← Chapters

အခန်း (၁၆၄၇-၁၆၄၉)

Vol. 86 Ch. 1647-1649

အခန်း (၁၆၄၇-၁၆၄၉)

Vol. 86 Ch. 1647-1649

အခန်း (၁၆၄၇) - ခုနက ကျွန်မ အသံနည်းနည်း ကျယ်သွားမိတယ်

~“ရှင်…”

အစ္စဘဲလ်လာ၏ မျက်ဝန်းအိမ်များ ကျုံ့ဝင်သွားကာ အသံကလည်း အလိုအလျောက် မြင့်တက်သွား၏။

သို့သော် ယဲ့ဖန်၏ မျက်နှာထားကမူ ပြောင်းလဲခြင်း အလျဉ်းမရှိ။ ကြည်လင် ပြတ်သားသော လေသံဖြင့် ထပ်မံ ပြောဆိုလိုက်၏။

"ကယ်လီနာလေ...ခင်ဗျားရဲ့ ညီမ..."

"ခင်ဗျား သူ့ကို မပြောချင်ရင်လည်း ဖုန်းချလိုက်တော့မယ်..."

"နေ... နေပါဦး... ခဏလေး..."

အစ္စဘဲလ်လာက ယဲ့ဖန်၏ လက်ထဲမှ ဖုန်းကို အလုအယက် လှမ်းယူလိုက်၏။

"ကယ်လီနာ့ သတင်းရလို့လား... သူ အဆင်ပြေရဲ့လား... ရှင် ကျွန်မကို လိမ်နေတာ မဟုတ်ပါဘူးနော်..."

ယဲ့ဖန်က ဖုန်းကို တစ်ချက် လှမ်းကြည့်လိုက်ပြီး ပေါ့ပေါ့ပါးပါးပင် ဆိုလိုက်၏။

"ဖုန်းက ဒီမှာ ရှိနေတာပဲ... ကိုယ်တိုင် နှုတ်ဆက်ကြည့်လိုက်ရင် သိမှာပေါ့..."

ထို့နောက် သူသည် အစ္စဘဲလ်လာ၏ တုံ့ပြန်မှုကို ဂရုမစိုက်တော့ဘဲ နံရံပေါ်ရှိ ပီကာဆို ပန်းချီကားကိုသာ ဆက်လက် ကြည့်ရှုနေလိုက်တော့သည်။

အစ္စဘဲလ်လာသည် စိတ်လှုပ်ရှားမှုကြောင့် အသံများပင် တုန်ရီနေပြီး တစ်ဖက်မှ လူကို လှမ်းခေါ်လိုက်၏။

"ကယ်... ကယ်လီနာ..."

"အစ္စဘဲလ်လာလား..."

ရင်းနှီးနေသော အသံ တစ်ခုက ဖုန်းထဲမှ ချက်ချင်းပင် ထွက်ပေါ်လာခဲ့ချေသည်။

"ညီမပါ... ကယ်လီနာပါ..."

ထိုအသံကို ကြားလိုက်ရသည့် ခဏ၌ အစ္စဘဲလ်လာ၏ မျက်လုံးများ အရောင်လက်သွား၏။ ယဲ့ဖန်ကို ပြန်ကြည့်လိုက်သောအခါ သူမ၏ မျက်ဝန်းထဲတွင် အံ့သြမှုများနှင့် မယုံကြည်နိုင်မှုများ ပြည့်နှက်နေလေတော့သည်။

ယဲ့ဖန်ကတော့ သိပ်ပြီး အံ့သြမနေပေ။

လှပသော တော်ဝင်အေးဂျင့်မလေးက သူမကိုယ်သူမ အစ္စဘဲလ်လာဟု မိတ်ဆက်လိုက်ကတည်းက သူမ၏ ပုံပန်းသွင်ပြင်ကို ကြည့်ကာ သူ ရိပ်မိပြီးသား ဖြစ်ချေ၏။

ဤမိန်းကလေးသည် ကယ်လီနာ သူ့ကို ပြောပြဖူးသော တော်ဝင်အေးဂျင့်များထဲမှ တစ်ဦးဖြစ်ကြောင်း သေချာသွား၏။ နေမဝင် အင်ပါယာသို့ ရောက်ရှိပါက အပြည့်အဝ ယုံကြည်အားထားရမည့် သူများထဲမှ တစ်ဦးလည်း ဖြစ်ပေသည်။

သူမသည် ကယ်လီနာနှင့် မိဘမဲ့ဂေဟာ တစ်ခုတည်းမှ အတူကြီးပြင်းလာသူ ဖြစ်၏။

ငယ်စဉ်ကတည်းက ညီအစ်မရင်းပမာ ချစ်ခင်ခဲ့ကြသူများ ဖြစ်၏။

ကယ်လီနာ နေမဝင် အင်ပါယာမှ လွတ်မြောက်သွားနိုင်ခဲ့ခြင်းမှာလည်း သူမ၏ ကျေးဇူးကြောင့်ပင် ဖြစ်၏။

သို့သော် အစ္စဘဲလ်လာကမူ ကယ်လီနာနှင့် ယဲ့ဖန် မည်သို့ သိကျွမ်းသွားသည်ကို မသိရှိပေ။

ညီမဖြစ်သူ ဘေးကင်းလုံခြုံစွာ ရှိနေကြောင်း အတည်ပြုပြီးနောက် သူမသည် ဝမ်းသာအားရဖြင့် မေးမြန်းလိုက်တော့သည်။

"ညီမလေး... ဒီ တရုတ်လူမျိုးက..."

"သူ့ရဲ့ နောက်ခံက ဘာလဲ... သူက ဘယ်လိုလုပ် ညီမနဲ့ သိနေတာလဲ... ပြီးတော့ ညီမနဲ့ အစ်မ သိနေတာကို သူက ဘယ်လိုလုပ် သိနေတာလဲ..."

ထိုအခါ၊ ဖုန်းတစ်ဖက်ခြမ်းမှ ကယ်လီနာက စိတ်လှုပ်ရှားစွာဖြင့် ရှင်းပြ၏။

"ညီမ တရုတ်ပြည်… ကျန်းကောမှာတုန်းက လိုက်ဖမ်းတဲ့သူတွေ မိခါနီး ဖြစ်ခဲ့သေးတယ်... အဲ့ဒီတုန်းက ဒဏ်ရာတွေလည်း ပြင်းပြင်းထန်ထန် ရထားတာ... အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေပေါ့..."

"အဲ့ဒီလို အန္တရာယ် အများဆုံး အချိန်မှာ မစ္စတာယဲ့ကပဲ ကယ်ခဲ့တာ... လိုက်ဖမ်းတဲ့သူတွေကို မျှားခေါ်သွားပြီး ညီမကို လွတ်လမ်း ဖန်တီးပေးခဲ့တယ်... ပြီးတော့ သူ့ရဲ့ ဆေးပညာနဲ့ ညီမရဲ့ ဒဏ်ရာတွေကို ကုသပေးခဲ့တာ..."

"သူက ညီမကို အရမ်း လုံခြုံစိတ်ချရတဲ့ နေရာတစ်ခုမှာ ထားပေးခဲ့ပြီး ကြင်နာတတ်တဲ့ ကောင်မလေး တစ်ယောက်ကိုလည်း ပြုစုစောင့်ရှောက်ဖို့ ရှာပေးခဲ့သေးတယ်..."

"..."

"အဲ့ဒီတုန်းက မစ္စတာယဲ့ ပြောဖူးတယ်... သူ နေမဝင် အင်ပါယာဘက်ကို ကိစ္စတစ်ခုနဲ့ လာစရာရှိတယ်တဲ့... ဒါကြောင့် ညီမက သူ့ကျေးဇူးကို ပြန်ဆပ်ချင်လို့ ညီမ ယုံကြည်ရတဲ့ အေးဂျင့်တွေရဲ့ အချက်အလက်တွေကို သူ့ကို ပြောပြထားခဲ့တာ..."

"ဒါမှ သူ တစ်ခုခု လိုအပ်လာရင် အစ်မဆီမှာ အကူအညီ တောင်းလို့ ရမှာလေ..."

"..."

ကယ်လီနာ၏ စကားများကို ကြားလိုက်ရသောအခါ အစ္စဘဲလ်လာ၏ မျက်နှာထားက ချက်ချင်း ပြောင်းလဲသွားတော့သည်။

သူမက ဤနေရာတွင် ဖြစ်ပျက်ခဲ့သည်များကို ညီမဖြစ်သူအား ပြောပြလိုက်ပြီးနောက် တစ်ဖက်မှ အကြံပေးစကားများကို နားထောင်ကာ ယဲ့ဖန်အား ရှုပ်ထွေးပွေလီသော မျက်ဝန်းများဖြင့် လှမ်းကြည့်လိုက်၏။

"တောင်းပန်ပါတယ် မစ္စတာယဲ့..."

"ရှင်က ညီမလေးရဲ့ အသက်သခင်မှန်း ကျွန်မ မသိခဲ့လို့ပါ... ခုနက ကျွန်မ အသံနည်းနည်း ကျယ်သွားမိတယ်..."

"ပြီးတော့ တရုတ်ပြည်မှာ ရှင့်ရဲ့ အရှိန်အဝါက ဒီလောက်ကြီးမားမယ်လို့လည်း မထင်ထားခဲ့မိဘူး..."

ယဲ့ဖန်က သူမလက်ထဲမှ ဖုန်းကို ပြန်ယူလိုက်ရင်း မေးလိုက်၏။

"ပီကာဆို ပန်းချီကားကို ကျွန်တော့်လက်ထဲကနေ ပြန်လိုချင်နေတုန်းပဲလား..."

အစ္စဘဲလ်လာက ခေါင်းကို အလျင်အမြန် ခါရမ်းလိုက်၏။

"ရှင်က ဒီပစ္စည်းကိုရဖို့ အများကြီး ရင်းနှီးခဲ့ရတာလေ... ကျွန်မတို့မှာ ရှင့်ဆီကနေ အလကား တောင်းယူဖို့ အခွင့်အရေး မရှိပါဘူး..."

"အရင်တုန်းကတော့ ရှင်က သာမန်လူ တစ်ယောက်ပဲ ထင်လို့ အဲ့ဒီလို ပြောမိတာပါ..."

"အခု ရှင်က သာမန်မဟုတ်တဲ့ လူတစ်ယောက်မှန်း သိသွားပြီလေ... ပြီးတော့ ရှင်က ကျွန်မ ညီမလေးရဲ့ ကျေးဇူးရှင် ဖြစ်နေတာတောင်မှ အဲ့ဒီလို စကားမျိုး ထပ်ပြောနေရင် ကျွန်မက အရမ်း မိုက်မဲရာ ကျသွားမှာပေါ့..."

ယဲ့ဖန်က ခေါင်းတစ်ချက် ညိတ်လိုက်၏။

"အင်း... ခင်ဗျားက အသိတရား ရှိသားပဲ..."

"ညီမလေးကို ကူညီပေးခဲ့လို့ ကျေးဇူးတင်ပါတယ်..."

အစ္စဘဲလ်လာက ခေါင်းကို ငုံ့ကာ ယဲ့ဖန်အား လေးလေးစားစား ဦးညွှတ်လိုက်၏။

"အရင်တုန်းက သူ့ရဲ့ လုံခြုံရေးအတွက် ကျွန်မ အရမ်း စိတ်ပူနေခဲ့ရတာ..."

"တရုတ်ပြည်ကို ထွက်ပြေးသွားပြီးနောက်ပိုင်း သူ ဘာတွေ ဆက်ဖြစ်မလဲဆိုတာ တွေးပြီး ရင်ပူနေခဲ့ရတာပါ..."

"ဒီနေ့ သူ့သတင်းကို ယူလာပေးလို့ ကျေးဇူးတင်ပါတယ်... ပြီးတော့ တရုတ်ပြည်မှာ သူ့ကို ကူညီစောင့်ရှောက်ပေးခဲ့လို့လည်း ကျေးဇူးတင်ပါတယ်ရှင်..."

ယဲ့ဖန်ကတော့ ဤကဲ့သို့သော ဟန်ဆောင် ကျေးဇူးတင်စကားများကို စိတ်မဝင်စားလှပေ။

သူမက နောက်ထပ် တစ်ကြိမ် ထပ်မံ ဦးညွှတ်တော့မည်ကို မြင်လိုက်ရသဖြင့် အလျင်အမြန်ပင် လှမ်းဆွဲထူလိုက်၏။

ဤမိန်းကလေးက ဤမျှ ခေါင်းမာလိမ့်မည်ဟု သူ မထင်ထားခဲ့မိ။

သူမက အတင်းကုန်းရုန်းကာ ဦးညွှတ်ရန် ကြိုးစားနေ၏။

နောက်ဆုံးတွင်တော့... သူမ၏ ပခုံးပေါ်တွင် ဖွဖွလေး တင်ထားသော ယဲ့ဖန်၏ လက်က အောက်ဘက်သို့ သဘာဝကျကျ လျှောကျသွားပြီး...

မထင်မှတ်ဘဲ သူမ၏ ရင်ဘတ်မှ နူးညံ့အိစက်သော နေရာတစ်ခုကို သွားရောက် ထိတွေ့မိ

သွားလေတော့သည်။

"..."

အထိအတွေ့က အလွန် ကောင်းမွန်သော်လည်း ယဲ့ဖန်မှာ ဆွံ့အသွားရ၏။

အစ္စဘဲလ်လာလည်း ကြောင်အသွား၏။

ခဏကြာမှ သူမ သတိဝင်လာကာ ခါးကို ချက်ချင်း မတ်လိုက်သော်လည်း သူမ၏ အသက်ရှူသံများကမူ ပုံမှန် မဟုတ်တော့ချေ။

"အဟမ်း... ဘာလို့ ဒီလောက်တောင် ခေါင်းမာနေရတာလဲ..."

ယဲ့ဖန်က ချောင်းတစ်ချက် ဟန့်လိုက်ပြီး စကားလမ်းကြောင်းကို အမြန် လွှဲလိုက်ရ၏။

အစ္စဘဲလ်လာက မျက်နှာလွှဲလိုက်ပြီး ဘာစကားမှ ပြန်မပြောပေ။

သူမ၏ မျက်နှာထားက ပုံမှန်အတိုင်း ဖြစ်နေသော်လည်း ရင်ခုန်သံနှင့် အသက်ရှူသံများကမူ ဖုံးဖိထား၍ မရနိုင်လောက်အောင် ဖောက်ပြန်နေ၏။

ယဲ့ဖန်က ထိုအခြေအနေကို ရိပ်မိသဖြင့် အကြောင်းအရာကို အလျင်အမြန် ပြောင်းလိုက်၏။

"ကျေးဇူးတင်စကား ပြောနေမယ့်အစား ကျွန်တော် မေးတာကို ဖြေပေးပါလား... ခင်ဗျားကို မေးစရာ ရှိတယ်..."

"ဘာ... ဘာများလဲ..."

အလုပ်ကိစ္စ ပြောလာသည့်အခါမှသာ အစ္စဘဲလ်လာသည် နေသားတကျ ပြန်ဖြစ်သွားပြီး ယဲ့ဖန်ဘက်သို့ လှည့်ကာ မေးလိုက်၏။

"ခင်ဗျားက အင်ပါယာရဲ့ တော်ဝင်အေးဂျင့် တစ်ယောက်ပဲ... နာရေးအဖွဲ့အစည်း အကြောင်း ဘာသိထားလဲ..."

"တော်တော်များများ သိပါတယ်..."

အစ္စဘဲလ်လာက ခေါင်းညိတ်လိုက်၏။

"ရှင်က ဘယ်အကြောင်းကို အဓိက သိချင်တာလဲ..."

"သူတို့ရဲ့ လက်အောက်ခံ ရွှေရောင်တပ်ဖွဲ့ အကြောင်းလေ..."

ယဲ့ဖန်က လိုရင်းကိုသာ တိုက်ရိုက် မေးလိုက်သည်။

"ခင်ဗျားတို့ သူတို့အကြောင်း သုတေသန လုပ်ဖူးလား..."

"သူတို့ လက်အောက်က ရွှေရောင်တပ်ဖွဲ့ ဟုတ်လား..."

အစ္စဘဲလ်လာက နည်းနည်းတော့ ကြောင်သွားပုံ ရ၏။

"သူတို့မှာ ဘာ ပြဿနာ ရှိနေလို့လဲ..."

"ကျွန်မတို့တော့ ထူးခြားတာ ဘာမှ သတိမထားမိပါဘူး..."

"ဘာမှ မတွေ့ဘူး ဟုတ်လား..."

ယဲ့ဖန်လည်း မယုံနိုင် ဖြစ်သွားရ၏။

"ခင်ဗျား မစူးစမ်းကြည့်ဖူးဘူးလား..."

"သူတို့က သိုင်းပညာ သိပ်မလေ့ကျင့်ထားပေမယ့် လူတိုင်းရဲ့ ခွန်အားက 'အလင်းကျင့်စဉ်' အဆင့်ကို ရောက်နေကြတယ်လေ... နေမဝင် အင်ပါယာရဲ့ သာမန် အေးဂျင့်တွေနဲ့တောင် ယှဉ်လို့ ရနေပြီ..."

"ဒါလေးလား..."

အစ္စဘဲလ်လာက ခေါင်းခါလိုက်၏။

"ဒါက သိပ်ပြီး ထူးဆန်းတဲ့ကိစ္စမှ မဟုတ်တာ..."

"နာရေးအဖွဲ့အစည်းက ငွေအမြောက်အမြား အကုန်အကျခံပြီး မြူခိုးမြို့တော် (Fog City) မှာ ဇီဝသုတေသန စခန်းကြီး တစ်ခုကို ထောက်ပံ့ပေးထားတာလေ... သူတို့က အဲ့ဒီကနေ မျိုးရိုးဗီဇ ပြုပြင်ထားတဲ့ သွေးရည်ကြည်တွေကို အများကြီး ယူပြီး မျိုးရိုးဗီဇ ပြုပြင်ထားတဲ့ လူသားတွေကို ဖန်တီးထားတာ..."

"အဲ့ဒီလို လူမျိုးတွေက နာရေးအဖွဲ့အစည်းရဲ့ ရွှေရောင်တပ်ဖွဲ့ထဲမှာတင် ရှိတာ မဟုတ်ဘူး... နေမဝင် အင်ပါယာက မိသားစုကြီး တော်တော်များများနဲ့ ကျွန်မတို့ရဲ့ တော်ဝင် လျှို့ဝှက်အဖွဲ့အစည်းမှာလည်း ရှိတာပဲ... ဇီဝသိပ္ပံ ပညာရပ် ထွန်းကားတဲ့ နေရာတွေမှာ ဒါက

ပုံမှန်ပဲ…မဟုတ်လား..."

"နေမဝင် အင်ပါယာက မိသားစုကြီးတွေနဲ့ ခင်ဗျားတို့ရဲ့ တော်ဝင် လျှို့ဝှက်အဖွဲ့အစည်းမှာလည်း အဲ့ဒီလို လူတွေ ရှိနေတယ် ဟုတ်လား..."

ယဲ့ဖန် အနည်းငယ် အံ့သြသွားမိသည်။

ယခင်က လျှို့ဝှက်ဆန်းကြယ်သော အဖွဲ့အစည်းမှ လူများနှင့် ရင်ဆိုင်ခဲ့ရစဉ်ကသာ ဤကဲ့သို့ မျိုးရိုးဗီဇ ပြုပြင်ထားသော လူသားမျိုးကို တွေ့ကြုံခဲ့ဖူးခြင်း ဖြစ်သည်။

ထိုကဲ့သို့သော လူသားမျိုးက အလွန် ရှားပါးသည်ဟု သူ ထင်မှတ်ထားခဲ့မိ၏။

သို့သော် အစ္စဘဲလ်လာ၏ စကားအရ နေမဝင် အင်ပါယာတွင် ထိုကဲ့သို့သော လူသားမျိုးက မရှားပါးကြောင်း သိလိုက်ရသောအခါ အံ့အားသင့်သွားရ၏။

"ဒီအရာက လူ တစ်ယောက်ကို လူသား မဟုတ်တော့သလိုမျိုး ပြောင်းလဲပစ်လိုက်နိုင်တာလေ... ဒါက လူ့ကျင့်ဝတ်နဲ့ ညီလို့လား..."

ယဲ့ဖန် ကြောင်အမ်းအမ်း ဖြစ်သွားရ၏။

"ဘယ်လိုလုပ်ပြီး ပုံမှန်လို့ ပြောနိုင်ရတာလဲ..."

“...”

အခန်း (၁၆၄၈) - မထင်မှတ်ထားသော သတင်းအချက်အလက်

~"မစ္စတာယဲ့ ဘာပြောချင်နေလဲဆိုတာ ကျွန်မ နားလည်ပါတယ်..."

အစ္စဘဲလ်လာက မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်ရင်း ဆိုလိုက်၏။

"နိုင်ငံတွေနဲ့ သိပ္ပံပညာရှင် အသိုင်းအဝိုင်းတွေကြားမှာတော့ ဒီလို သုတေသနတွေနဲ့ လက်တွေ့စမ်းသပ်မှုတွေကို တရားဝင် ပိတ်ပင်ထားတာ မှန်ပါတယ်... ဒါပေမယ့် နောက်ကွယ်မှာ ဘာတွေ ဖြစ်နေလဲဆိုတာ ရှင်လည်း သိသားပဲ..."

"ကမ္ဘာပေါ်မှာ သိပ္ပံပညာ ရူးသွပ်သူတွေက အရမ်း များနေသလို... ဒီနည်းပညာရဲ့ ကြောက်စရာ ကောင်းတဲ့ အလားအလာကို စိတ်ဝင်စားနေတဲ့ လူတွေလည်း ဒုနဲ့ ဒေးပဲလေ..."

"ဒါကြောင့် သူတို့ စည်းမကျော်သရွေ့တော့ ကျွန်မတို့လည်း မျက်စိမှိတ်ပေးထားရတာပါပဲ..."

"ပြောရမယ်ဆိုရင်... နေမဝင် အင်ပါယာရဲ့ တော်ဝင် လျှို့ဝှက်အဖွဲ့အစည်းတင် မကဘူး၊ တော်ဝင် မိသားစုဝင်တွေ ကိုယ်တိုင်ကလည်း ဒီနည်းပညာရဲ့ အကျိုးကျေးဇူး ခံစားခွင့် ရနေတဲ့သူတွေပဲလေ..."

"..."

ယဲ့ဖန် တစ်ဖန် ဆွံ့အသွားရပြန်၏။

"တော်ဝင် မိသားစုနဲ့ ဘာဆိုင်လို့လဲ..."

"စဉ်းစားကြည့်လိုက်ရင် သိသာပါတယ်ရှင်..."

အစ္စဘဲလ်လာက တုံ့ဆိုင်းခြင်းမရှိဘဲ ဖြေလိုက်၏။

"ဒီနည်းပညာက လူသားတွေရဲ့ မျိုးရိုးဗီဇကို ပြုပြင်ပြီး တိရစ္ဆာန်တွေရဲ့ အားသာချက်တွေ ရအောင် လုပ်ပေးနိုင်တယ်လေ..."

"ဒါဆိုရင်... ဆေးပညာ နယ်ပယ်မှာရော စိတ်ကူးတောင် မယဉ်နိုင်လောက်တဲ့ အခန်းကဏ္ဍကနေ ပါဝင်လာနိုင်မလား..."

"ဥပမာ ပြောရရင်... နှလုံးရောဂါသည် တစ်ယောက်ကို နှလုံးနဲ့ အဆုတ် စွမ်းဆောင်ရည် အရမ်းကောင်းတဲ့ တိရစ္ဆာန် တစ်ကောင်ရဲ့ မျိုးရိုးဗီဇနဲ့ ပေါင်းစပ်ပေးလိုက်တာမျိုး... ဒါမှမဟုတ် သေမင်းကို ကြောက်ရွံ့နေတဲ့ အဖိုးကြီး တစ်ယောက်ကို အသက်ရှည်တဲ့ တိရစ္ဆာန်ရဲ့ မျိုးရိုးဗီဇနဲ့ ပြုပြင်ပေးလိုက်တာမျိုးပေါ့..."

ထိုစကားကို ကြားလိုက်ရမှ ယဲ့ဖန် သဘောပေါက်သွားတော့သည်။

"ဒါဆို... ဒီကိစ္စကို သိပ္ပံပညာရှင် ရူးသွပ်သူတွေနဲ့ အရင်းရှင်တွေကပဲ တွန်းအားပေးနေတာ မဟုတ်ဘဲ... အာဏာရှိတဲ့ လူတန်းစားတွေ အများကြီးကပါ နောက်ကွယ်ကနေ ပံ့ပိုးပေးနေတာပေါ့..."

"ကြားရတာ ရယ်စရာ ကောင်းပေမယ့် ဒါက အမှန်တရားပါပဲ..."

အစ္စဘဲလ်လာက ခေါင်းညိတ်လိုက်၏။

"အသက်ရှည်ချင်တဲ့ မှူးမတ်မျိုးနွယ်တွေက ဒီလောကမှာ အများကြီး ရှိတယ်လေ..."

"လက်ရှိ ဆေးပညာ နယ်ပယ်မှာ ဒီနည်းပညာက လက်တွေ့ အသုံးချဖို့ စမ်းသပ်ကာလပဲ ရှိသေးတယ်... ကျွန်မ ခုနက ပြောသလို နှလုံးနဲ့ အဆုတ်ကို လဲလှယ်တာတို့၊ လူ့သက်တမ်းကို ဆွဲဆန့်တာတို့ ဆိုတာတွေက လုံးဝ မအောင်မြင်သေးဘူး ဆိုရင်တောင်မှ... ဒီနည်းပညာရဲ့ အနာဂတ် အလားအလာ တစ်ခုတည်းနဲ့တင် လူအများကြီးကို ရူးသွပ်သွားစေဖို့ လုံလောက်နေပါပြီ..."

"နေမဝင် အင်ပါယာ တစ်ခုတည်းမှာတင် အလားတူ သုတေသနတွေ လျှို့ဝှက် လုပ်ဆောင်နေတဲ့ ဇီဝသုတေသန စခန်းပေါင်း (၁၀) ခု မက ရှိတယ်..."

"နေမဝင် အင်ပါယာ အပြင် အမေရိကန်၊ ဂျပန်၊ ကိုရီးယား စတဲ့ နိုင်ငံတွေမှာလည်း ပိုပြီး အဆင့်မြင့်တဲ့ ဇီဝသုတေသန စခန်းတွေ အများကြီး ရှိသေးတယ်..."

မျိုးရိုးဗီဇ ပြုပြင်ထားသော လူသားများက အဘယ်ကြောင့် ရှားပါးမနေရသနည်း ဆိုသည်ကို ယဲ့ဖန် နားလည်သွားလေပြီ။

ဤမျှ များပြားသော သုတေသန စခန်းများက နောက်ကွယ်တွင် လက်တွေ့ စမ်းသပ်မှုများ လုပ်ဆောင်နေကြရာ... နောက်ဆုံး ထွက်ပေါ်လာမည့် မျိုးရိုးဗီဇ ပြုပြင်ထားသူ အရေအတွက် နည်းပါးနေလျှင်သာ ထူးဆန်းနေပေလိမ့်မည်။

ယဲ့ဖန်က အစ္စဘဲလ်လာ၏ စကားကို ဆက်၍ မေးလိုက်၏။

"လက်ရှိ အချိန်မှာ ဒီ မျိုးရိုးဗီဇ ပြုပြင်တဲ့ နည်းပညာကို ဆေးပညာ နယ်ပယ်မှာ ဘယ်လောက်အထိ လက်တွေ့ အသုံးချနေပြီလဲ..."

ဤမေးခွန်းကို ကြားသောအခါ အစ္စဘဲလ်လာက အနည်းငယ် စိုးရိမ်သွားပုံ ရ၏။

သူမက ဘေးဘီဝဲယာကို သတိထားပြီး ကြည့်လိုက်၏။

ထူးခြားမှု မရှိကြောင်း သေချာမှ အသံကို နှိမ့်ကာ ပြောလိုက်၏။

"ကျွန်မ သိသလောက်တော့ မျိုးရိုးဗီဇ နည်းပညာမှာ အအောင်မြင်ဆုံးက နေမဝင် အင်ပါယာရဲ့ နာမည်ကျော် 'လေဖို့ဒ်' ဇီဝသိပ္ပံ သုတေသန စခန်း (Layford Life Science Research Institute) ပဲ..."

"မကြာသေးခင်ကပဲ သူတို့က မျိုးရိုးဗီဇ သွေးရည်ကြည် အသစ် တစ်မျိုးနဲ့ နေမဝင် အင်ပါယာရဲ့ မြို့စားအိုကြီး တစ်ယောက်ရဲ့ အိုမင်းရင့်ရော်မှုကို အောင်မြင်စွာ နှေးကွေးစေခဲ့တယ်လို့ သတင်းထွက်နေတယ်..."

"အာနိသင်က တစ်နှစ်လောက်ပဲ ခံမယ်လို့ ခန့်မှန်းရပေမယ့်... လမ်းတောင် မလျှောက်နိုင်တော့တဲ့ မြို့စားအိုကြီးက မျိုးရိုးဗီဇ ပြုပြင်ပြီးတာနဲ့ ချက်ချင်း လမ်းပြန်လျှောက်နိုင်သွားတာကို မြင်လိုက်ရတော့ တော်ဝင် မိသားစုဝင်တွေနဲ့ သတင်းဦး သတင်းဖတ် ရတဲ့ သူဌေးကြီးတွေ အကုန်လုံး အံ့သြပြီး အားကျကုန်ကြတာပေါ့..."

"သတင်းက သေချာရဲ့လား..."

ယဲ့ဖန် ထပ်မံ အတည်ပြုလိုက်သည်။

ဒါက ကိစ္စကြီး တစ်ခု ဖြစ်၏။

မျိုးရိုးဗီဇ ပြုပြင်ခြင်းက အိုမင်းမှုကို နှေးကွေးစေနိုင်သည် ဆိုပါက... ထို ချမ်းသာကြွယ်ဝပြီး အာဏာရှိသော လူတန်းစားများသည် ယင်ကောင်များပမာ အုံခဲလာကြမည်မှာ မလွဲဧကန်ပင်။

သူ ရင်ဆိုင်နေရသော လျှို့ဝှက်ဆန်းကြယ်သည့် အဖွဲ့အစည်း အနေဖြင့် ထို အဆက်အသွယ်များနှင့် ဩဇာအာဏာများကို စုစည်းလိုက်နိုင်ပါက အလွန် ကြောက်စရာ ကောင်းလာပေလိမ့်မည်။

"သေချာပါတယ်..."

အစ္စဘဲလ်လာက ယုံကြည်မှု အပြည့်ဖြင့် ဖြေလိုက်၏။

"ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက် တစ်ယောက်က အဲ့ဒီ လျှို့ဝှက် စမ်းသပ်မှုရဲ့ လုံခြုံရေး အပိုင်းမှာ တာဝန်ယူခဲ့ရတာလေ..."

"အဲ့ဒီနောက်ပိုင်း မြို့စားကြီးက သတင်းကို လျှို့ဝှက်ထားဖို့ တင်းတင်းကျပ်ကျပ် အမိန့်ပေးခဲ့ပေမယ့်... ကျွန်မတို့လို လူတွေနဲ့ သတင်းနားပါးတဲ့ မှူးမတ်တချို့ကတော့ သိလိုက်ကြတာပါပဲ..."

"အခုဆိုရင် အသက်ကြီးနေပြီဖြစ်တဲ့ အရေးပါ အရာရောက် ပုဂ္ဂိုလ်ကြီးတွေ အများကြီးက လေဖို့ဒ် ဇီဝသိပ္ပံ သုတေသန စခန်းကို မကြာခဏ သွားရောက် လည်ပတ်နေကြပြီ..."

ယဲ့ဖန်က ထို သုတေသန စခန်း၏ နာမည်ကို ချက်ချင်း မှတ်သားလိုက်၏။

ထို့နောက် သူက ဆက်မေးလိုက်၏။

"ကျွန်တော် ကြားဖူးတာတော့ မျိုးရိုးဗီဇ ပြုပြင်မှုရဲ့ အောင်မြင်နိုင်ခြေက အရမ်း နည်းတယ်ဆို..."

"ဒီ လေဖို့ဒ် ဇီဝသိပ္ပံ သုတေသန စခန်းက မြို့စားအိုကြီးကိုတောင် မျိုးရိုးဗီဇ ပြုပြင်ပေးရဲတယ် ဆိုတော့... ပြဿနာ တက်မှာ မကြောက်ကြဘူးလား..."

"ကြောက်တာပေါ့ရှင်..."

အစ္စဘဲလ်လာက ပြုံးလိုက်၏။

"ဒါကြောင့် သူတို့က ဓာတ်ခွဲခန်းထဲမှာ အကြိမ်ကြိမ်အခါခါ စမ်းသပ်ပြီးမှ အန္တရာယ် အကင်းဆုံး နည်းလမ်းကို သုံးပြီး မှူးမတ်တွေကို ပြုပြင်ပေးကြတာပေါ့..."

"ရှင် မသိလို့ပါ... လေဖို့ဒ် ဇီဝသိပ္ပံ သုတေသန စခန်း ဆိုတာ နေမဝင် အင်ပါယာရဲ့ မျိုးရိုးဗီဇ နယ်ပယ်မှာ ပြိုင်ဘက်ကင်း ထိပ်သီး တစ်ခုပဲ..."

"သူတို့ရဲ့ သုတေသန စခန်းထဲမှာ အမေရိကန် သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင်တွေထဲက စူပါစစ်သားတွေနီးပါး စွမ်းရည်ရှိတဲ့ စစ်သည်တော်တွေကို အောင်မြင်စွာ ဖန်တီးထားနိုင်ပြီးသား..."

"ဒါ့အပြင် အန္တရာယ် အလွန်များတဲ့ စမ်းသပ်မှု အခြေအနေတွေအောက်မှာ နှလုံးရောဂါသည်တွေရဲ့ နှလုံးကိုတောင် အောင်မြင်စွာ ပြုပြင် လဲလှယ်ပေးနိုင်ခဲ့တယ်..."

"နာရေးအဖွဲ့အစည်းရဲ့ ရွှေရောင်တပ်ဖွဲ့ ဝင်တွေလို သိပ်မရှုပ်ထွေးတဲ့ မျိုးရိုးဗီဇ ပြုပြင်မှုမျိုး လုပ်မယ်ဆိုရင်... ငွေလုံလောက်အောင် ပေးနိုင်သရွေ့ သူတို့ရဲ့ အောင်မြင်နိုင်စွမ်းက (၃၀) ရာခိုင်နှုန်းလောက်အထိ တည်ငြိမ်နေပြီ..."

ယဲ့ဖန်ကတော့ သူမ ပြောသည့် အမေရိကန် သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင်ထဲက စူပါစစ်သားများ မည်မျှ စွမ်းသည်ကို မသိချေ။

သို့သော် သူမ၏ ဖော်ပြချက်ကို နားထောင်ပြီးနောက် ဤအရေးကြီးသော အချက်အလက်ကို ချက်ချင်း မှတ်သားလိုက်တော့သည်။

သူက ဆက်စပ် မေးခွန်း အချို့ကို ဆက်လက် မေးမြန်းလိုက်၏။ သူ သိလိုသည်များ အတော်အတန် စုံလင်သွားသောအခါမှ...

"နေမဝင် အင်ပါယာမှာ မျိုးရိုးဗီဇ ပြုပြင်တဲ့ သုတေသန လုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ အဖွဲ့အစည်း စာရင်းကို ပြုစုပေးလို့ ရမလား..."

"အသေးစိတ် ဖြစ်ရင် ပိုကောင်းတယ်... ဘယ်အချိန်က စပြီး သုတေသန လုပ်ခဲ့တာလဲ... ဘယ်အချိန်မှာ ရလဒ်တွေ စထွက်ခဲ့တာလဲ... ပြီးတော့ အောင်မြင်စွာ ပြုပြင်ထားတဲ့ စစ်သည်တွေရဲ့ စွမ်းရည်က ဘယ်အဆင့်ထိ ရောက်နိုင်လဲ ဆိုတာမျိုးပေါ့..."

"ရပါတယ်ရှင်..."

အစ္စဘဲလ်လာက လွယ်လွယ်ကူကူပင် သဘောတူလိုက်၏။

"ရှင်က ကျွန်မ ညီမလေးရဲ့ အသက်သခင်ပဲဟာ..."

"ပြီးတော့ ညီမလေးကလည်း ရှင့်ကို တတ်နိုင်သလောက် ကူညီပေးပါလို့ မှာထားသေးတယ်..."

"ဆက်သွယ်ဖို့ လိပ်စာတွေ ဖလှယ်ထားကြတာပေါ့... ကျွန်မ စာရင်းပြုစုပြီးရင် ရှင့်ဆီ ပို့ပေးလိုက်ပါ့မယ်..."

"ကောင်းပြီလေ..."

ယဲ့ဖန်က သူမနှင့် ဆက်သွယ်ရန် လိပ်စာများ ဖလှယ်လိုက်တော့သည်။

ကိစ္စပြီးသောအခါ သူသည် အစ္စဘဲလ်လာကို နှုတ်ဆက်လိုက်၏။

ထို့နောက် သူ ဝယ်ယူထားသော ပန်းချီကားနှင့် ရတနာများ ထည့်ထားသော အိတ်ကို ဆွဲကာ ထွက်ခွာလာခဲ့လေတော့သည်။

မြင်းခွာ ဘီယာချက်စက်ရုံ ရပ်ကွက်မှ ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် ရင်းနှီးနေသော စနစ်၏ အသိပေးသံက နောက်ဆုံးတော့ ထွက်ပေါ်လာခဲ့ချေသည်။

[ ဂုဏ်ယူပါတယ်၊ ပိုင်ရှင်... သင်သည် ရတနာ ရှာဖွေခြင်း လမ်းကြောင်းပြ စနစ်ကို ပြီးမြောက် အောင်မြင်သွားပါပြီ... ဆုလာဘ် : ကျင့်ကြံခြင်း သက်တမ်း (၁၀) နှစ်... ]

စနစ်၏ ကြေညာသံ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ထူးဆန်းသော ခံစားမှု တစ်ခုက ယဲ့ဖန်၏ ခန္ဓာကိုယ် တစ်ခုလုံးကို လျင်မြန်စွာ လွှမ်းခြုံသွားတော့သည်။

မျက်စိတစ်မှိတ် အတွင်းမှာပင်... ယဲ့ဖန်၏ နှလုံး၊ အသည်း၊ ဘေလုံး၊ အဆုတ်၊ ကျောက်ကပ်၊ ကြွက်သားများ၊ အရိုးများ၊ မျက်လုံး၊ နှာခေါင်း၊ နားနှင့် အရေပြား တစ်လက်မချင်းစီတိုင်းသည် နွေးထွေးသော သမုဒ္ဒရာ တစ်ခုထဲတွင် နှစ်မြှုပ်သွားသကဲ့သို့ ခံစားလိုက်ရ၏။

စကားလုံးများဖြင့် ဖော်ပြ၍ မရနိုင်လောက်အောင် နက်ရှိုင်း လျှို့ဝှက်ကာ၊ အံ့သြဖွယ် ကောင်းလှပေစွ...။

အခန်း (၁၆၄၉) - သတိထားပါ... ကျွန်မကို အသရေဖျက်မှုနဲ့ တရားစွဲလိုက်မယ်နော်

~ထို လျှို့ဝှက်ဆန်းကြယ်သော ခံစားမှု လှိုင်းလုံးကြီးများကြားမှ ရုန်းထွက်နိုင်လိုက်ချိန်တွင်မူ ယဲ့ဖန်၏ ခွန်အားများသည် သိသိသာသာ တိုးတက်ပြောင်းလဲနေလေပြီ။

သူ့မြင်ကွင်းအာရုံက ယခင်ထက် ပိုမို ကြည်လင်ပြတ်သားလာသည်ကို သူ ခံစားမိနေ၏။ (၁၀) မီတာ အကွာတွင် ပျံသန်းနေသော ခြင်ကလေး တစ်ကောင်သည်ပင် သူ့မျက်လုံးထဲတွင် အဆပေါင်းများစွာ ပို၍ ကြီးမားနေသကဲ့သို့ ထင်ရ၏။

သူ့နားသောတ အာရုံကလည်း အံ့မခန်း တိုးတက်လာခဲ့၏။ ပေပေါင်း (၂၀) ကျော် အကွာအဝေးမှ တီးတိုး စကားသံများကိုပင် သူ ရှင်းလင်းပြတ်သားစွာ ကြားနိုင်နေပြီ ဖြစ်၏။

အနံ့ခံ အာရုံသည်လည်း ပိုမို အားကောင်းလာခဲ့၏။ မျက်လုံးလေး မှိတ်ကာ အသက်ကို ဖြည်းညင်းစွာ ရှူသွင်းလိုက်ရုံဖြင့် လေထုထဲတွင် ရောနှောနေသော အနံ့ပေါင်းစုံကို တစ်ခုမကျန် ခွဲခြား သိရှိနိုင်စွမ်း ရှိနေပြီ ဖြစ်၏။

အရေးအကြီးဆုံး အရာကတော့... သူ့ ခန္ဓာကိုယ် အတွင်းမှ ပေါက်ကွဲထွက်မတတ် ပြည့်လျှံနေသော ခွန်အားပင်။

စနစ်၏ ဆုလာဘ်ကို စုပ်ယူလိုက်သည့် ခဏ၌ ယဲ့ဖန် စိတ်ထဲတွင် အတွေးတစ်ခု ဝင်လာခဲ့၏။ ယခင်က ရူးသွပ်နေသော နွားသိုး တစ်ကောင်ကို လက်သီး တစ်ချက်တည်းဖြင့် သတ်နိုင်ခဲ့သည် ဆိုပါက... ယခု အချိန်တွင် ဆင်ရိုင်းကြီး တစ်ကောင်ကိုပင် လက်သီး တစ်ချက်တည်းဖြင့် အသက်ပျောက်အောင် ထိုးသတ်နိုင်ပြီ ဖြစ်၏။

"ဒီလိုဆိုရင်တော့... နောက်ပိုင်း ဟို လျှို့ဝှက်ဆန်းကြယ်တဲ့ အဖွဲ့အစည်းနဲ့ ရင်ဆိုင်ရတဲ့အခါ ပိုပြီး သက်သောင့်သက်သာ ဖြစ်သွားပြီပေါ့..."

ခန္ဓာကိုယ်၏ ပြောင်းလဲမှုများကို ဆန်းစစ်ပြီးနောက် ယဲ့ဖန်၏ မျက်နှာထားက ပေါ့ပါးသွား၏။

သူက ချန်ဖေးအယ်ကို ဖုန်းဆက်ကာ တည်းခိုမည့် ဟိုတယ်လိပ်စာကို မေးမြန်းလိုက်၏။ ထို့နောက် တက္ကစီ တစ်စီး ငှားကာ အလျင်အမြန်ပင် လိုက်သွားတော့သည်။

Palace ဟိုတယ်။

နေမဝင် အင်ပါယာ၏ နာမည်ကျော် ကြယ်ငါးပွင့် ဟိုတယ်ကြီး ဖြစ်၏။

ယဲ့ဖန် ဟိုတယ် အခန်းရှေ့သို့ ရောက်သွားချိန်တွင် လေထုထဲ၌ ပျံ့လွင့်နေသော မိတ်ကပ်နံ့နှင့် ရေမွှေးနံ့ သင်းသင်းလေးကို ရလိုက်၏။

အစပိုင်းတွင်တော့ ဖြတ်သွားဖြတ်လာ ဧည့်သည်များ သို့မဟုတ် တခြား အခန်းမှ ဧည့်သည်များ၏ အနံ့ဟုသာ သူ ထင်မှတ်လိုက်မိသည်။

သို့သော် တံခါးခေါက်လိုက်ပြီး ချန်ဖေးအယ် တံခါးလာဖွင့်ပေးချိန်တွင်မူ အခန်းထဲမှ ထွက်ပေါ်လာသော အနံ့ကို ရလိုက်သည်နှင့် သူ့မျက်ဝန်းများက လှုပ်ရှားသွားတော့သည်။

"မင်း... မိတ်ကပ်တွေ ဝယ်ထားတာလား... ပြီးတော့ မိတ်ကပ်လိမ်းနည်းတွေပါ စပြီး လေ့လာနေပြီပေါ့..."

"ဘယ်သူပြောလဲ..."

ချန်ဖေးအယ်က ထိုစကားကို ကြားသောအခါ မျက်နှာ ပျက်သွား၏။

"သက်သေ မရှိဘဲ လျှောက်မပြောနဲ့နော်..."

"မဟုတ်ရင် ရှင့်ကို အသရေဖျက်မှုနဲ့ တရားစွဲလိုက်မယ်..."

"ကျွန်မလို လူမျိုးက ဘာကိစ္စ မိတ်ကပ်ဝယ်ပြီး မိတ်ကပ်လိမ်းနည်း လေ့လာရမှာလဲ..."

သူမက ယခင်အတိုင်း မိတ်ကပ် မလိမ်းထားသည့် မျက်နှာပေးဖြင့်သာ ရှိနေဆဲ ဖြစ်၏။

အပေါ်ယံ ကြည့်လိုက်လျှင်တော့ သူမ မျက်နှာပေါ်၌ မိတ်ကပ်လိမ်းထားသည့် အရိပ်အယောင် လုံးဝ မတွေ့ရချေ။

သို့သော် ယဲ့ဖန်ကတော့ မြင်နေရသည်။

သူမ၏ လက်ခုံပေါ်တွင် သေချာ မပြောင်စင်သေးသော နှုတ်ခမ်းနီရာ အနည်းငယ် ကျန်ရှိနေသေး၏။

သူမ၏ မျက်နှာပေါ်တွင်လည်း အလွန် သိမ်မွေ့သော မိတ်ကပ် အစအနလေးများ ရှိနေ၏။

သူမက အနည်းငယ် ပြာယာခတ်ကာ စိတ်လှုပ်ရှားနေပုံ ရပြီး၊ တစ်ဖက်တွင်လည်း ရှက်ရွံ့နေပုံ ရ၏။

ယဲ့ဖန်က ထုတ်မပြောတော့ဘဲ ပြုံး၍သာ အခန်းထဲသို့ ဝင်လိုက်၏။

"မိတ်ကပ်လိမ်းနည်း လေ့လာတာက ရှက်စရာ ကိစ္စမှ မဟုတ်တာ... မိန်းကလေးတွေ မိတ်ကပ် လေ့လာတာ ပုံမှန်ပဲလေ..."

"ဒါ့အပြင် ရှေးလူကြီးတွေ ပြောဖူးတဲ့ စကားတောင် ရှိသေးတယ်... 'အမျိုးသမီးတွေက သူတို့ကို ကြိုက်တဲ့ သူတွေအတွက် အလှပြင်ကြတယ်' တဲ့..."

"ခေါင်းဆောင်... ဘာလို့ ဒီလောက်တောင် စိတ်လှုပ်ရှားနေရတာလဲ..."

"ဖယ်စမ်း... ခွေးပါးစပ်ကနေ ဆင်စွယ် ထွက်ပါ့မလား..."

ချန်ဖေးအယ်က ပို၍ပင် ရှက်သွေးဖြာလာပုံ ရ၏။

"ဘယ်သူက သူ့ကို ကြိုက်တဲ့သူအတွက် အလှပြင်နေလို့လဲ... ဘယ်သူက မိတ်ကပ် လေ့လာနေလို့လဲ..."

"ကျွန်မ သတိပေးလိုက်မယ်နော်... နောက်တစ်ခါ အဲ့ဒီလို ပေါက်ကရတွေ လျှောက်မပြောနဲ့..."

"မဟုတ်ရင် ကျွန်မ စိတ်ဆိုးမှာနော်..."

ယဲ့ဖန် အခန်းထဲသို့ ရောက်သွားချိန်တွင် ဧည့်ခန်းရှိ ကော်ဖီစားပွဲ အံဆွဲထဲ၌ မိတ်ကပ်ပစ္စည်းများ ဝှက်ထားကြောင်း သင်းပျံ့နေသော အနံ့များအရ အတပ်သိလိုက်၏။

သူက တမင်သက်သက်ပင် ကော်ဖီစားပွဲဘေးရှိ ဆိုဖာပေါ်တွင် ဝင်ထိုင်လိုက်ပြီး ပန်းချီကားကို ဘေးချကာ ခြေထောက်နှစ်ဖက်ကို အံဆွဲလက်ကိုင်ပေါ်သို့ တင်လိုက်၏။

ထင်သည့်အတိုင်းပင် ချန်ဖေးအယ်၏ မျက်ခွံများ လှုပ်ရှားသွားသည်ကို တွေ့လိုက်ရ၏။

ထို့နောက် သူမက အလျင်အမြန်ပင် လိုက်လာပြီး သူ့ပေါင်ကို ဖွဖွလေး ရိုက်လိုက်၏။

"ထိုင်တာကလည်း မဆင်မခြင်နဲ့... ဘာပုံစံကြီးလဲ..."

"သေချာ ထိုင်စမ်းပါ..."

"ရှင့်ကို ပြောစရာ အရေးကြီးကိစ္စ ရှိတယ်..."

ယဲ့ဖန်က သူမကို ဖွင့်မချတော့ဘဲ ခြေထောက်ကို ပြန်ချလိုက်ကာ အပြုံးဖြင့် ဆိုလိုက်၏။

"နားထောင်နေပါတယ်... ပြောပါ..."

"အခုလောလောဆယ် အဓိက ကိစ္စ နှစ်ခု ရှိတယ်..."

ချန်ဖေးအယ်၏ မျက်နှာထားက တည်ကြည် လေးနက်သွား၏။

"ပထမ တစ်ခုကတော့ ရှင် မေပယ်ရွက်ပြခန်း ပိုင်ရှင် အနေနဲ့ ပရဟိတ လေလံပွဲကို တက်ရောက်မယ့် ကိစ္စပဲ..."

"ရှင့်အတွက် စာရင်းသွင်းတာတော့ ကျွန်မ လုပ်ပြီးသွားပြီ..."

"ပိုင်ဆိုင်မှု အထောက်အထား ပြဖို့ ကိစ္စကိုတော့ ရှင် ကိုယ်တိုင် လုပ်ရလိမ့်မယ်..."

"နေမဝင် အင်ပါယာရဲ့ တရားဝင် ထုတ်ပြန်ချက်အရ ပရဟိတ လေလံပွဲကို တက်ရောက်ဖို့ စာရင်းသွင်းတဲ့ ဘယ်သူမဆို စာရင်းသွင်းပြီး (၇) ရက်အတွင်း ပိုင်ဆိုင်မှု အထောက်အထား ပြရမယ်တဲ့... ပိုင်ဆိုင်မှု အထောက်အထား ပြပြီးမှသာ စာရင်းသွင်းခြင်း အောင်မြင်တယ်လို့ သတ်မှတ်မှာ..."

ယဲ့ဖန်က ခေါင်းညိတ်လိုက်၏။

"ပိုင်ဆိုင်မှု တန်ဖိုး ယွမ် (၁) ဘီလီယံ မဟုတ်လား..."

"ဟုတ်တယ်... ဒီကိစ္စကို အလွဲအချော် မဖြစ်စေနဲ့နော်..."

ချန်ဖေးအယ်က သတိပေးလိုက်၏။

"ဒီ အရည်အချင်း စစ်ဆေးမှု အောင်မြင်သွားရင် ကျွန်မတို့ နေမဝင် အင်ပါယာထဲမှာ လှုပ်ရှားရတာ အများကြီး အဆင်ပြေသွားလိမ့်မယ်..."

ယဲ့ဖန်က ထပ်မံ ခေါင်းညိတ်လိုက်ပြန်၏။

"စိတ်မပူပါနဲ့... ကိုယ် စီစဉ်လိုက်ပါ့မယ်..."

"ဒုတိယ ကိစ္စကို ဆက်ပြောရအောင်..."

"ဒုတိယ ကိစ္စကတော့ နေမဝင် အင်ပါယာ အတွင်းက ကျွန်မတို့ရဲ့ လှုပ်ရှားမှုတွေနဲ့ သက်ဆိုင်တယ်..."

ချန်ဖေးအယ်က ပထမ ကိစ္စကို ဆက်မပြောတော့ဘဲ ခေါင်းစဉ် ပြောင်းလိုက်၏။

"ဟိုတယ်ကို လာတဲ့ လမ်းမှာ ကျွန်မတို့ လူတွေ ဆီကနေ မမျှော်လင့်ထားတဲ့ သတင်း အချက်အလက် တစ်ခု ရလိုက်တယ်..."

"ထောက်လှမ်းရေး သတင်းအရ... နေမဝင် အင်ပါယာရဲ့ အကြီးဆုံး တရုတ်လူမျိုး အဖွဲ့အစည်း ဖြစ်တဲ့ 'ကြွယ်ဝခြင်း အသင်း' ရဲ့ ခေါင်းဆောင် 'ယွီကျင်းနမ်'က ကျွန်မတို့ နိုင်ငံရဲ့ အငြိမ်းစား အထူးတပ်ဖွဲ့ဝင်ဟောင်း တစ်ယောက် ဖြစ်နေတယ်တဲ့... ဒီလူက နိုင်ငံချစ်စိတ် အရမ်း ပြင်းထန်တယ်..."

"အကြောင်း အမျိုးမျိုးကြောင့် တရုတ်ပြည်ကနေ ထွက်ခွာပြီး နေမဝင် အင်ပါယာကို ရောက်လာခဲ့ပေမယ့်... တရုတ်ပြည်နဲ့ တရုတ်လူမျိုးတွေအပေါ် သံယောဇဉ် ကြီးမားတုန်းပဲ..."

"ပြီးတော့... သူ့မှာ တူမလေး တစ်ယောက် ရှိတယ်... အဲ့ဒီ တူမလေးနဲ့ ဆက်ဆံရေးက အရမ်း ကောင်းတယ်တဲ့..."

ယဲ့ဖန်က တိတ်ဆိတ်စွာ နားထောင်နေပြီး သိပ်တော့ ထွေထွေထူးထူး မတွေးမိသေးချေ။

သို့သော် ချန်ဖေးအယ် ဆက်ပြောလိုက်သည့် စကားများကမူ သူ့ကို အံ့သြသွားစေခဲ့၏။

"သူ့ တူမလေးက တရုတ်ပြည် ကျန်းနန် (ကျန်းနန်းဆိုတာ ကျန်းကောပါပဲ ) နယ်မြေမှာ ကြီးပြင်းလာတာတဲ့... ကျန်းနန် မှာတော့ တော်တော်လေး နာမည်ကြီးပုံ ရတယ်... 'ကျန်းနန် မြေအောက်လောကရဲ့ ဘုရင်မ' လို့တောင် တင်စား ခေါ်ဝေါ်ကြသတဲ့..."

"ကျွန်မတို့ လူတွေ စုံစမ်းကြည့်တော့... ဒီလူက မီးခိုးရောင် နယ်မြေ မှာ ကျင်လည်နေပေမယ့်... ကျွန်မတို့ ပူးပေါင်းဖို့ စည်းရုံးလို့ ရနိုင်တဲ့ ပစ်မှတ် တစ်ခု ဖြစ်နေတယ်..."

"ကျွန်မတို့ စဉ်းစားထားတာက... သူ့ တူမလေး နေမဝင် အင်ပါယာကို ရုတ်တရက် ရောက်လာတဲ့ အခွင့်အရေးကို အသုံးချပြီး သူနဲ့ အရင်ဆုံး အဆက်အသွယ် လုပ်ကြည့်မလို့... ပြီးမှ သူ့ကနေတဆင့် ယွီကျင်းနမ် နဲ့ ဆက်ဆံရေး တည်ဆောက်ပြီး 'ကြွယ်ဝခြင်း အသင်း' ရဲ့ အရင်းအမြစ် တချို့ကို ငှားရမ်း အသုံးပြုလို့ ရမလားလို့လေ..."

"..."

ချန်ဖေးအယ်၏ အကြံအစည် တစ်ခုလုံးကို ကြားလိုက်ရသောအခါ ယဲ့ဖန်မှာ ပြောစရာ စကားပင် ပျောက်ရှသွားရ၏။

"ကျန်းနန် မြေအောက်လောကရဲ့ ဘုရင်မ ဟုတ်လား..."

"ယွီဖုန်းရှန်း လား..."

"ဟုတ်တယ်..."

ချန်ဖေးအယ်က ခေါင်းညိတ်လိုက်၏။

"ရှင်က ကျန်းနန် မှာ နေဖူးတာဆိုတော့ သူနဲ့ ရင်းနှီးမှာပေါ့..."

‘ရင်းနှီးရုံတင် ဘယ်ကမလဲ…’

ယဲ့ဖန် စိတ်ထဲတွင် ကျိတ်ရယ်လိုက်မိသည်။

သူမ၏ ခန္ဓာကိုယ် တည်ဆောက်ပုံ တစ်ခုလုံးကိုတောင် သူက အလွတ်ရနေပြီ မဟုတ်ပါလော။

အရင်တုန်းက ယွီဖုန်းရှန်း ပြောဖူးသည်မှာ သူမတွင် နေမဝင် အင်ပါယာရှိ နာရေးအဖွဲ့အစည်း နှင့် ကြီးမားသော အမုန်းတရား ရှိကြောင်းနှင့် သူမတွင် သာမန် မဟုတ်သော ဦးလေး တစ်ယောက် ရှိကြောင်းသာ သူ သိထားခဲ့ခြင်း ဖြစ်သည်။

သူမ၏ ဦးလေးက 'ကြွယ်ဝခြင်း အသင်း' ၏ ဥက္ကဌ ယွီကျင်းနမ် ဖြစ်နေလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့မိပေ။

ယခု ချန်ဖေးအယ်က သူ့ကို ယွီဖုန်းရှန်းနှင့် ဆက်သွယ်ပြီး သူမ၏ ထောက်ခံမှုကို ရယူရန် ကြိုးစားစေချင်နေသည်ကို ကြားလိုက်ရသောအခါ ယဲ့ဖန်မှာ ပြောမပြတတ်အောင် ရယ်ချင်စိတ်ကို မနည်း ထိန်းထားလိုက်ရ၏။

ချန်ဖေးအယ်ကတော့ သူ့မျက်နှာထား အနည်းငယ် ပြောင်းလဲသွားသည်ကို သတိမထားမိပေ။ သူမက ဆက်ပြောလိုက်၏။

"လောလောဆယ်တော့ ကျွန်မတို့ လူတွေက ပြည်တွင်းက နည်းလမ်းတချို့ကို သုံးပြီး ယွီဖုန်းရှန်း နဲ့ အဆက်အသွယ် ရထားပြီးပြီ... ပြီးတော့ သူနဲ့ တွေ့ဆုံ ဆွေးနွေးချင်တဲ့ အကြောင်းကိုလည်း ပါးနပ်စွာ ကမ်းလှမ်းထားတယ်..."

"သူက သဘောတူတယ်တဲ့..."

"ဒီည ၇ နာရီမှာ တွေ့ဖို့ ချိန်းထားတယ်... နေရာကတော့ Palace ဟိုတယ်နဲ့ မဝေးတဲ့ မီရှဲလင်း (Michelin) စားသောက်ဆိုင် တစ်ဆိုင်မှာပေါ့…”

All Chapters