← Chapters

အခန်း (၁၆၅၆-၁၆၅၈)

Vol. 87 Ch. 1656-1658

အခန်း (၁၆၅၆-၁၆၅၈)

Vol. 87 Ch. 1656-1658

အခန်း (၁၆၅၆) - တစ်လမှ ထောင်ဂဏန်း ရတဲ့ဟာ... ဘာကိစ္စ အသက်စွန့်ရမှာလဲ

~မန်နေဂျာ ပီတာ ထွက်ပြေးသွားသည်နှင့် တစ်ပြိုင်နက်... လမ်းပြုပြင်ရေး လုပ်ငန်းခွင်မှ အလုပ်သမားများလည်း ကြောက်လန့်တကြား ဖြစ်ကုန်ကြတော့သည်။

"မန်နေဂျာရော ဓာတ်ငွေ့တိုင်းတဲ့ တာဝန်ခံရော ထွက်ပြေးကုန်ကြပြီ... ငါတို့ ဘယ်လို လုပ်ကြမလဲ..."

"ပြဿနာကြီး ဖြစ်တော့မယ့်ပုံပဲ..."

"ငါတို့လည်း ထွက်ပြေးကြရင် ကောင်းမလား..."

"တစ်လမှ ထောင်ဂဏန်းလောက် ရတဲ့ဟာ... ဘာကိစ္စ အသက်စွန့်ရမှာလဲကွ..."

"ဘာပဲဖြစ်ဖြစ်... ပြဿနာတက်ရင် ငါတို့ တာဝန်မှ မဟုတ်တာ..."

"မိုးပြိုရင် ဒေါက်နဲ့ ထောက်မယ့်လူ ရှိမှာပါကွာ..."

"တာဝန်ရှိတာက ကုမ္ပဏီပိုင်ရှင်နဲ့ မန်နေဂျာ ပီတာပဲ ဖြစ်မှာပါ..."

"ဒါဆို... ရဲခေါ်တာတို့ ဘာတို့ လုပ်သင့်လား... ဒီကိစ္စက ပေါက်ကွဲသွားရင် တော်တော် အန္တရာယ်ကြီးမယ့်ပုံပဲနော်..."

"မလုပ်တာ ကောင်းမယ်..."

"ရဲခေါ်လို့ ရရင် ပီတာတို့ ဘာလို့ ထွက်ပြေးမလဲ..."

"ကိုယ်နဲ့မဆိုင်တဲ့ ပြဿနာကို ကိုယ်တိုင် ရှာမနေပါနဲ့ကွာ..."

ခဏမျှ တုန်လှုပ်ခြောက်ခြားပြီးနောက်... လူတိုင်း သဘောတူညီချက် တစ်ခု ရသွားကြလေသည်။

တာဝန်ရှိသူတောင် ထွက်ပြေးသွားမှတော့... သူတို့လည်း သုတ်ခြေတင်မှ ဖြစ်တော့မည်။

...

မျက်စိတစ်မှိတ် အတွင်းမှာပင်... လမ်းပြုပြင်ရေး လုပ်ငန်းခွင် တစ်ခုလုံး လူသူကင်းမဲ့ကာ ခြောက်ကပ်သွားတော့သည်။

ဘိလပ်မြေလောင်းစက်ကြောင့် ပျက်စီးသွားသော မြေအောက် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း တစ်ခုတည်းသာ... သဘာဝဓာတ်ငွေ့များကို ရူးသွပ်စွာ မှုတ်ထုတ်ရင်း ကျန်ရစ်ခဲ့လေတော့သည်။

...

အခြား တစ်ဖက်တွင်မူ...

ယဲ့ဖန် ဆွဲခေါ်လာသဖြင့် ပါလာသော ယွီဖုန်းရှန်းက နားမလည်နိုင်စွာ မေးလိုက်လေသည်။

"သဘာဝဓာတ်ငွေ့ ယိုစိမ့်တဲ့ နေရာကို ရှာတွေ့ပြီပဲ... ဘာလို့ ဆက်မကြိုးစားတော့တာလဲ..."

"မန်နေဂျာ ပီတာကို လေထုထဲက ဓာတ်ငွေ့ပမာဏ တိုင်းကြည့်ဖို့ စည်းရုံးနိုင်ရင်... ဒီကပ်ဘေးကို တားဆီးနိုင်မှာပဲလေ..."

"အခုလို ထွက်လာလိုက်တော့..."

ယဲ့ဖန် ခေါင်းခါလိုက်၏။

"အဲ့ဒီ ပီတာ ဆိုတဲ့ကောင်က စစ်ဆေးဖို့ လုံးဝ သဘောတူမှာ မဟုတ်ဘူး..."

"ခုနက ကျွန်တော် ကြည့်လိုက်တော့... သူတို့ လုပ်ငန်းခွင်မှာ ဓာတ်ငွေ့တိုင်း ကိရိယာတွေ ရှိနေတာ တွေ့တယ်..."

"တကယ်လို့ သူသာ စစ်ဆေးချင်စိတ် ရှိရင်... ကိရိယာကို ဖွင့်လိုက်ရုံပဲလေ..."

"ဒါပေမယ့် သူက ဒီလောက်ထိ ပြင်းပြင်းထန်ထန် တုံ့ပြန်နေမှတော့... တစ်ခုခု မရိုးသားတာ သေချာနေပြီ..."

ယွီဖုန်းရှန်း ဆွံ့အသွားရလေသည်။

ယဲ့ဖန်က ဆက်ပြောလိုက်၏။

"ပြီးတော့... ခုနက ကျွန်တော် အနံ့ရနေပြီ..."

"လေထုထဲက သဘာဝဓာတ်ငွေ့ အနံ့က... အရမ်းကို ကြောက်စရာကောင်းတဲ့ အဆင့်ထိ ရောက်နေပြီ..."

"သူ စစ်ဆေးဖို့ သဘောတူလိုက်ပြီး... စစ်ဆေးမှု ရလဒ်က ပြဿနာ ရှိနေတယ် ဆိုတာ တွေ့သွားရင်တောင်မှ... အခြေအနေကို ပြောင်းလဲနိုင်မှာ မဟုတ်တော့ဘူး..."

"ဒီကပ်ဘေးကို ဖြေရှင်းဖို့က... ကျွန်တော်တို့ ကိုယ့်အားကိုယ်ကိုးမှ ရတော့မယ်..."

"ကပ်ဘေး... ဖြေရှင်းမယ်... ကိုယ့်အားကိုယ်ကိုးမယ် ဟုတ်လား..."

ယွီဖုန်းရှန်း၏ ဦးနှောက်က လိုက်မမီနိုင်တော့သည့် ပုံပင်။

ယဲ့ဖန်က သူမကို ရှင်းပြနေဖို့ စိတ်ကူးမရှိတော့ပေ။ သူက လျင်မြန်စွာပင် ပြောလိုက်လေသည်။

"ဒီ ဧရိယာမှာ 'ကြွယ်ဝခြင်း အသင်း' ရဲ့ အရှိန်အဝါ ရှိလား..."

"ရှိပါတယ်..."

ယွီဖုန်းရှန်း၏ ဦးနှောက်က ရှုပ်ထွေးနေဆဲ ဖြစ်သော်လည်း... ပါးစပ်ကတော့ အလိုအလျောက် ပြန်ဖြေလိုက်မိလေသည်။

"ဒါဆို... 'ကြွယ်ဝခြင်း အသင်း' က လူတွေကို ချက်ချင်း ဆက်သွယ်လိုက်... လမ်းပြုပြင်ရေး လုပ်ငန်းခွင်ရဲ့ မီတာ (၁၀၀) ပတ်လည်မှာ ရှိတဲ့ ဆိုင်ခန်းတွေနဲ့ ဧည့်သည်တွေ အားလုံးကို အမြန်ဆုံး ရွှေ့ပြောင်းခိုင်းလိုက်တော့..."

"ဘယ်နည်းလမ်းပဲ သုံးရ သုံးရ..."

"ချက်ချင်း ရွှေ့ပြောင်းခိုင်း..."

စကားပြောနေရင်း သူ၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ထွက်ပေါ်လာလေသည်။

ယွီဖုန်းရှန်းသည် ထိုအရှိန်အဝါကြောင့် ချက်ချင်းဆိုသလို မှင်သက်သွားရလေသည်။

သူမ၏ စိတ်က ဝေဝါးနေဆဲ ဖြစ်သော်လည်း... ဖုန်းကို ထုတ်ကာ သူမ၏ ဦးလေးဆီသို့ ဖုန်းဆက်လိုက်လေသည်။

ဖုန်းပြောနေစဉ် သူမက ယဲ့ဖန်ကို မေးလိုက်၏။

"တကယ်တမ်း ဘာဖြစ်မှာလဲ..."

"ဦးလေးက ပြောနေတယ်... ဒီဧရိယာက လူစည်ကားတဲ့ နေရာတဲ့... ပြီးတော့ အခုက ညစာစားချိန် ရောက်နေပြီ..."

"လူတွေကို ရွှေ့ပြောင်းခိုင်းမယ် ဆိုရင်တောင်... အကြောင်းပြချက် တစ်ခုခု ပေးရမယ်လေ..."

"သဘာဝဓာတ်ငွေ့ ပိုက်လိုင်း အကြီးအကျယ် ယိုစိမ့်နေတယ်လို့ ပြောလိုက်..."

ယဲ့ဖန် တုံ့ဆိုင်းမနေပေ။

"ပေါက်ကွဲမှုကြီးတောင် ဖြစ်လာနိုင်တယ်လို့ပါ ပြောလိုက်ပါ.."

ထိုအခါမှ ယွီဖုန်းရှန်း သဘောပေါက်သွားပြီး တစ်ဖက်မှ လူကို အလျင်အမြန် ရှင်းပြလိုက်လေတော့သည်။

ဖုန်းပြောပြီး မကြာမီမှာပင်... လမ်းကြမ်းမောင်း ကားကြီးများ တစ်စီးပြီး တစ်စီး အရှိန်ပြင်းစွာ ရောက်ရှိလာကြလေသည်။

ယူနီဖောင်း ဝတ်ဆင်ထားပြီး တိုက်ခိုက်ရေး အငွေ့အသက်များ ပြည့်နှက်နေသော တရုတ်လူမျိုး တစ်စု ကားပေါ်မှ ဆင်းလာကြ၏။

ထို့နောက် သူတို့သည် အနီးနားရှိ ဈေးဝယ်စင်တာများနှင့် အဆောက်အအုံများ အတွင်းသို့ အလျင်အမြန် ဝင်ရောက်သွားကြတော့သည်။

တစ်ချိန်တည်းမှာပင် အနီးနားရှိ ဈေးဝယ်စင်တာများနှင့် အဆောက်အအုံများ အတွင်းမှ သီချင်းသံများ ရုတ်တရက် ရပ်တန့်သွားလေသည်။ ထို့နောက် အရေးပေါ် ကြေညာချက်များ ထွက်ပေါ်လာလေတော့သည်။

"ဒီ ဈေးဝယ်စင်တာနဲ့ မီတာ (၂၀) လောက် အကွာမှာရှိတဲ့ ဘုရင်မ လမ်းမကြီး (Queen's Avenue) အပိုင်းမှာ... သဘာဝဓာတ်ငွေ့ ပိုက်လိုင်း အကြီးအကျယ် ယိုစိမ့်မှု ဖြစ်ပွားနေပါတယ်... ကျေးဇူးပြုပြီး လျှပ်စစ်ပစ္စည်းများ အသုံးပြုခြင်းနဲ့ မီးပွင့်ထွက်စေမယ့် အပြုအမူများကို ချက်ချင်း ရပ်တန့်ပြီး... ဒီ ဈေးဝယ်စင်တာကနေ အမြန်ဆုံး ထွက်ခွာပေးကြပါ..."

"အရေးပေါ် သတိပေးချက်... ဒီ အဆောက်အအုံနဲ့ မီတာ (၂၀) လောက် အကွာမှာရှိတဲ့ ဘုရင်မ လမ်းမကြီး အပိုင်းမှာ... သဘာဝဓာတ်ငွေ့ ပိုက်လိုင်း အကြီးအကျယ် ယိုစိမ့်မှု ဖြစ်ပွားနေပါတယ်... ကျေးဇူးပြုပြီး လျှပ်စစ်ပစ္စည်းများ အသုံးပြုခြင်းနဲ့ မီးပွင့်ထွက်စေမယ့် အပြုအမူများကို ချက်ချင်း ရပ်တန့်ပြီး... ဒီ အဆောက်အအုံကနေ အမြန်ဆုံး ထွက်ခွာပေးကြပါ..."

"..."

ထို့နောက်တွင်မူ... ပတ်ဝန်းကျင်ရှိ ဈေးဝယ်စင်တာများနှင့် အဆောက်အအုံများ တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြတော့သည်။

အော်ဟစ်သံများ၊ အလုအယက် ပြေးလွှားသံများနှင့် ငိုယိုသံများ ဆက်တိုက် ထွက်ပေါ်လာလေသည်။

"သဘာဝဓာတ်ငွေ့ ပိုက်လိုင်း အကြီးအကျယ် ယိုစိမ့်နေတာ ဟုတ်လား..."

"ဘုရားရေ..."

"ဘယ် ငရဲသားကများ လုပ်လိုက်တာလဲ..."

"ငါက တစ်ယောက်ယောက် အိမ်က ဂက်စ်အိုး ယိုစိမ့်နေတာ ထင်နေတာ... လေထဲမှာ သဘာဝဓာတ်ငွေ့ အနံ့လိုလို ရနေတယ်လို့တော့ ထင်သား..."

"ဘယ်လို ဖြစ်ရတာလဲ..."

"ဘာလို့ အခုမှ အရေးပေါ် ကြေညာချက် ထုတ်ရတာလဲ..."

"အားလုံးပဲ... မီးတွေ၊ လျှပ်စစ်ပစ္စည်းတွေ အကုန် ပိတ်လိုက်ကြ..."

"အမလေး... သေပါပြီ..."

"..."

မရေမတွက်နိုင်သော လူအုပ်ကြီးသည် ဈေးဝယ်စင်တာများနှင့် အဆောက်အအုံများ၏ ထွက်ပေါက်များဆီသို့ အလုအယက် တိုးဝှေ့ ထွက်ခွာလာကြတော့သည်။

စောစောက ရောက်ရှိလာသော တရုတ်လူမျိုးများက စနစ်တကျ ထိန်းသိမ်းပေးနေကြ၏။

တစ်ချိန်တည်းမှာပင်... လူများ အနားကပ်ပြီး လာရောက် ကြည့်ရှုခြင်း မပြုနိုင်စေရန်အတွက် ထိုဧရိယာ တစ်ဝိုက်ကို တားမြစ်နယ်မြေ အဖြစ် သတ်မှတ်ကာ cordon ကြိုးများ တားဆီးလိုက်ကြလေသည်။

မြင်ကွင်းတစ်ခုလုံး ပရမ်းပတာ ဖြစ်နေလေသည်။

...

တားမြစ်နယ်မြေ သတ်မှတ်ခြင်းနှင့် လူအုပ်ကြီး တိုးဝှေ့နင်းမိခြင်း မဖြစ်စေရန် ဖြေရှင်းပေးနေသော တရုတ်လူမျိုးများသည် 'ကြွယ်ဝခြင်း အသင်း' မှ အဖွဲ့ဝင်များ ဖြစ်လိမ့်မည်ဟု ယဲ့ဖန် ခန့်မှန်းလိုက်မိသည်။

အခြေအနေများ စနစ်တကျ ဖြစ်သွားသည်ကို မြင်လိုက်ရသဖြင့်... သူသည် ယွီဖုန်းရှန်းကို ဆွဲကာ ဤ ပြဿနာတက်နိုင်သော နေရာမှ အမြန်ဆုံး ထွက်ခွာရန် ပြင်လိုက်လေသည်။

ထိုအချိန်တွင် ယွီဖုန်းရှန်းလည်း အသိစိတ် ပြန်ဝင်လာပုံ ရလေသည်။

အစုလိုက်အပြုံလိုက် ထွက်ပြေးနေကြသော ဖရိုဖရဲ မြင်ကွင်းကြီးကို ကြည့်ရင်း... သူမက ယဲ့ဖန်ဘက်သို့ လှည့်ကြည့်လိုက်လေသည်။

"သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကို ဖြေရှင်းဖို့ တစ်ယောက်ယောက်ကို စီစဉ်လိုက်ရမလား..."

"လေထဲက ဓာတ်ငွေ့ အနံ့က ပိုပို ပြင်းလာသလိုပဲ..."

"ကြည့်ရတာ... လမ်းလုပ်ငန်း တာဝန်ရှိသူတွေက ဘာ အရေးပေါ် အစီအမံမှ မလုပ်ခဲ့ကြဘူး ထင်တယ်..."

ယဲ့ဖန်လည်း ဝင်ရောက် ဖြေရှင်းသင့် မသင့် မဝေခွဲတတ် ဖြစ်နေလေသည်။

သူ ဒီလို ကိစ္စမျိုး တစ်ခါမှ မကြုံဖူးသလို... နေမဝင် အင်ပါယာ၏ စနစ်တွေကိုလည်း ရင်းနှီးကျွမ်းဝင်ခြင်း မရှိပေ။

သို့သော် ပီတာ၏ တုံ့ပြန်မှုကို ပြန်တွေးမိလိုက်သောအခါ... သူ ဝင်ဖြေရှင်းချင်လျှင်တောင်မှ ယိုစိမ့်နေသော သဘာဝဓာတ်ငွေ့ ပိုက်လိုင်းက ဖြေရှင်းရ လွယ်ကူမည့် အရာ မဟုတ်ကြောင်း ရိပ်မိလိုက်လေသည်။

အရေးအကြီးဆုံး... ဒါမှမဟုတ် သူ လုပ်သင့်သော အရေးအကြီးဆုံး အရာက... ပတ်ဝန်းကျင်က လူအုပ်ကြီးကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးဖို့ပင်။

ယိုစိမ့်နေသော သဘာဝဓာတ်ငွေ့များ မီးပွင့်၊ သို့မဟုတ် အပူချိန်မြင့်မားမှုနှင့် မထိတွေ့မိစေရန် ကာကွယ်ရမည်။

ယဲ့ဖန် အတွေးများ လွင့်မျောနေစဉ်မှာပင်...၊

"ဝုန်း..."

သူနှင့် ယွီဖုန်းရှန်း အစောက စားသောက်ခဲ့သော စားသောက်ဆိုင် ဘေးရှိ အမှိုက်ပုံးမှ ကြောက်မက်ဖွယ် ကောင်းသော မီးတောက်ကြီး တစ်ခု ပေါက်ကွဲထွက်ပေါ်လာလေတော့သည်။

အခန်း (၁၆၅၇) - ကံဆိုးမသွားလေရာ မိုးလိုက်လို့ရွာ (ဒါပေမယ့် ဒီတစ်ခါတော့ ရွှေမိုး)

~ထို မီးတောက်ကလေးသည်... စနက်တံ တစ်ခုနှင့် တူနေတော့သည်။

ပေါက်ကွဲမှု ဖြစ်ပွားပြီးသည်နှင့် တစ်ပြိုင်နက်... ပတ်ဝန်းကျင် တစ်ခုလုံးကို ဆင့်ကဲ ပေါက်ကွဲစေတော့သည်။

"ဝုန်း"

"ဝုန်း"

"ဝုန်း"

ဗုံးပေါင်းများစွာ တပြိုင်နက်တည်း ပေါက်ကွဲသွားသကဲ့သို့ပင်...

နားကွဲမတတ် ဆူညံသံများ၊ ကြောက်မက်ဖွယ် မီးတောက်များနှင့်အတူ... လိမ္မော်ရောင် လေပူလှိုင်းများပါ ထွက်ပေါ်လာလေသည်။

ယဲ့ဖန် မြင်နေရသည်။

အမှိုက်ပုံး ဘေးနားမှ စီးကရက်တိုကြောင့် ဖြစ်ပေါ်လာသော ပေါက်ကွဲမှုသည်... ကွင်းဆက် တုံ့ပြန်မှု (Chain Reaction) တစ်ခုကို စတင်လိုက်သကဲ့သို့ပင်။

ဦးစွာ... မီရှဲလင်း စားသောက်ဆိုင် အတွင်း၌ ပေါက်ကွဲမှု ဖြစ်ပွားသွား၏။

ထို့နောက်... မီရှဲလင်း စားသောက်ဆိုင် အပေါ်ထပ်ရှိ ဈေးဝယ်စင်တာ ဒုတိယထပ်နှင့် တတိယထပ်များဆီသို့ ကူးစက်သွားသည်။

မှန်များအားလုံး တပြိုင်နက်တည်း ကွဲကြေကုန်၏။

လေပူလှိုင်းများက မှန်ကွဲစများကို သယ်ဆောင်ကာ နေရာအနှံ့သို့ ပစ်လွှတ်လိုက်လေသည်။

ထို့နောက်... အနီးနားရှိ အဆောက်အအုံများ...

လမ်းမများ...

ကားများ...

မျက်စိတစ်မှိတ် အတွင်းမှာပင်... လမ်းပြုပြင်ရေး လုပ်ငန်းခွင် ပတ်လည် မီတာ ဆယ်ဂဏန်း အကွာအဝေး အတွင်းရှိ နေရာအားလုံး မီးပင်လယ်ကြီး တစ်ခု အဖြစ်သို့ ပြောင်းလဲသွားတော့သည်။

မရေမတွက်နိုင်သော အော်ဟစ်သံများ ထွက်ပေါ်လာလေသည်။

လောက ငရဲခန်း တစ်ခု ပမာပင်...

အချိန်အတော်ကြာမှ... မရေမတွက်နိုင်သော ဥသြဆွဲသံများနှင့် မီးသတ်ကား အချက်ပေးသံများ ကြားလိုက်ရမှသာ... အခြေအနေ အနည်းငယ် တည်ငြိမ်သွားပုံ ရလေသည်။

ထို့နောက်... လူအများ၏ ပြောဆိုဆွေးနွေးသံများ ပေါက်ကွဲထွက်ပေါ်လာလေတော့သည်။

"တကယ်ကြီး ပေါက်ကွဲသွားတာပဲ..."

"ပြီးတော့ ဒါက မကြုံစဖူး ကွင်းဆက် ပေါက်ကွဲမှုကြီးကွ..."

"အမှန်အတိုင်း ပြောရရင်... ခုနက အရေးပေါ် ကြေညာချက်တွေ ကြားတုန်းက ငါက နောက်ပြောင်နေတာ ဒါမှမဟုတ် ပေါက်ကရတွေလို့ ထင်နေတာ..."

"သဘာဝဓာတ်ငွေ့ အနံ့ နည်းနည်း ရပေမယ့်... ငါ သိပ်ပြီး အမှုမထားမိဘူး..."

"ကံကောင်းလို့... တရုတ်လူမျိုး တစ်သိုက် ဈေးဝယ်စင်တာထဲ ဝင်လာပြီး ငါ့ကို အတင်း ဆွဲထုတ်သွားကြလို့..."

"ငါ့ခြေထောက်တွေ အခုထိ ပျော့ခွေနေတုန်းပဲ..."

"ငါ့အဖြစ်က မင်းနဲ့ တူတယ်ကွ... အဲ့ဒီတုန်းက ငါက ငါ့ကောင်မလေးကို ဟိုတယ်အခန်းထဲ ခေါ်သွားပြီး ပျော်ပါးဖို့ ပြင်နေတာ... အရေးပေါ် ကြေညာချက် ကြားတော့ ဒေါသထွက်သွားသေးတယ်... ပြီးတော့ တရုတ်လူမျိုးတွေ အခန်းထဲ အတင်းဝင်လာပြီး ငါတို့ကို ခေါ်ထုတ်သွားတော့... ငါ မကျေနပ်လို့ သူတို့နဲ့ ရန်တောင် ဖြစ်လိုက်သေးတယ်... တစ်ယောက်ကို ခြေထောက်နဲ့တောင် ကန်လိုက်မိသေး..."

"အခု ပြန်စဉ်းစားကြည့်တော့... ငါက တကယ့်ကို သေသင့်တဲ့ ကောင်ပဲ..."

"သူတို့က ငါတို့ အသက်ကို ကယ်တင်ဖို့ ကြိုးစားနေကြတာကိုး..."

"ငါရောပဲ..."

"အိမ်သာ သွားနေတုန်း အရေးပေါ် ကြေညာချက် ကြားလိုက်ရတာ... တစ်ယောက်က ငါ့ အိမ်သာခန်း တံခါးကိုတောင် တွန်းဖွင့်ဝင်လာသေးတယ်... ငါ ဒေါသထွက်လိုက်တာမှ..."

"အဲ့ဒီလို ရုတ်တရက် ဝင်လာတဲ့ တရုတ်လူမျိုးတွေကြောင့်သာပေါ့ကွာ..."

"..."

"ဒါနဲ့... ဒီ တရုတ်လူမျိုးတွေက ဘယ်သူတွေလဲ ဆိုတာ သိကြလား..."

"ဘာလို့ ရုတ်တရက်ကြီး ပေါ်လာပြီး... အရေးပေါ် ကြေညာချက်တွေ ထုတ်... ပြီးတော့ ငါတို့ကိုတောင် ကူညီပြီး ရွှေ့ပြောင်းပေးနေရတာလဲ..."

"ယုတ္တိရှိရှိ ပြောရရင်... သဘာဝဓာတ်ငွေ့ ယိုစိမ့်မှုလိုမျိုး ပုံမှန်မဟုတ်တာတွေ တွေ့ရင်... မြို့တော် အာဏာပိုင်တွေနဲ့ မီးသတ်တပ်ဖွဲ့တွေက အရေးပေါ် ရွှေ့ပြောင်းမှုတွေ စီစဉ်ပေးရမှာ မဟုတ်ဘူးလား..."

"ဘာတွေ ဖြစ်ကုန်တာလဲ..."

"မြို့တော် အာဏာပိုင်တွေနဲ့ မီးသတ်တပ်ဖွဲ့တွေက ဘယ်ရောက်ကုန်တာလဲ... ဘာလို့ တရုတ်လူမျိုး တစ်စုကပဲ ထွက်လာပြီး လုပ်ပေးနေရတာလဲ..."

"ပြီးတော့ ဒီ တရုတ်လူမျိုးတွေကို ကြည့်ရတာ ရင်းနှီးနေသလိုပဲ..."

"‘ကြွယ်ဝခြင်း အသင်း’ က လူတွေများလား..."

"..."

"'ကြွယ်ဝခြင်း အသင်း' ဟုတ်လား..."

"ဟုတ်တယ်... မင်း ပြောမှ သတိရတယ်... ဒီလူတွေက 'ကြွယ်ဝခြင်း အသင်း' က လူတွေပဲ..."

"ခုနက ဓာတ်လှေကား အပေါက်ဝမှာ စနစ်တကျ ဖြစ်အောင် ထိန်းသိမ်းပေးနေတဲ့ တရုတ်လူမျိုး တစ်ယောက်လေ... ငါ သူ့ကို ခဏခဏ တွေ့ဖူးတယ်... သူက ဒီနားက လမ်းကြားထဲမှာ စားသောက်ဆိုင် ဖွင့်ထားတာ..."

"သူတို့ဆိုင်က အမဲသား ခေါက်ဆွဲကြော်၊ ဆန်ပြားလိပ်နီ နဲ့ ပုစွန်ဖက်ထုပ်တွေက အရမ်း စားကောင်းတယ်... ငါ ခဏခဏ သွားစားဖြစ်တယ်..."

"သူက 'ကြွယ်ဝခြင်း အသင်း' က လူ သေချာတယ်..."

"ဟုတ်တယ် ဟုတ်တယ်... ပြီးတော့ ခုနက ဈေးဝယ်စင်တာ အောက်ထပ် အဝင်ဝမှာ တားမြစ်ကြိုးတွေ တားပေးနေတဲ့ လူတချို့လည်း ရှိသေးတယ်..."

"ငါက တရုတ်သိုင်းပညာကို အရမ်း သဘောကျတာလေ... တရုတ် လက်ဝှေ့သင်တန်း တစ်ခုမှာ အပ်ထားတယ်... အဲ့ဒီလူတွေက အဲ့ဒီ လက်ဝှေ့သင်တန်းကျောင်းက ကျောင်းသားတွေပဲ..."

"ငါ သိတယ်... သူတို့က 'ကြွယ်ဝခြင်း အသင်း' က လူတွေ အစစ်ပဲ..."

"ဒါဆိုရင်... ဒီတစ်ခါ မြို့တော် အာဏာပိုင်တွေနဲ့ မီးသတ်တပ်ဖွဲ့တွေ ဘာလို့ ပျောက်နေလဲ ဆိုတာ မသိပေမယ့်... ငါတို့ကို ကယ်တင်လိုက်တာကတော့ 'ကြွယ်ဝခြင်း အသင်း' က လူတွေပဲ..."

"'ကြွယ်ဝခြင်း အသင်း' က ဒီတစ်ခါ ကုသိုလ်ကြီး ယူလိုက်တာပဲ..."

"သူတို့သာ အရေးပေါ် သတိပေးပြီး ရွှေ့ပြောင်းမပေးခဲ့ရင်... ဒီ ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူရာဂဏန်းလောက် သေသွားလောက်တယ်..."

"..."

ဆွေးနွေးသံများ ဆူညံစွာ ထွက်ပေါ်လာသည်နှင့်အမျှ... လူအများအပြားက 'ကြွယ်ဝခြင်း အသင်း' ဝင်များကို အလုအယက် ကျေးဇူးတင်စကား ဆိုနေကြလေသည်။

တချို့က ဖုန်းထုတ်ပြီး မိသားစုဝင်များထံ ဘေးကင်းကြောင်း လှမ်းပြောကြသလို... တချို့ကလည်း သူတို့ မြင်တွေ့ခဲ့ရသည်များကို လူမှုကွန်ရက် (Social Media) ပေါ် တင်နေကြလေသည်။

...

ထိုအချိန်တွင် ယွီဖုန်းရှန်း၏ ဖုန်းမြည်လာလေသည်။

ဖုန်းကိုင်လိုက်ပြီးနောက်... တစ်ဖက်မှ အနည်းငယ် ရွှင်လန်းနေသော အသံ တစ်ခု ထွက်ပေါ်လာ၏။

ယဲ့ဖန်ကတော့ ထိုသတင်းစကားကို နားမထောင်ချင်ပေ။

သို့သော် ယွီဖုန်းရှန်း ဖုန်းပြောနေစဉ် သူ့ကို ရံဖန်ရံခါ လှမ်းကြည့်နေပုံအရ... တစ်စုံတစ်ခုကို သူ ရိပ်စားမိနေလေသည်။

ယွီဖုန်းရှန်း ဖုန်းချလိုက်သောအခါ... သူက ပြန်ကြည့်လိုက်ပြီး ပြုံးကာ မေးလိုက်၏။

"ခင်ဗျား ဦးလေးလား..."

ယွီဖုန်းရှန်း ခေါင်းညိတ်လိုက်သည်။ သူမ၏ မျက်ဝန်းများထဲတွင် ထူးဆန်းသော အရောင်အဝါများ တောက်ပနေပြီး ပြောလိုက်လေသည်။

"သူက ရှင့်ကို ကျေးဇူးတင်တယ်လို့ ပြောခိုင်းလိုက်တယ်..."

"ဒီတစ်ခါ 'ကြွယ်ဝခြင်း အသင်း' က နာမည်ကြီးသွားရုံတင် မကဘူး... ပုံရိပ်ပါ အများကြီး တက်သွားတယ်တဲ့..."

"ဒီကိစ္စတွေကနေ 'ကြွယ်ဝခြင်း အသင်း' ရရှိလိုက်တဲ့ သွယ်ဝိုက် အကျိုးအမြတ်တွေက မှန်းဆလို့ မရနိုင်လောက်အောင်ပဲ..."

ယဲ့ဖန် ပြန်ပြုံးပြလိုက်လေသည်။

"ဒါက 'ကြွယ်ဝခြင်း အသင်း' ဘက်က ပြတ်သားခဲ့လို့လည်း ပါပါတယ်... ပြီးတော့ စည်းရုံးလှုံ့ဆော်နိုင်စွမ်းနဲ့ အဖွဲ့အစည်း စွမ်းရည် ကောင်းမွန်လို့လည်း ပါတာပေါ့..."

"အမှန်အတိုင်း ပြောရရင်... ခင်ဗျားတို့ လူတွေက ဈေးဝယ်စင်တာကြီးတွေနဲ့ အဆောက်အအုံတွေရဲ့ အရေးပေါ် ကြေညာချက် စနစ်ကို ချက်ချင်း ထိန်းချုပ်လိုက်နိုင်တာရယ်... အဓိက လမ်းကြောင်းတွေကို ထိန်းချုပ်ပြီး လူအုပ်ကြီးကို အမြန်ဆုံး ရွှေ့ပြောင်းပေးနိုင်ခဲ့တာရယ်က... ကျွန်တော့်ကိုတောင် အံ့သြသွားစေတယ်..."

"ပရော်ဖက်ရှင်နယ် အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့တွေတောင်မှ... ဒီလောက် မြန်မြန်ဆန်ဆန်၊ တိတိကျကျနဲ့ ပြတ်ပြတ်သားသား လုပ်နိုင်ချင်မှ လုပ်နိုင်မှာ..."

"အရမ်းကြီး နှိမ့်ချမနေပါနဲ့..."

ယွီဖုန်းရှန်း ပြုံးလိုက်လေသည်။

"ဘာပဲဖြစ်ဖြစ်... ကျွန်မရော ကျွန်မဦးလေးရောကတော့... ဒီကိစ္စရဲ့ အဓိက ဂုဏ်ပြုထိုက်သူက ရှင်ပဲလို့ ခံယူထားပါတယ်..."

"ကျွန်မ ဦးလေးက ဒီကျေးဇူးကို မှတ်ထားပါ့မယ်တဲ့..."

"ဒီနေ့ ကိစ္စတွေ ရှင်းပြီးသွားရင်... ရှင့်ကို လက်ဖက်ရည် သောက်ဖို့ သီးသန့် ဖိတ်ချင်တယ်လို့ ပြောတယ်..."

"နေမဝင် အင်ပါယာမှာ ရှင် ကိုင်တဲ့ ဖုန်းနံပါတ် ပေးထားခဲ့ပါဦး... နောက်ကျရင် ကျွန်မ ဆက်သွယ်လိုက်မယ်..."

ယဲ့ဖန်က ဟန်ဆောင်ငြင်းပယ်မနေတော့ပေ။

ဒီနေရာမှာ သူ လုပ်စရာ ကိစ္စ မရှိတော့သလို... ဒီနေ့ သူ့ ရည်မှန်းချက်လည်း ပြည့်ဝသွားပြီ ဖြစ်သောကြောင့်... ယွီဖုန်းရှန်းနှင့် ဖုန်းနံပါတ် ဖလှယ်လိုက်ပြီး ပြန်ရန် ပြင်လိုက်လေသည်။

သို့သော် မမျှော်လင့်ဘဲ... ခြေလှမ်း အနည်းငယ် လှမ်းလိုက်ရုံ ရှိသေးသည်... သူ့ဖုန်းက ရူးသွပ်မတတ် တုန်ခါလာတော့သည်။

ချန်းဖေးအယ် ဆက်လာခြင်း ဖြစ်လေသည်။

ဖုန်းကိုင်လိုက်သည်နှင့် တစ်ပြိုင်နက်... ချန်းဖေးအယ်၏ အနည်းငယ် စိုးရိမ်ပူပန်နေသော အသံက တစ်ဖက်မှ ထွက်ပေါ်လာလေသည်။

"ယဲ့ဖန်... ရှင် ယွီဖုန်းရှန်းနဲ့ စားသောက်ဆိုင်ကနေ ထွက်သွားပြီးတော့ ဘယ်ရောက်သွားတာလဲ..."

"ရှင်တို့ ထွက်သွားတာ မြင်ပြီးတော့... ကျွန်မ ဆက်သွယ်ရေး ကိရိယာကို ပိတ်လိုက်ပြီး လုပ်ဖော်ကိုင်ဖက်တွေနဲ့ အတူ ပြန်သွားလိုက်တာ... ခုနကမှ ကြားတယ်... ရှင်တို့ အတူတူ စားခဲ့တဲ့ မီရှဲလင်း စားသောက်ဆိုင်မှာ မကြုံစဖူး ပေါက်ကွဲမှုကြီး ဖြစ်သွားတယ်တဲ့..."

"ရှင် အဆင်ပြေရဲ့လား..."

"ကိုယ် အဆင်ပြေပါတယ်..."

သူမ၏ လေသံထဲမှ စိုးရိမ်ပူပန်မှုနှင့် ဂရုစိုက်မှုကို ယဲ့ဖန် ခံစားမိလိုက်သည်။ သူ ပြုံးလိုက်ပြီး ပြောလိုက်၏။

"ဒါ့အပြင်... ဒါက ကံဆိုးမသွားလေရာ မိုးလိုက်လို့ ရွာတာ မဟုတ်ဘဲ... ရွှေမိုး ရွာလိုက်တာဗျ..."

"'ကြွယ်ဝခြင်း အသင်း' နဲ့ ဆက်ဆံရေး လမ်းကြောင်းက ခိုင်မာသွားပြီ..."

"အသေးစိတ်ကို နောက်မှ ပြောပြမယ်..."

"အတိုချုပ် ပြောရရင်... ဘာမှ ပူစရာ မလိုတော့ဘူး..."

"ကောင်းပြီလေ..."

ချန်းဖေးအယ်က ဆက်မမေးတော့ပေ။

"ရှင် ဘာမှ မဖြစ်ရင် ပြီးတာပါပဲ..."

"ဒါဆို ကျွန်မ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အလုပ်ကိစ္စလေးတွေ ဆက်လုပ်လိုက်ဦးမယ်..."

"တစ်ခုခု ထူးခြားရင်... ဒါမှမဟုတ် အကူအညီ လိုရင်... အချိန်မရွေး ပြောနော်..."

ယဲ့ဖန် သဘောတူလိုက်လေသည်။

ဖုန်းချပြီးနောက်... သူ ပြန်ရန် ပြင်လိုက်စဉ်မှာပင်...

သူ့အရှေ့တွင် ရင်းနှီးနေသော လှပသည့် ပုံရိပ် နှစ်ခုကို ရုတ်တရက် မြင်လိုက်ရလေသည်။

အစ်မဟုန်... ပြီးတော့ ရှချိုး...။

အခန်း (၁၆၅၈) - ဒီလမ်းမှာ ငါက ဘောစ့်ပဲ

~အစ်မဟုန်က ဝိုင်နီရောင် ဂါဝန်ရှည်ကြီးကို ဝတ်ဆင်ထားသည်။ ဆွဲဆောင်မှုရှိသော မိတ်ကပ်နှင့် လှိုင်းတွန့်ဆံပင်ရှည်တို့က သူမ၏ ရင့်ကျက်တည်ငြိမ်သော ဆွဲဆောင်မှုကို ပိုမို ပေါ်လွင်စေလေသည်။

ရှချိုးကမူ အဖြူရောင် ဂါဝန်နှင့် အဖြူရောင် နေကာဦးထုပ်ကို ဆောင်းထား၏။ သူမသည် လမ်းဘေးတွင် စောင့်ဆိုင်းနေခြင်း ဖြစ်သည်။

လေညင်းက သာသာယာယာ တိုက်ခတ်သွားပြီး သူမ၏ ဂါဝန်စကို လှုပ်ခါသွားစေသည်။ အတွင်းစိတ်မှ ထွက်ပေါ်လာသော လတ်ဆတ်သန့်ရှင်းသည့် နတ်သမီး အငွေ့အသက်များက သူမထံမှ ဖြာထွက်နေလေသည်။

ယဲ့ဖန် တစ်ချက် ကြည့်လိုက်ရုံဖြင့် သူတို့ နှစ်ယောက် ဖြစ်ကြောင်း သေချာသွားတော့သည်။

"သူတို့က ဘာကိစ္စ နေမဝင် အင်ပါယာကို ရောက်နေကြတာလဲ..."

"ပြီးတော့... ပြဿနာ တစ်ခုခုနဲ့ ကြုံနေရတဲ့ ပုံပဲ..."

ယဲ့ဖန် အဝေးမှ လှမ်းကြည့်လိုက်သည်။ အစ်မဟုန်က ရှချိုးကို ကာကွယ်ပေးထားပြီး... နေမဝင် အင်ပါယာ ဒေသခံ အမျိုးသမီး တစ်စုနှင့် စကားများနေကြခြင်း ဖြစ်လေသည်။

"ခုနက အခြေအနေက တကယ် အန္တရာယ်များတယ် ဆိုတာ မှန်ပါတယ်... ဒါပေမယ့် ရှင်တို့အနေနဲ့ တောင်းပန်ပြီး လျော်ကြေးပေးဖို့ တောင်းဆိုတာက မလွန်ဘူး မဟုတ်လား..."

"ရှချိုးရဲ့ ဗန်ကလိ (Van Cleef & Arpels) ခရစ္စမတ် လီမိတက် အဒီရှင်း (Limited Edition) လက်ကောက် နှစ်ကွင်း ရှင်တို့ကြောင့် ပျောက်သွားရတာလေ... အဲ့ဒါကို ဝန်ခံလား..."

"အဲ့ဒီတုန်းက လူတွေ အများကြီး မြင်လိုက်တယ်... သက်သေခံနိုင်တယ်..."

တစ်ချိန်တည်းမှာပင်... နတ်သမီး အငွေ့အသက်များနှင့် ရှချိုးသည်လည်း စိတ်မကောင်းစရာ အခြေအနေ ဖြစ်နေကြောင်း ယဲ့ဖန် သတိထားမိလိုက်လေသည်။

သူမ၏ အဖြူရောင် ဂါဝန် ကျောဘက်တွင် စွန်းထင်းနေရုံသာမက... ဖိနပ်များလည်း လုံးဝ ညစ်ပတ်နေပြီး ဆံပင်များလည်း ဖရိုဖရဲ ဖြစ်နေရှာသည်။

သူ ချက်ချင်းပင် လျှောက်သွားလိုက်သည်။

"ဘာဖြစ်တာလဲ…ဒါက..."

တရုတ်စကား (မန်ဒရင်း) ဖြင့် မေးလိုက်သံ ကြားသောအခါ... အစ်မဟုန်က အလိုအလျောက် ပြန်ဖြေရန် ပြင်လိုက်မိသည်။

သို့သော် ခေါင်းလှည့်ကြည့်လိုက်ပြီး ယဲ့ဖန်၏ မျက်နှာကို မြင်လိုက်ရသည့် ခဏ၌... သူမ၏ မျက်နှာထား ပြောင်းလဲသွားပြီး ပါးစပ်ဖျား ရောက်လုနီးပါး စကားလုံးများ ရုတ်တရက် ရပ်တန့်သွားရတော့သည်။

"မစ္စတာယဲ့..."

သူမသာမက... ရှချိုးလည်း အံ့သြသွားရလေသည်။ သူမ၏ မျက်လုံးများ အရောင်လက်သွားပြီး မယုံကြည်နိုင်စွာဖြင့် မေးလိုက်လေသည်။

" ယဲ့ဖန်..."

"ရှင် ဘာလို့ ဒီရောက်နေတာလဲ..."

"ကိစ္စ တစ်ခု ရှိလို့ လာတာပါ..."

ယဲ့ဖန် ပြုံးလိုက်သည်။

"ခင်ဗျားတို့ရော... ဘာကိစ္စ ဒီရောက်နေကြတာလဲ..."

"ပြီးတော့... အခု ဘာဖြစ်နေကြတာလဲ..."

"ဘာပြဿနာ တက်လို့လဲ..."

အစ်မဟုန်က အလိုအလျောက် ပြန်ဖြေရန် ပြင်လိုက်မိသည်။

သို့သော် ပါးစပ်ဟလိုက်သည်နှင့် တစ်ပြိုင်နက်... တစ်စုံတစ်ခုကို သတိရသွားသည့်နှယ် ရှချိုးဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။

"ရှချိုး..နင်ပဲ ပြောပြလိုက်တော့..."

ရှချိုးက ရှင်းပြလေသည်။

"ကျွန်မ အယ်လ်ဘမ် အသစ် ထွက်ဖို့ ပြင်နေတာလေ... ဒီမှာ ရိုက်ကူးရမယ့် တေးဂီတ ဗီဒီယို (MV) တစ်ခု ရှိလို့ အစ်မဟုန်နဲ့ အတူတူ လာခဲ့ကြတာ..."

"ဒီနေ့ အစ်မဟုန်နဲ့ အတူတူ ဒီမှာ ညစာ စားရင်း ဈေးဝယ်စင်တာထဲ လျှောက်ကြည့်နေတုန်း... ရုတ်တရက်ကြီး အနီးနားမှာ သဘာဝဓာတ်ငွေ့ ယိုစိမ့်မှု ဖြစ်နေလို့ အမြန်ဆုံး ရွှေ့ပြောင်းကြပါ ဆိုတဲ့ အရေးပေါ် ကြေညာချက် ကြားလိုက်ရတယ်..."

"ကျွန်မတို့ ပြန်လှည့်ထွက်တဲ့ အချိန်မှာ... နောက်က လူတွေက အတင်း တိုးဝှေ့လာကြတာ... အထူးသဖြင့် လှေကား ဆင်းတဲ့ နေရာမှာပေါ့... သူတို့က ကျွန်မတို့ နောက်ကျောဘက်ကနေ အတင်း တွန်းပြီး ရှေ့ကို တိုးခိုင်းကြတာ..."

"အဲ့ဒါနဲ့... ကျွန်မ အဝတ်အစားတွေရော ဖိနပ်တွေရော ညစ်ပတ်ကုန်တာပဲ... ပြီးတော့ ကျွန်မ လက်ထဲမှာ ကိုင်ထားတဲ့ ဗန်ကလိ ခရစ္စမတ် လီမိတက် လက်ကောက် နှစ်ကွင်းလည်း ပြုတ်ကျပြီး အနင်းခံလိုက်ရတယ်..."

ယဲ့ဖန် သူမ၏ ရှင်းပြချက်ကို နားထောင်ရင်း အခြေအနေကို အကြမ်းဖျင်း သဘောပေါက်သွားလေသည်။

‘ဒါဆို သူတို့လည်း သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ယိုစိမ့်တဲ့ နေရာမှာ ရှိနေခဲ့ကြတာပဲ။

အရေးပေါ် ရွှေ့ပြောင်းချိန်မှာ နောက်က မိန်းကလေး တချို့က အတင်း တိုးဝှေ့ တွန်းတိုက်ကြလို့ သူမရဲ့ ပစ္စည်းဥစ္စာတွေ ပျက်စီးဆုံးရှုံးသွားရတာ ဖြစ်မယ်။’

ရှချိုးကို တွန်းတိုက်ခဲ့သော နေမဝင် အင်ပါယာမှ မိန်းကလေးများကို ကြည့်လိုက်ရာ... နားကွင်းများ၊ နှာခေါင်းကွင်းများ တပ်ဆင်ထားပြီး မိတ်ကပ် အထူကြီးများနှင့် ထူးဆန်းသော အဝတ်အစားများကို ဝတ်ဆင်ထားကြသည်ကို တွေ့လိုက်ရလေသည်။ ကြည့်ရတာ လူမိုက်ဆန်ဆန် ပုံစံမျိုး ပေါက်နေကြသည်။

ဖြစ်ပြီးသွားသည့် ကိစ္စကို တောင်းပန်ဖို့ ငြင်းဆန်နေကြသလို... ရှချိုး၏ ဆုံးရှုံးမှုကိုလည်း လျော်ကြေးပေးဖို့ ငြင်းနေကြပုံ ရသည်။ ထို့ကြောင့် အစ်မဟုန်က ဒေါသထွက်ပြီး သူတို့နှင့် စကားများနေခြင်း ဖြစ်လိမ့်မည်။

"ကျွန်တော် ဝင်ပြီး ညှိနှိုင်းပေးကြည့်မယ်..."

ယဲ့ဖန်က ထူးဆန်းသော အဝတ်အစားများ ဝတ်ဆင်ထားသည့် မိန်းကလေး တစ်စုဘက်သို့ လှည့်ကြည့်လိုက်လေသည်။

ဒီ မိန်းကလေးတွေက ဆယ်ကျော်သက် အရွယ် (သို့) အသက် (၂၀) စွန်းစွန်းလောက်ပဲ ရှိမည့်ပုံ ရသည်။

ကြည့်ရတာ ငယ်ငယ်လေးတွေပါပဲ။

သို့သော် သူတို့၏ မျက်လုံးများထဲတွင်တော့ ထိုအရွယ်နှင့် လိုက်ဖက်သော မောက်မာဝင့်ကြွားမှုများ ရှိနေလေသည်။

ယဲ့ဖန်၏ အကြည့်ကို သတိထားမိလိုက်သောအခါ... ယဲ့ဖန်က အရှိန်အဝါ ကြီးမားနေသည့်တိုင် သူတို့က ကြောက်ရွံ့ခြင်း မရှိကြပေ။

"စစ်ကူ ခေါ်လာလည်း အလကားပါပဲ..."

"ခုနကလို အခြေအနေမျိုးမှာ... လူတိုင်း တိုးဝှေ့ကြတာ ပုံမှန်ပဲ မဟုတ်ဘူးလား..."

"ပြီးတော့ နင်တို့ပဲ ဆုံးရှုံးတာ မဟုတ်ဘူး... ငါတို့ သူငယ်ချင်း တစ်ယောက်လည်း ဖုန်းပျောက်သွားသေးတယ်..."

"နင်တို့ ငါတို့ကို လာပြောနေမယ့်အစား... သဘာဝဓာတ်ငွေ့ ယိုစိမ့်အောင် လုပ်တဲ့ ကောင်စုတ်ကို သွားရှာပြီး ပြောကြပါလား..."

"..."

ယဲ့ဖန်က သူတို့ ပြောသမျှကို နားထောင်နေပြီး စိတ်မလောပေ။

ထို လူအုပ်စု ပြောလို့ ပြီးသွားမှသာ သူက တစ်ချက် ဝေ့ကြည့်လိုက်ပြီး မေးလိုက်လေသည်။

"မင်းတို့ထဲမှာ ဘယ်သူက ခေါင်းဆောင်လဲ..."

ထူးဆန်းသော အဝတ်အစားများ ဝတ်ဆင်ထားသည့် မိန်းကလေးများက နှာခေါင်းကွင်း တပ်ထားပြီး ဒရက်လော့ခ် (Dreadlocks) ဆံပင်ပုံစံနှင့် မိန်းကလေး တစ်ယောက်ဘက်သို့ ချက်ချင်း လှည့်ကြည့်လိုက်ကြလေသည်။

[Dreadlocks ဆိုတာ ဆံပင်ကို ဖြီးလို့မရအောင် အထွေးလိုက်၊ အလုံးလိုက်၊ အချောင်းလိုက် ဖြစ်နေအောင် လိမ်ပြီး ကျစ်ထားတဲ့ ပုံစံမျိုးပါ။ ဥပမာ - ရက်ဂေး (Reggae) အဆိုတော် ဘော့မာလီ (Bob Marley) ဆံပင်ပုံစံမျိုးကို ပြောတာပါ။]

ဒရက်လော့ခ် ဆံပင်နှင့် မိန်းကလေးကလည်း အလွန် ရိုင်းစိုင်းမောက်မာသော ပုံစံဖြင့် ပြုမူနေလေသည်။

ယဲ့ဖန်၏ အကြည့်က သူမထံ ရောက်လာသည်ကို သိလိုက်ရသောအခါ... သူမက ချက်ချင်းပင် ခေါင်းမော့လိုက်ပြီး ကြီးကျယ်သော လေသံဖြင့် ပြောလိုက်လေသည်။

"ငါပဲ..."

"ဘာလိုချင်လို့လဲ..."

"မင်း ပြောတဲ့ စကားက အရာရော ရောက်ရဲ့လား..."

ယဲ့ဖန်က မေးလိုက်၏။

ဒရက်လော့ခ် မလေးက မထီမဲ့မြင် ပြုံးလိုက်လေသည်။

"ရောက်တာပေါ့..."

"မယုံရင် ငါ့ဘေးက ညီအစ်မတွေကို မေးကြည့်လိုက်..."

သူမ၏ ညီအစ်မများကလည်း သူမ၏ စကားကို အတည်ပြုပေးချင်သည့်နှယ် ခေါင်းညိတ် ထောက်ခံလိုက်ကြလေသည်။

"ဟုတ်တယ်... နင် အပြင်ထွက်ပြီး စုံစမ်းကြည့်လိုက်လို့ ရတယ်..."

"ဒီလမ်းမှာ... ငါတို့ မီလီ (Millie) အစ်မကြီးက... ၂၀၀၀ ခုနှစ် နောက်ပိုင်း မွေးတဲ့ အထက်တန်းကျောင်းသားတွေရဲ့ ဘောစ့် (Boss) ပဲ..."

"သူ့ လက်အောက်မှာ လူအင်အား (၁၀၀) ကျော် ရှိတယ်..."

"နင်တို့ ငါတို့ကို လာပြီး အနိုင်ကျင့်ချင်ရင်တော့... မဖြစ်နိုင်ဘူး..."

"ငါတို့ မီလီ အစ်မကြီးက ဘယ်စိန်ခေါ်မှုကိုမှ မကြောက်ဘူး..."

"..."

ယဲ့ဖန်က သူတို့နှင့် ရွယ်တူလောက် ဖြစ်သော်လည်း... ထိုစကားများကို ကြားလိုက်ရသောအခါ ကလေးဆန်ပြီး ရှုပ်ထွေးနေသလို ခံစားလိုက်ရလေသည်။

ဒရက်လော့ခ် မလေး၏ စကားက အရာရောက်ကြောင်း အတည်ပြုပြီးနောက်... သူက ဒရက်လော့ခ် မလေး (ခေါ်) မီလီ ကို ပြန်ကြည့်လိုက်လေသည်။

"ငါ့ သူငယ်ချင်း မေးတာ အရမ်း ကောင်းတယ်... မင်းတို့တွေ သူ့ရဲ့ ဂါဝန်နဲ့ ဖိနပ်ကို နင်းမိခဲ့ကြတယ် မဟုတ်လား... ပြီးတော့ သူ့လက်ထဲက ဗန်ကလိ လက်ဝတ်ရတနာတွေ ပျောက်သွားတာကလည်း မင်းတို့ကြောင့်ပဲ မဟုတ်လား..."

မီလီက အကျိုးအကြောင်း သင့်မြတ်သူ ဖြစ်ပုံရသည်။ သူမ ချက်ချင်း ခေါင်းညိတ်လိုက်၏။

"ဟုတ်တယ်..."

"အဲ့ဒါကို ငါတို့ ဝန်ခံတယ်..."

"ငါ့ ညီမလေးက အရေးပေါ် ကြေညာချက် ကြားတော့ နည်းနည်း လန့်သွားပြီး မြန်မြန်ဆန်ဆန် လှုပ်ရှားလိုက်မိတာ... အဲ့ဒါကြောင့် မတော်တဆ နင့် သူငယ်ချင်းရဲ့ ဖိနပ်ကို နင်းမိပြီး ဂါဝန်ကို ညစ်ပတ်သွားစေတာ..."

"ဒါဆိုရင် မင်းတို့ ငါ့သူငယ်ချင်းကို တောင်းပန်သင့်တယ် မဟုတ်လား..."

ယဲ့ဖန်က ထို အချက်ကိုသာ ကိုင်ထားလိုက်လေသည်။

"မင်းတို့ သူများရဲ့ ဂါဝန်ကို ညစ်ပတ်အောင် လုပ်ခဲ့တယ်... ဖိနပ်ကို နင်းခဲ့တယ်..."

"ဒါက မင်းတို့ အမှား မဟုတ်ဘူးလား..."

ထိုအခါ၊ မီလီက အလိုအလျောက် ပြန်ပြောလိုက်လေသည်။

"ဒါပေမယ့် ငါ့ ညီမလေးတွေလည်း သူများ အနင်းခံရပြီး အဝတ်အစားတွေ ညစ်ပတ်ကုန်တာပဲ…”

ယဲ့ဖန် ခေါင်းညိတ်လိုက်၏။

"မင်း ညီမလေးကို နင်းမိတဲ့ သူက မင်းတို့ကို တောင်းပန်သင့်တာပေါ့…”

"ဒါပေမယ့်... အဲ့ဒါက ငါ့ သူငယ်ချင်းနဲ့ ဘာဆိုင်လို့လဲ..."

"အခု ဖြစ်နေတဲ့ ကိစ္စရဲ့ အဓိက တရားခံက မင်းနဲ့ ငါ့ သူငယ်ချင်းပဲ..."

"မင်း ညီမလေး လုပ်ခဲ့တာက မှားတယ်..."

"..."

မီလီ သတိဝင်သွားပြီး ပြောစရာ စကား မရှိတော့ပေ။

"ပြီးတော့... မင်း ညီမလေး ဖုန်းပျောက်သွားတာကလည်း ငါ့ သူငယ်ချင်းနဲ့ ဘာမှ မဆိုင်ဘူး..."

"ဒါပေမယ့်...မင်းတို့က ငါ့ သူငယ်ချင်းရဲ့ ဗန်ကလိ လက်ဝတ်ရတနာတွေကို ပျက်စီးဆုံးရှုံးစေခဲ့တယ်... ဒါက မင်းတို့ တာဝန်ပဲ..."

ယဲ့ဖန်က သူမကို ဆက်လက် ရှင်းပြနေလေသည်။

"..."

မီလီ တစ်ဖန် ဆွံ့အသွားရပြန်လေသည်။

သို့သော် သူမ၏ ညီအစ်မများကမူ အနည်းငယ် စိတ်လှုပ်ရှားလာပုံ ရလေသည်။

"ငါတို့က အသက်လုပြီး ထွက်ပြေးနေရတာလေ..."

"ပြီးတော့ အဲ့ဒီအချိန်တုန်းက အခြေအနေက အရမ်း ရှုပ်ထွေးနေတာ... ငါတို့မှာ ရွေးချယ်စရာမှ မရှိတာ..."

"ဒါ့အပြင်... ငါတို့ တမင် လုပ်ခဲ့တာမှ မဟုတ်တာ…”

All Chapters