အခန်း (၁၉၀)
Vol. 19 Ch. 190
တုပိုင်က ဆက်ပြောလိုက်သည်။
“ အဲဒီအချိန်ကျရင် လီချန်ချန်နဲ့ ကျွန်တော် နှစ်ယောက်စလုံး ဒီသံလိုက်စက်ကွင်း ဝဲကတော့ စက်ကွင်းထဲမှာ ရှိနေကြလိမ့်မယ်။ ကျွန်တော်က လျှပ်စီးကာကွယ်တဲ့ ဖိနပ်၊ အဝတ်အစားနဲ့ ဦးထုပ်တွေကို ပြင်ဆင်ထားမယ်။ ကျွန်တော်တို့က တောင်ထိပ်ပေါ်၊ အမြင့်ဆုံးနေရာမှာ ရှိနေပြီးသား ဖြစ်တဲ့အတွက် လျှပ်စီးလက်တဲ့အခါ ဒီကြီးမားတဲ့ ဝဲကတော့ စက်ကွင်းက လျှပ်စီးကို ဆွဲဆောင်ပြီး လီချန်ချန်နဲ့ ကျွန်တော့်ဆီကို ပြင်းပြင်းထန်ထန် ပစ်ချလိမ့်မယ်။ ကျွန်တော်က လျှပ်စီးကာကွယ်တဲ့ အဝတ်အစားနဲ့ ဖိနပ် ဝတ်ထားတဲ့အတွက် သေမှာ မဟုတ်ပေမဲ့ လီချန်ချန်ကတော့ သေလိမ့်မယ်။ သူ လျှပ်စီး အပစ်ခံရတဲ့အခါ မီးကျွမ်းနေတဲ့ အလောင်း ဖြစ်မသွားရင်တောင် ခုခံနိုင်စွမ်း အားလုံး ပျောက်ဆုံးသွားလိမ့်မယ်။ အဲဒီအချိန်ကျရင် ကျွန်တော် သူ့နှလုံးကို ဓားနဲ့ ထိုးလိုက်မယ်။ ”
ဆရာသခင်ကြီး နင်ဇောင်ဝူ တကယ်ပင် အသက်ရှူမှားလောက်အောင် ဖြစ်သွားသည်။ မှန်ပေသည်။ ဤအရာသည် သီအိုရီအရ လုံးဝ မှန်ကန်ပါသည်။ ယင်းသည် အလွန် ရဲရင့်ပြီး ထူးကဲသော ဖြေရှင်းနည်း တစ်ခု ဖြစ်သည်။
“ ဒါပေမဲ့ ပြဿနာ တစ်ခု ရှိတယ်။ ” နင်ဇောင်ဝူက ပြောလိုက်သည်။ “ ဘယ်နေ့။ ဘယ်အချိန်နဲ့ ဘယ်နေရာမှာ မိုးခြိမ်းပြီး လျှပ်စီးလက်မယ် ဆိုတာ ငါတို့ ဘယ်လို သိနိုင်မလဲ။ အခုက နွေရာသီ ဆိုတော့ ကွမ်ရှီးမှာ မိုးခြိမ်းတာ။ လျှပ်စီးလက်တာတွေ များပေမဲ့ မင်းနဲ့ လီချန်ချန် တိုက်ခိုက်မယ့်နေ့နဲ့ တိုက်ဆိုင်ချင်မှ တိုက်ဆိုင်မှာလေ။ ”
မှန်ပေသည်။ ယင်းသည် တစ်ခုတည်းသော ပြဿနာဖြစ်ပြီး ဖြေရှင်း၍ မရနိုင်သလောက် ဖြစ်သည်။ သို့သော် တုပိုင်အတွက်မူ ဖြေရှင်းနည်း မရှိသည်တော့ မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် သူ့တွင် အိပ်မက်များ ရှိသောကြောင့် ဖြစ်သည်။ သူသည် အိပ်မက်ထဲတွင် ကျင့်ကြံခြင်းနှင့် လေ့လာခြင်းများ ပြုလုပ်နိုင်ရုံ သာမက အနာဂတ် ဖြစ်ရပ်များကိုလည်း ကြိုတင်မြင်တွေ့နိုင်သည်။
အကယ်၍ ဤအိပ်မက်စနစ်က တုပိုင်အပေါ် လုံလောက်အောင် ကြင်နာမှု ရှိပါက သူသည် လျှပ်စီးပစ်မည့် နေ့ရက် အတိအကျ၊ အချိန် အတိအကျနှင့် နေရာ အတိအကျကို အိပ်မက်မက်နိုင်ပေလိမ့်မည်။
တုပိုင် ခေတ္တမျှ တိတ်ဆိတ်သွားပြီး ပြောလိုက်သည်။ “ လျှပ်စီးပစ်မယ့် နေ့ရက် အတိအကျ၊ အချိန် အတိအကျနဲ့ နေရာ အတိအကျကို ကျွန်တော် တကယ် သိနိုင်လောက်ပါတယ်။ ”
ဆရာသခင်ကြီး နင်ဇောင်ဝူက ပြောလိုက်သည်။ “ တကယ်သာ အဲဒီလို ဖြစ်မယ် ဆိုရင် မင်းက ကြီးမားတဲ့ အံ့ဖွယ်အမှုတစ်ခု။ လုံးဝ ရင်သပ်ရှုမောဖွယ်ရာ အံ့ဖွယ်အမှုတစ်ခုကို ဖန်တီးနိုင်လိမ့်မယ်။ မင်း လီချန်ချန်ကို သတ်နိုင်ရုံ သာမက ဘယ်လို အကျိုးဆက်ကိုမှ ခံစားရမှာ မဟုတ်ဘူး။ ”
တုပိုင်က ပြောလိုက်သည်။ “ အချိန်က အရေးကြီးတယ်။ လီချန်ချန်က အချိန်မရွေး၊ နောက်တစ်နာရီ အတွင်း၊ ဒါမှမဟုတ် မနက်ဖြန်လောက် ကျွန်တော့်ကို လာသတ်နိုင်တယ်။ သူ မကြာခင် လာတော့မယ်။ ကျွန်တော် ဒီလျှို့ဝှက်ဆန်းကြယ်ပြီး ထူးဆန်းတဲ့ ဝဲကတော့ ဓားသိုင်းကို ချက်ချင်း ကျွမ်းကျင်အောင် လုပ်ရမယ်။ ရန်သူ ရောက်လာတဲ့အထိ စောင့်နေရင် အရမ်း နောက်ကျသွားလိမ့်မယ်။ ”
နင်ဇောင်ဝူက ပြောလိုက်သည်။ “ ကောင်းပြီ။ ငါ မင်းကို ဒီဝဲကတော့ ဓားသိုင်း အခုပဲ သင်ပေးမယ်။ ”
**--**--**--**--**--**--**--**
ကွမ်ရှီးပြည်နယ်၊ ကွေ့လင်စီရင်စု၊ ဝမ်ရှန်းမျှော်စင်။
လီမိသားစု၏ စစ်သည်များသည် ရက်စက်ကြမ်းကြုတ်သော်လည်း အရှေ့ဘက်ကွပ်ကဲရေးရုံးမှ စစ်သည် အရေအတွက်နှင့် ယှဉ်လျှင် ကိတ်မုန့်တစ်ပိုင်းစာမျှသာ ရှိသည်။ ထို့အပြင် အရှေ့ဘက်ကွပ်ကဲရေးရုံးသည် လက်နက်အပြည့်အစုံ တပ်ဆင်ထားပြီး ကြီးမားသော ဒူးလေးများဖြင့် တိုက်ခိုက်ခြင်း၊ အဆိပ်သုတ်ထားသော မြားမိုးရွာချခြင်း စသည့် နည်းဗျူဟာများကိုသာ အသုံးပြုသည်။
“ ပစ်… ပစ်… ပစ်…။ ”
မြားမိုးများ ဆက်တိုက် ရွာချလိုက်သည်။ လီမိသားစု စစ်သည်များသည် အစုလိုက်အပြုံလိုက် လဲကျသေဆုံးကုန်သော်လည်း မြားများကို ပြင်းထန်စွာ ခုခံကာကွယ်နေဆဲ ဖြစ်ပြီး အရှေ့ဘက်ကွပ်ကဲရေးရုံး စစ်သည်များကို ထိခိုက်သေဆုံးမှု အချို့ ဖြစ်ပေါ်စေခဲ့သည်။ သို့သော်လည်း တစ်နာရီ၏ လေးပုံတစ်ပုံ ကြာပြီးနောက်တွင် အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်ဖွဲ့သည် မြားပေါင်း သောင်းချီ ပစ်ခတ်ခဲ့ပြီး ဖြစ်သဖြင့် အသက်ရှင် ကျန်ရစ်သော လီမိသားစု စစ်သည် သိပ်မများတော့ဘဲ အားလုံး နံရံများ နောက်ကွယ်တွင် ပုန်းအောင်းနေကြရသည်။
“ တိုက်…။ ”
လီဝမ်ဟွေ့၏ အမိန့်ပေးသံနှင့်အတူ သိုင်းပညာ ကျွမ်းကျင်သော သက်လတ်ပိုင်း မိန်းမစိုး တစ်ဦးသည် ကျွမ်းကျင်ပညာရှင် တစ်ရာကို ဦးဆောင်၍ အသက်ရှင် ကျန်ရစ်နေသော လီမိသားစု စစ်သည်များကို အပြီးသတ် သုတ်သင်ရှင်းလင်းရန် ဝမ်ရှန်းမျှော်စင်ထဲသို့ ဝင်ရောက်သွားသည်။
ထို့ကြောင့် တစ်နာရီ၏ လေးပုံတစ်ပုံ အတွင်း အသက်ရှင် ကျန်ရစ်သော လီမိသားစု စစ်သည် အားလုံး အသတ်ခံလိုက်ရသည်။ ယခုအချိန်တွင် ဝမ်ရှန်းမျှော်စင်မှ လက်နက်ကိုင် အစောင့် သုံးရာကျော် အားလုံး အသတ်ခံခဲ့ရပြီ ဖြစ်သည်။ ဝမ်ရှန်းမျှော်စင် တစ်ခုလုံးတွင် အလောင်းများ ပြန့်ကျဲနေပြီး နေရာတိုင်းတွင် သွေးများ စွန်းထင်းနေသည်။
ဤညအတွက် ခေါင်းစဉ် တစ်ခုတည်းသာ ရှိသည်ဟု လီဝမ်ဟွေ့ ပြောခဲ့ဖူးသည်။ ယင်းမှာ သတ်၊ သတ်၊ သတ် ဟူ၍သာ ဖြစ်သည်။
အကျဉ်းသားအဖြစ် မဖမ်းဆီးရ၊ အရှင်မဖမ်းရ။ ဝမ်ရှန်းမျှော်စင်မှ အမျိုးသမီးများနှင့် ဧည့်သည်များသည် သူတို့ရှေ့မှ မြင်ကွင်းကြောင့် ကြောက်လန့်လွန်းသဖြင့် အောက်ပိုင်းသေကာ မလှုပ်ရှားနိုင်ဘဲ မြေကြီးပေါ်သို့ လဲကျသွားကြသည်။
“ ဖြောင်း… ဖြောင်း… ဖြောင်း… ဖြောင်း…။ ”
လွှမ်းမိုးထားသော သွေးညှီနံ့များကြားတွင် စူးရှသော လက်ခုပ်သံများ ထွက်ပေါ်လာသည်။ ကွမ်ရှီးဘုရင်ခံ လော့ဝမ်နှင့် တောင်ပိုင်းပင်လယ် သိုင်းကျောင်းတော်မှ ဘုန်းကြီး ကျူးဝူယာတို့သည် လက်ခုပ်တီးလျက် လှေကားမှ ဖြည်းညှင်းစွာ ဆင်းလာကြသည်။
အမှန်တကယ်တော့ ထိုအချိန်က လော့ဝမ် ခံစားလိုက်ရသော တုန်လှုပ်မှုကို မည်သည့် စကားလုံးကမျှ လုံလောက်အောင် ဖော်ပြနိုင်ခြင်း မရှိပေ။ သူ့ရှေ့မှ လီဝမ်ဟွေ့သည် ရူးသွပ်ရုံသာ မကဘဲ သူ၏ ကမ္ဘာအမြင်ကိုပါ လုံးဝ ပြောင်းလဲသွားစေခဲ့သည်။
“လူတွေက ဒီလောက်ထိ ရက်စက်ပြီး ကြောက်စရာ ကောင်းနိုင်မယ်လို့ ငါ တစ်ခါမှ မတွေးဖူးဘူး။”
သို့သော် လီဝမ်ဟွေ့သည် ရန်သူဖြစ်ပြီး သူတို့ ဤတစ်ကြိမ်တွင် အမြစ်ပြတ် သုတ်သင်ရှင်းလင်းရန် ဆုံးဖြတ်ထားသော ပြိုင်ဘက် ဖြစ်သဖြင့် သူတို့၏ စိတ်ဓာတ်ကို အားနည်းခွင့် လုံးဝ မပေးနိုင်ပေ။ လော့ဝမ်သည် လက်ခုပ်တီးရင်း လီဝမ်ဟွေ့ထံသို့ ချဉ်းကပ်လာကာ အပြုံးဖြင့် ပြောလိုက်သည်။
“ အစ်ကိုလီ။ ခင်ဗျားရဲ့ စွမ်းရည်က တကယ့်ကို မှတ်သားလောက်ပါပေတယ်။ ကျွန်တော် အံ့သြမိပါရဲ့။ ”
အနီးနားတွင် ရပ်နေသော ကျူးဝူယာသည် ကွေ့တုန်းယန်ကို ထူပေးလိုက်သည်။ ကွေ့တုန်းယန်သည် မျက်နှာတစ်ခုလုံး ဖူးရောင်နေပြီး နံရိုးနှစ်ချောင်း ကျိုးကာ ပါးစပ်ထောင့်တွင် သွေးစွန်းနေပြီး သွားများ အားလုံး ကျိုးပဲ့နေသည်။ သူသည် ကြောက်မက်ဖွယ် အခြေအနေတွင် ရှိနေသည်။
“ သာမန်မိန်းမစိုးလေး တုပိုင်တစ်ယောက်အတွက်နဲ့ ဒီလိုလုပ်ရတာ တန်လို့လား။ ” လော့ဝမ် မေးလိုက်သည်။
လီဝမ်ဟွေ့က ပြောလိုက်သည်။ “ တန် မတန် ဆိုတာ နောက်နှစ်အနည်းငယ် ကြာရင် ခင်ဗျား သိရမှာပါ။ ”
လော့ဝမ်က ပြောလိုက်သည်။ “ ကောင်းကင်ဘုံက လူတစ်ယောက်ကို ဖျက်ဆီးချင်ရင် အရင်ဆုံး သူ့ကို ရူးသွပ်အောင် လုပ်တယ်လို့ ဆိုကြတယ်။ ဒီစကားက တကယ် မှန်တာပဲ။ ခင်ဗျားရဲ့ ရူးသွပ်မှုက ကျွန်တော်တို့ရဲ့ စိတ်ကူးထက် အများကြီး ကျော်လွန်နေတယ်။ ”
လီဝမ်ဟွေ့က ပြောလိုက်သည်။ “ ခင်ဗျားရဲ့ အတွေးအခေါ်က အရမ်း ကျဉ်းမြောင်းလွန်းတယ်။ ”
လော့ဝမ်က ပြောလိုက်သည်။ “ လီဝမ်ဟွေ့။ ခင်ဗျားက ကောင်းကင်ကြီးကို ဆွဲဖြဲပစ်လိုက်ပြီ။ အခု တစ်နိုင်ငံလုံးက ခင်ဗျားကို စွပ်စွဲပြစ်တင်မယ့် အသနားခံစာ ထောင်ပေါင်းများစွာ ရောက်လာမှာကိုသာ စောင့်နေလိုက်တော့။ လီမိသားစုရဲ့ ဒေါသတကြီး လက်တုံ့ပြန်မှုကို စောင့်နေလိုက်။ လီမိသားစု စော်ဘွားရဲ့ စစ်သည် သောင်းချီ မြောက်ဘက်ကို ချီတက်လာမှာကို စောင့်နေလိုက်။ ခင်ဗျားတို့ အရှေ့ဘက်ကွပ်ကဲရေးရုံးရဲ့ ကောင်းကင် ပြိုကျလာမှာကိုသာ စောင့်နေလိုက်တော့။ ”
လီဝမ်ဟွေ့ ရယ်မောလိုက်ပြီး ပြောလိုက်သည်။ “ ခင်ဗျားတို့ သွားမှာလား။ မသွားဘူးလား။ မသွားဘူး ဆိုရင် ခင်ဗျားတို့ကိုပါ ဒီမှာပဲ ထာဝရနေသွားရအောင် ထားလိုက်မယ်။ ”
လော့ဝမ်၏ မျက်နှာထား ပြောင်းလဲသွားပြီးနောက် လှောင်ပြောင် ပြောဆိုလိုက်သည်။ “ ခင်ဗျား သတ်ချင်သလောက် သတ်ပြီးပြီ။ ကျေနပ်ပြီ ဆိုရင် ပြန်ပြီး သေမယ့်နေ့ကို စောင့်နေလိုက်တော့။ လောကကြီးမှာ ခင်ဗျားကို ကယ်တင်နိုင်မယ့်သူ တစ်ယောက်မှ မရှိဘူး။ ”
ထို့နောက် လော့ဝမ်နှင့် ကျူးဝူယာတို့သည် ကွေ့တုန်းယန်ကို တွဲူထူပြီး ထွက်ခွာသွားကြသည်။ နောက်တစ်ဆင့်တွင် လီဝမ်ဟွေ့အပေါ်သို့ လွတ်မြောက်လမ်းမရှိသော ပိုက်ကွန်ကြီးတစ်ခု ကျရောက်လာပေလိမ့်မည်။ သူ့ကို သတ်ဖြတ်ရန် ကြိုးပမ်းမည့် အင်အားစုများသည် စိတ်ပျက်အားငယ်လောက်အောင် အစွမ်းထက်ပြီး မည်သူ့ကိုမဆို အပိုင်းပိုင်းအစစ ချေမှုန်းပစ်ရန် လုံလောက်ပေသည်။
လော့ဝမ် ပြောသည်မှာ မှန်ပါသည်။ လီဝမ်ဟွေ့သည် ကြီးမားသော အရှုပ်အထွေးများကို အမှန်တကယ် ဖြစ်ပေါ်စေခဲ့သည်။
**--**--**--**--**--**--**--**
သက်လတ်ပိုင်း မိန်းမစိုး တစ်ဦးသည် လီဝမ်ဟွေ့၏ ဘေးတွင် ပေါ်လာပြီး လှည့်ကြည့်ကာ မေးလိုက်သည်။ “ ဂျူနီယာညီလေး။ ငါတို့ ဒီတစ်ခါ သေရတော့မှာလား။ ”
ဤသက်လတ်ပိုင်း မိန်းမစိုး အမည်မှာ လီလွန်း ဖြစ်သည်။ သူသည် လီဝမ်ဟွေ့နှင့် ကျောင်းတစ်ခုတည်းမှ ဆင်းသက်လာသူ ဖြစ်ပြီး သိုင်းပညာ အလွန် ကျွမ်းကျင်သည်။ သူသည် လီဝမ်ဟွေ့ကို ကူညီရန် သီးသန့် ထွက်လာခဲ့ခြင်း ဖြစ်သည်။ သူသည် အနေအထိုင် မတတ်သောကြောင့် အရှေ့ဘက်ကွပ်ကဲရေးရုံးတွင် မရှိဘဲ ငယ်ရွယ်စဉ်ကတည်းက အုတ်ဂူစောင့်ရန် စေလွှတ်ခံခဲ့ရသည်။ လီဝမ်ဟွေ့သည် သူ့ကို အရှေ့ဘက်ကွပ်ကဲရေးရုံးသို့ ပြောင်းရွှေ့ရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း လီလွန်းက အုတ်ဂူစောင့်ရင်း အေးအေးဆေးဆေး နေရသည်ကို ပိုကြိုက်ကြောင်း ပြောခဲ့သည်။
“ ဘယ်သူ သိမှာလဲ။ ” လီဝမ်ဟွေ့က ပြောလိုက်သည်။ “ ကျွန်တော်ကတော့ သေမယ့်နေ့ကို လက်ပိုက်ကြည့်ပြီး စောင့်နေမှာ မဟုတ်ဘူး။ ကျွန်တော့်သားနဲ့ ကျွန်တော့်ကို ကယ်တင်ဖို့ နောက်ထပ် ဘာအကျိုးအမြတ်တွေ ရမလဲ ဆိုတာ ကြည့်ရသေးတာပေါ့။ လုံလောက်တဲ့ အကျိုးအမြတ် ရရင် ကျွန်တော်တို့ နှစ်ယောက်စလုံး အသက်ရှင်ရမယ်။ အခု သူတို့ ဘယ်လို အကွက် ရွှေ့မလဲ။ ကျွန်တော့်ကို အကွက်ပိတ်နိုင်မလား ဆိုတာ ကြည့်ကြတာပေါ့။ ”
မြို့တော်တွင် ရှိစဉ်က မွေးစားဖခင် လီလျန်တင်း၏ ဆန္ဒကို ဖီဆန်ခဲ့သည့် အချိန်ကတည်းက လီဝမ်ဟွေ့သည် ကမ္ဘာလောကကြီး တစ်ခုလုံး၏ ဝိုင်းရံပိတ်ဆို့မှုကို ခံရနိုင်ကြောင်း ကြိုတင်မြင်တွေ့ခဲ့ပြီး ဖြစ်သည်။ နှစ်ပေါင်းများစွာ ကြာအောင် သူသည် အင်ပါယာ၏ ကပ်ပါးကောင် မည်မျှကို သတ်ဖြတ်ခဲ့ဖူးသနည်း။ လူမည်မျှ၏ လမ်းကြောင်းကို ပိတ်ဆို့ခဲ့ပြီး လူမည်မျှ၏ အကျိုးစီးပွားကို ထိခိုက်စေခဲ့သနည်း။ မရေမတွက်နိုင်သော လူများသည် သူ့ကို အရှင်လတ်လတ် အရေခွံခွာရန် အပိုင်းပိုင်းအစစ ဆွဲဖြဲပြီး အရိုးများကို အမှုန့်ကြိတ်ပစ်ချင်နေကြသည်။
ဟူပေပြည်နယ်တွင် ရှိစဉ်က လီချန်ချန်သည် တုပိုင်ကို ဒုက္ခပေးခဲ့ကြောင်း ကြားသိရချိန်ကတည်းက သူသည် ယနေ့ အခြေအနေကို ကြိုတင်မြင်တွေ့ခဲ့ပြီး ဖြစ်သည်။ လီချန်ချန်က တုပိုင်ကို ဒုက္ခပေးခြင်းသည် မတော်တဆ ဖြစ်ရပ်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ယင်းသည် လီဝမ်ဟွေ့ကို သေစေနိုင်သော အခြေအနေနှင့် ဖြေရှင်း၍ မရနိုင်သလောက် ဖြစ်သော အခြေအနေသို့ ရောက်ရှိစေမည့် ကြီးမားသော ပူးပေါင်းကြံစည်မှုကြီး အဖြစ် သေချာပေါက် ပြောင်းလဲသွားပေလိမ့်မည်။
ဤသေလမ်းကို ရင်ဆိုင်ရချိန်တွင် လီဝမ်ဟွေ့သည် ခြေတစ်လှမ်းမျှ နောက်မဆုတ်နိုင်သလို ဝိုင်းရံပိတ်ဆို့မှုကိုလည်း မဖောက်ထွက်နိုင်ပေ။ ထို့ကြောင့် ရှေ့ဆက်တိုးပြီး ဤသေလမ်းမှ လွတ်မြောက်အောင် တိုက်ခိုက်ရုံမှတစ်ပါး အခြား ရွေးချယ်စရာ မရှိတော့ပေ။
“ ငါ့သား တုပိုင်။ ငါတို့ မိုင်ရာပေါင်းများစွာ ဝေးကွာနေပြီး တစ်ခါမှ ဆက်သွယ်မပြောဆိုဖူးပေမဲ့ ငါ မင်းကို သိသလို မင်းလည်း ငါ့ကို သိတယ်။ ”
“ ငါနဲ့ ငါ့သားက ဒီသေလမ်းကို ဖြတ်ကျော်ဖို့ လက်တွဲ လုပ်ဆောင်ရမယ်။ ”
“ လျန်ကျိုးစီရင်စု အနီးတစ်ဝိုက်မှာ ရှိတဲ့ အရှေ့ဘက်ကွပ်ကဲရေးရုံး စစ်သည် အားလုံးကို စုစည်းဖို့ အမိန့်ပေးလိုက်။ ငါ ရောက်တာနဲ့ လီမိသားစု အပန်းဖြေစံအိမ်ကို တိုက်ခိုက်ဖို့။ အထဲက လူအကုန်လုံးကို သတ်ပစ်ဖို့နဲ့ လီချန်ချန်ကို ဖမ်းဆီးဖို့ ပြင်ဆင်ထား။ ”
**--**--**--**--**--**--**--**
အိမ်ရှေ့စံ၏ ဆရာဟောင်း ကွေ့တုန်းယန်သည် ခုတင်ပေါ်တွင် လှဲနေပြီး သွားမရှိတော့သော ပါးစပ်ဖြင့် လေတိုးသံများ ထွက်ပေါ်ကာ ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ “ လီဝမ်ဟွေ့ သေကို သေရမယ်။ သူ သေကို သေရမယ်။ ” သူသည် လီဝမ်ဟွေ့၏ ခြေထောက်အောက်တွင် အနင်းခံခဲ့ရပြီး တကယ့်ကို အရှက်ရဖွယ် သိက္ခာကျဆင်းမှု ဖြစ်သည်။
လော့ဝမ် ခေါင်းညိတ်ပြီး ပြောလိုက်သည်။ “ လီဝမ်ဟွေ့ သေလိမ့်မယ်။ တုပိုင်လည်း သေလိမ့်မယ်။ ဒါပေမဲ့ အဲဒါ မလုံလောက်သေးဘူး။ ကောင်းကင်ကြီး ပေါက်ပြဲနေပြီ ဆိုတော့ ငါတို့ နောက်ထပ် လူနည်းနည်းလောက်ကို ဆွဲချသွားတာ ပိုကောင်းမယ်။ လီလျန်တင်းကိုပါ ဆွဲချနိုင်ရင် အကောင်းဆုံးပဲ။ သူ့ကို မသတ်နိုင်ရင်တောင် အနည်းဆုံးတော့ သူ့ကို ပြင်းပြင်းထန်ထန် ထိခိုက်စေနိုင်တယ်။ ”
“ အရှေ့ဘက်ကွပ်ကဲရေးရုံးက အာဏာကြီးနေတာ ကြာလွန်းနေပြီ။ ” ကျူးဝူယာက ပြောလိုက်သည်။ “ မြောက်ဘက်နဲ့ အနောက်ဘက်က ကွပ်ကဲရေးမှူးတွေလည်း အဆင်သင့် ဖြစ်နေကြပြီ။ အချက်ပြလိုက်တာနဲ့ သူတို့က အရှေ့ဘက်ကွပ်ကဲရေးရုံးကို အရေးယူတော့မှာ။ ”
လော့ဝမ်က ပြောလိုက်သည်။ “ ဝန်ကြီးတွေ။ ပြည်နယ်အသီးသီးက ဘုရင်ခံချုပ်တွေနဲ့ ဘုရင်ခံတွေ အားလုံး အဆင်သင့် ဖြစ်နေကြပြီ။ အချက်ပြလိုက်တာနဲ့ လီဝမ်ဟွေ့နဲ့ အရှေ့ဘက်ကွပ်ကဲရေးရုံးအပေါ် အသနားခံစာတွေ ဒလဟော ကျဆင်းလာလိမ့်မယ်။ ဧကရာဇ်မင်းမြတ်က လီဝမ်ဟွေ့ကို ကာကွယ်ချင်ရင်တောင် အလကား ဖြစ်သွားလိမ့်မယ်။ ”
“ တစ်နိုင်ငံလုံးက အရှေ့ဘက်ကွပ်ကဲရေးရုံးကို ဝိုင်းရံပိတ်ဆို့ထားတဲ့အတွက် လီဝမ်ဟွေ့မှာ ခေါင်းသုံးလုံးနဲ့ လက်ခြောက်ဖက် ရှိရင်တောင် အမှုန့်ကြိတ်ခံရလိမ့်မယ်။ အခမ်းအနားဌာနက အကြီးတန်း မိန်းမစိုးတွေက အရမ်း ပါးနပ်တယ်။ သူတို့ ဘာလုပ်ရမလဲ ဆိုတာ သိတယ်။ ” ကျူးဝူယာ ရယ်မောလိုက်ပြီး ပြောလိုက်သည်။ “ ဒီလောက် ကြီးမားတဲ့ တိုက်ပွဲကြီးကို ကွမ်ရှီးက စတင်လိုက်တာ တကယ်ကို စိတ်လှုပ်ရှားစရာ ကောင်းတယ်။ ”
“ လီမိသားစု စော်ဘွားရဲ့ စစ်သည် သောင်းချီ မြောက်ဘက်ကို ချီတက်လာမယ့်နေ့က လီဝမ်ဟွေ့ အမှုန့်ကြိတ်ခံရမယ့်နေ့ ဖြစ်ပြီး အရှေ့ဘက်ကွပ်ကဲရေးရုံး ဒုက္ခရောက်မယ့်နေ့ ဖြစ်လိမ့်မယ်။ ”
“ မိန်းမစိုးဂိုဏ်းကို တိုက်ခိုက်တာမာ အောင်ပွဲ ရရှိတော့မာဆိုတော့ သောက်ကြရအောင်။ ” ကွေ့တုန်းယန်သည် နာကျင်မှုကို လစ်လျူရှုပြီး အားပါးတရ ရယ်မောလိုက်သည်။
သို့သော် လော့ဝမ်သည် သူ့ကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်ကာ ဖြည်းညှင်းစွာ ပြောလိုက်သည်။ “ အရှင်ကွေ့။ ဝန်ကြီးဟောင်း တစ်ဦး။ အိမ်ရှေ့စံရဲ့ ဆရာဟောင်း တစ်ဦး အနေနဲ့ ခင်ဗျားရဲ့ အလေးချိန်က အရမ်း ကြီးမားပါတယ်။ အရှေ့ဘက်ကွပ်ကဲရေးရုံးကို ဝိုင်းရံပိတ်ဆို့ဖို့နဲ့ လီဝမ်ဟွေ့လို ရက်စက်တဲ့ လူတစ်ယောက်ကို သတ်ဖို့အတွက် ငါတို့ ယဇ်ကောင် တစ်ကောင် လိုအပ်တယ်။ လီဝမ်ဟွေ့ သေဆုံးမှု အလေးချိန် စက်ကွင်းထဲကို ငါတို့ အလေးချိန် တစ်ခု ထပ်ထည့်ဖို့ လိုပြီး ဝမ်းနည်းစရာ ကောင်းတဲ့ အခြေအနေ တစ်ခုကို ဖန်တီးဖို့ လိုတယ်။ ”
ကွေ့တုန်းယန်၏ မျက်နှာထား ပြောင်းလဲသွားပြီး မေးလိုက်သည်။ “ ခင်ဗျား ဘာကို ဆိုလိုတာလဲ။ ”
လော့ဝမ်က ပြောလိုက်သည်။ “ အိမ်ရှေ့စံရဲ့ ဆရာဟောင်းနဲ့ ဝန်ကြီးဟောင်း တစ်ဦးဟာ မောက်မာတဲ့ အရှေ့ဘက်ကွပ်ကဲရေးရုံး ကွပ်ကဲရေးမှူး လီဝမ်ဟွေ့ရဲ့ ခြေထောက်အောက်မှာ နင်းချေပြီး သတ်ဖြတ်ခံလိုက်ရတယ်။ ဒါက လောကကြီးမှာ ရှိတဲ့ ပညာရှင်တွေကို တုန်လှုပ်စေပြီး ဒေါသထွက်စေမယ့်အပြင် ပြည်သူတွေရဲ့ သနားစာနာမှုကိုလည်း ရရှိစေလိမ့်မယ်။ ”
ကွေ့တုန်းယန်သည် အန္တရာယ် အငွေ့အသက်ကို ခံစားလိုက်ရပြီး ရှူးရှူးရှားရှား ဖြစ်သွားကာ ပြောလိုက်သည်။ “ ခင်ဗျား… ခင်ဗျား ဘာလုပ်ချင်တာလဲ။ ”
လော့ဝမ်က ပြောလိုက်သည်။ “ အရှင်ကွေ့တုန်းယန်ကို လီဝမ်ဟွေ့ကို သတ်ဖို့အတွက် ငါတို့ရဲ့ ယဇ်ကောင် ဖြစ်ခွင့်ပြုပါ။ ”
ထို့နောက် လော့ဝမ်သည် ခေါင်းအုံးကို ယူပြီး ကွေ့တုန်းယန်၏ မျက်နှာကို ပြင်းထန်စွာ ဖိချလိုက်သည်။
“ အွန်း… အွန်း… အွန်း…။ ” သနားစရာကောင်းသော ကွေ့တုန်းယန်သည် အသည်းအသန် ရုန်းကန်နေသည်။ လော့ဝမ်သည် ကျူးဝူယာကို ကြည့်လိုက်သည်။
ကျူးဝူယာသည် ရက်စက်သော အပြုံးတစ်ခုကို ထုတ်ဖော်ကာ ခြေထောက်ကို မြှောက်ပြီး ကွေ့တုန်းယန်၏ ရင်ဘတ်ကို ချိန်ရွယ်လျက် ပြင်းထန်စွာ နင်းချလိုက်သည်။
“ ဂျွတ်…။ ” ကွေ့တုန်းယန်၏ ကျန်ရှိနေသော နံရိုးများ အားလုံး ကျိုးသွားပြီး သူ့ကိုယ်တွင်းကလီစာများကို ထိုးဖောက်ဝင်ရောက်သွားသည်။
“ ဖူးးးး။ ” သူသည် အနက်ရောင် သွေးတစ်လုပ်ကို အန်ထုတ်လိုက်ရာ အဖြူရောင် ခေါင်းအုံးကို စိုရွှဲသွားစေသည်။
ကွမ်ရှီးရှိ အရပ်ဘက် အရာရှိများ၏ အကြီးအကဲဟောင်းသည် ဤကဲ့သို့ဖြင့် ဝမ်းနည်းဖွယ်ရာ နိဂုံးချုပ်သွားခဲ့သည်။ သူသည် လီဝမ်ဟွေ့၏ လက်ချက်ဖြင့် သေဆုံးခဲ့ခြင်း မဟုတ်ဘဲ သူ၏ မဟာမိတ်နှင့် သူ၏ တပည့်ရင်း လက်ချက်ဖြင့် သေဆုံးခဲ့ရခြင်း ဖြစ်သည်။
ကွေ့တုန်းယန် သေဆုံးသွားကြောင်း အတည်ပြုပြီးနောက် ကွမ်ရှီးဘုရင်ခံ လော့ဝမ်သည် ဒူးထောက်ကာ ဦးခိုက်ပြီး အော်ဟစ်ငိုကြွေးလိုက်သည်။
“ ဆရာ။ ဆရာ ဘယ်လိုလုပ် သေသွားရတာလဲ။ လီဝမ်ဟွေ့…။ ငါ့ဆရာကို သတ်ရဲတယ်ပေါ့။ ငါ မင်းကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး။ ဘယ်တော့မှ ခွင့်မလွှတ်ဘူး။ ”
**--**--**--**--**--**--**--**
တစ်ချိန်တည်းမှာပင် မရေမတွက်နိုင်သော ခိုစာများသည် လီမိသားစု၏ ဝမ်ရှန်းစော်ဘွားအိမ်တော်နှင့် လျန်ကျိုးစီရင်စုရှိ လီမိသားစု အပန်းဖြေစံအိမ်ဆီသို့ ပျံသန်းသွားကြသည်။ မကြာမီ လီချန်ချန်နှင့် လီမိသားစုသည် ဤတုန်လှုပ်ဖွယ်ရာ သတင်းကို သိရှိရတော့မည် ဖြစ်သည်။
အပိုင်း ၁၉၀ ပြီး။