အခန်း (၃၂၂-၃၂၄)
Vol. 22 Ch. 322-324
အပိုင်း ၃၂၂ - ဒရာမာအကြီးကြီးတစ်ခု စတင်ခြင်း
ရွေးချယ်စရာသုံးခုတွင် ပထမဆုံးတစ်ခုက အကျိုးအမြတ်အများဆုံးပင်။
တောင်ပေါ်ကကျားများ တိုက်ခိုက်နေသည်ကို စောင့်ကြည့်နေရုံမျှဖြင့် ကုမ္ပဏီနှစ်ခုစလုံးမှ ရှယ်ယာငါးဆယ်ရာခိုင်နှုန်းကို ရနိုင်သည်။
၎င်းမှာ ဒေါ်လာတစ်ထရီလျံတန်သော ပိုင်ဆိုင်မှုတစ်မျိုးပင်။
သို့သော် ယဲ့ချန်းက အကျိုးအမြတ်အတွက်နှင့် ကိုယ်ကျင့်တရားကို မေ့လျော့ပစ်မည့် လူတစ်ယောက်မဟုတ်ပေ။
ဤကိစ္စက သူ့ကြောင့် စတင်ခဲ့ခြင်းဖြစ်လေရာ ယဲ့ချန်းအနေနှင့် ထိုအရာကို အကျိုးအမြတ်ရယူရန်အတွက် အသုံးမချချင်ပေ။
ဒုတိယရွေးချယ်စရာမှာမူ ယဲ့ချန်း ထည့်ပင်စဉ်းစားမည်မဟုတ်ပေ။
ကျန့်ရှောင်ကျွင်းက အလွန်ဆွဲဆောင်မှုရှိလှသည်မှာ အမှန်ပင်။ ရုံးဝတ်စုံဝတ်ဆင်ပြီး ရွှေကိုင်းတပ်မျက်မှန်ကိုတပ်ထားသဖြင့် တင့်တယ်ကြော့မောသော အလှတရားကို ထုတ်လွှတ်နေချေသည်။
သူ(မ)၏စရိုက်က ယဲ့ချန်းသိသော အခြားမိန်းကလေးများနှင့် မတူပေ။
ဉာဏ်ရည်လည်း မြင့်သလို ကြံရည်ဖန်ရည်လည်းရှိ၏။ ထိုကဲ့သို့သော မိန်းမမျိုးကို ယဲ့ချန်း သဘောမကျချေ။ ထိုသို့သောမိန်းမတစ်ယောက်ကို အောင်နိုင်ရန်အတွက် သန်မာလှသောခွန်အားကို အားကိုးရမည်ဖြစ်ကြောင်း ယဲ့ချန်း ကောင်းကောင်းသိသည်။
ထို့ကြောင့် ယဲ့ချန်း၏ တစ်ခုတည်းသော ရွေးချယ်စရာကား နံပါတ်သုံးပင်။ စုမိသားစုကို ကျူးမိသားစုအား အနိုင်ပိုင်းရာတွင် ကူညီပေးရန်ပင်။
[တင် နတ်ဘုရားအဆင့်စတော့ရှယ်ယာစွမ်းရည်ကို ရရှိတဲ့အတွက် ပိုင်ရှင့်ကို ဂုဏ်ပြုပါတယ်။ စနစ်ရဲ့ဆုလာဘ်ဖြစ်တဲ့ မော်ဂန်လုပ်ငန်းစုရဲ့ ရှယ်ယာ၂၁ရာခိုင်နှုန်းကို ရရှိပါပြီ]
မော်ဂန်လုပ်ငန်းစုသည် ဝေါလ်စထရိ၏ အကြီးမားဆုံးသော ဘဏ္ဍာရေးလုပ်ငန်းကြီးတစ်ခုပင်။
နှစ်စဉ်ဝင်ငွေမှာ ၁၇၀ဘီလျံခန့်ရှိ၏။
ထိုရှယ်ယာများကြောင့် ယဲ့ချန်းသည် မော်ဂန်လုပ်ငန်းစုတွင် တတိယရှယ်ယာအများဆုံးလူ ဖြစ်သွားခဲ့သည်။
ကားထဲသို့ဝင်ပြီးနောက် ကျန့်ရှောင်ကျွင်းက ကျူးမိသားစု၏ အချက်အလက်များကို လှန်လှောကြည့်ရှုလေသည်။
"မိန်းကလေးဝမ်ယိ.. ဒီတစ်ခေါက် ကျွန်မတို့ရဲ့ရန်သူက အရမ်းအင်အားတောင့်တယ်။ ကျွန်မ ဝင်ဖြေရှင်းမယ်ဆိုရင်တောင် နိုင်ဖို့ မသေချာပါဘူး"
ထိုစကားကိုကြားသော် စုဝမ်ယိ၏အမူအရာမှာ အနည်းငယ်ပျက်ယွင်းသွားသည်။
ယဲ့ချန်းကမူ ခပ်ဖွဖွသာပြုံး၏။
"ကျူးမိသားစုလေးပဲဟာကို။ သူတို့ကို ကိုယ် သေချာပေါက်အနိုင်ပိုင်းနိုင်တယ်"
ယဲ့ချန်း၏စကားကြောင့် ကျန့်ရှောင်ကျွင်းက အေးစက်စက်နှာခေါင်းရှုံ့လိုက်သည်။
"ရှင်က ဘာလို့ အဲဒီလိုထင်ရတာလဲ"
ယဲ့ချန်း ခပ်ဖွဖွပြုံးလိုက်မိသည်။
"ဘာလို့လဲဆိုတော့ ငါက ရှယ်ယာနတ်ဘုရားမို့လို့လေ"
"ရှင်က ရှယ်ယာနတ်ဘုရားလား"
ကျန့်ရှောင်ကျွင်းက ယဲ့ချန်းကို မျက်စောင်းထိုးလိုက်လေသည်။ သို့သော် စုဝမ်ယိကတော့ ယဲ့ချန်း၏စကားကို အတန်ငယ်သင်္ကာမကင်းဖြစ်မိသည်။
ယဲ့ချန်းက သူ(မ)ကို အကြိမ်ကြိမ်အံ့အားသင့်စေခဲ့သည်။
ယဲ့ချန်းတို့သုံးယောက်သားလည်း ဟီလ်တန်ဟိုတယ်သို့ မောင်းလာခဲ့လိုက်သည်။
သူတို့က ဤနေရာသို့ ရှက်စရာကိစ္စတစ်ခုခုလုပ်ရန် ရောက်လာခြင်းမဟုတ်ပေ။ ဤနေရာကား ဤတိုက်ပွဲတွင် သူတို့၏ဌာနချုပ်ဖြစ်နေသောကြောင့်သာ။
ဧည့်ခန်းပါဟိုတယ်ခန်းကြီးထဲတွင် ဝန်ထမ်းတချို့နှင့်အတူ စုလုပ်ငန်းစုထဲမှ ဘဏ္ဍာရေးထိပ်သီးပုဂ္ဂိုလ်များ ရှိနေကြသည်။
သူတို့ ယခုလိုလုပ်ထားရခြင်းမှာ သူတို့၏လမ်းကြောင်းကို စတင်နိုင်ရန်ပင်။
ကျူးမိသားစု၏အင်အားက စုမိသားစုထက် ပိုကြီးမားလေရာ စုမိသားစုဘက်က စတင်တိုက်ခိုက်လာလိမ့်မည်ဟု မည်သူကမှ ထင်ထားမည်မဟုတ်ပေ။
ကျူးကျီက အစီအစဉ်ချနေဆဲပင်။ သို့တိုင် စုမိသားစုကတော့ လုပ်ငန်းစရန် ပြင်နေချေပြီ။
အဓိကတာဝန်ခံများမှာ ယဲ့ချန်းနှင့် ကျန့်ရှောင်ကျွင်းတို့ပင်။ စုဝမ်ယိက ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်စုဆောင်းရေးတွင် တာဝန်ယူထားသည်။
ယဲချန်းက ဖန်သားပြင်အကြီးကြီးရှေ့တွင် မတ်တတ်ရပ်ကာ နှစ်ဖက်စလုံးမှ အခြေအနေကို ဆန်းစစ်နေသည်။
ကျူးမိသားစု၏ စီးပွားရေးအဆက်အသွယ်က ကျယ်ပြန့်လှသည်။ အိမ်ခြံမြေ၊ ကျန်းမာရေး၊ စီးပွားရေး၊ လျှပ်စစ်ပစ္စည်း၊ ဓာတုပစ္စည်းနှင့် ထောက်ပံ့ပို့ဆောင်ရေးစသည့် လုပ်ငန်းများစွာရှိသည်။
ဤနယ်ပယ်များမှာ ပင့်ကူအိမ်တစ်ခုအလား အလွန်ကြီးမားလှသော စီးပွားရေးကွန်ယက်ကြီးတစ်ခုအဖြစ် သွယ်ယှက်သွားသည်။
ကျူးမိသားစု၏လုပ်ငန်းမှာ ဟုန်ဟွားလုပ်ငန်းစုဟုခေါ်ပြီး စီးပွားရေးလောကထဲရှိ လေယာဉ်တင်သင်္ဘောတစ်စင်းနှင့် အလားသဏ္ဌာန်တူပြီး တန်ဖိုးအားဖြင့် တစ်ထရီလျံရှိကာ တန်ဖိုးခိုင်မာသည့် စက်မှုရှယ်ယာတစ်ခုဖြစ်သည့်အတွက် လုပ်ဆောင်ချက်ကား အလွန်တည်ငြိမ်လှသည်။
ကျူးမိသားစုက ဤလေယာဉ်တင်သင်္ဘောကို အသုံးချ၍ သူတို့၏စီးပွားရေးနယ်မြေကို ဆက်လက်ချဲ့ထွင်နေပြီး ကုမ္ပဏီများကို တရစပ်ဝယ်ယူနေသည်။
ထိုလေယာဉ်တင်သင်္ဘောကြီးကို မြုပ်သွားစေချင်ပါက မဖြစ်နိုင်သောကိစ္စတစ်ခုပင်။
ထို့ပြင် ကမူးရှူးထိုးတိုက်ခိုက်မည်ဆိုပါက တစ်ဖက်က အပြင်းအထန်တန်ပြန်တိုက်ခိုက်လာနိုင်သည်။
ယဲ့ချန်းက လုပ်ဆောင်ရည်မြင့်သော Gစတော့ကို လက်ညှိုးထိုးပြ၍ ပြောလိုက်သည်။
"ဒီတော့ ငါတို့ရဲ့ပစ်မှတ်က ဟုန်ဟွားလုပ်ငန်းစုမဟုတ်ဘူး။ ဝမ်သာ့ဆေးကုမ္ပဏီရဲ့ စတော့ရှယ်ယာပဲ"
ယဲ့ချန်းက ခိုင်မာတည်ကြည်စွာ ပြောလိုက်၏။
ယဲ့ချန်း၏ဝေဖန်ဆန်းစစ်မှုကို ကြားသောအခါ ကျန့်ရှောင်ကျွင်းလည်း အံ့အားသင့်သွားလေသည်။
ပွင့်ပွင့်လင်းလင်းပြောရလျှင် ယဲ့ချန်း၏အချက်အလက်များကို သူ(မ) ဖတ်ပြီးသွားလေပြီ။ သူသည် ဘွဲ့မရသူတစ်ယောက်ပင်။
ထို့ကြောင့် သူ(မ)က ယဲ့ချန်းအပေါ် ဘာမှမမျှော်လင့်ထားပေ။
သို့သော် ယဲ့ချန်း၏ဆန်းစစ်မှုကြောင့် သူ(မ) လုံးဝအံ့အားသင့်သွားရသည်။
ဟုန်ဟွားလုပ်ငန်းစု၏ အားနည်းချက်ကို ယဲ့ချန်းက မြန်မြန်ဆန်ဆန်ဖော်ထုတ်လိုက်နိုင်သည်။
ဤလေယာဉ်တင်သင်္ဘောကြီးတွင် ပြစ်ချက်တစ်ခုခုရှိသည်ဆိုပါက ဝမ်သာ့ဆေးကုမ္ပဏီက ထိုးနှက်ချက်အပြင်းဆုံးအားနည်းချက်ပင် ဖြစ်ချေမည်။
ယဲ့ချန်းအနေနှင့် ဤအချက်ကို ဆန်းစစ်နိုင်ခြင်းမှာ သူ့နတ်ဘုရားအဆင့် စတော့ရှယ်ယာစွမ်းရည်ကြောင့်ပင်။
သူ့ဆန်းစစ်မှုက နှုတ်ဖြင့်လုပ်လိုက်သော်ငြား စနစ်၏တွက်ချက်မှုရလဒ်ဖြစ်လေရာ ရာနှုန်းပြည့်တိကျပေသည်။
ယဲ့ချန်းက ပြုံးလျက် ပြောလိုက်၏။
"ဒီအကွက်ကို အရှေ့ကခြောက်ပြီး အနောက်ကရိုက်တယ်လို့ ခေါ်တယ်။ အရင်ဆုံး သူ့အားနည်းချက်ကိုရှာပြီး ဒီလေယာဉ်တင်သင်္ဘောကြီးကို ထိုးဖောက်ဖို့ ချက်ကောင်းကို ရိုက်ရမှာ"
ထိုအချိန်တွင် ယဲ့ချန်းက ရှုမျှော်ခင်းများကို လက်ညှိုးထိုးပြနေသည့် ကျူးကောလျန်အလား ခန့်ညားနေပေသည်။
ကျန့်ရှောင်ကျွင်းလည်း အံ့သြသွားရသည်။
ယဲ့ချန်းက ဆက်ပြော၏။
"ဒီတစ်ခေါက် မင်းတို့ ငွေဘယ်လောက်ပြင်ထားလဲ"
စုဝမ်ယိက ပြန်ဖြေလိုက်၏။
"ယာရှီလုပ်ငန်းစုက တစ်ဆယ်ဘီလျံတော့ ထုတ်နိုင်တယ်"
ယဲ့ချန်း ခေါင်းညိတ်ပြလိုက်သည်။
"ကိုယ့်ငွေကိုပါပေါင်းလိုက်ရင် နှစ်ဆယ်ဘီလျံဆိုတော့ လောက်ပါတယ်"
ယဲ့ချန်းက အကျိုးအမြတ်ကောင်းကောင်းတစ်ခုကို အရယူနိုင်ရန် အခွင့်အရေးကို အမိအရဆုပ်
ယူဖို့ ဆုံးဖြတ်ထားသည်။
စတော့ရှယ်ယာနတ်ဘုရားစွမ်းရည်ကို ရရှိထားသည်ဖြစ်ရာ ပိုက်ဆံမရှာဘဲနေလျှင် ကြီးမားသောဆုံးရှုံးမှုကြီးတစ်ခု ဖြစ်သွားလိမ့်မည်။
"အမြတ်အစွန်းများများရအောင် လုပ်ကြတာပေါ့။ မင်းအတွက် တင်တောင်းငွေရအောင် အရင်လုပ်မယ်"
ယဲ့ချန်း၏စကားကြောင့် စုဝမ်ယိ၏မျက်နှာမှာ နီမြန်းလာလေသည်။
သူ(မ)၏ဘေးနားရှိ ကျန့်ရှောင်ကျွင်းက ဆိုလာချေသည်။
"ဟမ့်.. ရှင်က ယုံကြည်မှုလွန်ကဲနေတာပဲ။ ရှင်နိုင်မယ်ဆိုတာ သေချာလို့လား"
ယဲ့ချန်းလည်း ခပ်ဖွဖွပြုံးလိုက်မိသည်။
"ငါက စတော့ရှယ်ယာနတ်ဘုရားပါ.. ဘယ်လိုလုပ်ပြီးရှုံးနိုင်မှာလဲ"
သူတို့သည် ဝမ်သာ့ဆေးကုမ္ပဏီကို ပစ်မှတ်ထားနေခြင်းပင်။
ဤဆေးကုမ္ပဏီက ကျူးမိသားစု၏ လုပ်ငန်းခွဲတစ်ခုဖြစ်သည်။ ဤလုပ်ငန်းစုက လုပ်ငန်းနယ်ပယ်ထဲတွင် အမြဲအငြင်းပွားစရာဖြစ်ခဲ့သည်။
ဤလုပ်ငန်းစုမှာ ပိရမစ်လိမ်လည်မှုတစ်ခုနှင့် ပိုတူပြီး ပြည်တွင်း၌ ကုမ္ပဏီပေါင်းများစွာကို တည်ဆောက်ကာ ကျန်းမာရေးထုတ်ကုန်များကို အဓိကထား၍ ရောင်းချလေသည်။
သူတို့၏ မကောင်းသတင်းများက အွန်လိုင်းပေါ်တွင် ပွထနေသည့်တိုင် ဤကုမ္ပဏီက နိုင်ငံတကာရင်းနှီးမြှုပ်နှံရေးကုမ္ပဏီများ၏ အာရုံဆွဲဆောင်မှုကို ဖမ်းစားထားသည်။
စာရင်းဝင်ကုမ္ပဏီဖြစ်ပြီး သုံးနှစ်မကြာသေးခင်မှာပင် တစ်ရာဘီလျံကျော် တန်ဖိုးရှိနေပြီဖြစ်၏။
ထိုစဉ်က ဝမ်သာ့ဆေးကုမ္ပဏီကို စာရင်းသွင်းနိုင်ရန်အတွက် ကျူးမိသားစုက ငွေကြေးအမြောက်အများကို သုံးစွဲခဲ့ရသည်။ လုပ်ငန်းစုတစ်ခုလုံးရှိ သူတို့၏ရှယ်ယာများမှာ လေးဆယ်ရာခိုင်နှုန်းအထိ ရှိသည်။
ကျန့်ရှောင်ကျွင်းက ပြောလိုက်သည်။
"ဝမ်သာ့ဆေးကုမ္ပဏီက မကောင်းသတင်းတွေ ထွက်နေတယ်ဆိုပေမဲ့ ရင်းနှီးမြုပ်နှံရေးဘဏ်တော်တော်များများက အရမ်းသဘောကျကြတာ။ အပျက်သဘောဆောင်တဲ့သတင်းတွေ ရှိပေမဲ့ ဝမ်သာ့ကုမ္ပဏီနဲ့ပတ်သက်တဲ့ ကောလာဟလအကြီးအကျယ်မရှိသရွေ့ စတော့ရှယ်ယာတွေက ဆက်တက်နေဦးမှာ။ အဲဒီလိုသာဆိုရင် ဖြိုလဲဖို့ခက်တယ်"
ယဲ့ချန်းက ပြုံးလိုက်၏။
"ငါ သူတို့ကိုဆန့်ကျင်ရဲတာလည်း အကြောင်းပြချက်ရှိတယ်။ ငါ့ညွှန်ကြားချက်အတိုင်းသာ လုပ်ကြ"
ကျန့်ရှောင်ကျွင်းက စုဝမ်ယိကို လှမ်းကြည့်လိုက်၏။
စုဝမ်ယိက ခေါင်းညိတ်ပြလိုက်လေရာ ကျန့်ရှောင်ကျွင်းကလည်း ဝမ်သာ့ဆေးကုမ္ပဏီကို ဖြုတ်ချရန်အတွက် ဝန်ထမ်းများကို စီစဉ်နေရာချလေတော့သည်။
ယခုမူ စုမိသားစုနှင့် ကျူးမိသားစုကြားရှိ တိုက်ပွဲကား လေယာဉ်တင်သင်္ဘောနှစ်စင်း၏ တိုက်ခိုက်မှုအလားပင်။
ထို့ကြောင့် နှစ်ဖက်စလုံးက ရန်ပုံငွေအမြောက်အများကို စုဆောင်းထားသည်။
ငွေစီးဆင်းမှုက တစ်ရာဘီလျံကျော်အထိ ရောက်သွားသည်။
ထို့ကြောင့် ယဲ့ချန်းက စုလုပ်ငန်းစု၏ငွေကို မထိဘဲ စုဝမ်ယိကို ယာရှီလုပ်ငန်းစုမှ ရန်ပုံငွေများကိုသာ ထောက်ပံ့ခိုင်းခဲ့သည်။
ရှေ့တန်းစစ်မြေပြင်တွင် နှစ်ဖက်စလုံးက ဘက်ညီနေချေရာ တစ်ဖက်က ကျန်တစ်ဖက်ကိုဝါးမျိုရန် ခက်ခဲနေပေသည်။
ထို့ကြောင့် ပြိုင်ဘက်ကိုအနိုင်ယူရန် ဝှက်ဖဲတစ်ခုရှိရန် လိုအပ်သည်။
နှစ်ဖက်စလုံးက တစ်ဖက်လူ၏ပျော့ကွက်ကို ရှာဖွေနေကြသည်။
ယဲ့ချန်းက စတော့ရှယ်ယာနတ်ဘုရားစွမ်းရည်ကို အသုံးပြု၍ ကျူးမိသားစု၏အားနည်းချက်က ဝမ်သာ့ဆေးကုမ္ပဏီဖြစ်ကြောင်း ချက်ချင်းသိလိုက်သည်။
စုဝမ်ယိက ယဲ့ချန်းကို လွန်စွာယုံကြည်ကိုးစားပြီး ယွမ်တစ်ဆယ်ဘီလျံကို ဝမ်သာ့ဆေးကုမ္ပဏီတွင် ပုံအောပစ်လိုက်သည်။
ယဲ့ချန်းကလည်း တစ်ဆယ်ဘီလျံရင်းနှီးမြှုပ်နှံခဲ့လေရာ စုစုပေါင်းရန်ပုံငွေနှစ်ဆယ်ဘီလျံအထိ ရောက်သွားခဲ့သည်။
ဤရန်ပုံငွေ၏ထည့်ဝင်မှုကြောင့် အမြဲမြင့်တက်နေခဲ့သော ဝမ်သာ့ကုမ္ပဏီ၏ စတော့ရှယ်ယာဈေးက ၆ရာခိုင်နှုန်း ထိုးကျသွားသည်။
ယဲ့ချန်း၏နှုတ်ခမ်းက အတန်ငယ်တွန့်ကွေးသွားသည်။ ပွဲကြီးပွဲကောင်း စတင်ပေတော့မည်။
ကျူးကျီ မင်း အဆင်သင့်ဖြစ်ပြီလား...
••••••••••••••••••••
အပိုင်း ၃၂၃ : တည်ငြိမ်မှုပျောက်ဆုံးသွားသော သခင်လေးကျုး
ဝမ်သာ့ဆေးကုမ္ပဏီ၏ စတော့ရှယ်ယာဈေးနှုန်း ပြိုလဲသွားသောအခါ ယဲ့ချန်းနှင့် စုဝမ်ယိတို့၏အကောင့်များထဲတွင် အမြတ်ငွေငါးဘီလျံနီးပါး ချက်ချင်းဝင်လာခဲ့သည်။
သို့သော် ယဲ့ချန်းအတွက်တော့ ဤသည်မှာ အစသာရှိသေးသည်။
ကျူးမိသားစုဘက်က သတိထားမိသွားပါက ဈေးကွက်ကို ထောက်ပံ့ရန်အတွက် ရန်ပုံငွေများကို ထိန်းချုပ်ပြီး တန်ပြန်တိုက်ခိုက်လာနိုင်သည်။
သို့သော် ယဲ့ချန်းကတော့ တစ်ဖက်လူကို အခွင့်အရေးမပေးချင်ပေ။
ယဲ့ချန်းက ယူအက်စ်ဘီဒရိုက်တစ်ခုကိုထုတ်၍ ကျန့်ရှောင်ကျွင်းကို ပေးလိုက်၏။
"ရှောင်ကျွင်း ဒီသတင်းကိုဖြန့်လိုက်"
"ဒါကဘာလဲ"
ကျန့်ရှောင်ကျွင်းက မေးလိုက်၏။
"ဝမ်သာ့ဆေးကုမ္ပဏီက သတင်းအချက်အလက်အတုတွေ ထုတ်ပြန်ထားတဲ့သက်သေ"
ကျန့်ရှောင်ကျွင်းက ယူအက်စ်ဘီထဲရှိ အကြောင်းအရာများကိုမြင်သောအခါ မှင်တက်သွားချေသည်။
အထဲတွင် ဝမ်သာ့လုပ်ငန်းစုက လုပ်ငန်းစုကို ဝယ်ယူရာတွင် ၂.၈ဘီလျံကို အခွန်ရှောင်ရန်အတွက် စာရင်းလိမ်လည်ခဲ့သည့် သက်သေများပင်။
ဤသက်သေများသာ ချပြလိုက်ပါက သတင်းထူးဖြစ်သွားလိမ့်မည်။ ဝမ်သာ့ကုမ္ပဏီ၏စတော့ရှယ်ယာကိုလည်း ဟိုးအောက်ဆုံးအထိ ထိုးကျသွားစေနိုင်သည်။
ထို့ပြင် ဤစာရွက်စာတမ်းက အလွန်အသေးစိတ်ဆန်လှသည်။ ငွေကြေးလိမ်လည်မှုနှင့် အခြားကိစ္စများကို အသေးစိတ်ထောက်ပြထားသည့် သက်သေအစုံအလင် ပါဝင်ပေသည်။
ဒေတာက အလွန်ပြည့်စုံလှသဖြင့် ကြောက်စရာပင် ကောင်းလှသည်။
ယဲ့ချန်းက ဤသို့သောသက်သေအစုံအလင်ကို မည်သို့ရရှိခဲ့လေသလဲ။
ထိုအချိန်တွင် ကျန့်ရှောင်ကျွင်းမှာ ယဲ့ချန်းကို လေးစားသွားသည်။
ဤလုပ်ရပ်မျိုးမှာ အလွန်အရည်အချင်းရှိသော စီးပွားရေးသမားတစ်ယောက်သာ ရရှိနိုင်သော အရာများပင်။
ဤသတင်းကိုသာ ဖွင့်ချလိုက်ပါက ဝမ်သာ့ဆေးကုမ္ပဏီတော့ ပျက်ကိန်းဆိုက်ချေပြီ။
ကျန်းရှောင်ကျွင်းခမျာ ဤသက်သေ၏မူလဇစ်မြစ်ကို အလွန်သိချင်မိသည်။
မည်သို့ပင်ဖြစ်စေ ဤသည်မှာ အတွင်းလူများထံမှသာ ရရှိနိုင်သည်။ ပင်မအတွင်းလူများပင် ဖြစ်ချေသည်။
ယဲ့ချန်းတွင် နတ်ဘုရားစွမ်းရည်နောက်တစ်မျိုး ပိုင်ဆိုင်ထားကြောင်း သူ(မ)မသိပေ။ ၎င်းမှာ ဟက်ကာစွမ်းရည်ပင်တည်း။
ဤစွမ်းရည်ဖြင့် ကျူးကျီ၏ကွန်ပျူတာထဲသို့ ဖောက်ဝင်ကာ ဤသတင်းများကို ရယူရန်မှာ သိပ်မခက်ခဲလှပေ။ ယဲ့ချန်းမှာ ထိုအရာအားလုံးကို တစ်ညတည်းနှင့် လုပ်နိုင်ခဲ့ခြင်းပင်။
မည်သို့ပင်ဖြစ်စေ ဤသက်သေ ထွက်ပေါ်လာချိန်မှာ ယဲ့ချန်းအပေါ်ထားသော ကျန့်ရှောင်ကျွင်း၏အမြင်ကား လုံးဝပြောင်းလဲသွားသည်။
ယခုတော့ ဤသတင်းများကို တရားဝင်လမ်းကြောင်းများမှတစ်ဆင့် မည်သို့ဖွင့်ချပြမလဲဆိုသည်ကို ကျန့်ရှောင်ကျွင်း အဖြေရှာနေသည်။
လူသိရှင်ကြားထုတ်ဖော်ခြင်းမှာ အလွန်အရေးကြီးသော အဆင့်တစ်ဆင့်ပင်။
တရားဝင်အဖွဲ့အစည်းများထံမှ ချပြခြင်းမဟုတ်ပါက ကျူးကျီဘက်က ငြင်းဆိုလာနိုင်သည်။
ယဲ့ချန်းမှာ ဤကိစ္စနှင့်ပတ်သက်ပြီး အစီအစဉ်များ ချထားသည်မှာ ကြာလှချေပြီ။
သူက မော်ဂန်လုပ်ငန်းစု၏စီအီးအိုကို ဖုန်းဆက်လိုက်၏။
"မစ္စတာယဲ့.. ဟယ်လို ဘာများလိုအပ်လို့လဲဗျ"
မော်ဂန်လုပ်ငန်းစု၏ စီအီးအိုဒေါ့ဂ်က တလေးတစားဆိုလာလေသည်။
ဒေါ့ဂ်သည် ယဲ့ချန်းကို ဖုန်းဆက်ခဲ့သေးသည်။ ဟွားနိုင်ငံရှိ တတိယရှယ်ယာအများဆုံးလူကို ဒေါ့ဂ်က အလွန်ယဉ်ကျေးသည်။
မော်ဂန်လုပ်ငန်းစုတွင် တတိယရှယ်ယာအများဆုံးလူဖြစ်လာခြင်းမှာ သာမန်လူများ မစွမ်းဆောင်နိုင်သော အရာတစ်ခုပင်။
ယဲ့ချန်းက ပြောလိုက်၏။
"ကျွန်တော် ထုတ်ပြန်ကြေညာချင်တဲ့ သတင်းတစ်ခုရှိလို့။ ခင်ဗျားဆီက အကူအညီလိုအပ်လို့ပါ"
"မစ္စတာယဲ့ ခင်ဗျားကလည်း ယဉ်ကျေးလွန်းနေပါပြီ။ ကျွန်တော်က ခင်ဗျားအတွက်လုပ်ပေးရတာတောင် ဂုဏ်ယူနေရမှာ"
ဒေါ့ဂ်က ပြောလိုက်သည်။
"ကောင်းပါပြီ။ ကျွန်တော့်လူက ခင်ဗျားကို ဆက်သွယ်လာလိမ့်မယ်။ ကျန်တာကို ခင်ဗျား တာဝန်ယူလိုက်ပါ"
ယဲ့ချန်းက ကျန့်ရှောင်ကျွင်းကို ပြောလိုက်၏။
"မော်ဂန်လုပ်ငန်းစုရဲ့စီအီးအို ဒေါ့ဂ်ကို ဆက်သွယ်လိုက်။ ထပ်ရှင်းပြစရာတော့ မလိုဘူးမလား"
"ရှင်က မော်ဂန်လုပ်ငန်းစုရဲ့ဥက္ကဋ္ဌဒေါ့ဂ်နဲ့ သိတာလား"
ကျန့်ရှောင်ကျွင်းက ကြက်သေသေသွားသည်။
ယဲ့ချန်းက သူ(မ)၏အထင်အမြင်များကို ထပ်ခါတလဲလဲရိုက်ချိုးနေချေသည်။
ယဲ့ချန်းဘက်က သေချာပေါက်နိုင်မည်ဟု ပြောခဲ့စဉ်က ကျန့်ရှောင်ကျွင်းမှာ ယဲ့ချန်း သက်သက်ကြွားနေသည်ဟု ထင်ခဲ့မိသည်။ ယခုမူ ယဲ့ချန်းပိုင်ဆိုင်ထားသော သြဇာအာဏာနှင့် နောက်ခံအင်အားကို သဘောပေါက်လိုက်တော့သည်။
ကျူးကျီက ယဲ့ချန်းကိုဆန့်ကျက်ပြီး ကိုယ့်သေတွင်းကိုယ် တူးခဲ့လေသလား။
ခဏအကြာ မော်ဂန်လုပ်ငန်းစု၏ဝက်ဆိုက်မှတစ်ဆင့် သတင်းတစ်ခုကို ထုတ်ပြန်လာသည်။
ဤသတင်းကို ထုတ်ပြန်လိုက်သည်နှင့် နိုင်ငံတကာငွေကြေးဈေးကွက်တစ်ခုလုံး အုတ်အော်သောင်းတင်းဖြစ်သွားလေသည်။
ဝမ်သာ့ကုမ္ပဏီဘက်က ကြေညာချက်ကိုမြင်သည်နှင့် ချက်ချင်းစာထုတ်လိုက်သော်ငြား မော်ဂန်လုပ်ငန်းစုဘက်က ထုတ်ပြန်လိုက်သော အစီရင်ခံစာမှာ အသေးစိတ်လွန်းလှသဖြင့် ဘဏ္ဍာရေးဗဟုသုတနည်းနည်းရှိသူများပင် ဝမ်သာ့ကုမ္ပဏီ၏ထုတ်ပြန်ချက်က တစ်ပတ်ရိုက်နေခြင်းဖြစ်ကြောင်း သိသာလှသည်။
နောက်တစ်နေ့ ဈေးကွက်ပြန်ဖွင့်သောအခါ ဝမ်သာ့လုပ်ငန်းစု၏စတော့ရှယ်ယာများမှာ ထိုးကျသွားပြန်လေရာ ရှစ်ဆယ်ရာခိုင်နှုန်းအထိ ကျသွားခဲ့သည်။
သူတို့၏ပထမဆုံးတိုက်ခိုက်မှုတွင် ယဲ့ချန်းနှင့် စုဝမ်ယိတို့က အသာစီးရခဲ့သည်။
ကောင်းကောင်းလည်ပတ်နေသော စတော့ရှယ်ယာတစ်ခုကို ရှစ်ဆယ်ရာခိုင်နှုန်းအထိ ထိုးကျသွားအောင် လုပ်နိုင်ခဲ့သည့် ယဲ့ချန်း၏နည်းလမ်းများမှာ ကြောက်မက်ဖွယ်ကောင်းလှသည်။
ထို့ပြင် ဤအတိမ်းအစောင်းမှာ ကျူးမိသားစုနှင့် ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီကြီးများက ဈေးကွက်ကို ထောက်ပံ့ပေးထားသည့်ကြားက ဖြစ်သွားခြင်းပင်။ ထိုသို့မဟုတ်ပါက ဝမ်သာ့ကုမ္ပဏီမှာ ပို၍ပင် အထိနာသွားပေမည်။
ဤစတော့ရှယ်ယာက လူကြိုက်များဖြင့် တွန်းတင်ထားသော ရှယ်ယာဖြစ်သည့်အတွက် ကောလာဟလသတင်းတစ်ခုခုထွက်လာသည့်အခါ ဈေးကွက်၏တုံ့ပြန်မှုက အခြားစတော့ရှယ်ယာများထက် ပိုပြင်းထန်သည်။
ယခုမူ ယဲ့ချန်းနှင့် စုဝမ်ယိတို့က အကျိုးအမြတ်ကြီးကြီးမာမား ရရှိလိုက်သည်။
"ဝမ်ယိ.. ကိုယ်တို့ ဒီတစ်ခေါက် ဘယ်လောက်ရလိုက်လဲ"
ယဲ့ချန်းက စိတ်လှုပ်ရှားစွာ မေးလိုက်လေသည်။
လက်ရှိအချိန်တွင် ဝမ်သာ့ဆေးကုမ္ပဏီ၏ ရှယ်ယာကျဆင်းမှုက ရှစ်ဆယ်ရာခိုင်နှုန်းဖြစ်လေရာ အကြမ်းအားဖြင့် တစ်ဆယ့်ခြောက်ဘီလျံပင်။
စုဝမ်ယိလည်း အကောင့်များကိုကြည့်၍ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
တစ်ဆယ့်ခြောက်ဘီလျံပင်။ တစ်ညတည်းဖြင့် ယဲ့ချန်း တစ်ဆယ့်ခြောက်ဘီလျံကို ရှာလိုက်နိုင်သည်။
ဤငွေကား အလွန်လွယ်ကူစွာ ဝင်လာခြင်းဖြစ်ကြောင်း ငြင်းဆန်၍မရနိုင်ပေ။
သို့သော် ငွေရလိုက်ပြီဆိုသော်ငြား စတော့ဈေးကွက်ထဲမှာ ရှိနေဆဲပင်။
စတော့ဈေးကွက်က အမြဲပြောင်းလဲနေသောအရာပင်။ အကယ်၍ ဝမ်သာ့ဆေးကုမ္ပဏီ၏ရှယ်ယာများ ပြန်တက်လာခဲ့လျှင် ဈေးနှုန်းအတက်အကျရှိနိုင်သည်။
ထို့ကြောင့် အောင်ပွဲခံဖို့ အချိန်မကျသေးချေ။
ကျန့်ရှောင်ကျွင်းကလည်း ခေါင်းညိတ်ပြလိုက်၏။
"ကျူးမိသားစုက ဘာမှပြန်မလုပ်ဘဲ ငြိမ်နေမှာတော့မဟုတ်ဘူး။ သူတို့ အသေအကြေပြန်တိုက်ကြမှာ။ ဒီတော့ ကျွန်မတို့ဘက်ကလည်း ပြင်ဆင်ထားဖို့လိုတယ်"
ဝမ်သာ့ဆေးကုမ္ပဏီ၏ ဤမကောင်းသတင်းက ကျူးမိသားစုအပေါ် သက်ရောက်မှုကြီးမားလှသည်။
သူတို့ဘက်က အခြေအနေကို တည်ငြိမ်အောင် မလုပ်နိုင်ခဲ့ပါက အခြားရင်းနှီးမြှုပ်နှံရေးဘဏ်များကလည်း သူတို့နှင့်အတူ ရပ်တည်ပေးမည်မဟုတ်။
သူတို့ဘက်က နောက်ဆုတ်သွားပါက စတော့ရှယ်ယာဈေးနှုန်းမှာ ပို၍ပင် ထိုးကျသွားနိုင်သည်။
ယဲ့ချန်း၏လှုပ်ရှားမှုက ကျူးမိသားစုကို အထိနာစေခဲ့သည်။
...
ဟုန်ဟွားလုပ်ငန်းစု..
အစီရင်ခံစာကိုမြင်သောအခါ ကျူးကျီ၏မျက်နှာကား ဒေါသကြောင့် နီမြန်းသွားချေသည်။ ထို့နောက် ထိုအစီရင်ခံစာကို တစ်စစီစုတ်ဖြဲပစ်လိုက်သည်။
"ဒီသတင်းက ဘယ်လိုလုပ်ပြီး ပေါက်ကြားသွားတာလဲ"
အမှုဆောင်များမှာ တစ်ယောက်ကိုတစ်ယောက်ကြည့်၍ ခေါင်းခြောက်ကုန်ကြသည်။ ဤသတင်းအချက်အလက်က ထိပ်တန်းလျှို့ဝှက်ချက်တစ်ခုဖြစ်သဖြင့် လူနည်းစုပင် ကြည့်ရှုနိုင်သည်။
ယခုမူ ပေါက်ကြားသွားပြီဖြစ်ရာ သူတို့၏အတွင်းလူများထဲတွင် ပြဿနာတစ်ခုရှိနေကြောင်း ပြသနေသည်။
ဝမ်သာ့ဆေးကုမ္ပဏီပရောဂျက်က ကျူးကျီ၏အကြံအစည်ပင်။
ဤပရောဂျက်၏ အောင်မြင်မှုကြောင့် ကျူးမိသားစုထဲရှိ သူ့အနေအထားက အလွန်ခိုင်မာသွားသည်။
ဝမ်သာ့ဆေးကုမ္ပဏီပရောဂျက်က ကျူးမိသားစုကို တစ်ဆယ်ဘီလျံကျော် ရှာပေးနိုင်ခဲ့သဖြင့် ကျူးကျီလည်း ကျူးမိသားစု၏အကြီးအကဲဖြစ်လာနိုင်ခဲ့ခြင်းပင်။
ဤအချက်ကြောင့်ပင် ပရောဂျက်က ပြဿနာတစ်ခုခုနှင့်ကြုံတိုင်း ကျူးမိသားစုထဲရှိ ကျူးကျီ၏နေရာက မလွဲမသွေထိခိုက်ရမည်သာ။
မိုတုမြို့ထဲတွင် ဩဇာလွှမ်းမိုးရန်အတွက် စုမိသားစုကို သိမ်းယူရန် ကျူးကျီ ကြံစည်နေခဲ့သည်။
သို့သော် လက်တွေ့တွင်မူ ရိုက်ချက်က ပြင်းလှပေသည်။
ဝမ်သာ့ဆေးကုမ္ပဏီ၏ မကောင်းသတင်းများက လေးလံလှသော တူကြီးတစ်ခုအလား ကျူးကျီကို ရိုက်နှက်ပစ်လိုက်သည်။
စတော့ရှယ်ယာဈေးနှုန်းများ ရှစ်ဆယ်ရာခိုင်နှုန်းထိုးကျသွားခြင်းမှာ စတော့တစ်ခု၏ဈေးနှုန်းက ၅၈မှ ၁၂အထိ ထိုးကျသွားသည်ဟု ဆိုလိုခြင်းပင်။ သို့ဖြစ်လေရာ တစ်ဆယ်ဘီလျံကျော် ဆုံးရှုံးလိုက်ရခြင်းပင်။
ဤသည်မှာ ယခင်ရထားသမျှ အကျိုးအမြတ်များကိုပါ ဆုံးရှုံးလိုက်ရခြင်းပင်။
ပိုဆိုးသည်မှာ ဤအဖြစ်ကား ယခုမှ အစသာရှိသေးသည်။ အကယ်၍ ကျူးမိသားစုကသာ ထိရောက်သောအရေးယူမှုများ မလုပ်ဘူးဆိုလျှင် စတော့ရှယ်ယာများက ပိုထိုးကျသွားပြီး သုံးစားမရသောစတော့ရှယ်ယာများပင် ဖြစ်သွားနိုင်သည်။
ကျူးကျီ၏မျက်လုံးများမှာ ချင်းချင်းနီနေချေသည်။ ယခုမူ သူ့တွင် ရွေးချယ်စရာမရှိတော့ပေ။
"ဈေးကွက်ကို ထောက်ပံ့ဖို့အတွက် ဟုန်ဟွားလုပ်ငန်းစုရဲ့ရန်ပုံငွေတွေကို ချက်ချင်းရွှေ့ပြောင်းလိုက်"
ယခုအချိန်တွင် ကျူးကျီအနေနှင့် ကျူးမိသားစုထဲရှိ သူ့နေရာကို ကာကွယ်ရန်အတွက် ဝမ်သာ့ကုမ္ပဏီကို ထိန်းထားဖို့လိုပေသည်။ ဝမ်သာ့ဆေးကုမ္ပဏီကို ပြိုလဲခွင့်မပေးနိုင်ပေ။
"သခင်လေးကျူး.. ကျွန်တော်တို့သာ ဟုန်ဟွားလုပ်ငန်းစုရဲ့ရန်ပုံငွေကို ပြောင်းရွှေ့လိုက်မယ်ဆိုရင် တကယ်လို့ စုမိသားစုဘက်က တိုက်ခိုက်မှုလုပ်လာတဲ့အခါ ခံနိုင်ရည်ရှိမှာမဟုတ်ပါဘူး"
အဆင့်မြင့်အရာရှိတစ်ယောက်က စိုးရိမ်ပူပန်လေဟန်ဖြင့် ပြောလိုက်၏။
"ဝမ်သာ့ဆေးကုမ္ပဏီ ပြိုလဲလို့မဖြစ်ဘူး။ သေချာပေါက်ကာကွယ်ရမယ်။ ငါ အကုန်တာဝန်ယူတယ်"
လောင်းကစားသမားတစ်ယောက်အလား မျက်လုံးများနီမြန်းနေသော ကျူးကျီလည်း ဖြစ်လာမည့်အကျိုးဆက်များကို ထည့်မစဉ်းစားနိုင်တော့ပေ။
••••••••••••••••••••
အပိုင်း ၃၂၄ - အစွန့်ပစ်ခံနယ်ရုပ်
ကျူးကျီ၏ရည်ရွယ်ချက်ကား ရှင်းလင်းလှသည်။
ဟုန်ဟွားလုပ်ငန်းစုက တန်ဖိုးခိုင်မာသည့် စတော့ရှယ်ယာဖြစ်ပြီး အကယ်၍ ဖိနှိပ်ခံရပြီး အနည်းငယ်ကျဆင်းသွားလျှင်ပင် ကိစ္စမရှိပေ။
ယခုအချိန်တွင် အရေးအကြီးဆုံးမှာ ဝမ်သာ့ဆေးကုမ္ပဏီဖြစ်၏။ ဤစတော့ရှယ်ယာသာ ပြိုလဲသွားပါက ကျူးမိသားစုအတွက် ကြီးကျယ်လှသော ထိုးနှက်ချက်တစ်ခု ဖြစ်သွားပေလိမ့်မည်။
ထို့ကြောင့် ကျူးကျီ၏ပစ်မှတ်မှာ သိသာလှသည်။ ဝမ်တာ့ဆေးကုမ္ပဏီကို အရင်တည်ငြိမ်အောင်လုပ်ပြီးမှ စုလုပ်ငန်းစုနှင့် ရင်ဆိုင်ရန်ပင်။
ဝမ်သာ့ဆေးကုမ္ပဏီ၏စတော့ရှယ်ယာက ဖြည်းဖြည်းချင်းပြန်တက်လာသည့်အခါ ကျူးမိသားစုဘက်က လှုပ်ရှားလာပြီဖြစ်ကြောင်း ယဲ့ချန်း သိလိုက်သည်။
တစ်ချိန်တည်းမှာပင် ဝမ်သာ့ဆေးကုမ္ပဏီဘက်က ကြေညာချက်တစ်ခု ထုတ်ပြန်လာသည်။
ကျန့်ရှောင်ကျွင်းက ဝမ်သာ့ဆေးကုမ္ပဏီ၏လှုပ်ရှားမှုကို ယဲ့ချန်းနှင့် စုဝမ်ယိတို့အား ချက်ချင်းတင်ပြလိုက်သည်။
ယဲ့ချန်း၏နှုတ်ခမ်းများ တွန့်ကွေးသွားချေသည်။
ကျူးမိသားစုဘက်က လှုပ်ရှားလာလေပြီ။ ဤငါးကြီးကိုု အလွတ်ပေး၍မဖြစ်ပေ။
"ကျွန်မတို့ ဘာလုပ်ကြမလဲ"
စုဝမ်ယိက မေးလိုက်လေသည်။
ယဲ့ချန်းလည်း ခပ်ဖွဖွပြုံးလိုက်၏။
"မပူပါနဲ့။ သူတို့ကို ထောင်ချောက်ထဲဝင်လာပါစေဦး။ နောက်မှ ပိုက်ကွန်ကို ဆွဲတင်လိုက်ကြတာပေါ့"
ဈေးကွက်ပိတ်ပြီးနောက် ယဲ့ချန်းနှင့် စုဝမ်ယိတို့က မိုတုမြေကွက်လေလံပွဲကို သွားလိုက်သည်။
အနောက်ပိုင်းဆင်ခြေဖုံး၏ မြေကွက်လေလံပွဲကို ဤနေရာတွင် ကျင်းပလေသည်။ ဤလေလံပွဲမှာ မိုတုမြို့၏ အိမ်ခြေမြေလောကထဲရှိ ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်တချို့ စုဝေးနေကြသည်။
ကျူးကျီလည်း လေလံပွဲကို ကိုယ်တိုင်တက်ရောက်ခဲ့သည်။
စတော့ရှယ်ယာဈေးကွက်က ဆိုးဝါးနေသော်ငြား မိုတုမြို့ကိုဝင်ရောက်မည့် ကျူးမိသားစု၏အစီအစဉ်က ပြောင်းလဲမသွားပေ။
ကျူးကျီအတွက်တော့ ဤလေလံပွဲက ကျူးမိသားစုအတွက် အလွန်အရေးကြီးလှသည်။
လေလံပွဲတွင် ယဲ့ချန်းက ကျူးကျီကို ပြုံးစစဖြင့် ကြည့်နေလေသည်။
"သခင်လေးကျူး.. မနေ့ညက ကောင်းကောင်းအိပ်မပျော်ခဲ့ဘူးလား။ မျက်ကွင်းတွေညိုနေတာပဲ"
ကျူးကျီခမျာ မနေ့ညက ကောင်းကောင်းအိပ်မပျော်ခဲ့ပေ။ ဘီလျံပေါင်းများစွာကို တစ်ချီတည်းဆုံးရှုံးလိုက်ရသည်ဖြစ်ရာ မည်သို့နှယ် ကောင်းကောင်းအိပ်ပျော်နိုင်မည်နည်း။
သူလည်း ယဲ့ချန်းကို အေးစက်ခက်ထန်စွာ စိုက်ကြည့်ပြီး လှည့်ထွက်ရန် ပြင်လိုက်၏။
သို့သော် ကျူးမိသားစုနှင့် စုမိသားစုက မိုတုမြို့ရှိ ထိပ်တန်းလုပ်ငန်းရှင်များဖြစ်ကြသည့်အတွက် သူတို့၏ထိုင်ခုံနေရာက အလွန်နီးကပ်လှသည်။
လေလံပွဲ စတင်လေပြီ။
ကျူးကျီမျက်စိကျနေသော မြေကွက်ကို လေလံတင်လာလေသည်။
"၁.၈ဘီလျံ"
ကျူးကျီလည်း သူ့လေလံဆွဲဘုတ်ပြားကို မြှောက်လိုက်သည်။
"၁.၈၁ဘီလျံ"
ယဲ့ချန်းလည်း သူ့လေလံဆွဲဘုတ်ပြားကို မြှောက်လိုက်၏။
…
ကျူးကျီ : “…”
ကျူးကျီ လေလံဆွဲဘုတ်ပြားကို မြှောက်လိုက်သည့်အချိန်တိုင်း ယဲ့ချန်းကလည်း တမင်တကာ တစ်ဆယ်မီလျံတင်လိုက်သည်။
ကျူးကျီခမျာ ဒေါသကြောင့် ရူးသွပ်တော့မတတ်ပင်။
ထို့ပြင် ယဲ့ချန်းသည် ကျူးကျီ၏ရည်ရွယ်ချက်ကို နားလည်သည်။ ကျူးကျီပေါက်ကွဲလာစေရန်အတွက် သူသည် လေလံကိုပင် ထိန်းချုပ်နေခဲ့သည်။
"၂.၅ဘီလျံ"
ကျူးကျီလည်း အသက်ပြင်းပြင်းရှူသွင်းလိုက်၏။
ဤမြေကွက်၏တန်ဖိုးက မူလတန်ဖိုးထက် များစွာကျော်လွန်သွားခဲ့သည်။ ယဲ့ချန်းသာ ဈေးထပ်တင်လိုက်ပါက သူ နောက်ပြန်ဆုတ်မည်ဟု ကျူးကျီ စိတ်ပိုင်းဖြတ်ထားသည်။
သို့သော် ဤတစ်ခေါက်တွင် ယဲ့ချန်းက ဈေးထပ်မတင်တော့ပေ။
ကျူးကျီခမျာ မူလတန်ဖိုးထက် သန်းခုနစ်ရာပိုများသော ဈေးနှုန်းဖြင့် ထိုမြေကွက်ကို ရလိုက်သည်။
သူ နိုင်သွားပါသော်ငြား မပျော်မိပေ။
နောက်မြေကွက်များတွင်လည်း အခြေအနေက အတူတူပင်။
ကျူးမိသားစုဘက်က မြေကွက်ကို လေလံတင်တိုင်း ယဲ့ချန်းကလည်း ဝင်နှောင့်ယှက်နေသဖြင့် ဈေးနှုန်းက အလွန်မြင့်တက်သွားသည်။
အကြိမ်တိုင်း ကျူးမိသားစုဝယ်ယူလိုက်သည့် မြေကွက်က မူုရင်းဈေးထက် ပိုများနေပေသည်။ ဤအဖြစ်ကြောင့် ကျူးမိသားစု၏ငွေရေးကြေးရေးက အခြေအနေမကောင်းတော့ပေ။
ကျူးကျီက အရေးမပါသည့်မြေကွက်များကို ဝယ်ယူရာတွင် ငွေကြေးအမြောက်အများသုံးစွဲလိုက်သဖြင့် ကျူးမိသားစုဘက်က အရယူမည်ဟု ဆုံးဖြတ်ထားသော နောက်ဆုံးမြေကွက်တစ်ပိုင်းကို ယဲ့ချန်းက အရယူသွားခဲ့သည်။
ကျူးကျီ၏မျက်နှာမှာ ဖြူဖပ်ဖြူရော်ဖြစ်သွားလေသည်။ ယဲ့ချန်းကြောင့် သူ ရူးတော့မတတ်ပင်။
ဤလူက စိတ်ဖတ်စွမ်းရည်များ ရှိနေလေသလား။ သူ့အတွေးများကို မည်သို့နှယ် တိတိကျကျထိန်းချုပ်နိုင်သလဲ။
လေလံပွဲအပြီးတွင် ကျူးကျီမှာ အစောကလို တက်ကြွမနေတော့ပေ။ ယဲ့ချန်းကြောင့် စိတ်ဓာတ်ကျလုနီးပါး ဖြစ်သွားလေပြီ။
ယဲ့ချန်းက သည်းမခံနိုင်စရာကောင်းလှသည်။
မိုတုမြို့ထဲရှိ ကျူးမိသားစု၏အနေအထားက ယဲ့ချန်း၏နှောင့်ယှက်မှုကြောင့် ပျက်ပြားသွားရချေသည်။
သူတို့အရယူရမည့် မြေကွက်ကို မဝယ်နိုင်ခဲ့ပါဘဲ ဆင်ခြေဖုံးမြေကွက်နှစ်ကွက်ကိုသာ ရခဲ့သည်။
ဤလေလံပွဲတွင် ကျူးကျီခမျာ ယဲ့ချန်း၏လက်ချက်ဖြင့် မရှုမလှရှုံးနိမ့်ခဲ့ရသည်။
ကျူးကျီ၏တစ်ခုတည်းသောအတွေးမှာ ဝမ်သာ့ဆေးကုမ္ပဏီကို တစ်ဖန်ပြန်ဦးမော့နိုင်အောင် လုပ်ရန်ပင်။
ကျူးကျီသည် ရန်ပုံငွေနှစ်ဘီလျံနီးပါးကို ရွှေ့ပြောင်းပြီး ဝမ်သာ့ဆေးကုမ္ပဏီတွင် အကုန်ရင်းနှီးမြှုပ်နှံခဲ့သည်။
လက်ရှိအချိန်တွင် ဝမ်သာ့ဆေးကုမ္ပဏီထဲရှိ ကျူးကျီ၏ရင်းနှီးမြှုပ်နှံငွေက ၃.၈ဘီလျံရှိသွားလေပြီ။
ဤပမာဏက ဝမ်သာ့ဆေးကုမ္ပဏီ၏ စတော့ရှယ်ယာဈေးနှုနး်ကို တည်ငြိမ်အောင် လုပ်နိုင်ရုံမျှသာ။
သို့သော် အများကြီးရင်းနှီးမြှုပ်နှံပြီးနောက် စတော့ရှယ်ယာဈေးနှုန်းက မြင့်တက်မလာပါဘဲ ၁၂.၁၂သာ ရှိနေခဲ့သည်။
စတော့ရှယ်ယာဈေးနှုန်းများ တည်ငြိမ်သွားသည်ကိုမြင်သော် ကျူးကျီလည်း စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းချလိုက်မိသည်။
လက်ကျန်တစ်ဘီလျံကိုပါ ဆက်ထည့်လိုက်သေးသည်။ ခဏအကြာ စတော့ရှယ်ယာဈေးနှုန်းက ၁၂.၉၈အထိ မြင့်တက်လာခဲ့သည်။
"သခင်လေးကျူး.. စတော့ရှယ်ယာဈေးနှုန်း ပြန်တက်လာပါပြီ"
လက်ထောက်က စိတ်လှုပ်ရှားခြင်းကြီးစွာ ပြောလိုက်လေသည်။
ကျူးကျီလည်း သက်မချလိုက်မိတော့သည်။
အဆုံးတွင်မူ တည်ငြိမ်သွားလေပြီ။ စတော့ဈေးနှုန်းကို ပြန်တက်အောင်သာ မြှင့်တင်နိုင်ပါက ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီများကို ဆွဲဆောင်နိုင်လိမ့်မည်။
အခြေအနေများကို တစ်ဖန်ပြောင်းလဲသွားအောင်လုပ်နိုင်သည့် အခွင့်အရေးတစ်ခုရလာလိမ့်သည်။
ထိုအချိန်မှာပင် စတော့ရှယ်ယာဈေးနှုန်းမှာ ဖိနှိပ်ခံလိုက်ရသည်။ အခြေအနေတစ်ခုလုံးကို ထိန်းချုပ်နေသော လျှို့ဝှက်ဆန်းကြယ်သည့် လက်ကြီးတစ်ဖက် ရှိနေသည်ဟု ကျူးကျီ တစ်ချိန်လုံး ခံစားနေရသည်။
အထူးသဖြင့် ထူးခြားဆန်းကြယ်သော စစ်ဆေးမှုရလဒ် ထွက်ပေါ်လာချိန်တွင် ဤကိစ္စကို တစ်စုံတစ်ယောက်က နောက်ကွယ်မှ ထိန်းချုပ်နေခြင်းဖြစ်ကြောင်း သိသာလှသည်။
ဤအစီရင်ခံစာက သာမန်အခြေအနေဖြင့် ပေါက်ကြားသွားခြင်းမဟုတ်သော်ငြား ပေါက်ကြားသွားခြင်းကမူ အမှန်ပင်။
ယခု ရှယ်ယာဈေးနှုန်းများ မြင့်တက်သွားပြီဖြစ်ရာ ထိုလူဘက်က ထပ်လှုပ်ရှားလာပြန်လေသလား။
ကျူးကျီ စိတ်အပူဆုံးအရာမှာ ပင်မရင်းနှီးမြှုပ်နှံရေးကုမ္ပဏီများပင်။
ယုတ္တိရှိရှိပြောရလျှင် ဤကုမ္ပဏီများအားလုံးက ဝမ်သာ့ဆေးကုမ္ပဏီတွင် ရန်ပုံငွေထည့်ဝင်ထားကြသည်။
စတော့ရှယ်ယာဈေးနှုန်း ကျဆင်းသည်နှင့် လူတိုင်းကလည်း တန်ပြန်အစီအမံများကို အတူဆွေးနွေးနေသင့်သော်ငြား သူတို့အားလုံးမှာမူ တိတ်ဆိတ်နေခဲ့သည်။
တစ်ယောက်မှ သူ့အား တုံ့ပြန်မှုပေးမလာချေ။
ကျူးကျီဘက်ကပင် သူတို့ကို အရင်ဖုန်းဆက်ကြည့်လိုက်သော်ငြား ဖုန်းလည်း မကိုင်ပေ။
ရုတ်ခြည်းပင် ကျူးကျီ၏အမူအရာကား သိသိသာသာပြောင်းလဲသွားပြီး သူအကြောက်ဆုံး အခြေအနေတစ်ခုက သူ့အာရုံထဲတွင် ပေါ်ပေါက်လာသည်။
"သူတို့က ငါ့ကို ပယ်ထားတဲ့ဖဲချပ်တစ်ချပ်လို သဘောထားနေတာလား"
ထိုအချိန်မှာပင် လက်ထောက်လေးက အလန့်တကြားပြေးဝင်လာသည်။
"သခင်လေးကျူး.. သတင်းဆိုးပါပါတယ်။ ကိစ္စကြီးတစ်ခုပေါ်လာလို့"
သူ့လက်ထောက်၏စကားကို ကြားသောအခါ ကျူးကျီ၏အမူအရာလည်း ချက်ချင်းပြောင်းလဲသွားရပြီး ထိုင်ခုံပေါ်သို့ ပစ်လဲကျတော့မတတ်ပင်။
"ဘာဖြစ်တာလဲ"
ကျူးကျီကလည်း မျက်နှာမသာမယာဖြင့် မေးလိုက်၏။
လက်ထောက်ကလည်း စိုးရိမ်ပူပန်နေဟန်ပင်။
"မော်ဂန်လုပ်ငန်းစု။ ဝင်းဟက်လုပ်ငန်းစုနဲ့ ဟွားရှန်းလုပ်ငန်းစု.. ဒီရင်းနှီးမြှုပ်နှံရေးလုပ်ငန်းစုကြီးသုံးခုက စုပေါင်းကြေညာချက်တစ်ခု ထုတ်လိုက်တယ်။ သူတို့.."
ကျူးကျီ၏မျက်နှာကား ဖြူဖပ်ဖြူရော်ဖြစ်သွားလေသည်။
"သူတို့ဘာဖြစ်လဲ"
ထိုအချိန်တွင် သူအကြောက်ဆုံးကိစ္စတစ်ခု ဖြစ်နေပြီဟု ကျူးကျီ ကြိုနိမိတ်ရလိုက်သည်။
"သူတို့ဘက်က ကြေညာချက်တစ်ခု ထုတ်ပြန်လိုက်တယ်။ ဝမ်သာ့ဆေးကုမ္ပဏီရဲ့လိမ်လည်မှုအကြောင်းဝန်ခံရင်းနဲ့ သူတို့ရဲ့သတိလစ်ဟင်းမှုကြောင့် ကျွန်တော်တိုု့ဘက်က အသာစီးရသွားတာတဲ့"
လက်ထောက်လေးက လက်ရှိအခြေအနေကို အရှိကိုအရှိအတိုင်း ကျူးကျီအား တင်ပြလိုက်၏။
ကျူးကျီ၏လက်ထဲရှိ ဝိုင်ခွက်ကား ကြမ်းပြင်ပေါ်သို့ ကျကွဲသွားလေတော့သည်။
သူအကြောက်ဆုံးကိစ္စ ဖြစ်လာလေပြီ။
အမှန်ပင်။ ဤပင်မရင်းနှီးမြှုပ်နှံသူများက သူ့အား စွန့်ပစ်လိုက်လေပြီ။ ဤလူများက ငွေရှာရတွင် သူ့ထက်ပိုပြီး တက်ကြွကြသည်။ သို့သော် စတော့ဈေးနှုန်းများ ထိုးကျသွားချိန်တွင် ဤရင်းနှီးမြှုပ်နှံသူများက အစွယ်ဝှက်ထားရင်း မီးလောင်ရာလေပင့်နေခဲ့သည်။
ယခင်စုံစမ်းစစ်ဆေးရေးရလဒ်ကြောင့် ရှယ်ယာ၈၀ရာခိုင်နှုန်း ထိုးကျသွားခဲ့သဖြင့် သူ့မှာ ရန်ပုံငွေများဖြင့် ပြန်တွန်းတင်ထားရသည်။
သို့သော် ဤမဟာမိတ်ဟောင်းများက အရေးအကြီးဆုံးအချိန်မှ သူ့နောက်ကျောကို ဓားနှင့်ထိုးလိုက်ခြင်းပင်။
ဤသည်မှာ ဝမ်သာ့ဆေးကုမ္ပဏီကိုပြိုလဲသွားစေသည့် နောက်ဆုံးကောက်ရိုးမျှင်ပင်တည်း။
ဤကြေညာချက်ထွက်လာပြီးနောက် ဝမ်သာ့ဆေးကုမ္ပဏီ၏စတော့ရှယ်ယာဈေးနှုန်းက လုံးဝထိုးကျသွားပြီးနောက် ၁.၂ယွမ်အထိ ကျဆင်းသွားသည်။
ရိုလာကိုစတာအလား ထိုးဆင်းသွားသော မျဉ်းကြောင်းကြီးကိုကြည့်ရင်း ကျူးကျီခမျာ တောင့်ခံမထားနိုင်တော့ဘဲ သွေးတစ်ပွက်အန်ထုတ်လိုက်ပြီးနောက် ကြမ်းပြင်ပေါ်သို့ လဲကျသွားလေတော့သည်။
ဤဝေါ်လ်စထရိရင်းနှီးမြှုပ်နှံသူများမှာ အလွန်ကောက်ကျစ်ကြသည်။
ဤတစ်ခေါက်တွင် သူတို့ ငွေကြေးအမြောက်အများ ဆုံးရှုံးသွားသော်ငြား ဝမ်သာ့ဆေးကုမ္ပဏီကမူ ပြန်ထူထောင်နိုင်ခြေမရှိတော့ပေ။
ကျူးမိသားစုအင်အားဖြင့် တောင့်ခံထားခြင်းမှာလည်း အလွန်အန္တရာယ်များလှသည်။
စတော့ရှယ်ယာဈေးနှုန်း ပြန်တက်လာမလားဆိုသည်မှာလည်း မသေချာပေ။
ထို့ကြောင့် သူတို့လည်း ဝမ်သာ့ဆေးကုမ္ပဏီကို ဈေးကျမည်ဟူသောမျှော်မှန်းချက်ဖြင့် ယာယီထုတ်ရောင်းခြင်းနည်းဗျူဟာကိုသုံးရန် ရွေးချယ်လိုက်သည်။
ထို့ပြင် အဆိုးဆုံးအပိုင်းမှာ ကျူးကျီ ရန်ပုံငွေကုန်ခမ်းမည့် အချိန်ကို သူတို့က စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်၏။ ထို့နောက် သူတို့ဘက်က ကြေညာချက်ထုတ်ပြန်လာပြန်သည်။
ဤသို့လုပ်ခြင်းအားဖြင့် သူတို့အနေနှင့် ဝမ်သာ့ဆေးကုမ္ပဏီမှ အမြတ်ကြီးကြီးရနိုင်သည်။ နစ်နာသူမှာမူ ကျူးကျီသာ ဖြစ်ချေသည်။
သူသည် စဉ်းတီတုံးပေါ်သို့ ကျသွားသော ငါးတစ်ကောင်အလားပင်။
ဤရိုက်ချက်ကြောင့် ကိုးဆယ်ရာခိုင်နှုန်းအထိ ရှယ်ယာဈေးကျသွားသဖြင့် ဝမ်သာ့ဆေးကုမ္ပဏီ၏ စတော့ရှယ်ယာဈေးနှုန်းမှာ နာလန်မထူနိုင်တော့သော အခြေအနေသို့ ဆိုက်ရောက်သွားသည်။
စတော့ရှယ်ယာဈေးနှုန်းမှာ ၁.၂ယွမ်ဖြင့် အောက်ဆုံးအထိ ထိုးကျသွားသည်။
ကျူးမိသားစု၏ရန်ပုံငွေလည်း ချက်ချင်းပင် ၂၀ဘီလျံကျော်အထိ ဆုံးရှုံးသွားရသည်။
ငွေအားလုံးကလည်း အရောင်းအဝယ်သမားများ၏လက်ထဲသို့ ရောက်သွားခဲ့သည်။ ထိုလူများထဲတွင် ယဲ့ချန်းနှင့် စုဝမ်ယိတို့က အကြီးမားဆုံးအောင်နိုင်သူများပင်။