← Chapters

အခန်း (၃၂၈-၃၃၀)

Vol. 22 Ch. 328-330

အခန်း (၃၂၈-၃၃၀)

Vol. 22 Ch. 328-330

အပိုင်း ၃၂၈ : E-sports

စတားတက္ကသိုလ်က အခြားတက္ကသိုလ်များနှင့် လုံးဝမတူညီချေ။

ယဲ့ချန်းက ကျောင်းသားများကို လွတ်လပ်ခွင့်ပေးထားသည်။

သူတို့အနေနှင့် မိမိအိပ်မက်ကို လိုက်စားနိုင်ပြီး လုပ်ချင်သမျှ အကုန်လုပ်နိုင်သည်။

ထို့ကြောင့် စတားတက္ကသိုလ်ကျောင်းသားများမှာ အမြဲပြုံးရွှင်နေကြသည်။

အပတ်တိုင်း ပွဲတော်တစ်ခု ကျင်းပသေးသည်။

ဂီတနှင့် အချက်အပြုတ်ကို သဘောကျသော ကျောင်းသားများက ရင်ပြင်တွင် ပါတီကျင်းပကြသည်။

ဂီတမေဂျာက သူတို့၏ဖျော်ဖြေမှုမှတစ်ဆင့် စွမ်းဆောင်ရည်ကို မြှင့်တင်ကြသည်။

အချက်အပြုတ်မေဂျာကလည်း အစားအသောက်များနှင့် အအေးများကို အခမဲ့ထောက်ပံ့ပေးနေသော်ငြား စားသောက်ပြီးနောက် အတန်းဖော်များက ပလက်ဖောင်းပေါ်တွင် သူတို့၏အထင်အမြင်များကို ချရေးကြသည်။​

ဤနည်းလမ်းက ပျော်ဖို့လည်းကောင်းသလို ကျောင်းသားများ၏ လက်တွေ့စွမ်းရည်ကိုလည်း မြှင့်တင်ပေးနိုင်သည်။

စတားတက္ကသိုလ်ရှိ ကျောင်းသားအားလုံးနီးပါးက သူတို့ကိုယ်သူတို့ ပျော်ပျော်ရွှင်ရွှင်ဖြင့် တိုးတက်အောင် လုပ်ကြသည်။

ဤသင်ကြားရေးနည်းလမ်းကို ပညာရေးနယ်ပယ်ရှိ ပညာရှင်များစွာထံမှ လှောင်ပြောင်ခံခဲ့ရသည်။​

သူတို့အမြင်တွင် ဤသို့သောပညာရေးမျိုးက ကျောင်းသားများ၏အချိန်ကို ဖြုန်းနေရုံသက်သက်သာ။​

စတားတက္ကသိုလ်က နောက်နှစ်တွင် ကျောင်းသားသစ်များကို စုဆောင်းနိုင်မည်မဟုတ်ဟု လူတချို့က အွန်လိုင်းပေါ်တွင် ထင်ကြေးပေးထားကြသည်။

မိဘများက သူတို့သားသမီးများကို အောင်မြင်စေချင်ကြသည်။ မည်သူကများ မိမိသားသမီးကို တက္ကသိုလ်လေးနှစ်တာကာလတွင် သောက်စားပျော်ပါးကာ ဘာကိုမှ မသင်ယူနိုင်မည့်အဖြစ်မျိုးကို လိုချင်မည်နည်း။​

သို့သော် စတားတက္ကသိုလ်ကျောင်းသားများကတော့ အလွန်ပျော်ရွှင်နေကြသည်။​

သူတို့သည် မိမိစိတ်ကြိုက်ဗဟုသုတများကို ကန့်သတ်မှုမရှိဘဲ သင်ယူနိုင်ပြီး မိမိဆန္ဒရှိသမျှအရာတိုင်းကို လုပ်နိုင်သည်။

သို့သော် ဤသင်ကြားရေးနည်းလမ်းက အခက်အခဲများကို ရင်ဆိုင်ရသည်။

ထို့ပြင် လင်းရှစ်ယင်နှင့် ကျောက်ရှောင်ချန်းတို့ တင်ပြလာသော အခြေအနေက ယဲ့ချန်း၏အာရုံကို ဖမ်းစားလိုက်သည်။​

ဤကလေးများက ဂိမ်းကစားခြင်းကလွဲပြီး အခြားဘာဝါသနာမှမပါကြောင်း ယဲ့ချန်း သိလိုက်ရသည်။

အမှန်ပင်။ ဤကျောင်းသားများက အဆောင်ခန်းထဲတွင် နေ့တိုင်းဂိမ်းကစားရင်း အချိန်ဖြုန်းနေကြခြင်းပင်။

အထက်တန်းကျောင်းတွင် သူတို့သည် ထိန်းချုပ်ခံခဲ့ရသဖြင့် ဂိမ်းကစားချင်ပါသည့်တိုင် ဆရာများနှင့် မိဘများ၏ ကန့်ကွက်မှုကြောင့် သူတို့၏ဂိမ်းကစားချင်စိတ်ကို ပျက်ပြားစေခဲ့သည်။

ယခု စတားတက္ကသိုလ်ကို ရောက်လာသောအခါ မည်သူကမှ သူတို့ကို မထိန်းချုပ်ကြတော့ပေ။

သူတို့လည်း ကန့်သတ်မှုများ မရှိတော့သဖြင့် ဂိမ်းကို ပျော်ပျော်ကြီးကစားကြလေတော့သည်။​

လက်ရှိအချိန်တွင် E-sportsက မကျယ်ပြန့်သေးပေ။ ထို့ကြောင့် လူတိုင်း၏အမြင်တွင် ဂိမ်းကစားခြင်းမှာ တိုးတက်မှုမရှိသောအလုပ်ဟု ထင်ကြသည်။

ဤသည်မှာ အလွန်အန္တရာယ်များသော ကိစ္စဖြစ်ကြောင်း ယဲ့ချန်း ကောင်းကောင်းနားလည်သည်။

ဤကလေးများသာ လူ့အဖွဲ့အစည်းနှင့် သက်တူရွယ်တူများကို အဆက်ဖြတ်ထားရင်း ​ဂိမ်းကစားခြင်းဖြင့် နေ့တိုင်း အချိန်ကုန်ဆုံးနေပါက သူတို့၏ဘဝတိုးတက်ရေးကို ထိခိုက်လာစေနိုင်သည်။

ယဲ့ချန်းက ကျောင်းသားများကို လွတ်လပ်ခွင့်ပေးထားသော်လည်း အလိုတော့မလိုက်ပေ။

"မင်းတို့နှစ်ယောက်ရော ဘယ်လိုမြင်လဲ'

ယဲ့ချန်းက လင်းရှစ်ယင်နှင့် ကျောက်ရှောင်ချန်းကို မေးလိုက်၏။

လင်းရှစ်ယင်က ဆိုလာလေသည်။

"ဂိမ်းကစားတာကို အကန့်အသတ်တော့ ထားသင့်တယ်ထင်တယ်။ ဒီတော့ ကျောင်းဘက်က ဒိကိစ္စကို ဝင်ပါမှဖြစ်မယ်"

ကျောက်ရှောင်ချန်းကလည်း ပြော၏။

"မိဘတွေက သူတို့သားသမီးကို ဗဟုသုတရှာဖွေစေချင်လို့ ကျောင်းကို ပို့ကြတာ။ ကျွန်မတို့သာ သူတို့ကို ဝင်မစွက်ဖက်ဘဲ ဒီအတိုင်းခွင့်ပြုပေးထားရင် မိဘတွေအတွက်ရော ကျောင်းသားတွေအတွက်ရော ကျွန်မတို့ကျောင်းရဲ့ပုံရိပ်အတွက်ရော မကောင်းဘူး"

ယဲ့ချန်းလည်း ထိုစကားကိုကြားသောအခါ မျက်မှောင်ကြုတ်လိုက်မိသည်။

ယခင်က သူသည် ကျောင်းသားများကို လွတ်လပ်ခွင့်အပြည့်ပေးမည်ဟု ကတိပေးထားသည်။

ယခုမှ ဝင်စွက်ဖက်လိုက်မည်ဆိုလျှင် သူ့ကနဦးရည်ရွယ်ချက်ကို ဖောက်ဖျက်ရာကျပေလိမ့်မည်။

ရုတ်ခြည်းပင် ရဲရင့်သောအတွေးတစ်ခုက သူ့အာရုံထဲသို့ ဝင်ရောက်လာသည်။

၎င်းမှာ E-sportsပင်။

ယခင်ဘဝတုန်းက E-sportsက တစ်ကမ္ဘာလုံးအနှံ့ ရေပန်းစားခဲ့သည်။

ဤကမ္ဘာတွင် ဂိမ်းဖွံ့ဖြိုးတိုးတက်နှုန်းက အလွန်မြန်ဆန်လှသည်။ E-sportsက ပင်မအွန်လိုင်းပလက်ဖောင်းများပေါ်တွင် ရှိထားပြီးဖြစ်၏။

ဤကလေးများသာ သဘောကျပါက E-sportsမေဂျာအသစ်တစ်ခု ဖန်တီး၍ရသည်မဟုတ်ပါလား။

ဤကလေးများအနေနှင့် ဂိမ်းကစားခြင်းကို ပရော်ဖက်ရှင်နယ်လုပ်ငန်းတစ်ခုအဖြစ် ပြောင်းလဲခွင့်ပေးသင့်သည်။

E-sportsနှင့် ဂိမ်းစွဲနေခြင်းမှာ လုံးဝမတူချေ။

ယခင်ဘဝတုန်းက E-sportsကို အားကစားပြိုင်ပွဲတစ်ခုအဖြစ် သတ်မှတ်ပေးထားပြီး ကစားသမားများအနေနှင့် အာရုံစူးစိုက်နိုင်စွမ်း၊ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုနှင့် တုံ့ပြန်နိုင်စွမ်းမြင့်မားရန် လိုအပ်ပေသည်။​

ထို့ပြင် E-sportsဆိုသည်မှာ ကွန်ပျူတာရှေ့တွင် အချိန်ဖြုန်းနေခြင်းမဟုတ်ပါဘဲ ဗျူဟာ၊ ဆက်သွယ်ရေး၊ လေ့ကျင့်ရေးနှင့် စိတ်ပိုင်းဆိုင်ရာလေ့ကျင့်မှုများကို လိုအပ်သည်။​​

ပြောရမည်ဆိုလျှင် ဤကလေးများကို စနစ်တကျလေ့ကျင့်မှုမှတစ်ဆင့်​​ E-sportsအသင်းတစ်ခု ထူထောင်ခွင့်ပြုသင့်သည်။

E-sportsက မကျယ်ပြန့်သေးသော်လည်း ခြေကုပ်ယူထားပြီးဖြစ်ရာ အစပျိုးရန်သာ လိုတော့သည်။

ယဲ့ချန်းလည်း E-sportsကို ဤကမ္ဘာပေါ်မှာပါ အသိအမှတ်ပြုလာအောင် အစပျိုးရန် ဆုံးဖြတ်လိုက်သည်။

ဤသို့တွေးပြီးနောက် ယဲ့ချန်းလည်း စွန့်စားမှုတစ်ခုပြုရန် ဆုံးဖြတ်လိုက်သည်။

ဟုတ်တယ်.. ဒါက စွန့်စားမှုတစ်ခုပဲ...

ဤကမ္ဘာပေါ်တွင် E-sportsက မကျယ်ပြန့်သေးချေ။

လူတော်တော်များများ၏အမြင်တွင် ဂိမ်းကစားခြင်းက ရည်မှန်းချက်ဖြုန်းတီးမှုတစ်ခုပင်။

ဂိမ်းကစားခြင်းမှာ အနာဂတ်လည်းမရှိသလို အလားအလာလည်း မရှိပေ။ ဤသည်မှ ဂိမ်းကစားခြင်းအပေါ်ထားသော လူ့အဖွဲ့အစည်း၏အမြင်ပင်။

တကယ်တမ်းတွင် ယဲ့ချန်းလည်း ဂိမ်းကစားခြင်းကို သဘောကျသည်။ ယခင်ဘဝတုန်းက E-sportsကစားသမားများ အကြိတ်အနယ်ကစားနေသည်ကို ကြည့်ရင်း ရင်ထဲ လှိုက်ဖိုလာသည်။

ထို့ကြောင့် ဂိမ်းကစားရခြင်းကို သဘောကျသော ဤကျောင်းသားများအတွက် လမ်းကြောင်းတစ်ခု ဖန်တီးပေးသည့်အနေနှင့် စတားတက္ကသိုလ်တွင် E-sportsအသင်းတစ်ခု ဖွဲ့စည်းပေးရန် ဆုံးဖြတ်လိုက်သည်။​

ဂိမ်းကစားခြင်းက အောင်မြင်မှုဆီသို့ ဦးတည်နိုင်ကြောင်းနှင့် ဂိမ်းကစားခြင်းက ဂုဏ်တက်စေကြောင်း လူတိုင်းကို သိစေချင်သည်။

ယဲ့ချန်းက ကျောက်ရှောင်ချန်းနှင့် လင်းရှစ်ယင်ကိုကြည့်၍ အံ့အားသင့်ဖွယ်ကောင်းသော ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်၏။

"သူတို့က ဂိမ်းကစားရတာကို သဘောကျတယ်ဆိုတော့ E-sportsအသင်းတစ်ခု ထောင်ကြတာပေါ့"

E-sportsလား...

ယဲ့ချန်း၏အသုံးအနှုန်းကို ကြားလိုက်ရသောအခါ သူတို့နှစ်ယောက် ကြက်သေသေသွားကြသည်။

ဤအသုံးအနှုန်းကို သူတို့ မရင်းနှီးကြောင်း ဝန်ခံရပေမည်။

ယဲ့ချန်းက သူတို့နှစ်ယောက်ကို ရှင်းပြလိုက်သည်။

"ကမ္ဘာတစ်ဝှမ်းမှာ နာမည်ကြီးနေတဲ့ ဂိမ်းတချို့ရှိတယ်။ 'အမည်မသိဂိမ်းစစ်မြေပြင်'တို့၊ 'ဘုရင့်အာဏာ'တို့က နောက်ပိုင်းမှာ ပြိုင်ဆိုင်မှုပြင်းထန်လာမှာ။ အဲဒီလိုဆိုရင် E-sportsကလည်း လုပ်ငန်းနယ်ပယ်တစ်ခု ဖြစ်လာလိမ့်မယ်"​​

လင်းရှစ်ယင်နှင့် ကျောက်ရှောင်ချန်းတို့မှာ နားလည်တစ်ဝက်၊ နားမလည်တစ်ဝက်ပင်။

ကျောက်ရှောင်ချန်းက စိုးရိမ်တကြီးပြောလိုက်၏။

"မစ္စတာယဲ့... ဂိမ်းမေဂျာဆိုတာက ဟွားနိုင်ငံမှာရော ကမ္ဘာပေါ်မှာပါ အစဉ်အလာမရှိပါဘူး။ ကျွန်မတို့ရဲ့လုပ်ရပ်ကို ကျောင်းသားတွေ မိဘတွေနဲ့ လူ့အဖွဲ့အစည်းဘက်က ဝေဖန်လာမှာသေချာတယ်"

ယဲ့ချန်း ပြုံးလိုက်မိသည်။

"ငါတို့က ဆန်းသစ်ချင်မှတော့ အခက်အခဲတွေကြုံရမှာလည်း ရှောင်လွှဲလို့မရဘူး။ ဒီလမ်းကြောင်းက မမှားဘူးလို့ ငါယုံတယ်။ ကျောင်းသားတွေကို ချက်ချင်းအကြောင်းကြားလိုက်"

ယဲ့ချန်း၏ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ သူတို့၏စိတ်ထဲတွင် သံသယများရှိနေကြသော်လည်း လင်းရှစ်ယင်နှင့် ကျောက်ရှောင်ချန်းတို့မှာ သူ့ကို ထောက်ခံကြသည်။

ခဏအကြာတွင် ထိုကျောင်းသားအယောက်နှစ်ဆယ်ကျော်လည်း အသိပေးချက်ကို လက်ခံရရှိလိုက်သည်။

အဆောင်ထဲတွင် မျက်ကွင်းညိုနေသော ကျောင်းသားတစ်ယောက်က ကွန်ပျူတာဖန်သားပြင်ကို စိုက်ကြည့်နေသည်။

သူ့လက်ချောင်းများက ကီးဘုတ်ပေါ်တွင် ပြေးလွှားနေချေသည်။

အပြင်တွင် ဘာဖြစ်ဖြစ် သူနှင့် မသက်ဆိုင်သလိုပင်။ ဂိမ်းကမ္ဘာထဲတွင်သာ လုံးဝနစ်မြုပ်နေသည်။

ထိုကောင်လေး၏နာမည်က စွန်းကျယ်ဖြစ်ပြီး သူသည် သူဌေးသားတစ်ယောက်ပင်။ ကျောင်းသားများအကြား သူသည် ကောင်းကောင်းဂရုစိုက်ခံရသည်။

စွန်းကျယ်၏ အကြီးမားဆုံးဝါသနာမှာ ဂိမ်းများပင်။

သူသည် ကျောင်းသားကောင်းတစ်ယောက် ဖြစ်ခဲ့ပါသော်လည်း ဂိမ်းစွဲသွားပြီးကတည်းက သူ့အဆင့်များက ထိုးကျသွားခဲ့သည်။

ဆရာများနှင့် ကျောင်းသားများက ဂိမ်းကစားခြင်းကို တားမြစ်ခဲ့သော်လည်း သူကတော့ အတန်းလစ်ကာ အင်တာနက်ဆိုင်ကိုသွားခဲ့သဖြင့် ခဏခဏအရိုက်ခံခဲ့ရသည်။

သို့သော် ဂိမ်းကစားခြင်းကို သူ အလွန်နှစ်သက်သည်။

အဆုံးတွင် သူ့မိဘများက မတတ်သာတော့သည့်အဆုံး သူ့ကို လွှတ်ပေးထားလိုက်ကြသည်။

စတားတက္ကသိုလ်ကြောင့်သာမဟုတ်ပါက စွန်းကျယ်မှာ တက္ကသိုလ်တက်ခွင့်ပင် ရမည်မဟုတ်ချေ။

လက်ခံကြောင်းစာကျလာပြီးနောက် သူ့မိဘများမှာ အပျော်လွန်ခဲ့ကြသည်။

အနည်းဆုံးတော့ သူတို့သားလေးက တက္ကသိုလ်ကျောင်းသားတစ်ယောက် ဖြစ်လာလေပြီ။

တက္ကသိုလ်တွင်မူ သူပြောင်းလဲသွားလိမ့်မည်ဟု မျှော်လင့်ထားခဲ့ကြသည်။ အနည်းဆုံးတော့ အပေါင်းအသင်းနည်းနည်းလောက် ထားဖို့ပင်။

သို့သော် တက္ကသိုလ်ကို ရောက်ပြီးနောက် စွန်းကျယ်သည် အိပ်ခန်းထဲတွင် ကိုယ့်ကိုယ်ကိုယ်ပိတ်လှောင်ထားပြီး အစာစားချိန်ကလွဲ၍ အချိန်အများစုကို ဂိမ်းကစားရင်း ဖြတ်သန်းနေတော့သည်။

သူသည် အမည်မသိဂိမ်းစစ်မြေပြင်ဂိမ်းကို သဘောကျသည်။ သူ့ကို ဂိမ်းထဲတွင် 'စနိုက်ပါနတ်ဘုရား'ဟု လူသိများသည်။

လက်တွေ့ဘဝတွင် သူသည် လူထူးဆန်းတစ်ယောက်ဖြစ်၏။ သို့သော် ဂိမ်းထဲတွင်မူ အကြည်ညိုခံရသော နတ်ဘုရားတစ်ပါးပင်။

စွန်းကျယ်မှာ ဤခံစားချက်ကို သဘောကျသည်။

ဂိမ်းတစ်ပွဲကစားပြီးသည်နှင့် စွန်းကျယ်လည်း ကျောင်းဘက်က ကျောင်းအုပ်ကြီးရုံးခန်းထဲသို့ လာပေးရန် အကြောင်းကြားထားသည့် စာကို မြင်လိုက်ရသည်။

ထိုအကြောင်းကြားစာကို မြင်သော် စွန်းကျယ်၏အမူအရာကား ချက်ချင်းပြောင်းလဲသွားသည်။ ကျောင်းအုပ်ကြီးက သူ ဂိမ်းစွဲနေသောကြောင့် ရုတ်တရက်ခေါ်လိုက်ခြင်းလေလား။

​

•••••••••••••••••••

အပိုင်း ၃၂၉ - တစ်ခေတ်ဆန်းခြင်း

စွန်းကျယ်က ဤတက္ကသိုလ်ကို အလွန်သဘောကျသည်။

ကျောင်းအုပ်ကြီးနှင့် တက္ကသိုလ်၏အငွေ့အသက်တို့ကိုလည်း သဘောကျသည်။

ကျောင်းအုပ်ကြိးက သူ့အား ဂိမ်းကမ္ဘာထဲတွင လွတ်လွတ်လပ်လပ်အခြေချခွင့်ပေးထားသည်။ စွန်းကျယ်အနေနှင့် ဤကျောင်းအုပ်ယဲ့ကို အလွန်ကျေးဇူးတင်မိသည်။

ဂိမ်းထဲကထွက်ရန် အင်တင်တင်ဖြစ်မိသော်လည်း လေးစားသမှုတော့ရှိရမည်သာ။ ထို့ကြောင့် ဂိမ်းထဲကထွက်ပြီး ကျောင်းအုပ်ကြီး၏ရုံးခန်းဆီသို့ သွားလိုက်သည်။

လမ်းတစ်လျှောက်တွင် အခြားကျောင်းသားများနှင့်လည်း တွေ့သည်။

သူတို့ကလည်း သူနှင့် အခြေအနေအတူတူပင်။ မျက်ကွင်းညိုကာ ဖိုသီဖတ်သီဖြစ်နေကြသည်။

ထိုလူတစ်သိုက်မှာ အကြည့်ချင်းဖလှယ်လိုက်ကြသည်။ တစ်ယောက်ကိုတစ်ယောက် မသိကြသဖြင့် စကားမပြောဘဲ ကျောင်းအုပ်ရုံးခန်းသို့ အတူထွက်လာခဲ့ကြသည်။

စွန်းကျယ်က ကျောင်းအုပ်ရုံးခန်းသို့ ရောက်လာခဲ့သည်။

ရုံးခန်းက အလွန်ခမ်းနားလှချေသည်။ လသာဆောင်ပြတင်းပေါက်မှ ကြည့်လိုက်လျှင် ကျောင်းဝင်းတစ်ခုလုံးကို မြင်နေရသည်။

ယဲ့ချန်းက စားပွဲရှေ့တွင်ထိုင်နေပြီး သူ့ရှေ့တွင် ကြီးမားလှသော အီလက်ထရောနစ်ဖန်သားပြင်ကြီးတစ်ခုရှိသည်။

ကျောင်း၏ထောင့်တစ်နေရာချင်းစီတိုင်းကို သူမြင်နေရသည်။

ထိုအချိန်တွင် ကျောင်းအုပ်ရုံးခန်းထဲ၌ ကျောင်းသားအယောက်နှစ်ဆယ်ကျော် ရောက်နေလေပြီ။

လူတိုင်း၏စိတ်အခြေအနေကား အတူတူပင်။

အဆုံးတွင်မူ လူအရေအတွက်ရေကြည့်လိုက်ရာ စုစုပေါင်း၂၈ယောက်ရှိ၏။

ဤကျောင်းသားများမှာ သူတို့အဆောင်ထဲရှိ ဂိမ်းစွဲနေကြသော ကျောင်းသားများပင်။

ဤကျောင်းသားများက ဖွင့်ပွဲအခမ်းအနားတွင် ပါဝင်ခဲ့ကြသဖြင့် ယဲ့ချန်းကို ကောင်းကောင်းသိကြသည်။

ယဲ့ချန်းက ဤကျောင်းသားများကို ပြုံးစစဖြင့်ကြည့်ပြီး ပြောလိုက်၏။

"ကဲ အားနာမနေကြနဲ့။ အားလုံးပဲ ထိုင်ကြပါဦး"

ယဲ့ချန်းက အလွန်ဖော်ရွေကြင်နာနေသဖြင့် လူတိုင်း အံ့အားသင့်သွားကြသည်။

ယဲ့ချန်းက သူတို့ထက် အသက်သိပ်မကြီးချေ။ အရေးအကြီးဆုံးမှာ သူသည် ကျောင်းအုပ်တစ်ယောက်လို ဟိတ်ဟန်မျိုးမရှိပေ။

ယဲ့ချန်းက ဘေးအိမ်က အစ်ကိုကြီးတစ်ယောက်အလားပင်။

ယဲ့ချန်းက ပြုံး၍ ပြောလိုက်၏။

"ငါ မင်းတို့ကို ဒီနေ့ ဒီနေရာကိုခေါ်လိုက်တာက မင်းတို့ ဂိမ်းကစားတဲ့ကိစ္စကြောင့်ပဲ"

ယဲ့ချန်း၏စကားကိုကြားသော် စွန်းကျယ်၏ရင်ထဲ ထိတ်ခနဲဖြစ်သွားရသည်။

သူအကြောက်ဆုံးအရာကား ဖြစ်လာလေပြီ။

စွန်းကျယ်သာမက အခြားကျောင်းသားများလည်း မျက်နှာပျက်သွားကြသည်။

တကယ်တမ်းတွင် သူတို့အားလုံး ရတက်မအေးဖြစ်နေကြသည်။

တက္ကသိုလ်ကို ရောက်လာပြီးကတည်းက သူတို့ ဘာဗဟုသုတအသစ်များကိုမှ မသင်ယူဘဲ အဆောင်ခန်းထဲတွင် အောင်းကာ နေ့တိုင်း ဂိမ်းကစားနေခဲ့ကြသည်။

ကျောင်းဘက်က ထိုကိစ္စနှင့်ပတ်သက်ပြီး ဘာမှထုတ်မပြောဖူးသော်လည်း သူတို့ကတော့ စိုးရိမ်နေဆဲသာ။

သူတို့အနေနှင့် စတားတက္ကသိုလ်အပေါ် ခံစားချက်ကောင်းများ ရှိကြသည်။ သူတို့အားလုံး ဤတက္ကသိုလ်ကို သဘောကျကြသည်။

ဤပတ်ဝန်းကျင်ကိုသဘောကျပြီး ဤလေထုကိုလည်း သဘောကျသည်။

ထို့ပြင် သူတို့သည် ဂိမ်းကစားနေသောကြောင့် ပညာရေးပိုင်းတွင် နောက်ကျကျန်ရစ်နေခဲ့ကြသည်။ အဓိပ္ပာယ်ကား သူတို့၏တက္ကသိုလ်တက်နိုင်ခြေက အလွန်နည်းပါးလှသည်။

ထို့ကြောင့် တက္ကသိုလ်တက်ရောက်ခွင့်ရခဲ့သည့် ဤအခွင့်အရေးကို သူတို့ မြတ်နိုးသည်။

ယခုမူ ယဲ့ချန်းက သူတို့အား ဂိမ်းကစားသောကြောင့် ခေါ်ထားသဖြင့် သူတို့ရင်ထဲ ဝိရောဓိဖြစ်နေချေသည်။

သူတို့အနေနှင့် ဂိမ်းကိုစွန့်လွှတ်ရမည်ဆိုလျှင် စွန့်လွှတ်နိုင်မည်မဟုတ်။

အကယ်၍ စတားတက္ကသိုလ်က ထွက်ရမည်ဆိုပါကလည်း ထွက်နိုင်မည်မဟုတ်ချေ။

ယဲ့ချန်းက သူတို့၏အတွေးကို ဖောက်ထွင်းမြင်နေဟန်ဖြင့် ခပ်ဖွဖွပြုံးပြီး ပြောလိုက်၏။

"ငါ မင်းတို့ကိုခေါ်လိုက်တာက ဝေဖန်အပြစ်တင်ဖို့ မဟုတ်ပါဘူး။ မင်းတို့နဲ့ ဆွေးနွေးစရာရှိလို့"

တည်ငြိမ်လှသော ယဲ့ချန်း၏လေသံကို ကြားလိုက်ရသောအခါ လူတိုင်း အံ့ဩမှင်တက်သွားကြသည်။

သူတို့အမြင်တွင် ယဲ့ချန်းက သူတို့အား ဂိမ်းကစားရင်း အချိန်ဖြုန်းနေသည်ဟု ပြစ်တင်မာန်မဲသင့်သည်မဟုတ်လားဟု တွေးမိသည်။

ဂိမ်းကစားခြင်းက သူတို့၏အနာဂတ်ကို ထိခိုက်စေနိုင်သည့်အတွက် ဆူပူသင့်သည်မဟုတ်လော။

ကျောင်းသားများအားလုံး ယဲ့ချန်းကို ကြည့်လိုက်ကြသည်။ သူတို့မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးနေဟန် အရိပ်အယောင်တစ်ခု ယှက်သန်းနေသည်။

ကျောင်းအုပ်ကြီးဘက်က ဘာကိုဆိုလိုချင်သလဲဆိုသည်ကို သူတို့ နားမလည်ပေ။

ယဲ့ချန်းက လူတိုင်းကိုကြည့်၍ မေးလိုက်သည်။

"မင်းတို့ ဘာလို့ဂိမ်းကစားလဲဆိုတာ ပြောပြပေးပါ့လား"

ယဲ့ချန်း၏မေးခွန်းကို ကြားသောအခါ ကျောင်းသားတော်တော်များများ အံ့ဩမှင်တက်သွားသည်။

ဘာလို့လဲဆိုတော့ ဂိမ်းကစားရတာ ကြိုက်လို့ပေါ့...

ကျောင်းအုပ်ကြီးက ရူးနှမ်းလှသည့် ဤမေးခွန်းကို ဘာကြောင့်မေးရလေသလဲ။

ယဲ့ချန်းက စွန်းကျယ်ကိုကြည့်၍ ပြောလိုက်သည်။

"စွန်းကျယ်.. မင်းအရင်ဖြေကြည့်"

စွန်းကျယ်က ခဏမျှစဉ်းစားကြည့်လိုက်သည်။

"ဂိမ်းထဲမှာ လေးစားခံရလို့ပါ။ ကျွန်တော်က ဂိမ်းထဲမှာ အရာအားလုံးကို ထိန်းချုပ်နိုင်တဲ့ခံစားချက်ကို သဘောကျတယ်"

စွန်းကျယ်၏အဖြေကို ကြားလိုက်ရချိန်တွင် ယဲ့ချန်းလည်း ခေါင်းတညိတ်ညိတ်လုပ်၍ တခြားကျောင်းသားများကို ပြောလိုက်၏။

"ဂိမ်းကို ပရော်ဖက်ရှင်နယ်အလုပ်အကိုင်တစ်ခုအဖြစ် သဘောထားဖို့ စဉ်းစားဖူးလား"

ယဲ့ချန်း၏စကားကြောင့် ကျောင်းသားအားလုံး မှင်တက်သွားလေသည်။

ဂိမ်းကို ပရော်ဖက်ရှင်နယ်အလုပ်အကိုင်တစ်ခုအဖြစ် သဘောထားမတဲ့လား။

သူတို့စိတ်ထဲတွင် ဂိမ်းကစားခြင်းမှာ အချိန်ဖြုန်းခြင်းသက်သက်သာ။ ဂိမ်းကစားခြင်းက အနာဂတ်လည်း မရှိသလို အလားအလာလည်း မရှိချေ။

ပရော်ဖက်ရှင်နယ်အလုပ်အကိုင်တစ်ခုလား..

ဂိမ်းကစားခြင်းက ပရော်ဖက်ရှင်နယ်အလုပ်အကိုင်တစ်ခု ဖြစ်နိုင်ပါသလား။

ဂိမ်းကစားခြင်းက ပိုက်ဆံရှာနိုင်ပါသလား..

စွန်းကျယ်ခမျာ ယဲ့ချန်း၏စကားကြောင့် လုံးဝကြောင်အသွားသည်။

ဤအကြောင်းအရာက သူ့အား ဦးနှောက်ခြောက်စေသည်။

စွန်းကျယ်သာမက အခြားကျောင်းသားများလည်း ကြောင်အနေကြသည်။

ဘယ်ကုမ္ပဏီကများ ဂိမ်းကျွမ်းကျင်ရေးပညာရှင်တစ်ယောက်ကို အလုပ်ခန့်မည်နည်း။ ကျောင်းအုပ်ကြီးက သူတို့အား လာနောက်နေလေသလား။

ကျောင်းအုပ်ကြီးက နောက်နေသည်ဟုသာ စွန်းကျယ် တွေးလိုက်မိသည်။ အခြားကျောင်းသားများကလည်း ဂိမ်းကစားခြင်းကို အလုပ်အကိုင်တစ်ခုအဖြစ် မြင်မရပေ။

ယဲ့ချန်းက ကြောင်အနေသော သူတို့၏အမူအရာကို လျစ်လျူရှု၍ ပြောလိုက်၏။

"ကျောင်းက e-sportsမေဂျာတစ်ခု ထောင်မလို့။ စိတ်ဝင်စားတဲ့လူရှိလား"

ယဲ့ချန်း၏စကားကို ကြားသောအခါ ကျောင်းသားအားလုံး အစပိုင်းတွင် အံ့အားသင့်သွားကြသော်ငြား နောက်တော့ ပျော်ရွှင်မြူးတူးနေဟန်အမူအရာများက သူတို့မျက်နှာထက်ဝယ် အထင်းသားပင်။

စွန်းကျယ်လည်း နားမလည်နိုင်ဟန်ဖြင့် မေးလိုက်မိသည်။

"ကျောင်းအုပ်ကြီး.. ကမ္ဘာပေါ်မှာ e-sportsမေဂျာလို့ ရှိလို့လား။ အဲဒါက အလုပ်အကိုင်တစ်ခု ဖြစ်လာနိုင်ပါ့မလား"

သူ့စကားများက ကျောင်းသားအားလုံး၏ သံသယကို ကိုယ်စားပြုပေးသည်။

ယဲ့ချန်း ပြုံးလိုက်မိသည်။

"ဒါပေါ့။ နောက်ပိုင်းကျရင် e-sportsက လုပ်ငန်းနယ်ပယ်တစ်ခု ဖြစ်လာလိမ့်မယ်။ ပြိုင်ပွဲအဆင့်ဆင့်လည်း ရှိလာမှာ။ မင်းတို့တွေ နိုင်ငံခြားကို သွားပြီးတော့တောင် နိုင်ငံအတွက် ဂုဏ်ဆောင်နိုင်လိမ့်မယ်"

ယဲ့ချန်း၏စကားကို ကြားသောအခါ လူတိုင်း နဝေတိမ်တောင်ဖြစ်ကုန်ကြသည်။

ဂိမ်းကစားခြင်းက နိုင်ငံအတွက် ဂုဏ်ဆောင်နိုင်သည်ဆိုခြင်းမှာ သူတို့ တစ်ခါမှမတွေးဖူးသော ကိစ္စတစ်ရပ်ပင်။

ယဲ့ချန်းက ဤကျောင်းသားများကို ကြည့်၍ ပြုံးလိုက်၏။

"မင်းတို့တွေ ဟွားနိုင်ငံရဲ့ ပထမဆုံးပရော်ဖက်ရှင်နယ်ပြိုင်ပွဲဝင်တွေ ဖြစ်ချင်လား"

စွန်းကျယ်၏မျက်ဝန်းအစုံကား လင်းလက်တောက်ပလာသည်။

"ဖြစ်ချင်ပါတယ်"

"ကျွန်တော်လည်း ဖြစ်ချင်ပါတယ်"

"ကျွန်တော်လည်း ဆန္ဒရှိပါတယ်"

ကျောင်းသားများက တစ်ညီတစ်ညာတည်း ပြောလိုက်လေသည်။

စတားတက္ကသိုလ်၏ e-sportsမေဂျာကို တရားဝင်ဖွဲ့စည်းလိုက်ပြီဖြစ်၏။

သူတို့က ဂိမ်းကစားခြင်းကို နှစ်သက်သည်။

သို့သော် သူတို့တွင် ဂုဏ်သိက္ခာရှိပြီး အိပ်မက်များလည်း ရှိ၏။

သူတို့လည်း အထင်သေးမခံချင်ပေ။ ထို့ကြောင့် သူတို့မိဘများကို သူတို့အတွက် ဂုဏ်ယူစေချင်သည်။

ယဲ့ချန်းက သူတိုအား ဤအခွင့်အရေးမျိုး ပေးလာလေသည်။ သူတို့အနေနှင့် ထိုအခွင့်အရေးကို မည်သို့လက်လွှတ်ခံနိုင်မည်နည်း။

"ကောင်းပြီ။ ဒါဆို e-sportsမေဂျာတည်ထောင်ကြောင်း တရားဝင်ကြေညာလိုက်ပြီ"

ထိုအချိန်တွင် စွန်းကျယ်က ဇဝေဇဝါဖြစ်နေဟန်ဖြင့် မေးလိုက်လေသည်။

"ကျောင်းအုပ်ကြီး.. e-sportsဆိုတာက ဘာလဲ"

သူတို့အမြင်တွင် ဂိမ်းကစားခြင်းမှာ အနိုင်အရှုံးရှိသော်ငြား e-sportsနှင့် မသက်ဆိုင်ပေ။

"နောင်အနာဂတ်ကျရင် e-sportsက အားကစားတစ်ခု ဖြစ်လာလိမ့်မယ်။ ပြိုင်ပွဲဝင်တွေအနေနဲ့ ထိုးထွင်းဆင်ခြင်နိုင်စွမ်း၊ မြန်ဆန်တဲ့တုံ့ပြန်မှုနဲ့ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုတွေ ပူးပေါင်းမှုတွေကို လိုအပ်တယ်။ ပရောက်ဖက်ရှင်နယ်ကစားသမားတွေရဲ့ စံနှုန်းကို မီဖို့အတွက် မင်းတို့တွေ ကဏ္ဍအသီးသီးကို မြှင့်တင်ဖို့လိုတယ်"

ယဲ့ချန်းက ယခင်ဘဝတုန်းက e-sportsနှင့်ပတ်သက်သည့် ဗဟုသုတများကို သူတို့အား ဝေမျှပေးလိုက်သည်။

စွန်းကျယ်တို့တစ်သိုက်လည်း လုံးဝအံ့ဩမှင်တက်ကုန်သည်။

ဂိမ်းက ပြိုင်ပွဲတစ်ခု ဖြစ်လာနိုင်သတဲ့လား။ ထိုသို့ဆိုလျှင် အလွန်မိုက်ပေလိမ့်မည်။

"ကျောင်းအုပ်ကြီး.. ခင်ဗျားပြောတဲ့ကိစ္စတွေက တကယ်ဖြစ်လာမှာလား"

ယဲ့ချန်းက ခေါင်းညိတ်ပြလိုက်သည်။

"အခု အင်တာနက်ဆိုင်တွေမှာ အလားတူပြိုင်ပွဲတချို့ လုပ်နေကြတယ်။ e-sportsက လုပ်ငန်းနယ်ပယ်တစ်ခုဖြစ်လာဖို့ သိပ်ကြာမှာမဟုတ်ဘူး။ မင်းတို့တွေက ပထမဆုံးပရော်ဖက်ရှင်နယ်ကစားသမားတွေဖြစ်လာဖို့အတွက် အဆင်သင့်ပြင်ထားဖို့လိုတယ်။ မင်းတို့ရဲ့ခေတ်ကို မင်းတို့ကိုယ်တိုင် ဥဒါန်းရေးထိုးနိုင်လိမ့်မယ်"

သူ့စကားများကြောင့် ကျောင်းသားများအားလုံး ဂိမ်းနှင့်ပတ်သက်သည့် အခြားအမြင်တစ်ခုကို သဘောပေါက်သွားကြသည်။

ယဲ့ချန်း၏စကားများကို နားထောင်ရင်း သူတို့ရင်ထဲတွင် တက်ကြွစိတ်များ ပွက်ပွက်ဆူလာသည်။

e-sportsလောက၏ ရှေ့ဆောင်လမ်းပြများ ဖြစ်လာခြင်းမှာ မည်မျှအံ့ဩဖို့ကောင်းလိုက်မည်နည်း။

သူတို့ တကယ်လုပ်နိုင်ပါ့မလား။

••••••••••••••••••

အခန်း ၃၃၀ - မေးခွန်းထုတ်ခြင်း

စွန်းကျယ်က အသက်ပြင်းပြင်းရှူသွင်း၍ ပြောလိုက်သည်။

"ကျောင်းအုပ်ကြီးယဲ့.. ကျွန်တော်တို့ကို ဒီအခွင့်အရေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ စိတ်မပျက်စေရပါဘူး"

စွန်းကျယ်သာမက အခြားကျောင်းသားများလည်း မျက်လုံးထဲတွင် စိတ်ပိုင်းဖြတ်ထားလေဟန် အရိပ်အယောင်များ အထင်သားပေါ်လွင်နေသည်။

ဤတစ်လျှောက်လုံး သူတို့သည် ဂိမ်းကစားရခြင်းကို သဘောကျ၍သာ ကစားခဲ့ကြသည်။

အခြားလူများ၏အမြင်တွင် သူတို့က အရည်မရအဖတ်မရကိစ္စများတွင် အချိန်ဖြုန်းနေသူများသာ။

ယဲ့ချန်းကမူ သူတို့အား ကမ္ဘာကြီးကို သက်သေပြနိုင်မည့် အခွင့်အရေးတစ်ခုကို ပေးလာလေသည်။ သူတို့အနေနှင့် မကြိုးစားဘဲ ဘယ်နေနိုင်မည်နည်း။

ထို့ပြင် သူတို့သည် မိမိသဘောကျသော ဂိမ်းထဲတွင် အလုပ်အကိုင်လမ်းကြောင်းတစ်ခု ဖန်တီးတော့မည်ဖြစ်၏။

ဤသည်မှာ သူတို့၏အိပ်မက်ပင်။

ယဲ့ချန်းက ဤကျောင်းသားများ၏ စိတ်ပိုင်းဖြတ်ထားသော အကြည့်များကိုမြင်သောအခါ ခေါင်းတညိတ်ညိတ်လုပ်လိုက်သည်။

"ကောင်းတယ်။ အခုလိုခံယူချက်မျိုးရှိတဲ့အတွက် ငါ အရမ်းဝမ်းသာတယ်"

"မင်းတို့က eSportsမေဂျာရဲ့ ပထမဆုံးအသုတ်ကျောင်းသားတွေပဲ"

ကျောင်းဘက်က eSportsမေဂျာကို တည်ထောင်ကြောင်း တရားဝင်ကြေညာလိုက်သည်။

ဤသတင်းက တစ်ကျောင်းလုံးကို အုန်းအုန်းကျက်ကျက်ဖြစ်သွားစေသည်။

ဂိမ်းကစားခြင်းက မေဂျာတစ်ခု ဖြစ်လာနိုင်ပေသည်။ ဤအဖြစ်ကို လူတိုင်း မယုံကြည်နိုင်ကြပေ။

ယဲ့ချန်းက သူတို့အတွက် ပစ္စည်းကိရိယာများပင် ပြင်ဆင်ထားပြီးဖြစ်၏။

"ဒါက မင်းတို့ရဲ့လေ့ကျင့်ရေးအခန်း။ မင်းတို့တွေကို သင့်တော်တဲ့ လေ့ကျင့်ရေးအစီအစဉ်တစ်ခု စဉ်းစားစေချင်တယ်။ မင်းတို့က ပရော်ဖက်ရှင်နယ်eSportsကစားသမားတွေဆိုတော့ ပရော်ဖက်ရှင်နယ်စံချိန်စံနှုန်းတွေအတိုင်း လေ့ကျင့်ရမယ်"

ယဲ့ချန်းက စွန်းကျယ်ကို လှမ်းကြည့်လိုက်သည်။

"စွန်းကျယ်.. ပထမအသုတ်ရဲ့ ခေါင်းဆောင်ရာထူးကို မင်းယူလိုက်။ မင်းက အကုန်လုံးကို ကောင်းကောင်းဦးဆောင်နိုင်မယ်လို့ ငါ မျှော်လင့်ပါတယ်"

အရာအားလုံးကို စီစဉ်ပြီးနောက် ယဲ့ချန်း တစ်ဖက်သို့လှည့်၍ ထွက်ခွာသွားသည်။

လူတိုင်းမှာ လေ့ကျင့်ရေးအခန်းထဲရှိ ကွန်ပျူတာရှေ့တွင် အံ့သြမှင်တက်နေကြသည်။

ဤသည်မှာ အလွန်မိမိုက်လွန်းလှ၏။

ပြိုင်ပွဲဝင်ထိုင်ခုံများနှင့် အသစ်စက်စက်ကွန်ပျူတာများပင်။

"ဝိုး.. ဒီကွန်ပျူတာတွေက ဂိမ်းနတ်ဘုရားဘရန်းတွေပဲ။ အကောင်းဆုံးဂိမ်းကွန်ပျူ​တာတွေ"

"ဒီကီးဘုတ်ကိုကြည့်လိုက်။ ဒါက ငါ တစ်ချိန်လုံးအိပ်မက်မက်နေခဲ့ရတဲ့ ကီးဘုတ်လေး.. အရမ်းမိုက်တာပဲ"

ယဲ့ချန်း သူတို့ကိုပေးထားသော အရာအားလုံးမှာ အကောင်းဆုံးပစ္စည်းများပင်။ သို့သော် သူတို့ ဘယ်အဆင့်သို့ ရောက်နိုင်မလဲဆိုသည်မှာ ကျောင်းသားများ၏ စွမ်းဆောင်ရည်အပေါ် မူတည်ပေသည်။

စွန်းကျယ်လည်း အသက်ပြင်းပြင်းရှူသွင်းလိုက်၏။

"ကျောင်းသားတို့.. ငါတို့ အခုရထားတဲ့ အရာအားလုံးကို ဘယ်သူကပေးထားလဲဆိုတာ ငါတို့အားလုံး မှတ်ထားသင့်တယ်"

"ကျောင်းအုပ်ကြီးယဲ့ပါ"

ကျောင်းသားများ၏ မျက်ဝန်းထဲတွင် ကျေးဇူးတင်နေဟန် အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။

"ဒါဆို ငါတို့ဘာလုပ်ကြမလဲ"

စွန်းကျယ်က ဆက်မေးလိုက်၏။

"ကြိုးကြိုးစားစားလေ့ကျင့်ပြီး ကျောင်းအုပ်ကြီးယဲ့ မျှော်လင့်ထားတဲ့အတိုင်း လုပ်ဆောင်ပြရမှာပါ"

ကျောင်းသားများကလည်း တစ်ညီတစ်ညွတ်တည်း ပြန်ဖြေကြသည်။

စွန်းကျယ်က သူ့ကိုယ်သူ အရင်မိတ်ဆက်လိုက်သည်။ ထို့နောက် အထူးလေ့ကျင့်ရေးအစီအစဉ်တစ်ခုကို ချမှတ်ကြသည်။

သူတို့ အရူးအမူးဂိမ်းကစားခဲ့ကြသည့် ယခင်တုန်းကနှင့် မတူပါဘဲ ဤလေ့ကျင့်ရေးအစီအစဉ်မှာ အလွန်ရည်မှန်းချက်ပြည့်ဝသည်။

နည်းပညာပိုင်းဆိုင်ရာနှင့် ဗျူဟာပိုင်းဆိုင်ရာ လေ့ကျင့်ရေးများ၊ ပြိုင်ဆိုင်မှုပြင်းထန်သော ပွဲစဉ်များ၊ ဗျူဟာဆွေးနွေးမှုများနှင့် ရုပ်ပိုင်းဆိုင်ရာလေ့ကျင့်မှုများပင် ပါရှိသည်။

သူတို့သည် စနစ်တကျလေ့ကျင့်ထားသည့် ပထမဆုံးအသုတ် ပြိုင်ပွဲဝင်ကစားသမားများပင်။

သူတို့ ပထမဆုံးရွေးချယ်ထားသေူ ဂိမ်းမှာ "အမည်မသိစစ်မြေပြင်"ဖြစ်၏။

ဤသည်မှာ ကမ္ဘာအနှံ့တွင် ခေတ်စားနေသော ပြိုင်ဆိုင်မှုပြင်းထန်သည့် ဂိမ်းတစ်မျိုးပင်။ ကမ္ဘာလုံးဆိုင်ရာ ဂိမ်းတစ်ခုပင် ဖြစ်လာနိုင်သည်။

ဂိမ်းကိုရွေးချယ်လိုက်သည်နှင့် ကစားသမားများမှာ မိမိ၏ဝိသေသလက္ခဏာအပေါ် မူတည်၍ ဇာတ်ကောင်များကို ရွေးချယ်ကြရသည်။

သူတို့၏အသင်းမှာ စတားတက္ကသိုလ်ကို အစွဲပြု၍ စတားအသင်းဟု နာမည်ပေးထားသည်။

…

စတားတက္ကသိုလ်တွင် eSportsမေဂျာကို တရားဝင်တည်ထောင်လိုက်ပြီဖြစ်၏။

အဖွဲ့ဝင်များ အားတက်သရောလေ့ကျင့်နေကြသည်ကို ကြည့်ရင်း ယဲ့ချန်းလည်း သက်မချလိုုက်မိသည်။

ယဲ့ချန်းက eSportsမေဂျာနှင့်ပတ်သက်ပြီး အလွန်ယုံကြည်မှုရှိသည်။

ယခုလောလောဆယ်တော့ သူတို့အနေနှင့် လက်ခံနိုင်ဖွယ်ရာ မရှိသေးသော်ငြား ဤကလေးများက ဟွားနိုင်ငံနှင့် တစ်ကမ္ဘာလုံးတွင် လှိုင်းလုံးကြီးတစ်ခုကို ဖန်တီးနိုင်လိမ့်မည်။

ထို့ပြင် ယဲ့ချန်းက eSportsနယ်ပယ်ထဲတွင် အမှတ်သညာတစ်ခု ပြုထားရန် ပြင်ဆင်နေသည်။

eSportsနယ်ပယ်ကား မဖွံ့ဖြိုးသေးသော လုပ်ငန်းနယ်ပယ်တစ်ခုဖြစ်လေရာ အလားအလာကလည်း အကန့်အသတ်မဲ့သည်။

eSportsကို တိုးတက်လာအောင် လုပ်ရန်အတွက် အချိန်ယူဖို့လိုအပ်ပေသည်။

စွန်းကျယ်၏အစွမ်းအစက အလွန်သန်မာလှသည်။ အတန်းတစ်ခုလုံးကို စနစ်တကျစီမံခန့်ခွဲထားသည်။

ကျောင်းသားများမှာ ညဉ့်နက်သည်အထိ မနေကြတော့ဘဲ စနစ်တကျလေ့ကျင့်ကြသည်။

ဤeSportsအတန်းနှင့်ပတ်သက်ပြီး ကျောင်းသားတော်တော်များများက စူးစမ်းချင်နေကြသည်။

ဂိမ်းကစားခြင်းက မေဂျာတစ်ခု မည်သို့ဖြစ်လာနိုင်သလဲဆိုသည်ကို သူတို့ နားမလည်နိုင်ကြပေ။

ဂိမ်းကို နေ့တိုင်းကစားနေကြသော ဤလူတစ်သိုက်အဖို့ မည်သို့သောအနာဂတ်မျိုး ရှိနိုင်မည်နည်း။

စတားတက္ကသိုလ်က အများပြည်သူအတွက် ဖွင့်ပေးထားသည်။

တစ်ခါတစ်ရံတွင် မိုတုမြို့ရှိ အခြားတက္ကသိုလ်ကျောင်းသားများက စတားတက္ကသိုလ်သို့ လာရောက်လည်ပတ်ကြသည်။

သူတို့က စတားတက္ကသိုလ်၏ပတ်ဝန်းကျင်အငွေ့အသက်ကို အလွန်သဘောကျကြသည်။

တကယ်တမ်းတွင် ဖုတန်တက္ကသိုလ်ကျောင်းသားအမြောက်အများက ဖုတန်တက္ကသိုလ်တွင်မဟုတ်ဘဲ စတားတက္ကသိုလ်တွင်သာ အများဆုံးအချိန်ဖြုန်းကြသည်။

ဖုတန်တက္ကသိုလ်၏ ကျောင်းသားရေးရာဒါရိုက်တာစွန်းခိုင်မှာ ဤသတင်းကို ကြားလိုက်ရချိန်ဝယ် အလွန်နားမလည်နိုင်ဖြစ်သွားချေသည်။

စတားတက္ကသိုလ်က ဤကျောင်းသားများကို ဘယ်လိုဆွဲဆောင်နေသလဲဆိုသည်ကို သူ အလွန်သိချင်မိသည်။

ထို့ကြောင့် စွန်းခိုင်လည်း သူကိုယ်တိုင်သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။

စတားတက္ကသိုလ်လို့ ရောက်သောအခါ သူကိုယ်တိုင်ပင် တက္ကသိုလ်၏ ပတ်ဝန်းကျင်အငွေ့အသက်ကြောင့် ဆွဲဆောင်ဖမ်းစားခံလိုက်ရသည်။

အမှန်အတိုင်းပြောရလျှင် စတားတက္ကသိုလ်၏ကျောင်းဝင်းက ဖုတန်တက္ကသိုလ်ထက်ပင် ပိုလှနေသေးသည်။

သို့သော် ကျောင်းဝင်းထဲတွင် စကားပြောလိုက် အက်ငစားသောက်လိုက်လုပ်ရင်း ရယ်မောနေကြသော ကျောင်းသားများကို မြင်သောအခါ စွန်းခိုင်လည်း အေးတိအေးစက်နှာခေါင်းရှုံ့လိုက်မိသည်။

ဤမျှကောင်းမွန်လှသော ကျောင်းဝင်းမျိုးတွင် ဤကျောင်းသားများမှာ အလွန်ပျက်စီးနေကြသည်။

စည်းမဲ့ကမ်းမဲ့နိုင်ပြီး ကျောင်းနှင့်ပင် မတူချေ။

ကျောင်းက ကျောင်းနှင့်မတူတော့ပေ။ ကျောင်းသားများကလည်း ကျောင်းသားများနှင့် မတူတော့ပေ။

သင်ကြားရေးအဆောက်အအုံထဲသို့ လျှောက်လာလိုက်ည့်အခါ မယုံနိုင်စရာကောင်းသော မြင်ကွင်းတစ်ခုကို ရုတ်တရက်မြင်လိုက်ရသည်။

ကျောင်းသားတစ်သိုက်က အတန်းထဲတွင် ပေါ်တင်ဂိမ်းကစားနေကြသည်။

စွန်းခိုင်၏အမြင်တွင် ဂိမ်းများမှာ ထိခိုက်နစ်နာစေနိုင်သည်။

ကျောင်းသားများသာ ဂိမ်းကစားခြင်းကို နှစ်ခြိုက်သွားပါက ပျက်ကိန်းဆိုက်ပြီသာ။

အတန်းထဲတွင် ပေါ်တင်ဂိမ်းကစားနေကြသော ကျောင်းသားတစ်သိုက်ကို မြင်သောအခါ သူ ဒေါသထွက်သွားရသည်။

ဤသည်မှာ ငယ်ရွယ်မှုကို ဖျက်ဆီးနေခြင်းပင်ဖြစ်၏။ ဤကျောင်းအုပ်က ရူးများရူးသွားပြီလား။

ဤသည်မှာ တက္ကသိုလ်မှ ဟုတ်ပါလေစဟုပင် သံသယဖြစ်မိသည်။

ဆရာတစ်ယောက်အနေနှင့် စွန်းခိုင် ဤသို့ဖြစ်ခွင့်မပြုနိုင်ပေ။

ထို့ကြောင့် သူ့ဖုန်းကိုထုတ်ကာ ဤမြင်ကွင်းကို ဓာတ်ပုံရိုက်ယူပြီး အွန်လိုင်းပေါ်တွင် တင်လိုက်၏။

စတားတက္ကသိုလ်ကဲ့သို့သော ကျောင်းမျိုး တည်ရှိနေခြင်းကို စွန်းခိုင် သည်းမခံနိုင်ပေ။

သူ့အမြင်တွင် စာအုပ်များကိုသာပိုက်ပြီး အရုဏ်တက်ချိန်အထိ အင်္ဂလိပ်စာကိုလေ့လာပြီး ညဘက်ကိုယ်ပိုင်စာကြည့်ချိန်တွင် ပြင်းပြင်းထန်ထန်စာလေ့လာခြင်းကသာ တက္ကသိုလ်ကျောင်းသားများ လုပ်သင့်သည့်အရာပင်။

သီချင်းနားထောင်ခြင်း၊ အစားအသောက်များချက်ပြုတ်ခြင်း၊ ဂိမ်းကစားခြင်းတို့ဖြင့် အချိန်ဖြုန်းနေကြသတဲ့။ ဤကျောင်းသားများမှာ မည်သို့သောကျောင်းသားများလေလဲ။

ဤသည်ကို တက္ကသိုလ်ဟု ခေါ်ထိုက်ရဲ့လား။

ယခုမူ စတားတက္ကသိုလ်ကို စွန်းခိုင် လက်ပူးလက်ကြပ်ဖမ်းမိလေပြီ။

ဤဗီဒီယိုကို အွန်လိုင်းပေါ်သို့ တင်လိုက်သည်နှင့် ယဲ့ချန်း ဒုက္ခရောက်တော့မည်ဖြစ်ကြောင်း သူ ယုံကြည်ထားသည်။

စတားတက္ကသိုလ်၏ ဂုဏ်သတင်းလည်း ပျက်စီးရချေမည်။

စွန်းခိုင်က ဗီဒီယိုရိုက်ယူပြီးနောက် ဖုတန်တက္ကသိုလ်ရှိ သူ့ရုံးခန်းကို ပြန်လာခဲ့လိုက်သည်။

သေချာစဉ်းစားပြီးနောက် စွန်းခိုင်လည်း စာတစ်ကြောင်းရေးလိုက်သေးသည်။

"စတားတက္ကသိုလ်က ဂိမ်းကစားနေတဲ့ကျောင်းသားတွေကို အလိုလိုက်ထားတယ်။ ဒီလိုတက္ကသိုလ်မျိုးက လူငယ်တွေကို ဖျက်ဆီးနေတာပဲ။ ဒီလိုကျောင်းအုပ်မျိုးက တကယ့်ကိုကျက်သရေမရှိတဲ့လူပဲ"

မကြာခင်မှာပင် ဤဗီဒီယိုသည် ရေပန်းစားသွားခဲ့သည်။ စတားတက္ကသိုလ်၏ eSportsမေဂျာကလည်း လူပြောများသော အကြောင်းအရာတစ်ခု ဖြစ်လာခဲ့သည်။

နာရီဝက်အတွင်းမှာပင် ကြည့်ရှုသူတစ်သန်းကျော်သွားခဲ့သည်။

ဤဗီဒီယိုကား အွန်လိုင်းပေါ်ရှိ နေရာအစုံတွင် ပျံ့နှံ့သွားသည်။

လက်ရှိအချိန်တွင် လူအများက ဂိမ်းကစားခြင်းကို ဘာအနာဂတ်မှမရှိဘူးဟု မြင်နေကြဆဲသာ။ ဂိမ်းကစားခြင်းမှာ ရည်မှန်းချက်ကို ဖြုန်းတီးခြင်းသက်သက်ဟုသာ မြင်ကြသည်။ ထို့ပြင် ဂိမ်းကစားသည့် ကလေးများကလည်း လိမ္မာရေးခြားရှိသောကလေးများ မဟုတ်ဘူးဟု ထင်ကြ၏။

ထို့ကြောင့် အွန်လိုင်းပေါ်တွင် အပြင်းအထန်ဝေဖန်ကြလေတော့သည်။

"ဝိုး.. ကမ္ဘာပေါ်မှာ ဒီလိုတက္ကသိုလ်မျိုးလည်း ရှိသေးတာပဲ"

"ဒါက လူငယ်တွေကို ဖျက်ဆီးနေတာမဟုတ်ဘူးလား"

"ကျောင်းက ကျောင်းသားတွေကို ဂိမ်းကစားခွင့်ပေးထားတာပဲ။ ဒါက ကျောင်းသားတွေကို ထိခိုက်စေတယ်မဟုတ်လား"

"ဒီလိုတာဝန်မဲ့တဲ့ကျောင်းမျိုးလည်း ရှိတာပဲလား။ လူငယ်တွေကို ဖျက်ဆီးနေကြတာပဲ"

"ပညာရေးဝန်ကြီးဌာနက ဒီကိစ္စကို အရေးမလုပ်ဘူးလား"

…

လူုတိုင်းနီးပါးက စတားတက္ကသိုလ်ကို ဝေဖန်ပြစ်တင်နေကြသည်။

အွန်လိုင်းပေါ်ရှိ ဝေဖန်မှုများကို မြင်သောအခါ စွန်းခိုင်ခမျာ ပို၍ပင်မာန်တက်သွားလေသည်။

ထိုကျောင်းသားမိဘများလည်း ဤဗီဒီယိုကို မကြာခင်မြင်သွားကြလိမ့်မည်။

မိဘများက သူတို့သားသမီးများ ကျောင်းတွင် ဂိမ်းကစားနေသည်ကို မည်သို့ခွင့်ပြုပေးနိုင်မည်နည်း။ သူ တွေးလိုက်မိသည်။ ထိုမိဘများက စတားတက္ကသိုလ်နှင့် ကျောင်းအုပ်ကြီးကို အသာလွှတ်ပေးထားမည်မဟုတ်ချေ။

စတားတက္ကသိုလ်တဲ့လား။ ယဲ့ချန်းတဲ့လား။

ကျောင်းသားများက ပြဿနာရှာလာသဖြင့် သက်ဆိုင်ရာဌာနများဘက်က လှုပ်ရှားလာသည့်အခါ ဤကျောင်းစုတ်လည်း မည်သို့ဆက်လည်ပတ်နိုင်ဦးမလဲဆိုသည်ကို သူ ကြည့်ချင်သေးသည်။

All Chapters