အခန်း (၄၆၃-၄၆၅)
Vol. 31 Ch. 463-465
အခန်း ၄၆၃ - ကုဋေတစ်သောင်း... ပန်းတိုင်က နယ်မြေအဆင့်စာရင်း
လက်ထဲမှ ကောင်းကင်ယံဓားစွမ်းရည်သိုင်းကျမ်းကို ကြည့်ရင်း လော့ချန်၏စိတ်မှာ အတော်ကြာအောင် တည်ငြိမ်မသွားနိုင်ပေ။ အကြမ်းဖျင်း လှန်ကြည့်ရုံနှင့်ပင် ဤသိုင်းကွက်လေးကွက်၏ ဆန်းကြယ်မှုမှာ ရှေ့ပြေးသိုင်းကွက်လေးကွက်ထက် အဆပေါင်းများစွာ သာလွန်ကြောင်း သူသိမြင်လိုက်ရသည်။
ပဉ္စမသိုင်းကွက်ဖြစ်သော ကြယ်တာရာကြွေကျခြင်းမှာ အနည်းဆုံး ကြယ်ငါးပွင့်အဆင့်ဓားသိုင်းနှင့် ယှဉ်နိုင်ပေသည်။ အကယ်၍ ဤသိုင်းကွက်လေးကွက်စလုံးကိုသာ ကျင့်ကြံအောင်မြင်ပြီး ၄၀ ရာခိုင်နှုန်းဓားဆန္ဒနှင့် ပေါင်းစပ်လိုက်မည်ဆိုပါက သူ၏စွမ်းအားမှာ သေချာပေါက် နောက်ထပ်အဆင့်သစ်တစ်ခုသို့ တက်လှမ်းနိုင်မည်ဖြစ်ကာ ပိုမိုမြင့်မားသောနယ်ပယ်များဆီသို့ ချီတက်နိုင်ပေလိမ့်မည်။
ခဏအကြာတွင် လော့ချန်၏စိတ်မှာ ပြန်လည်တည်ငြိမ်သွားပြီး သိုင်းကျမ်းကို ပိတ်လိုက်သည်။
“ကျေးဇူးတင်ပါတယ် မမလော့ယောင်... ကောင်းကင်ယံဓားစွမ်းရည်ရဲ့ နောက်ဆက်တွဲငါးကွက်ကိုလည်း ဆက်ပြီးစုံစမ်းပေးဖို့ တောင်းဆိုပါရစေ...”
ကောင်းကင်ယံဓားစွမ်းရည်မှာ စုစုပေါင်း ၁၃ ကွက်ရှိပြီး တစ်ကွက်ထက်တစ်ကွက် ပိုမိုသန်မာလှသည်။ ပဉ္စမသိုင်းကွက်တစ်ခုတည်းနှင့်ပင် ကြယ်ငါးပွင့်အဆင့်နှင့် ယှဉ်နိုင်နေပြီ မဟုတ်ပါလော။ ပြည့်စုံသောကောင်းကင်ယံဓားစွမ်းရည်မှာ မည်သည့်အဆင့်ရှိမည်ဖြစ်ကာ မည်မျှအထိ ထိတ်လန့်ဖွယ်ရာစွမ်းအားများ ရှိမည်ကို လော့ချန်အလွန်တရာ သိချင်နေမိသည်။
“မင်းက တကယ်ကို လောဘကြီးတာပဲ... မင်းသိလား... ဒီသိုင်းကျမ်းအပိုင်းအစကို ရှာဖို့အတွက် သခင်မလေး ဘယ်လောက်အထိ ရင်းနှီးခဲ့ရလဲဆိုတာကို... ဝိညာဉ်ဆေးလုံးတင် သန်းတစ်ထောင်ကျော် ကုန်ခဲ့တာ... အရှေ့ကုန်းမြေကြီးနဲ့ အနောက်နယ်မြေတစ်ခုလုံးကို ရှာဖွေပြီးမှ ခဲခဲယဉ်းယဉ်း ရှာတွေ့ခဲ့တာ...”
လော့ချန်၏စကားကို ကြားရသည့်အခါ အားမူက မနေနိုင်ဘဲ နှုတ်ခမ်းကို မဲ့လိုက်ရင်း မကျေမနပ် ရေရွတ်သည်။
“ဒါတင်မကဘူး... သခင်မလေးက မိသားစုဆီကနေ အကူအညီတောင်းခဲ့ရလို့ သူအမုန်းဆုံးဖြစ်တဲ့ အကြီးဆုံးသခင်မရဲ့ လှောင်ပြောင်တာကိုတောင် ခံခဲ့ရသေးတယ်...”
“အားမူ... မင်း စကားများနေပြီနော်...”
လော့ယောင်၏အကြည့်မှာ အားမူဆီသို့ ခပ်ဖွဖွကျရောက်သွားသည်။ အားမူက သူမ၏နှုတ်ခမ်းလေးကို မဲ့လိုက်ရင်း စကားကို ရပ်လိုက်သော်လည်း သူမ၏မျက်နှာလေးမှာမူ မကျေမနပ်ဖြစ်နေဆဲပင်။
လော့ချန်မှာမူ ဤသတင်းကြောင့် မှင်တက်မိသွားရ၏။ ဝိညာဉ်ဆေးလုံးသန်းတစ်ထောင်၊ ၎င်းမှာ ရွှေဒင်္ဂါးကုဋေတစ်သောင်းအထိ တန်ဖိုးရှိသည့် ချမ်းသာကြွယ်ဝမှု မဟုတ်ပါလော။ သူသည် နယ်ပယ်အမျိုးမျိုးသို့ ရောက်ရှိခဲ့ပြီး ယခုအချိန်အထိ ရွှေဒင်္ဂါးသန်းရာဂဏန်းမျှသာ စုဆောင်းနိုင်ခဲ့သေးသည်။ ဤသိုင်းကျမ်းတန်ဖိုး၏ ၁၀ ရာခိုင်နှုန်းကိုပင် မမီသေးပေ။ တစ်ခဏအတွင်း လော့ချန်သည် သူ၏လက်ထဲမှသိုင်းကျမ်းမှာ လွန်စွာလေးလံနေသကဲ့သို့ ခံစားလိုက်ရပြီး လော့ယောင်ကို မော့ကြည့်လိုက်သည်။
“မမလော့ယောင်... ဒါက...”
“အခုတော့ မမက မင်းအပေါ် ဘယ်လောက်အထိ ကောင်းသလဲဆိုတာ သိပြီ မဟုတ်လား...”
လော့ယောင်က သာယာလှသောရယ်မောသံကို ထုတ်ဖော်လိုက်ပြီး သူမ၏နီရဲသောနှုတ်ခမ်းလွှာများမှာ ဆွဲဆောင်မှုရှိသော အလင်းတန်းများဖြာထွက်နေလျက် လော့ချန်ကို တစ်ချက်ကြည့်ကာ ပြုံးသည်။
“ဒါက တကယ်ကို တန်ဖိုးကြီးလွန်းပါတယ်...”
“ဒါဆိုရင် မင်းက ငါ့ကို ဘယ်လို ကျေးဇူးဆပ်မှာလဲ...”
“ဝိညာဉ်ဆေးလုံးသန်းတစ်ထောင်ဆိုတဲ့ ချမ်းသာကြွယ်ဝမှုမျိုး ကျွန်တော့်မှာ မရှိပါဘူး... ကျွန်တော့်ကိုယ်ကျွန်တော် ရောင်းရင်တောင် အဲ့ဒီလောက် တန်ဖိုးရှိမှာ မဟုတ်ဘူး...”
လော့ချန်က ခါးသက်စွာ ပြုံးလိုက်သည်။
“ဒါဆိုရင် မင်းကိုယ်မင်း ငါ့ဆီမှာ ရောင်းလိုက်လေ... ငါ့ကိုပဲ အပိုင်ပေးလိုက်ရင် ဘယ်လိုလဲ...”
လော့ယောင်က လော့ချန်ကို စိုက်ကြည့်လိုက်ရာ သူမ၏အကြည့်များမှာ ရေပြင်နှယ်ကြည်လင်နေပြီး သူမ၏အသံမှာလည်း လူကိုတုန်လှုပ်သွားစေနိုင်လောက်အောင် နူးညံ့လှပေသည်။ လော့ချန်ပင်လျှင် ရင်ထဲတွင် ပူတက်လာရပြီး မည်သို့ပြန်လည်ဖြေကြားရမည်ကို စဉ်းစားနေစဉ်မှာပင် လော့ယောင်က ရယ်မောလိုက်ရင်း သူမ၏နူးညံ့လှသောလက်ချောင်းလေးဖြင့် လော့ချန်၏နဖူးကို အသာအယာ တို့လိုက်သည်။
“ဟဲဟဲ... မောင်လေး... မင်းကို မစတော့ပါဘူး... ငါတို့က အပေးအယူ လုပ်ထားကြတာဆိုတော့ မင်းကို ကတိပေးထားတဲ့အတိုင်း ငါလုပ်ဆောင်ရမှာပဲလေ... ဒါက ငါ့ရဲ့ရင်းနှီးမြှုပ်နှံမှုလို့ပဲ သဘောထားလိုက်ပါ... ဒါပေမဲ့ မင်းလည်း သိတဲ့အတိုင်း ငါတို့လင်ယွမ်ပြတိုက်က အကျိုးအမြတ်နဲ့ စွမ်းအားကိုပဲ ကြည့်တာလေ... ငါကိုယ်တိုင်လည်း အတူတူပဲ...”
“ငါက ဒီလောက်အထိ အရင်းအမြစ်တွေနဲ့ လူအင်အားတွေကို သုံးထားတယ်ဆိုတော့ ရလဒ်ကောင်းတစ်ခုကို ပြသနိုင်ဖို့ လိုအပ်တယ်... မင်း ငါ့ကို တကယ် ကျေးဇူးဆပ်ချင်တယ်ဆိုရင်တော့ မင်းရဲ့စွမ်းအားကို အစွမ်းကုန်မြှင့်တင်ပြီး နာမည်ကျော်အောင် လုပ်ရမယ်... ဒါမှသာ ငါက မိသားစုကို ရှင်းပြနိုင်မှာလေ... မင်း နာမည်ကြီးလေလေ၊ ငါက မိသားစုဆီကနေ အရင်းအမြစ်တွေကို ပိုပြီးတော့ ရယူနိုင်လေလေပဲ...”
“ဘယ်လိုမျိုး နာမည်ကျော်ကြားမှုမျိုးလဲ...”
“ငါတို့လင်ယွမ်ပြတိုက်က ပါရမီရှင်တွေကို စုဆောင်းတဲ့နေရာမှာ အဆင့်အတန်းခွဲခြားထားတာ ရှိတယ်... ဝိညာဉ်ဆေးလုံး သန်းတစ်ထောင်တန်ဖိုးရှိတဲ့ ချမ်းသာကြွယ်ဝမှုကို သုံးနိုင်ဖို့ဆိုရင်တော့ အနည်းဆုံးနယ်မြေအဆင့် စာရင်းဝင်နိုင်တဲ့ ပါရမီရှင်မျိုး ဖြစ်ရမယ်...”
အားမူက မနေနိုင်ဘဲ ဝင်ပြောသည်။
“သခင်မလေးက ဒီတစ်ခါ အရင်းအမြစ်တွေအများကြီး သုံးလိုက်တာက သခင်မလေးကိုယ်တိုင် တာဝန်ယူထားတာလေ... တကယ်လို့ မိသားစုထဲကလူတွေက မင်းရဲ့ပါရမီကို သိသွားရင်တော့ သေချာပေါက်လှောင်ပြောင်ကြမှာပဲ... ပြီးတော့ တာဝန်ယူခိုင်းကြလိမ့်မယ်...”
“အဲ့ဒီလောက်ကြီးလည်း မပြင်းထန်ပါဘူး... မင်းက ဂိုဏ်းသုံးဂိုဏ်းပြိုင်ပွဲမှာ နံပါတ်တစ်ရခဲ့သလို ဟွာကျင်းယန်ကို အနိုင်ယူခဲ့တဲ့ ရလဒ်တွေကလည်း မဆိုးပါဘူး...”
လော့ယောင်က သူမ၏ဆံနွယ်လေးများကို သပ်လိုက်ရင်း ပြုံးသည်။
လော့ချန်က ခေါင်းခါယမ်းလိုက်သည်။
“မမလော့ယောင်က ကျွန်တော့်ကို ဒီလောက်အထိ ယုံကြည်ပေးထားတာဆိုတော့ ကျွန်တော်လည်း မမလော့ယောင်ကို စိတ်မပျက်စေရပါဘူး... ကျွန်တော် နယ်မြေအဆင့်စာရင်းထဲကို ဝင်အောင် လုပ်ပြမယ်... ဒါမှသာ မမလော့ယောင်က မိသားစုကို ရှင်းပြနိုင်မှာပေါ့...”
“နယ်မြေအဆင့်စာရင်း ဟုတ်လား...”
လော့ယောင်မှာ ကြောင်အသွားရ၏။ အားမူမှာမူ သာ၍ပင်အံ့အားသင့်သွားရပြီး လော့ချန်ကို ကြည့်ကာ ခေါင်းကို တဆက်ဆက်ခါယမ်းလိုက်သည်။
“မင်းက နယ်မြေအဆင့်စာရင်းထဲ ဝင်မယ် ဟုတ်လား... နယ်မြေအဆင့်စာရင်းဆိုတာ ဘာကိုဆိုလိုသလဲဆိုတာ မင်း သိရဲ့လား... ယွမ်လန်နယ်မြေ အုပ်စုလိုမျိုး သေးငယ်တဲ့နယ်မြေမှာတောင် နိုင်ငံပေါင်းဒါဇင်ချီရှိသလို မင်းဆက်ကြီးကိုးခုတောင် ရှိတာလေ... ပါရမီရှင်တွေဆိုတာ ရေတွက်လို့တောင် မရဘူး... ဒီလောက်များပြားလှတဲ့ ပါရမီရှင်တွေထဲကမှ လူတစ်ရာပဲ နယ်မြေအဆင့်စာရင်း ထဲကို ဝင်နိုင်တာ... အဲ့ဒီစာရင်းထဲမှာ ပါတဲ့သူတိုင်းက ကမ္ဘာကို တုန်လှုပ်စေနိုင်တဲ့ ပါရမီရှင်တွေချည်းပဲ... ကျိတော့ဂိုဏ်းရဲ့တပည့် လီရှောင်ဖုန်း ဆိုရင် ဓားဆန္ဒကို နားလည်ထားတဲ့ ထိပ်သီးဓားသမားဖြစ်တာတောင် နယ်မြေအဆင့်စာရင်းရဲ့ နံပါတ် ၉၃ နေရာမှာပဲ ရှိတာလေ... မင်း အိမ်ရှေ့မင်းသားရဲ့စားသောက်ပွဲတုန်းက သူ ဘယ်လောက်အထိ သန်မာသလဲဆိုတာကို တွေ့ခဲ့တာပဲ မဟုတ်လား... သူထုတ်လွှတ်လိုက်တဲ့ ဓားဆန္ဒတစ်ခုတည်းကိုတောင် မင်းမတားနိုင်ခဲ့ဘူးလေ...”
အားမူသည် လော့ချန်ကို အထင်သေး၍ ပြောခြင်း မဟုတ်ပေ။ ဆန့်ကျင်ဘက်အားဖြင့် သူမ၏အမြင်တွင် လော့ချန်၏စွမ်းအားမှာ တကယ်ကို သန်မာလှပေသည်။ သို့သော်လည်း ၎င်းမှာ တာယွဲ့မင်းဆက် အတွင်းမှာသာ ဖြစ်သည်။ ယွမ်လန်နယ်မြေစု ရှိ သွေးကြောနိုးကြားမှုနယ်ပယ် ပါရမီရှင်များနှင့် ယှဉ်လိုက်မည်ဆိုလျှင်တော့ ဘာမှ မဟုတ်တော့ချေ။ နယ်မြေအဆင့်စာရင်းထဲ ဝင်နိုင်ဖို့ဆိုသည်မှာ ကောင်းကင်ကို တက်လှမ်းရသည်ထက်ပင် ခက်ခဲလှပေသည်။ ၎င်းမှာ လုံးဝ မဖြစ်နိုင်သည့်အရာပင်။
လော့ချန်က ဘာမှပြန်မပြောဘဲ သူ၏ခန္ဓာကိုယ်ကို တစ်ချက်လှုပ်ခါလိုက်သည်။
"ဝုန်း..."
ခဏအတွင်းမှာပင် ထက်မြက်လှသော ဓားအဟုန်တစ်ခုသည် ကောင်းကင်သို့ ထိုးတက်သွားပြီး လေနှင့်တိမ်များကို လှုပ်ခတ်သွားစေတော့သည်။ သူသည် ထိုနေရာတွင် ထိုင်နေရုံသာ ရှိသော်လည်း အိမ်မှထွက်လာသော ပြိုင်ဘက်ကင်းရတနာဓားတစ်စင်းနှယ် ထိတ်လန့်ဖွယ်ရာ ပေါက်ကွဲအားများဖြင့် ပြည့်နှက်နေတော့သည်။
"ဒေါက်... ဒေါက်... ဒေါက်..."
အားမူမှာ သွေးကြောနိုးကြားမှုနယ်ပယ်သို့ ယခုတင်ကမှ တက်လှမ်းထားသူ ဖြစ်သဖြင့် ပြင်းထန်လှသောဓားအရှိန်အဝါကြောင့် နောက်သို့ ဆက်တိုက်ဆုတ်ခွာသွားရပြီး လော့ချန်ကို ကြည့်ကာ မျက်နှာလေးမှာ ဖြူဖျော့နေတော့သည်။ လော့ယောင်၏မျက်လုံးများတွင် အလင်းတန်းများဖြာထွက်သွားပြီး ခဏအကြာမှသာ အသက်ကို ဖြည်းညင်းစွာ ရှူထုတ်လိုက်သည်။
“၄၀ ရာခိုင်နှုန်းဓားဆန္ဒ... ငါသိသလောက်ဆိုရင် ဟွာကျင်းယန်နဲ့ တိုက်တုန်းက မင်းက ၃၀ ရာခိုင်နှုန်းပဲ ရှိသေးတာ မဟုတ်လား...”
“၄၀ ရာခိုင်နှုန်းဓားဆန္ဒ ဟုတ်လား... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... မင်းက လဝက်အတွင်းမှာတင် ၃၀ ရာခိုင်နှုန်း ကနေ ၄၀ ရာခိုင်နှုန်းအထိ တက်လှမ်းနိုင်ခဲ့တာလား...”
အားမူမှာ အသက်ရှူမှားသွားရပြီး မျက်လုံးများ ပြူးထွက်လျက် မေးသည်။ လော့ချန်က သူ၏အရှိန်အဝါကို ပြန်လည်သိမ်းဆည်းလိုက်သည်။
“နောက်တစ်နှစ်အတွင်းမှာ ကျွန်တော် စစ်မှန်တဲ့ဓားဆန္ဒကို နားလည်အောင် လုပ်ပြမယ်... ပြီးတော့ သွေးကြောနိုးကြားမှုနယ်ပယ်ရဲ့ နယ်မြေအဆင့်စာရင်းထဲကိုလည်း ဝင်ပြမယ်...”
“နောက်တစ်နှစ်အတွင်းမှာ ဓားဆန္ဒကို နားလည်မယ် ဟုတ်လား...”
လော့ယောင်၏မျက်လုံးများမှာ တုန်လှုပ်သွားရ၏။ သူမသည် လော့ချန်၏စကားကြောင့် အလွန်တရာတုန်လှုပ်သွားရခြင်း ဖြစ်သည်။ ဓားဆန္ဒ ဆိုသည်မှာ နက်နဲဆန်းကြယ်လှပြီး ဖမ်းဆုပ်ရန် ခဲယဉ်းလှပေသည်။ ပါရမီ မရှိသူများမှာ တစ်သက်လုံးကြိုးစားလျှင်ပင် ဓားဆန္ဒ၏အစအနကိုပင် မမြင်တွေ့နိုင်ချေ။ လီရှောင်ဖုန်းကဲ့သို့သော ဓားလမ်းစဉ်ပါရမီရှင်ပင်လျှင် ပြီးခဲ့သည့်နှစ် အသက် ၂၃ နှစ်သို့ ရောက်မှသာ စစ်မှန်သောဓားဆန္ဒကို နားလည်ခဲ့ခြင်း ဖြစ်သည်။
လော့ချန်ကမူ နောက်တစ်နှစ်အတွင်း ဓားဆန္ဒကို နားလည်မည်ဟု ယုံကြည်ချက်အပြည့်ဖြင့် ပြောနေသည်။ အဓိကအချက်မှာ လော့ချန်ဓားလမ်းစဉ်ကို ကျင့်ကြံခဲ့သည်မှာ တစ်နှစ်သာရှိသေးကြောင်း လော့ယောင် သိရှိနေခြင်းပင်။ နှစ်နှစ်အတွင်းမှာတင် ဓားလမ်းစဉ်ကို စတင်ကျင့်ကြံရာမှ ဓားဆန္ဒကို နားလည်သည်အထိ ဖြစ်လာမည်လား။ အကယ်၍ သူသာ တကယ်လုပ်ဆောင်နိုင်ခဲ့မည်ဆိုလျှင်တော့ ၎င်းမှာ သန်မာခြင်း၊ မသန်မာခြင်း ဆိုသည့်ကိစ္စထက် သာလွန်သွားပြီး လုံးဝကို ထူးဆန်းသော နတ်ဘုရားတစ်ပါး ဖြစ်ပေလိမ့်မည်။
“ဟဲဟဲ... ဒါဆိုရင်လည်း ငါ စောင့်ကြည့်နေပါ့မယ်... မင်းသာ တကယ် လုပ်နိုင်ခဲ့မယ်ဆိုရင် မမက ဝမ်းသာလွန်းလို့ မင်းကိုပဲ အပိုင်ပေးလိုက်မိမလား မသိဘူးနော်...”
လော့ယောင်၏ နီရဲသောနှုတ်ခမ်းလွှာများမှာ ကော့ညွှတ်သွားသော်လည်း အလွန်အမင်းစိတ်မလှုပ်ရှားသေးဘဲ လော့ချန်ကို နောက်ပြောင်လိုက်သည်။ ဓားဆန္ဒကျင့်ကြံရန် ခဲယဉ်းကြောင်းမှာ လူတိုင်းသိထားကြသည် မဟုတ်ပါလော။ ထိပ်သီးဓားသမားများပင်လျှင် စစ်မှန်သောဓားဆန္ဒကို နားမလည်မီမှာ သူတို့ကိုယ်တိုင် နားလည်နိုင်မည်ဟု အာမမခံရဲကြချေ။ အချိန်ကိုလည်း ဤမျှ တိတိကျကျ မပြောရဲကြပေ။ လော့ယောင်သည် လော့ချန်၏စကားမှာ လူငယ်တစ်ယောက်၏ စိတ်တက်ကြွပြီး ပြောလိုက်သည့်စကားဟုသာ မှတ်ယူလိုက်သည်။
လူငယ်မှ မတက်ကြွလျှင် ဘယ်သူ တက်ကြွမည်နည်း။ လော့ချန်သည် လော့ယောင် မယုံကြည်သည်ကို သိရှိသော်လည်း ထပ်မံ၍ ရှင်းမပြတော့ပေ။ သူစစ်မှန်သောဓားဆန္ဒကို နားလည်သည့်အချိန်ကျမှသာ အရာရာမှာ အဖြေထွက်လာပေလိမ့်မည်။ နှစ်ဦးသား စကားအနည်းငယ် ထပ်မံပြောဆိုပြီးနောက် လော့ယောင်က စကားလမ်းကြောင်း လွှဲလိုက်သည်။
“နောက်ထပ်ကိစ္စတစ်ခု ရှိသေးတယ်... မင်း အိမ်ရှေ့မင်းသားရဲ့စားသောက်ပွဲတုန်းက အသုံးမကျသူဖြစ်အောင် လုပ်ခဲ့တဲ့ လျှပ်ယွမ်ဂိုဏ်းတပည့် ရှောင်လျဲ့က လျှပ်ယွမ်ဂိုဏ်း အတွင်းစည်းအကြီးအကဲ ကောင်ကျင်လျဲ့ရဲ့ မြေးအရင်းပဲ... ကောင်ကျင်လျဲ့က သူ့တပည့်ကြီးငါးဦးကို မင်းကို လိုက်သတ်ဖို့ စေလွှတ်လိုက်ပြီ... ဘာမှ မထူးခြားဘူးဆိုရင်တော့ သူတို့က အခု လင်ကျန်းမြို့အနီးအနားမှာ ရှိနေလောက်ပြီ... မင်းကို တိုက်ခိုက်ဖို့ အခွင့်အရေးကို စောင့်နေကြလိမ့်မယ်...”
အခန်း (၄၆၃) ပြီးပါပြီ။
အခန်း ၄၆၄ - ပဉ္စမသိုင်းကွက်... ကြယ်တာရာကြွေကျခြင်း
“ဒီကိစ္စကို ကျွန်တော် သတိထားမိပြီးသားပါ...”
လော့ချန်က ခေါင်းညိတ်သည်။ လျှပ်ယွမ်ဂိုဏ်းမှ ထိုအတွင်းစည်းတပည့်နှစ်ဦးမှာ ရှောင်လျဲ့အတွက် ရောက်လာကြခြင်း ဖြစ်ပေသည်။
“တပည့်ကြီးငါးဦးအပြင် ဆွန်ယင်ယန်ရဲ့ ဆွန်မိသားစုကလူတွေလည်း ပါဝင်ပတ်သက်နေပုံရတယ်...”
“ဆွန်ယင်ယန်... သူ ရောက်နေတာလား...”
လော့ချန်၏မျက်လုံးများ အေးစက်သွားပြီး ပြင်းထန်လှသော သတ်ဖြတ်လိုသည့်အရှိန်အဝါကြောင့် ပတ်ဝန်းကျင်ရှိအပူချိန်မှာ သိသိသာသာ ကျဆင်းသွားသည်။ ထိုအရှိန်အဝါကြောင့် အားမူမှာ သူမ၏ခန္ဓာကိုယ်ကို ကျုံ့လိုက်မိပြီး လွန်စွာထိတ်လန့်သွားရ၏။ မည်မျှအထိ နက်နဲသော နာကျည်းချက်ရှိနေသဖြင့် ဤမျှအထိ ပြင်းထန်သော သတ်ဖြတ်လိုသည့်ဆန္ဒ ရှိနေရသနည်းဟုလည်း တွေးနေမိသည်။
လော့ယောင်က ခေါင်းခါယမ်းသည်။
“သူ မလာပါဘူး... အစေခံအချို့ပဲ လာတာပါ... ဒါပေမဲ့ အဲ့ဒီတပည့်ကြီးငါးဦးကတော့ သာမန်လူတွေ မဟုတ်ဘူးနော်... သူတို့အားလုံးက သွေးကြောနိုးကြားမှုနယ်ပယ် အလယ်အလတ်အဆင့် သန်မာသူတွေဖြစ်တဲ့အပြင် ဆဋ္ဌမအဆင့် သန်မာသူ နှစ်ယောက်တောင် ပါသေးတယ်...”
ဤနေရာသို့ ရောက်သောအခါ လော့ယောင်က လော့ချန်ကို တစ်ချက်ကြည့်သည်။
“ငါ မင်းအတွက် ရှင်းပေးရမလား...”
“မမလော့ယောင်ကို အလုပ်မပေးတော့ပါဘူး... ကျွန်တော့်ဘာသာကျွန်တော်ပဲ ရှင်းလိုက်ပါ့မယ်...”
လော့ချန်က ခေါင်းခါယမ်းကာ ငြင်းဆိုသည်။ လော့ယောင်၏ မျက်ခုံးတန်းလေးများ အနည်းငယ် မြင့်တက်သွား၏။
“မင်းမှာ ယုံကြည်ချက်ရှိလို့လား... သူတို့ထဲက တစ်ယောက်က ဆဋ္ဌမအဆင့် အထွတ်အထိပ် သန်မာသူနော်...”
လော့ချန်က ရယ်မောလိုက်သည်။
“သူတို့ကို မသတ်နိုင်ရင်တောင် ဘေးကင်းကင်း ဆုတ်ခွာနိုင်ဖို့ကတော့ ပြဿနာမရှိပါဘူး...”
ယနေ့အချိန်တွင် လော့ချန်သည် သွေးကြောနိုးကြားမှုနယ်ပယ် အလယ်အလတ်အဆင့် သန်မာသူများကို မျက်စိထဲ ထည့်မထားတော့ပေ။ ၄၀ ရာခိုင်နှုန်းဓားဆန္ဒနှင့် ဆန်းကြယ်နဂါးကျင့်စဉ်... မည်သည့်ဝှက်ဖဲကိုမဆို ထုတ်သုံးလိုက်ရုံနှင့် ဆဋ္ဌမအဆင့် အထွတ်အထိပ် သန်မာသူကို အပြတ်အသတ် ဖိနှိပ်နိုင်သည်။ အကယ်၍ ဝှက်ဖဲနှစ်ခုလုံးကို ပေါင်းစပ်သုံးလိုက်မည်ဆိုပါက တစ်ခဏအတွင်း အပြတ်အသတ် အနိုင်ယူနိုင်ပေလိမ့်မည်။
လော့ချန်၏ တည်ငြိမ်လှသောပုံစံကို ကြည့်ပြီး လော့ယောင်က လက်ဖက်ရည်ကို အသာအယာ တစ်ငုံသောက်လိုက်သော်လည်း စိတ်ထဲတွင်မူ လွန်စွာအံ့အားသင့်နေမိသည်။ လော့ချန်နှင့် ရင်းနှီးလေလေ သူ့ကို သေချာမသိနိုင်လေလေဖြစ်ကြောင်း သူမသတိပြုမိလာသည်။ သူမကို အကူအညီတောင်းနိုင်ပါလျက်နှင့် သူက ငြင်းပယ်ခဲ့သည်။ ဤသည်မှာ အပြည့်အဝယုံကြည်ချက်ရှိနေခြင်းကို ပြသနေခြင်းပင်။ သို့သော် လော့ချန်၏ယုံကြည်ချက်မှာ မည်သည့်နေရာမှ ရောက်လာသနည်းဆိုသည်ကို သူမ မသိရှိချေ။ ဆဋ္ဌမအဆင့် အထွတ်အထိပ်သန်မာသူ၏ စွမ်းအားမှာ ဆဋ္ဌမအဆင့်အစောပိုင်းထက် အဆပေါင်းများစွာ သန်မာလှပြီး အနှစ်သာရချင်းပင် ကွဲပြားလှသည် မဟုတ်ပါလော။
နှစ်ဦးသား ခေတ္တမျှ စကားပြောဆိုပြီးနောက် မိုးကောင်ကင်မှာ တဖြည်းဖြည်း မှောင်လာပြီး လခြမ်းလေးမှာ ပေါ်ထွက်လာတော့သည်။
လော့ချန်က နေရာမှ ထရပ်လိုက်သည်။
“မမလော့ယောင်... ကျွန်တော့်အတွက် ကျင့်ကြံဖို့အခန်းတစ်ခန်းလောက် စီစဉ်ပေးပါဦး...”
မိုးချုပ်နေပြီဖြစ်ရာ လော့ချန်သည် ကောင်းကင်ယံဓားစွမ်းရည်ကို ကျင့်ကြံရန် အလွန်တရာစိတ်အားထက်သန်နေတော့သည်။ ထို့ကြောင့် တစ်ညအိပ်နားပြီးမှ မနက်ဖြန်တွင် ထွက်ခွာရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
“ပြီးတော့...”
လက်ချောင်းလေးတစ်ချက် ပွတ်ဆွဲလိုက်ရာ လော့ချန်ရှေ့တွင် ဝိညာဉ်ဆေးလုံး သုံးသောင်းကျော်ပါဝင်သည့် သေတ္တာကြီးအချို့ထွက်ပေါ်လာသည်။
“ဒါက ဘာလဲ...”
လော့ယောင်က နားမလည်နိုင်သောမျက်လုံးများဖြင့် ကြည့်သည်။ လော့ချန်က ဆိုလိုက်၏။
“ကျွန်တော့်ရဲ့စိတ်ဝိညာဉ်စွမ်းအားကို ပြန်ဖြည့်ပေးနိုင်တဲ့ ဝိညာဉ်ဆေးလုံးတွေ လိုချင်ပါတယ်... ပြီးတော့ ကြယ်လေးပွင့်ဝိညာဉ်ကျောက်တွေလည်း လိုချင်တယ်...”
ကျင့်ကြံမှုအဆင့် တက်လာသည်နှင့်အမျှ လော့ချန်၏ ဝါးမျိုခြင်းစွမ်းရည်မှာလည်း အလွန်အမင်း တိုးတက်လာခဲ့သည်။ သူ၏ကိုယ်ပေါ်ရှိ ဝိညာဉ်ကျောက် တစ်ရာကျော်မှာလည်း ကုန်လုနီးပါး ဖြစ်နေပြီ ဖြစ်သည်။ လော့ယောင်၏မျက်လုံးများတွင် အံ့သြမှုအရိပ်အယောင်များ ပေါ်လာတော့သည်။ ပြီးခဲ့သည့်အကြိမ်က လော့ချန် လင်ကျန်းမြို့သို့ လာခဲ့စဉ်က ဝိညာဉ်ကျောက် တစ်ရာကျော်ကို ယူသွားခဲ့သည် မဟုတ်ပါလော။
သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူများသည် ဝိညာဉ်ကျောက်ကို အသုံးပြု၍ တိုက်ရိုက်ကျင့်ကြံနိုင်စွမ်း မရှိကြချေ။ သို့သော် လော့ချန်က ဤမျှမြန်မြန်ဆန်ဆန်နှင့် ဝိညာဉ်ကျောက်များကို ထပ်မံဝယ်ယူလိုနေသည်လား။
လော့ယောင်က အများကြီးထပ်မမေးတော့ဘဲ ပြုံးလျက် ဆိုလိုက်သည်။
“ငါ့ဆီမှာဆိုရင် မင်း ပိုက်ဆံပေးစရာ မလိုပါဘူး...”
လော့ချန်က ခေါင်းခါယမ်းသည်။
“ကျွန်တော် နယ်မြေအဆင့်စာရင်းထဲ ဝင်ပြီးမှပဲ ပြောကြတာပေါ့... ကျွန်တော့်မှာလည်း ငွေအတော်လေး ရှိနေလို့ပါ...”
လော့ယောင်က သူ့ကို အကြိမ်ကြိမ် ကူညီခဲ့ဖူးသည်။ ဤတစ်ကြိမ်တွင်လည်း မိသားစုအင်အားကို အသုံးပြုကာ ရွှေဒင်္ဂါးကုဋေတစ်သောင်းကျော်နှင့် လူအင်အားများစွာ အသုံးပြုပြီး သူ့အတွက် ကောင်းကင်ယံဓားစွမ်းရည်ကို ရှာဖွေပေးခဲ့သည်။ ဤသည်မှာပင် ကြီးမားလှသော ကျေးဇူးတရား ဖြစ်နေပေပြီ။ နှစ်ဦးသားမှာ အပေးအယူလုပ်ထားသည့် ဆက်ဆံရေးမျိုးသာဖြစ်ရာ ဆက်လက်၍ အလကားရယူနေမည်ဆိုပါက အလွန်တရာ လောဘကြီးရာ ရောက်ပေလိမ့်မည်။
၎င်းမှာ လော့ချန်၏စရိုက်နှင့် မကိုက်ညီပေ။ နယ်မြေအဆင့်စာရင်းထဲဝင်ပြီး လော့ယောင်က မိသားစုကို ရှင်းပြနိုင်သည့်အချိန်မတိုင်မီအထိ တစ်ဖက်လူအပေါ် ကျေးဇူးကြွေး ထပ်မတင်လိုတော့ဟု လော့ချန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
“မင်းက တကယ်ပဲ နယ်မြေအဆင့်စာရင်းထဲ ဝင်ဖို့ စိတ်ကူးနေတာလား...”
လော့ယောင်က အံ့အားသင့်စွာ မေးသည်။ လော့ချန်၏မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။
“အဲ့ဒီအချိန်ကျရင် မမလော့ယောင်က ကျွန်တော့်ကို အပိုင်ပေးမယ်ဆိုတဲ့ကတိကို မမေ့ပါနဲ့ဦး...”
“ဒီကောင်လေးကတော့ တကယ်ပဲ... မင်းက ငယ်လွန်းသေးတယ်...”
လော့ယောင်းက ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်ပြီး အားမူကို လော့ချန်အား ကျင့်ကြံရေးအခန်းသို့ ခေါ်သွားခိုင်းလိုက်ကာ သူမကိုယ်တိုင်မှာမူ ဝိညာဉ်ဆေးလုံးများနှင့် ဝိညာဉ်ကျောက်များကို သွားရောက်ပြင်ဆင်ပေးတော့သည်။
ညဉ့်ဦးယံအချိန်သို့ ရောက်ရှိလာပြီး လမင်းကြီးမှာ မြင့်မားစွာ ထိန်ထိန်သာနေတော့သည်။ လင်ယွမ်ပြတိုက်၏ ကျင့်ကြံရေးအခန်းတစ်ခုအတွင်း၌ လော့ချန်သည် ဝင်္ကပါပုံစံထိုင်ကာ ကောင်းကင်ယံဓားစွမ်းရည်သိုင်းကျမ်းကို ဖတ်ရှုနေသည်။
သိုင်းကျမ်းပေါ်တွင် မှတ်တမ်းတင်ထားသော သိုင်းကွက်လေးကွက်မှာ ကြယ်တာရာကြွေကျခြင်း၊ လမင်းအားဆန့်ကျင်ခြင်း၊ မြေကမ္ဘာအားခွဲထုတ်ခြင်း၊ ဟင်းလင်းပြင်အားသတ်ဖြတ်ခြင်းတို့ပင် ဖြစ်ကြသည်။
“လေ၊ တိမ်၊ မိုးကြိုး၊ လျှပ်စီး... ပြီးတော့ ကြယ်၊ လ၊ မြေ၊ ဟင်းလင်းပြင်...”
“ကြည့်ရတာ ကောင်းကင်ယံဓားစွမ်းရည်ရဲ့ သိုင်းကွက်တိုင်းက စွမ်းအားတစ်မျိုး၊ အသိတစ်ခုစီကို ကိုယ်စားပြုနေတာပဲ... ဒီလိုမျိုးဓားသိုင်းကို ဘယ်လိုလူမျိုးက ဖန်တီးခဲ့တာလဲဆိုတာ တကယ်ကို သိချင်မိသား...”
လော့ချန်သည် မနေနိုင်ဘဲ ချီးကျူးမိတော့သည်။ ဤကဲ့သို့သော ဓားသိုင်းကို ဖန်တီးနိုင်ရန်အတွက် အသိတစ်ခုချင်းစီတွင် လွန်စွာနက်နဲသော အသိအမြင်များ ရှိနေရမည် ဖြစ်သည်။ ထိုမှသာ စွမ်းအားအမျိုးမျိုးကို စုစည်းကာ ကောင်းကင်ယံဓားစွမ်းရည်ကို ဖန်တီးနိုင်မည် မဟုတ်ပါလော။ ကောင်းကင်ယံဓားစွမ်းရည်ကို ဖန်တီးခဲ့သူမှာ သေချာပေါက်ပင် ကမ္ဘာကိုတုန်လှုပ်စေနိုင်သည့် ပြိုင်ဘက်ကင်း ဓားသမားကြီးတစ်ဦး ဖြစ်ရမည်ဟု လော့ချန် ယုံကြည်လိုက်သည်။
“ပဉ္စမသိုင်းကွက်ကို အရင်ကြည့်ရမယ်...”
အသက်ကို ပြင်းပြင်းတစ်ချက်ရှူလိုက်ရင်း လော့ချန်သည် စိတ်ကို တည်ငြိမ်အောင်ထားလိုက်ကာ ပဉ္စမသိုင်းကွက်ဖြစ်သော ကြယ်တာရာကြွေကျခြင်း၏ ကျင့်စဉ်များကို စတင်လေ့လာတော့သည်။ ဤသိုင်းကွက်မှာ အမည်နှင့်လိုက်ဖက်စွာပင် အလွန်တရာထက်မြက်ပြီး စွမ်းအားကြီးမားလှကာ ပေါက်ကွဲအားကို အဓိကထားသော သိုင်းကွက်တစ်ခု ဖြစ်သည်။ ကျင့်ကြံအောင်မြင်ပြီးနောက်တွင် ဓားအရှိန်အဝါမှာ ကြယ်တာရာများ ကြွေကျလာသည့်နှယ် ပြင်းထန်လှပြီး ကြီးမားသောဓားဖိအားဖြင့်ပင် ရန်သူကို သတ်ဖြတ်နိုင်ပေလိမ့်မည်။
“ကြယ်တာရာကြွေကျခြင်း... ကြယ်တာရာကြွေကျခြင်း...”
သိုင်းကျမ်းလာ စာသားများကို စိတ်ထဲတွင် အကြိမ်ကြိမ်ရွတ်ဆိုနေရင်း လော့ချန်သည် ကျယ်ပြောလှသော ညကောင်းကင်ယံကို မော့ကြည့်လိုက်သည်။ ညအမှောင်ထုမှာ မင်နက်သဖွယ် မည်းမှောင်နေပြီး ကြယ်တာရာများမှာမူ လွန်စွာတောက်ပနေတော့သည်။ ကြယ်တာရာများ စုစည်းနေသည်မှာ မြစ်ကြီးတစ်စင်းနှယ်ရှိနေပြီး အရှိန်အဝါမှာ လွန်စွာကြီးမားလှပေသည်။ ထိုတောက်ပလှသော ကြယ်စင်မြစ်ကြီးကို ကြည့်ရင်း လော့ချန်၏စိတ်မှာ ထိုအထဲတွင် နစ်ဝင်သွားရကာ တစ်ကမ္ဘာလုံးတွင် ကြယ်အလင်းတန်းများနှင့် သိုင်းကျမ်းစာသားများသာ ကျန်ရှိတော့ပြီး အချိန်ကုန်သွားသည်ကိုပင် မေ့လျော့နေတော့သည်။
ကောင်းကင်ယံတွင် အရုဏ်ဦးအလင်းတန်းများ တဖြည်းဖြည်း ပေါ်ထွက်လာတော့သည်။ နောက်ဆုံးကျန်ရှိသော ကြယ်ပွင့်လေး ပျောက်ကွယ်သွားသည့် တစ်ခဏ...။
ရုတ်တရက် လေပြည်ညင်းလေးတစ်ခု တိုက်ခတ်သွားသည်။
လော့ချန်သည် မျက်လုံးများကို ဖွင့်လိုက်ရာ သူ၏မျက်ဝန်းအိမ်အတွင်း၌ ကြယ်အလင်းတန်းများ ဝင်းလက်နေသည့်နှယ်ရှိနေပြီး လျှပ်စီးဓားမှာလည်း တစ်ခဏအတွင်း အိမ်မှထွက်လာကာ တည့်တည့်မတ်မတ် ပိုင်းဖြတ်လိုက်တော့သည်။
"ဘုန်း..."
ရိုးရှင်းလှသော ဓားတစ်ချက်ဟု ထင်ရသော်လည်း ပိုင်းဖြတ်လိုက်သည့် တစ်ခဏတွင်မူ မည်သည့်အရာကိုမဆို ဖျက်ဆီးပစ်နိုင်သည့် ပေါက်ကွဲအားများ ထွက်ပေါ်လာပြီး ဓားစွမ်းအင်များမှာ ရေတံခွန်တစ်ခုနှယ် ကျဆင်းလာကာ အရာရာကို နင်းခြေဖျက်ဆီးပစ်တော့မည့်အလား ရှိနေတော့သည်။
"ဘုန်း..."
လေ့ကျင့်ရေးကွင်း၏ အစွန်းတွင်ရှိသော သွေးကြောနိုးကြားမှုနယ်ပယ် အစောပိုင်းသန်မာသူ၏ ကာကွယ်ရေးကို ကိုယ်စားပြုသည့် လေ့ကျင့်ရေးတိုင်မှာ ပြင်းထန်လှသော ဓားဖိအားကြောင့် တိုက်ရိုက်ပင် ပေါက်ကွဲပျက်စီးသွားတော့သည်။ အပိုင်းအစများမှာလည်း ဓားစွမ်းအင်များကြောင့် မှုန့်မှုန့်ညက်ညက် ကြေသွားခဲ့သည်။
"ဝုန်း..."
လော့ချန်သည် အားမရသေးသဖြင့် ၄၀ ရာခိုင်နှုန်းဓားဆန္ဒကို လှုံ့ဆော်လိုက်ရာ သူ၏ကိုယ်ပေါ်မှ ထက်မြက်မှုများမှာ တရှိန်ထိုး မြင့်တက်လာတော့သည်။
“ကြယ်တာရာကြွေကျခြင်း...”
ဒေါသတကြီး အော်ဟစ်လိုက်ရင်း လော့ချန်သည် အတိုင်းအဆမရှိသော ပေါက်ကွဲအားများဖြင့် နောက်ထပ်ဓားတစ်ချက်ကို ပိုင်းဖြတ်လိုက်ပြန်သည်။
"ဂျွတ်..."
တစ်ခုလုံးသော လေ့ကျင့်ရေးကွင်းမှာ ပြင်းထန်စွာ တုန်ခါသွားရပြီး သွေးကြောနိုးကြားမှုနယ်ပယ် အလယ်အလတ်အဆင့်၏ အမြင့်ဆုံးကာကွယ်ရေးကို ကိုယ်စားပြုသည့် လေ့ကျင့်ရေးတိုင်ပေါ်တွင် ဧရာမဓားရာကြီးတစ်ခု ထင်ကျန်ရစ်ခဲ့ကာ ပြတ်တောက်လုနီးပါး ဖြစ်သွားခဲ့ရသည်။ ပြင်းထန်လှသော ဓားဖိအားကြောင့် လေထုမှာ ရေပြင်နှယ် တုန်ခါနေတော့သည်။
“ဘယ်လောက်တောင် သန်မာတဲ့သိုင်းကွက်လဲ... အစအနလေးပဲ နားလည်သေးတာတောင် စွမ်းအားက ရှေ့ပြေးသိုင်းကွက်လေးကွက်ထက် အများကြီး သာလွန်နေပြီပဲ... နတ်ဆိုးမုန်တိုင်း နဲ့ ယှဉ်လိုက်မယ်ဆိုရင်တောင် သိပ်မကွာတော့ဘူး... အနည်းဆုံး နတ်ဆိုးမုန်တိုင်း ရဲ့ ၆၀ ကနေ ၇၀ ရာခိုင်နှုန်းလောက်အထိ စွမ်းအားရှိနေပြီ...”
လော့ချန်၏အသံတွင် ဝမ်းသာမှုများကို ဖုံးကွယ်၍ မရတော့ပေ။ သူသည် ကျင့်ကြံကြည့်ရုံသာ စိတ်ကူးခဲ့ခြင်း ဖြစ်သည်။ တစ်ညအတွင်းမှာတင် ကျင့်ကြံအောင်မြင်လိမ့်မည်ဟု သူ လုံးဝမထင်ထားခဲ့ပေ။ ဘာပဲဖြစ်ဖြစ် ကြယ်တာရာကြွေကျခြင်းမှာ အနည်းဆုံး ကြယ်ငါးပွင့်အဆင့် ဓားသိုင်းဖြစ်ရာ ကျင့်ကြံရန် လွယ်ကူလှသည် မဟုတ်ပါချေ။ သို့သော်လည်း အရာရာမှာ ထင်ထားသည်ထက် ပိုမိုချောမွေ့နေခဲ့သည်။ တစ်ညအတွင်းမှာတင် သူသည် ကြယ်တာရာကြွေကျခြင်း ကို အခြေခံအဆင့်အထိ ကျင့်ကြံအောင်မြင်ခဲ့ပြီ ဖြစ်သည်။
“ဒါက ငါ့ရဲ့ဓားဆန္ဒ အကြီးအကျယ်တိုးတက်လာလို့ အခြေခံတွေ ခိုင်မာသွားတဲ့အတွက်ကြောင့်များလား...”
လော့ချန်သည် အဖြေတစ်ခုကို ရှာတွေ့လိုက်သည်။ ဤအဖြေမှာသာ အဆီလျော်ဆုံး ဖြစ်ပေလိမ့်မည်။ ဓားဆန္ဒ ဆိုသည်မှာ ဓားသမားတစ်ဦး၏ ဓားလမ်းစဉ်အပေါ် နားလည်မှုကို ကိုယ်စားပြုသည်။ ဓားဆန္ဒ တိုးတက်လာခြင်းသည် ဓားသမားတစ်ဦး၏ ကဏ္ဍပေါင်းစုံကို သက်ရောက်မှုရှိစေပြီး တိုက်ခိုက်ရေးစွမ်းအား တစ်ခုတည်းတင် မကပေ။
“ထွက်ခွာဖို့ အချိန်တန်ပြီ...”
ကောင်းကင်ယံရှိ အလင်းရောင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် လော့ချန်သည် ဓားကို အိမ်ထဲသို့ ပြန်ထည့်လိုက်သည်။ သူ့ကို လိုက်လံသတ်ဖြတ်မည့် တပည့်ကြီးငါးဦးနှင့် ဆွန်မိသားစုဝင်များကို တွေးမိလိုက်သည့်အခါ သူ၏မျက်လုံးများတွင် အေးစက်သော အလင်းတန်းများ ဖြာထွက်လာတော့သည်။
“စစ်မှန်တဲ့တိုက်ပွဲကသာ အကောင်းဆုံးကျင့်ကြံခြင်းပဲ... ငါ့ရဲ့ဓားသစ်ကို စမ်းသပ်ဖို့အတွက် ဒီလူတွေကို အသုံးချရမယ်...”
အေးစက်စွာ ရယ်မောလိုက်ရင်း လော့ချန်သည် ခြံဝန်းတံခါးကို ဖွင့်ကာ အပြင်သို့ ထွက်လာခဲ့တော့သည်။
အခန်း (၄၆၄) ပြီးပါပြီ။
အခန်း ၄၆၅ - မင်းတို့ ငါ့ကို ရှာနေတာလား
လော့ချန်သည် ခြံဝန်းတံခါးမှ ထွက်လာရုံရှိသေးသော်လည်း လော့ယောင်နှင့် အားမူတို့ကို မော့ကြည့်လိုက်ရသည်။ လော့ယောင်သည် ပါးလွှာသော ဝတ်စုံကို ဝတ်ဆင်ထားသဖြင့် ဆီးနှင်းသဖွယ် ဖြူစင်သော ပခုံးသားလေးများမှာ ပေါ်လွင်နေပြီး လက်မောင်းနှစ်ဖက်မှာလည်း ဝင်းလက်နေကာ တစ်ကိုယ်လုံးမှာ ဆွဲဆောင်မှုရှိသော အလင်းတန်းများ ဖြာထွက်နေတော့သည်။
လော့ချန်၏စိတ်ထဲတွင် တစ်ခဏမျှ ငေးမောသွားရသည်။
“မမလော့ယောင်... မင်္ဂလာပါ...”
လော့ယောင်၏မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။
“ဒီလောက်အစောကြီး ထွက်သွားတော့မလို့လား...”
“ကျွန်တော် မပြန်တာ ကြာပြီလေ... ပြီးတော့ ပြဿနာတွေကလည်း အများကြီး ဖြစ်နေတာဆိုတော့...”
ကောင်းကင်ယံဓားစွမ်းရည်ကို ချက်ချင်း ကျင့်ကြံလိုခြင်း မရှိသေးလျှင် လော့ချန်သည် ယခင်နေ့ညကတည်းက ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။ လော့ယောင်က ခေါင်းညိတ်လိုက်ရင်း သစ်သားသေတ္တာ နှစ်လုံးကို ထုတ်ယူလိုက်သည်။
“ဒီထဲမှာ မင်းလိုအပ်တဲ့ ဝိညာဉ်ဆေးလုံးတွေနဲ့ ဝိညာဉ်ကျောက်တွေ ပါတယ်... ပြတိုက်ထဲမှာ စိတ်ဝိညာဉ်စွမ်းအားကို ဖြည့်ပေးနိုင်တဲ့ ဆေးလုံးက သိပ်မရှိဘူး... စုစုပေါင်း ၄၃ လုံးပဲ ရှိတယ်...”
“ကျန်တဲ့ ဝိညာဉ်ဆေးလုံးတွေကိုတော့ ဝိညာဉ်ကျောက်တွေနဲ့ လဲပေးထားတယ်... ကြယ်လေးပွင့် အစောပိုင်းအဆင့် ဝိညာဉ်ကျောက် ၇၇ လုံးနဲ့ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက် ၁၁ လုံးပေါ့... ဈေးနှုန်းကိုတော့ ပြတိုက်ရဲ့ ဈေးနှုန်းအတိုင်း ၄၀ ရာခိုင်နှုန်း လျှော့ပေးထားတယ်... မင်း တစ်ချက် စစ်ကြည့်လိုက်ဦး...”
လော့ချန်သည် သစ်သားသေတ္တာကို ဖွင့်ကာ အသာအယာ ကြည့်လိုက်ရုံနှင့်ပင် စိတ်ထဲမှ အံ့အားသင့်သွားရသည်။ ၄၀ ရာခိုင်နှုန်း လျှော့ဈေးနှင့် တွက်လျှင်ပင် ဤအရာများ၏ တန်ဖိုးမှာ ဝိညာဉ်ဆေးလုံး သုံးသောင်းထက် အဆပေါင်းများစွာ သာလွန်နေမည်မှာ သေချာလှသည်။ စိတ်ဝိညာဉ်စွမ်းအားကို ဖြည့်ပေးနိုင်သော ဆေးလုံးများမှာ ရှားပါးလှပြီး ဆေးလုံးတစ်လုံး၏ တန်ဖိုးမှာ သုံးသန်းမှ ငါးသန်းအထိ ရှိတတ်သည်။
၄၃ လုံးသော ဆေးလုံးအများစုမှာ ကြယ်လေးပွင့် ထိပ်သီးအဆင့်ရှိသော စိတ်ကြည်လင်ဆေးလုံးများ ဖြစ်ကြသည်။ ကြယ်လေးပွင့် ဝိညာဉ်ကျောက်များမှာလည်း ဈေးမပေါပေ။ အညံ့ဆုံးဖြစ်သည့် အစောပိုင်းအဆင့် ဝိညာဉ်ကျောက် တစ်လုံးပင်လျှင် တန်ဖိုးမှာ နှစ်သန်းကျော် ရှိသည်။ လော့ချန်၏ အကြမ်းဖျင်း တွက်ချက်မှုအရ ဤအရာများ၏ တန်ဖိုးမှာ ဝိညာဉ်ဆေးလုံး ခုနစ်သောင်းနီးပါး ရှိပေလိမ့်မည်။ ၄၀ ရာခိုင်နှုန်း လျှော့ဈေးနှင့်ပင် ရွှေဒင်္ဂါးသန်းလေးရာ ကျော်ပေလိမ့်မည်။
လော့ချန်သည် အားနာမနေတော့ဘဲ လက်ဝှေ့ယမ်းကာ သစ်သားသေတ္တာများကို သိမ်းဆည်းလိုက်သည်။
“မမလော့ယောင်ကို ကျေးဇူးတင်ပါတယ်... ကျွန်တော် သေချာပေါက် ကျေနပ်စရာကောင်းတဲ့ ရလဒ်တစ်ခု ပြန်ပေးပါ့မယ်...”
လော့ယောင်က ရယ်မောလိုက်သည်။
“မင်းပြောပုံက ငါ့ကို အမြတ်ကြီးစားတဲ့ ကုန်သည်တစ်ယောက် ကျနေတာပဲ ဟွန့်...”
နှစ်ဦးသား ခေတ္တမျှ ထပ်မံ စကားပြောဆိုပြီးနောက် လော့ချန်သည် နှုတ်ဆက်ကာ ထွက်ခွာလာခဲ့သည်။ ထွက်ခွာသွားသော လော့ချန်၏ နောက်ကျောကို ကြည့်ရင်း အားမူက မနေနိုင်ဘဲ ပြောလိုက်၏။
“သခင်မလေး... တကယ်ပဲ လိုက်ကြည့်ဖို့ မလိုဘူးလား... တစ်ဖက်မှာ သွေးကြောနိုးကြားမှုနယ်ပယ် ဆဋ္ဌမအဆင့် အထွတ်အထိပ် သန်မာသူ ရှိနေတာနော်... လူလည်း အများကြီးပဲလေ...”
“စိုးရိမ်မနေပါနဲ့...”
လော့ယောင်က ခပ်ဖွဖွ ခေါင်းခါယမ်းလိုက်ရင်း လေ့ကျင့်ရေးကွင်းဆီသို့ ညွှန်ပြလိုက်သည်။
“ကြည့်လိုက်ဦး...”
အားမူ လှည့်ကြည့်လိုက်သည့် တစ်ခဏမှာပင် သူမ၏ အကြည့်မှာ တုံ့ခနဲ ရပ်တန့်သွားရတော့သည်။ လေ့ကျင့်ရေးကွင်းအတွင်းရှိ သွေးကြောနိုးကြားမှုနယ်ပယ် အလယ်အလတ်အဆင့်၏ အမြင့်ဆုံး ကာကွယ်ရေးကို ကိုယ်စားပြုသည့် လေ့ကျင့်ရေးတိုင်ပေါ်တွင် ဧရာမ ဓားရာကြီးတစ်ခု ရှိနေပြီး ပြတ်တောက်လုနီးပါး ဖြစ်နေသည် မဟုတ်ပါလော။
“ဒါ... ဒါက ကြောက်စရာကောင်းတဲ့ ဓားတစ်ချက်ပဲ... ဆဋ္ဌမအဆင့် အထွတ်အထိပ် သန်မာသူတစ်ယောက်တောင် ဒီဓားချက်ကို တားနိုင်ဖို့ ခဲယဉ်းလိမ့်မယ်...”
“သူက တတိယအဆင့် အထွတ်အထိပ်မှာပဲ ရှိသေးတာလေ... စွမ်းအားက ဘယ်လိုလုပ်ပြီး ဒီလောက်အထိ သန်မာနေရတာလဲ... ၄၀ ရာခိုင်နှုန်း ဓားဆန္ဒ ရှိနေရင်တောင် ဒီလောက်အထိ စွမ်းအားမရှိနိုင်ပါဘူး...”
အားမူမှာ မှင်တက်မိနေပြီး မယုံနိုင်အောင် ဖြစ်နေရသည်။
“၄၀ ရာခိုင်နှုန်း ဓားဆန္ဒ ရှိရုံနဲ့တော့ မဖြစ်နိုင်ဘူးပေါ့... ဒါပေမဲ့ သူက လုပ်နိုင်ခဲ့တယ်လေ...”
လော့ယောင်ကိုယ်တိုင်ပင်လျှင် အနည်းငယ် အံ့အားသင့်နေမိသည်။ လော့ချန်ကို သူမ အထင်သေးခဲ့မိကြောင်း သတိပြုမိလိုက်၏။
“အားမူ... မင်းပြောကြည့်စမ်း... သူ တကယ်ပဲ နယ်မြေအဆင့်စာရင်းထဲကို ဝင်နိုင်မလား...”
“ဒါ... ကျွန်မ မသိဘူး... ဒါပေမဲ့ သူသာ နယ်မြေအဆင့်စာရင်းထဲကို ဝင်ပြီး နံပါတ်ကောင်းကောင်း ရခဲ့မယ်ဆိုရင် သခင်မလေးက မိသားစုထဲမှာ နေရာတစ်ခု ရလာမှာပဲ... အနည်းဆုံးတော့ အကြီးဆုံး သခင်မလေးရဲ့ မျက်နှာကို ကြည့်နေစရာ မလိုတော့ဘူးပေါ့...”
အားမူသည် ယခင်က လော့ချန် နယ်မြေအဆင့်စာရင်း ထဲသို့ ဝင်နိုင်မည်ဟု မယုံကြည်ခဲ့ပေ။ သို့သော် ဤဓားချက်က သူမ၏ စိတ်ကို လှုပ်ခတ်သွားစေခဲ့သည်။ တစ်ခုခုကို သတိရသွားသည့်နှယ် အားမူက ပြုံးစစဖြင့် ဆိုလိုက်၏။
“ဒါနဲ့... သခင်မလေး... လော့ချန်သာ နယ်မြေအဆင့်စာရင်း ထဲကို ဝင်သွားရင် သခင်မလေး ပေးထားတဲ့ ကတိက ဘယ်လိုလုပ်မလဲ...”
“ဘာကတိလဲ... ဟာ... ဒီကောင်မလေးကတော့ ငါ့ကို ပြန်ပြီး နောက်ပြောင်နေတာလား...”
...
လင်ကျန်းမြို့မှ ထွက်လာပြီးနောက် လော့ချန်သည် မီးလျှံရတနာခြင်္သေ့မြင်းကို စီးနင်းကာ ချီရှန်မြို့ဘက်သို့ တဟုန်ထိုး ခရီးနှင်ခဲ့သည်။
ခရီးနှင်နေစဉ် လော့ချန်သည် သူ၏ဝိညာဉ်စွမ်းအားကို ဖြန့်ကျက်ကာ မိုင်အနည်းငယ်အတွင်းကို လွှမ်းခြုံထားလိုက်သည်။ ယခုရက်ပိုင်းအတွင်း သူ၏ဝိညာဉ်စွမ်းအားမှာ အတော်လေး တိုးတက်လာခဲ့ပြီ ဖြစ်သည်။ အထူးသဖြင့် ခန္ဓာသန့်စင်ကန်တွင် ကျင့်ကြံခဲ့စဉ်က ရွှေရောင်ဝိညာဉ်အာရုံမှာ ၃၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းခန့်အထိ ကျယ်ပြန့်လာခဲ့သည်။ ၎င်းမှာ ဓားဘုရင်၏ဆန္ဒကို ဝါးမျိုမိခဲ့ခြင်းကြောင့် ဖြစ်ရမည်ဟု လော့ချန် ခန့်မှန်းလိုက်သည်။
ဝိညာဉ်စွမ်းအား တိုးတက်လာသည်နှင့်အမျှ လော့ချန်၏ အာရုံခံစားမှုမှာလည်း အလွန်အမင်း သန်မာလာခဲ့သည်။ သူ၏ အာရုံကို အစွမ်းကုန် ဖြန့်ကြက်လိုက်ပါက မိုင်အတော်လေးအထိ အာရုံခံနိုင်ပေလိမ့်မည်။
“ဟင်... လာပြီပဲ...”
လော့ချန်သည် လှည့်မကြည့်ဘဲ မိုင်အနည်းငယ်အကွာရှိ တိမ်တိုက်များအထက်တွင် ပြင်းထန်သော အရှိန်အဝါ သုံးခု ရှိနေသည်ကို ထင်ရှားစွာ သိမြင်လိုက်ရ၏။ ထိုသူတို့မှာ သူ့နောက်သို့ တကောက်ကောက် လိုက်နေကြခြင်း ဖြစ်သည်။ ဝတ်စုံစိမ်းနှင့် အမျိုးသမီးတစ်ဦး၊ ဝတ်စုံနက်နှင့် လူငယ်တစ်ဦး၊ ၎င်းပြင် မီးခိုးရောင်ဝတ်ရုံဝတ် အဖိုးအိုတစ်ဦး။ ၎င်းတို့မှာ လင်ကျန်းမြို့သို့ သူ ဝင်ရောက်စဉ်က နောက်ယောင်ခံလိုက်ခဲ့သော လူသုံးဦးပင် ဖြစ်သည်။
“ဟေ... တပည့်ကြီး ငါးဦး ရှိတာ မဟုတ်ဘူးလား... ဘာလို့ နှစ်ယောက်ပဲ ရှိတာလဲ... ဆဋ္ဌမအဆင့် အထွတ်အထိပ် သန်မာသူလည်း ပါမလာဘူးပဲ...”
လော့ချန်က တစ်ချက် မျက်မှောင်ကြုတ်လိုက်သည်။ လော့ယောင်၏ သတင်းမှာ မှားယွင်းရန် မဖြစ်နိုင်ပေ။ သူသည် ခေတ္တမျှ စဉ်းစားပြီးနောက် ချက်ချင်း လက်မလှုပ်သေးဘဲ အခြေအနေကို စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ မဟုတ်ပါက ရန်သူကို လှန့်လိုက်သလို ဖြစ်နေပေလိမ့်မည်။
မီးလျှံရတနာမြင်းမှာ အရှိန်အဟုန်ဖြင့် ခရီးနှင်နေသည်။ တစ်ခဏအတွင်းမှာပင် လင်ကျန်းမြို့နှင့် မိုင်ရာချီ ဝေးကွာသွားပြီး ရှေ့တွင် တောင်တန်းကြီးတစ်ခု ရှိနေတော့သည်။
“အခုထိ မလာသေးဘူးလား...”
လော့ချန်သည် ကျန်ရှိသော တပည့်ကြီး သုံးဦးမှာလည်း မကြာမီ ပေါ်လာလိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း ရန်သူမှာ ပေါ်မလာသေးချေ။ သူ့နောက်မှ လိုက်နေသော လူသုံးဦးမှာလည်း တိုက်ခိုက်မည့် အရိပ်အယောင် မရှိသေးပေ။
“ထားပါတော့... ဒါဆိုရင်လည်း မင်းတို့ကို အရင်ဆုံး စာရင်းရှင်းလိုက်မယ်...”
လော့ချန်သည် တွန့်ဆုတ်မနေတော့ဘဲ မြင်းကို အရှိန်မြှင့်တင်လိုက်ကာ တောင်ကြားလမ်းတစ်ခုဆီသို့ တဟုန်ထိုး ပြေးဝင်သွားတော့သည်။
ကောင်းကင်ယံရှိ တိမ်တိုက်များကြားတွင် ကိုယ်ရိပ် သုံးခုမှာ ဝေဝါးစွာ ပေါ်နေ၏။ သူတို့သည် လော့ချန်နှင့် အကွာအဝေးတစ်ခုကို အမြဲထိန်းထားကြသည်။ ဤအကွာအဝေးမှာ သွေးကြောနိုးကြားမှုနယ်ပယ် အစောပိုင်းသန်မာသူတစ်ဦး၏ အာရုံခံစားမှုထက် ကျော်လွန်နေသဖြင့် သူတို့ကို လော့ချန်က တွေ့ရှိမည် မဟုတ်ဟု ယူဆနေကြခြင်း ဖြစ်သည်။
ဝတ်စုံနက်နှင့် လူငယ်သည် လော့ချန်၏ပုံရိပ်ကို ငုံ့ကြည့်လိုက်ရင်း လျှာဖြင့် နှုတ်ခမ်းကို သပ်လိုက်၏။
“စီနီယာအစ်မ... ကျွန်တော့်ကို ခွင့်ပြုပါ... သူ့ကို အခုပဲ ရှင်းလိုက်မယ်...”
ဝတ်စုံစိမ်းနှင့် အမျိုးသမီး ယွမ်လင်းက ခေါင်းခါယမ်းလိုက်သည်။
“မလောပါနဲ့... နာရီဝက်လောက်နေရင် စီနီယာအစ်ကိုကြီးတို့နဲ့ ဆုံကြလိမ့်မယ်... အဲ့ဒီအချိန်ကျမှ မင်း ကြိုက်သလို သတ်လို့ရတယ်...”
ဝတ်စုံနက်နှင့်လူငယ်က မကျေမနပ် နှုတ်ခမ်းမဲ့လိုက်သည်။
“သွေးကြောနိုးကြားမှုနယ်ပယ် အစောပိုင်းသန်မာသူလေးတစ်ယောက်ကိုများ ဘာလို့ ဒီလောက်အထိ အင်အားသုံးနေရတာလဲ... ကျွန်တော်တို့ လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံနဲ့တင် သူ့ကို သတ်နိုင်တာပဲလေ... စီနီယာအစ်ကိုကြီးကတော့ အမြဲတမ်း ကိစ္စသေးသေးလေးတွေကို အကြီးကြီး လုပ်တတ်တာပဲ...”
အကြီးအကဲဆွန် သည်လည်း စတုတ္ထအဆင့်တွင် ရှိနေသူဖြစ်ရာ ထိုသို့ပင် ယူဆနေသည်။
“သူ့ကို သတ်ပြီးရင် ငါတို့လည်း စောစောစီးစီး အိမ်ပြန်လို့ ရတာပေါ့...”
ယွမ်လင်းက စကားပြောရန် ပြင်လိုက်စဉ်မှာပင်... ရုတ်တရက် သူမ၏မျက်နှာမှာ ပြင်းထန်စွာ ပြောင်းလဲသွားတော့သည်။
“ဘယ်ရောက်သွားတာလဲ...”
အောက်ဘက်တွင် တောင်ကြားလမ်းတစ်ခု ရှိနေသည်။ သူမ ယခုတင်က လော့ချန်ကို မြင်တွေ့ခဲ့သော်လည်း တောင်တန်းများက အမြင်အာရုံကို ခဏမျှ ကာကွယ်လိုက်သည့် တစ်ခဏအတွင်း ထိုလူမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ မီးလျှံရတနာမြင်းသာ ရေကန်ဘေးတွင် ရေသောက်နေသည်ကို တွေ့လိုက်ရ၏။
“အဲ့ဒီကောင် ဘယ်ရောက်သွားတာလဲ...”
ဝတ်စုံနက်လူငယ်နှင့် အကြီးအကဲဆွန် တို့မှာလည်း မျက်နှာများ ပျက်သွားကြသည်။ ယွမ်လင်းက မျက်မှောင်ကြုတ်လိုက်ရင်း အလောတကြီး လှုံ့ဆော်လိုက်သည်။
“အမြန်ရှာကြ...”
“တောက်... စောစောစီးစီး သတ်လိုက်ရင် ဒီလို ပြဿနာတွေ ရှိမှာ မဟုတ်ဘူး...”
ဝတ်စုံနက်နှင့်လူငယ်က မကျေမနပ် ရေရွတ်လိုက်သည်။
ထိုစဉ်မှာပင်... သူတို့၏ နောက်ကျောဘက်မှ တည်ငြိမ်လှသော အသံတစ်ခု ထွက်ပေါ်လာတော့သည်။
“မင်းတို့ ငါ့ကို ရှာနေတာလား...”
ဤအသံကို ကြားလိုက်ရသည့် တစ်ခဏတွင် သုံးဦးစလုံး၏ နှလုံးသားများမှာ ပြင်းထန်စွာ တုန်ခါသွားရပြီး နောက်သို့ အလောတကြီး လှည့်ကြည့်လိုက်ကြ၏။ သူတို့၏ နောက်ကွယ်ရှိ တိမ်တိုက်များပေါ်တွင် ဝတ်စုံပြာနှင့် လူငယ်တစ်ဦးမှာ ရပ်နေပြီး ခါးတွင် ရတနာဓားတစ်စင်း ချိတ်ဆွဲထားလျက် မျက်နှာတွင် လှောင်ပြောင်သော အမူအရာ ရှိနေလေသည်။
“လော့ချန်...”
ယွမ်လင်း၏ မျက်လုံးများတွင် အံ့သြမှုများ ပြည့်နှက်နေသည်။ လော့ချန်သည် သူမ၏ အမြင်အာရုံမှ တစ်ခဏမျှသာ ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်သော်လည်း ဘယ်အချိန်က သူတို့၏ နောက်ကျောဘက်သို့ ရောက်ရှိနေခဲ့ရသနည်း။
လော့ချန်သည် ထိုသုံးဦးကို တည်ငြိမ်စွာ ကြည့်လိုက်ရင်း ပြောလိုက်သည်။
“ရှောင်လျဲ့အတွက် လက်စားချေဖို့ တပည့်ကြီး ငါးဦး လာတယ်ဆို... ဘာလို့ မင်းတို့ နှစ်ယောက်ပဲ ရှိတာလဲ... ကျန်တဲ့ သုံးယောက်ကော... သူတို့ကိုပါ ခေါ်လိုက်လေ... ငါ မင်းတို့ကို တစ်ခါတည်း လမ်းပို့ပေးမယ်...”
“ဘာ...”
ဤစကားကို ကြားသောအခါ သုံးဦးစလုံးမှာ လွန်စွာ အံ့အားသင့်သွားကြရ၏။
“ဟားဟားဟားဟား...”
ဝတ်စုံနက်နှင့်လူငယ်မှာ မနေနိုင်ဘဲ အော်ဟစ်ရယ်မောလိုက်တော့သည်။
“မင်းက မင်းကိုယ်မင်း ဘယ်သူများ မှတ်နေတာလဲ... သေခါနီးဖြစ်နေတာတောင် ဟိတ်ဟန်ထုတ်နေရသေးတယ်ပေါ့... မင်းကို သတ်ဖို့ စီနီယာအစ်ကိုကြီးတို့ လာနေစရာ မလိုပါဘူး... ငါ တစ်ယောက်တည်းနဲ့တင် လုံလောက်တယ်...”
“စီနီယာအစ်မ... ကျွန်တော် သွားပြီး သတ်လိုက်မယ်...”
“စီနီယာမောင်လေး ဝမ်... နေဦး...”
ယွမ်လင်းက တစ်ခုခု မှားယွင်းနေသည်ဟု ခံစားလိုက်ရသည်။ လော့ချန်သည် သူတို့ကို လိုက်လံသတ်ဖြတ်မည်ကို သိနေရက်နှင့် အဘယ်ကြောင့် ကိုယ်တိုင် ပေါ်လာရသနည်း။ သို့သော် ဝတ်စုံနက်နှင့်လူငယ်မှာမူ ရှေ့သို့ ပြေးထွက်သွားခဲ့ပြီ ဖြစ်သည်။
“မှတ်ထား... မင်းကို သတ်တဲ့လူက ငါ ဝမ်...”
ဝတ်စုံနက်နှင့်လူငယ်၏ကိုယ်ပေါ်မှ ချီစွမ်းအင်များ ပေါက်ကွဲထွက်လာပြီး သူ၏လက်သီးတွင် အမည်းရောင်အရှိန်အဝါများ လှည့်ပတ်နေလျက် တိုက်ခိုက်ရန် ပြင်လိုက်သည်။
ထိုစဉ်... ရုတ်တရက် ကမ္ဘာမြေကို လင်းထိန်သွားစေသော ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာ၏။
"ဖူး..."
သွေးများ ပန်းထွက်လာပြီး ဝတ်စုံနက်နှင့်လူငယ်မှာ စကားပင် ဆုံးအောင်မပြောလိုက်ရဘဲ ရပ်တန့်သွားကာ သူ၏မျက်နှာတွင် အလွန်အမင်း ထိတ်လန့်မှုများ ပေါ်လာတော့သည်။
သူသည် သူ၏ခန္ဓာကိုယ် နောက်ကျောဘက်ကို မြင်တွေ့လိုက်ရပြီး ၎င်းမှာ သူ့ဆီမှ လျင်မြန်စွာ ဝေးကွာသွားသည် မဟုတ်ပါလော။
အခန်း (၄၆၅) ပြီးပါပြီ။