အခန်း (၁၆၅၃-၁၆၅၅)
Vol. 86 Ch. 1653-1655
အခန်း (၁၆၅၃) - ပုဂ္ဂိုလ်ရေးအငြိုးတွေ ပါနေသလားလို့တောင် ထင်ရတယ်
~"အစ်ကို... ခုနက ဟိုကောင် ဘယ်လောက်တောင် ယုတ်မာရိုင်းစိုင်းသလဲဆိုတာ အစ်ကို မသိပါဘူးဗျာ..."
"စားပွဲပေါ်က ပန်းကန်ပြားကို ယူပြီး ကျွန်တော့်မျက်နှာကို ရိုက်ပစ်လိုက်တာ... ပြီးတော့ ကျွန်တော့်ကို (၁၀) မီတာလောက် လွင့်ထွက်သွားအောင် ကန်လိုက်သေးတယ်..."
"သူက ကျွန်တော့်ကို လူလို့တောင် သဘောမထားဘူး..."
ဝီလိုးစ် ပြောနေသည့် လေသံက တကယ့်ကို 'မိန်းမဆန်ဆန် ချွဲနွဲ့သော' လေသံ ဖြစ်နေ၏။
မီရှဲလင်း စားသောက်ဆိုင် အဝတွင် ရှိနေကြသော လမ်းသွားလမ်းလာ အများစုမှာ ထိုအသံကို ကြားလိုက်ရသည့်အခါ ဆွံ့အသွားကြ၏။
သို့သော် ညာဘက်လက်တွင် ကျောက်ပတ်တီး စည်းထားသော၊ သန်မာထွားကျိုင်းသည့် လူတစ်ယောက်ကမူ ကားပေါ်မှ ဆင်းလာပြီး ထိုအရာများကို ကျင့်သားရနေသည့်ဟန်ဖြင့် ဂရုမစိုက်ပေ။
သူက ဝီလိုးစ်ကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး၊ ဒဏ်ရာရထားသော မျက်နှာကို စူးစိုက်ကြည့်ကာ အေးစက်စွာ မေးလိုက်၏။
"ဘယ်ကောင်လဲ..."
"ဟို တရုတ်ကောင်လေ..."
ဝီလိုးစ်က ပြောပြောဆိုဆိုပင် သူ့အစ်ကိုကို ခေါ်ဆောင်ကာ စားသောက်ဆိုင် အတွင်းသို့ ဝင်ရန် ပြင်လိုက်တော့သည်။
စားသောက်ဆိုင် အတွင်းတွင် စားသောက်နေကြသော လူအများစုမှာ ထိုမြင်ကွင်းကို မြင်လိုက်ရသည်နှင့် အကြည့်များကို အမြန် ပြန်ရုပ်လိုက်ကြ၏။
ထို့နောက်... ဘေလ်ရှင်းရန် အလုအယက် ပြင်ဆင်ကြတော့သည်။
ချက်ချင်းဆိုသလိုပင် ငွေများကို စားပွဲပေါ် ပစ်ချကာ ဤ ပြဿနာတက်နိုင်သော နေရာမှ အမြန်ဆုံး ထွက်ခွာသွားကြတော့၏။
ယဲ့ဖန်က ထိုအခြေအနေကို ရှင်းလင်းစွာ သတိပြုမိ၏။
ဝီလိုးစ်ကမူ ဘေးပတ်ဝန်းကျင်မှ ဖောက်သည်များ လေးညှို့သံ ကြားလိုက်ရသည့် ငှက်များပမာ လန့်ဖျပ်ကာ ထွက်ပြေးကုန်ကြသည်ကို မြင်လိုက်ရသောအခါ... သူ့မျက်နှာပေါ်မှ ကျေနပ်ပီတိဖြစ်မှုကို ဖုံးကွယ်ထားခြင်း မရှိပေ။
အထူးသဖြင့် ယဲ့ဖန်၏ အကြည့်က သူ့ဆီသို့ ရောက်လာချိန်တွင်... သူ့မျက်နှာ၌ မာန်မာနများနှင့် အငြိုးအတေးများဖြင့် ပြည့်နှက်သွားတော့သည်။
"အစ်ကို... ခဏနေရင် ကျွန်တော် ပန်းကန်ပြားနဲ့ သူ့မျက်နှာကို ပြန်ရိုက်ပြမယ်..."
"ပြီးရင် သူ့ကို ပြန်ကန်ပစ်မယ်..."
ဝီလိုးစ်က ယဲ့ဖန်၏ အကြည့်ကို ဂရုစိုက်ပုံ မရချေ။
ယဲ့ဖန်ကို တစ်ချက်သာ လှမ်းကြည့်လိုက်ပြီး သူ့အစ်ကိုဘက်သို့ ပြန်လှည့်ကြည့်လိုက်၏။
သို့သော် မမျှော်လင့်ဘဲ... ထိုအချိန်တွင် သူ့အစ်ကိုသည် အလွန် ကြောက်မက်ဖွယ် ကောင်းသော အရာတစ်ခုကို မြင်လိုက်ရသကဲ့သို့ ဖြစ်သွားရ၏။
မူလက ဘယ်သူ့ကိုမှ ဂရုမစိုက်သလို လျှောက်လှမ်းနေသော ခြေလှမ်းများ ရုတ်တရက် ရပ်တန့်သွား၏။
မျက်နှာပေါ်ရှိ မောက်မာဝင့်ကြွားသော အမူအရာများလည်း အေးခဲသွားရတော့သည်။
"အစ်ကို... ဘာဖြစ်လို့လဲ..."
ဝီလိုးစ် နားမလည်နိုင် ဖြစ်သွားရ၏။
"ဘာလို့ ရုတ်တရက်ကြီး..."
သို့သော် သူ့အစ်ကို ဘာမှ ပြန်မပြောနိုင်ခင်မှာပင်... အနည်းငယ် သရော်ထားသည့် အသံတစ်ခု ထွက်ပေါ်လာခဲ့ချေသည်။
"ဪ... ခင်ဗျားက သူ့အစ်ကိုးကိုး..."
ဝီလိုးစ် ခေါင်းလှည့်ကြည့်စရာပင် မလိုချေ... ဒါက သူ့ကို ငြင်းပယ်ခဲ့သော အာရှသား ချောချောလေး၏ အသံမှန်း သူ မှတ်မိနေ၏။
သူက ယဲ့ဖန်ဘက်သို့ အလျင်အမြန် လှည့်ကြည့်လိုက်ပြီး၊ ထို့နောက် သူ့အစ်ကိုဘက်သို့ ပြန်လှည့်ကြည့်လိုက်၏။
သူ့မျက်လုံးထဲတွင် အမြဲတမ်း ဩဇာတိက္ကမ ကြီးမားပြီး တွေ့သမျှလူတိုင်းက လေးစားရသော အစ်ကိုဖြစ်သူ၏ မျက်နှာပေါ်တွင်... ရှက်ရွံ့ခြင်းနှင့် ကြောက်လန့်ခြင်း အရိပ်အယောင်များ ယှက်သမ်းလာလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့မိပေ။
သူ့အစ်ကိုက ခါးကို ကုန်းလိုက်ပြီး သဘာဝမကျသော လေသံဖြင့် ပြန်ဖြေလိုက်၏။
"ဟု... ဟုတ်ကဲ့ပါ..."
ဝီလိုးစ် ပို၍ပင် နားမလည်နိုင် ဖြစ်သွားရတော့သည်။
"အစ်ကို...ဘာဖြစ်နေတာလဲ..."
" ဒီလူကို သိလို့လား..."
"ဘာလို့ ရုတ်တရက်ကြီး ဒီလိုပုံစံ ဖြစ်သွားရတာလဲ..."
သို့သော် သူ့အစ်ကိုက သူ့စကားကို ကြားပုံမရချေ။ ခါးကိုသာ ကိုင်းထားပြီး ယဲ့ဖန်ကို မျက်နှာချိုသွေးသော အမူအရာဖြင့် ကြည့်နေ၏။
"ခုနက ကျွန်တော့် ညီလေး သွားပြီး ရန်စမိတာ... ခင်ဗျား ဖြစ်နေတာလား..."
"ခင်ဗျား ဘယ်လို ထင်လို့လဲ..."
ယဲ့ဖန် ဖျော့တော့စွာ ပြုံးလိုက်၏။
အမှန်အတိုင်း ပြောရလျှင်... ဝီလိုးစ်၏ စစ်ကူ ရောက်မလာခင် အထိ... သူတို့က ရွှေသွားကြီး၏ လူတွေ ဖြစ်နေလိမ့်မည်ဟု ယဲ့ဖန် ထင်မထားခဲ့မိပေ။
ကမ္ဘာကြီးက တကယ် ကျဉ်းတာပဲ။
ဝီလိုးစ်၏ အစ်ကို ဖြစ်သူမှာမူ မစင် စားမိလိုက်သကဲ့သို့ မျက်နှာထား ဖြစ်သွားရ၏။
"အာ... တောင်းပန်ပါတယ်ဗျာ... သူ ခင်ဗျားကို ရန်စမိမှန်း ကျွန်တော် မသိလိုက်လို့ပါ..."
"စိတ်မဆိုးပါနဲ့နော်..."
"သူ့ကို ခင်ဗျားအစား ကျွန်တော် ပညာပေးလိုက်ပါ့မယ်..."
ပြောပြောဆိုဆိုပင်... ယဲ့ဖန် စိတ်ဆိုးသွားမည်ကို ကြောက်ရွံ့နေသည့်နှယ် သူက ရုတ်တရက် နောက်လှည့်လိုက်ပြီး... ကောင်းနေသေးသော ကျန်လက်တစ်ဖက်ဖြင့် ဝီလိုးစ်ကို အားကုန်လွှဲကာ ပါးရိုက်ချလိုက်တော့သည်။
"ဖြောင်း"
"ငါ မင်းကို ဘယ်နှစ်ခါ ပြောရမလဲ..."
"မင်းရဲ့ ခါးပတ် (အောက်ပိုင်း) ကို သေချာ ထိန်းစမ်းပါလို့ ပြောမထားဘူးလား... ချောမောတဲ့ ယောကျ်ားလေး တွေ့တိုင်း အငမ်းမရ မလုပ်စမ်းနဲ့..."
"ငါက နာရေးအဖွဲ့အစည်းရဲ့ ရွှေရောင်တပ်ဖွဲ့ဝင် ဖြစ်ပေမယ့်... မင်းရဲ့ မစင်တွေကို လိုက်ဆေးပေးဖို့ မွေးလာတာ မဟုတ်ဘူးကွ..."
ပါးရိုက်ချက် တစ်ချက်တည်းဖြင့်ပင် ဝီလိုးစ်၏ ခန္ဓာကိုယ်က လေထဲတွင် နှစ်ပတ် သုံးပတ်ခန့် လည်ထွက်သွားရ၏။
"အစ်ကို..."
ဝီလိုးစ် ကြောင်တောင်တောင် ဖြစ်နေဆဲပင်။ မြေကြီးပေါ်သို့ ဘုန်းခနဲ ပြုတ်ကျသွားပြီးနောက်... သူက နာကျည်းဝမ်းနည်းသော မျက်နှာထားဖြင့် မော့ကြည့်လိုက်၏။
"အစ်ကိုက..."
သို့သော် သူ စကားမဆုံးခင်မှာပင်... သူ့အစ်ကို၏ ပြင်းထန်သော တိုက်ခိုက်မှုများက ဆက်တိုက်ဆိုသလို ရောက်ရှိလာတော့သည်။
"ငလူး..."
"ငါ မင်းကို ဘာပြောထားလဲ မှတ်မိသေးလား..."
"ငါ့ကို ဒုက္ခမပေးနဲ့လို့ ပြောထားတယ် မဟုတ်လား..."
"တကယ်လို့ မင်းရဲ့ ခါးပတ်ကို မထိန်းနိုင်ရင်တောင်မှ... တစ်ခုခု မလုပ်ခင် ဘယ်သူ့ကို ရန်စလို့ ရမလဲ၊ ဘယ်သူ့ကို ရန်စလို့ မရဘူးလဲ ဆိုတာ အရင် စဉ်းစားဦးမှပေါ့..."
သူ့အစ်ကိုက ဒေါသတကြီး အော်ဟစ်ရင်း တရစပ် ကန်ကျောက်နေ၏။
ခဏကြာရုံ ရှိသေးသည်... ဝီလိုးစ်မှာ သွေးများ အန်လာပြီး အသက်လုကာ တောင်းပန်နေရတော့သည်။
ဒါတောင်မှ သူ့အစ်ကိုက မကျေနပ်နိုင်သေးသည့် ပုံပင်။
သူက ဝီလိုးစ်ကို နောက်ထပ် အချက်ပေါင်းများစွာ ထပ်မံ ကန်ကျောက်လိုက်သေး၏။
ဝီလိုးစ်၏ တောင်းပန်သံများ တိုးဝင်ပျောက်ကွယ်လုနီးပါး ဖြစ်သွားမှသာ...
သူက ရိုက်နှက်နေခြင်းကို ရပ်တန့်လိုက်ပြီး ယဲ့ဖန်ဘက်သို့ လှည့်ကြည့်လိုက်၏။
"ကြည့်ပါဦး... ကျွန်တော် သူ့ကို ဆုံးမလိုက်တာ... ခင်ဗျား ကျေနပ်ရဲ့လား..."
ယဲ့ဖန်လည်း ကြည့်နေရင်း... ဒီလူ ဝီလိုးစ်ကို ရိုက်နေတာ တကယ် လက်ရဲဇက်ရဲ နိုင်လွန်းတယ်လို့ တွေးလိုက်မိသည်။
ပုဂ္ဂိုလ်ရေး အငြိုးအတေးတွေတောင် ပါနေသလားဟု ထင်ရသည်။
ယခုအချိန်တွင် ဝီလိုးစ်မှာ အသက်ရှူဖို့ပင် ခက်ခဲနေပြီ ဖြစ်ကြောင်း မြင်လိုက်ရသဖြင့်... ယဲ့ဖန်က လက်ကာပြလိုက်၏။
"သူ့ကို ခေါ်ပြီး ထွက်သွားလိုက်တော့..."
"ပြန်ရောက်ရင် သူ့ကို သေချာ ဆုံးမထားဦး..."
"နောက်တစ်ခါ ထပ်တွေ့ရင်တော့... ဒီလောက်နဲ့ ပြီးမှာ မဟုတ်ဘူး..."
"ဟု... ဟုတ်ကဲ့ပါ ခင်ဗျာ..."
ဝီလိုးစ်၏ အစ်ကိုမှာ သိသိသာသာပင် သက်သာရာ ရသွားပုံ ရ၏။
သူက ခါးကို ကိုင်းလျက်သား အနေအထားဖြင့်ပင် ဝီလိုးစ်ကို မီရှဲလင်း စားသောက်ဆိုင် အပြင်ဘက်သို့ ဆွဲထုတ်သွားတော့သည်။
ထို့နောက် သူတို့ ထွက်ခွာသွားကြ၏။
မီရှဲလင်း စားသောက်ဆိုင် အတွင်း၌ ကျန်ရစ်ခဲ့သော ဖောက်သည် အများစုမှာမူ ဆွံ့အသွားကြ၏။
"အိုးဂေါ့ဒ်... ဒါက ဘယ်လို ဇာတ်လမ်းလဲ..."
"နာရေးအဖွဲ့အစည်းရဲ့ ရွှေရောင်တပ်ဖွဲ့ဝင် ရောက်လာတာ မြင်တော့... ဒီ အာရှသားလေးတော့ သေပြီလို့ ငါ ထင်လိုက်တာ..."
"အဆုံးသတ်မှာ သေလုနီးပါး ဖြစ်သွားတာက ဝီလိုးစ် ကိုယ်တိုင် ဖြစ်နေလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ..."
"ဒီ လူငယ်လေးက ကြောက်စရာ ကောင်းပုံပဲ..."
"ခုနက ဝီလိုးစ်ရဲ့ အစ်ကို လျှောက်လာတုန်းက... သူ့ကို မြင်လိုက်တာနဲ့ ကြောက်လွန်းလို့ သေးပါမတတ် ဖြစ်သွားသလိုပဲ..."
"အဲ့ဒီ အနေအထားကို ဘယ်လို ပြောရမလဲ... ရပ်ကွက် စကားနဲ့ ပြောရရင်... ကြွက်က ကြောင်ကို တွေ့လိုက်ရသလိုမျိုးပေါ့..."
"ပြီးတော့ ခုနက သူ ဝီလိုးစ်ကို ရိုက်နှက်နေတာလေ..."
"အမှန်အတိုင်း ပြောရရင်... သူတို့က ညီအစ်ကိုအရင်းတွေ ဆိုတာသာ မသိရင်... တစ်ယောက်နဲ့ တစ်ယောက် မွေးရာပါ ရန်သူတွေများလားလို့တောင် ထင်မိတယ်..."
"ရက်စက်လွန်းတယ်..."
"ဝီလိုးစ်တော့ အနည်းဆုံး တစ်နှစ်ခွဲလောက် ဆေးရုံတက်ပြီးမှ ပြန်ကောင်းလာမယ့် ပုံပဲ..."
"ဒီ အာရှသား လူငယ်လေးက ဘယ်သူများလဲ မသိဘူး..."
"..."
ယဲ့ဖန် ဘေးတွင် ထိုင်နေသော ယွီဖုန်းရှန်းပင်လျှင် ဆွံ့အလျက်သား ဖြစ်နေရ၏။
ဝီလိုးစ်၏ အစ်ကိုက ဝီလိုးစ်ကို ကားပေါ်သို့ ဆွဲတင်ပြီး မောင်းထွက်သွားသည့် အချိန် ရောက်မှသာ...
ယွီဖုန်းရှန်း အသိပြန်ဝင်လာပုံ ရ၏။ သူမက ယဲ့ဖန်ဘက်သို့ အလျင်အမြန် လှည့်ကြည့်လိုက်ပြီး မေးလိုက်၏။
"ရှင်... ရှင်က နာရေးအဖွဲ့အစည်းရဲ့ ရွှေရောင်တပ်ဖွဲ့ဝင်ကို သိနေတာလား..."
"မဟုတ်ဘူး... ပိုပြီး တိတိကျကျ ပြောရရင်... ရှင်က နာရေးအဖွဲ့အစည်းရဲ့ ရွှေရောင်တပ်ဖွဲ့ဝင်တွေနဲ့ အရင်က ထိပ်တိုက် ရင်ဆိုင်ဖူးတယ်ပေါ့... ဟုတ်လား..."
“....”
အခန်း (၁၆၅၄) - ဒါကြောင့် ခင်ဗျား မွေးကတည်းက ချစ်သူ မရှိဘဲ ဖြစ်နေတာ
~"ရင်ဆိုင်ဖူးတယ်... ဒါပေမယ့် သိပ်ပြီး မဟုတ်ပါဘူး..."
ယဲ့ဖန်က နောက်ပြောင်လိုက်၏။
ယွီဖုန်းရှန်းက ထိုစကား၏ အဓိပ္ပာယ်ကို နားလည်ပုံ မရချေ။ သူမ၏ လှပသော မျက်ဝန်းများ အရောင်လက်သွား၏။
"ဘာကို ဆိုလိုချင်တာလဲ..."
ယဲ့ဖန်က ခဏလောက် စဉ်းစားပြီးမှ ပြန်ဖြေလိုက်၏။
"သူ့ရဲ့ ညာဘက်လက်မှာ ပတ်တီးစည်းထားတာ မှတ်မိလား..."
ယွီဖုန်းရှန်း ခေါင်းညိတ်လိုက်၏။
"အဲ့ဒါ ကျွန်တော့်လက်ချက်လေ..."
""
"ရှင် သူ့ကို ကျောက်ပတ်တီး စည်းပေးခဲ့တာလား..."
"မဟုတ်ဘူး... သူ့ဂိုဏ်းသားတွေက ကျွန်တော့်ဆီက ပစ္စည်းတစ်ခု လုချင်ကြတာ... အဲ့ဒါနဲ့ သူရော သူ့ဂိုဏ်းသားတွေရော ကျွန်တော့်လက်ချက်နဲ့ ထောင်းမွှမ်းခံလိုက်ရတာ..."
ယဲ့ဖန်က ပြောရင်းဆိုရင်းပင်... ပန်းချီကား ဝယ်ယူပြီးနောက် ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများနှင့် နာရေးအဖွဲ့အစည်းမှ ရွှေရောင်တပ်ဖွဲ့ဝင်များနှင့် မည်သို့ ထိပ်တိုက်တွေ့ခဲ့ပုံကို အကျဉ်းချုံး ရှင်းပြလိုက်၏။
ယွီဖုန်းရှန်း နောက်ဆုံးတော့ သဘောပေါက်သွားပြီး သူမ၏ မျက်လုံးများထဲတွင် အံ့သြမှုများ ပြည့်နှက်သွား၏။
"ကျွန်မရဲ့ အာရုံခံစားမှုက မှန်နေတာပဲ..."
"ရှင် ရှိတဲ့ နေရာတိုင်းမှာ စိတ်လှုပ်ရှားစရာတွေ အမြဲ ရှိနေတတ်တယ်..."
"နေမဝင် အင်ပါယာကို ရောက်တဲ့ ပထမဆုံးနေ့မှာပဲ နာရေးအဖွဲ့အစည်းက ရွှေရောင်တပ်ဖွဲ့ဝင်တွေကို ရိုက်နှက်ပြီး ပစ္စည်းပြန်ယူနိုင်ခဲ့တဲ့ သမိုင်းတစ်လျှောက် ပထမဆုံး လူသားပဲ..."
ယဲ့ဖန်က ဒီအကြောင်းကို ဆက်မပြောချင်တော့သဖြင့် ပြုံးကာ စကားလမ်းကြောင်း လွှဲလိုက်၏။
"သမိုင်းတစ်လျှောက် ပထမဆုံး လူသား ဆိုပေမယ့်... အလုပ်သဘောအရ လှပတဲ့ အမျိုးသမီးလေး တစ်ယောက်ကို ကိုယ်ခန္ဓာ ရင်းပြီး သွားမြှူဆွယ်ရဦးမယ့် ဘဝပါဗျာ..."
ဒီတစ်ခါတော့ ယွီဖုန်းရှန်းလည်း ချက်ချင်း နားလည်သွားပုံ ရ၏။
သူမက ရှားရှားပါးပါးပင် ယဲ့ဖန်ကို မျက်စောင်းထိုးလိုက်၏။
"ကျွန်မကို ဒီလို နောက်ပြောင်ရဲတဲ့ နောက်ဆုံးလူက... ဒီဘဝမှာ တခြား ဘာအတွေးမှ မရှိတော့တဲ့ အထိ ဖြစ်သွားခဲ့တယ်နော်..."
ယဲ့ဖန်က ဂရုမစိုက်ပေ။
"ဒါကြောင့်လည်း ခင်ဗျား အခုထိ တစ်ကိုယ်တည်း ဖြစ်နေတာပေါ့..."
"တော်စမ်းပါ..."
ထိုအကြောင်း ပြောလိုက်သောအခါ ယွီဖုန်းရှန်း တစ်စုံတစ်ခုကို သတိရသွားသည့်နှယ် သူမ၏ မျက်နှာထား အနည်းငယ် ပျက်ယွင်းသွား၏။
"ဒီအကြောင်း ဒီမှာတင် ရပ်လိုက်ရအောင်..."
"ရှင် ဒီတစ်ခါ ကျွန်မကို လာတွေ့တာက 'ကြွယ်ဝခြင်း အသင်း' နဲ့ ဆက်ဆံရေး တည်ဆောက်ချင်လို့ မဟုတ်လား..."
"တကယ်တမ်း ဘာကိစ္စ ရှိလို့လဲ..."
ယဲ့ဖန်က နောက်ပြောင်နေခြင်းကို ရပ်တန့်လိုက်သည်။ ဤဆိုင်မှ အစားအသောက်ကောင်းများကို ခံစားရင်း... သူ နေမဝင် အင်ပါယာသို့ လာရောက်ရသည့် အဓိက ရည်ရွယ်ချက်ကို ပြောပြလိုက်၏။
သူ၏ တကယ့် ရည်ရွယ်ချက် အမှန်ကိုတော့ ယွီဖုန်းရှန်းကို ထုတ်မပြောခဲ့ပေ။
ဂျယ်ရီဘားရိုး မိသားစု၏ တန်ဖိုးကြီး စုဆောင်းမှု အချို့၊ အထူးသဖြင့် 'ကိုးပြည်ထောင် ဖိုကြီး' ကို လိုချင်၍ ရောက်လာခြင်း ဖြစ်ကြောင်းသာ ပြောပြလိုက်၏။
'ကြွယ်ဝခြင်း အသင်း' နှင့် ဆက်ဆံရေး တည်ဆောက်လိုပြီး၊ ဤနေရာတွင် လုပ်ငန်းကိစ္စများ အဆင်ပြေစေရန် သူတို့၏ အဆက်အသွယ် အချို့ကို ငှားရမ်း အသုံးပြုလိုကြောင်းလည်း ပြောပြလိုက်၏။
ယွီဖုန်းရှန်းက ကျန်းနန် မြေအောက်လောက ဘုရင်မ ပီသစွာပင် ပြတ်သားမှုကို ပြသလိုက်၏။ ယဲ့ဖန်၏ စကားများကို ကြားပြီးနောက် ချက်ချင်းပင် ပြန်ပြောလိုက်၏။
"တကယ်လို့ တခြားလူသာ ကျွန်မကို ဒီကိစ္စ လာပြောရင်... ကျွန်မ သေချာပေါက် ငြင်းလိုက်မှာ..."
"ဒါပေမယ့်... ရှင်က မစ္စတာယဲ့ ဖြစ်နေတယ်... ပြီးတော့ ကျွန်မကိုလည်း တစ်ကြိမ်မက ကူညီပေးခဲ့ဖူးတယ်... ကျွန်မ မျက်နှာသာ ပေးရမှာပေါ့..."
"ဒီနေ့ ပြန်ရောက်ရင် ကျွန်မ ဦးလေးနဲ့ တိုင်ပင်ပြီး ရှင် အဆင်ပြေအောင် ကူညီပေးပါ့မယ်..."
"ကျေးဇူးပါပဲ..."
ယဲ့ဖန် ပြန်ပြုံးပြလိုက်သည်။
မလာခင်ကတည်းက ဒီကိစ္စ အဆင်ပြေချောမွေ့မည်ဟု သိထားသော်လည်း... တကယ်တမ်း ဆွေးနွေးပြီးသွားသောအခါ စိတ်သက်သာရာ ရသွားမိ၏။
ယွီဖုန်းရှန်းက ဆက်ပြောလိုက်၏။
"ဒါပေမယ့်... ရှင် စိတ်ကိုတော့ ကြိုပြင်ဆင်ထားပါ..."
"'ကြွယ်ဝခြင်း အသင်း' က နေမဝင် အင်ပါယာရဲ့ နံပါတ်တစ် တရုတ်လူမျိုး အဖွဲ့အစည်း ဖြစ်ပေမယ့်... နာရေးအဖွဲ့အစည်းနဲ့ ယှဉ်လိုက်ရင်တော့ အင်အားချင်းက မိုးနဲ့မြေလို ကွာခြားနေတုန်းပဲ... မဟုတ်ရင် ကျွန်မနဲ့ ကျွန်မဦးလေး အခုချိန်ထိ လက်စားချေဖို့ ကြိတ်ကြံစည်နေစရာ မလိုဘူး..."
"ဒါကြောင့်... ရှင် ဆက်ဆံရေး တည်ဆောက်နိုင်ခဲ့ရင်တောင်မှ... ရှင် ထင်ထားသလောက် အသုံးဝင်ချင်မှ ဝင်လိမ့်မယ်..."
ယဲ့ဖန်က ဒီကိစ္စကို ဂရုမစိုက်ပေ။
ဘယ်လိုပဲဖြစ်ဖြစ်... သူက ကြက်ဥ အားလုံးကို ခြင်းတောင်း တစ်လုံးတည်းထဲ ထည့်တတ်သော လူစားမျိုးမှ မဟုတ်တာ။
သူက ပြုံးပြီး ပြောလိုက်၏။
"ကိစ္စ မရှိပါဘူး... ရည်မှန်းချက် အောင်မြင်ရင် ပြီးတာပါပဲ..."
"ကျွန်တော် ဂျပန်မှာ အလုပ်လုပ်တုန်းကဆိုရင်... ဒေသခံ တရုတ်အသိုင်းအဝိုင်းက ယာမာဂူချီဂိုဏ်းကို ဘယ်လိုမှ ယှဉ်နိုင်တာ မဟုတ်ဘူး... ဒါပေမယ့် သူတို့က ကျွန်တော်တို့ဘက်မှာ ရှိနေတယ် ဆိုတဲ့ အချက်လေး တစ်ချက်တည်းနဲ့တင် တော်တော်လေး အသုံးဝင်ခဲ့တာ..."
"ဒါပေါ့... နောက်ဆုံးမှာ သူတို့လည်း အများကြီး အကျိုးအမြတ် ရလိုက်တာပါပဲ..."
ယွီဖုန်းရှန်းလည်း ဂျပန်က အခြေအနေကို အနည်းအကျဉ်းတော့ သိထားပုံ ရ၏။
ခဏမျှ မှင်သက်သွားပြီးနောက် သူမက အံ့သြသော လေသံဖြင့် ဆိုလိုက်၏။
"မကြာသေးခင်ကပဲ ဂျပန် မြေအောက်လောကမှာ မုန်တိုင်းကြီး တစ်ခု ဖြစ်သွားတယ်လို့ ကြားတယ်..."
"ယာမာဂူချီဂိုဏ်းက အကြီးအကျယ် အပြောင်းအလဲတွေ ဖြစ်ပြီး အင်အားတွေ တော်တော်လေး ယုတ်လျော့သွားတယ် ဆိုပဲ..."
"ဂျပန်က ကျွန်မတို့ တရုတ် အသင်းအဖွဲ့တွေ ကျတော့... ယာမာဂူချီဂိုဏ်းရဲ့ ခြေဖဝါးအောက်မှာ အသက်ဆက်နေရတဲ့ ဘဝကနေ... ယာမာဂူချီဂိုဏ်းထက်တောင် သာလွန်တဲ့ အဖွဲ့အစည်း ဖြစ်လာတယ်တဲ့..."
ယဲ့ဖန် ပြုံးနေသော်လည်း ဘာမှ ပြန်မပြောပေ။
"ရှင်... ရှင် လုပ်လိုက်တာလား..."
ယွီဖုန်းရှန်း အသက်ပြင်းပြင်း ရှူလိုက်မိ၏။
ယဲ့ဖန်ကတော့ ပြုံးနေဆဲပင်။
ယွီဖုန်းရှန်း တစ်စုံတစ်ခုကို နားလည်သွားသည့် ပုံပင်။
သူမက ဓားနှင့် ခရင်းကို ချလိုက်ပြီး ခဏမျှ လေးလေးနက်နက် စဉ်းစားလိုက်၏။ ထို့နောက် ပြောလိုက်၏။
"ကျွန်မ ဦးလေးနဲ့ သေချာ ပြောကြည့်ပါ့မယ်..."
"ပြီးတော့... တကယ်လို့ 'ကြွယ်ဝခြင်း အသင်း' ရဲ့ အရင်းအမြစ်တွေ မလုံလောက်ဘူး ဆိုရင်လည်း... ကျွန်မ နောက်ထပ် နည်းလမ်း ရှာပေးပါ့မယ်..."
"ဒီမှာ ရှိတဲ့ 'ကြွယ်ဝခြင်း အသင်း' ရဲ့ အကြီးမားဆုံး အားကိုးရာနဲ့ ရှင် ဆက်သွယ်လို့ ရအောင် ကူညီပေးနိုင်မလား ကြည့်ပေးမယ်လေ..."
ယဲ့ဖန်က သူမ၏ စကားကို ကြားသောအခါ စားပွဲပေါ်မှ ဝိုင်ခွက်ကို မြှောက်လိုက်၏။ သူမကို ဂုဏ်ပြုစကား ပြောရန် ပြင်လိုက်စဉ်...
မမျှော်လင့်ဘဲ... ထိုအချိန်တွင် စနစ်၏ အသိပေးသံ ထပ်မံ ထွက်ပေါ်လာခဲ့ချေသည်။
[ စနစ်မှ အခွင့်အလမ်းသစ် လမ်းကြောင်းပြခြင်းကို ရှာဖွေတွေ့ရှိပါတယ်...ပိုင်ရှင်... ကျေးဇူးပြုပြီး ဒီနေရာမှာ ရှိနေတဲ့ စားသောက်သူများ၊ ဒီ အဆောက်အအုံထဲက ဆိုင်ရှင်တွေနဲ့ ဧည့်သည်တွေ အားလုံးကို ဒီနေရာကနေ အမြန်ဆုံး ထွက်ခွာသွားဖို့ ချက်ချင်း စည်းရုံးပါ... ]
[ ဒီ စားသောက်ဆိုင် ဘေးက မြေအောက် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ပေါက်ကွဲတော့မယ့် အခြေအနေ ရောက်နေပါပြီ... အဆောက်အအုံ အတွင်းက မီးလောင်လွယ်တဲ့ ဓာတ်ငွေ့ ပမာဏက ပေါက်ကွဲနိုင်တဲ့ အဆင့်ကို ရောက်ရှိတော့မှာ ဖြစ်ပြီး ကြီးမားတဲ့ ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာတော့မှာပါ...]
[ ပိုင်ရှင်... မတော်တဆမှု မဖြစ်ပွားခင် အနီးနားက ဆိုင်ခန်းတွေနဲ့ နေထိုင်သူတွေကို တတ်နိုင်သမျှ ကယ်တင်ပြီး ဘေးလွတ်ရာ ရွှေ့ပြောင်းပေးပါ... ]
ယဲ့ဖန်၏ ရင်ထဲတွင် တုန်လှုပ်သွားရ၏။
‘ဘေးနားက သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ပေါက်ကွဲတော့မယ် ဟုတ်လား...
ပတ်ဝန်းကျင် အဆောက်အအုံတွေထဲ စီးဝင်နေတဲ့ မီးလောင်လွယ် ဓာတ်ငွေ့ ပမာဏက ပေါက်ကွဲနိုင်တဲ့ အဆင့်ရောက်ပြီး ပေါက်ကွဲမှုကြီး ဖြစ်တော့မယ်တဲ့လား…’
စနစ်ကို ရရှိပြီးကတည်းက သည်လောက် အသေးစိတ်ပြီး လေးနက်သော မိတ်ဆက် ရှင်းလင်းချက်မျိုး ပေးတာ ဒါ ပထမဆုံး အကြိမ်ဟု ထင်ရ၏။
အခြေအနေက တော်တော်လေး စိုးရိမ်ရပုံပဲ...။
ယဲ့ဖန်က ချက်ချင်းပင် အသက်အောင့်လိုက်ပြီး အာရုံစိုက်ကာ ပတ်ဝန်းကျင်ရှိ အနံ့များကို လေးလေးနက်နက် အာရုံခံ ခွဲခြားလိုက်၏။
ထိုသို့ လေးလေးနက်နက် အာရုံခံလိုက်မှသာ...
ပတ်ဝန်းကျင်ရှိ အစားအသောက်နံ့များ၊ ဝိုင်နံ့များနှင့် ရေမွှေးနံ့များ ကြားထဲမှ... နိုင်ငံတိုင်းလိုလိုတွင် သဘာဝဓာတ်ငွေ့နှင့် ရောနှော အသုံးပြုလေ့ရှိသော 'သိုင်ယော' (Thiol - ဆာလ်ဖာ ပါဝင်သော အနံ့ဆိုး) အနံ့ကို သူ ရလိုက်လေတော့သည်။
ယဲ့ဖန် ချက်ချင်း မတ်တတ်ထရပ်လိုက်ပြီး ပိုက်ဆံ စက္ကူ အချို့ကို စားပွဲပေါ် ပစ်ချကာ... အနံ့ထွက်ပေါ်နေသော နေရာဆီသို့ အပြေးအလွှား သွားလိုက်လေတော့သည်။
ဘေးနားရှိ ယွီဖုန်းရှန်းမှာမူ နားမလည်နိုင် ဖြစ်သွားရ၏။
ယဲ့ဖန် စကားပြောနေရင်း ရုတ်တရက် ရပ်သွားပြီး ဤကဲ့သို့ တုံ့ပြန်လိုက်သည်ကို မြင်လိုက်ရသဖြင့်... သူမလည်း အလျင်အမြန်ပင် နောက်မှ လိုက်သွားလိုက်၏။
"ဘာဖြစ်လို့လဲ..."
"တစ်ခုခု ဖြစ်လို့လား..."
"ဘာလို့ ရုတ်တရက်ကြီး ဒီလို မျက်နှာထားနဲ့ ဒီလို တုံ့ပြန်..."
"စကား မပြောနဲ့ဦး..."
သို့သော် ယဲ့ဖန်က သူမ၏ မေးခွန်းကို ဖြတ်ပြောလိုက်၏။
"ပုံမှန်မဟုတ်တဲ့ အနံ့ တစ်ခု ရနေတယ်... ကျွန်တော် အဲ့ဒီ အနံ့ရဲ့ အရင်းအမြစ်ကို သေချာ အာရုံခံပြီး ရှာနေတာ..."
"ခဏ၊ ခင်ဗျား စကားပြောလိုက်ရင် ကျွန်တော် အာရုံလွင့်သွားလိမ့်မယ်..."
ပြောပြောဆိုဆိုပင် သူသည် နောက်မှ လိုက်လာသော ယွီဖုန်းရှန်းကို ဂရုမစိုက်တော့ဘဲ... အနံ့ကို ခြေရာခံကာ ထို နေရာဆီသို့ ဦးတည်
သွားလိုက်လေတော့သည်။
"ပုံမှန်မဟုတ်တဲ့ အနံ့ ဟုတ်လား... ကျွန်မကျတော့ ဘာလို့ မရပါလိမ့်..."
ယွီဖုန်းရှန်း ပို၍ပင် နားမလည်နိုင် ဖြစ်သွားရ၏။ ခဏမျှ ကြောင်အမ်းအမ်း ဖြစ်သွားပြီးနောက်... သူမလည်း အလျင်အမြန်ပင် နောက်မှ လိုက်သွားလိုက်၏။
‘ဒါပေမယ့်... ပုံမှန် မဟုတ်တဲ့ အနံ့လေး တစ်ခုပဲလေ... ဒီလောက်ကြီး အလေးအနက်ထားပြီး တုံ့ပြန်နေစရာ လိုလို့လား…’
အခန်း (၁၆၅၅) - ကျွန်တော်တို့ကို ဆရာလာလုပ်နေတာလား
~သေချာတာပေါ့... ယွီဖုန်းရှန်းကတော့ ထိုစကားမျိုး လုံးဝ ပြောမှာ မဟုတ်ပါ။
သူမက ယဲ့ဖန်ကို အပြည့်အဝ ယုံကြည်၏။
သူမ၏ ဦးလေး ယွီကျင်းနမ်ထက်တောင် ယဲ့ဖန်ကို ပို၍ လေးစားယုံကြည်နေမိသေး၏။
သူမသည် ယဲ့ဖန်၏ နောက်မှလိုက်ကာ မီရှဲလင်း စားသောက်ဆိုင် အပြင်ဘက် လမ်းမကြီးသို့ ထွက်လာခဲ့၏။ လမ်းမအတိုင်း မီတာ အနည်းငယ် လျှောက်လာပြီးနောက်... အဝေးမှ ခြံစည်းရိုး ခတ်ထားသော နေရာတစ်ခုကို လှမ်းမြင်လိုက်ရ၏။
လမ်းပြင်ဆင်ရေး ကုမ္ပဏီ တစ်ခုက လမ်းဘေး ပတ်ဝန်းကျင်တွင် ပြုပြင်ရေး လုပ်ငန်းခွင် တစ်ခု ဖွင့်လှစ်ထားခြင်း ဖြစ်၏။
ထိုနေရာသို့ ရောက်မှသာ ယွီဖုန်းရှန်းသည် လေထုထဲတွင် အလွန် သိမ်မွေ့ပြီး သတိထားမိရန် ခက်ခဲသော သဘာဝဓာတ်ငွေ့ အနံ့ ပျော့ပျော့လေး တစ်ခုကို စတင် ရလိုက်လေတော့သည်။
သူမ အံ့သြမှင်သက်သွားရ၏။
သူမ၏ ခြေလှမ်းများလည်း ရုတ်တရက် ရပ်တန့်သွားရတော့၏။
...
သူမ၏ ရှေ့မှ ယဲ့ဖန်ကတော့ ရပ်တန့်မနေပေ။
သဘာဝဓာတ်ငွေ့ ယိုစိမ့်မှုသည် ရှေ့နားမှ လမ်းပြုပြင်ရေး လုပ်ငန်းခွင်မှ လာခြင်း ဖြစ်ကြောင်း သူ အတည်ပြုလိုက်ပြီ ဖြစ်၏။
သို့သော် သူသည် အာရုံစူးစိုက်မှုကို လျှော့ချခြင်း မရှိဘဲ လေထုထဲရှိ အနံ့များကို သေချာစွာ ဆက်လက် ခွဲခြား စိစစ်နေ၏။
ပေါ့ဆမှုကြောင့် အရေးကြီးသော သတင်းအချက်အလက် တစ်ခုခု လွတ်သွားပြီး မှားယွင်းစွာ ဆုံးဖြတ်မိမည်ကို ကာကွယ်ရန် အတွက် ဖြစ်၏။
သူသည် ခြံစည်းရိုး ခတ်ထားသော လုပ်ငန်းခွင် တစ်ဝိုက်ကို လှည့်ပတ် ကြည့်ရှုလိုက်ပြီး... တခြား နေရာများမှ သဘာဝဓာတ်ငွေ့ အနံ့များလည်း ထိုနေရာမှပင် ထွက်ပေါ်လာနေကြောင်း အတည်ပြုလိုက်၏။ ထိုအခါမှသာ သူသည် ခြေလှမ်းကို ရပ်တန့်လိုက်ပြီး လုပ်ငန်းခွင်ကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်၏။
ထိုအချိန်တွင် လုပ်ငန်းခွင် အတွင်း၌ လူများနှင့် စက်ယန္တရားများ အများအပြား အလုပ်ရှုပ်နေကြဆဲ ဖြစ်၏။
ထိုအထဲမှ တစ်ခုမှာ မြေအောက်သို့ ဖိအားပြင်းစွာဖြင့် ဘိလပ်မြေလောင်းထည့်သည့် စက် (Jet Grouting Pile) ဖြစ်၏။
ဆူညံသံများ အလွန် ကျယ်လောင်နေရုံသာမက... ပတ်ဝန်းကျင် တစ်ခုလုံးလည်း ဖုန်မှုန့်များဖြင့် ဖုံးလွှမ်းနေ၏။
သာမန်လူ တစ်ယောက် အဖို့ ပုံမှန် အသက်ရှူဖို့ပင် ခက်ခဲနေမည် ဖြစ်ရာ... အနံ့ခံနိုင်ဖို့ ဆိုသည်မှာ ဝေလာဝေးပင်။
အလုပ်သမားများ အားလုံး ထူထဲသော N95 Maskများ တပ်ဆင်ကာ အလုပ်လုပ်နေကြသည်ကို ယဲ့ဖန် တွေ့လိုက်ရ၏။
လေထုထဲမှ ထူးခြားမှုကို ဘယ်သူမှ သတိထားမိပုံ မရပေ။
သူ ဘေးဘီဝဲယာကို ကြည့်လိုက်ရာ... လူများ ကပ်မလာစေရန်နှင့် လုပ်ငန်းခွင်ကို မနှောင့်ယှက်စေရန် စောင့်ကြပ်နေသော အလုပ်သမား တစ်ဦးကို တွေ့လိုက်ရ၏။ သူက ချက်ချင်းပင် အနားသို့ သွားလိုက်ပြီး မေးလိုက်၏။
"ဒီ လုပ်ငန်းခွင်ရဲ့ တာဝန်ခံက ဘယ်သူလဲ..."
အလုပ်သမားက သေချာ မကြားရသဖြင့် ယဲ့ဖန် အနားသို့ တိုးကပ်လာပြီး ကျယ်လောင်စွာ မေးလိုက်၏။
"ဘာပြောလိုက်တာလဲ..."
ယဲ့ဖန်ကလည်း အသံကို မြှင့်လိုက်၏။
"ဒီနေရာရဲ့ တာဝန်ခံက ဘယ်သူလဲလို့ မေးနေတာ..."
"သူ့ကို မေးစရာ ရှိလို့..."
အလုပ်သမားက ထိုစကားကို ကြားသောအခါ တစ်ခုခု အထင်လွဲသွားပုံ ရ၏။
သူက ယဲ့ဖန်ကို အကဲခတ်သလို ကြည့်လိုက်၏။
ယဲ့ဖန်၏ သာမန် မဟုတ်သော အရှိန်အဝါကို မြင်လိုက်ရသောအခါ... သူက ဆောက်လုပ်ရေး စက်ယန္တရားများ ဘေးသို့ အလျင်အမြန် လျှောက်သွားပြီး မျက်နှာနီနီနှင့် လူလတ်ပိုင်း တစ်ဦးကို တိုးတိုးတိတ်တိတ် သွားပြောလိုက်၏။
ထို့နောက် ထို လူလတ်ပိုင်း အမျိုးသားကို ခေါ်ဆောင်လာခဲ့၏။
"ကျွန်တော်က ပီတာ (Peter) ပါ... ဒီနေရာရဲ့ တာဝန်ခံပါ..."
"ကျွန်တော့်ကို ရှာနေတယ်လို့ ကြားတယ်..."
လူလတ်ပိုင်း အမျိုးသားက စကားပြောရင်း ယဲ့ဖန်ကို ခေါင်းအစ ခြေအဆုံး ကြည့်လိုက်၏။
ယဲ့ဖန်က သူ့အပြုအမူကို ဂရုမစိုက်ဘဲ ပြောလိုက်၏။
"ဟုတ်တယ်..."
"ခုနက သဘာဝဓာတ်ငွေ့ အနံ့ ရလိုက်လို့ ဒီထိ လိုက်လာခဲ့တာ..."
"ခင်ဗျားတို့ရဲ့ စက် (Jet Grouting Pile) က မြေအောက် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကို ထိခိုက်မိပြီး ဓာတ်ငွေ့တွေ ယိုစိမ့်နေတယ်..."
"အန္တရာယ် မဖြစ်ခင် အလုပ် ခဏရပ်ပြီး ချက်ချင်း စစ်ဆေးကြည့်တာ ကောင်းမယ်..."
"ပေါက်ကရတွေ..."
လူလတ်ပိုင်း အမျိုးသားက ထိုစကားကို ကြားသည်နှင့် ဒေါသထွက်သွား၏။
"ကျွန်တော်တို့ရဲ့ ဆောက်လုပ်ရေးက စံချိန်စံညွှန်းနဲ့အညီ အမြဲတမ်း တင်းတင်းကျပ်ကျပ် လုပ်ဆောင်တာပါ... မြေအောက် ပိုက်လိုင်းတွေကို ထိခိုက်မိစရာ အကြောင်း မရှိဘူး..."
"ပြီးတော့ ခင်ဗျား ပြောတဲ့ သဘာဝဓာတ်ငွေ့ အနံ့ ဆိုတာကိုလည်း ဒီမှာရှိတဲ့ ဘယ်သူမှ မရကြဘူး..."
"ခင်ဗျားက ဘယ်သူမို့လို့... သဘာဝဓာတ်ငွေ့ ယိုစိမ့်နေတယ် ဆိုပြီး အလုပ်နားခိုင်းနေရတာလဲ..."
ယဲ့ဖန်က သူ့ကို ပြန်မငြင်းခုံဘဲ... သူနှင့် အခြား အလုပ်သမားများ တပ်ဆင်ထားသော N95 မျက်နှာဖုံးများကိုသာ ကြည့်လိုက်၏။
"မယုံရင် အလုပ် ခဏ ရပ်လိုက်... ဖုန်တွေ နည်းနည်း ငြိမ်သွားတဲ့ အချိန်ကျမှ မျက်နှာဖုံးတွေ ချွတ်ပြီး နမ်းကြည့်လိုက်..."
"ဒါမှမဟုတ်... ပရော်ဖက်ရှင်နယ် ကိရိယာတွေ သုံးပြီး အရင် စမ်းသပ်ကြည့်လို့ ရတာပဲ..."
သို့သော် လူလတ်ပိုင်း အမျိုးသားက အနာပေါ် တုတ်ကျသွားသကဲ့သို့ ဖြစ်သွားရ၏။ ယဲ့ဖန် စကားမဆုံးခင်မှာပင် ဒေါသတကြီး ပြန်အော်လိုက်တော့သည်။
"ခင်ဗျားက ကျွန်တော်တို့ကို ဆရာ လာလုပ်နေတာလား..."
"ပြောလိုက်မယ်... ကျွန်တော်တို့ ကုမ္ပဏီက ဆောက်လုပ်ရေး စံချိန်စံညွှန်းတွေကို အမြဲတမ်း တိတိကျကျ လိုက်နာတယ်... သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ယိုစိမ့်တယ် ဆိုတာ ဖြစ်ကို မဖြစ်နိုင်ဘူး..."
"ကျွန်တော့် စိတ်ရှည်မှု မကုန်ခင် အခုချက်ချင်း ထွက်သွားလိုက်တော့... နားလည်လား..."
"မဟုတ်ရင် ရဲခေါ်ပြီး... မြို့တော် စည်ပင် လမ်းလုပ်ငန်းကို နှောင့်ယှက်မှုနဲ့ တိုင်ပစ်လိုက်မယ်..."
ယွီဖုန်းရှန်းက ထိုစကားကို ကြားသောအခါ ဒေါသထွက်သွားပြီး ချက်ချင်း ရှေ့တိုးလာ၏။
"ရှင် ဘာစကား ပြောတာလဲ..."
"မစ္စတာယဲ့က စေတနာနဲ့ သတိပေးနေတာကို..."
သို့သော် ယဲ့ဖန်က သူမကို လှမ်းဆွဲထားလိုက်၏။
"သေချင်နေတဲ့ လူကို တရားဟောလို့ မရဘူး..."
"ပြောသင့်တာတွေ ပြောပြီးပြီပဲ..."
"သူတို့ မယုံချင်မှတော့လည်း သူတို့ သဘောပေါ့..."
ပြောပြောဆိုဆိုပင် ယဲ့ဖန်သည် ယွီဖုန်းရှန်းကို ခေါ်ပြီး ထွက်ခွာလာခဲ့လေတော့သည်။
တာဝန်ခံ ပီတာကတော့ လုံးဝ ဂရုစိုက်ပုံ မရပေ။
သူ့မျက်နှာပေါ်တွင် မထီမဲ့မြင် ပြုံးနေသော အပြုံးတစ်ခုသာ ရှိနေ၏။
သို့သော်... ယဲ့ဖန်နှင့် ယွီဖုန်းရှန်း ထွက်သွားပြီးနောက်... သူက စက်မောင်းနေသော အလုပ်သမားကို အလျင်အမြန် လှမ်းတားလိုက်၏။
ထို့နောက် သဘာဝဓာတ်ငွေ့ ပမာဏ တိုင်းတာသည့် ကိရိယာကို ယူလာရန် လက်အောက်ငယ်သားများကို ခိုင်းလိုက်၏။
သူ့ကို သတင်းပို့သည့် အလုပ်သမားက နားမလည်နိုင် ဖြစ်သွားရ၏။
"မန်နေဂျာ... ခုနကပဲ ဒီမှာ သဘာဝဓာတ်ငွေ့ ယိုစိမ့်တာ မရှိဘူးလို့ ပြောလိုက်တယ် မဟုတ်လား..."
"ဒါကြောင့်လည်း ငါက မန်နေဂျာ ဖြစ်နေပြီး... မင်းက ဝန်ထမ်းပဲ ဖြစ်နေတာပေါ့..."
ပီတာက သူ့ကို မျက်စောင်းထိုးလိုက်၏။
"ခုနက ဟို အာရှသား နှစ်ယောက်ရှေ့မှာသာ ငါ စစ်ဆေးပြလိုက်ရင်... ကျွန်တော်တို့ရဲ့ ဆောက်လုပ်ရေးမှာ ပြဿနာ ရှိနေတယ် ဆိုတာ ဝန်ခံလိုက်သလို ဖြစ်မသွားဘူးလား... ငါ ပြဿနာ မတက်နိုင်ဘူးလား..."
"တစ်ခုခု ရှိရင်တောင် တံခါးပိတ်ပြီး ကိုယ့်ဘာသာ ဖြေရှင်းရမှာပေါ့... ဟုတ်တယ် မဟုတ်လား..."
"မဟုတ်ရင်... တကယ်လို့ တစ်ခုခု ဖြစ်သွားရင် ကျွန်တော်တို့လို ကုမ္ပဏီမျိုးက တတ်နိုင်မှာ မဟုတ်ဘူး..."
အလုပ်သမားက ချက်ချင်းပင် မန်နေဂျာကို ချီးကျူးလိုက်၏။
"မန်နေဂျာ့ ကျေးဇူးပါပဲဗျာ... တကယ် အမြော်အမြင် ရှိတာပဲ..."
"ပြဿနာကို ချက်ချင်း မြင်တတ်တယ်..."
ပီတာ ပြုံးလိုက်သည်။ စက်သံ ရပ်သွားပြီး သူ့လူတွေက ဓာတ်ငွေ့တိုင်း ကိရိယာ ယူလာကြသောအခါ... သူက တစ်ယောက်ယောက်ကို အမြန် စမ်းသပ်ခိုင်းလိုက်၏။
သို့သော် ထိုအချိန်မှာပင်... စက်မောင်းသည့် အလုပ်သမားက အလောတကြီး ပြေးလာခဲ့၏။
"မန်နေဂျာ... ပြဿနာကြီး တက်ပြီ..."
"ခုနက မန်နေဂျာ အလုပ်နားခိုင်းလိုက်တုန်း... ကျွန်တော် အကျင့်ပါနေလို့ သွားကြည့်လိုက်မိတာ... မြေအောက်က သဘာဝဓာတ်ငွေ့ ပိုက်လိုင်း တစ်ခု ကျိုးနေတယ်ဗျ..."
"ပြီးတော့ ကြည့်ရတာ... ပျက်စီးနေတာ ကြာပြီနဲ့ တူတယ်..."
ထို့နောက်... သဘာဝဓာတ်ငွေ့ ပမာဏ တိုင်းတာရေး ကိရိယာ ကိုင်ထားသော ဝန်ထမ်း၏ မျက်နှာထားကလည်း အလွန် အရုပ်ဆိုး အကျည်းတန်လာ၏။
"ပတ်ဝန်းကျင်က သဘာဝဓာတ်ငွေ့ ပမာဏက (၂၇) ရာခိုင်နှုန်း ရောက်နေပြီဗျ..."
"ပေါက်ကွဲနိုင်တဲ့ သိပ်သည်းဆကို အများကြီး ကျော်လွန်နေပြီ..."
"မီးပွင့် တစ်ခုခုနဲ့ ထိလိုက်တာနဲ့... ဒါမှမဟုတ် အပူချိန် မြင့်သွားတာနဲ့... ချက်ချင်းကို ကြီးမားတဲ့ ပေါက်ကွဲမှုကြီး ဖြစ်တော့မယ်..."
ပီတာ၏ ပြုံးနေသော မျက်နှာကြီး ချက်ချင်း တောင့်တင်းသွားရ၏။
"(၂၇) ရာခိုင်နှုန်း ဟုတ်လား..."
"ဟုတ်ကဲ့ပါ ခင်ဗျာ..."
တိုင်းတာရေး ဝန်ထမ်းက တစ်ခုခု ဖြစ်သွားမည်ကို ကြောက်ရွံ့နေသည့်နှယ် ပြောလိုက်၏။
"မန်နေဂျာ... ကျွန်တော် ဒီနေရာမှာ ဆက်မနေရဲတော့ဘူး..."
"ကျွန်တော် သွားတော့မယ်..."
"ကိုယ့်ဘာသာပဲ ကြည့်ရှင်းကြတော့ဗျာ..."
ပြောပြောဆိုဆိုပင် သူသည် ဘေးကင်းရေး ဦးထုပ် (Safety Helmet) ကို ချွတ်ကာ အမြန်ဆုံး ထွက်ပြေးသွားတော့သည်။
"ချီးပဲကွာ..."
ပီတာ ချက်ချင်း ဆဲရေးလိုက်မိသည်။
သို့သော် ဆဲသာ ဆဲနေရသည်... သဘာဝဓာတ်ငွေ့ ယိုစိမ့်မှု၏ အန္တရာယ်နှင့် ပြင်းထန်မှုကို သိသော ဝန်ထမ်း ထွက်ပြေးသွားသည်ကို မြင်လိုက်ရသောအခါ... သူလည်း တစ်ခဏသာ တုံ့ဆိုင်းနေပြီး ဘေးကင်းရေး ဦးထုပ်ကို ချွတ်ကာ ထွက်ပြေးရန် ပြင်လိုက်တော့သည်။
ရဲခေါ်ဖို့ ကိစ္စတို့၊ ပတ်ဝန်းကျင်ကို သတိပေးဖို့ ကိစ္စတို့ ဆိုတာတွေကတော့... သူ့နှင့် မဆိုင်သလိုပင် လျစ်လျူရှု ထားလိုက်လေတော့သည်။