← Chapters

အခန်း (၄၉၉-၅၀၁)

Vol. 34 Ch. 499-501

အခန်း (၄၉၉-၅၀၁)

Vol. 34 Ch. 499-501

အခန်း (၄၉၉) - ဖိတ်ကြားလွှာ

~ရုတ်တရက်... နဂါးနတ်ဘုရား နန်းတော် တစ်ခုလုံးကို လွှမ်းခြုံသွားသော ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု သိပ်သည်းလာသည်။

"ဆေးဧကရာဇ်က ကောင်းကင်ဘုံလူသား ဒုတိယအလွှာကို ရောက်သွားပြီ... သူ့ရဲ့ ကျင့်ကြံနှုန်းက တကယ်ကို ကြောက်စရာ ကောင်းတာပဲ..."

"လွှမ်းမိုးနိုင်လွန်းတဲ့ အရှိန်အဝါ... နန်းတော်သခင်က တကယ်ကို ကြောက်စရာ ကောင်းလွန်းတယ်..."

"အစ်ကိုကြီးဖုန်း အောင်မြင်သွားပြီ... ဒီအရှိန်အဝါက အစ်ကိုကြီးဖုန်းရဲ့ ကိုယ်ထဲက လျှို့ဝှက်စွမ်းအားပဲ..."

နဂါးနတ်ဘုရား နန်းတော် အတွင်း၌ လျိုချင်းယန်နှင့် အခြားသူများ၏ အောင်ပွဲခံ အော်ဟစ်သံများ ဆူညံသွား၏။ အားလုံး၏ မျက်ဝန်းများတွင် အံ့ဩမှုနှင့် စိတ်လှုပ်ရှားမှုများ အပြည့်။ အကြည့်များက နန်းတော်၏ အနောက်ဘက်သို့ စုပြုံရောက်ရှိနေကြသည်။

သုံးရက်... သုံးရက်တည်းနှင့် ကောင်းကင်ဘုံလူသား ဒုတိယအလွှာသို့ ချိုးဖောက်ဝင်ရောက်နိုင်ခြင်းသည် မည်သူမျှ စိတ်ကူးမယဉ်ရဲသော အမြန်နှုန်းပင်။

ဒါက လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စ။

"အစ်ကိုကြီးဖုန်းက စွမ်းအားနှစ်ခုကို ပေါင်းစပ်ပြီး စွမ်းအားသစ် တစ်ခု ဖန်တီးလိုက်တာလေ... အဲ့ဒါကြောင့် အဆင့်တက်သွားတာ..."

လင်ရှောင်ရှောင်က ပြုံးရွှင်စွာ ရှင်းပြလိုက်၏။

"ဒီစွမ်းအားက နန်းတော်သခင်ရဲ့ မူလစွမ်းအားထက် အများကြီး ပိုကြမ်းတမ်းတယ်..."

ယီထျန်းချင်း ခေါင်းညိတ်လိုက်၏။ သူ့မျက်လုံးထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင်များ ပေါ်နေသည်။

အနောက်ဘက် နန်းဆောင်တွင်... ဖုန်းဝူချန်၏ လက်ဖဝါးပေါ်၌ အနီရောင်ရင့်ရင့် စွမ်းအင်အငွေ့အသက်လေး တစ်ခု ဝဲပျံနေသည်။

ဒါသည် ကမ္ဘာပျက် စွမ်းအား၏ ပုံစံသစ်။ လွှမ်းမိုးနိုင်ပြီး ကြောက်မက်ဖွယ် ကောင်းလှသည်။

ကမ္ဘာပျက် စွမ်းအားသည် နဂါးမျိုးနွယ် သွေးကြောစွမ်းအားထက်ပင် ပိုမို ကြောက်စရာကောင်းသည် ဖြစ်ရာ၊ ဖုန်းဝူချန်၏ တိုက်ခိုက်စွမ်းရည် ပိုမို မြင့်မားလာသည်မှာ ယုံမှားသံသယ ဖြစ်စရာ မလိုပေ။

"ငါ့ရဲ့ လက်ရှိစွမ်းအားနဲ့ ဆိုရင်... မိုကျန့်နန်ကို သတ်ဖို့ ပြဿနာ မရှိတော့ဘူး..."

အနီရောင် စွမ်းအင်လေးကို ကြည့်ရင်း ဖုန်းဝူချန် ယုံကြည်မှု ရှိစွာ ပြောလိုက်၏။ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။

"ဝှစ်..."

စကားဆုံးသည်နှင့် ဖုန်းဝူချန် ပျောက်ကွယ်သွားပြီး၊ နောက်တစ်စက္ကန့်တွင် နဂါးနတ်ဘုရား နန်းတော် ကောင်းကင်ယံထက်၌ ပြန်လည် ပေါ်ထွက်လာသည်။

မျက်စိကျိန်းမတတ် တောက်ပသော အနီရောင်ရင့်ရင့် အလင်းတန်းများသည် နန်းတော်တစ်ခုလုံးကို လွှမ်းခြုံသွားပြီး၊ ဝိညာဉ်ကို သိမ်းပိုက်နိုင်လောက်သော ကြောက်မက်ဖွယ် အရှိန်အဝါသည် မုန်တိုင်းတစ်ခုအလား တိုက်ခတ်လာသည်။ ကောင်းကင်ဘုံမှ ဆင်းသက်လာသော စစ်နတ်ဘုရား တစ်ပါးအလား ခမ်းနားထည်ဝါလွန်းလှသည်။

ဖုန်းဝူချန်ကို မြင်လိုက်ရသည့်အခါ နဂါးနတ်ဘုရား နန်းတော်သားများ စိတ်လှုပ်ရှားလွန်း၍ ရူးသွပ်မတတ် ဖြစ်ကုန်ကြသည်။

"နန်းတော်သခင် ကောင်းကင်ဘုံလူသား ဒုတိယအလွှာ ရောက်သွားတဲ့အတွက် ဂုဏ်ပြုပါတယ်..."

နန်းတော်သားများ တညီတညွတ်တည်း ဒူးထောက်ကာ ဟိန်းဟောက်လိုက်ကြသည်။ သူတို့၏ အသံကြီးများသည် ဆေးဧကရာဇ်တောင်နှင့် ပတ်ဝန်းကျင် တောင်တန်းများကို ပဲ့တင်ထပ်သွားစေ၏။

ကြောက်မက်ဖွယ် အရှိန်အဝါများ ဖြည်းညှင်းစွာ ပြန်လည် ဆုတ်ခွာသွားပြီး၊ အနီရောင် အလင်းတန်းများလည်း မှေးမှိန်သွား၏။ ဖုန်းဝူချန် ရင်ပြင်တော်ပေါ်သို့ ဖြည်းညှင်းစွာ သက်ဆင်းလာသည်။

ဖုန်းဝူချန်က ပြုံးရင်း ပြောလိုက်၏။

"ရပါတယ်... အားလုံး ထကြပါ..."

နန်းတော်သခင် တစ်ပါး၏ ဂုဏ်ဒြပ်နှင့် ပြည့်စုံလှပေသည်။

လင်ရှောင်ရှောင် အပြေးရောက်လာပြီး "အစ်ကိုကြီးဖုန်း... ဂုဏ်ပြုပါတယ်…”

ဟု ပြုံးရွှင်စွာ ပြောလိုက်၏။

"အစ်ကိုဖုန်း... ခုနက စွမ်းအားက ဘာကြီးလဲ... သိပ်ကြောက်စရာ ကောင်းတာပဲဗျာ..."

လျိုချင်းယန် စိတ်လှုပ်ရှားစွာ ဦးဆုံး မေးလိုက်ခြင်းပါ။

လွမ်ရှန်းလည်း အလျင်အမြန်ဖြင့်

"ဟုတ်တယ်.. နန်းတော်သခင်... အဲ့ဒါ ဘာစွမ်းအားလဲ... ဒီရက်ပိုင်း နန်းတော် တစ်ခုလုံး ကြောက်စရာ အရှိန်အဝါတွေ ဖုံးလွှမ်းနေတာ..."ဟု စူးစမ်းလိုက်၏။

အားလုံး၏ မျက်လုံးများက ဖုန်းဝူချန်ဆီသို့ စုပြုံ ရောက်ရှိနေကြလေသည်။

ဖုန်းဝူချန်က ပေါ့ပေါ့ပါးပါးပင် ပြုံးလိုက်ပြီး ဖြေလိုက်၏။

"ဒါက မူလ စွမ်းအားလိုမျိုး အစွမ်းထက်တဲ့ စွမ်းအား တစ်မျိုးပဲ... ဒါပေမဲ့ မူလ စွမ်းအားထက် အဆပေါင်းများစွာ ပိုကြမ်းတယ်... ကျွန်တော်ကတော့ ဒါကို 'ကမ္ဘာပျက် စွမ်းအား'လို့ ခေါ်ပါတယ်... ဒါတောင် အခုက အရမ်း အားနည်းနေသေးတာ..."

"ကမ္ဘာပျက် စွမ်းအား..."

"မူလ စွမ်းအားထက် အဆပေါင်းများစွာ ပိုကြမ်းတယ် ဟုတ်လား..."

"အားနည်းနေသေးတာတောင် ဒီလောက် ကြောက်စရာ ကောင်းနေပြီလား..."

အားလုံး ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။

ယခုလောက် ကြောက်စရာကောင်းသော စွမ်းအားမျိုး တစ်ခါမှ မကြားဖူးခဲ့ကြပေ။

ကမ္ဘာပျက် စွမ်းအားသည် ရှေးဦး ကမ္ဘာဦးခေတ်က စွမ်းအား ဖြစ်ပြီး ဖုန်းဝူချန် အနေဖြင့် အပြည့်အဝ ခံနိုင်ရည် မရှိသေးသဖြင့် အားနည်းနေသေးသည်မှာ အမှန်ပင်။

သို့သော် ဖုန်းဝူချန်၏ ကျင့်ကြံဆင့် မြင့်လာသည်နှင့်အမျှ သူ ထိန်းချုပ်နိုင်မည့် ကမ္ဘာပျက် စွမ်းအားသည်လည်း ပိုမို ကြီးမားလာပေလိမ့်မည်။

"အစ်ကိုကြီးဖုန်း... ချင်းချင်းရဲ့ အင်မော်တယ် ဝိညာဉ်စွမ်းအားနဲ့ ယှဉ်ရင် ဘယ်ဟာ ပိုစွမ်းလဲ..."

လျိုချင်းယန် ဆက်မေးလိုက်၏။

"ကမ္ဘာပျက် စွမ်းအားက 'ရှေးဦး ကမ္ဘာဦးခေတ်'က လာတာ... အင်မော်တယ် ဝိညာဉ်စွမ်းအားက 'ရှေးဟောင်းခေတ်'က လာတာ... သေချာပေါက် ကမ္ဘာပျက် စွမ်းအားက ပိုစွမ်းတာပေါ့..."ဟု ဖုန်းဝူချန်က အေးဆေးစွာ ဖြေလိုက်၏။

ထို့နောက် ဖုန်းဝူချန်သည် ခေတ်ကြီး သုံးခေတ် အကြောင်းကို အားလုံး နားလည်အောင် ရှင်းပြလိုက်၏။

နဂါးနတ်ဘုရား နန်းတော်သားများ အလွန်အမင်း အံ့ဩတုန်လှုပ်သွားကြသည်။ ရှေးဟောင်းခေတ် မတိုင်ခင်က အဆုံးမဲ့ ရှေးဟောင်းခေတ်နှင့် ရှေးဦး ကမ္ဘာဦးခေတ် ရှိခဲ့သည်ကို သူတို့ တစ်ခါမှ မသိခဲ့ကြပေ။

"လောကကြီးမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားတွေ အများကြီး ရှိတယ်... ဒါပေမဲ့ ရှာတွေ့ဖို့ အရမ်းခက်တယ်... တခါတလေကျရင် ရှာလို့ကို မတွေ့နိုင်ဘူး..."

သူ့စကားကြောင့် လျိုချင်းယန် နဖူးကြောများ တွန့်လိုက်ပြီး...

"ကျွန်တော့် ကိုယ်ထဲမှာ ရှိတဲ့ စွမ်းအားက ဘာလဲ မသိဘူး... ရှေးဟောင်း စွမ်းအား ဖြစ်နိုင်မလား..."

"ဖြစ်နိုင်တယ်..."

ဖုန်းဝူချန် ခေါင်းညိတ်လိုက်ပါ၏။

ထိုစဉ်... တောင်တံခါးဝမှ အစောင့်တစ်ယောက် သုတ်သီးသုတ်ပျာ ပြေးလာပြီး ရိုသေစွာ သတင်းပို့လာသည်။

"နန်းတော်သခင်... ရှင်းကျဲလေလံရုံ (ကြယ်တာရာ မြို့တော်က လေလံရုံ)က ဖိတ်စာ ရောက်လာပါတယ် ခင်ဗျာ..."

"လေလံရုံ ဖိတ်စာ..."

ဖုန်းဝူချန် အနည်းငယ် အံ့ဩသွားပြီး ဖိတ်စာကို ဖွင့်ကြည့်လိုက်၏။

လျိုချင်းယန်က စပ်စုလာလေသည်။

"အစ်ကိုကြီးဖုန်း... ရတနာ တစ်ခုခု လေလံတင်မလို့လားဗျ..."

"မဟုတ်ဘူး... လေလံရုံ ဥက္ကဋ္ဌရဲ့ အသက်(၇၀) ပြည့် မွေးနေ့ပွဲတဲ့... စားပွဲ သောက်ပွဲကြီး ကျင်းပမှာမို့လို့ ငါတို့ကို အထူးဖိတ်ကြားတာ..."

"ဟာ...ကျွန်တော်က အရေးကြီးကိစ္စ မှတ်လို့..."

လျိုချင်းယန် စိတ်ပျက်လက်ပျက် ခေါင်းခါလိုက်၏။

ယီထျန်းချင်းလည်း ပခုံးတွန့်လိုက်ကာ၊

"ငါတော့ မသွားဘူး... ငါ့အဖေ မွေးနေ့ပွဲတောင် ငါ မတက်ခဲ့တာ... လေလံရုံ ကိစ္စလောက်တော့ စိတ်မဝင်စားဘူး... ကျင့်ကြံတာက ပိုကောင်းတယ်..."

"နန်းတော်သခင်... ကျွန်တော်လည်း မလိုက်တော့ဘူး... လူကြီးတွေချည်းပဲ... ပျင်းစရာကြီး..."

။

ဟွမ်ယန်ကလည်း ခေါင်းခါလိုက်၏။

ဖုန်းဝူချန် ပခုံးတွန့်လိုက်ပြီး...

"လိုက်ချင်တဲ့သူ လိုက်ခဲ့... မလိုက်ချင်တဲ့သူ ကျန်ခဲ့ပြီး ကျင့်ကြံကြပါ..."

ဥက္ကဋ္ဌ၏ မွေးနေ့ပွဲအတွက် ဖုန်းဝူချန်သည် လင်ရှောင်ရှောင်၊ လျိုချင်းယန်နှင့် အခြား လူအနည်းငယ်ကို ခေါ်ပြီး သွားရောက်ခဲ့သည်။

လေလံရုံ ဖိတ်ကြားချက်ကို ငြင်းပယ်လိုက်လျှင် ရိုင်းရာ ကျပေလိမ့်မည်။

ထို့အပြင် နီဖုန်းယွင်သည် ဖုန်းဝူချန်ကို ဆရာတင်ထားသည် မဟုတ်ပါလော။ ထို့ကြောင့် ဖုန်းဝူချန် တက်ရောက်သင့်၏။

ဥက္ကဋ္ဌ၏ မွေးနေ့ပွဲသို့ ရှင်းကျဲမြို့တော်ရှိ အင်အားစု အသီးသီးမှ ခေါင်းဆောင်များ ဖိတ်ကြားခံထားရသည်။ ဖိတ်ကြားခံရသူများသည် ရှင်းကျဲမြို့တော်၏ ထင်ရှားကျော်ကြားသူများ ဖြစ်ကြပြီး သာမန်လူများ ပါဝင်ခွင့် မရှိပေ။

လေလံရုံ ဥက္ကဋ္ဌ လင်မိုယန် သည် ရှင်းကျဲမြို့တော်တွင် သာမက ဝူကျိနယ်မြေ တစ်ခုလုံးတွင် ဩဇာတိက္ကမ ကြီးမားသူ ဖြစ်၏။

လင်မိုယန်၏ အဆင့်အတန်းသည် ခြေတစ်ချက်ဆောင့်လိုက်ရုံဖြင့် ဝူကျိနယ်မြေကို သုံးခါလောက် တုန်သွားစေနိုင်သူ ဖြစ်၏။

ဖိတ်ကြားခံရသော အင်အားစုများသည် ရှင်းကျဲမြို့တော်သို့ အသီးသီး ရောက်ရှိလာကြသည်။

အနောက်ဘက်ဒေသ၊ ဝင်္ကပါ ပင်လယ်နယ်မြေ၊ ဝူကျိနယ်မြေ စသည်ဖြင့် နေရာအနှံ့မှ အင်အားကြီး ခေါင်းဆောင်များ ပါဝင်ကြသည်။

အင်အားအကြီးဆုံး အဖွဲ့များမှာ အင်မော်တယ် လက်နက် စံအိမ်နှင့် ကျန်းမိသားစု တို့ ဖြစ်ကြသည်။ သူတို့သည် လေလံရုံ၏ အရေးအပါဆုံး ဧည့်သည်တော်များ ဖြစ်ကြ၏။

ရှင်းကျဲမြို့တော်တွင် လူအုပ်ကြီးသည် ပင်လယ်ပြင်အလား များပြားလှပြီး၊ ပညာရှင်များမှာ မိုးတိမ်များအလား ထူထပ်လှသည်။ ပါရမီရှင် လူငယ်များလည်း အများအပြား ပါဝင်ကြ၏။

ဖုန်းဝူချန်နှင့် အဖွဲ့သားများ စောစောစီးစီး ရောက်ရှိလာကြပြီး မြို့ထဲမှ ပညာရှင်များကို မြင်လိုက်ရသည့်အခါ လျိုချင်းယန်တို့ မျက်စိပွင့်သွားကြသည်။

သာမန်အချိန်များတွင် တွေ့ရခဲသော ထျန်းကျီဘုံ ပညာရှင်များသည် ဒီနေ့ ရှင်းကျဲမြို့တော်တွင် ရာဂဏန်းခန့် ရှိနေကြလေ၏။

‘လေလံရုံက တကယ် မိုက်တာပဲ... ဒီလောက် အစွမ်းထက်တဲ့ ပညာရှင်တွေကို ဖိတ်ခေါ်နိုင်တယ်... တော်တော်များများက ပါရမီရှင်တွေပဲ…’

လျိုချင်းယန် အကြီးအကျယ် အံ့ဩနေမိသည်။

ဒါက သူ မြင်ဖူးသမျှထဲမှာ အကြောက်စရာ အကောင်းဆုံး ပညာရှင် အုပ်စုကြီးပင်။

ထိုအခါ၊ ။မြောင်ချင်းချင်းက

"ဝူကျိနယ်မြေက ပါရမီရှင်တွေ အကုန်လုံး ရှင်းကျဲမြို့တော်ကို ရောက်နေကြပြီ ထင်တယ်... ထျန်းကျီဘုံ ပညာရှင်တွေ အကုန်လုံး လေလံရုံကို ရောက်နေကြလောက်ပြီ..."

ဟု ပြောလိုက်၏။

"လေလံရုံ ဥက္ကဋ္ဌရဲ့ မွေးနေ့ပွဲကို ဘယ်သူက မလေးမစား လုပ်ရဲမှာလဲ... ဥက္ကဋ္ဌရဲ့ စွမ်းအားက သိပ်မကြီးပေမယ့်... ဝူကျိနယ်မြေမှာ သူ့ကို ထိပါးရဲတဲ့သူ သိပ်မရှိဘူး..."

လင်ရှောင်ရှောင်က တိုးတိုးလေး ပြောလိုက်၏။

"သွားကြစို့... မူးယစ်နတ်ဘုရား စံအိမ် ကို..."

ဖုန်းဝူချန် အေးဆေးစွာ ပြောလိုက်၏။

မူးယစ်နတ်ဘုရား စံအိမ်တွင် လူပြည့်ကျပ်နေပြီး စီးပွားရေး အလွန် ကောင်းမွန်နေ၏။

ဖုန်းဝူချန်နှင့် အဖွဲ့သားများ ဝင်သွားပြီး ဒုတိယထပ်သို့ တန်းတန်းမတ်မတ် တက်သွားကြသည်။

"ဧည့်သည်တော်တို့... တောင်းပန်ပါတယ်... ခုံလွတ် မရှိတော့ပါဘူး ခင်ဗျာ..."

စားပွဲထိုးလေးက အားနာပါးနာ ပြုံးရင်း ပြောလိုက်၏။ လူများလွန်း၍ ပင်ပန်းနေပုံ ရသည်။

"ငါတို့မှာ ခုံရှိတယ်... ဟိုနားလေးမှာ..."

ဖုန်းဝူချန်က ဝရန်တာနားရှိ နေရာတစ်ခုကို လက်ညှိုးထိုးပြလိုက်၏။

စားပွဲထိုးလေး လှမ်းကြည့်လိုက်ပြီး လန့်သွား၏။

"ဆရာလေး... နောက်မနေပါနဲ့... အဲ့ဒါ သခင်လေးကျန်းရဲ့ နေရာပါ…”

အခန်း (၅၀၀) - ပါရမီရှင်များ စုဝေးရာ

~မူးယစ်နတ်ဘုရား စံအိမ် တစ်ခုလုံးတွင် နေရာလွတ်ဟူ၍ တစ်နေရာသာ ကျန်တော့၏။ ထိုနေရာကတော့ ဒုတိယထပ် ဝရန်တာရှိ ထောင့်ကျကျ နေရာလေးပင်။

ကျန်သော နေရာတွေ အားလုံး လူပြည့်ကျပ်နေပြီ ဖြစ်၏။

သံသယဖြစ်စရာ မလိုပေ။ ဝရန်တာ နေရာသည် စံအိမ် တစ်ခုလုံးတွင် အကောင်းဆုံး ရှုခင်းကို ပိုင်ဆိုင်ထားပြီး လမ်းမပေါ်မှ မြင်ကွင်းများကို ရှင်းလင်းစွာ မြင်တွေ့နိုင်သော နေရာဖြစ်၏။

ဝင်လာသမျှ အင်အားကြီး ဂိုဏ်းများမှ သခင်လေးတိုင်း ထိုနေရာကို လိုချင်ကြသည်။ သို့သော်... ထိုနေရာသည် 'သခင်လေးကျန်း' အတွက် သီးသန့် ဖယ်ထားသော နေရာ ဖြစ်ကြောင်း ကြားလိုက်ရသည့်အခါ အားလုံး အမြီးကုပ်ကာ ပြန်လှည့်သွားကြရ၏။

သခင်လေးကျန်း ကိုယ်တိုင် မလာမချင်း စားပွဲထိုးလေး အနေဖြင့် ဘယ်သူ့ကိုမှ ပေးထိုင်ရဲမည် မဟုတ်ပေ။ သခင်လေးကျန်းကို ပြစ်မှားမိလျှင် သူ့ခေါင်း ဘယ်နှလုံး ပါပါ၊ မလောက်ငလောက် ဖြစ်သွားပေလိမ့်မည်။

"ဧည့်သည်တော်တို့... တကယ်ကို တောင်းပန်ပါတယ်ခင်ဗျာ... ဒီနေ့က လေလံရုံ ဥက္ကဋ္ဌရဲ့ အသက်

( (၇၀) ) ပြည့် မွေးနေ့ဆိုတော့ ဝူကျိနယ်မြေက အင်အားကြီးတွေ အကုန် ရောက်နေကြတာပါ... ဆိုင်ထဲမှာ ထိုင်နေတဲ့သူတွေ အကုန်လုံးက ဂိုဏ်းကြီးတွေက ပါရမီရှင် တပည့်တွေ၊ သခင်လေးတွေချည်းပါပဲ... သူတို့တောင် ဒီနေရာကို မထိုင်ရဲကြပါဘူး..."

စားပွဲထိုးလေးက တောင်းပန်တိုးလျှိုးစွာ ရှင်းပြနေသည်။

စားပွဲထိုး ပြောသလိုပင်... ဆိုင်ထဲတွင် ထိုင်နေသူ အများစုမှာ ဝူကျိနယ်မြေ၏ အင်အားကြီး ဂိုဏ်းများမှ ပါရမီရှင် လူငယ်များ ဖြစ်ကြသည်။ သာမန်လူများ ခြေချရဲသော နေရာ မဟုတ်ပေ။

ထိုပါရမီရှင် လူငယ် အများစုသည် ကောင်းကင်ဘုံလူသား အဆင့်သို့ ရောက်ရှိနေကြပြီ ဖြစ်၏။ မရောက်သေးသူများ ဆိုလျှင်တောင် ထျန်းယွမ်ဘုံ အဋ္ဌမ၊ နဝမ အလွှာ အသီးသီး ရှိနေကြသည်။

ထိုအထဲတွင် ဆေးပညာရှင်များ၊ လက်နက်ပညာရှင်များ၊ သွန်းလုပ်ရေး ပညာရှင်များနှင့် အင်းကွက် ပညာရှင်များလည်း ပါဝင်နေသည်။

သာမန်အချိန်များတွင် တွေ့ရခဲသော သွန်းလုပ်ရေး ပညာရှင်များနှင့် အင်းကွက် ပညာရှင်များပင်လျှင် ဒီနေ့ ရှင်းကျဲမြို့တော်သို့ ရောက်ရှိနေကြခြင်း ဖြစ်၏။

ဖုန်းဝူချန်က အပြုံးနုနုလေးဖြင့် ပြောလိုက်၏။

"ညီလေး... အဲ့ဒါ ကျန်းကျွင့်လန်ရဲ့ နေရာမှန်း ငါသိပါတယ်... ငါတို့က သူ့မိတ်ဆွေတွေပါ..."

"မိတ်ဆွေတွေ..."

စားပွဲထိုးလေး မျက်လုံးပြူးသွားပြီး ဖုန်းဝူချန်ကို သေချာ အကဲခတ်ကြည့်လိုက်၏။

"ထူးဆန်းတယ်... ကျန်းလေး မရောက်သေးဘူးလား... မူးယစ်နတ်ဘုရား စံအိမ်မှာ ဆုံမယ်လို့ ပြောထားတာပဲ..."

လျိုချင်းယန် ဘေးဘီဝဲယာ ကြည့်လိုက်သော်လည်း ကျန်းကျွင့်လန် အရိပ်အယောင် မတွေ့ရပေ။

"တုန်းကျန့်ထျန်းကိုလည်း မတွေ့ဘူးနော်... လမ်းမှာပဲ ရှိသေးတယ် ထင်တယ်နော်..."

ဟု မြောင်ချင်းချင်းက ခန့်မှန်းလိုက်၏။

ထိုအခါ၊ လင်ရှောင်ရှောင်က ဝင်ပြောပြလိုက်၏။

"မွေးနေ့ပွဲက မနက်ဖြန်မှလေ..ချင်းချင်းရဲ့.. လူတွေကလည်း အများကြီး ရောက်နေပြီဆိုတော့... ကျန်းကျွင့်လန်က မနက်ဖြန်မှ လာမှာ ဖြစ်လောက်တယ်..."

"ဪ... ဟုတ်သားပဲ... သခင်လေးကျန်းက သူ့မိတ်ဆွေတချို့ လာလိမ့်မယ်လို့ မှာထားဖူးတယ်... ခင်ဗျားတို့များလား..."

စားပွဲထိုးလေး ရုတ်တရက် သတိရသွားပုံရသည်။

"ဟုတ်တယ်..."

ဖုန်းဝူချန် ခေါင်းညိတ်လိုက်၏။ စားပွဲထိုးလေးက သူ့တာဝန်သူ လုပ်နေခြင်းမို့ ဖုန်းဝူချန် အပြစ်မယူလိုပေ။

"ငါ့နာမည် လျိုချင်းယန်..."

လျိုချင်းယန်က ရင်ဘတ်ကို ပုတ်ရင်း မိတ်ဆက်လိုက်၏။

လျိုချင်းယန် နာမည် ကြားလိုက်ရသည်နှင့် စားပွဲထိုးလေး၏ မျက်နှာထား ချက်ချင်း ပြောင်းလဲသွား၏။

"ဟုတ်ကဲ့... ဟုတ်ကဲ့... လျိုချင်းယန် ဆိုတဲ့ နာမည် ပါပါတယ်... တောင်းပန်ပါတယ်ခင်ဗျာ... ဒီဘက်ကို ကြွပါ..."

စားပွဲထိုးလေး ခါးကို ကိုင်းသထက် ကိုင်းကာ ရိုသေစွာ လမ်းပြလိုက်၏။ သူ့ကျောပြင်တွင် ချွေးစေးများ စို့လာသည်။

ဖုန်းဝူချန်တို့ကို စိတ်မကွက်စေမိလိုက်တာ ကံကောင်းသည်ဟု တိတ်တဆိတ် တွေးနေမိသည်။

"ဧည့်သည်တော်တို့... ကျွန်တော့်ကို အပြစ်မတင်ပါနဲ့နော်... ကျွန်တော်က သခင်လေးကျန်း မှာထားတဲ့အတိုင်း လုပ်ရတာမို့လို့ပါ... သခင်လေးကျန်းကို ပြန်မပြောပါနဲ့ဗျာ... မဟုတ်ရင် ကျွန်တော့်ခေါင်း ပြုတ်သွားလိမ့်မယ်ခင်ဗျာ..."

စားပွဲထိုးလေးက တုန်တုန်ရီရီဖြင့် တောင်းပန်ရှာသည်။

"ရပါတယ်... မင်းအလုပ် မင်းသွားလုပ်ပါ..."

ဖုန်းဝူချန် အေးဆေးစွာ ပြောလိုက်၏။

"ကျေးဇူးတင်ပါတယ်... ကျေးဇူးတင်ပါတယ်ခင်ဗျာ... အစားအသောက်တွေ အခုချက်ချင်း လာပို့ပေးပါ့မယ်..."

စားပွဲထိုးလေး ခေါင်းတငြိမ့်ငြိမ့်ဖြင့် ထွက်ခွာသွား၏။

"သခင်လေးကျန်းက တကယ် မတူပါလား... သူ့အဆင့်အတန်းက အားကျစရာ ကောင်းလိုက်တာ... ဝူကျိနယ်မြေ တစ်ခုလုံးမှာ ဘယ်သူမှ သူ့ကို မထိပါးရဲကြဘူး..."

လျိုချင်းယန် အားကျသံဖြင့် ပြောလိုက်၏။

"ကုန်းမြေတိုက်ကြီးရဲ့ နံပါတ်တစ် လက်နက်ပညာရှင် ပါရမီရှင်လေ... အားကျနေတာလား... ကျန်းမိသားစု သခင်လေး ဖြစ်ချင်နေပြီလား... ရှင် ကံမပါလို့ မဖြစ်ရတာပါနော်..."

မြောင်ချင်းချင်းက စနောက်လိုက်၏။

"ချင်းချင်းရာ... ဘယ်လို ပြောလိုက်တာလဲ... ကိုယ့်နှလုံးသားလေး ကွဲကြေသွားပါပြီ..."

လျိုချင်းယန်က ချက်ချင်းပင် ဝမ်းနည်းပက်လက်ရုပ် လုပ်ပြလိုက်၏။

ထိုအခါ ၊ မြောင်ချင်းချင်းက ချက်ချင်း ပြန်ပက်လိုက်၏။

"ကွဲသွားရင် ပြန်ဆက်လိုက်ပေါ့ရှင်..."

"ဟွန့်..."

နှစ်ယောက်သာစအား ကြည့်ရင်း၊ လင်ရှောင်ရှောင် ပါးစပ်ပိတ်ပြီး တခစ်ခစ် ရယ်လိုက်မိတော့သည်။

"လှလိုက်တာ... ရှင်းကျဲမြို့တော် ရောက်ရောက်ချင်း ဒီလောက် ပြိုင်ဘက်ကင်းတဲ့ အလှမျိုး တွေ့ရမယ်လို့ ထင်မထားဘူး..."

"သခင်လေး... မြန်မြန် ကြည့်ပါဦး... ကျွန်တော်တို့ ဂိုဏ်းက အစ်မကြီးထက်တောင် ပိုလှနေသေးတယ်..."

"ကောင်းကင်ဘုံက နတ်သမီးလေး လူ့ပြည် ဆင်းလာတာများလား..."

လင်ရှောင်ရှောင်၏ အလှတရားသည် ဒုတိယထပ်ရှိ လူတိုင်း၏ အာရုံကို ချက်ချင်း ဖမ်းစားလိုက်၏။ မျက်လုံးများ အားလုံး သူမဆီသို့ ရောက်ရှိလာပြီး၊ ပထမထပ်မှ လူများကပါ မော့ကြည့်နေကြသည်။

ပန်းနုရောင် ဝတ်စုံလေးနှင့် လင်ရှောင်ရှောင်၏ မျက်နှာလေးသည် သဘာဝတရားကြီးက ဖန်တီးထားသော အနုပညာလက်ရာ တစ်ခုအလား။ မြို့တွေကို ပျက်စီးစေနိုင်လောက်အောင် လှပလွန်းသည်။

ဖုန်းဝူချန်၏ လက်မောင်းကို တွဲထားသော လင်ရှောင်ရှောင်ကို ကြည့်ရင်း လူတိုင်း မနာလို ဝန်တို ဖြစ်နေကြသည်။

သို့သော်... မနာလို ဖြစ်နေရင်းမှ ဖုန်းဝူချန်တို့အဖွဲ့ ဝရန်တာရှိ နေရာလွတ်ဆီသို့ လျှောက်သွားနေသည်ကို သတိထားမိလိုက်ကြသည်။

"သူတို့က ဘယ်သူတွေလဲ... သေချင်နေတာလား... အဲ့ဒါ သခင်လေးကျန်းရဲ့ နေရာလေ..."

"သတ္တိ ကောင်းလှချည်လား... သခင်လေးကျန်း နေရာကို ဝင်ထိုင်ရဲတယ်... စားပွဲထိုးက ဘာလုပ်နေတာလဲ..."

"သခင်လေးကျန်းရဲ့ မိတ်ဆွေတွေများလား..."

"မဖြစ်နိုင်တာ... မိတ်ဆွေတွေသာ ဆိုရင် သခင်လေးကျန်း ဘာလို့ ပါမလာတာလဲ..."

ပါရမီရှင်များ အားလုံး ဆူညံပွက်လောရိုက်သွား၏။ ဖုန်းဝူချန်ကို ကြည့်သော အကြည့်များတွင် ရန်လိုမှုများ ပါဝင်လာသည်။

"အစ်ကိုကြီးဖုန်း... သူတို့ ဘာလို့ ကျွန်တော်တို့ကို ဝိုင်းကြည့်နေကြတာလဲဗျ..."

ရန်လိုသော အကြည့်များကို သူ သတိထားမိသည့်အခါ၊ လျိုချင်းယန်က အနေရခက်စွာ မေးလိုက်၏။

ထိုအခါ၊ လင်ရှောင်ရှောင်က သာယာစွာ ရယ်ရင်း ပြောလိုက်၏။

"ဒါက သခင်လေးကျန်းရဲ့ နေရာလေ... သူတို့ အကုန်လုံး သိနေကြလို့ပေါ့…”

ဖုန်းဝူချန်က ဘာမှ ပြန်မပြောဘဲ လမ်းမပေါ်မှ လူများကို ငေးကြည့်နေလိုက်၏။

‘ဟိုလူက သာမန်လူ မဟုတ်လောက်ဘူး... သူ့ကျင့်ကြံဆင့်ကို လုံးဝ ဖုံးကွယ်ထားတယ်... ဘယ်လောက် နက်ရှိုင်းလဲ ဆိုတာ မမြင်ရဘူး... ပါရမီရှင်တွေ ဒီလောက် အများကြီး ရှိနေတာတောင် သူက တည်ငြိမ်လွန်းတယ်…’

ပါရမီရှင် သခင်လေး တစ်ယောက်က ဖုန်းဝူချန်ကို အကဲခတ်ရင်း တွေးလိုက်မိသည်။

ပိုပြီး အစွမ်းထက်သော ပါရမီရှင်များက ဖုန်းဝူချန်ကို အာရုံစိုက်နေကြလေသည်။

"သခင်လေးကျန်းနဲ့သာ ရင်းနှီးခွင့်ရရင်... ငါတို့အတွက် အကျိုးအမြတ် အများကြီး ရှိမှာ..."

ပါရမီရှင် တစ်ယောက်က ကောက်ကျစ်စွာ ပြုံးရင်း ပြောလိုက်၏။

"ဟုတ်တယ်... အခုက အခွင့်ကောင်းပဲ..."

အခြား ပါရမီရှင်များလည်း ခေါင်းညိတ်လိုက်ကြသည်။

ဒီလူငယ်များသည် ဝူကျိနယ်မြေ၏ အင်အားကြီး ဂိုဏ်းများမှ လာကြသူများ ဖြစ်သော်လည်း၊ ဝူကျိနယ်မြေ၏ အရှင်သခင် အစစ်ဖြစ်သော ကျန်းကျွင့်လန်နှင့် ယှဉ်လျှင် ဘာမှ မဟုတ်ကြပေ။

ထို့ကြောင့် သူတို့အားလုံး ကျန်းကျွင့်လန်ကို မျက်နှာလိုမျက်နှာရ လုပ်ချင်နေကြသည်။ အနည်းငယ် ရင်းနှီးခွင့် ရလျှင်ပင် ကျေနပ်စရာ။ တကယ်လို့များ ရင်းနှီးသော ဆက်ဆံရေး တည်ဆောက်နိုင်ခဲ့လျှင် သူတို့၏ ကံကြမ္မာပင် ပြောင်းလဲသွားနိုင်သည်။

ယခု... ကျန်းကျွင့်လန်ကို မျက်နှာလုပ်ဖို့အတွက် တစ်ယောက်က စတင် လှုပ်ရှားလိုက်၏။

ထိုအခိုက်၊ လူငယ်တစ်ယောက်က အလျင်အမြန် ရှေ့ထွက်လာပြီး ခံစားချက်ကင်းမဲ့စွာ အော်ဟစ်လိုက်၏။ ဖုန်းဝူချန်တို့ကို စူးစူးဝါးဝါး စိုက်ကြည့်နေသည်။

"မင်းတို့က တော်တော် သတ္တိကောင်းတာပဲ... သခင်လေးကျန်းရဲ့ နေရာကို ဝင်ထိုင်ရဲတယ်ပေါ့... အသက်ရှင်ရတာ ငြီးငွေ့နေပြီလား..."

"ဒီနေရာက ကြုံရာလူ ထိုင်လို့ရတဲ့ နေရာ မဟုတ်ဘူးကွ... ဥပမာ မင်းတို့လို အဆင့်တွေပေါ့... ငါတို့တောင် မထိုင်ရဲဘူး..."ဟု အရပ်ရှည်ရှည် ပိန်ပိန်နှင့် လူတစ်ယောက်ကလည်း မထီမဲ့မြင် ဝင်ပြောသည်။

ဖုန်းဝူချန်တို့က သူတို့ကို လုံးဝ လျစ်လျူရှုထားလိုက်၏။ တစ်ချက်လေးတောင် လှည့်မကြည့်ပေ။ လျိုချင်းယန်ကလည်း လက်ဖက်ရည်ကို အရသာခံ သောက်နေပြီး ဘာမှ မကြားသလို နေလိုက်၏။

"ငါ မင်းတို့ကို ပြောနေတာ... နားကန်းနေကြလား... အခုချက်ချင်း ထွက်သွားစမ်း..."

နောက်ထပ် လူငယ်တစ်ယောက်က မောက်မာသော လေသံဖြင့် ဒေါသတကြီး အော်ဟစ်လိုက်၏။

ထိုအခါ၊ လျိုချင်းယန် မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး "နားကန်းနေတာ မင်းတို့လေ... ထွက်သွားရမှာက မင်းတို့…”ဟု ခံစားချက်ကင်းမဲ့စွာ ပြန်ပက်လိုက်၏။

"ဒီကောင်လေးက သတ္တိရှိသားပဲ... သခင်လေးကျန်း နေရာကို ဝင်ထိုင်တာတင် မကဘူး... သခင်လေးဝမ်ကိုပါ ထွက်သွားခိုင်းနေတယ်... သခင်လေးဝမ်က ဝူကျိနယ်မြေရဲ့ 'လွတ်လပ်ခြင်းဂိုဏ်း' က ဂိုဏ်းသခင်လေးနော်..."

"ကြည့်ကောင်းတော့မယ်... သခင်လေးဝမ်က ဒေါသကြီးတယ်ဟ..."

"နားမလည် ပါးမလည် လူတွေလေ... ဘယ်သူ့ကို မစော်ကားသင့်ဘူးလဲ ဆိုတာ မကြာခင် သိရတော့မှာပါ..."

ဒုတိယထပ်ရှိ ပါရမီရှင်များ အားလုံး ပွဲကြည့်ပရိသတ် လုပ်နေကြတော့သည်။ ဖုန်းဝူချန်တို့ ဒုက္ခရောက်မှာကို မြင်ချင်နေကြ‌လေသည်။

သခင်လေးဝမ်၏ မျက်နှာထား ပုပ်သိုးသွားပြီး အံကြိတ်ကာ ပြောလိုက်တော့၏။

"မင်းတို့က သေချင်နေတာပဲ... သခင်လေးကျန်းရဲ့ နေရာကို ထိုင်ရဲတယ်ပေါ့... သခင်လေးကျန်း ကိုယ်စား မင်းတို့လို မျက်ကန်းတွေကို ပညာပေးရတော့မယ်…”

အခန်း (၅၀၁) - ရက်စက်သော အကွက်

~သခင်လေးဝမ် (ဝါ) ဝမ်ယွဲ့၏ ကျင့်ကြံဆင့်သည် မနိမ့်လှပေ။ ကောင်းကင်ဘုံလူသား တတိယအလွှာသို့ ရောက်ရှိနေပြီ ဖြစ်ရာ၊ သူ၏ စွမ်းအားသည် အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှသည်။

ပါရမီရှင် အများအပြားကြားတွင် သခင်လေးဝမ်၏ စွမ်းအားသည် ထိပ်ဆုံး (၅) ဦး စာရင်းဝင်သည်မှာ သေချာသည်။

ဝူကျိနယ်မြေ၏ 'လွတ်လပ်ခြင်းဂိုဏ်း'သည် အင်အားကြီး ဂိုဏ်းတစ်ခု ဖြစ်ပြီး ပညာရှင် အများအပြား ပေါက်ဖွားရာ နေရာလည်း ဖြစ်၏။ ဝူကျိနယ်မြေတွင် လျှော့တွက်၍ မရသော အင်အားစုကြီး တစ်ခုပင်။

ယခု လွတ်လပ်ခြင်းဂိုဏ်း၏ အကြီးအကဲများသည် လေလံရုံ၏ ဧည့်သည်တော်များ ဖြစ်ကြသည်။

"သခင်လေးဝမ်... သူတို့ကို ပညာပေးလိုက်စမ်းပါ..."

"ကောင်းကင်ဘုံ ဘယ်လောက်မြင့်လဲ ဆိုတာ သူတို့ မသိသေးဘူး... သခင်လေးဝမ်... ကောင်းကောင်း ဆုံးမလိုက်ပါဟေး..."

ပါရမီရှင် တပည့်များနှင့် သခင်လေးများက တယောက်တစ်ပေါက် အားပေးနေကြသည်။ ပထမထပ်မှ လူများပါ ထိုဆူညံသံများကြားထဲ ပါဝင်လာကြသည်။

သို့သော်... ပို၍ အစွမ်းထက်သော ပါရမီရှင်များကတော့ တည်ငြိမ်စွာပင် ဖုန်းဝူချန်ကို စောင့်ကြည့်နေကြသည်။

သူတို့သည် ပညာရှင်များ၊ ပါရမီရှင်များကို များစွာ မြင်ဖူးထားသူများ ဖြစ်၏။ ဖုန်းဝူချန်၏ ကျင့်ကြံဆင့်ကို မမြင်ရသည့်တိုင် သူတို့၏ အာရုံခံစားမှုက ဖုန်းဝူချန်သည် သာမန်လူ မဟုတ်ကြောင်း ပြောပြနေသည်။

မောက်မာဝံ့ကြွားနေသော ပါရမီရှင်များနှင့် ယှဉ်လျှင် ဖုန်းဝူချန်က ပို၍ တည်ငြိမ်နေသည်။

ယခုအခါ၊ လျိုချင်းယန်က ခံစားချက်ကင်းမဲ့စွာဖြင့်၊

"ဒါ ရှင်းကျဲမြို့တော်... လေလံရုံရဲ့ ပိုင်နက်... မင်းတို့ ရမ်းကားလို့ ရတဲ့ နေရာ မဟုတ်ဘူး..."

ဟု ပြန်‌ချေပလိုက်၏။

"ဒါ လေလံရုံ ပိုင်နက်မှန်း ငါ သိတယ်... ဒါပေမဲ့ သခင်လေးကျန်း ကိုယ်စား မင်းတို့ကို ငါ ဆုံးမလိုက်ရင် လေလံရုံက ငါ့ကို ဘာမှ လုပ်မှာ မဟုတ်ဘူး..."

သခင်လေးဝမ်က ခံစားချက် ကင်းမဲ့စွာ ပြောလိုက်ပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။

သူ့အား လျိုချင်းယန်က ဂရုမစိုက်သလို ပြန်ပြောလိုက်၏။

"ငါ ပြောဖို့ မေ့နေတာ... ငါတို့က သခင်လေးကျန်းရဲ့ မိတ်ဆွေတွေနော်... မင်း တကယ် ဆုံးမရဲလို့လား..."

ထိုစကားကို ကြားသောအခါ သခင်လေးဝမ် အနည်းငယ် တုံ့ဆိုင်းသွားရသည်။

ကျန်ပါရမီရှင်များလည်း အံ့အားသင့်သွားကြပြီး အပြုံးများ တောင့်တင်းသွားကြ၏။

"ဘယ်သူ့ကို လာခြောက်နေတာလဲ... မင်းတို့က သခင်လေးကျန်းရဲ့ မိတ်ဆွေတွေတဲ့လား... ငါ့အထင်တော့ သခင်လေးကျန်းရဲ့ နာမည်ကို သုံးပြီး ဟန်ရေးပြနေတာ နေမှာပါ..."

"သတ္တိရှိသားပဲ... သခင်လေးကျန်းရဲ့ မိတ်ဆွေလို့တောင် အယောင်ဆောင်ရဲတယ်... ပြစ်မှုက တစ်ဆင့် ပိုတိုးသွားပြီ..."

"သခင်လေးဝမ်... သူတို့နဲ့ စကားအများကြီး ပြောမနေနဲ့... ခြေလက်တွေ ချိုးပစ်လိုက်ပါဗျာ..."

ခဏတာ အံ့အားသင့်ပြီးနောက် ပါရမီရှင်များ အသိပြန်ဝင်လာကြသည်။ မည်သူမျှ လျိုချင်းယန်၏ စကားကို မယုံကြည်ကြပေ။

သခင်လေးဝမ်၏ မျက်လုံးများ ရက်စက်စွာ တောက်ပသွားပြီး ကောက်ကျစ်သော အပြုံးတစ်ခု နှုတ်ခမ်းထောင့်တွင် ပေါ်လာသည်။

"မင်းတို့က သခင်လေးကျန်းရဲ့ မိတ်ဆွေတွေ ဆိုရင်... သခင်လေးကျန်းက ဘာလို့ ပါမလာတာလဲ..."

စကားဆုံးသည်နှင့် တပြိုင်နက် သခင်လေးဝမ်သည် ညှာတာမှု ကင်းမဲ့စွာဖြင့် လျိုချင်းယန်ကို လက်သီးဖြင့် ထိုးလိုက်၏။

"ဘုန်း..."

သခင်လေးဝမ် လက်သီးပစ်သွင်းလိုက်သည့် အခိုက်အတန့်တွင် ဖုန်းဝူချန် လှုပ်ရှားလိုက်၏။ ခေါင်းပင် မလှည့်ဘဲ ညာလက်ကို မြှောက်ကာ သခင်လေးဝမ်၏ လက်သီးကို ဖမ်းဆုပ်လိုက်ခြင်းပင်။

အစစ်အမှန် ယွမ်စွမ်းအားကို မသုံးထားသော်လည်း၊ ဖုန်းဝူချန်၏ ခွန်အားသည် ကြောက်မက်ဖွယ် ကောင်းလှသည်။ လေပြင်းများ တိုက်ခတ်သွား၏။

သူ့တိုက်ခိုက်မှု ရုတ်တရက် တားဆီးခံလိုက်ရသဖြင့် သခင်လေးဝမ်၏ မျက်နှာထား ပြောင်းလဲသွား၏။ နဖူးကြောများ တွန့်ကာ ဖုန်းဝူချန်ကို လှမ်းကြည့်လိုက်၏။

စားသောက်ဆိုင် တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွား၏။ အားလုံး၏ အကြည့်များ ဖုန်းဝူချန်ဆီသို့ ရောက်ရှိသွားကြသည်။

‘ဒီလူက တကယ် သာမန် မဟုတ်ဘူးပဲ…’

ဟု အစွမ်းထက်သော ပါရမီရှင် တစ်ယောက်က စိတ်ထဲတွင် တွေးလိုက်မိသည်။

နောက်ထပ် ပါရမီရှင် သခင်လေး တစ်ယောက်လည်း မျက်ခုံး တွန့်လိုက်မိသည်။

"သူ့စွမ်းအားက ဝမ်ယွဲ့ ထက် သာလွန်နေတယ်... ကောင်းကင်ဘုံလူသား ပဉ္စမအလွှာတောင် ဖြစ်နိုင်တယ်..."

"မိုက်တယ်ဟ... သခင်လေးဝမ်ကိုတောင် ယှဉ်နိုင်တယ်..."

"အို... ဒီကောင်လေးရဲ့ စွမ်းအားက မသေးပါလား..."

"အံ့ဩစရာပဲ... သူက ကောင်းကင်ဘုံလူသား ကျွမ်းကျင်သူ ဖြစ်နေတာကိုး... သခင်လေးဝမ် အောက်တော့ မလျော့လောက်ဘူး..."

ဖုန်းဝူချန် ဝင်ပါပြီး ဝမ်ယွဲ့၏ တိုက်ခိုက်မှုကို အလွယ်တကူ တားဆီးလိုက်သည်ကို မြင်လိုက်ရသည့်အခါ ပါရမီရှင်များ အားလုံး အကြီးအကျယ် တုန်လှုပ်သွားကြသည်။

"သောက်ကလေး... မင်းမှာ အရည်အချင်းတော့ ရှိသားပဲ..."

ဝမ်ယွဲ့က မထီမဲ့မြင် ပြုံးရင်း လှောင်ပြောင်လိုက်၏။

"စကားနဲ့ ပြောလို့ မရဘူးလား... ဘာလို့ အကြမ်းဖက်ချင်နေရတာလဲ..."

ဖုန်းဝူချန်က တည်ငြိမ်စွာ ပြောလိုက်ပြီး ဝမ်ယွဲ့ကို စူးစူးရဲရဲ ကြည့်လိုက်၏။

ဝမ်ယွဲ့ စကားမပြောနိုင်ခင်မှာပင် သူ့မျက်နှာထား ရုတ်ချည်း ပြောင်းလဲသွား၏။ ဖုန်းဝူချန်၏ လက်သီးဆုပ်အား ရုတ်တရက် မြင့်တက်လာပြီး သူ့လက်သီးတွင် အရိုးကွဲမတတ် နာကျင်မှုကို ခံစားလိုက်ရသောကြောင့်ပင်။

"ခုနက မင်း ဘာပြောလိုက်တာလဲ... ငါ သေချာ မကြားလိုက်ရလို့..."

ဖုန်းဝူချန်က ဝမ်ယွဲ့ကို ကြည့်ရင်း မေးလိုက်၏။ လက်သီးဆုပ်အားက တဖြည်းဖြည်း ပိုပြင်းထန်လာသည်။

"အား... လွှတ်... လွှတ်စမ်း..."

မခံနိုင်တော့ဘဲ ဝမ်ယွဲ့ သနားစဖွယ် အော်ဟစ်လိုက်မိသည်။

ဝမ်ယွဲ့ အော်ဟစ်သည်ကို မြင်လိုက်ရသောအခါ ပါရမီရှင်များ အားလုံး မျက်နှာပျက်ကုန်ကြသည်။ ဒီလိုရလဒ်မျိုး ထွက်လာလိမ့်မည်ဟု မည်သူမျှ ထင်မထားခဲ့မိကြပေ။

ဖုန်းဝူချန်က ဝမ်ယွဲ့ထက် သာလွန်နေသည်။

"စွမ်းလိုက်တဲ့ ခွန်အား..."

"သူ ဘယ်သူလဲ မသိဘူး... ဘယ်အင်အားစုကလဲ... ဝူကျိနယ်မြေမှာ ဒီလူအကြောင်း တစ်ခါမှ မကြားဖူးဘူး..."

ဖုန်းဝူချန်၏ ဆုပ်အား ပိုပြင်းထန်လာသည်နှင့်အမျှ ဝမ်ယွဲ့၏ မျက်နှာ ရှုံ့မဲ့လာပြီး အော်ဟစ်သံများ မရပ်မနား ထွက်ပေါ်လာသည်။

ကြည့်ရှုနေသော ပါရမီရှင်များ ကြောက်လွန်း၍ စကားတစ်ခွန်းမျှ မပြောရဲတော့ပေ။

ဝမ်ယွဲ့ နာကျင်မှုကို အံကြိတ်ခံရင်း အော်ဟစ် အကူအညီတောင်းလိုက်၏။

"အစ်ကို... အစ်ကိုကြီးယန်... ကယ်ပါဦး..."

ထိုအခိုက်အတန့်၌၊ လူတစ်ယောက် ဖြည်းညှင်းစွာ မတ်တတ်ရပ်လာလေ၏။ သူ့အကြည့်များက ဖုန်းဝူချန်အပေါ် ရေခဲတမျှ ခံစားချက်ကင်းမဲ့စွာ ကျရောက်နေသည်။

"လွှတ်လိုက်..."

ထိုလူသည် ဝမ်ယွဲ့ အကူအညီတောင်းသော အစ်ကိုကြီးယန် ဖြစ်၏။ သူ့ကျင့်ကြံဆင့်က မနိမ့်လှပေ။ ကောင်းကင်ဘုံလူသား စတုတ္ထအလွှာ ရှိပြီး အလွန် သန်မာသူ ဖြစ်၏။

ဖုန်းဝူချန်က ထိုလူကို တစ်ချက်ကြည့်လိုက်ပြီး ခံစားချက်ကင်းမဲ့စွာ မေးလိုက်၏။

"ငါ့ကို ပြောနေတာလား..."

ဖုန်းဝူချန် စကားပြောရင်း လက်သီးဆုပ်အားကို ရုတ်တရက် မြှင့်တင်လိုက်၏။ စကားဆုံးသည်နှင့် အရိုးကျိုးသံ ကျယ်လောင်စွာ ထွက်ပေါ်လာပြီး ဝမ်ယွဲ့၏ လက်သီးကို ရက်ရက်စက်စက် ချေမွပစ်လိုက်၏။

"ဂွပ်..."

"အူး…”

ဝမ်ယွဲ့ ဝက်တစ်ကောင်လို အော်ဟစ်လိုက်မိသည်။ လက်သီးတစ်ခုလုံး ကျိုးကြေသွားပြီး သွေးများ ပန်းထွက်လာသည်။

အစ်ကိုကြီးယန်၏ မျက်နှာထား ချက်ချင်း မည်းမှောင်သွားသည်နှင့် တပြိုင်နက် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ သိပ်သည်းလာပြီး စားသောက်ဆိုင် တစ်ခုလုံးကို လွှမ်းခြုံသွား၏။ ပတ်ဝန်းကျင် တစ်ခုလုံး ရေခဲတိုက်အလား အေးစက်သွားပြီး ဝမ်ယွဲ့၏ အော်ဟစ်သံများသာ ပဲ့တင်ထပ်နေတော့၏။

ဖုန်းဝူချန်၏ ရက်စက်သော လုပ်ရပ်သည် ပါရမီရှင်များ အားလုံးကို ခြောက်ခြားသွားစေ၏။

အေးဆေးတည်ငြိမ်နေသော ဖုန်းဝူချန်သည် လှုပ်ရှားလိုက်လျှင် ဤမျှ ရက်စက်လိမ့်မည်ဟု မည်သူ ထင်ထားပါမည်နည်း။

"ငါ့လက်... ငါ့လက်..."

ဝမ်ယွဲ့၏ သနားစဖွယ် အော်သံကြောင့် ပါရမီရှင် အများအပြား နဖူး၌ ချွေးစေးများ စို့လာကြသည်။

ထို့နောက်၊

"သခင်လေးကျန်းအတွက် ဘယ်သူများ ရှေ့ထွက်ချင်သေးလဲ... စမ်းကြည့်လိုက်လေ..."

ဟု လျိုချင်းယန်က လှောင်ပြောင်သရော်လိုက်၏။

မည်သည့် ပါရမီရှင်မျှ မတ်တတ်မရပ်ရဲတော့ပေ။ ယခင်က မောက်မာခဲ့သော အမူအရာများ အားလုံး ပျောက်ကွယ်သွားကြတော့၏။

"အစ်ကိုကြီးယန်... သတ်လိုက်ပါ... သူ့ကို သတ်ပစ်..."

ဝမ်ယွဲ့ ကြောက်လန့်တကြား အော်ဟစ်တောင်းဆိုလိုက်၏။

"ဂိုဏ်းချုပ်လေးယန်... ဒီကောင်က သိပ်မောက်မာလွန်းတယ်... သည်းခံနေဦးမှာလား..."

"သူ... သူက သခင်လေးဝမ်ရဲ့ လက်ကို ချေမွပစ်လိုက်တယ်... လွတ်လပ်ခြင်းဂိုဏ်းချုပ်သာ သိသွားရင် ဒီကောင် သေချာပေါက် သေပြီ..."

"သခင်လေးဝမ်ရဲ့ လက်... ကျိုးကြေသွားပြီ..."

ပါရမီရှင်များ ခဏတာ ထိတ်လန့်သွားပြီးနောက် ဆူညံပွက်လောရိုက်သွားကြသည်။ ဖုန်းဝူချန်က သခင်လေးဝမ်၏ လက်ကို ချေမွရဲသည်အထိ သတ္တိကောင်းနေသည်ကို သူတို့ မယုံကြည်နိုင်ကြပေ။

"ဘုန်း..."

လူအများ မယုံကြည်နိုင် ဖြစ်နေစဉ်မှာပင် ဖုန်းဝူချန် ခြေထောက်ဖြင့် ကန်ထုတ်လိုက်၏။ အော်ဟစ်နေသော ဝမ်ယွဲ့ လွင့်စင်ထွက်သွားပြီး စားပွဲဝိုင်း အများအပြားကို ဝင်တိုက်ကာ ပြိုကျပျက်စီးသွားစေ၏။ လူအများ ထိတ်လန့်တကြား ရှောင်တိမ်းလိုက်ကြရသည်။

ဖုန်းဝူချန် ဝမ်ယွဲ့ကို ကန်ထုတ်လိုက်သည့် အချိန်မှာပင် ဂိုဏ်းချုပ်လေးယန် လှုပ်ရှားလိုက်၏။ သိပ်သည်းမတတ် အရှိန်အဟုန်ဖြင့် ပြေးဝင်လာသည်။

ဂိုဏ်းချုပ်လေးယန်၏ အမြန်နှုန်းမှာ အံ့မခန်းပင်။ မျက်စိ တစ်မှိတ်စာ အတွင်း ရောက်ရှိလာသည်။ လက်သီးတွင် ကြောက်မက်ဖွယ် စွမ်းအားများ စုစည်းကာ ဖုန်းဝူချန်ကို ပြင်းထန်စွာ ထိုးချလိုက်၏။ လက်သီးလေပြင်းများ တိုက်ခတ်လာပြီး ဖုန်းဝူချန်နှင့် အခြားသူများ၏ အဝတ်အစားများ၊ ဆံပင်များကို လွင့်ဝဲသွားစေ၏။

ဂိုဏ်းချုပ်လေးယန်၏ ရိုင်းစိုင်းသော စွမ်းအားကို ခံစားလိုက်ရသောအခါ ဖုန်းဝူချန် မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။ ဂိုဏ်းချုပ်လေးယန်သည် အစစ်အမှန် ယွမ်စွမ်းအားကို မသုံးထားသော်လည်း၊ သူ့ခွန်အားသည် ဝမ်ယွဲ့ထက် သာလွန်နေသည်။

"ဘုန်း..."

"ဒုန်း..."

ဖုန်းဝူချန်သည် လက်အိတ်ကို ချက်ချင်း ထုတ်ယူလိုက်ပြီး ထိပ်တိုက် ရင်ဆိုင်လိုက်၏။

ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ် စွမ်းအားများ အရပ်မျက်နှာအနှံ့ ဖွဲ့တည်သွားသည်နှင့်တပြိုင်နက် ၎င်း ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်ရှိ စားပွဲများ ကျိုးကြေကုန်ပြီး၊ သခင်လေး အများအပြား နောက်သို့ လွင့်စင်သွားကြသည်။ စားသောက်ဆိုင် တစ်ခုလုံး ပြင်းထန်စွာ လှုပ်ခါသွားပြီး အက်ကွဲကြောင်းများ ပေါ်လာကာ ပြိုကျမတတ် ဖြစ်သွားရလေ၏။

‘သူက ငါနဲ့ ယှဉ်နိုင်တယ်တဲ့လား…’

ဂိုဏ်းချုပ်လေးယန် အကြီးအကျယ် တုန်လှုပ်သွားရလေတော့၏။

All Chapters