← Chapters

အခန်း (၄၅၁-၄၅၃)

Vol. 31 Ch. 451-453

အခန်း (၄၅၁-၄၅၃)

Vol. 31 Ch. 451-453

အခန်း ၄၅၁ - နတ်ဆိုးမုန်တိုင်း၏ အဆင့်... ခန္ဓာသန့်စင်ကန်...

လူငါးယောက်ပါဝင်သော အဖွဲ့သည် အကြီးအကဲလီ နောက်မှ လိုက်ပါရင်း ကျောက်စိမ်းတောင်ထိပ် ပေါ်သို့ တက်လှမ်းလာကြသည်။ လမ်းခရီးတစ်လျှောက်တွင် ထူးဆန်းသော ပန်းများနှင့် မြက်ပင်များ နေရာအနှံ့ ပေါက်ရောက်နေသည်ကို တွေ့ကြရ၏။ အများစုမှာ ပြင်ပလောကတွင် တွေ့ရခဲသည့် ဝိညာဉ်ဆေးများ ဖြစ်ကြသည်။ လော့ချန်သည် လမ်းဘေးတွင် ကြယ်လေးပွင့် ဝိညာဉ်ဆေးနှင့် ကြယ်ငါးပွင့် ဝိညာဉ်ဆေး အချို့ကိုပင် တွေ့ရှိခဲ့ရသည်။ ဝိညာဉ်ဆေးရနံ့များသည် ထူထပ်လှသော မိုးမြေချီစွမ်းအင်များနှင့် ရောယှက်ကာ ပေါ့ပါးသည့် မြူခိုးများအဖြစ် တည်ရှိနေပြီး အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ရုံဖြင့်ပင် စိတ်နှလုံးကို ကြည်လင်လန်းဆန်းသွားစေသည်။

ဤအရာအားလုံးက လော့ချန်ကို စိတ်ထဲမှ မှင်တက်မိသွားစေတော့သည်။ ဤကဲ့သို့သော နေရာမျိုးတွင် နေထိုင်ရပါက ကျင့်ကြံမှု တိုးတက်နှုန်းကို မဆိုထားနှင့် အချိန်ကြာလာသည်နှင့်အမျှ လူ၏ အရှိန်အဝါမှာပင် ပြောင်းလဲသွားပေလိမ့်မည်။ အတွင်းစည်းမှ အကြီးအကဲများနှင့် တိုက်ရိုက်တပည့်များမှာ ဘာကြောင့် တစ်ယောက်ပြီးတစ်ယောက် ကောင်းကင်သို့ ထိုးတက်မည့် အဟုန်မျိုး ရှိနေကြသလို အချို့မှာလည်း နတ်ဘုရားတစ်ပါးကဲ့သို့ မသေမျိုးဆန်နေကြသည်မှာ မဆန်းတော့ချေ။

လော့ချန်သည် အတွေးများကို ရုပ်သိမ်းလိုက်ပြီး သူ၏ဘေးတွင် လျှောက်လှမ်းနေသော ကျူးလင်မေ့ကို ကြည့်ကာ ပြောလိုက်သည်။

“စောစောက ကျွန်တော့်ဘက်က ကူညီပေးခဲ့တဲ့အတွက် စီနီယာအစ်မကို ကျေးဇူးတင်ပါတယ်...”

သူသည် ယွမ်ချီယွီ တို့ လူစုကို မကြောက်သော်လည်း ကျူးလင်မေ့သာ ကြားဝင်မပြောခဲ့ပါက ပြဿနာများမှာ ပို၍ များပြားလာပေလိမ့်မည်။

“ငါလည်း ဘာမှ အများကြီး မလုပ်ပေးခဲ့ပါဘူး...”

ကျူးလင်မေ့က ခပ်ဖွဖွ ပြုံးလိုက်ပြီး မေးလိုက်သည်။

“မင်း ဟွာကျင်းယန်ကို အနိုင်ယူခဲ့တဲ့ အဲ့ဒီ ဓားသိုင်းကွက်က တကယ်ကို သန်မာတာပဲ... လေနဲ့ တိမ်ဆိုတဲ့ သဘောတရားနှစ်မျိုး စလုံး ပါဝင်နေရုံတင် မကဘဲ တစ်ခုနဲ့တစ်ခုလည်း အပြန်အလှန် ဖြည့်ဆည်းပေးနေပြီး ဖျက်ဆီးရလည်း ခက်တယ်... ငါ တစ်ခါမှ မမြင်ဖူးဘူး... အဲ့ဒါက ဘယ်လိုအဆင့်ရှိတဲ့ ဓားသိုင်းလဲ...”

လော့ချန်က ခေတ္တမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။

“ကြယ်ငါးပွင့် အထွတ်အထိပ် အဆင့်ရှိတဲ့ ဓားသိုင်းလို့ပဲ ပြောရမှာပေါ့... ကျွန်တော် မတော်တဆ ရရှိခဲ့တာပါ...”

နတ်ဆိုးမုန်တိုင်းသည် ယခင်က ကြယ်ငါးပွင့် ဓားသိုင်းအဆင့်လောက်သာ ရှိခဲ့သော်လည်း ကောင်းကင်ယံ ဓားစွမ်းရည်၏ ရှေ့ပြေးသိုင်းကွက် နှစ်ကွက်ကို အပြည့်အဝ ပေါင်းစပ်နိုင်ခဲ့ပြီးနောက်တွင်မူ ကြယ်ငါးပွင့် အထွတ်အထိပ် အဆင့်သို့ တက်လှမ်းသွားခဲ့ပြီ ဖြစ်သည်။ ၎င်းမှာ အကောင်းဆုံးများထဲမှ အကောင်းဆုံးပင် ဖြစ်သည်။ အကယ်၍ တတိယသိုင်းကွက်ဖြစ်သော လျှပ်စီးလက်ခြင်းနှင့် စတုတ္ထသိုင်းကွက်ဖြစ်သော မိုးကြိုးသံ တို့ကိုပါ အပြည့်အဝ ပေါင်းစပ်နိုင်မည်ဆိုပါက နတ်ဆိုးမုန်တိုင်းသည် အနည်းဆုံး ကြယ်ခြောက်ပွင့် အဆင့်မြင့် ဓားသိုင်းအဆင့်သို့ ရောက်ရှိသွားမည်ဟု လော့ချန် ခန့်မှန်းထားသည်။

၎င်းမှာ ကြယ်ငါးပွင့် ဓားသိုင်းမျှသာဖြစ်ကြောင်း ကြားလိုက်ရသည့်အခါ ကျူးလင်မေ့မှာ အနည်းငယ် အံ့အားသင့်သွားရသည်။ ထို ဓားစွမ်းအင် ဝဲဂယက်သည် မိုးမြေချီစွမ်းအင်များကို စုပ်ယူ၍ မိမိကိုယ်ကိုယ် ပြန်လည်ဖြည့်တင်းနိုင်စွမ်းရှိရာ အလွန်ပင် သန်မာလှသည်။ သူမက အနည်းဆုံးတော့ ကြယ်ခြောက်ပွင့် ဓားသိုင်း ဖြစ်လိမ့်မည်ဟု ထင်မှတ်ထားခြင်း ဖြစ်သည်။

ကျူးလင်မေ့သည် ထပ်မံ၍ မမေးမြန်းတော့ဘဲ နောက်ဘက်ရှိ ယွမ်ချီယွီကို တစ်ချက် လှမ်းကြည့်ကာ ဆိုလိုက်၏။

“သုံးရက်နေရင် မင်း တကယ်ပဲ ယွမ်ချီယွီ နဲ့ တိုက်ခိုက်ဦးမှာလား... သူ့ရဲ့ အစ်ကိုကြီးက ယခင် ထိပ်သီးတိုက်ရိုက်တပည့် ဆယ်ဦးစာရင်းဝင် ယွမ်ချင်ယင်လေ... မင်းသာ အဲ့ဒီလို လုပ်လိုက်ရင် တိုက်ရိုက်တပည့် တစ်ယောက်ကို စော်ကားမိသလို ဖြစ်သွားလိမ့်မယ်...”

လော့ချန်က ခေါင်းခါယမ်းလိုက်သည်။

“ကျွန်တော်က စိန်ခေါ်မှုကို လက်မခံရင်တောင် သူက ငြိမ်နေမှာ မဟုတ်ဘူး... မင်းသားတန်းက ကျွန်တော့်ကို မျက်စိဆံပင်မွေးဆူးသလို သဘောထားနေကြတာ... အဋ္ဌမမင်းသား ကျင်းမင်နဲ့ နန်ကုန်းကျွယ် တို့ကိုတောင် ကျွန်တော် ရန်ဘက်ဖြစ်ပြီးသားဆိုတော့... ယွမ်ချင်ယင် တစ်ယောက် တိုးလာလည်း ဘာထူးမှာလဲ...”

လော့ချန်၏ တည်ငြိမ်လှသော မျက်နှာထားကို မြင်လိုက်ရသည့်အခါ ကျူးလင်မေ့ စိတ်ထဲမှ အံ့သြသွားရသည်။ လော့ချန်၏ ပြတ်သားမှုကို သူမ ခံစားလိုက်ရ၏။ တိုတောင်းလှသော စကားအနည်းငယ်မှာပင် မင်းသားတန်းနှင့် အရှုံးအနိုင် ခွဲမည်ဆိုသည့် အဓိပ္ပာယ်များ ပါဝင်နေသည်။ အဋ္ဌမမင်းသား ကျင်းမင်နှင့် နန်ကုန်းကျွယ်တို့ အပါအဝင်ပင် ဖြစ်သည်။

ကျူးလင်မေ့မှာ ထိုအတွေးကြောင့်ပင် လန့်ဖျန့်သွားရကာ အေးစက်သော ခံစားချက်တစ်ခု ဖြစ်ပေါ်လာတော့သည်။ တစ်ကိုယ်တည်းနှင့် မင်းသားတန်း တစ်ခုလုံးကို စိန်ခေါ်သည်လား။ ဤသည်မှာ တကယ်ကို ရူးသွပ်လွန်းလှပေသည်။

နောက်ဘက်တွင်လည်း ယွမ်ချီယွီ တို့ သုံးယောက်မှာ တီးတိုး ဆွေးနွေးနေကြ၏။

“ညီလေးယွမ်... ဒီလော့ချန်က တကယ်ကို ရမ်းကားလွန်းတယ်... သူ့ကို ကောင်းကောင်း ပညာပေးရမယ်... သုံးရက်နေရင် သူ့ကို တိုက်ခိုက်တဲ့အခါ မင်းမှာ ဘယ်လောက်အထိ ယုံကြည်ချက် ရှိလဲ...”

ရွှေယွမ် ဟု အမည်ရသော လူငယ်က လော့ချန်ကို အေးစက်စွာ တစ်ချက်ကြည့်ကာ ယွမ်ချီယွီကို မေးမြန်းလိုက်သည်။

ယွမ်ချီယွီက မျက်လုံးများကို အနည်းငယ် မှေးကျဉ်းလိုက်သည်။

“စီနီယာ ရွှေယွမ် စိတ်ချပါ... ဒီတစ်ခါ ခန္ဓာသန့်စင်ကန်ထဲ ဝင်ရတာနဲ့ ကျွန်တော် သေချာပေါက် သွေးကြောနိုးကြားမှုနယ်ပယ် ဆဋ္ဌမအဆင့်ကို တက်နိုင်မှာပါ... စီနီယာလည်း သိတဲ့အတိုင်း သွေးကြောနိုးကြားမှုနယ်ပယ် အလယ်အလတ်အဆင့်မှာ အဆင့်တစ်ခု မြင့်လာတိုင်း စွမ်းအားက လုံးဝ ကွဲပြားသွားပြီလေ... အဲ့ဒီအချိန်ကျရင် လော့ချန်ကို အနိုင်ယူဖို့ဆိုတာ လက်ဖျောက်တစ်ချက်တီးသလောက်ပဲ လွယ်သွားမှာပါ...”

“ဒါဆိုရင်တော့ ကောင်းတာပေါ့... စီနီယာ့ဆီမှာ စိတ်ကြည်လင်ဆေးလုံး အနည်းငယ် ရှိတယ်... ဒါက မင်း ခန္ဓာသန့်စင်ကန်မှာ ကျင့်ကြံတဲ့အခါ အထောက်အကူ ဖြစ်လိမ့်မယ်...”

ရွှေယွမ်သည် ကျောက်စိမ်းပုလင်းလေး တစ်လုံးကို ထုတ်ယူကာ ယွမ်ချီယွီအား ပေးလိုက်သည်။ စိတ်ကြည်လင်ဆေးလုံး အနည်းငယ်မှာ ငွေအသပြာ သိန်းပေါင်း ဆယ်ဂဏန်းခန့် တန်ဖိုးရှိသဖြင့် အတွင်းစည်းတပည့်များအတွက်ပင် နည်းပါးသော ပမာဏ မဟုတ်ချေ။ သို့သော် လော့ချန်အတွက်ကြောင့် ရွှေယွမ် ဤသို့ လုပ်ဆောင်ခြင်း မဟုတ်ဘဲ ဤအခွင့်အရေးကို အသုံးချကာ ယွမ်ချင်ယင်နှင့် ရင်းနှီးအောင် လုပ်ဆောင်ခြင်းသာ ဖြစ်သည်။ ယွမ်ချင်ယင်သည် ထိပ်သီးတိုက်ရိုက်တပည့် နေရာမှ ဖယ်ပေးခဲ့ရသော်လည်း သူ၏ စွမ်းအားနှင့် အဆင့်အတန်းမှာ သာမန်အတွင်းစည်းတပည့်များ မယှဉ်နိုင်အောင် မြင့်မားနေဆဲပင် ဖြစ်သည်။

ဘေးနားတွင် လျှောက်လှမ်းနေသော လင်ယွီကျင်းသည်လည်း ကျောက်စိမ်းပုလင်းလေး တစ်လုံးကို ထုတ်ပေးလိုက်ရင်း ပြုံးလျက် ဆိုလိုက်၏။

“ဒါဆိုရင် ငါလည်း ညီလေးကို တစ်ဖက်တစ်လမ်းက ကူညီပါ့မယ်... အဲ့ဒီအချိန်ကျရင် အပြတ်အသတ် အနိုင်ယူပြလိုက်ပြီး ငါတို့ မင်းသားတန်းရဲ့ အရှိန်အဝါကို လော့ချန် သိအောင် လုပ်ပေးလိုက်ပါ...”

“စီနီယာ ရွှေယွမ်နဲ့ စီနီယာအစ်မ လင်ယွီကျင်း တို့ကို ကျေးဇူးတင်ပါတယ်... စိတ်ချပါ... သုံးရက်နေရင် စိတ်မပျက်စေရပါဘူး...”

ယွမ်ချီယွီသည် ဆေးပုလင်းများကို ဝမ်းမြောက်ဝမ်းသာ လက်ခံလိုက်ရင်း လော့ချန်ကို အေးစက်သော အကြည့်ဖြင့် ကြည့်လိုက်သည်။

“အတွင်းစည်းဟာ သူ ရမ်းကားလို့ရတဲ့ နေရာ မဟုတ်ဘူးဆိုတာနဲ့ သူဟာ ဘယ်လောက်အထိ မသိနားမလည် ဖြစ်နေလဲဆိုတာကို ငါ သိအောင် လုပ်ပေးမယ်...”

အကြီးအကဲလီ၏ ဦးဆောင်မှုဖြင့် ငါးယောက်သား တောင်တက်လမ်းများအတိုင်း တက်လှမ်းလာကြရာ မကြာမီမှာပင် ခန့်ညားထည်ဝါသော ခန်းမကြီးတစ်ခု၏ ရှေ့သို့ ရောက်ရှိလာကြသည်။ ခန်းမကြီး၏ ရွှေရောင်ဆိုင်းဘုတ်ပေါ်တွင် ထင်ရှားလှသော စာလုံးကြီး သုံးလုံး ရှိနေ၏။

ခန္ဓာကျင့်ကြံခန်းမ...

ခြောက်ယောက်လုံး ခန်းမထဲသို့ ဝင်ရောက်လိုက်ကြသည်။ ခန်းမအတွင်းပိုင်းမှာ အလွန်ပင် ကျယ်ပြောလှပြီး အဆုံးတွင် မီတာ ၃၀၊ ၄၀ ခန့် မြင့်မားသော ကျောက်တံခါးကြီးတစ်ချပ် ရှိနေကာ ထိုအထဲမှ ထူထပ်လှသော မိုးမြေချီစွမ်းအင် မြူခိုးများမှာ မကြာခဏဆိုသလို ထွက်ပေါ်နေသည်။

“ဘယ်လောက်တောင် ထူထပ်တဲ့ မိုးမြေချီစွမ်းအင်တွေလဲ... ငါ ကြားဖူးတာတော့ ခန္ဓာသန့်စင်ကန် ရှိတဲ့ နေရာဟာ တစ်ချိန်က ချီစွမ်းအင်ကြောကြီး တစ်ခု ပေါ်ထွက်ခဲ့တဲ့ နေရာတဲ့...”

ကျူးလင်မေ့က အံ့သြတကြီး ဆိုလိုက်၏။

“ဟင်... ဒီမြူခိုးတွေထဲမှာ ဆန္ဒစွမ်းအားတွေ ပါဝင်နေတာပဲ...”

လော့ချန်သည် ထိုမြူခိုးများကို ကြည့်ရင်း စိတ်ထဲမှ တုန်လှုပ်သွားရသည်။ သူ၏ ဝိညာဉ်အာရုံမှာ အလွန် သန်မာသဖြင့် ဤမြူခိုးများ၏ ထူးခြားမှုကို ချက်ချင်းပင် ရိပ်မိလိုက်ခြင်း ဖြစ်သည်။ ၎င်းမှာ ဆန္ဒစွမ်းအားများပင် ဖြစ်ပေသည်။

အလွန်ပင် နည်းပါးလှသော်လည်း အလွန် သန်မာလှကာ တစ်ခုခုနှင့်လည်း ရင်းနှီးနေသကဲ့သို့ ခံစားရသည်။ လော့ချန် သေသေချာချာ စဉ်းစားကြည့်လိုက်ရာ ဤဆန္ဒစွမ်းအားမှာ အပြင်စည်းရှိ စိတ်သန့်စင်ချောက်ထဲမှ ဘုရင်၏ ဆန္ဒစွမ်းအားနှင့် အလွန် ဆင်တူနေသည်ကို တွေ့လိုက်ရ၏။

“ကြည့်ရတာ ခန္ဓာသန့်စင်ကန်ဟာ စိတ်သန့်စင်ချောက်မှာ သေဆုံးသွားခဲ့တဲ့ အဲ့ဒီဘုရင်နဲ့ ပတ်သက်နေပုံရတယ်...”

လော့ချန်သည် စဉ်းစားနေမိတော့သည်။ တစ်ဖက်ရှိ ယွမ်ချီယွီနှင့် ကျူးလင်မေ့ တို့မှာမူ ဤနေရာတွင် မိုးမြေချီစွမ်းအင် ထူထပ်သည်ဟုသာ ခံစားနေကြရပြီး ဆန္ဒစွမ်းအားများကိုမူ ရိပ်မိခြင်း မရှိကြချေ။

“ဝင်ကြရအောင်...”

အကြီးအကဲလီသည် ကျောက်တံခါးအတွင်းသို့ ရှေ့မှ ဦးဆောင် ဝင်ရောက်သွားသည်။ ကျောက်တံခါးနောက်ကွယ်တွင်မူ မြေအောက်သို့ ဆင်းသွားသည့် ကျောက်လှေကား လမ်းကြောင်းတစ်ခု ရှိနေ၏။

ပို၍ နက်ရှိုင်းလာသည်နှင့်အမျှ လမ်းကြောင်းအတွင်းရှိ မြူခိုးများမှာ သာ၍ပင် ထူထပ်လာပြီး ရေကဲ့သို့ပင် စေးပျစ်နေတော့သည်။ လက်ဖြင့် ဝှေ့ယမ်းလိုက်ပါက ထင်ရှားသော အက်ကြောင်းများပင် ဖြစ်ပေါ်လာပြီး ခဏအကြာမှသာ ပြန်လည် စုစည်းသွားတော့သည်။

လူအချို့မှာ ကျောက်လှေကားအတိုင်း ဆယ်မိုင်ခန့်အထိ ဆက်လက် ဆင်းသွားကြသည်။ လော့ချန်၏ ခန့်မှန်းချက်အရ သူတို့သည် ယခုအခါ ကျောက်စိမ်းတောင်ထိပ်၏ မြေအောက် ဗဟိုဧရိယာသို့ ရောက်ရှိနေပြီ ဖြစ်သည်။

ထိုစဉ် အကြီးအကဲလီသည် ဘေးဘက်ရှိ လမ်းခွဲတစ်ခုအတွင်းသို့ ရုတ်တရက် ဝင်ရောက်သွား၏။ ထိုလမ်းခွဲအတွင်း၌ မြေအောက်လိုဏ်ဂူကြီး တစ်ခု ရှိနေသည်။ လိုဏ်ဂူ၏ အပေါ်ဘက်တွင် ကျောက်စက်ပန်းဆွဲများစွာ တွဲလောင်းကျနေပြီး အချို့မှာ အိမ်တစ်လုံးပမာ ကြီးမားကာ အချို့မှာမူ ဝါးပင်လေးများနှယ် ရှိနေကြသည်။ ထိုကျောက်စက်ပန်းဆွဲများ၏ မျက်နှာပြင်မှ သွေးရောင်နှင့် ရွှေရောင် အငွေ့အသက်များမှာ ပိုးဖဲကြိုးလေးများနှယ် ပျံ့လွင့်နေကြ၏။

လိုဏ်ဂူအလယ်တွင်မူ ဧရာမ ရေကန်ကြီးတစ်ခု ရှိနေပြီး ရေများမှာ နီရဲနေကာ ဗဟိုသို့ နီးကပ်လာလေလေ အရောင်မှာ သာ၍ ရင့်လာလေလေ ဖြစ်သည်။ ဗဟိုဧရိယာမှာမူ လူကို ထိတ်လန့်သွားစေနိုင်သည့် အနက်ရောင် သန်းနေသော အနီရောင်ပင် ဖြစ်တော့သည်။

ရေကန်ထဲရှိ ရေများမှာ အဆက်မပြတ် ဆူဝေနေပြီး သွေးလှိုင်းများနှယ် အထပ်ထပ် ထွက်ပေါ်နေကာ ထူထပ်လှသော မြူခိုးများမှာလည်း အဆက်မပြတ် ထွက်ပေါ်နေသဖြင့် ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်မှာပင် သိသိသာသာ တွန့်လိမ်နေတော့သည်။

“ဒီမြူခိုးတွေထဲမှာ ဆန္ဒစွမ်းအားတွေ ပါဝင်နေတာပဲ...”

ကျူးလင်မေ့က အံ့သြတကြီး အော်ဟစ်လိုက်၏။

အကြီးအကဲလီက ခေါင်းညိတ်ပြလိုက်ပြီး ရှင်းပြလိုက်သည်။

“မင်းတို့ သိထားတဲ့အတိုင်း စိတ်သန့်စင်ချောက်မှာ ဘုရင်တစ်ပါး သေဆုံးခဲ့ဖူးတယ်... သူရဲ့ ဆန္ဒစွမ်းအားတွေဟာ နှစ်ပေါင်းရာချီတဲ့အထိ မပျောက်ကွယ်ဘဲ ရှိနေခဲ့တာ... သူရဲ့ သွေးတွေက ကမ္ဘာမြေထဲ စိမ့်ဝင်သွားခဲ့ပြီး စိတ်ဝိညာဉ် ဆန္ဒစွမ်းအားတွေဟာ မြေအောက် ချီစွမ်းအင်ကြောတွေထဲ စီးဝင်ကာ ဒီနေရာမှာ လာပြီး စုစည်းနေကြတာ... နောက်ဆုံးမှာတော့ ဒီ ခန္ဓာသန့်စင်ကန် ဖြစ်လာခဲ့တာပဲ...”

“ဘုရင်ရဲ့ ဆန္ဒစွမ်းအား...”

ကျူးလင်မေ့တို့ လူစုမှာ မှင်တက်မိသွားကြရသည်။ လော့ချန်ကမူ ကြိုတင်ခန့်မှန်းထားပြီး ဖြစ်သဖြင့် သိပ်ပြီး အံ့သြမနေတော့ပေ။

ထိုစဉ် ကျောက်စက်ပန်းဆွဲတစ်ခုပေါ်တွင် စုစည်းနေသော အနီရောင် အရည်များမှာ အကန့်အသတ်သို့ ရောက်ရှိသွားပြီး အောက်သို့ တည့်တည့် ကျဆင်းသွားတော့သည်။

"ဘုန်း..."

ရေတစ်စက်မျှသာ ဖြစ်သော်လည်း ရေကန်အတွင်းသို့ ကျရောက်သွားသည့်အခါတွင်မူ နားကွဲလုမတတ် ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး တောင်ကြီးတစ်လုံး ပြိုကျလိုက်သည့်နှယ် မြည်ဟီးကာ သွေးလှိုင်းကြီးများ ပေါက်ကွဲထွက်ပေါ်လာတော့သည်။

ဤမြင်ကွင်းကြောင့် ထိုနေရာရှိ လူအားလုံးမှာ ထိတ်လန့်သွားကြရ၏။ သွေးလှိုင်းများ ပြန်လည် ငြိမ်သက်သွားသည့် အခါမှသာ အကြီးအကဲလီက ဆက်ပြောလိုက်သည်။

“ခန္ဓာသန့်စင်ကန် ထဲက ရေတွေမှာ ကျယ်ပြောလှတဲ့ ချီစွမ်းအင်တွေ ပါဝင်နေသလို ဘုရင်ရဲ့ ဆန္ဒစွမ်းအားတွေလည်း ပါဝင်နေတယ်... ရေတစ်စက်ရဲ့ အလေးချိန်ဟာ ပေါင်တစ်သောင်းကျော် ရှိသလို အချို့ဆိုရင် ပေါင်တစ်သိန်းကျော်တောင် ရှိနိုင်တယ်...”

အခန်း (၄၅၁) ပြီးပါပြီ။

အခန်း ၄၅၂ - နာကျင်မှုကို သတ်ဖြတ်ခြင်း... ရူးသွပ်ဖွယ်ရာ ချိုးဖြတ်မှု...

"ရှူး..."

အကြီးအကဲလီ၏စကားကို ကြားလိုက်ရသည့်အခါ လော့ချန်တို့လူစုမှာ မနေနိုင်ဘဲ အသက်ရှူမှားသွားကြရသည်။

ရေတစ်စက်၏ အလေးချိန်မှာ ပေါင်တစ်သိန်းတဲ့လား...။ ဤသည်မှာ မည်သို့သော အဓိပ္ပာယ်မျိုးနည်း...။

ထို့ကြောင့်သာ သာမန်အားဖြင့် အတွင်းစည်း အမာခံတပည့်များသာ ခန္ဓာသန့်စင်ကန်သို့ ဝင်ရောက်ကျင့်ကြံနိုင်ခြင်း ဖြစ်ပေလိမ့်မည်။ ထုံရွှမ်နယ်ပယ် ကျင့်ကြံသူတစ်ယောက်သာ ဤရေတစ်စက်နှင့် ထိမှန်သွားပါက ထိုနေရာမှာတင် အရိုးစိပ်စိပ်ကြေကာ အစအနပင် ကျန်ရှိတော့မည် မဟုတ်ပေ။ သာမန် သွေးကြောနိုးကြားမှုနယ်ပယ် အစောပိုင်းအဆင့် သန်မာသူများပင်လျှင် တောင့်ခံနိုင်ရန် ခဲယဉ်းပေလိမ့်မည်။

“မင်းတို့ သေသေချာချာ မှတ်ထားကြ... ခန္ဓာသန့်စင်ကန်ထဲက ချီစွမ်းအင် ဆန္ဒတွေဟာ အရမ်းကို ပြင်းထန်တယ်... မင်းတို့ရဲ့ ခန္ဓာကိုယ်ကို သန့်စင်ပေးရုံတင်မကဘဲ စိတ်ဓာတ်ကိုလည်း လေ့ကျင့်ပေးမှာ ဖြစ်တယ်... အစပိုင်းမှာတော့ အရမ်း နာကျင်လိမ့်မယ်... အလွယ်တကူ လက်မလျှော့လိုက်နဲ့... ချီစွမ်းအင်တွေနဲ့လည်း ခုခံဖို့ မကြိုးစားနဲ့... မင်းတို့ ဘယ်လောက်ကြာကြာ တောင့်ခံနိုင်သလဲဆိုတာပေါ် မူတည်ပြီး ရလဒ်ကလည်း ကွဲပြားခြားနားသွားလိမ့်မယ်...”

“ဒါပေမဲ့ တကယ်လို့ လုံးဝ မတောင့်ခံနိုင်တော့ဘူးဆိုရင်တော့ အတင်း ဇွတ်မလုပ်နဲ့... မဟုတ်ရင်တော့ ဒဏ်ရာရတာက ကိစ္စမရှိပေမဲ့... အသက်အန္တရာယ်ပါ စိုးရိမ်ရလိမ့်မယ်...”

“နောက်ပြီး ခန္ဓာသန့်စင်ကန်ကို ဧရိယာ သုံးခု ခွဲထားတယ်... ဗဟိုဧရိယာက သွေးကြောနိုးကြားမှုနယ်ပယ် အထွတ်အထိပ် သန်မာသူတွေအတွက် ဖြစ်ပြီး၊ သွေးရောင်ဧရိယာက အဆင့်မြင့်အဆင့် သန်မာသူတွေအတွက်၊ အရောင်ဖျော့တဲ့ ဧရိယာကတော့ အလယ်အလတ်အဆင့် သန်မာသူတွေအတွက် ဖြစ်တယ်... မင်းတို့ရဲ့ ကျင့်ကြံမှုအဆင့်အလိုက် ရွေးချယ်ကြပေါ့...”

“ကျင့်ကြံမှု တိုးတက်ချင်ဇောနဲ့ လောဘမကြီးကြနဲ့ဦး...ကိုယ့်ရဲ့ အကန့်အသတ်ထက် ကျော်လွန်သွားရင် တောင့်ခံနိုင်မှာ မဟုတ်သလို၊ ဒဏ်ရာရပြီး အခွင့်အရေးကို ဖြုန်းတီးမိရင်တော့ အရှုံးပေါ်သွားလိမ့်မယ်...”

ဤနေရာသို့ ရောက်သောအခါ အကြီးအကဲလီက လော့ချန်ကို တစ်ချက်ကြည့်ကာ ခေတ္တမျှ စဉ်းစားပြီးနောက် ဆိုလိုက်၏။

“မင်းကတော့ ခန္ဓာသန့်စင်ကန်ရဲ့ အစွန်းပိုင်းမှာပဲ ကျင့်ကြံပေါ့...”

လော့ချန်မှာ သွေးကြောနိုးကြားမှုနယ်ပယ် ဒုတိယအဆင့် အစောပိုင်းမှာပဲ ရှိသေးသည်။ ယခုအချိန်အထိ ဤမျှ ကျင့်ကြံမှုအဆင့် နိမ့်ပါးသော အတွင်းစည်းတပည့်တစ်ဦး ခန္ဓာသန့်စင်ကန်သို့ ဝင်ရောက်ဖူးခြင်း မရှိခဲ့ချေ။ အကြီးအကဲလီအနေဖြင့် သတိပေးရန် လိုအပ်သည်ဟု ယူဆခြင်း ဖြစ်သည်။

ဤစကားကို ကြားသောအခါ ယွမ်ချီယွီ၏မျက်နှာတွင် လှောင်ပြောင်သော အမူအရာ ပေါ်လာပြီး သူ၏စိတ်ထဲတွင် သာ၍ပင် ယုံကြည်ချက်များ ပြည့်နှက်သွားတော့သည်။ လူတိုင်း သိထားကြသည့်အတိုင်း ခန္ဓာသန့်စင်ကန်၏ ဗဟိုသို့ နီးကပ်လေလေ၊ ကျင့်ကြံမှု ရလဒ်က ကောင်းမွန်လေလေ ဖြစ်သည်။

‘လော့ချန်ကကန်ရဲ့ အစွန်းပိုင်းမှာပဲ ကျင့်ကြံမယ်ဆိုရင်... ဘယ်လောက်အထိ တိုးတက်လာနိုင်မှာမို့လို့လဲ... သုံးရက်နေရင် ငါ့ကို ဘာနဲ့ လာယှဉ်ဦးမလဲ...’

“ကဲ... အခု ဝင်ပြီး ကျင့်ကြံကြတော့... သုံးရက်ပြည့်ရင် ခေါင်းလောင်းသံက မင်းတို့ကို သတိပေးလိမ့်မယ်...”

အကြီးအကဲလီက စကားတစ်ခွန်း ချန်ထားခဲ့ကာ လှည့်ထွက်သွားတော့သည်။

ကျူးလင်မေ့၊ ရွှေယွမ်နှင့် လင်ယွီကျင်းတို့သည်ကိုယ်စီ နေရာတစ်ခုရှာကာ ခန္ဓာသန့်စင်ကန်အတွင်းသို့ ဝင်ရောက်သွားကြ၏။

“ဟင်...”

ချက်ချင်းပင် လိုဏ်ဂူအတွင်း၌ အသက်ရှူမှားသွားသံများ ထွက်ပေါ်လာတော့သည်။ ခန္ဓာသန့်စင်ကန်အတွင်းသို့ ဝင်လိုက်သည်နှင့် ရွှေယွမ်တို့လူစု၏မျက်နှာပေါ်တွင် နာကျင်သော အမူအရာများ ပေါ်လာပြီး ကျူးလင်မေ့ပင်လျှင် မျက်မှောင်ကြုတ်သွားရသည်။

ယွမ်ချီယွီက လော့ချန်ကို ကြည့်ကာ လှောင်ပြုံးပြုံးလျက် ဆိုလိုက်၏။

“ငါတို့ရဲ့ကတိကို မမေ့နဲ့ဦးနော်...”

လော့ချန်က တစ်ဖက်လူကို ဂရုမစိုက်ဘဲကန်၏ အခြားတစ်ဖက်သို့ လှည့်ထွက်သွားသည်။ သူ့ကို လျစ်လျူရှုခံလိုက်ရသဖြင့် ယွမ်ချီယွီမှာ ဒေါသထွက်သွားသော်လည်း ဘာမျှ မတတ်နိုင်ဘဲ စိတ်ထဲတွင်သာ ကျိတ်၍ ပေါက်ကွဲမိတော့သည်။

“ဟွန့်... မင်း ဘယ်လောက်အထိ ရမ်းကားနိုင်ဦးမလဲ ကြည့်ကြသေးတာပေါ့...”

သူသည် ပြင်းထန်စွာ နှာမှုတ်လိုက်ပြီး သုံးရက်နေလျှင် လော့ချန်ကို ကောင်းကောင်း ပညာပေးရန် ဆုံးဖြတ်လိုက်တော့သည်။ အတွင်းစည်း အမာခံတပည့် သုံးယောက်က သက်သေအဖြစ် ရှိနေသဖြင့် လော့ချန်အနေဖြင့် ငြင်းဆန်နိုင်လိမ့်မည် မဟုတ်ပေ။

“အား... ဘာလို့ ဒီလောက်တောင် နာနေရတာလဲ...”

ခန္ဓာသန့်စင်ကန်အတွင်းသို့ လှမ်းဝင်လိုက်သည်နှင့် ယွမ်ချီယွီမှာ အော်ဟစ်လိုက်ရပြီး နာကျင်လွန်းသဖြင့် မျက်နှာမှာ ဖြူဖျော့သွားတော့သည်။ ကန်ရေများမှာ ပူပြင်းလှသော သဲကျောက်များနှယ် ခံစားရပြီး အရေပြားကို ဆွဲဖြဲနေသည့်အပြင် ထိုအထဲမှ ဆန္ဒစွမ်းအားများမှာ ချွေးပေါက်များအတွင်းသို့ တိုးဝင်နေတော့သည်။ ထိုနာကျင်မှုမှာ အရိုးထဲအထိ စိမ့်ဝင်ကာ ဝိညာဉ်အထိ ရောက်ရှိသွားသည့်နှယ်ပင်။

ယွမ်ချီယွီသည် အထဲသို့ ခုနစ်လှမ်း၊ ရှစ်လှမ်းခန့်သာ လှမ်းဝင်နိုင်ခဲ့ပြီး အရောင်ဖျော့သည့် ဧရိယာသို့ မနည်း ရောက်ရှိသွားသော်လည်း နဖူးတွင် ချွေးများ စိုရွှဲနေကာ အတွင်းပိုင်းကို ကြည့်ရင်း မျက်လုံးများတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေတော့သည်။

“ဒီလောက်ဆို ရပြီ... ဘာပဲဖြစ်ဖြစ် အဲ့ဒီ အသုံးမကျတဲ့ကောင်က အစွန်းပိုင်းမှာပဲ ကျင့်ကြံနိုင်မှာလေ... ဒီနေရာမှာ ကျင့်ကြံတာကပဲ သူ့ကို ကျော်တက်ဖို့ လုံလောက်နေပါပြီ...”

ယွမ်ချီယွီသည် ထပ်မံ၍ အထဲသို့ မတိုးဝင်ရဲတော့ဘဲ ဝင်္ကပါပုံစံ ထိုင်ကာ ကျင့်ကြံခြင်းကို စတင်လိုက်တော့သည်။

ရေကန်ကြီးတစ်ခုလုံးမှာ မီတာ ၁၀၀ ကျော်မျှ ကျယ်ဝန်းလှသည်။ လော့ချန်သည် တစ်ဝက်ခန့် လျှောက်လာပြီးနောက် တိတ်ဆိတ်ငြိမ်သက်သော နေရာတစ်ခုသို့ ရောက်သောအခါမှ ရပ်တန့်လိုက်၏။ ဘုရင်၏ ဆန္ဒစွမ်းအားများ ပါဝင်နေသော ထူထပ်လှသည့် မြူခိုးများက အရာရာကို ကာဆီးထားသဖြင့် လော့ချန်၏အာရုံခံစားမှုဖြင့်ပင် မီတာ ခုနစ်မီတာ၊ ရှစ်မီတာခန့်သာ မြင်တွေ့နိုင်သည်။

“ဒီနေရာပဲ...”

အခြားသူများ၏ လှုပ်ရှားမှုကို မခံစားရတော့သည့်အခါ လော့ချန်သည် ရေကန်အတွင်းသို့ တိုက်ရိုက် လှမ်းဝင်လိုက်တော့သည်။

"ရှူး..."

ရေထဲသို့ ဝင်လိုက်သည်နှင့် လော့ချန်လည်း မနေနိုင်ဘဲ အသက်ရှူမှားသွားရ၏။ မရေမတွက်နိုင်သော အပ်ချောင်းလေးများဖြင့် အရေပြားကို ထိုးစိုက်နေသည့်နှယ် ခံစားရပြီး ပြင်းထန်သော နာကျင်မှုကြောင့် တစ်ကိုယ်လုံးရှိ သွေးကြောများမှာပင် ထိုးထွက်လာတော့သည်။

လော့ချန်သည် သူ၏ဝိညာဉ်စွမ်းအားဖြင့် အာရုံခံကြည့်လိုက်ရာ အလွန်ပင် သန့်စင်လှသော ချီစွမ်းအင်များနှင့် ဆန္ဒစွမ်းအားများမှာ သန်းပေါင်းများစွာသော ချွေးပေါက်များမှတစ်ဆင့် ကြွက်သားများအတွင်းသို့ တိုးဝင်ကာ သွေးများနှင့် ရိုးတွင်းခြင်ဆီများအတွင်းသို့ စိမ့်ဝင်နေသည်ကို ထင်ရှားစွာ သိမြင်လိုက်ရ၏။

ခဏအတွင်းမှာပင် လော့ချန်သည် သူ၏ခန္ဓာကိုယ်အတွင်းရှိ ချီစွမ်းအင်များမှာ သန်မာလာပြီး ဝိညာဉ်အာရုံမှာပင် တိုးတက်လာသည့် အရိပ်အယောင်များ ရှိနေသည်ကို ခံစားလိုက်ရသည်။

“ဒါကြောင့်ကိုး... ဒီကန်ရေထဲမှာ ပါဝင်တဲ့ ချီစွမ်းအင်တွေက တကယ်ကို ကျယ်ပြောပြီး သန့်စင်လွန်းတာပဲ... ဘုရင်ရဲ့ ဆန္ဒစွမ်းအားတွေပါ ပေါင်းစပ်လိုက်တော့ အထဲကို ဝင်လိုက်တာနဲ့ ချီစွမ်းအင်တွေက ခန္ဓာကိုယ်ထဲကို အလိုအလျောက် စီးဝင်လာပြီး အရေပြား၊ အရိုးတွေနဲ့ ဝိညာဉ်ကိုပါ သန့်စင်ပေးတာပဲ... ကျင့်ကြံမှုကတော့ သေချာပေါက် အရှိန်အဟုန်နဲ့ တိုးတက်မှာပဲ...”

“ဒါကြောင့် ခန္ဓာသန့်စင်ကန်လို့ ခေါ်တာကိုး...ကန်ကို မီးဖိုတစ်ခုလို သဘောထားပြီးကိုယ့်ကိုယ်ကိုယ် သွန်းလောင်းယူတာပဲ... တကယ့်ကို ထူးခြားတဲ့ နေရာကောင်းတစ်ခုပါလား...”

“ဒီတစ်ခါ အခွင့်အရေးကိုတော့ လုံးဝ အလဟဿ အဖြစ်မခံနိုင်ဘူး...”

ထိုသို့ တွေးတောပြီးနောက် လော့ချန်သည် တွန့်ဆုတ်မနေတော့ဘဲ ခန္ဓာသန့်စင်ကန်၏ အတွင်းပိုင်းသို့ တစ်လှမ်းချင်း တိုးဝင်သွားတော့သည်။ ဗဟိုသို့ နီးကပ်လေလေ ကန်ရေ၏ အရောင်မှာ သာ၍ ရင့်လာလေလေဖြစ်ကာ ဘုရင်၏ ဆန္ဒစွမ်းအားနှင့် မိုးမြေချီစွမ်းအင်မှာလည်း သာ၍ သန်မာလာလေလေ ဖြစ်သည်။

ခြေလှမ်းအနည်းငယ်အတွင်းမှာပင် လော့ချန်သည် သွေးကြောနိုးကြားမှုနယ်ပယ် အလယ်အလတ်အဆင့် သန်မာသူများအတွက် သင့်တော်သော အရောင်ဖျော့သည့် ဧရိယာသို့ ရောက်ရှိသွားသည်။ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာသော ချီစွမ်းအင်နှင့် ဆန္ဒစွမ်းအားများမှာ အဆပေါင်းများစွာ ပို၍ သန်မာလာသည်ကို သိသိသာသာ ခံစားလိုက်ရ၏။ နာကျင်မှုမှာလည်း သာ၍ ပြင်းထန်လာတော့သည်။ လော့ချန်၏မျက်နှာမှာ အနည်းငယ် ဖြူဖျော့သွားရ၏။

သူသည် အသက်ကို အသာရှူလိုက်ရင်း မီးလျှံလျှာသစ်ခွ ဆေးလုံးတစ်လုံးကို ထုတ်ယူကာ ဝါးမြိုလိုက်သည်။ ချက်ချင်းပင် အေးမြသော ခံစားချက်တစ်ခု ပျံ့နှံ့သွားပြီး တစ်ကိုယ်လုံးရှိ သွေးကြောများဆီသို့ စိမ့်ဝင်သွားကာ ဝိညာဉ်အာရုံမှာလည်း ခပ်ဖွဖွ လှုပ်ခတ်သွားတော့၏။ ထိုမီးလောင်သကဲ့သို့ နာကျင်မှုမှာလည်း သိသိသာသာ လျော့ပါးသွားခဲ့သည်။

လော့ချန်သည် စိတ်ကို တည်ငြိမ်အောင် ထားလိုက်ရင်း သွေးကြောနိုးကြားမှုနယ်ပယ် အဆင့်မြင့်အဆင့် သန်မာသူများအတွက် သင့်တော်သော သွေးရောင်ဧရိယာအတွင်းသို့ ဆက်လက် တိုးဝင်သွားတော့သည်။ ဤဧရိယာအတွင်းသို့ ရောက်ရှိသွားသည်နှင့် လော့ချန်သည် သူကိုယ်တိုင် ဟုန်းဟုန်းတောက်နေသော မီးဖိုကြီးတစ်ခုအတွင်းသို့ ကျရောက်သွားသည့်နှယ် ခံစားလိုက်ရ၏။

ကျယ်ပြောလှသော ချီစွမ်းအင်နှင့် ဘုရင်၏ ဆန္ဒစွမ်းအားများမှာ သူ၏ခန္ဓာကိုယ်နှင့် ဝိညာဉ်ကိုပါ ချေဖျက်ပစ်တော့မည့်အလား အစွမ်းကုန် ဖိနှိပ်နေတော့သည်။ အတိုင်းအဆမရှိသော နာကျင်မှုများမှာ သူ၏စိတ်ဝိညာဉ် ဆန္ဒစွမ်းအားများကိုပါ ဝါးမြိုပစ်တော့မည့်အလားပင်။

“သတ်စမ်း...”

ထိုအချိန်တွင် လော့ချန်၏ ဓားဆန္ဒ ကျင့်ကြံခဲ့သည့် အတွေ့အကြုံမှာ အသုံးတည့်လာခဲ့သည်။ သူ၏စိတ်ဝိညာဉ်ကို အစွမ်းကုန် ထိန်းချုပ်ထားရင်း၊ စိတ်ဝိညာဉ် ဆန္ဒစွမ်းအားကို ပုံရိပ်ယောင် ဓားတစ်စင်းအဖြစ် စုစည်းလိုက်ကာ မိမိ၏ဆန္ဒကို ဓားအဖြစ် အသုံးပြု၍ နာကျင်မှုများကို စတင် သတ်ဖြတ်တော့သည်။

ချက်ချင်းပင် သူ၏ဦးနှောက်အတွင်းရှိ အတိုင်းအဆမရှိသော နာကျင်မှုများမှာ သူ၏သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီး ဖိနှိပ်ခြင်း ခံလိုက်ရကာ အေးမြသော လေပြေလေညင်းများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ လော့ချန်သည် အတွင်းပိုင်းသို့ နောက်ထပ် ခြေလှမ်း ဆယ်ဂဏန်းခန့် ထပ်မံ တိုးဝင်လိုက်ရာ သွေးရောင်ဧရိယာနှင့် အချက်အချာကျသော အနက်ရောင်သန်းသည့် အနီရောင်ဧရိယာတို့၏ နယ်စပ်သို့ ရောက်ရှိသွားတော့သည်။

“ဒီလောက်ဆို ရပြီ... လောလောဆယ် ဒီနေရာမှာပဲ ကျင့်ကြံတာပေါ့...”

လော့ချန်သည် မိမိ၏အကန့်အသတ်သို့ ရောက်ရှိသွားပြီဟု ခံစားလိုက်ရသဖြင့် ရပ်တန့်လိုက်၏။ သူ၏တစ်ကိုယ်လုံးတွင်လည်း ချွေးများမှာ တစိမ့်စိမ့် ကျဆင်းနေတော့သည်။ အကယ်၍ ထပ်မံ၍ အထဲသို့ တိုးဝင်မည်ဆိုပါက မိမိ၏ဆန္ဒကို ဓားအဖြစ် အသုံးပြု၍ နာကျင်မှုကို သတ်ဖြတ်နိုင်လျှင်ပင် အချိန်ကြာကြာ တောင့်ခံနိုင်ရန် မသေချာဘဲ အရှုံးပေါ်သွားနိုင်ပေသည်။

“သုံးရက်အတွင်းမှာ ကျင့်ကြံမှုအဆင့်က ဘယ်လောက်အထိ တိုးတက်လာမလဲမသိဘူး...”

ကျင့်ကြံမှုအဆင့်ကသာ အရာရာ၏ အခြေခံဖြစ်ကြောင်း လော့ချန် ကောင်းကောင်း သိရှိသည်။ အကယ်၍ ယွမ်ချီယွီနှင့် တိုက်ခိုက်သည့်အခါ သူ၏ကျင့်ကြံမှုအဆင့်မှာ သွေးကြောနိုးကြားမှုနယ်ပယ် အလယ်အလတ်အဆင့်၊ သို့မဟုတ် စတုတ္ထအဆင့် အစောပိုင်းလောက်သာ ရှိမည်ဆိုလျှင် မည်သည့် သိုင်းကွက်ကိုမဆို သုံးလိုက်ရုံနှင့် လွယ်လွယ်ကူကူ အနိုင်ရနိုင်ပေလိမ့်မည်။ သူ၏သိုင်းဝိညာဉ်၊ သုံးပုံတစ်ပုံ ဓားဆန္ဒနှင့် နတ်ဆိုးမုန်တိုင်း စသည့် ဝှက်ဖဲအားလုံးကို ထုတ်သုံးနေစရာပင် လိုမည်မဟုတ်ပေ။

ထို့ပြင် လော့ချန်၏ရည်မှန်းချက်မှာ ယွမ်ချီယွီမဟုတ်ဘဲ ဆွန်ယင်ယန်သာ ဖြစ်သည်။ ဆွန်ယင်ယန်မှာ သွေးကြောနိုးကြားမှုနယ်ပယ် ဆဋ္ဌမအဆင့် အထွတ်အထိပ် သန်မာသူဖြစ်ရုံတင်မကဘဲ လျှပ်ယွမ်ဂိုဏ်း၏ အကြီးအကဲလည်း ဖြစ်ရာ သူ၏စွမ်းအားကို သာမန် ဆဋ္ဌမအဆင့် သန်မာသူတစ်ဦးကဲ့သို့ သတ်မှတ်၍ မရနိုင်ပေ။

“ဘာမှ ထပ်မတွေးတော့ဘူး...”

လော့ချန်သည် အသက်ပြင်းပြင်းတစ်ချက် ရှူကာ မျက်လုံးများကို မှိတ်လိုက်ပြီး ဝင်္ကပါပုံစံ ထိုင်လိုက်ရင်း သူ၏တစ်ကိုယ်လုံးကို သွေးရောင်ကန်ရေများအတွင်းသို့ နစ်မြုပ်လိုက်တော့သည်။

တစ်ကိုယ်လုံး ကန်ရေများ၏ ဖုံးလွှမ်းခြင်းကို ခံလိုက်ရသည့်အခါ လော့ချန်မှာ မနေနိုင်ဘဲ မျက်မှောင်ကြုတ်ပြီး အံကိုတင်းတင်းကြိတ်လျက် အောင့်ခံလိုက်ရ၏။ ဤဧရိယာရှိ ကန်ရေများတွင် ပါဝင်သော ချီစွမ်းအင်နှင့် ဘုရင်၏ ဆန္ဒစွမ်းအားမှာ အပြင်ဘက် ဧရိယာများထက် အဆပေါင်းများစွာ ပိုမို ပြင်းထန်လှပေသည်။

နေရာအနှံ့မှ တိုးဝင်နေသော ပြင်းထန်လှသည့် နာကျင်မှုများကို ဓားဆန္ဒဖြင့်ပင် အပြည့်အဝ မသတ်ဖြတ်နိုင်တော့သဖြင့် လော့ချန်သည် သူ၏စိတ်ဝိညာဉ်အတွင်းရှိ နောက်ဆုံးကျန်ရှိသော ကြည်လင်မှုကို အစွမ်းကုန် ထိန်းချုပ်ထားရင်း ကျင့်ကြံခြင်းအခြေအနေအတွင်းသို့ ရောက်ရှိအောင် အသည်းအသန် ကြိုးစားနေတော့သည်။

"ဘုန်း..."

သန့်စင်ပြီး ပြင်းထန်လှသော ချီစွမ်းအင်များမှာ လော့ချန်၏ခန္ဓာကိုယ်အတွင်းသို့ အလိုအလျောက် စီးဝင်နေခဲ့သည်။ ယခုအခါ လော့ချန်က တက်ကြွစွာ ကျင့်ကြံလိုက်သည့်အခါတွင်မူ ကျိုးပျက်သွားသော ဆည်ကြီးတစ်ခုနှယ် ဘုရင်၏ ဆန္ဒစွမ်းအားများ ပါဝင်နေသော ကျယ်ပြောလှသည့် ချီစွမ်းအင်များမှာ သောင်းကျန်းလှသော လှိုင်းလုံးကြီးများကဲ့သို့ သူ၏ခန္ဓာကိုယ်အတွင်းသို့ အဟုန်ပြင်းစွာ တိုးဝင်သွားတော့သည်။

လော့ချန်၏ ခန္ဓာကိုယ်မှာ မိုးကြိုးပစ်ခံလိုက်ရသည့်နှယ် ဖြစ်သွားပြီး နာကျင်မှုမှာလည်း ချက်ချင်းပင် ဆယ်ဆမက တိုးတက်သွားတော့သည်။

“သတ်စမ်း... သတ်စမ်း... သတ်စမ်း... သတ်စမ်း... သတ်စမ်း... သတ်စမ်း...”

လော့ချန်သည် စိတ်ထဲမှ အော်ဟစ်လိုက်ရင်း စိတ်ဝိညာဉ် ဆန္ဒစွမ်းအားများကို စုစည်းကာ နာကျင်မှုများကို အထပ်ထပ် အခါခါ သတ်ဖြတ်နေတော့သည်။ တစ်ပြိုင်နက်တည်းမှာပင် ထိုကျယ်ပြောလှသော ချီစွမ်းအင်များမှာ သူ၏တစ်ကိုယ်လုံးသို့ စီးဝင်သွားပြီး ကြွက်သားတိုင်း၊ အရေပြားတိုင်းကို ဖိနှိပ်နေသဖြင့် သူ၏ခန္ဓာကိုယ်မှာ ရဲရဲနီနေတော့သည်။

ခန္ဓာကိုယ်အတွင်း ဖွင့်လှစ်ထားသော သွေးကြော ၁၈ ခုလုံးမှာ ပြင်းထန်စွာ ကျယ်ပြန့်လာပြီး ထိုအထဲတွင် စီးဆင်းနေသော ချီစွမ်းအင်များမှာလည်း မြစ်ကြီးများနှယ် တဟုန်းဟုန်းထနေတော့သည်။

သွေးများမှာ လှိုင်းလုံးကြီးများနှယ် စီးဆင်းနေ၏။ အရိုးများမှာလည်း တုန်ခါနေတော့သည်။ တစ်ကိုယ်လုံးမှာ မမြင်ရသော ဧရာမတူကြီးဖြင့် ထုနှက်ခံနေရသည့်နှယ် တဆတ်ဆတ် တုန်ယင်နေပြီး ထူးခြားဆန်းပြားသော အသံများမှာလည်း ထွက်ပေါ်နေတော့သည်။

“အား... အား... အား... အား...”

ဤမျှ ပြင်းထန်လှသော ဖိအားကြောင့် လော့ချန်ပင်လျှင် မနေနိုင်ဘဲ လည်ချောင်းထဲမှ နက်ရှိုင်းသော ညည်းတွားသံများ ထွက်ပေါ်လာသော်လည်း ထိုအသံမှာ သွေးရောင်ကန်ရေများအောက်တွင် နစ်မြုပ်သွားခဲ့ရသည်။

ဤကဲ့သို့ ရူးသွပ်ဖွယ်ရာ ကျင့်ကြံမှုများအတွင်း လော့ချန်၏ခန္ဓာကိုယ်အတွင်း အသစ်ဖွင့်လှစ်ထားသော သွေးကြောကိုးခုမှာ ရေကြီးနေသော ချောင်းငယ်လေးများနှယ် တဖြည်းဖြည်း ကျယ်ပြန့်ကာ သန်မာလာတော့သည်။ သွေးကြောများ ကြီးထွားလာသည်နှင့်အမျှ သူ၏ကျင့်ကြံမှုအဆင့်မှာလည်း တရှိန်ထိုး မြင့်တက်လာတော့သည်။

သွေးကြောနိုးကြားမှုနယ်ပယ် ဒုတိယအဆင့် အစောပိုင်းမှသည် ဒုတိယအဆင့် အလယ်အလတ်အဆင့်သို့၊ ထိုမှတစ်ဆင့် ဒုတိယအဆင့် အဆင့်မြင့်အဆင့်သို့၊ ထို့နောက် အထွတ်အထိပ်သို့၊ နောက်ဆုံးတွင် သူ၏ခန္ဓာကိုယ်အတွင်းရှိ သွေးကြော ၁၈ ခုစလုံးမှာ အပြည့်အဝ ပြည့်စုံသွားခဲ့ပြီ ဖြစ်သည်။

အခန်း (၄၅၂) ပြီးပါပြီ။

အခန်း ၄၅၃ - လော့ချန် ထွက်သွားပြီလား... အသစ်တစ်ဖန် မွေးဖွားလာခြင်း...

သွေးကြောနိုးကြားမှုနယ်ပယ် ဒုတိယအဆင့် အထွတ်အထိပ်သို့ တက်လှမ်းပြီးနောက် လော့ချန်၏ ခန္ဓာကိုယ်အတွင်းရှိ သွေးကြော ၁၈ ခုစလုံးမှာ တောက်ပစွာ ဝင်းလက်နေပြီး အလွန်ပင် ခိုင်ခံ့တောင့်တင်းကာ နက်နဲဆန်းကြယ်လှပေသည်။ လည်ပတ်နေသော ချီစွမ်းအင် ပမာဏရော အရှိန်ပါ ယခင်ကထက် အဆပေါင်းများစွာ ပိုမို တိုးတက်လာခဲ့ပြီ ဖြစ်သည်။

“ဆက်လုပ်မယ်...”

လော့ချန်သည် ရပ်တန့်မသွားဘဲ နောက်ထပ် မီးလျှံလျှာသစ်ခွ ဆေးလုံးတစ်လုံးကို ထပ်မံ ဝါးမြိုလိုက်ပြီး သွေးကြောနိုးကြားမှုနယ်ပယ် တတိယအဆင့်သို့ ချိုးဖြတ်ရန် အားယူလိုက်တော့သည်။ ကျယ်ပြောလှသော ချီစွမ်းအင်များ၏ ပံ့ပိုးမှုအောက်တွင် သူ၏ ချီစွမ်းအင် အလင်းတန်းများကြား၌ တတိယမြောက် သွေးကြော၏ အခြေခံပုံရိပ်မှာ တဖြည်းဖြည်း ထွက်ပေါ်လာခဲ့သည်။ ၎င်းမှာ မိုးရွာပြီးစတွင် ထွက်ပေါ်လာသော မျှစ်စို့ပေါက်ကလေးနှယ် အဆက်မပြတ် ကြီးထွားလာနေ၏။

အချိန်များမှာ တရွေ့ရွေ့ လှုပ်ခတ်နေသော ကန်ရေပြင်နှယ် တိတ်ဆိတ်စွာ ကုန်ဆုံးသွားခဲ့သည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် လူငါးယောက် ခန္ဓာသန့်စင်ကန် အတွင်းသို့ ဝင်ရောက်ခဲ့သည်မှာ နှစ်ရက် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

တတိယမြောက်နေ့သို့ ရောက်သောအခါ...

ယွမ်ချီယွီသည် အရင်ဆုံး တောင့်မခံနိုင်တော့ဘဲ ခန္ဓာသန့်စင်ကန်အတွင်းမှ အမြန် ပြန်ထွက်လာခဲ့ကာ မြေပြင်ပေါ်တွင် ဝပ်စင်းလျက် အသက်ကို အသည်းအသန် ရှူနေရတော့သည်။ ခဏမျှ အနားယူပြီးနောက် သူသည် ထရပ်ကာ လက်သီးကို တင်းတင်းဆုပ်လိုက်၏။ ချက်ချင်းပင် ချီစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာပြီး သူ၏ ကိုယ်ပေါ်မှ ပြင်းထန်သော အရှိန်အဝါတစ်ခု ဖြာထွက်လာကာ ပတ်ဝန်းကျင်ရှိ မြူခိုးများကိုပင် လွင့်စင်သွားစေတော့သည်။

“ဟားဟား... သွေးကြောနိုးကြားမှုနယ်ပယ် ဆဋ္ဌမအဆင့်... ငါ တကယ်ပဲ ချိုးဖြတ်နိုင်ခဲ့ပြီ...”

ယွမ်ချီယွီသည် စိတ်လှုပ်ရှားစွာဖြင့် ဝမ်းသာအားရ ရယ်မောလိုက်တော့သည်။ နှစ်ရက်တိုင်တိုင် နာကျင်မှုကို အံကြိတ်ခံခဲ့ရခြင်းမှာ အလဟဿ မဖြစ်ခဲ့ပေ။ သူ၏ ကျင့်ကြံမှုမှာ ပဉ္စမအဆင့် အလယ်အလတ်မှသည် ဆဋ္ဌမအဆင့်အထိ တိုက်ရိုက် တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။ ဆဋ္ဌမအဆင့် အလယ်အလတ်သို့ မရောက်ခဲ့သော်လည်း ယွမ်ချီယွီမှာ ကျေနပ်နေပြီ ဖြစ်သည်။

ခန္ဓာသန့်စင်ကန်တွင် ကျင့်ကြံခြင်းမှာ ပါရမီနှင့် အချိန်အပေါ် မူတည်ပြီး သာမန်အားဖြင့် နယ်ပယ်အဆင့် တစ်ဆင့်မှ ငါးဆင့်အထိ တိုးတက်နိုင်ကြသည်။ သူသည် ပဉ္စမအဆင့် အလယ်အလတ်မှသည် အဆင့်မြင့်၊ အထွတ်အထိပ်၊ ထို့နောက် ဆဋ္ဌမအဆင့်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်သဖြင့် နယ်ပယ်အဆင့် နှစ်ဆင့်ခွဲခန့် တိုးတက်ခဲ့သည်ဟု ဆိုရပေမည်။ နှစ်ဆင့်ခွဲဟု ဆိုရခြင်းမှာ သူကိုယ်တိုင်မှာ ပဉ္စမအဆင့် အဆင့်မြင့်သို့ ရောက်ရန် နီးစပ်နေပြီးသား ဖြစ်သောကြောင့် ဖြစ်သည်။ ဤရလဒ်မှာ ထူးကဲလှသည် မဟုတ်သော်လည်း မဆိုးလှဟု ပြော၍လည်း ရသည်။

“ဟဲဟဲ... လော့ချန်... ဒီတစ်ခါတော့ မင်းကို လူအများရှေ့မှာ ခွေးသေတစ်ကောင်လို ဖြစ်အောင် ရိုက်နှက်ပြမယ်... အဲ့ဒီနေ့က အတွင်းစည်းခန်းမမှာ ရခဲ့တဲ့ အရှက်ကို အတိုးနဲ့တကွ ပြန်ယူပြမယ်...”

ခန္ဓာကိုယ်အတွင်းရှိ ကျယ်ပြောလှသော ချီစွမ်းအင်များကို ခံစားရင်း ယွမ်ချီယွီမှာ ရက်စက်စွာ ပြုံးလိုက်တော့သည်။ သူသည် လော့ချန် မည်သို့ ရှိနေသနည်းဟု ကြည့်လိုသဖြင့် ခန္ဓာသန့်စင်ကန်ကို တစ်ပတ်ပတ်ကြည့်ခဲ့သော်လည်း လော့ချန်၏ အရိပ်အယောင်ကိုပင် မတွေ့ခဲ့ရချေ။

“သူ တောင့်မခံနိုင်လို့ ထွက်သွားတာများလား...”

ယွမ်ချီယွီ၏ စိတ်ထဲတွင် အတွေးတစ်ခု ဝင်လာပြီး မထီမဲ့မြင် ပြုကာ ဆိုလိုက်၏။

“အသုံးမကျတဲ့သူကတော့ အသုံးမကျတဲ့သူပဲ... ဒီလောက် နာကျင်တာလေးကိုတောင် မတောင့်ခံနိုင်ဘူးလား... ဒါနဲ့များ ငါနဲ့ လာပြီး အားပြိုင်ချင်နေသေးတယ်...”

နောက်ထပ် နာရီအနည်းငယ် ကုန်ဆုံးသွားပြီးနောက်...

လင်ယွီကျင်း၊ ရွှေယွမ်နှင့် ကျူးလင်မေ့တို့ သုံးယောက်မှာလည်း ခန္ဓာသန့်စင်ကန်အတွင်းမှ ဆက်တိုက် ထွက်လာကြတော့သည်။ သုံးယောက်စလုံး၏ မျက်နှာတွင် ဝမ်းသာမှုများ ပြည့်နှက်နေ၏။ သေချာပေါက်ပင် ခန္ဓာသန့်စင်ကန်မှ ရလဒ်ကောင်းများ ရရှိခဲ့ကြခြင်း ဖြစ်သည်။ တစ်ဦးချင်းစီမှာ နယ်ပယ်အဆင့် တစ်ဆင့်မှ သုံးဆင့်အထိ တိုးတက်လာခဲ့ကြသည်။ အထူးသဖြင့် ကျူးလင်မေ့မှာ သွေးကြောနိုးကြားမှုနယ်ပယ် သတ္တမအဆင့် အဆင့်မြင့်မှသည် အဋ္ဌမအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီး အဋ္ဌမအဆင့် အလယ်အလတ်သို့ပင် ရောက်ရန် နီးစပ်နေပြီ ဖြစ်သည်။

ခန္ဓာသန့်စင်ကန်မှ ထွက်လာသည့်အခါ ကျူးလင်မေ့သည် ယွမ်ချီယွီတို့ လူစုကို တွေ့ရသော်လည်း လော့ချန်ကို မတွေ့သဖြင့် မေးလိုက်၏။

“လော့ချန် ဘယ်မှာလဲ...”

ယွမ်ချီယွီက အထင်သေးသော အမူအရာဖြင့် လှောင်ပြောင်လိုက်သည်။

“ငါ ထွက်လာတုန်းကလည်း သူ့ကို မတွေ့တော့ဘူး... ကြည့်ရတာ ဒီကန်ရဲ့ ဖိအားကို တောင့်မခံနိုင်လို့ အစောကြီးကတည်းက ထွက်သွားတာ နေမှာပါ...”

“မဖြစ်နိုင်တာ...”

ကျူးလင်မေ့သည် သွေးလှိုင်းများ ထွက်ပေါ်နေသော ခန္ဓာသန့်စင်ကန်ကို ကြည့်ကာ သံသယဝင်သွားရသည်။ သူမ၏ စိတ်ထဲတွင် လော့ချန်မှာ အလွန် ဇွဲကောင်းပြီး ပြတ်သားသူတစ်ဦး ဖြစ်သည်။ အသုံးမကျသော သိုင်းဝိညာဉ်နှင့်ပင် သွေးကြောနိုးကြားမှုနယ်ပယ်သို့ ရောက်အောင် ကျင့်ကြံနိုင်ခဲ့သူ၊ မင်းသားတန်းကိုပင် ရင်ဆိုင်ရဲပြီး တိုက်ရိုက်တပည့်ကြီးတွေကိုတောင် စိန်ခေါ်ရဲတဲ့သူက ဒီလောက်လေးနဲ့ အလွယ်တကူ လက်လျှော့လိမ့်မည်ဟု မထင်ပေ။

“သံသယဝင်မနေပါနဲ့... ငါ ခုနက တစ်ပတ်ပတ်ပြီး ရှာကြည့်ပြီးပြီ... အသုံးမကျတဲ့ သိုင်းဝိညာဉ်ကို နိုးကြားထားတဲ့သူက ငါတို့နဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ... ငါ အစကတည်းက ပြောသားပဲ... သူ ခန္ဓာသန့်စင်ကန်ထဲ ဝင်ရတာ အခွင့်အရေးကို ဖြုန်းတီးတာပါဆို...”

ယွမ်ချီယွီက နှာမှုတ်လိုက်ရင်း ဆက်ပြောပြန်သည်။

“သွားကြစို့... အပြင်ထွက်ပြီး သူ့ကို ရှာတာပေါ့... မင်းတို့လည်း မမေ့နဲ့ဦးနော်... ငါနဲ့ သူ့ကြားမှာ သက်သေလုပ်ပေးမယ်ဆိုတာလေ... သူ ရှုံးသွားရင်တော့ လူအများရှေ့မှာ ကိုယ့်ကိုယ်ကိုယ် အသုံးမကျသူပါလို့ ဝန်ခံရမယ့်အပြင်၊ နောက်ကျရင် ငါ့ကို မြင်တာနဲ့ ရှောင်ကွင်းသွားရမှာ...”

ပန်းရောင်ဝတ်စုံနှင့် လင်ယွီကျင်းက ပြုံးလျက် ဆိုလိုက်၏။

“သူသာ မင်း သွေးကြောနိုးကြားမှုနယ်ပယ် ဆဋ္ဌမအဆင့်ကို တက်သွားတာ မြင်ရင်... ဘယ်မှာ တိုက်ရဲတော့မှာလဲ...”

“အခုအချိန်မှာတော့ သူက မတိုက်ချင်ဘူးဆိုလည်း မရတော့ဘူး...”

ယွမ်ချီယွီသည် အေးစက်စွာ နှာမှုတ်လိုက်ပြီး လိုဏ်ဂူထဲမှ လှည့်ထွက်သွားတော့သည်။ ကျူးလင်မေ့မှာ သံသယများ ရှိနေသေးသဖြင့် ခန္ဓာသန့်စင်ကန်ကို ထပ်မံ ကြည့်လိုက်သော်လည်း ထူးခြားမှုကို မတွေ့ရသောကြောင့် နောက်မှသာ လိုက်သွားခဲ့ရတော့သည်။

လေးယောက်သား မြေအောက်လမ်းကြောင်းမှတစ်ဆင့် ခန္ဓာကျင့်ကြံခန်းမ ထဲမှ ထွက်လာကြ၏။

ခန်းမအပြင်ဘက်တွင်မူ...

အကြီးအကဲလီသည် ခရမ်းရောင်ဝါးတံမြက်စည်းကို ကိုင်လျက် ကြွေကျနေသော သစ်ရွက်များကို လှည်းကျင်းနေသည်။ ယွမ်ချီယွီမှာ လော့ချန်ကို အနိုင်ယူပြီး အရှက်ကို ဆေးကြောလိုစိတ် ပြင်းပြနေသဖြင့် တောင်အောက်သို့ တိုက်ရိုက် ပျံဆင်းရန် ပြင်လိုက်၏။

ကျူးလင်မေ့က ရှေ့သို့ တိုးကာ ယဉ်ကျေးစွာ အရိုအသေ ပေးလိုက်သည်။

“အကြီးအကဲလီ... ကျွန်မတို့ ကျင့်ကြံလို့ ပြီးပါပြီ... ခွင့်ပြုပါဦး...”

အကြီးအကဲလီက တံမြက်စည်းကို ရပ်တန့်လိုက်ပြီး တည်ငြိမ်စွာ မေးလိုက်၏။

“မင်းတို့ သူ့ကို မစောင့်တော့ဘူးလား...”

ကျူးလင်မေ့မှာ ကြောင်အသွားရ၏။

“ဘယ်သူ့ကိုလဲ...”

အကြီးအကဲလီက ခပ်အေးအေးပင် ပြောလိုက်သည်။

“လော့ချန်ဆိုတဲ့ ကောင်လေးလေ... သူက အခုထိ ခန္ဓာသန့်စင်ကန်ထဲမှာ ကျင့်ကြံနေတုန်းပဲ...”

ရွှေယွမ်နှင့် လင်ယွီကျင်းတို့မှာ မျက်လုံးများ ပြူးသွားကြကာ အကြီးအကဲလီကို ကြည့်လိုက်ကြ၏။

“အဲ့ဒီကောင်က ခန္ဓာသန့်စင်ကန်ထဲမှာ ရှိနေသေးတယ် ဟုတ်လား... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ငါ သေသေချာချာ တစ်ပတ်ပတ်ပြီး ရှာခဲ့တာလေ... ကန်အနားမှာ သူ့ရဲ့ အရိပ်အယောင်တောင် မတွေ့ခဲ့ရဘူး... ငါ ပြန်ဝင်ကြည့်ဦးမယ်...”

ယွမ်ချီယွီက ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး မယုံနိုင်လောက်အောင် ဖြစ်နေရသည်။

"ဝှစ်..."

"ဖန်း..."

စကားပြောနေစဉ်မှာပင် ယွမ်ချီယွီသည် ခန္ဓာလေ့ကျင့်ခန်းမထဲသို့ ပြန်ဝင်ရန် ပြေးဝင်သွားသော်လည်း မမြင်ရသော လေလှိုင်းအကာအကွယ်တစ်ခုနှင့် တိုက်မိကာ နောက်သို့ လွင့်စဉ်သွားတော့သည်။

အကြီးအကဲလီက မည်သည့် ခံစားချက်မျှ မပါဘဲ ဆိုလိုက်၏။

“ခန္ဓာသန့်စင်ကန်ထဲကနေ တစ်ခါ ထွက်လာပြီးရင် နောက်တစ်ခါ ထပ်ဝင်လို့ မရဘူး... ဒါက စည်းမျဉ်းပဲ...”

ယွမ်ချီယွီသည် နီမြန်းသွားသော သူ၏ နှာခေါင်းကို ကိုင်ထားရင်း မျက်နှာမှာ ညိုမည်းနေသော်လည်း မည်သို့မျှ မပြောရဲပေ။ ရွှမ်ယွမ်ဂိုဏ်းတွင် လုံးဝ ကျူးကျော်ဝင်ရောက်ခြင်း မပြုရမည့် နေရာ သုံးခု ရှိသည်။

ပထမတစ်ခုမှာ ဆုနှင့် ပြစ်ဒဏ်များကို စီမံသော ပြစ်ဒဏ်ခန်းမ ဖြစ်သည်။ ဒုတိယမှာ ဂိုဏ်းချုပ် နေထိုင်ရာဖြစ်ပြီး ဂိုဏ်း၏ ကာကွယ်ရေး ဝင်္ကပါ အချက်အချာကျသော ဆန်းလင်တောင်ထိပ် ဖြစ်သည်။ တတိယတစ်ခုမှာမူ ကျောက်စိမ်းတောင်ထိပ်ပင် ဖြစ်သည်။

အကြီးအကဲလီသည် ရွှမ်ယွမ်ဂိုဏ်းတစ်ခုလုံးတွင် အလွန် နက်နဲဆန်းကြယ်သူတစ်ဦး ဖြစ်ရုံတင်မကဘဲ ဝါအရင့်ဆုံးသူလည်း ဖြစ်သည်။ ဂိုဏ်းချုပ်ဟောင်းသည် ရွှမ်ယွမ်ဂိုဏ်း၏ တပည့်ဘဝမှာ ရှိနေစဉ်ကတည်းက သူမသည် ဤနေရာတွင် ရှိနေခဲ့ပြီးသား ဖြစ်သည်။ ဂိုဏ်းချုပ်ဖြစ်စေ၊ မဟာအကြီးအကဲများဖြစ်စေ သူမကို မြင်လျှင် အနည်းငယ် မျက်နှာသာ ပေးရပြီး ရမ်းကားရန် မဝံ့ရဲကြချေ။

“အဲ့ဒီ အသုံးမကျတဲ့ကောင်က ဘာလျှို့ဝှက်ချက်တွေ လုပ်နေလဲဆိုတာ ငါ စောင့်ကြည့်ဦးမယ်...”

ယွမ်ချီယွီသည် တင်းမာသောမျက်နှာထားနှင့် ဝင်္ကပါပုံစံ ထိုင်ကာ စောင့်ဆိုင်းနေတော့သည်။ ကျူးလင်မေ့၊ ရွှေယွမ်နှင့် လင်ယွီကျင်းတို့လည်း မထွက်သွားဘဲ တိတ်ဆိတ်စွာ စောင့်နေကြ၏။

‘ယွမ်ချီယွီက ခန္ဓာသန့်စင်ကန် ဘေးပတ်ပတ်လည်မှာ ရှာခဲ့ပေမဲ့ လော့ချန်ကို မတွေ့ခဲ့ဘူး... အကြီးအကဲလီကလည်း သေချာပေါက် မှားမှာ မဟုတ်ဘူး... ဒါဆိုရင်တော့...’

ကျူးလင်မေ့၏ ဦးနှောက်ထဲတွင် မယုံနိုင်စရာ အတွေးတစ်ခု ဖြတ်ပြေးသွားပြီး ခန္ဓာကျင့်ကြံခန်းမကို စိုက်ကြည့်နေတော့သည်။

ခန္ဓာသန့်စင်ကန်...

“ဂလု... ဂလု... ဂလု...”

သွေးရောင်ဧရိယာနှင့် အနက်ရောင်သန်းသည့် အနီရောင်ဧရိယာတို့၏ နယ်စပ်ရှိ ကန်ရေပြင်ပေါ်တွင် ရုတ်တရက် ရေဝဲများ ဆက်တိုက် ထွက်ပေါ်လာပြီး ဧရာမ ပူဖောင်းကြီးများမှာလည်း ပွက်ပွက်ဆူနေသည့်နှယ် အဆက်မပြတ် ထွက်ပေါ်နေတော့သည်။

နောက်ဆုံးတွင် ရေအောက်မှ ရေဝဲကြီး ပေါက်ကွဲထွက်ပေါ်လာ၏။

"ရွှီ... ရွှီ... ရွှီ... ရွှီ... ရွှီ..."

ထက်မြက်သော ဓားတိုလေးများနှယ် လေလှိုင်းများမှာ တိုးထွက်လာပြီး ပတ်ဝန်းကျင်ရှိ မြူခိုးများကို မရေမတွက်နိုင်သော အက်ကြောင်းများ ဖြစ်ပေါ်သွားစေကာ လေထုနှင့် ရေများမှာလည်း ပြင်းထန်စွာ တုန်ခါသွားတော့သည်။ အလင်းတန်းများမှာ ဝေဝါးသွားပြီး မြူခိုးများမှာလည်း ဆူဝေလျက် တိမ်တိုက်များနှယ် ဖြစ်သွားတော့၏။

"ဝုန်း..."

“သွေးကြောနိုးကြားမှုနယ်ပယ် တတိယအဆင့် အထွတ်အထိပ်...”

လော့ချန်သည် သွေးရောင်ကန်ရေပြင်ပေါ်သို့ ပေါ်လာပြီး သူ၏ အသံတွင် ဝမ်းသာမှုများ ပါဝင်နေကာ မျက်လုံးများမှာလည်း ကြယ်တာရာများနှယ် ဝင်းလက်လျက် ဓားတစ်စင်းနှယ် မြူခိုးများကို ထိုးဖောက်ကြည့်လိုက်သည်။ နှစ်ရက်ကျော်ကျော်အတွင်းမှာပင် သူ၏ ကျင့်ကြံမှုမှာ ဒုတိယအဆင့် အစောပိုင်းမှသည် တတိယအဆင့် အထွတ်အထိပ်သို့ တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။

၎င်းမှာ နယ်ပယ်အဆင့် ခုနစ်ဆင့်မျှအထိ တိုးတက်လာခဲ့ခြင်း ဖြစ်သည်။ ၎င်းတင်မကဘဲ လော့ချန်သည် သူ၏ ခန္ဓာကိုယ်မှာလည်း အလွန်ပင် ခိုင်ခံ့တောင့်တင်းလာပြီး ခန္ဓာကိုယ် စွမ်းအားများမှာလည်း အလွန်တရာ တိုးတက်လာသည်ကို သတိပြုလိုက်မိသည်။

သူ၏ ခန္ဓာကိုယ်အတွင်း၌ အတိုင်းအဆမရှိသော စွမ်းအားများ ရှိနေသည့်နှယ် လက်သီးကို တင်းတင်းဆုပ်လိုက်သည့် တစ်ခဏအတွင်းမှာပင် ရွှေရောင်အလင်းတန်းများ ဖြာထွက်နေတော့သည်။ သူသည် လက်သီးတစ်ချက်တည်းနှင့်ပင် ဤကမ္ဘာမြေကို ထိုးခွဲပစ်နိုင်မည်ဟုပင် ထင်ယောင်ထင်မှား ဖြစ်မိနေတော့၏။

ဤမျှ ပြင်းထန်လှသော ခံစားချက်မှာ တကယ့်ကို အသစ်တစ်ဖန် မွေးဖွားလာသည့်နှယ် ခံစားရစေတော့သည်။

အခန်း (၄၅၃) ပြီးပါပြီ။

All Chapters