အခန်း (၁၂၈၅-၁၂၈၇)
Vol. 86 Ch. 1285-1287
အခန်း (၁၂၈၅)
ဘယ်သူ့ကို ရွေးရမလဲ
တိုက်ပွဲပြီးဆုံးသွားသော်လည်း လုချန်း ချက်ချင်း ထွက်ခွာမသွားသေးပဲ ချူးယုချင်၏ ကိုယ်ခန္ဓာကို အသာအယာ ပွတ်သပ်ပေးနေသေးသည်။ ထို့နောက် သူက
“ဟုတ်သားပဲ... ရင်သွေးကမ္ဘာထဲက ထူးဆန်းတဲ့ အပြောင်းအလဲတွေကို ပိုပြီး ဂရုစိုက်ကြည့်ပေးပါဦး။ အဲ့ဒီကမ္ဘာငယ်ထဲမှာ တစ်ခုခု ပြောင်းလဲသွားနိုင်တယ်လို့ ကျွန်တော် ခံစားနေရတယ်။”
ချူးယုချင်က
“ကောင်းပါပြီ။ နောက်တစ်ခါ ထူးဆန်းတဲ့ အပြောင်းအလဲတွေ ဖြစ်လာရင် မင်းကို ချက်ချင်း ပြောပြပါ့မယ်။”
ထိုစဉ် လုချန်း ရုတ်တရက် သက်ပြင်းတစ်ချက်ကို ချလိုက်သည်။ ထို့နောက် သူက
“ပြောရဦးမယ်... ရင်သွေးကမ္ဘာကနေ တက်ရောက်လာတဲ့ သက်ရှိတွေရဲ့ ပါရမီက တကယ့်ကို ထူးချွန်လွန်းတယ်။ အဲဒီထဲက တချို့ဆိုရင် နတ်ဘဝ ပြောင်းလဲခြင်း အဆင့်ကိုတောင် ရောက်နေပြီ။ သူတို့ရဲ့ ကျင့်စဉ်တိုးတက်မှု အရှိန်အဟုန်အရဆိုရင် နောက်နှစ်ပေါင်း နှစ်ရာမပြည့်ခင်မှာ ပြန်လည်ပျက်စီးခြင်းအဆင့် ကို ရောက်သွားမယ့်သူတောင် ရှိလာနိုင်တယ်။”
ချူးယုချင်က လုချန်း၏ ရင်ခွင်ထဲတွင် ခေါင်းမှီထားရင်း ခပ်တိုးတိုး ဆိုလိုက်၏။
“ရင်သွေးကမ္ဘာက သက်ရှိအားလုံးဟာ တို့ရဲ့ သားသမီးတွေလို့ မင်းပဲ ပြောခဲ့တာ မဟုတ်လား။ သူတို့ရဲ့ ဖခင်နတ်ဘုရားဖြစ်တဲ့ မင်းက ဒီလောက် စွမ်းအားကြီးနေတာပဲ သူတို့ရဲ့ ပါရမီတွေ မြင့်မားနေတာဟာ အံ့သြစရာ မဟုတ်ပါဘူး။”
လုချန်းက ချူးယုချင်ကို ပွေ့ဖက်ထားရင်း သူမ၏ နဖူးကို အသာအယာ နမ်းလိုက်ကာ
“ ဒေါ်လေးပြောတာလည်း ဟုတ်တာပဲ။ ကျွန်တော်က ဒီလောက် တော်နေတော့ ကျွန်တော်တို့ သားသမီးတွေလည်း သိပ်ပြီး ညံ့မှာ မဟုတ်ဘူး။”
ထို့နောက် လုချန်းသည် ချူးယုချင်၏ ကျောပြင်ကို အဓိပ္ပာယ်ပါပါ ပုတ်လိုက်ရာ သူမက
“ငြိမ်ငြိမ်နေပါဦး”
ချူးယုချင်က ဆက်လက်၍
“ဒါနဲ့... အပြင်ဘက်ကို နယ်မြေချဲ့ထွင်ဖို့ ဘယ်တော့လောက် စိတ်ကူးထားလဲ။”
ရှန်ဝူဧကရာဇ်သည် သူ၏ သားသမီးများအပေါ် ဝိညာဉ်ကူးပြောင်းဝင်စားရန် ကြံစည်နေကြောင်း ချူးယွမ်ကျိထံမှတစ်ဆင့် သူမ သိထားသည်။ လုချန်း အမြန် နယ်မြေချဲ့ထွင်ပါက ရှန်ဝူဧကရာဇ် သတိပြုမိသွားမည်ကို ချူးယုချင် စိုးရိမ်နေမိ၏။ ယခုအချိန်တွင် ရှန်ဝူဧကရာဇ်သည် လုချန်းအပေါ် လုံးဝ လက်လျှော့ထားသည့် အနေအထားတွင် ရှိ နေတုန်းဖြစ်သည်။
အကယ်၍ လုချန်းက ရှအင်ပါယာကို ဆက်လက် ချဲ့ထွင်နေပါက လုချန်း သူတော်စင်အဆင့် ရောက်သွားတာကိုရှန်ဝူဧကရာဇ် သိသွားနိုင်သည်။ ထိုအခါ လုချန်းကို သူ၏ ဝိညာဉ်ကူးပြောင်းရန် ပစ်မှတ်အဖြစ် ရွေးချယ်သွားနိုင်ခြေ အလွန် ရှိနေသည်။
လုချန်း၏ ကျင့်စဉ်အဆင့် တိုးတက်နှုန်းအရ ဆိုလျှင် သူသည် နောက် နှစ်ပေါင်းတစ်ထောင် မပြည့်မီ၊ သို့မဟုတ် နှစ်ပေါင်းငါးရာ အတွင်းမှာပင် ဧကရာဇ်တစ်ပါး ဖြစ်လာနိုင်သည်။ ကျင့်ကြံသူများ၊ အထူးသဖြင့် လုချန်းကဲ့သို့ သူတော်စင်အဆင့်တစ်ဦးအတွက် နှစ်ပေါင်းတစ်ထောင် ဆိုသည်က မကြာလှသော အချိန်သာ ဖြစ်သည်။ ထို့ကြောင့် ချူးယုချင်၏ အမြင်အရ ဧကရာဇ်တစ်ပါး မဖြစ်လာမီအထိ ထောင့်တစ်နေရာတွင် အောင်းကာ ကျင့်စဉ်၌သာ အာရုံစိုက်နေခြင်းက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
လုချန်း ဧကရာဇ်တစ်ပါး ဖြစ်လာခဲ့လျှင် ရှန်ဝူဧကရာဇ်က သူ့ကို ရှာတွေ့ခဲ့လျှင်တောင် ဝိညာဉ်ကူးပြောင်းရန် လွယ်ကူတော့မည် မဟုတ်ပေ။
လုချန်း ခပ်ဖွဖွပြုံးလိုက်ကာ
“ဘာလို့ ဒါကို ရုတ်တရက် မေးတာလဲ”
ချူးယုချင်က ခေါင်းမော့ကာ လုချန်း၏ မျက်လုံးများကို စိုက်ကြည့်လိုက်ရင်း
“ဒေါ်လေးရဲ့ ကျင့်စဉ် တိုးတက်လာတာကြောင့် ဖြစ်နိုင်တယ်... လွန်ခဲ့တဲ့ ရက်ပိုင်းက ဒေါ်လေးရဲ့ ပင်မခန္ဓာဆီက အတိတ်မှတ်ဉာဏ်တချို့ကို ရုတ်တရက် သတိရလာတယ်။”
ချူးယွမ်ကျိ၏ နတ်အာရုံနှင့် သူမကြား အဆက်အသွယ်ကို ထုတ်မပြောလိုသော်လည်း ရှန်ဝူဧကရာဇ် အကြောင်းကိုတော့ လုချန်းအား သတိပေးရန် သူမ ဆုံးဖြတ်ထား၏။
သူတို့အခြေအနေက ပေါ့ပေါ့ဆဆ နေ၍မရသော အခြေအနေ ဖြစ်သည်။ လုချန်း ထိခိုက်မည်ကို ချူးယုချင် မလိုလားပေ။ ရှန်ဝူဧကရာဇ် ရှာမတွေ့နိုင်စေရန် ထျန်းချန်ကမ္ဘာမှ လုချန်း ထွက်ခွာသွားရန် တိုက်တွန်းဖို့ပင် သူမ စဉ်းစားထား၏။
ချူးယုချင်၏ စကားကို ကြားသောအခါ လုချန်းက စူးစမ်းလိုသော အကြည့်ဖြင့်
“ဘယ်လို မှတ်ဉာဏ်တွေလဲ”
ချူးယုချင်က
“မင်းတို့ ဖခင်က မင်းသားတွေကို အပြင်လွှတ်ပြီး လေ့ကျင့်ခိုင်းတာဟာ လျှို့ဝှက်ကြံစည်မှုတစ်ခုရဲ့ အစိတ်အပိုင်း ဖြစ်နေပုံရတယ်။ သူက ဝင်စားဖို့ ခန္ဓာကိုယ်တစ်ခုကို ရှာနေတာလို့ ဒေါ်လေး သံသယရှိတယ်။”
လုချန်း အနည်းငယ် ပြုံးလိုက်၏။ ချူးယွမ်ကျိက ချူးယုချင်၏ ပါးစပ်မှတစ်ဆင့် သူ့ကို သတိပေးခိုင်းခြင်း ဖြစ်ကြောင်း သူ ချက်ချင်း ရိပ်မိလိုက်သည်။ ပန်းနီရထား၏ သက်ရောက်မှုက တကယ့်ကို ကြီးမားလှသည်။ အစက သူ့အပေါ် နာကျည်းမှုများ ရှိခဲ့သော ချူးယွမ်ကျိပင် ရထား၏ လွှမ်းမိုးမှုကို ခံလိုက်ရပြီးနောက် ယခုကဲ့သို့ အရေးကြီးကိစ္စများကို လာရောက် သတိပေးနေပြီ ဖြစ်ပေသည်။
ထို့နောက် လုချန်းက
“သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ တကယ်တော့ ကျွန်တော်လည်း အဲ့ဒီလိုပဲ ခန့်မှန်းထားပြီးသားပါ။ ဒါပေမဲ့ သူက ဒီလိုမျိုးအထိ လုပ်ရက်မယ်လို့ ကျွန်တော် မယုံကြည်ချင်ခဲ့တာ။ အခု ပြန်စဉ်းစားကြည့်မိတာက... သူရဲ့ ဝိညာဉ်ကူးပြောင်းဖို့အတွက် ကိုယ့်သားအရင်းတွေကိုတောင် သတ်ရဲတဲ့သူဆိုရင် သူ မလုပ်ရဲတာ ဘာမှရှိမှာ မဟုတ်တော့ဘူး။”
လုချန်း သတိထားမိနေပြီ ဖြစ်ကြောင်း မြင်သောအခါမှ ချူးယုချင် စိတ်အေးသွားရသည်။
သူမက
“ထျန်းချန်ကမ္ဘာဟာ မင်းရဲ့ စမ်းသပ်ကွင်း ဖြစ်နေသရွေ့ မင်း ဒီမှာ ဆက်နေရင် မင်းဖခင်က ရှာတွေ့သွားနိုင်တယ်။ ဒီကမ္ဘာကနေ ထွက်ပြီး တခြား ကြယ်နယ်မြေ တစ်ခုခုကို သွားဖို့ စဉ်းစားဖူးလား။”
လုချန်းက ဂရုမစိုက်ဟန်ဖြင့်
“မလိုပါဘူး... ကျွန်တော်တို့မှာ သွေးမျိုးဆက် အာရုံခံနိုင်စွမ်း ရှိတယ်။ သူ ကျွန်တော့်ကို ရှာချင်တယ်ဆိုရင် စိတ်ကူးလိုက်တာနဲ့တင် ရပြီ။”
“ဒါက...”
ချူးယုချင် ခဏခန့် မှင်တက်သွားသည်။
လုချန်း ပြောတာ မမှားပေ။ ရှန်ဝူဧကရာဇ်၏ အစွမ်းအရ လုချန်း ဘယ်လောက် ဝေးဝေးပြေးပြေး ဤစကြဝဠာထဲတွင် ရှိနေသရွေ့ ရှန်ဝူဧကရာဇ်က ရှာတွေ့နိုင်စွမ်း ရှိ၏။
ချူးယုချင်၏ မျက်နှာပေါ်မှ စိုးရိမ်ရိပ်ကို မြင်သောအခါ လုချန်းက သူ၏ လက်ကိုမြှောက်ကာ သူမ၏ မျက်နှာပေါ်မှ ဆံစများကိ သပ်ပေးလိုက်ရင်း
“သိပ် စိုးရိမ်မနေပါနဲ့။ ကျွန်တော့် အနားမှာ အားကောင်းတဲ့ ကာကွယ်ပေးသူတွေ ရှိပါတယ်။ သူ ကျွန်တော့်ကို ရှာတွေ့သွားရင်တောင် ကိစ္စမရှိပါဘူး။”
ချူးယုချင် သတိပြန်ဝင်လာသည်။
ဟုတ်ပါသည်။ လုချန်း၏ အနားတွင် ဧကရာဇ်အဆင့် ကာကွယ်စောင့်ရှောက်သူ ရှိနေသည် မဟုတ်ပါလား။
ရှန်ဝူဧကရာဇ်သည် အစွမ်းထက်သော်လည်း သူငယ်စဉ်တုန်းက ဒဏ်ရာများ ရရှိထားဖူး၏။ ထို့ပြင် သူ၏ သက်တမ်းလည်း ကုန်ဆုံးတော့မည် ဖြစ်ရာ သူ၏ စွမ်းအားများ ကျဆင်းနေပေလိမ့်မည်။
လုချန်းအနားမှ ဧကရာဇ်က သူ့ကို ဆက်လက် ကာကွယ်ပေးနေသရွေ့
လုချန်းထံ ဝင်းစားကူးပြောင်းရန် ကြိုးစားလျှင်တောင် ရှန်ဝူဧကရာဇ်အတွက် လွယ်ကူမည် မဟုတ်ပေ။
ချူးယုချင်လည်း ဆက်ပြီး မစိုးရိမ်တော့ရန် ဆုံးဖြတ်လိုက်သည်။ ယခုအချိန်တွင် ဤအရာများကို ပူပန်နေခြင်းက အပိုပင် ဖြစ်၏။ သူမ လုပ်ရမည့်အရာမှာ လုချန်းနှင့် ကုန်ဆုံးရသည့် နေ့ရက်တိုင်းကို ပျော်ရွှင်စွာ ဖြတ်သန်းရန်သာ ဖြစ်သည်။
ထိုစဉ် ချူးယုချင် ကုတင်ပေါ်မှ ထရန် ကြိုးစားလိုက်သည်။ သူမသည် လုချန်းနှင့်အတူ နှစ်လကြာအောင် ကျင့်စဉ်၌ ပါဝင်ခဲ့ပြီးပြီ ဖြစ်သဖြင့် အခြားသူများကို အလှည့်ပေးရန် အချိန်တန်ပြီဟု ယူဆမိ၏။
သို့သော် သူမ မထနိုင်ခင်မှာပင် လုချန်း၏ လက်မောင်းများက သူမ၏ ခါးကိုဖက်ထားလိုက်၏။ ချူးယုချင် လုချန်း၏ မျက်လုံးများကို စိုက်ကြည့်လိုက်သည်။
“တစ်နှစ်မှာ ဆယ့်နှစ်လပဲ ရှိတာ။ မင်းဒေါ်လေးနဲ့တင် နှစ်လကျော် ကုန်ဆုံးခဲ့ပြီးပြီ။ တခြား ညီမလေးတွေဆီ သွားလည်ဖို့ အချိန်တန်ပြီလေ... မင်း ဒီမှာပဲ ဆက်နေရင် သူတို့တွေ စိတ်မကောင်း ဖြစ်ကြလိမ့်မယ်။”
လုချန်းက ခပ်ဖွဖွပြုံးရင်း
“ရပါတယ်... သူတို့ စိတ်မဆိုးကြပါဘူး။”
လုချန်းက လွှတ်မပေးသည်ကို မြင်သောအခါ ချူးယုချင်လည်း မကျေနပ်မှုများ ပြည့်နှက်နေသော မျက်နှာဖြင့် လုချန်း ကြည့်လိုက်တော့၏။ လုချန်း ချူးယွမ်ကျိအပေါ် ဆက်လက် လက်စားချေလိုနေသေးကြောင်းကိုလည်း သူမ သိလိုက်သည်။
ထိုစည် ထိုလှပသော အမျိုးသမီးကို လုချန်းထပ်မံ ပွေ့ဖက်လိုက်တော့သည်။
………..
ရှန်ယွဲ့နိုင်ငံတော်။
ကောင်းကင်မြို့တော်။
ရှန်ဝူဧကရာဇ်၏ အိပ်ဆောင်။
ဧကရာဇ်၏ အိပ်ဆောင်အတွင်း၌ ရွှေရောင် အင်းကွက် ပုံစံများ နေရာအနှံ့ ပေါ်ထွက်ပြီးကြီးမားသော ကျင့်စဉ်လမ်းများလည်း အခန်းတွင်း၌ ဝဲပျံနေသည်။
ထိုအချိန်တွင် ရှန်ဝူဧကရာဇ်သည် ခရမ်းရောင် မီးတောက်များ တောက်လောင်နေသည့် မီးဖိုကြီး တစ်ခု၏ ရှေ့တွင် ရပ်နေ၏။ ထိုမီးဖိုကြီးသည် အက်ကွဲကြောင်းများ ပေါ်နေပြီး အချိန်မရွေး ကွဲအက်တော့မည့် ပုံစံမျိုး ဖြစ်နေသည်။
ရှန်ဝူဧကရာဇ် သူ့ဘာသူ ရေရွတ်လိုက်သည်။ “စကြဝဠာ ကပ်ဘေးက နီးကပ်နေပြီ။ ငါ ပြင်ဆင်ရမယ့် အချိန်ရောက်ပြီ။ အကယ်၍ အသွင်ပြောင်းခြင်း ပညာသာ အောင်မြင်ခဲ့ရင်... ငါလည်း အတားအဆီးတွေကို ဖျက်ဆီးပြီး ကောင်းကင်ဧကရာဇ် ဖြစ်လာဖို့ အခွင့်အရေး ရနိုင်တယ်။ အဲ့ဒီအခါ ငါလည်း ဒီအဆင့်ကို ကျော်လွန်သွားနိုင်ပြီး စကြဝဠာ ကပ်ဘေးအတွက် ပူပန်နေစရာ မလိုတော့ဘူး။”
ရှန်ဝူဧကရာဇ် ခရမ်းရောင် မီးတောက်များ ကို ကြည့်ရင်း အတွေးနက်နေစဉ် နန်းတော်အတွင်းမှ အသံတစ်ခု ထွက်ပေါ်လာ၏။
“မင်းကြီး... မင်းသား လုချန်းကလွဲရင် ကျန်တဲ့ မင်းသားတွေ အားလုံးဟာ စမ်းသပ်မှုတွေ ပြီးဆုံးလို့ အင်ပါယာ မြို့တော်ကို ပြန်ရောက်နေကြပါပြီ။”
လက်အောက်ငယ်သား၏ တင်ပြချက်ကို ကြားသောအခါ ရှန်ဝူဧကရာဇ်က တည်ငြိမ်သော မျက်နှာထားဖြင့်
“ မင်းသားအားလုံးကို ပြောလိုက်။ သူတို့ လိုအပ်သမျှ ကျင့်စဉ် အထောက်အပံ့ အားလုံးကို ကျုပ် ပေးမယ်။ ဘယ်သူမဆို နှစ်ပေါင်းတစ်ထောင်အတွင်းမှာ သူတော်စင် အဆင့် ရောက်နိုင်ရင် အဲဒီလူဟာ အင်ပါယာရဲ့ နောက်ထပ် အုပ်ချုပ်သူ မုချ ဖြစ်လာလိမ့်မယ်။”
“အမိန့်တော်အတိုင်းပါ မင်းကြီး”
ဟု ပြန်လည် ကြားလိုက်ရသည်။
အသံ ပျောက်ကွယ်သွားသည်နှင့် ထိုသူ လှည့်ထွက်သွား၏။ ထိုစဉ် ရှန်ဝူဧကရာဇ် လက်တစ်ချက် ဝေ့ယမ်းလိုက်ရာ လုချန်းမှအပ ကျန်ရှိသော မင်းသားအားလုံး၏ စမ်းသပ်မှု ပုံရိပ်များ သူ၏ ရှေ့မှောက်တွင် ပေါ်လာတော့သည်။
ထိုနောက် ရှန်ဝူဧကရာဇ်က
“ကဲ... နောက်တစ်ယောက် ဘယ်သူ့ကို ရွေးရမလဲ”
…………..
အခန်း (၁၂၈၆ )
နက်နဲသော အကြံ
ရှန်ဝူဧကရာဇ် ထုတ်ပြန်လိုက်သည့် ကြေညာချက်သည် ရှန်ယွဲ့နိုင်ငံတော် တစ်ဝှမ်းလုံးသို့ လျင်မြန်စွာ ပြန့်နှံ့သွား၏။ နန်းမွေဆက်ခံသူ ရှာဖွေနေသည့် သတင်းကို လူများ သိလာကြသောအခါ အင်အားစုကြီးများလည်း ရင်းနှီးမြှုပ်နှံမှုများ စတင်လာကြတော့သည်။ မကြာမီမှာပင် မင်းသားများ ထိန်းချုပ်ထားသည့် နယ်မြေများ၌ သူတော်စင် အမြောက်အမြား ပေါ်ထွက်လာကြသည်။
ရှန်ဝူဧကရာဇ် ဆက်ခံသူ ရွေးချယ်မည့် သတင်းသည် ရှန်ယွဲ့နိုင်ငံတော်အတွင်း၌သာ လှုပ်ခတ်သွားစေသည် မဟုတ်ပဲ စကြဝဠာအနှံ့ရှိ အင်ပါယာများကိုပါ တုန်လှုပ်သွားစေခဲ့သည်။ ရှန်ဝူဧကရာဇ်သည် သက်တမ်းကုန်ဆုံးတော့မည် ဖြစ်သဖြင့် ဆက်ခံသူ ရွေးချယ်ရန် ပြင်ဆင်နေခြင်း ဖြစ်နိုင်ကြောင်း အင်ပါယာ အရှင်သခင်များက ခန့်မှန်းကြသည်။ ထိုသို့သာ ဖြစ်ပါက စကြဝဠာ၏ အင်အားချိန်ခွင်လျှာ အခင်းအကျင်းကို ပြန်လည်ရေးဆွဲရပေလိမ့်မည်။
ရှန်ယွဲ့နိုင်ငံတော်သည် ကံစွမ်းအား အလွန်ခိုင်မာသည့် အင်အားကြီး အင်ပါယာတစ်ခု ဖြစ်၏။ ရှန်ယွဲ့နိုင်ငံတော်ကို ဖြိုခွင်းနိုင်ပါက မိမိတို့ အင်ပါယာ၏ အင်အားသည် ပို၍ ကြီးထွားလာပေလိမ့်မည်။ ထို့ပြင် အင်ပါယာ အများစုသည် ရှန်ယွဲ့နိုင်ငံတော်နှင့် ပဋိပက္ခများစွာ ရှိခဲ့ကြဖူးသည်။ ရှန်ဝူဧကရာဇ် အစွမ်းထက်စဉ် ကာလက အင်ပါယာ အမြောက်အမြားကို ဖျက်ဆီးခဲ့ပြီး အခြားအင်ပါယာများနှင့် မြင့်မြတ်သော နယ်မြေများကို တိုက်ခိုက်ခဲ့သည်။ ထိုအချိန်က အနိုင်ကျင့်ခံခဲ့ရသည့် အင်အားစုများရင်ထဲ ယနေ့တိုင် အငြိုးအတေးမျ ထားရှိကြဆဲပင်။
ရှန်ဝူဧကရာဇ် အသက်ရှိနေစဉ် လက်စားမချေ ရဲကြသော်လည်း ရှန်ဝူဧကရာဇ် ကျဆုံးသွားပါက ရှန်ယွဲ့နိုင်ငံတော်၌ အခြားဧကရာဇ်များ ရှိနေလျှင်ပင် အင်ပါယာတစ်ခုလုံးကို ခွဲဝေယူရန် ကြိုးပမ်းကြပေလိမ့်မည်။ ရှန်ယွဲ့နိုင်ငံတော်၏ အထွတ်အထိပ် ကာလသည် အခြားအင်ပါယာများနှင့် မြင့်မြတ်သော နယ်မြေများမှ ဧကရာဇ်များအပေါ် စိတ်ပိုင်းဆိုင်ရာ အရိပ်မည်းကြီးတစ်ခု ကျရောက်စေခဲ့သည်။ ထို့ကြောင့် ဤမျှ ကြောက်မက်ဖွယ်ကောင်းသည့် အင်ပါယာ ဆက်လက် တည်ရှိနေမှုကို မည်သူမှ မမြင်လိုကြပေ။
.........
ရှန်ယွဲ့နန်းတော်။
ဧကရီ၏ သီးသန့်အခန်းအတွင်း။
ကုတင်ပေါ်တွင် အားအင်ကုန်ခမ်းစွာ လဲလျောင်းနေသည့် ချူးယွမ်ကျိ၏ ခန္ဓာကိုယ်သည် ချွေးများဖြင့် စိုရွှဲနေသည်။ ပခုံးထက်မှ လျှောကျနေသည့် အနီရောင် ဖီးနစ်ဝတ်ရုံနှင့် ပိုးသားကဲ့သို့ မျက်ဝန်းများကို ပိုင်ဆိုင်ထားသော သူမသည် ဆွဲဆောင်မှုရှိသည့် ညှို့ဓာတ်များကို ထုတ်လွှတ်နေ၏။ လုချန်း ဒီလောက်အထိ အညှာအတာမဲ့လိမ့်မည်ဟု ချူးယွမ်ကျိ မထင်မှတ်ထားခဲ့ပေ။ နှစ်လမျှ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း သူက ချူးယုချင်နှင့်အတူ ထိုကိစ္စများကို မရပ်မနား ပြုလုပ်နေဆဲဖြစ်၏။
သူမ၏ စိတ်အာရုံများ လွင့်ပါးနေသော်လည်း နတ်အာရုံ ချိတ်ဆက်မှုကို ဖြတ်တောက်ရန် မလိုလားနိုင် ဖြစ်နေသေး၏။ သူမ ဤခံစားမှုကိုပင် နှစ်သက်မိသွားပြီဖြစ်သည်။ ထိုစဉ် ချူးယွမ်ကျိ စိတ်ထဲ အတွေးတစ်ခု ဝင်ရောက်လာ၏။
“ဒါက ကိုယ်ချစ်တဲ့သူရဲ့ အနိုင်ကျင့်တာကို ခံရတဲ့ ခံစားချက်လား။”
တစ်ချိန်က စိတ်ကူးယဉ်ခဲ့ဖူးသည့် အရာများ လက်တွေ့ဖြစ်လာသောအခါ သူမ၏ ရင်ထဲတွင် ကြည်နူးမှုများ လှိုက်တက်လာခဲ့သည်။ ထိုကြည်နူးမှုကြောင့်ပင် ပုံမှန်အားဖြင့် အေးစက်နေတတ်သော ပါးပြင်ထက်၌ အပြုံးတစ်ခု ပေါ်လာခဲ့တော့သည်။ ရှန်ယွဲ့နန်းတော်သို့ ရောက်ရှိပြီးကတည်းက သူမ မပြုံးခဲ့တာ နှစ်ပေါင်း မည်မျှ ကြာမြင့်ခဲ့ပြီမှန်း မမှတ်မိနိုင်တော့ပေ။
သို့သော် လုချန်းနှင့်အတူ ပျော်ရွှင်ဖွယ်ကောင်းသည့် ဘဝကို စိတ်ကူးယဉ်နေစဉ် အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။
“ဧကရီ... မင်းကြီးက ဧကရီကို နန်းတော်ဆီ လာဖို့ ဆင့်ခေါ်လိုက်ပါတယ်။”
တံခါးအပြင်ဘက်မှ အသံကို ကြားလိုက်ရသောအခါ ချူးယွမ်ကျိ၏ မျက်နှာထက်မှ အပြုံး ချက်ချင်း ပျောက်ကွယ်သွားသည်။ သူမ၏ ယခင်ကကဲ့သို့ အေးစက်သော ပုံစံသို့လည်း ချက်ချင်း ပြန်ပြောင်းသွားသည်။
“သိပြီ”
ရှန်ဝူဧကရာဇ် သူမကို ဆင့်ခေါ်ခဲလှ၏။ ထို့ကြောင့် ယခုလို ဆင့်ခေါ်လာခြင်းက ကောင်းသော လက္ခဏာ မဟုတ်တာ သေချာသည်။ ရှန်ဝူဧကရာဇ်က သူမကို ဘာလုပ်မည်နည်း။
သူ လုချန်းနှင့် ပတ်သက်၍ တစ်စုံတစ်ရာ သိသွားခြင်းများလားဟု ချူးယွမ်ကျိ စတင် စိုးရိမ်လာသည်။ စိုးရိမ်နေသော်လည်း သူမ သွားရောက် တွေ့ဆုံရမည်သာ ဖြစ်၏။ နန်းတော်ထဲ၌ ချုပ်နှောင်ခံထားရသဖြင့် သူမ၌ ရှောင်တိမ်းစရာ နေရာမရှိပေ။ သူမ အနေနှင့် ရှန်ဝူဧကရာဇ်၏ အမိန့်ကို နာခံရုံသာ ရှိသည်။
ချူးယွမ်ကျိသည် အဝတ်အစားကို သပ်ရပ်အောင် ပြင်ဆင်ပြီးနောက် ကောင်းကင်ပေါ်ရှိ နန်းတော်သို့ တန်းတန်းမတ်မတ် သွားလိုက်သည်။ ကောင်းကင်ပေါ်ရှိ ရှန်ဝူဧကရာဇ်၏ စံမြန်းရာ နေရာသို့ ရောက်ရှိသောအခါ သူမ အလွန် မုန်းတီးသည့် ယုတ်မာသော အဘိုးကြီးကို ချူးယွမ်ကျိ တွေ့လိုက်ရသည်။ ထိုအချိန်တွင် ရှန်ဝူဧကရာဇ်သည် ခရမ်းရောင် မီးဖိုကြီး၏ ရှေ့၌ ရပ်နေကာ အက်ကွဲကြောင်းများကို စူးစိုက်ကြည့်နေသည်။
ချူးယွမ်ကျိ ရောက်လာသည်ကို သတိထားမိသော်လည်း ရှန်ဝူဧကရာဇ်က လှည့်မကြည့်ပဲ မေးလိုက်၏။
“ဧကရီ... မင်းရဲ့ ကျင့်စဉ်လမ်းမှာ အခက်အခဲ တစ်စုံတစ်ရာ ရှိနေလား။”
ချူးယွမ်ကျိက အေးစက်စွာ တုံ့ပြန်လိုက်၏။
“မင်းကြီး... ကျွန်မရဲ့ ကျင့်စဉ်မှာ ဘာပြဿနာမှ မရှိပါဘူး”
ချူးယွမ်ကျိ၏ အေးစက်မှုကို ရှန်ဝူဧကရာဇ်က ဂရုမစိုက်ဟန်ဖြင့် ဆက်ပြောလိုက်သည်။
“မင်းက ကောင်းကင်ပြောင်းလဲခြင်းကျောက်တုံးကို ခွင့်ပြုချက်မရှိပဲ သုံးပြီး နံပါတ်ကိုးမင်းသားကို ဒုက္ခပေးခဲ့တယ်လို့ ကျုပ် ကြားတယ်။”
ထိုမေးခွန်းကို ကြားသောအခါ ချူးယွမ်ကျိ အနည်းငယ် လန့်သွားသော်လည်း ဒါက မျှော်လင့်ထားပြီးသား ကိစ္စ ဖြစ်၏။ ကောင်းကင်ပြောင်းလဲခြင်း ကျောက်တုံးသည် ရှန်ဝူဧကရာဇ်၏ ရတနာ ဖြစ်သဖြင့် သူမ အသုံးပြုလိုက်သည်နှင့် သူ ဧကန်မုချ သိပေလိမ့်မည်။ ယခု ချူးယွမ်ကျိ စိုးရိမ်နေသည်က လုချန်း သူတော်စင်အဆင့် ရောက်ရှိသွားကြောင်း ရှန်ဝူဧကရာဇ် သိသွားမှာကိုဖြစ်၏။
ချူးယွမ်ကျိ မတုံ့ပြန်တာ မြင်သောအခါ ရှန်ဝူဧကရာဇ်၏ အကြည့်များသည် မီးဖိုကြီးဆီမှ ချူးယွမ်ကျိထံသို့ ရောက်ရှိလာခဲ့သည်။ သူမ ဇဝေဇဝါ ဖြစ်နေသည်ကို သတိပြုမိပြီး ရှန်ဝူဧကရာဇ်က ဆက်လက်၍
“လုချန်းက ကျုပ်ရဲ့ သားတစ်ယောက်ပဲ... မင်းက သူ့ကို ဒီလို ပစ်မှတ်ထားတာ သိပ်မကောင်းဘူး မဟုတ်လား။”
ချူးယွမ်ကျိ သတိပြန်ဝင်လာကာ ပြတ်သားစွာ ပြောလိုက်၏။
“ဒါက မင်းကြီး မြင်ချင်တဲ့ အရာပဲ မဟုတ်လား။”
လုချန်းအပေါ်ရှိ သူမ၏ သံယောဇဉ်ကို ရှန်ဝူဧကရာဇ်က သိထားသည်။ ယခု သူမသည် ရှန်ဝူဧကရာဇ်နှင့် လက်ထပ်ပြီး ဧကရီ ဖြစ်လာပြီ ဖြစ်ရာ လုချန်းအပေါ် တမ်းတနေခြင်းကို ရှန်ဝူဧကရာဇ်က မည်သို့ ခွင့်ပြုမည်နည်း။ လုချန်းကို ဒုက္ခပေးရန် ကောင်းကင်ပြောင်းလဲခြင်း ကျောက်တုံးကို သူမ အသုံးပြုခဲ့ကြောင်း ရှန်ဝူဧကရာဇ် သိထားပြီးဖြစ်သည်ဟု ချူးယွမ်ကျိ ယုံကြည်သည်။ ယခု ထိုအကြောင်းကို ထုတ်ပြောလာခြင်းသည် သူမက လုချန်းကို ပစ်မှတ်ထားခြင်းအတွက်ကျေနပ်နေကြောင်း ပြသနေခြင်း ဖြစ်သည်။
ရှန်ဝူဧကရာဇ်က တည်ငြိမ်စွာဖြင့်
“ဧကရီက ဘာကို ဆိုလိုတာလဲ။ ကျုပ်မိန်းမနဲ့ ကျုပ်သား ရန်ဖြစ်နေကြတာကို ကျုပ်က ဘယ်လိုလုပ် မြင်ချင်မှာလဲ။”
ထို့နောက် ရှန်ဝူဧကရာဇ်က ငြင်းဆန်၍ မရနိုင်အောင် ဩဇာကြီးလှသော လေသံဖြင့် အမိန့်ပေးလိုက်သည်။
“ကောင်းကင်ပြောင်းလဲခြင်း ကျောက်တုံးကို ထုတ်ပေးပါ။”
ချန်းယုချင်နှင့် နတ်အာရုံချင်း ပြန်လည် ချိတ်ဆက်နိုင်ခဲ့တာ ကံကောင်းလှသည်ဟု ချူးယွမ်ကျိ တွေးလိုက်သည်။ ယခု ကောင်းကင်ပြောင်းလဲခြင်း ကျောက်တုံးသည် သူမအတွက် အသုံးမဝင်တော့ချေ။ ထို့ပြင် ချူးယုချင်၏ ရင်သွေးကမ္ဘာထဲသို့ ဝင်ရောက်နေနိုင်သမျှ သူမ ရှိနေကြောင်းလုချန်း အာရုံခံနိုင်မည် မဟုတ်ပေ။
တုံ့ဆိုင်းခြင်းမရှိပဲ ကောင်းကင်ပြောင်းလဲခြင်း ကျောက်တုံးကို ချူးယွမ်ကျိ ထုတ်ပေးလိုက်၏။ ကျောက်တုံးသည် လေထဲ၌ ခဏခန့် ဝဲနေပြီးနောက် ရှန်ဝူဧကရာဇ်၏ လက်ထဲသို့ လျင်မြန်စွာ ပျံသန်းသွားသည်။
ရှန်ဝူဧကရာဇ်က
“ဘာပဲဖြစ်ဖြစ် လုချန်းက ကျုပ်ရဲ့ သားပဲ... မင်းက ကောင်းကင်ပြောင်းလဲခြင်း ကျောက်တုံးကို သုံးပြီး သူ့ရဲ့ စမ်းသပ်မှုကို နှောင့်ယှက်ခဲ့တယ်။ အခု မင်း စိတ်ကျေနပ်သွားပြီ ဆိုတော့ ထျန်းချန်ကမ္ဘာမှာ သူ အသက်ရှင်မလား သေမလား ဆိုတာ သူ့ကံတရားအတိုင်း လွှတ်ထားလိုက်ပါ။ သူ့အကြောင်း ဆက်မတွေးပါနဲ့တော့။”
ရှန်ဝူဧကရာဇ်၏ စကားကို ကြားလျှင် ချူးယွမ်ကျိ စိတ်ထဲ နှာခေါင်းရှုံ့လိုက်မိသည်။ လုချန်းကို သူမ ပစ်မှတ်ထားမည်ကို ရှန်ဝူဧကရာဇ်က ကြိုသိနေခဲ့သဖြင့် ကောင်းကင်ပြောင်းလဲခြင်း ကျောက်တုံးကို တမင် ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သူမ နားလည်သွားသည်။ လုချန်းနှင့် ပတ်သက်မှု မှန်သမျှကို သူမဘက်မှ အစပြု၍ အပြီးတိုင် ဖြတ်တောက်စေရန်နှင့် သူမနှင့် လုချန်း နှစ်ဦး အတူရှိနိုင်မည့် အခွင့်အရေးကို ဖယ်ရှားရန် ရှန်ဝူဧကရာဇ် အစကတည်းက ရည်ရွယ်ထားပုံရသည်။
နဂို အစီအစဉ်အတိုင်း လုချန်းသည် ဇနီးမယားများစွာ ဝန်းရံနေသည့် အသုံးမကျသူ တစ်ဦး ဖြစ်လာပြီး သွေးမျိုးဆက် စွမ်းအားနှင့် ကံတရားများလည်း လျော့ပါးသွားပြီ ဖြစ်ရာ ဧကရာဇ် ဖြစ်လာရန် သို့မဟုတ် ရှန်ယွဲ့နိုင်ငံတော်သို့ ပြန်လာနိုင်ရန် ဖြစ်နိုင်ခြေ မရှိတော့ပေ။ ထိုသို့ဖြင့် လုချန်းအပေါ် ထားရှိသည့် သူမ၏ မျှော်လင့်ချက်များ ပျက်သုဉ်းသွားမည်ဖြစ်သည်။
“ဒီအဘိုးကြီးရဲ့ အကြံအစည်တွေက တကယ် နက်နဲတာပဲ။”
လုချန်းအပေါ် သူမ လက်တုံ့ပြန်ခြင်းအား ရှန်ဝူဧကရာဇ် အဘယ်ကြောင့် လျစ်လျူရှုထားခဲ့သည်ကို ချူးယွမ်ကျိ ခန့်မှန်းမိသည်။ ဧကရာဇ်တစ်ပါးအတွက် ခံစားချက်များ ကင်းမဲ့နေသော ကျင့်စဉ်မီးဖိုသည်သာ အပြည့်စုံဆုံး ဖြစ်သည်။ လုချန်းအပေါ် သူမ သံယောဇဉ်ရှိနေပါက သူမ၏ ခန္ဓာကိုယ်အတွင်းရှိ ဖရိုဖရဲ စိတ်ဝိညာဉ် စွမ်းအားကို ရယူမည့် အနာဂတ် အစီအစဉ်များကို ထိခိုက်စေနိုင်သည်။ ထို့ကြောင့် လုချန်းနှင့် ပတ်သက်မှုကို အပြီးတိုင် ဖြတ်တောက်စေလိုခြင်း ဖြစ်သည်။
ရှန်ဝူဧကရာဇ်က ချူးယွမ်ကျိကို တစ်ချက်ကြည့်ကာ
“ဒီရက်ပိုင်း ဧကရီက ကျင့်စဉ်ဘက်မှာ အားစိုက်နေပုံရတယ်။”
သူ၏ ရည်ရွယ်ချက်ကို ချူးယွမ်ကျိ ရိပ်မိသွားသည်။ သူမ ကျင့်ကြံခြင်း မပြုပဲ နေမည်ကို ရှန်ဝူဧကရာဇ် တကယ် စိုးရိမ်နေခဲ့သည်။ သို့သော် ယခု ချူးယွမ်ကျိ၏ ကျင့်စဉ်အဆင့် ဆက်တိုက် တိုးတက်နေသည်ကို မြင်ရသဖြင့် သူမ ကြိုးစားကျင့်ကြံနေကြောင်း သိလိုက်ရသည်။
ဒါက သူ့အတွက် အကောင်းဆုံးပင်။
သူသည် မကြာမီ ဝင်စားရတော့မည် ဖြစ်ရာ ချူးယွမ်ကျိ၏ ဖရိုဖရဲ ဝိညာဉ်ခန္ဓာ ရင့်ကျက်လာပါက သူမကို ကျင့်စဉ်မီးဖိုအဖြစ် အသုံးပြုနိုင်မည် ဖြစ်သည်။ ထိုမှတစ်ဆင့် သူ၏ စွမ်းအားကို လျင်မြန်စွာ မြှင့်တင်နိုင်မည် ဖြစ်သည်။ ထို့နောက် ဧကရာဇ်အဆင့်ထက် ကျော်လွန်သော နယ်ပယ်သို့ပင် ထိုးဖောက်သွားနိုင်ပေလိမ့်မည်။
တည်ငြိမ်သော မျက်နှာထားကို ထိန်းသိမ်းထားရင်း ချူးယွမ်ကျိက
“မင်းကြီးမှာ အခြားကိစ္စ မရှိတော့ရင် ကျွန်မ ကျင့်စဉ်ပြန်ကျင့်လိုက်ပါဦးမယ်။”
ရှန်ဝူဧကရာဇ်က လျစ်လျူရှုထားသည့် အမူအရာဖြင့်
“ကောင်းပြီလေ... ဧကရီက ကျင့်စဉ်အပေါ် အာရုံစိုက်တာ ကောင်းပါတယ်။ ကျုပ် မင်းရဲ့အချိန်တွေကို မယူတော့ပါဘူး။”
ထို့နောက် ချူးယွမ်ကျိ ရှန်ဝူဧကရာဇ်ကို ဂါရဝပြုလိုက်ရင်း
“ကျွန်မ သွားခွင့်ပြုပါဦး”
စကားဆုံးသည်နှင့် ရှန်ဝူဧကရာဇ်၏ နန်းတော်မှ ချူးယွမ်ကျိ ထွက်ခွာလာခဲ့သည်။
………….
အခန်း( ၁၂၈၇ )
ရှနိုင်ငံတော် တိုးတက်ပြောင်းလဲမှု
အချိန်သည် မြားတစ်စင်းကဲ့သို့ ကုန်ဆုံးသွား၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်ထပ် ဆယ်စုနှစ်တစ်ခု ကုန်ဆုံးသွားခဲ့သည်။ သာမန်လူများအတွက် ထိုအချိန်သည် ကြာမြင့်လှသော်လည်း ကျင့်ကြံသူအများစုအတွက်မူ မျက်စိတစ်မှိတ်စာမျှသာ ဖြစ်သည်။
လွန်ခဲ့သော ဆယ်နှစ်တာအတွင်း ရှနိုင်ငံတော်သည် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာခဲ့၏။ နိုင်ငံပိုင်နက်အတွင်းရှိ အဓိက သက်ရှိကမ္ဘာအားလုံးသည် စက်မှုခေတ်သို့ ရောက်ရှိလာကြပြီ ဖြစ်သည်။
စိတ်ဝိညာဉ်စွမ်းအား၏ အထောက်အပံ့ကြောင့် ဖြစ်နိုင်သော်လည်း ဤကမ္ဘာ၏ နည်းပညာတိုးတက်မှုနှုန်းသည် လုချန်း အရင်ဘဝက နေထိုင်ခဲ့သော မြေကမ္ဘာထက် များစွာ သာလွန်နေသည်။ ထျန်းချန်ကမ္ဘာသို့ လုချန်း ဝင်စားပြီးနောက် နှစ်ပေါင်း နှစ်ရာ မပြည့်မီမှာပင် ရှနိုင်ငံတော်သည် ကောင်းကင်ယံ၌ ကြယ်တာရာသွားယာဉ်များ ပျံသန်းနေသည့် ခေတ်ကာလသို့ ရောက်ရှိလာခဲ့သည်။
ယခင်က ကျင့်ကြံသူများသည် မိမိတို့၏ အင်အားကိုသာ အားကိုးသဖြင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုကို စိတ်ဝင်စားခြင်း မရှိခဲ့ကြပေ။
ဥပမာ ခရီးသွားလာရေး ဖြစ်သည်။ ကျင့်ကြံသူအများစုသည် ဓားစီး၍ ခရီးသွားနိုင်ကြ၏။ ထို့ကြောင့် ခရီးသွားယာဉ်များကို အဆင့်မြှင့်တင်ရန် စိတ်ဝင်စားမှု နည်းပါးခဲ့ကြသည်။ ထို့ကြောင့် မည်သူမှ အခြားသော သယ်ယူပို့ဆောင်ရေး ပုံစံများကို သုတေသန မပြုခဲ့ကြပေ။ အခြားကိရိယာများတွင်လည်း ထိုနည်းတူပင် ဖြစ်သဖြင့် ကုန်ပစ္စည်း ထုတ်လုပ်နိုင်စွမ်းအားက များစွာ ဖွံ့ဖြိုးတိုးတက်မလာခဲ့ပေ။
လုချန်း ရောက်ရှိလာတော့မှ ကျင့်ကြံသူများလည်း နည်းပညာကို တဖြည်းဖြည်း စိတ်ဝင်စားလာကြ၏။ ထို့ကြောင့် ကျင့်ကြံသူ များစွာ စက်မှုတော်လှန်ရေးတွင် ပါဝင်လာခဲ့ကြသည်။
ကျင့်ကြံသူများသည် နဂိုကတည်းက သဘာဝလွန်စွမ်းအားများကို ပိုင်ဆိုင်ထားကြသဖြင့် သာမန်လူများ အာရုံမခံနိုင်သော စကြဝဠာနိယာမများကို အလွယ်တကူ သိမြင်နိုင်သည်။ ထိုသို့ဖြင့် ရှနိုင်ငံတော်၏ နည်းပညာသည် နှစ်စဉ်နှစ်တိုင်း အံ့မခန်း အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့တော့၏။
ထို့ပြင် ကျင့်ကြံသူများ၏ စွမ်းအားသည် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အရှိန်မြှင့်တင်ပေးနိုင်သည်။ ဥပမာ မီတာရာချီ မြင့်သော အဆောက်အအုံတစ်ခုကို သာမန်လူများသာ တည်ဆောက်ပါက တိုးတက်သော နိုင်ငံတစ်ခုတွင်ပင် ပြီးစီးရန် နှစ်အနည်းငယ် ကြာမြင့်မည် ဖြစ်သည်။
သို့သော် ရှနိုင်ငံတော်၏ ဆောက်လုပ်ရေးအဖွဲ့များ အတွက်တော့ မီတာရာချီ မြင့်သော အဆောက်အအုံတစ်ခုကို အစမှအဆုံး တည်ဆောက်ရန် ဆယ်ရက်ခန့်သာ ကြာသည်။
ဤမျှ လျင်မြန်သော ဖွံ့ဖြိုးတိုးတက်မှုနှုန်းသည် ရှနိုင်ငံတော်အတွင်း၌ ကာလတိုအတွင်း မယုံနိုင်စရာ ပြောင်းလဲမှုများကို ဖြစ်ပေါ်စေခဲ့သည်။
ယခုအခါ ရှနိုင်ငံတော်အတွင်း၌ အာကာသယာဉ် သောင်းနှင့်ချီ သက်ရှိကမ္ဘာများကြား နေ့စဉ် သွားလာနေကြ၏။ သက်ရှိကမ္ဘာများကြား ကူးလူးဆက်ဆံမှုလည်း ပိုများလာခဲ့သည်။ စိတ်ဝိညာဉ်ဆန် ရှိနေခြင်းကြောင့် လူဦးရေလည်း လျင်မြန်စွာ တိုးပွားလာနေသည်။
သာမန်လူများပင်လျှင် အစားအစာ လုံလောက်စွာ ရရှိပြီး အသက်ရှည်လာနိုင်သဖြင့် လူဦးရေ ပေါက်ကွဲမှုက ပုံမှန်ပင် ဖြစ်သည်။ သို့သော် သာမန်လူဦးရေ အတိုင်းအတာတစ်ခု ကျင့်စဉ်လမ်းကို လျှောက်လှမ်းလာပါက လူဦးရေ တိုးတက်မှုသည် သင့်တော်သော အတိုင်းအတာတစ်ခုသို့ ရောက်ရှိသွားမည် ဖြစ်သည်။
ကျင့်ကြံသူများအတွက် ကလေးရရန် မလွယ်ကူသဖြင့် လူဦးရေ အလွန်အကျွံ များပြားလာမည်ကို လုချန်း လုံးဝ စိုးရိမ်ခြင်း မရှိပေ။ ဆန့်ကျင်ဘက်အားဖြင့် ကလေးမွေးဖွားခြင်းကိုပင် သူ အားပေး၏။
နတ်လှေတစ်စင်းသည် တောင်ဝင်တောင်တန်း ကြယ်နယ်မြေ၏ နယ်စပ်သို့ အရှိန်ဖြင့် ဦးတည်မောင်းနှင်လာ၏။
လော့ယွမ်သည် နတ်လှေ၏ ကုန်းပတ်ပေါ်တွင် ရပ်လျက် ထျန်းချန်ကမ္ဘာ၏ တည်နေရာကို စစ်ဆေးရင်း ချက်ချင်းပင် သတိဝီရိယ ရှိလာသည်။
ယခင်က ကွမ်းရန်သည် ဤနေရာအနီးတွင် တစ်စုံတစ်ဦး၏ ကြားဖြတ်တိုက်ခိုက်ခြင်းကို ခံခဲ့ရသဖြင့် သူလည်း သတိထားရပေမည်။
ကွမ်းရန်နှင့် မတူပဲ လုယန်ဟွာ ပေးအပ်သော တာဝန်ကို အောင်မြင်ထမ်းဆောင်ရန်အတွက် လော့ယွမ်သည် သူ၏ ပင်မခန္ဓာနှင့် ကိုယ်ပွား နှစ်ခုစလုံးကို ဤနတ်လှေပေါ်တွင် ခေါ်ဆောင်လာခဲ့သည်။ တာဝန်မအောင်မြင်ပါက သူ၏ တစ်ခုတည်းသော လမ်းမှာ သေခြင်းတရားသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိထားသည်။
ထို့ကြောင့် သူ၏ ပင်မခန္ဓာကို ရှန်ယွဲ့နိုင်ငံတော်တွင် ထားရစ်ခဲ့ခြင်းက အဓိပ္ပာယ် မရှိပေ။ ပင်မခန္ဓာနှင့် ကိုယ်ပွား နှစ်ခုစလုံး တပါဝင်ဆောင်ရွက်ခြင်းက အလုပ်ပြီးမြောက်ရန် ပိုလွယ်ကူစေလိမ့်မည် ဖြစ်သည်။ ထို့ပြင် ပြန်ရောက်သည့်အခါ လုယန်ဟွာ အနေနှင့် သူ့ကို ဒုက္ခပေးရန် အကြောင်းပြချက် ရှိတော့မည် မဟုတ်ပေ။
သူ၏ အသက်သွေး အနှစ်သာရသည် လုယန်ဟွာ၏ လက်ထဲတွင် ရှိနေ၏။ တာဝန်မအောင်မြင်ပါက လုယန်ဟွာသည် သူ့ကို အတွေးတစ်ချက်ဖြင့် သတ်နိုင်သည်။ ထို့ကြောင့် သူ့အတွက် တစ်ခုတည်းသော ထွက်ပေါက်မှာ လုချန်းကို သတ်ရန်သာ ဖြစ်သည်။
လော့ယွမ်သည် နတ်လှေပေါ်မှ ချက်ချင်း ခုန်ဆင်းလိုက်၏။ ထို့နောက် နတ်လှေကို သိမ်းဆည်းကာ ဟင်းလင်းပြင်ကို သူ၏ ရုပ်ခန္ဓာဖြင့် ဖြတ်သန်းသွားလာလိုက်သည်။
နတ်လှေသည် ကြီးမားလွန်းသဖြင့် အလွယ်တကူ တွေ့နိုင်သော်လည်း ဟင်းလင်းပြင်ကို ရုပ်ခန္ဓာဖြင့် ဖြတ်သန်းပါက အခြားသူများ တွေ့ရှိလျှင်ပင် ဤကြယ်နယ်မြေမှ လူများက သူ့ကို အပြင်လူဟု သတ်မှတ်ချင်မှ သတ်မှတ်ကြပေလိမ့်မည်။
နတ်လှေကို သိမ်းဆည်းပြီးနောက် လော့ယွမ်သည် ထျန်းချန်ကမ္ဘာဆီသို့ အမြန်ဆုံး အရှိန်ဖြင့် ဆက်လက် ပျံသန်းသွားတော့သည်။ သို့သော် တောင်ဝင်တောင်တန်း ကြယ်နယ်မြေထဲသို့ ဝင်ရောက်လိုက်သည်နှင့် မြင်လိုက်ရသော မြင်ကွင်းကြောင့် သူ တုန်လှုပ်သွားရ၏။
တောင်ဝင်တောင်တန်း ကြယ်နယ်မြေ အတွင်း၌ နတ်လှေများသည် သက်ရှိကမ္ဘာများကြား ခေါက်တုံ့ခေါက်ပြန် သွားလာနေကြ၏။ ထိုနတ်လှေများ အားလုံးသည်လည်း အလွန်တရာ ကြီးမားကြသည်။
ဤမျှ ဝေးလံခေါင်သီသော ကြယ်နယ်မြေတွင် နတ်လှေအမြောက်အမြား ရှိနေခြင်းကို လော့ယွမ် ယုံကြည်ရန် ခက်ခဲနေသည်။ ရှန်ယွဲ့နိုင်ငံတော်၌ပင် ဤမျှ များပြားမည် မဟုတ်ပေ။
ထို့ပြင် ဤနတ်လှေများက ထူးဆန်းပုံ ရသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ကို မောင်းနှင်သည့် နည်းလမ်းသည် စိတ်ဝိညာဉ်စွမ်းအားပေါ် အခြေခံထားပုံ မရသောကြောင့် ဖြစ်သည်။ စိတ်ဝိညာဉ်စွမ်းအားပေါ် အခြေခံထားပါက လှေများမှ ထွက်ပေါ်လာမည့် စိတ်ဝိညာဉ်စွမ်းအား အလွန် ကြီးမားနေပေလိမ့်မည်။ ဤနတ်လှေများ၌ မျက်နှာပြင်ပေါ်ရှိ ကာကွယ်ရေး နည်းဗျူဟာပုံစံ အချို့မှ ထွက်ပေါ်နေသော ဖျော့တော့သည့် စိတ်ဝိညာဉ်စွမ်းအားမှလွဲ၍ အခြားနေရာများတွင် ပြင်းထန်သော စိတ်ဝိညာဉ်စွမ်းအား အတက်အကျ မရှိပေ။
စိတ်ဝိညာဉ်စွမ်းအားဖြင့် မောင်းနှင်ခြင်း မဟုတ်ပါက ဤနတ်လှေများ မည်သို့ ရွေ့လျားနေသနည်း။
အခြားစကြဝဠာ တစ်ခုသို့ ရောက်ရှိနေသလို လော့ယွမ် ခံစားလိုက်ရ၏။ ဤသို့ နတ်လှေများ အဆက်မပြတ် သွားလာနေသည်ကို မြင်တွေ့ရခြင်းက သူ့ဘဝ၌ ပထမဆုံးအကြိမ် ဖြစ်သည်။
ခဏခန့် လော့ယွမ်၏ စိတ်ထဲတင်းကျပ်သွားသည်။ ယခုအချိန်တွင် သူ ဖြတ်သန်းသွားလာရန် ကြိုးစားပါက ထိုနတ်လှေများပေါ်ရှိ လူများ သူ့ကို တွေ့သွားနိုင်ခြေ ရှိသည်။
မဖြတ်သန်းပါကလည်း လုယန်ဟွာ၏ တာဝန်ကို သူ ပြီးမြောက်အောင် လုပ်ဆောင်နိုင်မည် မဟုတ်ပေ။ အကျပ်ရိုက်လာသဖြင့် လော့ယွမ်လည်း ဟင်းလင်းပြင်ထဲတွင် ရပ်တန့်လျက် နတ်လှေများ ဥဒဟို သွားလာနေသည်ကိုသာ တိတ်ဆိတ်စွာ ကြည့်ရှုရင်း အတွေးထဲ နစ်မြောနေခဲ့သည်။
ခေတ္တခန့် စဉ်းစားပြီးနောက် တောင်ဝင်တောင်တန်း ကြယ်နယ်မြေအတွင်းသို့ အရင် ဝင်ရောက်ရန် လော့ယွမ် ဆုံးဖြတ်လိုက်၏။ ထျန်းချန်ကမ္ဘာသို့ မသွားမီ နယ်မြေအခြေအနေကို လေ့လာရန် သူ စဉ်းစားလိုက်သည်။
ထိုအတွေးနှင့်အတူ သက်ရှိကမ္ဘာတစ်ခုဆီသို့ လော့ယွမ် ပျံသန်းသွားခဲ့၏။ ထို့နောက် နောက်ပိုင်းနှစ်များကို ရှနိုင်ငံတော်အကြောင်း သတင်းအချက်အလက် စုဆောင်းရင်း ကုန်ဆုံးစေခဲ့သည်။
……….
တစ်ချိန်တည်းမှာပင်။
ထျန်းချန်ကမ္ဘာ။
ရန်နန်းတော်။
ချူးယုချင်၏ အိပ်ဆောင်အတွင်း၌ လုချန်းအလုပ်ရှုပ်နေသည်။
လွန်ခဲ့သော ဆယ်စုနှစ်အတွင်း လုချန်းသည် ချူးယုချင်ကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် လွှမ်းမိုးခဲ့သည်။ ယုတ်မာသော မိန်းမ ချူးယွမ်ကျိအကြောင်း တွေးမိတိုင်း လုချန်း အလွန် ကြမ်းတမ်းလာလေ့ရှိသည်။ သို့သော် ချူးယုချင်အတွက်တော့ ထိုအရာကို ကျင့်သားရနေခဲ့ပြီ ဖြစ်သည်။
လုချန်းသည် ကြမ်းတမ်းသော်လည်း ခန္ဓာကိုယ်ကို ထိခိုက်စေမည့်အရာတစ်ခုကိုမှ လုပ်ဆောင်မည် မဟုတ်ပေ။ သူ၏ ကြမ်းတမ်းမှု အားလုံးကို အဓိက လှုပ်ရှားမှုများပေါ်တွင်သာ အာရုံစိုက်ထားသည်။
ချူးယုချင်နှင့် ချူးယွမ်ကျိတို့၏ လက်ရှိ ကျင့်စဉ်အဆင့်အရ လုချန်း ဘယ်လောက် ကြမ်းတမ်းပါစေ ပြဿနာရှိမည် မဟုတ်ပေ။
………
ထိုအချိန်တွင်။
ထျန်းဟုန်ဧကရီ၏ အိပ်ဆောင်အတွင်း၌။
ထျန်းဟုန်ဧကရီသည် ကုတင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေ၏။ သူမ၏ ခန္ဓာကိုယ်မှလည်း ကျင့်စဉ် အငွေ့အသက်များ ထွက်ပေါ်နေလျက်ရှိသည်။ သူမ၏ နတ်အာရုံသည် ထျန်းချန်ကမ္ဘာ တစ်ခုလုံးကို ဖြန့်ကျက်ထားသဖြင့် နန်းတော်အတွင်း ဖြစ်ပျက်နေသည့် အရာများကို ရှင်းလင်းစွာ သိထားသည်။
လုချန်းက ချူးယုချင်ကို လွှမ်းမိုးနေသည်ကို အာရုံခံမိသောအခါ ထျန်းဟုန်ဧကရီ၏ မျက်ခုံးများ တွန့် သွားသည်။ သူမ၏ ကျင့်စဉ်အဆင့်သည် သူတော်စင်အဆင့်သို့ ပြန်လည် ရောက်ရှိနေပြီ ဖြစ်သည်။ သူမ၏ ပြန်လည်တိုးတက်မှု နှုန်းထားအရ သူမ နောက်တစ်ကြိမ် ဧကရာဇ် ဖြစ်လာရန် အချိန်ကြာတော့မည် မဟုတ်ပေ။
သို့သော် သူမ၏ ကျင့်စဉ်အဆင့် တိုးတက်လာသည်နှင့်အမျှ သူမ၏ ခန္ဓာကိုယ်အတွင်းရှိ မငြိမ်မသက်ဖြစ်မှုက ပိုပြင်းထန်လာ၏။ သူမအပေါ် ရစ်ပတ်ထားသော လက်ထပ်ခြင်းကြိုးနီလည်း ပိုတင်းကျပ်လာသည်ကို သတိပြုမိလိုက်သည်။
အထူးသဖြင့် လုချန်း သူ၏ ဇနီးကို လွှမ်းမိုးနေကြောင်း သူမ အာရုံဖြင့် သိသောအခါ
ထိုမငြိမ်မသက်ဖြစ်မှုက သူမအား တည်ငြိမ်စွာကျင့်ကြံ၍ မရလောက်အောင် နှောင့်ယှက်လာတတ်သည်။
သူမ၏ ခန္ဓာကိုယ်က လုချန်းနှင့် ရင်းနှီးကျွမ်းဝင်မှုကို အဘယ်ကြောင့် ဤမျှ ပြင်းပြစွာ တောင့်တနေသည်မှန်း အစောကတည်းက သူမနားလည်းထားခဲ့ပြီးဖြစ်သည်။ လုချန်းသည် သူမ၏ ရုပ်ခန္ဓာကို ဖန်တီးရန် နဂါးဖီးနစ်သစ်ပင်မှ အကိုင်းအခက်များကို အသုံးပြုခဲ့၏။ သို့သော် လုချန်း ပြုစုပျိုးထောင်ထားသော နဂါးဖီးနစ်သစ်ပင်က သာမန်သစ်ပင်များနှင့် များစွာ ကွာခြားသည်။
နဂါးဖီးနစ်လက်ဖက်ရည်ကို သောက်သုံးခဲ့ကြသော လုချန်း၏ ဇနီးမယားများ အားလုံးသည် နောက်ဆုံးတွင် သူ့ကို အပြည့်အဝ စွဲလမ်းသွားခဲ့ကြရသည်။ သူမကတော့ ခန္ဓာကိုယ်ကိုပင် နဂါးဖီးနစ်သစ်ပင်ဖြင့် ပြုလုပ်ထားခြင်းဖြစ်၏။ သူမ၌ ဧကရာဇ် ဝိညာဉ်သာ မရှိခဲ့လျှင် သူမကိုယ်သူမ ထိန်းချုပ်နိုင်စွမ်း ပျောက်ဆုံးသွားခဲ့ပြီး ဖြစ်လောက်သည်။
သူမကို လုချန်းက အကွက်ဆင်ခဲ့တာလားဟု ထျန်းဟုန်ဧကရီ အလေးအနက် သံသယ ဝင်လာသည်။ သို့သော် ထိုအချိန်က သူမသည် ဖေးဟုန်နတ်လှေ၏ ဝိညာဉ်သာ ဖြစ်နေသေးရာ လုချန်းအနေနှင့် ပစ္စည်းကပ် ဝိညာဉ်တစ်ခုအပေါ် ထိုကဲ့သို့ ကြံစည်မှုမျိုး ရှိနိုင်စရာ အကြောင်း မရှိပေ။
သို့သော် မည်သို့ပင်ဖြစ်စေ ဖြစ်ပြီးခဲ့တာက ဖြစ်ပြီးခဲ့ပြီ ဖြစ်သည်။
တကယ်တော့ သူမ၏ လက်ရှိ အကျပ်အတည်းမှ လွတ်မြောက်လိုပါက မဖြစ်နိုင်တာတော့ မဟုတ်ပေ။ အကောင်းဆုံး ဖြေရှင်းနည်းမှာ ဧကရာဇ်အဆင့်သို့ ထိုးဖောက်ဝင်ရောက်ရန် ဖြစ်သည်။ ဧကရာဇ်အဆင့်သို့ ပြန်လည်ရောက်ရှိသည်နှင့် သူမ၏ ကိုယ်ပိုင်စွမ်းအားဖြင့် ခန္ဓာကိုယ်အသစ်တစ်ခု ဖန်တီးနိုင်မည် ဖြစ်၏။ ထိုအခါ နဂါးဖီးနစ်သစ်ပင်၏ လွှမ်းမိုးမှုမှ လွတ်မြောက်နိုင်မည် ဖြစ်သည်။
သို့သော် ပြဿနာသစ် တစ်ရပ် ပေါ်ပေါက်လာခဲ့သည်။ ဤခန္ဓာကိုယ်ကို အသုံးပြု၍ နောက်တစ်ကြိမ် ဧကရာဇ်ဖြစ်လိုပါက ၎င်း၏ မငြိမ်မသက်ဖြစ်မှုကို ငြိမ်းသတ်ရန် လိုအပ်၏။ ထိုသို့ပြုလုပ်ရန် တစ်ခုတည်းသော နည်းလမ်းမှာ လုချန်းနှင့် ပေါင်းဖက်ရန်သာ ဖြစ်သည်။