဏ်ကျက်သရေ အားလုံးသည် ဖျက်ဆီးခံလိုက်ရပြီး ရယ်စရာ အဖြစ်သို့ ပြောင်းလဲသွားသည်။ အဘယ်ကြောင့်ဆိုသော် တုပိုင်သည် အနည်းငယ်မျှလောက် အသာစီးရသည် မဟုတ်ဘဲ အပြတ်အသတ် ၂ ဆလောက်ကို သူမထက်မြန်နေသောကြောင့် ဖြစ်သည်။

ဤသည်မှာ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း သူမ ရရှိခဲ့သော ဂုဏ်ကျက်သရေ အားလုံးကို ဖျက်ဆီးပစ်လိုက်ခြင်းနှင့် တူညီသည်။ လီချန်ချန်သည် သွေးများ ခေါင်းထဲသို့ ဆောင့်တက်လာသလို ခံစားလိုက်ရပြီး ရင်ဘတ်ထဲတွင် ဆူပွက်လာသည်။

တကယ့်ကို သွေးအန်တော့မလို ခံစားနေရသည်။

“နင်...။ နင် ဘယ်လို လုပ်လိုက်တာလဲ။” လီချန်ချန် အက်ကွဲသော အသံဖြင့် မေးလိုက်သည်။ တုပိုင် ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။ “ကျွန်တော် ဘာလို့ ခင်ဗျားကို ပြောပြရမှာလဲ။”

ထို့နောက် တုပိုင်က ပြောလိုက်သည်။ “မိန်းကလေး လီချန်ချန်။ ခင်ဗျား လက်မှတ်ထိုးထားတဲ့ လောင်းကြေးကို ဖြည့်ဆည်းဖို့ အချိန်တန်ပြီ။ မြင်းကောင်းက ခင်ဗျားဆီ ပြန်ရောက်လာပြီ ဆိုတော့ ခင်ဗျား စီးနေတဲ့ ယွမ်နီဆိုတဲ့ အာခါတက်ခီမြင်းက ကျွန်တော့်အပိုင်ပဲ။ ပြီးတော့ ခင်ဗျားရဲ့ ရိုင်းစိုင်းမှုအတွက် ပြစ်ဒဏ်အနေနဲ့ ခင်ဗျားပါး ခင်ဗျား ပြန်ရိုက်ရမယ်။”

“သေချာတာပေါ့။ ခင်ဗျား လက်ဗလာနဲ့ ပြန်ရမှာတော့ မဟုတ်ပါဘူး။ အနည်းဆုံးတော့ ခင်ဗျား ဝေါဟာရသစ် တစ်ခု သင်ယူသွားရတာပေါ့။ ” တုပိုင် ရယ်မောလိုက်သည်။ “အဲဒီဝေါဟာရကတော့ မျက်နှာဖြတ်ရိုက်ခြင်းပဲ။”

ထိုစကားကို ကြားသောအခါ လီချန်ချန် ဒေါသထွက်လွန်း၍ ပေါက်ကွဲလုမတတ် ဖြစ်သွားသည်။

တုပိုင် ဆက်ပြောလိုက်သည်။ “မိန်းကလေး လီချန်ချန်။ ဒီအတိုင်း ရပ်မနေနဲ့လေ။ ခင်ဗျားရဲ့ လောင်းကြေးကို ဖြည့်ဆည်းတော့။ ခင်ဗျား အခု စီးနေတဲ့ အာခါတက်ခီမြင်းက ကျွန်တော့်အပိုင် ဖြစ်သွားပြီ။ ခင်ဗျား ကျွန်တော့်မြင်းကို စီးနေတာမို့ ကျေးဇူးပြုပြီး အခုပဲ ဆင်းပေးပါ။”

လူတိုင်း၏ အကြည့်များသည် စော်ဘွားမင်းသမီး လီချန်ချန်ထံသို့ ရောက်ရှိနေကြသည်။ ဤအမျိုးသမီးသည် မောက်မာမှု၏ ပြယုဂ် ဖြစ်ပြီး သူမ၏ အနိုင်ကျင့် ဗိုလ်ကျတတ်သော အပြုအမူနှင့် စိတ်ထားသည် အလွန် ဆိုးရွားလှသည်။

သူမ၏ ရန်သူများကို မပြောနှင့် လီမိသားစု စစ်သည်များပင် သူမ၏ ဒေါသကို သည်းမခံနိုင်ကြပေ။ ထို့ကြောင့် သူမကဲ့သို့ လူတစ်ယောက်အတွက် စာချုပ်ဖောက်ဖျက်ခြင်းသည် ထမင်းစား ရေသောက်သကဲ့သို့ သာမန်ကိစ္စတစ်ခုသာ ဖြစ်ပေလိမ့်မည်။ အမျိုးသမီး အချို့အတွက်မူ အကျိုးအကြောင်း မသင့်လျော်စွာ ပြုမူခြင်းသည် မွေးရာပါ အခွင့်အရေး တစ်ခုလို ဖြစ်နေတတ်သည်။

သွေးကွမ်ရင်မယ်တော်က အေးစက်စွာ ပြောလိုက်သည်။“လီချန်ချန်။ နင် စာချုပ်ဖျက်ဖို့ စဉ်းစားနေတာတော့ မဟုတ်ပါဘူးနော်။”

ချူဟုန်မြန်သည် သူမ၏ ဓားလက်ကိုင်ရိုးပေါ်သို့ လက်တင်လိုက်ပြီး ဖြည်းညင်းစွာ ပြောလိုက်သည်။ “ဆရာသခင်ကြီး လီတောက်ကျိန်း။ ဒီမြင်းစီးပြိုင်ပွဲကို တုပိုင် အနိုင်ရသွားပြီ။ ခင်ဗျားမှာ ကန့်ကွက်စရာ ရှိသေးလား။”

“မရှိဘူး။” ဓားမိစ္ဆာ လီတောက်ကျိန်းက ပြောလိုက်သည်။

ဗိုလ်ချုပ်ကြီး ချူဟုန်မြန်က ပြောလိုက်သည်။ “ကျုပ်နဲ့ ခင်ဗျားက ဒီမြင်းစီးပြိုင်ပွဲရဲ့ သက်သေတွေ ဖြစ်သလို လောင်းကြေး ဖြည့်ဆည်းမှုအတွက် ကြီးကြပ်သူတွေလည်း ဖြစ်တယ်။ လီချန်ချန်သာ စာချုပ်ဖောက်ဖျက်ရင် ဘာဖြစ်မလဲ။”

အပိုင်း ၁၇၈ ပြီး။

All Chapters