← Chapters

အခန်း (၁၆၄၄-၁၆၄၆)

Vol. 86 Ch. 1644-1646

အခန်း (၁၆၄၄-၁၆၄၆)

Vol. 86 Ch. 1644-1646

အခန်း (၁၆၄၄) - ချန်းရှန်က ကျောက်ဇီလုံ လား

~ယဲ့ဖန် ရပ်တန့်လိုက်ပြီး ရွှေသွားကြီးကို ပြန်ကြည့်လိုက်သည့် အချိန်ထိ...

ထိုအချိန်ကျမှသာ လူတိုင်း သတိဝင်လာပြီး အသက်ပြင်းပြင်း ရှူရှိုက်လိုက်မိကြလေ၏။

"ဒီတရုတ် လူငယ်လေးက ရော်ဘင်ဆင် (Robinson) ဝင်စားတာများလား"

"အရမ်း ကြမ်းတာပဲ"

"ဒါက နာရေး အဖွဲ့အစည်းရဲ့ ရွှေရောင် အဖွဲ့လေ...၊ နေမဝင် အင်ပါယာမှာ နာမည်ကြီးတဲ့ အဖွဲ့ပဲ"

"အဖွဲ့ဝင် တစ်ယောက်ချင်းစီက ပါ့ခ်ဂျီချန် နဲ့ ကွန်ချာ တို့လောက် အင်အားကြီးတယ်"

"ဒါပေမယ့် ဘယ်သူမှ သူ့ရဲ့ တိုက်ခိုက်မှု တစ်ကွက်ကိုတောင် မခံနိုင်ခဲ့ကြဘူး"

"အမှန်အတိုင်း ပြောရရင်... ငါ့ဘဝမှာ ဒီလောက် တိုက်ခိုက်ရေး ကောင်းတဲ့ လူတစ်ယောက်ကို တစ်ခါမှ မမြင်ဖူးဘူး"

"အိပ်မက်ထဲမှာတောင် မမြင်ဖူးဘူး"

"နာရေး အဖွဲ့အစည်း၊ ရွှေရောင် အဖွဲ့ရဲ့ ခေါင်းဆောင်က ဘယ်လို တုံ့ပြန်မလဲ ဆိုတာ ငါ သိချင်နေပြီ"

"..."

ရွှေသွားကြီးသည် ကြမ်းပြင်ပေါ်တွင် လဲကျနေသော သူ့လက်အောက်ငယ်သားများကို အကဲခတ် ကြည့်ရှုလိုက်သည်။ ထို့နောက် သူ့မျက်လုံးများထဲတွင် လေးနက်သော အရိပ်အယောင်များ ပေါ်ထွက်လာလေ၏။

"တရုတ်ပြည်က သိုင်းပညာရှင် တစ်ယောက်လား"

ယဲ့ဖန် ခေါင်းကို ဖြည်းညှင်းစွာ ညိတ်ပြလိုက်သည်။

"အခု...ကျုပ်လက်ထဲက ပန်းချီကားကို ပေးဖို့ လိုသေးလား"

ရွှေသွားကြီး ခေတ္တမျှ တွေဝေသွားလေ၏။

သို့သော် ခဏအကြာတွင်... သူ့မျက်လုံးများထဲတွင် ပြတ်သားသော အရိပ်အယောင်များ လက်ခနဲ ဖြစ်သွားလေ၏။ "နာရေး အဖွဲ့အစည်းမှာ စည်းကမ်းတွေ ရှိတယ်"

"အဖွဲ့အစည်းက တစ်သီးပုဂ္ဂိုလ်ထက် ပိုအရေးကြီးတယ်"

"အထက်လူကြီးတွေရဲ့ အမိန့်ကို ခြွင်းချက်မရှိ နာခံရမယ်"

ပြောပြောဆိုဆိုနှင့် သူသည် ကျန်ရစ်သော လက်အောက်ငယ်သားများကို လှည့်ကြည့်လိုက်သည်။ "ကြည့်ရတာ ဒီတစ်ခါ ပြိုင်ဘက်က တော်တော် အစွမ်းထက်တဲ့ပုံပဲ"

"လက်နက်တွေ ထုတ်လိုက်ကြ"

"တပြိုင်နက်တည်း တိုက်ခိုက်ကြမယ်"

"ထပ်ပြီး ပေါ့ပေါ့ဆဆ မနေကြနဲ့တော့"

သူ့လက်အောက်ငယ်သားများသည် ပထမ စကားတစ်ဝက်ကို ကြားလိုက်ရသောအခါ... အသိစိတ် တစ်ခုခု နိုးထလာသကဲ့သို့ ဖြစ်သွားကြသည်။

သူတို့၏ အကြည့်များ ပြတ်သားလာသည်နှင့်အမျှ... ဓားမကြီးများ၊ လိပ်ပြာဓားများနှင့် အခြား လက်နက်များကို ထုတ်ယူလိုက်ကြလေ၏။

ထို့နောက်... တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ပြီး ယဲ့ဖန်ဆီသို့ ထပ်မံ ပြေးဝင်လာကြတော့သည်။

ဒီလူတွေBrainwashခံထားရသည်မှာ အတော်လေး နက်ရှိုင်းကြောင်း ယဲ့ဖန် သိလိုက်သည်။

သူသည် ပန်းချီကားကို သစ်သားစင်ပေါ် တင်လိုက်ပြီး ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်လေ၏။

အတွင်းအား အထွတ်အထိပ် အဆင့် ကျွမ်းကျင်သူ တစ်ဦး၏ အရှိန်အဝါသည် အပြည့်အဝ ပေါက်ကွဲထွက်ပေါ်လာတော့သည်။

"မင်းတို့က သေချင်နေမှတော့... ငါ့ကို အပြစ်မတင်နဲ့"

စကားဆုံးသည်နှင့် တပြိုင်နက်... သူသည် နာရေး အဖွဲ့အစည်း၏ ရွှေရောင် အဖွဲ့ဆီသို့ လျင်မြန်သော နဂါးတစ်ကောင်ကဲ့သို့ ပြေးဝင်သွားတော့သည်။

*

ဘေးနားမှ ရွှေသွားကြီးသည် ယဲ့ဖန်၏ စကားကို ကြားသောအခါ သိပ်ပြီး အလေးအနက် မထားခဲ့ပေ။

ဘာပဲဖြစ်ဖြစ်... ယဲ့ဖန်၏ အင်အားအရ ဆိုလျှင် သူ့ညီအစ်ကို တစ်ယောက်ကို တစ်ချက်တည်းနှင့် အနိုင်ယူနိုင်သည်မှာ မှန်ပါသည်။

သို့သော်ငြားလည်း... ရွှေသွားကြီး ကောင်းကောင်း သိသည်မှာ... သူ့ညီအစ်ကို အားလုံး လက်နက်ကိုယ်စီနှင့် ဝိုင်းတိုက်လျှင် ယဲ့ဖန် ယှဉ်နိုင်မည် မဟုတ်ဟူ၍ပင်။

တုန်လှုပ်ဖွယ် ကောင်းသော ပေါက်ကွဲအား ရှိသည့် သိုင်းပညာရှင် အုပ်စုက လက်နက်များကို အသုံးပြုပြီး လက်ဗလာနှင့် လူတစ်ယောက်ကို တိုက်ခိုက်ခြင်း ဖြစ်ရာ... သေစေနိုင်သော စွမ်းအားမှာ နှိုင်းယှဉ်၍ပင် မရနိုင်ပေ။

ယဲ့ဖန်၏ အင်အားက သူနှင့် တန်းတူ ဖြစ်နေလျှင်တောင်မှ... နာရေး အဖွဲ့အစည်း၏ ရွှေရောင် အဖွဲ့ တစ်ခုလုံးကို ယှဉ်နိုင်မည် မဟုတ်ချေ။

သို့သော်... လက်တွေ့ အခြေအနေက သူ့ကို ပြင်းပြင်းထန်ထန် ရိုက်နှက်လိုက်တော့သည်။

ယဲ့ဖန်သည် နာရေး အဖွဲ့အစည်း၏ ရွှေရောင် အဖွဲ့ထဲသို့ ဝင်ရောက်သွားပြီးနောက်...

သရဲကား (Horror Movie) တစ်ကား၏ အထွတ်အထိပ် အခန်းသို့ ရောက်ရှိသွားသကဲ့သို့ စူးစူးဝါးဝါး အော်ဟစ်သံများ ဆက်တိုက် ထွက်ပေါ်လာတော့သည်။

အော်ဟစ်သံများနှင့် အတူ... လူရိပ်များ လွင့်စင်သွားခြင်း သို့မဟုတ် ကြမ်းပြင်ပေါ်သို့ ချက်ချင်း လဲကျသွားခြင်းများ ဖြစ်ပေါ်လာလေ၏။

ထို့နောက်... (၃) စက္ကန့် (၅) စက္ကန့်ခန့် အကြာတွင်... မူလက တက်ကြွနေသော သူ့လက်အောက်ငယ်သားများ တစ်ယောက်မှ မတ်တပ်မရပ်နိုင်တော့ပေ။

လက်ကျိုးခြေကျိုး ဖြစ်နေသော လူအုပ်ကြားတွင် ယဲ့ဖန် တစ်ယောက်တည်းသာ မတ်တပ်ရပ် ကျန်ရစ်လေ၏။ ထိုလူသည် သွေးများဖြင့် ရေချိုးထားသော စစ်နတ်ဘုရား တစ်ပါးကဲ့သို့ ဖြစ်နေပြီး... သူ့ကို အေးစက်စက် ကြည့်နေ၏။

ရွှေသွားကြီး၏ ပါးစပ် အလိုအလျောက် ပွင့်ဟသွားလေ၏။

"ချန်းရှန်က ကျောက်ဇီလုံလား"

သူသည် သုံးပြည်ထောင် ခေတ် (Three Kingdoms) မှ နာမည်ကျော် စစ်သူကြီး တစ်ဦးကို ချက်ချင်း သတိရလိုက်မိသည်။

ယဲ့ဖန်သည် သူ့မျက်နှာထားကို ဂရုမစိုက်ပေ။ လက်ပေါ်မှ သွေးများကို ခါချလိုက်ပြီးနောက် လျှောက်လာခဲ့သည်။

"ခုနက အမေရိကန်၊ နေမဝင် အင်ပါယာ၊ ကိုရီးယား နဲ့ ဆင်နိုင်ငံ က ရွှေရှာသူ အဖွဲ့တွေက ကျုပ်ပစ္စည်းကို လုချင်ကြတယ်လေ...၊ ကျုပ် သူတို့ကို ပညာပေးလိုက်ပြီးတဲ့နောက်... သူတို့က အရမ်း နောင်တရသွားပြီး သူတို့အဖွဲ့ထဲက တန်ဖိုးအကြီးဆုံး ပစ္စည်းတွေကို လျော်ကြေး အဖြစ် ပေးခဲ့ကြတယ်"

"ခင်ဗျားရော ဘယ်လိုလဲ"

"အရင်ဆုံး အရိုက်ခံမလား...၊ ဒါမှမဟုတ် ရိုးရိုးသားသားနဲ့ လုပ်ငန်းစဉ် စမလား"

ရွှေသွားကြီးသည် ပါ့ခ်ဂျီချန်၊ ကွန်ချာနှင့် အခြားသူများကို လှည့်ကြည့်လိုက်သည်။

ပါ့ခ်ဂျီချန်၊ ကွန်ချာနှင့် အခြားသူများသည် အနည်းငယ် ရှက်ရွံ့နေပုံရပြီး အကြည့်လွှဲလိုက်ကြသည်။

သို့သော်ငြားလည်း... သူတို့သည် ယဲ့ဖန်၏ စကားကို တိတ်တဆိတ် ထောက်ခံနေကြလေ၏။

ယဲ့ဖန်၏ စကားများက အနည်းငယ် ရယ်စရာ ကောင်းနေသော်လည်း...

ရလဒ်ကို ကြည့်လျှင်... သူ ပြောပြတာနှင့် သိပ်ပြီး ကွာခြားမှု မရှိပေ။

ပြီးတော့... ဘယ်သူက သူ့ကို လက်သီး ပိုသန်အောင် လုပ်ခိုင်းလို့လဲ။

ယဲ့ဖန်က သူ ရုပ်ရည် ချောမော၍ သူတို့က သူ့ကို ရိုသေလေးစားတာပါဟု ပြောလျှင်တောင်... သူတို့ ပြန်ငြင်းရဲမှာ မဟုတ်ပေ။

ရွှေသွားကြီးသည် ထိုအခြေအနေကို မြင်သောအခါ ချက်ချင်း အထင်လွဲသွားတော့သည်။

သူသည် ပါ့ခ်ဂျီချန်၊ ကွန်ချာ၊ မိုက်ခ်နှင့် နေမဝင် အင်ပါယာ ရွှေရှာသူ အဖွဲ့ ခေါင်းဆောင်တို့ကို ကြည့်လိုက်ပြီးနောက်... ယဲ့ဖန်ကို ပြန်ကြည့်လိုက်လေ၏။

"မင်း အတည်ပြောနေတာလား"

"ငါတို့က နာရေး အဖွဲ့အစည်းကကွ"

"ဒီနေ့... ငါတို့ အရည်အချင်း မမီလို့ မင်းကို ရှုံးသွားတယ်...၊ ငါတို့ အရှုံးကို ဝန်ခံတယ်...၊ ဘာမှ ပြောစရာ မရှိဘူး...၊ ဒါပေမယ့် မင်းက ငါတို့ဆီက တစ်ခုခု ယူချင်တယ် ဆိုရင်တော့... အခြေအနေက လုံးဝ ကွဲပြားသွားပြီ"

ယဲ့ဖန် မှတ်ချက် မပေးပေ။

ရွှေသွားကြီးက ထပ်လောင်း ပြောကြားလိုက်သည်။

"နာရေး အဖွဲ့အစည်း တည်ထောင်လာတာ နှစ်ပေါင်းများစွာ ကြာပြီ...၊ ဒါပေမယ့် ဘယ်တုန်းကမှ ခြိမ်းခြောက် ငွေညှစ်တာ မခံခဲ့ရဖူးဘူး"

"တကယ်လို့ မင်း ဒီလို ဆက်လုပ်မယ် ဆိုရင်... အဖွဲ့အစည်း တစ်ခုလုံးရဲ့ ရန်သူ ဖြစ်သွားလိမ့်မယ်...၊ ငါ မင်းကို သတိမပေးဘူးလို့ မပြောနဲ့"

"အနာဂတ် အကြောင်းကို အနာဂတ်ကျမှ ပြောကြတာပေါ့" ယဲ့ဖန် လုံးဝ ဂရုမစိုက်ပေ။

"အခု... ခင်ဗျား ကိုယ့်ကိုယ်ကိုယ် ဘယ်လို ကာကွယ်မလဲ ဆိုတာကိုပဲ စဉ်းစားသင့်တယ်"

"ကောင်းပြီလေ" ရွှေသွားကြီးသည် အတော်လေး ပြတ်သားလေ၏။

ပြောပြောဆိုဆိုနှင့် သူသည် အိတ်ကပ်ထဲမှ ဝါဂွမ်းအိတ်ဖြင့် သေချာ ထုပ်ပိုးထားသော လက်ပတ်နာရီ တစ်လုံးကို ထုတ်ယူလိုက်သည်။

"ဒါက ငါတို့ မကြာသေးခင်ကမှ ရထားတဲ့... ပေါလ် နျူးမန်း (Paul Newman) ရဲ့ ရိုလက်စ် ဒေးတိုးနား (Rolex Daytona) လက်ပတ်နာရီပဲ...၊ မင်း ယူလိုက်တော့"

ယဲ့ဖန် အံ့သြသွားလေ၏။

စနစ်၏ နက်ရှိုင်းသော လမ်းကြောင်းပြ စကင်န်ဖတ်မှု ရလဒ်များ ပေါ်ထွက်လာသည်။

ဤ ပေါလ် နျူးမန်း ရဲ့ ရိုလက်စ် ဒေးတိုးနား လက်ပတ်နာရီ သည်... နာရေး အဖွဲ့အစည်း၊ ရွှေရောင် အဖွဲ့ထဲတွင် တန်ဖိုးအကြီးဆုံး ပစ္စည်း အစစ်အမှန် ဖြစ်ချေ၏။

ထို့အပြင်... ခန့်မှန်းတန်ဖိုး ယွမ် (၁၂၀) သန်း အထိ ရှိသည်။

ကွန်ချာ အတွင်းခံဘောင်းဘီထဲတွင် ချုပ်ထားသော ပယ်နီ အနက်ရောင် တံဆိပ်ခေါင်းထက်ပင် ပို၍ တန်ဖိုးကြီးနေသေးသည်။

ပေါလ် နျူးမန်း ရဲ့ ရိုလက်စ် ဒေးတိုးနား လက်ပတ်နာရီကို ယူလိုက်ပြီးနောက်... သူ သေချာ ကြည့်ရှုလိုက်သည်။

နာရီကို ကောင်းမွန်စွာ ထိန်းသိမ်းထားသည်။

အသစ်နီးပါး ဖြစ်နေသည်။

သို့သော်ငြားလည်း... သိပ်ပြီး လှပခြင်း မရှိပေ။

အနည်းဆုံးတော့ ယဲ့ဖန်၏ မျက်လုံးထဲတွင် သာမန်ကာ လျှံကာသာ ဖြစ်နေသည်။

စနစ်၏ အဆိုအရ... ဤနာရီကို အမေရိကန် သရုပ်ဆောင် ဂျိုအန်နာ ဝုဒ်ဝါ့ဒ် (Joanna Woodward) က သူမ၏ ခင်ပွန်း ပေါလ် နျူးမန်း ကို လက်ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။ သူသည် "ဝင်းနင်း" (Winning) ရုပ်ရှင်ကားထဲတွင် ဤနာရီကို ဝတ်ဆင်ခဲ့ဖူးသဖြင့်... နာမည်ကျော် စတိုင်လ် (Celebrity Style) တစ်ခု အဖြစ် သတ်မှတ်နိုင်သည်။

ထို့အပြင်... ဤနာရီသည် အစောပိုင်း ကာလများတွင် လော့ခ်လက်ကိုင် (Lock Handle) မပါရှိဘဲ... ခလုတ် အလွတ် (Bare Button) သာ ပါရှိသဖြင့် ရေစိုခံနိုင်ခြင်း မရှိပေ။ နောက်ပိုင်းတွင် လော့ခ်လက်ကိုင်နှင့် ရေစိုခံ လုပ်ဆောင်ချက် ပါဝင်အောင် အဆင့်မြှင့်တင်ခဲ့သဖြင့် တန်ဖိုး မြင့်တက်လာခြင်း ဖြစ်သည်။

ထို့အပြင်... ဤနာရီသည် ဒေးတိုးနား စီးရီး (Daytona Series) ၏ ဘိုးဘေး တစ်ဦးလည်း ဖြစ်သည်။ ဝတ်ဆင်လိုက်သည်နှင့် တပြိုင်နက်... အမွေအနှစ် ခံစားချက်ကို ရရှိစေနိုင်သည်။ ထို့ကြောင့် အကြောင်းရင်း အမျိုးမျိုး ပေါင်းစပ်လိုက်သောအခါ ၎င်း၏ တန်ဖိုးမှာ ရယ်စရာ ကောင်းလောက်အောင် မြင့်မားနေခြင်း ဖြစ်ချေ၏...

ယဲ့ဖန်သည် ဤပစ္စည်းကို သိပ်ပြီး စိတ်မဝင်စားပေ။

ခေတ္တမျှ ကစားကြည့်ပြီးနောက်... ဝါဂွမ်းအိတ်ထဲသို့ ပြန်ထည့်ရန် ပြင်လိုက်သည်။

ရွှေသွားကြီး စကားတစ်ခွန်းမျှ မပြောပေ။ ယဲ့ဖန် ထိုသို့ ပြုလုပ်သည်ကို မြင်သောအခါ... သူ့လက်အောက်ငယ်သားများကို တစ်ယောက်နှင့် တစ်ယောက် တွဲကူပြီး ထွက်ခွာသွားရန် အချက်ပြလိုက်လေ၏။

သူသည် ကြမ်းတမ်းသော စကားတစ်ခွန်းမျှပင် ချန်မထားခဲ့ပေ။

အခန်း (၁၆၄၅) - ငါးကြီး ဖမ်းဖို့အတွက် မြှုံးကို ကြိုချထားတာ

~သို့သော်ငြားလည်း... ရွှေသွားကြီးက ဒီလို ပြုမူလေ... ယဲ့ဖန်က သူ့ကို ပိုပြီး လေးစားလေ ဖြစ်ချေ၏။

‘ကိုက်တတ်တဲ့ ခွေးက မဟောင်ဘူးတဲ့။’

ဒီလူက တကယ့် လူကြမ်းတစ်ယောက် ဖြစ်ပုံရသည်။

အခြားအချိန်များတွင် ဆိုလျှင်... ယဲ့ဖန်သည် ကျားကို တောင်ပြန်လွှတ်မည် မဟုတ်သလို၊ တောမီးကို ပြန်လည် လောင်ကျွမ်းကြီးထွားခွင့် ပေးမည် မဟုတ်ပေ။

သို့သော် ဤရွှေရောင် အဖွဲ့ဝင် တစ်ဦးချင်းစီသည် ထူးခြားနေပြီး... သူ စုံစမ်းချင်သော လျှို့ဝှက်ဆန်းကြယ်သည့် အဖွဲ့အစည်းနှင့် ဆက်စပ်မှု ရှိနေပုံရသဖြင့်... ယဲ့ဖန် သူတို့ကို ထွက်ခွာခွင့် ပြုလိုက်ခြင်း ဖြစ်သည်။

ဤလူများ၏ ထူးခြားချက်များကို စိတ်ထဲတွင် တိတ်တဆိတ် မှတ်သားပြီးနောက်... သူသည် ပါ့ခ်ဂျီချန်နှင့် အခြားသူများဘက်သို့ အကြည့်လွှဲလိုက်သည်။

ပါ့ခ်ဂျီချန်နှင့် အခြားသူများသည် ယဲ့ဖန်ကို အသံကျယ်ကျယ် မပြောရဲတော့ပေ။

နာရေး အဖွဲ့အစည်း၏ ရွှေရောင် အဖွဲ့သည် ယဲ့ဖန်၏ လက်ချက်ဖြင့် မည်သို့ ရှုံးနိမ့်သွားပြီး သနားစဖွယ် အခြေအနေဖြင့် ထွက်ခွာသွားရသည်ကို သူတို့ မြင်တွေ့ခဲ့ရသည်။

ထိုလူများ ထွက်ခွာသွားသည်ကို ကြည့်ပြီးနောက်... သူတို့၏ အသံများလည်း အားနည်းသွားတော့သည်။ "အစ်ကိုကြီး...၊ ကျုပ်တို့ သွားလို့ ရပြီလား"

"ကျုပ် ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေက တော်တော်လေး ပြင်းထန်နေသလို ခံစားရတယ်"

"ဆေးရုံသွားပြီး ဆရာဝန် ပြချင်လို့ပါ..."

ထိုသို့ ပြောသောအခါ... ပါ့ခ်ဂျီချန်၊ ကွန်ချာနှင့် အခြားသူများ၏ လေသံတွင် တောင်းပန်တိုးလျှိုးမှု အရိပ်အယောင်များ ပါဝင်နေလေ၏။

ယဲ့ဖန် သဘာဝကျစွာပင် သူတို့နှင့် အချိန်ဖြုန်းနေရန် စိတ်မပါပေ။

သူတို့ကို ထွက်သွားရန် လက်ဝှေ့ယမ်း ပြလိုက်သည်။

ပါ့ခ်ဂျီချန်နှင့် အခြားသူများသည် လွတ်ငြိမ်းချမ်းသာခွင့် ရလိုက်သကဲ့သို့ ခံစားလိုက်ရသည်။ သူတို့ ကပျာကယာ ကျေးဇူးတင်စကား ပြောလိုက်ကြလေ၏။ "ကျေးဇူးတင်ပါတယ် အစ်ကိုကြီး...၊ ကျေးဇူးတင်ပါတယ် အစ်ကိုကြီး"

"အစ်ကိုကြီးက သဘောထား ကြီးပါပေတယ်"

"ကျေးဇူးပါ...၊ ကျေးဇူးပါ"

"ဒါဆို ကျုပ်တို့ ဆက်မနှောင့်ယှက်တော့ပါဘူး...၊ ကျုပ်တို့ ပြန်ပါတော့မယ်"

ပြောပြောဆိုဆိုနှင့်... ယဲ့ဖန် စိတ်ပြောင်းသွားမည်ကို ကြောက်ရွံ့သဖြင့်... သူတို့၏ လက်အောက်ငယ်သားများကို အကူအညီတောင်းကာ လျင်မြန်စွာ ထွက်ခွာသွားကြလေတော့သည်။

နေမဝင် အင်ပါယာ ရွှေရှာသူ အဖွဲ့၏ နောက်ကွယ်တွင် ပုန်းအောင်းနေသော မျက်နှာတွင် အမာရွတ်နှင့်လူသည် ထိုအခြေအနေကို မြင်သောအခါ... လူအုပ်ကြားထဲတွင် ရောနှောပြီး ထွက်ပြေးရန် ကြိုးစားလိုက်သည်။

သို့သော် ယဲ့ဖန် သူ့ကို မည်သို့ မေ့နိုင်ပါမည်နည်း။

မျက်နှာတွင် အမာရွတ်နှင့်လူသည် ခေါင်းငုံ့ပြီး ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် ယဲ့ဖန် လှမ်းအော်လိုက်သည်။ "မင်း... အဲဒီမှာ ရပ်လိုက်"

ထို့နောက်... ယဲ့ဖန် ဘာမှ ထပ်ပြောစရာ မလိုတော့ပေ။ နေမဝင် အင်ပါယာ ရွှေရှာသူ အဖွဲ့သည် ရောပြီး အပြစ်ပေးခံရမည် စိုးသဖြင့်... မျက်နှာတွင် အမာရွတ်နှင့်လူကို ချက်ချင်း ကန်ထုတ်ပေးလိုက်ကြလေ၏။

ပြီးနောက်... ကပ်ရောဂါဘေးမှ ရှောင်တိမ်းနေရသကဲ့သို့ အခင်းဖြစ်ပွားရာ နေရာမှ အလျင်အမြန် ထွက်ခွာသွားကြတော့သည်။

မျက်နှာတွင် အမာရွတ်နှင့်လူသည် ယဲ့ဖန်၏ ရှေ့သို့ ကန်ထုတ်ခံလိုက်ရသော်လည်း... သူ့မျက်နှာထားမှာ မစင်စားမိသကဲ့သို့ ဖြစ်နေလေ၏။ သူ ခေါင်းငုံ့ထားပြီး လက်ကို ဘယ်နေရာ ထားရမှန်း မသိအောင် ဖြစ်နေရှာသည်။

ယဲ့ဖန် ထိုအခြေအနေကို မြင်သောအခါ ခေါင်းခါလိုက်သည်။ "ဘာလို့ အသံတိတ်နေတာလဲ"

"ခုနက နိုင်ငံ အသီးသီးက ရွှေရှာသူ အဖွဲ့ (၄) ဖွဲ့နဲ့ နာရေး အဖွဲ့အစည်းရဲ့ ရွှေရောင် အဖွဲ့ ရောက်လာတုန်းကတော့... မင်း စကားတွေ တော်တော် များနေတာ မဟုတ်လား"

မျက်နှာတွင် အမာရွတ်နှင့်လူ နေရခက်သွားလေ၏။

အချိန်အတော်ကြာမှ သူ ပြောလိုက်လေ၏။ "ကျုပ်... ကျုပ်ဆီမှာ ပိုက်ဆံ သိပ်မရှိပါဘူး"

"စုစုပေါင်းမှ (၁၀) သန်းလောက်ပဲ ရှိတာပါ...၊ အဲဒါကလည်း သူဌေး ဆန့်ကျင်ရေး မဟာမိတ်အဖွဲ့ဝင်တွေဆီက ပန်းချီကား ဝယ်ဖို့ စုဆောင်းထားတာပါ"

ထိုအခါမှ ယဲ့ဖန် သဘောပေါက်သွားတော့သည်။

‘ဒီလူက ငါ သူ့ဆီက အမြတ်ထုတ်မယ်လို့ ထင်နေတာကိုး။’

"ငါက မင်းဆီကနေ အမြတ်ထုတ်ဖို့အတွက် ဒီမှာ ထားထားတယ်လို့ မင်း ထင်နေတာလား" သူ အေးစက်စက် ပြုံးရင်း မေးလိုက်သည်။

ထိုစကားကို ကြားသောအခါ မျက်နှာတွင် အမာရွတ်နှင့်လူ လန့်ဖျပ်သွားလေ၏။

"ဒါဆို... ကျုပ်က ခင်ဗျားကို ငတုံးလို့ ခေါ်ပြီး... နာရေး အဖွဲ့အစည်းက လူတွေ ရောက်လာတုန်းက ဝမ်းသာအားရ ဖြစ်နေလို့ စိတ်ဆိုးနေတာလား"

ထို့နောက် သူ ကပျာကယာ တောင်းပန်လိုက်ပြီး သူ့ပါးသူ ပြန်ရိုက်လိုက်လေ၏။ "အဲ... ကျုပ်က ယုတ်မာမိပါတယ်"

"စိတ်ထဲ မထားပါနဲ့"

"ကျုပ် အခုချက်ချင်း ကိုယ့်ပါးကိုယ် ပြန်ရိုက်ပါ့မယ်...၊ နောက်နောင် ဘယ်တော့မှ မလုပ်တော့ပါဘူးလို့ ကတိပေးပါတယ်"

သူ ယဲ့ဖန်ကို ကြောက်နေပြီ ဖြစ်သည်။

ကိုယ့်ပါးကိုယ် ရိုက်သောအခါ အားကုန် ထည့်ရိုက်လေ၏။

(၂) ချက် (၃) ချက် ရိုက်ပြီးနောက်... သူ့မျက်နှာ ရဲရဲနီပြီး ရောင်ရမ်းလာကာ... နှုတ်ခမ်းထောင့်တွင် သွေးစများ စီးကျလာတော့သည်။

ယဲ့ဖန် ထိုအခြေအနေကို မြင်သော်လည်း မတားဆီးပေ။

သို့သော်ငြားလည်း... သူ့မျက်လုံးများ ဗလာကျင်းလာပြီး ဦးနှောက်များ မူးဝေလာသော အခါမှ ယဲ့ဖန် ပြောလိုက်လေ၏။ "မင်းကို ဘယ်လို အပြစ်ပေးမလဲ ဆိုတာ နောက်မှ ပြောကြတာပေါ့"

"အခု... သူဌေး ဆန့်ကျင်ရေး မဟာမိတ်အဖွဲ့ က အဖွဲ့နဲ့ မင်း ဘယ်လို ဆက်သွယ်ခဲ့လဲ ဆိုတာ ပြောပြစမ်း"

"တကယ်လို့ မင်း ပေးတဲ့ သဲလွန်စတွေက တန်ဖိုး ရှိမယ် ဆိုရင်... ငါ မင်းကို လွှတ်ပေးဖို့ စဉ်းစားပေးမယ်...၊ တော်ကြာကျရင် ငါ မင်းကို အပြစ်ပေးတဲ့အခါ နည်းနည်း သက်ညှာပေးမယ်"

မျက်နှာတွင် အမာရွတ်နှင့်လူ ထပ်မံ ကြောင်အသွားရပြန်သည်။ "သူဌေး ဆန့်ကျင်ရေး မဟာမိတ်အဖွဲ့ ဟုတ်လား"

ယဲ့ဖန် ခေါင်းညိတ်လိုက်သည်။

"ဒီလူအုပ်စုက စည်းကမ်း မရှိဘူး...၊ သူတို့က ငါ့ဆီက (၁၀၀) သန်း ယူပြီး ငါ့ကို အမြတ်ထုတ်သွားတယ်...၊ ပိုက်ဆံရပြီးတာနဲ့... ငါ့ဆီမှာ 'အိပ်မက်' (Dream) ပန်းချီကား ရှိနေတယ် ဆိုတဲ့ သတင်းကို ဖြန့်ပစ်လိုက်တယ်"

"ငါသာ လက်စားချေဖို့ နည်းလမ်း တစ်ခုခု မစဉ်းစားဘူး ဆိုရင်... သူတို့ကို သက်ညှာလွန်းရာ ကျနေလိမ့်မယ်"

"ဒါဆိုရင်တော့ ကျုပ် သိပ်ကူညီနိုင်မှာ မဟုတ်ဘူး" မျက်နှာတွင် အမာရွတ်နှင့်လူ တွန့်ဆုတ်မနေပေ။ "ကျုပ်က မှောင်ခိုဈေးကွက်မှာ ရွှေ၊ ကျောက်မျက်ရတနာနဲ့ စုဆောင်းမှု ပစ္စည်းတွေကို လိုက်ဝယ်တဲ့ ကုန်သည် တစ်ယောက်ပါ"

"ဒီမတိုင်ခင်က... ကျုပ်က ဖောက်သည် တချို့ကို ဆွဲဆောင်ဖို့ အင်တာနက်ပေါ်မှာ ကြော်ငြာတွေ အဓိက တင်ခဲ့တာပါ"

"မနေ့ညကမှ သူဌေး ဆန့်ကျင်ရေး မဟာမိတ်အဖွဲ့က လူတစ်ယောက် ကျုပ်ကို ရုတ်တရက် ဖုန်းဆက်လာပြီး... ဒီနေ့ ဒီနေရာမှာ အရောင်းအဝယ် လုပ်ဖို့ ချိန်းလိုက်တာပါ"

ယဲ့ဖန် မျက်မှောင်ကြုတ်လိုက်သည်။ "သူတို့က မင်းကို ဆက်သွယ်တာလား"

"ဟုတ်ပါတယ်" မျက်နှာတွင် အမာရွတ်နှင့်လူ ရိုးသားစွာ ပြန်ဖြေလေ၏။ "ကျုပ်တို့ လောကရဲ့ စည်းကမ်းက... မမေးသင့်တာ မမေးရဘူး ဆိုတာ အမြဲတမ်း ရှိပြီးသားပါ"

"မနေ့ညက... သူတို့ဆီမှာ အရမ်း ဈေးကြီးပြီး အမြတ်များတဲ့ စုဆောင်းမှု တစ်ခု ရှိတယ်...၊ ကျုပ်ကို ဈေးပေါပေါနဲ့ ရောင်းပေးမယ် လို့ ပြောတယ်...၊ ကျုပ်ကို ယွမ် သန်းချီ ပြင်ဆင်ထားပါ ဘာညာ ပြောတာပေါ့"

"အဲဒီတုန်းက ကျုပ် သိပ်ပြီး မစဉ်းစားခဲ့မိဘူး...၊ အမြန်ဆုံး ပိုက်ဆံ သွားရှာပြီး ဒီကို ရောက်လာတာပဲ"

"ဒီရောက်မှပဲ... သူတို့ ကျုပ်ကို ပေးမယ့် ပစ္စည်းက ဂျယ်ရီ ဘားရိုး မိသားစုဆီက နာမည်ကျော် 'အိပ်မက်' ပန်းချီကား ဖြစ်နေမှန်း သိလိုက်ရတာ...၊ အဲဒီတော့မှ သူတို့က သူဌေး ဆန့်ကျင်ရေး မဟာမိတ်အဖွဲ့ဝင်တွေ ဖြစ်လောက်တယ် လို့ ကျုပ် သဘောပေါက်လိုက်တာ..."

ယဲ့ဖန် အနည်းငယ် စိတ်ပျက်သွားသော်လည်း ဆက်မေးလိုက်လေ၏။ "သူတို့ မင်းကို ဆက်သွယ်တုန်းက သုံးခဲ့တဲ့ ဖုန်းနံပါတ်နဲ့ ခေါ်ဆိုမှု မှတ်တမ်းတွေ ရှိသေးလား"

ထိုအခါ၊ မျက်နှာတွင် အမာရွတ်နှင့်လူ ဖုန်းကို အမြန် ထုတ်လိုက်ပြီး... လော့ခ် (Lock) ဖွင့်ကာ ယဲ့ဖန်အား ပြသလိုက်သည်။ "ခေါ်ဆိုမှု မှတ်တမ်းတွေ ရှိပါသေးတယ်"

"ဒါပေမယ့်... ခေါ်ဆိုသူ အိုင်ဒီ (Caller ID) မှာ ပြထားတာက... သူတို့ ကျုပ်ကို ခေါ်တုန်းက အများသုံး ဖုန်းရုံ (Public Phone Booth) ကို သုံးခဲ့တာပါ"

"အသုံးဝင်တဲ့ သတင်းအချက်အလက် တစ်ခုမှ ရှာတွေ့နိုင်မယ် မထင်ပါဘူး"

ယဲ့ဖန် သူ့စကား၏ ဒုတိယ တစ်ဝက်ကို လျစ်လျူရှုလိုက်သည်။

ဖုန်းကို ယူလိုက်ပြီး ခေါ်ဆိုသူ အိုင်ဒီကို ကြည့်ကာ... ခေါ်ဆိုမှု မှတ်တမ်းကို ထပ်မံ နားထောင်လိုက်သည်။

အဓိကကျသော သတင်းအချက်အလက် အချို့ကို မှတ်သားပြီးနောက်... ဖုန်းကို မျက်နှာတွင် အမာရွတ်နှင့်လူထံ ပြန်ပေးလိုက်လေ၏။

"ဒါတွေ အပြင်... မင်း သူတို့နဲ့ ဆက်ဆံခဲ့ဖူးတဲ့ အတွေ့အကြုံအရ... သူတို့ကို ရှာဖွေရာမှာ အထောက်အကူ ပြုနိုင်မယ့် တခြား သဲလွန်စတွေ ရှိသေးလား"

"ပြန်စဉ်းစားကြည့်ပါဦး"

"အဲဒါတွေက တော်ကြာကျရင် ငါ မင်းကို အပြစ်ပေးမယ့် အတိမ်အနက်ကို သက်ရောက်မှု ရှိလိမ့်မယ်"

မျက်နှာတွင် အမာရွတ်နှင့်လူ အနည်းငယ် ကြောက်လန့်သွားလေ၏။

ဖုန်းကို ယူပြီးနောက်... သူ မျက်မှောင်ကြုတ်ကာ အပြင်းအထန် စဉ်းစားလိုက်သည်။

အချိန်အတော်ကြာမှ သူ့မျက်လုံးများ ရုတ်တရက် အရောင်လက်လာလေ၏။ "ခင်ဗျား သတိပေးမှပဲ ကျုပ် သတိရတော့တယ်"

"ဒီနေ့ ကျုပ်နဲ့ အရောင်းအဝယ် လာလုပ်တဲ့ ကောင်က ဘယ်သန် (Left-handed) ဗျ"

"ပြီးတော့... သူ စကားပြောရင် မြူခိုးမြို့တော် အနောက်ဘက် မြို့စွန် လေသံ နည်းနည်း ပါတယ်"

"သူ အတတ်နိုင်ဆုံး ထိန်းပြောနေပေမယ့်... ဖုံးကွယ်လို့ မရတဲ့ လေသံ တချို့ကို ကျုပ် ကြားနေရတုန်းပဲ"

ထိုစကားကို ကြားသောအခါ ယဲ့ဖန်၏ မျက်နှာထား ပြောင်းလဲသွားလေ၏။ "နောက်ထပ် ရှိသေးလား"

"သူ့ရဲ့ မျက်နှာ အသွင်အပြင်နဲ့ ခန္ဓာကိုယ် အမှတ်အသားတွေကိုလည်း ကျုပ် မှတ်မိပါတယ်..." မျက်နှာတွင် အမာရွတ်နှင့်လူ သတိရသွားပြီး တရစပ် စတင် ပြောဆိုလေတော့သည်။

အခန်း (၁၆၄၆) - ငါက လူလိမ်ခံရလွယ်တဲ့ ပုံစံ ပေါက်နေလို့လား

~မျက်နှာတွင် အမာရွတ်နှင့်လူ၏ ဖော်ပြချက်နှင့်... ယဲ့ဖန် သူနှင့် ထိတွေ့ဆက်ဆံခဲ့ဖူးသော အတွေ့အကြုံများကို ပေါင်းစပ်လိုက်သောအခါ... ပန်းချီကား ရောင်းချခဲ့သည့် သူဌေး ဆန့်ကျင်ရေး မဟာမိတ်အဖွဲ့ဝင်၏ ပုံရိပ်သည် ယဲ့ဖန်၏ စိတ်ထဲတွင် လျင်မြန်စွာ ပေါ်ထွက်လာတော့သည်။

အရေးကြီးဆုံး အချက်အလက်များကို မှတ်သားပြီးနောက်... ယဲ့ဖန်သည် မျက်နှာတွင် အမာရွတ်နှင့်လူကို ပြန်ကြည့်လိုက်လေ၏။

မျက်နှာတွင် အမာရွတ်နှင့်လူမှာမူ ဉာဏ်အလင်းပွင့်သွားသကဲ့သို့ ဖြစ်နေချေသည်။

သူ သတိထားမိသမျှ အသေးစိတ် အချက်အလက်များကို ရှင်းပြပြီးနောက်... ခါးကို ကိုင်းလိုက်ပြီး သူ့ဘဏ်ကတ်ကို ပြတ်ပြတ်သားသား ကမ်းပေးလိုက်လေ၏။

"အစ်ကိုကြီး...၊ ဒါက ကျုပ် သိသမျှ အကုန်ပါပဲ"

"မူလကတော့... ပီကာဆိုရဲ့ ပန်းချီကားကို ဝယ်ဖို့အတွက် ဒါတွေ အကုန် စုဆောင်းထားတာပါ...၊ အခုတော့... ခင်ဗျားကို ရိုသေလေးစားတဲ့ အနေနဲ့ရော၊ တောင်းပန်တဲ့ အနေနဲ့ရော ဒါကို လက်ခံပေးပါ"

"ကျုပ်ကို လွှတ်ပေးလို့ ရပြီလား"

ယဲ့ဖန် ဘဏ်ကတ်ကို တစ်ချက် ကြည့်လိုက်သည်။ "နောက်နောင် လှည့်ကွက်တွေ မသုံးတော့ဘူး မဟုတ်လား"

"မသုံးတော့ပါဘူး...၊ လုံးဝ မသုံးတော့ပါဘူး" မျက်နှာတွင် အမာရွတ်နှင့်လူက ထပ်ခါတလဲလဲ ကတိပေးလေ၏။ "လှည့်ကွက် မသုံးတော့ရုံတင် မကဘူး...၊ ဒီနေ့ သင်ခန်းစာကို မှတ်သားထားပြီး နောက်နောင် ပေါက်ကရတွေလည်း လျှောက်မပြောတော့ပါဘူး"

ယဲ့ဖန် ခေါင်းညိတ်လိုက်သည်။ ဘဏ်ကတ်ကို ယူပြီးနောက်... ပေါ့ပေါ့ပါးပါး လက်ဝှေ့ယမ်း ပြလိုက်လေ၏။

မျက်နှာတွင် အမာရွတ်နှင့်လူ အဖို့... ငရဲတံခါးဝမှ လွတ်မြောက်လာရသကဲ့သို့ ခံစားလိုက်ရသည်။

သူသည် ယဲ့ဖန်ကို အကြိမ်ကြိမ် ကျေးဇူးတင်စကား ပြောလိုက်သည်။

ထို့နောက်... ဤနေရာမှ အပြေးအလွှား ထွက်ပြေးသွားတော့သည်။

ထိုအခြေအနေကို မြင်သောအခါ... ယဲ့ဖန်သည် စင်ပေါ်တွင် တင်ထားသော ပန်းချီကားကို ပေါ့ပေါ့ပါးပါး ကောက်ယူလိုက်ပြီး ထွက်ခွာရန် ပြင်လိုက်လေ၏။

"လူကြီးမင်း...၊ ရှင် ထွက်သွားလို့ မရသေးပါဘူး"

သူ မျှော်လင့်ထားသည့် အတိုင်းပင်... အရာအားလုံး ပြီးဆုံးသွားပြီး သူ ထွက်ခွာရန် ပြင်လိုက်သည့် အချိန်မှာပင်... ဘယ်ဘက်ခြမ်းရှိ ဒုတိယမြောက် အိမ်ဟောင်း၏ အပေါ်ဆုံးထပ်မှနေ၍ အနက်ရောင် ကျပ်ထုတ်နေသော ဝတ်စုံ (Bodysuit) ကို ဝတ်ဆင်ထားသည့် သွယ်လျသော လူရိပ်တစ်ခု ခုန်ဆင်းလာလေ၏။

ထိုအမျိုးသမီးငယ်သည် အရပ် (၁.၇) မီတာကျော် ( ၅ ပေ ၇ လက်မ နှင့် အထက် ကို ဆိုလို ) မြင့်မားပြီး... အလွန် ဆွဲဆောင်မှု ရှိသော ခန္ဓာကိုယ် အချိုးအစား ရှိ၏။ သို့သော် သူမတွင် ဆံပင်တိုတိုနှင့် ခါးတွင် ပစ္စတိုတစ်လက် ချိတ်ဆွဲထားသည်။ ကြည့်ရတာ တော်တော်လေး ထူးခြားပုံ ရလေ၏။

ဘယ်ဘက်ခြမ်းရှိ ဒုတိယမြောက် အိမ်ဟောင်း၏ အပေါ်ဆုံးထပ်မှ ခုန်ဆင်းလာသော အခါ... သူမ၏ လှုပ်ရှားမှုများသည် အလွန် သွက်လက်ပြီး ကျွမ်းကျင်လှပေသည်။ သူမသည် သက်သေခံကတ်ပြား တစ်ခုကို ထုတ်ယူပြီး ယဲ့ဖန်အား ပြသလိုက်လေ၏။ "နေမဝင် အင်ပါယာရဲ့ အထူး အေးဂျင့်... အစ္စဘဲလ်လာ (Isabella) ပါ"

ယဲ့ဖန် မူလက အနည်းငယ် စိုးရိမ်နေမိသည်။

သို့သော် သူမ၏ မျက်နှာကို သေချာ မြင်လိုက်ရပြီး နာမည်ကို ကြားလိုက်ရသောအခါ... သူ ချက်ချင်း သက်ပြင်းချလိုက်လေ၏။ "အစ္စဘဲလ်လာ ဟုတ်လား"

"'ရွှေရောင်မျက်လုံး ၀၀၇' (Golden Eye 007) ဇာတ်ကားထဲက မင်းသမီးနဲ့ နာမည်တူနေပါလား"

လှပသော အေးဂျင့်မလေး ခေါင်းညိတ်လိုက်သည်။ "ရှင် အဲဒီလို နားလည်ထားလို့ ရပါတယ်"

"လူကြီးမင်း...၊ ရှင် ထွက်သွားလို့ မရပါဘူး"

ယဲ့ဖန် အလွန် အေးဆေး တည်ငြိမ်စွာဖြင့် မေးလိုက်လေ၏။ "ဘာဖြစ်လို့လဲ"

အစ္စဘဲလ်လာသည် ယဲ့ဖန်လက်ထဲမှ ပန်းချီကားကို လှည့်ကြည့်လိုက်သည်။ "ရှင် ဒါကို ယူသွားလို့ မရဘူး"

"ဘာဖြစ်လို့လဲ" ယဲ့ဖန် ပခုံးတွန့်လိုက်သည်။

“ကျွန်တော် ပိုက်ဆံပေးပြီး ဝယ်ထားတာလေ”

"ပြီးတော့... ဒါကို ရဖို့ အတွက် ငါက နာရေး အဖွဲ့အစည်းနဲ့ နိုင်ငံ အသီးသီးက ရွှေရှာသူ အဖွဲ့ (၄) ဖွဲ့ကို ရန်စခဲ့ရတာ"

"ဘာလို့ ယူသွားလို့ မရရမှာလဲ"

"ဒီပစ္စည်းရဲ့ ဇာစ်မြစ်ကို ရှင် သိသင့်တယ်" အစ္စဘဲလ်လာက ယဲ့ဖန်ကို စိုက်ကြည့်လိုက်သည်။

"ဒါက ဂျယ်ရီ ဘားရိုး မိသားစုဆီက လက်ဆင့်ကမ်းလာတဲ့ စုဆောင်းမှု တစ်ခုပါ"

"ဒီပစ္စည်းကို ကျွန်မတို့ဆီ ပြန်အပ်သင့်တယ်…"

"ပြီးတော့... ရှင်က ရှေးဟောင်းပစ္စည်းတွေနဲ့ စုဆောင်းမှု အမျိုးမျိုးကို တော်တော်လေး ရင်းနှီး ကျွမ်းဝင်ပုံ ရတယ်...၊ ဒီပစ္စည်းရဲ့ တန်ဖိုးက ယွမ် သန်း (၁၀၀) နဲ့ ဖြတ်လို့ရတဲ့ အရာ မဟုတ်ဘူး ဆိုတာ ရှင် သိလောက်ပါတယ်"

"ရှင် ပေးခဲ့တဲ့ ဈေးနှုန်းက ပုံမှန် မဟုတ်ဘူး"

ယဲ့ဖန် သူမကို အပြုံးဖျော့ဖျော့ဖြင့် ကြည့်လိုက်လေ၏။

"ဒါဆို... မင်းကလည်း ငါ့ကို လက်လွတ်စေချင်တာပေါ့... ဟုတ်လား"

"ဒီကိစ္စအတွက် ရှင် စိတ်ချပါ"

အစ္စဘဲလ်လာ တွန့်ဆုတ်မနေဘဲ ပြန်ဖြေလိုက်၏။

"ကျွန်မတို့က ရေမြောင်းထဲက ကြွက်တွေလိုမျိုး လုပ်မှာ မဟုတ်ပါဘူး"

"ရှင် ဝယ်ခဲ့တဲ့ ဈေးနှုန်း အတိုင်း ကျွန်မတို့ ပြန်ဝယ်ယူလို့ ရပါတယ်"

"ဒါ့အပြင်... တကယ်လို့ ရှင်သာ ပူးပေါင်းဆောင်ရွက်မယ် ဆိုရင်... ရှင် ကောင်းမွန်သော နိုင်ငံသား (Good Citizen) အဖြစ် သတ်မှတ်ခံရအောင် ကျွန်မ လျှောက်ထားပေးလို့ ရပါတယ်"

"ဂုဏ်ပြုမှတ်တမ်း တစ်ခု ထပ်ရမယ့်အပြင်... ရှင်က တရားဝင် ဆုကြေးငွေ အများအပြားကိုလည်း ရရှိပါလိမ့်မယ်"

"..."

ထိုစကားကို ကြားသောအခါ ယဲ့ဖန် စကားမပြောနိုင် ဖြစ်သွားလေ၏။

သူတို့ဘက်က ကြည့်လျှင်... အစ္စဘဲလ်လာ၏ ကမ်းလှမ်းချက်များသည် အတော်လေး ကျိုးကြောင်းဆီလျော်မှု ရှိပေသည်။

သို့သော် ရှေးဟောင်းပစ္စည်းများနှင့် ရင်းနှီးသူ တစ်ဦးအတွက်မူ... ရယ်စရာ ကောင်းလှသည်။

စနစ်က ပီကာဆို၏ 'အိပ်မက်' ပန်းချီကား တန်ဖိုးကို ယွမ် သန်း (၅၀၀) ကျော် ခန့်မှန်းထားသည်။

သူက သန်း (၁၀၀) သာ အကုန်အကျခံပြီး အောင်မြင်စွာ ဝယ်ယူနိုင်ခဲ့သည်။

သို့သော် တစ်ဖက်လူက သန်း (၁၀၀) ပြန်ပေးပြီး... အသုံးမဝင်သော ကောင်းမွန်သော နိုင်ငံသား ဂုဏ်ထူးဆောင် လက်မှတ်နှင့် တရားဝင် ဆုကြေးငွေ အနည်းငယ် ပေးကာ လဲလှယ်ချင်နေသည် ဆိုပါက... စိတ်ကူးယဉ်နေခြင်းသာ ဖြစ်ချေမည်။

ဒီလို အခြေအနေမျိုးနှင့်.. သူတို့၏ ကိုယ်ကျင့်တရား စံနှုန်းတွေ ဘယ်လောက်ပဲ မြင့်မားနေပါစေ... သူ လဲလှယ်ပေးမည် မဟုတ်ပေ။

သန်း (၁၀၀) နှင့် သန်း (၅၀၀) ကြားတွင်... သန်း (၄၀၀) ကျော် ကွာခြားချက် ရှိနေသည်။

‘သန်း (၄၀၀) ကျော် ရှိရင် ဘာမဆို ဖြစ်နိုင်တယ်လေ။

ကောင်းမွန်သော နိုင်ငံသား ဂုဏ်ထူးဆောင် လက်မှတ်ကို သူ ဘာလုပ်ရမှာလဲ။’

"ကျွန်တော်က လူလိမ်ခံရလွယ်တဲ့ ပုံစံ ပေါက်နေလို့လား" ယဲ့ဖန် မေးလိုက်သည်။

အစ္စဘဲလ်လာ အနည်းငယ် နေရခက်သွားပုံ ရလေ၏။ "လူကြီးမင်း...၊ ကျွန်မတို့က ရှင့်ကို အတင်းအကျပ် ပေးခိုင်းနေတာ မဟုတ်ပါဘူး"

"ကျွန်မက နှစ်ဦးနှစ်ဖက် အကျိုးရှိမယ့် အကြံပြုချက် တစ်ခု ပေးရုံပါ"

"ဟမ်..."

ယဲ့ဖန် သူမကို ကြည့်လိုက်သည်။

"ခင်ဗျား အတည်ပြောနေတာလား"

"အတည်ပြောနေတာပါ" အစ္စဘဲလ်လာ ယုံကြည်ချက် ရှိရှိ ပြောလိုက်သည်။

"စဉ်းစားကြည့်ပါ"

"ဒီနေ့ ရှင် ဘယ်သူတွေကို ရန်စခဲ့မိလဲ"

"နိုင်ငံ အသီးသီးက ရွှေရှာသူ အဖွဲ့ (၄) ဖွဲ့နဲ့... နာရေး အဖွဲ့အစည်းရဲ့ ရွှေရောင် အဖွဲ့လေ"

"ရှင့်အင်အားနဲ့ ဆိုရင်... အဲဒီ ရွှေရှာသူ အဖွဲ့ (၄) ဖွဲ့ကို ထည့်တွက်စရာ မလိုပေမယ့်... နာရေး အဖွဲ့အစည်းရဲ့ လက်စားချေမှုကိုတော့ ရှင် မစိုးရိမ်ဘူးလား"

ယဲ့ဖန် သူမကို ဆက်လက် ကြည့်နေလိုက်သည်။

"ရွှေသွားကြီး မထွက်သွားခင် ပြောခဲ့တဲ့ စကားတွေကို ရှင် မှတ်မိဦးမှာပါ"

"သူ ပြောခဲ့တယ်လေ... နာရေး အဖွဲ့အစည်းကို ပြဿနာ ရှာရဲပြီး... သူတို့ ဆုံးရှုံးမှု ဖြစ်အောင် လုပ်ရဲတဲ့ ပထမဆုံးလူက ရှင်ပဲတဲ့"

"ဒါတွေက ဟာသ မဟုတ်ပါဘူး"

"နာရေး အဖွဲ့အစည်းက ရှင့်ကို မှတ်ထားပြီ ဆိုတာနဲ့... အင်ပါယာရဲ့ ဘယ်ထောင့်မှာမှ ငြိမ်းချမ်းမှု ရှိတော့မှာ မဟုတ်ဘူး"

"နေမဝင် အင်ပါယာမှာ... တော်ဝင် မိသားစုနဲ့ မြို့စား မိသားစု တချို့က ကာကွယ်ပေးထားတဲ့ လူတွေကလွဲရင်... နာရေး အဖွဲ့အစည်းကို ကြောက်လန့်စေနိုင်တဲ့ တစ်ခုတည်းသော အဖွဲ့အစည်းက... နေမဝင် အင်ပါယာရဲ့ တော်ဝင် အထူးအေးဂျင့် အဖွဲ့အစည်း (Royal Special Agent Organization) ပါပဲ"

"ဒါကြောင့်... ရှင့်လုံခြုံရေး အတွက်... ကျွန်မရဲ့ ကမ်းလှမ်းချက်ကို သေချာ စဉ်းစားဖို့ ရိုးသားစွာ အကြံပြုချင်ပါတယ်"

"ကျွန်တော်လည်း ခင်ဗျားကို အရောင်းဝန်ထမ်း လုပ်ဖို့ အကြံပေးချင်တယ်"

ယဲ့ဖန် ပြုံးလိုက်လေ၏။

"ခင်ဗျားရဲ့ စကားပြောစွမ်းရည် မဆိုးဘူးပဲ"

"အရောင်းလောကထဲ ဝင်လိုက်ရင်... ခင်ဗျား အရည်အချင်း ပြဖို့ နေရာ ပိုရလိမ့်မယ်"

"လူကြီးမင်း...၊ ကျွန်မ ရှင်နဲ့ စနောက်နေတာ မဟုတ်ဘူး" အစ္စဘဲလ်လာ အနည်းငယ် စိုးရိမ်သွားပုံ ရလေ၏။

ယဲ့ဖန် ထပ်မံ ပြုံးလိုက်သည်။ "ကျွန်တော်လည်း ခင်ဗျားနဲ့ စနောက်နေတာ မဟုတ်ဘူး"

"ဒါ့အပြင်... ကျွန်တော် ၊ ခင်ဗျားကို စိတ်ပျက်စေရတော့မယ်"

"ကျွန်တော်က နာရေး အဖွဲ့အစည်းကို လုံးဝ မကြောက်ဘူး"

အစ္စဘဲလ်လာ သူ့ကို ထပ်မံ ဖျောင်းဖျရန် မကြိုးစားမီ... သူ ဆက်ပြောလိုက်လေ၏။ "ဒါ့အပြင်... ခင်ဗျား ကျွန်တော့်ကို အဲဒီစကားတွေ ပြောခဲ့တာ ဘယ်လောက် တုံးလွန်းလဲ ဆိုတာကို မကြာခင် နားလည်လာလိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်"

"လူကြီးမင်း..."

အစ္စဘဲလ်လာသည် ယဲ့ဖန်က သူမကို တုံးသည်ဟု ပြောလိုက်သောအခါ စိတ်ဆိုးသွားလေ၏။

သို့သော် ယဲ့ဖန်သည် သူမ စကားဆုံးသည် အထိ မစောင့်ဘဲ ကယ်လီနာကို ဖုန်းခေါ်လိုက်သည်။

"မင်းအစ်မ.. ငါ့ကို လာပူဆာနေတယ်"

"မင်း သူ့ကို စကားပြောလိုက်ပါဦး"

"မဟုတ်ရင်... ငါ စိတ်မထိန်းနိုင်ဘဲ တော်ကြာကျရင် သူ့ကို ကန်ထုတ်မိမှာ စိုးလို့"

ထို့နောက်... သူသည် စပီကာ (Speaker) ဖွင့်လိုက်ပြီး ဖုန်းကို အစ္စဘဲလ်လာထံ ကမ်းပေးလိုက်လေ၏။

"မင်းညီမ... ကယ်လီနာ”

All Chapters