အခန်း (၃၁၆-၃၁၈)
Vol. 22 Ch. 316-318
အပိုင်း ၃၁၆ : မနက်ဖြန်အထိ သူ အသက်ဆက်နိုင်မှာမဟုတ်ဘူး
ဤလူကုံထံသခင်လေးသခင်မလေးများက အပေါ်ယံမှာတော့ ထောက်ခံနေဟန်တူသော်ငြား တကယ်တမ်းတွင်မူ ပွဲကြည့်ရန် ရောက်နေကြခြင်းပင်။
သူတို့စိတ်ထဲတွင် ယဲ့ချန်းကို အလွန်တရာစက်ဆုပ်ရွံရှာနေကြသည်။
သူတို့အမြင်တွင် ယဲ့ချန်းက ကုန်းဆင်းတတ်သူတစ်ယောက်သာဖြစ်ပြီး အရာအားလုံးတွင် စုဝမ်ယိကိုသာ အားကိုးနေရသူပင်။
ထိုအချိန်မှာပင် ကျူးမင်က လက်ထဲတွင် ကတ္တီပါဘူးတစ်ဘူးကိုကိုင်ထားရင်း အားရပါးရပြုံးကာ ထွက်လာလေသည်။
"ဝမ်ယိ.. ဒီတစ်ခေါက် ကိုယ် မင်းအတွက် နိုင်ငံခြားကနေ လက်ဆောင်တစ်ခု ဝယ်လာခဲ့တယ်"
လူတိုင်းက ကျူးမင်သယ်လာသည့် ဘူးလေးကို ကြည့်၍ မျက်နှာအမူအရာများ ထူးဆန်းသွားကြသည်။
ကျူးမင်ယူလာသည့် ဘူးလေးက အစိမ်းရောင်ပင်။
ကျူးမင် ဘာလုပ်ချင်သလဲဆိုသည်ကို နားမလည်နိုင်သဖြင့် စုဝမ်ယိ မျက်မှောင်ကြုတ်လိုက်မိသည်။
ထိုအချိန်ဝယ် ယန်ချွမ်းလည်း အံ့အားသင့်သွားရသည်။ ယဲ့ချန်းကိုကြည့်လိုက်သောအခါ သူ့မျက်ဝန်းထဲတွင်လည်း ထိတ်လန့်နေဟန်အရိပ်အယောင်တစ်ခုကို မြင်ရသည်။
ကျူးမင်က ထိုကတ္တီပါဘူးလေးကို ဖွင့်ပြီး ပြုံးတုံ့တုံ့ဖြင့် ပြောလိုက်လေသည်။
"ဒီလက်ဆောင်နဲ့ မင်းနဲ့ မင်းချစ်သူအတွက်ပါ"
ကတ္တီပါဘူးလေးကို ဖွင့်လိုက်ချိန်မှာ အထဲတွင် အငွေ့တထောင်းထောင်းထနေသော ထမင်းဖြူတစ်ပန်းကန်ပင်။
ကုန်းဆင်းတတ်သောလူ…
အဓိပ္ပာယ်ကား သိသာလွန်းလှချေသည်။ ထိုနေရာရှိလူတိုင်း ချက်ချင်းဆိုသလို အော်ရယ်လိုက်ကြသည်။
ကျူးမင်က လက်ဆောင်ပေးနေခြင်းမဟုတ်ပေ။ သူသည် ယဲ့ချန်းကို အရှက်ခွဲနေခြင်းသာ။
စုဝမ်ယိလည်း ချက်ချင်းမျက်နှာပျက်သွားသည်။
ကျူးမင် စည်းကျော်သွားပြီဖြစ်၏။
"သေစမ်း.. မင်း သေချင်နေတာလား"
ကျူးမင်က အားရပါးရအော်ရယ်လိုက်ချိန်မှာပင် အဆင့်သင့်ပြင်ထားဟန်တူသော ယန်ချွမ်းက ကျူးမင်၏ခေါင်းကို ရုတ်တရက်ဖိချ၍ ထိုထမင်းခွက်ပေါ်သို့ ဆောင့်ချလိုက်သည်။
ခွမ်း!
ကျူးမင်၏မျက်နှာက ထမင်းထဲသို့ ထိုးချခံလိုက်ရသည်။
ဤထမင်းပန်းကန်က အိုးထဲမှ ပူပူနွေးနွေးထည့်လာသည်ဖြစ်ရာ ကျူးမင်ခမျာ အပူလောင်သဖြင့် အကျယ်ကြီးအော်ပါလေတော့သည်။
ယန်ချွမ်းက ဤသို့လှုပ်ရှားလာလိမ့်မည်ဟု မည်သူမှ ထင်မထားပေ။ ထို့ကြောင့် သူတို့အားလုံး ကြက်သေသေသွားကြသည်။
ကျူးမင်၏နောက်လိုက်များမှာ အစတုန်းက ယဲ့ချန်းဆီမှ လက်တုံ့ပြန်လာမည့် လုပ်ရပ်များအတွက် အသင့်ပြင်ထားပါသော်လည်း ယန်ချွမ်းက တုံ့ပြန်လာလိမ့်မည်ဟုတော့ ထင်မထားကြချေ။
ရုတ်ခြည်းပင် လူတိုင်း သတိလက်လွတ်ဖြစ်ကုန်သည်။
သူတို့အားလုံး အံ့အားသင့်သွားကြသည်။
ယန်ချွမ်းနှင့် ယဲ့ချန်းကြားတွင် မည်သို့သောဆက်ဆံရေးမျိုးရှိသဖြင့် ယန်ချွမ်းက သူ့အတွက်နှင့် ကျူးမင်ကို စိန်ခေါ်ရဲလေသလဲ။
ယန်ချွမ်းက ငယ်စဉ်ကတည်းက ကိုယ်ခံပညာလေ့ကျင့်ခဲ့သဖြင့် အလွန်သန်မာသည်။ ထို့ပြင် သူသည် ထမင်းပန်းကန်လုံးနှင့် ကျူးမင်ကို ကြမ်းပြင်ပေါ်သို့ အတူဖိချလိုက်၏။
"ဟေ့ကောင်.. မင်းကများ သခင်လေးယဲ့ကို အကွက်ဆင်ရဲတယ်ပေါ့။ ငါ မင်းကိုသတ်မယ်"
ယန်မိသားစုက မိုတုမြို့ထဲတွင် အဆင့်အတန်းတစ်ခုရှိသည်။
ကျူးမင်နှင့် ယန်မိသားစုမှာ ခွန်အားအဆင့်ချင်း အတူတူပင်။
သို့သော် ကျူးမင်က အသောက်အစားအပျော်အပါးကို နှစ်သက်ခုံမင်သဖြင့် တိုက်ခိုက်ကြရာတွင် ယန်ချွမ်းကို မယှဉ်နိုင်ပေ။
ထိုနေရာရှိ လူတိုင်း ထိတ်လန့်နေကြပါသော်ငြား ကျူးမင်၏နောက်လိုက်များမှာ ယန်ချွမ်းကို မဆန့်ကျင်ရဲကြသဖြင့် တအံ့တဩပင့်သက်ရှိုက်နေရုံသာ တတ်နိုင်ပေသည်။
ထိုအချိန်တွင် လူတိုင်း အလွန်ထိတ်လန့်တုန်လှုပ်သွားကြသည်။
ယဲ့ချန်းအတွက်နှင့် ယန်ချွမ်းက ကျူးမင်ကို ဆန့်ကျင်ရဲသည်ကို ကြည့်ခြင်းအားဖြင့် သူတို့နှစ်ယောက်က အလွန်ရင်းနှီးသော ဆက်ဆံရေးတစ်ခု ရှိရပေမည်။
ယန်ချွမ်းက ယဲ့ချန်း၏အားကိုးဖြင့် မိုက်ပြနေသည်ဟုပင် ဆိုနိုင်သည်။ ထို့ကြောင့်လည်း ကျူးမင်ကို လက်လွတ်စပယ်ပြုမူရဲခြင်းပင်။
ထို့ကြောင့် အခြားလူများလည်း ယဲ့ချန်းကို ဘာအကွက်မှမခင်းရဲကြပေ။
အခြေအနေက နှစ်ဖက်စလုံးက ရန်စောင်နေကြသည့် အနေအထားအထိ ဖြစ်သွားလေပြီ။
ကျူးမင်လည်း ကြမ်းပြင်ပေါ်က ကုန်းထလိုက်သည်။ သူ့မျက်နှာထက်မှာတော့ စိတ်ရှုပ်ထွေးနေဟန် အမူအရာများဖြင့် ပြည့်နှက်နေသည်။
ယန်ချွမ်းက သူ့အား လက်ပါရဲလိမ့်မည်ဟု လုံးဝထင်မထားချေ။
ထိုအချိန်ဝယ် သူ့ခမျာ ငေးကြောင်ကြောင်ဖြစ်နေရဆဲပင်။
သူ့နောက်လိုက်များက အမြန်မေးလိုက်လေသည်။
"ယန်ချွမ်း.. မင်း ဘာလုပ်နေတာလဲ"
"ဟုတ်တယ်။ ဟာသလုပ်နေတာမလား"
ဤမြင်ကွင်းကိုမြင်သော် ယဲ့ချန်း၏နှုတ်ခမ်းထောင့်စွန်းများ ကွေးတက်သွားသည်။
ဤလူများက ပြောင်းလဲလွယ်လှသည်။ အားကြီးသူဘက်ကိုသာ ယိမ်းတတ်ကြသည်။
ယဲ့ချန်းလည်း ဒေါသထွက်ချင်ယောင်ဆောင်လိုက်သည်။
"ယန်ချွမ်း မင်း ဒါတော့ နည်းနည်းလွန်တယ်ကွာ"
ပွဲကြည့်၍ဝသွားသောအခါ ယဲ့ချန်းက ရှေ့ထွက်လာပြီး ပြောလိုက်၏။
"သခင်လေးကျူး အဆင်ပြေရဲ့လား။ ဆေးရုံလိုက်ပို့ပေးရမလား"
ကျူးမင်က ယဲ့ချန်းကိုကြည့်၍ ဒေါသကြောင့် ရူးမတတ်ဖြစ်နေလေသည်။
အစတုန်းက ယဲ့ချန်းကို လှောင်ပြောင်ရန် ရည်ရွယ်ထားခဲ့ပါသော်ငြား ယခုမူ ယဲ့ချန်းကြောင့်ပင် သူ့မှာ ရိုက်နှက်ခံခဲ့ရရုံသာမက အရေးလည်းနိမ့်နေချေသည်။
ပြုံးနေသော ယဲ့ချန်း၏မျက်နှာကိုမြင်သော် သူ့နားသို့ အပြေးသွားပြီး ရိုက်ပစ်ချင်စိတ်ပင်ပေါက်သည်။
ယဲ့ချန်းက ကျူးမင်အနားသို့ ကိုင်းညွတ်၍ ပြောလိုက်သည်။
"သခင်လေးကျူး.. ကျွန်တော့်ရဲ့ကြိုဆိုလက်ဆောင်ကို သဘောကျရဲ့လား"
ကျူးမင်၏အမူအရာကား ချက်ချင်းပြောင်းလဲသွားသည်။ ထို့နောက် ယဲ့ချန်းကို တအံ့တဩကြည့်လိုက်မိသည်။
"ဒါတွေအကုန်လုံးက အကွက်ဆင်ထားတာလို့ မထင်ဘူးလား။ ကတ္တီပါဘူးနဲ့ ထမင်းဘူးက မင်းလိုအပ်နေတဲ့အချိန်မှာပဲ ရောက်လာတာနော်"
ယဲ့ချန်းက ထိန်းချုပ်မထားတော့ဘဲ ကျူးမင်နှင့် တိုက်ရိုက်ရင်ဆိုင်ပါတော့သည်။
"မင်း…"
ကျူးမင်၏မျက်နှာလည်း သိသိသာသာပျက်ယွင်းသွားချေသည်။
ယဲ့ချန်းကမူ ခပ်ဖွဖွပြုံးလိုက်၏။
"ဒါတွေကို ငါစီစဉ်ထားတာ"
ထိုအခိုက်ဝယ် ကျူးမင်၏မျက်နှာမှာ ပို၍ပင်အကျည်းတန်သွားလေသည်။
အမှန်ပင်။ အရာအားလုံးက အဆင်ပြေချောမွေ့လွန်းသည်။
အစတုန်းက သူသည် အစိမ်းရောင်ဘူးတစ်ဘူး ရချင်ခဲ့သည်။ အဝင်ဝတွင် ထိုဘူးလေးက စားပွဲတစ်ခုပေါ်တွင် အရန်သင့်ရှိနေခဲ့သည်။
ထမင်းလိုချင်သည့်အချိန်တွင်လည်း စားပွဲထိုးတစ်ယောက်က သူ့ဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက်လာပို့ပေးသည်။
အစတုန်းကတော့ တိုက်ဆိုင်မှုတစ်ခုဟုသာ ထင်ခဲ့ပါသော်ငြား ယခုပြန်တွေးကြည့်လိုက်မှသာ အလွန်တိုက်ဆိုင်နေကြောင်း သိလိုက်ရသည်။
ယဲ့ချန်းက သူ့အစီအစဉ်များကို သိနေခြင်းလေလား။
ဤဖြစ်နိုင်ခြေကို စဉ်းစားမိသောအခါ ကျူးမင်၏မျက်နှာကား ကြည့်မကောင်းရှုမကောင်းဖြစ်သွားရလေတော့သည်။
အစုန်းက သူသည် ယဲ့ချန်းကို အကွက်ကျကျကြံစည်ချင်ခဲ့ပါသော်လည်း ယဲ့ချန်းက ထိုအစီအစဉ်ကို ထိုးထွင်းသိမြင်နေလိမ့်မည်ဟု လုံးဝထင်မထားပေ။
တစ်ဖက်လူက ပရိယာယ်သုံး၍ သူ့အတွက် ထောင်ချောက်ပင် ဆင်လိုက်သေးသည်။
ဤလူက ဗျူဟာပါရမီရှင်တစ်ဦးများလား။
"သခင်လေးကျူး.. ယန်ချွမ်းက မင်းကို ထမင်းပန်းကန်ပေါ် ဖိချတုန်းက အားကို မထိန်းချုပ်လိုက်နိုင်လို့ မင်းရဲ့မျက်နှာချောချောလေး ပေပွကုန်ပြီ။ ငါ မင်းကို ဆေးရုံလိုက်ပို့ပေးရမလား"
ကျူးမင်လည်း အသက်ပြင်းပြင်းရှိုက်ရှူ၍ ယဲ့ချန်းကို လက်ညှိုးထိုးလိုက်သည်။
"ဟေ့ကောင်.. ဒီတစ်ခေါက် မင်းနိုင်သွားတယ်ဆိုပေမဲ့ ဒါနဲ့တင် မပြီးသေးဘူးနော်။ စောင့်ကြည့်နေလိုက်"
ယဲ့ချန်းနှင့် ရင်ဆိုင်ရချိန်ဝယ် ကျူးမင် ပညာပြခံလိုက်ရသည်။
သူ့စိတ်ထဲတွင် သံသယများစွာရှိနေပေသည်။
ယဲ့ချန်းက သူ့အစီအစဉ်ကို မည်သို့သိသွားသလဲ။ သူက တက္ကစီဒရိုင်ဘာတစ်ယောက်မဟုတ်လား။ ယန်ချွမ်းက သူ့ကို ဘာကြောင့် ဤမျှအထိ သစ္စာရှိနေရသလဲ။
ယခုလိုအရှက်ခွဲခံလိုက်ရပြီဖြစ်ရာ ဤနေရာတွင် ဆက်နေစရာအကြောင်းမရှိတော့ကြောင်း ကျူးမင် သဘောပေါက်လိုက်သည်။
ထို့ကြောင့် ခပ်ကြမ်းကြမ်းပြောဆိုပစ်ခဲ့ပြီးနောက် ဒေါသတကြီး ထွက်လာခဲ့လိုက်သည်။
ကျူးမင်၏မျက်လုံးထဲဝယ် အေးစက်မာကျောလှသော လူသတ်ချင်လေဟန် အငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။
ယခုအချိန်တွင် ယဲ့ချန်းကို သူ သတ်ပစ်ချင်နေသည်။
ယဲ့ချန်းကတော့ ထွက်ခွာသွားသော ကျူးမင်၏ပုံရိပ်ကိုကြည့်ရင်း အေးတိအေးစက်ပြုံးလိုက်မိသည်။
"ငါ့ကို သတ်ချင်တာလား။ ဒါဆို မင်း မနက်ဖြန် နေထွက်တာကို မမြင်စေရတော့ဘူး"
ကျူးမင်ခမျာ ယဲ့ချန်း၏လက်ချက်ဖြင့် အရှက်ခွဲခံခဲ့ရပြီး စိတ်ပျက်လက်ပျက်ပြန်သွားလေသည်။
အခြားလူများမှာ ယဲ့ချန်း၏နည်းလမ်းများကြောင့် ထိတ်လန့်နေကြသည်။
ယဲ့ချန်းနှင့် ကျူးမင်တို့ ဘာပြောခဲ့သလဲဆိုသည်ကို သူတို့ မကြားလိုက်ရသော်လည်း ဤကိစ္စကို ယဲ့ချန်း ကြိုးကိုင်ခဲ့ခြင်းဖြစ်ကြောင်း သူတို့ ကောင်းကောင်းသိသည်။
"အစ်ကိုယဲ့.. ဒီကောင့်ကို ကျွန်တော် ရှင်းခိုင်းလိုက်ရမလား"
ယန်ချွမ်းက တီးတိုးပြောလိုက်လေသည်။
"မလိုပါဘူး"
ယဲ့ချန်းကတော့ အမှုမထားဟန်ဖြင့် ပြောလိုက်သည်။
သို့သော် ယဲ့ချန်း၏နောက်လိုက်ဖြစ်သည့်အားလျော်စွာ ယန်ချွမ်း ဒေါသတော့ထွက်မိသည်။
"သေစမ်း.. ငါ ခုနတုန်းက နည်းနည်းညင်သာသွားတယ်။ စိတ်တိုလိုက်တာ"
"သေလိုက်ပါတော့.. သူက ငါ့ကိုပစ်မှတ်ထားနေတာလေ။ ဝမ်ယိနဲ့ ငါက အဆင်ပြေနေတဲ့ဟာကို.. မင်းက ဘာတွေစိတ်တိုနေတာလဲ"
ယဲ့ချန်းကလည်း စိတ်တိုတိုဖြင့် ပြောလိုက်၏။
"ဒါပေမဲ့ အစ်ကိုချန်း.. သတိထားမှဖြစ်မယ်နော်။ ဒီကောင်က အရမ်းယုတ်မာတာ။ ဒီနေ့ သူ ခံလိုက်ရတဲ့အတွက် အစ်ကိုယဲ့ကို တစ်ခုခုလုပ်မှာစိုးမိတယ်"
ယန်ချွမ်းက ပြောလိုက်သည်။
ယဲ့ချန်းက ခပ်ဖွဖွပြုံး၏။
"မပူနဲ့။ သူက သေချင်နေမှတော့ မနက်ဖြန်နေထွက်တာကို မမြင်စေရဘူး"
ယဲ့ချန်း၏စကားကို ကြားလိုက်ရချိန်ဝယ် ယန်ချွမ်း၏ရင်ထဲ စိမ့်ခနဲဖြစ်သွားချေသည်။
"အစ်ကိုချန်း ခင်ဗျားပြောချင်တဲ့သဘောက…"
ယဲ့ချန်းက ဆို၏။
"ငါ ဘာပြောမိလို့လဲ။ ဘာမှမပြောမိပါဘူး"
ယန်ချွမ်းလည်း အမြန်ပြန်ပြောလိုက်သည်။
"ဟုတ်တယ်။ ဟုတ်တယ်။ အစ်ကိုချန်းက ဘာမှမပြောဘူး။ ကျွန်တော်လည်း ဘာမှမကြားမိဘူး"
ယဲ့ချန်း၏ဆိုလိုရင်းကို သဘောပေါက်လိုက်သည့်အတွက် ယန်ချွမ်းမှာ ကျူးမင်အတွက် စိတ်မကောင်းပင်ဖြစ်မိသည်။
ယဲ့ချန်းကို လာထိပါးသည်မှာ သူ့အမှားပင်။
ကျူးမင်က ခန်းမထဲမှ ဒေါသတကြီးထွက်လာပြီးနောက် ကားမောင်းနေချေသည်။
ခန်းမထဲတွင် သူသည် ကိုယ့်ကိုယ်ကိုယ် ငတုံးဖြစ်အောင် လုပ်ခဲ့မိသည်။
အရေးကြီးသည့်အချက်မှာ ချောမောခန့်ညားသော သူ့မျက်နှာမှာ အပူလောင်ထားသဖြင့် ချက်ချင်းကုသရန် လိုအပ်ပေသည်။
ကျူးမင်၏နောက်လိုက်များမှာမူ သူ ထွက်သွားသည်နှင့် အမြီးကုပ်သွားကြတော့သည်။
ဆေးရုံတွင် ကျူးမင် ကုသမှုခံယူနေသည်ကို ကြည့်ရင်း နောက်လိုက်တချို့က မေးလိုက်သည်။
"သခင်လေးကျူး… ဘာမှဆက်မလုပ်တော့ဘူးလား"
ကျူးမင်၏မျက်ဝန်းအစုံကား လက်စားချေလိုသော အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။
"စိတ်ချ.. အဲဒီကောင် နောက်တစ်နေ့ အသက်ဆက်မရှင်စေရဘူး"
•••••••••••••••••••••
အပိုင်း ၃၁၇ - ကျူးမင်၏သေဆုံးမှု
ကျူးမင်၏စကားကြောင့် လူတိုင်း ကြက်သီးတဖြန်းဖြန်းထသွားသည်။ ကျူးမင်၏နည်းလမ်းများကို သူတို့ကောင်းကောင်းသိသည်။
ယဲ့ချန်းတော့ ယနေ့ သေရပေတော့မည်။
ကျူးမင် ဆေးရုံက ထွက်လာပြီးနောက် ဖုန်းနံပါတ်တစ်ခုကို ခေါ်ဆိုလိုက်သည်။
"လောင်ဝူ.. အစွမ်းအစရှိတဲ့လူတစ်ယောက် ရှာပေးစမ်းပါ။ ဒီနေ့ လူတစ်ယောက်ကို ရှင်းထုတ်ပစ်ရမယ်။ ဟုတ်တယ် .. အရင်တစ်ခေါက်ကလိုပဲ"
ဖုန်းချပြီးနောက် ချောက်ချားဖွယ်ကောင်းသော အပြုံးတစ်ပွင့်က ကျူးမင်၏မျက်နှာထက်ဝယ် ဖြတ်ပြေးသွားသည်။
ချာတိတ်.. မင်းကများ ငါ့ကို ရန်စရဲတယ်ပေါ့.. မင်းတော့သေပြီသာမှတ်..
ကျူးမင်က အကုန်စီစဉ်ထားပြီးဖြစ်၏။ ထို့ကြောင့် သူ့ဖယ်ရာရီကားကိုစီးပြီး ကလပ်အဝင်ဝသို့ ရောက်လာခဲ့သည်။
သူက လမ်းဘေးတွင် ကားကို ထိုးရပ်ပြီး မကြာခင်ဖြစ်တော့မည့်ကိစ္စကို စောင့်ကြည့်နေသည်။
တလောတုန်းက မိန်းကလေးတစ်ယောက်ကို သူနှင့် အပြိုင်လာလုခဲ့သည့် သခင်လေးတစ်ယောက်ရှိ၏။ ထိုလူ့ကိုလည်း ဤနည်းလမ်းကိုသုံးပြီး သတ်ပစ်ခဲ့ခြင်းပင်။
နည်းလမ်းကား ရိုးရှင်းလှသည်။ လမ်းဆုံတွင် ကုန်တင်ကားကြီးတစ်စင်းကိုရှာ၍ ပစ်မှတ်က လမ်းကိုဖြတ်မောင်းသည့်အချိန်တွင် တိုက်ချလိုက်ရုံပင်။
ဤနည်းဖြင့် ရဲများ စုံစမ်းစစ်ဆေးလာခဲ့လျှင် ယာဉ်မတော်တဆမှုအဖြစ်သာ ရှိနေမည်ဖြစ်ပြီး ကားသမားကို ပိုက်ဆံနည်းနည်းပေးလိုက်ရုံဖြင့် ပြဿနာအေးသွားမည်သာ။
ကျူးမင်က ဘဝင်ခိုက်နေဟန်ဖြင့် စီးကရက်တစ်လိပ်ကို ရှိုက်ဖွာနေသည်။
ယဲ့ချန်း၏သေဆုံးမှုက မိုတုမြို့ထဲရှိ အမွေဆက်ခံသူလောကထဲတွင် ရုတ်ရုတ်သဲသဲဖြစ်သွားပေလိမ့်မည်။
ထိုရလဒ်ကလည်း သူလိုချင်သော ရလဒ်ပင်တည်း။ နမူနာပြလိုက်ခြင်းပင်။
ထိုအချိန်မှာပင် သူ့အနောက်မှ ကုန်တင်ကားကြီးတစ်စီးက အသံပေးလာလေရာ သူ့မျက်ဝန်းထဲတွင် ဝမ်းသာအားရလေဟန် အရိပ်အယောင်များ ယှက်သန်းနေတော့သည်။
ဤကုန်တင်ကားက ယဲ့ချန်းကို ဝင်တိုက်ရန် လမ်းဆုံတွင် ပုန်းအောင်းနေခြင်းပင်။
ယဲ့ချန်း ကားအတိုက်ခံရပြီး စိစိညက်ညက်ကြေသွားမည့်ပုံစံကို မြင်ယောင်နေမိသည်။
ကုန်တင်ကားကြီးပေါ်တွင် ကားသမားဟူယုံးက မောင်းနှင်နေသည်။ ကူလီနန်ကားတစ်စီးကို ဝင်တိုက်ရမည့် တာဝန်ကို သူ လက်ခံထားသည်။
တစ်ဖက်လူက သူ့အား လျော်ကြေးအနေနှင့် ဆယ်သန်းပေးထားသေးသည်။ ဤငွေပမာဏဖြင့် ထောင်ထဲတွင် နှစ်နည်းနည်းလောက် အချိန်ဖြုန်းရလည်း ထိုက်တန်ပေသည်။
ဟူယုံးက လမ်းဆုံသို့ ကားမောင်းရင်း သီချင်းညည်းနေချေသည်။
မီးပွိုင့်က အရောင်ပြောင်းတော့မည်ဖြစ်ရာ ကုန်တင်ကားကို အရှိန်တင်လိုက်လေသည်။
ဗရွန်း ဗရွန်း ဗရွန်း!
ကုန်တင်ကားကြီးက လမ်းဆုံသို့ အရှိန်ပြင်းပြင်း တိုးဝင်သွားလေတော့သည်။
ဝှစ်!
ရုတ်ခြည်းပင် အကြောင်းအရင်းမည်မည်ရရမရှိပါဘဲ ကားဘီးပေါက်သွားခဲ့သည်။
အစတုန်းက တည့်တည့်မောင်းနေသော ကုန်တင်ကားကြီးက ရုတ်တရက်လမ်းချော်၍ လမ်းဘေးတွင် ထိုးရပ်ထားသော လမ်ဘော်ဂီနီပြိုင်ကားတစ်စီးရှိရာဆီသို့ ထိုးဆင်းသွားလေတော့သည်။
ကျူးမင်က စီးကရက်ကိုခဲထားရင်း ပွဲကြည့်ရန် စောင့်နေလေသည်။
ရုတ်ခြည်းပင် ကုန်တင်ကားဟွန်းသံက သူ့အနောက်မှ ထွက်လာသည်။
သေစမ်း…
ဤကုန်တင်ကားက ယဲ့ချန်းကိုဝင်တိုက်ရန်အတွက် သူခေါ်ထားသော ကုန်တင်ကားဖြစ်၏။ ထိုကားက အဘယ်ကြောင့် သူ့ဆီသို့ မောင်းလာရလေသလဲ။
ကျူးမင်အဖို့ ရှောင်ရန် နောက်ကျသွားချေပြီ။
ဘန်း…
ကုန်တင်ကားကြီးက လမ်ဘော်ဂီနီပြိုင်ကားကို ခပ်ပြင်းပြင်းဝင်တိုက်ပစ်လိုက်လေတော့သည်။
….
လမ်းတစ်ဖက်တွင် ဇိမ်ခံကားအမြောက်အများ ရပ်ထားသည်။
ကျူးမင်က သူ့လူများကိုလည်း ပွဲကြီးပွဲကောင်းကြည့်ရန် ခေါ်ထားသည်။ ဤလူများမှာ ဘာဖြစ်မလဲဆိုသည်ကို အရိပ်အမြွက်သိထားကြသည်။
သို့သော် ထိုကုန်တင်ကားကြီးက ကျူးမင်၏လမ်ဘော်ဂီနီကို ဝင်တိုက်ပစ်လိမ့်မည်ဟု သူတို့ လုံးဝထင်မထားပါချေ။
လူတိုင်း ကြောက်လွန်းလှသဖြင့် ဆွံ့အကုန်ကြသည်။
ဘာတွေဖြစ်ကုန်တာလဲ…
ကျူးမင်က သူ့ကို ကားနှင့်ဝင်တိုက်မည့်အဖြစ်ကို သူတို့အား ကြည့်ခိုင်းထားခြင်းလေလား။
ထိုအချိန်တွင် ပါတီပွဲကတော့ ဆက်လက်ကျင်းပနေဆဲသာ။
ကျူးမင် ထွက်သွားပြီးနောက် ဧည့်ခံပွဲက အနေအထား ပြန်လည်ကောင်းမွန်သွားသည်။
အစောပိုင်းက အဖြစ်အပျက်ကြောင့် မည်သူကမှ ယဲ့ချန်းကို အထင်မသေးရဲတော့ဘဲ သူ့အား ခွက်မြှောက်ဂုဏ်ပြုပေးနေကြသည်။
ထိုအချိန်မှာပင် စားသောက်ဆိုင်တံခါး တွန်းဖွင့်ခံလိုက်ရသည်။
"တစ်ခုခုတော့လွဲနေပြီ။ မတော်တဆမှုတစ်ခု ဖြစ်သွားတယ်။ သခင်လေးကျူး ကားမတော်တဆမှုဖြစ်လို့"
ဤလူက လမ်းဘေးတွင် ပွဲထိုင်ကြည့်နေခဲ့သော ကျူးမင်၏နောက်လိုက်တစ်ယောက်ပင်။ ပြိုင်ကားတစ်ခုလုံး စိစိညက်ညက်ဖြစ်သွားသည့် မြင်ကွင်းကြောင့် ထိတ်လန့်တုန်လှုပ်နေချေသည်။
ကုန်တင်ကားက လမ်ဘော်ဂီနီကို ပိပြားသွားအောင် ဖိခြေလိုက်သည့်အတွက် ထိုကားကို ဆွဲထုတ်ရန် အပြေးအလွှားလူလာစုခြင်းပင်။
"ဘာ.. ကားမတော်တဆမှုဖြစ်တာလား။ ဘာဖြစ်တာလဲ"
ထိုလူကြောင့် သူတို့အားလုံး အံ့ဩမှင်တက်ကုန်သည်။
စုဝမ်ယိလည်း တဒင်္ဂမျှ မှင်တက်သွားပြီးနောက် ပြောလိုက်လေသည်။
"ဘယ်လိုဖြစ်ရတာလဲ"
"သခင်လေးကျူးက လမ်းဆုံမှာ ဆေးလိပ်သောက်နေတုန်းက ကုန်တင်ကားတစ်စီးက ရုတ်တရက်ရောက်လာပြီး သူ့ကိုတိုက်ပစ်လိုက်တာ"
"ဘာ"
လူတိုင်း မျက်နှာပျက်သွားကြသည်။
အစောကမှ ထွက်သွားသည့် ကျူးမင်တစ်ယောက် ကားမတော်တဆဖြစ်လိမ့်မည်ဟု မည်သူမှ ထင်မထားပေ။
"သခင်လေးကျူးရော ဘယ်လိုနေလဲ"
စုဝမ်ယိ မေးကြည့်လိုက်၏။
"ကားက လုံးဝပိပြားသွားတာ။ သူ အသက်ရှင်မှာမဟုတ်လောက်ဘူး။ မင်းတို့တွေ ကားကို ဆွဲထုတ်ပေးသင့်တယ်"
လူကုံထံအမွေဆက်ဆံသူတစ်ယောက်က တုန်ယင်နေသောလေသံဖြင့် ပြောလိုက်သည်။
အစောတုန်းက မြင်ကွင်းကား အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။
ထိုစကားကိုကြားသော် စုဝမ်ယိ၏အမူအရာမှာ အနည်းငယ်ပြောင်းလဲသွားသည်။
သူ(မ) ကျူးမင်ကို မနှစ်မြို့ပါသော်လည်း ဤကိစ္စမှာ ပါတီအပြီးတွင် ဖြစ်ပျက်သွားသောကိစ္စပင်။
"အားလုံးပဲ.. မြန်မြန်သွားကူညီရအောင်"
တစ်စုံတစ်ယောက်က ဆိုလာလေသည်။
လူတိုင်းလည်း ကလပ်ထဲကထွက်ပြီး အခင်းဖြစ်ရာနေရာသို့ အပြေးသွားလိုက်ကြသည်။ ကျူးမင်၏မတော်တဆမှုအကြောင်း ကြားလိုက်ရချိန်ဝယ် ဧည့်သည်များ၏တုံ့ပြန်မှုကား အမျိုးမျိုးပင်။
တချို့က အံ့ဩကြသည်။ အချို့ကမူ နောင်တရကြသည်။ တချို့ကတော့ တိတ်တိတ်လေးကျိတ်ပျော်ကြသည်။
ကျူးမင်က အမြဲလိုလိုမောက်မာပြီး လူအမြောက်အများကို စော်ကားထားလေရာ သူသေသွားပါက တိတ်တိတ်လေး ကျိတ်ပျော်နေမည့်လူက အများကြီးရှိ၏။
အအံ့ဩဆုံးလူကတော့ ယန်ချွမ်းပင်။
အကြောင်းမှာ သူက အခြားလူများနှင့် မတူပါဘဲ ကျူးမင် သေမည့်အကြောင်းကို ကြိုသိထားပြီးသားပင်။
အံ့ဩသွားရသည်မှာ အစောတုန်းက ယဲ့ချန်း၏စကားကြောင့်ဖြစ်သည်။
အကယ်၍ ကျူးမင်သာ ပြဿနာရှာနေဦးမည်ဆိုလျှင် မနက်ဖြန် နေထွက်ချိန်ကိုပင် ကြည့်နိုင်တော့မည်မဟုတ်ကြောင်း ယဲ့ချန်း ပြောထားသည်။ ယခုမူ ထိုအဖြစ်က အလျင်အမြန် အကောင်အထည်ပေါ်လာခဲ့သည်။
ယခုမူ ယန်ချွမ်းခမျာ ယဲ့ချန်းကို ပို၍ပင်သတိကြီးကြီးထားနေမိတော့သည်။
ဤလူက လူသားနှင့် သိပ်မတူပါဘဲ နတ်ဘုရားတစ်ပါးနှင့်ပင် တူလှပေသည်။
"ကျူးမင် ဆုံးသွားပြီ"
ထိုနေရာသို့ ရောက်သွားသောအခါ အခင်းဖြစ်ပွားရာနေရာကို သူတို့ မြင်လိုက်ရပြီးနောက် ကျူးမင်ဆုံးသွားပြီဖြစ်ကြောင်း ချက်ချင်းသဘောပေါက်လိုက်သည်။
ကုန်တင်ကားကြီးက ကားကိုယ်ထည်တစ်ခုလုံးကို ပိပြားသွားအောင်လုပ်လိုက်ပြီဖြစ်ရာ အသက်ရှင်နိုင်ခြေမရှိတော့ပေ။
ကျူးမင်တစ်ယောက် အသေဆိုးနှင့် သေသွားရသည်ဟုပင် ဆိုနိုင်ပေသည်။
လီကျယ်နှင့်အခြားလူများမှာ ကျူးမင်၏အလောင်းကို မသာမယာအမူအရာများနှင့် ကြည့်နေပေသည်။
အစောတုန်းကပင် သူတို့ အတူတူရှိနေခဲ့ကြသေးသည်။ ယခုမူ တစ်ဖက်လူက အလောင်းတစ်လောင်း ဖြစ်သွားချေပြီ။
ကျူးမင်၏ဖြစ်ရပ်ကြောင့် ပါတီပွဲလည်း အလျင်စလိုပြီးဆုံးသွားခဲ့သည်။
ကျူးမင်၏အလောင်းကို လူနာတင်ကားဖြင့် တင်သွားပြီးနောက် သူ့နောက်လိုက်တစ်သိုက်မှာ မချိတင်ကဲရေရွတ်လေတော့သည်။
အစတုန်းက ယဲ့ချန်းကို သူ ဘယ်လိုရှင်းပစ်မလဲဆိုတာကိုကြည့်ရန် သူတို့အား ကျူးမင် လှမ်းခေါ်လိမ့်မည်ဟု ထင်ထားခဲ့မိသည်။
ယခင်ကလည်း ဤသို့သောကိစ္စများ ဖြစ်ခဲ့ဖူးသည်။
ကုန်တင်ကားတစ်စီးကပင် သူဌေးသားတစ်ယောက်ကို သတ်ပစ်ခဲ့သည်။ ထိုအချိန်တုန်းက သူတို့လည်း ထိုအဖြစ်အပျက်ကို အစမှအဆုံးတိုင် စောင့်ကြည့်နေခဲ့ကြသည်။
သေရမည့်လူမှာ ယဲ့ချန်းဖြစ်လိမ့်မည်ဟု သူတို့ ထင်ထားပါသော်ငြား ထင်မှတ်မထားပါဘဲ ကျူးမင်ကိုယ်တိုင် ဖြစ်နေခဲ့သည်။
ကျူးမင်က သူ့ကိုယ်သူသတ်ပစ်ဖို့ ကုန်တင်ကားတစ်စီးကို ခေါ်ခဲ့ခြင်းလေလား။
ဤသည်မှာ အဓိပ္ပာယ်မရှိလှပေ။
ထိုအချိန်တွင် သူ့နောက်လိုက်တစ်ယောက်က ရုတ်တရက်ပြောလိုက်သည်။
"ယဲ့ချန်းပဲဖြစ်ရမယ်။ ယဲ့ချန်းရဲ့လက်ချက်ပဲဖြစ်ရမယ်"
"ဘာ.. ယဲ့ချန်းလား"
သူတို့အားလုံး ကြောင်အသွားကြသည်။
သူတို့လည်း ယဲ့ချန်းကို သံသယဖြစ်မိပါသော်ငြား ယဲ့ချန်းက တစ်ချိန်လုံး ပါတီပွဲမှာသာ ရှိနေခဲ့ပြီး အပြင်သို့ ထွက်မသွားခဲ့ပေ။ သို့ဖြစ်လေရာ အသေးစိတ်ပြင်ဆင်ထားသော ဤလူသတ်မှုကို မည်သို့ စီစဉ်နိုင်မည်နည်း။
ထိုနောက်လိုက်က ပြောလိုက်၏။
"ယဲ့ချန်းနဲ့ ယန်ချွမ်းတို့ သန့်စင်ခန်းထဲမှာ စကားပြောနေကြတာကို ငါကြားလိုက်တယ်။ သခင်လေးကျူးမင် မနက်ဖြန်နေထွက်ချိန်ကို မမြင်စေရဘူးတဲ့"
ထိုစကားကိုကြားသော် လူတိုင်း ထိတ်လန့်တုန်လှုပ်ကုန်ကြသည်။
"သူ့လက်ချက်လား။ အဲဒီကုန်တင်ကားက ယဲ့ချန်းခေါ်ထားတာလား"
"ငါတို့ ဘယ်လိုလုပ်ကြမလဲ"
ကျူးမင်၏နောက်လိုက်များက အချင်းချင်းဆွေးနွေးနေကြသည်။
လီကျယ် အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။
"ဒီအကြောင်း ကျူးမိသားစုကို သွားအသိပေးရအောင်"
ယဲ့ချန်းလည်း စုဝမ်ယိကို အိမ်ပြန်ပို့ပေးလိုက်သည်။
ကျူးမင်၏မတော်တဆမှုကြောင့် စုဝမ်ယိ စိတ်အခြေအနေမကောင်းတော့ပေ။
ကားထဲကထွက်ပြီးနောက် စုဝမ်ယိက ယဲ့ချန်းကို ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်တစ်ခု ပေးလိုက်၏။
[တင်! ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကို ရရှိတဲ့အတွက် ပိုင်ရှင့်ကို ဂုဏ်ပြုပါတယ်။ ငါးခုမြောက်ကြယ်ငါးပွင့်ကို ရရှိတဲ့အတွက် စနစ်ရဲ့ဆုလာဘ်ဖြစ်တဲ့ လျှပ်စစ်စက်ဘီးတစ်စီးကို ရရှိလိုက်ပါပြီ]
လျှပ်စစ်စက်ဘီးက ပေါ်လီမာကုန်ကြမ်းပစ္စည်းကို ကာဗွန်ဖိုက်ဘာနှင့် သတ္တုမက်ဂနီဆီယမ်တို့ဖြင့် ပေါင်းစပ်၍ ပြုလုပ်ထားခြင်းပင်။
CM 48V lithium-ionဘက်ထရီကို သုံးထားပြီး တစ်နာရီလျှင် တစ်ရာကီလိုမီတာအမြန်နှုန်းရှိ၏။
ဤလျှပ်စစ်စက်ဘီး၏တန်ဖိုးမှာ အံ့အားသင့်ဖွယ်ကောင်းလှသည်။ ယွမ်၅.၈သန်းရှိ၏။
စုဝမ်ယိထံမှ ထွက်လာခဲ့ပြီးနောက် ယဲ့ချန်းထံသို့ ဖုန်းဝင်လာသည်။
ဖုန်းခေါ်ဆိုသူကား ယန်ချွမ်းပင်။
"သခင်လေးယဲ့.. ကျူးမင်ရဲ့နောက်လိုက်တစ်ယောက်က ကျွန်တော်တို့စကားပြောတာကို ကြားသွားပုံပဲ။ အဲဒီအကြောင်း ကျူးမိသားစုကို အသိပေးလိုက်ကြပြီ"
ကျူးမင်က လူကုံထံအမွေဆက်ခံသူလောကတွင် အဆက်အသွယ်ကောင်းမွန်လှသည်။ ထို့ကြောင့် ဤသတင်းကို မကြာခင်ကြားလိမ့်မည်သာ။
ယဲ့ချန်း ခေါင်းညိတ်ပြလိုက်သည်။
"သိတယ်"
"သခင်လေးယဲ့.. ကျွန်တော် စကားများလို့ ဖြစ်ရတာပါ"
ယန်ချွမ်း သူ့ကိုယ်သူအပြစ်တင်နေချေသည်။
"မင်းအမှား မဟုတ်ပါဘူး။ ဘယ်သူမှသတင်းမပို့လည်း ကျူးမိသားစုက ငါ့ကို အသာလွှတ်ပေးမယ်များ ထင်နေတာလား"
ယဲ့ချန်းက တည်တည်ငြိမ်ငြိမ်ပြောလိုက်လေသည်။
"သခင်လေးယဲ့.. မိုတုမြို့ထဲကထွက်ပြီး ခဏလောက်ရှောင်နေလိုက်ပါ့လား"
ယန်ချွမ်းက စိုးရိမ်တကြီးအကြံပေးလိုက်သည်။
ယဲ့ချန်းကမူ ခပ်ဖွဖွသာပြုံး၏။
"ကျူးမိသားစုက ငါ့အတွက် ပါ့မွှားလေးပါ"
ကျူးမင်၏သေဆုံးမှုမှာ ယဲ့ချန်းဘက်က ဘဝဖြစ်စဉ်ကြည့်ရှုခြင်းစနစ်ထဲက အဆင့်မြှင့်တင်ထားသော စွမ်းရည်တစ်ခုကို သုံးလိုက်သောကြောင့်ပင်။ ထိုအရာမှာ ကံကြမ္မာကို ပြင်ဆင်ခြင်းပင်တည်း။
သန်းတစ်ရာသုံးလိုက်ရသော်လည်း ကျူးမင်က သူ့အပေါ် သတ်ဖြတ်လိုစိတ်ကြီးနေသဖြင့် ယခုလိုအသက်အန္တရာယ်ခြိမ်းခြောက်မှုတစ်ခုကို သည်အတိုင်းလွှတ်မထားနိုင်ပေ။
ယဲ့ချန်းတွင် ဘဝဖြစ်စဉ်ကြည့်ရှုရေးစနစ်၏ ကံကြမ္မာပြင်ဆင်ရေးစွမ်းရည် ရှိနေသည်ဖြစ်ရာ ဘယ်သူ့ကိုများ ကြောက်နေရမည်နည်း။
••••••••••••••••••••
အပိုင်း ၃၁၈ : ကားမတော်တဆမှု
ကျူးမင် ဆုံးပြီးနောက် ကျူးမိသားစုဘက်က ချက်ချင်းလှုပ်ရှားလာသည်။
ကျူးမင် ဆုံးပါးသွားသည်နှင့် ကျူးမင်ထက်ပိုပြီး နောက်ခံအင်အားတောင့်တင်းသော ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်တစ်ယောက် မိုတုမြို့တွင် ပေါ်ပေါက်လာခဲ့သည်။
ထိုလူမှာ ကျူးမင်၏အစ်ကို ကျူးကျီပင်။
ကျူးကျီက ကျန်းစုနှင့် ကျယ်ကျန်းတွင် ထိပ်တန်းသခင်လေးတစ်ဦးဖြစ်ပြီး ကျူးမိသားစု၏အမွေဆက်ခံသူလည်းဖြစ်၏။
ကျူးမိသားစုထဲတွင် ကျူးမင်က ဒုတိယအာဏာအကြီးဆုံးဖြစ်ပြီး ပထမအဆင့်ဆက်ခံသူကတော့ ကျူးကျီဖြစ်သည်။
ကျူးမိသားစုထဲတွင် သားသမီးမြေးမြစ်များစွာ ရှိသော်လည်း အလားအလာရှိသူကတော့ နှစ်ယောက်တည်းသာ။ ထိုလူနှစ်ယောက်မှ ကျူးမင်နှင့် ကျူးကျီပင် ဖြစ်ချေသည်။
ကျူးမင်က နိုင်ငံခြားမှပြန်လာပြီးနောက် မိုတုမြို့တွင် လှုပ်ခတ်မှုအကြီးစားတစ်ခု ဖန်တီးရန် စီစဉ်ထားသည်။
စုဝမ်ယိကို လိုက်ပိုးခြင်းမှာ သူ၏ပထမခြေလှမ်းပင်။ ကျူးမိသားစု၏ လုပ်ငန်းများက အရှိန်အဟုန်ဖြင့် ချဲ့ထွင်နေလေရာ ကျန်းစုနှင့် ကျယ်ကျန်းဒေသများဖြင့် မကျေနပ်နိုင်တော့ဘဲ မိုတုမြို့ကိုပါ ခြေဆန့်လာကြသည်။
ကျူးမင်က လမ်းဖောက်ရန်အတွက် ဤနေရာသို့ ရောက်လာခြင်းပင်။
ကျူးမင်တစ်ယောက် မိုတုမြို့သို့ရောက်ရောက်ချင်း ဘာမှမလုပ်နိုင်ခင်မှာပင် ဆုံးပါးသွားလိမ့်မည်ဟု မည်သူမှ ထင်မထားကြချေ။
ဟုန်ဟွားစံအိမ်တော်မှာ မိုတုမြို့ရှိ ကျူးမိသားစု၏ ဌာနချုပ်ပင်။
စီအီးအိုးရုံးခန်းထဲတွင် ရွှေကိုင်းတပ်မျက်မှန်ကို တပ်ဆင်ထားပြီး ခက်ထန်သော အမူအရာရှိသည့် လူငယ်လေးတစ်ယောက်က မျက်နှာကြက်မှ ကြမ်းပြင်အထိရှိသေ ပြတင်းပေါက်ရှေ့တွင် မတ်တတ်ရပ်ပြီး မိုတုမြို့၏ရှုခင်းကို ငေးကြည့်နေချေသည်။
"သခင်လေး…"
ထိုအချိန်မှာပင် အသက်ခြောက်ဆယ်ကျော် အဘိုးကြီးတစ်ယောက်က အထဲသို့ ဝင်လာသည်။
ဤလူမှာ ကျူးမိသားစု၏ အိမ်တော်ထိန်းပင်။
ကျူးမင် ဆုံးပါးသွားသည့်အတွက် ကျူးမိသားစု မိုတုမြို့တွင် အခြေချနိုင်ရန် ကိုင်တွယ်ရမည့်တာဝန်မှာ ကျူးကျီ၏ပခုံးပေါ်သို့ ကျရောက်လာသည်။
"ရဲတွေဘက်က စုံစမ်းစစ်ဆေးတာ ဘယ်လိုအခြေအနေရှိလဲ"
ကျိုးကျီက အမှုမထားဟန်ဖြင့် မေးလိုက်လေသည်။
"ကုန်တင်ကားကြီးက ကားဘီးပေါက်ပြီး အရှိန်မထိန်းနိုင်တော့တာကြောင့် သခင်လေးကို ဝင်တိုက်မိသွားတာ အမှန်ပါပဲ။ လူတစ်ယောက်ယောက်ရဲ့ပယောဂ လုံးဝမပါပါဘူး"
"ပြီးတော့.."
အိမ်တော်ထိန်းက ဆက်ပြောရန် တွန့်ဆုတ်နေလေသည်။
"ပြီးတော့ ဘာဖြစ်လဲ"
ကျူးကျီက မေးလိုက်၏။
"အဲဒီကုန်တင်ကားရဲ့ဒရိုင်ဘာက ကျူးမိသားစုဝင်တစ်ယောက်ပါ။ အစတုန်းက သူက ယဲ့ချန်းကို သတ်ဖို့လာတာပါ။ ဒါပေမဲ့ ဘာကြောင့်မှန်းမသိ ကားဘီးပေါက်သွားပြီး…"
"ဒရိုင်ဘာကိုရော စစ်ဆေးပြီးပြီလား"
"ဟုတ်ကဲ့။ ဒရိုင်ဘာမှာ ဘာပြဿနာမှမရှိပါဘူး။ အဲဒီအချိန်တုန်းက တကယ်ပဲ ကားကို ထိန်းမရဖြစ်သွားတာပါ"
ကျူးကျီလည်း ခဏမျှ တွေဝေသွားရသည်။
"ဒါက တကယ်ပဲ မတော်တဆမှုလား"
"ကျွန်တော်တို့ရဲ့စုံစမ်းစစ်ဆေးမှုရလဒ်တွေကတော့ ဒီလိုပဲပြနေပါတယ်"
အိမ်တော်ထိန်းက ပြောလိုက်၏။
ကျိုးကျီ မျက်မှောင်ကြုတ်လိုက်မိသည်။
"ဒါဆို မိုတုမြို့ထဲက အဲဒီချာတိတ်တွေက ငါ့ကို လာလှည့်စားနေတာပေါ့"'
ကျူးကျီက သူ့အား သတင်းလာပို့သည့် ကျူးမင်၏နောက်လိုက်များကို ဆိုလိုခြင်းပင်။
အိမ်တော်ထိန်းကလည်း ပြောလိုက်၏။
"ဖြစ်နိုင်ပါတယ်။ ဒီလူတွေက ဒုတိယသခင်လေးနဲ့ ရင်းနှီးတယ်ဆိုပေမဲ့ သူတို့မှာ သူတို့အစီအစဉ်နဲ့သူတို့ ရှိပါတယ်"
"ထားလိုက်တော့.. ကျူးမင်က မိန်းမတစ်ယောက်အတွက်နဲ့ သေသွားရတဲ့ အသုံးမကျတဲ့ကောင်ပဲလေ။ သူနဲ့တန်ပါတယ်"
အိမ်တော်ထိန်း ထွက်သွားပြီးနောက် ကျူးကျီက အေးတိအေးစက်လှောင်ရယ်လိုက်သည်။
"ကျူးမင်.. သူက ငါ့နေရာကိုလာလုချင်နေတာ။ ငါက သူ့ဉာဏ်တစ်ထွာတစ်မိုက်လောက်လေးကို မရိပ်မိဘူးများမှတ်နေတာလား။ မတော်တဆတဲ့"
ကျူးကျီ၏မျက်ဝန်းထဲတွင် အေးစက်စက်အရိပ်အယောင်များ ပေါ်ပေါက်လာသည်။
အမှန်ပင်။ ကျူးမင်ကိုသတ်ဖို့ ကျူးကျီက ခိုင်းစေခဲ့ခြင်းပင်။ ဤမတော်တဆမှုကလည်း သူ့လက်ချက်ပင်။
မည်သို့ပင်ဖြစ်စေ ကျူးမင်သည် ကျူးကျီ၏လက်ချက်ဖြင့် သေရမည်သာ။ ယဲ့ချန်းက သူ့သေဆုံးမှုကို ကံကြမ္မာပြောင်းလဲရေးစနစ်မှတစ်ဆင့် အရှိန်မြှင့်တင်လိုက်ခြင်းသာ။
သူ့ကိုသတ်ခဲ့သူကား ယဲ့ချန်းမဟုတ်ဘဲ သူ့အစ်ကိုအရင်းဖြစ်ကြောင်း ကျူးမင်ကတော့ လုံးဝထင်ထားမည်မဟုတ်။
ကျူးကျီ၏အကြည့်က ခက်ထန်သွားချေသည်။
"ငါ့ညီရဲ့သေဆုံးမှုအတွက် မြေစာပင်တစ်ယောက်တော့လိုတယ်။ ယဲ့ချန်းက မြေစာပင်ဖြစ်ဖို့ အသင့်တော်ဆုံးပဲ။ စုမိသားစုလည်း ဝါးမျိုခံရမယ်။ ယဲ့ချန်းလည်း သေရမယ်"
နောက်တစ်နေ့တွင် ယဲ့ချန်းထံသို့ ကျူးကျီ ဖုန်းဆက်လာသည်။
"ယဲ့ချန်းလား.. ကျွန်တော်က ကျူးမင်ရဲ့အစ်ကို ကျူးကျီပါ"
ယဲ့ချန်းလည်း ခဏမျှတုံ့ဆိုင်းသွားပြီးမှ အမှုမထားဟန်ဖြင့် ပြန်ဖြေလိုက်သည်။
"ဘာကိစ္စရှိလို့လဲ"
"ဟားဟား.. ကျွန်တော်က အခုမှ မိုတုမြို့ကိုရောက်တာဆိုတော့ မိတ်ဆွေတချို့ကို ညစာစားဖို့ဖိတ်ချင်လို့လေ။ မစ္စတာယဲ့များ လာတွေ့ရဲမလားလို့"
ယဲ့ချန်းကလည်း ရန်စမှုကို တုံ့ပြန်လိုက်သည်။
"ရတယ်လေ။ လာခဲ့မယ်"
ကျူးကျီဘက်က လက်စားချေလိမ့်မည်ကို ယဲ့ချန်း သိထားပြီးသားပင်။ သို့သော် ယုတ်မာကောက်ကျစ်သော ဧည့်ခံပွဲတစ်ခုကို ပေါ်တင်ကြီးလုပ်နေသည့်အတွက် ကျူးကျီ၏ရဲတင်းမှုကို ယဲ့ချန်း အံ့ဩမိသည်။
ဧည့်ခံပွဲကား မိုတုမြို့ခန်းမတွင် ကျင်းပသည်။
စုဝမ်ယိလည်း ဖိတ်စာရပါသော်ငြား ကုမ္ပဏီအစည်းအဝေးတစ်ခုကြောင့် ထိုနေရာသို့ တန်းသွားလိုက်သည်။
အပြင်ဘက်ရှိ ပြည့်ကျပ်နေသော ယာဉ်ကြောကို ယဲ့ချန်း ကြည့်လိုက်လေသည်။
အစတုန်းက ရဟတ်ယာဉ်ဖြင့်သွားရန် စီစဉ်ထားပါသော်ငြား မိုတုမြို့တော်ခန်းမနားတွင် လေယာဉ်ရပ်စရာနေရာမရှိသဖြင့် မကြာသေးခင်ကမှ ရရှိထားသည့် လျှပ်စစ်စက်ဘီးလေးကို အမှတ်ရလိုက်သည်။
ကောင်းပြီလေ.. လျှပ်စစ်စက်ဘီးနဲ့ သွားတာပေါ့…
ယဲ့ချန်းလည်း သူ့အချစ်တော်လျှပ်စစ်စက်ဘီးလေးပေါ် ခွတက်၍ မိုတုခန်းမဆီသို့ ထွက်လာခဲ့လိုက်သည်။
လျှပ်စစ်စက်ဘီးလေးက အလွန်မြန်ပြီး ပေါ့ပါးလှသည့်အပြင် ယာဉ်ကြောပိတ်နေသည့်ကြားက အေးအေးဆေးဆေးဖြတ်သွားနိုင်သည်။
ယဲ့ချန်း ခန်းမဆီသို့ ရောက်တော့မည့်ဆဲဆဲ ဘီအမ်ဒဗလျူကားတစ်စီက အနောက်မှ ဖြည်းဖြည်းမောင်းလာသည်။
ကားမောင်းသူမှာ လီကျယ်ပင် ဖြစ်ချေသည်။
ယဲ့ချန်း စက်ဘီးစီးနေကြောင်း အဝေးကတည်းက လီကျယ် မြင်ထားပြီးသားပင်။ ယဲ့ချန်းက စက်ဘီးစီးရင် သီချင်းပါ ညည်းနေသေးသည်။
"အချစ်တော်စက်ဘီးလေးကိုစီးနေရင် ယာဉ်ကြောပိတ်မှာ မကြောက်ရတော့ဘူး"
လီကျယ် သရော်ပြုံးပြုံးလိုက်လေသည်။
"သူက ဆင်းရဲသားတစ်ယောက်ဆိုတာ အဟုတ်ပဲ။ ကားမဝယ်နိုင်လို့ စက်ဘီးပဲစီးရရှာတယ်"
လီကျယ်နှင့် ကျူးမင်တို့က အလွန်ရင်းနှီးသည်။
ကျူးမင်၏သေဆုံးမှုက ယဲ့ချန်းနှင့် ဘာပတ်သက်မှုမှမရှိသော်ငြား လီကျယ်ကတော့ ယဲ့ချန်းကို နာကျည်းမုန်းတီးနေလေတော့သည်။
ယဲ့ချန်း စက်ဘီးစီးနေသည်ကို မြင်သောအခါ လီကျယ်၏နှုတ်ခမ်းအစုံကား အတန်ငယ်ကွေးညွတ်သွားလေသည်။ ထို့နောက် သူ့ကားကို ယဲ့ချန်း၏စက်ဘီးဆီသို့ ဦးတည်လိုက်လေသည်။
ဘန်း!
ယဲ့ချန်းမှာ အနောက်မှ ဝင်တိုက်လိုက်သည်ကို ခံစားမိသည်။ ထို့ကြောင့် စက်ဘီးပေါ်က လွှားခနဲခုန်ချလိုက်သည်။
ယဲ့ချန်း ဘာမှမဖြစ်လိုက်သော်လည်း စက်ဘီးကတော့ လမ်းမပေါ် လဲကျသွားလေတော့သည်။
စက်ဘီးလေးမှာ လဲကျသွားပြီး အနောက်ခြမ်းမှာမူ လုံးဝပျက်စီးသွားလေသည်။
ဘီအမ်ဒဗလျူကားထဲမှ လီကျယ် ဆင်းလာသည်ကိုမြင်သော် ယဲ့ချန်း ဒေါသထွက်သွားချေသည်။
သူ ဘာမှမဖြစ်သော်ငြား စနစ်ကပေးထားသည့် စက်ဘီးလေးကတော့ အကြီးအကျယ်ထိခိုက်သွားလေပြီ။
ထို့ပြင် လီကျယ်ကိုမြင်လိုက်ရချိန်မှာပင် ဤသည်မှာ တမင်တကာလုပ်ခြင်းဖြစ်ကြောင်း ချက်ချင်းသိလိုက်သည်။
လီကျယ်က ကျူးမင်၏သေဆုံးမှုအတွက် သူ့အပေါ် ဒေါသပုံချနေခြင်းပင်။
ငါက အသာငြိမ်ခံနေမဲ့လူများ မှတ်နေလား…
"အမလေး..သခင်လေးယဲ့မလား။ တောင်းပန်ပါတယ်ဗျာ"
လီကျယ်က သူ့ဘီအမ်ဒဗလျူ၇၄၀ကို လှမ်းကြည့်လိုက်သည်။ ကားမီးခွက်က ကွဲသွားပြီး ရှေ့ဖုံးလည်း ပိန်လိန်သွားသည်။
ဘုရားရေ…
သူ့ဘီအမ်ဒဗလျူ ထိခိုက်ပျက်စီးသွားရလောက်သည်အထိ ဤစက်ဘီးက မာကျောနေလေသလား။
စက်ဘီး၏ကုန်ကြမ်းပစ္စည်းက အဆင့်မြင့်ကုန်ကြမ်းများဖြစ်ပြီး ၅.၈သန်းကျော်မသုံးဘဲ ဝယ်ယူ၍မရနိုင်ကြောင်း လီကျယ် မသိပေ။
ယဲ့ချန်းလည်း လီကျယ်ကို အေးစက်မာကျောစွာ ကြည့်လိုက်လေသည်။
"သခင်လေးလီ.. မင်း ဘာဖြစ်ချင်တာလဲ"
လီကျယ်က သရော်လိုက်ချေသည်။
"ယဲ့ချန်း.. ငါ့ဘီအမ်ဒဗလျူရဲ့ကားမီးခွက်နဲ့ ရှေ့ဖုံးက ပျက်စီးသွားပြီ။ ဝမ်ယိရဲ့မျက်နှာကြောင့် ငါးထောင်ပဲ အလျော်ပေးပါ"
သူတို့အနားသို့ လူများ ဝိုင်းအုံလာကြသည်။
"အမလေးလေး… ဒီကောင်လေးတော့ ပြဿနာတက်ပြီ။ ဘီအမ်ဒဗလျူကိုမှ ဝင်တိုက်မိရတယ်လို့။ သူ ဘယ်လောက်တောင်အကြွေးတင်သွားမှာပါလိမ့်"
"ဘီအမ်ဒဗလျူမောင်းတဲ့လူက ငါးထောင်တောင်းလိုက်တယ်"
"ဘီအမ်ဒဗလျူကားက စက်ဘီးကို ဝင်တိုက်လိုက်တာလေ။ စက်ဘီးသမားက ဘာလို့လျော်ပေးရမှာလဲ"
"ငါးထောင်ဆိုတာက ဆင်းရဲသားတစ်ယောက်အတွက်တော့ နှစ်ဝက်လစာလောက်ရှိတယ်။ သွားပါပြီ"
ယဲ့ချန်းက စက်ဘီးစီးလာသဖြင့် လူတိုင်းက သူ့ကို ဆင်းရဲသားတစ်ယောက်ဟု ထင်သွားကြသည်။
ထိုစကားများကိုကြားသောအခါ လီကျယ်လည်း ပို၍ပင် ဝမ်းသာအားရဖြစ်သွားသည်။
"ယဲ့ချန်း.. ငါးထောင်လေးတောင် မပေးနိုင်ဘူးလား။ မင်းအတွက် ခက်ခဲနေရင် မင်းချစ်သူဆီက ချေးလိုက်လေ"
ယဲ့ချန်း လှောင်ပြုံးပြုံးလိုက်လေတော့သည်။
"မင်းရူးနေတာလား။ မင်းက ငါ့ကိုဝင်တိုက်တာလေ။ ငါက မင်းကို လျော်ကြေးပေးရမှာတဲ့လား။ ဦးနှောက်ရောမှန်သေးရဲ့လား"
လီကျယ်က ဘဝင်ခိုက်လေဟန်ဖြင့် ပြန်ပြောလိုက်သည်။
"ဒီစက်ဘီးအတွက် ငါ မင်းကို နှစ်ထောင်ပေးမယ်။ ဒီလောက်ဆိုရင် အသစ်တစ်စီးဝယ်ဖို့ လောက်ပါတယ်။ ငါ့ကို လေးထောင့်ရှစ်ရာ လျော်ကြေးပေးလိုက်။ ဒါဆို ငါတို့ကျေသွားပြီ။ ငါက ကားလမ်းကြောင်းပေါ်မှာ မောင်းနေတာနော်။ မင်းဘက်က ဘာမှပြန်ချေပလို့မရဘူး"