အခန်း (၄၆၀-၄၆၂)
Vol. 31 Ch. 460-462
အခန်း ၄၆၀ - တပည့်ကြီးငါးဦး... ၄၀ ရာနှုန်း ဓားဆန္ဒ...
လော့ချန်သည် ဓားဘုရင်၏ဆန္ဒကို အသုံးပြု၍ သူ၏ဓားဆန္ဒထက်မြက်မှုကို သန့်စင်နေစဉ်...။
ရွှမ်ယွမ်ဂိုဏ်းနှင့် မိုင်ပေါင်းသောင်းချီဝေးကွာသော လူသူမရှိသည့် တောင်ကုန်းတစ်ခုတွင်...။
ထိုတောင်ကုန်းမှာ လင်ကျန်းမြို့၏ အနောက်တောင်ဘက်တွင် တည်ရှိပြီး ပတ်ဝန်းကျင် မိုင်ရာချီအတွင်း လူသူအရိပ်အယောင် လုံးဝမရှိချေ။
တောင်ထိပ်ပေါ်တွင်...။
ဧရာမကျောက်တုံးကြီးတစ်ခုကို ကျောက်စားပွဲတစ်ခုအဖြစ် ပိုင်းဖြတ်ထားပြီး လူငယ်အမျိုးသား၊ အမျိုးသမီး ငါးဦးမှာ ဝိုင်းဖွဲ့ထိုင်နေကြကာ ဘေးနားတွင် မီးခိုးရောင်ဝတ်ရုံဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် လူသန်ကြီးတစ်ဦး ရှိနေသည်။
ထိုလူငယ်ငါးဦးစလုံးမှာ သွေးကြောနိုးကြားမှုနယ်ပယ် အလယ်အလတ်အဆင့် သန်မာသူများ ဖြစ်ကြသည်။ အလယ်တွင်ထိုင်နေသော အမျိုးသားနှင့် အမျိုးသမီး၏ အရှိန်အဝါမှာ အပြင်းထန်ဆုံးပင်။
နှစ်ဦးစလုံးမှာ သွေးကြောနိုးကြားမှုနယ်ပယ် ဆဋ္ဌမအဆင့်တွင် ရှိနေကြပြီး စိမ်းဖန့်ဖန့်ဝတ်စုံကို ဝတ်ဆင်ထားကာ မျက်လုံးများမှာလည်း စူးရှလှသော အမျိုးသမီးငယ်မှာ ဆဋ္ဌမအဆင့် အလယ်အလတ်တွင် ရှိနေသည်။ သူမ၏ဘေးတွင်ရှိသော အရပ်ရှည်ရှည်၊ ရုပ်ရည်သန့်သန့်နှင့် စာပေသမားတစ်ဦး၏ အရှိန်အဝါမျိုးရှိသော လူငယ်မှာမူ ကျင့်ကြံမှုအဆင့် ဆဋ္ဌမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
“စီနီယာအစ်မ ယွမ်လင်း... ကျွန်တော်တို့ ဒီမှာစောင့်နေတာ သုံးရက်ရှိပြီနော်... အဲ့ဒီကောင်က တကယ်ပဲ ဒီလမ်းကနေ ဖြတ်သွားမှာလား...”
ဘယ်ဘက်တွင်ရှိသော ဝတ်စုံနက်နှင့် လူငယ်က ဟင်းလင်းပြင်ကြီးကို ကြည့်ရင်း မကျေမနပ် ရေရွတ်လိုက်သည်။
ယွမ်လင်းဟု ခေါ်ဆိုသော ဝတ်စုံစိမ်းနှင့်အမျိုးသမီးက တစ်ချက်ကြည့်လိုက်ကာ ခပ်အေးအေး ပြောလိုက်၏။
“စီနီယာမောင်လေး ဝမ်... ဒါက ဆရာကိုယ်တိုင် ပေးအပ်လိုက်တဲ့ တာဝန်လေ... မင်းမှာ ဒီလောက်တောင် စိတ်ရှည်မှု မရှိဘူးလား...”
ဝတ်စုံနက်နှင့်လူငယ်က အမြန်ခေါင်းခါယမ်းလိုက်ရင်း အလောတကြီး တုန့်ပြန်လိုက်၏။
“စီနီယာအစ်မ အထင်မမှားပါနဲ့... ကျွန်တော်က စိတ်မရှည်တာ မဟုတ်ပါဘူး... လော့ချန်ကို အမြန်ဆုံးသတ်ပြီး စီနီယာညီလေး ရှောင်လျဲ့အတွက် လက်စားချေပေးချင်လို့ပါ...”
ထိုငါးဦးမှာ လျှပ်ယွမ်ဂိုဏ်း အတွင်းစည်းအကြီးအကဲ ကောင်ကျင်လျဲ့၏ တပည့်ရင်း ငါးဦး ဖြစ်ကြသည်။ ယခုကဲ့သို့ မိုင်ပေါင်းသောင်းချီ ဝေးကွာသောနေရာသို့ လာရောက်ခဲ့ခြင်းမှာ လော့ချန်ကို သတ်ဖြတ်ပြီး ရှောင်လျဲ့အတွက် လက်စားချေရန် ကောင်ကျင်လျဲ့၏ အမိန့်ကို နာခံခြင်း ဖြစ်သည်။
အလယ်တွင်ရှိသော စာပေသမားအရှိန်အဝါရှိသည့် လူငယ်မှာ သူတို့၏စီနီယာအစ်ကိုကြီး ရန်ဝမ်ချန်ပင် ဖြစ်သည်။ သူက လက်ဖက်ရည်တစ်ငုံသောက်လိုက်ပြီး တည်ငြိမ်စွာ ဆိုလိုက်၏။
“စိတ်မလောပါနဲ့... လော့ချန်က သွေးလင်းယုန်ရဲ့ လိုက်လံသတ်ဖြတ်တာကို ခံခဲ့ရတာဆိုတော့ လူတိုင်းက သူသေပြီလို့ ထင်နေကြတာ... အခု သူ မသေဘူးဆိုတော့ သေချာပေါက် သူ့မိသားစုဆီ ပြန်လိမ့်မယ်... ဒါက လူသားတိုင်းရဲ့ သဘာဝပဲလေ... ဒီနေရာက လင်ကျန်းမြို့ကနေ ချီရှန်မြို့ကိုသွားတဲ့အခါ မဖြစ်မနေဖြတ်ရမယ့်လမ်းဆိုတော့ သူ သေချာပေါက် လာမှာပါ...”
“တောက်... အဲ့ဒီလော့ချန်က ဂိုဏ်းသုံးဂိုဏ်းပြိုင်ပွဲတုန်းက ငါတို့လျှပ်ယွမ်ဂိုဏ်းတပည့် အများကြီးကို သတ်ခဲ့တဲ့အပြင် ငါတို့ကို နံပါတ်တစ်နေရာပါ ဆုံးရှုံးအောင် လုပ်ခဲ့တယ်... အခုလည်း စီနီယာညီလေး ရှောင်လျဲ့ကိုပါ အသုံးမကျသူဖြစ်အောင် လုပ်ရဲသေးတယ်... သူက တကယ်ကို ရမ်းကားလွန်းတာပဲ... သူ ရောက်လာတာနဲ့ သူ့ကို ကောင်းကောင်းနှိပ်စက်ပြီး နုတ်နုတ်စဉ်းပစ်ရမယ်...”
ဝတ်စုံနက်နှင့်လူငယ်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
“ငါတို့ကို ဒီလောက်အကြာကြီး စောင့်ခိုင်းထားတာဆိုတော့... သူ့ကို လွယ်လွယ်နဲ့ သေခိုင်းလို့ မရဘူး...”
“ဟဲဟဲ... ဒါက မခက်ပါဘူး... ငါတို့ ဘယ်နှရက်စောင့်ရသလဲ... သူ့ကို အဲ့ဒီလောက်ရက်အထိ သေချင်စော်နံအောင် လုပ်ပေးရမှာပေါ့...”
ကျန်ရှိသော လျှပ်ယွမ်ဂိုဏ်းတပည့်များမှာလည်း သတ်ဖြတ်လိုသော အရှိန်အဝါများ ပြည့်နှက်နေပြီး သူတို့၏မျက်နှာများမှာလည်း အလွန်တရာ ကြောက်မက်ဖွယ် ကောင်းနေတော့သည်။ လော့ချန်သည် လျှပ်ယွမ်ဂိုဏ်းကို ဂိုဏ်းသုံးဂိုဏ်းပြိုင်ပွဲတွင် နံပါတ်တစ်နေရာ ဆုံးရှုံးအောင် လုပ်ခဲ့သဖြင့် လျှပ်ယွမ်ဂိုဏ်းတစ်ခုလုံးရှိ အားလုံးသော ဂိုဏ်းသားများမှာ သူ့ကို မျက်စိထဲကဆူးသဖွယ် သဘောထားနေကြခြင်း ဖြစ်သည်။
စီနီယာအစ်ကိုကြီး ရန်ဝမ်ချန်က ဘေးနားရှိ လူသန်ကြီးကို ကြည့်ကာ မေးလိုက်၏။
“ဟန်ကြီကြပ်ရေးမှူး... လင်ကျန်းမြို့ဘက်က ဘာသတင်းတွေ ရလဲ...”
ဟန်ကြီကြပ်ရေးမှူးသည် ဆွန်မိသားစုဝင်တစ်ဦးဖြစ်ပြီး သတင်းစုဆောင်းခြင်းကို တာဝန်ယူထားကာ ဆွန်ကျိုင်နင်က တပည့်ကြီးငါးဦးကို ကူညီရန် လွှတ်လိုက်ခြင်း ဖြစ်သည်။ ထို့အပြင် ဆွန်ကျိုင်နင်က လော့ချန်၏ဦးခေါင်းကို ဆွန်မိသားစုထံ ယူဆောင်လာခဲ့ပြီး ဆွန်ချန်ဝူအတွက် ယဇ်ပူဇော်ရန်လည်း မှာကြားထားသေးသည်။
“သတင်း မရသေးပါဘူး... အဲ့ဒီကောင်က ရွှမ်ယွမ်ဂိုဏ်းကနေ ထွက်မလာသေးဘူး ထင်ပါတယ်...”
ရန်ဝမ်ချန်က ခေါင်းညိတ်လိုက်သည်။
ဝတ်စုံနက်နှင့်လူငယ်က ထရပ်လိုက်သည်။
“စီနီယာအစ်ကိုကြီး... ကျွန်တော် လင်ကျန်းမြို့ကို သွားပြီး သတင်းသွားစုံစမ်းဦးမယ်... တကယ်လို့ သူက ချီရှန်မြို့ကို မပြန်ဘူးဆိုရင် ကျွန်တော်တို့ ဒီမှာ အလကားစောင့်နေရသလို ဖြစ်မှာစိုးလို့ပါ...”
ရန်ဝမ်ချန်က ခေတ္တမျှ စဉ်းစားပြီးနောက် ခေါင်းတစ်ချက် ညိတ်ပြလိုက်သည်။
“ကောင်းပြီ... စီနီယာအစ်မ ယွမ်လင်း... မင်းလည်း လိုက်သွားလိုက်... သတင်းရတာနဲ့ ငါ့ဆီ ချက်ချင်းစာပို့... ကိုယ့်ဘာသာကိုယ်တော့ မလှုပ်ရှားနဲ့ဦး... အစီအစဉ် ပျက်သွားမှာ စိုးလို့ပါ...”
ဝတ်စုံနက်နှင့်လူငယ်က အံ့သြသွားပြီး ရေရွတ်လိုက်၏။
“စီနီယာအစ်ကိုကြီး... စီနီယာက လော့ချန်ကို အထင်ကြီးလွန်းနေတာ မဟုတ်ဘူးလား... သူက သွေးကြောနိုးကြားမှုနယ်ပယ် ဒုတိယအဆင့် အစောပိုင်း သန်မာသူလေးပဲလေ... သူ ဘယ်လောက်ပဲ သန်မာပါစေ... ငါတို့ထဲက ဘယ်သူမဆို သူ့ကို အလွယ်တကူ သတ်နိုင်တာပဲ မဟုတ်လား... ဘာလို့ အတူတူ လှုပ်ရှားဖို့ လိုနေတာလဲ...”
သူသည် သွေးကြောနိုးကြားမှုနယ်ပယ် စတုတ္ထအဆင့် အဆင့်မြင့်တွင် ရှိနေသဖြင့် လော့ချန်ကို လုံးဝ ထည့်မတွက်ထားပေ။
ရန်ဝမ်ချန်က သူ့ကို တစ်ချက်ကြည့်လိုက်ကာ လေးနက်စွာ သတိပေးလိုက်၏။
“မင်း သူ့ကို အထင်မသေးနဲ့... ဟွာကျင်းယန်က ကြယ်ဆယ်ပွင့် သိုင်းဝိညာဉ်သခင်ဖြစ်တဲ့အပြင် တိုက်ခိုက်ရေးစွမ်းအား မြှင့်တင်ပေးတဲ့ သိုင်းဝိညာဉ် စွမ်းရည်ပါ ရှိတာ... သူ့ရဲ့ အထွတ်အထိပ်စွမ်းအားက မင်းထက်မလျော့ဘူး... ဒါတောင် သူ့လက်ထဲမှာ အပြတ်အသတ် ရှုံးခဲ့တာလေ...”
“ငါတို့ မထွက်ခွာခင် ဆရာမှာခဲ့တာကို မမေ့နဲ့... ဒီတာဝန်က အောင်မြင်ရုံမှတစ်ပါး အခြားမရှိဘူး... ပုရွက်ဆိတ်ကို သတ်ရင်တောင် အစွမ်းကုန် ကြိုးစားရမယ်... သတ်မှာဆိုရင်လည်း အပြတ်အသတ် သတ်ရမယ်... သူ့ကို လွတ်မြောက်ဖို့ အခွင့်အရေး လုံးဝမပေးရဘူး...”
“ကောင်းပါပြီ...”
ဝတ်စုံနက်နှင့်လူငယ်က ခေါင်းညိတ်လိုက်သော်လည်း စိတ်ထဲမှမူ လှောင်ပြောင်နေမိသည်။
‘ဒုတိယအဆင့် သန်မာသူလေးကို... လက်ဝါးတစ်ချက်နဲ့တင် လွင့်သွားအောင် လုပ်လို့ရတာပဲကို...’
“စီနီယာအစ်ကိုကြီး စိတ်ချပါ... ကျွန်မတို့ သတိထားပါ့မယ်...”
ယွမ်လင်းက ပြန်ပြောလိုက်ပြီး ဝတ်စုံနက်ဝတ်လူငယ်နှင့်အတူ လင်ကျန်းမြို့ဘက်သို့ ထွက်ခွာသွားတော့သည်။
ညရောက်သောအခါ ကြယ်တာရာများမှာ လွန်စွာ တောက်ပနေတော့သည်။
သန်းခေါင်ယံအချိန်...။
ဟင်...
လော့ချန်သည် ရုတ်တရက် သတိဝင်လာခဲ့၏။
“ဓားဘုရင်ရဲ့ဆန္ဒက တကယ်ကို အံ့သြဖို့ကောင်းတာပဲ... ငါ့ကို အာရုံနစ်ဝင်သွားအောင် လုပ်နိုင်တာလား...”
လော့ချန်သည် တစ်ယောက်တည်း ရေရွတ်လိုက်သည်။
လျှပ်စီးဓားကို လက်ဖြင့် ဆုပ်ကိုင်လိုက်သည့်အခါ သူ၏မျက်လုံးများမှာ ဝင်းလက်သွားတော့သည်။ နာရီအနည်းငယ်အတွင်းမှာတင် သူ၏ဓားဆန္ဒမှာ ပြောင်းလဲသွားပြီး ထက်မြက်လှသောအရှိန်အဝါတစ်ခုသည် သူ၏စိတ်ထဲတွင် လှည့်ပတ်နေသဖြင့် အရာရာကို ပိုင်းဖြတ်နိုင်မည်ဟု ခံစားနေရသည်။
“ဒါဆိုရင်...”
လော့ချန်သည် နေရာမှ ထရပ်လိုက်ပြီး ဓားကို ဆွဲထုတ်လိုက်ကာ သိုင်းဝိညာဉ်ကို လှုံ့ဆော်လျက် ဓားဆန္ဒကို အစွမ်းကုန် ထုတ်ဖော်လိုက်တော့သည်။
"ဝုန်း..."
ခဏအတွင်းမှာပင် ထိတ်လန့်ဖွယ်ရာ ထက်မြက်မှုများမှာ ကောင်းကင်သို့ ထိုးတက်သွားပြီး အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားကာ လေထုမှာလည်း ပြင်းထန်စွာ တုန်ခါလျက် ဝေဝါးနေသော ပုံရိပ်ယောင် ဓားအရိပ်တစ်ခု ဖြစ်ပေါ်လာပြီး လေနှင့်တိမ်များကို လှုပ်ခတ်သွားစေတော့သည်။
“နတ်ဆိုးမုန်တိုင်း...”
ဒုတိယမြောက် လေ့ကျင့်ရေးတိုင်ကို အာရုံစိုက်လိုက်ပြီး လော့ချန်သည် ဓားတစ်ချက် ပိုင်းဖြတ်လိုက်၏။
ဓားစွမ်းအင်များ ဟစ်အော်မြည်ဟီးသွားပြီး လွန်စွာ ခိုင်မာလှသော ဓားစွမ်းအင် လေဆင်နှာမောင်းကြီးတစ်ခုသည် ထိုးဖောက်သွားကာ လေထုကို အက်ကွဲကြောင်းများ ဖြစ်ပေါ်သွားစေတော့သည်။
ထို့နောက်...
"ဘုန်း..."
အလွန်အမင်း ပြင်းထန်သော အသံကြီးနှင့်အတူ လေ့ကျင့်ရေးကွင်းတစ်ခုလုံးမှာ ပြင်းထန်စွာ တုန်ခါသွားရ၏။
သွေးကြောနိုးကြားမှုနယ်ပယ် အလယ်အလတ်အဆင့်၏ အမြင့်ဆုံးကာကွယ်ရေးကို ကိုယ်စားပြုသည့် လေ့ကျင့်ရေးတိုင်မှာ အပေါက်ကြီးတစ်ခု ဖြစ်သွားပြီး ပြတ်တောက်လုနီးပါး ဖြစ်သွားခဲ့ရသည်။
“၄၀ ရာနှုန်း ဓားဆန္ဒ...”
လော့ချန်၏အသံမှာ ဝမ်းသာမှုများဖြင့် ပြည့်နှက်နေတော့သည်။
ဤတစ်ကြိမ်တွင် သူသည် ဆန်းကြယ်နဂါးကျင့်စဉ်ကို အသုံးမပြုခဲ့သော်လည်း ထွက်ပေါ်လာသော စွမ်းအားမှာ ယခင်က အစွမ်းကုန် ထိုးနှက်ခဲ့သည်ထက်ပင် သာလွန်နေသေးသည်။
ဤသည်မှာ ၄၀ ရာနှုန်း ဓားဆန္ဒကြောင့် မြင့်တက်လာသော စွမ်းအားပင် ဖြစ်ပေသည်။
လော့ချန်သည် မူလက ဓားဆန္ဒ ချိုးဖြတ်ရန်အတွက် အနည်းဆုံး ဆယ်ရက်ခွဲခန့် အချိန်ယူရမည်ဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။ နာရီအနည်းငယ်မျှ ကျင့်ကြံရုံဖြင့် ဓားဆန္ဒ ချိုးဖြတ်နိုင်လိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။
ဓားဆန္ဒ၏ ပြောင်းလဲမှုများကို ခံစားရင်း လော့ချန်၏မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာတော့သည်။
ဓားဆန္ဒ တိုးတက်လာခြင်းမှာ ဝမ်းသာစရာဖြစ်သော်လည်း လော့ချန်ကို အပျော်ဆုံးဖြစ်စေသည့်အရာမှာ ဤသည် မဟုတ်ပေ။
၎င်းမှာ ဓားဆန္ဒ ကျင့်ကြံရန်အတွက် ဖြတ်လမ်းတစ်ခုကို ရှာတွေ့ခဲ့ခြင်းပင် ဖြစ်သည်။
သူ၏ဝိညာဉ်အာရုံအတွင်းရှိ ဓားဘုရင်၏ဆန္ဒကို ကောင်းကောင်း အသုံးချနိုင်သရွေ့... သူသည် ဓားဘုရင်တစ်ပါးကို ဆရာအဖြစ် ရရှိထားခြင်းနှင့် အတူတူပင် ဖြစ်သည်။
၄၀ ရာနှုန်း ဓားဆန္ဒ တင်မကဘဲ စစ်မှန်သော ဓားဆန္ဒကို နားလည်နိုင်ဖို့ဆိုတာလည်း သိပ်မဝေးတော့ချေ။
အသက်ကို ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်ရင်း လော့ချန်သည် လေ့ကျင့်ရေးတိုင်ပေါ်မှ ကြောက်မက်ဖွယ်ကောင်းသော ဓားရာကို ကြည့်ကာ မျက်လုံးများတွင် အလင်းတန်းများ ဖြာထွက်နေတော့သည်။
“ခန္ဓာသန့်စင်ကန်မှာ ကျင့်ကြံခဲ့ရတာက တကယ်ကို ရလဒ်ကောင်းတွေ ရခဲ့တာပဲ... ဓားဘုရင်ရဲ့ဆန္ဒနဲ့ ဓားဆန္ဒကို သန့်စင်နိုင်တာဆိုတော့ ငါ့ရဲ့ဓားဆန္ဒ တိုးတက်မှုနှုန်းက ဘယ်သူမှ လိုက်နိုင်မှာ မဟုတ်ဘူး... ဟဲဟဲ... အဋ္ဌမမင်းသား... ဒါက တကယ်တော့ မင်းကို ကျေးဇူးတင်ရမှာပဲ...”
ဤတစ်ကြိမ် ခန္ဓာသန့်စင်ကန်တွင် ကျင့်ကြံခွင့်ရခြင်းမှာ မူလက အဋ္ဌမမင်းသားက ချီကူးယွမ် အတွက် ပြင်ဆင်ပေးထားခြင်း ဖြစ်သော်လည်း နောက်ဆုံးတွင်မူ လော့ချန်အတွက်သာ ဖြစ်သွားခဲ့ရသည်။
အကယ်၍ အဋ္ဌမမင်းသား ကျင်းမင်သာ သိသွားမည်ဆိုလျှင်တော့ သေချာပေါက် သွေးအန်ပေလိမ့်မည်။
"ချပ်..."
ဓားကို အိမ်ထဲသို့ ပြန်ထည့်လိုက်သည့် တစ်ခဏတွင် လော့ချန်သည် အလွန်အမင်း ပင်ပန်းနွမ်းနယ်မှုကို ခံစားလိုက်ရသည်။
ဓားဆန္ဒနှင့် ဓားဘုရင်၏ဆန္ဒ အားပြိုင်ခြင်း၊ ဆန်းကြယ်မှုများကို နားလည်ခြင်းတို့မှာ ဓားဆန္ဒ ကျင့်ကြံရန် ဖြတ်လမ်းတစ်ခု ဖြစ်သော်လည်း စိတ်ဝိညာဉ်စွမ်းအားကိုမူ အလွန်အမင်း ကုန်ခမ်းစေသည်။
လော့ချန်သည် အပြင်းအထန် တိုက်ပွဲတစ်ခုကို ယခုတင်က ဆင်နွှဲထားသည့်နှယ် ခံစားနေရသည်။
“ဒီညတော့ ကောင်းကောင်း အနားယူလိုက်မယ်... မနက်ဖြန်ကျမှ သိုင်းကျမ်းခန်းမကို သွားပြီး ကျင့်ကြံဖို့ သင့်တော်တဲ့ ဓားသိုင်း ရှိမလားဆိုတာ ကြည့်ရမယ်... ပြီးရင်တော့ အိမ်ပြန်မယ်...”
ကောင်းကင်ယံ ဓားစွမ်းရည်၏ ရှေ့ပြေးသိုင်းကွက် လေးကွက်မှာ အဆင့်နိမ့်လွန်းသဖြင့် လော့ချန်၏ ယခုလက်ရှိ စွမ်းအားကို မလိုက်နိုင်တော့ပေ။ နတ်ဆိုးမုန်တိုင်းမှာ စွမ်းအား မဆိုးလှသော်လည်း ဤတစ်ကွက်တည်းနှင့် ဆိုပါက တိုက်ခိုက်မှုနည်းလမ်းမှာ နည်းပါးလွန်းလှသဖြင့် ပါရမီရှင်များနှင့် တိုက်ခိုက်သည့်အခါ အရှုံးပေါ်သွားနိုင်သည်။
ယခုအချိန်အထိ လော့ယောင် ဆီမှ သတင်းမရသေးသဖြင့် လော့ချန်မှာ အခြားသင့်တော်သော ဓားသိုင်း ရှိမလားဆိုသည်ကိုသာ ရှာဖွေရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
အခန်း (၄၆၀) ပြီးပါပြီ။
အခန်း ၄၆၁ - လော့ယောင်ထံမှသတင်း... လော့မဟာမိတ်ခေါင်းဆောင်...
လော့ချန်သည် ဒုတိယမြောက်နေ့ နေဖိုးတက်ချိန်အထိ အိပ်မောကျနေခဲ့သည်။
“စိတ်ဓာတ်တွေ နောက်ဆုံးတော့ ပြန်ကြည်လင်လာပြီ... ဒီလောက်အထိ ပင်ပန်းတာ ဒါ ပထမဆုံးပဲ...”
ခုတင်ပေါ်တွင် ထိုင်လိုက်ရင်း လော့ချန်သည် သူ၏မျက်ခုံးနှစ်ခုကြားကို အသာအယာ နှိပ်လိုက်၏။
ဓားဘုရင်၏ဆန္ဒဖြင့် ဓားဆန္ဒထက်မြက်မှုကို သန့်စင်ခြင်းမှာ သေချာပေါက် ဖြတ်လမ်းတစ်ခု ဖြစ်သော်လည်း စိတ်ဝိညာဉ်စွမ်းအားကိုမူ အလွန်အမင်း ကုန်ခမ်းစေသည့်အပြင် စိတ်ဓာတ်အပေါ်မှာလည်း ဝန်ထုပ်ဝန်ပိုး အလွန်တရာ ကြီးမားလှပေသည်။ လော့ချန်၏ ဝိညာဉ်စွမ်းအား ပြင်းထန်မှုနှင့်ပင် အချိန်ကြာကြာ တောင့်ခံနိုင်စွမ်း မရှိချေ။
“ကြည့်ရတာ စိတ်ဝိညာဉ်စွမ်းအားကို ပြန်ဖြည့်ပေးနိုင်တဲ့ ဆေးလုံးတွေ ထပ်ဝယ်ရဦးမယ်... မဟုတ်ရင်တော့ ဓားဆန္ဒကျင့်ကြံမှုကို ဆက်ပြီး ပံ့ပိုးနိုင်မှာ မဟုတ်ဘူး...”
လော့ချန်သည် တစ်ယောက်တည်း ရေရွတ်လိုက်သည်။ သူ၏ကိုယ်ပေါ်ရှိ စိတ်ကြည်လင်ဆေးလုံး များမှာ ယခုအခါ အနည်းငယ်သာ ကျန်ရှိတော့သည်။
သူသည် အမြန်ပင် သန့်ရှင်းရေးလုပ်လိုက်ပြီးနောက် အိမ်တော်အတွင်းမှ ထွက်လာကာ လှိုင်းထနေသော တိမ်ပင်လယ်ကြီးကို ခဏမျှ ငေးမောကြည့်ရှုလိုက်ရင်း စိတ်ထဲမှ ရေရွတ်လိုက်၏။ သိုင်းကျမ်းခန်းမမှာ ငါကျင့်ကြံဖို့ သင့်တော်တဲ့ ဓားသိုင်း ရှိပါစေလို့ပဲ မျှော်လင့်ရမှာပဲ...။
အသက်ကို ဖြည်းညင်းစွာ ရှူထုတ်လိုက်ပြီးနောက် လော့ချန်သည် လှည့်ထွက်ကာ တောင်အောက်သို့ ဆင်းလာခဲ့တော့သည်။
"ဝုန်း..."
မန်လီတောင်ထိပ်မှ ဆင်းလာရုံရှိသေးသည့် အချိန်မှာပင် လော့ချန်၏ခါးတွင် ချိတ်ထားသော လင်ရှောင်ကျောက်စိမ်းပြားမှာ ရုတ်တရက် တုန်ခါလာပြီး ထိုအပေါ်ရှိ အဆောက်အဦပုံရိပ်မှ မသိမသာသော ဆန်းကြယ်အလင်းတန်းများ ဝင်းလက်လာတော့သည်။
“ဟင်...”
လော့ချန်သည် အနည်းငယ် အံ့အားသင့်သွားပြီး သူ၏ဝိညာဉ်စွမ်းအားကို လင်ရှောင်ကျောက်စိမ်းပြားအတွင်းသို့ ထည့်သွင်းလိုက်၏။ ချက်ချင်းပင် စာသားတစ်ကြောင်းမှာ ကျောက်စိမ်းပြား၏ ဟင်းလင်းပြင်အတွင်း ထွက်ပေါ်လာတော့သည်။
“ကောင်းကင်ယံဓားစွမ်းရည်ရဲ့ ကျန်ရှိတဲ့ အပိုင်းအစတွေကို ရှာတွေ့ပြီ... အခု လင်ကျန်းမြို့မှာ ရှိနေတယ်...”
“ကောင်းကင်ယံဓားစွမ်းရည်ကို ရှာတွေ့ပြီ ဟုတ်လား...”
လော့ချန်၏စိတ်မှာ လွန်စွာ လှုပ်ရှားသွားရသည်။ လော့ယောင်က ဤမျှအထိ ကြီးမားလှသော သတင်းကောင်းကို ပေးပို့လာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ သူသည် အခြားဓားသိုင်းကို ပြောင်းလဲကျင့်ကြံရန် ဆုံးဖြတ်ထားသော်လည်း စိတ်ထဲတွင်မူ လွန်စွာ နှမြောနေမိဆဲ ဖြစ်သည်။ ကောင်းကင်ယံဓားစွမ်းရည်၏ ရှေ့ပြေးသိုင်းကွက် လေးကွက်ကို အခြေခံထားသဖြင့် သူသည် နောက်ဆက်တွဲ သိုင်းကွက်များကို ကျင့်ကြံရာတွင် သေချာပေါက်ပင် အဆပေါင်းများစွာ ပိုမိုမြန်ဆန်ပေလိမ့်မည်။
၎င်းပြင် ရှေ့ပြေးသိုင်းကွက် လေးကွက်ကို ကြည့်ခြင်းအားဖြင့် ကောင်းကင်ယံဓားစွမ်းရည်မှာ သာမန်မဟုတ်ကြောင်း သိသာလှသည်။ လော့ချန်၏ ခန့်မှန်းချက်အရ ပြည့်စုံသော ကောင်းကင်ယံဓားစွမ်းရည် ၁၃ ကွက် သိုင်းမှာ ကြယ်ကိုးပွင့်အဆင့်သို့ ရောက်ရှိနိုင်ရုံတင်မကဘဲ ကြယ်ကိုးပွင့်ထက်ပင် ကျော်လွန်သွားနိုင်သေးသည်။
“ဒီသတင်းက တကယ်ကို အချိန်ကိုက်ပဲ...”
စိတ်လှုပ်ရှားမှုနှင့်အတူ လော့ချန်သည် လင်ကျန်းမြို့သို့ ချက်ချင်းသွားရန် ဆုံးဖြတ်လိုက်သော်လည်း တိုက်ရိုက် ထွက်ခွာသွားခြင်းမျိုးတော့ မဟုတ်ပေ။ လော့ချန်သည် လှည့်ထွက်ကာ အပြင်စည်းရှိ သားရဲမွေးမြူရေးတောင်ထိပ်ဆီသို့ ဦးတည်လိုက်တော့သည်။
သူ၏ယခုလက်ရှိ ကျင့်ကြံမှုအဆင့်ဖြင့် တစ်ရက်အတွင်း မိုင်ပေါင်းထောင်ချီ ခရီးနှင်နိုင်သည်။ မီးလျှံရတနာမြင်းကို အသုံးပြု၍ ခရီးသွားရန် မလိုအပ်တော့ပေ။ သို့သော်လည်း သူ့အတွက် အသုံးမဝင်လျှင်ပင် အခြားသူများအတွက် အသုံးဝင်နိုင်သည် မဟုတ်ပါလော။ အဘိုး၏ မွေးနေ့ပွဲနှင့် နီးကပ်နေပြီဖြစ်ရာ လော့ချန်သည် မီးလျှံရတနာမြင်းကို မိသားစုထံ ပြန်လည်ယူဆောင်သွားပြီး အဘိုးအတွက် လက်ဆောင်အဖြစ် ပေးရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။
တောင်လမ်းပေါ်တွင် အတွင်းစည်းတပည့်များမှာ မကြာခဏဆိုသလို ဖြတ်သန်းသွားလာနေကြသည်။ ယခင်ကဆိုလျှင် ဤအတွင်းစည်းတပည့်များသည် လော့ချန်ကို မျက်စိဖြင့်ပင် ကြည့်မည် မဟုတ်ချေ။ သို့သော် ယနေ့တွင်မူ အခြေအနေမှာ ကွဲပြားနေသည်။ အတွင်းစည်းတပည့် အချို့မှာ လော့ချန်ကို ဖော်ဖော်ရွေရွေ နှုတ်ဆက်နေကြ၏။ မင်းသားတန်း အဖွဲ့ဝင်များမှာလည်း ထူးဆန်းသော မျက်နှာထားများ ဖြစ်နေကြသည်။
လော့ချန်သည် ထူးဆန်းသည်ဟု ထင်မှတ်သော်လည်း စိတ်ထဲတွင်မူ ထားမနေပေ။ သူ၏စိတ်မှာ လင်ကျန်းမြို့ဆီသို့သာ ရောက်ရှိနေပြီ ဖြစ်သည်။ သို့သော်လည်း သူ အပြင်စည်းသို့ ရောက်ရှိသွားသည့်အခါတွင်မူ အခြေအနေမှာ မျှော်လင့်ထားသည်ထက်ပင် သာလွန်နေတော့သည်။
“စီနီယာလော့ချန်...”
“စီနီယာလော့ချန်... မင်္ဂလာပါ...”
လော့ချန်ကို မြင်တွေ့ရသော အပြင်စည်းတပည့်များမှာ တစ်ယောက်ပြီးတစ်ယောက် နှုတ်ဆက်နေကြပြီး အချို့မှာမူ အရိုအသေပေးလျက် လွန်စွာ လေးစားကြောင်း ပြသနေကြသည်။
လော့ချန်က ခေါင်းညိတ်နှုတ်ဆက်လိုက်သော်လည်း စိတ်ထဲ၌မူ လွန်စွာ ထူးဆန်းနေမိသည်။ သူသည် မင်းသားတန်းကို စော်ကားထားသဖြင့် ယခင်က လူတိုင်းက သူ့ကို ရှောင်နေကြသည် မဟုတ်ပါလော။
‘ဘယ်အချိန်ကစပြီး ဒီလောက်အထိ လူကြိုက်များသွားရတာလဲ’
လူတိုင်း၏ အကြည့်များမှာ အဋ္ဌမမင်းသား ကျင်းမင် အပြင်စည်းသို့ ရောက်ရှိလာစဉ်က အကြည့်မျိုးနှင့်ပင် ဆင်တူနေတော့သည်။
ထိုစဉ် လော့ချန်သည် လူအုပ်ထဲတွင် ချန်လင်းယူကို တွေ့ရှိသွားသဖြင့် အမြန်လျှောက်သွားကာ သူမကို လမ်းကြားလေးတစ်ခုဆီသို့ ခေါ်ဆောင်သွားလိုက်တော့သည်။
ချန်လင်းယူက လော့ချန်၏ စိတ်ထဲမှ သိချင်စိတ်ကို ရိပ်မိသဖြင့် ပြုံးလျက် ဆိုလိုက်၏။
“လူအများရဲ့ လေးစားမှုကို ရရှိရတဲ့ ခံစားချက်က ဘယ်လိုလဲ...”
လော့ချန်က လက်ဝှေ့ယမ်းပြလိုက်ရင်း အံသြတကြီး မေးလိုက်သည်။
“ဒါတွေက ဘာဖြစ်နေတာလဲ...”
ချန်လင်းယူက ရယ်မောလိုက်သည်။
“မင်း လုပ်ခဲ့တဲ့ အရာတွေက အရမ်းကို ထိတ်လန့်စရာ ကောင်းလွန်းလို့လေ... လူအများရှေ့မှာ အပြင်စည်းအကြီးအကဲကို သတ်ခဲ့တာတောင် ဘာမှမဖြစ်ခဲ့ဘဲ ဟွာကျင်းယန်ကို အနိုင်ယူပြီး အတွင်းစည်းထဲ ရောက်သွားတာတင်မကဘဲ ပြဿနာတွေလည်း အများကြီး ထပ်ရှာခဲ့သေးတယ်... အခုလည်း ယွမ်ချင်ယင်ရဲ့ ညီ ယွမ်ချီယွီကို ဓားတစ်ချက်တည်းနဲ့ အနိုင်ယူလိုက်ပြန်ပြီလေ...”
“ဒါတွေအားလုံးက ကမ္ဘာကို တုန်လှုပ်စေတဲ့ အရာတွေ မဟုတ်ဘူးလား... ဆရာကိုယ်တိုင်တောင် မင်းကို ပြိုင်ဘက်ကင်းတဲ့ ပါရမီရှင်ဓားကျင့်ကြံသူလို့တောင် ချီးကျူးခဲ့သေးတယ်... အခု အပြင်စည်းတပည့် အများအပြားက မင်းကို သူတို့ရဲ့ စံပြပုဂ္ဂိုလ်အဖြစ် သတ်မှတ်နေကြပြီ...”
လော့ချန်က မျက်မှောင်ကြုတ်လိုက်၏။
“ဒီလောက်တင် မကဘူး မဟုတ်လား...”
“ဟုတ်တယ်... ဒါတင်မကဘူး...”
ချန်လင်းယူသည်လည်း နောက်မနေတော့ဘဲ အတည်အပေါက် ပြောလိုက်သည်။
“မင်းလည်း သိတဲ့အတိုင်း ဂိုဏ်းထဲမှာ မင်းသားတန်းက အမြဲတမ်း အင်အားကြီးနေတာဆိုတော့ သာမန်ပါရမီရှိတဲ့ တပည့်အများအပြားက အဖိနှိပ်ခံနေကြရတယ်... စိတ်ထဲမှာလည်း အရမ်းကို မကျေမနပ် ဖြစ်နေကြတာပေါ့...”
“မင်း ပေါ်လာတာက သူတို့အတွက် မီးတောက်တစ်ခုလိုပဲ... သူတို့ကို လှုံ့ဆော်ပေးလိုက်သလို ဖြစ်သွားတယ်... နောက်ပြီး ယွမ်မန်လီကလည်း နန်ကုန်းကျွယ်နဲ့ ဂိုဏ်းချုပ်နေရာအတွက် တရားဝင် ယှဉ်ပြိုင်တော့မှာဆိုတော့ ဒီလူတွေက အလိုအလျောက် စုစည်းသွားကြတာ... အခုဆိုရင် ဂိုဏ်းထဲမှာ မင်းသားတန်းအပြင် နောက်ထပ် အင်အားသစ်တစ်ခု ပေါ်ထွက်လာပြီ...”
လော့ချန်က ခေါင်းညိတ်လိုက်၏။ မင်းသားတန်းသည် အဆင့်အတန်း မြင့်မားပြီး ပါရမီပြောင်မြောက်လှသော ပါရမီရှင်များကိုသာ လက်ခံခြင်း ဖြစ်သည်။ သာမန်တပည့်များမှာ အနှိမ်ခံနေကြရသဖြင့် သေချာပေါက်ပင် မကျေမနပ် ဖြစ်နေကြမည်ဖြစ်ကာ ယခင်ကမူ ထုတ်မပြောရဲခဲ့ကြရုံသာ ရှိသည်။
ချန်လင်းယူက မျက်တောင်လေး ခတ်လိုက်ရင်း မေးတစ်ချက် ဆတ်ပြလိုက်၏။
“ဒီအင်အားသစ်ရဲ့ နာမည်က ဘာလဲဆိုတာ မင်း သိလား...”
“ဘာတဲ့လဲ...”
“လော့မဟာမိတ်...”
“လော့မဟာမိတ် ဟုတ်လား...”
လော့ချန်မှာ ကြောင်အသွားရပြီး မိမိကိုယ်ကိုယ် ပြန်ညွှန်ပြကာခေါင်းခါလိုက်သည်။
“ဒီလော့မဟာမိတ်ရဲ့ ခေါင်းဆောင်က... ကျွန်တော်တော့ မဟုတ်ပါဘူးနော်...”
ဤစကားကို ကြားသောအခါ ချန်လင်းယူက လော့ချန်ကို မျက်စောင်းထိုးလိုက်ရင်း ပခုံးကို လက်သီးဖြင့် ခပ်ဖွဖွ ထုလိုက်သည်။
“မင်းကလွဲလို့ တခြား ဘယ်သူရှိဦးမှာလဲ... ရွှမ်ယွမ်ဂိုဏ်းတစ်ခုလုံးမှာ မင်းသားတန်းကို ရဲရဲတင်းတင်း စိန်ခေါ်ရဲတဲ့သူက မင်းတစ်ယောက်တည်းပဲ ရှိတာလေ...”
လော့ချန်မှာ သတိဝင်လာခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့်သာ အပြင်စည်းတပည့်များမှာ သူ့ကို ထိုကဲ့သို့ အကြည့်မျိုးဖြင့် ကြည့်နေကြခြင်း ဖြစ်ပေလိမ့်မည်။ အမှန်တော့ ဤသည်မှာ သူ့ကို အလွန်တရာ အန္တရာယ်များလှသော အခြေအနေဆီသို့ တွန်းပို့လိုက်ခြင်းပင်။
“ဟုတ်သားပဲ... ပြောဖို့ မေ့နေလို့... ကျွန်မလည်း အခု လော့မဟာမိတ် အဖွဲ့ဝင်တစ်ယောက်ပဲနော်...”
ချန်လင်းယူက ရယ်မောလိုက်၏။
“မင်းက ဘာလို့ လိုက်ပြီးတော့ နောက်ပြောင်နေရတာလဲ...”
“ဒါက နောက်ပြောင်တာ မဟုတ်ပါဘူး...”
ချန်လင်းယူက ခေါင်းခါယမ်းလိုက်ရင်း အတည်အပေါက် ဆိုလိုက်သည်။
“ငါလည်း မင်းသားတန်း လူတွေရဲ့ အထက်စီးဆန်ပြီး မောက်မာနေတဲ့ ပုံစံကို ကြည့်မရတာ ကြာပြီ...”
“အမှန်အတိုင်း ပြောရရင် ငါ မင်းကို အရင်ကတည်းက လေးစားခဲ့တာ... မင်းရဲ့ ကျင့်ကြံမှုအဆင့်က ဘာမှမဟုတ်သေးပေမဲ့ မင်းသားတန်းကို စိန်ခေါ်ရဲပြီး ဘယ်တော့မှ အရှုံးမပေးခဲ့ဘူးလေ... ငါ့မှာတော့ အဲ့ဒီလိုမျိုး ပြတ်သားမှုနဲ့ သတ္တိမျိုး မရှိခဲ့ဘူး... မင်းက လော့မဟာမိတ်ရဲ့ ခေါင်းဆောင်ဖြစ်ဖို့ တကယ်ကို ထိုက်တန်ပါတယ်... လူတိုင်းကလည်း မင်းကို အသိအမှတ်ပြုကြတယ်...”
လော့ချန်သည် ခါးသက်စွာ ပြုံးလိုက်ရတော့သည်။ သူက လော့မဟာမိတ် ခေါင်းဆောင်ဖြစ်ပြီး နန်ကုန်းကျွယ်က မင်းသားတန်း ခေါင်းဆောင်...။ ဤသည်မှာ သဘာဝအရပင် ရန်သူများ ဖြစ်သွားခဲ့ကြပြီ မဟုတ်ပါလော။ သို့သော်လည်း သူသည် နန်ကုန်းကျွယ်ကို စော်ကားထားပြီးဖြစ်ရာ အနှေးနှင့်အမြန် အရှုံးအနိုင် ခွဲရမည်ဖြစ်သဖြင့် ဤကဲ့သို့သော အဆင့်အတန်းတစ်ခု ထပ်တိုးလာခြင်းမှာလည်း ဘာမှ မထူးခြားတော့ပေ။
“လော့မဟာမိတ် ဆိုတဲ့ နာမည်က သိပ်နားဝင်မချိုဘူး... သူတို့က မင်းသားတန်း လို့ ခေါ်တာဆိုတော့ ငါတို့က သူတို့ကို ဖိနှိပ်နိုင်ရမယ်...”
လော့ချန်သည် ခေါင်းခါယမ်းလိုက်ရင်း အရွှမ်းဖောက်လိုက်သည်။
“အင်း... လော့ဧကရာဇ်မဟာမိတ်လို့ ခေါ်ရင် ပိုကောင်းမယ်...”
ချန်လင်းယူက သဘောကျစွာ ရယ်မောလိုက်သည်။
“လော့ဧကရာဇ်မဟာမိတ် ဟုတ်လား... မင်းက တကယ့်ကို အမည်ပေးရဲတာပဲ... လော့ဧကရာဇ် ဆိုတဲ့ စကားလုံးကို လွယ်လွယ်နဲ့ သုံးလို့ မရဘူးနော်... ကပ်ဆိုးတွေ ကြုံရတတ်တယ်လို့ သတင်းတွေ ရှိတယ်...”
လော့ချန်က ရယ်မောလိုက်ရင်း တစ်ချက် ပြုံးလိုက်၏။
“ကျွန်တော်က ဒီအတိုင်း ပြောလိုက်ရုံပါ...”
“မင်း ဂိုဏ်းကနေ ထွက်မလို့လား...”
“ဟုတ်တယ်... အိမ်ကို တစ်ခေါက် ပြန်မလို့...”
ချန်လင်းယူက ခေါင်းညိတ်လိုက်သည်။
“မင်း ပြန်သင့်ပါတယ်... မင်း ပျောက်ကွယ်နေတဲ့ ဒီနှစ်လအတွင်းမှာ ချီရှန်မြို့ လော့မိသားစုက မင်းရဲ့သတင်းကို လာမေးတာ သုံးကြိမ်တောင် ရှိပြီ...”
“ဟုတ်လား...”
လော့ချန်သည် မျက်မှောင်တစ်ချက် ကြုတ်လိုက်၏။
“ကဲ... ငါလည်း ပြန်ပြီး ကျင့်ကြံရဦးမယ်...”
ချန်လင်းယူက နှုတ်ဆက်လိုက်သည်။ သူမသည် ယခုရက်ပိုင်းအတွင်း တံခါးပိတ်ကျင့်ကြံနေခဲ့ရာ ကျင့်ကြံမှုမှာ အကန့်အသတ်သို့ ရောက်ရှိနေပြီဖြစ်သဖြင့် လော့ချန်ပေးအပ်ခဲ့သော သွေးကြောဖွင့်ဆေးလုံးကို အသုံးပြု၍ သွေးကြောနိုးကြားမှုနယ်ပယ်သို့ ချိုးဖြတ်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။
ထွက်ခွာသွားသော ချန်လင်းယူ၏ နောက်ကျောကို ကြည့်ရင်း လော့ချန်သည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်၏။
“လော့မဟာမိတ်... ကြည့်ရတာ စွမ်းအားကို အမြန်ဆုံး တိုးတက်အောင် လုပ်ဖို့ လိုအပ်နေပြီပဲ...”
သူ၏ ယခုလက်ရှိ စွမ်းအားဖြင့် မင်းသားတန်းကို တိုက်ရိုက် ရင်ဆိုင်နိုင်ရန် အဆင့်အတန်း မမီသေးပေ။
လော့ချန်သည် သားရဲမွေးမြူရေးတောင်ထိပ်သို့ သွားရောက်ကာ မီးလျှံရတနာမြင်းကို ယူဆောင်လိုက်သည်။
“ဟဲ့...”
ဂိုဏ်းတံခါးဝတွင် လော့ချန်သည် မြင်းကို အဟုန်ပြင်းစွာ နှင်လျက် ထွက်ခွာသွားတော့သည်။ လော့ချန် ထွက်သွားရုံရှိသေးသော်လည်း ရွှမ်ယွမ်ဂိုဏ်း၏ အပြင်စည်းတပည့် တစ်ဦးသည် တိတ်ဆိတ်သော နေရာတစ်ခုသို့ အမြန်ပြေးသွားကာ သူ၏ ရင်ဘတ်ထဲမှ နီရဲသော အတောင်ပံ သုံးစုံပါသည့် ငှက်ကလေးတစ်ကောင်ကို ထုတ်ယူလိုက်တော့သည်။
"ရွှစ်..."
ငှက်ကလေးမှာ တောင်ပံများကို ခါလိုက်ရင်း လျှပ်စီးတန်းနှယ် မြန်ဆန်စွာဖြင့် တိမ်တိုက်များကြားသို့ တစ်ခဏအတွင်း တိုးဝင် ပျောက်ကွယ်သွားတော့သည်။
အခန်း (၄၆၁) ပြီးပါပြီ။
အခန်း ၄၆၂ - နောက်ယောင်ခံလိုက်ခြင်း... ကောင်းကင်ယံဓားစွမ်းရည် အပိုင်းအစ...
လော့ချန်သည် မီးလျှံရတနာခြင်္သေ့မြင်းကို စီးနင်းကာ အစွမ်းကုန် ခရီးနှင်ခဲ့ရာ နေဝင်ရိုးရီအချိန်တွင် လင်ကျန်းမြို့သို့ ရောက်ရှိလာခဲ့သည်။
လင်ကျန်းမြို့မှာ ယခင်အတိုင်းပင် စည်ကားနေဆဲ ဖြစ်သည်။ အရပ်မျက်နှာအသီးသီးမှ လူအုပ်များက ရေစီးကြောင်းများသဖွယ် အဆက်မပြတ် ဝင်ထွက်သွားလာနေကြ၏။ လော့ချန်သည်လည်း လူအုပ်နှင့်အတူ မြို့အတွင်းသို့ ဝင်ရောက်ခဲ့သည်။
“ဟင်...”
လမ်းမပေါ်တွင် လျှောက်လှမ်းနေစဉ် လော့ချန်သည် ရုတ်တရက် မျက်မှောင်ကြုတ်လိုက်မိသည်။ မြို့တံခါးဝမှ စတင်ဝင်ရောက်လာကတည်းက တစ်ခုခု ထူးဆန်းနေသည်ကို သူ သတိထားမိခြင်း ဖြစ်သည်။ တစ်စုံတစ်ယောက်က သူ့ကို အမှောင်ထဲမှနေ၍ နောက်ယောင်ခံလိုက်နေ၏။
"ဝုန်း..."
လော့ချန်သည် မည်သည့်အမူအရာမျှ မပြဘဲ ဝိညာဉ်စွမ်းအားကို ထုတ်လွှတ်လိုက်ကာ ပတ်ဝန်းကျင်သို့ ဖြန့်ကြက်လိုက်ရာ သူ၏နောက်ကွယ်ရှိ အရာအားလုံးမှာ သူ၏ဦးနှောက်အတွင်း ပုံရိပ်ထင်လာတော့သည်။ နောက်ထပ် လမ်းအနည်းငယ် ဖြတ်သန်းပြီးနောက်တွင်မူ တစ်စုံတစ်ယောက်က သူ့နောက်သို့ တကောက်ကောက် လိုက်နေကြောင်း လော့ချန် အတည်ပြုနိုင်ခဲ့ပြီ ဖြစ်သည်။
ဝတ်စုံစိမ်းနှင့် အမျိုးသမီးတစ်ဦး၊ ဝတ်စုံနက်နှင့် လူငယ်တစ်ဦး၊ ၎င်းပြင် မီးခိုးရောင်ဝတ်ရုံဝတ် အဖိုးအိုတစ်ဦး... အားလုံးမှာ သွေးကြောနိုးကြားမှုနယ်ပယ် အလယ်အလတ်အဆင့် သန်မာသူများ ဖြစ်ကြသည်။ ထိုသုံးဦးမှာ လူအုပ်ထဲတွင် ရောနှောကာ လော့ချန်နှင့် အကွာအဝေးတစ်ခုကို အမြဲထိန်းထားရင်း လွန်စွာ သတိထား၍ နောက်ယောင်ခံလိုက်နေကြခြင်း ဖြစ်သည်။ သူတို့က လော့ချန်ကို လှည့်စားနိုင်မည်ဟု ထင်မှတ်နေကြသည်။
သို့သော်လည်း လော့ချန်၏ ဝိညာဉ်အာရုံခံစားမှုအောက်တွင်မူ ထိုအရာအားလုံးမှာ ထိန်ထိန်သာသော လရောင်အောက်သို့ ရောက်ရှိသွားသည့်နှယ် ဖုံးကွယ်၍ မရတော့ချေ။
“ငါ့ကို ရည်ရွယ်တာပဲ... ဝတ်စုံစိမ်းနဲ့ အမျိုးသမီးနဲ့ ဝတ်စုံနက်နဲ့လူငယ်က လျှပ်ယွမ်ဂိုဏ်းရဲ့ အတွင်းစည်းတပည့်တွေ ဖြစ်ရမယ်... မီးခိုးရောင်ဝတ်ရုံဝတ် အဖိုးအိုကတော့ သူတို့နဲ့ တစ်ဖွဲ့တည်း မဟုတ်ပုံပဲ... ဘယ်သူက လွှတ်လိုက်တာလဲ... ဆွန်ယင်ယန်များလား...”
အတွေးများမှာ လော့ချန်၏ ဦးနှောက်အတွင်း ဖြတ်ပြေးသွားတော့သည်။ သူသည် မည်သည့်အမူအရာမျှ မပြဘဲ ဘာမှမသိသည့်အလား လင်ယွမ်ပြတိုက် ရှိရာသို့ ဆက်လက် လျှောက်လှမ်းသွားခဲ့သည်။ ခဏအကြာတွင် လော့ချန်သည် လင်ယွမ်ပြတိုက်သို့ ရောက်ရှိလာခဲ့၏။
“သခင်လေး လော့ချန်ပါလား... သခင်မလေးက စောင့်နေတာ ကြာပါပြီ... ဒီဘက်ကို ကြွပါ...”
လှပသော အစေခံမလေးသည် လော့ချန်ကို မည်သူမည်ဝါဖြစ်ကြောင်း သိသည်နှင့် ချက်ချင်းပင် ဖော်ဖော်ရွေရွေဖြင့် ရှေ့မှ လမ်းပြပေးတော့သည်။ သူမ၏ လှပသော မျက်ဝန်းအိမ်များမှာ လော့ချန်ကို တိတ်တဆိတ် အကဲခတ်နေရင်း စပ်စုလိုစိတ်နှင့် အံ့သြမှုများ ပြည့်နှက်နေ၏။
ယခုရက်ပိုင်းအတွင်း 'လော့ချန်' ဆိုသည့် နာမည်မှာ နားထဲတွင် ဟိန်းနေအောင် ကြားနေရသည် မဟုတ်ပါလော။ သိုင်းလောကသား အများအပြားကလည်း ဤအကြောင်းကို ပြောဆိုနေကြသည်။ အသုံးမကျသော သိုင်းဝိညာဉ်ကို နိုးကြားထားသော်လည်း ဂိုဏ်းသုံးဂိုဏ်းပြိုင်ပွဲတွင် နံပါတ်တစ်နေရာကို ရယူနိုင်ခဲ့သူ၊ အိမ်ရှေ့မင်းသား၏ စားသောက်ပွဲတွင် လျှပ်ယွမ်ဂိုဏ်းနှင့် ကျိတော့ဂိုဏ်း တပည့်များကို အပြတ်အသတ် အနိုင်ယူခဲ့သူ၊ ၎င်းပြင် လွန်ခဲ့သော လဝက်ခန့်ကလည်း လျှပ်ယွမ်ဂိုဏ်း၏ ထိပ်တန်းပါရမီရှင် ဟွာကျင်းယန်ကို ဒုတိယအကြိမ် ထပ်မံ အနိုင်ယူခဲ့သူ။
ဤအကြောင်းအရာများကို သူမ အကြိမ်ကြိမ် ကြားဖူးခဲ့သဖြင့် လော့ချန်မှာ မည်သို့သော အရှိန်အဝါမျိုး ရှိသနည်းဟု သိချင်နေခဲ့ခြင်း ဖြစ်သည်။ သို့သော် လော့ချန်မှာ ဤမျှအထိ ငယ်ရွယ်လိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ သူမ၏ မောင်လေးထက်ပင် ငယ်ဦးမည် ထင်ရသော်လည်း နာမည်ကျော် ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေရုံတင်မက သခင်မလေး၏ မျက်နှာသာပေးမှုကိုပါ ရရှိထားသည် မဟုတ်ပါလော။
လော့ချန်သည် အပြင်ဘက်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် နောက်မှ လိုက်သွားခဲ့သည်။
လင်ယွမ်ပြတိုက် အပြင်ဘက်တွင်မူ...။
လျှပ်ယွမ်ဂိုဏ်း အတွင်းစည်းတပည့် ယွမ်လင်းသည် လော့ချန်၏ နောက်ကျောကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်ရင်း ဘေးနားရှိ မီးခိုးရောင်ဝတ်ရုံဝတ် အဖိုးအိုကို ပြောလိုက်၏။
“အကြီးအကဲ ဆွန်... လူအင်အား ပိုသုံးပေးပါဦး... သူ့ကို လုံးဝ မျက်ခြေမပြတ်ပါစေနဲ့...”
မီးခိုးရောင်ဝတ်ရုံဝတ် အဖိုးအိုက မျက်လုံးများကို မှေးစက်လိုက်ရင်း ပြောလိုက်၏။
“စိတ်ချပါ... ငါတို့ ဆွန်မိသားစုက လင်ကျန်းမြို့မှာ လူအင်အား အတော်လေး ရှိပါတယ်... ဒီတစ်ခါတော့ သူ အတောင်ပံပေါက်ရင်တောင် လွတ်မှာ မဟုတ်ဘူး... သေမှာ သေချာတယ်...”
ဤတစ်ကြိမ်တွင် ဆွန်ကျိုင်နင်သည် သတင်းစုဆောင်းရေး အကြီးအကဲ နှစ်ဦးကို စေလွှတ်ခဲ့ခြင်း ဖြစ်သည်။ ဤအကြီးအကဲ ဆွန်မှာ တစ်ဦးအပါအဝင် ဖြစ်သည်။
ယွမ်လင်းက ခေါင်းညိတ်လိုက်ရင်း သတိပေးလိုက်သည်။
“လင်ယွမ်ပြတိုက်ကို မလှုပ်ခတ်မိအောင် သတိထားပါ... လော့ချန်နဲ့ လင်ယွမ်ပြတိုက် သခင်မလေး ဆက်ဆံရေးက သာမန်မဟုတ်ဘူးလို့ ကြားထားတယ်...”
“ဒီအဖိုးကြီး သိပါတယ်...”
ပြောပြီးသည်နှင့် မီးခိုးရောင်ဝတ်ရုံဝတ် အဖိုးအိုမှာ လှည့်ထွက်သွားတော့သည်။ ဝတ်စုံနက်နှင့် လူငယ်က လော့ချန် ပျောက်ကွယ်သွားသည့် ဘက်ကို ကြည့်ကာ လျှာဖြင့် နှုတ်ခမ်းကို သပ်လိုက်၏။
“စီနီယာအစ်မ... လော့ချန် လင်ကျန်းမြို့က ထွက်တာနဲ့ သူ့ကို ချက်ချင်း သတ်ပစ်လိုက်ရင် ဘယ်လိုလဲ...”
ယွမ်လင်းက ခေါင်းခါယမ်းလိုက်သည်။
“စီနီယာအစ်ကိုကြီး ပြောဖူးတယ်လေ... ငါတို့က သူ့ရဲ့ သွားလာမှုကိုပဲ စောင့်ကြည့်ရမှာ... သူက သူ့မိသားစုဆီ မပြန်ဘူးဆိုမှသာ လှုပ်ရှားရမယ်... မင်း ထပ်မေ့သွားပြန်ပြီလား...”
ဝတ်စုံနက်နှင့်လူငယ်က နှုတ်ခမ်းမဲ့လိုက်ရင်း မကျေမနပ် ဖြစ်သွားသည်။
“သူ့ကို သတ်ဖို့ စီနီယာအစ်ကိုကြီးအထိ အကြောင်းကြားဖို့ လိုလို့လား... ကျွန်တော် တစ်ယောက်တည်းနဲ့တောင် သူ့ကို သတ်နိုင်တာပဲ... ငါတို့ ငါးယောက်စလုံး သုံးဖို့ မလိုပါဘူး... ငါတို့ ငါးယောက် ပေါင်းလိုက်ရင် သွေးကြောနိုးကြားမှုနယ်ပယ် ဆဋ္ဌမအဆင့် အထွတ်အထိပ် သန်မာသူတွေတောင် ရှောင်သွားရတာလေ... အဲ့ဒီကောင်လေးကို သတ်ဖို့ဆိုတာ ပုရွက်ဆိတ်ကို သတ်ဖို့ တူကြီးနဲ့ ထုသလို ဖြစ်နေမှာပေါ့...”
“စီနီယာအစ်မက သူက ငါတို့ကို ခြိမ်းခြောက်နိုင်မယ်လို့ ထင်နေတာလား...”
ဝတ်စုံနက်နှင့်လူငယ်က အထင်သေးစွာ ပြောလိုက်သည်။ ယွမ်လင်းကမူ မည်သည့် ခံစားချက်မျှ မပါဘဲ တည်ငြိမ်စွာ ပြောသည်။
“စီနီယာအစ်ကိုကြီး ပြောတဲ့အတိုင်းပဲ လုပ်ရမယ်...”
“စီနီယာအစ်ကိုကြီး... စီနီယာအစ်ကိုကြီး... စီနီယာကတော့ စီနီယာအစ်ကိုကြီးကိုပဲ သိတယ်... ဟွန့်...”
ဝတ်စုံနက်နှင့်လူငယ်က မကျေမနပ် ရေရွတ်လိုက်သော်လည်း စိတ်ထဲတွင်မူ လော့ချန် ချီရှန်မြို့ဘက်သို့ မပြန်ပါစေနဲ့ဟုသာ ဆုတောင်းနေမိသည်။ ဤသို့ဆိုပါက လော့ချန် လင်ကျန်းမြို့မှ ထွက်သည်နှင့် သူ ချက်ချင်း လက်စဖျောက်နိုင်မည် မဟုတ်ပါလော။
လင်ယွမ်ပြတိုက်...။
လော့ချန်သည် လှပသော အစေခံမလေး၏ လမ်းပြမှုဖြင့် လော့ယောင် နေထိုင်ရာ ခြံဝန်းလေးဆီသို့ လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။ ဝါးတောလမ်းလေးကို ဖြတ်ကျော်ပြီးနောက်တွင် လော့ချန်သည် လှပဆန်းကြယ်သော အဆောက်အဦလေးတစ်ခု၏ ရှေ့သို့ ရောက်ရှိလာခဲ့၏။ အဆောက်အဦမှာ ဝါးတောအတွင်း တည်ရှိပြီး ပတ်ဝန်းကျင်မှာ လွန်စွာ တိတ်ဆိတ်ငြိမ်သက်လှကာ ဘယ်ဘက်တွင် ကျောက်စားပွဲတစ်ခု ရှိနေသည်။
နတ်မိမယ်အလား လှပသည့် လှနတ်သူဇာ အလှပဂေးတစ်ဦးသည် လက်ဖက်ရည် ဖျော်နေ၏။
သူမကား လော့ယောင်ပင် ဖြစ်သည်။ သူမသည် ယခင်ကအတိုင်းပင် ဆွဲဆောင်မှုရှိကာ လှပလွန်းလှပြီး ဝတ်ဆင်ထားသော မြေခွေးသားရေ ဝတ်စုံဖြူဖြူအောက်တွင် သူမ၏ ကိုယ်ဟန်မှာ လှပစွာ ပေါ်လွင်နေကာ လက်ဖက်ရည်ဖျော်နေသော အမူအရာကြောင့် ဆီးနှင်းသဖွယ် ဖြူစင်သော အသားအရေမှာလည်း ဟိုဟိုဒီဒီ မြင်တွေ့နေရသဖြင့် အလွန်တရာ ဆွဲဆောင်မှု ရှိလှပေသည်။
လော့ချန်ပင်လျှင် ရင်ထဲတွင် အနည်းငယ် ပူတက်လာရ၏။
“မင်းသာ ထပ်ပြီး ရောက်မလာဘူးဆိုရင်တော့ လက်ဖက်ရည်တွေ အေးကုန်တော့မှာပဲ...”
လော့ယောင်က လှည့်ကြည့်လိုက်ရင်း ငွေခေါင်းလောင်းလေးနှယ် သာယာလှသော ရယ်မောသံကို ထုတ်ဖော်လိုက်သည်။ လော့ချန်က ခပ်သိသိ ပြုံးလိုက်ရင်း အနားသို့ ဝင်ထိုင်လိုက်သည်။
“မမလော့ယောင်က ကျွန်တော် အခု ရောက်လာမယ်ဆိုတာ ကြိုသိနေတာလား...”
လော့ယောင်က လက်ဖက်ရည်ခွက်ကို လော့ချန်၏ ရှေ့သို့ တိုးပေးလိုက်ရင်း ပြုံးလျက် ဆိုလိုက်၏။
“မင်းရဲ့ အခုလက်ရှိ စွမ်းအားနဲ့ဆိုရင် အရင်က ကျင့်ကြံခဲ့တဲ့ ဓားသိုင်းက သေချာပေါက် မသင့်တော်တော့ဘူးလေ... ကောင်းကင်ယံဓားစွမ်းရည်ရဲ့ ကျန်ရှိတဲ့ အပိုင်းအစတွေ သတင်းကို ကြားတာနဲ့ မင်း သေချာပေါက် ချက်ချင်း ရောက်လာမှာပဲ... အချိန်တွက်ကြည့်ရင်လည်း အခုအချိန်လောက် ဖြစ်ရမှာပေါ့...”
“မမလော့ယောင်က တကယ်ကို ဉာဏ်ကောင်းတာပဲ...”
လော့ချန်က ရယ်မောလိုက်၏။
လော့ယောင်က လက်နှစ်ဖက်ကို မေးစေ့အောက်တွင် ပူးကပ်လိုက်ပြီး မျက်လုံးများကို မှေးစက်ကာ လော့ချန်ကို အကဲခတ်နေသည်မှာ ကြွက်တစ်ကောင်ကို စိုက်ကြည့်နေသော ကြောင်တစ်ကောင်နှယ်... ထူးဆန်းသော အလင်းတန်းများလည်း သူမ၏ မျက်လုံးများတွင် ရှိနေတော့သည်။
“မင်းနဲ့ ယှဉ်ရင် ငါ့ရဲ့ ဒီဉာဏ်လေးက ဘာချီးကျူးစရာ ရှိလို့လဲ...”
“ငါ မှတ်မိသလောက်တော့ မင်းကို ရွှမ်ယွမ်ဂိုဏ်းကို ပြန်ပို့တုန်းက မင်းက သွေးကြောနိုးကြားမှုနယ်ပယ် ဒုတိယအဆင့် အစောပိုင်းမှာပဲ ရှိသေးတာလေ... တိုတောင်းလှတဲ့ လဝက်အတွင်းမှာတင် မင်းက တတိယအဆင့် အထွတ်အထိပ်ကို တက်လှမ်းနိုင်ခဲ့တယ် ဟုတ်လား... ရွှမ်ယွမ်ဂိုဏ်းရဲ့ ခန္ဓာသန့်စင်ကန် မှာတောင် ဒီလောက်အထိ အစွမ်းထက်တဲ့ အာနိသင် မရှိပါဘူး...”
“နောက်ပြီး တခြားသတင်းတွေကိုလည်း ငါ ကြားထားသေးတယ်... လူတစ်ယောက်က ဂိုဏ်းကို ပြန်ရောက်တာနဲ့ ရွှမ်ယွမ်ဂိုဏ်းတစ်ခုလုံးကို ပွက်လောရိုက်သွားအောင် လုပ်ခဲ့တယ်တဲ့... လူအများရှေ့မှာ သွေးကြောနိုးကြားမှုနယ်ပယ် စတုတ္ထအဆင့် ရှိတဲ့ အပြင်စည်းအကြီးအကဲ တစ်ယောက်ကို သတ်ခဲ့တယ်ဆို... ဟုတ်လား...”
“မနေ့ကတင်ပဲ အဲ့ဒီသူကပဲ ဓားတစ်ချက်တည်းနဲ့ သွေးကြောနိုးကြားမှုနယ်ပယ် ဆဋ္ဌမအဆင့် အစောပိုင်း သန်မာသူတစ်ယောက်ကို အနိုင်ယူခဲ့သေးတယ်ဆိုပဲ...”
လော့ယောင်က သူမ၏ နီရဲသော နှုတ်ခမ်းလွှာကို လျှာဖြင့် သပ်လိုက်ရင်း သူမ၏ အသံမှာ လူကို ဖျားယောင်းနေသည့်နှယ် နူးညံ့လှပေသည်။
“ငါ တကယ်ကို သိချင်မိတယ်... ဒီလောက် တိုတောင်းလှတဲ့ အချိန်အတွင်းမှာ စွမ်းအားက ဘယ်လိုလုပ်ပြီး ဒီလောက်အထိ ကြီးကြီးမားမား တိုးတက်လာရတာလဲ... သူက ဒါကို ဘယ်လိုများ လုပ်ဆောင်ခဲ့တာလဲ ဆိုတာကိုပေါ့...”
လော့ချန်က ခပ်ဖွဖွ ချောင်းဟန့်လိုက်၏။ ချင်တို့ယွမ် သေဆုံးခြင်းနှင့် ယွမ်ချီယွီနှင့် တိုက်ပွဲတို့မှာ ဂိုဏ်းက သတင်းကို ပိတ်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း လေလုံသော နံရံဟူသည် ရှိပါမည်လော။ အခြားသူများကို ဖုံးကွယ်ထားနိုင်လျှင်ပင် လင်ယွမ်ပြတိုက် ကဲ့သို့သော ဧရာမ အဖွဲ့အစည်းကြီးကို ဖုံးကွယ်ထားရန်မှာ မဖြစ်နိုင်ပေ။ လော့ယောင်ကိုလည်း ဖုံးကွယ်ထားရန် မဖြစ်နိုင်ချေ။
လက်ဖက်ရည်တစ်ကျိုက် မော့သောက်လိုက်ရင်း လော့ချန်က ချီးကျူးလိုက်သည်။
“လက်ဖက်ရည်က အရမ်းကောင်းတာပဲ... မမလော့ယောင်ရဲ့ လက်ရာက တကယ်ကို ပိုပိုပြီးတော့ ကောင်းလာတာပဲ...”
“ဟဲဟဲ... မင်းကတော့ စကားလမ်းကြောင်း လွှဲတာ အရမ်းကို သိသာလွန်းတယ်နော်...”
လော့ယောင်က ဆွဲဆောင်မှုရှိစွာ ရယ်မောလိုက်ပြီးနောက် ဆက်ပြောပြန်သည်။
“ထားပါတော့... မင်း မပြောချင်ရင်လည်း ငါ မမေးတော့ပါဘူး... ဘယ်လိုပဲဖြစ်ဖြစ် မင်း သန်မာလာတာက ငါ့အတွက်လည်း ကောင်းတဲ့အချက်ပဲ မဟုတ်လား...”
စကားပြောနေစဉ်မှာပင် လော့ယောင်က လက်ခုပ်တစ်ချက် ခပ်ဖွဖွတီးလိုက်၏။ အားမူသည် ကျောက်စိမ်းလင်ဗန်းတစ်ခုကို ကိုင်ဆောင်ကာ ထွက်ပေါ်လာပြီး ထိုအထဲတွင် ဟောင်းနွမ်းနေသော သိုင်းကျမ်းတစ်စောင် ရှိနေသည်။ သိုင်းကျမ်းကို မြင်လိုက်ရသည့် တစ်ခဏမှာပင် လော့ချန်၏ မျက်လုံးများမှာ ဝင်းလက်သွားတော့သည်။
“ဒါက မင်းရှာနေတဲ့ ကောင်းကင်ယံဓားစွမ်းရည် ပဲ... ဒါပေမဲ့ အခုလောလောဆယ် ငါလည်း နောက်ဆက်တွဲ သိုင်းကွက် လေးကွက်ကိုပဲ ရှာတွေ့သေးတာ... ကျမ်းတစ်ခုလုံးတော့ မဟုတ်သေးဘူး... မင်း တစ်ချက်ကြည့်လိုက်ဦး...”
လော့ယောင်က ကျောက်စိမ်းလင်ဗန်းကို လော့ချန်၏ ရှေ့သို့ တိုးပေးလိုက်သည်။ လော့ချန်သည် သိုင်းကျမ်းကို ယူကာ စာမျက်နှာ အနည်းငယ်ကို အသာအယာ လှန်ကြည့်လိုက်သည့်အခါ သူ၏ အကြည့်မှာ တဖြည်းဖြည်း ပူတက်လာရပြီး စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တော့ဘဲ အံ့သြစွာ ရေရွတ်လိုက်သည်။
“ကြယ်တာရာ ကြွေကျခြင်း... ဟင်းလင်းပြင်ကို သတ်ဖြတ်ခြင်း... ဟုတ်တယ်... ဒါပဲ...”
သိုင်းကျမ်းပေါ်တွင် မှတ်တမ်းတင်ထားသည်မှာ သူ လွန်စွာ လိုအပ်နေသော ကောင်းကင်ယံဓားစွမ်းရည်၏ ပဉ္စမသိုင်းကွက်မှ အဋ္ဌမသိုင်းကွက်အထိပင် ဖြစ်တော့သည်။
အခန်း (၄၆၂) ပြီးပါပြီ။