အခန်း (၉၉၄-၉၉၆)
Vol. 67 Ch. 994-996
အခန်း (၉၉၄) ပြိုင်ပွဲစတင်ခြင်း၊ မဟာဗျူဟာ ချမှတ်ခြင်း
ဤသည်ကား ထိုနေရာတွင် ရောက်ရှိနေကြသော ထျန်းကျောက် စစ်တုရင်ပညာရှင်များ၏ တညီတညွတ်တည်းသော ယူဆချက်ပင် ဖြစ်သည်။ အမြဲတမ်း မောက်မာထောင်လွှားပြီး မိမိကိုယ်ကို အထင်ကြီးတတ်ကြသော ဤထျန်းကျောက် စစ်တုရင်ပညာရှင်များ၏ မျက်လုံးထဲတွင် ကျူကောမိသားစုမှလွဲ၍ သူတို့နှင့် ယှဉ်ပြိုင်နိုင်မည့်သူ မရှိဟု ခံယူထားကြသည်။
ရွှယ်အန်းအတွက်မူကား သူသည် ကံကောင်းရုံသက်သက်သာ ဖြစ်ပြီး သရဲတစ္ဆေစစ်တုရင်ပညာရှင် ကျူဖေးကို တိုက်ဆိုင်စွာ အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်ဟု သူတို့ သတ်မှတ်ထားကြသည်။ ထို့အပြင် ရွှယ်အန်းသည် ယခင် အဆင့်ကိုးသို့ တက်လှမ်းရာတွင် စွမ်းအင်များစွာ ကုန်ခမ်းခဲ့ပြီ ဖြစ်သဖြင့် လာမည့်ပွဲစဉ်တွင် များများစားစား စွမ်းဆောင်နိုင်လိမ့်မည်မဟုတ်ဟု လူများစွာက ယုံကြည်နေကြသည်။
ထိုထူးဆန်းသော အကြည့်များကို ရင်ဆိုင်ရချိန်တွင် ရွှယ်အန်းသည် ဂရုမစိုက်သလို ပြုံးလိုက်ပြီး ၎င်းတို့ကို အာရုံစိုက်ရန် စိတ်မဝင်စားပေ။ ပြိုင်ပွဲသည် နောက်ဆုံးတွင် တရားဝင် စတင်ခဲ့လေသည်။
ဤစစ်တုရင် ပြိုင်ပွဲသည် ရှုံးထွက်စနစ်ကို ကျင့်သုံးထားရာ တစ်ပွဲရှုံးသည်နှင့် ပြိုင်ပွဲမှ တိုက်ရိုက် ထွက်ခွာရမည်ဖြစ်သည်။ ဤလွန်ကဲစွာ ရက်စက်သော စည်းမျဉ်းသည် ပါဝင်ယှဉ်ပြိုင်သူများကို အနည်းငယ်မျှ ပေါ့ဆရဲခြင်း မရှိအောင် ဖိအားပေးလျက် ရှိသည်။ သူတို့တစ်ဦးစီတိုင်းအတွက် ပွဲစဉ်တိုင်းသည် သေရေးရှင်ရေး တိုက်ပွဲတစ်ခု ဖြစ်နေသည်။ ထို့ကြောင့် ကွင်းတစ်ခုလုံး၏ လေထုအခြေအနေသည် လေးနက်တည်ငြိမ်သွားသည်။
မရေမတွက်နိုင်သော လူများသည် စိတ်ဝိညာဉ်အာရုံ စွမ်းအားများဖြင့် ကောင်းကင်ယံတွင် ဖန်တီးထားသော ဧရာမ ဖန်သားပြင်ကြီးကို မျက်တောင်မခတ်တမ်း ကြည့်ရှုနေကြသည်။ ၎င်းကို အကွက်ငယ်လေးများ ခွဲခြားထားပြီး တစ်ကွက်စီတွင် ပြိုင်ပွဲဝင်များ၏ ကစားပွဲ အခြေအနေကို တိုက်ရိုက် ပြသနေသည်။
ရှုံးထွက်ပွဲစဉ် ဖြစ်သောကြောင့် လူတိုင်း၏ ပြိုင်ဘက်ကို ကျပန်းရွေးချယ်ထားခြင်း ဖြစ်သည်။ ရွှယ်အန်း၏ ပြိုင်ဘက်မှာ ရုပ်ရည်သပ်ရပ်သော သက်လတ်ပိုင်း အမျိုးသမီးတစ်ဦး ဖြစ်သည်။ သူမသည် မိမိ၏ ပြိုင်ဘက်မှာ ရွှယ်အန်းဖြစ်နေကြောင်း မြင်လိုက်ရသောအခါ မျက်နှာတွင် ဝမ်းသာရိပ်များ ပေါ်လာလေသည်။
အဘယ်ကြောင့်ဆိုသော် ရွှယ်အန်းသည် အားကုန်ခမ်းနေပြီဟု သူမလည်း ယူဆထားပြီး သူမ၏ ပထမပွဲစဉ်ကို အလွယ်တကူ အနိုင်ရမည်ဟု တွက်ဆထားသောကြောင့် ဖြစ်သည်။
ရွှယ်အန်းကမူ ဖျော့တော့စွာ ပြုံးလိုက်ပြီး စကားများမနေဘဲ ပြိုင်ပွဲကို စတင်လိုက်သည်။ ဤပြိုင်ပွဲတွင် အသုံးပြုသော စစ်တုရင်ခုံများကို အထူးပြုလုပ်ထားပြီး အလွှာပေါင်း တစ်ရာ့ခုနစ်ဆယ်အထိ ထပ်ဆင့်ထားကာ တစ်လွှာစီတွင် (၇၂ x ၇၂) အကွက်များပါရှိသော ဧရာမ စစ်တုရင်ခုံကြီးများ ဖြစ်သည်။ ထိုကဲ့သို့သော စစ်တုရင်ခုံမျိုးသည် သာမန်လူတစ်ယောက်ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် ခေါင်းမူးသွားစေနိုင်ပြီး ကစားရန် မဆိုထားနှင့် ရှုပ်ထွေးနက်နဲမှုမှာတင် အံ့သြဖွယ်ကောင်းလှသည်။
ဤသက်လတ်ပိုင်း အမျိုးသမီးသည် မကျော်ကြားသော်လည်း အဆင့်ကိုးသို့ ရောက်ရှိလာသူ မည်သူမဆို ပေါ့သေးသေး မဟုတ်ကြပေ။ ပွဲစသည်နှင့် သူမသည် သူမ၏ စစ်တုရင်စွမ်းရည်ကို ထုတ်ဖော်ပြသလိုက်ပြီး ကစားကွက်တိုင်းသည် စံချိန်စံညွှန်းများအတိုင်း တည်ငြိမ်လွန်းလှသည်။ ဤကဲ့သို့ စနစ်ကျပြီး တည်ငြိမ်သော နည်းလမ်းသည် ကြည့်ကောင်းလှသည် မဟုတ်သော်လည်း လုံခြုံမှုအရှိဆုံးနှင့် ခေါင်းအကိုက်ရဆုံး ကစားကွက်ပုံစံ ဖြစ်သည်။
ကစားသမားနှစ်ဦးကြား စွမ်းရည်ကွာခြားမှု မကြီးမားပါက ဤနည်းဗျူဟာကို အချိန်တိုအတွင်း ဖြိုခွင်းရန် ခက်ခဲပေလိမ့်မည်။
ရွှယ်အန်း၏ ယခင် အံ့မခန်း စွမ်းဆောင်ရည်ကြောင့် လူများစွာသည် သူ့ပွဲစဉ်ကို အာရုံစိုက်နေကြသော်လည်း အဖွင့်ပိုင်းကို မြင်ပြီးနောက် ရွှယ်အန်း၏ နိုင်ခြေမှာ အလွန်နည်းပါးသည်ဟု တွေးကာ ခေါင်းခါလိုက်ကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုအမျိုးသမီးသည် ရွှယ်အန်း၏ ကုန်ခမ်းလုနီးပါး ဖြစ်နေသော စွမ်းအင်အပေါ် မူတည်ပြီး စနစ်ကျသော နည်းလမ်းဖြင့် သူ့ကို တဖြည်းဖြည်းချင်း အားကုန်စေရန် ရည်ရွယ်ထားကြောင်း ထင်ရှားနေသောကြောင့် ဖြစ်သည်။
၎င်းသည် ပျင်းစရာကောင်းသည်ဟု ထင်ရသော်လည်း အထိရောက်ဆုံး နည်းလမ်းဖြစ်သည်။ သို့သော် လူတိုင်း အံ့သြသွားစေသည်မှာ ရွှယ်အန်းသည် ဤအခြေအနေကို ရင်ဆိုင်ရာတွင် စိတ်မရှည်ခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း လက္ခဏာ တစ်စုံတစ်ရာ မပြသဘဲ ထိုအမျိုးသမီးနှင့် တည်ငြိမ်စွာ ယှဉ်ပြိုင်ကစားနေခြင်း ဖြစ်သည်။ သူမက တစ်ဆင့်ချင်း စနစ်တကျ ကစားနေသလို ရွှယ်အန်းကလည်း သူ့ခံစစ်ကို တစ်လွှာချင်း ခိုင်မာအောင် တည်ဆောက်နေသည်။
ရလဒ်အနေဖြင့် ကစားပွဲပုံစံသည် လမ်းကြောင်းလွဲလာပြန်သည်။ နှစ်ဖက်စလုံးသည် စစ်သည်ရဲမက်များကို လုံခြုံအောင်ထားရှိပြီး တိုက်ခိုက်ခြင်း မပြုလုပ်သော စစ်သူကြီးများကဲ့သို့ အလွန်အမင်း သတိကြီးနေကြသည်။ အချိန်ကြာလာသည်နှင့်အမျှ ကစားပွဲသည် ပျင်းစရာကောင်းလာပြီး လူများကို သမ်းဝေချင်စိတ် ပေါက်လာစေသည်။ စစ်တုရင်ပညာရှင် အများစုသည် ကြောင်တောင်တောင် ဖြစ်ကုန်ကြသည်။
"ဒီရွှယ်အန်းက တော်တော်ဉာဏ်ကောင်းတာပဲ... ဒီနည်းဗျူဟာကိုသုံးပြီး အချိန်ဆွဲပြီး သူမစွမ်းအင်တွေ အမြန်ဆုံး ပြန်ပြည့်အောင် လုပ်နေတာ ဖြစ်လောက်တယ်"
တစ်စုံတစ်ယောက်က ခန့်မှန်းလိုက်သည်။ အခြားသူများကမူ ခေါင်းခါလိုက်ကြသည်။
"ဒါက ယာယီအစီအစဉ်ပါကွာ... သူတို့နှစ်ယောက် ဒီလို သောင်မတင်ရေမကျ အခြေအနေကို အမြဲတမ်း ဆက်သွားနိုင်မယ်လို့ ငါမထင်ဘူး"
သို့သော် လက်တွေ့အခြေအနေမှာ ထိုလူ ပြောသည့်အတိုင်းပင် ဖြစ်နေပြီး အခြေအနေမှာ တိုးတက်မှုမရှိဘဲ ရပ်တန့်နေသည်။ အခြားပွဲစဉ်များ ပွဲလယ်သို့ ရောက်နေချိန်၊ အချို့ အမြန်ကစားသူများ ပွဲပြီးဆုံးပြီး ပြိုင်ဘက်ကို အနိုင်ယူသွားချိန်တွင်ပင် ရွှယ်အန်းသည် အလောတကြီး မဟုတ်ဘဲ ခံစစ်ကစားနေဆဲ ဖြစ်သည်။
ဤအချက်က စစ်တုရင်ပညာရှင် များစွာကို မထီမဲ့မြင် ဖြစ်စေခဲ့သည်။ ဤကဲ့သို့ ကစားခြင်းသည် မမှားသော်လည်း ရွှယ်အန်းသည် သတ္တိနည်းသွားပြီဟု လူအများက ထင်မြင်လာကြသည်။ သတ္တိနည်းသွားသော သူတစ်ယောက်သည် စစ်တုရင်ပညာရှင်ဟု ခေါ်ဝေါ်ခြင်းခံရရန် မထိုက်တန်ပေ။
လေထုအခြေအနေသည် ပိုမို လေးလံလာသည်။ ရွှယ်အန်း၏ မျက်နှာထားမှာ ဂရုမစိုက်သော ပုံစံဖြင့် ရှိနေဆဲဖြစ်သော်လ်း သူနှင့် ကစားနေသော အမျိုးသမီးမှာမူ ဆက်လက် တောင့်ခံထားနိုင်ခြင်း မရှိတော့ပေ။ သူမ၏ မျက်နှာသည် ဖြူဖျော့လာပြီး ရွေ့ကွက်များမှာ တွေဝေ တုန်ဆိုင်းလာသည်။
အဆုံးတွင် အမွှေးတိုင်တစ်တိုင် ကုန်ဆုံးသွားသည့် အချိန်ပမာဏ ကြာမြင့်ပြီးနောက် ထိုအမျိုးသမီးသည် စိတ်မထိန်းနိုင်တော့ဘဲ ထိုးစစ်ဆင်လိုက်တော့သည်။ ယခင်က အလွန်အမင်း စနစ်ကျစွာ ပြင်ဆင်ထားမှုကြောင့် ဤတိုက်စစ် စတင်လိုက်သည်နှင့် အလွန် ပြင်းထန်လေသည်။ ငိုက်မျဉ်းလုနီးပါး ဖြစ်နေသော ပရိသတ်များသည် ဤမြင်ကွင်းကြောင့် ချက်ချင်း နိုးကြားလာကြသည်။
"နောက်ဆုံးတော့ စပြီလားဟေ့"
သို့သော် လူအများ မျှော်လင့်ထားသည်နှင့် ဆန့်ကျင်ဘက်ပင် ရွှယ်အန်းသည် ထိုတိုက်စစ်ကို ရင်ဆိုင်ရာတွင် မည်သည့် ပြောင်းလဲမှုမျှ မပြုလုပ်ဘဲ သူ၏ စစ်ကြောင်းကိုသာ စနစ်တကျ ဆက်လက် တိုးမြှင့်နေသည်။ ထိုကဲ့သို့ ထိုးဖောက်၍ မရနိုင်လောက်သော သံမဏိခံစစ်ရှေ့တွင် အမျိုးသမီး၏ တိုက်ခိုက်မှု အားလုံးသည် အချည်းနှီး ဖြစ်သွားခဲ့ရသည်။
ထို့နောက် ရွှယ်အန်းသည် မျက်နှာပြောင်တိုက်သော နည်းလမ်းဖြင့် အမျိုးသမီး၏ အရှိန်အဟုန်ကို မွန်းကြပ်သွားစေကာ ကစားပွဲကို အနိုင်ယူလိုက်လေသည်။
ပွဲပြီးဆုံးသွားလေသည်။
ထိုအမျိုးသမီးသည် ဒေါသကြောင့် မျက်နှာများ ပြာနှမ်းနေပြီး ရွှယ်အန်းကို မကျေနပ်သော အကြည့်ဖြင့် ကြည့်ကာ စစ်တုရင် စင်မြင့်ထက်မှ ထွက်ခွာသွားလေသည်။ ကွင်းတစ်ခုလုံးသည် ကနဦး မှင်သက်သွားပြီးနောက် ဆွေးနွေးသံများဖြင့် ဆူညံသွားကြသည်။
"ဒီလို ကစားပုံက တော်တော် အရှက်မရှိတာပဲ"
"ပြိုင်ဘက်ကို ဒီလိုနည်းနဲ့ အနိုင်ယူမယ်လို့ တကယ် မထင်ထားဘူး"
လူများစွာသည် ရွှယ်အန်း၏ နည်းလမ်းကို မနှစ်မြို့ကြောင်း ပြသလာကြသည်။ ရွှယ်အန်းကမူ မည်သည့် ခံစားချက်မျှ မပါဘဲ တည်ငြိမ်စွာ ထိုင်နေသည်။ စစ်တုရင်ပွဲ ဆိုသည်မှာ ဤသို့ပင် ရှုံးလျှင်ရှုံးသည်သာ ဖြစ်ပြီး ဆင်ခြေပေးစရာ မလိုပေ။ ဤအချိန်တွင် ပထမအဆင့် ပြိုင်ပွဲ ပြီးဆုံးသွားပြီ ဖြစ်သည်။ ထိုအဆင့်တွင် ပြိုင်ပွဲဝင်ထက်ဝက်ခန့် ပြုတ်ကျကျန်ရစ်ခဲ့သည်။
ပြန်ကြည့်လျှင် ကုန်းချန်ယွဲ့သည်လည်း ပထမပွဲကို အနိုင်ရပြီး ဒုတိယအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။ ကျူကောရွှမ်ချင်းမှာမူ ပြိုင်ဘက်ကို ပထမဆုံး အနိုင်ယူပြီး ဒုတိယအဆင့်သို့ တက်ရောက်သွားသူ ဖြစ်သည်။ ကျန်းထျန်ယွေ့သည် သူမ၏ နောက်ကပ်လျက်မှ လိုက်ပါလာသည်။
ယှဉ်ပြိုင်ချိန်ကို ကြည့်ခြင်းအားဖြင့် တစ်ဦးချင်းစီ၏ စွမ်းရည်ကိုသိနိုင်သည်။ သူတို့နှင့် ယှဉ်လျှင် ရွှယ်အန်းမှာ နောက်ဆုံးမှ ပြီးဆုံးသူဖြစ်သဖြင့် ကျန်းထျန်ယွေ့သည် နှာခေါင်းရှုံ့လိုက်ပြီး စိုးရိမ်စိတ်များကို လျှော့ချလိုက်သည်။ သူ့အမြင်တွင် ရွှယ်အန်း၏ နိုင်ပွဲမှာ ကံတရား သက်သက်သာ ဖြစ်ပြီး ဒုတိယအဆင့်တွင် ပထမဆုံး ထွက်ရမည့်သူ ဖြစ်နိုင်သည်ဟု ယူဆထားသည်။
ဤကဲ့သို့ အားနည်းသော ကစားသမားသည် သူ့အာရုံစိုက်မှုကို ခံယူထိုက်သူ မဟုတ်ပေ။
ခေတ္တ အနားယူပြီးနောက် ဒုတိယအဆင့် ပြိုင်ပွဲ စတင်လေသည်။ ဤတစ်ကြိမ်တွင် ရွှယ်အန်းသည် ရိုးသားအေးဆေးပုံရသော ပြိုင်ဘက်တစ်ဦးနှင့် တွေ့ဆုံလေသည်။ ထိုလူသည် ရွှယ်အန်းနှင့် မျက်နှာချင်းဆိုင် ထိုင်ပြီးနောက် ရိုးသားစွာ ရယ်မောလိုက်သည်။
"ဟလို... တွေ့ရတာ၀မ်းသာပါတယ်"
သို့သော် ပရိသတ်အများစုသည် ထိုလူကို မြင်လိုက်ရသောအခါ အံ့သြသွားကြပြီး ထူးဆန်းသော မျက်နှာထားများ ဖြစ်ကုန်ကြသည်။ အချို့က မရယ်ဘဲ မနေနိုင် ဖြစ်ကုန်သည်။
"ဒီတစ်ခါတော့ ရွှယ်အန်း ပွဲကောင်း တွေ့ပြီဟေ့"
တစ်စုံတစ်ယောက်က စပ်စုကာ မေးလိုက်သည်။
"ဘာလို့ အဲ့လိုပြောတာလဲ"
"မင်း အဲ့ဒီလူကို မသိဘူးလား... အဲ့လူက လောဘရမ္မက် ဝံပုလွေ ကြယ်တာရာနယ်မြေက အဆင့်ကိုး စစ်တုရင်ပညာရှင်လေ... ကြည့်ရတာ ရိုးတဲ့ပုံပေါက်ပေမဲ့ သူ့မှာ နာမည်ပြောင် ရှိတယ်၊ အရူးစစ်တုရင်တဲ့”
အခန်း (၉၉၅) သူလုပ်သမျှ ကိုယ်ပြန်လုပ်
"အရူးစစ်တုရင် ဟုတ်လား"
"ဟုတ်တယ်... ဒီကောင့်ကစားကွက်က တကယ့်အရူးတစ်ယောက်လိုပဲ ရမ်းကားပြီး တိုက်စစ်ဆင်တတ်လို့ အဲ့ဒီနာမည်ပြောင် ရထားတာ... သူ့ရဲ့ အကွက်တွေက အရမ်းကြမ်းသလို သတ်ဖြတ်ကွက်တွေကလည်း ကြောက်စရာကောင်းတယ အထူးသဖြင့် တည်တည်ငြိမ်ငြိမ်ကစားတတ်တဲ့ သူတွေဆိုရင် ဒီကောင်နဲ့တွေ့တာနဲ့ သွားပြီပဲ"
ထိုသို့ပြောပြီးနောက် စစ်တုရင်ကစားသမားသည် ရွှယ်အန်းကို ကြည့်ကာ ကောက်ကျစ်သောအပြုံးဖြင့် ပြောလိုက်သည်။
"သူက တည်ငြိမ်တဲ့ကစားကွက်နဲ့ ကစားတာ ကျွမ်းကျင်တယ်မလား၊ အခု စစ်တုရင်အရူးနဲ့ တွေ့ပြီဆိုတော့ ငိုချင်ရင်တောင် မျက်ရည်ထွက်နိုင်တော့မယ် မထင်ဘူး"
အမှန်တကယ်ပင် ထိုလူပြောသည့်အတိုင်း ဖြစ်လာခဲ့လေသည်။ ရိုးသားဖြူစင်ပုံပေါက်သော ထိုလူသည် စစ်တုရင်ရုပ်များကို ကိုင်လိုက်သည့်အခါတွင်မူ အခြားတစ်ယောက်အဖြစ်သို့ လုံးဝ ပြောင်းလဲသွားတော့သည်။ သူ၏ မျက်လုံးများသည် ရုတ်ခြည်းပင် ရူးသွပ်မှုများ လွှမ်းမိုးလာပြီး မျက်နှာထားမှာလည်း အရူးတစ်ပိုင်းကဲ့သို့ ကြမ်းတမ်းခက်ထန်လာသည်။
သူသည် ပထမဆုံးရွေ့ကွက်တွင်ပင် ရွှယ်အန်း၏ အလယ်ဗဟိုချက်ကို တည့်တည့်ချိန်ရွယ်၍ တိုက်စစ်ဆင်လိုက်လေသည်။ ထိုကဲ့သို့ မောက်မာပြီး ရန်လိုသော ဖွင့်ပွဲကြောင့် ပွဲကြည့်ပရိသတ်များအကြား အံ့အားသင့်သံများ ထွက်ပေါ်လာသည်။
ထိုလူကောင်ကြီးကို မသိသောသူများပင်လျှင် ယခုအခါ မည်သို့သော ကစားသမားမျိုးဖြစ်ကြောင်း ရိပ်မိသွားကြသဖြင့် ရွှယ်အန်းအတွက် မျှော်လင့်ချက်မရှိတော့ဟု ယူဆလိုက်ကြသည်။
သို့သော် လူတိုင်းက ရွှယ်အန်း ရှုံးနိမ့်တော့မည်ဟု ထင်မှတ်နေချိန်တွင် ရွှယ်အန်းက ခေါင်းမော့လာပြီး သူ့ရှေ့မှ လူကောင်ကြီးအား အေးစက်စက် အပြုံးဖြင့် ပြုံးပြလိုက်သည်။
"ခင်ဗျားရဲ့ စတိုင်ကို ကျုပ် သိပ်ကြိုက်တာပဲ"
ရွှယ်အန်းသည် တွန့်ဆုတ်ခြင်းမရှိဘဲ ပြန်လည်ရွှေ့ကစားလိုက်သည်။ သူ၏ ရွေ့ကွက်သည် ပြိုင်ဘက်၏ အလယ်ဗဟိုချက်ကို ထိုးဖောက်ရုံသာမက ပြိုင်ဘက်၏ ဦးခေါင်းတည့်တည့်ကို ရိုက်နှက်လိုက်သည့်အလား ပြင်းထန်လှသည်။
ထိုလူကောင်ကြီးထက်ပင် ပိုမိုမောက်မာသော ဤရွေ့ကွက်ကြောင့် ပရိသတ်တစ်ရပ်လုံး တုန်လှုပ်သွားကြသည်။
"ငါ မျက်စိမှားနေတာများလား၊ သူက တည်ငြိမ်တဲ့ ကစားကွက်နဲ့ နာမည်ကြီးတာ မဟုတ်ဘူးလား... ဘယ်လိုဖြစ်ပြီး ရုတ်တရက်ကြီး စတိုင်ပြောင်းသွားရတာလဲ"
တစ်စုံတစ်ယောက်က အံဩဟန်ဖြင့် ရေရွတ်လိုက်မိသည်။
အရူးစစ်တုရင်သည် ခေတ္တမျှ ကြောင်အသွားသော်လည်း လျင်မြန်စွာပင် တည်ငြိမ်မှုပြန်ရသွားပြီး ဒေါသမီးများ ဟုန်းခနဲ တောက်လောင်လာသည်။ မည်သူမှ သူ့ကို ဤကဲ့သို့ ကစားရဲခြင်း မရှိခဲ့ဖူးသဖြင့် ၎င်းကို ကြီးမားသော စော်ကားမှုဟု သူယူဆလိုက်သည်။
ထို့ကြောင့် သူသည် ကြောက်မက်ဖွယ်ကောင်းအောင် ရယ်မောလိုက်ပြီး လျှပ်စီးလက်သည့်ပမာ လျင်မြန်သော အမြန်နှုန်းဖြင့် အပြင်းအထန် တိုက်စစ်ဆင်လေတော့သည်။ သူ၏ ရန်လိုမှုသည် ကြည့်ရှုသူများ လန့်ဖျပ်သွားလောက်အောင်ပင် ပြင်းထန်လှသည်။ သို့သော် မကြာမီမှာပင် ပွဲကြည့်သူအားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
အရူးစစ်တုရင်၏ တိုက်စစ်သည် ပြင်းထန်ရူးသွပ်သည်ဆိုသော်လည်း ရွှယ်အန်းမှာမူ ထိုထက်ပင် ပို၍ရက်စက်ကြမ်းကြုတ်ပြီး ပို၍ပင် ရူးသွပ်နေသောကြောင့် ဖြစ်သည်။ သူ၏ မိုက်ရူးရဲဆန်သော ကစားကွက်များကြောင့် လူအများမှာ ကြောင်ငေးနေမိကြသည်။ စောစောက အခြေအနေကြည့်ရန်ပင် သတိထားနေခဲ့သောသူနှင့် ယခု ငရဲမှ လွတ်မြောက်လာသော မိစ္ဆာတစ်ကောင်ကဲ့သို့ဖြစ်နေသူမှာ တစ်ယောက်တည်း ဟုတ်ပါလေလား။
အရူးစစ်တုရင်၏ မျက်နှာမှာ တဖြည်းဖြည်း ဖြူဖပ်ဖြူရော် ဖြစ်လာသည်။ သူဂုဏ်ယူခဲ့သော အရာအားလုံးသည် ရွှယ်အန်း၏ ရှေ့မှောက်တွင် အရောင်မှိန်ဖျော့သွားခဲ့ရသည်။ တိုက်စစ်ဆင်ခြင်းဖြစ်စေ၊ ဗျူဟာခင်းခြင်းဖြစ်စေ ရွှယ်အန်းသည် သူ့ကို တရစပ် ဖိနှိပ် ချေမှုန်းထားလေသည်။ ကနဦးတွင် သိပ်မသိသာလှသော ကွာဟချက်သည် ယခုအခါ အရူးစစ်တုရင်ကို မျှော်လင့်ချက် ကင်းမဲ့သွားစေသည်အထိ ကြီးမားလာသည်။ သူ မည်မျှပင် ကြိုးစားရုန်းကန်ပါစေ ထိုကွာဟချက်ကို အနည်းငယ်မျှပင် ပြန်လည် မမှီနိုင်တော့ပေ။
အဆုံးတွင် ဆေးတံတစ်အိုးကုန်စာ အချိန်အတိုင်းအတာတစ်ခု ကုန်ဆုံးပြီးနောက် ကစားပွဲ ရုတ်တရက် ရပ်တန့်သွားပြီး ရွှယ်အန်းက ခေါင်းခါလျက် လျစ်လျူရှုစွာ ပြောလိုက်သည်။
"ကြည့်ရတာ ခင်ဗျားရဲ့ ရူးသွပ်မှုက လိုနေသေးတယ်"
ရွှယ်အန်းသည် စကားဆုံးသည်နှင့်
သူ့အရုပ်ကို ရွှေ့လိုက်သည်။ ထိုအရုပ်သည် လူကောင်ကြီး၏ ကစားကွက်အလယ်တည့်တည့်သို့ ကျရောက်သွားပြီး ဘေးနံရိုးကို ဓားဖြင့် ထိုးဖောက်လိုက်သည့်အလား အထိနာသွားစေသည်။ ချက်ချင်းဆိုသလိုပင် အရူးစစ်တုရင်၏ အဖြူရောင်နယ်ရုပ်များမှာ ရူးသွပ်စွာ ပျောက်ကွယ်သွားပြီး ရွှယ်အန်း၏ အနက်ရောင်နယ်ရုပ်များက စစ်တုရင်ခုံတစ်ခုလုံးကို လွှမ်းမိုးသွားလေသည်။
"ခင်ဗျား ရှုံးသွားပြီ"
ရွှယ်အန်းက တည်ငြိမ်စွာ ပြောလိုက်သည်။ လူကောင်ကြီး၏ မျက်နှာသည် မီးခိုးပြာရောင် သန်းသွားပြီး ကြောင်ငေးကြည့်နေရင်းမှ ရုတ်တရက် သွေးတစ်လုပ် အန်ထုတ်ကာ သတိမေ့မြောသွားတော့သည်။
သဘာဝကျစွာပင် စစ်တုရင်ပြိုင်ပွဲတွင် သမားတော်များ အဆင်သင့်ရှိနေတတ်သည်။ အဘယ်ကြောင့်ဆိုသော် ပြင်းထန်သော ပြိုင်ပွဲများတွင် ကစားသမား၏ စွမ်းအင်နှင့် စိတ်ဝိညာဉ်အာရုံများ ကုန်ခမ်းသွားတတ်ပြီး အချိန်မီ မကယ်တင်ပါက စိတ်ဝိညာဉ်အာရုံ ကြွေမွကာ ဝိညာဉ်ပျက်စီးသွားနိုင်သောကြောင့် ဖြစ်သည်။
ထို့ကြောင့် အရူးစစ်တုရင် လဲကျသွားသည်နှင့် သမားတော်များက အရေးပေါ် ကုသရန် သယ်ဆောင်သွားကြသည်။ ပရိသတ်တစ်ရပ်လုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။ အရူးစစ်တုရင်ကို သွေးအန်သည်အထိ အပြတ်အသတ် အနိုင်ယူလိုက်ခြင်းကို ကြည့်ပါက ရွှယ်အန်း၏ စစ်တုရင်အဆင့်အတန်းမှာ မည်မျှမြင့်မားသနည်း။ လူအများက ရွှယ်အန်းကို မယုံနိုင်စွာ ကြည့်နေကြသည်။
ထိုစဉ် ကြောက်မက်ဖွယ်ကောင်းသော အချက်တစ်ချက်ကို လူအများ သတိပြုမိလိုက်ကြသည်။ ပြိုင်ပွဲသည် နှစ်ပွဲသာ ပြီးဆုံးသေးသော်လည်း ရွှယ်အန်းသည် ပုံစံနှစ်မျိုး ပြောင်းလဲကစားခဲ့ပြီး ထိုနှစ်မျိုးစလုံးသည် ပြိုင်ဘက်များ အကျွမ်းကျင်ဆုံးသောပုံစံများ ဖြစ်နေခြင်းဖြစ်သည်။
"ဒီကောင်... တမင်သက်သက် လုပ်နေတာများလား"
အချို့လူများက ထိုသို့ တွေးမိလိုက်သော်လည်း ကျောချမ်းသွားကာ ထိုအတွေးကို အတင်းအဓမ္မ ဖျောက်ဖျက်ပစ်လိုက်ကြသည်။ အကယ်၍သာ အမှန်ဖြစ်ပါက ၎င်းသည် အလွန်ကြောက်မက်ဖွယ် ကောင်းလွန်းသောကြောင့် ဖြစ်သည်။
ဤတစ်ကြိမ်တွင်လည်း ရွှယ်အန်းသည် ဒုတိယအဆင့်တွင် ပွဲအပြီးမြန်ဆုံးသူ ဖြစ်လာသည်။
ပွဲပြီးနောက် သူသည် အခြားသူများကို လိုက်လံကြည့်ရှုလိုက်ရာ ကုန်းချန်ယွဲ့သည် လူအိုကြီးတစ်ဦးနှင့် ပြင်းထန်စွာ ယှဉ်ပြိုင်နေရသည်ကို တွေ့လိုက်ရသည်။ ခက်ခဲပုံရသော်လည်း ကုန်းချန်ယွဲ့ အနိုင်ရမည့်အနေအထား ရှိသည်။
ကျူကောရွှမ်ချင်းမှာလည်း အစွမ်းထက်သော ပြိုင်ဘက်နှင့် တွေ့ကြုံနေရပြီး တိုက်ပွဲပြင်းထန်နေသော်လည်း အနိုင်ရရှိမည်မှာ သေချာသလောက်ပင် ဖြစ်သည်။ သို့သော် ပြိုင်ဘက်၏ မလျော့သော ဇွဲလုံ့လကြောင့် သူမ ဒုက္ခတွေ့နေရသည်။
ရွှယ်အန်း ကြည့်ရှုနေစဉ်မှာပင် ကျန်းထျန်ယွေ့၏ ပွဲလည်း ပြီးဆုံးသွားသည်။ သူ၏ ပြိုင်ဘက်မှာ စွမ်းရည်ရှိသော်လည်း နောက်ဆုံးတွင် ရှုံးနိမ့်သွားသည်။ သူသည် ပြိုင်ဘက်ကို အနိုင်ယူပြီးနောက် ကျူကောရွှမ်ချင်း၏ ပွဲကို လှမ်းကြည့်လိုက်ရာ သူမ ရုန်းကန်နေရဆဲဖြစ်သည်ကို မြင်သောအခါ ကျေနပ်သည့်အမူအရာ မျက်နှာပေါ်တွင် ပေါ်လာသည်။ ဒီတစ်ခါတော့ သူဦးဆောင်နိုင်ပြီဟု တွေးလိုက်ခြင်းဖြစ်သည်။
သို့သော် သူဝေ့ဝဲကြည့်လိုက်သောအခါ စင်မြင့်ထက်တွင် ထိုင်လျက် သူ့ကို မထီမဲ့မြင် ပြုံးကြည့်နေသော ရွှယ်အန်းကို တွေ့လိုက်ရသည်။ သူ အံ့အားသင့်သွားသည်။
ဘာဖြစ်သွားတာလဲ... သူ့ပွဲက ပြီးတောင်ပြီးသွားပြီလား... အဲ့ဒီမှာ ထိုင်နေတယ်ဆိုတော့... သူ နိုင်သွားပြန်ပြီပေါ့
ကျန်းထျန်ယွေ့၏ ရင်ထဲတွင် တုန်လှုပ်မှု လှိုင်းလုံးများ ရိုက်ခတ်သွားသည်။
ထိုအချိန်တွင် ရွှယ်အန်းက လက်ကိုဆန့်ထုတ်၍ လည်ပင်းလှီးပြသည့် ပုံစံလုပ်ပြလိုက်ပြီး နှုတ်ခမ်းကို အနည်းငယ်လှုပ်ကာ စကားနှစ်ခွန်းကို တိုးတိုးလေး ရေရွတ်လိုက်သည်။
"စောင့်နေလိုက်"
ကွင်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။ ရွှယ်အန်း၏ လုပ်ရပ်ကြောင့် လူတိုင်း ကြောင်အသွားကြသည်။ ကျန်းထျန်ယွေ့၏ မျက်ခွံများ တဆတ်ဆတ် တုန်ယင်လာပြီး မျက်လုံးများထဲတွင် ဒေါသများ တောက်လောင်လာသည်။ မည်သူမျှ သူ့ကို ဤကဲ့သို့ မလေးမစား မလုပ်ရဲခဲ့ဖူးပေ။
ဒီကောင့်ကို ငါ အပြတ်အသတ် ချေမှုန်းပစ်ရမယ်
ကျန်းထျန်ယွေ့ စိတ်ထဲမှ ဒေါသတကြီး ကြုံးဝါးလိုက်သည်။ ရွှယ်အန်း၏ မျက်လုံးများထဲတွင်လည်း သတ်ဖြတ်လိုသော အငွေ့အသက်များ ပေါ်ထွက်လာသည်။
ကျန်းထျန်ယွေ့ သူ့ကို ပစ်မှတ်ထားနေသည်ကို ရွှယ်အန်း သဘာဝကျစွာပင် သိရှိသည်။ သို့သော် သူရန်လိုမိသည်မှာ ထိုအချက်ကြောင့် မဟုတ်ပေ။ အဓိကအကြောင်းရင်းမှာ ကျန်းထျန်ယွေ့၏ ယခုကစားပွဲမှတဆင့် ရွှယ်အန်းသည် ရင်းနှီးသော အငွေ့အသက်တစ်ခုကို ခံစားလိုက်ရသောကြောင့် ဖြစ်သည်။ ထိုအငွေ့အသက်သည် ရွှယ်အန်း၏ စိတ်ထဲ၌ အေးစက်သော သတ်ဖြတ်လိုစိတ်ကို တဖြည်းဖြည်း နှိုးဆွပေးလိုက်သည်။
ထိုအချိန်၌ ဒုတိယအကျော့ ပြိုင်ပွဲ ပြီးဆုံးသွားလေသည်။ ကစားသမား ထက်ဝက်ခန့် ထွက်သွားရပြီးနောက် စင်မြင့်များထက်တွင် စစ်တုရင်ပညာရှင် အယောက် ၃၀ ခန့်သာ ကျန်ရှိတော့သည်။ ကျူကောရွှမ်ချင်းသည် အခက်အခဲမရှိ နောက်တစ်ဆင့် တက်ရောက်သွားသည်။ အစပိုင်းက ရေပန်းမစားခဲ့သော ကုန်းချန်ယွဲ့သည်လည်း နှစ်ပွဲဆက် အနိုင်ရကာ တတိယအဆင့်သို့ တက်ရောက်သွားသည်။
ပြိုင်ပွဲသည် အရေးကြီးသော အချိန်သို့ ရောက်ရှိလာသည်။ နောက်ထပ် မဲနှိုက်ရွေးချယ်မှုများ ပြုလုပ်ကြသည်။ သို့သော် မဲလိပ်များကို ဖွင့်ကြည့်လိုက်သောအခါ ပျော်ရွှင်နေသော ကုန်းချန်ယွဲ့၏ ခန္ဓာကိုယ် တုန်ခါသွားပြီး မျက်နှာပေါ်မှ အပြုံးများ ခဲသွားတော့သည်။ အကြောင်းမှာ သူ၏ ယခုတစ်ကြိမ် ပြိုင်ဘက်သည် သီယွမ်လုံဖြစ်နေသောကြောင့်ဖြစ်သည်။
အခန်း (၉၉၆) လူသန်းပေါင်းများစွာ တားဆီးပိတ်ပင်နေပါစေ ချသာချ
ထိုအချိန်တွင် သီယွမ်လုံသည်လည်း သူ၏ မဲလိပ်ကို မြင်လိုက်ရသဖြင့် ရက်စက်စွာ တဟားဟား ရယ်မောလိုက်လေသည်။
"ကုန်းချန်ယွဲ့... ငါတို့က တကယ်ပဲ ရေစက်ပါတာပဲကွာ ပြီးခဲ့တဲ့ ပြိုင်ပွဲတုန်းကလည်း ပြိုင်ဘက်တွေ ဖြစ်ခဲ့တယ်၊ အခုလည်း ပြန်တွေ့ကြပြန်ပြီပဲ"
ကုန်းချန်ယွဲ့၏ မျက်နှာသည် ဖြူဖျော့သွားပြီး သူ၏ မျက်ဝန်းထဲတွင် နောက်တွန့်သွားသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ သီယွမ်လုံ ပြောသည့်အတိုင်းပင် ပြီးခဲ့သည့်အကြိမ် စစ်တုရင်ပြိုင်ပွဲတုန်းက ကုန်းချန်ယွဲ့သည် သူ၏ ကျင့်ကြံခြင်းကိုးဆင့် အောင်မြင်ကြောင်း အတည်ပြုပြီးစ ဖြစ်သဖြင့် မိသားစုမှ လူကြီးများနှင့်အတူ လိုက်ပါယှဉ်ပြိုင်ခဲ့ရာ ပထမအဆင့်မှာပင် သီယွမ်လုံနှင့် ဆုံတွေ့ခဲ့သည်။
တက်ကြွထက်သန်နေခဲ့သော ကုန်းချန်ယွဲ့သည် သီယွမ်လုံ၏ အစွမ်းထက်သော စစ်တုရင်ပညာအောက်တွင် ရက်စက်စွာ ချေမှုန်းခံခဲ့ရပြီး ရှုံးနိမ့်ခြင်းဖြင့် အဆုံးသတ်ခဲ့ရသည်။ ထိုမျှသာဆိုလျှင် ကိစ္စမရှိလှပေ။ အဓိကပြဿနာမှာ စေလွှတ်လိုက်သော ကုန်းမိသားစုဝင် အားလုံးသည် အပြတ်အသတ် ရှုံးနိမ့်ခဲ့ကြပြီး မည်သူတစ်ဦးတစ်ယောက်မျှ ဒုတိယအဆင့်သို့ မတက်လှမ်းနိုင်ခဲ့ကြခြင်း ဖြစ်သည်။ ရလဒ်အနေဖြင့် သီယွမ်လုံသည် အခွင့်အရေးရတိုင်း သူတို့ကို ရက်ရက်စက်စက် လှောင်ပြောင်သရော်ခဲ့သဖြင့် ကုန်းချန်ယွဲ့၏ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမှာ လုံးဝ ပျက်စီးခဲ့ရသည်။
ဤအရာသည် ကုန်းချန်ယွဲ့အတွက် ကြီးမားသော စိတ်ဒဏ်ရာတစ်ခုအဖြစ်ကျန်ရစ်ခဲ့သည်။ ထို့ကြောင့် ယနေ့တွင် သူ၏ ပြိုင်ဘက်မှာ သီယွမ်လုံဖြစ်နေသည်ကို မြင်လိုက်ရသောအခါ ကုန်းချန်ယွဲ့၏ စိတ်ထဲတွင် ကြောက်ရွံ့မှုများ အလိုလို ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။
"ဘာဖြစ်လို့လဲ... ကြောက်နေတာလား"
သီယွမ်လုံက နှုတ်ခမ်းကို သပ်လျက် ကောက်ကျစ်စဉ်းလဲသော အပြုံးဖြင့် ပြောလိုက်သည်။
"စိတ်မပူပါနဲ့... ကွင်းထဲရောက်ရင် မင်းကို ကောင်းကောင်း ပြုစုပေးပြီး အမှတ်တရကောင်းတွေ ကျန်ခဲ့အောင် လုပ်ပေးမှာပါ"
ထိုစကားများကို ကြားလိုက်ရသောအခါ ကုန်းချန်ယွဲ့မှာ မရေမရာဖြစ်ကာ ခြေလှမ်း နှစ်လှမ်းခန့် နောက်ဆုတ်လိုက်မိသည်။
ထိုအချိန်တွင်ပင် သွယ်လျသော်လည်း သန်မာသော လက်တစ်ဖက်က သူ့ပခုံးကို ဖွဖွလေး ပုတ်လိုက်ပြီးနောက် တိုးညှင်းသော မေးခွန်းတစ်ခု ထွက်ပေါ်လာသည်။
"စစ်တုရင်ပညာရှင်တစ်ယောက်မှာ ရှိရမယ့် အရေးကြီးဆုံး အရည်အချင်းက ဘာလဲဆိုတာ မင်းသိလား"
ကုန်းချန်ယွဲ့ လန့်သွားပြီး မော့ကြည့်လိုက်ရာ သူ့ကို ပြုံးပြနေသော ရွှယ်အန်းအား တွေ့လိုက်ရသည်။ ထို့နောက် သူက နားမလည်စွာဖြင့် ခေါင်းခါပြလိုက်သည်။ ရွှယ်အန်းက သီယွမ်လုံဘက်သို့ တစ်ချက်ဝေ့ကြည့်လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။
"စစ်တုရင်ပညာရှင်တစ်ယောက်အနေနဲ့ အရေးကြီးဆုံးက ရှေ့မှာ လူသန်းပေါင်းများစွာ ပိတ်ဆို့တားဆီးနေပါစေ... ရဲရဲဝံ့ဝံ့ ရှေ့ဆက်တိုးမယ့် သတ္တိရှိဖို့ပဲ"
"လူသန်းပေါင်းများစွာ ပိတ်ဆို့နေပါစေ... ရှေ့ဆက်တိုးမယ်..."
ကုန်းချန်ယွဲ့ ကိုယ့်ဘာသာ ရေရွတ်လိုက်သည်။ ရွှယ်အန်းက ပြုံးလိုက်သည်။
"ရှင်းရှင်းပြောရရင် စကားလုံး နှစ်လုံးတည်းပဲ... ချသာချ"
"ချသာချ... ဟုတ်လား"
"ဟုတ်တယ်... တစ်ဖက်လူက ဘယ်သူပဲဖြစ်ဖြစ်၊ ရာထူးဘယ်လောက်ကြီးကြီး၊ အင်အားဘယ်လောက်ရှိရှိ မင်းက သူတို့ကို ကြောက်ရွံ့ခြင်းမရှိတဲ့ နှလုံးသားနဲ့ ရင်ဆိုင်ရမယ်၊ ဘာလို့လဲဆိုတော့ ရန်သူချင်း ကျဉ်းမြောင်းတဲ့ လမ်းမှာ ဆုံတဲ့အခါ ကြောက်နေလို့မှ အပိုပဲလေ အဲ့ဒါကြောင့် အရာအားလုံးကို ရင်းပြီး ကိုယ်ရှိသမျှ အကုန်ထုတ်သုံးပြီး တိုက်ခိုက်သင့်တယ်... နားလည်လား"
ရွှယ်အန်း၏ စကားများကို ကြားသောအခါ ကုန်းချန်ယွဲ့၏ မျက်လုံးထဲမှ ကြောက်ရွံ့မှုများ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး တစ်ခါမှ မရှိဖူးသော ပြတ်သားမှုများဖြင့် အစားထိုး ဝင်ရောက်လာသည်။
"ကျေးဇူးတင်ပါတယ် အရှင်ရွှယ်... ကျွန်တော် နားလည်ပါပြီ"
ထိုအချိန်တွင် ရွှယ်အန်းက ရုတ်တရက် ကောက်ကျစ်စွာ ပြုံးလိုက်ပြီး ကုန်းချန်ယွဲ့၏ နားနားသို့ ကပ်ကာ လေသံဖြင့် ပြောလိုက်ပြန်သည်။
"တကယ်တော့ ကောင်မလေးတွေကို လိုက်တာလည်း ဒီလိုပါပဲ... ပထမဆုံးအနေနဲ့ မြို့ရိုးလောက်ထူတဲ့ မျက်နှာ ရှိရမယ် ပြီးတော့ ရှုံးမှာကို မကြောက်တဲ့ စိတ်ဓာတ်ရှိရမယ်၊ သူဘယ်လိုထင်ထင် ကိုယ်က အရင်ချရမှာပဲ... နားလည်လား"
ကုန်းချန်ယွဲ့၏ မျက်နှာသည် ခြေဖျားထိအောင်ပင် ရဲတက်သွားပြီး ထစ်ငေါ့စွာဖြင့် ပြောလိုက်သည်။
"အ...အရှင်ရွှယ်... ကျွန်... ကျွန်တော်..."
ရွှယ်အန်း လက်ကာပြလိုက်သည်။
"ကျူကောရွှမ်ချင်းက မင်းအပေါ် သံယောဇဉ်ရှိတာ သေချာတယ် မဟုတ်ရင် သူ့အကျင့်နဲ့ဆို မင်းသူ့ရှေ့မှာ သေသွားရင်တောင် ဂရုစိုက်မှာ မဟုတ်ဘူး ဒါကြောင့် ကျန်တာက မင်းအခွင့်အရေးယူဖို့ပဲ လိုတော့တာ"
ထိုနေရာတွင် ရွှယ်အန်း စကားခဏရပ်လိုက်သည်။
"ဒါပေမဲ့ မင်းစဉ်းစားကြည့်ကွာ... စိတ်ထဲမှာ ကြောက်ရွံ့နေပြီး တိုက်တောင် မတိုက်ရဲတဲ့ ယောကျ်ားတစ်ယောက်ကို သူသဘောကျမယ်ထင်လား ဒါမှမဟုတ် ရန်သူနဲ့ လမ်းကျဉ်းထဲမှာ တွေ့ရင်တောင် ဓားဆွဲထုတ်ရဲတဲ့ ယောကျ်ားမျိုးကို သဘောကျမယ်ထင်လား"
တစ်ခါတစ်ရံတွင် အချစ်ဆိုသည်မှာ အလွန်အံ့သြဖွယ်ကောင်းသော အရာတစ်ခု ဖြစ်သည်။ ၎င်းသည် သူရဲဘောကြောင်သူကို ရဲရင့်စေနိုင်သလို၊ ပညာရှိကိုလည်း လူမိုက်ဖြစ်သွားစေနိုင်သည်။ အနည်းဆုံးတော့ ရွှယ်အန်း၏ စကားကို ကြားလိုက်ရသော ကုန်းချန်ယွဲ့သည် လျင်မြန်စွာ တည်ငြိမ်မှု ပြန်ရလာပြီး သူ၏ မျက်ဝန်းထဲတွင် ယခင်က တစ်ခါမျှ မပေါ်ပေါက်ဖူးသော အရောင်အဝါများ တောက်ပလာသည်။
"အရှင်ရွှယ်... ကျွန်တော် နားလည်ပါပြီ"
"ဘာကို နားလည်တာလဲ"
ရွှယ်အန်းက မဲ့ပြုံးပြုံးလျက် မေးလိုက်သည်။ ရွှယ်အန်းနှင့် ကုန်းချန်ယွဲ့တို့ မည်သည့်အရာ တိုးတိုးတိုးတိုး ပြောနေမှန်း နားမလည်ဘဲ ကြောင်တောင်တောင် ဖြစ်နေသော သီယွမ်လုံကို ကုန်းချန်ယွဲ့က လက်ညှိုးထိုးပြလိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။
"ဟေ့ကောင်... ငါမင်းကို ဘယ်လို ချမလဲဆိုတာ စောင့်ကြည့်နေလိုက်"
ထိုစကားကြောင့် သီယွမ်လုံမှာ နားကြားမှားသည်ဟုပင် ထင်သွားပြီး ချက်ချင်း ဒေါသထွက်လာသည်။
"ကုန်းမျိုးရိုး... မင်း သေချင်နေတာလား"
ကုန်းချန်ယွဲ့က ပြန်လည် နှာခေါင်းရှုံ့လိုက်သည်။
"အရင်သေရမှာက မင်းပါကွ"
"မင်း..."
တီယွမ်လုံ ဒေါသထွက်လွန်း၍ စကားမဆက်နိုင်တော့ပေ။ ရွှယ်အန်းမှာမူ ဝဟားဟား ရယ်မောလိုက်ပြီး ကုန်းချန်ယွဲ့၏ ပခုံးကို အားပါးတရ ပုတ်လိုက်သည်။
"ကောင်းတယ်... ဒီကောင်လေးမှာ အလားအလာ ရှိသားပဲ"
ထိုကျယ်လောင်သော ရယ်မောသံက လူအများ၏ အာရုံကို ဆွဲဆောင်သွားသည်။
ကျူကောရွှမ်ချင်းသည် အံ့သြစွာဖြင့် လှည့်ကြည့်လိုက်မိသည်။
မည်သည့်နေရာကမှန်းမသိ ရောက်လာသော ဤမစ္စတာရွှယ်သည် အတော်လေး ထူးဆန်းနေကြောင်း သူမ ပိုမိုသေချာလာသည်။ သို့သော် မည်သည့်အချက်က ထူးဆန်းနေသနည်း ဆိုသည်ကိုမူ သူမ တပ်အပ်မပြောပြတတ်ပေ။ ဤအချက်က သူမကို သံသယများ ပြည့်နှက်သွားစေသည်။
တတိယအကျော့ ပြိုင်ပွဲ တရားဝင် စတင်လေသည်။ ဤအဆင့်သို့ ရောက်သောအခါ ပြိုင်ပွဲသည် အလွန်ပြင်းထန်လာပြီ ဖြစ်သည်။ ပထမ နှစ်ကျော့ကို ဖြတ်ကျော်လာနိုင်သူ အားလုံးသည် ကြောက်မက်ဖွယ်ကောင်းသော ပြိုင်ဘက်များ ဖြစ်ကြသည်။
သို့သော် စစ်တုရင်ပညာရှင်များ၏ အင်အားခွဲဝေမှုမှာ သိသာထင်ရှားလာသည်။ ကျန်ရှိနေသော စစ်တုရင်ပညာရှင် ၃၀ ဦးအနက် ထျန်းကျောက် ကြယ်တာရာနယ်မြေမှ ကစားသမားများသည် သုံးပုံနှစ်ပုံကျော် ပါဝင်နေသည်။ ဤအခြေအနေကြောင့် အခြားနယ်ပယ်မှ ကစားသမားများမှာ မကျေမနပ် ဖြစ်နေကြသည်။ အဘယ်ကြောင့်ဆိုသော် ဤအချက်က ထျန်းကျောက်၏ လွှမ်းမိုးမှုသည် တားဆီး၍မရနိုင်လောက်အောင် ကြီးမားလာကြောင်း ပြသနေသောကြောင့် ဖြစ်သည်။
ဤတစ်ကြိမ်တွင် ရွှယ်အန်း၏ ပြိုင်ဘက်မှာ မိတ်ကပ်ထူပိန်း လိမ်းကျံထားသော အမျိုးသမီးတစ်ဦး ဖြစ်သည်။ ထိုအမျိုးသမီးသည် ထိုင်လိုက်သည်နှင့် ရွှယ်အန်းကို သနားစဖွယ် မျက်နှာပေးဖြင့် ကြည့်ကာ ညုတုတု ပြောလိုက်သည်။
"အရှင်ရွှယ်... ဒီညီမလေးက စစ်တုရင် သိပ်မကျွမ်းကျင်ပါဘူး၊ ဒါကြောင့် ညီမလေးကို ညှာတာပေးပါနော်"
ပျို့အန်ချင်စရာကောင်းလောက်အောင် ချိုသာလွန်းသော လေသံနှင့် ဝမ်းနည်းပူဆွေးဟန်ဆောင်နေသော မျက်နှာထားတို့ ပေါင်းစပ်လိုက်သောအခါ ဆွဲဆောင်မှုရှိနေသည်မှာ အမှန်ပင်ဖြစ်သော်လည်း ရွှယ်အန်းမှာမူ တုပ်တုပ်မျှမလှုပ်ဘဲ ခေါင်းပင်မမော့ဘဲ ပြတ်သားစွာ ပြောလိုက်သည်။
"ခင်ဗျား အရည်အချင်းမရှိဘူးလို့ ထင်ရင် အခုချက်ချင်း အရှုံးပေးပြီး ထွက်သွားလို့ရတယ်"
"ရှင်..."
အမျိုးသမီးမှာ ရွှယ်အန်းထံမှ ဤကဲ့သို့သော တုံ့ပြန်မှုကို လုံးဝ မျှော်လင့်မထားခဲ့ပေ။
"ပြီးတော့ တစ်ခုရှိသေးတယ်..."
ရွှယ်အန်း ခေါင်းမော့လာပြီး ထိုအမျိုးသမီးကို တည်ငြိမ်စွာ စိုက်ကြည့်လိုက်သည်။
"ပွဲတောင် မစသေးဘူး... ခင်ဗျားက မျက်လှည့်ပြကွက်တွေ သုံးဖို့ စိတ်လောနေပြီ... အဲ့ဒါက သိပ်မကောင်းဘူး ထင်တယ်နော်"
အမျိုးသမီး တုန်လှုပ်သွားပြီး သူမ၏ မျက်ဝန်းထဲတွင် အံ့သြမှင်သက်မှုများ ပေါ်လာသည်။ သူမ၏ လှည့်ကွက်ကို ရွှယ်အန်းက ဤမျှတဲ့တိုးကြီး မြင်သွားလိမ့်မည်ဟု သူမ ထင်မှတ်မထားခဲ့ပေ။ ထို့နောက် ရွှယ်အန်းသည် မျက်လွှာချလိုက်ပြီး လက်ထဲရှိ စစ်တုရင်ရုပ်ကို ကစားရင်း ပေါ့ပါးစွာ ပြောလိုက်သည်။
"ပြောချင်စိတ် သိပ်မရှိပေမဲ့ ပြောရဦးမယ် အန်တီရယ်၊ အန်တီ့ မျက်နှာပေါ်က မိတ်ကပ်တွေက ထူလွန်းလို့ နံရံတောင် ဆေးသုတ်လို့ရနေပြီ၊ ဒါကြောင့် ကိုယ့်ကိုယ်ကို ညီမလေး ဆိုတဲ့ စကားလုံးကို ခဏခဏ မသုံးပါနဲ့၊ ကြားရတာ အန်ချင်စရာ ကောင်းလွန်းလို့ပါ"
ထိုစကားကို ကြားလိုက်ရသောအခါ တစ်ကွင်းလုံး ကျောက်ရုပ်သဖွယ် ဖြစ်သွားကြသည်။ ထို့နောက် အချို့က အောင့်မထားနိုင်ဘဲ ခိုးရယ်လိုက်ကြသည်။ အဘယ်ကြောင့်ဆိုသော် ရွှယ်အန်း၏ စကားလုံးများမှာ အလွန်ထိမိလွန်းသောကြောင့် ဖြစ်သည်။ အထူးသဖြင့် အန်တီ ဟူသော အသုံးအနှုန်းမှာ သရော်လှောင်ပြောင်ရာတွင် ဆရာတစ်ဆူပင် ဖြစ်သည်။
ထိုအမျိုးသမီးမှာ ဒေါသကြောင့် ရူးမတတ်ဖြစ်သွားပြီး တုန်ရီနေသော လက်ဖြင့် ရွှယ်အန်းကို လက်ညှိုးထိုးကာ အော်ဟစ်လိုက်သည်။
"နင်... နင်... စောင့်ကြည့်နေလိုက်... ဒီအဖွားကြီးက နင့်ကို သင်ခန်းစာပေးပြမယ်"
ရွှယ်အန်း နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားပြီး ပြုံးလိုက်သည်။
"ကောင်းပြီလေ"
ကစားပွဲ စတင်လေသည်။ ထိုအမျိုးသမီးသည် ယခုအခါ ရွှယ်အန်းကို အလွန်မုန်းတီးနေပြီဖြစ်သဖြင့် သေစေနိုင်သော ရည်ရွယ်ချက်များဖြင့် ရွေ့ကွက်များကို စတင်လိုက်သည်။ ထိုအမျိုးသမီး၏ ကစားကွက်မှာ ကြမ်းတမ်းပြီး ရန်လိုသောကြောင့် အစွမ်းထက် ကစားသမားဟူသော ဂုဏ်ပုဒ်နှင့် ထိုက်တန်ကြောင်း ဝန်ခံရမည် ဖြစ်သည်။ တစ်ခုတည်းသော ကံဆိုးမှုမှာ သူမ၏ ပြိုင်ဘက်က ရွှယ်အန်း ဖြစ်နေခြင်းဖြစ်သည်။
ဤတစ်ကြိမ်တွင် ရွှယ်အန်း၏ ကစားပုံမှာ ထပ်မံပြောင်းလဲသွားပြန်သည်။ အရူးစစ်တုရင်ကို ရင်ဆိုင်စဉ်က ပြသခဲ့သော ရူးသွပ်မှုများမှာ ခြေရာလက်ရာပင် မကျန်တော့ပေ။ သူ့ စစ်တုရင်ခုံထက်တွင် သက်သက်မဲ့ သတ်ဖြတ်ခြင်းသာ ရှိတော့သည်။
အမျိုးသမီး၏ ရွေ့ကွက်များက အားကောင်းသော်လည်း ရွှယ်အန်း၏ ရွေ့ကွက်များက ဆယ်ဆမက ပို၍ အားကောင်းနေသည်။ ဆေးတံတစ်အိုးကုန်စာ အချိန်အနည်းငယ်အတွင်းမှာပင် ရွှယ်အန်းသည် ထိုအမျိုးသမီးကို တစ်ဆင့်ပြီးတစ်ဆင့် နောက်ဆုတ်သွားအောင် တိုက်ထုတ်လိုက်နိုင်ပြီး သူမသည် ပြန်လည်တိုက်ခိုက်ရန် အင်အားမရှိတော့ဘဲ ကာကွယ်ရုံသာ ကာကွယ်နေရတော့သည်။