← Chapters

အခန်း (၄၅၇-၄၅၉)

Vol. 31 Ch. 457-459

အခန်း (၄၅၇-၄၅၉)

Vol. 31 Ch. 457-459

အခန်း ၄၅၇ - တစ်ချက်တည်းနှင့် အနိုင်ယူခြင်း... တိုက်ရိုက်တပည့်ကြီး နှစ်ဦး...

"ဖူး..."

ယွမ်ချီယွီ၏ အကာအကွယ် ချီစွမ်းအင်များမှာ ကွဲအက်သွားပြီး သွေးများ ပန်းထွက်လာကာ တစ်ကိုယ်လုံး လေထဲသို့ လွင့်စဉ်သွားပြီး စိန်ခေါ်စင်မြင့်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားတော့သည်။

သူ၏ ညာဘက်ပခုံးတွင် သွေးချင်းချင်းနီနေသော ဓားဒဏ်ရာကြီးတစ်ခု ရှိနေ၏။

“မင်း... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...”

ယွမ်ချီယွီသည် လော့ချန်ကို ဒေါသတကြီး စိုက်ကြည့်နေပြီး သူ၏ မျက်နှာတွင် သရဲသဘက်ကို မြင်လိုက်ရသည့်နှယ် ထိတ်လန့်နေတော့သည်။ လွန်ခဲ့သော ဆယ်ရက်ကျော်က သူ လော့ချန်၏ ဓားတစ်ချက်ကို မတားနိုင်ခဲ့သည်မှာ ထားဦး...။ ယခုတွင်မူ သူသည် သွေးကြောနိုးကြားမှုနယ်ပယ် ဆဋ္ဌမအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီး စွမ်းအားမှာလည်း အဆပေါင်းများစွာ တိုးတက်လာခဲ့သည် မဟုတ်ပါလော။ သို့သော်လည်း လော့ချန်၏ ဓားတစ်ချက်ကို မတားနိုင်သေးပါလား။

၎င်းတင်မကဘဲ ရလဒ်မှာ ပြီးခဲ့သည့်အကြိမ်ထက်ပင် ပိုမို ဆိုးရွားလှသည်။ အကာအကွယ် ချီစွမ်းအင်များပင် အစိပ်စိပ်အမွှာမွှာ အဖောက်ခံလိုက်ရပြီး အပြင်းအထန် ဒဏ်ရာရလုနီးပါး ဖြစ်သွားခဲ့ရသည်။

ကြည့်ရှုနေသူများမှာလည်း မှင်တက်မိနေကြ၏။ ဤကဲ့သို့သော ရလဒ် ထွက်လာလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြပေ။ လော့ချန်အပေါ် မျှော်လင့်ချက်ထားသည့် ကျူးလင်မေ့ပင် အပါအဝင် ဖြစ်သည်။ ဆဋ္ဌမအဆင့်သို့ တက်လှမ်းထားသော ယွမ်ချီယွီမှာ လော့ချန်၏ ရှေ့တွင် အနည်းငယ်မျှပင် ပြန်မတိုက်နိုင်ဘဲ ဓားတစ်ချက်တည်းနှင့်ပင် ရှုံးနိမ့်သွားခဲ့ရသည်လား။

“တောက်... စီနီယာယွမ်ချီယွီကို တစ်ချက်တည်းနဲ့ အနိုင်ယူလိုက်တာပဲ... တစ်ချက်တည်းနော်... ဒါ တကယ်ကို ကြောက်ဖို့ကောင်းလွန်းတယ်...”

“လော့ချန် နိုးကြားထားတဲ့ သိုင်းဝိညာဉ်က အသုံးမကျတဲ့ သိုင်းဝိညာဉ် ဟုတ်ရော ဟုတ်ရဲ့လားလို့ ငါ အခု သံသယဝင်လာပြီ...”

“အကြီးအကဲတွေ အများကြီး စစ်ဆေးခဲ့တာဆိုတော့ သေချာပေါက် မှားမှာ မဟုတ်ပါဘူး... လော့ချန် ဒီလောက်အထိ သန်မာနေတာက သူ ဓားဆန္ဒကို နားလည်ထားလို့ ဖြစ်ရမယ်... ဓားဆန္ဒကို နားလည်တဲ့ ဓားသမားတွေရဲ့ တိုက်ခိုက်ရေးစွမ်းအားက အဆင့်တူတွေထက် အများကြီး သာလွန်တဲ့အပြင် အဆင့်ကျော်ပြီးလည်း လွယ်လွယ်ကူကူ စိန်ခေါ်နိုင်ကြတယ်လေ...”

“ဒါက သာမန်အဆင့်ကျော် စိန်ခေါ်တာ မဟုတ်တော့ဘူး... နယ်ပယ်ကြီး သုံးခုကို ကျော်ပြီးတော့တောင် အပြတ်အသတ် အနိုင်ယူလိုက်တာ... စဉ်းစားကြည့်ရုံနဲ့တင် ကြက်သီးထစရာပဲ...”

လူတိုင်း လော့ချန်ကို ကြည့်ကာ စိတ်ထဲမှ အကြီးအကျယ် တုန်လှုပ်နေကြပြီး တည်ငြိမ်အောင် မနည်း ကြိုးစားနေကြရသည်။

လော့ချန်ကိုယ်တိုင်ပင်လျှင် အနည်းငယ် အံ့အားသင့်နေမိသည်။ ဤသိုင်းကွက်ကို သူသည် အစမ်းအနေဖြင့်သာ ထုတ်သုံးရန် စိတ်ကူးခဲ့ခြင်း ဖြစ်သည်။ ယွမ်ချီယွီမှာ ဤမျှအထိ အားနည်းလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ယခုတင်က ထိုဓားတစ်ချက်မှာ အရင်ကထက် သာလွန်သော ဆန်းကြယ်သည့် ခံစားချက်တစ်ခု ပါဝင်နေသည်။ ဓားထုတ်လိုက်သည့် တစ်ခဏတွင် စိတ်အခြေအနေမှာ အလွန်ပင် ကြည်လင်နေခဲ့၏။

လော့ချန် သေသေချာချာ အာရုံခံကြည့်လိုက်သည့်အခါ စိတ်ထဲမှ အရာတစ်ခုမှာ အပြင်သို့ ပေါက်ကွဲထွက်လာတော့မည့်အလား ခံစားလိုက်ရသည်။

၎င်းမှာ ဓားဆန္ဒပင် ဖြစ်ပေလိမ့်မည်။

မျက်လုံးများတွင် အလင်းတန်းများ ဖြာထွက်သွားသော်လည်း လော့ချန် ထပ်မံ၍ အာရုံမခံတော့ဘဲ ဓားကို အိမ်ထဲသို့ ပြန်ထည့်လိုက်ကာ ယွမ်ချီယွီကို ကြည့်၍ ပြောလိုက်သည်။

“မင်း တိုးတက်လာတာတော့ အမှန်ပဲ... ဒါပေမဲ့ ငါက မင်းထက် ပိုပြီးတော့ တိုးတက်လာခဲ့တာလေ... မင်း လိုက်မမီနိုင်တဲ့ အဆင့်ကို ရောက်သွားခဲ့ပြီ...”

“ကဲ... အခုတော့ မင်းရဲ့ ကတိကို တည်ရမယ့် အချိန်ရောက်ပြီ...”

ဤစကားကို ကြားသောအခါ လူတိုင်း၏ အကြည့်မှာ ယွမ်ချီယွီဆီသို့ ရောက်သွားကြသည်။ ယွမ်ချီယွီက တမင် သတင်းဖြန့်ထားသဖြင့် လူတိုင်း သိထားကြသည် မဟုတ်ပါလော။ ဤတိုက်ပွဲတွင် အရှုံးအနိုင် ခွဲရမည်ဖြစ်ကာ ရှုံးနိမ့်သူမှာ လူအများရှေ့တွင် မိမိကိုယ်ကိုယ် အသုံးမကျသူပါဟု ဝန်ခံရမည် ဖြစ်သည်။

ယွမ်ချီယွီ၏ မျက်နှာမှာ ညိုမည်းနေပြီး ရင်ဘတ်မှာလည်း ဒေါသကြောင့် နိမ့်ချည်မြင့်ချည် ဖြစ်နေကာ အံကိုတင်းတင်းကြိတ်လျက် ပြောလိုက်၏။

“ငါ မရှုံးသေးဘူး...”

ဤမျှလောက်သော လူအများရှေ့တွင် မိမိကိုယ်ကိုယ် အသုံးမကျသူပါဟု ဝန်ခံလိုက်မည်ဆိုပါက နောင်ကျလျှင် သူ ဂိုဏ်းထဲမှာ ဘယ်လို မျက်နှာပြရတော့မည်နည်း။ သူ၏ အစ်ကိုကြီး ယွမ်ချင်ယင်ပင်လျှင် အရှက်ရပေလိမ့်မည်။ ၎င်းမှာ လုံးဝ မဖြစ်နိုင်သည့် အရာပင်။

“ဟုတ်လား...”

လော့ချန်သည် တစ်လှမ်းချင်း တိုးသွားပြီး စူးရှသော အကြည့်များဖြင့် အေးစက်စွာ ပြောလိုက်သည်။

“ဒါဆိုရင်တော့ မင်းကို လဲကျသွားအောင် လုပ်ရတော့မှာပေါ့...”

“မင်း...”

ယွမ်ချီယွီ၏ မျက်နှာမှာ ဒေါသကြောင့် တွန့်လိမ်နေတော့သည်။ လော့ချန်က ဤမျှအထိ မျက်နှာမထောက်ဘဲ သူ့ကို အကျပ်ကိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ မျက်နှာတစ်ခုလုံးလည်း နီမြန်းနေတော့၏။

“တော်တော့...”

ထိုစဉ် အေးစက်သော အော်ဟစ်သံတစ်ခု ပေါက်ကွဲထွက်လာတော့သည်။ ကွင်းပြင်ကြီးတစ်ခုလုံးမှာပင် တုန်ခါသွားရ၏။ ပြင်းထန်သော လေလှိုင်းသံနှင့်အတူ စိမ်းပြာရောင် ကိုယ်ရိပ်တစ်ခုသည် နတ်ဘုရားတစ်ပါးနှယ် ကွင်းပြင်အထက်သို့ ဆင်းသက်လာတော့သည်။

ရောက်လာသူမှာ အသက် ၂၀ ကျော် အရွယ် လူငယ်တစ်ဦးဖြစ်ပြီး ရွှေရောင်ဘောင်ပါသော အပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားကာ ပခုံးပေါ်တွင် ရွှေရောင်လင်းယုန်ခြေသည်းပုံစံ အမှတ်အသား နှစ်ခု ရှိနေသည်။ သူ၏ မျက်လုံးများမှာ လင်းယုန်တစ်ကောင်ကဲ့သို့ ကျဉ်းမြောင်းစူးရှနေပြီး ပေးစွမ်းသည့် အရှိန်အဝါမှာ အလွန်ပင် အန္တရာယ်များလှသဖြင့် လူတိုင်းမှာ အလိုအလျောက် ထိတ်လန့်သွားကာ ဒူးထောက်ချင်စိတ်များပင် ပေါ်လာတော့သည်။

“စီနီယာ ယွမ်ချင်ယင်ပါလား...”

ရှိနေသော အတွင်းစည်းတပည့်များမှာ မျက်နှာများ ပျက်သွားကြပြီး နေရာမှ ထရပ်လိုက်ကြ၏။

လော့ချန်သည် ရောက်လာသူကို ကြည့်ကာ မျက်ခုံးတစ်ချက် ပင့်လိုက်သည်။ ဤသူမှာ ယွမ်မန်လီကို ရှုံးနိမ့်ခဲ့ဖူးသော ယခင် ထိပ်သီးတိုက်ရိုက်တပည့် ဆယ်ဦးစာရင်းဝင် ယွမ်ချင်ယင်ပင် ဖြစ်သည်။ တကယ်ကို ထူးခြားလှပေသည်။

“အစ်ကိုကြီး...”

ယွမ်ချင်ယင်ကို မြင်သောအခါ ယွမ်ချီယွီမှာ ဝမ်းသာအားရ ဖြစ်သွားပြီး အမြန် သွားရောက် ကြိုဆိုလိုက်၏။ စိတ်ထဲတွင်လည်း ရက်စက်စွာ ပြုံးလိုက်မိသည်။

‘လော့ချန်... မင်း ငါ့ကို မျက်နှာမထောက်ဘူးဆိုရင် ငါ့အစ်ကိုကြီးရဲ့ မျက်နှာကိုတော့ မထောက်လို့ မရဘူးပေါ့... မင်း ဘယ်လောက်အထိ ရမ်းကားနိုင်ဦးမလဲ ကြည့်ကြသေးတာပေါ့...’

ယွမ်ချင်ယင်သည် လော့ချန်ကို တစ်ချက် စိုက်ကြည့်လိုက်ပြီးနောက် ယွမ်ချီယွီကို ကြည့်ကာ အော်ဟစ်လိုက်တော့သည်။

“ငါ့မျက်နှာကို ဖျက်နေတာ မလုံလောက်သေးဘူးလား... ငါနဲ့ လိုက်ခဲ့စမ်း... နောက်နှစ်နှစ်အတွင်းမှာ ယွမ်ချင်တောင်ထိပ်ကနေ ထွက်ခွာခွင့် မရှိစေရဘူး...”

ယွမ်ချီယွီ၏ မျက်နှာမှာ ပျက်သွားသော်လည်း ခေါင်းညိတ်ရုံမှတစ်ပါး အခြားနည်းလမ်း မရှိပေ။

“နေပါဦး...”

လော့ချန်သည် ရှေ့သို့ တစ်လှမ်း တိုးလိုက်ပြီး ယွမ်ချင်ယင်ကို ကြည့်ကာ ပြောလိုက်သည်။

“စီနီယာယွမ်... ကျွန်တော်နဲ့ သူ့ကြားက တိုက်ပွဲက မပြီးသေးဘူးလေ...”

ယွမ်ချင်ယင်မှာ မျက်မှောင်ကြုတ်သွားသော်လည်း လော့ချန်ကို ကြည့်မနေဘဲ ကောင်းကင်ယံကို ကြည့်ကာ စူးရှသော အကြည့်များဖြင့် ပြောလိုက်သည်။

“ယွမ်မန်လီ... ဒါ မင်းရဲ့ အလိုဆန္ဒလား...”

ဤစကားကို ကြားသောအခါ လူတိုင်းမှာ အံ့သြသွားကြပြီး ကောင်းကင်သို့ မော့ကြည့်လိုက်ကြ၏။ ကောင်းကင်ယံရှိ တိမ်တိုက်များမှာ မည်သည့်အချိန်က ကွဲထွက်သွားမှန်း မသိဘဲ တစ်ကိုယ်လုံး မီးလျှံများ တောက်လောင်နေသော စိမ်းပြာရောင် ငှက်ကြီးတစ်ကောင်မှာ ဝဲပျံနေပြီး ၎င်း၏ ကျောပေါ်တွင် အလှပဂေးတစ်ဦး ရှိနေသည်။

အမျိုးသမီးသည် ရိုးရှင်းသော ဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်ခုံးတန်းလေးမှာ ပန်းချီကားတစ်ချပ်နှယ် လှပကာ မျက်လုံးများမှာလည်း ကြယ်တာရာများနှယ် ဝင်းလက်နေပြီး ဝတ်ရုံဖြူဖြူလေးမှာ ဆီးနှင်းများနှယ် ဖြူစင်လွန်းသဖြင့် ကောင်းကင်ဘုံက နတ်သမီးတစ်ပါး ဆင်းသက်လာသည့်နှယ်၊ သို့မဟုတ် နဂါးနန်းတော်မှ နဂါးမင်းသမီးလေး တစ်ပါးနှယ် ထင်မှတ်ရပေသည်။ သူမ ရောက်လာသည်နှင့် ကောင်းကင်ပြင်တစ်ခုလုံးမှာ သန့်စင်သွားသည့်နှယ် ခံစားရစေသည်။

“စီနီယာအစ်မ ယွမ်မန်လီပါလား...”

လူတိုင်းမှာ စိတ်လှုပ်ရှားသွားကြ၏။ ယွမ်မန်လီမှာ ပုံမှန်အားဖြင့် လူကြားထဲသို့ ထွက်လာခဲသူ ဖြစ်သည်မဟုတ်ပါလော။

ယွမ်မန်လီသည် ခပ်ဖွဖွ ခေါင်းခါယမ်းလိုက်ရင်း တည်ငြိမ်စွာ ပြောလိုက်သည်။

“ဒါက သူတို့ကြားက ကိစ္စပဲလေ... ငါတို့ ဝင်မစွက်ဖက်သင့်ဘူး မဟုတ်လား...”

“ဒါက သတိပေးတာလား... ဟွန့်... မင်းရဲ့ စိမ်းပြာရောင်ငှက် သိုင်းဝိညာဉ်က ကြယ် ၁၁ ပွင့် မြေကမ္ဘာအဆင့် သိုင်းဝိညာဉ်ကို တက်လှမ်းနိုင်ခဲ့တာက အဲ့ဒီ ဖီးနစ်အမြီးပန်းကို သန့်စင်နိုင်ခဲ့လို့ပဲ ဖြစ်ရမယ်... ဖီးနစ်အမြီးပန်း တစ်ပင်တည်းနဲ့တင် မင်းကို ဒီလောက်အထိ အကျိုးပြုလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး...”

ယွမ်ချင်ယင်သည် ယွမ်မန်လီကို အေးစက်စွာ ကြည့်ကာ ဆက်ပြောပြန်သည်။

“ပြီးခဲ့တဲ့ တိုက်ပွဲမှာ ငါက တစ်ကွက်တည်းနဲ့ ရှုံးခဲ့တာပါ... ငါလည်း ဝူးကျန်းနယ်ပယ်ကို ချိုးဖြတ်ပြီးတာနဲ့ ငါတို့ နောက်တစ်ပွဲ ပြန်နွှဲကြတာပေါ့... ထိပ်သီးတိုက်ရိုက်တပည့် နေရာကိုတော့ ငါကိုယ်တိုင်ပဲ ပြန်လုယူပြမယ်...”

ယွမ်မန်လီ၏ လေသံမှာ အေးချမ်းလှ၏။

“ထိပ်သီးတိုက်ရိုက်တပည့် ဆိုတဲ့ အဆင့်အတန်းကို ငါ ဂရုမစိုက်ပါဘူး... အခု သွေးဝိညာဉ်ဂိုဏ်းက ပြန်ပြီး လှုပ်ရှားလာသလို မိစ္ဆာတွေလည်း ပေါ်လာနေပြီဆိုတော့ တိုက်ပွဲတွေက ပြန်စတော့မှာ... ငါတို့ ဒီလို ကိစ္စသေးသေးလေးတွေမှာ အချိန်ကုန်ခံနေဖို့ မလိုတော့ဘူး...”

“ဟဲဟဲ... မင်း ဂရုမစိုက်ပေမဲ့ ငါကတော့ ဂရုစိုက်တယ်...”

ယွမ်ချင်ယင်၏ မျက်နှာမှာ သာ၍ ညိုမည်းသွားပြီး လှည့်ထွက်သွားရန် ပြင်လိုက်သော်လည်း ပြန်လည် ရပ်တန့်လိုက်ကာ လော့ချန်ကို ကြည့်၍ အေးစက်စွာ ပြောလိုက်၏။

“မင်းနာမည်က လော့ချန်လား... ငါ မင်းကို မှတ်ထားပါ့မယ်... မင်းနဲ့ ယွမ်ချီယွီကြားက တိုက်ပွဲကိုတော့ နောင်ကျမှပဲ ဆက်ကြတာပေါ့... ကိုယ့်ကိုယ်ကိုယ်ပဲ ဂရုစိုက်ထားလိုက်ပါ...”

စကားပြောနေစဉ်မှာပင် ယွမ်ချင်ယင်သည် ယွမ်ချီယွီကို ဆွဲကာ ကောင်းကင်သို့ ပျံတက်သွားတော့ရာ မျက်စိတစ်မှိတ်အတွင်းမှာပင် ပျောက်ကွယ်သွားတော့သည်။

လော့ချန်သည် ယွမ်ချင်ယင် ထွက်သွားသည့် ဘက်ကို ကြည့်ကာ မျက်လုံးများတွင် အေးစက်သော အလင်းတန်းများ ဖြာထွက်နေတော့သည်။ တစ်ဖက်လူက သိသိသာသာပင် ဘက်လိုက်သွားခဲ့ခြင်း ဖြစ်သည်။ ယွမ်ချီယွီ ရှုံးသွားသည့်အခါတွင်မူ အကြောင်းပြချက် အမျိုးမျိုးပေးကာ ခေါ်သွားခဲ့သော်လည်း အကယ်၍ သူသာ ရှုံးခဲ့မည်ဆိုလျှင်တော့ လူအများရှေ့မှာ အရှက်တကွဲ ဝန်ခံခိုင်းမှာ သေချာလှသည်။

သို့သော်လည်း ယခုအချိန်တွင် သူ၏ စွမ်းအားရော၊ အဆင့်အတန်းပါ တစ်ဖက်လူနှင့် မိုးနှင့်မြေလို ကွာခြားနေသေးသဖြင့် သူ၏ စကားမှာ မည်သို့မျှ အရာရောက်နိုင်မည် မဟုတ်ပေ။ နောင်ကျမှသာ စွမ်းအားကြီးလာတဲ့အခါ ဤစာရင်းကို သေသေချာချာ ပြန်ရှင်းရမည်။

“လော့ချန်... ခဏနေရင် မန်လီတောင်ထိပ်ကို လာခဲ့ဦး...”

ယွမ်မန်လီက စကားတစ်ခွန်း ချန်ထားခဲ့ပြီးနောက် မီးလျှံစိမ်းပြာရောင်ငှက်ကြီးမှာ တောင်ပံကို တစ်ချက် ခတ်လိုက်ရာ အပြာရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဟင်းလင်းပြင်ကို ဖြတ်ကာ ထွက်ခွာသွားတော့သည်။

လော့ချန်သည် စိန်ခေါ်စင်မြင့်ပေါ်မှ ခုန်ဆင်းလိုက်ပြီး ကျူးလင်မေ့ကို နှုတ်ဆက်ကာ မန်လီတောင်ထိပ်သို့ ပြန်လာခဲ့တော့သည်။ သူ ထွက်သွားပြီး အတော်ကြာမှသာ ကွင်းပြင်အတွင်းရှိ လူများမှာ သတိပြန်ဝင်လာကြပြီး ယခုပင် ဖြစ်ပျက်ခဲ့သမျှကို ပြန်တွေးမိကာ တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြတော့သည်။

လင်ယွီကျင်း၏ မျက်နှာမှာ အလွန်ပင် ပျက်နေတော့သည်။ ခနကပင် သူမသည် ယွမ်ချီယွီ သေချာပေါက် နိုင်မည်ဟု ယုံကြည်ချက်အပြည့်ဖြင့် ပြောခဲ့သည်မဟုတ်ပါလော။ ရလဒ်မှာတော့ ယွမ်ချီယွီမှာ ဤမျှအထိ အရှက်တကွဲ ရှုံးနိမ့်သွားခဲ့ရပြီး လော့ချန်၏ ဓားတစ်ချက်ကိုပင် မတားနိုင်ခဲ့ချေ။ ၎င်းမှာ ကျူးလင်မေ့၏ ရှေ့တွင် သူမကို အကြီးအကျယ် မျက်နှာပျက်စေခဲ့သည်။

“အဲ့ဒီကောင်ရဲ့ စွမ်းအားက ဘယ်လိုလုပ်ပြီး ဒီလောက်အထိ သန်မာနေရတာလဲ...”

လင်ယွီကျင်းသည် သူမ၏ နှုတ်ခမ်းလေးကို တင်းတင်းစေ့ထားရင်း မျက်လုံးများတွင် မနာလိုမှုများဖြင့် ပြည့်နှက်ကာ အရာရာကို လော့ချန်၏ အမှားဟုသာ ပုံချနေတော့သည်။ ကျူးလင်မေ့ကမူ ဂရုမစိုက်ဘဲ ကွင်းပြင်ထဲမှ လှည့်ထွက်သွားတော့၏။

အခန်း (၄၅၇) ပြီးပါပြီ။

အခန်း ၄၅၈ - ယွမ်မန်လီနှင့် အားပြိုင်ခြင်း...

လော့ချန်သည် ရှန်ယွမ်အိမ်တော်သို့ ပြန်ရောက်သည့်အခါ...

ယွမ်မန်လီမှာ ထိုနေရာတွင် စောင့်ဆိုင်းနေနှင့်ပြီ ဖြစ်သည်။ သူမသည် ချောက်ကမ်းပါးအစွန်းတွင် ရပ်နေရင်း ရှန်ယွမ်အိမ်တော်ကို ငေးကြည့်နေပြီး သူမ၏ နောက်ကျောဘက်တွင်မူ အတိုင်းအဆမရှိသော တိမ်ပင်လယ်ကြီး ရှိနေတော့သည်။ တောင်လေများ ပြင်းထန်စွာ တိုက်ခတ်နေပြီး သူမ၏ ဝတ်ရုံဖြူဖြူလေးမှာ တဖျတ်ဖျတ် လွင့်နေသည်မှာ လူ့လောကသို့ ဆင်းသက်လာသည့် နတ်မိမယ်တစ်ပါးနှယ်ပင်။

“စီနီယာအစ်မယွမ်...”

လော့ချန်သည် သူမ၏ အလှကို တစ်ချက် ငေးမောလိုက်ပြီးနောက် အနားသို့ ချဉ်းကပ်ကာ ပြောလိုက်သည်။

“စီနီယာအစ်မ... မဟာအကြီးအကဲချင်ကွေ့က ကျွန်တော့်ကို မန်လီတောင်ထိပ်မှာ ခဏ နေခိုင်းလိုက်တာပါ...”

ယွမ်မန်လီမှာ ပြန်မပြောသေးဘဲ ရှန်ယွမ်အိမ်တော်၏ ဆိုင်းဘုတ်ကိုသာ စိုက်ကြည့်နေရင်း တည်ငြိမ်စွာ ဆိုလိုက်၏။

“ရှန်ယွမ်အိမ်တော်... ရွှေလင်းယုန်ကြီးဟာ လေဟုန်စီးပြီး မိုင်ပေါင်း ကိုးသောင်းအထိ ပျံတက်မယ်... အထက်တိမ်တိုက်... အထက်တိမ်တိုက်... မန်လီတောင်ထိပ်မှာ အိမ်တော်တွေ အများကြီး ရှိတာကို မင်းက ဒီနေရာကို ရွေးခဲ့တယ်ဆိုတော့... မင်းရဲ့ ရည်မှန်းချက်က မသေးဘူးပဲ...”

ယွမ်မန်လီသည် အကြည့်ကို လွှဲကာ လော့ချန်ကို ကြည့်၍ ပြောလိုက်သည်။

“မင်း အဋ္ဌမမင်းသား ကျင်းမင်ကို အတိုက်အခံ လုပ်ထားမိတော့ အတွင်းစည်းထဲ ရောက်တဲ့အခါ နေရာတိုင်းမှာ အဖိနှိပ်ခံရမှာ ဖြစ်သလို ပြဿနာတွေလည်း အများကြီး ကြုံရလိမ့်မယ်... ငါက အစကတည်းက မင်း အတွင်းစည်းကို ရောက်ရင် မန်လီတောင်ထိပ်မှာ နေဖို့ စီစဉ်ထားပြီးသားပါ... မင်း စိတ်အေးလက်အေး ဒီမှာပဲ နေပါ...”

“စီနီယာအစ်မကို ကျေးဇူးတင်ပါတယ်...”

လော့ချန်မှာ ယခုမှပင် စိတ်အေးသွားရ၏။ ယွမ်မန်လီမှာ တိတ်ဆိတ်ငြိမ်သက်မှုကို ကြိုက်နှစ်သက်သူ ဖြစ်သည်။ မန်လီတောင်ထိပ်တစ်ခုလုံးတွင် အစေခံတစ်ယောက်မျှပင် မရှိချေ။ သူမက သဘောမတူမှာကို လော့ချန် တကယ်ကို စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။

ယွမ်မန်လီသည် လော့ချန်ကို စိုက်ကြည့်လိုက်ရာ သူမ၏ မျက်ဝန်းအိမ်အတွင်း၌ တောက်ပသော မီးလျှံလေးတစ်ခု ထွက်ပေါ်လာပြီး လော့ချန်၏ ကိုယ်တွင်းအင်္ဂါများနှင့် စိတ်ဝိညာဉ်အထိ ထိုးဖောက်ကြည့်ရှုလိုက်သည်။

“သွေးကြောနိုးကြားမှုနယ်ပယ် တတိယအဆင့် အထွတ်အထိပ်... အရှိန်အဝါကလည်း တည်ငြိမ်နေပြီဆိုတော့ စတုတ္ထအဆင့်ကို ချိုးဖြတ်ဖို့ဆိုတာ သိပ်မဝေးတော့ဘူးပဲ... သွေးစွမ်းအင်တွေကလည်း သက်တန့်တစ်ခုသဖွယ် ပြင်းထန်နေသလို တစ်ကိုယ်လုံးမှာလည်း ချီစွမ်းအင်တွေ ဆူဝေနေတယ်... အရိုးတွေကလည်း ဝင်းလက်နေတာဆိုတော့... မင်းရဲ့ ဒီခန္ဓာကိုယ်က သွေးကြောနိုးကြားမှုနယ်ပယ် အလယ်အလတ်အဆင့်က ခန္ဓာကိုယ်ကျင့်ကြံသူတွေနဲ့ ယှဉ်နိုင်နေပြီပဲ...”

လော့ချန်ကို သေသေချာချာ အကဲခတ်ပြီးနောက် တည်ငြိမ်လှသော ယွမ်မန်လီ၏ အကြည့်များမှာပင် လှုပ်ခတ်သွားရကာ မေးလိုက်၏။

“မင်း ဓားဆန္ဒကိုပါ နားလည်ထားတယ်လို့ ကြားတယ်... ဟုတ်လား...”

လော့ချန်က ခေါင်းညိတ်လိုက်သည်။

“ဟုတ်ပါတယ်... ဓားဆန္ဒ ၃၀ ရာနှုန်း အဆင့်လောက်မှာ ရှိနေပါပြီ... မကြာခင်မှာ ၄၀ ရာနှုန်းလောက်အထိ တက်လှမ်းနိုင်မယ်လို့ ထင်ပါတယ်...”

အစကတည်းက လော့ချန်သည် သူ၏ အရှိန်အဝါကို ဖုံးကွယ်ထားခြင်း မရှိပေ။ သူသည် ယခုအခါ ယွန်မန်လီ၏လူ ဖြစ်နေပြီဟု သူ ကောင်းကောင်း သိရှိထားသည်။ ယွမ်မန်လီသည် ရွှမ်ယွမ်ဂိုဏ်းတွင် သူ၏ အကြီးမားဆုံးသော အားကိုးရာ မဟုတ်ပါလော။ ဤကိစ္စများကို သူမအား ဖုံးကွယ်ထားရန် မလိုအပ်ပေ။ သူ မည်မျှ သန်မာကြောင်း ပြသနိုင်လေလေ၊ သူမက သူ့ကို သာ၍ အထင်ကြီးလေးစားလေ ဖြစ်ပေလိမ့်မည်။

သေချာပေါက်ပင်...

လော့ချန်၏ ဓားဆန္ဒမှာ ၄၀ ရာနှုန်းအထိ ရောက်တော့မည်ဖြစ်ကြောင်း ကြားလိုက်ရသည့်အခါ ယွမ်မန်လီ၏ မျက်လုံးများတွင် ထူးဆန်းသော အလင်းတန်းများ ဖြာထွက်သွားပြီး သူမ၏ လှပသော မျက်နှာတွင်လည်း ခပ်ဖွဖွ အပြုံးတစ်ခု ပေါ်လာတော့သည်။

“၄၀ ရာနှုန်း ဓားဆန္ဒ ဆိုတာ ဓားဆန္ဒ အခြေခံရဲ့ အလယ်အလတ်အဆင့်ကို ရောက်နေပြီပဲ... မင်းက တစ်နှစ်အတွင်းမှာတင် ဓားလမ်းစဉ်ကို ဒီလောက်အထိ ကျင့်ကြံနိုင်ခဲ့တာဆိုတော့... ငါက မင်းရဲ့ ဓားလမ်းစဉ် ပါရမီကို တကယ်ပဲ အထင်သေးခဲ့မိတာပဲ...”

ယွမ်မန်လီမှာ တကယ်ကို အံ့အားသင့်သွားရခြင်း ဖြစ်သည်။ ယခင်က သူမ လော့ချန်ကို ရွှမ်ယွမ်ဂိုဏ်းသို့ ဝင်ရန် တိုက်တွန်းခဲ့ခြင်းမှာ လော့ချန်၏ ဇွဲနပဲကြီးမှုကို တွေ့ရှိခဲ့ခြင်းကြောင့်သာ ဖြစ်သည်။ အသုံးမကျသော သိုင်းဝိညာဉ်ကို နိုးကြားထားသော်လည်း ကိုယ့်ကိုယ်ကိုယ် စွန့်လွှတ်ခြင်း မရှိဘဲ ဆက်လက် ကြိုးစားနေသည့် သူ၏ စိတ်ဓာတ်ကို သူမ အလေးထားခဲ့ခြင်း ဖြစ်သည်။ တိုတောင်းလှသော တစ်နှစ်အတွင်းမှာပင် လော့ချန်မှာ ဤမျှအထိ ကြီးမားသော အောင်မြင်မှုများ ရရှိလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။

“မင်းရဲ့ တိုးတက်မှုက အရမ်းကို မြန်ဆန်လွန်းတယ်... မင်းက မမွေးဖွားသေးတဲ့ သိုင်းဝိညာဉ်သခင်ဆိုတာ ထားဦး... ကြယ်ဆယ်ပွင့် သိုင်းဝိညာဉ်သခင် ပါရမီရှင်တွေတောင် မင်းကို ယှဉ်နိုင်ဖို့ မလွယ်ဘူး...”

ယွမ်မန်လီသည် လော့ချန်ကို ကြည့်ကာ ခပ်အေးအေး ပြောလိုက်၏။

“ဟို...”

လော့ချန်သည် ခပ်ဖွဖွ ချောင်းဟန့်လိုက်ရင်း တိုးညင်းစွာ ပြောလိုက်သည်။

“ကျွန်တော် လင်ယွမ်ပြတိုက်ထဲကို ဝင်လိုက်ပါတယ်...”

သိုင်းဝိညာဉ်နှင့် ရောင်စဉ်ကိုးသွယ်ရတနာ ကိစ္စမှာ သူ၏ အကြီးမားဆုံးသော လျှို့ဝှက်ချက်ဖြစ်သဖြင့် သူမကို ပြော၍ မရပေ။ ထို့ကြောင့် လော့ချန်သည် စကားလမ်းကြောင်းကို လင်ယွမ်ပြတိုက်ဘက်သို့ တိုက်ရိုက် လွှဲပြောင်းလိုက်ခြင်း ဖြစ်သည်။

“ဒီကိစ္စကို ငါ ကြားပြီးပါပြီ... လင်ယွမ်ပြတိုက်ရဲ့ လုပ်ငန်းတွေက ကုန်းမြေကြီး ၅ ခုလုံးမှာ ပျံ့နှံ့နေတာ... ရှေးဟောင်းခေတ်ကတည်းက ဆင်းသက်လာတာဆိုတော့ သူတို့ရဲ့ အရင်းအမြစ်တွေက ငါတို့ ရွှမ်ယွမ်ဂိုဏ်းထက် အများကြီး သာလွန်တယ်... မင်း လင်ယွမ်ပြတိုက်ထဲ ဝင်နိုင်တာက ကောင်းတဲ့အချက်ပဲ... နောင်ကျရင် မင်းရဲ့ သိုင်းဝိညာဉ်ကို မွေးဖွားပေးနိုင်ဖို့ ကူညီပေးနိုင်ကောင်း ပေးနိုင်လိမ့်မယ်...”

“ဒါပေမဲ့ လင်ယွမ်ပြတိုက် ဆိုတာ ပြိုင်ဆိုင်မှု အရမ်းကို ပြင်းထန်တဲ့ နေရာတစ်ခုပဲ... အရာရာကို စွမ်းအားနဲ့ အကျိုးအမြတ်ပေါ်မှာပဲ အခြေခံပြီး ပြောကြတာ...”

“မင်း ပိုပြီးတော့ များပြားတဲ့ အရင်းအမြစ်တွေကို လိုချင်တယ်ဆိုရင်တော့ မင်းရဲ့ တန်ဖိုးကို ပိုပြီးတော့ ပြသနိုင်ရမယ်... မှတ်ထား... ပါရမီအပြင် အရင်းအမြစ်တွေကလည်း အရမ်းကို အရေးကြီးတယ်... ဒါက မင်း သန်မာလာဖို့အတွက် အခြေခံပဲ... ဘယ်အချိန်ပဲဖြစ်ဖြစ် အောင်မြင်မှုအတွက် ယှဉ်ပြိုင်ရမယ်... မယှဉ်ပြိုင်ဘူးဆိုရင်တော့ သန်မာလာမယ့် အခွင့်အရေးတွေကို တခြားသူလက်ထဲကို ထိုးအပ်လိုက်တာနဲ့ အတူတူပဲ...”

ယွမ်မန်လီသည် လော့ချန် သန်မာလာသည့် အကြောင်းရင်းကို ထပ်မံ၍ အသေးစိတ် မမေးမြန်းတော့ပေ။ လူတိုင်းမှာ လျှို့ဝှက်ချက် ရှိကြသည် မဟုတ်ပါလော။ သူမမှာလည်း ရှိနေသည်သာ ဖြစ်သည်။

“သတိပေးတဲ့အတွက် စီနီယာအစ်မကို ကျေးဇူးတင်ပါတယ်...”

လော့ချန်က ခေါင်းညိတ်လိုက်၏။ ဤလမ်းခရီးတစ်လျှောက်တွင် သူသည် ဤအချက်ကို မည်သူထက်မဆို ပို၍ သိရှိနားလည်ထားသည်။ လုံလောက်သော ဝိညာဉ်ဆေးများ၊ ဝိညာဉ်ကျောက်များနှင့် ချမ်းသာကြွယ်ဝမှုများ မရှိခဲ့ပါက သူသည်လည်း ယနေ့ကဲ့သို့သော အောင်မြင်မှုမျိုးကို ဤမျှ မြန်မြန်ဆန်ဆန် ရရှိနိုင်မည် မဟုတ်ပေ။

“စီနီယာအစ်မ... အစ်မက ဂိုဏ်းချုပ်နေရာအတွက် ယှဉ်ပြိုင်ဦးမှာလား...”

လော့ချန်သည် မိမိအကြောင်းကို ဆက်မပြောလိုတော့သဖြင့် စကားလမ်းကြောင်း လွှဲလိုက်ပြန်သည်။

ယွမ်မန်လီသည် အတိုင်းအဆမရှိသော တိမ်ပင်လယ်ကြီးကို ကြည့်ရင်း တည်ငြိမ်စွာ ဆိုလိုက်၏။

“ငါက မူလကတည်းက ဂိုဏ်းချုပ်နေရာအတွက် ယှဉ်ပြိုင်လိုစိတ် မရှိခဲ့ပါဘူး... ငါတို့ တာယွဲ့မင်းဆက် ဆိုတာ သေးငယ်လွန်းတယ်... ယွမ်လန်နယ်မြေစု ထဲမှာတောင် ဘာမှမဟုတ်သေးဘူးဆိုတော့ အရှေ့ကုန်းမြေကြီးနဲ့ ယှဉ်ရင်တော့ ပြောမနေနဲ့တော့... အကြည့်ကို ဒီနေရာမှာပဲ ထားမယ်ဆိုရင်တော့ ကိုယ့်ရဲ့ ခြေလှမ်းတွေကို ပိတ်လှောင်ထားသလိုပဲ ဖြစ်နေမှာပေါ့...”

“ငါ အမြဲတမ်း တောင့်တနေတာကတော့ အထွတ်အထိပ်ကို တက်လှမ်းဖို့ပဲ... ချူဧကရီ လိုမျိုး ကိုယ်ပိုင် သန်မာတဲ့ လမ်းစဉ်ကို လျှောက်လှမ်းချင်တာ...”

ခဏမျှ ရေရွတ်လိုက်ပြီးနောက် ယွမ်မန်လီ၏ အသံမှာ အနည်းငယ် အေးစက်သွားပြီး ဆက်ပြောပြန်သည်။

“ဒါပေမဲ့ နန်ကုန်းကျွယ်က မင်းဟာ ငါ့လူဆိုတာ သိနေရက်နဲ့... သူက ထိပ်သီးတိုက်ရိုက်တပည့် ဆယ်ဦးစာရင်းဝင် တစ်ယောက်ဖြစ်ပြီးတော့ မင်းကို အကျပ်ကိုင်ခဲ့တာက... ဒါက သိသိသာသာကို ငါ့ကို စိန်ခေါ်နေတာပဲ...”

“ငါသာ အခု မယှဉ်ပြိုင်ဘူးဆိုရင်တော့ သူက ငါ့ကို ကြောက်နေတယ်လို့ ထင်သွားလိမ့်မယ်... ဒါကြောင့်မို့လို့ ငါလည်း သူနဲ့ အားပြိုင်ရတော့မှာပေါ့... မင်းလည်း နောက်ကျရင် မင်းသားတန်း လူတွေကို ကြောက်နေစရာ မလိုတော့ဘူး... အရမ်းကြီး မလွန်သရွေ့တော့ ဘာပြဿနာပဲဖြစ်ဖြစ် ငါ ရှင်းပေးမယ်...”

“မဟာအကြီးအကဲမင်ကျုံးနဲ့ မဟာအကြီးအကဲချင်ကွေ့ တို့ကလည်း အစွမ်းကုန် ထောက်ခံပေးကြမှာပါ...”

ဤစကားကို ကြားရသည့်အခါ လော့ချန်၏ စိတ်ထဲမှ တုန်လှုပ်သွားရ၏။ ယွမ်မန်လီတွင် ဤမျှလောက်သော ရည်မှန်းချက်ကြီးမားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ချူဧကရီ ကဲ့သို့ အထွတ်အထိပ်သို့ တက်လှမ်းပြီး ကိုယ်ပိုင်လမ်းစဉ်ကို ရှာဖွေမည်တဲ့လား။ ဂိုဏ်းချုပ်နေရာကိုသာ ရယူပြီး တာယွဲ့မင်းဆက်ကို အုပ်စိုးလိုသော နန်ကုန်းကျွယ်နှင့် ယှဉ်လိုက်ပါက မိုးနှင့်မြေလို ကွာခြားလှပေသည်။

ထို့အပြင် ယွမ်မန်လီက သူ့ကို ဤစကားများ ပြောပြခြင်းမှာ သူ့ကို သူမ၏လူအဖြစ် အပြည့်အဝ သတ်မှတ်လိုက်ခြင်း ဖြစ်သည်။ သာမန် စီနီယာအစ်မနှင့် စီနီယာမောင်လေး ဆက်ဆံရေး မဟုတ်တော့ပေ။

လော့ချန်က အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ရင်း အလေးအနက် ပြောလိုက်သည်။

“စီနီယာအစ်မ စိတ်ချပါ... မင်းသားတန်း လူတွေကို ကျွန်တော်တို့ရဲ့ ခေါင်းပေါ်ကို တက်ခွင့်ပေးမှာ မဟုတ်ပါဘူး...”

ယွမ်မန်လီ၏ မျက်လုံးများတွင် အထင်ကြီးလေးစားသော အရိပ်အယောင်များ ပေါ်လာ၏။ စွမ်းအားထက် လော့ချန်၏ မဆုတ်မနစ်သော စိတ်ဓာတ်ကို သူမ ပို၍ သဘောကျမိခြင်း ဖြစ်သည်။

ယွမ်မန်လီက ခေတ္တမျှ စဉ်းစားပြီးနောက် ဆိုလိုက်သည်။

“မင်း အဆင်သင့် ပြင်ထားလိုက်ဦး... နောက်တစ်ခါကျရင် ငါနဲ့အတူ ကူးယွမ်မြို့ကို တစ်ခေါက် လိုက်ခဲ့ရမယ်...”

“ကူးယွမ်မြို့ ဟုတ်လား... စီနီယာအစ်မ အဲ့ဒီကို ဘာသွားလုပ်မလို့လဲ...”

လော့ချန်သည် ကူးယွမ်မြို့ အကြောင်းကို အခြားသူများဆီမှ မကြာခဏ ကြားဖူးခဲ့သည်။ ထိုနေရာမှာ ယခုအခါ ရှုပ်ထွေးနေသော နေရာတစ်ခုဖြစ်ပြီး သွေးဝိညာဉ်ဂိုဏ်း၏ အရိပ်အယောင်များပင် ရှိနေသည်ဟု သိရသည်။

ယွမ်မန်လီက ခပ်အေးအေး ပြောလိုက်၏။

“ငါ လူတစ်ယောက်ကို သွားသတ်မလို့... မူလကတော့ ငါ တစ်ယောက်တည်း သွားဖို့ စီစဉ်ထားတာပါ... ဒါပေမဲ့ မင်းရဲ့ အခုလက်ရှိ စွမ်းအားက သွေးကြောနိုးကြားမှုနယ်ပယ် အလယ်အလတ်အဆင့်ကို ရောက်နေပြီဆိုတော့ အပြင်ကို ထွက်ပြီး လေ့ကျင့်ဖို့ သင့်တော်နေပြီလေ...”

“မင်း ဆယ်နှစ်အတွင်းမှာ ကျိမိသားစု ဆီကို သွားမယ်လို့ သစ္စာဆိုခဲ့တာကို ငါ မှတ်မိသေးတယ်... ကျိမိသားစု ဆိုတာ မင်း ထင်ထားတာထက် အများကြီး ပိုပြီးတော့ သန်မာလွန်းတယ်... မင်းမှာ တကယ်ပဲ အဲ့ဒီလို ဆန္ဒရှိတယ်ဆိုရင်တော့ မင်းရဲ့ အမြင်ကို စောစောစီးစီး ဖွင့်ထားဖို့ လိုလိမ့်မယ်... အပြင်လောကက ပါရမီရှင်တွေကိုလည်း အများကြီး တွေ့ဖူးထားရမယ်... ဒါက မင်းရဲ့ ကျင့်ကြံမှုအတွက် အကျိုးအမြတ်တွေ အများကြီး ရှိလိမ့်မယ်...”

လော့ချန်၏ စိတ်ထဲတွင်လည်း ထိုသို့သော အစီအစဉ် ရှိနေပြီးသား ဖြစ်သဖြင့် ချက်ချင်း ခေါင်းညိတ်လိုက်၏။

“ကောင်းပါပြီ... ဒါပေမဲ့ ကျွန်တော် ချီရှန်မြို့ကို တစ်ခေါက် အရင် ပြန်ချင်ပါတယ်...”

သူ့ကို သွေးလင်းယုန်က လိုက်လံသတ်ဖြတ်ခဲ့သည့် သတင်းမှာ ပျံ့နှံ့နေပြီ ဖြစ်သည်။ အဘိုးနှင့် ဖခင်တို့မှာ သေချာပေါက် စိုးရိမ်နေကြပေလိမ့်မည်။ အိမ်ပြန်ပြီး သတင်းသွားပို့ရန် အချိန်တန်ပေပြီ။

“အင်း... ဒါဆိုရင်လည်း မြန်မြန်သွား မြန်မြန်ပြန်လာခဲ့... ငါလည်း လုပ်စရာ ကိစ္စလေးတွေ ရှိသေးလို့... ငါတို့ နောက်လဝက်နေရင် ထွက်ခွာကြမယ်...”

ယွမ်မန်လီက စကားတစ်ခွန်း ချန်ထားခဲ့ပြီးနောက် မန်လီတောင်ထိပ်၏ အထွတ်အထိပ်ဆီသို့ တိုက်ရိုက် ပျံတက်သွားတော့သည်။

“စီနီယာအစ်မ...”

လော့ချန်သည် ယွမ်မန်လီ သတ်ချင်နေသည့် လူမှာ ဘယ်သူလဲဟု မေးမြန်းရန် ပြင်လိုက်သော်လည်း တစ်ဖက်လူမှာ အလွန် မြန်ဆန်စွာ ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။

“နောက်တစ်ခါမှပဲ မေးတော့မယ်... အခုတော့ ဓားဆန္ဒ ဘယ်အဆင့်ရောက်သွားပြီလဲဆိုတာ အရင် ကြည့်ရမယ်...”

လော့ချန်သည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်ရင်း ရှန်ယွမ်အိမ်တော် အတွင်းသို့ လှမ်းဝင်လိုက်တော့သည်။

အခန်း (၄၅၈) ပြီးပါပြီ။

အခန်း ၄၅၉ - စာရင်းရှင်းခြင်း... ဓားဘုရင်၏ဆန္ဒဖြင့် ဓားကိုစမ်းသပ်ခြင်း...

ရှန်ယွမ်အိမ်တော်အတွင်းသို့ ဝင်ရောက်ပြီးနောက် လော့ချန်သည် လေ့ကျင့်ရေးကွင်းသို့ တိုက်ရိုက်သွားလိုက်သည်။

သူ၏စွမ်းအား မည်မျှအထိ တိုးတက်လာသည်ကို စမ်းသပ်လိုသဖြင့် လော့ချန်သည် လျှပ်စီးဓားကို ဆွဲထုတ်လိုက်ပြီး ဒုတိယမြောက် လေ့ကျင့်ရေးတိုင်ဆီသို့ ဓားတစ်ချက် ပိုင်းဖြတ်လိုက်၏။

"ရွှီ..."

ထက်မြက်လှသော ဓားစွမ်းအင်သည် တည့်တည့်မတ်မတ် ထိုးဖောက်သွားပြီး သွေးကြောနိုးကြားမှုနယ်ပယ် အလယ်အလတ်အဆင့်၏ အမြင့်ဆုံး ကာကွယ်ရေးကို ကိုယ်စားပြုသည့် လေ့ကျင့်ရေးတိုင်ပေါ်တွင် လက်တစ်ဆစ်ခန့် နက်ရှိုင်းသော ထင်ရှားသည့် ဓားရာတစ်ခုကို ထင်ကျန်စေခဲ့သည်။

“အင်း... အခု ငါအသာအယာ ထိုးနှက်လိုက်တဲ့ တိုက်ခိုက်ရေးစွမ်းအားကတောင် သွေးကြောနိုးကြားမှုနယ်ပယ် ဆဋ္ဌမအဆင့် အလယ်အလတ် သန်မာသူတွေကို ကျော်လွန်နေပြီပဲ...”

လော့ချန်သည် ဤဓားချက်၏ ပြင်းအားကို လွန်စွာ သဘောကျသွားသည်။

ဤဓားချက်သည် သိုင်းဝိညာဉ်နှင့် ဓားဆန္ဒကို လုံးဝ အသုံးမပြုဘဲ သာမန်အတိုင်းသာ ခုတ်ပိုင်းခဲ့ခြင်း ဖြစ်သည်။

“အသန်မာဆုံး အခြေအနေကို ကြည့်ကြသေးတာပေါ့...”

လော့ချန်သည် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ရင်း သိုင်းဝိညာဉ်ကို တိုက်ရိုက် လှုံ့ဆော်လိုက်ရာ သူ၏မျက်လုံးများမှ ဓားဆန္ဒများ ပေါက်ကွဲထွက်လာပြီး အကြည့်များမှာ လျှပ်စီးတန်းနှယ် ထက်မြက်လာကာ ပတ်ဝန်းကျင်ရှိ လေထုမှာပင် ထိုအရှိန်အဝါကြောင့် အက်ကွဲသံများ ထွက်ပေါ်လာတော့သည်။

သူသည် နတ်ဆိုးမုန်တိုင်း သိုင်းကွက်ကိုသုံးပြီး အရှိန်အဟုန်ဖြင့် ပိုင်းဖြတ်လိုက်၏။

"ဘုန်း..."

ဓားစွမ်းအင် လေဆင်နှာမောင်းကြီး တစ်ခုသည် ပြင်းထန်စွာ မြည်ဟီးလျက် ထွက်ပေါ်လာ၏။

ပြင်းထန်လှသော ဓားဖိအားကြောင့် လေ့ကျင့်ရေးကွင်းတစ်ခုလုံးမှာ ပြင်းထန်စွာ တုန်ခါသွားရ၏။

တံခါးချပ်တစ်ခုစာမျှ ထူထဲသော လေ့ကျင့်ရေးတိုင်မှာ တစ်ဝက်ခန့် အပိုင်းပိုင်း ပြတ်တောက်သွားပြီး ဖြတ်ပိုင်းမျက်နှာပြင်မှာလည်း အလွန်ပင် ချောမွတ်နေသဖြင့် ဓား၏ထက်မြက်မှုကို သက်သေပြနေတော့သည်။

“လေ့ကျင့်ရေးတိုင်ကို အပြတ် ပိုင်းမပစ်နိုင်သေးဘူးလား...”

လော့ချန်သည် မျက်ခုံးတစ်ချက် ပင့်လိုက်၏။

လေ့ကျင့်ရေးတိုင်၏ တစ်ဝက်ခန့်ကိုသာ ချိုးဖျက်နိုင်ခြင်းမှာ သူ၏စွမ်းအားသည် သွေးကြောနိုးကြားမှုနယ်ပယ် ဆဋ္ဌမအဆင့် အထွတ်အထိပ် သန်မာသူများနှင့် ယှဉ်နိုင်သည့် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ပြသနေခြင်း ဖြစ်သည်။ သို့သော်လည်း အမြန်ဆုံး အနိုင်ယူရန်မှာမူ ခက်ခဲဦးမည် ဖြစ်သည်။ အဆုံးမှာတော့ စစ်မှန်သော ရန်သူဆိုသည်မှာ မလှုပ်မယှက် ရပ်နေပြီး အအရိုက်ခံမည့် လေ့ကျင့်ရေးတိုင် မဟုတ်ချေ။ အရှုံးအနိုင်ကို ဆုံးဖြတ်မည့် အချက်များစွာ ရှိနေသေးသည်။

“ဒါလည်း မဆိုးပါဘူး... သွေးကြောနိုးကြားမှုနယ်ပယ် ဆဋ္ဌမအဆင့် သန်မာသူတွေက အဆင့်ငယ်တစ်ခု တိုးတိုင်း စွမ်းအားက အဆမတန် တိုးလာတာကိုး...”

လော့ချန်သည် စိတ်ပျက်မသွားပေ။ ဆဋ္ဌမအဆင့် အထွတ်အထိပ် သန်မာသူဆိုသည်မှာ အဆင့်မြင့်နယ်ပယ်သို့ ရောက်ရှိရန် အလွန်နီးစပ်နေပြီ ဖြစ်သည်။ သူတို့၏ စွမ်းအားမှာ သာမန် ဆဋ္ဌမအဆင့် သန်မာသူများထက် လွန်စွာ သန်မာလှပေသည်။

“ဟုတ်သားပဲ... ဆန်းကြယ်နဂါးကျင့်စဉ် ရှိသေးတာပဲ...”

လော့ချန်သည် ယခုတင်က ကျင့်ကြံအောင်မြင်ခဲ့သော ဆန်းကြယ်နဂါးကျင့်စဉ်ကို သတိရသွားပြီး ခန္ဓာကိုယ်အတွင်းရှိ နဂါးပုံသဏ္ဌာန် ချီစွမ်းအင်အိမ်တော်ကို ချက်ချင်း လှုံ့ဆော်လိုက်သည်။

"ဘုန်း..."

ထိတ်လန့်ဖွယ်ရာ ချီစွမ်းအင် လှုပ်ခတ်မှုများ ပျံ့နှံ့သွားပြီး လေထုမှာ ရေပြင်နှယ် တုန်ခါသွားတော့သည်။

“ပိုင်းဖြတ်စမ်း...”

လျှပ်စီးဓားကို ဝှေ့ယမ်းလိုက်ရာ ဓားစွမ်းအင် လေဆင်နှာမောင်းကြီး တစ်ခုသည် ဟစ်အော် မြည်ဟီးကာ ထွက်ပေါ်သွားပြီး လေ့ကျင့်ရေးတိုင်ကို ပြတ်လုနီးပါး ဖြစ်သွားစေတော့သည်။

“ကောင်းတယ်... ဆန်းကြယ်နဂါးကျင့်စဉ်က ငါ့ရဲ့ တိုက်ခိုက်ရေးစွမ်းအားကို နှစ်ဆနီးပါး မြှင့်တင်ပေးလိုက်တာပဲ... ဒီဓားချက်က သွေးကြောနိုးကြားမှုနယ်ပယ် ဆဋ္ဌမအဆင့် အထွတ်အထိပ် သန်မာသူတစ်ယောက်ကို အပြင်းအထန် ဒဏ်ရာရအောင် လုပ်ဖို့ လုံလောက်နေပြီ...”

လော့ချန်၏မျက်လုံးများတွင် အလင်းတန်းများ တောက်ပသွားတော့သည်။ အပြင်စည်းပြိုင်ပွဲတုန်းက ဆွန်ချွမ်ဝူ အသုံးပြုခဲ့သည့် တိုက်ခိုက်ရေးစွမ်းအား မြှင့်တင်ပေးသော လျှို့ဝှက်ကျင့်စဉ်ကို မြင်တွေ့ခဲ့ရသည့် အချိန်မှစ၍ သူသည် ထိုကဲ့သို့သော ကျင့်စဉ်မျိုးကို အမြဲတမ်း တောင့်တနေခဲ့ခြင်း ဖြစ်သည်။ ဤကဲ့သို့ တိုက်ခိုက်ရေးစွမ်းအားကို မြှင့်တင်ပေးသည့် လျှို့ဝှက်ကျင့်စဉ်မျိုးမှာ စစ်မှန်သော တိုက်ပွဲများတွင် အလွန်တရာ အကျိုးပြုလှပေသည်။ အခြေအနေကိုပင် ပြောင်းပြန်လှန်ပစ်နိုင်သည် မဟုတ်ပါလော။

ယခုတွင်မူ သူသည်လည်း ထိုကဲ့သို့သော အထူးဝှက်ဖဲကို ပိုင်ဆိုင်ခဲ့ပြီ ဖြစ်သည်။ ၎င်းတင်မကဘဲ ဆွန်ချွမ်ဝူ၏ ကျင့်စဉ်ထက်ပင် သာ၍ ကြောက်မက်ဖွယ် ကောင်းလှသေးသည်။ ယခုလက်ရှိ ဆန်းကြယ်နဂါးကျင့်စဉ်မှာ ပထမအဆင့်သာ ရှိသေးသဖြင့် တိုက်ခိုက်ရေးစွမ်းအားကို နှစ်ဆသာ မြှင့်တင်ပေးနိုင်သည်။ အကယ်၍ ကိုးဆင့်အထိ ပြည့်စုံသွားမည်ဆိုလျှင် ချီစွမ်းအင်မှာ စစ်မှန်သောနဂါးတစ်ကောင်နှယ် ဖြစ်လာပြီး တိုက်ခိုက်ရေးစွမ်းအားကို ကိုးဆအထိ တစ်ခဏအတွင်း မြှင့်တင်ပေးနိုင်မည် ဖြစ်ရာ... ၎င်းမှာ မည်မျှအထိ ကြောက်မက်ဖွယ် ကောင်းလိမ့်မည်နည်း။

“အရမ်းကောင်းတယ်... ငါသာ သွေးကြောနိုးကြားမှုနယ်ပယ် စတုတ္ထအဆင့်ကို ချိုးဖြတ်နိုင်ရင် ဆွန်ယင်ယန်နဲ့ စာရင်းသွားရှင်းလို့ ရပြီ... သူ့နောက်ကွယ်က ကျိမိသားစု လူတွေနဲ့လည်းပေါ့...”

လော့ချန်၏မျက်နှာတွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာပြီး သူ၏စူးရှသော အကြည့်များမှာ လူကို တုန်လှုပ်သွားစေနိုင်သည်။ သူသည် ယခုအချိန်တွင်ပင် ဆွန်ယင်ယန်ကို အနိုင်ယူရန် ယုံကြည်ချက် ရှိနေပေပြီ။ သို့သော်လည်း အနိုင်ယူခြင်းနှင့် အရှင်ဖမ်းဆီးခြင်းမှာ ကွဲပြားလှသည်။

သူသည် ဆွန်ယင်ယန်၏ ပါးစပ်မှတစ်ဆင့် လွန်ခဲ့သော နှစ်များက သူ၏ဖခင်ကို မည်သူက လုပ်ကြံခဲ့သနည်း ဆိုသည်ကို မေးမြန်းရဦးမည် ဖြစ်သည်။ ဆွန်ယင်ယန်မှာ ဝါရင့် သွေးကြောနိုးကြားမှုနယ်ပယ် အလယ်အလတ်အဆင့် သန်မာသူဖြစ်ရုံတင်မကဘဲ လျှပ်ယွမ်ဂိုဏ်း၏ အကြီးအကဲလည်း ဖြစ်ရာ သူ၏လက်ထဲတွင် မည်သည့်လျှို့ဝှက်ချက်များ ရှိနေဦးမည်ကို မသိနိုင်ပေ။ ဘေးကင်းစေရန်အတွက် လော့ချန်သည် သွေးကြောနိုးကြားမှုနယ်ပယ် အလယ်အလတ်အဆင့်သို့ တက်လှမ်းပြီးမှသာ သွားရန် ဆုံးဖြတ်လိုက်သည်။ ဘာပဲဖြစ်ဖြစ် သူသည်လည်း ချိုးဖြတ်ရန် သိပ်မဝေးတော့ချေ။ အစောဆုံး ဆယ်ရက်၊ နောက်ကျလျှင် တစ်လအတွင်းတွင် သူသည် စတုတ္ထအဆင့်သို့ သေချာပေါက် တက်လှမ်းနိုင်ပေလိမ့်မည်။

“ဓားဆန္ဒရဲ့ ပြောင်းလဲမှုကို ကြည့်လိုက်ရ‌အောင်...”

စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီးနောက် လော့ချန်သည် အသက်ကို ဖြည်းညင်းစွာ ရှူထုတ်လိုက်ရင်း ဓားကို အိမ်ထဲသို့ ပြန်ထည့်ကာ ကျင့်ကြံသည့်အခင်းပေါ်တွင် ထိုင်လိုက်ပြီး သူ၏စိတ်အာရုံကို ခန္ဓာကိုယ်အတွင်းသို့ နှစ်မြှုပ်လိုက်သည်။

သေသေချာချာ အာရုံခံကြည့်လိုက်သည့်အခါ ဓားဆန္ဒမှာ ယခင်ကထက် များစွာ ပိုမိုခိုင်မာလာသည်ကို လော့ချန် ချက်ချင်း သိမြင်လိုက်ရ၏။ ပေါက်ကွဲထွက်လာတော့မည့် ထိုထက်မြက်မှုမှာ တမင်အာရုံစိုက်နေစရာ မလိုဘဲ ခံစားသိရှိနိုင်ပြီး ၄၀ ရာနှုန်း ဓားဆန္ဒသို့ ရောက်ရှိရန် နောက်ဆုံးခြေလှမ်း တစ်လှမ်းသာ လိုတော့ကာ အချိန်မရွေး ချိုးဖြတ်နိုင်မည့် အခြေအနေသို့ ရောက်နေပြီ ဖြစ်သည်။

“ရက်ပိုင်းအတွင်းမှာတင် ဓားဆန္ဒက ဒီလောက်အထိ တိုးတက်လာတာလား...”

လော့ချန်သည် ကြိုတင်ပြင်ဆင်ထားသော်လည်း အနည်းငယ် အံ့အားသင့်နေမိဆဲ ဖြစ်သည်။ ၄၀ ရာနှုန်း ဓားဆန္ဒ ဆိုသည်မှာ ဓားဆန္ဒ အခြေခံ၏ အလယ်အလတ်အဆင့်ပင် ဖြစ်သည်။ ဓားဆန္ဒ ချိုးဖြတ်ရန်အတွက် ဓားရှည်ဖြင့် အထပ်ထပ် လေ့ကျင့်ပြီး ထက်မြက်မှုကို သန့်စင်ရန် လိုအပ်သော်လည်း ဤမျှ မြန်မြန်ဆန်ဆန် အထွတ်အထိပ်သို့ ရောက်ရှိသွားခြင်းမှာ အလွန်တရာ ထူးခြားလှပေသည်။

“ဟုတ်သားပဲ... ခန္ဓာသန့်စင်ကန်မှာ ကျင့်ကြံတုန်းက ငါက ဓားဆန္ဒကို သုံးပြီးတော့ ငါ့ရဲ့ စိတ်ခံစားချက်တွေကို သတ်ဖြတ်ခဲ့တာပဲ... အဲ့ဒါက ဘုရင်ရဲ့ဆန္ဒစွမ်းအားတွေကို ရင်ဆိုင်ခဲ့ရတာနဲ့ အတူတူပဲလေ...”

“ဘုရင်ရဲ့ဆန္ဒစွမ်းအားကို ဓားစမ်းသပ်ကျောက်တုံးအဖြစ် အသုံးချခဲ့တာဆိုတော့... ဓားဆန္ဒက ဘယ်လိုလုပ်ပြီး တိုးတက်မှု မမြန်ဘဲ နေမှာလဲ...”

လော့ချန်သည် အဓိကအချက်ကို သိရှိသွားပြီးနောက် သူ၏စိတ်အာရုံကို ဝိညာဉ်အာရုံအတွင်းသို့ နှစ်မြှုပ်လိုက်သည်။ ရွှေရောင်ဝိညာဉ်အာရုံပေါ်တွင် လှိုင်းလုံးများ ထွက်ပေါ်နေပြီး မြူခိုးများမှာလည်း ဆူဝေနေတော့သည်။

အခြားတစ်ဖက်တွင်မူ ခေါင်းတွင် ရွှေရောင်သရဖူ ဆောင်းထားသည့် စီနီယာကြီး ပေးခဲ့သော အပြာရောင် ဓားငယ်လေး အဆောင်မှာလည်း လွင့်မျောနေပြီး မကြာခဏဆိုသလို နက်နဲဆန်းကြယ်လှသော အရှိန်အဝါများ ထွက်ပေါ်နေ၏။

ဘေးနားတွင်မူ အနက်ရောင်သန်းနေသည့် အနီရောင် အလင်းတန်းတစ်ခုသည် စစ်မှန်သောနဂါးနန်းတော် ပုံရိပ်ယောင်အောက်တွင် လွင့်မျောနေပြီး နေမင်းတစ်စင်းနှယ် ဟင်းလင်းပြင်တွင် ပိတ်လှောင်ခံထားရကာ တောက်ပသော အလင်းတန်းများနှင့်အတူ ပြင်းထန်လှသော ထက်မြက်မှုများမှာလည်း အဆက်မပြတ် ထွက်ပေါ်နေတော့သည်။

“ဒါက ဓားဘုရင်တစ်ပါး ချန်ထားခဲ့တဲ့ ဆန္ဒစွမ်းအားပဲ... ငါ့ရဲ့ခန္ဓာကိုယ်ထဲကို ဝါးမျိုမိသွားတာပေါ့... တော်သေးတာက စစ်မှန်တဲ့နဂါးနန်းတော်က နက်နဲလွန်းလို့ အဲ့ဒါကို အပြည့်အဝ နှိမ်နင်းပေးထားနိုင်ခဲ့တာ... မဟုတ်ရင်တော့ ဓားဘုရင်ရဲ့ဆန္ဒစွမ်းအား တစ်ပုံတင်မကဘူး၊ တစ်ဝက်လောက်နဲ့တင် ငါ ပြာဖြစ်သွားဖို့ လုံလောက်နေပြီ...”

လော့ချန်သည် ထိုအနီရောင်အလင်းတန်းကို ကြည့်ရင်း ထိပ်ဖျားမပါသည့် ဓားကြီးကို ကိုင်ဆောင်ထားသော ပုံရိပ်ကို ပြန်လည်မြင်ယောင်လာကာ ရင်ထဲတွင် ထိတ်လန့်နေမိဆဲ ဖြစ်သည်။ ဧကရာဇ်အဆင့် ဘုရင်များ၏ စွမ်းအားမှာ ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်စေနိုင်ပြီး တစ်ဦးချင်းစီမှာ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်များဖြစ်ကြကာ နယ်ပယ်တစ်ခု၏ ဘုရင်များပင် ဖြစ်ကြသည်။ တာချူး ဧကရီသည်လည်း ဧကရာဇ်အဆင့် ဘုရင်တစ်ပါး မဟုတ်ပါလော။

လော့ချန်သည် သူ၏စိတ်အာရုံကို ထိုအနီရောင်အလင်းတန်းဆီသို့ တဖြည်းဖြည်း ချဉ်းကပ်လိုက်သည်။

"ဘုန်း..."

အနားသို့ မရောက်သေးမီမှာပင် သူသည် မခန့်မှန်းနိုင်သော ထက်မြက်မှုများ တိုးဝင်လာသည်ကို ခံစားလိုက်ရ၏။ ၎င်းမှာ သူ့ကို နင်းခြေဖျက်ဆီးပစ်တော့မည့်အလား...။ ဤထက်မြက်မှု၏ ရှေ့တွင် သူသည် မီးတောင်ရှေ့မှ ဖုန်မှုန့်လေးတစ်ခုနှယ် အလွန်ပင် သေးငယ်လှပေသည်။

ထိုထက်မြက်မှုကို ခံစားလိုက်ရသော်လည်း လော့ချန်သည် ကြောက်ရွံ့မနေဘဲ လွန်စွာ စိတ်လှုပ်ရှားသွားတော့သည်။ ဤသည်မှာ ဓားဘုရင်တစ်ပါး၏ ဆန္ဒစွမ်းအား မဟုတ်ပါလော။ ၎င်းကို သူ မည်သို့ လျစ်လျူရှုထားနိုင်မည်နည်း။

“စစ်မှန်တဲ့နဂါးနန်းတော်ရဲ့ နှိမ်နင်းမှုရှိနေရင်တော့ ဓားဘုရင်ရဲ့ဆန္ဒက ငါ့ကို ဒဏ်ရာမပေးနိုင်လောက်ပါဘူး... အဲ့ဒါကို ငါ့ရဲ့ဓားဆန္ဒကို သန့်စင်ဖို့အတွက် ဓားစမ်းသပ်ကျောက်တုံးအဖြစ် အသုံးချရမယ်...”

တွေးတောပြီးသည်နှင့် လော့ချန်သည် သူ၏ဓားဆန္ဒကို ချက်ချင်း စုစည်းလိုက်တော့သည်။

"ဝုန်း..."

ဓားဆန္ဒ ထွက်ပေါ်လာသည်နှင့် ဓားဘုရင်၏ဆန္ဒမှာ စိန်ခေါ်ခံလိုက်ရသည့်နှယ် အလင်းတန်းများ ပိုမိုတောက်ပလာပြီး ကြောက်မက်ဖွယ်ကောင်းသော ဆန္ဒထက်မြက်မှုများ ပေါက်ကွဲထွက်လာတော့သည်။ ချက်ချင်းပင် ဝိညာဉ်အာရုံတစ်ခုလုံးမှာ မတည်မငြိမ် ဖြစ်သွားပြီး ရွှေရောင်လှိုင်းလုံးများ ထွက်ပေါ်လာကာ လူကို ထိတ်လန့်သွားစေနိုင်သည့် သတ်ဖြတ်လိုသော အရှိန်အဝါများ ပျံ့နှံ့လာသဖြင့် လော့ချန်မှာ ခေါင်းထဲတွင် မူးနောက်သွားရ၏။

“မရဘူးလား...”

လော့ချန်သည် စိတ်ထဲမှ အံ့အားသင့်သွားပြီး လက်လျှော့ရန် တွန့်ဆုတ်နေမိသည်။

ထိုစဉ်...

"ဝုန်း..."

ရောင်စဉ်ကိုးသွယ် အကြေးခွံရတနာမှ အလင်းတန်းများ ဖြာထွက်လာပြီး ဝိညာဉ်အာရုံပေါ်တွင် လွင့်မျောနေသော စစ်မှန်သောနဂါးနန်းတော် ပုံရိပ်ယောင်မှာ ခပ်ဖွဖွ လှုပ်ခတ်သွားကာ မမြင်ရသော လှိုင်းလုံးများ ပြန့်ကျဲသွားတော့သည်။ ထိုဓားဘုရင်၏ဆန္ဒ အလင်းတန်းမှာ ချက်ချင်းပင် ပြန်လည် ငြိမ်သက်သွားပြီး ဆူဝေနေသော ဝိညာဉ်အာရုံမှာလည်း တဖြည်းဖြည်း ပြန်လည် တည်ငြိမ်လာခဲ့ပြီ ဖြစ်သည်။

“ရတယ်ဟ...”

လော့ချန်မှာ အံ့သြရသလို လွန်စွာလည်း ဝမ်းသာသွားတော့သည်။ ဤသို့ဆိုလျှင် သူသည် ဓားဆန္ဒ ကျင့်ကြံရန်အတွက် အလွန်တရာ ထူးခြားလှသော ဖြတ်လမ်းတစ်ခုကို ရှာတွေ့ခဲ့ပြီ မဟုတ်ပါလော။ လောကကြီးတွင် ဓားဘုရင်တစ်ပါး၏ ဆန္ဒကို ဓားစမ်းသပ်ကျောက်တုံးအဖြစ် အသုံးပြုပြီး မိမိ၏ဓားဆန္ဒကို သန့်စင်နိုင်သူမှာ သူတစ်ယောက်တည်းသာ ရှိပေလိမ့်မည်။

စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်ကာ လော့ချန်သည် စိတ်ကို အတည်ငြိမ်ဆုံးဖြစ်အောင် ထားလိုက်ပြီး သူ၏စိတ်အာရုံကို ဓားဘုရင်၏ဆန္ဒဘေးတွင် လှည့်ပတ်စေလျက် အသင့်တော်ဆုံးသော အကွာအဝေးတစ်ခုကို ရှာဖွေကာ ဓားဆန္ဒကို စတင် သန့်စင်တော့သည်။

အချိန်များမှာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြီး လော့ချန်သည် ဓားဘုရင်၏ဆန္ဒဖြင့် ကျင့်ကြံခြင်းတွင် လုံးဝ အာရုံနစ်ဝင်နေတော့သည်။

အခန်း (၄၅၉) ပြီးပါပြီ။

All Chapters