အခန်း (၉၉၇-၉၉၉)
Vol. 67 Ch. 997-999
အခန်း (၉၉၇) သေကွင်းထဲဆင်းပြီးမှ ရှင်လမ်းရှာတွေ့ခြင်း
ခန်းမတစ်ခုလုံး ထပ်မံ၍ အံ့အားသင့်သွားကြပြန်လေသည်။ အဘယ်ကြောင့်ဆိုသော် ပွဲအနည်းငယ်သာ ရှိသေးသော်လည်း ရွှယ်အန်းသည် ပြိုင်ဘက်များ အားသန်သော ရွေ့ကွက်များနှင့် ပုံစံများကို အသုံးပြု၍ ပြိုင်ဘက်များကို အနိုင်ယူနေကြောင်း လူအများ သတိပြုမိလိုက်ကြသောကြောင့် ဖြစ်သည်။ ထိုကဲ့သို့ စုံလင်ကွဲပြားပြီး ခန့်မှန်းရခက်သော ကစားဟန်သည် အမှန်တကယ်ပင် အံ့မခန်း ဖြစ်ပေသည်။
သို့သော် ရွှယ်အန်းသည် ထိုအရာများကို ဂရုမစိုက်ပေ။ သူသည် အမျိုးသမီးတစ်ဦးနှင့် ပေါ့ပါးစွာကစားနေရင်း ဘေးပတ်ဝန်းကျင်မှ အခြားသူများ၏ ပွဲများကို လေ့လာနေခဲ့သည်။
မထင်မှတ်ထားသော အဖြစ်အပျက်များသာ မရှိပါက ကျူကောရွှမ်ချင်း ထပ်နိုင်လိမ့်ဦးမည် ဖြစ်သည်။ ကျန်းထျန်ယွေ့သည်လည်း အနိုင်နှင့် သိပ်မဝေးလှတော့ပေ။
ထို့နောက် ရွှယ်အန်းသည် သူ၏ အာရုံအားလုံးကို ကုန်းချန်ယွဲ့ထံသို့ ပို့လွှတ်လိုက်သည်။
အမှန်တကယ်တွင် သူတို့ ထိုင်လိုက်သည့် အချိန်မှစ၍ ကုန်းချန်ယွဲ့နှင့် သီယွမ်လုံတို့၏ ပွဲသည် အာရုံစိုက်မှု အများဆုံး ရရှိခဲ့သည်။ အကြောင်းမှာ လူအများစုသည် ကုန်းမိသားစု၏ လက်ရှိ ကြုံတွေ့နေရသော အကြပ်အတည်းကို နားလည်ကြသောကြောင့် ဖြစ်သည်။ အကယ်၍ ကုန်းချန်ယွဲ့သာ သီယွမ်လုံကို မနိုင်ဘဲ တတိယအဆင့်မှ ထွက်ခွာခဲ့ရပါက ကုန်းမိသားစု တစ်ခုလုံးသည် ချောက်ကမ်းပါးထဲသို့ လုံးဝ ကျဆင်းသွားပေလိမ့်မည်။ ထို့အပြင် သီယွမ်လုံနှင့် ကုန်းချန်ယွဲ့တို့၏ ပုဂ္ဂိုလ်ရေး အာဃာတသည်လည်း လူသိများပေသည်။ထို့ကြောင့် လူအများက ဤပြိုင်ပွဲ၏ ရလဒ် ဘယ်လိုဖြစ်လာမည်ကို စောင့်ကြည့်ချင်နေကြသည်။
ဤစစ်တုရင်ပွဲတွင် သီယွမ်လုံက ဦးစွာ စတင်ရွေ့ကစားရသည်။ သူသည် ကုန်းချန်ယွဲ့ကို မဲ့ပြုံးပြုံးကာ လှောင်ပြောင်ပြီးမှ အကွက်ရွှေ့လိုက်သည်။
"ကုန်းချန်ယွဲ့... မင်းရဲ့ သတ္တိကိုတော့ ငါလေးစားတယ် ဒါပေမဲ့ စစ်တုရင်လမ်းစဉ်က သတ္တိတစ်ခုတည်းနဲ့ နိုင်တာမှ မဟုတ်တာ ဒီတစ်ခါတော့ အစွမ်းထက်တဲ့ ကစားသမားဆိုတာ ဘယ်လိုမျိုးလဲ မင်း ကောင်းကောင်း နားလည်သွားစေရမယ်"
ဖွင့်ပွဲတွင် စကားလုံးများဖြင့် ပြိုင်ဘက်၏ စိတ်ဓာတ်ကို တိုက်ခိုက်သော ဤနည်းလမ်းသည် ထျန်းကျောက် ကြယ်တာရာနယ်မြေမှ စစ်တုရင်ကစားသမားများအကြား အလွန်ခေတ်စားသည်
အထူးသဖြင့် စိတ်ဓာတ်ခိုင်မာမှု မရှိသော ပြိုင်ဘက်များနှင့် ရင်ဆိုင်ရသည့်အခါ ဤနည်းဗျူဟာသည် အံ့သြဖွယ်ကောင်းလောက်အောင် ထိရောက်မှု ရှိတတ်သည်။
သို့သော် ဤတစ်ကြိမ်တွင်မူ သီယွမ်လုံ တွက်ကိန်းလွဲသွားခဲ့သည်။
ကုန်းချန်ယွဲ့သည် သူ့အား တည်ငြိမ်လေးနက်သော မျက်နှာထားဖြင့် ရင်ဆိုင်နေပြီး သီယွမ်လုံကို အေးစက်စွာ တစ်ချက်ကြည့်ကာ တိတ်ဆိတ်စွာပင် စတင်ရွေ့ကစားလိုက်သည်။ ဤစကားလုံးမဲ့သော တိတ်ဆိတ်မှုက သီယွမ်လုံ၏ ရန်စသော စကားလုံးအားလုံးကို အရာမထင် ဖြစ်သွားစေခဲ့သည်။ ဤအချက်က သီယွမ်လုံကို စိတ်ထဲ၌ ဒေါသထွက်စေသည်။
"ဘာဖြစ်လို့လဲ... ကြောက်လွန်းလို့ စကားတောင် မပြောရဲတော့ဘူးလား"
ကုန်းချန်ယွဲ့က သီယွမ်လုံကို မော့ကြည့်ပြီး အေးစက်စွာ ပြောလိုက်သည်။
"စစ်တုရင်ပြိုင်ပွဲဆိုတာ ကျင့်ကြံမှုအဆင့်အပေါ် မူတည်တာ၊ ပါးစပ်အပေါ် မူတည်တာ မဟုတ်ဘူး၊ ခင်ဗျား ပါးစပ်ပိတ်ထားလိုက်တော့"
"မင်း..."
သီယွမ်လုံမှာ ဒေါသထိပ်ဆုံးရောက်သွားသော်လည်း အခြားနည်းလမ်း မရှိတော့သဖြင့် ဒေါသကိုမျိုသိပ်လျက် ဆက်လက်ကစားရတော့သည်။ သီယွမ်လုံတွင် ဂုဏ်ယူစရာ အကြောင်းပြချက်ရှိပေသည်။ သူသည် ငယ်စဉ်ကတည်းက ထျန်းကျောက် စစ်တုရင်အကယ်ဒမီတွင် ပြင်းထန်သော လေ့ကျင့်မှုများကို ခံယူခဲ့ရသဖြင့် စစ်တုရင်စွမ်းရည်နှင့် စိတ်ဝိညာဉ်အာရုံ ကျင့်ကြံမှုအဆင့် နှစ်ခုစလုံးတွင် ကုန်းချန်ယွဲ့ထက် အနည်းငယ် သာလွန်နေသည်။
ပြီးခဲ့သည့် သုံးနှစ်အတွင်း ဤကွာဟချက်သည် ကျဉ်းမြောင်းမသွားခဲ့ပေ။
ထို့ကြောင့် ပွဲလယ်သို့ ရောက်သောအခါ ကုန်းချန်ယွဲ့သည် အကျပ်ရိုက်သော လက္ခဏာများပြသလာပြီး လုံးဝ အရေးနိမ့်နေပြီ ဖြစ်သည်။ ပွဲကြည့်သူများမှာ ထိုမြင်ကွင်းကို ကြည့်ရင်း ခေါင်းမခါဘဲ မနေနိုင်ကြတော့ပေ။
"သီယွမ်လုံကပဲ သာနေပါသေးတယ်... တစ်ချိန်က စစ်တုရင် အင်အားကြီးဖြစ်ခဲ့တဲ့ ကုန်းမိသားစုက အရင်လို မဟုတ်တော့ပါလား၊ တစ်ဦးတည်းသော ဆက်ခံသူကတောင် ဒီလိုအခြေအနေဖြစ်နေပြီကိုး"
တစ်စုံတစ်ယောက်က သက်ပြင်းချကာ ပြောလိုက်သည်။ ထိုအချိန်တွင် သီယွမ်လုံက မောက်မာစွာ မဲ့ပြုံးပြုံးလိုက်ပြီး ပြောလိုက်သည်။
"ကုန်းချန်ယွဲ့... မင်းရဲ့ မောက်မာမှုတွေ ဘယ်ရောက်သွားပြီလဲ၊ ဘာလို့ ထုတ်မသုံးတော့တာလဲ၊ မင်း ငါ့ကို နိုင်ချင်တယ်ဆို... လာလေကွာ"
ကုန်းချန်ယွဲ့၏ မျက်လုံးများမှာ သွေးရောင်လွှမ်းနေပြီး စိတ်နှလုံးတစ်ခုလုံးမှာ ကူရာကယ်ရာမဲ့သော ခံစားချက်များဖြင့် ပြည့်နှက်နေသည်။ သူ အစွမ်းကုန် ကြိုးစားခဲ့သော်လည်း အဆုံးတွင် ဤလူကို ရှုံးနိမ့်ရတော့မည်လား။
စင်အောက်ရှိ ကုန်းရွှယ်မန်သည် သူမ၏ အစ်ကိုဖြစ်သူ အခြေအနေကို မြင်လိုက်ရသောအခါ နှလုံးသား နာကျင်သွားရပြီး မျက်ဝန်းထဲတွင် မျက်ရည်များ ဝဲလာသည်။ သို့သော် ထိုအချိန်၌ပင် အေးဆေးသက်သာစွာ ကစားနေဆဲဖြစ်သော ရွှယ်အန်းက ရုတ်တရက် သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည်။
"တစ်ခါတလေကျရင် ကိုယ့်ကိုယ်ကိုယ် သေကွင်းထဲ ပို့လိုက်တာကပဲ အသက်ရှင်လျက် ပြန်ထွက်လာနိုင်မယ့် တစ်ခုတည်းသောနည်းလမ်း ဖြစ်နေတတ်တယ်"
လူအများမှာ ထိုစကားကြောင့် ဇဝေဇဝါ ဖြစ်သွားကြပြီး သူ ဘာကိုဆိုလိုသည်ကို နားမလည်ကြပေ။ သို့သော် ကုန်းချန်ယွဲ့၏ ခန္ဓာကိုယ်သည် တုန်ခါသွားသည်။ ကနဦးက မျှော်လင့်ချက်မဲ့နေသော သူ၏ မျက်ဝန်းများ ရုတ်တရက် ကြည်လင်တောက်ပသွားသည်။
ဟုတ်သားပဲ... သေမင်းနဲ့ ရင်ဆိုင်ရချိန်မှာ အသက်ရှင်လမ်း ရှာဖွေရမယ်... ငါ ဘာလို့ ဒါကို မတွေးမိခဲ့တာပါလိမ့်
ထိုသို့ တွေးလိုက်ပြီးနောက် ကုန်းချန်ယွဲ့သည် ဉာဏ်အလင်းရသွားသည့်အလား အရုပ်တစ်ရုပ်ကို ချလိုက်သည်။ ဤရွေ့ကွက်တွင် ထူးခြားသော ဗျူဟာမပါဝင်ဘဲ သာမန်ရွေ့ကွက်တစ်ခုဟုပင် ဆိုနိုင်သည်။
ထိုသည်ကိုမြင်တော့ သီယွမ်လုံက မဲ့ပြုံးပြုံးလိုက်သည်။
"စကားတွေ အကြီးကြီးပြောပြီးမှ အခု လက်မြှောက်အရှုံးပေးဖို့ ပြင်နေတာလား"
ဤကဲ့သို့ မြင့်မားသော စစ်တုရင်ပွဲမျိုးတွင် သာမန်ရွေ့ကွက်များ ဖြစ်ပေါ်လာရန် မဖြစ်နိုင်သလောက်ဖြစ်သည်။ ထိုသို့ဖြစ်လာပါက တစ်ဖက်လူသည် လုံးဝလက်လျှော့လိုက်ပြီး မျက်နှာမပျက်ရုံ တမင်
အချိန်ဆွဲနေခြင်းသာဖြစ်ကြောင်း သက်သေပြနေသည်။
သီယွမ်လုံသည် ကုန်းချန်ယွဲ့ ခုခံဖို့ လက်လျှော့လိုက်ပြီဟု ထင်မှတ်လိုက်သဖြင့် လှောင်ပြောင်ရယ်မောကာ တစ်ဆင့်ပြီးတစ်ဆင့် အပြင်းအထန် တိုက်စစ်ဆင်လေတော့သည်။ ကုန်းချန်ယွဲ့၏ နယ်ရုပ်များမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံလိုက်ရသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ကုန်းချန်ယွဲ့ ခြေကုပ်ယူထားနိုင်သော နယ်ရုပ်အားလုံးသည် ရက်စက်စွာ ချေမှုန်းခံလိုက်ရသည်။ မည်သူမျှ ကုန်းချန်ယွဲ့အပေါ် မျှော်လင့်ချက် မထားကြတော့ပေ။
သီယွမ်လုံက ကောက်ကျစ်စွာ ရယ်မောလိုက်သည်။
"ကောင်လေး... ဒီနေ့က မင်းတို့ ကုန်းမိသားစု ပျက်ဆီမယ့်နေ့ပဲ"
သူ ပြောပြီးသည်နှင့် အကွက်ရွှေ့လိုက်သည်။ လူအများမှာ ဆက်မကြည့်ရက်တော့သဖြင့် ခေါင်းလွှဲသွားကြသည်။ အဘယ်ကြောင့်ဆိုသော် သီယွမ်လုံ၏ ဤရွေ့ကွက်ကြောင့် ကုန်းချန်ယွဲ့ သေချာပေါက် ရှုံးနိမ့်တော့မည်ဟု ခံစားလိုက်ရသောကြောင့် ဖြစ်သည်။ သို့သော် လူတိုင်း မျှော်လင့်ချက်မဲ့နေချိန်တွင် ကုန်းချန်ယွဲ့က အေးစက်စွာ ပြောလိုက်သည်။
"ဒါက ခင်ဗျားအတွက် အဆုံးသတ် ဖြစ်နိုင်ပေမဲ့... ကျွန်တော့်အတွက်တော့ အစပဲ ရှိသေးတယ်"
ထိုသို့ပြောရင်း ကုန်းချန်ယွဲ့သည် ရှုပ်ထွေးပွေလီနေသော နယ်ရုပ်သေများအကြားသို့ အရုပ်တစ်ရုပ် ချလိုက်သည်။ ဤရွေ့ကွက်က လူအများကို အံ့အားသင့်သွားစေသည်။
"ကုန်းချန်ယွဲ့ ရူးသွားပြီလား"
"ဟုတ်တယ်... ဒီရွေ့ကွက်နဲ့ဆိုရင် အရင်ဆုံး နာကျင်ရမှာက သူ့နယ်ရုပ်တွေပဲလေ"
ဟုတ်ပေသည်။ ထိုအရုပ်ကို ချလိုက်သည်နှင့် ကုန်းချန်ယွဲ့၏ နယ်ရုပ်များ တဖြည်းဖြည်း သေဆုံးကုန်သည်။
တီယွမ်လုံက ဟားတိုက် ရယ်မောလိုက်သည်။
"ဒီလောက်ကြာအောင် ပြင်ဆင်နေတာက ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ စီစဉ်နေတာကိုး၊ စိတ်ကူးဉာဏ် ကောင်းသားပဲ..."
သူ၏ ရယ်မောသံ ရုတ်တရက် ရပ်တန့်သွားသည်။ ထို့နောက် ပရိသတ်များထံမှ မယုံနိုင်စရာ အံဩသံများထွက်ပေါ်လာသည်။ အကြောင်းမှာ စစ်တုရင်ခုံပေါ်တွင် ကုန်းချန်ယွဲ့၏ နယ်ရုပ်ထက်ဝက်နီးပါး ကုန်ဆုံးသွားချိန်တွင် အခြေအနေမှာ ဇောက်ထိုး ပြောင်းလဲသွားသောကြောင့် ဖြစ်သည်။ အသာစီးရနေခဲ့သော တီယွမ်လုံသည် ရုတ်တရက် သူ၏ နယ်ရုပ်အများအပြားမှာ မလှုပ်ရှားနိုင်သော ကျောက်တုံးသေများ ဖြစ်သွားသည်ကို တွေ့လိုက်ရသည်။
ကုန်းချန်ယွဲ့၏ နယ်ရုပ်များမှာ နည်းပါးသော်လည်း တက်နိုင်၊ ဆုတ်နိုင်သည့် သက်ဝင်လှုပ်ရှားနေသော နဂါးတစ်ကောင်အဖြစ် ချိတ်ဆက်မိသွားသည်။
"ဘယ်... ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"
သီယွမ်လုံသည် ကိုယ့်မျက်စိကိုယ် မယုံနိုင်ဖြစ်နေသည်။ ကုန်းချန်ယွဲ့၏ မျက်နှာထားမှာ တည်ငြိမ်နေဆဲဖြစ်သည်။
"ကဲ... ခင်ဗျားလှည့်ပဲ"
ကွင်းတစ်ခုလုံး တိတ်ဆိတ်သွားသည်။ လူအများသည် ထိုမြင်ကွင်းကို ကြောင်ငေးကြည့်နေမိကြသည်။ ကုန်းရွှယ်မန်၏ မျက်လုံးများတွင် မျက်ရည်များ ပြည့်လျှံနေပြီး စိတ်လှုပ်ရှားစွာဖြင့် တီးတိုးရေရွတ်လိုက်သည်။
"အစ်ကိုကြီး... အရင်တုန်းက အစ်ကိုကြီး ခေတ်မမီတော့ဘူးလို့ ညီမ ထင်ခဲ့တာ ဒါပေမဲ့ အခုမှပဲ ကိုကြီး ဘယ်လောက် မိုက်လဲဆိုတာ သိတော့တယ်"
သီယွမ်လုံသည် အတော်ကြာအောင် ကြောင်အနေပြီးမှ တွေဝေစွာဖြင့် ရွှေ့ကစားလိုက်သည်။ သို့သော် ယခုအခြေအနေတွင် စစ်တုရင်သူတော်စင်ပင်လျှင် ဘာလုပ်ရမှန်း သိမည်မဟုတ်ပေ။
ထို့ကြောင့် ကုန်းချန်ယွဲ့၏ သေကွက်အနည်းငယ်အောက်တွင် သီယွမ်လုံ၏ နယ်ရုပ်များ အားလုံး အစားခံလိုက်ရပြီး ပြောင်စင်အောင် ရှုံးနိမ့်သွားတော့သည်။
ပရိသတ်များ အံ့သြတကြီး ဖြစ်ကုန်ကြသည်။ သီယွမ်လုံ၏ မျက်နှာမှာ မီးခိုးပြာရောင်သန်းသွားပြီး ကျောက်ရုပ်တစ်ရုပ်ကဲ့သို့ ထိုင်နေမိသည်။ သေချာပေါက် နိုင်တော့မည့်သူက ဘာကြောင့် ရုတ်တရက် ရှုံးနိမ့်သူအဖြစ် ပြောင်းလဲသွားရသည်ကို သူ စဉ်းစား၍မရနိုင်အောင် ဖြစ်နေသည်။
"ဒါ... ဒါက ဘယ်လို ကစားကွက်မျိုးလဲ"
သီယွမ်လုံက အသံတုန်တုန်ဖြင့် မေးလိုက်သည်။ ကုန်းချန်ယွဲ့က တည်ငြိမ်စွာ ပြောလိုက်သည်။
"ဒါက သေကွင်းထဲ ဆင်းပြီးမှ ရှင်လမ်းရှာခြင်းလို့ ခေါ်တယ်"
"သေကွင်းထဲ ဆင်းပြီးမှ ရှင်လမ်းရှာခြင်း..."
သီယွမ်လုံ ကိုယ့်ဘာသာ ရေရွတ်ရင်း ထိုင်ကျန်ရစ်ခဲ့သည်။ ထိုအချိန်တွင် ကုန်းချန်ယွဲ့သည် မတ်တပ်ရပ်လိုက်ပြီး ရွှယ်အန်းရှိရာသို့ လျှောက်သွားကာ အဝတ်အစားများကို သပ်ရပ်အောင် ပြင်ဆင်ပြီးနောက် လေးလေးနက်နက် ဦးညွှတ်လိုက်သည်။
"လမ်းပြပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာ"
သူစကားပြောပြီးသည်နှင့် တပြိုင်နက် ရွှယ်အန်းက အကွက်တစ်ကွက် ရွှေ့လိုက်သည်။ သူသည် မျက်နှာဖြူဖျော့နေသော တစ်ဖက်မှ မိန်းကလေးကို တစ်ချက်မျှပင် လှမ်းမကြည့်ဘဲ ရိုးရှင်းစွာ ပြောလိုက်သည်။
"မင်း ရှုံးသွားပြီ"
ထို့နောက် သူသည် ခါးကိုင်းဦးညွှတ်နေသော ကုန်းချန်ယွဲ့ဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။
"ထလိုက်ပါ... မင်း ကောင်းကောင်း လုပ်နိုင်ခဲ့တယ်"
အခန်း (၉၉၈) တိုက်ပွဲကြီး စတင်ခြင်း
သူ၏ လေယူလေသိမ်သည် ဂိုဏ်းတူညီငယ်တစ်ဦးကို ဆုံးမသွန်သင်နေသည့် ဂိုဏ်းချုပ်တစ်ဦးအလား ခံ့ညားထည်ဝါလှသည်။ သို့သော် ကုန်းချန်ယွဲ့သည် ထိုနေရာတွင် ရပ်လျက် ဒေါသထွက်သည့် အရိပ်အယောင် အနည်းငယ်မျှပင် မပြဘဲ အလွန်ပင် လေးစားရိုသေသော အမူအရာကိုသာ ပြသနေလေသည်။ ထိုအချိန်၌ အခြားသော ပြိုင်ပွဲဝင်များသည်လည်း တဖြည်းဖြည်းချင်း ပွဲပြီးဆုံးသွားကြသည်။
မျှော်လင့်ထားသည့်အတိုင်းပင် ကျူး
ကောရွှမ်ချင်းသည် အလွယ်တကူ အနိုင်ရရှိခဲ့ပြီး ကျန်းထျန်ယွေ့သည်လည်း သူ၏ပြိုင်ဘက်ကို အပြတ်အသတ် ချေမှုန်းနိုင်ခဲ့သည်။ အထူးသဖြင့် ကျန်းထျန်ယွေ့မှာ ယခုအချိန်တွင် ဂုဏ်ယူဝင့်ကြွားနေပြီး မျက်နှာတွင် အောင်နိုင်သူ၏ အပြုံးများ ချိတ်ဆွဲထားသည်။ အဘယ်ကြောင့်ဆိုသော် ယခုအခါ စစ်တုရင်ပညာရှင် အယောက် ၃၀ ခန့် ထွက်ခွာသွားရပြီး ထိုအထဲတွင် တစ်ဝက်ခန့်မှာ ပြင်ပနယ်ပယ်များမှ ဖြစ်သောကြောင့်ဖြစ်သည်။ ယခု ကျန်ရစ်နေသူများထဲတွင် ပြင်ပနယ်ပယ်မှဆိုလျှင် ကျူကောရွှမ်ချင်း တစ်ယောက်သာ ရှိတော့သည်ဟု သူထင်မှတ်ထားသည်။
သူ့စိတ်ထဲတွင် တွက်ချက်ပြီးနောက် စကားပြောရန် လှည့်ကြည့်လိုက်ရာ သူ့ရှေ့မှ မြင်ကွင်းကြောင့် ကျန်းထျန်ယွေ့ တုန်လှုပ်သွားရသည်။ သူမြင်လိုက်ရသည်မှာ ကုန်းချန်ယွဲ့နှင့် ရွှယ်အန်းတို့ အတူရပ်နေကြပြီး သူ၏ လက်အောက်ငယ်သားဖြစ်သော သီယွမ်လုံမှာမူ စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းငိုက်စိုက်ကျနေခြင်းဖြစ်သည်။
"ဘာ... ဘာဖြစ်သွားတာလဲ"
ကျန်းထျန်ယွေ့က အံ့သြတကြီး မေးလိုက်သည်။
"သခင်လေး... ကျွန်... ကျွန်တော် ရှုံးသွားတယ်"
သီယွမ်လုံက အလွန်အရှက်ရစွာဖြင့် တိုးတိုးလေး ဖြေလိုက်သည်။
"ရှုံး... ရှုံးသွားတယ် ဟုတ်လား"
ကျန်းထျန်ယွေ့၏ မျက်လုံးများ ပြူးကျယ်သွားသည်။
"ဟုတ်ပါတယ်"
တီယွမ်လုံက ခေါင်းညိတ်ပြသည်။ ကျန်းထျန်ယွေ့ အသက်ရှူမှားသွားသလို ခံစားလိုက်ရသည်။ သူ့လူက ကုန်းချန်ယွဲ့ကို ရှုံးလိမ့်မည်ဟု သူလုံးဝ ထင်မထားခဲ့ပေ။ ထို့အပြင် ဤမစ္စတာရွှယ်ဆိုသူကလည်း တတိယအကျော့ကို အောင်မြင်ပြီး နောက်တစ်ဆင့် တက်ရောက်သွားပုံရသည်။
ဘာတွေဖြစ်ကုန်ကြတာလဲ...
ကျန်းထျန်ယွေ့ ဒေါသထွက်လာပြီး ရွှယ်အန်းအပေါ် ကြည့်သော အကြည့်များ စတင်ပြောင်းလဲလာသည်။ ယခင်က ရွှယ်အန်းကို အထင်သေးစွာ ကြည့်ခဲ့မိသော်လည်း ယခုအခါတွင်မူ မုန်းတီးမှုသက်သက်သာ ရှိတော့သည်။ ကွင်းထဲတွင် အကြောက်ဆုံးလူမှာ ချိုက်ယုံရှင်းပင် ဖြစ်သည်။ အစပိုင်းတွင် ရွှယ်အန်းကို လေကြီးနေသည်ဟုသာ ထင်မှတ်ခဲ့သော်လည်း ရွှယ်အန်းက နောက်ထပ်ပြိုင်ဘက်တစ်ဦးကိုအနိုင်ယူပြီး စတုတ္ထအဆင့်သို့ တက်ရောက်သွားသည်ကို မြင်လိုက်ရသောအခါ ချိုက်ယုံရှင်း၏ မျက်နှာ ဖြူဖျော့သွားသည်။ အနည်းငယ် တွက်ချက်စဉ်းစားပြီးနောက် ချိုက်ယုံရှင်းသည် အံကြိတ်ကာ သူ့အဖေဖြစ်သူ ချိုက်မိသားစုခေါင်းဆောင်ကို တိုးတိုးလေး ကပ်ပြောလိုက်သည်။
ချိုက်မိသားစု ခေါင်းဆောင်သည် ခေတ္တမျှ စဉ်းစားပြီးနောက် နောက်ဆုံးတွင် ခေါင်းညိတ်လိုက်သည်။ ထိုအချိန်တွင် ကျူကောရွှမ်ချင်းသည်လည်း ဤမြင်ကွင်းကို သတိထားမိလိုက်ရာ သူမ၏ မျက်နှာထားမှာ အနည်းငယ် ရှုပ်ထွေးသွားသည်။ သို့သော် သူမ ဘာမှမတုံ့ပြန်ရသေးခင်မှာပင် ကုန်းချန်ယွဲ့က အသက်ပြင်းပြင်းရှူ၍ ရှေ့သို့တက်လာပြီး ပြုံးကာ ပြောလိုက်သည်။
"မိန်းကလေးကျူကော... မိန်းကလေး မျှော်လင့်ထားတဲ့အတိုင်း ကျွန်တော် သီယွမ်လုံကို အနိုင်ယူပြီး စတုတ္ထအဆင့်ကို အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပါပြီ၊ ကုန်းမိသားစုရဲ့ ဂုဏ်သိက္ခာကို ကာကွယ်နိုင်ခဲ့ပြီဗျ"
စတုတ္ထအဆင့်သို့ တက်လှမ်းနိုင်ခြင်းသည် ပြိုင်ပွဲတွင် အဆင့်တစ်ခု ရရှိသည်ဟု သတ်မှတ်နိုင်ပြီး ကောင်းမွန်သော စွမ်းဆောင်ရည်ဖြစ်ကြောင်း မည်သူမျှ မငြင်းနိုင်ပေ။ အထူးသဖြင့် ပြီးခဲ့သော ပြိုင်ပွဲတွင် သုညသာရခဲ့သော ကုန်းမိသားစုအတွက် ဤအောင်မြင်မှုသည် အလွန်အဖိုးတန်လှသည်။ သို့သော် ကျူကောရွှမ်ချင်းသည် ထိုအချက်ကြောင့်သာမက သူမရှေ့တွင် ရပ်နေသော ကုန်းချန်ယွဲ့သည် များစွာ ပြောင်းလဲသွားသည်ဟု ခံစားနေရသောကြောင့် ထူးဆန်းနေမိသည်။
သူသည် ပိုမို ယုံကြည်မှုရှိလာပုံ ပေါက်နေသည်။ သို့သော် ယခုအချိန်သည် ထိုကိစ္စများကို တွေးတောနေရမည့်အချိန် မဟုတ်ပေ။ ကျူကောရွှမ်ချင်းသည် ကျန်ရှိနေသော စစ်တုရင်ပညာရှင်များကို တစ်ချက်ဝေ့ကြည့်လိုက်ရာ သူမ၏ မျက်နှာထား လေးနက်သွားသည်။ ထို့နောက် ရွှယ်အန်းထံသို့ လျှောက်သွားပြီး လေးလေးနက်နက် ပြောလိုက်သည်။
"မစ္စတာရွှယ်... အခု ကျန်နေတဲ့ စစ်တုရင်ကစားသမားတွေထဲမှာ ပြင်ပနယ်ပယ်ကဆိုလို့ ကျွန်မတို့ သုံးယောက်ပဲ ကျန်တော့တယ်၊ ဒါကြောင့် သေချာပြင်ဆင်ထားမှ ဖြစ်မယ်နော် မဟုတ်ရင်..."
ရွှယ်အန်းက ပေါ့ပါးစွာ ရယ်မောလိုက်သည်။
"မဟုတ်ရင် ဘာဖြစ်မှာလဲ"
ကျူကောရွှမ်ချင်း မော့ကြည့်လိုက်သည်။ သူမ၏ မျက်လုံးများထဲတွင် စိုးရိမ်မှုအရိပ်အယောင်များ ပြည့်နှက်နေပြီး အဝေးမှ ကျန်းထျန်ယွေ့ကို လှမ်းကြည့်လိုက်သည်။
"မဟုတ်ရင်... ကျွန်မတို့အားလုံး ပေါင်းရင်တောင် အဲ့ကျန်းထျန်ယွေ့ ဆိုတဲ့လူကို ယှဉ်နိုင်မှာ မဟုတ်ဘူး"
အမှန်တကယ်တွင် ကျန်းထျန်ယွေ့ကို စမြင်လိုက်ရသည့် အချိန်ကတည်းက ကျုကောရွှမ်ချင်း စိတ်မသန့်ဖြစ်နေခဲ့သည်။ လွန်ခဲ့သော သုံးနှစ်က ကျန်းထျန်ယွေ့ကို သူမ အကဲခတ်၍ရနိုင်ခဲ့သည်။ သို့သော် သုံးနှစ်ကြာပြီးနောက် ယခုအခါတွင်မူ သူ့ကို လုံးဝ အကဲခတ်၍ မရနိုင်တော့ပေ။ ဤပြောင်းလဲမှုက ကျူကောရွှမ်ချင်းကို ဆိုးရွားသော နိမိတ်တစ်ခုအဖြစ် ခံစားရစေသည်။ ထို့ကြောင့်လည်း သူမ ယုံကြည်မှု ကင်းမဲ့နေခြင်း ဖြစ်သည်။ ရွှယ်အန်းကမူ အားပါးတရ ရယ်မောလိုက်သည်။
"အဲ့ဒီ အကြောင်းရင်းကြောင့်လား၊ ကောင်းပြီလေ... ဒါဆိုရင် ဒီကောင့်ကို ကျွန်တော့်တာဝန်သာ ထားလိုက်ပါ"
ကျူကောရွှမ်ချင်း အံ့အားသင့်သွားပြီး ရွှယ်အန်းကို ထူးဆန်းသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ ခဏကြာမှ သူမက အေးစက်စွာ ပြောလိုက်သည်။
"ရှင် ဘာပြောနေလဲဆိုတာရော သိရဲ့လား"
ရွှယ်အန်းက ပြုံးလျက် ခေါင်းညိတ်ပြသည်။
"သိတာပေါ့"
ကျူကောရွှမ်ချင်း မျက်မှောင်ကြုတ်သွားသည်။ ရွှယ်အန်းအပေါ် ထားရှိခဲ့သော အထင်ကြီးမှုများ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။
"ရှင် တော်တော်စွမ်းမယ်ဆိုတာ ကျွန်မ သိပါတယ် ဒါပေမဲ့ မမေ့ပါနဲ့ ဒီကျန်းထျန်ယွေ့ ဆိုတဲ့လူက ထျန်းကျောက် ကြယ်တာရာနယ်မြေရဲ့ စစ်တုရင်ဘုရင် လို့ ခေါ်ကြတာနော်၊ သူ့မှာ အားသာချက်တွေ ရှိပြီးသား... ပြီးတော့ သုံးနှစ်လုံးလုံး တံခါးပိတ်ကျင့်ကြံပြီး စစ်တုရင်သူတော်စင်ရဲ့ လမ်းညွှန်မှု ခံယူထားတာဆိုတော့ သူ့အင်အား ဘယ်လောက်ရှိမယ်ဆိုတာ ကျွန်မတောင် မခန့်မှန်းနိုင်ဘူး... ဒါကို ရှင်..."
ကျုကောရွှမ်ချင်း စကားမဆုံးလိုက်သော်လည်း ဆိုလိုရင်းမှာ ရှင်းလင်းလှသည်။ ရွှယ်အန်း၏ မောက်မာမှုကို ရည်ညွှန်းနေခြင်း ဖြစ်သည်။ ထိုစကားကို ရွှယ်အန်းက ဂရုမစိုက်စွာ ပြုံးလိုက်သည်။
"အဲ့ဒါတွေ ကျွန်တော် စိတ်မဝင်စားဘူး၊ ကျွန်တော် သိတာတစ်ခုက ချန်ပီယံဆုက ကျွန်တော့်ဟာပဲ၊ ဘယ်သူမှ ကျွန်တော့်စကားကို ပြောင်းလဲလို့ မရစေရဘူး"
"ရှင်..."
ကျူကောရွှမ်ချင်း ဒေါသထွက်သွားသော်လည်း လျင်မြန်စွာပင် စိတ်ကို အတင်းအဓမ္မ ငြိမ်သက်အောင် လုပ်လိုက်သည်။ ထို့နောက် ရွှယ်အန်းကို အေးစက်စွာ တစ်ချက်ကြည့်ပြီး ထွက်ခွာသွားလေသည်။
ရွှယ်အန်း လုံးဝ ရူးနေပြီပဲ၊ တကယ်တမ်း ရင်ဆိုင်ရတဲ့အခါမှပဲ ထျန်းကျောက် စစ်တုရင်ပညာရှင်တစ်ယောက် ဘယ်လောက်ကြောက်ဖို့ကောင်းလဲ ဆိုတာ ရှင်သိလာပါလိမ့်မယ် ဟု သူမ စိတ်ထဲမှ တေးမှတ်လိုက်သည်။
ခေတ္တမျှ အနားယူပြီးနောက် စတုတ္ထအကျော့ ပြိုင်ပွဲ စတင်တော့မည် ဖြစ်သည်။
ထိုအချိန်၌ ပထမ သုံးဆင့်လုံးကို အောင်မြင်ထားသော ချြိက်မိသားစုခေါင်းဆောင်သည် ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး ကျန်းထျန်ယွေ့ထံသို့ လျှောက်သွားကာ ဦးညွှတ်လိုက်သည်။
"မစ္စတာကျင်း... ကျွန်တော်တို့ ချိုက်မိသားစုက ခင်ဗျားရဲ့ အင်အားကို လေးစားခဲ့တာ ကြာပါပြီ... ဒါကြောင့် ဒီပြိုင်ပွဲမှာ ကျွန်တော်တို့ အရှုံးပေးပါတယ်"
ဝုန်း!
လူအုပ်ကြီး တုန်လှုပ်သွားသည်။ အခြားနယ်ပယ်မှ စစ်တုရင်ပညာရှင် အချို့မှာ ဒေါသထွက်လွန်း၍ ခြေဆောင့်လိုက်မိကြသည်။
"တကယ် အရှက်မရှိတဲ့ လူယုတ်မာတွေပဲ"
ကုန်းချန်ယွဲ့၏ မျက်နှာမှာ ဒေါသကြောင့် နီရဲသွားသည်။
"ချိုက်မိသားစု... ခင်ဗျားတို့ နောက်ဆက်တွဲ အကျိုးဆက်ကို မစဉ်းစားဘူးလား"
ချိုက်ယုံရှင်းက မဲ့ပြုံးပြုံးလိုက်သည်။
"ကုန်းချန်ယွဲ့... ငါတို့က မစ္စတာကျင်းကို လေးစားအားကျလို့ လိုလိုလားလား အရှုံးပေးတာလေ... မင်းနဲ့ ဘာဆိုင်လို့လဲ"
"ခင်ဗျား..."
ကုန်းချန်ယွဲ့ ဒေါသထွက်လွန်း၍ မျက်နှာပျက်နေပြီ ဖြစ်သည်။ ကျန်းထျန်ယွေ့မှာမူ ဟားတိုက် ရယ်မောလိုက်သည်။
"ကောင်းတယ်... တော်တော်ကောင်းတယ်... ချိုက်မိသားစု ခေါင်းဆောင်က ခေတ်အခြေအနေကို ကောင်းကောင်း နားလည်သားပဲ"
ဤအဖြစ်အပျက်ပြီးနောက် ကွင်းအတွင်း အခြေအနေမှာ ပိုမိုတင်းမာလာသည်။ ချိုက်မိသားစု နုတ်ထွက်သွားသဖြင့် ပြိုင်ပွဲတွင် စစ်တုရင်ပညာရှင် ၁၄ ဦးသာ ကျန်ရှိတော့သည်။ မဲနှိုက်ရွေးချယ်မှု ပြီးဆုံးသောအခါ ကွင်းတစ်ခုလုံး ဆူညံပွက်လောရိုက်သွားသည်။
ကျူကောရွှမ်ချင်း၏ ပြိုင်ဘက်မှာ ကျန်းထျန်ယွေ့ဖြစ်နေသောကြောင့်ဖြစ်သည်။ ရာစုနှစ်တိုက်ပွဲကြီး တကယ်ပဲ စတင်တော့မည်လော။ လူအများ၏ မျက်နှာထားများ လေးနက်သွားကြသည်။ ကျန်းထျန်ယွေ့က ကျူကောရွှမ်ချင်းကို ပြုံးဖြီးဖြီး လုပ်ပြလိုက်သည်။
"မိန်းကလေးကျူကော... ၃ နှစ်တောင် ရှိခဲ့ပြီပဲ၊ ခင်ဗျားနဲ့ ပြန်ကစားရဖို့ကို ကျွန်တော် တကယ်ပဲ မျှော်လင့်နေခဲ့တာပါ"
ကျူကောရွှမ်ချင်းရ တိတ်ဆိတ်နေပြီး စစ်တုရင်ခုံဘေးတွင် ဝင်ထိုင်ကာ အေးစက်စွာ ပြောလိုက်သည်။
"အရင်ရွေးလိုက်ပါ"
ကစားပွဲ ထပ်မံ စတင်လေသည်။ သို့သော် ဤတစ်ကြိမ်တွင် လူတိုင်းနီးပါး၏ မျက်လုံးများက ကျူကောရွှမ်ချင်း၏ ပွဲဆီသို့သာ ရောက်နေကြသည်။ အထူးသဖြင့် အခြားနယ်ပယ်မှ စစ်တုရင်ပညာရှင် အားလုံး၏ နှလုံးသားများသည် လည်ချောင်းဝသို့ ရောက်မတတ် ရင်တမမ ဖြစ်နေကြသည်။
သူတို့အတွက်တော့ ကျူကောရွှမ်ချင်းသည် နောက်ဆုံးကျန်ရစ်သော ကျောထောက်နောက်ခံ တိုင်မကြီး ဖြစ်သည်။ အကယ်၍ သူမသာ ရှုံးနိမ့်သွားပါက မည်သူမျှ ကျန်းထျန်ယွေ့ကို တားဆီးနိုင်တော့မည် မဟုတ်ပေ။ ထိုပွဲနှင့် ယှဉ်လိုက်လျှင် အခြားပွဲများမှာ အရေးမပါတော့သလို ဖြစ်နေသည်။
ဤတစ်ကြိမ် ရွှယ်အန်း၏ ပြိုင်ဘက်မှာ လူကောင်သေးသေးညှက်ညှက်နှင့် လူတစ်ယောက်ဖြစ်ပြီး ထိုလူ၏ ကစားကွက်များမှာ သူ့ပုံစံအတိုင်းပင် အောက်တန်းကျပြီး ကောက်ကျစ်စဉ်းလဲလှသည်။ သို့သော် ထိုလူ မည်မျှပင် ကောက်ကျစ်ပါစေ ရွှယ်အန်း၏ ကစားကွက်များက ဆယ်ဆမက ပို၍ ကောက်ကျစ်နေသည်။ အချိန်တိုအတွင်းမှာပင် ရွှယ်အန်းသည် ရွံရှာဖွယ်ကောင်းလောက်အောင် ကောက်ကျစ်သော ကစားကွက်များဖြင့် တစ်ဖက်လူကို ခေါင်းမူးသွားအောင် ကစားလိုက်သည်။ သို့သော် ပွဲကောင်းနေချိန်မှာပင် ရွှယ်အန်းသည် ရုတ်တရက် ခေါင်းခါလိုက်ပြီး သက်ပြင်းချလိုက်သည်။
"ရှုံးသွားပြီ”
အခန်း (၉၉၉) တစ်ယောက်တည်းနှင့် အားလုံးကို ရင်ဆိုင်ခြင်း
ရွှယ်အန်း၏ ပြိုင်ဘက်မှာ ထိုစကားကို ကြားလိုက်ရသောအခါ အံ့အားသင့်သွားရလေသည်။
"ရှုံးသွားပြီ... ဟုတ်လား"
"ဘာကို ရှုံးသွားတာလဲ... ကြည့်ရတာ ငါကမှ ရှုံးတော့မလို ဖြစ်နေတာ မဟုတ်ဘူးလား"
ညစ်ပတ်သည့် ကစားကွက်များကြောင့် နာမည်ကျော်သော ထိုစစ်တုရင်ဆရာမှာမူ ဝမ်းနည်းပက်လက်ဖြစ်ကာ ဒေါသထွက်နေရှာသည်။ ကမ္ဘာပေါ်တွင် သူ့ထက်ပင် ပို၍ ယုတ်မာညစ်ပတ်ကာ ကြက်သီးထဖွယ်ကောင်းသော ကစားကွက်မျိုး ရှိနိုင်လိမ့်မည်ဟု သူ တစ်ခါမှ ထင်မထားခဲ့မိပေ။ ထိုဟန်လုပ်လွန်းသော နေရာယူပုံများ၊ ရယ်ချင်ဖွယ်ရာ ပြင်ဆင်မှုများအားလုံးက ထိုစစ်တုရင်ဆရာအား သွေးအန်လုမတတ် ဖြစ်သွားစေသည်။ သူ့ဘက်မှ အားကစားရုပ်များကို စတေးပြီး အရှုံးပေးလိုက်ရန်ပင် ပြင်ဆင်ထားပြီးဖြစ်သည်။ ထိုအချိန်ကျမှ ရွှယ်အန်းက သူရှုံးသွားပြီဟု ပြောနေခြင်းလား...၊ ထိုအချိန်၌ပင် ပရိသတ်များထံမှအံသြသည့်အသံများ ထွက်ပေါ်လာသည်။
"ဘုရားရေ... ဒါက သခင်ကြီးကျင်းရဲ့ တကယ့်အစွမ်းအစလားဟ"
အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် ကျူကောရွှမ်ချင်းနှင့် ကျန်းထျန်ယွေ့တို့၏ ပြိုင်ပွဲမှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်သောကြောင့်ပင်။ စစ်တုရင်ခုံပေါ်ရှိ အဖြူနှင့် အမည်းရောင် အားပြိုင်မှုများမှာ နဂါးနှင့် မြွေတို့ တိုက်ခိုက်နေသကဲ့သို့ ရှုပ်ထွေးပွေလီနေကာ၊ တစ်ခါတစ်ရံ ကျူကောရွှမ်ချင်းက အသာစီးရနေသလို ရှိသော်လည်း နောက်တစ်ခဏ၌ ကျန်းထျန်ယွေ့၏ အကျပ်ကိုင်ခြင်းကို ခံလိုက်ရပြန်သည်။
လျင်မြန်စွာ ပြောင်းလဲနေသော အခြေအနေများကြောင့် ပရိသတ်များမှာ အသက်ရှူမှားမတတ် ဖြစ်နေကြရသည်။
သို့သော် မျက်စိရှင်သူများအတွက်မူ ကျူကောရွှမ်ချင်း၏ ဗျူဟာများမှာ ထက်မြက်နေဆဲ၊ ရွေ့ကွက်များ စူးရှနေဆဲ ဖြစ်သော်ငြား တဖြည်းဖြည်းချင်း အရေးနိမ့်လာနေသည်ကို သတိထားမိလာကြသည်။ ကျန်းထျန်ယွေ့၏ ထောင်ချောက်များအောက်တွင် သူမသည် သက်လုံကျလာပုံရပြီး၊ တဖြည်းဖြည်း ဂဏာမငြိမ်ဖြစ်လာကာ အကာအကွယ်အနေအထားဖြင့်သာ ခုခံနေရတော့သည်။
"မိန်းကလေးကျူကောတော့ ကံကောင်းဖို့ထက် ကံဆိုးဖို့က ပိုများနေပြီပဲ"
တစ်စုံတစ်ယောက်က ခေါင်းခါရင်း ညည်းတွားလိုက်သည်။
"ကြည့်ရတာ ကျန်းထျန်ယွေ့က စစ်တုရင်သူတော်စင်ဆီကနေ အကြံဉာဏ်တွေ ရထားပုံပဲ၊ ဘာလို့လဲဆိုတော့ သူ့ရဲ့ ကစားကွက်တွေနဲ့ ရွေ့ကွက်တွေက စစ်တုရင်သူတော်စင်ရဲ့ ဟန်ပန်တွေ ပါနေသလိုပဲ"
နယ်ပယ်အသီးသီးမှ စစ်တုရင်ဆရာများအားလုံးမှာ ရင်တမမဖြစ်နေကြရှာသည်။ သူတို့၏ အမြင်တွင် ကျူကောရွှမ်ချင်းသည် စစ်တုရင်ဆရာ ထျန်းကျောက်ကို ဟန့်တားနိုင်မည့် စစ်နတ်ဘုရားမ ဖြစ်နေသောကြောင့်ဖြစ်သည်။ အကယ်၍ သူမသာ ရှုံးနိမ့်သွားပါက အခြေအနေမှာ ကုစား၍မရအောင် ဆိုးရွားသွားပေလိမ့်မည်။ သို့သော် စစ်တုရင်လမ်းစဉ်သည် မည်သူ့ဆန္ဒအတိုင်းမှ လိုက်ပါပြောင်းလဲခြင်း မရှိပေ။ အင်အားအနည်းငယ် နိမ့်ပါးသွားသည်နှင့် ရှုံးနိမ့်ခြင်းသာ ရှိသည်၊ အခြားရွေးချယ်စရာ မရှိပေ။
အချိန်ကုန်လွန်လာသည်နှင့်အမျှ ကျူကောရွှမ်ချင်းဘက်မှ အားနည်းချက်များ ပိုမိုသိသာလာပြီး ကျန်းထျန်ယွေ့၏ တိုက်စစ်မှာ ပို၍ ပြင်းထန်လာသည်။ ယခုအချိန်၌ သာမန်လူများပင်လျှင် ကျူကောရွှမ်ချင်း ရှုံးနိမ့်တော့မည်ကို မြင်နိုင်နေပြီဖြစ်သည်။ ထိုအချိန်မှာပင် ကုန်းချန်ယွဲ့သည် သူ၏ အားကစားရုပ်များကို ချလိုက်ကာ အရှုံးပေးလိုက်လေသည်။
"ကျုပ် အရှုံးပေးပါတယ်"
ရွှယ်အန်းက သူ့အား ရှေးဟောင်းစစ်တုရင်ဗျူဟာများ ပါဝင်သည့် ကျောက်စိမ်းပြားကို ပေးအပ်ခဲ့သော်လည်း ရက်ပိုင်းမျှသာ ရှိသေးသဖြင့် သူ၏ အရည်အချင်းမှာ သိသိသာသာ တိုးတက်လာခြင်း မရှိသေးပေ။ အမှန်တကယ်ဆိုရလျှင် ယခင်က သီယွမ်လုံကို နိုင်ခဲ့ခြင်းမှာလည်း ကံတရား ဖေးမမှုကြောင့်သာ ဖြစ်သည်။ သူ၏ အရည်အချင်းနှင့် ဤမျှကြာအောင် တောင့်ခံနိုင်ခြင်းကပင် အောင်မြင်မှုတစ်ခု ဖြစ်နေသောကြောင့် ယခုကဲ့သို့ ရှုံးနိမ့်သွားခြင်းမှာ အံ့သြစရာ မဟုတ်ပေ။ သို့သော် ဤအရှုံးကြောင့် ပြိုင်ပွဲတွင် ပြင်ပမှလာသော စစ်တုရင်ဆရာများထဲ၌ ရွှယ်အန်းနှင့် ကျူကောရွှမ်ချင်း နှစ်ယောက်တည်းသာ ကျန်ရှိတော့သည်။ အခြေအနေမှာ အလွန်တရာ ဆိုးရွားလာခဲ့သည်။ ပရိသတ်များ မည်သည့်အရာမှမတုံ့ပြန်နိုင်ခင်မှာပင် ကျန်းထျန်ယွေ့က မဲ့ပြုံးပြုံးလိုက်ပြီး ပြောလိုက်သည်။
"မိန်းကလေးကျူကော... မင်းရဲ့ စစ်တုရင်စွမ်းရည်က ငါ့အောက် တစ်ဆင့်နိမ့်နေသေးပုံပဲ"
ထိုသို့ပြောပြီးနောက် သူက အရုပ်ကို ရွှေ့လိုက်သည်။ ထိုရွေ့ကွက်သည် သူ၏ နေရာယူထားမှု တစ်ခုလုံးကို ချက်ချင်း အားကောင်းသွားစေပြီး ကျူကောရွှမ်ချင်းအတွက် သေမင်းတမန် ထိုးနှက်ချက် ဖြစ်သွားစေသည်။ တစ်ခဏချင်းစီမှာပင် လူအုပ်ကြီးမှာ သေသွားသည့်ပမာ တိတ်ဆိတ်ငြိမ်သက်သွားကြသည်။ အားလုံး၏ အကြည့်များက အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော မိန်းကလေးငယ်လေးထံသို့ ရောက်ရှိသွားကြသည်။
လက်ဖက်ရည်တစ်အိုးကုန်စာ အချိန်ခန့်ကြာအောင် ကျူကောရွှမ်ချင်းသည် မည်သည့်အရွေ့မှ မပြုလုပ်တော့ဘဲ စစ်တုရင်ခုံကိုသာ တိတ်တဆိတ် စိုက်ကြည့်နေသည်။ အဆုံးတွင် သူမသည် တိတ်ဆိတ်စွာ မတ်တပ်ရပ်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
"ကျွန်မ ရှုံးသွားပါပြီ"
ပရိသတ်ကြီးမှာ အစပိုင်းတွင် တိတ်ဆိတ်သွားသော်လည်း နောက်ပိုင်းတွင် ဆူညံပွက်လောရိုက်သွားကြသည်။
"နောက်ဆုံးတော့ ရှုံးသွားတာပဲလား... စစ်တုရင်ဆရာထျန်းကျောက်ကို ယှဉ်နိုင်မယ့်သူ တစ်ယောက်မှ မရှိတော့ဘူးလား"
ပြင်ပမှလာသော စစ်တုရင်ဆရာတစ်ဦးက မျှော်လင့်ချက်မဲ့နေသော မျက်နှာဖြင့် ပြောလိုက်သည်။
"မိန်းကလေးကျူကောတောင် ရှုံးသွားမှတော့ ကျူကောပန်ဇန်ကိုယ်တိုင် ပါဝင်ယှဉ်ပြိုင်တာ မဟုတ်ရင် ကျန်းထျန်ယွေ့ ဒီပွဲမှာ ထပ်ပြီး ချန်ပီယံဖြစ်တာကို ဘယ်သူမှ တားနိုင်မှာ မဟုတ်တော့ဘူး"
တစ်စုံတစ်ယောက်က သက်ပြင်းချရင်း ရေရွတ်လိုက်သည်။ ကျန်းထျန်ယွေ့ကမူ ကျေနပ်ပီတိဖြစ်နေသော အပြုံးဖြင့် ဟန်လုပ်ကာ ပြောဆိုရန် ပြင်ဆင်နေသည်။ ကျူကောရွှမ်ချင်းသည် ပြတ်သားစွာ လှည့်ထွက်လိုက်ပြီး စင်ပေါ်မှ ဆင်းရန် ပြင်လိုက်သည်။ သူမသည် တည်ငြိမ်နေပုံ ပေါက်သော်လည်း ဖြူဖပ်ဖြူရော် ဖြစ်နေသော မျက်နှာနှင့် အနက်ရောင် ဆံနွယ်များကြားတွင် ဝင်းလက်နေသော မျက်ရည်များက သူမ၏ စိတ်ပျက်အားငယ်မှုကို ဖော်ပြနေသည်။
သို့သော် စိတ်ပျက်နေရုံဖြင့် ဘာများထူးလာမည်နည်း။ ရှုံးတာက ရှုံးတာပင်ဖြစ်ပြီး လုပ်စရာရှိသည်မှာ နောက်သုံးနှစ်ကြာမှ ပြန်လာယှဉ်ပြိုင်ရန်သာ ရှိတော့သည်။
ကွင်းထဲရှိ လူတိုင်းက ထိုမိန်းမပျိုလေး စစ်တုရင်စင်မြင့်ထက်မှ ဆင်းသက်လာသည်ကို လေးစားစွာဖြင့် ကြည့်နေကြသည်။ သူမ ရှုံးနိမ့်သွားခဲ့သော်လည်း သူမ၏ စွမ်းရည်ဖြင့် လူပေါင်းများစွာ၏ လေးစားမှုကို ရယူနိုင်ခဲ့ပြီဖြစ်သည်။ ပြင်ပမှလာသော စစ်တုရင်ဆရာ အများအပြားမှာ ခေါင်းခါသက်ပြင်းချရင်း ပြန်ရန် ပြင်ဆင်နေကြသည်။ သူတို့အမြင်တွင် ပြိုင်ပွဲက ပြီးဆုံးသွားပြီ ဖြစ်သည်။ ဤမှာဆက်နေပြီး ထျန်းကျောက် ချန်ပီယံဘွဲ့ကိာ ကာကွယ်နိုင်သွားသည်ကို ဂုဏ်ပြုပေးနေရမည်လား။
သို့သော် ထိုအချိန်မှာပင် ဝမ်းနည်းပက်လက်ဖြစ်ကာ မျှော်လင့်ချက်မဲ့နေသော အသံတစ်သံ ထွက်ပေါ်လာသည်။
"ကျေးဇူးပြုပြီး ဒီလိုနည်းဗျူဟာကြီးကို ကျုပ်အပေါ် မသုံးပါနဲ့တော့ဗျာ... ကျုပ် အရှုံးပေးပါတယ်"
ထိုအသံကို ကြားလိုက်ရသဖြင့် လူတိုင်း မရည်ရွယ်ဘဲ မော့ကြည့်လိုက်မိကြသည်။ ရွှယ်အန်းနှင့် ကစားနေသော စစ်တုရင်ဆရာ၏ မျက်နှာတွင် စိတ်ပျက်လက်ပျက် ဖြစ်နေသော အမူအရာ ပေါ်နေပြီး ကစားပွဲကို အရှုံးပေးလိုက်လေသည်။ လူအုပ်ကြီးမှာ အစပိုင်းတွင် တိတ်ဆိတ်နေသော်လည်း နောက်ပိုင်းတွင် အခြေအနေက ထူးဆန်းသလို ဖြစ်လာသည်။
"ဟုတ်သားပဲ... ဟိုမှာ ပြင်ပကလာတဲ့ စစ်တုရင်ဆရာတစ်ယောက် ကျန်နေသေးတယ်"
တစ်ယောက်က စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။ သို့သော် လူအများစုမှာ တိတ်ဆိတ်နေကြဆဲဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့တွင် မျှော်လင့်ချက် မရှိကြတော့သောကြောင့် ဖြစ်သည်။ ကျူကောရွှမ်ချင်း၏ မျက်ဝန်းများ ခေတ္တမျှ တောက်ပလာသော်လည်း ချက်ချင်း ပြန်မှိန်ဖျော့သွားသည်။ စင်ပေါ်တွင် ပြိုင်ပွဲဝင် ခုနစ်ဦး ကျန်ရှိနေသေးပြီး ရွှယ်အန်းမှလွဲ၍ ကျန်သူအားလုံးမှာ ထျန်းကျောက်ဘက်မှ ကစားသမားများသာ ဖြစ်သည်။ ရွှယ်အန်းသာ ကောင်းကင်ဘုံကို အာခံနိုင်စွမ်းမရှိပါက အခြေအနေ အရပ်ရပ်ကို ပြောင်းလဲနိုင်မည် မဟုတ်ပေ။
အမှန်ပင်။ ကျန်းထျန်ယွေ့လည်း ခဏတာ အံ့အားသင့်သွားပြီးနောက် ယုတ်မာသော အသံဖြင့် ရယ်မောလိုက်သည်။
"ငါ မင်းကို မေ့တောင်မေ့နေတာ... အဲ့တော့ ဘာဖြစ်လဲ၊ ဒီပွဲလေးနိုင်တာနဲ့ ဘာများပြောင်းလဲသွားမှာမို့လို့လဲ... ဟား... ငါ ပြောလိုက်မယ်၊ အဲ့ဒါက စိတ်ကူးယဉ်နေတာပဲ"
ထို့နောက် ကျန်းထျန်ယွေ့က စင်မြင့်အလယ်သို့ လက်ညှိုးထိုးပြကာ မောက်မာစွာ ပြောလိုက်သည်။
"မြင်လား... ဒီကွင်းထဲမှာ ရှိနေတာတွေအကုန်လုံးက ငါ့လူတွေချည်းပဲ၊ မင်းက ငါ့ကို ဘယ်လိုများ ပြန်တိုက်ခိုက်ဖို့ စဉ်းစားထားလဲ"
သူ၏ လှောင်ပြောင်သံများက ကွင်းပြင်တစ်ခုလုံး ပဲ့တင်ထပ်သွားသည်။ ပြင်ပမှလာသော စစ်တုရင်ဆရာများမှာ လက်သီးကို မဆုပ်ထားဘဲ မနေနိုင်အောင် ဖြစ်ကုန်ကြသည်။ နာကြည်းမှုများကို မျက်လုံးအများအပြားတွင် တွေ့မြင်နေရသော်လည်း၊ လက်ရှိအခြေအနေအရ သူတို့ခမျာ ခေါင်းငုံ့ခံရုံမှလွဲ၍ ရွေးချယ်စရာ မရှိကြရှာပေ။
ကျန်းထျန်ယွေ့ ပြောသည်မှာ အမှန်တရားဖြစ်ကြောင်း သူတို့လည်း နားလည်ကြသည်။ လူအင်အားဖြင့် ယှဉ်လျှင်ပင် ကျန်းထျန်ယွေ့၏ ကစားသမားများက ရွှယ်အန်းကို မောပန်းနွမ်းနယ်ပြီး သေသွားသည်အထိ လုပ်နိုင်ကြပေသည်။ ကျူကောရွှမ်ချင်းသည် တိုးညှင်းစွာ သက်ပြင်းချရင်း စင်ပေါ်မှ ဆက်လက် လျှောက်ဆင်းလာသည်။ သို့သော် ထိုအချိန်မှာပင် ရွှယ်အန်းသည် မိမိကိုယ်ကိုယ် ကျေနပ်နေသော ကျန်းထျန်ယွေ့ကို လှောင်ပြောင်သလို အပြုံးမျိုးဖြင့် ကြည့်လိုက်သည်။
"မင်းပြောပုံအရဆို ငါက ရှုံးဖို့ ဖန်တီးပါလာပြီးသားပေါ့လေ"
"ဒါပေါ့... ရွှယ်အန်း၊ မင်းသာ အခု အရှုံးပေးလိုက်မယ်ဆိုရင် ငါ မင်းကို သိက္ခာနည်းနည်းလောက်တော့ ချန်ပေးထားလို့ရတယ်၊ အဲ့လိုမဟုတ်ရင်တော့... ဟမ့်"
ကျန်းထျန်ယွေ့က လက်ကို နောက်ပစ်ကာ မာန်မာနအပြည့်ဖြင့် ရပ်နေလိုက်သည်။
ရွှယ်အန်းက ခေါင်းခါရင်း တခစ်ခစ် ရယ်မောလိုက်သည်။
"နားထောင်လို့တော့ ကောင်းသားပဲ၊ ဒါပေမဲ့ သူများပေးတဲ့ သိက္ခာကို ဘယ်တုန်းက သိက္ခာလို့ ခေါ်လို့ရသွားတာလဲ"
"မင်း..."
ကျန်းထျန်ယွေ့ အံ့အားသင့်သွားပြီး တစ်ခုခုပြောရန် ပြင်လိုက်သည်။ ရွှယ်အန်းက လက်ကာပြလိုက်ပြီး ဂရုမစိုက်သောလေသံဖြင့် ပြောလိုက်သည်။
"ငါ့မှာ ပြဿနာလေးတစ်ခု ရှိတယ်၊ အဲ့ဒါကတော့ အရှုံးပေးတယ်ဆိုတာ ဘာလဲ ငါ တစ်ခါမှ မသင်ယူဖူးတာပဲ"
ထို့နောက် ရွှယ်အန်းသည် စစ်တုရင်စင်မြင့်ပေါ်ရှိ လူတိုင်းကို လက်ညှိုးထိုးပြလိုက်သည်။
"လူအများကြီးရှိရုံနဲ့ ငါ့ကို နိုင်ဖို့ လုံလောက်ပြီလို့ မင်းတို့ထင်နေမှတော့... ဒီနေ့ မင်းတို့အားလုံးကို ငါတစ်ယောက်တည်းနဲ့ ရင်ဆိုင်ပေးမယ်"
ထိုစကားလုံးများကြောင့် ကွင်းပြင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။ စင်ပေါ်မှ တစ်ဝက်လောက် ရောက်နေပြီဖြစ်သော ကျူကောရွှမ်ချင်းသည် ရုတ်တရက် လှည့်ကြည့်လိုက်ရာ သူမ၏ မျက်နှာတွင် မယုံကြည်နိုင်မှုများ အပြည့်ဖြင့် ရွှယ်အန်းကို ငေးကြည့်နေမိသည်။ ထိုအချိန်တွင် ရွှယ်အန်းက ပါးပါးလေး ပြုံးလိုက်သည်။
"အားလုံးပဲ တစ်ပြိုင်နက် ၀င်ခဲ့ကြစမ်းပါ... ငါ့မှာ အချိန်မရှိဘူး”