အခန်း (၁၂၈၈-၁၂၉၀)
Vol. 86 Ch. 1288-1290
အခန်း (၁၂၈၈ )
လော့ယွမ်၏ အစီအစဉ်
ကျားမဆိုင် ကိစ္စရပ်များနှင့် ပတ်သက်သည့် ဆန္ဒများကို ဧကရီတစ်ပါး ဖြစ်ဖူးသူ အနေနှင့် ထျန်းဟုန်ဧကရီသည် အမြဲတမ်း စောင့်စီးတတ်ပြီး အထင်သေး နှာခေါင်းရှုံ့လေ့ရှိသူလည်း ဖြစ်သည်။
ထို့ပြင် ကာမဂုဏ်ခံစားမှုများ၌ နစ်မွန်းခြင်းက တစ်စုံတစ်ယောက်၏ ကျင့်စဉ်ကို ဆိုးရွားစွာ ထိခိုက်စေနိုင်သည်ဟု သူမ ယုံကြည်ထား၏။
သို့သော် လုချန်းဘေးတွင် နှစ်ပေါင်းများစွာ နေထိုင်ရင်း လုချန်း၏ ကျင့်စဉ်အဆင့် လျင်မြန်စွာ တိုးတက်နေသည်ကို သူမ တွေ့မြင် နေခဲ့ရ၏။ လုချန်း၏ ကျင့်စဉ်အဆင့်သည် ကျားမ ကိစ္စရပ်များကြောင့် ထိခိုက်မှုမရှိသည်ကို သတိပြုမိသော်လည်း ယခု အချိန်အထိသာ လျင်မြန်စွာ အဆင့်တက်နေခြင်းဖြစ်ပြီး ဧကရာဇ်ဖြစ်ရန် အချိန်ရောက်သောအခါ နောက်ဆုံးအဆင့်တွင် ပိတ်မိနေလိမ့်မည်ဟု သူမ ယုံကြည်နေဆဲ ဖြစ်၏။
ကျင့်စဉ်လောကတွင် ရေသောက် သကဲ့သို့ လွယ်ကူစွာ ကျင့်စဉ်အဆင့်မြှင့်တင်နိုင်ပြီး နှစ်တစ်သောင်းအောက် ကာလအတွင်း ဧကရာဇ်လောင်းအဆင့်သို့ ရောက်ရှိနိုင်သော ဉာဏ်ကြီးရှင်များစွာ ရှိ၏။ သို့သော် ထိုသူများသည် ထိုအဆင့်ထက် ကျော်လွန်ရန် မစွမ်းဆောင်နိုင်ကြပေ။
အကြောင်းပြချက်က အလွန် ရှင်းလင်း၏။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ကျင့်စဉ်အစောပိုင်းကာလများတွင် အသေးစိတ်အချက်အလက်များကို ဂရုမစိုက်ခဲ့ကြသောကြောင့်ဖြစ်သည်။ ကျင့်စဉ်လျင်မြန်စွာ တိုးတက်နေသရွေ့ အခြားမည်သည့်အရာကိုမှ စိတ်ပူရန်မလိုဟု ထင်မှတ်ခဲ့ကြသည်။ ထို့ပြင်စိတ်တိုင်းကျ ဘဝကို ပျော်ပါးခဲ့ကြသဖြင့် ကိုယ်ပိုင်လမ်းစဉ် ကင်းမဲ့ကာ နောက်ဆုံးတွင် ဧကရာဇ်လောင်းနယ်ပယ်၌ နောင်တများဖြင့် အဆုံးသတ်ရတတ်သည်။
ထိုသဘောတရားကို လက်ကိုင်ထားထားသော်လည်း ယခုအချိန်တွင် ထျန်းဟုန် ဧကရီ၏ နဖူးပေါ်၌ မွှေးပျံ့သော ချွေးစက်များ စတင်ဖြစ်ပေါ်နေပြီဖြစ်သည်။ သူမသည် ဧကရာဇ်အဆင့် ဝိညာဉ်ဟောင်းတစ်ခု ဖြစ်လင့်ကစား ဧကရာဇ်တစ်ပါး၏ စွမ်းအားအပြည့်အဝကို ပြန်လည်မရရှိသေးသဖြင့် ရုပ်ပိုင်းဆိုင်ရာ သက်ရောက်မှုများ ခံစားနေရဆဲ ဖြစ်သည်။
လုချန်းသည် ချူးယုချင်ကို မဟုတ်ပဲ သူမကို ထိတွေ့နေသကဲ့သို့ လုချန်း ကိုင်တွယ်နေသည့် ပုံရိပ်များ ထျန်းဟုန် ဧကရီ၏ စိတ်ထဲတွင် ဆက်တိုက် ပေါ်လာနေ၏။
မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်း ဆုံးရှုံးလုနီးပါး ဖြစ်နေသည်ကို ခံစားလိုက်ရသဖြင့် ထျန်းဟုန် ဧကရီ အသက်အောင့်ကာ စိတ်ကို အတင်းအကျပ် အာရုံစိုက်လိုက်သည်။ နောက်တစ်ခဏတွင် သူမ၏ ခန္ဓာကိုယ်မှ စိတ်ဝိညာဉ် စွမ်းအားများ ထွက်ပေါ်လာပြီး ရန်ခရိုင်တစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွားတော့သည်။
ထိုကဲ့သို့သော အဖြစ်အပျက်များသည် ထျန်းချန်ကမ္ဘာရှိ လူများအတွက် မဆန်းတော့ပေ။ လူများ ခဏခန့် အံ့ဩသွားပြီးနောက် ၎င်းတို့၏ လုပ်ငန်းဆောင်တာများကို ဆက်လုပ်ကြ၏။
ဤအချိန်တွင် လုချန်းလည်း ခဏခန့် ကြောင်သွားသည်။ တည်ငြိမ်မှု ပြန်လည်ရရှိပြီးနောက် သူ၏ အလုပ်များကို ဆက်လက်လုပ်ဆောင်ရင်း
“နောက်ထပ် မိန်းမလှလေးတစ်ယောက် အဆင့်တက်သွားပုံရတယ်။”
ထိုသို့ပြောပြီးနောက် လုချန်းက ချူးယုချင်အား
“ယုချင်... မင်းက အခုတလော ကျင့်စဉ်ပိုင်းမှာ နည်းနည်း ပေါ့ဆနေတယ်။ မင်းရဲ့ ညီအစ်မတွေကို ကြည့်ပါဦး။ ကျင့်စဉ်ပိုင်းမှာ မင်းနောက် ရောက်နေတဲ့သူတွေတောင် မင်းကို အမီလိုက်လာကြပြီ။”
ထိုအရာကို ကြားလျှင် ချူးယုချင်က ခေါင်းကို အနည်းငယ် လှည့်လိုက်ကာ စကားမပြောနိုင်ပဲ လုချန်းက စိုက်ကြည့်လိုက်၏။
အလှပဂေး၏ မကျေမနပ်ဖြစ်နေသော မျက်နှာထားကို မြင်လိုက်ရသဖြင့် လုချန်း၏ ဆန္ဒများ တစ်ဖန် ပြင်းထန်လာပြီး သူ၏ လှုပ်ရှားမှု အရှိန်ကို မြှင့်တင်လိုက် တော့သည်။
……..
ရှနိုင်ငံတော်အတွင်း နှစ်ပေါင်းများစွာ သတင်းအချက်အလက် စုဆောင်းပြီးနောက် ရှနိုင်ငံတော်၏ အခြေအနေ အလုံးစုံကို နောက်ဆုံးတွင် လော့ယွမ် သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။ လုချန်းသည် ရှနိုင်ငံတော်ကို တည်ထောင်ခဲ့ပြီး သူတော်စင် အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိလိုက်ရသောအခါ လော့ယွမ် အလွန် စိတ်လှုပ်ရှားသွား၏။
လုယန်ဟွာက လုချန်းကို လုပ်ကြံရန် သူ့ကို စေလွှတ်ခဲ့သော်လည်း ယခု လုချန်းက သူတော်စင် ဖြစ်နေပြီ ဖြစ်သည်။ လုချန်းဘေးတွင် ဧကရာဇ်လောင်း အဆင့်ရှိသူ တစ်ဦး ရှိနေသည်။ ဧကရာဇ်လောင်း မရှိလျှင်ပင် ပြန်လည်ပျက်စီးခြင်းအဆင့် ကျင့်ကြံသူဖြစ်သော သူ့အစွမ်းနှင့် လုချန်းကို သတ်ရန် မဖြစ်နိုင်ပေ။
ထို့ပြင် လုယန်ဟွာနှင့် နီးစပ်သော ကိုယ်ရံတော်တစ်ဦး အနေနှင့် ယခင်ဘဝက လုချန်း မည်မျှ ကြောက်မက်ဖွယ် ကောင်းကြောင်းကို သူ ကောင်းစွာ သိထား၏။ ယခုအခါ လုချန်း၏ ကျင့်စဉ်အဆင့် ပြန်လည်ကောင်းမွန်လာပြီ ဖြစ်ရာ လုပ်ကြံရန် ကြံစည်ခြင်းက ပိုးဖလံများ မီးကိုတိုးသကဲ့သို့ ဖြစ်နေပေလိမ့်မည်။
………..
ချန်ဟိုင် ကမ္ဘာ။
အရက်ဆိုင် တစ်ခုအတွင်း။
ပြတင်းပေါက်နားရှိ သီးသန့်အခန်း၌။
လော့ယွမ်သည် အရက်ကို တစ်ငုံချင်း သောက်နေပြီး ကောင်းကင်ယံတွင် ပြည့်နှက်နေသော ယာဉ်ပျံများရှိရာ အပြင်ဘက်သို့ ရံဖန်ရံခါ လှမ်းကြည့်နေ၏။
ရှနိုင်ငံတော်၏ အခြေအနေကို လုယန်ဟွာထံ သတင်းပို့ခြင်းက တာဝန်မပြီးဆုံးခြင်းအတွက် ဆင်ခြေပေးသည်ဟု လုယန်ဟွာ ထင်သွားမလားဟူ၍ သူ သံသယဝင်နေသည်။
တကယ်တော့ ရှနိုင်ငံတော်၏ ပြောင်းလဲမှုများသည် ယုံကြည်ရန် အလွန်ခက်ခဲလှသည်။ ကောလာဟလများအရ လုချန်း၏ ဘေးတွင် ဧကရာဇ်လောင်း တစ်ပါးသာမက ဧကရာဇ်အဆင့် အစောင့်အရှောက်တစ်ယောက် ပေါ်ထွက်လာဖူးကြောင်းလည်း သိရသည်။ ထို့ကြောင့် သူ့ဘေးတွင် ဧကရာဇ်အဆင့် အစောင့်အရှောက် တစ်ပါးလည်း ရှိနေသည်ဟု ဆိုကြ၏။
ထိုသတင်းသည် လော့ယွမ်အတွက် ကြီးမားသော တုန်လှုပ်မှုတစ်ခု ဖြစ်စေခဲ့သည်။ ရှန်ဝူဧကရာဇ်၏ စမ်းသပ်မှုများအတွင်း မင်းသားတစ်ပါး၏ နောက်ကွယ်တွင် ဧကရာဇ်အဆင့် အစောင့်အရှောက် ရှိသည်ဟု သူ တစ်ခါမှ မကြားဖူးပေ။
အကယ်၍ လုချန်း၏ နောက်ကွယ်တွင် ဧကရာဇ်အဆင့် အစောင့်အရှောက် ရှိနေတာ မှန်ပါက ရှန်ယွဲ့နိုင်ငံတော်၏ ဧကရာဇ်သည် လုချန်းဘက်တွင် ရပ်တည်ရန် ရွေးချယ်ပြီးဖြစ်ကြောင်း သက်သေပြနေသည်။
ယေဘုယျအားဖြင့် ပြောရလျှင် တော်ဝင်မိသားစုမှ ဧကရာဇ်များသည် ဘက်လိုက်ရန် အလွယ်တကူ ဆန္ဒမရှိကြပေ။ အကယ်၍ ဧကရာဇ်တစ်ပါးက ဘက်လိုက်ခဲ့လျှင် ရှန်ဝူဧကရာဇ်က အလွယ်တကူ သံသယဝင်သွားနိုင်သောကြောင့် ဖြစ်၏။
“ရှန်ဝူဧကရာဇ် နတ်ရွာမစံသေးပဲ ရှန်ဝူဧကရာဇ် လက်အောက်က ဧကရာဇ်တစ်ပါး ဖြစ်တဲ့ သူ့ ဘက်ပါနေတယ်ဆိုတော့ သူတို့ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။ ပုန်ကန်မှုတစ်ခု စတင်တော့မှာလား”
ဟု လော့ယွမ် သူ့ဘာသူ ရေရွတ်လိုက်၏။
သို့သော်လည်း မင်းသားတစ်ပါးတွင် ဧကရာဇ်အဆင့် ကျောထောက်နောက်ခံ ဧကန်မုချ ရှိနေပါက သူ၏ အိမ်ရှေ့မင်းသား ရာထူးက သေချာနေပြီဖြစ်သည်။
လုချန်းထံ၌ ဇနီးများနှင့် ကလေးများစွာ ရှိနေသော်လည်း ဤမျှ တိုတောင်းသော အချိန်အတွင်း သူတော်စင် အဆင့်သို့ ရောက်ရှိအောင် စွမ်းဆောင်နိုင်ခြင်းမှာ ထိုဧကရာဇ်အဆင့် အစောင့်အရှောက်၏ ပံ့ပိုးမှုကြောင့် ဖြစ်ရမည်ဟုလည်း လော့ယွမ် မြင်၏။
အထူးသွေးမျိုးဆက် ရှိသည်ဟု လူသိများသော ရှန်ဝူဧကရာဇ်၏ သားသမီးများ အနေနှင့် ကလေးများလေလေ ၎င်းတို့၏ သွေးမျိုးဆက်စွမ်းအားနှင့် ကံစွမ်းအားတို့က ပိုအားနည်းလေလေ ဖြစ်သည်။ ကလေး အမြောက်အမြား ရှိသဖြင့် လုချန်း၏ ကံစွမ်းအားနှင့် သွေးမျိုးဆက်စွမ်းအားတို့သည် အလွန် အားနည်းနေသင့်သော်လည်း သူက သူတော်စင် အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။
ထိုဧကရာဇ်၏ ပံ့ပိုးမှု လုချန်းအတွက် မည်မျှ အရေးပါကြောင်း တွေးကြည့်နိုင်ပေသည်။
လုချန်း၏ အခြေအနေကို လုယန်ဟွာအား အသိပေးသင့် မသင့်နှင့် ပတ်သက်၍ လော့ယွမ်အလွန် ဆုံးဖြတ်ရခက်နေသည်။ လက်ရှိ အခြေအနေများအရ လုချန်း၏ အိမ်ရှေ့မင်းသား ရာထူးသည် ကျောက်တွင် စာထွင်းထားသကဲ့သို့ ခိုင်မာနေပြီဖြစ်သည်။ သူတော်စင် အဆင့်သို့ ဦးစွာ ရောက်ရှိသူက သူ၏ ရာထူးကို ဆက်ခံရမည်ဟု ရှန်ဝူဧကရာဇ်က ကြေညာထားပြီး ဖြစ်သည်။
လုချန်းသည် သူတော်စင် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ရာ ဤသတင်းသာ ရှန်ယွဲ့နိုင်ငံတော်ရှိ ရှန်ဝူဧကရာဇ်၏ နားသို့ ရောက်သွားပါက လုချန်းကို ရှန်ယွဲ့နိုင်ငံတော်၏ အိမ်ရှေ့မင်းသားအဖြစ် ခန့်အပ်လာနိုင်သည် မဟုတ်ပါလား။
ရှန်ယွဲ့နိုင်ငံတော်၏ အိမ်ရှေ့မင်းသားကို ပြစ်မှားမိပါက ထိုသူ၏ အနာဂတ်လည်း ဧကန်မုချ ဆိုးရွားသွားပေလိမ့်မည်။
သို့သော် သူ၏ အသက်သွေး အနှစ်သာရသည် လုယန်ဟွာ၏ လက်ထဲတွင် ရှိနေ၏။ အကယ်၍ သူ သစ္စာဖောက်တာကို လုယန်ဟွာ သိရှိသွားပါက သူ၏ ကံကြမ္မာ လုံးဝ ကောင်းမွန်လာလိမ့်မည် မဟုတ်ပေ။
ထိုအချိန်တွင် လော့ယွမ် ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိလိုက်ပြီး အရက်ခွက်ကို ကိုင်ထားသော သူ၏ လက်လည်း လေထဲတွင် ရပ်တန့်သွား၏။
“လုချန်းရဲ့ ဘေးမှာ ဧကရာဇ်အဆင့် အစောင့်အရှောက် တကယ် ရှိနေရင် အဲဒီဧကရာဇ်က ငါ့ရဲ့ အသက်သွေး အနှစ်သာရကို ပြန်လည်စုစည်းပေးဖို့ ကူညီပေးနိုင်မလား။”
သို့မဟုတ် ယခင် အသက်သွေး အနှစ်သာရက သူ့အတွက် ခြိမ်းခြောက်မှု မဖြစ်တော့စေရန် သူ၏ ပင်မခန္ဓာကို ပြုပြင်ပေးနိုင်မလား။
သို့သော် ဒါက အန္တရာယ်များသော လောင်းကြေးတစ်ခု ဖြစ်သည်။ တစ်ဖက်တွင် လုချန်းဘေးရှိ ဧကရာဇ်အဆင့် အစောင့်အရှောက်က ထိုသို့လုပ်ပေးမပေး မသေချာပေ။ အခြားတစ်ဖက်တွင် သူက လုချန်းကို သစ္စာခံရန် ဆန္ဒရှိလျှင်ပင် လုချန်းက သူ့ကို လက်ခံချင်မှ လက်ခံမည် ဖြစ်၏။
လုချန်း၏ လက်ရှိ အင်အားနှင့်ဆိုလျှင် ပြန်လည်ပျက်စီးခြင်းအဆင့် ကျင့်ကြံသူဖြစ်သော သူသည် မရှိမဖြစ် လိုအပ်သူ မဟုတ်ပေ။ ရှနိုင်ငံတော်တွင် ဤအဆင့်ရှိ ကျင့်ကြံသူများ မရေမတွက်နိုင်အောင် ရှိနေသည် မဟုတ်ပါလား။
အတော်ကြာ တွေးတောပြီးနောက် လော့ယွမ်လည်း ရွေးချယ်မှုတစ်ခု ပြုလုပ်လိုက်တော့ သည်။
…….
ထျန်းချန်ကမ္ဘာ။
ရှနိုင်ငံတော်။
စကြဝဠာ ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီ၏ စက်ရုံ။
လုချန်း၏ ရှေ့တွင် တစ်ပြိုင်နက်တည်း ထုတ်လုပ်ထားသော စစ်နတ်လှေ ဒါဇင်ကျော် ရှိနေ၏။ လုချန်းသည် လေထဲတွင် ရပ်လျက် ထိုစစ်နတ်လှေများကို စစ်ဆေးနေ၏။
လုချန်း၏ ဘယ်ဘက်တွင် ပိုင်ချင်းချင်း ရှိပြီး ညာဘက်တွင်မူ ဘောင်းဘီရှည်နှင့် ဒေါက်ဖိနပ် စီးထားသော အရပ်ရှည်ရှည် အမျိုးသမီးတစ်ဦး ရပ်နေ၏။
လုချန်း၏ ညာဘက်ရှိ အမျိုးသမီးသည် အလွန် တက်ကြွနေပြီး စွမ်းဆောင်ရည်မြင့်မားသော အမျိုးသမီးတစ်ဦး၏ အငွေ့အသက်များ ထွက်ပေါ်နေသည်။
လုချန်းက ခေါင်းကို လှည့်ကာ သူမကို ပြုံးပြပြီး
“ ဥက္ကဋ္ဌအနေနဲ့ မင်း တော်တော်လေး ကောင်းကောင်း လုပ်ဆောင်နေတာပဲ။ စကြဝဠာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစုက ဆယ်စုနှစ်တစ်ခုကျော်အတွင်း ဒီလောက် အတိုင်းအတာအထိ ကြီးထွားလာခဲ့ပြီ။”
ခပ်ဖွဖွပြုံးကာ လုဟွမ်းဟွမ်းက
“ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဖခင်။”
လုချန်း၏ သားသမီးများ အားလုံးအနက် လုဟွမ်းဟွမ်းသည် ဒုတိယမြောက်ဖြစ်သည်။ လုဟွမ်းဟွမ်း မွေးဖွားလာချိန်တွင် သားယောကျ်ားလေး မမွေးဖွားပေးနိုင်သဖြင့် လုချန်း စိတ်ဆိုးမည်ကို ကျောင်းရှောင်ရှောင် အလွန် စိုးရိမ်ခဲ့သော်လည်း လုဟွမ်းဟွမ်းအပေါ် လုချန်း၏ ချစ်ခင်မြတ်နိုးမှုသည် လုချန်းဖုန်းထက် မလျော့နည်းခဲ့ပေ။ တကယ်တော့ သူမက သူ၏ ပထမဆုံး သမီးမိန်းကလေး ဖြစ်သည် မဟုတ်ပါလား။
လုဟွမ်းဟွမ်း လိုချင်သမျှကို များသောအားဖြင့် လုချန်း ဖြည့်ဆည်းပေးလေ့ရှိပြီး လုဟွမ်းဟွမ်း ကြီးပြင်းလာသောအခါ သူမ မနှစ်သက်သော အရာများကို လုပ်ဆောင်ရန် လုချန်း အတင်းအကျပ် မတိုက်တွန်းခဲ့ပေ။
လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကျော်က စကြဝဠာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း တည်ထောင်ရန် လုဟွမ်းဟွမ်းက အဆိုတင်သွင်းခဲ့ရာ လုချန်းက ပြတ်ပြတ်သားသား ထောက်ခံခဲ့၏။ လုဟွမ်းဟွမ်း၏ ဦးဆောင်မှုအောက်တွင် စကြဝဠာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစုသည် ရှနိုင်ငံတော် တော်ဝင်ဘဏ်ပြီးလျှင် အကြီးဆုံး လုပ်ငန်းစု ဖြစ်လာခဲ့သည်။
မကြာသေးမီက လုပ်စရာ သိပ်မရှိသဖြင့်သူ၏ သားသမီးများ ဘာလုပ်နေကြသည်ကို ကြည့်ရှုရန် လုချန်း ဆုံးဖြတ်ခဲ့၏။ လုဟွမ်းဟွမ်း၏ စကြဝဠာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစုသို့ သူ ပထမဆုံး ရောက်ရှိလာခြင်းဖြစ်သည်။
လုဟွမ်းဟွမ်း၏ စွမ်းဆောင်ရည်အပေါ် လုချန်း အတော်လေး ယုံကြည်မှုရှိ၏။ စကြဝဠာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစုကို ဤမျှ အတိုင်းအတာအထိ ဖွံ့ဖြိုးအောင် လုပ်ဆောင်နိုင်ခြင်းက ရှနိုင်ငံတော် တော်ဝင်မိသားစု၏ ပံ့ပိုးမှု သက်သက်ကြောင့်တော့ မဟုတ်ပေ။
လုချန်းက ပြုံး၍
“ဟွမ်းဟွမ်း... အခု မင်းလည်း ဒီလောက် ကြီးပြင်းလာပြီဆိုတော့... မင်း စဉ်းစား...”
လုချန်း စကားမဆုံးမီ လုဟွမ်းဟွမ်းက
“ဖေဖေ... သမီးရဲ့ စိတ်က အလုပ်ထဲမှာပဲ ရှိနေတာ။ ကျေးဇူးပြုပြီး ကျင့်ကြံဖော် ရှာဖို့ သမီးကို မပြောပါနဲ့”
ဟု အလျင်အမြန် ဖြတ်ပြောလိုက်သည်။
လုဟွမ်းဟွမ်း နေပြည်တော်သို့ ပြန်လာတိုင်း သူမ၏ မိခင်က ကျင့်ကြံဖော်ရှာဖွေခြင်းနှင့် ပတ်သက်၍ မေးမြန်းလေ့ရှိပြီး ထိုအရာက လုဟွမ်းဟွမ်းကို ခေါင်းကိုက်စေ၏။
လုချန်းက ချောင်းဟန့်လိုက်ပြီး
“ဖခင်က ဒီလိုပဲ စကားအဖြစ် မေးကြည့်ရုံပါ။ မင်း တစ်သက်လုံး ကျင့်ကြံဖော် မရှာရင်တောင် ဖခင်က ဘာမှ ပြောမှာ မဟုတ်ပါဘူး။”
လုချန်းက တစ်စုံတစ်ခု ပြောရန် ပြင်လိုက်စဉ်မှာပင် အထူးကိုယ်ရံတော် တပ်ဖွဲ့မှ အစောင့်တစ်ဦး လုချန်းထံသို့ ချဉ်းကပ်လာပြီး
“မင်းကြီး... ရှန်ယွဲ့နိုင်ငံတော်က လာတယ်လို့ ပြောတဲ့ ကျင့်ကြံသူတစ်ယောက် မင်းကြီးနဲ့ တွေ့ခွင့်တောင်းနေပါတယ်။”
…………….
အခန်း (၁၂၈၉ )
လော့ယွမ် ဘက်ပြောင်းခြင်း
အထူးကိုယ်ရံတော်၏ သတင်းကို ကြားသောအခါ လုချန်း ခဏခန့် ရပ်တန့်သွား၏။
ရှန်ယွဲ့နိုင်ငံတော်မှ ကျင့်ကြံသူတစ်ဦးတဲ့လား။
သူ့အကြာင်း ရှန်ဝူဧကရာဇ်က သိသွားပြီလား။
အကယ်၍ ရှန်ဝူဧကရာဇ် သိသွားပါက နောက်ထပ် ကြီးမားသော ပြဿနာတစ်ခုနှင့် ရင်ဆိုင်ရပေလိမ့်မည်။
ရှန်ဝူဧကရာဇ်သည် သူကူးပြောင်းဝင်စားဖို့ အကောင်းဆုံး ခန္ဓာကိုယ်ကို ရွေးချယ်ရန် အကြံအစည်ဖြင့် သူ၏ သားများကို စမ်းသပ်မှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ယခု သူသည် သူတော်စင်အဆင့်သို့ တက်ရောက်သွားပြီ ဖြစ်သဖြင့် ရှန်ဝူဧကရာဇ်က သူ၏ ခန္ဓာကိုယ်အပေါ် ကြံစည်မှုများ ရှိလာလိမ့်မှာ မလွဲဧကန်ပင်။
ခဏခန့် စဉ်းစားပြီးနောက် လုချန်းက
“ကျုပ်ကို ဘာကိစ္စနဲ့ တွေ့ချင်တာလဲဆိုတာ ပြောသေးလား”
အထူးကိုယ်ရံတော်က
“အဲ့ဒီလူက မင်းကြီးဆီကို အရေးကြီးတဲ့ သတင်းအချက်အလက် တင်ပြစရာ ရှိတယ်လို့ ပြောပါတယ်။”
လုချန်း ခဏခန့် စဉ်းစားလိုက်ပြီးနောက် တစ်ဖက်လူ သူ့ထံမှ ဘာလိုချင်သည်ကို စူးစမ်းရန် ဆုံးဖြတ်လိုက်၏။
“အဲဒီလူက အခု ဘယ်မှာလဲ”
“ကောင်းကင်မီးကမ္ဘာမှာပါ”
လုချန်း လုဟွမ်းဟွမ်းဘက်သို့ လှည့်လိုက်ကာ ခပ်ဖွဖွပြုံးလျက်
“ဟွမ်းဟွမ်း... ဖခင်မှာ တခြားကိစ္စတွေ ရှိနေလို့ သွားရဦးမယ်”
လုဟွမ်းဟွမ်းက
“ဟုတ်ကဲ့... ဖခင်ကို သမီး နှုတ်ဆက်ပါတယ်”
မည်သည့် တုံ့ဆိုင်းမှုမှ မရှိပဲ လုချန်း လက်ဝှေ့ယမ်းလိုက်ရာ တည်နေရာရွှေ့ပြောင်းခြင်း တံခါးပေါက်ရှေ့သို့ ရောက်ရှိသွား၏။ မကြာမီတွင် သူနှင့် ပိုင်ချင်းချင်းတို့သည် တံခါးပေါက်ကို ဖြတ်သန်းသွားပြီး ကောင်းကင်မီးကမ္ဘာသို့ ဦးတည်သွားကြသည်။
……….
ကောင်းကင်မီးကမ္ဘာ။
နန်းတော်အတွင်း။
ပန်းတစ်ရာ ဥယျာဉ်အတွင်းရှိ အဆောင်ငယ် တစ်ခုထဲတွင် မုကျန့်ချင်း ထိုင်နေ၏။ သူ့မျက်လုံးများသည် ရှေ့တည့်တည့်တွင် ထိုင်နေသော လော့ယွမ်ကို စိုက်ကြည့်နေသည်။
ဤပုဂ္ဂိုလ်သည် လွန်ခဲ့သော ရက်အနည်းငယ်က ရှနိုင်ငံတော်၏ ကင်းလှည့် စစ်နတ်လှေတစ်စင်းကို ကြားဖြတ်ဟန့်တားခဲ့ကာ ကောင်းကင်ဧကရာဇ်အား အကြောင်းကြားရန် အရေးကြီးသော ကိစ္စများ ရှိသည်ဟု ပြောခဲ့သည်။
အစပိုင်းတွင် နဂါးတပ်မတော်က သူ့ကို အလေးအနက် မထားခဲ့ပေ။ ယနေ့ခေတ်တွင် နဂါးတပ်မတော်သည်ပင် ကောင်းကင်ဧကရာဇ်နှင့် တွေ့ဆုံရန် အခွင့်အရေး ရခဲလှ၏။ ကောင်းကင်ဧကရာဇ်နှင့် တွေ့ဆုံလို၍ နဂါးတပ်မတော်၏ ကင်းလှည့် လှေတစ်စင်းကို ကြားဖြတ်ဟန့်တားလာသော ဘယ်ကမှန်းမသိသည့် လူတစ်ယောက်အတွက် ကောင်းကင်ဧကရာဇ်နှင့် တွေ့ဆုံခွင့်ရရန်က ထင်သလောက် မလွယ်ကူပေ။
နောက်ပိုင်းတွင် နဂါးတပ်မတော်မှ စစ်သားများက ဂရုမစိုက်သည်ကို မြင်သောအခါ ထိုလူက ကောင်းကင်ဧကရာဇ်၏ ဇစ်မြစ် တစ်ခုကို ထုတ်ဖော် ပြောကြားခဲ့၏။
ထို့နောက် သူ့တွင် ရှန်ယွဲ့နိုင်ငံတော်မှ သတင်းများကို ကောင်းကင်ဧကရာဇ်ထံ ပေးပို့ရန် ရှိကြောင်း၊ သတင်း နောက်ကျသွားပါက ကောင်းကင်ဧကရာဇ်၏ အပြစ်တင်မှုကို ခံရမည်ဖြစ်ကြောင်းနှင့် ထိုတာဝန် ၎င်းတို့အပေါ် ကျရောက်သွားလိမ့်မည်ဟုလည်း သတိပေးခဲ့၏။
တိုက်ဆိုင်စွာပင် ထိုကင်းလှည့် နတ်လှေပေါ်၌ သန့်ရှင်းသော နဂါးနက် နယ်မြေမှ လူများ ပါဝင်နေခဲ့၏။ ထိုအထဲမှ လူတစ်ဦးသည် လုချန်း၏ ယခင်ဘဝနှင့် ပတ်သက်၍ အတော်အတန် နားလည်ထားသူ ဖြစ်၏။ လုချန်း၏ ယခင်ဘဝအကြောင်းကို ထုတ်ဖော်လိုက်သည်နှင့် သန့်ရှင်းသော နဂါးနက် နယ်မြေမှ လူလည်း လော့ယွမ်ပြောသည့် အရာများကို အလေးအနက် ထားရမည်ဟု သဘောပေါက်လိုက်ပြီး အထူးကိုယ်ရံတော်ထံ သတင်းအချက်အလက်များကို ချက်ချင်း ပေးပို့ခဲ့သည်။
နောက်ဆုံးတွင် သူ ဆန္ဒရှိသည့်အတိုင်း ဖြစ်လာပြီး နေပြည်တော်ရှိ နန်းတော်သို့ ထိုသတင်း ရောက်ရှိလာခဲ့သည်။
ထိုအချိန်တွင် မုကျန့်ချင်းက
“ခင်ဗျား ဘယ်သူလဲဆိုတာ ကျုပ် တော်တော်လေး သိချင်နေပြီ။”
လော့ယွမ်က
“ကောင်းကင်ဧကရာဇ် မရောက်လာမချင်း ခင်ဗျားရဲ့ မေးခွန်းတစ်ခုကိုမှ ကျုပ် ဖြေမှာ မဟုတ်ဘူး”
ဟု တည်ငြိမ်စွာ တုံ့ပြန်လိုက်သည်။
လော့ယွမ် မပြောလိုကြောင်း မြင်သောအခါ မုကျန့်ချင်းလည်း ဆက်လက် မေးမြန်းရန် စိတ်မကူးတော့ပေ။ ဘာပဲဖြစ်ဖြစ် ဤကိစ္စက ကောင်းကင်ဧကရာဇ်နှင့် သက်ဆိုင်သည့် ကိစ္စ ဖြစ်၏။ ကောင်းကင်ဧကရာဇ် မကြာမီ ရောက်ရှိလာတော့မည် ဖြစ်ရာ မရောက်မီ ဤလူကို စောင့်ကြည့်ပြီး မည်သည့် လှည့်ကွက်မှ မလုပ်ဆောင်နိုင်အောင် တားဆီးရန်သာ လိုအပ်သည်။
ခဏအကြာတွင် ပုံရိပ်နှစ်ခု ပန်းတစ်ရာ ဥယျာဉ်အတွင်း ပေါ်လာ၏။ လုချန်း ပေါ်လာသည့် ခဏ၌ လုချန်းထံမှ ထွက်ပေါ်နေသော သူတော်စင် ဖိအားကို လော့ယွမ် ချက်ချင်းခံစားလိုက်ရသည်။
လော့ယွမ် စိတ်လှုပ်ရှားသွား၏။ လုချန်းသည် သူတော်စင်တစ်ပါး အမှန်တကယ် ဖြစ်လာခဲ့ပြီ ဖြစ်သည်။ ဤအခြေအနေတွင် အိမ်ရှေ့မင်းသား ရာထူးမှာ လုချန်းအတွက် သေချာသလောက် ရှိနေပြီ ဖြစ်သည်။
သူ၏ ရွေးချယ်မှု မှန်ကန်၏။ အကယ်၍ သူသာ လုယန်ဟွာ၏ ဘေးတွင် ဆက်နေခဲ့ပါက သူ၏ ဇာတ်သိမ်းသည် ကွမ်းရန်ကဲ့သို့ပင် ဖြစ်သွားပေလိမ့်မည်။
နောက်ဆက်တွဲ ဖြစ်လာမည့် အရာများကတော့ လုချန်း၏ သဘောထားအပေါ်တွင် မူတည်နေသည်။
လုချန်းသည် ပန်းတစ်ရာ ဥယျာဉ်ထဲသို့ ဝင်ရောက်ပြီးနောက် လော့ယွမ်ကို တစ်ချက်ကြည့်လိုက်ပြီး သူ၏ ယခင်ဘဝ မှတ်ဉာဏ်များကို ပြန်ပြောင်း အောက်မေ့ကာ လော့ယွမ်ကို ချက်ချင်း မှတ်မိလိုက်သည်။
ရှန်ယွဲ့နိုင်ငံတော်ရှိ သူ၏ ယခင်ဘဝတွင် လော့ယွမ်နှင့် အကြိမ်ကြိမ် တွေ့ဖူး၏။ လော့ယွမ်သည် လုယန်ဟွာ၏ နောက်လိုက်တစ်ဦး ဖြစ်ကြောင်းလည်း သူ သိထားသည်။
လုချန်းက
“တပ်မှူးလော့... ကျုပ်မှတ်ဉာဏ်သာ မှန်မယ်ဆိုရင် ခင်ဗျားက နံပါတ်ငါး အစ်ကိုဘက်က လူမဟုတ်လား”
ဟု တဲ့တိုး မေးလိုက်၏။
ထိုမေးခွန်းကို ကြားသောအခါ လော့ယွမ် အလျင်အမြန် မတ်တတ်ရပ်လိုက်ကာ မြေပြင်ပေါ်တွင် ဒူးတစ်ဖက်ထောက်လျက် လုချန်းကို ချက်ချင်း ဂါရဝပြုလိုက်သည်။
“မင်းကြီးကို ဂါရဝပြုပါတယ်”
လော့ယွမ်သည် လုချန်း၏ ရှန်ယွဲ့နိုင်ငံတော်မှ ရာထူး တိုက်ရိုက် ရည်ညွှန်းပြောဆိုခြင်း မရှိပေ။ လုချန်းသည် ဤဝေးလံခေါင်သီသော နယ်မြေ၌ အင်ပါယာတစ်ခု တည်ထောင်ထားပြီး ဖြစ်ရာ နံပါတ်ကိုး မင်းသားဟု တိုက်ရိုက် ရည်ညွှန်းလိုက်ပါက လုချန်းကို များစွာ စိတ်အနှောင့်အယှက် ဖြစ်စေနိုင်သည်။
ထို့နောက် လုချန်းက
“ကျုပ်ဆီကို သတင်းစကား ပေးပို့ဖို့ ကျုပ်ရဲ့ အစ်ကိုက ခင်ဗျားကို စေလွှတ်လိုက်တာများလား။”
လော့ယွမ်က
“မင်းကြီး... ကျွန်တော်က မင်းကြီးကို သစ္စာခံဖို့ သီးသန့် ရောက်လာတာပါ။”
လော့ယွမ်၏ စကားများကို ကြားသောအခါ လုချန်း အံ့အားသင့်သွား၏။
သူ့ကို သစ္စာခံမယ်တဲ့လား။
လော့ယွမ်သည် လုယန်ဟွာ၏ ယုံကြည်ရသော လက်ရုံးတစ်ဆူ ဖြစ်သည်။ လုယန်ဟွာ၏ ယုံကြည်ရသော လက်ရုံးတစ်ဆူ ဖြစ်ခြင်းက လော့ယွမ်၏ အသက်သွေး အနှစ်သာရသည် လုယန်ဟွာ၏ လက်ထဲတွင် ရှိနေကြောင်း သေချာစေ၏။ သို့တိုင်အောင် လော့ယွမ်က သူ့ထံ လာရောက်ပြီး သစ္စာခံရဲနေတာလား။
လုချန်း၏ မျက်ခုံးများ အနည်းငယ်တွန့် သွား၏။
“တပ်မှူးလော့... ခင်ဗျား ဘာပြောနေလဲဆိုတာ ခင်ဗျားသိရဲ့လား။”
“ခင်ဗျားက နံပါတ်ပါး အစ်ကို ယုံကြည်ရတဲ့ လက်ရုံးတစ်ဆူပဲ။ အခု ခင်ဗျားက ကျုပ်ဆီ ပြေးလာပြီး သစ္စာခံမယ်ဆိုတော့ ကျုပ်ခင်ဗျားကို ယုံမယ်လို့ ထင်နေတာလား။”
လော့ယွမ်က တစ်စုံတစ်ခု ပြောရန် ပြင်လိုက်စဉ်မှာပင် လုချန်းက ထပ်ပြောလိုက်၏။
“ပြီးတော့ ခင်ဗျားရဲ့ အသက်သွေး အနှစ်သာရကလည်း သူ့လက်ထဲမှာ ရှိနေမှာပဲ။ ခင်ဗျား ထွက်ပြေးလာပြီး ကျုပ်ကို သစ္စာခံရဲတာကို အစ်ကိုတော် သိသွားရင် ခင်ဗျားကို ရှင်းပစ်လိုက်မှာ မကြောက်ဘူးလား။”
လော့ယွမ်က
“မင်းကြီး သတိမထားမိတာ ဖြစ်နိုင်ပါတယ်။ သူတော်စင်အဆင့် အရက်ရောက်သူ က ရှန်ယွဲ့နိုင်ငံတော်ရဲ့ အိမ်ရှေ့မင်းသား ဖြစ်ရမယ်လို့ ရှန်ဝူဧကရာဇ်က ပြောထားပြီး ဖြစ်ပါတယ်။”
“အခု မင်းကြီးက သူတော်စင် ဖြစ်လာပြီ ဆိုတော့ ရှန်ယွဲ့နိုင်ငံတော်ရဲ့ နောက်ထပ် အုပ်ချုပ်သူ ဖြစ်လာတော့မှာပါ။ ကျွန်တော်ဟာ ရှနိုင်ငံတော်မှာ အချိန်အတော်ကြာ ရှိနေခဲ့ပြီးပါပြီ။ မင်းကြီးရဲ့ ဘေးမှာ ဧကရာဇ်အဆင့် အစောင့်အရှောက် ရှိနေတယ်လို့လည်း ကြားသိရပါတယ်။ မင်းကြီးသာ ကျွန်တော်ရဲ့ သစ္စာခံမှုကို လက်ခံမယ်ဆိုရင် မင်းကြီးရဲ့ အစောင့်အရှောက် လှုပ်ရှားလိုက်ရုံနဲ့ ကျွန်တော်ရဲ့ အသက်သွေး အနှစ်သာရက ကျွန်တော့်ရဲ့ အသက်အန္တရာယ်အတွက် ခြိမ်းခြောက်မှု ဖြစ်လာတော့မှာ မဟုတ်ပါဘူး။”
ဒါက...
လုချန်း ထပ်မံ အံ့အားသင့်သွားပြန်၏။ ရုတ်တရက် သူ့ကို သစ္စာလာခံသဖြင့် လော့ယွမ် ရူးသွပ်သွားပြီဟု သူ ထင်မှတ်ခဲ့သော်လည်း လုယန်ဟွာ၏ အခွင့်အရေး ကုန်ဆုံးသွားပြီဟု ယုံကြည်သဖြင့် လော့ယွမ်က သစ္စာခံသူ ပြောင်းလဲလိုခြင်း ဖြစ်ပုံရသည်။
တည်ငြိမ်မှု ပြန်လည်ရရှိပြီးနောက် လုချန်းက ခပ်ဖွဖွ ရယ်မောလိုက်၏။
“ခင်ဗျားအတွက် ဧကရာဇ်အဆင့် အစောင့်အရှောက်ကို လှုပ်ရှားစေရလောက်တဲ့အထိ ခင်ဗျားကိုယ်ခင်ဗျား တန်ဖိုးရှိတယ်လို့ ထင်နေတာလား။”
လော့ယွမ်က
“မင်းကြီး စိတ်ဝင်စားလောက်မယ့် နံပါတ်ငါး မင်းသားရဲ့ လျှို့ဝှက်ချက် အမြောက်အမြားကို ကျွန်တော် သိထားပါတယ်။ အထူးသဖြင့် မင်းကြီးကို အန္တရာယ်ပြုဖို့ မင်းသား လုပ်ခဲ့တဲ့ အရာတွေပါ။”
လောလောဆယ်တွင် လုချန်းသည် ရှနိုင်ငံတော်၌ ရှိနေပြီး ရှန်ယွဲ့နိုင်ငံတော်၏ ကိစ္စရပ်များနှင့် သိပ်မရင်းနှီးပေ။ ချူးယုချင်၏ နတ်အာရုံမှတစ်ဆင့် ရှန်ယွဲ့နိုင်ငံတော်အကြောင်း သတင်းအချက်အလက် အချို့ကို ရရှိနိုင်သော်လည်း သူတို့၏ ရပ်တည်ချက်များကို အပြည့်အဝ ထုတ်ဖော်နိုင်ခြင်း မရှိသေးပေ။
ထို့ပြင် ချူးယွမ်ကျိနှင့် ချူးယုချင်တို့ကြား နတ်အာရုံ ချိတ်ဆက်မှုအကြောင်းကို သူ မသိသကဲ့သို့ ဟန်ဆောင်ထားဆဲ ဖြစ်သည်။ ထို့ပြင် ချူးယွမ်ကျိသည် နန်းတော်၌သာ အမြဲနေထိုင်သဖြင့် နန်းတော်ပြင်ပတွင် ဖြစ်ပျက်နေသည့် အရာများကို အထူးတလည် သတိမထားမိပေ။ ချူးယွမ်ကျိအား အရာအားလုံးကို ဖွင့်ပြောပြလျှင်ပင် သူမ အနေနှင့် ထောက်လှမ်းရေး သတင်းအချက်အလက် များများစားစား ပေးနိုင်မည် မဟုတ်ပေ။
အထူးသဖြင့် သူ၏ ညီအစ်ကိုများ၏ လှုပ်ရှားမှုများနှင့် ပတ်သက်၍ ဖြစ်သည်။
လော့ယွမ်သည် နယ်ရုပ်ကောင်းတစ်ရုပ် ဖြစ်လာနိုင်သည်။
ထို့နောက် လုချန်းက
“ခင်ဗျားရဲ့ စကားတွေက ကျုပ်ကို စိတ်လှုပ်ရှားစေတယ်လို့ ပြောရမယ်။ ဒါကြောင့် ခင်ဗျားရဲ့ သစ္စာခံမှုကို ကျုပ် လက်ခံလိုက်မယ်။”
လုချန်း သဘောတူသည်ကို မြင်သောအခါ လော့ယွမ်၏ ရင်ထဲ စိတ်သက်သာရာ ရသွား၏။
ထိုအချိန်မှာပဲ လော့ယွမ် တစ်စုံတစ်ရာ ဆက်မပြောနိုင်မီ လုချန်းက ရုတ်တရက် လက်ကို မြှောက်လိုက်ရာ အစိမ်းရောင် စွမ်းအားတစ်ခုသည် သူ၏ လက်ပေါ်တွင် မပြတ်ရွေ့လျားနေ၏။
နောက်တစ်ခဏတွင် ထိုအစိမ်းရောင် စွမ်းအားသည် လော့ယွမ်၏ ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက် စီးဝင်သွားသည်။ လုချန်းက ဆုံးဖြတ်ချက်ကို နောင်တရပြီး သူ့ကို ရှင်းပစ်ချင်နေသည်ဟု ထင်ကာ လော့ယွမ် ထိတ်လန့်သွားသော်လည်း နောက်တစ်ခဏတွင် သူ အထင်လွဲမှားခဲ့ကြောင်း သဘောပေါက်သွား၏။
အစိမ်းရောင် စွမ်းအား သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည်နှင့် သူ၏ အတွင်းရှိ အသက်သွေး အနှစ်သာရ စတင် ပြန်လည် ပေါ်ထွန်းလာသဖြင့် လော့ယွမ်ကို လုံးဝ အံ့အားသင့်သွားစေသည်။
သူ၏ ကိုယ်ပိုင် အသက်သွေး အနှစ်သာရကို ပြန်လည်ရှင်သန်စေနိုင်တာက မည်သို့သော စွမ်းအားမျိုးနည်း။
ထိုကဲ့သို့သော စွမ်းရည်များကို ပိုင်ဆိုင်ထားသူတစ်ယောက် ဧကရာဇ် ဖြစ်ခဲ့ပါက သူ အံ့သြမိမည် မဟုတ်ပေ။ အမှန်တော့ လုချန်း၏ နောက်ကွယ်တွင် ဧကရာဇ်အဆင့် အစောင့်အရှောက် ရှိနေသဖြင့် လုချန်းကို သစ္စာခံရန် သူ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လုချန်းသည် ထိုအစောင့်အရှောက်ကို အသုံးမပြုပဲ သူ၏ အတွင်းရှိ အသက်သွေး အနှစ်သာရကို ပြန်လည်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။
ဝိညာဉ်ဟောင်းကိုပင် ပြန်လည်ရှင်သန်စေနိုင်သော လုချန်း၏ ထာဝရစိမ်းလန်း အသက်ရှည်ကျင့်စဉ်သည် သာမန် အသက်သွေး အနှစ်သာရတစ်ခုကိုဆိုလျှင် ပြောစရာပင် မလိုပေ။ အသက်ရှင်နေပါက နောက်ထပ် အသက်သွေး အသစ်တစ်စက်ကို အဘယ်ကြောင့် မဖန်တီးနိုင်ရမည်နည်း။ ဤနည်းအားဖြင့် ယခင် ချိတ်ဆက်ထားသော အသက်သွေး အနှစ်သာရလည်း လော့ယွမ်၏ အသက်အပေါ် သက်ရောက်မှု မရှိနိုင်တော့ပေ။
…………..
အခန်း (၁၂၉၀ )
သူတော်စင်အဆင့် ဝိညာဉ်ထိန်းချုပ်နည်းလမ်း
လော့ယွမ်အတွက် နောက်ထပ် အသက်သွေး အနှစ်သာရ တစ်စက်ကို ဖန်တီးပေးလိုက်ပြီးနောက် အေးစက်စွာဖြင့် လုချန်းက
“ခင်ဗျားရဲ့ မူလ အသက်သွေး အနှစ်သာရက အာနိသင် ပျက်ပြယ်သွားပြီ။ ခင်ဗျား အခု လွတ်လပ်သွားပြီ။”
လော့ယွမ်လည်း ကမန်းကတန်းပင် မြေပြင်ပေါ်သို့ ဒူးထောက်ချလိုက်ပြီး အကြိမ်ကြိမ် ဦးခိုက်ကာ
“ကျေးဇူးတင်ပါတယ် မင်းကြီး။ ကျွန်တော်မ ဒီအချိန်ကစပြီး မင်းကြီးအတွက် အသက်ပေး အမှုထမ်းပါ့မယ်။ သေသည်အထိ သစ္စာရှိပါ့မယ်။”
လုချန်းက အေးစက်စွာဖြင့်
“အမှန်အတိုင်း ပြောရရင် လမ်းခုလတ်မှာ သခင်ပြောင်းတဲ့ ခင်ဗျားလို လက်အောက်ငယ်သားမျိုးကို ကျုပ် လုံးဝ မယုံဘူး။ ဒီနေ့ ကျုပ်ရဲ့ အစ်ကိုတော်ကို သစ္စာဖောက်နိုင်ရင် မနက်ဖြန်ကျရင် ကျုပ်ကိုလည်း သစ္စာဖောက်နိုင်တာပဲ။”
လုချန်း၏ ဆိုလိုရင်းကို လော့ယွမ် ချက်ချင်း သဘောပေါက်သွား၏။ ထို့နောက် တွန့်ဆုတ်ခြင်း မရှိပဲ လုချန်း ခုလေးတင် ဖွဲ့စည်းပေးလိုက်သည့် အသက်သွေး အနှစ်သာရကို ထုတ်ယူလိုက်ကာ
“ကျွန်တော်ရဲ့ အသက်သွေး အနှစ်သာရကို မင်းကြီးထံ အပ်နှံပါရစေ။”
လုချန်းက ခံစားချက် ကင်းမဲ့သော မျက်နှာထားဖြင့်
“ခင်ဗျားရဲ့ အသက်သွေး အနှစ်သာရကို ကျုပ် စိတ်မဝင်စားဘူး။ ကျုပ်က ခင်ဗျားကို အသက်သွေး အနှစ်သာရ အသစ် ပြန်ဖွဲ့စည်းပေးနိုင်တယ်ဆိုရင် တခြားသူတွေလည်း လုပ်နိုင်မှာပဲ။”
ဒါက...
လော့ယွမ်၏ ဦးနှောက် ခဏခန့် ရပ်တန့်သွား၏။ အသက်သွေး အနှစ်သာရသာ အလွယ်တကူ ဖွဲ့စည်းနိုင်လျှင် ဤကမ္ဘာတွင် အသက်သွေး အနှစ်သာရဖြင့် ခြိမ်းခြောက်သူများ ရှိတော့မည် မဟုတ်ဟုလည်း သူ တွေးလိုက်မိသည်။
ပုံမှန်အားဖြင့် ဧကရာဇ်အဆင့် ပုဂ္ဂိုလ်များသာလျှင် အသက်သွေး အနှစ်သာရကို ဖွဲ့စည်းနိုင်စွမ်း ရှိတတ်ကြသည်။
ထို့နောက် လုချန်းက ဆက်လက်၍
“ခင်ဗျားက ကျုပ်ဆီကို သစ္စာခံဖို့ ဆန္ဒအလျောက် ရောက်လာတာမို့လို့ ကျုပ် ခင်ဗျားကို အခွင့်အရေးတစ်ခု ပေးမယ်။ ကဲ... ခင်ဗျားရဲ့ စိတ်ကို လျှော့ထားလိုက်။”
“ဟုတ်ကဲ့”
လုချန်း ဘာလုပ်မည်မှန်း မသိသော်လည်း လုချန်း၏ ယုံကြည်မှုကို ရရှိစေရန် လော့ယွမ် အစွမ်းကုန် ကြိုးစားလိုက်သည်။
ချက်ချင်းပင် လော့ယွမ် သူ၏စိတ်ကို လျှော့ချလိုက်ရာ နောက်တစ်ခဏ၌ အားကောင်းသော နတ်အာရုံ တစ်ခုသည် သူ၏ အသိစိတ်ပင်လယ်ထဲသို့ ဝင်ရောက်လာသည်ကို ခံစားလိုက်ရ၏။ လော့ယွမ်၏ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားပြီး ခေါင်းကွဲထွက်တော့မတတ် ခံစားချက်တစ်ခုပါ ဆက်တိုက် ဝင်ရောက်လာ၏။
လော့ယွမ်လည်း ခံနိုင်ရည် မရှိတော့ပဲ ကျူးကျော်ဝင်ရောက်လာသည့် နတ်အာရုံကို သူ၏ အသိစိတ်ပင်လယ်ထဲမှ တွန်းလှန်ထုတ်ပစ်ချင်လာချိန်တွင် လုချန်း၏ အသံကို ကြားလိုက်ရ၏။
“မခုခံနဲ့”
လုချန်း၏ စကားကို ကြားလျှင် လော့ယွမ်လည်း ဆက်လက် သည်းခံနေရုံမှတစ်ပါး ရွေးချယ်စရာ မရှိတော့ပေ။ ခဏအကြာတွင် လော့ယွမ်၏ အသိစိတ်ပင်လယ်ထဲ၌ ကြီးမားသော အမှတ်အသားပုံစံတစ်ခု ပေါ်လာခဲ့သည်။
အမှတ်အသားပုံစံ ဖြစ်ပေါ်လာသည်နှင့်တစ်ပြိုင်နက် လော့ယွမ် ဆက်လက်တောင့်ခံနိုင်ခြင်း မရှိတော့ပဲ မြေပြင်ပေါ်သို့ လဲကျသွားတော့၏။
လုချန်း သူ့ဘာသူ ရေရွတ်လိုက်၏။
“အင်း... လေ့ကျင့်ဖို့ လိုနေသေးတာပဲ”
သူ ယခုလေးတင် အသုံးပြုလိုက်သည့် နည်းလမ်းမှာ မူချင်းလန်၏ ရင်သွေးကမ္ဘာကို ပျိုးထောင်ပေးစဉ်က စနစ်ဆုလာဘ်အဖြစ် ရရှိခဲ့သော သူတော်စင်အဆင့် ဝိညာဉ်ထိန်းချုပ်နည်းလမ်း ဖြစ်သည်။ အောင်မြင်သွားပါက ဧကရာဇ်တစ်ပါးကိုပင် ဤနည်းလမ်းဖြင့် ထိန်းချုပ်နိုင်ပေလိမ့်မည်။
ထို့ပြင် ဝိညာဉ်ထိန်းချုပ်နည်းလမ်းသည် နတ်ဝိညာဉ်ကို တိုက်ရိုက်ပစ်မှတ်ထားသဖြင့် လူအများစုအတွက် ရုန်းထွက်ရန် ခက်ခဲလှ၏။ ဧကရာဇ်များပင် လွတ်မြောက်ရန် ခဲယဉ်းသည်။ သို့သော် ဧကရာဇ်တစ်ပါးကို ထိန်းချုပ်မည်ဆိုလျှင် ထိုပုဂ္ဂိုလ် အားနည်းနေချိန်၌သာ လုပ်၍ရမည်ဖြစ်သည်။
ထိုဝိညာဉ်ထိန်းချုပ်နည်းလမ်းကို သားရဲတိရစ္ဆာန်များစွာအပေါ် လုချန်း အသုံးပြုခဲ့ဖူးသော်လည်း ယခုတစ်ကြိမ်သည် လူသားတစ်ဦးအပေါ် ပထမဆုံးအကြိမ် အသုံးပြုခြင်း ဖြစ်၏။ အကယ်၍ လော့ယွမ်သာ ခုခံခဲ့လျှင် ဤမျှ အလွယ်တကူ အောင်မြင်နိုင်မည် မဟုတ်ကြောင်း သူ ခံစားမိသည်။
ထို့ကြောင့် သူ ပိုမို လေ့ကျင့်ရန် လိုအပ် နေသေးသည်။
ဘေးတွင်ရှိသော မုကျန့်ချင်းလည်း လော့ယွမ် လဲကျသွားသည်ကို မြင်သောအခါ စူးစမ်းလိုစိတ်ဖြင့်
“မင်းကြီး... ဒီလူက အသုံးမဝင်တော့ဘူးလား”
လုချန်းက ဝိညာဉ်ရှာဖွေခြင်းနည်းလမ်းကို အသုံးပြုလိုက်သဖြင့် လော့ယွမ် သတိလစ်သွားသည်ဟု မုကျန့်ချင်း ထင်မှတ်နေခြင်း ဖြစ်၏။ ဝိညာဉ်ရှာဖွေခြင်းနည်းလမ်းကို သုံးလိုက်လျှင် လော်ယွမ် သိသမျှကို လုချန်းလည်း သိသွားပြီဖြစ်ရာ သူ့အမြင်တွင် လော့ယွမ်သည် အသုံးမဝင်တော့ပေ။
လုချန်းက
“မဟုတ်ဘူး။ သူက အသုံးဝင်သေးတယ်။ သူ နိုးလာတဲ့အခါ သူ့ကို အထောက်အထားပြောင်းပြီး ရှန်ယွဲ့နိုင်ငံဆီ ပြန်ခိုင်းလိုက်။ ရှန်ယွဲ့မင်းဆက်မှာ လှုပ်ရှားမှုတစ်စုံတစ်ရာရှိရင် ကျုပ်ဆီ ချက်ချင်း သတင်းပို့ခိုင်းလိုက်ပါ။”
ထိုသို့ ပြောပြီးနောက် လုချန်းနှင့် ပိုင်ချင်းချင်းတို့၏ ပုံရိပ်များ ထိုနေရာမှ ပျောက်ကွယ်သွားကြတော့သည်။
လော့ယွမ်၏ စိတ်ထဲမှ လျှို့ဝှက်ချက်များနှင့် ပတ်သက်၍မူ ဝိညာဉ်ထိန်းချုပ်နည်းလမ်း အသုံးပြုစဉ်ကပင် လုချန်း ဝင်ရောက်ကြည့်ရှုခဲ့ပြီး ဖြစ်၏။ ယခု လုယန်ဟွာ ပေးအပ်ထားသော တာဝန်များအပါအဝင် လျှို့ဝှက်ချက်အားလုံးကို လုချန်း သိထားပြီး ဖြစ်သည်။
သူ့အစ်ကို လုယန်ဟွာနှင့် ပတ်သက်၍မူ သူ့ကို လုပ်ကြံသတ်ဖြတ်ရမည့် စာရင်းထဲတွင် လုချန်း ထည့်သွင်းထားပြီး ဖြစ်၏။
လုပ်ကြံသတ်ဖြတ်မှု အကြိမ်ကြိမ် ခံခဲ့ရဖူးသဖြင့် လုချန်းကဲ့သို့ ကြင်နာတတ်သူပင်လျှင် လုယန်ဟွာ၏ လုပ်ရပ်များကို သည်းမခံနိုင်တော့ပေ။
သို့သော် သူ ဧကရာဇ်အဆင့်သို့ မရောက်သေးသဖြင့် လုချန်း အလျင်စလို မလုပ်လိုသေးပေ။ ယခုအချိန်တွင် ရှန်ယွဲ့နိုင်ငံသို့ ပြန်သွားခြင်းသည် သေလမ်းရှာခြင်းသာ ဖြစ်ပေလိမ့်မည်။
ရှန်ဝူဧကရာဇ်သည် အလွန်အစွမ်းထက်၏။ သူ ဒဏ်ရာရထားသည်ဟု ကောလာဟလများ ထွက်နေသော်လည်း သူ့ကို ကိုင်တွယ်ဖြေရှင်းလိုပါက များစွာ သတိထားရပေမည်။
……..
တစ်ရက်အကြာ။
နန်းတော်အပြင်ဘက်ရှိ အရက်ဆိုင်တစ်ခုတွင် လော့ယွမ် နိုးလာခဲ့၏။ နိုးလာသည်နှင့်တစ်ပြိုင်နက် သူ၏ အသိစိတ်ပင်လယ်ကို ချက်ချင်း စစ်ဆေးကြည့်လိုက်ရာ ထိုအထဲတွင် အမှတ်အသားများကို တွေ့ရှိလိုက်ရသောအခါ သူ အလွန်နားမလည်နိုင် ဖြစ်သွား၏။
မုကျန့်ချင်း အခန်းထဲသို့ ဝင်လာချိန်အထိ ထိုအမှတ်အသားများ ဘာအတွက်လဲဆိုတာကို သူ နားမလည်သေးပေ။
မုကျန့်ချင်းကို မြင်သောအခါ လော့ယွမ်က ကမန်းကတန်း မေးလိုက်၏။
“မင်းကြီး ဘယ်မှာလဲ။ မင်းကြီးကို ကျွန်တော် မပြောပြရသေးတဲ့ ကိစ္စတချို့ ရှိနေသေးတယ်။”
မုကျန့်ချင်းက ခပ်အေးအေးပင်
“ခင်ဗျား နိုးလာရင် အထောက်အထားအသစ်တစ်ခုယူပြီး ရှန်ယွဲ့နိုင်ငံကို ပြန်ဖို့နဲ့ သတင်းဆက်ယူဖို့ မင်းကြီးက မှာထားတယ်။ ရှန်ယွဲ့နိင်ငံမှာ ထူးခြားမှု တစ်ခုခုရှိရင် သူ့ဆီ ချက်ချင်း သတင်းပို့ရမယ်။”
လော့ယွမ် ဇဝေဇဝါ ဖြစ်သွား၏။ လုယန်ဟွာ လုပ်ခဲ့သည့် ကိစ္စများကို သူ လုချန်းအား မပြောပြခဲ့ရသေးပေ။ လုချန်းက ထိုအရာများကို လုံးဝ ဂရုမစိုက်တာများလား။
သူ၏ နတ်ဝိညာဉ်ကို လုချန်းက ထိန်းချုပ်ထားပြီးဖြစ်ကြောင်း လော့ယွမ် ယခုအထိ သေသေချာချာ သဘောမပေါက်သေးပေ။
လော့ယွမ်စိတ်ထဲ တွေးလိုက်၏။
‘လုချန်းက ငါ့ကို ပြန်လွှတ်ပြီး သတင်းထောက်လှမ်းခိုင်းမှတော့ ငါလည်း လုပ်ပေးလိုက်မယ်လေ။ ဘာပဲဖြစ်ဖြစ် လုယန်ဟွာ လက်ထဲက အသက်သွေး အနှစ်သာရက ငါ့ကို သက်ရောက်မှု မရှိတော့ဘူးပဲ’
အသက်သွေး အနှစ်သာရ အကြောင်း တွေးမိရင်း သူ၏ ခန္ဓာကိုယ်ထဲမှ အသက်သွေး အနှစ်သာရကို လော့ယွမ် အလျင်အမြန် စစ်ဆေးကြည့်လိုက်ရာ အသစ်ဖွဲ့စည်းထားသော အသက်သွေး အနှစ်သာရ ရှိနေသေးသည်ကို တွေ့လိုက်ရသည်။
လုချန်းက သူ့ကို ပြန်လွှတ်ရဲသည်အထိ အဘယ်ကြောင့် ယုံကြည်မှုရှိနေသနည်းဟု လော့ယွမ် တွေးတောမိလာ၏။
ရှန်ယွဲ့နိုင်ငံသို့ ပြန်ရောက်လျှင် သူ့အကြာင်း အခြားမင်းသားတွေကို ဖွင့်ပြောမှာ မကြောက်ဘူးလား။
လော့ယွမ် ထိုသို့ တွေးတောနေစဉ် ရုတ်တရက် ဦးနှောက်ထဲသို့ စူးရှသော နာကျင်မှုတစ်ခု ဝင်ရောက်လာသဖြင့် ခေါင်းကို ချက်ချင်း ကိုင်ထားလိုက်ရပေသည်။
ဤစူးရှသော နာကျင်မှုသည် သူ၏ နတ်ဝိညာဉ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားပြီး သေချင်လောက်အောင် နာကျင်ခံစားလိုက်ရ၏။ လော့ယွမ် ခေါင်းကို အသည်းအသန် ဖိထားပြီး ညည်းညူနေသည်ကို မြင်သောအခါ မုကျန့်ချင်း ဇဝေဇဝါ ဖြစ်သွားသည်။
လော့ယွမ်၏ ခန္ဓာကိုယ်ကို စစ်ဆေးရန် စိတ်ဝိညာဉ်စွမ်းအင်များ မုကျန့်ချင်း ပို့လွှတ်ကြည့်လိုက်သော်လည်း မည်သည့် ပြဿနာမှ မတွေ့ရပေ။
ထိုအချိန်တွင် လော့ယွမ်၏ နတ်ဝိညာဉ်ထဲမှ နာကျင်မှု တဖြည်းဖြည်း လျော့နည်းသွား၏။ လော့ယွမ်၏ တစ်ကိုယ်လုံးတွင် ချွေးများ ရွှဲနစ်နေပြီး မျက်နှာလည်း ရှုံ့မဲ့နေဆဲ ဖြစ်ပေသည်။
လုချန်းက သူ့ကို ဘာကြောင့် ရဲရဲဝံ့ဝံ့ ပြန်လွှတ်လိုက်သည်ကို လော့ယွမ် နောက်ဆုံးတွင် နားလည်သွားပြီ ဖြစ်သည်။ လုချန်း အသုံးပြုလိုက်သော နည်းလမ်းသည် အသက်သွေး အနှစ်သာရကို သိမ်းဆည်းထားခြင်းထက် များစွာ ပို၍ကြောက်မက်ဖွယ်ကောင်း၏။
လုချန်း၏ ထိန်းချုပ်မှုနည်းက သူ၏ နတ်ဝိညာဉ်အပေါ်တွင် ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်ကို စွန့်လွှတ်လိုက်လျှင်ပင် လုချန်း၏ ထိန်းချုပ်မှုမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။ သစ္စာဖောက်မည့် အတွေးဝင်လာသည်နှင့် တစ်ပြိုင်နက် သူ၏နတ်ဝိညာဉ်က နာကျင်မှုကို ခံစားရမည် ဖြစ်သည်။
လော့ယွမ် ကျောချမ်းသွား၏။ ထိုနည်းလမ်းသည် အလွန် ကြောက်စရာကောင်းလှသည်။ သူ နောက်တစ်ကြိမ် လုချန်းကို သစ္စာဖောက်နိုင်တော့မည် မဟုတ်ပေ။
“ထားလိုက်ပါတော့လေ။ ဘာပဲဖြစ်ဖြစ် လုချန်းက ရှန်ယွဲ့နိုင်ငံရဲ့နောက်ထပ် အုပ်ချုပ်မည့်သူ ဖြစ်လာတော့မှာပဲ။ သူ့ရဲ့ လက်အောက်ငယ်သား ဖြစ်ရတာ မဆိုးပါဘူး။”
ထိုအတွေးဖြင့် သူ၏စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီး မုကျန့်ချင်းကို ကြည့်ကာ မေးလိုက်၏။
“မင်းကြီး မှာလိုက်တာ ဒါအကုန်ပဲလား။”
မုကျန့်ချင်းက
“ဒါအကုန်ပဲ”
တွန့်ဆုတ်ခြင်း မရှိပဲ ကုတင်ပေါ်မှ လော့ယွမ်ထလိုက်ပြီး
“ဒါဆို ကျွန်တော် ပြန်တော့မယ်။ နှုတ်ဆက်ပါတယ်။”
စကားဆုံးသည်နှင့် လော့ယွမ်သည် ကောင်းကင်မီးကမ္ဘာမှ ထွက်ခွာပြီး အပြန်ခရီးကို စတင်လိုက်တော့သည်။