အခန်း (၃၂၅-၃၂၇)
Vol. 22 Ch. 325-327
အပိုင်း ၃၂၅ - အောင်ပွဲ
မကြာခင် ကျူးကျီ ဆေးရုံတက်နေရသည့်သတင်းက ယဲ့ချန်းဆီသို့ ရောက်သွားခဲ့သည်။
ယဲ့ချန်းလည်း ဆွံ့အသွားရသည်။
"သခင်လေးကျူးက ဒီလိုကြီးလား။ စိတ်ပိုင်းဆိုင်ရာကလည်း အားနည်းလိုက်တာ။ ငါကဖြင့် ဘာမှတောင်မလုပ်ရသေးဘူး။ သူက ဆေးရုံရောက်နေပြီ"
အစတုန်းက ယဲ့ချန်းမှာ ကျူးကျီကို ကစားချင်ခဲ့သော်ငြား ကျူးကျီက စိတ်နုသဖြင့် ပထမတိုက်ခိုက်မှုမှာတင် ပြိုလဲသွားလိမ့်မည်ဟု ထင်မထားပေ။
ယဲ့ချန်းတွင် ထုတ်မသုံးရသေးသော ဗျူဟာများစွာရှိ၏။ သို့သော် ဗျူဟာသုံးဆယ့်ခြောက်မျိုးထဲက တစ်ခုကို ထုတ်သုံးရုံမျှဖြင့် ကျူးကျီမှာ ဆေးရုံရောက်သွားခဲ့သည်။
ပြိုင်ဘက်က အလွန်အားနည်းလွန်းလှသည်။
ဝမ်သာ့ဆေးကုမ္ပဏီက ကျူးမိသားစုအတွက် အလွန်အထိနာစေသည်။ ကုမ္ပဏီတစ်ခုကို ဆုံးရှုံးလိုက်ရရုံသက်သက်မဟုတ်ပေ။
ကျူးကျီက သူ့ရန်ပုံငွေအားလုံးကို ဝမ်သာ့ဆေးကုမ္ပဏီထဲသို့ ပုံအောထားသည်ဖြစ်ရာ အကုန်ဆုံးရှုံးသွားရသည်။
ထို့ကြောင့် ကျူးမိသားစု၏ဝင်ငွေစီးဆင်းမှုမှာ ပျက်ပြားသွားရသည်။
ကျူးမိသားစုတွင် ဘီလျံပေါင်းများစွာ ပိုင်ဆိုင်မှုရှိပါသော်ငြား အများစုက ပုံသေပိုင်ဆိုင်မှုများပင်။
ကုမ္ပဏီတစ်ခုအတွက် ငွေကြေးအရင်းအနှီးဆုံးရှုံးလိုက်ရခြင်းမှာ မည်သည့်သဘောသက်ရောက်လေသလဲ။
အခြေပျက်သွားသည့်အတွက် ကိစ္စတစ်ခုပေါ်ပေါက်လာသည်နှင့် မတုံ့ပြန်နိုင်တော့ပေ။
ကျူးကျီက ဆေးရုံတင်ထားရသော်လည်း ယဲ့ချန်းကတော့ ကျူးမိသားစုကို တိုက်ခိုက်နေသော တိုက်ခိုက်မှုများကို မရပ်တန့်ပစ်ပေ။
ကျူးမိသားစုကို ဆန့်ကျင်ပြီးသွားပြီဖြစ်ရာ ယဲ့ချန်းအနေနှင့် သူတို့ကို ဘာအခွင့်အရေးမှ ပေးမည်မဟုတ်။
မကြာခင်မှာပင် သတင်းတစ်ခု ရောက်လာပြန်သည်။
လုံခြုံရေးဆိုင်ရာကြီးကြပ်ကွပ်ကဲရေးကော်မရှင်က ဝမ်သာ့ဆေးကုမ္ပဏီ၏ အတုအယောင်သတင်းအချက်အလက်များနှင့် ပတ်သက်သည့်ကိစ္စကို ကိုင်တွယ်နေကြောင်း ကြေညာချက်ထုတ်ပြန်လာသည်။
"ဝမ်သာ့ဆေးကုမ္ပဏီသည် စာရင်းအင်းလိမ်လည်ပြီး သတင်းအချက်အလက်အတုများဖြင့် စတော့ရှယ်ယာဈေးကွက်ထဲသို့ ဝင်ရောက်လာပြီး ရှယ်ယာရှင်များနှင့် ရင်းနှီးမြှုပ်နှံသူများကို စီးပွားရေးအရ ထိခိုက်နစ်နာမှုများ ဖြစ်စေခဲ့သည့်အတွက် တာဝန်ရှိသူ ကျူးကျီကို တရားဥပဒေအရ ဖမ်းဆီးအရေးယူလိုက်ပါပြီ.."
ဤသတင်းက ယဲ့ချန်းအတွက်တော့ စိတ်အားတက်ကြွစေသောအရာပင်။
ဤဖြစ်ရပ်က ဝမ်သာ့ဆေးကုမ္ပဏီတစ်ခုတည်းကို ထိခိုက်စေခဲ့သည်မဟုတ်ဘဲ နောက်ကွယ်ရှိ ဟုန်ဟွားလုပ်ငန်းစုကိုပါ ထိခိုက်စေခဲ့သည်။
ယခုမူ ဝမ်သာ့ဆေးကုမ္ပဏီ၏စတော့ရှယ်ယာဈေးနှုန်းက ဆင့်လေးဆယ်မျှသာ ရှိတော့သဖြင့် စာရင်းဝင်ကုမ္ပဏီမဟုတ်တော့ကြောင်း ပြသနေချေသည်။
ထို့ပြင် ဤကြေညာချက်က ကျူးမိသားစုအတွက်တော့ ကြီးမားလှသော ထိုးနှက်ချက်တစ်ခုပင်။
စုမိသားစုက ကျူးကျီကို ချက်ချင်းတိုက်စစ်ဆင်ခဲ့ပြီး ခုခံရန် ငွေသားအဆင့်သင့်မရှိရှာသည့် ကျူးမိသားစုကတော့ ထိုရိုက်ချက်ကို ခံလိုက်ရသည််။
နောက်တစ်နေ့တွင် ဟုန်ဟွားလုပ်ငန်းစု၏စတော့ရှယ်ယာဈေးနှုန်းက သုံးဆယ်ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။
ယဲ့ချန်းနှင့် စုဝမ်ယိလည်း ဤတိုက်ပွဲမှတစ်ဆင့် အမြတ်ကြီးကြီး ရလိုက်ပြန်သည်။
"ဝမ်ယိ.. ကိုယ်တို့ အခု ဘယ်လောက်ရထားပြီလဲ"
စိတ်လှုပ်ရှားတက်ကြွနေသော စုဝမ်ယိက ဝမ်သာ့ဆေးကုမ္ပဏီအပါအဝင် စုစုပေါင်း ၆၈ဘီလျံရရှိထားပြီဖြစ်ကြောင်း ပြောလိုက်၏။
ယဲ့ချန်းက စတော့ရှယ်ယာဇယားကို တစ်ချက်ကြည့်၍ ပြောလိုက်သည်။
"ရပြီ။ ကိုယ်တို့ အခု ပြန်ထုတ်လို့ရပြီ"
စုဝမ်ယိနှင့် ကျန့်ရှောင်ကျွင်းတို့လည်း ယဲ့ချန်း၏ညွှန်ကြားချက်ကို တိတိကျကျလိုက်နာကြသည်။
ဤတိုက်ပွဲတွင် ယဲ့ချန်းက အစအဆုံးခိုင်းစေခဲ့ပြီး ပြီးပြည့်စုံစွာလုပ်ဆောင်နိုင်ခဲ့သည်ဟု ဆိုရပေမည်။
ဤသည်မှာ တိကျလှသော တိုက်ခိုက်မှုတစ်ခုဖြစ်ပြီး ကျူးမိသားစု၏ပျော့ကွက်ကို တည့်တည့်ထိခဲ့သဖြင့် ပြီးပြည့်စုံလှသော အစီအစဉ်တစ်ခုပင်။
တစ်နေ့တာလုပ်ဆောင်မှုအပြီးတွင် ရန်ပုံငွေအားလုံးကို ပြန်ထုတ်လိုက်သည်။ ထို့နောက် ယဲ့ချန်းလည်း သက်မချလိုက်မိတော့သည်။
ယဲ့ချန်းနှင့် စုဝမ်ယိတို့ ငွေပြန်ထုတ်ပြီးနောက် နိုင်ငံတကာဈေးကစားသူများက လုပ်ငန်းစကြတော့သည်။
ယခုအချိန်တွင် ကျူးမိသားစုက အသားတုံးကြီးတစ်တုံးဖြစ်နေချေပြီ။ ထို့ကြောင့် လူတိုင်းက တစ်ကိုက်လောက်တော့ ကိုက်ဖဲ့ချင်နေကြသည်။
ပင်မအဖွဲ့အစည်းအားလုံးက ဟုန်ဟွားလုပ်ငန်းစုကို ရေတိုရောင်းချခြင်းနည်းလမ်းဖြင့် စတင်တိုက်ခိုက်ကြလေတော့သည်။
ဟုန်ဟွားလုပ်ငန်းစုဘက်ကလည်း အပြင်းအထန်ခုခံပါသော်ငြား အရောင်းသမားများက များလွန်းလှသဖြင့် တောင့်ခံရန် ခက်ခဲလှသည်။
ခဏမျှတောင့်ခံပြီးနောက် ခဏတွင်းချင်း ပြိုလဲသွားလေတော့သည်။
စတော့ရှယ်ယာဈေးကွက်လည်း ဆက်တိုက်ကျဆင်းလေသည်။
ပွဲသိမ်းသွားချေပြီ။ ကျူးမိသားစုလည်း လုံးဝပြိုလဲသွားသည်။
ဤတိုက်ပွဲတွင် ယဲ့ချန်းက အနိုင်ရသွားခဲ့သည်။
ထို့နောက် ကျူးမိသားစုကို ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီများက ဝါးမျိုပစ်လိုက်တော့သည်။
သို့သော် ဤကိစ္စများမှာ ယဲ့ချန်းနှင့် မဆိုင်တော့ချေ။
အသားအများဆုံးအပိုင်းကို ယဲ့ချန်းက စားလိုက်ပြီးဖြစ်ရာ အရိုးအရင်းသာ ကျန်တော့သည်။
သုံးရက်အတွင်းမှာပင် ယဲ့ချန်း ၆၈ဘီလျံရှာလိုက်နိုင်သည်။
အံ့ဖွယ်ကောင်းလှသော ဤလုပ်ဆောင်ချက်ကြောင့် စုဝမ်ယိနှင့် ကျန့်ရှောင်ကျွင်းတို့မှာ မယုံနိုင်လောက်အောင် ဖြစ်သွားကြသည်။
အစတုန်းက ယဲ့ချန်းက သူ့ကိုယ်သူ စတော့ရှယ်ယာနတ်ဘုရားဟု ညွှန်းဆိုနေစဉ်က မည်သူမှ သူ့ကို မယုံခဲ့ကြပေ။ သို့သော် ယဲ့ချန်းကတော့ စတော့ရှယ်ယာနတ်ဘုရားနှင့် ထိုက်တန်ကြောင်း သူ့ခွန်အားကိုထုတ်ပြပြီး သက်သေပြခဲ့သည်။
ယဲ့ချန်းသည် သုံးရက်တည်းနှင့် ဒေါ်လာတစ်ဘီလျံတန်ဖိုးရှိသော လုပ်ငန်းစုတစ်ခုကို ပြိုလဲလုနီးပါးဖြစ်စေခဲ့သည်။
စုမိသားစုနှင့် ကျူးမိသားစုတို့၏ တိုက်ပွဲက စုမိသားစုဘက်က အနိုင်ဖြင့် အဆုံးသတ်သွားခဲ့သည်။
ကျူးကျီကမူ တရားမဝင်လုပ်ရပ်များကြောင့် ထိန်းသိမ်းခံထားရပြီးဖြစ်ရာ လက်ကျန်ဘဝကို ထောင်ထဲမှာပင် အရိုးထုတ်ရနိုင်ခြေရှိသည်။
…..
ဤစီးပွားရေးတိုက်ပွဲကြီးအပြီး ယဲ့ချန်းကတော့ တက္ကစီသာ ဆက်မောင်းနေသည်။
စတားတက္ကသိုလ်ရှိ အရာအားလုံးကလည်း နေရာတကျဖြစ်နေလေပြီ။ အထူးသင်ကြားရေးနည်းလမ်းက ကျောင်းသားများအကြား အလွန်ရေပန်းစားနေသည်။
တကယ်တမ်းတွင် တစ်ကျောင်းလုံးရှိ စာသင်ခန်းများမှာ လူအပြည့်ရှိနေပေသည်။
ကျောင်းသားများအားလုံးက သင်ကြားရေးနယ်ပယ်တွင် စိတ်အားထက်သန်နေကြသောကြောင့် အတန်းတက်စာရင်းလည်း ကောက်စရာမလိုပေ။
မိမိသဘောကျသည့်အရာကို လုပ်နေရလျှင် တွန်းအားပေးမည့်လူလည်း မလိုအပ်ပေ။
ကျောင်းတစ်ပတ်လျှောက်သွားပြီးနောက် ယဲ့ချန်းလည်း သူ့ကျီလိကားဖြင့် အိမ်ပြန်ရန် ပြင်လိုက်၏။
ကားက လမ်းဆုံသို့ ရောက်လာသည်။
ကျွီခနဲဘရိတ်အုပ်သံနှင့်အတူ ရိန့်ချ်ရိုဗာကားတစ်စီးဖြင့် ထိပ်တိုက်ဝင်တိုးမိသည်။
ဤကားပိုင်ရှင်က အလွန်မောက်မာလှသည်။ အရှိန်ကုန်တင်ထားသည့်အပြင် လမ်းလည်း မှားနေသေးသည်။
ယဲ့ချန်းလည်း အလောတကြီးဘရိတ်အုပ်လိုက်ရသည်။ သို့သော် တစ်ဖက်လူ၏ကားရှေ့ဖုံးကို ဝင်တိုက်မိသွားသေးသည်။
ဘန်း!
ကားတံခါး ပွင့်လာပြီးနောက် ရွှေဆွဲကြိုးဆင်ထားပြီး နဂါးတက်တူးအပြည့်ထိုးထားသည့် အမျိုးသားတစ်ယောက်က ဒေါသတကြီးဆင်းလာလေသည်။
ကားပေါ်ကဆင်းပြီးနောက် ထိုလူက ယဲ့ချန်းကို လက်ညှိုးတထိုးထိုးဖြင့် ဆဲဆိုလေသည်။
"မင်း ကန်းနေတာလား။ ကားမမောင်းတတ်ဘူးလား"
ယဲ့ချန်းကလည်း အေးစက်မာကျောစွာ ပြန်ပက်သည်။
"သေချာလည်းကြည့်ဦး။ မင်းကမှ လမ်းမှားဝင်လာပြီး အတင်းကွေ့လိုက်တာ။ ဟုတ်ပြီလား"
ထိုလူက အေးစက်စက်ဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။
"ငါ လမ်းပြောင်းပြန်မောင်းတော့ရော ဘာဖြစ်ချင်လဲ"
ယဲ့ချန်းလည်း တဒင်္ဂမျှကြက်သေသေသွားလေသည်။
"ဒီကောင်က စည်းကမ်းလည်းဖောက်သေးတယ်။ သူပဲ မှန်နေသလိုလိုလည်း မာန်တက်ပြနေသေးတယ်ပေါ့လေ"
ထိုထိပ်ပြောင်အမျိုးသားက ယဲ့ချန်းကို အထက်အောက်စုန်ချည်ဆန်ချည်ကြည့်ပြီးနောက် ယဲ့ချန်း၏ကျီလိကားကို မြင်သောအခါ ပို၍ပင်အထင်သေးသွားလေသည်။
"မင်းက တက္ကစီမောင်းတာလား"
ယဲ့ချန်းလည်း ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်တယ်။ ပြဿာနာရှိလို့လား"
"ဒီကိစ္စကို ငွေနဲ့ ပြေလည်အောင်ရှင်းဖို့ အကြံပေးချင်တယ်။ မဟုတ်လို့ကတော့ မင်းသေပြီပဲ။ ငါ့ကားက အာမခံမလုပ်ရသေးဘူး။ ယွမ်တစ်သောင်းပေး တစ်ပြားမှလျော့လို့မရဘူး"
ဘေးနားမှ ကြည့်နေသူများမှာ တိတ်တဆိတ်ခေါင်းခါလိုက်ကြသည်။
ဤကောင်လေးကို အနားတစ်ဝိုက်ကလူတိုင်း အကုန်သိကြသည်။
ထိပ်ပြောင်အမျိုးသားက ဟယ်စန်းဟုခေါ်ပြီး ဤနေရာတွင် ဒေသခံလူမိုက်တစ်ယောက်ဖြစ်၏။ သူသည် ကျိုးကြောင်းဆီလျော်မှုလည်းမရှိသည့် လူယုတ်မာတစ်ယောက်ပင်။
"ဒီတက္ကစီသမားတော့ ပြဿနာတက်ပြီ။ ဟယ်စန်းရဲ့ကားကိုမှ ဘာလို့ဝင်တိုက်မိရတာလဲ"
"အဲဒီရိန့်ချ်ရိုဗာက လမ်းမှားပြီးမောင်းလာတာ အသိသာကြီး။ ရဲတွေလာရှင်းပေးရင်တောင် အဲဒီကားကပဲ တာဝန်ယူရမှာ"
"ဪ မင်းမသိသေးဘူးလား။ ဟယ်စန်းရဲ့အစ်ကိုက ဘယ်သူမို့လို့လဲ။ သူက ဒီနားတစ်ဝိုက်မှာ ပြဿနာကောင်အကြီးစားကြီးနော်။ သူနဲ့ အကျိုးသင့်အကြောင်းသင့်ပြောချင်သေးတာလား။ ဟာသပဲ"
ဟယ်စန်းက မောက်မာနေချေသည်။
"ဟေ့ကောင် မြန်မြန်ပေး… မဟုတ်ရင် မင်းတော့သေပြီသာမှတ်။ ငါ့ကားအသစ်က မောင်းလာတာမှ နာရီပိုင်းပဲရှိသေးတယ်။ ကားကတိုက်မိနေပြီ။ ကံဆိုးလိုက်တာ"
သို့သော် ယဲ့ချန်းကတော့ အေးအေးလူလူဖုန်းထုတ်၍ ရဲတိုင်ရန်အတွက် ၁၁၀ကို ဖုန်းဆက်လိုက်သည်။
"ဟယ်လို ရဲအရာရှိကြီး.. ကျွန်တော် ထျန်းရှန်လမ်းဆုံမှာ ကားတိုက်မှုတစ်ခုဖြစ်လို့ပါ။ တစ်ဖက်လူက လမ်းမှားပြီးမောင်းလာတာပါ။ ကျေးဇူးပြုပြီး လာကြည့်ပေးပါဦး"
"သေစမ်း"
ထိပ်ပြောင်အမျိုးသားလည်း အံ့အားသင့်သွားရသည်။
သာမန်လူများက သူ့ရှေ့တွင် ဤသို့မတုံးအရဲကြပေ။
ဤလူကတော့ ရဲတိုင်ရဲသတဲ့လား။
"မင်း သေချင်နေတာလား။ ငါက မင်းနဲ့ အကျိုးသင့်အကြောင်းသင့်ပြောနေတာကို မင်းက ရဲခေါ်လိုက်တယ်ပေါ့"
လူတိုင်း ဆွံ့အသွားရလေသည်။
မင်းက ဒါကို အကျိုးသင့်အကြောင်းသင့်ရှင်းပြတယ်လို့ ခေါ်တာလား…
ငွေတစ်သောင်းတောင်းလိုက်ခြင်းမှာ ငွေညှစ်နေခြင်းပင် မဟုတ်ပါလော။
ထိုထိပ်ပြောင်အမျိုးသား၏ မျက်ဝန်းထဲတွင် ရက်စက်ယုတ်မာလိုဟန် အရိပ်အယောင်တစ်မျိုး ယှက်သန်းလာသည်။ ထို့နောက် သူက ဖုန်းထုတ်လိုက်၏။
"အစ်ကို ဒီကိုမြန်မြန်လာခဲ့ဦး။ ချာတိတ်တစ်ကောင်က ထျန်းရှန်လမ်းဆုံမှာ ပြဿနာရှာနေတယ်"
ဟယ်စန်းက ဖုန်းချပြီးနောက် ယဲ့ချန်းကို ခက်ထန်စွာစိုက်ကြည့်လိုက်သည်။
"မင်းတော့သေပြီ။ ငါ့ကိုအာခံရင် ဘာဖြစ်မလဲဆိုတာ ခဏနေရင် မင်းကို ငါပြမယ်"
ယဲ့ချန်း မျက်မှောင်ကြုတ်လိုက်မိပါသော်ငြား ကြောက်တော့မကြောက်ပေ။
ဤလူက လူမိုက်တစ်ယောက်ဖြစ်သည့်အတွက် သူ့ကို ယဲ့ချန်း အရေးမလုပ်ချေ။ ရွှေရောင်သံချပ်ကာလုံခြုံရေးအဖွဲ့က သူနှင့်အတူရှိနေသည်ဖြစ်ရာ ခလုတ်တစ်ချက်နှိပ်လိုက်ရုံဖြင့် သုံးမိနစ်အတွင်း ရောက်လာလိမ့်မည်။
ဖုန်းဆက်ပြီးနောက် သိပ်မကြာခင်မှာပင် ဗင်ကားများက လမ်းဆုံသို့ အပြေးအလွှားရောက်ချလာပြီး ယဲ့ချန်းကို လမ်းပိတ်ထားလိုက်သည်။
•••••••••••••••••••••
အပိုင်း ၃၂၆ - အကျင့်စာရိတ္တကို ပြုပြင်ပါ့မယ်
နေကာမျက်မှန်တပ်ဆင်ထားသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က စီးကရက်ရှိုက်ရင်း ဘီအမ်ဒဗလျူအက်စ်ယူဗွီပေါ်မှ ဆင်းလာလေသည်။
ထိုလူက အရပ်မရှည်ပါဘဲ ခပ်ပုပုနှင့် ဝဖိုင့်ဖိုင့်နိုင်သော်ငြား အရှိန်အဝါကတော့ ပြင်းထန်လေသည်။
သူ့ဘေးရှိ လူယုံများမှာ ကြမ်းတမ်းခက်ထန်ဟန်တူပြီး အလွန်ကြောက်ဖို့လည်းကောင်းလှသည်။
ထိုလူတစ်သိုက်ရောက်လာသည်ကိုမြင်သော် လူတိုင်း အနည်းငယ်မျက်နှာပျက်သွားကြသည်။
လုံအာ...
ဤနယ်ပယ်ထဲတွင် ဟယ်စန်းက လူမိုက်အသေးစားလေးတစ်ယောက်ဖြစ်ပြီး လုံအာကမှ တကယ့်ဘော့စ်စစ်စစ်ပင်။
အနီးအနားရှိ နိုက်ကလပ်များနှင့် ကေတီဗီများမှာ လုံအာ၏ထိန်းချုပ်မှုအောက်တွင် တည်ရှိပေသည်။
သူ့ထံတွင် နောက်လိုက်များ မပြတ်လပ်ပေ။
လုံအာ၏နာမည်ကို ထုတ်ပြောလိုက်တိုင်း လူတိုင်း ကြောက်ဒူးတုန်ကုန်ကြသည်။
ဟယ်စန်းက လုံအာကိုမြင်သောအခါ အနားသို့ အမြန်ချဉ်းကပ်သွားသည်။
"သေစမ်း လုံအာရောက်လာပြီ။ ဒီကောင်လေးတော့ သွားပြီပဲ"
"လုံအာကိုအာခံရင် အရိုးကျိုးသွားနိုင်တယ်။ ပိုဆိုးရင်တော့ ဒုက္ခိတဖြစ်သွားနိုင်တယ်"
"ငါ့ညီ.. မြန်မြန်ဒူးထောက်ပြီး တောင်းပန်လိုက်။ အနည်းဆုံးတော့ မင်း အသက်ရှင်နိုင်သေးတယ်"
လူတိုင်းက ယဲ့ချန်းကို အမြန်အကြံပေးကြသည်။
သို့သော် ယဲ့ချန်းကတော့ ဂရုမစိုက်ပေ။ ဥပဒေစိုးမိုးသော လူ့အဖွဲ့အစည်းထဲတွင် ဤလူများအနေနှင့် မဆင်မခြင်ပြုမူ၍မရပေ။
လုံအာက ဟယ်စန်းကို အေးတိအေးစက်ဖြင့် စိုက်ကြည့်ပြီးနောက် ပြောလိုက်လေသည်။
"ငါ့ကိုမလေးမစားလုပ်ရဲတဲ့လူက ဘယ်သူလဲ"
ဟယ်စန်း ယဲ့ချန်းကို လက်ညှိုးထိုးပြပြီး မောက်မာစွာ ပြောလိုက်လေသည်။
"ဒီကောင်ပါ။ တက္ကစီဒရိုင်ဘာအဆင့်ပဲရှိတာတောင် တော်တော်အတင့်ရဲနေတာ"
လုံအာက ယဲ့ချန်းကို ကြည့်လိုက်၏။
ထိုအခိုက်ဝယ် ယဲ့ချန်းကမူ သူ့ကား၏ပျက်စီးဆုံးရှုံးမှုကို စစ်ဆေးနေသည်။
လုံအာလည်း အေးတိအေးစက်နှာခေါင်းရှုံ့လိုက်သည်။
"ကောင်လေး.. မင်းက သိပ်သတ္တိရှိနေတာပေါ့လေ"
ထိုအချိန်တွင် ယဲ့ချန်းက တစ်ဖက်သို့လှည့်၍ လုံအာကို ကြည့်လိုက်ချေသည်။
လုံအာ : "…"
အစတုန်းကမူ လုံအာလည်း မိမိုက်ပြချင်သော်ငြား ယဲ့ချန်းကိုမြင်သောအခါ ကြောင်အသွားလေသည်။
သေစမ်း.. သူပဲ
မူလတုန်းက အေးစက်မာကျောနေသော လုံအာ၏မျက်နှာထက်တွင် မြှောက်ပင့်ခယလိုဟန်အပြုံးတစ်ပွင့် ပေါ်ပေါက်လာသည်။
တစ်ဖက်တွင်မူ ဟယ်စန်းက လုံအာ၏အမူအရာပြောင်းလဲမှုကို သတိမထားမိဘဲ ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်လေသည်။
"အစ်ကို.. ဒီကောင်ပဲ။ အစ်ကို သူ့ကို ကောင်းကောင်းဆုံးမပေးလိုက်ဦး"
"အစ်ကိုယဲ့ ခင်ဗျားပါလား"
လုံအာ၏စကားကြောင့် ဟယ်စန်းလည်း ရုတ်ခြည်းကြောင်အသွားရလေသည်။
"အစ်ကိုယဲ့လား"
ဟယ်စန်း နားမလည်နိုင်တော့ပေ။
"အစ်ကို သူပဲလို့"
လုံအာ၏အကြည့်က အေးစက်သွားပြီး ဟယ်စန်း၏မျက်နှာကို ဖြတ်ရိုက်လိုက်လေတော့သည်။
ဟယ်စန်းခမျာ မူးနောက်နောက်ဖြစ်သွားပြီးနောက် အနောက်သို့ ခြေနှစ်လှမ်းမျှယိုင်သွားလေသည်။
ပတ်ပတ်လည်ရှိ လူအုပ်ကြီးနှင့် လူယုံများလည်း အကြောင်သားဖြစ်သွားရသည်။
ဘာတွေဖြစ်နေတာလဲ…
လုံအာက သူ့လူများကို အမြဲကာကွယ်ခဲ့သည်သာ။ သို့သော် ယနေ့ကျမှ သူ့လူယုံကို ဘာကြောင့် ရိုက်နှက်ရလေသလဲ။
ဟယ်စန်းခမျာ ရောင်ရမ်းနေသော မျက်နှာကို ဆုပ်ကိုင်ရင်း မတရားခံလိုက်ရသလို ခံစားလိုက်ရ၏။
"အစ်ကို ကျွန်တော့်ကို ဘာလို့ရိုက်တာလဲ"
လုံအာက ဟယ်စန်း၏ဝမ်းဗိုက်တည့်တည့်ကို ဆောင့်ကန်လိုက်သည်။
"ဒီလူ့အဖွဲ့အစည်းကြီးက ဘယ်လောက်သဟဇာတဖြစ်တဲ့လူ့အဖွဲ့အစည်းလဲဆိုတာ မင်းသိလား။ မဆင်မခြင်ပြဿနာရှာပြီး ငါ့ကိုပါ ဆွဲထည့်တယ်ပေါ့။ ငါက အခု တရားဝင်စီးပွားရေးသမားတစ်ယောက်ဖြစ်သွားပြီဆိုတာ မင်း မသိဘူးလား"
လုံအာ၏စကားကို ကြားသောအခါ လူတိုင်း မှင်တက်ကုန်သည်။
"သဟဇာတဖြစ်တဲ့ လူ့အဖွဲ့အစည်း.. တရားဝင်စီးပွားရေးသမားတဲ့"
ထိုစကားလုံးများက လုံအာနှင့် မလိုက်ဖက်လှပေ။
"ငါက အမြဲကျိုးကြောင်းဆီလျော်အောင်နေတာ။ ကိုယ်ကျင့်တရားကိုလည်း ဘယ်တုန်းကမှ မဖောက်ဖျက်ဖူးဘူး"
လုံအာက စကားတစ်ခွန်းပြောတိုင်း ဟယ်စန်းကို တစ်ချက်ဆောင့်ကန်လေသည်။
လူတိုင်းကလည်း အကြောင်သားစောင့်ကြည့်နေကြသည်။
ဘာတွေဖြစ်ကုန်တာလဲ…
"အစ်ကို ကျွန်တော့်ကိုမရိုက်ပါနဲ့တော့။ ကျွန်တော်မှားသွားပါတယ်"
"ကျွန်တော် ထပ်မလုပ်ရဲတော့ပါဘူး။ နောက်နောင် ကိုယ်ကျင့်တရားကို လက်ကိုင်ထားတော့မယ်လို့ ကတိပေးပါတယ်"
"အစ်ကို ကျွန်တော်မှားသွားပါတယ်။ ကျွန်တော် မဆင်မခြင်မလုပ်တော့ပါဘူး"
ဤမြင်ကွင်းကို မြင်လိုက်ရသော လူအုပ်ကြီးမှာ စိတ်ရှုပ်ထွေးသွားကြသည်။
ပုံမှန်ဆိုလျှင် ကျိုးကြောင်းဆီလျော်မှုမရှိသော လုံအာက ယနေ့မှ ဘာဖြစ်နေလေသလဲ။
ရူးချင်ယောင်ဆောင်နေချေသည်။
လုံအာက ဟယ်စန်းကို နှစ်ချက်မျှ ထပ်ကန်ပြီးနောက် အေးစက်မာကျောစွာ ပြောလိုက်၏။
"လူယုတ်မာ.. အစ်ကိုချန်းကိုများ အာခံရဲတယ်ပေါ့။ မင်းက ငါ့ကိုပါ ဆွဲချချင်နေတာလား"
ဟယ်စန်းခမျာ အရိုက်နှက်ခံနေရသောကြောင့် နာနာကျင်ကျင်အော်ညည်းနေသည်။
"အစ်ကို သူက တက္ကစီဒရိုင်ဘာတစ်ယောက်လေ။ လူမှားနေတာလား"
လုံအာလည်း ဟယ်စန်းအား နှစ်ချက်ထပ်ရိုက်လိုက်ပြန်သည်။
"တက္ကစီဒရိုင်ဘာဖြစ်တော့ရော ဘာဖြစ်လဲ။ တက္ကစီဒရိုင်ဘာတွေကရော အင်အားမရှိတော့ဘူးတဲ့လား။ ငါ မင်းကိုပြောမယ်။ အစ်ကိုချန်းက အရမ်းကြမ်းတဲ့တက္ကစီဒရိုင်ဘာကွ"
ဟယ်စန်းခမျာ ရိုက်နှက်မှုများကို နာကျည်းစွာ ခံယူနေရသည်။
ပုံမှန်ဆိုလျှင် သူ ပြဿနာတက်တိုင်း သူ့အစ်ကိုက ချက်ချင်းလာရှင်းပေးတတ်သည်။ ယခုတစ်ခေါက်မှ အပြင်လူဘက်က ဘာလို့ပါနေရလေသလဲ။
လုံအာတစ်ယောက် ဟယ်စန်းကို လိုက်ရိုက်နေသည့်မြင်ကွင်းကို ကြည့်ရင်း ယဲ့ချန်း ကြောင်အသွားလေသည်။
သူ့စရိုက်က အလွန်ဖြောင့်မတ်သောကြောင့်လေလား။ သူ့ကိုမြင်ရုံမျှဖြင့် လူဆိုးများပင် ပြောင်းလဲသွားကြသည်။
လုံအာက ဟယ်စန်းကို နောက်ထပ်ဆက်ရိုက်နှက်ကန်ကျောက်ပြီး ယဲ့ချန်းရှေ့သို့ ဆွဲခေါ်သွားလေတော့သည်။
"အစ်ကိုချန်းကို မြန်မြန်တောင်းပန်လိုက်စမ်း"
လုံအာ၏စရိုက်ကို ဟယ်စန်း ကောင်းကောင်းသိသည်။ ယခုအချိန်တွင် သူသည် မစော်ကားသင့်သော ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်တစ်ယောက်ကို စော်ကားလိုက်မိလေပြီ။
"အစ်ကိုချန်း.. ကျွန်တော်မှားသွားပါတယ်။ ကျွန်တော် စည်းမျဉ်းကို မဖောက်ဖျက်သင့်ပါဘူး။ ကိုယ့်ကျင့်တရားကိုလည်း လျစ်လျူမရှုသင့်ပါဘူး။ ဒီတစ်ခေါက်တော့ ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ"
ယဲ့ချန်းလည်း ဟယ်စန်းကိုလျစ်လျူရှု၍ လုံအာကို လှမ်းကြည့်လိုက်၏။
"ကျုပ်တို့ အရင်က တွေ့ဖူးလို့လား"
ယဲ့ချန်းခမျာ နားမလည်နိုင်ဟန်ဖြင့် မေးလိုက်မိသည်။
လုံအာက ကပ်ဖားလေဟန်အမူအရာဖြင့် ပြန်ဖြေလိုက်သည်။
"တွေ့ဖူးတာပေါ့ အစ်ကိုချန်း.. အရင်တစ်ခေါက်တုန်းက ခင်ဗျား အဲဒီသူဌေးသားတွေကို ခြောက်လွှတ်လိုက်တဲ့မြင်ကွင်းကို ကျွန်တော်ကိုယ်တိုင် မြင်ခဲ့တာ"
ယဲ့ချန်းလည်း အဆုံးမှာတော့ သဘောပေါက်သွားလေသည်။
ယခင်တစ်ခေါက် ရဟတ်ယာဉ်တစ်စီးနှင့် သံချပ်ကာယာဉ်ကို လှမ်းခေါ်ခဲ့စဉ်က ဤလူလည်း ထိုနေရာတွင် ရှိနေခဲ့ခြင်းပင်။
ထိုဖြစ်ရပ်ကြောင့် ယဲ့ချန်းက မည်မျှကြမ်းကြောင်း လုံအာ သဘောပေါက်သွားရသည်။ ယဲ့ချန်း ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်စာရင်းဝင်ဖြစ်လေရာ ပေါ့သေးသေးတော့မဟုတ်ချေ။
ယနေ့ သူ့လူယုံက ယဲ့ချန်းကို စော်ကားမိသွားသည့်အတွက် ပြဿနာတက်ပြီဖြစ်ကြောင်း သဘောပေါက်လိုက်သဖြင့် ဟယ်စန်းကို ခပ်ကြမ်းကြမ်းဆုံးမလိုက်ခြင်းပင်။
သူသာ ဤသကောင့်သားကို ရိုက်နှက်မဆုံးမပါက အရိုက်ခံရမည့်လူမှာ သူဖြစ်သွားနိုင်သည်။
ဖုန်းတစ်ချက်ဆက်ရုံမျှဖြင့် လက်နက်တပ်ဆင်ထားသော ရဟတ်ယာဉ်နှင့် ကားများ ရောက်ချလာမည်ဖြစ်ရာ မည်သူကများ အတင့်ရဲနိုင်မည်နည်း။
ဟယ်စန်းလည်း နောကျောနေပြီဖြစ်ရာ ချက်ချင်းပင် ဦးညွတ်၍ တောင်းပန်လေတော့သည်။ ကား၏ကုန်ကျစရိတ်ကိုပင် သူတာဝန်ယူမည်ဟု သဘောတူခဲ့သည်။
သူတို့ဘက်က အမှားကိုဝန်ခံလာပြီဖြစ်ရာ ယဲ့ချန်းလည်း ပြဿနာထပ်မရှာတော့ပေ။
ယဲ့ချန်း၏ကားက ဆေးနည်းနည်းပွန်းသွားရုံသာရှိသည်။ ဆေးပြန်မှုတ်လိုက်လျှင် ပြဿနာအေးသွားချေပြီ။
ယဲ့ချန်းလည်း ကားထဲသို့ဝင်ပြီး ထွက်လာခဲ့လိုက်သည်။
လုံအာနှင့် သူ့လူယုံတစ်သိုက်ကလည်း သူ့အား ဦးညွတ်၍ နှုတ်ဆက်ကြသည်။
ဤအရှိန်အဝါကား ထိပ်သီးပုဂ္ဂိုတ်တစ်ယောက်အလားပင်။
ယဲ့ချန်းက စုရှောင်ယာထံသို့ ဖုန်းဆက်လိုက်သည်။
"ရှောင်ယာ ညစာအတူစားကြမလား"
"အစ်ကိုယဲ့.. နောက်ဆုံးတော့ ကျွန်မကိုသတိရပြီပေါ့။ ဟမ့်.. ကျွန်မမအားဘူး"
မကျေမနပ်ဖြစ်နေသော အသံတစ်သံက ဖုန်းတစ်ဖက်မှ ထွက်ပေါ်လာချေသည်။
"အခုတလောအလုပ်များနေလို့ပါကွာ။ ကိုယ် မင်းကို လာခေါ်မယ်လေ။ နာရီဝက်နေရင် မင်းအိမ်ရှေ့ကို ရောက်ပြီ"
ယဲ့ချန်းက အိမ်ရာဝင်းဝင်ပေါက်သို့ မောင်းလာခဲ့လိုက်သည်။
စုရှောင်ယာက ယဲ့ချန်းကို မတွေ့ဘူးဟု ပြောနေပါသော်လည်း သူ့ကား ရောက်ချလာချိန်တွင် အဝင်ဝတွင် မတ်တတ်ရပ်ကာ သူ့အား စိတ်လှုပ်ရှားစွာ စောင့်နေပေသည်။
ယဲ့ချန်းလည်း လမ်းဘေးဈေးဆိုင်တစ်ခုသို့ မောင်းလာခဲ့လိုက်သည်။ သူတို့နှစ်ယောက်သား လမ်းဘေးမုန့်ဆိုင်သို့ လျှောက်လာခဲ့ကြသည်။
မကြာခဏလာလေ့ရှိသော စုရှောင်ယာက ဆိုင်ပိုင်ရှင်ကို ပြောလိုက်၏။
"သူဌေး.. အကင်ဆယ်ချောင်းနဲ့ ကျောက်ကပ်ကင်ဆယ်ချောင်းပေးပါ…"
စုရှောင်ယာက မှာပြီးနောက် ယဲ့ချန်းကို ကပ်ချွဲနေလေတော့သည်။
"အစ်ကိုချန်း..ကျွန်မ ရှင့်ကိုလွမ်းနေတာ"
စုရှောင်ယာက တိုက်ရိုက်ထုတ်လွှင့်ချိန်ကလွဲလျှင် ယဲ့ချန်းနှင့်တွေ့ဖို့သာ နေ့တိုင်း စဉ်းစားနေတတ်သည်။
အငယ်အနှောင်းတစ်ယောက်က အထီးကျန်ရတတ်ကြောင်း စုရှောင်ယာ ကောင်းကောင်းသိပါသော်လည်း ဤသို့သောနေ့မျိုးကား အလွန်ခက်ခဲလှသည်။
ယဲ့ချန်းက စုရှောင်ယာ၏ခေါင်းကို ပုတ်ပေးရင်း ပြောလိုက်သည်။
"လိမ္မာလိုက်တဲ့ကောင်မလေး.. ကိုယ် မင်းကို အချိန်များများပေးနိုင်အောင် ကြိုးစားပါ့မယ်"
ထိုအချိန်တွင် ဆောင့်ကြွားကြွားဆံပင်စတိုင်လ်များနှင့် ဖက်ရှင်ကျသော အဝတ်အစားများကို ဝတ်ဆင်ထားသည့် လူငယ်တစ်သိုက်က အထဲသို့ဝင်လာလေသည်။
လူငယ်တစ်ယောက်က စုရှောင်ယာကို မြင်သွားသောအခါ မျက်ဝန်းများ တောက်ပသွားချေသည်။
"ဝိုး.. ဒီမှာ အလှလေးတစ်ယောက်ရှိတယ်ဟ"
အသက်နှစ်ဆယ်အရွယ်ခန့်ရှိသော ဤလူငယ်လေးက မျက်နှာထက်တွင် ဝက်ခြံများပြည့်နှက်နေပြီး ပုံစံကား ကြမ်းတမ်းလှသည်။
"အစ်ကိုရှန်း.. ဒီကောင်မလေးကို အတူသောက်ဖို့ ဖိတ်လိုက်ရင်ရော"
ထိုလူငယ်လေးက အေးစက်စက်နှာခေါင်းရှုံ့လိုက်သည်။
"မင်းက သူ့ကို ဖိတ်မလို့လား။ မင်းကိုယ်မင်း သိပ်ဩဇာညောင်းတယ်များ ထင်နေတာလား။ အလှလေးတွေကို ဖိတ်ခေါ်မဲ့ကိစ္စက အစ်ကိုရှန်းကိုယ်တိုင် ရှေ့ထွက်ရမှာ"
••••••••••••••••••••
အပိုင်း ၃၂၇ : စတားတက္ကသိုလ်ရဲ့ပြဿနာများသောကျောင်းသား
သူ့ကိုယ်သူ အစ်ကိုရှန်းဟုခေါ်သော လူငယ်လေးက စုရှောင်ယာနှင့် ယဲ့ချန်းတို့ ထိုင်နေသော စားပွဲသို့ လျှောက်လာလေသည်။
အစ်ကိုရှန်းက ယဲ့ချန်းကို အရင်အကဲခတ်လိုက်ပြီးနောက် မလှမ်းမကမ်းတွင် ရပ်ထားသော ကျီလိကားကို လှမ်းကြည့်လိုက်၏။
လတ်တလောနှစ်များအတွင်း အစ်ကိုရှန်းက ဤနယ်ပယ်ထဲတွင် နာမည်အတန်အသင့်ရလာသည်။ သူသည် ကိုယ်ပိုင်အစွမ်းအစဖြင့် နာမည်တစ်ခုကို ထူထောင်နိုင်ခဲ့သည်။
မည်သို့ပင်ဖြစ်စေ မိုတုမြို့သည် ပါရမီရှင်များ ပုန်းအောင်းနေသော နေရာတစ်ခုပင်။ မည်သူ့ကိုရန်စနိုင်ပြီး မည်သူ့ကိုတော့ ရန်စ၍မဖြစ်သလဲဆိုသည်ကို သူ ကောင်းကောင်းသိသည်။
ယဲ့ချန်း၏အဝတ်အစားများမှာ သာမန်ဆန်လွန်းလှသည်။ ထို့ပြင် စားသောက်ဆိုင်အဝင်ဝတွင် ရပ်ထားသော ကျီလိကားကလည်း သူ့ကားဖြစ်ဟန်တူသည်။
ထို့ကြောင့် အစ်ကိုရှန်းက ယဲ့ချန်းကို ပြဿနာရှာချင်တိုင်းရှာနိုင်သည့် အရှုံးသမားတစ်ယောက်ဟု မှတ်ယူလိုက်သည်။
သူတို့က လူကုံထံများပင်ဖြစ်စေ သူဌေးသားများပင်ဖြစ်စေ ယဲ့ချန်း၏နောက်ခံအင်အားက သူတို့ကို မယှဉ်နိုင်ပေ။
အထင်ကြီးဖို့ကောင်းသည့် တစ်ခုတည်းသောအရာမှာ သူ့အနားတွင် အလှလေးတစ်ယောက်ရှိနေခြင်းပင်။
ပုံမှန်ဆိုလျှင် အလှလေးများက လူကုံထံများနှင့် ချောမောခန့်ညားသော အမျိုးသားများအနားတွင် ဝိုင်းရံနေတတ်သော်လည်း ယဲ့ချန်းကတော့ မတူပေ။ သူသည် ရုပ်ရည်ချောမောရုံသာ ရှိ၏။
ယဲ့ချန်း၏ဘေးနားတွင် ဤအလှလေးရှိနေရခြင်းမှာ သူ့ရုပ်ရည်ကြောင့်သာဖြစ်မည်ဟု အစ်ကိုရှန်းက မှတ်ယူလိုက်သဖြင့် ပို၍ပင် မကျေမနပ်ဖြစ်သွားရသည်။
သူကိုယ်တိုင်က ဆွဲဆောင်မှုမရှိသဖြင့် ကျောင်းတက်စဉ်က အခြားအတန်းဖော်များ၏ ခွဲခြားဆက်ဆံမှုကို ခံစားခဲ့ရသည်။
ထို့ကြောင့် ကျောင်းထွက်၍ လူမိုက်ဖြစ်လာခြင်းပင်။
ဤအကြောင်းပြချက်ကြောင့်ပင် ရုပ်ရည်ချောမောသော အမျိုးသားများကို ကြည့်မရပေ။
အစ်ကိုရှန်းက ယဲ့ချန်းနှင့် ရှောင်ယာတို့၏စားပွဲသို့ ဆောင့်ကြွားဆောင့်ကြွား ရောက်ချလာသည်။
"အလှလေး.. အစ်ကိုရှန်းက မင်းကို မျက်စိကျနေတယ်။ သူနဲ့အတူ တစ်ခွက်လောက်လာသောက်လှည့်"
သူ့အပေါင်းအသင်းများကလည်း ဝင်ပြောလေသည်။
"အလှလေး.. အစ်ကိုရှန်းရဲ့အစွမ်းအစက အရမ်းမိုက်တာနော်။ စားပြီးရင် သွားပျော်ရအောင်လေ"
"ဟုတ်တယ်။ အစ်ကိုရှန်းကိုကြည့်လိုက်။ ဘယ်လောက်တောင် ဩဇာညောင်းလိုက်သလဲ။ မင်းရည်းစားက သူ့ကို ယှဉ်နိုင်မှာလား"
"အစ်ကိုရှန်းက ဒီလမ်းထဲမှာ အခန့်ညားဆုံးပဲ"
…
စုရှောင်ယာကမူ အစ်ကိုရှန်းတို့အဖွဲ့က ယဲ့ချန်းက ဤသို့စော်ကားနေသည်ကို ကြားရသဖြင့် မကျေမနပ်ဖြစ်မိသည်။
စုရှောင်ယာအတွက်တော့ ယဲ့ချန်းက အရေးကြီးဆုံးပုဂ္ဂိုလ်ပင်။ သူ့ကို တစ်ပါးလူများက စော်ကားပြောဆိုနေခြင်းကို သည်းမခံနိုင်ပေ။
ထို့ကြောင့် စုရှောင်ယာလည်း စားပွဲပေါ်ရှိ ရေနွေးခွက်ကို ရုတ်တရက်ကောက်ကိုင်၍ အစ်ကိုရှန်း၏မျက်နှာကို ပက်ပစ်လိုက်သည်။
ရေနွေးများက အိုးထဲက ထုတ်ထားခါစဖြစ်သဖြင့် အငွေ့တထောင်းထောင်းထနေဆဲပင်။
အစ်ကိုရှန်းလည်း အပူလောင်သွားလေရာ နာနာကျင်ကျင်အော်ညည်းလေတော့သည်။
"သေစမ်း.. သေလောက်အောင်ပူတယ်ကွ။ ဒီကောင်မက ငါ့မျက်နှာချောချောလေးကို အပူလောင်အောင် လုပ်ရဲတယ်ပေါ့"
ယဲ့ချန်းလည်း ချက်ချင်းဆိုသလို ပြောစရာစကားကင်းမဲ့သွားရသည်။
ခဏနေပါဦး.. မင်းက အမှန်တရားနဲ့ တော်တော်ဝေးနေတာပဲ…
ကျောက်ပေါက်ခွက်ဗရပွဖြင့်မျက်နှာ၊ ကောက်ချိတ်နေသောနှာခေါင်းနှင့် ပါးစပ်ပြဲပြဲတို့ဖြင့် ကိုယ့်ကိုယ်ကိုယ် ချောမောသည်ဟု မည်သို့ပြောနိုင်လေသလဲ။
အစ်ကိုရှန်းက ဟိတ်ဟန်ထုတ်မရတော့အပြင် မျက်နှာကလည်း အပူလောင်ဒဏ်ရာကြောင့် ရုပ်ပျက်ဆင်းပျက်ဖြစ်လုနီးပါးဖြစ်သွားလေရာ ရုတ်တရက်ဒေါသထွက်သွားသည်။
ယခုအချိန်တွင် အစ်ကိုရှန်း၏မျက်နှာကား ဝက်ဖင်နှယ် နီမြန်းနေချေသည်။ ထို့ကြောင့် သူ့မျက်နှာကိုအုပ်ထားလျက် အော်ဟစ်လိုက်သည်။
ပတ်ပတ်လည်ရှိ စားသုံးသူများလည်း ထိုမြင်ကွင်းကြောင့် မရယ်ဘဲ မနေနိုင်တော့ချေ။
"မင်းကိုယ်မင်း ကြည့်စမ်းပါဦး။ ကောင်မလေးတွေကို ဒီလိုပုံစံနဲ့ အီစီကလီလုပ်ဖို့ကြိုးစားနေသေးတယ်"
"ဒီစော်လေးက ကြမ်းတယ်ဟ"
"သူနဲ့တန်တယ်။ ဒီလူမိုက်တွေကို ပညာပေးမှဖြစ်မယ်။ မဟုတ်ရင် မင်းမဲ့စရိုက်ဆန်လာတော့မှာ"
သူတို့ခေါင်းဆောင်၏မျက်နှာ အပူလောင်သွားသည်ကို မြင်သောအခါ အစ်ကိုရှန်း၏အဖွဲ့သားများက ချက်ချင်းဝိုင်းအုံလာကြသည်။
ထိုအချိန်မှာပင် စားသောက်ဆိုင်တံခါး ပွင့်လာပြီးနောက် လူတစ်သိုက်ကို လုံအာနှင့် ဟယ်စန်းတို့က ဦးဆောင်လာသည်။
လုံအာသည် အစောတုန်းက ဟယ်စန်းကို ခပ်ကြမ်းကြမ်းပြစ်တင်ဝေဖန်ခဲ့သည်။
သခင်လေးတင်းက သူဌေးသားတစ်သိုက်ကို ခေါ်လာခဲ့ပါသည့်တိုင် ယဲ့ချန်း၏လုံခြုံရေးအဖွဲ့ထံတွင် အရှက်ခွဲခံလိုက်ရကြောင်းပါ ကွက်ကွက်ကွင်းကွင်းပြောပြခဲ့သေးသည်။
အဆုံးတွင် လုံအာက ဆိုလာလေသည်။
"အစ်ကိုချန်းက ဘယ်လောက်မိုက်လဲဆိုတာ မင်းသိပြီမလား။ မင်းတို့လူတွေကိုပြောလိုက်။ အစ်ကိုချန်းကို ခယနိုင်မဲ့အခွင့်အရေးတွေ့လို့ကတော့ လက်လွှတ်မခံနဲ့လို့"
ဟယ်စန်းလည်း ယဲ့ချန်း၏အကြောင်းများကို ကြားပြီးနောက် ပင့်သက်ရှိုက်လိုက်မိသည်။
"သေလိုက်ပါတော့.. ကြမ်းလိုက်တာ။ အထင်ကရမိသားစုကြီးထဲက သခင်လေးတင်းတောင် ယဲ့ချန်းကို ဒူးထောက်ပြီး တောင်းပန်ရတယ်တဲ့။ ငါက ဘာမှတောင်မပြောပလောက်ဘူး"
ပြဿနာကို ကျော်လွှားနိုင်ခဲ့ပြီးနောက် ဟယ်စန်းလည်း စိတ်သက်သာရာရဟန် သက်ပြင်းချလိုက်မိသည်။
သူတို့ စကားပြောနေကြချိန်မှာပင် ယဲ့ချန်းကို လူမိုက်တစ်စုက ဝိုင်းထားကြောင်း မြင်လိုက်ရ၏။
အစတုန်းက လုံအာနှင့် ဟယ်စန်းသည် သူတို့လူများကိုခေါ်၍ အကင်စားရန် ရောက်လာခဲ့ကြသော်ငြား အစ်ကိုရှန်းက ယဲ့ချန်းကို သူ့လူများနှင့်အတူ တိုက်ခိုက်ရန်ဟန်ပြင်နေသည်ကို မြင်လိုက်ရ၏။
သေစမ်း..
အင်အားတောင့်တင်းသူတစ်ယောက်ကို ကပ်တွယ်နိုင်မည့် အခွင့်ကောင်းတစ်ခုကို သူတို့ လက်လွတ်ခံစရာ အကြောင်းမရှိပေ။
"အဆင်သင့်ပြင်ထားကြ"
"အစ်ကိုချန်းကို ကာကွယ်ကြ"
"အစ်ကိုချန်း.. စိတ်မပူနဲ့ ကျွန်တော်တို့ရောက်လာပြီ"
လက်ပါးစေတစ်သိုက်က ထိုလူမိုက်များဆီသို့ ဆာလောင်နေသော ဝံပုလွေများနှယ် အပြင်းနှင်လာချေသည်။
လုံအာက ခက်ထန်ကြမ်းတမ်းစွာ ပြောလိုက်သည်။
"သေစမ်း။ ငါ့နယ်မြေထဲမှာ အစ်ကိုချန်းကို တိုက်ခိုက်ရဲတယ်ပေါ့။ မင်းတို့က သေချင်နေမှတော့ ဒီအစ်ကိုကြီးကလည်း ဆုံးမပေးရတာပေါ့"
လုံအာက အော်ဟစ်လျက် သူ့လူများနှင့်အတူ အရှေ့သို့ ချီတက်သွားသည်။
ဟယ်စန်းမှာ ပို၍ပင် တက်ကြွသွားပြီး ခုံတစ်လုံးကို ဆွဲယူလိုက်သည်။ သူ့ပုံစံက အခြားလူများထက် ပိုရဲရင့်နေချေသည်။
အစ်ကိုရှန်း၏အဖွဲ့က အပြင်ပန်းအရ ကြမ်းတမ်းနေသော်ငြား ဆန်ကုန်မြေလေးတစ်သိုက်ဖြစ်လေရာ လမ်းမထက်တွင် နှစ်ပေါင်းများစွာကျင်လည်ခဲ့သော လူကြမ်းများနှင့် မယှဉ်နိုင်ပေ။
မျက်စိတစ်မှိတ်အတွင်းမှာပင် အသေဆော်ခံရတော့သည်။
အစ်ကိုရှန်းကို လုံအာက မြေကြီးပေါ်သို့ ဖိချထားလိုက်သည်။
ခဏလေးအတွင်းမှာပင် အစ်ကိုရှန်းတို့အဖွဲ့လည်း ပညာပေးခံလိုက်ရပြီး ယဲ့ချန်းရှေ့တွင် ဒူးထောက်လိုက်သည်။
လုံအာခမျာ စိတ်လှုပ်ရှားတက်ကြွသွားသည်။
"အစ်ကိုချန်း.. ကျွန်တော်တို့ ဒီကောင်တွေကို ရှင်းပြီးပါပြီ။ ဘာဆက်လုပ်လိုက်ရမလဲ"
ဟယ်စန်းကလည်း ဝင်ပြောချေသည်။
"အစ်ကိုချန်း.. ဒီကောင်တွေက အရမ်းမောက်မာနေတာ။ အစ်ကိုချန်းကိုများ လာထိပါးရဲတယ်။ စကားတစ်ခွန်းသာ ပြောလိုက်ပါ။ ကျွန်တော် သူတို့ရဲ့လက်တွေနဲ့ ခြေထောက်ကို ရိုက်ချိုးပစ်လိုက်မယ်"
ယဲ့ချန်း ခေါင်းခါယမ်းလိုက်သည်။
"အခု ငါတို့က ဥပဒေစိုးမိုးတဲ့လူ့အဖွဲ့အစည်းထဲမှာနေနေတာမို့ သူများရဲ့ခြေလက်တွေကို ရိုက်ချိုးလို့မရဘူး။ ရန်ဖြစ်မနေကြနဲ့တော့။ ကျိုးကြောင်းသင့်ပြောဆိုဆွေးနွေးမှပေါ့"
သို့သော် နှစ်ဖက်စလုံးက စိတ်ထဲမှ ထေ့ငေါ့လိုက်လေသည်။
ကျိုးကြောင်းသင့်ပြောဆိုဆွေးနွေးရမည်လား။
ဘော့စ်... ခင်ဗျားက တခြားလူတွေထက်တောင် ပိုကြမ်းသေးတယ်...
ယခု ကျိုးကြောင်းသင့်ပြောဆိုဆွေးနွေးသင့်သည်ဟု ပြောနေခြင်းမှာ သက်သက်ဟိတ်ဟန်ထုတ်နေခြင်းပင်။
စိတ်ထဲက တိတ်တိတ်လေးညည်းညူနေပါသည့်တိုင် လုံအာနှင့် ဟယ်စန်းတို့က ခေါင်းတဆတ်ဆတ်ညိတ်ပြလိုက်၏။
"အစ်ကိုချန်းပြောတာ မှန်ပါတယ်။ ကျွန်တော်တို့ မေ့သွားတယ်။ ကျွန်တော်တို့တွေ ဥပဒေကိုလိုက်နာတဲ့ နိုင်ငံသားကောင်းတွေ ဖြစ်သင့်တယ်လေ"
အစ်ကိုရှန်းလည်း ကြောင်အသွားရသည်။
သူနားလည်ထားသလောက်ဆိုလျှင် ယဲ့ချန်းက အရှုံးသမားတစ်ယောက်ပင်။
ဂိုဏ်းစတားအဖွဲ့အစည်းထဲရှိ ဘော့စ်ကြီးများက သူ့အား ကြောက်ကိုကြောက်သော ကြွက်လေးများနှယ် အဘယ်ကြောင့်တုံ့ပြန်နေရသလဲ။
အထူးသဖြင့် ယဲ့ချန်းက ကျိုးကြောင်းသင့်ပြောဆိုဆွေးနွေးမှုဖြင့် ဖြေရှင်းသင့်သည်ဟု ပြောလိုက်ချိန်တွင် အစ်ကိုရှန်းခမျာ ငိုချမိတော့မတတ်ပင်။
အစောကပင် သူတို့တစ်သိုက် သူ့ကို ရိုက်နှက်နေခဲ့စဉ်က ထိုအကျိုးအကြောင်းသင့်ပြောဆိုဆွေးနွေးမှုအကြောင်း ယဲ့ချန်း ထုတ်မပြောခဲ့ချေ။
သူ ရိုက်နှက်ခံရပြီးမှ ကိုယ်ကျင့်တရားအကြောင်း လာပြောနေရသလား။
သူသည် ရိုးအနေဆဲဖြစ်ကြောင်း အစ်ကိုရှန်း သဘောပေါက်လိုက်လေပြီ။
"ဘော့စ်.. ကျွန်တော်မှားသွားပါတယ်။ ကျွန်တော် စုံလုံးကန်းခဲ့မိတာပါ"
အစ်ကိုရှန်းက မြေကြီးပေါ်တွင် ဒူးထောက်ပြီးနောက် ဒဏ်ရာရထားသော မျက်နှာကိုပြကာ အသနားခံနေပေသည်။
ယဲ့ချန်းလည်း လက်ယမ်းပြလိုက်၏။
"မင်းတို့ကောင်တွေ.. ကောင်းကောင်းမွန်မွန်မနေနိုင်ဘူးလား။ ငါက အကျိုးသင့်အကြောင်းသင့်ပြောတတ်တဲ့လူ... ဒီတစ်ခေါက်တော့ မင်းတို့ကို လွှတ်ပေးလိုက်မယ်။ နောက်တစ်ခါပြဿနာရှာရင် ရဲတိုင်ပစ်လိုက်မှာ"
ရဲတိုင်မှာလား...
အစ်ကိုရှန်းခမျာ ငိုချမိမတတ်ပင်။
မင်းက ရဲအကာအကွယ်ကို လိုသေးတယ်ပေါ့...
ဤဘော့စ်ကြီးများက အခြားသတိပေးချက်များထက် ပိုကြောက်ဖို့ကောင်းလှသည်။
"ဟုတ်ကဲ့ ဟုတ်ကဲ့။ နားလည်ပါပြီ"
အစ်ကိုရှန်း ခေါင်းတဆတ်ဆတ်ညိတ်ပြလိုက်သည်။
ယဲ့ချန်းက သူတို့ကို ထွက်သွားရန် လက်ဟန်ပြလိုက်သည်။
လုံအာက အစ်ကိုရှန်းကို အနောက်မှ ဆောင့်ကန်လိုက်သေးသည်။
"မင်းတို့တွေ ဒီကထွက်သွားစမ်း"
အစ်ကိုရှန်းနှင့် သူ့လက်ပါးစေများလည်း အသည်းအသန်ထွက်ပြေးကြလေတော့သည်။
ရှောင်ယာက ထိုမြင်ကွင်းကိုကြည့်ရင်း ယဲ့ချန်းအား သူရဲကောင်းတစ်ယောက်နှယ် ငေးကြည့်နေမိသည်။
အစ်ကိုချန်းက တော်ပါပေတယ်.. အရမ်းချောမောခန့်ညားတဲ့အပြင် လက်တစ်ချောင်းတောင်မစရာမလိုဘဲ အခြားလူတွေက သူ့အတွက် ရပ်တည်ပေးကြတယ်...
ဤသည်ကို အထင်ကြီးဖို့ကောင်းသည်ဟု ခေါ်ရပေမည်။ ဤသည်ကိုသာ ချောမောခန့်ညားသည်ဟု ဆိုရပေမည်။
ရှောင်ယာလည်း ယဲ့ချန်းကို ပို၍ပင် သဘောကျသွားလေသည်။
...
နောက်တစ်နေ့တွင် ယဲ့ချန်းကို လင်းရှစ်ယင်က ဖုန်းဆက်၍ စတားတက္ကသိုလ်တွင် ကိစ္စတစ်ခုဖြစ်ပျက်သွားကြောင်း ပြောပြလာသည်။
ထို့ကြောင့် ယဲ့ချန်းလည်း စတားတက္ကသိုလ်သို့ မောင်းလာခဲ့လိုက်သည်။
လင်းရှစ်ယင်နှင့် ကျောက်ရှောင်ချန်းတို့က အခြေအနေကို အစီရင်ခံတင်ပြလိုက်သည်။
ဤကာလအတွက်း ကျောင်းသားများက စာသင်ကြားရေးတွင် စိတ်အားထက်သန်မှုများ ပြသခဲ့သည်။
အခြားတက္ကသိုလ်များတွင် ကျောင်းသားအများစုက ကျောင်းကောင်းကောင်းတစ်ခုကို တက်နိုင်ရန်အတွက် မေဂျာများကို ရွေးချယ်ကြရသည်။
လူအများစုက သူတို့၏မေဂျာကို လုံးဝစိတ်မဝင်စားသဖြင့် ဦးတည်ရာမဲ့နေပေသည်။
သို့သော် စတားတက္ကသိုလ်တွင်မူ ထိုသို့သောအခြေအနေမျိုး မရှိပါချေ။
ကျောင်းသားများက သူတို့၏မေဂျာကို အလွန်စိတ်အားထက်သန်ကြသဖြင့် စာသင်ကြားရခြင်းမှာ ပျော်စရာကောင်းလှသည်။
သို့သော် အဆောင်ခန်းထဲမှာသာ ပုန်းနေပြီး ဘာလှုပ်ရှားမှုမှမလုပ်ဘဲ သီးခြားနေနေကြသော ကျောင်းသားအယောက်နှစ်ဆယ်ရှိကြောင်း လင်းရှစ်ယင်နှင့် ကျောက်ရှောင်ချန်းတို့ သတိထားမိလိုက်သည်။