အခန်း (၄၅၄-၄၅၆)
Vol. 31 Ch. 454-456
အခန်း ၄၅၄ - ဓားသည် လက်နက်မဟုတ်... လူသားသည်သာ ထက်မြက်မှုဖြစ်သည်...
“ဆရာပြောတာ တကယ်ပဲကိုး... ခန္ဓာသန့်စင်ကန်က လူတစ်ယောက်ကို အညစ်အကြေးတွေ သန့်စင်ပေးပြီး အသစ်တစ်ဖန် မွေးဖွားလာစေတယ်ဆိုတာ မမှားဘူးပဲ...”
လော့ချန်သည် တစ်ယောက်တည်း ရေရွတ်လိုက်၏။ တင်းတင်းဆုပ်ထားသော သူ၏လက်သီးပေါ်တွင် ရွှေရောင်အလင်းတန်းများမှာ မှိန်ပျပျ ထွက်ပေါ်နေသည်။ အရေပြားမှာ ကျောက်စိမ်းကဲ့သို့ ချောမွတ်နေပြီး ယခင်ကထက် အဆပေါင်းများစွာ ပိုမိုမာကျောလာခဲ့သည်။ ဘုရင်၏ဆန္ဒစွမ်းအားများ ပါဝင်နေသော ချီစွမ်းအင်များမှာ တစ်ကိုယ်လုံးသို့ စီးဆင်းနေပြီး သူ၏သွေးသားများကို ဆေးကြောပေးကာ ခန္ဓာကိုယ်ကို သန့်စင်ပေးနေသည်။
တိုတောင်းလှသော နှစ်ရက်ကျော်ကျော်အတွင်းမှာပင် သူ၏ခန္ဓာကိုယ်မှာ အံ့မခန်း တိုးတက်ပြောင်းလဲလာခဲ့သည်။ နောက်ဆုံးအကြိမ် ဤကဲ့သို့ ခံစားချက်မျိုး ရရှိခဲ့သည်မှာ စစ်မှန်သောနဂါးစွမ်းရည်ကို ကျင့်ကြံအောင်မြင်ခဲ့စဉ်က ဖြစ်သည်။
"ဘုန်း..."
လက်သီးကို အသာအယာ တစ်ချက် ဝှေ့ယမ်းလိုက်ရုံမျှဖြင့် လေထုမှာ ချက်ချင်း ပေါက်ကွဲသွားပြီး ထူထပ်လှသော မြူခိုးများကြားတွင် လေဟာနယ် ဧရိယာကျယ်ကြီးတစ်ခု ပေါ်ထွက်လာတော့သည်။
“တကယ့်ကို ထိတ်လန့်စရာကောင်းတဲ့ ဖျက်ဆီးအားပဲ... ခန္ဓာကိုယ်အင်အားတင် ပေါင်ငါးသန်းလောက် ရှိမယ်... အရင်ကထက် နှစ်ဆနီးပါး တိုးလာတာပဲ...”
လော့ချန်၏မျက်လုံးများတွင် အံ့သြမှုများဖြင့် တောက်ပနေတော့သည်။ ဤလက်သီးမှာ မည်သည့်သိုင်းပညာနှင့် ချီစွမ်းအင်ကိုမျှ အသုံးမပြုဘဲ ခန္ဓာကိုယ်အင်အား သက်သက်ဖြင့်သာ ထိုးနှက်ခဲ့ခြင်း ဖြစ်သော်လည်း လေဟာနယ်ဖြစ်သွားအောင် လုပ်ဆောင်နိုင်ခဲ့သည်။ ၎င်းမှာ သူ၏ယခင် အထွတ်အထိပ် တိုက်ခိုက်ရေးစွမ်းအားနှင့် နီးစပ်နေပေပြီ။ နယ်ပယ်အဆင့် ချိုးဖြတ်ဝင်ရောက်သည့်အခါ ခန္ဓာကိုယ်အင်အားပါ တစ်ပြိုင်နက်တည်း ဤမျှအထိ တိုးတက်လာလိမ့်မည်ဟု လော့ချန် မထင်ထားခဲ့ပေ။
“ခန္ဓာသန့်စင်ကန်ရဲ့ ထူးခြားချက်က တစ်ခုပေါ့... အဓိကအချက်ကတော့ ငါရွှေခန္ဓာနယ်ပယ်ကို အောင်မြင်ထားလို့ အခြေခံတွေက ခိုင်မာနေတာကြောင့်ပဲ ဖြစ်ရမယ်...”
တွေးတောပြီးနောက်တွင် လော့ချန်မှာ ဤအကြောင်းပြချက်တစ်ခုကိုသာ ရှာတွေ့တော့သည်။ ဤသို့ကြည့်မည်ဆိုလျှင် ရွှေခန္ဓာနယ်ပယ်ကို အမြင့်မြတ်ဆုံးသော သိုင်းပညာအခြေခံဟု ခေါ်ဆိုကြသည်မှာ အကြောင်းမဲ့မဟုတ်ပေ။ အနည်းဆုံးတော့ ခန္ဓာကိုယ်ကျင့်ကြံမှုအပိုင်းတွင် သူသည် ခန္ဓာကိုယ်ကျင့်ကြံသူ ပါရမီရှင်များကိုပင် သာလွန်ပေသည်။
“ကျင့်ကြံမှုအဆင့်က သွေးကြောနိုးကြားမှုနယ်ပယ် တတိယအဆင့် အထွတ်အထိပ်ကို ရောက်သွားသလို ခန္ဓာကိုယ်အင်အားကလည်း ဒီလောက်အထိ တိုးလာတာဆိုတော့... အခု ငါ့ရဲ့စွမ်းအားက ဘယ်အဆင့်ကို ရောက်နေပြီလဲဆိုတာ သိချင်မိသား...”
လော့ချန်၏စိတ်ထဲတွင် စိတ်လှုပ်ရှားမှုများ ဖြစ်ပေါ်နေတော့သည်။ နှမြောဖို့ကောင်းသည်မှာ လက်ရည်စမ်းရန် သင့်တော်သော ပြိုင်ဘက်မရှိခြင်းပင်။ မဟုတ်ပါက သူ၏စွမ်းအား မည်မျှအထိ တိုးတက်လာသည်ကို သိရှိနိုင်မည် မဟုတ်ပါလော။
လော့ချန်သည် ခေါင်းခါယမ်းလိုက်ရင်း စိတ်ထဲမှ အပိုအတွေးများကို ဖယ်ထုတ်ကာ ဆက်လက်ကျင့်ကြံရန် စဉ်းစားလိုက်သည်။
“အချိန်နည်းနည်း ကျန်သေးတာပဲ... သွေးကြောနိုးကြားမှုနယ်ပယ် အလယ်အလတ်အဆင့်ကို တစ်ခါတည်း ချိုးဖြတ်လိုက်ရင် ကောင်းမလား...”
လော့ချန်က ခေတ္တမျှ စဉ်းစားပြီးနောက် စတုတ္ထအဆင့်သို့ ဆက်လက်ချိုးဖြတ်မည့် အစီအစဉ်ကို နောက်ဆုံးတွင် စွန့်လွှတ်လိုက်၏။ ခန္ဓာသန့်စင်ကန်တွင် ကျင့်ကြံရန်မှာ သုံးရက်သာ အချိန်ရသည်။ သုံးရက်ပြည့်သည်နှင့် ချက်ချင်း ထွက်ခွာရမည် ဖြစ်သည်။ သွေးကြောနိုးကြားမှုနယ်ပယ် စတုတ္ထအဆင့်မှာ အလယ်အလတ်နယ်ပယ် ဖြစ်သည်။ ၎င်းကို ချိုးဖြတ်ရန်မှာ လုံးဝ မလွယ်ကူပေ။ ကျန်ရှိသောအချိန်မှာ လုံလောက်ချင်မှ လုံလောက်ပေလိမ့်မည်။ အကယ်၍ အဆင့်တက်နေစဉ် လမ်းခုလတ်မှာ အချိန်ပြည့်သွားပါက အခွင့်အရေးကို အလဟဿ ဖြုန်းတီးလိုက်သလို ဖြစ်သွားပေလိမ့်မည်။
ထို့အပြင် လော့ချန်တွင် အခြားအစီအစဉ်တစ်ခု ရှိသေးသည်။ ၎င်းမှာ ဆန်းကြယ်နဂါးကျင့်စဉ်ကို ကျင့်ကြံရန်ပင် ဖြစ်သည်။ ဆန်းကြယ်နဂါးကျင့်စဉ်ကို ကျင့်ကြံရန်မှာ အလွန်ပင် ရှုပ်ထွေးလှပြီး ကျယ်ပြောလှသော ချီစွမ်းအင်များ၏ ပံ့ပိုးမှု လိုအပ်သည်။ လော့ချန်သည် ဤမျှကြာအောင် ကျင့်ကြံခဲ့ပြီး ကြယ်သုံးပွင့် ဝိညာဉ်ကျောက်ပေါင်း ရာနှင့်ချီ၍ အသုံးပြုခဲ့သော်လည်း မည်သည့်တိုးတက်မှုမျှ မရှိခဲ့ချေ။ ပြင်ပအင်အားစုများကို အသုံးပြု၍ မိမိ၏ပါရမီကို လှုံ့ဆော်မှသာ အချိန်တိုအတွင်း ကျင့်ကြံအောင်မြင်နိုင်မည်ဟု သူ ခံစားရသည်။
ခန္ဓာသန့်စင်ကန်တွင် အတိုင်းအဆမရှိသော ချီစွမ်းအင်များ ရှိနေသလို ထိုအထဲမှ ဘုရင်၏ဆန္ဒစွမ်းအားများကလည်း သူ့ကို ဖိအားအကြီးအကျယ် ပေးနိုင်သဖြင့် ဆန်းကြယ်နဂါးကျင့်စဉ် ကျင့်ကြံရန် အကောင်းဆုံးနေရာပင် ဖြစ်သည်။
“ဒီတစ်ခါ အခွင့်အရေးကို လွှတ်လိုက်ရင် နောက်တစ်ခါ ခန္ဓာသန့်စင်ကန်ကို လာဖို့ဆိုတာ တကယ်ကို ခက်ခဲလိမ့်မယ်... သေချာပေါက် အောင်မြင်ရမယ်...”
လော့ချန်သည် ခန္ဓာသန့်စင်ကန်၏ ဗဟိုဧရိယာကို ကြည့်လိုက်ပြီး အသက်ပြင်းပြင်းတစ်ချက် ရှူကာ နောက်ဆုံးကျန်ရှိနေသော မီးလျှံလျှာသစ်ခွ ဆေးလုံးကို ဝါးမြိုလိုက်ရင်း အတွင်းပိုင်းသို့ လှမ်းဝင်လိုက်တော့သည်။ သူသည် အချက်အချာအကျဆုံး နေရာတွင် မိမိကိုယ်ကိုယ် အစွမ်းကုန် ဖိအားပေးကာ ပါရမီကို လှုံ့ဆော်ပြီး ဆန်းကြယ်နဂါးကျင့်စဉ်ကို အတင်းအဓမ္မ ကျင့်ကြံရန် ကြိုးစားတော့မည် ဖြစ်သည်။
"ဝုန်း..."
ဗဟိုဧရိယာအတွင်းသို့ ဝင်လိုက်သည်နှင့် အနက်ရောင်သန်းသည့် အနီရောင်ကန်ရေများမှာ လော့ချန်ကို ဝါးမြိုသွားတော့သည်။ လော့ချန်သည် တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ယင်သွားရ၏။ ဗဟိုဧရိယာရှိ ကန်ရေများတွင် ပါဝင်သော ချီစွမ်းအင်နှင့် ဘုရင်၏ဆန္ဒစွမ်းအားမှာ အပြင်ဘက်ထက် အနည်းဆုံး ဆယ်ဆမျှ ပိုမို ပြင်းထန်လှပေသည်။ ပြင်းထန်လှသော နာကျင်မှုများမှာ သောင်းကျန်းလှသော လှိုင်းလုံးကြီးများနှယ် သူ၏စိတ်ဝိညာဉ် ဆန္ဒစွမ်းအားများကို ဝါးမြိုပစ်တော့မည့်အလားပင်။
“သတ်စမ်း...”
လော့ချန်သည် မိမိ၏ဆန္ဒကို ဓားအဖြစ် အသုံးပြု၍ စိတ်ခံစားချက်များကို သတ်ဖြတ်လိုက်ပြီး သူ၏စိတ်ဝိညာဉ်အတွင်းရှိ နောက်ဆုံးကျန်ရှိသော ကြည်လင်မှုကို အစွမ်းကုန် ထိန်းချုပ်ကာ ရေကန်၏ ဗဟိုချက်သို့ နောက်ဆုံးတွင် ရောက်ရှိသွားတော့သည်။
"ဂျွတ်..."
ကျယ်ပြောလှသော ဖိအားများမှာ တောင်ပြိုကျလာသည့်နှယ် သူ့ကို ဖိနှိပ်လိုက်တော့သည်။ သွေးလှိုင်းများက သူ၏ကိုယ်ပေါ်သို့ ထုနှက်နေသဖြင့် တဒုန်းဒုန်း မြည်သံများ ထွက်ပေါ်နေကာ တူကြီးတစ်လက်နှင့် ထုနှက်နေသည့်နှယ် ခန္ဓာကိုယ် မျက်နှာပြင်ရှိ ရွှေရောင်အလင်းတန်းများမှာလည်း ထိုဖိအားကြောင့် တစ်ခဏအတွင်း ပျောက်ကွယ်သွားခဲ့ရသည်။
လော့ချန်သည် စိတ်ကို တည်ငြိမ်အောင် ထားလိုက်ရင်း ဝင်္ကပါပုံစံ ထိုင်ကာ တစ်ကိုယ်လုံးကို ကန်ရေများအတွင်း နစ်မြုပ်လိုက်ပြီး လက်နှစ်ဖက်ကို ဗိုက်ပေါ်တွင် တင်လျက် ဝိညာဉ်စွမ်းအားကို စတင် လှုံ့ဆော်တော့သည်။ သူသည် ဆန်းကြယ်နဂါးကျင့်စဉ်၏ နည်းလမ်းအတိုင်း ဒျန်တန်အတွင်းရှိ နဂါးချီစွမ်းအင်ကို စတင် လှုပ်ခတ်စေလိုက်၏။
နဂါးချီစွမ်းအင်မှာ ချီစွမ်းအင်အိမ်တော် ကိုးခု၏ အလယ်တွင် ကိန်းဝပ်နေပြီး တစ်ကိုယ်လုံးတွင် ရောင်စဉ်ကိုးသွယ် အကြေးခွံများ ရှိနေကာ အရှိန်အဝါမှာ အလွန်ပင် ခန့်ညားထည်ဝါလှပြီး မျက်လုံးများကို မှေးစက်ထားသည်မှာ အိပ်မောကျနေသော ရှေးဟောင်းစစ်မှန်သောနဂါးကြီး တစ်ကောင်နှယ်...။ လော့ချန်၏ အစွမ်းကုန် လှုံ့ဆော်မှုအောက်တွင် ထိုဧရာမနဂါးကြီး၏ ခန္ဓာကိုယ်မှာ အနည်းငယ်မျှ လှုပ်ခတ်သွားခဲ့သည်။
“ရပြီ...”
လော့ချန်၏ စိတ်ထဲတွင် ဝမ်းသာသွားရ၏။ ယခင်က သူ ဆန်းကြယ်နဂါးကျင့်စဉ်ကို ကျင့်ကြံသည့်အခါ နဂါးချီစွမ်းအင်မှာ အနည်းငယ်မျှပင် တုံ့ပြန်ခြင်း မရှိခဲ့သော်လည်း ယခုတစ်ကြိမ်တွင်မူ မျှော်လင့်ချက်ကို မြင်တွေ့လိုက်ရခြင်း ဖြစ်သည်။ သို့သော်လည်း နဂါးချီစွမ်းအင်မှာ တစ်ချက်မျှ လှုပ်ခတ်သွားပြီးနောက် ချက်ချင်းပင် ပြန်လည် ငြိမ်သက်သွားတော့သည်။ ၎င်းမှာ ကမ္ဘာဦးနေလများနှယ် ထိုနေရာတွင်သာ ကိန်းဝပ်နေတော့၏။ လော့ချန် မည်မျှပင် ဝိညာဉ်စွမ်းအားကို လှုံ့ဆော်ပါစေ နောက်ထပ် မည်သည့် တုံ့ပြန်မှုမျှ မရှိတော့ချေ။
“အခုထိ မရသေးဘူးလား...”
လော့ချန်၏ စိတ်ထဲတွင် အကြီးအကျယ် မကျေမနပ် ဖြစ်သွားရ၏။ ဆန်းကြယ်နဂါးကျင့်စဉ်သည် ချီစွမ်းအင်၏ အရည်အသွေးကို မြှင့်တင်ပေးနိုင်သဖြင့် ၎င်းမှာ တိုက်ခိုက်ရေးစွမ်းအားကို တိုက်ရိုက် မြှင့်တင်ပေးလိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။ ၎င်းကို ကျင့်ကြံအောင်မြင်နိုင်လျှင် သူသည် ကြောက်မက်ဖွယ်ကောင်းသော ဝှက်ဖဲတစ်ခုကို ပိုင်ဆိုင်နိုင်မည်ဖြစ်ကာ စွမ်းအားမှာလည်း တစ်ဆင့် မြင့်တက်သွားမည် ဖြစ်သည်။ ထို့ကြောင့်သာ လော့ချန်သည် ဤမျှအထိ အသည်းအသန် ဖြစ်နေရခြင်း ဖြစ်သည်။
ရတနာပုံကြီးကို ရှေ့တွင် မြင်နေရသော်လည်း ယူ၍မရသည့်နှယ် မည်သူက ကျေနပ်နိုင်မည်နည်း။
“ခန္ဓာသန့်စင်ကန်ရဲ့ အကူအညီမပါဘဲ တစ်ဆင့်ချင်းစီ ကျင့်ကြံနေမယ်ဆိုရင် ဆန်းကြယ်နဂါးကျင့်စဉ်ကို ဘယ်တော့မှ ကျင့်ကြံနိုင်မှာ မဟုတ်ဘူး... ဘယ်အချိန်ကျမှ ကျိမိသားစုဆီကို သွားနိုင်မှာလဲ...”
“မီးအရှိန်က မလောက်သေးဘူးဆိုရင်တော့ ငါ နောက်ထပ် ထပ်ထည့်ပေးရမှာပေါ့...”
လော့ချန်သည် ဤအတိုင်း အရှုံးမပေးလိုသဖြင့် အံကိုတင်းတင်းကြိတ်လျက် ကြယ်လေးပွင့် ဝိညာဉ်ကျောက် နှစ်လုံးကို တိုက်ရိုက် ထုတ်ယူလိုက်တော့သည်။ သူသည် ဤတစ်ကြိမ်တွင်မူ အစွမ်းကုန် ကြိုးစားရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်ပြီး ဆန်းကြယ်နဂါးကျင့်စဉ်ကို မအောင်မြင်မချင်း လုံးဝ လက်လျှော့မည် မဟုတ်ပေ။
“ဝါးမျိုစမ်း...”
စိတ်ထဲမှ အော်ဟစ်လိုက်ရင်း လော့ချန်သည် ဝိညာဉ်ကျောက်ထဲမှ သားရဲဝိညာဉ်များကို တိုက်ရိုက် ဝါးမျိုလိုက်တော့သည်။
"ဘုန်း..."
ထိုအခိုက်အတန့်တွင် နဂါးချီစွမ်းအင်မှာ ငြိမ်သက်မနေတော့ဘဲ လော့ချန်၏ ဒျန်တန်အတွင်းမှ ထိုးထွက်လာကာ ပါးစပ်ကို ဖွင့်လျက် ကြယ်လေးပွင့် ဝိညာဉ်ကျောက် နှစ်လုံးကို ဝါးမျိုပစ်လိုက်တော့သည်။ ကျယ်ပြောလှသော ဝါးမျိုခြင်းစွမ်းအားများမှာ ပြန့်ကျဲသွားပြီး ခန္ဓာသန့်စင်ကန် တစ်ခုလုံးကိုပင် လှုပ်ခတ်သွားစေကာ သွေးလှိုင်းများမှာ သောင်းကျန်းလာပြီး အနက်ရောင်သန်းသည့် အနီရောင်အငွေ့အသက်များမှာ ကန်ရေပြင်ပေါ်မှ မီးခိုးများနှယ် ထွက်ပေါ်လာလျက် လော့ချန်၏ ခန္ဓာကိုယ်အတွင်းသို့ ရူးသွပ်စွာ တိုးဝင်သွားတော့သည်။
အနီရောင်အငွေ့အသက်တိုင်းတွင် အတိုင်းအဆမရှိသော စွမ်းအားများ ပါဝင်နေသည်။ ချက်ချင်းပင် လူကို ထိတ်လန့်သွားစေနိုင်သည့် အရှိန်အဝါတစ်ခုသည် လော့ချန်၏ ကိုယ်ပေါ်တွင် ပျံ့နှံ့သွားတော့၏။
“မကောင်းတော့ဘူး...”
လော့ချန်၏ မျက်နှာမှာ ချက်ချင်းပင် ပျက်သွားတော့သည်။ ဝါးမျိုခြင်းစွမ်းရည်က ကန်ရေထဲမှာ ပါဝင်နေသည့် ဘုရင်၏ ဆန္ဒစွမ်းအားတွေကိုပါ ဝါးမျိုမိသွားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ဘုရင်ဆိုသည်မှာ မည်မျှ မြင့်မြတ်သော တည်ရှိမှုနည်း။ သေဆုံးသွားခဲ့သည်မှာ နှစ်ပေါင်းရာချီ ရှိနေပြီဖြစ်သော်လည်း သူ၏ကျန်ရှိသော ဆန္ဒစွမ်းအားများမှာ ယခုလက်ရှိ လော့ချန်အနေဖြင့် တောင့်ခံနိုင်သည့် အရာမျိုး မဟုတ်ပေ။ သူတင်မကဘဲ မြေကမ္ဘာအဆင့်၊ ကောင်းကင်အဆင့် သန်မာသူများပင်လျှင် တောင့်ခံနိုင်ရန် ခဲယဉ်းပေလိမ့်မည်။
"ဘုန်း..."
လော့ချန် သတိမဝင်နိုင်သေးမီမှာပင် ပြင်းထန်လှသော ဘုရင်၏ဆန္ဒစွမ်းအားများမှာ သူ၏ခန္ဓာကိုယ်အတွင်းသို့ တိုးဝင်သွားပြီး တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားကာ ဝိညာဉ်အာရုံဆီသို့ စုစည်းသွားတော့သည်။ ချက်ချင်းပင် ရွှေရောင်ဝိညာဉ်အာရုံမှာ လှိုင်းလုံးကြီးများ ထွက်ပေါ်လာပြီး သောင်းကျန်းလျက် အပြည့်အဝ ဆူဝေနေတော့သည်။
ထိုသွေးရောင်အငွေ့အသက်များမှာ လျင်မြန်စွာ စုစည်းသွားပြီး ခေါင်းတွင် ရွှေရောင်သရဖူ ဆောင်းထားကာ အရှိန်အဝါမှာ ကောင်းကင်သို့ ထိုးဖောက်မည့်အလား ရှိနေသည့် အကြည့်များမှာ အေးစက်လှသော လူလတ်ပိုင်းတစ်ဦးအဖြစ် ပြောင်းလဲသွားတော့သည်။ သူ၏လက်ထဲတွင် သွေးရောင်သန်းနေသော ထိပ်ဖျားမပါသည့် ဧရာမဓားကြီး တစ်စင်း ရှိနေပြီး ထိုဓားကြီးမှာ နေမင်းတစ်စင်းနှယ် တောက်ပစွာ ဝင်းလက်လျက် ကောင်းကင်ယံတွင် မြင့်မားစွာ ရှိနေကာ၊ ထိပ်ဖျားမပါသော်လည်း ပြိုင်ဘက်ကင်းလှသော ထက်မြက်မှုများမှာ ဖြာထွက်နေတော့သည်။
“ဟားဟားဟားဟား... ဓားသည် လက်နက်မဟုတ်... လူသားသည်သာ ထက်မြက်မှုဖြစ်သည်... ပိုင်းဖြတ်စမ်း...”
ထိုလူလတ်ပိုင်းသည် ကောင်းကင်ကို ကြည့်ကာ ရယ်မောလိုက်ပြီးနောက် သူ၏အကြည့်မှာ လော့ချန်ဆီသို့ ရုတ်တရက် ကျရောက်သွားကာ၊ နေမင်းတစ်စင်းနှယ် တောက်ပနေသော ဓားရှည်ကြီးကို မြှောက်လိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော ဖိအားများမှာ ဝိညာဉ်အာရုံအတွင်း ပျံ့နှံ့သွားပြီး ထက်မြက်မှုများမှာ ကမ္ဘာမြေကို လွှမ်းခြုံသွားတော့သည်။
လော့ချန်သည် သူ၏စိတ်ဝိညာဉ်ကို အစွမ်းကုန် စုစည်းလိုက်၏။ တစ်ဖက်လူ၏ အရှိန်အဝါဖြင့် ပိတ်လှောင်ခြင်း ခံထားရသဖြင့် သူ၏ အတွေးများပင်လျှင် အေးခဲသွားရပြီး စဉ်းစားရန်ပင် မဖြစ်နိုင်တော့ချေ။
သူ့တွင် အတွေးတစ်ခုသာ ကျန်ရှိတော့သည်။ အကယ်၍ ဤဓားချက်သာ ကျရောက်လာမည်ဆိုလျှင် သူသည် သေချာပေါက် သေဆုံးသွားရမည်ဖြစ်ကာ ဝိညာဉ်ပါ ပျက်စီးသွားပေလိမ့်မည်။
အခန်း (၄၅၄) ပြီးပါပြီ။
အခန်း ၄၅၅ - ဆန်းကြယ်နဂါးကျင့်စဉ် ပထမအဆင့်... အပြင်သို့ ထွက်ခြင်း...
"ဂီး..."
နေမင်းတစ်စင်းနှယ် တောက်ပနေသော ဧရာမဓားကြီးမှာ ပိုင်းဖြတ်တော့မည့် တစ်ခဏ...
ရုတ်တရက် ဟိန်းဟောင်းလှသော နဂါးဟိန်းသံကြီး တစ်သံ ထွက်ပေါ်လာတော့သည်။ ရောင်စဉ်ကိုးသွယ် အကြေးခွံမှာ ခပ်ဖွဖွ လှုပ်ခတ်သွားပြီး ဝိညာဉ်အာရုံပေါ်တွင် ကိန်းဝပ်နေသော စစ်မှန်သောနဂါးနန်းတော် ပုံရိပ်ယောင်မှ ကျယ်ပြောလှသော ရောင်စဉ်ကိုးသွယ် အလင်းတန်းများ ဖြာထွက်လာရာ အတိုင်းအဆမရှိသော ကြယ်တာရာ ကောင်းကင်ယံကြီး ကျဆင်းလာသည့်နှယ် အဆုံးမဲ့ခြင်းနှင့် ထာဝရတည်မြဲခြင်း ခံစားချက်တို့ကို ပေးစွမ်းနေတော့သည်။
ထိုဆန္ဒစွမ်းအားဖြင့် စုစည်းထားသော ဘုရင်၏ပုံရိပ်မှာ တုံ့ခနဲ ရပ်တန့်သွားပြီး အတိုင်းအဆမရှိသော အရှိန်အဝါများမှာလည်း တစ်ခဏအတွင်း ပျောက်ကွယ်သွားကာ လုံးဝ ငြိမ်သက်သွားပြီး ခဏ၌ သူ၏ခန္ဓာကိုယ်မှာလည်း ဖန်သားပြင်တစ်ခုနှယ် အက်ကွဲပျက်စီးလာတော့၏။
သူသည် အားယူခေါင်းမော့ကာ စစ်မှန်သောနဂါးနန်းတော်ကို ကြည့်ရင်း သူ၏မျက်လုံးများမှ ထိတ်လန့်ဖွယ်ရာ အလင်းတန်းများ ထွက်ပေါ်လာလျက် တစ်ယောက်တည်း ရေရွတ်လိုက်သည်။
“စစ်မှန်တဲ့နဂါးနန်းတော်... ထာဝရ ဒုက္ခဆင်းရဲတွေရဲ့ မြစ်ဖျားခံရာ... တကယ်ပဲ...”
စကားမဆုံးသေးခင်မှာပင် သူ၏ခန္ဓာကိုယ်မှာ ဝုန်းခနဲ ပေါက်ကွဲပျက်စီးသွားပြီး ပျောက်ကွယ်သွားတော့ရာ နောက်ဆုံးတွင် အနက်ရောင်သန်းသည့် အနီရောင် ထူးဆန်းသော အလင်းတန်းတစ်ခုသာ ကျန်ရှိတော့သည်။
"ဟူး..."
လော့ချန်သည် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ရင်း ငရဲတံခါးဝမှ တစ်ခေါက် ပြန်လာခဲ့ရသည်ဟု ခံစားလိုက်ရကာ ဝိညာဉ်အာရုံပေါ်တွင် လွင့်မျောနေသော အနီရောင်အလင်းတန်းကို ကြည့်လိုက်သည်။ ထိုအနီရောင်အလင်းတန်းမှာ မြူခိုးများ ဝန်းရံနေပြီး ရွှေရောင်ဝိညာဉ်အာရုံပေါ်တွင် လွင့်မျောနေကာ မသိမသာသော ထက်မြက်မှုများ ရှိနေတော့သည်။
“ဓားသည် လက်နက်မဟုတ်... လူသားသည်သာ ထက်မြက်မှုဖြစ်တယ်... တကယ်ကို သန်မာတဲ့ ဆန္ဒစွမ်းအားပဲ... သေဆုံးသွားတာ နှစ်ပေါင်းရာချီ ရှိနေတာတောင် ကျန်ရှိနေတဲ့ ဆန္ဒစွမ်းအားလေးက ဒီလောက်အထိ သန်မာနေတုန်းလား... တကယ်လို့ စစ်မှန်တဲ့နဂါးနန်းတော်ကသာ သူ့ကို မနှိမ်နင်းပေးခဲ့ရင်တော့...”
ယခုတင်က ဖြစ်ပျက်ခဲ့သမျှကို ပြန်တွေးမိတိုင်း လော့ချန်မှာ ထိတ်လန့်နေမိဆဲ ဖြစ်သည်။ ကျန်ရှိနေသော ဆန္ဒစွမ်းအားလေးကပင် ဤမျှအထိ သန်မာနေလျှင် ထိုသူ အသက်ရှင်စဉ်က မည်မျှအထိ သန်မာမည်နည်း။ ဤမျှ သန်မာလှသော ဓားဘုရင်တစ်ပါးသည် ဘာကြောင့် ခန္ဓာသန့်စင်ချောက်မှာ သေဆုံးခဲ့ရပြီး သွေးတွေ ကမ္ဘာမြေထဲ စိမ့်ဝင်ခဲ့ရသနည်း။ ဤအချက်များက လော့ချန်ကို အံ့သြသွားစေတော့သည်။
ရုတ်တရက်...
လော့ချန်၏မျက်နှာမှာ ရုတ်ချည်း ပြောင်းလဲသွားပြီး တစ်ကိုယ်လုံးရှိ သွေးများမှာ ဆူဝေလာကာ ချီစွမ်းအင်များမှာလည်း ပေါက်ကွဲထွက်လာသဖြင့် သူ၏ခန္ဓာကိုယ်မှာ မီးတောင်ရှင်ကြီးတစ်ခုနှယ် အချိန်မရွေး ပေါက်ကွဲတော့မည့်အလား ခံစားလိုက်ရသည်။
စောစောကပင် သူသည် ကြယ်လေးပွင့် ဝိညာဉ်ကျောက် နှစ်လုံးကို ဝါးမျိုခဲ့သည့်အပြင် ကျယ်ပြောလှသော ချီစွမ်းအင်များကိုလည်း စုပ်ယူခဲ့သည် မဟုတ်ပါလော။
ဤမျှ ကျယ်ပြောလှသော စွမ်းအားများမှာ ထိန်းချုပ်မှု ကင်းမဲ့သွားပြီး သူ၏ခန္ဓာကိုယ်အတွင်း၌ ရမ်းကားနေသဖြင့် တစ်ကိုယ်လုံးမှာ တုန်ခါနေတော့သည်။ ဤအတိုင်း ဆက်သွားနေပါက ဘုရင်၏ဆန္ဒစွမ်းအားဖြင့် အသတ်မခံရလျှင်ပင် ခန္ဓာကိုယ် ပေါက်ကွဲပြီး သေဆုံးသွားပေလိမ့်မည်။ လော့ချန်သည် တွန့်ဆုတ်မနေတော့ဘဲ စိတ်ကို ချက်ချင်း တည်ငြိမ်အောင် ထားလိုက်ရင်း ခန္ဓာကိုယ်အတွင်းရှိ ပြင်းထန်လှသော စွမ်းအားများနှင့် ချီစွမ်းအင်များကို ထိန်းချုပ်ကာ ဆန်းကြယ်နဂါးကျင့်စဉ်ကို စတင် ကျင့်ကြံတော့သည်။
"အုန်း..."
ယခုတစ်ကြိမ်တွင်မူ ထိုနဂါးချီစွမ်းအင်မှာ သူ၏ထိန်းချုပ်မှုကို အလွယ်တကူ လက်ခံလိုက်ပြီး ချီစွမ်းအင်အိမ်တော်ဆီသို့ စတင် နစ်မြုပ်သွားတော့သည်။
“ဟော... ကျင့်ကြံလို့ ရပြီပဲ...”
လော့ချန်မှာ ဝမ်းသာသွားရ၏။ ယခုတစ်ကြိမ်တွင်မူ ဤမျှအထိ ချောမွေ့လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ငရဲတံခါးဝအထိ သွားခဲ့ရခြင်းမှာ အလဟဿ မဖြစ်ခဲ့ပေ။ လော့ချန်သည် အပိုအတွေးများကို ဖယ်ထုတ်လိုက်ရင်း ဝိညာဉ်စွမ်းအားဖြင့် နဂါးချီစွမ်းအင်ကို လှုံ့ဆော်ကာ ချီစွမ်းအင်အိမ်တော်အတွင်းသို့ နစ်မြုပ်စေပြီး အဆက်မပြတ် လည်ပတ်စေလျက် အလွန်ပင် ရှုပ်ထွေးနက်နဲလှသော လမ်းကြောင်းပြမြေပုံတစ်ခုကို တည်ဆောက်လိုက်တော့သည်။
ထိုအခိုက်အတန့်တွင် ခန္ဓာကိုယ်အတွင်းရှိ ပြင်းထန်လှသော ချီစွမ်းအင်များမှာလည်း ထွက်ပေါက်တစ်ခု ရှာတွေ့သွားသည့်နှယ် ထိုချီစွမ်းအင်အိမ်တော်ဆီသို့ ရူးသွပ်စွာ စုစည်းသွားတော့သည်။ နောက်ဆုံးတွင် ချီစွမ်းအင်အိမ်တော်မှာ ပိုမိုသိပ်သည်းလာပြီး ဗဟိုသို့ စုဆုံသွားကာ ငြိမ်သက်နေသော ကြယ်တာရာ မြူတိမ်တိုက်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဥခွံကြီးတစ်ခုနှယ် ထိုနေရာတွင် ငြိမ်သက်သွားတော့သည်။
နာရီဝက် ကုန်ဆုံးသွားသည်၊ တစ်နာရီ ကုန်ဆုံးသွားသည်၊ နှစ်နာရီ ကုန်ဆုံးသွားသည်...။
"ဘုန်း..."
ရုတ်တရက် ငြိမ်သက်နေသော ကြယ်တာရာ မြူတိမ်တိုက် ဝဲဂယက်ကြီးမှာ အကြီးအကျယ် ပေါက်ကွဲသွားပြီး ဒျန်တန်တစ်ခုလုံးမှာ ရေပြင်တစ်ခုနှယ် တုန်ခါသွားတော့သည်။ ထိုရှုပ်ထွေးလှသော လမ်းကြောင်းပြမြေပုံမှာ တဖြည်းဖြည်း ထင်ရှားလာပြီး အကြေးခွံများ၊ ထက်မြက်သော ခြေသည်းများ၊ နဂါးဦးချိုနှင့် နှုတ်ခမ်းမွေးများ ထွက်ပေါ်လာတော့၏။
နောက်ဆုံးတွင် ချီစွမ်းအင်အိမ်တော်တစ်ခုလုံးမှာ အသက်ဝင်လှသော ဧရာမ ချီစွမ်းအင်နဂါးကြီး တစ်ကောင်အဖြစ် ပြောင်းလဲသွားတော့သည်။
“ချီစွမ်းအင်အိမ်တော်က နဂါးပုံစံ ဖြစ်သွားပြီ... နောက်ဆုံးတော့ အောင်မြင်သွားပြီ... ဆန်းကြယ်နဂါးကျင့်စဉ် ပထမအဆင့်... ချီစွမ်းအင် အရည်အသွေးက တကယ်ကို သန်မာတာပဲ...”
လော့ချန်၏အသံမှာ ဝမ်းသာမှုများဖြင့် ပြည့်နှက်နေတော့သည်။ ချီစွမ်းအင်နဂါးကြီးမှာ ဝဲပျံနေပြီး လည်ပတ်မှုအရှိန်မှာ အလွန်တရာ တိုးတက်လာရုံတင်မကဘဲ ကျင့်ကြံမှုအဆက်မပြတ် လုပ်ဆောင်နေခြင်းကြောင့် ထွက်ပေါ်လာသော ချီစွမ်းအင် အရည်အသွေးမှာလည်း တရှိန်ထိုး မြင့်တက်လာကာ သာမန်ချီစွမ်းအင်ထက် အဆမတန် သာလွန်သွားခဲ့ပြီ ဖြစ်သည်။
ဤသို့ဆိုလျှင် သူသည် ဆန်းကြယ်နဂါးကျင့်စဉ်ကို အသုံးပြု၍ ရန်သူကို ရင်ဆိုင်မည်ဆိုပါက သူ၏စွမ်းအားမှာ ချက်ချင်းပင် အလွန်တရာ တိုးတက်သွားမည် ဖြစ်သည်။ ၎င်းမှာ ယခုအချိန်တွင် သူ၏အသန်မာဆုံးသော ဝှက်ဖဲပင် ဖြစ်တော့သည်။
“ဒေါင်... ဒေါင်... ဒေါင်...”
ရုတ်တရက် ခေါင်းလောင်းသံများ ပျံ့လွင့်လာခဲ့သည်။
“သုံးရက် ပြည့်သွားပြီပဲ...”
လော့ချန်သည် ကျင့်ကြံခြင်းတွင်သာ အာရုံနစ်ဝင်နေခဲ့သဖြင့် အချိန်ကုန်သွားသည်ကို မသိလိုက်ပေ။ သို့သော်လည်း ယခုတစ်ကြိမ် ခန္ဓာသန့်စင်ကန်တွင် ကျင့်ကြံခဲ့ရခြင်းမှာ သူ၏မျှော်လင့်ချက်ထက် အဆပေါင်းများစွာ သာလွန်သော ရလဒ်များ ရရှိခဲ့သည်။ ကျင့်ကြံမှုအဆင့်မှာ နယ်ပယ်အဆင့် ခုနစ်ဆင့်မျှအထိ ဆက်တိုက် ချိုးဖြတ်နိုင်ခဲ့ပြီး သွေးကြောနိုးကြားမှုနယ်ပယ် တတိယအဆင့် အထွတ်အထိပ်သို့ ရောက်ရှိခဲ့ရုံတင်မကပေ။ မည်သည့်တိုးတက်မှုမျှ မရှိခဲ့သော ဆန်းကြယ်နဂါးကျင့်စဉ်မှာလည်း ပထမအဆင့်သို့ ရောက်ရှိခဲ့သည်။ ခန္ဓာကိုယ်အင်အားမှာလည်း အလွန်အမင်း တိုးတက်လာခဲ့သည် မဟုတ်ပါလော။
ဤအချက် သုံးခု ပေါင်းစပ်လိုက်လျှင် သူ၏စွမ်းအားမှာ သေချာပေါက်ပင် ပေါက်ကွဲထွက်လာမည် ဖြစ်ကာ အထဲမဝင်ခင်ကထက် ဆယ်ဆမက သန်မာသွားခဲ့ပြီ ဖြစ်သည်။ လော့ချန်သည် ခပ်ဖွဖွ ပြုံးလိုက်ရင်း ရေကန်ထဲမှ ထရပ်လိုက်၏။ အပြင်သို့ ထွက်ရမည့် အချိန်သို့ ရောက်ပေပြီ။
“ဟင်...”
ရေကန်ကို ဝေ့ကြည့်လိုက်သည့်အခါ လော့ချန်မှာ မှင်တက်မိသွားရသည်။ ခန္ဓာသန့်စင်ကန်တစ်ခုလုံးမှ ထူထပ်လှသော မြူခိုးများမှာ အတော်လေး လျော့ပါးသွားရုံတင်မကဘဲ ကန်ရေ၏အရောင်မှာလည်း အတော်လေး မှိန်ဖျော့သွားခဲ့သည်။ ဗဟိုဧရိယာမှာ မူလက အနက်ရောင်သန်းသည့် အနီရောင် ဖြစ်သော်လည်း ယခုအခါ သွေးရောင်ဖျော့ဖျော့သာ ကျန်ရှိတော့ပြီး အပြင်ဘက် ဧရိယာမှာမူ ကြည်လင်လာသည့် အရိပ်အယောင်များပင် ရှိနေတော့သည်။
လော့ချန်က သေသေချာချာ အာရုံခံကြည့်လိုက်သည့်အခါ တစ်ခုလုံးသော ခန္ဓာသန့်စင်ကန်အတွင်းရှိ ချီစွမ်းအင်နှင့် ဘုရင်၏ဆန္ဒစွမ်းအားများမှာ အကြီးအကျယ် အားနည်းသွားသည်ကို တွေ့လိုက်ရ၏။ အထူးသဖြင့် ဆန္ဒစွမ်းအားများမှာ အလွန်ပင် နည်းပါးသွားခဲ့ပြီ ဖြစ်သည်။
“ဒါ... ဒါကို ဘယ်လို ရှင်းပြရမလဲတောင် မသိတော့ဘူး...”
လော့ချန်မှာ အံ့သြရသလို စိတ်လည်း မသက်မသာ ဖြစ်သွားရသည်။ ဤသည်မှာ ယခင်က သူ၏ဝါးမျိုခြင်းစွမ်းရည်ကို အသုံးပြုခဲ့ခြင်းကြောင့် ဖြစ်သည်မှာ သေချာလှသည်။ မရည်ရွယ်ဘဲ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သော်လည်း ဤမျှအထိ ကြီးမားသော ပြောင်းလဲမှု ဖြစ်လာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
“အခြေအနေကို ကြည့်ပြီး လုပ်ရတော့မှာပဲ...”
လော့ချန်မှာ အများကြီး ထပ်မတွေးတော့ပေ။ မည်သို့ပင်ဖြစ်စေ မည်သူမျှ မြင်ခဲ့ခြင်း မရှိချေ။ အကယ်၍ လာမေးလျှင်လည်း သူက လုံးဝ ဝန်ခံမှာ မဟုတ်ချေ။ လော့ချန်သည် လိုဏ်ဂူထဲမှ ထွက်လာခဲ့ပြီး လှေကားများအတိုင်း တက်လာခဲ့တော့သည်။
ခန္ဓာကျင့်ကြံခန်းမ အပြင်ဘက်တွင်မူ...
ခေါင်းလောင်းသံ ထွက်ပေါ်လာသည်နှင့် ယွမ်ချီယွီတို့လူစုမှာ ခန်းမအပြင်ဘက်တွင် စိတ်မရှည်စွာ စောင့်ဆိုင်းနေကြပြီ ဖြစ်သည်။
“ဘာလို့ အခုထိ ထွက်မလာသေးတာလဲ... အဲ့ဒီကောင်က အထဲမှာ ရှိမနေတာများလား...”
လော့ချန် ထွက်မလာသေးသဖြင့် ယွမ်ချီယွီမှာ စိတ်မရှည် ဖြစ်နေတော့သည်။ သို့သော်လည်း အကြီးအကဲလီမှာ ဘေးနားတွင် ရှိနေသဖြင့် သူသည် အထဲသို့ ပြေးဝင်ရန် မဝံ့ရဲပေ။
ထိုစဉ် ခြေသံများ ထွက်ပေါ်လာ၏။
လော့ချန်သည် ခန်းမထဲမှ လှမ်းထွက်လာပြီး သူ၏ကိုယ်ဟန်မှာ မားမားမတ်မတ် ရှိနေကာ ခါးတွင် ဓားရှည်တစ်စင်း လွယ်ထားလျက် မျက်လုံးများမှာ အလွန်ပင် တောက်ပနေပြီး မသိမသာသော သတ်ဖြတ်လိုစိတ် အရှိန်အဝါများ ထွက်ပေါ်နေတော့သည်။ သူသည် သူ၏အရှိန်အဝါကို ဖုံးကွယ်ထားသော်လည်း ခန္ဓာကိုယ်အတွင်းသို့ တိုးဝင်ခဲ့သော ဘုရင်၏ဆန္ဒစွမ်းအားကြောင့် ထွက်ပေါ်နေသည့် ပြိုင်ဘက်ကင်း သတ်ဖြတ်လိုစိတ် အရှိန်အဝါမှာမူ ထိုမျှအထိ မြန်မြန်ဆန်ဆန် ပျောက်ကွယ်သွားခြင်း မရှိသေးပေ။
“ဟင်...”
အိုမင်းနေသော အကြီးအကဲလီသည် လော့ချန်ကို ကြည့်လိုက်ရာ သူ၏ဝေဝါးနေသော မျက်လုံးများမှ ထက်မြက်သော အလင်းတန်းများ ထွက်ပေါ်လာပြီး ထူးဆန်းသော အရိပ်အယောင်များ ပြသနေတော့သည်။
“လော့ချန်... မင်း နောက်ဆုံးတော့ ထွက်လာပြီပေါ့...”
ယွမ်ချီယွီသည် ကျားတစ်ကောင်နှယ် အရှိန်အဝါများဖြင့် ရှေ့သို့ လှမ်းလာခဲ့၏။ ကျူးလင်မေ့သည် လော့ချန်ကို တစ်ချက်ကြည့်လိုက်ရာ သူ၏မျက်လုံးများတွင် သံသယများ ဖြစ်ပေါ်လာတော့သည်။ ဓားသမားတစ်ယောက်အနေဖြင့် လော့ချန်၏ကိုယ်ပေါ်မှ သတ်ဖြတ်လိုစိတ် အရှိန်အဝါမှာ အလွန်ပင် ပြင်းထန်နေပြီး အပြင်းအထန် တိုက်ပွဲတစ်ခုကို ယခုတင်က ဆင်နွှဲထားသည့်နှယ် ခံစားနေရခြင်း ဖြစ်သည်။
“လော့ချန်... မင်း ဘာမှ မဖြစ်ဘူး မဟုတ်လား...”
လော့ချန်သည် ယွမ်ချီယွီကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းခါယမ်းကာ ပြောလိုက်သည်။
“ဘာမှ မဖြစ်ပါဘူး...”
ယွမ်ချီယွီက အေးစက်စွာ ရယ်မောလိုက်ရင်း လှောင်ပြောင်လိုက်၏။
“မင်း အထဲမှာ ဒီလောက်အထိ အကြာကြီး ဘာလုပ်နေတာလဲ... ခန္ဓာသန့်စင်ကန်က ပထမဆုံးအကြိမ် ဝင်တဲ့အခါမှာပဲ ကျင့်ကြံမှုရလဒ်က အကောင်းဆုံးပဲလေ... အကြာကြီး နေလို့လည်း ဘာမှ မထူးပါဘူး... အချိန်ဖြုန်းနေတာ သက်သက်ပဲ...”
“မင်းရဲ့ ပါရမီနဲ့ဆိုရင် အထဲမှာ တစ်နှစ်လောက် နေမယ်ဆိုရင်တောင် နယ်ပယ်အဆင့် နှစ်ဆင့် ချိုးဖြတ်နိုင်ဖို့ ခဲယဉ်းလိမ့်မယ်...”
အခြားသော အတွင်းစည်း အမာခံတပည့် နှစ်ယောက်မှာလည်း ရယ်လိုက်ကြ၏။
“ဟုတ်လား...”
လော့ချန်သည် မျက်ခုံးတစ်ချက် ပင့်လိုက်ရင်း ယွမ်ချီယွီကို ကြည့်လိုက်သည်။ ယွမ်ချီယွီမှာ အရင်ကထက် အများကြီး သန်မာလာပြီး သွေးကြောနိုးကြားမှုနယ်ပယ် ဆဋ္ဌမအဆင့်သို့ တက်လှမ်းနိုင်ခဲ့ကာ နယ်ပယ်အဆင့် သုံးဆင့်မျှ တိုးတက်လာသည်ကို သူ တွေ့လိုက်ရ၏။
ယွမ်ချီယွီက မောက်မာစွာဖြင့် အေးစက်စွာ ရယ်မောလိုက်ပြီးနောက် ထပ်မံစိန်ခေါ်လိုက်သည်။
“စကားများမနေနဲ့... ငါတို့ရဲ့ ကတိကို မမေ့နဲ့ဦး... ဒီနေ့ ငါတို့ တိုက်ခိုက်ကြမယ်... ဘယ်သူရှုံးရှုံး ကိုယ့်ကိုယ်ကိုယ် အသုံးမကျသူပါလို့ ဝန်ခံရမယ်... ပြီးတော့ နောက်ကို တွေ့ရင်လည်း တစ်ဖက်လူကို ရှောင်ကွင်းသွားရမယ်...”
အခန်း (၄၅၅) ပြီးပါပြီ။
အခန်း ၄၅၆ - ယွမ်ချီယွီနှင့် နောက်တစ်ကြိမ် တိုက်ပွဲ... ဓားတစ်ချက်...
“ရတယ်...”
လော့ချန်သည် တိုက်ရိုက်ပင် ခေါင်းညိတ်လိုက်၏။ လွန်ခဲ့သော သုံးရက်ကပင် သူသည် ယွမ်ချီယွီ၏ စိန်ခေါ်မှုကို ငြင်းဆန်ခဲ့ခြင်း မရှိပေ။ ယနေ့တွင်မူ သေချာပေါက် ငြင်းဆန်လိမ့်မည် မဟုတ်ချေ။ သူသည်လည်း ဤတစ်ကြိမ် ခန္ဓာသန့်စင်ကန်တွင် ကျင့်ကြံခဲ့ပြီးနောက် သူ၏စွမ်းအား မည်မျှအထိ တိုးတက်လာသည်ကို သိမြင်လိုစိတ် ရှိနေသည်။
“ဟဲဟဲ... အတွင်းစည်းကွင်းပြင်မှာ ငါ မင်းကို စောင့်နေမယ်...”
ယွမ်ချီယွီသည် လော့ချန်က ဤမျှအထိ ပြတ်သားစွာ လက်ခံလိုက်သည်ကို မြင်သောအခါ ရက်စက်စွာ ပြုံးလိုက်ပြီး တောင်အောက်သို့ ခြေလှမ်းကျဲကျဲဖြင့် ဆင်းသွားတော့သည်။ သူသည် အတွင်းစည်းခန်းမတွင် လူအများရှေ့၌ လော့ချန်ကို ရှုံးနိမ့်ခဲ့သဖြင့် အကြီးအကျယ် အရှက်ရခဲ့ရသည်။ ထို့ကြောင့် သေချာပေါက်ပင် လူအများရှေ့မှာ လော့ချန်ကို ပြန်လည်အနိုင်ယူပြီး အရှက်ကို ဆေးကြောပြရမည် ဖြစ်သည်။
ရွှေယွမ်နှင့် လင်ယွီကျင်းတို့သည်လည်း လော့ချန်ကို တစ်ချက်ကြည့်ကာ နောက်မှ လိုက်သွားကြ၏။
“အကြီးအကဲလီ... ခွင့်ပြုပါဦး...”
အကြီးအကဲလီကို အရိုအသေပေးလိုက်ပြီးနောက် လော့ချန်နှင့် ကျူးလင်မေ့တို့လည်း လှည့်ထွက်လာခဲ့ကြသည်။
“တူတယ်... အရမ်းတူလွန်းတယ်... အရမ်းတူတာပဲ...”
အကြီးအကဲလီသည် လော့ချန်၏ နောက်ကျောကို ကြည့်ရင်း မှင်တက်မိနေကာ သူမ၏ မျက်လုံးများမှာ ဝေဝါးနေပြီး စိတ်ထဲမှလည်း သိသိသာသာ လှုပ်ရှားနေမိသည်။ အတော်ကြာမှသာ သူမ သတိပြန်ဝင်လာပြီး တစ်ခုခုကို သတိရသွားသည့်နှယ် သူမ၏ကိုယ်ပေါ်မှ တောက်ပသော အလင်းကွင်းများ ထွက်ပေါ်လာကာ ကိုယ်ရိပ်မှာ ဝေဝါးသွားပြီး ခန္ဓာကျင့်ကြံခန်းမရှေ့မှ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။
“လော့ချန်က စီနီယာယွမ်ချီယွီနဲ့ အတွင်းစည်းကွင်းပြင်မှာ နောက်တစ်ကြိမ် တိုက်ခိုက်ဦးမတဲ့... နောက်ပြီး နှစ်ယောက်စလုံးက ကတိပြုထားကြသေးတယ်... ရှုံးတဲ့သူက ကိုယ့်ကိုယ်ကိုယ် အသုံးမကျသူပါလို့ ဝန်ခံရမယ်တဲ့... တကယ့်ကို ထိတ်လန့်စရာ သတင်းပဲ... မြန်မြန် အတွင်းစည်းကွင်းပြင်ကို သွားကြစို့...”
“စီနီယာယွမ်ချီယွီက ပြီးခဲ့တဲ့အကြိမ်မှာ ရှုံးခဲ့တာက အမှန်တော့ ပေါ့ဆခဲ့လို့ပါ... ဒီတစ်ခါ သူ ခန္ဓာသန့်စင်ကန်မှာ ကျင့်ကြံခဲ့တာဆိုတော့ ကျင့်ကြံမှုအဆင့်က သေချာပေါက် တိုးတက်လာမှာပဲ... စွမ်းအားကလည်း တော်တော်ကို တိုးလာမှာဆိုတော့ လော့ချန်ကတော့ ရှုံးမှာ သေချာတယ်... လာ... ငါတို့ စီနီယာယွမ်ချီယွီကို သွားပြီး အားပေးကြမယ်...”
ယွမ်ချီယွီက ရည်ရွယ်ချက်ရှိရှိ သတင်းဖြန့်လိုက်ခြင်းကြောင့် ခဏအတွင်းမှာပင် သူနှင့် လော့ချန်တို့၏ တိုက်ပွဲသတင်းမှာ ပျံ့နှံ့သွားတော့သည်။ အတွင်းစည်းတပည့် အမြောက်အမြားမှာ အတွင်းစည်းကွင်းပြင်သို့ စုပြုံလာကြ၏။ အများစုမှာ မင်းသားတန်း အဖွဲ့ဝင်များဖြစ်ကြပြီး လော့ချန် အရှက်ကွဲသည်ကို ကြည့်လိုကြသူများ ဖြစ်သည်။
အတွင်းစည်းကွင်းပြင်သို့ သွားရာလမ်းတွင်...
ကျူးလင်မေ့နှင့် လော့ချန်တို့မှာ ဘေးချင်းယှဉ် လျှောက်လာကြသည်။ ကျူးလင်မေ့သည် လော့ချန်၏ တည်ငြိမ်လှသော မျက်နှာထားကို မြင်သောအခါ မနေနိုင်ဘဲ မေးလိုက်၏။
“ယွမ်ချီယွီက သွေးကြောနိုးကြားမှုနယ်ပယ် ဆဋ္ဌမအဆင့်ကို တက်သွားပြီနော်... မင်း တကယ်ပဲ သူနဲ့ တိုက်ဦးမှာလား...”
လော့ချန်က ခပ်ဖွဖွ ပြုံးလိုက်သည်။
“သူ့ရဲ့စွမ်းအားက ပိုပြီး တိုးတက်လာဖို့ပဲ မျှော်လင့်ပါတယ်... မဟုတ်ရင်တော့ ဒါက တကယ်ကို ပျင်းစရာကောင်းနေလိမ့်မယ်...”
ကျူးလင်မေ့၏ မျက်လုံးများတွင် အံ့သြမှုများ ဖြတ်ပြေးသွားပြီး တစ်ခုခုကို စဉ်းစားနေမိတော့သည်။
အတွင်းစည်းကွင်းပြင်...
ကွင်းပြင်တွင် လူပေါင်း ရာနှင့်ချီ၍ စုဝေးနေကြပြီ ဖြစ်သည်။ လူအများ၏ စောင့်ကြည့်မှုအောက်တွင် လော့ချန်နှင့် ယွမ်ချီယွီတို့သည် စိန်ခေါ်စင်မြင့်ပေါ်သို့ တက်လိုက်ကြ၏။ ကျူးလင်မေ့၊ ရွှေယွမ်နှင့် လင်ယွီကျင်းတို့သည် တစ်နေရာတွင် ရပ်နေကြသည်။
ရွှေယွမ်သည် လော့ချန်ကို ကြည့်ကာ လှောင်ပြောင်လိုက်၏။
“သူက တကယ်ပဲ ယွမ်ချီယွီနဲ့ တိုက်ရဲလိမ့်မယ်လို့ မထင်ထားဘူး...”
လင်ယွီကျင်းက သူမ၏ နှုတ်ခမ်းနီနီလေးကို မဲ့လိုက်သည်။
“သွေးကြောနိုးကြားမှုနယ်ပယ် အလယ်အလတ်အဆင့်မှာ အဆင့်တစ်ခု တိုးလာတာက ဘာကို ဆိုလိုသလဲဆိုတာ သူ သိပုံမရဘူး... သူ ဘယ်လောက်အထိ မှားယွင်းနေလဲဆိုတာကို မကြာခင်မှာပဲ သိလာပါလိမ့်မယ်...”
“မသေချာဘူး...”
ကျူးလင်မေ့က တိုတိုတုတ်တုတ် ပြောလိုက်၏။ လင်ယွီကျင်းမှာ မျက်မှောင်ကြုတ်သွားရသည်။ ကျူးလင်မေ့က သူမကို အမြဲတမ်း ဆန့်ကျင်ဘက် ပြောနေသဖြင့် စိတ်မကြည်မလင် ဖြစ်သွားကာ မေးလိုက်၏။
“ဘာလဲ... မင်းက လော့ချန်က ဆဋ္ဌမအဆင့်ကို တက်သွားတဲ့ ယွမ်ချီယွီကို အနိုင်ယူနိုင်မယ်လို့ ထင်နေတာလား...”
ကျူးလင်မေ့က အပိုအတွေးများ မတွေးတော့ဘဲ ပြန်ပြောလိုက်သည်။
“ကြည့်လိုက်ရင် သိရမှာပေါ့...”
သူတို့ စကားပြောနေစဉ်မှာပင် စင်မြင့်ပေါ်တွင် အခြေအနေမှာ တင်းမာလာတော့သည်။
“လော့ချန်... ပြီးခဲ့တဲ့အကြိမ်က ငါ မင်းကို ရှုံးခဲ့တာ ခဏတာ ပေါ့ဆခဲ့လို့ပါ... ဒီတစ်ခါတော့ မင်း ရှုံးမှာ သေချာတယ်...”
ယွမ်ချီယွီသည် အနိုင်ရရုံတင်မကဘဲ လော့ချန်၏ ယုံကြည်မှုကိုပါ အပြည့်အဝ ချေမှုန်းပစ်ရန် ဆုံးဖြတ်ထားသဖြင့် အေးစက်စွာ ရယ်မောလိုက်ပြီး သူ၏ခန္ဓာကိုယ်ကို လှုပ်ခါလိုက်ရာ ပြင်းထန်လှသော ချီစွမ်းအင် လှုပ်ခတ်မှုများမှာ ပျံ့နှံ့သွားတော့သည်။
“ဒါက... သွေးကြောနိုးကြားမှုနယ်ပယ် ဆဋ္ဌမအဆင့်ပဲ...”
“စီနီယာယွမ်ချီယွီက ဆဋ္ဌမအဆင့်ကို တက်သွားပြီကိုး... ဒါကြောင့်ကိုး ဒီလောက်အထိ ယုံကြည်မှု ရှိနေတာ...”
“အလယ်အလတ်အဆင့်မှာ အဆင့်တစ်ခု တိုးလာတိုင်း စွမ်းအားက မိုးနဲ့မြေလို ကွာခြားသွားပြီလေ... ဆဋ္ဌမအဆင့်ကိုပါ ချိုးဖြတ်နိုင်ခဲ့တာဆိုတော့... လော့ချန်ကတော့ ဒီတစ်ခါ အသက်ရှင်နိုင်ဖို့ မလွယ်တော့ဘူး...”
ယွမ်ချီယွီ၏ ဆဋ္ဌမအဆင့် ကျင့်ကြံမှု ထွက်ပေါ်လာသည်နှင့် ကျူးလင်မေ့မှတစ်ပါး လူတိုင်းက လော့ချန် ရှုံးနိမ့်မည်ဟု ယူဆလိုက်ကြတော့သည်။ မင်းသားတန်း အဖွဲ့ဝင်များမှာမူ ပို၍ပင် လှောင်ပြောင်သော မျက်နှာထားများ ဖြစ်နေကြ၏။ လော့ချန်သည် ယခုရက်ပိုင်းအတွင်း နာမည်ကြီးနေသလို မင်းသားတန်းကိုလည်း အဆက်မပြတ် စိန်ခေါ်နေသဖြင့် သူ့ကို ကောင်းကောင်း နှိမ်နင်းပြရမည် ဖြစ်သည်။
လော့ချန်သည် ယွမ်ချီယွီကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။
“တိုးတက်လာတာတော့ အမှန်ပဲ... ဒါပေမဲ့ ငါနဲ့တော့ ပိုပြီးတော့ ဝေးသွားပြီ...”
“မောက်မာလှချည်လား...”
ယွမ်ချီယွီသည် လော့ချန်က သူ၏တိုးတက်မှုထက် ပိုမို သာလွန်လိမ့်မည်ဟု လုံးဝ မယုံကြည်သဖြင့် အေးစက်စွာ လှောင်ပြောင်လိုက်တော့သည်။
“ဒါဆိုရင် ငါ့ကို ပြစမ်းပါဦး... မင်း ခန္ဓာသန့်စင်ကန်မှာ သုံးရက်နေခဲ့ပြီးတော့ ဘယ်လောက်အထိ တိုးတက်လာလဲဆိုတာကို... နယ်ပယ်အဆင့် တစ်ဆင့်တောင် မတက်ခဲ့တာတော့ မဟုတ်ဘူး မဟုတ်လား...”
သူ့စကား မဆုံးသေးခင်မှာပင်...
"ဘုန်း..."
ထိတ်လန့်ဖွယ်ရာ ချီစွမ်းအင် လှုပ်ခတ်မှုများမှာ စိန်ခေါ်စင်မြင့်တစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။
“ဘာ...”
“သွေးကြောနိုးကြားမှုနယ်ပယ် တတိယအဆင့် အထွတ်အထိပ်...”
“ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...”
လော့ချန်၏ အရှိန်အဝါ ထွက်ပေါ်လာသည်နှင့် ရှိနေသောလူများ အားလုံးမှာ ကြောင်အသွားကြတော့သည်။ အထူးသဖြင့် ရွှေယွမ်နှင့် လင်ယွီကျင်းတို့မှာ ထိုနေရာမှာတင် မှင်တက်မိနေကြ၏။ ကျူးလင်မေ့ပင်လျှင် အံ့သြသွားရသည်။ လော့ချန်၏ တိုးတက်မှုမှာ ကြီးမားလိမ့်မည်ဟု သူမ ခန့်မှန်းထားသော်လည်း ဤမျှအထိ ကြီးမားလိမ့်မည်ဟုတော့ မထင်ထားခဲ့ပေ။
ယွမ်ချီယွီမှာမူ လည်ပင်းကို ညှစ်ခံထားရသော ဘဲတစ်ကောင်နှယ် မျက်လုံးများ ပြူးထွက်နေပြီး အသက်ကိုပင် မနည်း ရှူနေရတော့သည်။ သူ ကောင်းကောင်း မှတ်မိသည်မှာ လော့ချန်သည် အထဲမဝင်ခင်က ဒုတိယအဆင့် အစောပိုင်းမှာပဲ ရှိသေးခြင်း ဖြစ်သည်။ ခန္ဓာသန့်စင်ကန်တွင် သုံးရက်နေပြီးနောက် တတိယအဆင့် အထွတ်အထိပ်သို့ ရောက်သွားသည်တဲ့လား။ နယ်ပယ်အဆင့် ခုနစ်ဆင့် ဆက်တိုက် တက်သွားသည်တဲ့လား။
‘ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...’
အဆင့်မြင့်သိုင်းဝိညာဉ် ပိုင်ရှင်များဖြစ်သော နန်ကုန်းကျွယ်နှင့် ယွမ်မန်လီတို့ပင်လျှင် ခန္ဓာသန့်စင်ကန်ထဲ ဝင်ခဲ့စဉ်က လေးဆင့် သို့မဟုတ် ငါးဆင့်လောက်သာ တက်နိုင်ခဲ့ကြခြင်း ဖြစ်သည်။ အသုံးမကျသော သိုင်းဝိညာဉ်ပိုင်ရှင် တစ်ယောက်က... နန်ကုန်းကျွယ်နှင့် ယွမ်မန်လီတို့ထက်တောင် သာလွန်နေသည်လား။
“ဒါက မဖြစ်နိုင်ဘူး... မင်း အရင်က ကျင့်ကြံမှုကို ဖုံးကွယ်ထားတာ ဖြစ်ရမယ်...”
ယွမ်ချီယွီသည် သူ၏မျက်စိရှေ့မှ အခြေအနေကို လုံးဝ မယုံကြည်နိုင်ပေ။
"ချင်း..."
လော့ချန်သည် တိုက်ရိုက်ပင် လျှပ်စီးဓားကို ဆွဲထုတ်လိုက်ရာ ဓားအဟုန်များမှာ ပျံ့နှံ့သွားပြီး လေနှင့် တိမ်များကို လှုပ်ခတ်သွားစေတော့သည်။
“စလိုက်ရအောင်... ဒီသုံးရက်အတွင်းမှာ မင်း ဘယ်လောက်အထိ တိုးတက်လာလဲဆိုတာ ငါ့ကို ပြစမ်းပါဦး...”
ယွမ်ချီယွီ၏ မျက်နှာမှာ ညိုမည်းနေပြီး သူ၏ အေးစက်လှသော အကြည့်များဖြင့် လော့ချန်ကို စိုက်ကြည့်နေသည်မှာ အလွန်ပင် ထိတ်လန့်စရာ ကောင်းလှသည်။
“လေလုံးထွားလှချည်လား... မင်း တတိယအဆင့် အထွတ်အထိပ်သို့ တက်သွားရင်လည်း ဘာဖြစ်လဲ... အလယ်အလတ်အဆင့်မှာ အဆင့်တစ်ခု တိုးလာတာက မင်းရဲ့ စိတ်ကူးထက်ကို ပိုပြီးတော့ သန်မာလာတာကွ...”
စကားပြောနေစဉ်မှာပင် ယွမ်ချီယွီသည် သူ၏သိုင်းဝိညာဉ်ကို တိုက်ရိုက် ထုတ်ဖော်လိုက်ရာ ကြယ်ခုနစ်ပွင့် ဝင်းလက်နေသော နီရဲသည့် မီးလျှံကြီးတစ်ခု ထွက်ပေါ်လာတော့သည်။
"ဘုန်း..."
သိုင်းဝိညာဉ် ထွက်ပေါ်လာသည်နှင့်အမျှ ယွမ်ချီယွီ၏ အရှိန်အဝါမှာ တရှိန်ထိုး မြင့်တက်လာပြီး ကျယ်ပြောလှသော အပူရှိန်များမှာ တစ်ခုလုံးသော ကွင်းပြင်ဆီသို့ ပျံ့နှံ့သွားကာ လေထုမှာပင် ပေါက်ကွဲသံများ ထွက်ပေါ်နေတော့သည်။ သူ၏ တစ်ကိုယ်လုံးမှာလည်း တောက်ပသော မြေထည်ရောင် အလင်းတန်းများ ဖြာထွက်နေကာ မြေထည်နှလုံးသားကျင့်စဉ်ကို အစွမ်းကုန် လှုံ့ဆော်လိုက်သဖြင့် သူ၏ အရှိန်အဝါမှာ အထွတ်အထိပ် အဆင့်သစ်တစ်ခုသို့ ရောက်ရှိသွားတော့သည်။
“လက်သီးတစ်ချက်တည်းနဲ့ မင်းကို အရှုံးပေးစေလိုက်မယ်...”
ဒေါသတကြီး အော်ဟစ်လိုက်ရင်း ယွမ်ချီယွီသည် မြေပြင်ကို တစ်ချက်ကန်ကာ လေထဲသို့ ခုန်တက်လျက် လော့ချန်ဆီသို့ ပြေးဝင်သွားတော့သည်။ သူ၏ လက်သီးမှာ တောက်ပသော အဖြူရောင် အလင်းတန်းများ ဖြာထွက်နေလျက် ရှိရာ ၎င်းမှာ အသားအရေ မဟုတ်တော့ဘဲ ကျောက်သားပြင်ကြီးတစ်ခုအလား ထင်မှတ်ရပေသည်။
“စွမ်းအင်အမြုတေ ပေါက်ကွဲခြင်း...”
လက်သီးတစ်ချက် ထိုးနှက်လိုက်သည်နှင့် တောက်ပသော အလင်းတန်းများမှာ နေမင်းတစ်စင်းနှယ် ကျယ်ပြန့်လာပြီး စိန်ခေါ်စင်မြင့်၏ တစ်ဝက်ခန့်ကို လွှမ်းခြုံသွားကာ လော့ချန်ရှိရာ ဟင်းလင်းပြင်ကိုလည်း လုံးဝ ပိတ်ဆို့လိုက်သဖြင့် လော့ချန်မှာ ရှောင်တိမ်းရန် နေရာမရှိတော့ဘဲ တိုက်ရိုက် ခုခံရန်မှတစ်ပါး အခြားနည်းလမ်း မရှိတော့ချေ။
"ဘုန်း... ဘုန်း... ဘုန်း..."
လေထုမှာ အဆင့်ဆင့် ပေါက်ကွဲသွားပြီး တွန့်လိမ်နေသော အက်ကြောင်းများ ဖြစ်ပေါ်လာကာ ဟင်းလင်းပြင်မှာပင် ပြိုကျတော့မည့်အလား ကွင်းပြင်ကြီးတစ်ခုလုံးမှာ တုန်ခါနေတော့သည်။
“ဘယ်လောက်တောင် သန်မာလိုက်သလဲ... ဒါက ဆဋ္ဌမအဆင့် သန်မာသူရဲ့ စွမ်းအားပေါ့...”
“လော့ချန် မတားနိုင်ဘူး... သေချာပေါက် မတားနိုင်ဘူး...”
ယွမ်ချီယွီ၏ လက်သီးအဟုန်မှာ ကျယ်ပြောလှပြီး ပြင်းထန်လွန်းလှသဖြင့် ကြည့်ရှုနေသူများမှာ အသက်ရှူရပင် ခက်ခဲသွားကာ နှလုံးခုန်သံများ မြန်ဆန်လာပြီး လော့ချန်အနေဖြင့် ဤလက်သီးကို တားဆီးနိုင်မည် မဟုတ်ဟု ယူဆလိုက်ကြတော့သည်။
“မဆိုးပါဘူး...”
လော့ချန်၏ မျက်နှာမှာ မည်သည့် ခံစားချက်မျှ မရှိပေ။ ယွမ်ချီယွီ၏ ဤလက်သီးမှာ လွန်ခဲ့သော ဆယ်ရက်ကျော်ကထက် အဆပေါင်းများစွာ သန်မာလာခဲ့သည်။ အကယ်၍ လွန်ခဲ့သော သုံးရက်က သူသာဆိုလျှင် တောင့်ခံနိုင်ရန် တကယ်ကို ခဲယဉ်းပေလိမ့်မည်။ သို့သော်လည်း ယနေ့တွင်မူ သူသည်လည်း အရင်က သူ မဟုတ်တော့ပေ။
လက်သီးအဟုန် ရောက်လာသည့် တစ်ခဏအတွင်းမှာပင် လော့ချန်သည် နောက်ဆုံးတွင် ဓားကို ထုတ်သုံးလိုက်တော့သည်။
"ဂျိမ်း..."
မိုးကြိုးသံကြီး ဟိန်းထွက်လာ၏။ လူအားလုံးမှာ စိတ်ထဲမှ တုန်လှုပ်သွားရပြီးနောက် စိန်ခေါ်စင်မြင့်ပေါ်တွင် လျှပ်စီးတန်းတစ်ခု ဖြတ်ပြေးသွားသည်ကို တွေ့လိုက်ရကာ ၎င်းမှာ လက်သီးအဟုန်ကို ထိုးဖောက်သွားပြီး စစ်မှန်သော လျှပ်စီးတန်းတစ်ခုနှယ် ယွမ်ချီယွီ၏ ကိုယ်ပေါ်သို့ အပြင်းအထန် ကျရောက်သွားတော့သည်။ ထိုထက်မြက်သော အရှိန်အဝါမှာ ကောင်းကင်ယံရှိ တိမ်တိုက်များကိုပင် အပေါက်ကြီးတစ်ခု ဖြစ်သွားစေတော့သည်။
အခန်း (၄၅၆) ပြီးပါပြီ။