← Chapters

အခန်း (၉၉၁-၉၉၃)

Vol. 67 Ch. 991-993

အခန်း (၉၉၁-၉၉၃)

Vol. 67 Ch. 991-993

အခန်း (၉၉၁) သရဲတစ္ဆေ စစ်တုရင် ပညာရှင်

ထို့နောက်တွင် ရွှယ်အန်း၏ တစ်ကိုယ်တော် စွမ်းရည်ပြပွဲကြီး စတင်လာလေတော့သည်။

ငါးဆင့်၊ ခြောက်ဆင့်၊ ခုနစ်ဆင့်...

လူအများ၏ အံ့အားသင့်မှင်သက်နေသော မျက်လုံးများအောက်တွင် ရွှယ်အန်းသည် ရှစ်ဆင့်မြောက်အထိ အရှိန်အဟုန်ပြင်းစွာ ဖြတ်ကျော်လာခဲ့ပြီး စစ်တုရင်ပညာရပ်၏ အထွတ်အထိပ်ဖြစ်သော ကိုးဆင့်မြောက် အကဲဖြတ်စစ်ဆေးမှု ရှေ့မှောက်သို့ တန်းတန်းမတ်မတ် ရောက်ရှိလာခဲ့လေသည်။

ထိုသတင်းကား လေထက်ပင် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီဖြစ်သည်။ ထျန်းကျောက် ကြယ်တာရာနယ်မြေတစ်ခုလုံး လှုပ်လှုပ်ရွရွ ဖြစ်သွားခဲ့ရသည်။ ကိုးဆင့်မြောက် အကဲဖြတ်မှု မစတင်မီတွင် လွတ်နေသော နေရာလပ်၌ လာရောက်ကြည့်ရှုသူများဖြင့် ပြည့်နှက်နေပြီး လေတိုးပေါက်မရှိအောင် ကြပ်ညပ်နေလေတော့သည်။ လူအများသည် တစ်ယောက်နှင့်တစ်ယောက် တီးတိုးပြောဆိုကာ ထင်ကြေးအမျိုးမျိုး ပေးနေကြသည်။ သူတို့သည် အကဲဖြတ်စစ်ဆေးမည့် နေရာရှေ့တွင် ရပ်နေသော ရွှယ်အန်းကို ရံဖန်ရံခါ ရှုပ်ထွေးသော မျက်နှာထားများဖြင့် လှမ်းကြည့်မိကြသည်။

ရွှယ်အန်း၏ လက်ရှိ အောင်မြင်မှုရလဒ်သည် လူများစွာ၏ ပါးကို ဖြတ်ရိုက်လိုက်သည့်ပမာ အထိနာစေခဲ့သည်ဟု ဆိုနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ရှေးယခင်မှ ယနေ့အထိ မည်သည့် စစ်တုရင်ပညာရှင်မှ ဤမျှတိုတောင်းသော အချိန်အတွင်း အဆင့်ရှစ်ဆင့်ကို ဆက်တိုက် ဖြတ်ကျော်နိုင်ခြင်း မရှိခဲ့ဖူးသောကြောင့် ဖြစ်၏။ ဤအချက်က ရွှယ်အန်းတွင် ထူးကဲသော အစွမ်းအစ အမှန်တကယ် ရှိကြောင်း သက်သေပြလိုက်ခြင်းဖြစ်သည်။

ယခင်က ရွှယ်အန်းကို လှောင်ပြောင်ကဲ့ရဲ့ခဲ့သူများသည် ယခုအခါ ရှက်ရွံ့မှုကြောင့် မျက်နှာများ ပူထူနေကြပြီး စကားတစ်ခွန်းမျှပင် မဟရဲကြတော့ပေ။ ထိုအချိန်၌ ရွှယ်အန်းသည် ခမ်းနားထည်ဝါသော ကိုးဆင့်မြောက် အကဲဖြတ်ရာနေရာကို မော့ကြည့်လိုက်ပြီး ဖျော့တော့စွာ ပြုံးလျက် ရှေ့သို့ ခြေတစ်လှမ်း တိုးဝင်လိုက်လေသည်။

ထိုမြင်ကွင်းကြောင့် လူတိုင်း အံ့သြမှင်သက်သွားကြရသည်။

"ဘုရားရေ... သူက တကယ်ပဲ ကိုးဆင့်မြောက်ကို စိန်ခေါ်တော့မှာလား"

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

"နည်းနည်းတော့ လွန်လွန်းနေပြီ မဟုတ်ဘူးလားကွာ"

ရွှယ်အန်း၏ လုပ်ရပ်သည် ဆူပွက်နေသော ဆီအိုးထဲသို့ ရေအေးလောင်းထည့်လိုက်သကဲ့သို့ တစ်ကွင်းလုံးကို ဆူညံပွက်လောရိုက်သွားစေသည်။ အဆင့်ကိုး ဆိုသည်မှာ မည်သို့သော အဓိပ္ပာယ်ရှိသည်ကို လူတိုင်း ကောင်းစွာ နားလည်ကြသောကြောင့် ဖြစ်သည်။ ယခင် အဆင့်ရှစ်ဆင့်နှင့် မတူဘဲ အဆင့်ကိုးတွင် မိမိကိုယ်ကို သက်သေပြရန်အတွက် စစ်တုရင် ဝိညာဉ်များနှင့် ကစားရခြင်း မဟုတ်တော့ဘဲ လူအစစ်များနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ထိုလူများသည်လည်း သာမန်လူများ မဟုတ်ဘဲ အတွေ့အကြုံ ရင့်ကျက်သော စစ်တုရင် ပညာရှင်ကြီးများ ဖြစ်ကြသည်။

ထို့ကြောင့် အဆင့်ကိုးဆိုသည်မှာ လူများစွာအတွက် ကျော်ဖြတ်ရန် ခက်ခဲသော ချောက်ကမ်းပါးကြီး တစ်ခုသဖွယ် ဖြစ်နေခဲ့သည်။ ငယ်စဉ်ကတည်းက ကြိုးစားလေ့ကျင့်ခဲ့သော ဉာဏ်ကြီးရှင်များပင်လျှင် အဆင့်ကိုးကို ဖြေဆိုရန် အချိန်များစွာ ယူပြီး ပြင်ဆင်ကြရသလို ထိုသို့ ပြင်ဆင်ပြီးသည့်တိုင် အောင်မြင်မည်ဟု အာမခံချက် မရှိပေ။ ယခုတွင်မူ ရွှယ်အန်းသည် အဆင့်ရှစ်ဆင့်ကို ဖြတ်ကျော်ပြီး ပင်ပန်းကြီးစွာ ကစားပွဲ တစ်ဒါဇင်ကျော် ယှဉ်ပြိုင်ခဲ့ရသော်လည်း အနားမယူဘဲ အဆင့်ကိုးသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားခဲ့ခြင်း ဖြစ်သည်။ လူအများက ရွှယ်အန်းမှာ မောက်မာလွန်းသည်ဟု တွေးကာ တိတ်တဆိတ် ခေါင်းခါလိုက်ကြသည်။

သီယွမ်လုံသည် အဝေးတစ်နေရာရှိ စင်မြင့်ထက်မှ ကျန်းထျန်ယွေ့ကို လှမ်းကြည့်လိုက်ပြီး သဘောထား တောင်းခံလိုက်သည်။ ကျန်းထျန်ယွေ့၏ နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားပြီး အေးစက်စွာ ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။ သီယွမ်လုံ၏ မျက်နှာတွင် ဝမ်းသာရိပ်များ ယှက်သန်းသွားပြီး ကျန်းထျန်ယွေ့က အစီအစဉ်များ ပြုလုပ်ထားပြီးဖြစ်ကြောင်း နားလည်လိုက်သည်။ အမှန်တကယ်ပင် ဖြစ်သည်။

ရွှယ်အန်း အဆင့်ကိုး အကဲဖြတ်ရာ နေရာသို့ ဝင်ရောက်သွားသည်နှင့် တပြိုင်နက် စစ်တုရင် အကယ်ဒမီ၏ တံခါးများ ပွင့်ဟသွားပြီး မုတ်ဆိတ်မွေးနှင့် တင်းမာသောမျက်နှာထားဖြင့် အကြီးအကဲတစ်ဦး ထွက်လာခဲ့လေသည်။

ထိုအကြီးအကဲသည် ထွက်လာသည်နှင့် တစ်ကွင်းလုံးကို ဝေ့ဝဲကြည့်ရှုလိုက်ပြီး အလယ်တွင် ရပ်နေသော ရွှယ်အန်းကို မြင်သောအခါ နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး သူ့ထံသို့ လျှောက်လာသည်။ လူအုပ်ကြီးမှာ ကနဦး တိတ်ဆိတ်သွားပြီးနောက် ဆူညံသွားကြသည်။

"ဟိုမှာကြည့်... စစ်တုရင် အကယ်ဒမီက အကြီးအကဲ ကျူဖေးကိုယ်တိုင် ထွက်လာပြီး စစ်ဆေးမှာလား"

"သွားပြီ... ဒီတစ်ခါတော့ အဲ့ကောင်လေး ရွှယ်အန်း ဒုက္ခရောက်ပြီပဲ"

လူများစွာသည် သူတစ်ပါး ဒုက္ခရောက်သည်ကို ကျေနပ်သည့် မျက်လုံးများဖြင့် ရွှယ်အန်းကို ကြည့်နေကြသော်လည်း ရွှယ်အန်းအပေါ် အမြင်ကြည်သူများကမူ နှမြောတသစွာ ခေါင်းခါနေကြသည်။

အဘယ်ကြောင့်ဆိုသော် ထိုဆိတ်မုတ်ဆိတ်မွေးနှင့် အဘိုးအိုမှာ စစ်တုရင် အကယ်ဒမီမှ အလွန်အစွမ်းထက်သော အကြီးအကဲ ကျူဖေးဖြစ်နေသောကြောင့်ဖြစ်သည်။ သူသည် ငယ်ရွယ်စဉ်ကတည်းက ကျော်ကြားခဲ့ပြီး သူ၏ ရက်စက်သော ကစားကွက်များကြောင့် သရဲတစ္ဆေ စစ်တုရင် ပညာရှင် ဟု တင်စားခေါ်ဝေါ်ခြင်း ခံရသူဖြစ်သည်။

ပုံမှန်အားဖြင့် အဆင့်ကိုး စစ်ဆေးမှုများကို သာမန် အဆင့်ကိုးပညာရှင်များကသာ ပြုလုပ်လေ့ရှိပြီး စစ်တုရင် အကယ်ဒမီမှ အကြီးအကဲများ ကိုယ်တိုင် စစ်ဆေးသူအဖြစ် ထွက်လာခဲလှသည်။ ဤအချက်က ရွှယ်အန်း ကံဆိုးနေပြီ ဖြစ်ကြောင်း သက်သေပြနေသည်။ ထိုအချိန်တွင် ပွဲကြည့်စင်ထက်ရှိ ကျူကောရွှမ်ချင်း၏ မျက်နှာထားမှာ တဖြည်းဖြည်း မည်းမှောင်သွားသည်။ ဉာဏ်နီဉာဏ်နက်များသော စစ်တုရင်ပညာရှင် ကျူဖေးနှင့် ယှဉ်ပြိုင်ရမည်ဆိုပါက သူမ ကိုယ်တိုင်ပင် နိုင်မည်ဟု အာမခံချက် မရှိပေ။

ထို့အပြင် ရွှယ်အန်းသည် ပွဲပေါင်း တစ်ဒါဇင်ကျော် ကစားခဲ့ရပြီးဖြစ်သဖြင့် စွမ်းအင်များစွာ ကုန်ခမ်းနေပြီ ဖြစ်သည်။ ယခုကဲ့သို့ စစ်တုရင် အကယ်ဒမီ အကြီးအကဲ ရုတ်တရက် ထွက်ပေါ်လာခြင်းမှာ သေချာပေါက် တစ်စုံတစ်ယောက်က နောက်ကွယ်မှ နှောင့်ယှက်နေခြင်း ဖြစ်သည်။

ထိုသို့ တွေးမိပြီး ကျူကောရွှမ်ချင်းသည် အဝေးမှ ကျန်းထျန်ယွေ့ကို လှမ်းကြည့်လိုက်သည်။ ကျန်းထျန်ယွေ့က သူမ၏ အကြည့်ကို ခံစားမိပုံရပြီး သူမဘက်သို့ ခေါင်းအနည်းငယ် ညိတ်ပြကာ မာန်တက်သော အပြုံးဖြင့် ပြန်ကြည့်နေသည်။ ကျူကောရွှမ်ချင်း၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားသည်။

ဒီကိစ္စကို နောက်ကွယ်က ကြိုးကိုင်နေတာ တကယ်ပဲ သူကိုး...

သို့သော် အခြေအနေများက ဤသို့ဖြစ်လာပြီဖြစ်ရာ ကျူကောရွှမ်ချင်းအနေဖြင့် ဝမ်းနည်းစွာ သက်ပြင်းချရုံသာ တတ်နိုင်တော့သည်။

ဒီတစ်ကြိမ်တော့ သူ တကယ်ပဲ ရှုံးတော့မယ့်ပုံပဲ...

ယခင် အဆင့်ရှစ်ဆင့်တွင် ရွှယ်အန်းက သူ၏ အစွမ်းအစကို သက်သေပြခဲ့ပြီး ဖြစ်သောကြောင့် ကျူကောရွှမ်ချင်း၏ ရွှယ်အန်းအပေါ်အမြင်မှာ များစွာ တိုးတက်လာခဲ့သည်။ သို့သော် သူသည် အလွန်အမင်း ထင်ပေါ်လွန်းသဖြင့် ထျန်းကျောက် ကြယ်တာရာနယ်မြေ၏ မလိုလားမှုကို ဖိတ်ခေါ်မိခဲ့ပြီး ရလဒ်အနေဖြင့် သူ့လမ်းကို ပိတ်ဆို့ရန် စစ်တုရင် အကယ်ဒမီ အကြီးအကဲကို စေလွှတ်လိုက်ခြင်း ဖြစ်သည်။

ထိုသို့သာမဟုတ်ပါက ယနေ့တွင် အဆင့်ကိုးဆင့်လုံးကို တစ်ဆက်တည်း ဖြတ်ကျော်နိုင်သည့် မကြုံစဖူး သမိုင်းဝင် ဖြစ်ရပ်တစ်ခု ပေါ်ပေါက်လာနိုင်ဖွယ်ရှိသည်။ သူမ၏ အစ်ကို ကျူကောပန်ဇန်တောင်မှ သူ့ခေတ်က အဆင့်ကိုးဆင့်လုံး အောင်မြင်ရန် သုံးရက်ကြာခဲ့သည်ကို သိထားရပေမည်။ ထိုအရာကပင် အံ့မခန်း ဒဏ္ဍာရီတစ်ခု ဖြစ်ခဲ့ပြီးသား ဖြစ်သည်။ ကျူကောရွှမ်ချင်းသည် ခံစားချက်ပေါင်းစုံ ရောပြွမ်းနေလေသည်။

ထိုအချိန်တွင် ကုန်းမောင်နှမ နှစ်ယောက်သည် ကွင်းအတွင်းဖြစ်ပျက်နေသမျှကို တွေဝေငေးမောစွာ ကြည့်နေကြပြီး ခဏအကြာတွင် ကုန်းရွှယ်မန်က တိုးတိုးလေး မေးလိုက်သည်။

"အစ်ကိုကြီး... အဲ့မုတ်ဆိတ်ဖြူနဲ့ အဘိုးကြီးက တကယ်ရော စွမ်းလို့လား"

ကုန်းချန်ယွဲ့က လေးနက်သော မျက်နှာထားဖြင့် ခေါင်းညိတ်လိုက်သည်။

"အရမ်းစွမ်းတယ်"

"ဒါဆို အရှင်ရွှယ် နိုင်ပါ့မလားဟင်"

ကုန်းချန်ယွဲ့ ခေါင်းခါလိုက်သည်။

"အစ်ကိုလည်း မသိဘူး"

ကုန်းရွှယ်မန်သည် ကွင်းပြင်ဘက်သို့ တစ်ဖန် လှမ်းကြည့်လိုက်ပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။

"အရှင်ရွှယ်နိုင်မယ်လို့ ညီမ ထင်တယ်"

ထိုအချိန်တွင် ဉာဏ်များသော စစ်တုရင် အကြီးအကဲ ကျူဖေးသည် လက်နောက်ပစ်ကာ ကိုးဆင့်မြောက် အကဲဖြတ်ရာ နေရာသို့ ဝင်ရောက်လာပြီး ရွှယ်အန်းကို သွားဖြဲပြလိုက်လေသည်။

"လူလေး... မင်းရဲ့ စွမ်းဆောင်ရည်ကို ငါမြင်ပါတယ်၊ မင်းရဲ့ စစ်တုရင် စွမ်းရည်ရော၊ စိတ်ဝိညာဉ်အာရုံကျင့်ကြံမှုရော အရမ်းကောင်းပါတယ်၊ ဒါပေမဲ့ မင်းက နည်းနည်းတော့ ဘဝင်မြင့်လွန်းနေတယ်... ကိုးဆင့်လုံးကို ဆက်တိုက် ဖြတ်ကျော်ချင်တယ်ပေါ့လေ"

ရွှယ်အန်း မျက်လုံးအနည်းငယ် ပင့်ကြည့်လိုက်ပြီး ဖျော့တော့စွာ ပြုံးလိုက်သည်။

"အဲ့ဒီတော့ ဘာဖြစ်လဲ... မရဘူးလို့ သတ်မှတ်ထားတာ ရှိလို့လား"

ကျူဖေး၏ မျက်နှာ မည်းမှောင်သွားသည်။

"စစ်တုရင်အကယ်ဒမီက မင်းရဲ့ လုပ်ရပ်တွေကို သဘောမကျဘူး၊ ဒီတော့ ရှင်းရှင်းပဲ ပြောမယ်... ဒီကိစ္စကို ဒီမှာတင် ရပ်လိုက်ပါ၊ အခု လက်လျော့မယ်ဆိုရင် မင်းကို လွှတ်ပေးမယ် မဟုတ်ရင်တော့... ဟင်း ဟင်း"

သူ စကားဆုံးအောင် မပြောသော်လည်း ခြိမ်းခြောက်လိုသော သဘောမှာ ထင်ရှားနေသည်။ ဤ သရဲတစ္ဆေ စစ်တုရင် ပညာရှင် ကျူဖေး ပေါ်ထွက်လာခြင်းသည် ကျန်းထျန်ယွေ့၏ တောင်းဆိုမှု တစ်ခုတည်းကြောင့် မဟုတ်ပေ။ အမှန်တကယ်တွင် ရွှယ်အန်း ခုနစ်ဆင့်မြောက်ကို သက်သေပြနေစဉ်ကတည်းက ထျန်းကျောက် စစ်တုရင် အကယ်ဒမီ တစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်နေပြီဖြစ်သည်။

အကြီးအကဲများစွာ စုဝေးကာ ရွှယ်အန်း၏ လုပ်ရပ်များကို စောင့်ကြည့်နေခဲ့ကြသည်။ သူက ရှစ်ဆင့်မြောက်ကို ဖြတ်ကျော်ပြီး ကိုးဆင့်မြောက်ဆီသို့ ဦးတည်လာသောအခါ ထျန်းကျောက် စစ်တုရင် အကယ်ဒမီသည် ငြိမ်မနေနိုင်တော့ပေ။ ပြင်ပမှ စစ်တုရင် ပညာရှင်တစ်ယောက်က ထိုကဲ့သို့ စံချိန်တင်သွားမည်ကို သူတို့ ခွင့်မပြုနိုင်ပေ။ ထို့ကြောင့် ရွှယ်အန်းကို တားဆီးရန် ရည်ရွယ်ချက်ဖြင့် သူ့ကို စစ်ဆေးသူအဖြစ် စေလွှတ်လိုက်ခြင်း ဖြစ်သည်။ ထိုအချိန်တွင် ရွှယ်အန်းက လေသံမာမာဖြင့် ပြန်ပြောလိုက်သည်။

"ဒီမှာတင် ရပ်လိုက်ရမယ် ဟုတ်လား၊ ကျုပ်က မရပ်ချင်ဘူး ဆိုရင်ရော"

ကျူဖေး၏ မျက်နှာထား ပိုမိုဆိုးရွားသွားသည်။ ရွှယ်အန်းက သူ့ကို မျက်နှာချင်းဆိုင် ငြင်းဆန်ရဲလိမ့်မည်ဟု မထင်ထားခဲ့သဖြင့် အေးစက်စွာ ပြုံးလိုက်သည်။

"လက်မလျော့ချင်ဘူးလား၊ ကောင်လေး... မင်းမှာ ခွန်အားနည်းနည်း ရှိတာနဲ့ မာန်တက်မနေနဲ့၊ သွေးဆူလွန်းရင် အလွယ်တကူ ကျဆုံးတတ်တယ်ကွ"

လေထုအခြေအနေ ရုတ်တရက် တင်းမာသွားသည်။ မျက်လုံးများစွာသည် ရွှယ်အန်းထံသို့ စုပြုံရောက်ရှိလာကြသည်။

သို့သော် ကျူဖေး၏ ခြိမ်းခြောက်စကားများကို ရင်ဆိုင်ရင်း ရွှယ်အန်းသည် ပေါ့ပါးစွာ ပြုံးလိုက်ပြီး ဂရုမစိုက်သလို ပြောလိုက်သည်။

"လူငယ်တွေက သွေးဆူတာ ပုံမှန်ပဲ မဟုတ်လား... စကားတွေ အများကြီး ပြောမနေနဲ့၊ ခင်ဗျားက ကျုပ်ကို လက်လျော့စေချင်တာမလား ကောင်းပြီလေ... ဒီနေ့တော့ ဒီလူငယ်လေးက ခင်ဗျားကို သင်ခန်းစာ ပေးရသေးတာပေါ့"

ဝုန်း!

ထိုစကားများသည် ပွဲကြည့်စင် တစ်ခုလုံးကို ပွက်လောရိုက်သွားစေသည်။ ကျူဖေး၏ မျက်နှာမှာ ရေညှစ်ချ၍ ရလောက်သည်အထိ မည်းမှောင်သွားပြီး ဒေါသတကြီး ရယ်မောလိုက်တော့သည်။

"ကောင်းပြီ... သူရဲကောင်းလေး... ချင်းရင့်လေ ပိုစပ်လေ ဆိုတာ ဘာလဲ မင်းသိအောင် ဒီနေ့ ပြပေးရတာပေါ့ကွာ”

အခန်း (၉၉၂) လျှို့ဝှက်ဆန်းကြယ်သော အစပြုခြင်း

ယခု အကဲဖြတ်စစ်ဆေးမှုတွင် အသုံးပြုသော စစ်တုရင်ခုံသည် ရှစ်ဆယ့်ရှစ်လွှာအထိ ထပ်ဆင့်ထားပြီး ပုံမှန် (၁၉x၁၉) ကွက် မဟုတ်ဘဲ နှစ်ဆပိုမို ကြီးမားလေသည်။ ဤအကဲဖြတ်မှု၏ ခက်ခဲနက်နဲမှုသည် အဆင့်မြင့် စစ်တုရင်ပညာရှင်များစွာကိုပင် မျက်နှာဖြူဖျော့သွားစေခဲ့သည်။

ရွှယ်အန်းကမူ ဤအရာကို အရေးစိုက်ဟန်မတူဘဲ ခပ်ဖျော့ဖျော့ ပြုံးလိုက်ရုံသာ ပြုံးလိုက်သည်။

"ဘယ်သူ အရင်စမလဲဆိုတာ မှန်းနေစရာ မလိုပါဘူး၊ ခင်ဗျားပဲ အရင်စလိုက်ပါ၊ အခုပဲ စလိုက်တော့"

"ဟမ့်..."

ထိုစကားကို ကြားလိုက်ရသောအခါ ကျူဖေး ဒေါသထွက်သွားသည်။ သူ့ကိုတောင် ဦးကစားခိုင်းရလောက်အောင် ဒီကောင် ဘယ်လောက်တောင် မောက်မာလိုက်သလဲ...

သို့သော် သူဘာမှမပြောဘဲ ပြတ်သားသော ရွေ့ကွက်တစ်ခုကို ချက်ချင်း ရွှေ့လိုက်သည်။ ထိုရွေ့ကွက်သည် ရွှယ်အန်း၏ ရှေ့တည့်တည့် မလှမ်းမကမ်းနေရာသို့ တိုက်ရိုက် ကျရောက်လာခဲ့သည်။ ၎င်းမှာ အလွန်ရှားပါးသော အဖွင့်တိုက်ကွက် တစ်ခုဖြစ်သည်။ လူအုပ်ကြီး လှုပ်လှုပ်ရွရွ ဖြစ်သွားသည်။

"တကယ်ပဲ သရဲတစ္ဆေ စစ်တုရင်ပညာရှင် ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါပေတယ်... ပထမဆုံးအကွက်ကတင် တဖက်လူရဲ့ နယ်မြေထဲကို တန်းဝင်သွားတာပဲ.၊ သူ့ကစားကွက်က တကယ်ကို လှည့်စားတတ်တာပဲ"

"ဒါပေမဲ့ ဒီ သရဲတစ္ဆေပညာရှင်က တစ်ဖက်လူကို မျက်နှာဖြတ်ချင်လို့ တမင်သက်သက် လုပ်လိုက်တာလို့ ငါ ထင်တယ်"

စစ်တုရင်ပညာရှင် များစွာက ထောက်ခံစွာ ခေါင်းညိတ်လိုက်ကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုရွေ့ကွက်သည် ကြီးမားသော စော်ကားမှု ပါဝင်နေသောကြောင့်ဖြစ်သည်။ ယခုတွင်ရွှယ်အန်း ပြန်လည်တုံ့ပြန်ရမည့် အလှည့်ဖြစ်သည်။

ရွှယ်အန်းသည် ထိုရွေ့ကွက်ကို ကြည့်လိုက်ပြီး စိတ်အနှောင့်အယှက်ဖြစ်သည့် အရိပ်အယောင် အနည်းငယ်မျှမပြဘဲ ပြုံးရုံသာပြုံးလိုက်ကာ ပြန်လည်တုံ့ပြန်လိုက်လေသည်။ ထိုရွေ့ကွက်သည်လည်း ကျူဖေး၏ ရှေ့တည့်တည့်သို့ တိုက်ရိုက် ကျရောက်သွားခဲ့သည်။ တစ်ကွင်းလုံးလည်း အံ့သြမှင်သက်သွားကြသည်။ ရွှယ်အန်း ဤကဲ့သို့ တုံ့ပြန်လိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြပေ။

ကျူဖေး၏ မျက်နှာမှာ ပို၍ ဖြူဖျော့သွားပြီး မျက်ခွံများ တဆတ်ဆတ် တုန်ယင်လာကာ အေးစက်စွာ မေးလိုက်သည်။

"ဒါ ဘာသဘောလဲ"

"ဘာသဘောမှ မဟုတ်ပါဘူး... ခင်ဗျားက ကျုပ်ကို အရင်ကစားခွင့် ပေးခဲ့လို့ ကျေးဇူးတုံ့ပြန်ချင်ရုံပါ၊ အကြွေးပြန်ဆပ်ခွင့် မရှိဘူးလား"

ရွှယ်အန်းက ပြုံးလျက် ပြောလိုက်သည်။ ကျူဖေးသည် ရွှယ်အန်း၏ စကားလုံးလှည့်ကွက်များကြောင့် ဒေါသထွက်လွန်း၍ စကားပင် ဆို့သွားသော်လည်း ရွှယ်အန်းက သူ့ကို ကစားနေမှန်း ချက်ချင်း သဘောပေါက်လိုက်သဖြင့် အငြိုးတကြီး စိုက်ကြည့်လိုက်သည်။

"ကောင်းပြီလေ... မင်း ဘာတွေ လှည့်ကွက်ဆင်ဦးမလဲ ကြည့်ကြသေးတာပေါ့"

ထိုသို့ပြောပြီးနောက် သူသည် လျင်မြန်စွာ ဆက်လက်ကစားလိုက်ပြီး ရွှယ်အန်းနှင့် တရားဝင် ပြိုင်ပွဲတစ်ခု စတင်လိုက်တော့သည်။ သို့သော် ဤစစ်တုရင်ပွဲ၏ ပုံစံသည် အစကတည်းက ပုံမှန်မဟုတ်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် နှစ်ဖက်စလုံးသည် မိမိတို့ဘက်ခြမ်း သို့မဟုတ် အလယ်မှ ပုံမှန်ရွေ့ကွက်များဖြင့် မစတင်ဘဲ တစ်ဖက်လူ၏ အိမ်တံခါးဝသို့ တိုက်ရိုက် ထိုးဖောက် ဝင်ရောက်နေကြသောကြောင့် ဖြစ်သည်။

အပြန်အလှန် ရွေ့ကွက်အနည်းငယ် ကစားပြီးနောက် စစ်တုရင်ခုံပေါ်တွင် ထူးဆန်းသော မြင်ကွင်းတစ်ခု ပေါ်ပေါက်လာသည်။ နှစ်ဖက်စလုံး၏ အရုပ်များသည် တစ်ဖက်လူ၏ နယ်မြေထဲတွင် ရောက်ရှိနေကြပြီး နေရာချင်း ဖလှယ်ထားသကဲ့သို့ ဖြစ်နေသည်။

သို့သော် ထိုအချက်သည် အထူးဆန်းဆုံး မဟုတ်သေးပေ။ ပရိသတ်အားလုံးသည် ပါးစပ်အဟောင်းသား ဖြစ်နေကြပြီး ရွှယ်အန်းကို ထူးဆန်းသော အမူအရာများဖြင့် ကြည့်နေကြသည်။ အဘယ်ကြောင့်ဆိုသော် အစကတည်းက ရွှယ်အန်း ပြုလုပ်သမျှ ရွေ့ကွက်တိုင်းသည် သရဲတစ္ဆေ စစ်တုရင်ပညာရှင် ကျူဖေး၏ ရွေ့ကွက်များနှင့် ထပ်တူညီနေသောကြောင့် ဖြစ်သည်။ ၎င်းသည် မှန်တစ်ချပ်က ကျူဖေး၏ ရွေ့ကွက်များကို တစ်ဖက်ခြမ်းတွင် ပြီးပြည့်စုံစွာ ထင်ဟပ်ပြသနေသည့်ပမာ ထင်ရသည်။

ဒါက ဘယ်လို ဗျူဟာမျိုးလဲ...

စစ်တုရင်ပညာရှင် အများစုမှာ ဇဝေဇဝါ ဖြစ်ကုန်ကြသည်။ ကျူဖေး၏ မျက်နှာမှာ ဝမ်းချုပ်နေသည့် မျက်နှာကဲ့သို့ ရှုံ့မဲ့နေလေသည်။ အဆုံးတွင် နောက်ထပ် ရွေ့ကွက်အနည်းငယ် ကစားပြီးနောက် သူ သည်းမခံနိုင်တော့ဘဲ အော်ဟစ်လိုက်သည်။

"မစ္စတာရွှယ်... မင်း ဘာလုပ်ချင်နေတာလဲ... ဘာလို့ ငါ့ရွေ့ကွက်တိုင်းကို လိုက်တုနေတာလဲ"

ရွှယ်အန်း ဖျော့တော့စွာ ပြုံးလိုက်သည်။

"ဘယ်သူက ခင်ဗျားကို လိုက်တုနေတယ်လို့ ပြောလဲ"

"မင်း ငြင်းချင်သေးတာလား... အကွက်တိုင်းက ငါ့လုပ်တဲ့အတိုင်း လိုက်နေတာလေ"

ကျူဖေး ဒေါသတကြီး ပြောလိုက်သည်။

"ဪ... ဟုတ်လား"

ရွှယ်အန်းက ကျူဖေးကို ရယ်ချင်သည့် အမူအရာဖြင့် ကြည့်လိုက်သည်။

"တူတော့ တူပေမဲ့ ခင်ဗျားနည်းလမ်းကို လိုက်တုနေတာ မဟုတ်ပါဘူး၊ ကျုပ်လည်း ဒီအတိုင်း ရွှေ့ဖို့ စီစဉ်ထားတာနဲ့ တိုက်ဆိုင်သွားရုံပါ"

မျက်နှာပြောင်တိုက်လျက် ရဲရဲတင်းတင်း ပြောလိုက်သော ရွှယ်အန်း၏ စကားကို ကြားသောအခါ ခန်းမတစ်ခုလုံး မှင်သက်သွားပြီးနောက် ဆူညံပွက်လောရိုက်သွားသည်။ အချို့က စိတ်ဆိုးသလိုလို ရယ်ချင်သလိုလို ဖြစ်နေကြသည်။ အခြားသူများစွာကမူ ရွှယ်အန်းသည် အချိန်ဆွဲနေသည်ဟု တွေးကာ ခေါင်းခါနေကြသည်။

ကုန်းရွှယ်မန်လည်း မရယ်ဘဲ မနေနိုင်တော့ပေ။

"အစ်ကိုကြီး... အရှင်ရွှယ်က တမင်သက်သက် လုပ်နေတာလား"

ကုန်းချန်ယွဲ့က ညီမဖြစ်သူ၏ မေးခွန်းကို ပြန်မဖြေဘဲ လေးနက်သော မျက်နှာထားဖြင့် စစ်တုရင်ပွဲကိုသာ ကြည့်နေသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ဤတစ်ကြိမ်တွင် စစ်တုရင် ကစားကွက်၏ အတိမ်အနက်ကို မခန့်မှန်းနိုင်တော့ကြောင်း သဘောပေါက်လိုက်သောကြောင့် ဖြစ်သည်။

မစ္စတာရွှယ်က တကယ်တမ်း ဘာလုပ်ချင်နေတာလဲ... သူက တကယ်ပဲ ကျူဖေးရဲ့ ရွေ့ကွက်တွေကို တစ်ဆင့်ချင်း လိုက်တုဖို့ ရည်ရွယ်ထားတာလား ဒါပေမဲ့ ဒီလို အရှက်မရှိတဲ့ ဗျူဟာမျိုးနဲ့ စစ်တုရင်ပညာရှင် တစ်ယောက်ကို အနိုင်ယူဖို့ ကြိုးစားတာက စိတ်ကူးယဉ် သက်သက်ပဲလေ...

သူ ထင်ထားသည့်အတိုင်းပင် ကျူဖေး၏ မျက်နှာထားသည် အကြိမ်ကြိမ် ပြောင်းလဲသွားပြီးနောက် မဲ့ပြုံးပြုံးလိုက်သည်။

"ကောင်းပြီလေ... မင်းက သင်ယူရတာ သဘောကျမှတော့ ဆက်ပြီး သင်နေလိုက်ပေါ့ကွာ"

ထိုသို့ပြောရင်း ကျူဖေးသည် ဆက်လက် ရွှေ့လိုက်သည်။ ရွှယ်အန်းကလည်း ဆက်လက် လိုက်လုပ်နေဆဲဖြစ်သည်။ သိမ်မွေ့စွာ ထူးဆန်းနေသော ဤအခြေအနေသည် ရှိနေသမျှ စစ်တုရင်ပညာရှင် အားလုံးကို အနည်းငယ် ရှုပ်ထွေးသွားစေသည်။ သို့သော် အစွမ်းထက်သော ကစားသမား အများစုကမူ ခေါင်းခါနေကြပြီး ရွှယ်အန်း ရှုံးနိမ့်သွားပြီဟု သေချာပေါက် တွက်ဆထားကြသည်။ ရှေးယခင်မှ ယခုအထိ ဤကဲ့သို့သော နည်းလမ်းဖြင့် အနိုင်ရသွားသည်ဟု မည်သူမျှ မကြားဖူးခဲ့ပေ။ ဤသည်မှာ ရွှယ်အန်း၏ နောက်ဆုံး လက်ကျန် အားထုတ်မှု ဖြစ်ကြောင်း ထင်ရှားနေသည်။

ဥပမာအားဖြင့် ယခုအချိန်တွင် အတော်လေး ကျေနပ်နေသော ကျန်းထျန်ယွေ့သည် အဝေးမှ ကျူကောရွှမ်ချင်းကို မာန်တက်သော အကြည့်ဖြင့် လှမ်းမကြည့်ဘဲ မနေနိုင်အောင် ဖြစ်နေသည်။ သို့သော် ကျူကောရွှမ်ချင်းကမူ ဤကစားပွဲအပေါ်တွင်သာ အာရုံစိုက်ထားလေသည်။ ကျန်းထျန်ယွေ့သည် ကြည့်စရာ ဘာမှမရှိတော့ဟု တွေးကာ မထီမဲ့မြင် ဖြစ်နေသည်။

သို့သော် သူ မသိလိုက်သည်မှာ ထိုအချိန်တွင် ကျူကောရွှမ်ချင်း၏ စိတ်ထဲ၌ သံသယ အနည်းငယ် ဝင်ရောက်နေသည် ဆိုသော အချက်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ရွှယ်အန်း၏ ရွေ့ကွက်တိုင်းသည် ကျူဖေး နောက်သို့ လိုက်နေသော်လည်း စစ်တုရင်ခုံပေါ်တွင် ပုံမှန်မဟုတ်သော တစ်စုံတစ်ရာ ရှိနေကြောင်း သူမ တွေ့ရှိလိုက်သောကြောင့် ဖြစ်သည်။

ကျူကောရွှမ်ချင်းသည် မည်သည့်အရာ ထူးဆန်းနေသည်ကို အတိအကျ မပြောနိုင်သော်လည်း တစ်နေရာရာတွင် လွဲချော်နေသယောင် ခံစားနေရသည်။ ဤခံစားချက်က သူမကို စိတ်မသက်မသာဖြစ်စေသဖြင့် မျက်မှောင်ကြုတ်လျက် စစ်တုရင်ခုံကို ဆက်လက် စိုက်ကြည့်နေမိသည်။

ထိုအချိန်တွင် ကစားပွဲသည် အလယ်အလတ် အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး ကျူဖေးသည် ကိုယ့်ဘာသာ မဲ့ပြုံး ပြုံးလိုက်သည်။

ဒီဗျူဟာနဲ့ ညစ်ချင်တာလား... ကဲ... ဒီတစ်ခါ ငါ့ကို ဘယ်လို ဆက်တုမလဲ ကြည့်ကြသေးတာပေါ့

သူ့ဗျူဟာကို စိတ်ထဲမှတ်ထားရင်း ကျူဖေးသည် အကွက်တစ်ခု ရွှေ့လိုက်လေသည်။ ထိုအကွက် ကျသွားသည်နှင့် တပြိုင်နက် စစ်တုရင်ခုံ၏ အခင်းအကျင်း တစ်ခုလုံး ပြောင်းလဲသွားလေသည်။

ထိုရွေ့ကွက်ကြောင့် ကျူဖေး၏ အမည်းရောင် နယ်ရုပ်များသည် ရုတ်ချည်းဆိုသလို နဂါးပုံသဏ္ဍာန် ဖြစ်ပေါ်လာပြီး ခေါင်းနှင့် အမြီး ဆက်စပ်သွားကာ ပုန်းအောင်းနေသော နဂါးနက်ကြီး တစ်ကောင်ကို အသက်သွင်းလိုက်သည့်ပမာ ဖြစ်သွားကြောင်း မြင်တွေ့နိုင်သည်။ ၎င်းသည် အဖြူရောင် နယ်ရုပ်များကို ပြန်လည်တိုက်ခိုက်ရန် အစွယ်အစများကို ထုတ်ဖော်လိုက်ပြီ ဖြစ်သည်။ ဤအရာက ပရိသတ်များကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေသည်။

"တကယ့်ကို ပညာရှင်ကြီးနဲ့ ထိုက်တန်ပါပေတယ်... ဒါက အစကတည်းက သူ ဆင်ထားတဲ့ ထောင်ချောက်ပဲ"

"အဓိကအချက်က မစ္စတာရွှယ်အနေနဲ့ လိုက်သင်ချင်ရင်တောင် နားလည်နိုင်မှာ မဟုတ်တော့ဘူး... ဘာလို့လဲဆိုတော့ အကြီးအကဲကျူက သူ့ရဲ့ အစီအမံတွေနဲ့ ထွက်ပေါက်လမ်းကြောင်း အားလုံးကို ပိတ်ဆို့လိုက်ပြီလေ... ဒီတွက်ချက်မှုက သရဲတစ္ဆေ စစ်တုရင် ဆိုတဲ့ နာမည်နဲ့ တကယ် လိုက်ဖက်ပါပေတယ်"

ထိုသို့ ချီးကျူးပြောဆိုသံများကြားတွင် ကျူကောရွှမ်ချင်းသည် သူမ၏ အကြည့်ကို ရုပ်သိမ်းလိုက်သည်။ သူမ၏ အမြင်တွင် ရွှယ်အန်း ရှုံးသွားပြီဖြစ်သည်။ ရှုံးတာမှ အကြီးအကျယ် ရှုံးနိမ့်သွားခြင်း ဖြစ်သည်။ အခြေအနေကို ပြန်လှန်နိုင်မည့် အခွင့်အလမ်း မရှိတော့ပေ။

သူမ တစ်ယောက်တည်းသာ မဟုတ်ပဲ အစွမ်းထက်သော စစ်တုရင် ကစားသမား အားလုံးနီးပါး ထိုကဲ့သို့ပင် တွေးထင်နေကြသည်။ ထိုအချိန်တွင် ကျူဖေးက မဲ့ပြုံး ပြုံးလိုက်သည်။

"မစ္စတာရွှယ်... မင်းက သင်ယူရတာ ကြိုက်တယ်မလား၊ အခု ငါ့ကို ဘယ်လို ဆက်တုမလဲ ကြည့်ရအောင်... ငါ စောစောက ပြောခဲ့သားပဲ ကောင်လေး... မာန်မတက်ပလနဲ့လို့"

သူ၏ လှောင်ပြောင်သံများနှင့် ဘေးပတ်ဝန်းကျင်မှ ပြောဆိုသံများကြားတွင် ရွှယ်အန်းသည် ဂရုမစိုက်သော ပုံစံဖြင့်သာ ရှိနေပြီး စစ်တုရင်ကွက်များကို ဆန်းစစ်နေသည့်ပမာ ခေါင်းငုံ့နေလေသည်။ ကုန်းရွှယ်မန်က စိုးရိမ်တကြီး မေးလိုက်သည်။

"အစ်ကိုကြီး... အရှင်ရွှယ် ရှုံးသွားပြီလား"

ကုန်းချန်ယွဲ့ သက်ပြင်းချလိုက်မိသည်။

"ဟုတ်တယ်... သူ ရှုံးသွားပြီ... ကွာဟချက်က အရမ်း ကြီးမားလွန်းတယ်"

ထိုသို့ပြောလိုက်စဉ် ကုန်းချန်ယွဲ့၏ မျက်နှာတွင် မျှော်လင့်ချက် ကင်းမဲ့သော အမူအရာများ ပြည့်နှက်နေသည်။ သို့သော် ထိုအချိန်တွင်ပင် ရွှယ်အန်းသည် ဖြည်းညှင်းစွာ မော့ကြည့်လာပြီး ကျူဖေးကို ပြုံးပြလိုက်သည်။

"ဒါပေမဲ့ ကျုပ်လည်း ပြောခဲ့သားပဲ... မာန်မရှိရင် လူငယ်လေးလို့ ဘယ်ခေါ်မလဲ ဟုတ်တယ်မလား"

ထိုသို့ပြောပြီးနောက် ရွှယ်အန်းသည် ပေါ့ပါးအေးဆေးစွာပင် အကွက်တစ်ကွက် ရွှေ့လိုက်လေတော့သည်။

အခန်း (၉၉၃) အကွက်တစ်ကွက်ဖြင့် လောကကို တုန်လှုပ်စေခြင်း

ရွှယ်အန်း၏ ထိုရွေ့ကွက်တစ်ခုတည်းကြောင့်ပင် ယခင်က ဆူညံပွက်လောရိုက်နေခဲ့သော ကွင်းပြင်ကြီးသည် ရုတ်ချည်း တိတ်ဆိတ်ငြိမ်သက်သွားခဲ့ရသည်။

အဘယ်ကြောင့်ဆိုသော် ရွှယ်အန်း၏ လက်အောက်တွင် သေလုမျောပါး ဖြစ်နေခဲ့သော အဖြူရောင်နယ်ရုပ်များသည် သေမင်းလက်မှ ပြန်လည် ရုန်းထွက်လာခဲ့ကြသောကြောင့်ဖြစ်သည်။ အမည်းရောင် အရုပ်များက နဂါးတစ်ကောင်ကဲ့သို့ အရှိန်ပြင်းထန်နေသည်ဆိုလျှင် အဖြူရောင် အရုပ်များကမူ ဝတ်ရုံဖြူ လွှင့်ပျံနေသော နဂါးသတ်သူတော်စင်'တစ်ပါးကဲ့သို့ပင် ဖြစ်ပြီး မောက်မာလွန်းသော နဂါးနက်ကြီးကို ဇီဝိန်ခြွေမည့် သေမင်းတမန် တိုက်ကွက်တစ်ခုကို ထုတ်ဖော်လိုက်ခြင်းဖြစ်သည်။ ဤကဲ့သို့ အံ့ဖွယ် အလှည့်အပြောင်းသည် ရှိနေသူ အားလုံးကို တုန်လှုပ်သွားစေသည်။

ရွှယ်အန်းအတွက် မျှော်လင့်ချက် မထားတော့သော ကျူကောရွှမ်ချင်းသည် ဤရွေ့ကွက်ကို မြင်လိုက်ရသောအခါ မယုံကြည်နိုင်စွာဖြင့် မတ်တတ်ထရပ်လိုက်ပြီး အံဩဟန်ပြုလိုက်မိသည်။

"ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ထိုအချိန်တွင် ကျူကောရွှမ်ချင်း၏ ခန္ဓာကိုယ်သည် သိသိသာသာ တုန်လှုပ်နေမိသည်။ အဘယ်ကြောင့်ဆိုသော် သူမ စောစောက ခံစားခဲ့ရသော စိုးရိမ်ပူပန်မှုသည် မည်သည့်နေရာမှ လာသည်ကို နောက်ဆုံးတွင် နားလည်သွားသောကြောင့် ဖြစ်သည်။

ဒါက အရှိန်အဟုန်ကို အသုံးချလိုက်တာမလား...

ရွှယ်အန်း၏ ယခင် ရွေ့ကွက်များသည် ကျူဖေး၏ ပုံစံကို လိုက်နေသယောင် ရှိသော်လည်း အလွန်သေးငယ်သော အသေးစိတ် အချက်အလက်များတွင် သိမ်မွေ့စွာ ကွဲပြားနေခဲ့သည်။ ထိုမသိသာသော ကွဲပြားမှုလေးများကပင် ပွဲ၏ အရှိန်အဟုန်ကို တဖြည်းဖြည်းချင်း ပြောင်းလဲသွားစေခဲ့ပြီး ကျူဖေးကို သတိမထားမိလိုက်ဘဲ ထောင်ချောက်ထဲသို့ မျှားခေါ်ခဲ့ခြင်း ဖြစ်သည်။

ရွှယ်အန်း၏ ကစားကွက်ကို ပင့်ကူတစ်ကောင်နှင့် နှိုင်းယှဉ်ရလျှင် ကျူဖေးသည် ပင့်ကူအိမ်၌ သက်ဆင်းမိသော သားကောင်ငယ် တစ်ကောင်သာ ဖြစ်သည်။ ကျူဖေးက ပွဲကို ထိန်းချုပ်ထားနိုင်ပြီဟု ယုံကြည်နေချိန်တွင် ရွှယ်အန်းသည် သူ တည်ဆောက်ထားသော ကြီးမားသည့် အရှိန်အဟုန်ကို အသုံးပြု၍ ပြီးပြည့်စုံသော ပြန်လည်တိုက်ခိုက်ခြင်းကို ပြုလုပ်လိုက်ခြင်း ဖြစ်သည်။

ထို့ကြောင့်ပင် ကျူကောရွှမ်ချင်းသည် စောစောက ပွဲတွင် တစ်စုံတစ်ခု လွဲချော်နေသည်ဟု ခံစားခဲ့ရခြင်းဖြစ်သည်။ ရွှယ်အန်းသည် ပွဲစကတည်းက ဤနည်းလမ်းအတိုင်း ကစားနေခဲ့သောကြောင့်ဖြစ်သည်။ ဤအသိသည် ကျူကောရွှမ်ချင်း၏ ရင်ထဲတွင် အံ့သြမှုနှင့် ကြောက်ရွံ့မှု လှိုင်းလုံးများကို မြင့်တက်လာစေသည်။ အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့သော တွက်ချက်မှု စွမ်းရည်သည် အလွန် ကျောချမ်းဖွယ် ကောင်းလွန်းသောကြောင့် ဖြစ်သည်။

ငယ်စဉ်ကတည်းက ယခုအချိန်အထိ သူမ၏အစ်ကို ကျူကောပန်ဇန်ဆီမှာသာ ဤကဲ့သို့သော အရည်အချင်းမျိုးကို မြင်ဖူးခဲ့သည်။ သို့သော် သူမ၏အစ်ကိုပင်လျှင် ယခုကဲ့သို့ ပြီးပြည့်စုံသော ကစားပွဲမျိုးကို ဖန်တီးနိုင်မည် မဟုတ်ပေ။

သူက အစကတည်းက ရလဒ်ကို ကြိုမြင်နေခဲ့တာများလား...

ကျူကောရွှမ်ချင်းသည် ကွင်းအလယ်တွင် ရပ်နေသော မာန်ဝင့်ထည်ဝါသည့် ပုံရိပ်ကို ငေးမောကြည့်နေမိသည်။ ထို့နောက် လူအုပ်ကြီးဆီမှ အံ့သြတကြီးသံများ ပိုမိုကျယ်လောင်လာတော့သည်။

"သွားပါပြီကွာ... ဒီလို ကစားလို့ရမှန်း ဘယ်သူက ထင်မှာလဲ၊ ငါ ဘာလို့ ခုနက မတွေးမိပါလိမ့်"

"ဒီတစ်ကွက်က တကယ့်ကို နတ်ဘုရားပေးတဲ့ ဉာဏ်ပဲဟေ့... တော်တော် မိုက်တာပဲ"

"ကျွတ်... တစ်လောကလုံးကို တုန်လှုပ်သွားစေတဲ့ ရွေ့ကွက်ဆိုတာ ဒါမျိုးကို ခေါ်တာပဲ"

"ဒီလို စစ်တုရင် စွမ်းရည်မျိုးက သာမန် ၉ဆင့် ပညာရှင်တွေတောင် လေးစားပြီး ဦးညွှတ်ရမယ့် အဆင့်ပဲ"

ထို ချီးကျူးသံများကို ကြားလိုက်ရသောအခါ ကျူဖေး၏ မျက်နှာထားလည်း အေးခဲသွားသည်။ အခြေအနေက ဤသိာ့ ရုတ်တရက် ပြောင်းလဲသွားလိမ့်မည်ဟု သူ တစ်ခါမှ စိတ်ကူးမယဉ်ဖူးခဲ့ပေ။ အစပိုင်းတွင် အရာအားလုံး ချောမွေ့နေခဲ့ပြီး ရွှယ်အန်းသည် သူဆင်ထားသော ထောင်ချောက်ထဲသို့ ဝင်ရောက်လာခဲ့သည် မဟုတ်ပါလား၊ ထိုသို့ဆိုလျှင် ရှုံးနိမ့်သူမှာ အဘယ်ကြောင့် သူဖြစ်နေသနည်း။ ကျူဖေး ဇဝေဇဝါဖြစ်နေသည်။

ထို့နောက် ရွှယ်အန်းက လှောင်ပြောင်ခြင်း ကင်းမဲ့စွာ မေးလိုက်သည်။

"ကဲ... ခင်ဗျား ဘာပြောချင်သေးလဲ"

ကျူဖေး၏ မျက်နှာသည် ရဲတက်လာပြီး ခရမ်းရောင်သမ်းသည်အထိ ဖြစ်လာသည်။ စစ်တုရင်လမ်းစဉ်ဆိုသည်မှာ ဤမျှ ရက်စက်လှသည်။ နိုင်သူက နိုင်ပြီး ရှုံးသူအတွက် ဆင်ခြေပေးစရာ အကြောင်းပြချက် မရှိပေ။ ထို့ကြောင့် ကျူဖေးသည် မကျေနပ်ချက်များနှင့် အငြိုးအတေးများ ပြည့်နှက်နေသော်လည်း အဆုံးတွင် ခေါင်းငိုက်စိုက်ချ၍သာ ပြောလိုက်ရရှာသည်။

"ငါ... ငါ ရှုံးပါပြီ"

ထိုရိုးရှင်းသော စကားသုံးလုံးသည် တစ်ကွင်းလုံးကို နောက်တစ်ကြိမ် ဆူညံပွက်လောရိုက်သွားစေသည်။ ကျန်းထျန်ယွေ့၏ မျက်နှာသည် ပြာနှမ်းသွားပြီး ဘေးနားရှိ ကုလားထိုင်ကို ရိုက်ခွဲပစ်လိုက်ကာ မျက်လုံးများထဲတွင် အေးစက်သော သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။ သူ၏ ဒေါသသည် အငြိုးအတေးကြောင့် သက်သက်မဟုတ်ဘဲ ကြောက်ရွံ့မှုကြောင့်လည်း ပါဝင်နေသည်။

အစပိုင်းတွင် သူသည် ရွှယ်အန်းကို လုံးဝ အလေးမထားခဲ့ဘဲ ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ အနှောင့်အယှက်လေး တစ်ခုဟုသာ သဘောထားခဲ့သည်။ ရွှယ်အန်းကို ဒုက္ခပေးရန် သီယွမ်လုံကို စေလွှတ်ခဲ့ခြင်းသည်လည်း သူ့အပျော်သဘော သက်သက်သာ ဖြစ်သည်။

သို့သော် မထင်မှတ်ထားသည်မှာ ရွှယ်အန်းသည် အတားအဆီးများကို ချေမှုန်းပြီး အဆင့်ဆင့် တက်လှမ်းလာကာ နောက်ဆုံးတွင် စစ်တုရင် အကယ်ဒမီမှ အကြီးအကဲကိုပင် အနိုင်ယူလိုက်ခြင်း ဖြစ်သည်။ ဤကဲ့သို့ ကြောက်မက်ဖွယ် ကောင်းသော အင်အားသည် ကျန်းထျန်ယွေ့၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားစေသည်။

ဒီလူက တကယ်တမ်း ဘယ်သူလဲ

အငြိုးအတေးပဲ ဖြစ်ဖြစ်၊ ကြောက်ရွံ့မှုကြောင့်ပဲ ဖြစ်ဖြစ် ရွှယ်အန်း၏ ပြတ်သားသော အနိုင်ယူမှုနှင့် သရဲတစ္ဆေ စစ်တုရင် ပညာရှင် ကျူဖေးကို အနိုင်ယူလိုက်ခြင်းမှာ ငြင်းမရသော အချက်အလက် ဖြစ်သည်။ မည်သူမျှ ပြောင်းလဲ၍ မရပေ။

ထို့ကြောင့် မရေမတွက်နိုင်သော ပရိသတ်များ၏ ရှေ့မှောက်တွင် သရဲတစ္ဆေ စစ်တုရင် ပညာရှင်ကြီး ကျူဖေးသည် စိတ်ပျက်လက်ပျက် ထွက်ခွာသွားရပြီး စစ်တုရင်အကယ်ဒမီမှ အခြားအကြီးအကဲတစ်ဦး ထွက်လာကာ မလိုလားအပ်သော မျက်နှာထားဖြင့် ရွှယ်အန်းသည် အဆင့်ကိုးအဖြစ် တရားဝင်အောင်မြင်ကြောင်း ကြေညာလိုက်ရသည်။

ထိုအချိန်တွင် ကွင်းတစ်ခုလုံး တိတ်ဆိတ်သွားပြီးနောက် မည်သူက စတင်လိုက်သည် မသိ လက်ခုပ်သံများ ဟိန်းထွက်လာသည်။ လူများစွာသည် ရှက်ရွံ့မှုကြောင့် မျက်နှာများ နီရဲလျက် ရွှယ်အန်းကို ကြည့်နေကြသည်။ အဘယ်ကြောင့်ဆိုသော် အစပိုင်းတွင် ရွှယ်အန်း အမှန်တကယ် အောင်မြင်နိုင်မည်ဟု သူတို့ မယုံကြည်ခဲ့ကြသောကြောင့် ဖြစ်သည်။ သို့သော် ရွှယ်အန်း အောင်မြင်ရုံသာမက မကြုံစဖူး စံချိန်သစ်တစ်ခုပါ တင်နိုင်လိမ့်မည်ဟု မည်သူ ထင်ထားမည်နည်း။

ရွှယ်အန်းကမူ ထိုအရာများကို မခံစားဘဲ ပြိုင်ပွဲစင်မြင့်ထက်မှ ဆင်းလာကာ ကုန်းမောင်နှမ နှစ်ယောက်ထံသို့ အပြုံးနုလေးဖြင့် လျှောက်လာခဲ့သည်။

"စောင့်ရတာကြာသွားလို့ အားနာမိပါတယ်"

ကုန်းမောင်နှမ နှစ်ယောက်သည် ကျောက်ရုပ်သဖွယ် ဖြစ်နေရာမှ သတိဝင်လာကြပြီး ရွှယ်အန်းကို အံ့သြတကြီး ကြည့်နေကြသည်။ အထူးသဖြင့် ကုန်းချန်ယွဲ့ဖြစ်သည်။ သူသည် ရွှယ်အန်း၏ စစ်တုရင် စွမ်းရည် မဆိုးလောက်ဘူးဟု ရိပ်မိသော်လည်း ဤမျှ အစွမ်းထက်လိမ့်မည်ဟု ထင်မထားခဲ့ပေ။ ကုန်းရွှယ်မန်၏ မျက်နှာတွင်မူ ပျော်ရွှင်ဝမ်းသာမှုများ ပြည့်နှက်နေသည်။

"အရှင်ရွှယ်... ရှင်က အရမ်းတော်တာပဲ"

ရွှယ်အန်း သူမကို တစ်ချက်ကြည့်ပြီး ပြုံးလျက် ပြောလိုက်သည်။

"ဟော ... အခုကျတော့ ကျုပ် ကြွားတယ်လို့ မပြောတော့ဘူးလား"

ကုန်းရွှယ်မန်သည် အနည်းငယ် ရှက်သွားပြီး ခေါင်းကုတ်ကာ ရယ်လိုက်မိသည်။

"သွားကြစို့... ပြိုင်ပွဲစတော့မယ်... ပွဲကောင်းက အခုမှ စမှာ"

ထိုသို့ပြောပြီးနောက် ရွှယ်အန်းသည် စင်မြင့်ထက်သို့ ဦးဆောင် လျှောက်သွားလေသည်။ သူ ဖြတ်လျှောက်သွားသောအခါ လူများသည် သူ့အတွက် အလိုအလျောက် လမ်းဖယ်ပေးကြပြီး လေးစားအားကျခြင်း သို့မဟုတ် မနာလိုခြင်းများဖြင့် ငေးကြည့်နေကြသည်။

ရွှယ်အန်း စင်မြင့်ထက်သို့ ရောက်သောအခါ ထောင့်တွင် ပုန်းကွယ်နေပြီး ကြောက်လွန်း၍ မထွက်ရဲသော အစောင့်များကို ပြုံးပြလိုက်သည်။

"ကဲ... အခု ကျုပ် တက်သွားလို့ ရပြီလား"

အစောင့်၏ တစ်ကိုယ်လုံး တုန်ယင်သွားပြီး အလျင်စလို ခေါင်းညိတ်ပြလိုက်သည်။

"ရ... ရပါတယ်... ရပါတယ်ခင်ဗျာ... ကြွပါ... စင်ပေါ်ကို ကြွပါ"

ရွှယ်အန်း ပြုံးလိုက်ပြီး စင်မြင့်ထက်သို့ တက်သွားလိုက်သည်။ လူအုပ်ကြီးကို ဝေ့ဝဲကြည့်ရှုလိုက်ပြီးနောက် မလှမ်းမကမ်းတွင် ထိုင်နေသော ကျူကောရွှမ်ချင်းကို မြင်လိုက်ရသဖြင့် သူမထံသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။

"ခင်ဗျားဘေးနားမှာ ထိုင်လို့ရမလား"

ရွှယ်အန်းက မေးလိုက်သည်။ ကျူကောရွှမ်ချင်း အံ့သြသွားသည်။ ရွှယ်အန်း တကယ်ပဲ လာလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ သို့သော် သူမ လျင်မြန်စွာ ခေါင်းညိတ်ပြလိုက်သည်။

"ရပါတယ်... ထိုင်ပါ"

ရွှယ်အန်းသည် ထပ်မံ ဖိတ်ခေါ်သည်ကို မစောင့်ဘဲ ဝင်ထိုင်လိုက်ပြီးနောက် ခပ်လှမ်းလှမ်းတွင် ကို့ရို့ကားရား ရပ်နေသော ကုန်းချန်ယွဲ့ကို လက်ပြလိုက်သည်။

"ဟိုမှာ ဘာလုပ်နေတာလဲ... လာထိုင်လေ"

ကုန်းချန်ယွဲ့သည် ဖြည်းညှင်းစွာ လျှောက်လာပြီး ခေါင်းငုံ့လျက် တိုးတိုးလေး နှုတ်ဆက်လိုက်သည်။

"မစ္စကျူကော"

သူသည် ကျူကောရွှမ်ချင်းကို မျက်လုံးချင်းပင် မဆိုင်ရဲသည့်ပုံ ပေါက်နေသည်။ ထိုအရာကို မြင်သောအခါ ရွှယ်အန်း ရယ်ချင်သလိုလို ငိုချင်သလိုလို ဖြစ်သွားသည်။

ဒီကောင်က ရိုးလွန်းမနေဘူးလား

ကျူကောရွှမ်ချင်း ခေါင်းအနည်းငယ် ညိတ်ပြလိုက်ပြီးနောက် ရွှယ်အန်းဘက်သို့ ပြန်လှည့်ကာ စိတ်ဝင်တစား ကြည့်လိုက်သည်။

"ရှင် တော်တော် အစွမ်းထက်တာပဲ"

ရွှယ်အန်း ပြုံးရုံသာ ပြုံးလိုက်သည်။

"ကံကောင်းသွားတာပါ... ကျူဖေးက အဖြူတစ်ကွက်တည်းကိုပဲ အာရုံစိုက်လွန်းပြီး အဝေးက အန္တရာယ်ကို သတိမထားမိလိုက်လို့ပါ"

ကျူကောရွှမ်ချင်းသည် ရွှယ်အန်း၏ စကားတွင် နက်ရှိုင်းသော အဓိပ္ပာယ် ပါနေသည်ဟု ခံစားရသဖြင့် တွေးတွေးဆဆ ခေါင်းညိတ်လိုက်သည်။ သူမသည် ရွှယ်အန်း၏ အစစ်အမှန်နှင့် ပတ်သက်ပြီးလည်း ပြင်းပြင်းထန်ထန် သိချင်စိတ် ဖြစ်ပေါ်လာသည်။

သူက တကယ်တမ်း ဘယ်သူလဲ

ကျူကောရွှမ်ချင်း စိတ်ထဲတွင် တွေးတောနေမိသည်။ ထို့နောက် ရွှယ်အန်းသည် အဝေးတစ်နေရာရှိ စင်မြင့်ထက်တွင် ထိုင်နေသော ကျန်းထျန်ယွေ့နှင့် သူ့ဘေးရှိ ချိုက်မိသားစုဝင်များဘက်သို့ လှည့်ကြည့်လိုက်သည်။

တိုက်ဆိုင်စွာပင် ထိုအချိန်၌ ချိုက်ယုံရှင်းကလည်း ဤဘက်သို့ လှမ်းကြည့်လိုက်ရာ သူတို့နှစ်ယောက် အကြည့်ချင်း ဆုံသွားကြသည်။ ရွှယ်အန်း ဖျော့တော့စွာ ပြုံးပြလိုက်သည်။ သို့သော် ထိုအပြုံးသည် ချိုက်ယုံရှင်း၏ မျက်နှာကို ဖြူဖျော့သွားစေပြီး ထိတ်လန့်တကြား ခေါင်းလွှဲလိုက်ကာ ထပ်မကြည့်ရဲတော့ပေ။ ယခုအခါ သူ့ရင်ထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေပြီ ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် အခြေအနေများ ဤသို့ ဖြစ်လာလိမ့်မည်ဟု သူ မထင်ထားခဲ့သောကြောင့်ဖြစ်သည်။ သို့သော် မကြာမီ ရက်စက်သော အရိပ်အယောင်တစ်ခု သူ့မျက်နှာပေါ်တွင် ဖြတ်ပြေးသွားသည်။

အဆင့်ကိုး ဖြစ်သွားတော့ရော ဘာဖြစ်လဲ... သခင်လေးကျန်းကို နိုင်မယ်လို့ တကယ်ပဲ ထင်နေတာလား

All Chapters