အခန်း (၁၆၄၁-၁၆၄၃)
Vol. 86 Ch. 1641-1643
အခန်း (၁၆၄၁) - အပြစ်အနာအဆာ မရှိသော ဖိနပ်များ
~ထိုသို့ ပြောပြီးနောက်... ယဲ့ဖန်သည် ဧကရာဇ် ကျောက်စိမ်း လက်စွပ်ကို အိတ်ကပ်ထဲသို့ သဘာဝကျစွာပင် ထည့်လိုက်တော့သည်။
မြင်ကွင်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားလေ၏။
လူတိုင်းက သူ့ကို မတူညီသော မျက်နှာထားများဖြင့် ကြည့်လိုက်ကြလေ၏။
အထူးသဖြင့် ပါ့ခ်ဂျီချန်နှင့် ကွန်ချာ။
ကွန်ချာသည် ယဲ့ဖန်က သူ့အစွမ်းကို ထုတ်ဖော်ပြသပြီး... အမေရိကန်နှင့် နေမဝင် အင်ပါယာ ရွှေရှာသူ အဖွဲ့များထံမှ တန်ဖိုးရှိသော ပစ္စည်းများကို ရှာဖွေတွေ့ရှိသွားသည်ကို မြင်သောအခါ... ချွေးများ ရွှဲနစ်လာလေ၏။
သူ့စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တော့ပေ။
ယဲ့ဖန်က ထိုအခြေအနေကို မြင်သောအခါ စနောက်လိုက်သည်။ "ဟေ့လူ...၊ ခင်ဗျား ဘာလို့ ချွေးတွေ ဒီလောက် ထွက်နေတာလဲ"
"ဒီနေရာက အဲဒီလောက်ထိ ပူလို့လား"
"ကျုပ်... ကျုပ်က အားနည်းလို့ပါ" ကွန်ချာ ပေါက်ကရ ပြောနေမှန်း သိသာလှသည်။ သူသည် ချက်ချင်းပင် အကြောင်းပြချက်ကောင်း တစ်ခုကို ရှာကြံလိုက်လေ၏။
"ကျုပ်က အမြဲတမ်း ချွေးထွက်တတ်တယ်"
"ဒါက နှစ်ပေါင်းများစွာ ကြာနေပြီဖြစ်တဲ့ ပြဿနာပါ"
"ဆရာဝန်တွေ အများကြီးနဲ့ ပြဖူးပေမယ့်... ကောင်းကောင်း မကုသနိုင်ခဲ့ဘူး"
ယဲ့ဖန် ကိုယ်တိုင်က ဆရာဝန် တစ်ယောက် ဖြစ်သည်။ ဒီလူ လိမ်နေမှန်း သဘာဝကျစွာပင် သိလေ၏။
ဒီလူ ကျန်းမာရေးက အရမ်း ကောင်းမွန်သည်။
ဒီမှာ ရှိနေသည့် လူအများကြီးထဲမှာတောင်... သူ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုက ထိပ်တန်း အဆင့်မှာ ရှိနေသည်။
သို့သော် ယဲ့ဖန် သူ့ကို ဖွင့်ချဖို့ ပျင်းရိနေသည်။
သူ ပြုံးလိုက်ပြီး ပါ့ခ်ဂျီချန်ကို ကြည့်လိုက်သည်။
"ခင်ဗျားရော ဘယ်လိုလဲ"
"ခင်ဗျားကရော ကွန်ချာလိုပဲ အားနည်းနေတာလား"
ပါ့ခ်ဂျီချန် ချက်ချင်း မျက်နှာပျက်သွားလေ၏။
သို့သော် ခဏအကြာတွင် သူ ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်...၊ ကျုပ်လည်း ခန္ဓာကိုယ် အားနည်းတယ်"
"ဒါကလည်း နှစ်ပေါင်းများစွာ ကြာနေပြီဖြစ်တဲ့ ရောဂါဟောင်းပါပဲ"
ယဲ့ဖန် ခေါင်းခါလိုက်သည်။
"ဒါဆို... ဒီအချိန် ရောက်တာတောင် ခင်ဗျားတို့ နှစ်ယောက်က ခေါင်းမာပြီး ဆက်ငြင်းနေဦးမှာပေါ့လေ"
ထိုစကားကို ကြားသောအခါ ပါ့ခ်ဂျီချန် အနည်းငယ် တင်းမာသွားလေ၏။ "မဟုတ်ပါဘူး"
"ကျုပ် မငြင်းပါဘူး"
"ကျုပ်က နေမဝင် အင်ပါယာ ရွှေရှာသူ အဖွဲ့ရဲ့ တာဝန်ခံနဲ့ အမေရိကန် ရွှေရှာသူ အဖွဲ့ရဲ့ တာဝန်ခံတို့နဲ့ မတူဘူး"
"ကျုပ်
ပါ့ခ်ဂျီချန်က... သိုင်းလောကမှာ ကျင်လည်ခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ...၊ အမြဲတမ်း ရိုးသားခဲ့တယ်...၊ အမြဲတမ်း ဂုဏ်သိက္ခာကို တန်ဖိုးထားခဲ့တယ်...၊ ကျုပ်ဆီမှာ လက်ငင်းငွေ (၁) သန်း ဝန်းကျင်လောက်ပဲ ရှိတာပါ...၊ တခြား တန်ဖိုးရှိတဲ့ ပိုင်ဆိုင်မှု မရှိပါဘူး"
ယဲ့ဖန်သည် ဒီလူနှင့် ကိုရီးယား ရွှေရှာသူ အဖွဲ့ဝင်များ၏ အခြေအနေကို စကင်န်ဖတ်ပြီးသား ဖြစ်သည်။ ဒီလူ ဘာလို့ ဒီလောက် ယုံကြည်မှု ရှိနေလဲ ဆိုတာ သူ သိသည်။
ဒီလူက ကံတရားကို မျှော်လင့်ပြီး... သူ့ကို ပြိုင်ဆိုင်ချင်နေသေးတာကိုး။
ပါ့ခ်ဂျီချန်ကို ခေတ္တမျှ ကြည့်ပြီးနောက်... ယဲ့ဖန် လေးလေးနက်နက် ပြောလိုက်လေ၏။
"ဒါ ခင်ဗျားအတွက် နောက်ဆုံး အခွင့်အရေးပဲ"
"တကယ်လို့ ကျုပ်ကို ကိုယ်တိုင် ထုတ်ပြောခိုင်းမယ် ဆိုရင်...ကျုပ်ရဲ့ အလုပ်ချိန် နှောင့်နှေးမှု အတွက်ပါ ထပ်ပြီး အခကြေးငွေ တောင်းရလိမ့်မယ်"
"ကျုပ်ကို မဖြေခင် သေချာ စဉ်းစားပါ"
"ကျုပ်..." ပါ့ခ်ဂျီချန် ခေတ္တမျှ တွေဝေသွားလေ၏။
သို့သော် သူ လျင်မြန်စွာပင် ခေါင်းကို အခိုင်အမာ ခါယမ်းလိုက်လေ၏။ "မင်း ကျုပ်ကို ခြိမ်းခြောက်လို့ အလကားပဲ"
"ကျုပ်ဆီမှာ ဒီလောက် လက်ငင်းငွေပဲ ရှိတာပါ"
"တခြား တန်ဖိုးရှိတဲ့ ပစ္စည်း မရှိပါဘူး"
"ကောင်းပြီ" ယဲ့ဖန် ခေါင်းညိတ်လိုက်ပြီး ဘာမှ ထပ်မပြောတော့ပေ။
"မင်းရဲ့ ဖိနပ်ကို ချွတ်လိုက်" သူ အမိန့်ပေးလိုက်သည်။
ပါ့ခ်ဂျီချန်၏ မျက်နှာထား ပြောင်းလဲခြင်း မရှိပေ။
"ကျုပ်ဖိနပ် ဟုတ်လား"
"ကျုပ်က ကျုပ်ခြေထောက်အောက် ဒါမှမဟုတ် ဖိနပ်ထဲမှာ တစ်ခုခု ဝှက်ထားမယ်လို့ မင်း ထင်နေတာလား"
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ပြောပြောဆိုဆိုနှင့် သူသည် ပူးပေါင်းဆောင်ရွက်သည့် အနေဖြင့် ဖိနပ်နှင့် ခြေအိတ်များကို ချက်ချင်း ချွတ်လိုက်လေ၏။
ယဲ့ဖန်နှင့် လူတိုင်း၏ ရှေ့မှောက်တွင်... ဖိနပ်အောက်ခံပြား (Shoe Insoles) များကို ဖယ်ရှားပြီးနောက်... သူ ဖိနပ်ကို အကြိမ်ကြိမ် ခါပြလိုက်သည်။
"ကျုပ် အဲဒီလို ကိစ္စမျိုး လုပ်မှာ မဟုတ်ဘူး"
"ကျုပ် ပါ့ခ်ဂျီချန်က ရွှေရှာသူ တစ်ယောက် ဖြစ်ပြီး လူတွေကြားထဲ ထွက်ပြလို့ မရပေမယ့်... ဒီလို ကိစ္စမျိုးနဲ့ ပတ်သက်ပြီး လူတိုင်းကို လိမ်ပြောလောက်တဲ့ အထိတော့ အောက်တန်းမကျပါဘူး"
"ဒီမှာ ဘာမှ ဝှက်မထားဘူး"
ဘေးပတ်ဝန်းကျင်မှ လူများသည် ထိုအခြေအနေကို မြင်သောအခါ... သူ ပြောတာ အတော်လေး မှန်ကန်သည်ဟု ခံစားလိုက်ကြရလေ၏။
ခြေအိတ်များနှင့် ဖိနပ်အောက်ခံပြားများကို ချွတ်လိုက်ပြီးနောက်... ပါ့ခ်ဂျီချန်၏ ဖိနပ် အတွင်းပိုင်း အခြေအနေကို တစ်ချက် ကြည့်ရုံဖြင့် ရှင်းလင်းစွာ မြင်တွေ့နေရသည်။
အတွင်းထဲတွင် ဘာမှ ဝှက်ထားခြင်း မရှိကြောင်း လူတိုင်း မြင်တွေ့နိုင်လေ၏။
သူ့ဖိနပ်ကို မှောက်ပြီး အကြိမ်ကြိမ် ခါလိုက်သည့်တိုင်... ဘာမှ ထွက်မလာခဲ့ပေ။
"ဒီတရုတ် ကောင်လေး ဒီတစ်ခါတော့ အကဲခတ် မှားသွားပြီ ထင်တယ်"
"ဘာပဲဖြစ်ဖြစ်... သူ့မှာ လူတွေရဲ့ စိတ်နှလုံးနဲ့ ခန္ဓာကိုယ်ကို ဖောက်ထွင်းမြင်နိုင်တဲ့ ဓာတ်မှန်မျက်လုံး (X-ray Eyes) ပါတာမှ မဟုတ်တာ"
"အဲဒီ ကိုရီးယားကောင်က ဖိနပ် ချွတ်ပြလိုက်ပြီလေ...၊ သူ ဘာမှ ဝှက်မထားပါဘူး"
"သူ့ဖိနပ်အောက်ခြေကလည်း အကောင်းအတိုင်းပါပဲ..."
ယဲ့ဖန်သည် ဘေးပတ်ဝန်းကျင်မှ ဆွေးနွေးသံများကို ဂရုမစိုက်ပေ။
ပါ့ခ်ဂျီချန်က ဖိနပ်ကို အကြိမ်ကြိမ် ခါပြပြီးနောက် လှမ်းကြည့်လာသည်။ သူ့မျက်နှာထား ပြောင်းလဲခြင်း မရှိပေ။ "မင်းရဲ့ ဘယ်ဘက်လက်ထဲက ဖိနပ်"
"ဖိနပ်အောက်ခြေကို ခွာလိုက်"
ထိုစကားကို ကြားသောအခါ... ပါ့ခ်ဂျီချန် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
ဖိနပ်ခါနေသော သူ့လက်များ ချက်ချင်း ရပ်တန့်သွားလေ၏။
ထို့နောက်... သူသည် ယဲ့ဖန်ကို မယုံကြည်နိုင်သော မျက်လုံးများဖြင့် ကြည့်လိုက်လေ၏။
ဘေးပတ်ဝန်းကျင်မှ လူများသည်လည်း သူ့လှုပ်ရှားမှု ပုံမှန် မဟုတ်သည်ကို သတိထားမိလိုက်ကြသည်။
လူတချို့က ထပ်မံ ပြောဆိုလာကြသည်။ "သောက်ကျိုးနည်း...၊ သူ့တုံ့ပြန်ပုံက ဘာသဘောလဲ...၊ ဟို တရုတ် ကောင်လေး ပြောသလို သူက ဘယ်ဘက်လက်ထဲက ဖိနပ်ထဲမှာ တစ်ခုခု ဝှက်ထားတာများလား"
"ဖိနပ်အောက်ခြေ ဆိုတာက သီးသန့် ဖြတ်ပြီး ခွာမှ ရမှာလေ"
"သူတို့က ဖိနပ်တစ်ရန်ကို သီးသန့် ဖန်တီးပြီး... ဖိနပ်လုပ်တုန်းကတည်းက အတွင်းထဲမှာ တစ်ခုခု ချုပ်ထည့်ခဲ့တာများလား"
"ဒါက ရယ်စရာ ကောင်းလွန်းတယ်"
"..."
ကိုရီးယား ရွှေရှာသူ အဖွဲ့မှ အဖွဲ့ဝင် အချို့ပင်လျှင်... ထိုအခြေအနေကို မြင်သောအခါ မျက်နှာများ ထူးဆန်းသွားကြသည်။
"ဟို တရုတ်လူမျိုး ပြောမှပဲ ငါ သတိရတော့တယ်...၊ ဒါရိုက်တာ ပါ့ခ်က ငါတို့နဲ့ စတွေ့ကတည်းက ဒီဖိနပ် တစ်ရန်တည်းကိုပဲ စီးလာခဲ့တာ"
"သူ ဘယ်တုန်းကမှ မလဲခဲ့ဘူး"
"ဟုတ်တယ်...၊ ငါတို့ ဈေးဝယ်စင်တာ (Mall) ကို အတူတူ သွားတုန်းကလည်း... သူ ဒီဖိနပ်ကို စီးလာတာ ကြာပြီမို့လို့ အသစ်တစ်ရန် ဝယ်ဖို့ ငါ အကြံပေးခဲ့ဖူးတယ်...၊ ဒါပေမယ့် သူက ပြင်းပြင်းထန်ထန် ငြင်းခဲ့တယ်"
"ဟုတ်တယ်...၊ ဟုတ်တယ်...၊ ဟုတ်တယ်...၊ အားလုံး ပြောမှပဲ ငါလည်း သတိရတော့တယ်"
"ဒါရိုက်တာ ပါ့ခ်က ဒီဖိနပ်ကို အရမ်း တန်ဖိုးထားတာ...၊ ဘယ်သွားသွား အမြဲတမ်း ဝတ်တယ်"
"အခု ကြည့်ရတာ... အတွင်းထဲမှာ လျှို့ဝှက်ချက် တစ်ခုခု ရှိနေပုံရတယ်"
"ငါ လုံးဝ မျှော်လင့်မထားခဲ့မိဘူး"
"..."
ပါ့ခ်ဂျီချန် မှာမူ... ကြောင်အသွားပြီး ဆက်လက် လှုပ်ရှားခြင်း မရှိတော့ပေ။
"ဘာလဲ...၊ ကျုပ်က ခင်ဗျားကို ဓားကမ်းပေးရဦးမှာလား" ဟု ယဲ့ဖန်က သတိပေးလိုက်သည်။
ပါ့ခ်ဂျီချန်သည် မိဘနှစ်ပါး ဆုံးပါးသွားသကဲ့သို့ မျက်နှာထား ဖြစ်နေလေ၏။ သူသည် ဖြူဖပ်ဖြူရော် မျက်နှာဖြင့် မော့ကြည့်လိုက်ပြီး အက်ကွဲသော အသံဖြင့် ပြောလိုက်သည်။
"မင်း... မင်း ဘယ်လို သိတာလဲ"
"ဒီဖိနပ်ကို ဖိနပ်စက်ရုံ တစ်ခုထဲ ခိုးဝင်ပြီး... ဖိနပ်အောက်ခြေ ကပ်တဲ့ နည်းပညာကို သင်ယူပြီးမှ... သူငယ်ချင်း တစ်ယောက်ရဲ့ စက်ရုံကို အသုံးပြုပြီး ကျုပ် ကိုယ်တိုင် အထူး ဖန်တီးခဲ့တာပါ"
"ကျုပ်ကလွဲရင်... ကျုပ်မိန်းမနဲ့ သမီးတောင်မှ ကျုပ် ဖိနပ်အောက်ခြေထဲမှာ ချက်လက်မှတ် (Check) တစ်စောင် ဝှက်ထားတယ် ဆိုတာ မသိကြဘူး"
"..."
"ဒီမတိုင်ခင် အထိ... ဘယ်သူမှ ထူးခြားမှု တစ်ခုမှ သတိမထားမိခဲ့ကြဘူး"
"ကျုပ်ကို စက်ရုံသုံးခွင့် ပေးခဲ့တဲ့ သူငယ်ချင်းတောင်မှ...ကျုပ် ဖိနပ်အောက်ခြေကို ခွာပြီး ပြန်ကပ်လိုက်တယ် ဆိုတာ မသိလိုက်ဘူး"
"မင်း ဘယ်လို လုပ်ပြီး သိတာလဲ"
ယဲ့ဖန် သဘာဝကျစွာပင် သူ့မေးခွန်းကို ဖြေမည် မဟုတ်ချေ။
သူ အချိန်ဆွဲနေသေးသည်ကို မြင်သောအခါ... ယဲ့ဖန်သည် လှည့်ကြည့်လိုက်ပြီး လူတိုင်းကို မေးလိုက်လေ၏။ "ဘယ်သူ့ဆီမှာ ဓားပါလဲ"
ပြောပြောဆိုဆိုနှင့်... တစ်စုံတစ်ယောက်က ဓားတစ်ချောင်း ထုတ်ပေးလာသည်ကို မြင်သောအခါ... သူ လှမ်းယူလိုက်ပြီး ပါ့ခ်ဂျီချန် ဘယ်ဘက်လက်ဖြင့် ကိုင်ထားသော ဖိနပ်အောက်ခြေကို ခွဲလိုက်လေ၏။
ပေါ့ပေါ့ပါးပါး ဓားချက် တစ်ချက်ဖြင့်... ဖိနပ်အောက်ခြေ တစ်လွှာ ကွာကျသွားလေ၏။
မျှော်လင့်ထားသည့် အတိုင်းပင်... အတွင်းထဲတွင် ဝှက်ထားသော ချက်လက်မှတ် တစ်စောင် ပေါ်ထွက်လာတော့သည်။
ချက်လက်မှတ် ပေါ်တွင်... အလွန် မျက်စိကျစရာ ကောင်းသော ပမာဏ တစ်ခု ရေးသားထားလေ၏။
ဒေါ်လာ (၆) သန်း။
တရုတ်ငွေ ယွမ် (၄၃) သန်းကျော်နှင့် ညီမျှပေသည်။
အခန်း (၁၆၄၂) - မင်းက ဖျော်ဖြေရေး လောကထဲ ဝင်တာ ပိုကောင်းမယ်
~"ကျုပ် အကြံပေးချင်တာကတော့... ခင်ဗျား ရွှေရှာတဲ့ အလုပ်ကို ဆက်မလုပ်တော့ဘဲ... ပိုက်ဆံ နည်းနည်းလောက် အကုန်ခံပြီး ပလတ်စတစ် ဆာဂျရီ လုပ်လိုက်...၊ ပြီးရင် ဖျော်ဖြေရေး လောက ထဲ ဝင်လိုက်ပါ" ယဲ့ဖန်သည် ချက်လက်မှတ်ကို ယူလိုက်ရင်း ပြောလိုက်လေ၏။
"တကယ် ပြောတာပါ...၊ ခင်ဗျားရဲ့ သရုပ်ဆောင် စွမ်းရည်နဲ့ စကားပြောပုံ ပြောနည်းတွေက ဟို လူချောလေးတွေထက် အများကြီး သာလွန်တယ်"
"ကိုရီးယားကို ပြန်ရောက်ရင် မျက်နှာ နည်းနည်း ပြင်လိုက်...၊ ပိုက်ဆံ နည်းနည်း သုံးပြီး ဖျော်ဖြေရေး အစီအစဉ် (Variety Show) တွေမှာ ပါဝင်လိုက်...၊ ရေပန်းစားလာအောင် အွန်လိုင်းမှာ ရှာဖွေမှု များအောင် (Trending Search) လုပ်လိုက်ပေါ့...၊ ရွှေရှာတာထက် အများကြီး ပိုပြီး အမြတ်အစွန်း ရနိုင်တယ်ဗျ"
"ပြီးတော့... အနည်းဆုံးတော့ အသက်အန္တရာယ် မရှိဘူးလေ"
ပါ့ခ်ဂျီချန် သည် ရှက်ရွံ့နေပုံ ရလေ၏။
ယဲ့ဖန် ချက်လက်မှတ်ကို ယူသွားပြီးနောက်... သူသည် ခေါင်းငုံ့ထားပြီး စကားတစ်ခွန်းမျှ မပြောတော့ပေ။
သို့သော်ငြားလည်း... သူ စကားမပြောသော်လည်း ဘေးပတ်ဝန်းကျင်မှ လူများသည် မနေနိုင်မထိုင်နိုင် ထပ်မံ ဆွေးနွေးလာကြလေ၏။
"မပြောပါနဲ့တော့...၊ တရုတ်ပြည်က လာတဲ့ ဒီလူငယ်လေး ပြောတာ တော်တော်လေး မှန်တယ်လို့ ငါ ထင်တယ်"
"အခုခေတ် ဖျော်ဖြေရေး လောက က ရွှေရှာတာထက် ပိုက်ဆံရှာရတာ ပိုလွယ်တယ်"
"ဇာတ်ညွှန်း နည်းနည်းလောက် ရွတ်ပြပြီး... ဟန်ပန် နည်းနည်းလောက် လုပ်ပြလိုက်တာနဲ့... တစ်ရက်ကို (၁) သန်းလောက် ရနေတာလေ"
"သရုပ်ဆောင် စွမ်းရည်နဲ့ ခွန်အား ဆိုတာ လုံးဝ မလိုဘူး"
"လူတွေ စိတ်ဝင်စားမှု (Traffic) ရအောင် လုပ်နိုင်ပြီး... ရေပန်းစားမှုကို ထိန်းထားနိုင်ရင် အဆင်ပြေပြီ"
"ပါ့ခ်ဂျီချန် လို လူမျိုးက သရုပ်ဆောင်လည်း တတ်တယ်...၊ ကိုရီးယားမှာ အချိန်မရွေး ပလတ်စတစ် ဆာဂျရီ လုပ်လို့လည်း ရတယ် ဆိုတော့... အဲဒီ လောကထဲ ဝင်လိုက်ရင် သေချာပေါက် ရေပန်းစားလာမှာပဲ"
"ဒီလူကလည်း ပါရမီရှင် တစ်ယောက်ပါပဲကွာ"
"သူ့ရဲ့ ကိုယ်ပိုင် စုဆောင်းငွေလေးကို ဝှက်ထားဖို့ အတွက်... ဒီလောက် အတိုင်းအတာထိ လုပ်ရဲလိမ့်မယ်လို့ ထင်မထားခဲ့ဘူး"
"ဖိနပ်အောက်ခြေ ကပ်တဲ့ နည်းပညာကို အချိန်ကုန်ခံပြီး လေ့လာခဲ့တယ်...၊ သူငယ်ချင်းဆီက ဖိနပ်စက်ရုံကိုတောင် ငှားသုံးခဲ့သေးတယ်တဲ့..."
"အမှန်အတိုင်း ပြောရရင်... ဒီဇာတ်လမ်းက အခုခေတ် ပြသနေတဲ့ အပေါစား ရုပ်ရှင်ကားတွေထက် ပိုကောင်းပြီး... စိတ်ဓာတ်ခွန်အား ပိုရစေတယ်လို့ ငါ ထင်တယ်"
"ဒါပေမယ့်... ဒီလို တွေးကြည့်လိုက်ပြန်တော့လည်း... ဒီတရုတ် လူငယ်လေးက ပိုပြီး အံ့သြစရာ ကောင်းနေပြန်ရော"
"ပါ့ခ်ဂျီချန် က ချက်လက်မှတ်ကို ဒီလောက် နက်နက်ရှိုင်းရှိုင်း ဝှက်ထားတာတောင်... သူ ရှာတွေ့သွားသေးတယ်"
"ငါတို့ အင်ပါယာရဲ့ ဒဏ္ဍာရီတွေထဲက ရော်ဘင်ဟုဒ် (Robin Hood) ဝင်စားတာများလားလို့ ငါ သံသယ ဝင်မိတယ်"
"သာမန် လူတွေရဲ့ စိတ်ကူးဉာဏ်နဲ့ လိုက်မမီနိုင်လောက်အောင်... တကယ်ကို မယုံနိုင်စရာ ကောင်းလွန်းတယ်...၊ စိတ်ကူးယဉ် ဇာတ်လမ်း တစ်ပုဒ် နားထောင်နေရသလိုပဲ"
"..."
လူတိုင်း၏ ဆွေးနွေးသံများကို ယဲ့ဖန် ကြားနေရသည်။
သို့သော် သူ ဂရုမစိုက်ပေ။
တန်ဖိုး (၄၀) သန်းကျော် ရှိသော ချက်လက်မှတ်ကို သိမ်းဆည်းပြီးနောက်... သူ ပြုံးလိုက်ပြီး နောက်ဆုံး ကျန်ရစ်သော ရွှေရှာသူ အဖွဲ့၏ တာဝန်ခံ ကွန်ချာ ကို ကြည့်လိုက်လေ၏။
"ဘယ်လိုလဲ...၊ ခင်ဗျား နည်းနည်းလောက် ထပ်ပြီး ရုန်းကန်ချင်သေးလား"
ကွန်ချာ၏ လက်ရှိ မျက်နှာထားကို ကြည့်ခြင်းအားဖြင့်... သူ အလွန် စိတ်ပျက်အားငယ်နေကြောင်း သိသာထင်ရှားလှသည်။
ယဲ့ဖန်၏ စနောက်မှုကို ရင်ဆိုင်နေရသော်လည်း... သူက အပြုံးတစ်ခုကို အတင်းအကျပ် ညှစ်ထုတ်ပြချင်နေပုံ ရလေ၏။
သို့သော်ငြားလည်း... ပြုံးပြချင်သော်လည်း မပြုံးနိုင်ပေ။
နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးတက်သွားသည်နှင့် တပြိုင်နက်... မထိန်းချုပ်နိုင်ဘဲ တုန်ရီသွားပြီး ပြန်ကျသွား၏။
အလွန် ရယ်စရာ ကောင်းသော မြင်ကွင်းပင်။
သို့သော် အကြိမ်အနည်းငယ် ရုန်းကန်ပြီးနောက်... နောက်ဆုံးတွင် သူ သဘောပေါက်သွားပြီး ခေါင်းငုံ့လိုက်လေ၏။
"ကျုပ် ပေးပါ့မယ်"
ပြောပြောဆိုဆိုနှင့် သူသည် ခါးပတ်ကို ဖြုတ်လိုက်သည်။
အတွင်းခံဘောင်းဘီကို အပေါက်ဖောက်လိုက်ပြီး... တံဆိပ်ခေါင်း (Stamp) တစ်ခုကို ထုတ်ယူလိုက်လေ၏။
နာကျင်သော မျက်နှာထားဖြင့်... ယဲ့ဖန် လက်ထဲသို့ ဖြည်းညှင်းစွာ ထည့်ပေးလိုက်သည်။
ယဲ့ဖန်သည် ထိုတံဆိပ်ခေါင်းကို မြင်သောအခါ သိပ်ပြီး အံ့သြခြင်း မရှိပေ။ အနည်းငယ် ရွံရှာသကဲ့သို့ သူ့အဝတ်အစားဖြင့် သုတ်လိုက်ပြီးမှ ပြုံးလျက် လက်ခံလိုက်လေ၏။
သို့သော် ဘေးပတ်ဝန်းကျင်မှ လူများသည် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြတော့သည်။
"သောက်ကျိုးနည်း..."
"တံဆိပ်ခေါင်းပါလား"
"တံဆိပ်ခေါင်းရဲ့ ပုံစံနဲ့ ကွန်ချာရဲ့ စိတ်ဆင်းရဲနေတဲ့ မျက်နှာထားကို ကြည့်ရတာ... ဒါက ကမ္ဘာ့ပထမဆုံး တံဆိပ်ခေါင်း... ပယ်နီ အနက်ရောင် တံဆိပ်ခေါင်း (Penny Black Stamp) များ ဖြစ်နေမလား"
"ဒီပစ္စည်းက အခု ဈေးမနည်းဘူးနော်"
"ငါ ကြားတာတော့... တရုတ်ပြည်မှာ တစ်ယောက်ယောက်က ဒီလို တံဆိပ်ခေါင်း တစ်ခုကို လဲလှယ်ဖို့ အတွက်... တန်ဖိုး သန်း (၁၀၀) ကျော် ရှိတဲ့ ရှေးဟောင်းပစ္စည်း ဆိုင်တစ်ဆိုင် ပေးမယ်လို့ ကမ်းလှမ်းခဲ့ဖူးတယ်တဲ့"
"တကယ်လို့ ဒီပစ္စည်းကို ဆိုသဘီး (Sotheby's) လို နိုင်ငံတကာ ကျော်ကြားတဲ့ လေလံပွဲမှာ တင်ရောင်းမယ် ဆိုရင်... သန်း (၁၀၀) လောက်နဲ့ ရောင်းထွက်သွားနိုင်တယ်"
"ကြည့်ရတာ ပိန်ပိန်ညောင်ညောင်နဲ့ ကွန်ချာက... ဒီလို ပစ္စည်းမျိုးကို ဝှက်ထားလိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး"
"..."
"သန်း (၁၀၀) တဲ့...၊ အမှန်အတိုင်း ပြောရရင်... ငါ့မှာသာ ဒီလို တန်ဖိုးရှိတဲ့ ပစ္စည်းမျိုး ရှိခဲ့ရင်... (၁၀) ဘဝလောက် ထိုင်စားလို့ ရပြီ"
"ဒီလူက ဘယ်သွားသွား ဒီပစ္စည်းကို သယ်သွားပြီး... အတွင်းခံဘောင်းဘီ ကြားထဲမှာတောင် ဝှက်ထားလိုက်သေးတယ်"
"မတော်တဆ ရှူးပေါက်ချမိပြီး... ဒီရတနာ ပျက်စီးသွားမှာ မကြောက်ဘူးလား"
"နှမြောစရာ ကောင်းလိုက်တာ"
"သနားစရာပဲ"
"စောစောကတည်းကသာ သိခဲ့ရင်... ငါ သူ့အတွင်းခံဘောင်းဘီကို ခိုးလိုက်ပါတယ်"
"..."
ယဲ့ဖန် မနေနိုင်တော့ဘဲ ရယ်ချလိုက်မိလေ၏။
တံဆိပ်ခေါင်းကို သိမ်းလိုက်ပြီး... သူတို့ကို ထွက်သွားခွင့် ပြုလိုက်တော့မည်ဟု ပြောရန် ပြင်လိုက်သည်။
သို့သော်ငြားလည်း... စကားပြောရန် ပြင်လိုက်သည့် အချိန်မှာပင်... ကွဲပြားသော အရပ်မျက်နှာများဆီမှ ပေါက်ကွဲအား ပြင်းထန်သော ခြေသံများကို ရုတ်တရက် အာရုံခံမိလိုက်ချေသည်။
လျှာဖျားအထိ ရောက်နေသော စကားလုံးများ ရပ်တန့်သွားလေ၏။ အစားထိုး အနေဖြင့်... သူသည် ပစ္စည်းများကို သိမ်းဆည်းလိုက်ပြီး... အဘိုးကြီး တွမ်၏ အမှိုက်ပြန်လည် သန့်စင်ရေး စခန်းသို့ ဝင်ရောက်နိုင်သော တစ်ခုတည်းသော လမ်းကြား (၄) ခုဆီသို့ အကြည့်လွှဲလိုက်လေ၏။
ကွန်ချာ၊ ပါ့ခ်ဂျီချန်နှင့် အခြားသူများသည် ဘာဖြစ်နေသည်ကို သတိမထားမိကြသေးပေ။
ယဲ့ဖန် ပစ္စည်းများ သိမ်းဆည်းလိုက်သည်ကို မြင်သောအခါ... သူတို့က နာကျင်သော မျက်နှာထားဖြင့် မေးလိုက်ကြလေ၏။ "ခင်ဗျား ရသင့်တဲ့ လျော်ကြေးကို ကျုပ်တို့ ပေးပြီးပြီလေ"
"အခု ကျုပ်တို့ကို လွှတ်ပေးလို့ ရပြီလား"
"လောလောဆယ်တော့ ခင်ဗျားတို့ ထွက်သွားလို့ ရဦးမှာ မဟုတ်ဘူး" ယဲ့ဖန် ခေါင်းခါလိုက်သည်။
ကွန်ချာ၊ ပါ့ခ်ဂျီချန်နှင့် အခြားသူများ ချက်ချင်း စိုးရိမ်ပူပန်သွားကြလေ၏။ "ဘာဖြစ်လို့လဲ"
"မင်း ရိုက်တာလည်း ခံပြီးပြီ...၊ ကျုပ်တို့ဆီမှာ အတန်ဖိုးကြီးဆုံး ပစ္စည်းလည်း ပေးပြီးပြီလေ"
"ဘာလိုချင်သေးလို့လဲ"
"လူသတ်တယ် ဆိုတာ ခေါင်းတစ်ချက် ညိတ်လိုက်ရုံပါပဲ...၊ မင်းက အရမ်း သန်မာတယ် ဆိုပေမယ့်... ကျုပ်တို့ကို အရမ်း အလွန်အကျွံ ဖိအားမပေးပါနဲ့...၊ မဟုတ်ရင် ကျုပ်တို့ အားလုံး ပေါင်းပြီး ရင်ဆိုင်လိုက်ရင် မင်း အန္တရာယ် ရှိသွားလိမ့်မယ်..."
ယဲ့ဖန် ရှင်းပြမနေတော့ပေ။ ဒီနေရာသို့ ဦးတည်လာနေသော လမ်းကြား (၄) ခုကိုသာ ဆက်လက် ကြည့်ရှုနေလိုက်သည်။
မျှော်လင့်ထားသည့် အတိုင်းပင်... ပါ့ခ်ဂျီချန်နှင့် အခြားသူများ ခဏတာ ပွစိပွစိ ပြောဆိုပြီးနောက်... လမ်းကြား (၄) ခု၏ မလှမ်းမကမ်းဆီမှ ပိုမို ရှင်းလင်းပြတ်သားသော ခြေသံများ ထွက်ပေါ်လာလေ၏။
ထိုအချိန်တွင်... အလင်း ကျင့်စဉ် အဆင့် သို့ ရောက်ရှိနေပြီ ဖြစ်သော ပါ့ခ်ဂျီချန်နှင့် ကွန်ချာတို့သည်လည်း တစ်စုံတစ်ရာ ထူးခြားနေကြောင်း သတိထားမိလိုက်ကြသည်။
သူတို့ စကားမပြောတော့ပေ။ သူတို့၏ အကြည့်များသည် ယဲ့ဖန်ကို လိုက်၍ လမ်းကြား (၄) ခုဆီသို့ ရောက်ရှိသွားကြသည်။
"လူလာနေတာလား"
"ပြီးတော့ ခြေသံတွေကို နားထောင်ကြည့်ရတာ... လူအင်အား တော်တော် များမယ့်ပုံပဲ"
ယဲ့ဖန် ပြန်မဖြေပေ။
ထိုနေရာကိုသာ ဆက်လက် ကြည့်ရှုနေလိုက်သည်။
မကြာမီ... မတူညီသော လမ်းကြား (၄) ခုမှ အဖွဲ့ (၄) ဖွဲ့ ဝင်ရောက်လာကြလေ၏။
အဖွဲ့ တစ်ဖွဲ့စီတွင် လူ (၅) ယောက်ခန့် ပါဝင်သည်။
ထို့အပြင်... အဖွဲ့ဝင် အားလုံးသည် သပ်ရပ်သော အနက်ရောင် ဝတ်စုံ (Black Suit) နှင့် အဖြူရောင် ရှပ်အင်္ကျီများကို ဝတ်ဆင်ထားကြသည်။ သူတို့၏ ရင်ဘတ်ပေါ်တွင် ထူးခြားသော တြိဂံပုံစံ တံဆိပ် (Triangular Logo) တစ်ခု ရှိပြီး... ထိုတံဆိပ်ထဲတွင် အနက်ရောင် လက်တစ်ဖက်ကို မြှုပ်နှံထားလေ၏။
သူတို့၏ အရှိန်အဝါသည် ကွန်ချာနှင့် ပါ့ခ်ဂျီချန်တို့ထက် မလျော့နည်းပေ။
"သူတို့ပဲ..." ခဏတာ တိတ်ဆိတ်သွားပြီးနောက်... ထိုလူနှစ်ဦး၏ မျက်နှာထားများ ပြောင်းလဲသွားကြပြန်သည်။ "သူတို့က နာရေး အဖွဲ့အစည်း (Funeral Organization) က လူတွေပဲ"
"အနက်ရောင် လက်တစ်ဖက် မြှုပ်နှံထားတဲ့ အဲဒီ ထူးခြားတဲ့ တြိဂံပုံစံ တံဆိပ်က... နာရေး အဖွဲ့အစည်းရဲ့ မာဖီးယား မိသားစု တစ်ခုတည်းမှာပဲ ရှိတာ...၊ ပြီးတော့ သူတို့ရဲ့ တူညီဝတ်စုံ ဖြစ်တဲ့ အနက်ရောင် ဝတ်စုံနဲ့ အဖြူရောင် ရှပ်အင်္ကျီတွေကလည်း သူတို့ အဖွဲ့အစည်းရဲ့ စံနှုန်းတွေပဲ"
"လူ (၂၀) ပဲ ရှိပေမယ့်... တစ်ယောက်ချင်းစီမှာ ဒီလောက် ပြင်းထန်တဲ့ အရှိန်အဝါ ရှိနေတာ...၊ ဒါက သေချာပေါက် နာရေး အဖွဲ့အစည်းရဲ့ ရွှေရောင် အဖွဲ့ ပဲ ဖြစ်ရမယ်"
"ရွှေရောင် အဖွဲ့..."
"နာရေး အဖွဲ့အစည်းရဲ့ အထက်ပိုင်း ပုဂ္ဂိုလ်တွေလည်း ဒီပန်းချီကားကို သတိထားမိသွားပြီ ထင်တယ်"
"အခြေအနေတွေက စိတ်ဝင်စားစရာ ကောင်းလာပြီ"
"ဒီတရုတ်ပြည်က လူငယ်လေး... ခုနက ဘယ်လောက် မောက်မာခဲ့လဲ...၊ တော်ကြာကျရင် ဘယ်လောက် သနားစရာ ကောင်းသွားမလဲ ဆိုတာ ကြည့်ရသေးတာပေါ့"
"...”
အခန်း (၁၆၄၃) - ဒီပစ္စည်းက မင်းတို့ ထိလို့ရတဲ့ အရာလား
~ဤနေရာတွင် ရှိနေကြသော အခြား ရွှေရှာသူများသည်လည်း ဤလူအုပ်စုကို အလွန် ကြောက်လန့်နေကြပုံ ရလေ၏။
နာရေး အဖွဲ့အစည်း၊ ရွှေရောင် အဖွဲ့၏ ခေါင်းဆောင် ဖြစ်သူ... ဆေးပြင်းလိပ်ကို ကိုက်ထားသော ဘီလူးကြီး လျှောက်လာသည်ကို မြင်လိုက်ရသောအခါ... လူအများအပြားသည် အလိုအလျောက် နောက်သို့ ဆုတ်သွားကြ၏။
အချို့လူများ ဆိုလျှင် အလွန် ကြောက်လန့်နေသဖြင့် ခေါင်းကို အမြန် ငုံ့ထားလိုက်ပြီး... အသံကျယ်ကျယ်ပင် မရှူရဲကြတော့ပေ။
ထိုလူစု၏ သတိထားမိခြင်းကို ခံရမည် စိုးရိမ်နေကြသကဲ့သို့ပင်။
နေမဝင် အင်ပါယာ ရွှေရှာသူ အဖွဲ့၏ တာဝန်ခံသည် ထိုအခြေအနေကို မြင်သောအခါ... သူ့မျက်လုံးများ အရောင်လက်သွားပြီး ကယ်တင်ရှင်ကို တွေ့လိုက်ရသကဲ့သို့ ဖြစ်သွားလေ၏။
ထို့နောက်... သူသည် ဖုန်းကို အမြန် ထုတ်လိုက်ပြီး စာတစ်စောင် ပို့လိုက်သည်။
ခဏအကြာတွင်... ရွှေသွားကြီး (Big Golden Tooth) ၏ ဖုန်းမှ စာဝင်သံ ထွက်ပေါ်လာလေ၏။
သူ ဖုန်းကို ကောက်ကိုင်လိုက်ပြီး တစ်ချက် ကြည့်လိုက်သည်။ ရွှေရှာသူ အဖွဲ့ အနည်းငယ်ကို လှန်လှော ကြည့်ရှုပြီးနောက်... တစ်စုံတစ်ရာကို နားလည်သွားပုံ ရလေ၏။ နေမဝင် အင်ပါယာ ရွှေရှာသူ အဖွဲ့ကို တစ်ခဏမျှ ကြည့်လိုက်ပြီးမှ အကြည့်လွှဲလိုက်သည်။
ထို့နောက်... လက်တစ်ဖက်ကို အိတ်ကပ်ထဲ ထည့်လျက် လူအုပ်အလယ်သို့ လျှောက်လာခဲ့သည်။ ယဲ့ဖန်ကို မျက်နှာမူလိုက်ပြီး ပေါ့ပေါ့ပါးပါး မေးလိုက်လေ၏။ "ပီကာဆိုရဲ့ 'အိပ်မက်' ပန်းချီကားက ဘယ်သူ့ဆီမှာလဲ"
လူတိုင်း ယဲ့ဖန်ကို အလျင်အမြန် လှည့်ကြည့်လိုက်ကြသည်။
ဆေးပြင်းလိပ် ကိုင်ထားသော ရွှေသွားကြီးကလည်း ယဲ့ဖန်ကို ကြည့်လိုက်ပြီး... ဆေးပြင်းလိပ်ကို ပြင်းပြင်းရှိုက်လိုက်လေ၏။ "မင်းလက်ထဲမှာလား"
ယဲ့ဖန် တည်ငြိမ်နေဆဲပင်။
ရွှေသွားကြီးက လက်ဖြန့်လိုက်သည်။ "ထုတ်ပေးလိုက်"
"ဘာသဘောလဲ...၊ ကျုပ် သန်း (၁၀၀) ပေးပြီး ဝယ်ထားတာ" ယဲ့ဖန် မျက်မှောင်ကြုတ်လိုက်သည်။
ရွှေသွားကြီးသည် ရယ်စရာ ဟာသတစ်ခု ကြားလိုက်ရသကဲ့သို့ ဖြစ်သွားလေ၏။ တစ်ခဏမျှ အံ့သြသွားပြီးနောက်... ယဲ့ဖန်ကို အကဲခတ် ကြည့်ရှုလိုက်သည်။
"မင်းက တရုတ်ပြည်က လာတာဆိုတော့... နေမဝင် အင်ပါယာရဲ့ စည်းကမ်းတွေကို မသိဘူးနဲ့ တူတယ်"
"ငါတို့ အဝတ်အစားပေါ်က တံဆိပ်ကို မင်း မှတ်မိလား"
ယဲ့ဖန် ခေါင်းညိတ်လိုက်သည်။ "ဘေးကလူတွေ ဆွေးနွေးနေတာ ကြားတယ်...၊ ခင်ဗျားတို့က နာရေး အဖွဲ့အစည်းက မဟုတ်လား"
"ငါတို့က နာရေး အဖွဲ့အစည်းက ဆိုတာ သိရင်... ဘာလို့ မပူးပေါင်းတာလဲ"
ရွှေသွားကြီး အသံ အနည်းငယ် မြှင့်လိုက်သည်။
"အရိုက်ခံရမှ ပိုပြီး လိမ္မာလာမှာလား"
"ဒီပစ္စည်းက မင်း ထိလို့ ရတဲ့ အရာလား"
"ငတုံး"
"ကျုပ် ပိုက်ဆံပေးပြီး ဝယ်ထားတဲ့ ပစ္စည်းကို... ဘာလို့ ကျုပ် ကိုင်လို့ မရရမှာလဲ" ယဲ့ဖန် ပြန်မေးလိုက်သည်။
ရွှေသွားကြီးသည် ဒေါသကြောင့် ရယ်မောလိုက်မိပုံ ရလေ၏။
ဆေးပြင်းလိပ်ကို ထွေးထုတ်လိုက်ပြီးနောက်... သူ ခေါင်းခါလိုက်သည်။
"ကောင်းပြီလေ...၊ မင်းက တကယ် တုံးတာလား...၊ ဒါမှမဟုတ် တုံးချင်ယောင် ဆောင်နေတာလား ဆိုတာတော့ ငါ မသိဘူး...၊ ငါ မင်းကို တည့်တည့်ပဲ ပြောမယ်...၊ ငါတို့ ဒီပစ္စည်းကို လိုချင်တယ်"
"ပစ္စည်းကို ငါတို့လက်ထဲ လိမ္မာစွာ ထည့်ပေးပြီး... နောက်နောင် နာရေး အဖွဲ့အစည်းရဲ့ မိတ်ဆွေ ဖြစ်ခွင့် ယူမလား"
"ဒါမှ မဟုတ်... ငါတို့ လူတွေက မင်းကို မှောက်အောင် လုပ်ပြီးမှ ပြန်ယူသွားတာ ခံမလား"
ယဲ့ဖန် ဘာမှ မပြောရသေးပေ။
လူအုပ်ထဲတွင် ပုန်းကွယ်နေသော မျက်နှာတွင် အမာရွတ်နှင့်လူ ရုတ်တရက် အော်ပြောလိုက်လေ၏။ "ဒီလူက တိုက်ခိုက်ရေးမှာ အရမ်း တော်တယ်ဗျ"
"သူက ခင်ဗျားတို့ အဖွဲ့အစည်းကို ဂရုမစိုက်လို့ တမင်တကာ ပြောနေတာ"
"ကိုရီးယား၊ ဆင်နိုင်ငံ နဲ့ အမေရိကန်က ကျွမ်းကျင်သူတွေ... မြေကြီးပေါ်မှာ လဲနေတာ အကုန်လုံး သူ့လက်ချက်ပဲ"
"..."
"ကိုရီးယား၊ ဆင်နိုင်ငံ နဲ့ အမေရိကန်က ကျွမ်းကျင်သူတွေလည်း သူ့ပန်းချီကားကို ခိုးဖို့ ကြိုးစားခဲ့ကြသေးတယ်"
"နောက်ဆုံးတော့... သူက အဲဒီလူတွေကို ပညာပေးလိုက်တာပဲ"
"သူတို့ဆီက တန်ဖိုးရှိတဲ့ ပစ္စည်းတွေ အကုန်လုံးကိုတောင် သူ ယူလိုက်သေးတယ်"
"ဒီလူက ကြည့်ရတာ အန္တရာယ် မရှိဘူး ထင်ရပေမယ့်... တကယ်တမ်းကျတော့ ကောက်ကျစ်ပြီး ရက်စက်တယ်"
"..."
ရွှေသွားကြီးသည် ထိုစကားကို ကြားသောအခါ သိသိသာသာ အံ့သြသွားလေ၏။ သူသည် ဘေးပတ်ဝန်းကျင်ရှိ အခြား ရွှေရှာသူများကို အလျင်အမြန် လှည့်ကြည့်လိုက်သည်။
ထို ရွှေရှာသူများက မျက်နှာတွင် အမာရွတ်နှင့်လူ၏ စကားကို ထောက်ခံကြောင်း မြင်လိုက်ရသောအခါ... သူ ယဲ့ဖန်ကို ပြန်ကြည့်လိုက်သည်။ "ဒါဆို... ခုနက မင်း ပြောနေတာတွေက ငါတို့ကို အရူးလုပ်ဖို့ ကြိုးစားနေတာပေါ့"
ပြောပြောဆိုဆိုနှင့်... သူ့မျက်လုံးများထဲတွင် အန္တရာယ်ရှိသော အလင်းရောင်များ ဝင်းလက်သွားလေ၏။
သူ့အနောက်တွင်... နာရေး အဖွဲ့အစည်း၏ ရွှေရောင် အဖွဲ့ဝင် (၁၉) ဦးသည်လည်း ထိုအခြေအနေကို မြင်သောအခါ ယဲ့ဖန် အနားသို့ တိုးကပ်လာကြလေ၏။
သူတို့ တစ်ဦးစီတိုင်းသည် ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေကြသည်။
ထိုအချိန်ကျမှသာ... ဤလူများတွင် အလွန် ရင်းနှီးသော ခံစားမှုမျိုး ရှိနေကြောင်း ယဲ့ဖန် ရုတ်တရက် သတိပြုမိလိုက်လေ၏။
ဤလူများ၏ အရှိန်အဝါအရ... သူတို့၏ အင်အားသည် ပါ့ခ်ဂျီချန် နှင့် ကွန်ချာ တို့ထက် မနိမ့်ကျသင့်ပေ။
တစ်နည်းအားဖြင့် ပြောရလျှင်... လူတိုင်းသည် အလင်းကျင့်စဉ် အဆင့် သို့ ရောက်ရှိနေကြသည်။
သို့သော်ငြားလည်း... သူတို့သည် သိုင်းပညာ လေ့ကျင့်ထားသူများဟု လုံးဝ မခံစားရပေ။
အတိကျဆုံး ပြောရလျှင်... သူတို့တွင် နှစ်ပေါင်းများစွာ သိုင်းပညာ လေ့ကျင့်ထားသော သိုင်းပညာရှင်များ၏ အရိပ်အယောင် မရှိခြင်းပင်။
ဥပမာအားဖြင့်... သူတို့၏ လက်များသည် အမျိုးသမီး တစ်ဦးကဲ့သို့ သွယ်လျပြီး နူးညံ့နေသည်။ သူတို့သည် တစ်နှစ်ပတ်လုံး သိုင်းပညာ လေ့ကျင့်ထားသူများနှင့် မတူပေ။
ထို့အပြင်... သူတို့၏ မျက်နှာများသည်လည်း အနည်းငယ် ဖြူဖပ်ဖြူရော် ဖြစ်ပြီး ဖျော့တော့နေသည်။
သိုင်းပညာရှင် တစ်ဦး၏ ပြည့်ဝသော စိတ်ဓာတ်၊ စွမ်းအင်နှင့် တောက်ပသော မျက်နှာ အရိပ်အယောင်များ မရှိပေ။
သိုင်းပညာရှင်နှင့် တူသော သူဟူ၍ အနည်းငယ်သာ ရှိသည်။ သူတို့၏ လက်ဆစ်များသည် ပိုမို ကြီးမားပြီး... လက်ချောင်းများတွင် ထူထဲသော အသားမာများ ရှိကြသည်။
သူတို့သည် ယဲ့ဖန် ယခင်က ရှင်းလင်းခဲ့ဖူးသော လူများနှင့် အလွန် တူညီနေလေ၏...
ထိုအချက်ကို တွေးမိလိုက်သည်နှင့် ယဲ့ဖန် တုန်လှုပ်သွားရသည်။
ဟုတ်တာပေါ့။
ဒီလူတွေ၏ ခံစားမှုက... ဂျပန်မှာ နယူတန် (Newston) ကို သွားရှာတုန်းက နယူတန် ဘေးနားမှာ ရှိနေသည့် လူတွေနှင့် တူနေသည်။
ပြီးတော့... ရှန်ဘုရင်၏ လျှို့ဝှက်ရတနာသိုက် ဝင်ပေါက် အပြင်ဘက်တွင် လန်ရှင်းယွဲ့နှင့် ပူးပေါင်းပြီး သူ့ကို ဟန့်တားခဲ့သော လူအုပ်စုလည်း ရှိသေးသည်။
လျှို့ဝှက်ဆန်းကြယ်သော အဖွဲ့အစည်းမှ မျိုးရိုးဗီဇ ပြုပြင်ထားသော လူသားများ (Genetically Modified Humans)။
နာရေး အဖွဲ့အစည်း ရွှေရောင် အဖွဲ့မှ လူများ၏ ဝိသေသလက္ခဏာများသည် ထိုလူများနှင့် အလွန် တူညီနေလေ၏။
သို့သော်ငြားလည်း... ယဲ့ဖန် မသေချာသေးပေ။
ရွှေသွားကြီး တိုက်ခိုက်တော့မည်ကို မြင်လိုက်ရသောအခါ... သူ့မျက်နှာထား ချက်ချင်း အေးစက်သွားလေ၏။ "ခင်ဗျားတို့က အရင် ကျုပ်ကို အရူးလုပ်ခဲ့တာ မဟုတ်ဘူးလား"
"ပီကာဆို ဆိုတဲ့ ပန်းချီဆရာရဲ့ လက်ရာ... တန်ဖိုး သန်းရာချီတန်တဲ့ ပန်းချီကားကို... ခင်ဗျားတို့က စကားတစ်ခွန်းတည်းနဲ့ ကျုပ်ဆီကနေ အလကား လိုချင်နေတာလေ"
"ကျုပ်.. ခင်ဗျားတို့ကို ပြန်စနောက်လိုက်တာ ဘာမှားလို့လဲ"
"သောက်ကျိုးနည်း...၊ မင်း သေချင်နေတာပဲ"
ရွှေသွားကြီး ချက်ချင်း ဆဲရေးလိုက်ပြီး နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်သည်။
ဤလုပ်ရပ်သည် အချက်ပေးမှု တစ်ခုကဲ့သို့ပင်။
သူ့လက်အောက်ငယ်သားများသည် ထိုအခြေအနေကို မြင်သောအခါ... ယဲ့ဖန်ဆီသို့ ချက်ချင်း ပြေးဝင်လာကြလေတော့သည်။
ယဲ့ဖန်ဆီသို့ ပထမဆုံး ခုန်အုပ်လာသူမှာ အရပ် (၂) မီတာကျော် မြင့်မားသော လူကောင်ကြီး တစ်ဦး ဖြစ်သည်။ သူ့ခန္ဓာကိုယ် တစ်ခုလုံးသည် အသားတောင်ကြီး တစ်ခုကဲ့သို့ ဖြစ်နေပြီး... ပြင်းထန်သော ဖိအားကို ပေးစွမ်းနေလေ၏။
ယဲ့ဖန်ဆီသို့ ခုန်အုပ်လာသော အခါ... သူသည် တောကြောင် (Cheetah) တစ်ကောင်ကဲ့သို့ လျင်မြန်လှသည်။
လေပြင်းမုန်တိုင်း တစ်ခုကို သယ်ဆောင်လာသကဲ့သို့ ရှိသည်။
ပါ့ခ်ဂျီချန်၏ 'ကောင်းကင်ဓား လိပ်ပြာကန်ချက်' နှင့် နှိုင်းယှဉ်လျှင်... ပို၍ပင် ကြောက်မက်ဖွယ် ကောင်းနေသေးသည်။
သို့သော် ဤအချိန်တွင်... ယဲ့ဖန် သေချာသွားပြီ ဖြစ်သည်။
သူ့ခံစားချက် မှန်ကန်နေသည်။
‘ဒီလူဆီမှာ သိုင်းပညာ လေ့ကျင့်ထားလို့ ရလာတဲ့ အလင်းကျင့်စဉ် အဆင့် ခွန်အား မရှိဘူး။
ဘာဖြစ်လို့လဲဆိုတော့... သူက အဆင့်မြင့် သိုင်းပညာ နည်းစနစ်တွေကို လုံးဝ နားမလည်လို့ပဲ။
ခုန်အုပ်လိုက်တဲ့ ပေါက်ကွဲအားက အရမ်း ပြင်းထန်ပြီး အားအင်တွေ ပြည့်ဝနေပေမယ့်... အားထုတ်တဲ့ နည်းစနစ် ဆိုတာ မရှိသလောက်ပဲ။
ဒါ့အပြင်... သူ တိုက်ခိုက်တဲ့ ပုံစံက အရမ်း ရှေးကျလွန်းတယ်။
မိမိရဲ့ သားကောင်ကို ဗီဇစိတ် အရ ခုန်အုပ်လိုက်တဲ့ သားရဲတစ်ကောင်လိုပဲ။’
ယဲ့ဖန် ထိုသူ့ကို ချက်ချင်း ကန်ကျောက်လိုက်သည်။
ချက်အောက် (၃) လက်မ နေရာကို ခွေးသေကောင် တစ်ကောင်လို ကန်ထုတ်လိုက်ခြင်း ဖြစ်သည်။
တစ်ချိန်တည်းမှာပင်... သူ့ခန္ဓာကိုယ် လွင့်စင်သွားတော့သည်။
ထို့နောက်... သူ့လက်သီးများသည် သရဲတစ္ဆေ အရိပ်များကဲ့သို့ ဖြစ်သွားလေ၏။
အရပ်မျက်နှာ အသီးသီးမှ ပြေးဝင်လာကြသော နာရေး အဖွဲ့အစည်း၊ ရွှေရောင် အဖွဲ့မှ လူမိုက်များကို... လက်သီးချက်များ ဆက်တိုက် ပစ်သွင်းလိုက်လေတော့သည်။
(၂) (၃) ခါ အသက်ရှူချိန် ကာလတိုလေး အတွင်းမှာပင်... သူ့ဆီသို့ ပြေးဝင်လာသော ပထမအသုတ် မျိုးရိုးဗီဇ ပြုပြင်ထားသော လူသားများကို လုံးဝ ရှင်းလင်းပစ်လိုက်လေ၏။
ယဲ့ဖန်၏ ကြီးမားသော ခွန်အား ထုတ်ဖော်ပြသမှုကြောင့်... ဘေးပတ်ဝန်းကျင်မှ လူများ တုန်လှုပ်သွားကြပုံ ရ၏။
အဘိုးကြီး တွမ်၏ အမှိုက်ပြန်လည် သန့်စင်ရေး စခန်း ရှေ့တွင် ထူးဆန်းသော တိတ်ဆိတ်မှု တစ်ခု ဖြစ်ပေါ်လာတော့သည်။