အခန်း (၁၂၇၆-၁၂၇၈)
Vol. 86 Ch. 1276-1278
အခန်း( ၁၂၇၆ )
မီးနတ်ဘုရား အမြောက်၏ စွမ်းအား
သူ၏ စိတ်ခံစားချက်များကို တည်ငြိမ်အောင် လုပ်ပြီးနောက် ကွမ်းရန်က ထန်ကျိပင်အား
“ကျုပ်က ဒီကြယ်နယ်မြေကို ဖြတ်သန်းသွားရုံပါ။ နေထိုင်ဖို့ အစီအစဉ် မရှိပါဘူး။”
ကွမ်းရန်၏ တုံ့ပြန်မှုကို ကြားသောအခါ ထန်ကျိပင်၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။
နေထိုင်ဖို့ အစီအစဉ် မရှိဘူးဟုတ်လား။
တောင်ဝင်တောင်တန်း ကြယ်နယ်မြေမှ ထွက်ခွာပြီး ရှေ့ဆက်သွားမည် ဆိုပါက ဖရိုဖရဲကြယ်ပင်လယ်သာ ရှိတော့သည်။ အကယ်၍ တောင်ဝင်တောင်တန်း ကြယ်နယ်မြေတွင် မနေထိုင်ဘူး ဆိုပါက ဤလူသည် ဖရိုဖရဲကြယ်ပင်လယ်သို့ သွားရန် ရည်ရွယ်နေသည်ဟု ဆိုလိုခြင်း ဖြစ်သည်။
ဖရိုဖရဲကြယ်ပင်လယ် ဆိုတာ မည်သို့သော နေရာနည်း။
၎င်းသည် ရှနိုင်ငံ၏ အခြေခံအုတ်မြစ် ဖြစ်သည်။ တောင်ဝင်တောင်တန်း ကြယ်နယ်မြေမှ ကျင့်ကြံသူများပင်လျှင် ဝင်ရောက်ခွင့် မရမီ စစ်ဆေးခံကြရ၏။ ပြင်ပလူတစ်ယောက်ကို ဖရိုဖရဲကြယ်ပင်လယ်ထဲသို့ ဝင်ရောက်ခွင့် မည်သို့ ပေးနိုင်မည်နည်း။
ထန်ကျိပင်က အေးစက်စွာဖြင့်
“တောင်ဝင်တောင်တန်း ကြယ်နယ်မြေကနေ ထွက်ခွာပြီး ရှေ့ဆက်သွားရင် အမှောင်နယ်မြေကိုပဲ တွေ့ရလိမ့်မယ်။ မိတ်ဆွေ ကျင့်ကြံသူ ဘယ်ကို သွားချင်တယ် ဆိုတာ ကျွန်တော် မသိပေမဲ့ ခင်ဗျားရဲ့ ဘေးကင်းရေးအတွက် ကျေးဇူးပြုပြီး နောက်ပြန်လှည့်ပါ။”
ကွမ်းရန် မျက်ခုံးတွန့်လိုက်သည်။ ဤလူက သူ့အား ရှေ့ဆက်သွားခွင့် မပြုလိုကြောင်း ထင်ရှားနေသည်။
ထိုအချိန်တွင် သူ့ရှေ့မှောက်ရှိ လူနှင့် လုချန်းကို ကွမ်းရန် ချိတ်ဆက် တွေးတောခြင်း မရှိသေးပေ။ ဤလူက သူ့ကို အဘယ်ကြောင့် တားဆီးနေမှန်း မသိသော်လည်း ဤလူ၏ အင်အားသည် အနည်းဆုံး ပြန်လည်ပျက်စီးခြင်းအဆင့်တွင် ရှိနေသည်။ လုချန်းသည် အောက်ကမ္ဘာမှ ဒေသခံတစ်ဦးသာ ဖြစ်သဖြင့် ပြန်လည်ပျက်စီးခြင်းအဆင့် ကျင့်ကြံသူ တစ်ဦးနှင့် ပတ်သက်ဆက်နွှယ်မှု ရှိလိမ့်မည် မဟုတ်ပေ။
သို့သော် ပြန်လည်ပျက်စီးခြင်းအဆင့်ရှစ် ကျင့်ကြံသူ တစ်ဦး၏ ပိတ်ဆို့ခြင်းကို ခံထားရသဖြင့် အတင်းအဓမ္မ ဖြတ်ကျော်ရန်က အနည်းငယ် ခက်ခဲပေလိမ့်မည်။
အကယ်၍ သူသာ ဤအတားအဆီးကို မကျော်ဖြတ်နိုင်ပါက ထျန်းချန်ကမ္ဘာသို့ ရောက်ရှိနိုင်မည် မဟုတ်သလို လုချန်းကို သတ်ရန်လည်း မဖြစ်နိုင်တော့ပေ။
ကွမ်းရန်သည် သူ၏ စိတ်ခံစားချက်များကို တည်ငြိမ်အောင် ထပ်မံ ကြိုးစားလိုက်ပြီး အပြုံးရိပ်တစ်ခု ထွက်ပေါ်လာစေရန် အစွမ်းကုန် ကြိုးစားလျက်
“ကျင့်ကြံသူမိတ်ဆွေ။ ကျုပ်မှာ တကယ်ပဲ အရေးတကြီး ကိစ္စ ရှိနေလို့ပါ။ ကျေးဇူးပြုပြီး ကျုပ်ကို လမ်းဖယ်ပေးလို့ ရမလား။ တကယ်လို့ ရှေ့မှာ အမှောင်နယ်မြေ ရှိနေပြီး အဲ့ဒီထဲ ဝင်သွားလို့ ပိတ်မိသွားခဲ့ရင်လည်း အဲဒါ ကျုပ်ရဲ့ ကံဆိုးမှုပဲပေါ့။”
ကွမ်းရန်က ဤသို့ ပြောသည်ကို ကြားလျှင် ဤလူသည် ဖရိုဖရဲကြယ်ပင်လယ်နှင့် ထျန်းချန်ကမ္ဘာသို့ ဦးတည်နေကြောင်း ထန်ကျိပင် အခြေခံအားဖြင့် အတည်ပြုလိုက်ပြီး
“စိတ်မကောင်းပါဘူး။ ပြင်ပလူတွေကို တောင်ဝင်တောင်တန်း ကြယ်နယ်မြေထဲ ဝင်ရောက်ခွင့် မပေးဖို့ ကျွန်တော်တို့ရဲ့ မင်းကြီးက အမိန့်ထုတ်ထားပါတယ်။”
ထန်ကျိပင်က လမ်းဖယ်ပေးမည့်ပုံ မပေါ်သည်ကို မြင်လိုက်ရသဖြင့် ကွမ်းရန်၏ မျက်နှာချက်ချင်းဆိုသလို မဲမှောင်သွားသည်။
“ ကျင့်ကြံသူမိတ်ဆွေက ကျုပ်ကို တကယ်ပဲ ဆန့်ကျင်ချင်နေတာလား”
ကွမ်းရန်၏ ဒေါသ အပြည့်အဝ တောက်လောင်လာသည်။
ဒါက ဘယ်လို အခြေအနေမျိုးလဲ။
လမ်းတစ်လျှောက်လုံးတွင် မည်သည့်အင်ပါယာမှ နတ်လှေတစ်စင်းကမှ သူ့ကို ဟန့်တားခြင်း မရှိခဲ့ပေ။ သူ တာဝန်ကျရာ နေရာသို့ နီးကပ်လာကာမှ ယခင်က မကြားဖူးသည့် အရေးမပါသော နိုင်ငံလေး တစ်ခုက သူ့ကို တားဆီးနေသည်။
ကွမ်းရန်၏ အငွေ့အသက်များ ပိုပြင်းထန်လာသည်ကို မြင်လိုက်ရသဖြင့် ထန်ကျိပင်လည်း အနည်းငယ်မှ တုံ့ဆိုင်းမနေပဲ အနီးနားရှိ ကြယ်နယ်မြေတွင် ကင်းလှည့်နေသော နဂါးတပ်မတော်ထံသို့ စိတ်အာရုံ သတင်းစကား ချက်ချင်း ပေးပို့လိုက်သည်။
ရန်သူများ တောင်ဝင်တောင်တန်း ကြယ်နယ်မြေ အတွင်းသို့ ဝင်ရောက်လာခြင်းကို ကာကွယ်ရန် တောင်ဝင်တောင်တန်း နယ်မြေ၏ အပြင်ဘက် အစွန်အဖျားရှိ ကမ္ဘာအချို့တွင် ကင်းစခန်းများ တည်ထောင်ထားသည်။ ကင်းလှည့်အဖွဲ့ တစ်ဖွဲ့သည် ရန်သူ ကျူးကျော်မှုကို တွေ့ရှိသည်နှင့် တစ်ပြိုင်နက် ထိုကင်းစခန်းများ၌ တပ်စွဲထားသော အစွမ်းထက် ပုဂ္ဂိုလ်များကို ချက်ချင်း အကြောင်းကြားရမည် ဖြစ်သည်။
ထန်ကျိပင်၏ အင်အားသည် ပြန်လည်ပျက်စီးခြင်းအဆင့်ရှစ် ဖြစ်သဖြင့် နဂါးတပ်မတော် အတွင်း၌ပင် အစွမ်းထက်သော အဖွဲ့ဝင် တစ်ဦး အနေနှင့် သတ်မှတ်ခံရသည်။ သို့သော် တစ်ဖက်လူ၏ အင်အားမှာ သူနှင့် တန်းတူ ဖြစ်နေပြီး ထွက်ပြေး လွတ်မြောက်နိုင်မည့် နည်းလမ်းများ ရှိနိုင်သည်ကို စိုးရိမ်သဖြင့် လုံလောက်သော တုံ့ပြန်မှု ပြုလုပ်ရန် စစ်ကူတောင်းခံလိုက်ခြင်းဖြစ်သည်။ ထိုအရာက ပို၍ သတိရှိသော လုပ်ရပ် ဖြစ်သည်။
အကူအညီ တောင်းခံပြီးနောက် ထန်ကျိပင် ကွမ်းရန်ကို ချက်ချင်း မတိုက်ခိုက်ပေ။ ထို့အစား သူ၏ နတ်လှေပေါ်သို့ ပြန်တက်သွားပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။
“ရန်သူ ကျူးကျော်လာပြီ။ မီးနတ်ဘုရား အမြောက်ကို သုံးဖို့ ပြင်ဆင်ကြ”
ထန်ကျိပင်၏ အသံဆုံးသည်နှင့် နတ်လှေပေါ်ရှိ နဂါးတပ်မတော်မှ စစ်သည်များ လှုပ်ရှားလာကြသည်။ မကြာမီတွင် နတ်လှေ၏ ကာကွယ်ရေး အကာအရံ ပွင့်သွားပြီး လှေ၏ အရှေ့ဘက်တွင် ကြီးမားသော အမြောက်ပြောင်း အမြောက်အမြား ပေါ်ထွက်လာသည်။
ပြိုင်ဘက်က သူ့ကို မတိုက်ခိုက်ပဲ နတ်လှေပေါ်သို့ ပြန်ပြေးသွားသည်ကို မြင်လိုက်ရသဖြင့် ကွမ်းရန် ခဏခန့် ကြောင်အသွားပြီး ထန်ကျိပင် ဘာလုပ်နေမှန်း မဝေခွဲနိုင် ဖြစ်သွားသည်။
ထိုအချိန်၌ သူ၏ နှလုံးခုန်သံများ ရုတ်တရက် မြန်ဆန်လာသည်ကို ကွမ်းရန် ခံစားလိုက်ရပြီး သူ၏ ဦးနှောက်ကလည်း အန္တရာယ် နီးကပ်လာကြောင်း ချက်ချင်း အာရုံခံမိလိုက်သည်။
ဘာတွေ ဖြစ်နေတာလဲ။
ကွမ်းရန် ပို၍ပင် နားမလည်နိုင်ဖြစ် သွားသည်။ သူသည် ပတ်ဝန်းကျင် ဟင်းလင်းပြင်ကို စူးစမ်းရန် သူ၏ စိတ်ဝိညာဉ် စွမ်းအားကို လျင်မြန်စွာ ထုတ်လွှတ်လိုက်သော်လည်း အစောပိုင်းက ပြန်လည်ပျက်စီးခြင်းအဆင့် ဗိုလ်ချုပ်မှလွဲ၍ အခြား အစွမ်းထက် ပုဂ္ဂိုလ်များ ချဉ်းကပ်လာခြင်းကို မတွေ့ရပေ။
အခြား အစွမ်းထက် ပုဂ္ဂိုလ်များ မရှိပဲနှင့် သူ အဘယ်ကြောင့် အန္တရာယ် အငွေ့အသက်ကို ခံစားနေရသနည်း။
ကွမ်းရန် သူ၏ ပတ်ဝန်းကျင်ကို သတိထား စောင့်ကြည့်နေစဉ် နဂါးတပ်မတော်၏ နတ်လှေပေါ်မှ အမြောက်က ကောင်းကင်အဆင့် အင်းကွက် အမြောက်ကျည် တစ်တောင့်ကို ပစ်လွှတ်လိုက်ရာ ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။
သံလုံးကြီး တစ်လုံး အဝေးမှ အရှိန်ဖြင့် ချဉ်းကပ်လာသည်ကို မြင်လိုက်ရသောအခါ သူ့ကို ထိတ်လန့်စေသည့် အရာက ထိုသံလုံးကြီး ဖြစ်ကြောင်း ကွမ်းရန် ရုတ်တရက် သဘောပေါက်လိုက်သည်။ ထို့နောက် သူ၏ နိယာမ ပုံရိပ်ကို အလျင်အမြန် ထုတ်လွှတ်ကာ ဓားချက်ဖြင့် ခုတ်ပိုင်းလိုက်သည်။
သံလုံးကြီး ကွမ်းရန်၏ ဓားချက်နှင့် ထိတွေ့လိုက်သောအခါ ချက်ချင်းဆိုသလို ပေါက်ကွဲသွားပြီး နောက်တစ်ခဏတွင် ကြီးမားသော မီးလုံးကြီး တစ်လုံး ဟင်းလင်းပြင်ထဲ၌ ပေါ်လာသည်။
နဂါးတပ်မတော်၏ နတ်လှေပေါ်တွင် တပ်ဆင်ထားသော မီးနတ်ဘုရား အမြောက်သည် အဆင့်မြှင့်တင်ထားသော အမျိုးအစားဖြစ်ပြီး ၎င်း၏ စွမ်းအားသည် ပုံမှန် အမြှောက်များထက် များစွာ သာလွန်၏။ ထို့ပြင် ၎င်းကို ပြန်လည်ပျက်စီးခြင်းအဆင့် ရှစ် ကျင့်ကြံသူ တစ်ဦးက ထိန်းချုပ်ထားသဖြင့် ကောင်းကင်အဆင့် အင်းကွက်၏ စွမ်းအားကို အပြည့်အဝ ထုတ်လွှတ်နိုင်စေသည်။
ပြန်လည်ပျက်စီးခြင်းအဆင့် ကျင့်ကြံသူ တစ်ဦးအတွက်ပင် ဤအမြောက်ဒဏ်ကို ခံနိုင်ရည်ရှိရန်က လွယ်ကူသော ကိစ္စမဟုတ်ပေ။ သို့သော် ထိုမီးနတ်ဘုရား အမြောက်သည် အစွမ်းထက်သော ပြန်လည်ပျက်စီးခြင်းအဆင့် ကျင့်ကြံသူ တစ်ဦးကို အလွယ်တကူ သတ်ဖြတ်နိုင်လိမ့်မည်ဟုတော့ ထန်ကျိပင် မမျှော်လင့်ထားပေ။
ယခု မီးနတ်ဘုရား အမြောက်၏ အဓိက ရည်ရွယ်ချက်မှာ ရန်သူကို အားအင်ကုန်ခမ်းစေရန် ဖြစ်သည်။ အထူးသဖြင့် စိတ်ဝိညာဉ် စွမ်းအား ချက်ချင်း ပြန်လည် ဖြည့်တင်းနိုင်ခြင်း မရှိသော ဟင်းလင်းပြင်ထဲတွင် ဖြစ်သည်။ သူတို့၏ မီးနတ်ဘုရား အမြောက်ကြောင့် ထိုသူ၏ စွမ်းအား သိသိသာသာ ကုန်ခမ်းသွားပါက နောက်ဆက်တွဲ တိုက်ပွဲများသည် နဂါးတပ်မတော် အတွက် ပို လွယ်ကူသွားပေလိမ့်မည်။
မီးနတ်ဘုရား အမြောက်၏ ပစ်ချက်ကို တောင့်ခံလိုက်ရသဖြင့် ကွမ်းရန်၏ အခြေအနေ ကောင်းနေခြင်း မရှိပေ။ သူ ကာကွယ်နိုင်ခဲ့သော်လည်း ရိုက်ခတ်မှု အချို့ကို ခံစားလိုက်ရသည်။
ကွမ်းရန်သည် အဝေးမှ မဲမှောင်နေသော အမြောက်ပြောင်းဝကို စိုက်ကြည့်ရင်း သူ၏ မျက်လုံးများက ဒေါသမီးများဖြင့် ဝင်းဝင်း တောက်နေသည်။
“ဒါက ဘာကြီးလဲ။ ငါ့လို ပြန်လည်ပျက်စီးခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက်ကိုတောင် ထိခိုက်စေနိုင်တယ်။”
“ဒီလို မိုးနတ်မင်း စွန့်ပစ်ထားတဲ့ နေရာမှာ ဒီလောက် အစွမ်းထက်တဲ့ စိတ်ဝိညာဉ် လက်နက်မျိုး ဘယ်လိုလုပ် ရှိနေနိုင်ရတာလဲ။”
ကွမ်းရန်၏ အမြင်တွင် တစ်ဖက်လူသည် မြေအဆင့် သို့မဟုတ် ကောင်းကင်အဆင့် စိတ်ဝိညာဉ် လက်နက်ကို အသုံးပြုနေခြင်း ဖြစ်သည်။ သို့သော် သူ စဉ်းစား၍ မရနိုင်က ဤမျှ ရှားပါးသော စိတ်ဝိညာဉ် လက်နက်မျိုးက ကင်းလှည့်ခေါင်းဆောင် တစ်ဦး၏ လက်ထဲသို့ မည်သို့ ရောက်ရှိနေနိုင်သနည်း ဆိုသည့်အချက်ပင်။
သူ သာမန်လူ တစ်ယောက်နှင့် ဆုံတွေ့နေရခြင်း ဟုတ်ပုံမရတော့ပေ။
နည်းနည်းမှ တုံ့ဆိုင်းမနေတော့ပဲ ကွမ်းရန်သည် သူ၏ နောက်ကျောမှ နိယာမ ပုံရိပ်ကို ထိန်းချုပ်ကာ နောက်ထပ် ဓားချက် တစ်ချက်ဖြင့် တိုက်ခိုက်လိုက်သည်။
ခရမ်းရောင် မီးတောက် ဓား......
ဤဓားချက်နှင့်အတူ ဓားစွမ်းအင်သည် ပြင်းထန်သော ခရမ်းရောင် မီးတောက်များအဖြစ် ချက်ချင်း တောက်လောင်လာပြီး ပတ်ဝန်းကျင် အာကာသအလွှာကို တွန့်လိမ်သွားစေသည်။ ၎င်း၏ စွမ်းအားပြင်းထန်မှုကိုတော့မှာ ပြောစရာပင် မလိုလောက်တော့ပေ။
သို့သော် ထန်ကျိပင်ကတော့ အနည်းငယ်မှ ထိတ်လန့်ခြင်း မရှိပေ။ သူက နတ်လှေပေါ်ရှိ မီးနတ်ဘုရား အမြောက်ကို ထပ်မံ ထိန်းချုပ်လိုက်ပြီး ကောင်းကင်အဆင့် အမြောက်ကျည် သုံးခုကို ဆက်တိုက် ပစ်လွှတ်လိုက်သည်။
ကောင်းကင်အဆင့် အမြောက်ကျည်များ ဓားစွမ်းအင်နှင့် ထိတွေ့လိုက်သောအခါ ချက်ချင်း ပေါက်ကွဲသွားပြီး ကြီးမားသော မီးလုံးကြီး သုံးလုံး ဟင်းလင်းပြင်ထဲတွင် ချက်ချင်း ပေါ်ထွက်လာသည်။
ပေါက်ကွဲမှု၏ နောက်ဆက်တွဲ အကျိုးဆက်များ ပျောက်ကွယ်သွားပြီးနောက် ဟင်းလင်းပြင်ထဲရှိ နတ်လှေသည် ပျက်စီးခြင်း မရှိပဲ တည်ရှိနေဆဲ ဖြစ်ကြောင်း ကွမ်းရန် တွေ့လိုက်ရသဖြင့် သူ၏ မျက်နှာမှာ ပို၍ အရုပ်ဆိုးသွားသည်။ ပြိုင်ဘက်၏ စိတ်ဝိညာဉ် လက်နက် စွမ်းအားက ကြီးမားလွန်းလှသည်။
ထို့ပြင် ပြိုင်ဘက်သည် အစွမ်းကုန်ပင် မထုတ်ရသေးကြောင်း သူ ခံစားမိလိုက်သည်။
ကွမ်းရန်၏ ခံစားချက် မမှားပေ။ သူ၏ ဓားစွမ်းအား အသုံးပြုမှုသည် သူ၏ ကိုယ်ပိုင် စိတ်ဝိညာဉ် စွမ်းအားကို များစွာကုန်ခမ်းစေသည်။
အင်းကွက်ကို အသက်သွင်းခြင်းသည် ထန်ကျိပင်အတွက် စိတ်ဝိညာဉ် စွမ်းအားထုတ်သုံးရန် လိုအပ်သော်လည်း ကုန်ခမ်းသည့် ပမာဏက အလွန်နည်းပါး၏။ အသက်ဝင်လာသည်နှင့် အင်းကွက်သည် ကြီးမားသော စွမ်းအားကို ထုတ်လုပ်ပေးနိုင်သည်။
လက်ရှိအနေအထားအရ ကွမ်းရန်သည် ထန်ကျိပင်၏ နတ်လှေကို ချက်ချင်း မဖျက်ဆီးနိုင်ပဲ ထန်ကျိပင်အား ဆက်လက်တိုက်ခိုက်ခွင့် ပေးလိုက်ပါက သူ၏ စိတ်ဝိညာဉ် စွမ်းအား အားလုံး ကုန်ခမ်းသွားစေနိုင်သည်။
ဤအတိုင်း ဆက်သွား၍ မဖြစ်တော့ကြောင်း ကွမ်းရန် သဘောပေါက်လိုက်သည်။ အကယ်၍ ဤတာဝန်ကိုပါ သူ ပျက်ကွက်ခဲ့ပါက သူ့အတွက် နေစရာ နေရာပင် ရှိတော့မည် မဟုတ်ပေ။
သူအစွမ်းကုန် ထုတ်သုံးရတော့မည်။
နောက်တစ်ခဏတွင် ကွမ်းရန်၏ နောက်ကျောမှ လူပုံသဏ္ဌာန် နိယာမ ပုံရိပ်သည်လည်း ခရမ်းရောင် မီးတောက်များအဖြစ် တောက်လောင်လာသည်။
တစ်ခုခု မှားယွင်းနေကြောင်း ထန်ကျိပင် ချက်ချင်း အာရုံခံမိလိုက်ပြီး နတ်လှေထဲမှ ချက်ချင်း ပျံသန်းထွက်ခွာ လိုက်သည်။ နောက်တစ်ခဏတွင် ကြီးမားသော လူပုံသဏ္ဌာန် နိယာမ ပုံရိပ်တစ်ခု သူ၏ နောက်ကျောတွင်လည်း ပေါ်ထွက်လာလေတော့သည်။
…………..
အခန်း (၁၂၇၇ )
ရင်သွေးကမ္ဘာထဲ ဝင်နိုင်လား
ကွမ်းရန်က သူ၏ နတ်ဝိညာဉ်ကို လောင်ကျွမ်းစေနေခြင်းဖြစ်ကြောင်း ထန်ကျိပင် ရှင်းလင်းစွာ ခံစားမိလိုက်၏။ ထိုကဲ့သို့သော အခြေအနေအောက်၌ မီးနတ်ဘုရားအမြောက်သည်ပင် ပြန်လည်ပျက်စီးခြင်းအဆင့် ပုဂ္ဂိုလ်၏ လွှမ်းမိုးခြင်းကို ခံလာရပြီဖြစ်သည်။
ယခု ကွမ်းရန်၏ တိုက်ခိုက်မှုများကို ကာကွယ်ရန် မီးနတ်ဘုရားအမြောက်ကို ဆက်လက်အသုံးပြုနေပါက သူတို့၏ နတ်လှေနှင့် အမြောက်ပါ ပျက်စီးသွားပေလိမ့်မည်။
နတ်လှေတစ်စင်း ပျက်စီးသွားပါက ပြန်ရောက်သည့်အခါ အစီရင်ခံစာ ရေးရလိမ့်မည်။ နဂါးတပ်မတော်၏ ကင်းလှည့်ခေါင်းဆောင်တစ်ဦး အနေနှင့် ထန်ကျိပင် သည် အစီရင်ခံစာရေးခြင်းမှလွဲ၍ အခြား မည်သည့်အရာကိုမှ မကြောက်ပေ။
သူ၏ နိယာမပုံရိပ်ကို ထုတ်လွှတ်ပြီးနောက်ကွမ်းရန်၏ နောက်ထပ်တိုက်ခိုက်မှုကို ခုခံရန် ထန်ကျိပင် အသင့်ပြင်လိုက်၏။ သို့သော် သူ မလှုပ်ရှားနိုင်မီ ရုတ်တရက် အစွမ်းထက်သော အငွေ့အသက်တစ်ခု ကြယ်နယ်မြေအတွင်းသို့ သက်ဆင်းလာ တော့သည်။
ထိုအငွေ့အသက်ကို ခံစားလိုက်ရသဖြင့် ကွမ်းရန်၏ မျက်နှာအရောင် ချက်ချင်း ပြောင်းလဲသွားသည်။
“ဒီလို မိုးနတ်မင်း စွန့်ပစ်ထားတဲ့နေရာမှာ သူတော်စင်တစ်ပါး ဘယ်လိုလုပ် ရှိနေနိုင်မှာလဲ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ကွမ်းရန် အသိပြန်ဝင်လာသောအခါ အငွေ့အသက်၏ လားရာဆီသို့ သူ၏ဓားဖြင့် တိုက်ရိုက်ခုတ်ပိုင်းလိုက်သော်လည်း သူထုတ်လွှတ်လိုက်သော ဓားစွမ်းအင်မှာ ရောက်လာသူ၏ ပိတ်ဆို့ခြင်းကို ချက်ချင်း ခံလိုက်ရ၏။
ထိုအရာကို မြင်လိုက်ရသောအခါ ကွမ်းရန်လည်း အနည်းငယ်မှ တုံ့ဆိုင်းမနေတော့ပဲ အဝေးသို့ ချက်ချင်း ထွက်ပြေးလိုက် တော့သည်။ သူတော်စင်တစ်ပါး ပေါ်လာသည့်အတွက် သူ ဆက်တိုက်ခိုက်နေပါက ဘာအကျိုးမှ ရှိမည်မဟုတ်တာ မြေကြီးလက်ခတ် မလွဲပင်။
အရာအားလုံးထက် အသက်သည်သာ အရေးကြီးဆုံး ဖြစ်သည်။
သစ်တောများ ရှိနေသရွေ့ ထင်းမရှိမှာကို ကြောက်စရာမလိုပေ။ သူ အသက်ရှင်နေသရွေ့ ဒီကြယ်နယ်မြေကို ရှောင်ကွင်းပြီး တခြားနေရာမှ ထျန်းချန်ကမ္ဘာဆီသို့ ကွေ့ပတ် သွားနိုင်သည်။
ထို့ပြင် ဒီလူတွေက ဒီနေရာမှာ အမြဲတမ်း စောင့်နေနိုင်မှာ မဟုတ်ပေ။
သူ ထွက်သွားပြီး သူတို့လည်း မကြာခင် ဒီနေရာက ထွက်သွားကြမည်သာဖြစ်သည်။
ထျန်းယွမ်ကမ္ဘာမှ ဤနေရာသို့ လာရောက်ရန် ဆယ်နှစ် ကြာမြင့်ခဲ့၏။ သူ၏တာဝန်ကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်ဖို့အတွက် နောက်ထပ် လအနည်းငယ် စောင့်ဆိုင်းရခြင်းက ပြဿနာမဟုတ်ပေ။
ကွမ်းရန် ထွက်ပြေးသည့်အရှိန်က အလွန် မြန်လှ၏။ သို့သော် တော်ဝင်တောင်တန်း ကြယ်နယ်မြေမှ လွတ်မြောက်တော့မည်ဟု သူထင်လိုက်သည့် အချိန်၌ပင် သူတော်စင်အဆင့် ဖိအားတစ်ခု ထပ်မံကျရောက်လာ တော့သည်။
အတိတ်ကို ပြန်တွေးကြည့်ရင်း သူ့လုပ်ရပ်များအတွက် ကွမ်းရန် နောင်တရမိလိုက်သည်။ လျှို့ဝှက်လဝန်း နန်းတော်ကို သူ မတိုက်ခိုက်ခဲ့သင့်ပေ။ လျှို့ဝှက်လဝန်းတော်ကို တိုက်ခိုက်စဉ်က သူ၏ အတားအဆီးဖျက် အဆောင်လက်ဖွဲ့ကို အသုံးပြုခဲ့ရ၏။ ယခု အန္တရာယ်နှင့် ရင်ဆိုင်ရချိန်တွင် သူ့၌နောက်ထပ် အဆောင်လက်ဖွဲ့တစ်ခု မရှိတော့ပေ။ ကိုယ့်ကိုယ်ကိုယ် အားကိုး၍ ခုခံရန်သာ ရှိတော့၏။
လက်ရှိအခြေအနေတွင် နောက်တစ်ကြိမ် ထွက်ပြေးရန် အခွင့်အလမ်း ရှာတွေ့နိုင်မလားဆိုတာ ကြိုးစားရှာဖွေကြည့်ရုံသာ ရှိတော့သည်။ သူ၏ သွားနှုန်းသည် သူတော်စင်တစ်ပါးနှင့် ဘယ်လိုမှ ယှဉ်နိုင်စရာအကြောင်း မရှိပေ။ ထို့ပြင် သူတော်စင်တစ်ပါးသည် အာကာသကို ချိပ်ပိတ်နိုင်သဖြင့် သူ လွတ်မြောက်နိုင်ခြေ အလွန် နည်းပါးလှ၏။
သို့သော် အကယ်၍ ထိုသူတော်စင်ကို ဒဏ်ရာရအောင် လုပ်နိုင်ပါက အခွင့်အရေး လုံးဝမရှိနိုင်တာတော့ မဟုတ်တော့ပေ။
အနောက်လှည့်ကြည့်လိုက်ပြီးနောက် သူ၏ နိယာမပုံရိပ်ကို ကွမ်းရန် ထပ်မံထုတ်လွှတ်လိုက်သည်။ သူ၏ နိယာမပုံရိပ် ပေါ်လာသည်နှင့်တစ်ပြိုင်နက် လျင်မြန်စွာ အသက်သွင်းလိုက်ပြီး ဧရာမလက်သီးကြီးတစ်ခုအဖြစ် ဖန်တီးကာ ချဉ်းကပ်လာသော သူတော်စင်ထံသို့ ပစ်လွှတ်လိုက်၏။
မည်သို့ပင်ဖြစ်စေ သူတော်စင်သည် သူတော်စင်သာ ဖြစ်၏။
ထိုအခိုက်အတန့်တွင် အဖျက်စွမ်းအားကြီးမားသော ဓားစွမ်းအင်တစ်ခုသည် အဝေးမှ ပျံသန်းလာ၏။ ကွမ်းရန် သူ၏ နတ်ဝိညာဉ်ကို လောင်ကျွမ်းစေရန် အခွင့်အရေးပင် မရလိုက်ခင်မှာပင် ဓားစွမ်းအင်က သူ၏ခန္ဓာကိုယ်ကို ထွင်းဖောက်သွားတော့သည်။ နောက်တစ်ခဏတွင် သူ၏ နောက်ကျောမှ နိယာမပုံရိပ် ပြိုကွဲသွားပြီး သူ၏ခန္ဓာကိုယ်လည်း တဖြည်းဖြည်း ပျောက်ကွယ်သွားလေတော့သည်။
သို့သော် တစ်ဖက်လူသည် အာကာသကို ချိပ်ပိတ်ထားခြင်း ရှိပုံမရကြောင်း ကွမ်းရန် ရုတ်တရက် သဘောပေါက်လိုက်သည်။ ထို့ကြောင့် ကွမ်းရန်၏ ကိုယ်ပွားဝိညာဉ်သည် ချက်ချင်း အဝေးသို့ ထွက်ပြေးသွားပြီး ၎င်း၏မှတ်ဉာဏ်များကို ပင်မခန္ဓာနှင့် ချိတ်ဆက်လိုက်၏။ မျက်တောင်တစ်ခတ်အတွင်းမှာပင် သူ၏ ပင်မခန္ဓာသည် ဤနေရာတွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို အာရုံခံမိလိုက်တော့သည်။
…….
ရှန်ယွဲ့နိုင်ငံတော်။
လုရန်ဟွာ၏ နယ်မြေ။
စည်ကားသော မြို့တစ်မြို့၏ အောက်ဘက်တွင် ကြီးမားသော မြေအောက်နန်းတော်တစ်ခု တည်ရှိ၏။ ထိုစဉ် မြေအောက်နန်းတော်အတွင်း၌ ကျင့်ကြံနေသော ကွမ်းရန်၏ ပင်မခန္ဓာ ရုတ်တရက် မျက်လုံးများဖွင့်လိုက်သည်။ သူ၏ ကိုယ်ပွားထံမှ မှတ်ဉာဏ်များကို လက်ခံရရှိပြီးနောက် ထိတ်လန့်မှုက ကွမ်းရန်၏ နှလုံးသားကို လွှမ်းမိုးသွားလေသည်။
ချက်ချင်းပင် သူ၏ခန္ဓာကိုယ်ပေါ်ရှိ ပြင်းထန်သော ဒဏ်ရာများကို ဂရုမစိုက်နိုင်ပဲ ချက်ချင်း ထရပ်လိုက်၏။
“တာဝန် မအောင်မြင်ဘူး ဆိုတာကို မင်းသားသာ သိသွားရင် ငါ ဧကရာဇ်မုချ အရေးယူခံရလိမ့်မယ်... မဖြစ်ဘူး... မင်းသား မသိသေးခင် ငါ ရှန်ယွဲ့နိုင်ငံကနေ ချက်ချင်း ထွက်သွားရမယ်။”
ထိုအတွေးဖြင့် ကွမ်းရန် အနည်းငယ်မှ တုံ့ဆိုင်းမနေပေ။ ရုပ်ဖျက် ပညာကို အသုံးပြု၍ သူ၏ရုပ်ရည်ကို ပြောင်းလဲလိုက်ပြီးနောက် ဒဏ်ရာပြင်းထန်စွာ ရရှိထားသော ခန္ဓာကိုယ်ကို သယ်ဆောင်ကာ မြေအောက်နန်းတော် အပြင်ဘက်သို့ တစ်လှမ်းချင်း လျှောက်သွားလိုက်သည်။
ကိုယ်ပွားပျက်စီသွားသော်လည်း ကွမ်းရန်၏ ပင်မခန္ဓာသည် ပြန်လည်ပျက်စီးခြင်းအဆင့်ငါး အင်အားကို ထိန်းထားနိုင်ဆဲ ဖြစ်၏။ ထို့ကြောင့် သူ့ တာဝန်ကို ပြီးမြောက် အောင်မြင်လိုပါက သူ့တွင် အခွင့်အရေး တစ်ကြိမ် ကျန်ရှိနေသေး၏။
သို့သော် ဒါက သူ၏ ပင်မခန္ဓာဖြစ်သဖြင့် သူ စွန့်စားလိမ့်မည် မဟုတ်ပေ။ အကယ်၍ သူ၏ ပင်မခန္ဓာသာ အလားတူ အခြေအနေမျိုး ကြုံတွေ့ရပါက သူ တကယ် သေဆုံးသွားပေလိမ့်မည်။
ထို့ပြင် ‘စပါးကြိတ်ပြီးရင် မြည်းကို သတ်’ ဟုဆိုသကဲ့သို့ လုရန်ဟွာက သူ့ကို သတ်ပစ်မည့်အရေးကို သတိထားရမည် ဖြစ်သဖြင့် ထွက်ပြေးခြင်းသည်သာ သူ့အတွက် တစ်ခုတည်းသော ရွေးချယ်စရာ ဖြစ်သည်။ သူ၏ အသက်သွေးအနှစ်သာရသည် သူ့ထံတွင်သာ အမြဲရှိနေသဖြင့် ရှန်ယွဲ့ နိုင်ငံထိန်းချုပ်ထားသော အာဏာစက်မှ လွတ်မြောက်သွားသည်နှင့် လုရန်ဟွာ၌ သူ့ကို အရေးယူနိုင်မည့်နည်းလမ်း ရှိတော့မည် မဟုတ်ပေ။
သို့သော် ကွမ်းရန် သူ၏ကမ္ဘာမှ ထွက်ခွာလိုက်သည်နှင့်တစ်ပြိုင်နက် ပြန်လည်ပျက်ဆီးခြင်းအဆင့် ကျင့်ကြံသူ တစ်ဒါဇင်ကျော်က သူ့ကို ဝိုင်းရံလိုက်ကြ၏။
ထိုလူများကို မြင်လိုက်ရသဖြင့် ကွမ်းရန်၏ မျက်နှာ ချက်ချင်း ဖြူဖျော့သွားတော့၏။
“ခင်ဗျားတို့က ဘယ်သူတွေလဲ”
ခေါင်းဆောင်ဖြစ်သူ ကျင့်ကြံသူက အပြုံးတစ်ဝက်ဖြင့်
“တပ်မှူးကွမ်းရန်... ဘယ်သွားမလို့လဲ”
ကွမ်းရန်က အေးစက်စွာ တုံ့ပြန်လိုက်သည်။
“ကျုပ် ဘယ်သွားသွား ခင်ဗျားတို့ ဝင်စွက်ဖက်ရမယ့်ကိစ္စ မဟုတ်ဘူး။”
ကွမ်းရန် ပြောပြီးသည်နှင့် လော့ယွမ်က
“တာဝန် မအောင်မြင်လို့ ရှန်ယွဲ့နိုင်ငံကနေ ထွက်ပြေးဖို့ တပ်မှူးကွမ်းရန် စဉ်းစားနေတာတော့ မဟုတ်ပါဘူးနော်။”
ထိုအရာကို ကြားသောအခါ ကွမ်းရန်၏ တစ်ကိုယ်လုံးတွင် အေးစက်သော ချွေးစေးများ ထွက်လာပြီး အခြေအနေကိုလည်း ချက်ချင်း သဘောပေါက်လိုက်၏။
လုရန်ဟွာသည် သူ့ကို တာဝန်ပေး စေလွှတ်လိုက်ကတည်းက သူ့ရဲ့ ပင်မခန္ဓာ တည်နေရာကို ရှာဖွေပြီး စောင့်ကြည့်ခိုင်းထားပုံရသည်။
အခြေအနေကို ကြည့်ရသည်မှာ တာဝန်အောင်မြင်သည်ဖြစ်စေ၊ ကျရှုံးသည်ဖြစ်စေ သူ နှုတ်ပိတ်ခံရမည့် အခြေအနေတွင် ရှိနေသည်။
မည်သို့ပင်ဖြစ်စေ လုရန်ဟွာ သူ့ကို သတ်ခိုင်းသောသူမှာ ရှန်ဝူဧကရာဇ်၏ သားတော် ဖြစ်နေသည်။
တည်ငြိမ်ဟန်ဆောင်လျက် ကွမ်းရန်က
“ကျုပ် တာဝန် ပြီးမြောက်ခဲ့ပါပြီ... မင်းသားဆီ ပြန်လည်အစီရင်ခံဖို့ စီစဉ်နေတာပါ။”
လော့ယွမ်က
“ကောင်းပြီလေ... ဒါဆိုရင် ကျေးဇူးပြုပြီး မင်းသားကို ဂါရဝပြုဖို့ ကျွန်တော်တို့နဲ့ လိုက်ခဲ့ပါ။”
ကွမ်းရန် အတင်းပြုံးလိုက်ပြီး
“ကောင်းပြီလေ”
ထိုသို့ ပြောလိုက်သော်လည်း ထိုအချိန်တွင် ထွက်ပြေးရန် ကွမ်းရန် ပြင်ဆင်ပြီး ဖြစ်သည်။
……..
အခြားတစ်ဖက်တွင်။
ထျန်းချန်ကမ္ဘာ။
နန်းတော်အတွင်း၌။
ဝမ်းနည်းပက်လက် ငိုကြွေးသံများ လျှိုချင်းချို ၏ အိပ်ခန်းမှ ရံဖန်ရံခါ ထွက်ပေါ်လာသည်။
“လျိုချင်းယွမ်.. မင်းတော်တော် အရှက်မရှိတာပဲ...မင်းတို့ဂိုဏ်းက လူတွေ ဒီအကြောင်း သိကြလား။”
“ပါးစပ်... ပိတ်ထားစမ်း...”
“ဟူး... ကိုယ်ဧကရာဇ်ကြီးအဆင့်ရောက်တဲ့အထိ စောင့်နေလိုက်... အရိပ်ဖမ်းကျောက်တုံးပေါ်မှာ မှတ်တမ်းတင်ထားတဲ့ ပုံရိပ်တွေကို ယန်ယန် နန်းတော်သခင်မကို ပြပစ်မယ်”
“ယုတ်မာလိုက်တာ.....”
အခန်းထဲတွင် လျှိုချင်းချို၏ ခါးကို လုချန်း ဖက်ထားပြီး သူမ၏ ကျင့်စဉ်အတွက် ကူညီပေးနေသော်လည်း ထိုအချိန်တွင် လျှိုချင်းချို၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ထားသူမှာ လျှိုချင်းချို မဟုတ်ပဲ သူမ၏ ပင်မကိုယ် လျိုချင်းယွမ် ဖြစ်သည်။
ယခုနှစ်များအတွင်း လျိုချင်းယွမ် သည် လျှိုချင်းချို ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ကာ လုချန်းနှင့်အတူ မကြာခဏ ကျင့်ကြံလေ့ရှိ၏။ အစပိုင်းတွင် လျှိုချင်းချို ဟန်ဆောင်ကာ လုချန်း၏ အာရုံစိုက်မှုကို မရအောင် ကြိုးစားပြီး အနေအထိုင် ဆင်ခြင်ခဲ့သည်။
သို့သော် သူမ၏ လှည့်ကွက်များကို လုချန်း ပိုသိလာသည်နှင့်အမျှ နောက်ပိုင်းတွင် သူမလည်း ဟန်ဆောင်ရသည်ကို ငြီးငွေ့လာခဲ့သည်။
“ကောင်းလိုက်တာ...”
တစ်ကြိမ်ပြီးဆုံးသွားသောအခါ လုချန်း ရပ်တန့်လိုက်ပြီး မေးလိုက်သည်။
“မင်းကို မေးစရာတစ်ခု ရှိတယ်”
လုချန်းက ယခုအချိန်တွင် သူမကို လေးနက်သောမေးခွန်း မေးလိမ့်မည်ဟု မယုံကြည်သဖြင့် လျိုချင်းယွမ်လည်း အိပ်ရာပေါ်တွင် ပျော့ခွေစွာ လဲလျောင်းနေပြီး လုချန်းကို လျစ်လျူရှုထားလိုက်၏။
လုချန်းက ကိုယ်ကိုကိုင်းလိုက်ပြီး သူမ၏ ကျောပြင်ပေါ်သို့ ဖိကပ်ကာ နားနားကပ်၍ တီးတိုးမေးလိုက်သည်။
“မင်းရဲ့ စိတ်အာရုံက ချင်းချို ရဲ့ ရင်သွေးကမ္ဘာထဲကို ဝင်လို့ ရလား။”
အစက လုချန်းက သူမကို အရှက်ခွဲမည့် စကားတစ်ခွန်း ပြောမည်ဟု လျိုချင်းယွမ် ထင်မှတ်ခဲ့သော်လည်း လေးနက်သော မေးခွန်းတစ်ခု ဖြစ်နေသည်။
ယခုနှစ်များအတွင်း လျှိုချင်းချို ၏ ခန္ဓာကိုယ်ကို မကြာခဏ ထိန်းချုပ်ခဲ့ဖူးသဖြင့် လျှိုချင်းချို အတွင်းရှိ ရင်သွေးကမ္ဘာအကြောင်း လျိုချင်းယွမ်သိထားပြီးဖြစ်၏။ သို့သော် ဝင်ရောက်ဖူးခြင်း မရှိခဲ့သလို လုချန်းကိုလည်း မည်သည့်အခါကမှ မေးမြန်းခဲ့ဖူးခြင်း မရှိပေ။
အသက်ရှူမှန်အောင် ပြန်ထိန်းပြီးနောက် လျိုချင်းယွမ် တုံ့ပြန်လိုက်သည်။
“ရတယ်”
ဤလူယုတ်မာနှင့် ဆက်ဆံရတာကို မလိုလားသော်လည်း လေးနက်သောမေးခွန်းကို ဖြေကြားရန် ငြင်းဆန်စရာအကြောင်း မရှိပေ။
လုချန်းက ဆက်မေးလိုက်သည်။
“ဒါဆို ရင်သွေးကမ္ဘာရဲ့ ကောင်းကင်ဘုံလမ်းစဉ်ကိုလည်း မင်း ထိန်းချုပ်နိုင်တယ် မဟုတ်လား”
စကားနည်းသော လျိုချင်းယွမ်က အေးစက်စွာ တုံ့ပြန်လိုက်သည်။
“ဟုတ်တယ်”
လျိုချင်းယွမ်တောင် လျှိုချင်းချို ရဲ့ ရင်သွေးကမ္ဘာကို ထိန်းချုပ်နိုင်တယ်ဆိုရင် ချူးယုချင်ရဲ့ ပင်မခန္ဓာကရော အဲဒီလို လုပ်နိုင်မလားဟု လုချန်း တွေးလိုက်မိသည်။
သို့သော် ချူးယုချင်၏ ပင်မခန္ဓာသည် သူမ၏ ကိုယ်ပွားနှင့် ကံတရားကို ဖြတ်တောက်ထားပြီးဖြစ်၏။ ကံတရား ဖြတ်တောက်ပြီးနောက် သူမ၏ စိတ်အာရုံက ချူးယုချင်၏ ရင်သွေးကမ္ဘာကို လွှမ်းမိုးနိုင်သေးလား ဆိုတာ မသေချာပေ။
……………..
အခန်း( ၁၂၇၈ )
လုပ်ကြံသူ ထပ်စေလွှတ်ခြင်း
လတ်တလောတွင် ချူးယုချင်၏ ရင်သွေးကမ္ဘာအတွင်း ထူးဆန်းသော အဖြစ်အပျက်အချို့ ဖြစ်ပွားနေသဖြင့် လျှိုချင်းချို၏ ရင်သွေးကမ္ဘာထဲသို့ လျှိုချင်းယွမ်၏ စိတ်အာရုံ ဝင်ရောက်နိုင်ခြင်း ရှိမရှိ လုချန်း မေးကြည့်လိုက်ခြင်းဖြစ်၏။ ချူးယုချင်၏ ရင်သွေးကမ္ဘာအတွင်း ကောင်းကင်ဘုံလမ်းစဉ် နိယာမအသစ်အချို့ အကြောင်းရင်းမရှိပဲ ပေါ်ပေါက်လာခဲ့သည်။ ထိုနေရာရှိ ကျင့်ကြံသူများ၏ ကျင့်စဉ်အဆင့် တိုးတက်မှု အရှိန်အဟုန်မှာလည်း သိသိသာသာ မြင့်တက်လာခဲ့သည်။
အရေးကြီးဆုံးမှာ ချူးယုချင်၏ ရင်သွေးကမ္ဘာအတွင်း ထူးဆန်းသော ကောလာဟလအချို့ ထွက်ပေါ်လာခြင်း ဖြစ်သည်။ သူတို့၏ ဖန်ဆင်းရှင်မယ်တော်မှာ လူနှစ်ယောက်ဖြစ်ပြီး တစ်ယောက်က အသက်ကို အစိုးရကာ နောက်တစ်ယောက်က သတ်ဖြတ်ခြင်းကို အစိုးရသည်ဟု ကောလာဟလများ ထွက်နေ၏။
ထိုကောလာဟလများ၏ မြစ်ဖျားခံရာကို လုချန်း စုံစမ်းစစ်ဆေးခဲ့သော်လည်း မည်သည့်နေရာမှ စတင်လာမှန်း မည်သူမှ မသိကြချေ။ ယခင်က ထိုသို့သော ကောလာဟလမျိုး တစ်ခါမှ မရှိခဲ့ဖူးပေ။ ရင်သွေးကမ္ဘာမှ ကျင့်ကြံသူများပင် မသိလိုက်ပဲ ရုတ်တရက် ပေါ်ပေါက်လာခြင်းဖြစ်၍ ပြဿနာတစ်ခုရှိနေကြောင်း ထင်ရှားနေသည်။ လုချန်းသည် ချူးယုချင် ရင်သွေးကမ္ဘာ၏ ကောင်းကင်ဘုံလမ်းစဉ်နှင့် တိုက်ရိုက်ဆက်သွယ်ခဲ့သော်လည်း ကောင်းကင်ဘုံလမ်းစဉ် ကိုယ်တိုင်ပင်လျှင် အဘယ်ကြောင့် ထပ်တိုးနိယာမများ ပေါ်ပေါက်လာရသည်ကို မသိရှိခဲ့ချေ။
နိယာမသစ်များကို ပေါင်းထည့်ခဲ့သော်လည်း ၎င်းတို့၏ မြစ်ဖျားခံရာကိုမူ ကောင်းကင်ဘုံလမ်းစဉ်က မသိပဲ မေ့လျော့နေသကဲ့သို့ ဖြစ်နေသဖြင့် လုချန်းနှင့် ချူးယုချင်တို့ နှစ်ဦးစလုံး နားမလည်နိုင် ဖြစ်နေကြ၏။ စနစ်ကို မေးကြည့်သောအခါ ချူးယုချင်၏ ရင်သွေးကမ္ဘာသည် လျှို့ဝှက်ဆန်းကြယ်သော အင်အားတစ်ခု၏ လွှမ်းမိုးမှုကို ခံနေရကြောင်း စနစ်က ပြန်လည်ဖြေကြားခဲ့သည်။ သို့သော် ထိုလျှို့ဝှက်ဆန်းကြယ်သော အင်အား ဘာလဲဆိုတာကိုတော့ စနစ်က ရှင်းလင်းသော အဖြေ မပေးခဲ့ချေ။
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ချူးယုချင်၏ ရင်သွေးကမ္ဘာကို သက်ရောက်နေသည့် လျှို့ဝှက်ဆန်းကြယ်သော အင်အားမည့်သည့်အရာဖြစ်နိုင်ကြောင်း လုချန်း တွေးတောနေခဲ့သည်။ ယခုလေးတင် လျှိုချင်းယွမ်နှင့် ဆွေးနွေးနေစဉ် ချူးယုချင်၌ ပင်မခန္ဓာရှိကြောင်း သူ ရုတ်တရက် သတိရသွား၏။ ထိုပင်မခန္ဓာတွင် စနစ်က လျှို့ဝှက်ဆန်းကြယ်သော အင်အားဟု ခေါ်နိုင်သည့် ကောင်းကင်ပြောင်းလဲခြင်းကျောက်တုံး ရှိနေသဖြင့် ၎င်းနှင့် ဆက်စပ်နိုင်ခြေ ရှိသည်။
လျှိုချင်းယွမ်ကလည်း လျှိုချင်းချို၏ ရင်သွေးကမ္ဘာထဲသို့ ဝင်ရောက်နိုင်ကြောင်း ပြောသောအခါ သူ၏ ခန့်မှန်းချက်ကို ပို ယုံကြည်သွားသည်။ ချူးယုချင်နှင့် ပတ်သက်မှု ဖြတ်တောက်ထားသော သူမ၏ ပင်မခန္ဓာက အဘယ်ကြောင့် ချူးယုချင်၏ ရင်သွေးကမ္ဘာထဲသို့ တိတ်တဆိတ် ခိုးဝင်ရတာလဲဆိုတာကိုတော့ သူ နားမလည်နိုင်ဖြစ်နေသည်။
လုချန်း အတွေးထဲ နစ်မြောနေသည်ကို မြင်လျှင် သူမ ထွက်သွားရန် အချိန်တန်ပြီဟု လျှိုချင်းယွမ် သိလိုက်၏။ ထို့ကြောင့် လျှိုချင်းချို၏ ခန္ဓာကိုယ်အပေါ် ထိန်းချုပ်မှုကို လွှတ်ပေးလိုက်ရာ လျှိုချင်းချို ပြန်လည်ထိန်းချုပ်ခွင့် ရရှိသွားသည်။ ခန္ဓာကိုယ်ကို ပြန်လည်ထိန်းချုပ်နိုင်ချိန်တွင် လုချန်း၏ ပြင်းထန်သော အကြည့်များကို လျှိုချင်းချို ခံစားလိုက်ရသဖြင့် သူမ၏ ခန္ဓာကိုယ် တုန်လှုပ်သွားလိုက်ပြီး
“မင်းကြီး... သူ ထွက်သွားပြီ”
ထိုအရာကို ကြားသောအခါ လုချန်း သတိပြန်ဝင်လာသည်။ လျှိုချင်းချိုက သူမ၏ ခန္ဓာကိုယ်ကို ပြန်လည်ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း သူ သိလိုက်၏။
“ဟာ......သူ တော်တော် မြန်မြန် ပြေးတာပဲ”
ထိုသို့ပြောရင်း လုချန်းလည်း သူ၏အာရုံကို ပြောင်းလဲကာ နဂိုလမ်းကြောင်းမှန်ပေါ်သို့ ပြန်ရောက်လာသည်။ လျှိုချင်းယွမ်က လျှိုချင်းချို၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ထားကြောင်း လုချန်း ခံစားမိသည့် အချိန်တိုင်းလမ်းလွဲများသို့ သူ လိုက်ပါတတ်သော်လည်း လျှိုချင်းချိုက ပြန်လည်ထိန်းချုပ်လာသောအခါတွင်တော့ လမ်းကြောင်းမှန်ပေါ်သို့ ပြန်တက်လာတတ်သည်။
မည်သို့ပင်ဆိုစေ လျှိုချင်းချိုသည် အစာဖြတ်အကျင့် ကျင့်ကြံနေခဲ့သူ ဖြစ်သဖြင့် လမ်းကြောင်းမှန်ဖြစ်စေ လမ်းလွဲဖြစ်စေ အတူတူပင် ဖြစ်၏။ သို့သော် လျှိုချင်းယွမ်က ခန္ဓာကိုယ်ကို ထိန်းချုပ်ထားချိန်တွင် လမ်းလွဲများက လုချန်း၏ အနိုင်ယူလိုစိတ်ကို ပို ပြင်းထန်စေခဲ့သည်။
………
ရှန်ယွဲ့ကမ္ဘာ။
လုယန်ဟွာ၏ ပိုင်နက်အတွင်း။
ကျင်းမင်းသား၏ စံအိမ်။
လုယန်ဟွာသည် ကျင့်ကြံခန်းအတွင်း ကျင့်ကြံနေစဉ် အပြင်ဘက်မှ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။
“မင်းသား... ကျွန်တော်တို့ ကွမ်းရန်ရဲ့ ပင်မခန္ဓာကို ခေါ်လာခဲ့ပါပြီ... သူကတော့ တာဝန်ကို ပြီးမြောက်အောင် ထမ်းဆောင်ခဲ့တယ်လို့ ပြောပါတယ်။”
ထိုစကားကို ကြားလျှင် လုယန်ဟွာ မျက်လုံးများကို ချက်ချင်းဖွင့်လိုက်ပြီးနောက်
“ကွမ်းရန်ကို အထဲခေါ်လာခဲ့”
မကြာမီတွင် နတ်ချည်ကြိုးဖြင့် ချည်နှောင်ခြင်း ခံထားရသော ကွမ်းရန်ကို လုယန်ဟွာ၏ ကျင့်စဉ်ခန်းမထဲသို့ တွန်းပို့လိုက်ကြ၏။ ကျင့်စဉ်ခန်းမထဲသို့ ရောက်ရှိပြီးနောက် ကွမ်းရန် မြေပြင်ပေါ်သို့ အလျင်အမြန် ဒူးထောက်လိုက်သည်။
“မင်းသားကို ဂါရဝပြုပါတယ်”
လုယန်ဟွာက ပြုံးလျက် ကွမ်းရန်ကို ကြည့်ကာ
“တပ်မှူးကွမ်းရန်... ကျုပ်ခင်ဗျား အပေါ် ဘယ်လို ဆက်ဆံခဲ့သလဲ။”
ထိုမေးခွန်းကို ကြားလျှင် ကွမ်းရန်၏ ကျောရိုးတစ်လျှောက် အေးစိမ့်သွားသည်။ လုယန်ဟွာ နောက်ထပ် ဘာလုပ်တော့မည်ကို သူ ကောင်းကောင်း ခန့်မှန်းမိ၏။
ကွမ်းရန်က အလျင်အမြန် ဦးချလိုက်ပြီး
“မင်းသား... ကျွန်တော်ရဲ့ အသက်ကို ချမ်းသာပေးပါ... ကျွန်တော်ရဲ့ အသက်သွေးအနှစ်ကို ဆက်သပြီး မင်းသားကို ထာဝရ အလုပ်အကျွေး ပြုပါ့မယ်။”
လုယန်ဟွာသည် ကွမ်းရန်အနားသို့ ချက်ချင်း လျှောက်သွားကာ ကိုယ်ကိုကိုင်းလိုက်သည်။ ထို့နောက် ကွမ်းရန်၏ပခုံးပေါ်သို့ လက်တင်ကာ
“ဟေ့... တပ်မှူးကွမ်းရန်က ဘာတွေ ပြောနေတာလဲ... ခင်ဗျားက အများကြီးအကျိုးဆောင်ခဲ့တာပဲ... ကျုပ်က ခင်ဗျားကို ဘယ်လိုလုပ် သတ်မှာလဲ။”
လုယန်ဟွာ၏ စကားကို ကြားသောအခါ ကွမ်းရန် ခဏခန့် ကြောင်အသွားသည်။
သူ အလွန် တွေးပူမိနေခြင်းလား။
သို့သော်လည်း ပြဿနာကို အမြစ်ဖြတ်ရန် ရည်ရွယ်ချက် မရှိလျှင် လုယန်ဟွာက သူ့ကို အဘယ်ကြောင့် ဖမ်းဆီးခိုင်းရသနည်း။
ကွမ်းရန် ဇဝေဇဝါ ဖြစ်နေစဉ်မှာပင် လုယန်ဟွာက ကွမ်းရန်၏ ဦးခေါင်းထိပ်ကို သူ၏လက်ဖြင့် ရုတ်တရက် ရိုက်ချလိုက်သည်။ ထို့နောက် ကွမ်းရန်၏ ဦးနှောက်အတွင်းသို့ ကြီးမားသော စွမ်းအားများ စီးဝင်သွားတော့၏။ ကွမ်းရန် ချက်ချင်း သတိဝင်လာပြီး ပြန်လည် ခုခံရန် ကြိုးစားသော်လည်း အချိန်နှောင်းသွားခဲ့ပြီ ဖြစ်သည်။
နောက်တစ်ခဏတွင် ကွမ်းရန်၏ မှတ်ဉာဏ်များ လုယန်ဟွာ၏ စိတ်ထဲသို့ စီးဝင်လာသည်။ ကွမ်းရန် ကိုယ်ပွား၏ မှတ်ဉာဏ်များကို မြင်လိုက်ရသောအခါ လုယန်ဟွာ၏ မျက်နှာ ချက်ချင်း ညိုမှောင်သွား၏။ ကွမ်းရန် တာဝန်ပြီးမြောက်ခဲ့သည်ဟု သူ တကယ် ယုံကြည်ခဲ့သော်လည်း ဝိညာဉ်ရှာဖွေမှု ပြုလုပ်ပြီးနောက်တွင်တော့ ကွမ်းရန် ထျန်းချန်ကမ္ဘာကိုပင် မမြင်ခဲ့ရကြောင်း သူ သိလိုက်ရသည်။
ကွမ်းရန် သူ့ကို လိမ်လည်ခဲ့ကြောင်း မြင်သောအခါ လုယန်ဟွာ ဒေါသဖြစ်သွားပြီး ကွမ်းရန်၏ အလောင်းကို ချက်ချင်း ကန်ထုတ်လိုက်သည်။
“အသုံးမကျတာ... တကယ့်ကို အသုံးမကျလိုက်တာ”
လုယန်ဟွာ ဒေါသထွက်နေသည်ကို မြင်လျှင် လော့ယွမ်လည်း မြေပြင်ပေါ်သို့ ချက်ချင်း ဒူးထောက်လိုက်သည်။ ဝိညာဉ်ရှာဖွေမှု ပြုလုပ်ပြီးနောက် လုယန်ဟွာ ဘာ့ကြောင့် ဒေါသပေါက်ကွဲသွာ ကြောင်း လူအတစ်ယောက်ပင်နားလည်နိုင်၏။ အချိန်အတော်ကြာပြီးနောက်တွင်တော့ လုယန်ဟွာက နောက်ဆုံးတွင် စိတ်တည်ငြိမ်သွား၏။
လုယန်ဟွာသည် တိတ်ဆိတ်စွာ ရပ်နေရင်း အတွေးထဲ နစ်မြောနေခဲ့၏။ ထိုကဲ့သို့ ဝေးလံသော ကြယ်နယ်မြေတစ်ခုတွင် အဘယ့်ကြောင့် အင်ပါယာတစ်ခုနှင့် သူတော်စင်အဆင့် တစ်ဦးပင် ရှိနေနိုင်တာလဲ ဆိုတာကို သူ သိချင်နေသည်။ ထိုနေရာက အင်ပါယာအစစ်အမှန် ဟုတ်မဟုတ် သူ မသိသော်လည်း ကွမ်းရန်၏ မှတ်ဉာဏ်များအရ သူတော်စင်အဆင့် တစ်ဦးရှိနေခြင်းကတော့ သေချာသည်။
အသုံးမကျသော သတ္တဝါတစ်ကောင်ကို ရှင်းလင်းရန်အတွက် ထျန်းချန်ကမ္ဘာသို့ သူတော်စင်အဆင့် တစ်ဦးကို စေလွှတ်ရမည်လား။
ဒါတော့ မဖြစ်ပေ။
ယခုအချိန်တွင် အခြားမင်းသားများသည်လည်း သူတို့၏ စမ်းသပ်မှုများကို ပြီးမြောက်ခဲ့ကြပြီး ရှန်ယွဲ့နိုင်ငံတော်သို့ ပြန်လာနေကြပြီ ဖြစ်သည်။ အကယ်၍ သူက ယခုအချိန်တွင် သူတော်စင်အဆင့်တစ်ဦးကို စေလွှတ်လိုက်လျှင် သူ၏အနားတွင် အင်အားကြီးသူများ နည်းပါးနေချိန်၌ သူ၏ ညီအစ်ကိုများက အခွင့်ကောင်းယူကာ လူသတ်သမားများ စေလွှတ်ခဲ့လျှင် မည်သို့လုပ်မည်နည်း။
ဤကဲ့သို့ အရေးကြီးသော အချိန်တွင် သူ၏အနား၌ သူတော်စင်အဆင့်တစ်ဦး ပိုရှိနေခြင်းက ပို၍လုံခြုံမှု ရှိစေသည်။ သူတော်စင်အဆင့် တစ်ဦးကို သူ လုံးဝ စေလွှတ်မည် မဟုတ်ချေ။
ခဏခန့် တွေးတောပြီးနောက်တွင် လုယန်ဟွာ၏ အကြည့်က လော့ယွမ်ပေါ်သို့ ကျရောက်သွားသည်။ လော့ယွမ်သည်လည်း ပြန်လည်ပျက်စီးခြင်းအဆင့် ရှစ်ဆင့်မြောက်တွင် ရှိနေ၏။ အဓိကအချက်က သူ၏ အသက်သွေးအနှစ် လုယန်ဟွာ၏လက်ထဲတွင် ရှိနေခြင်းဖြစ်သည်။ အကယ်၍ လော့ယွမ်ကို စေလွှတ်လိုက်လျှင် ကွမ်းရန်ကဲ့သို့ သူတော်စင်အဆင့်နှင့် မတွေ့သရွေ့ လုချန်းကို ရှင်းလင်းရန်က အလွန်လွယ်ကူပေလိမ့်မည်။
ယခုအချိန်တွင် အရေးကြီးဆုံးမှာ ထိုကြယ်နယ်မြေတွင် အင်ပါယာတစ်ခု တကယ် ရှိမရှိကို သူ မသေချာခြင်း ဖြစ်သည်။
လုယန်ဟွာက တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိသွားပြီး အာကာသလက်စွပ်ထဲမှ အမိန့်ပြားတစ်ခုကို ထုတ်လိုက်၏။ ထို့နောက် လော့ယွမ်အား
“ထပါ... ဒီအမိန့်ပြားကို ထျန်းချန်ကမ္ဘာဆီ ယူသွားလိုက်... ဘာလုပ်ရမယ်ဆိုတာကိုတော့ ခင်ဗျား ရှင်းရှင်းလင်းလင်း သိမယ်လို့ ကျုပ် ယုံကြည်တယ်။”
လော့ယွမ်လည်း ချက်ချင်း မတ်တပ်ရပ်လိုက်ပြီး သူ၏ရှေ့တွင် လွင့်မျောနေသော ကျင်းမင်းသား၏ အမိန့်ပြားကို ကြည့်ကာ အနည်းငယ် နားမလည်နိုင် ဖြစ်သွား၏။ လုယန်ဟွာက ဆက်လက်၍
“လမ်းမှာ ခင်ဗျားကို ဟန့်တားမယ့် အင်အားစုတွေနဲ့ တွေ့ရင် ဒီအမိန့်ပြားကိုသာ ထုတ်ပြလိုက်... လူအ မဟုတ်တဲ့ ဘယ်သူမဆို ခင်ဗျားရဲ့ လမ်းကို ပိတ်ဆို့ဖို့ ရဲမှာမဟုတ်ဘူးလို့ ကျုပ် ယုံကြည်တယ်။”
ရှန်ဝူဧကရာဇ်၏ ကျော်ကြားမှုသည် စကြာဝဠာတစ်ခုလုံးတွင် ပျံ့နှံ့နေပြီး သူ၏ သားတော်များကိုလည်း အင်ပါယာအားလုံးတွင် ဂုဏ်သရေရှိ ဧည့်သည်များအဖြစ် ဆက်ဆံကြသည်။ ယခု လုယန်ဟွာက တော်ဝင်အမိန့်ပြားကို လော့ယွမ်အား ပေးလိုက်သဖြင့် အမိန့်ပြားကို မြင်ရခြင်းမှာ လုယန်ဟွာ ကိုယ်တိုင်ကို မြင်ရခြင်းနှင့် အတူတူပင် ဖြစ်သည်။ ထိုဝေးလံသော ကြယ်နယ်မြေ၌ အင်ပါယာတစ်ခု တကယ် ရှိနေလျှင်ပင် သူ၏လူဖြစ်ကြောင်း သိသွားသည်နှင့် သူတို့ ထပ်မံ ဟန့်တားရဲတော့မည် မဟုတ်ကြောင်း လုယန်ဟွာက ယုံကြည်မှု ရှိနေ၏။
ဤတစ်ကြိမ်တွင်တော့ အမှားအယွင်း ရှိနိုင်တော့မည် မဟုတ်ချေ။
လော့ယွမ်သည် လွင့်မျောနေသော အမိန့်ပြားကို လက်ခံလိုက်ပြီး ချက်ချင်း ဂါရဝပြုကာ
“တာဝန်ကို အောင်မြင်အောင် ထမ်းဆောင်ပါ့မယ်လို့ ကျွန်တော် အာမခံပါတယ်”
လုယန်ဟွာက သတိပေးလိုက်သည်။
“ကွမ်းရန် ဘာဖြစ်သွားလဲဆိုတာကို ခင်ဗျားတွေ့ပြီးပြီပဲ... ကျုပ်ကို ထပ်ပြီး စိတ်မပျက်စေနဲ့... ခင်ဗျားသွားလို့ရပြီ။”
“သွားခွင့်ပြုပါ မင်းသား”