← Chapters

အခန်း (၁၀၀၀-၁၀၀၂)

Vol. 67 Ch. 1000-1002

အခန်း (၁၀၀၀-၁၀၀၂)

Vol. 67 Ch. 1000-1002

အခန်း (၁၀၀၀) အားကစားရုပ် ခြောက်လုံးနှင့် အဆုံးသတ်ခြင်း

"ရှူး..."

လူတိုင်း ပြိုင်တူ လေအေးတစ်ချက် ရှိုက်သွင်းလိုက်ကြပြီး အရူးလိယပြောလိုက်သော ရွှယ်အန်းအား ထိတ်လန့်တကြား ကြည့်လိုက်ကြသည်။ ကျန်းထျန်ယွေ့သည် သူ့နားသူပင် မယုံနိုင်အောင် ဖြစ်နေပြီး အသိပြန်ဝင်လာရန် အချိန်အတော်ကြာ ယူလိုက်ရသည်။ ထို့နောက် သူသည် စင်ပေါ်ရှိ စစ်တုရင်ဆရာအနည်းငယ်နှင့် အကြည့်ချင်းဖလှယ်ကာ အားလုံး ပြိုင်တူ ရယ်မောလိုက်ကြသည်။ ရယ်မောသံများသည် ခန်းမတစ်ခုလုံး ပဲ့တင်ထပ်သွားပြီး လူအများအပြား၏ မျက်နှာပျက်သွားစေသည်။

သို့သော် ရွှယ်အန်းကမူ တုပ်တုပ်မျှမလှုပ်ဘဲ တည်ငြိမ်စွာ စောင့်ကြည့်နေပြီးမှ ခပ်အေးအေး ပြောလိုက်သည်။

"ရယ်လို့ ဝကြပြီလား"

ရယ်သံများ တဖြည်းဖြည်း တိတ်သွားသောအခါ ကျန်းထျန်ယွေ့သည် ယုတ်မာသော မျက်လုံးများဖြင့် ရွှယ်အန်းကို ကြည့်လိုက်သည်။

"ကောင်လေး... ဒီမှာ ဘယ်သူမှ မင်းလောက် မရိုင်းစိုင်းရဲဘူးကွ၊ မင်းကို ဘယ်အရာက သတ္တိတွေ ပေးလိုက်တာလဲဆိုတာ ငါ တကယ်သိချင်ပါရဲ့"

ရွှယ်အန်းက သူ၏ ဖြူဖွေးသော သွားများကို ပေါ်အောင်ဟကာ ကြက်သီးထဖွယ် အပြုံးမျိုးဖြင့် ပြုံးလိုက်သည်။

"ဒါကတော့... လျန်ကျင်းရုပေးတာပေါ့"

ကျန်းထျန်ယွေ့ အံ့အားသင့်သွားသည်။ လျန်ကျင်းရု ဆိုသည်မှာ ဘယ်သူမှန်း သူ စိုးစဉ်းမျှ မသိပေ။ သို့သော် ရွှယ်အန်းက သူ့ကို အရူးလုပ်နေမှန်း မကြာမီ သူ သဘောပေါက်သွားပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ကောင်လေး... မင်း သေချင်နေတာပဲ"

စစ်တုရင်ခုံ ခြောက်ခု တန်းစီလျက်သား ဖြစ်သွားသည်။ ဤကဲ့သို့သော ဖွဲ့စည်းပုံမျိုးကို နောက်လူမရှိဟု မဆိုနိုင်သော်လည်း အနည်းဆုံးတော့ တစ်ခါမှ မကြုံဖူးကြပေ။ ကျူကောရွှမ်ချင်းသည် ရွှယ်အန်း ဘာလုပ်ရန် ကြံစည်နေမှန်း နားမလည်နိုင်ဘဲ ဇဝေဇဝါမျက်နှာဖြင့် ကြည့်နေမိသည်။

သူက တကယ်ပဲ ကျန်းထျန်ယွေ့ အပါအဝင် ထျန်းကျောက် စစ်တုရင်ဆရာ ခြောက်ယောက်လုံးကို တစ်ပြိုင်နက် ယှဉ်ပြိုင်တော့မလို့လား... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ သူ မပြောနဲ့ သူမ အစ်ကိုဖြစ်သူ ကျူကောပန်ဇန်ကိုယ်တိုင် ပါဝင်ယှဉ်ပြိုင်ရင်တောင် ဒီလိုလုပ်နိုင်မှာမဟုတ်ဘူး၊

ဒါဆို သူက ဘာများလုပ်ချင်နေတာလဲ...

ကျူကောရွှမ်ချင်း၏ စိတ်ထဲတွင် မရေရာမှုများ ပြည့်နှက်နေပြီး ရွှယ်အန်းအနားသို့ တိုးသွားကာ ခေတ္တမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။

"မစ္စတာရွှယ်... ရှင် ဘာလုပ်ဖို့ ရည်ရွယ်ထားတာလဲ"

ရွှယ်အန်းက ပါးပါးလေး ပြုံးလိုက်သည်။

"မမြင်ဘူးလား... ငါ ဒီကောင်တွေနဲ့ ပြိုင်မလို့လေ"

ကျူကောရွှမ်ချင်းမှာ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး အချိန်အတော်ကြာမှ ခေါင်းကို အားပြုခါရမ်းကာ ပြောလိုက်သည်။

"မစ္စတာရွှယ်... ကျွန်မ အကြံပေးတာကို လက်ခံမယ်ဆိုရင် ကျေးဇူးပြုပြီး သူတို့ကို မယှဉ်ပါနဲ့၊ ရှင့်ရဲ့ စစ်တုရင်စွမ်းရည်က ကောင်းကင်ဘုံကို အံတုနိုင်တယ်ဆိုရင်တောင် ဒီလောက်များတဲ့ ပြိုင်ဘက်ကောင်းတွေကို ယှဉ်နိုင်မှာ မဟုတ်ဘူး"

ကျူကောရွှမ်ချင်းက စိုးရိမ်တကြီး ပြေ။လိုက်ခြင်း ဖြစ်သည်။ ထိုစဉ် ရွှယ်အန်းက ဖျော့တော့စွာ ပြုံးလိုက်သည်။

"စိတ်ပူပေးတာ ကျေးဇူးပါပဲ၊ ဒါပေမဲ့ ငါ့မျက်လုံးထဲမှာတော့ ဒီကောင်တွေက ကြက်တွေ ခွေးတွေအဆင့်လောက်ပဲ ရှိတာပါ၊ ပြိုင်ဘက်ကောင်းလို့ ခေါ်ဖို့တောင် မတန်ပါဘူး"

ထိုသို့ ပြောပြီးနောက် ရွှယ်အန်းသည် ကျူကောရွှမ်ချင်းကို ကျော်ကာ ဝင်ထိုင်လိုက်သည်။ ကျူကောရွှမ်ချင်းမှာ ကြောင်အမ်းအမ်းဖြင့် ကျန်ရစ်ခဲ့ပြီး အချိန်အတော်ကြာမှ ရုတ်တရက် လှည့်ကြည့်ကာ တစ်ခုခု ပြောရန် ပြင်လိုက်သည်။

သို့သော် ကျန်းထျန်ယွေ့က စိတ်မရှည်စွာဖြင့် အော်ပြောလိုက်ပြီဖြစ်သည်။

"အရင် ရွေးမယ်"

ရွှယ်အန်းက ခေါင်းခါလိုက်သည်။

"မင်းတို့က ငါ အရင်ရွေးရလောက်တဲ့အထိ တန်ဖိုးမရှိပါဘူး၊ မင်းတို့အားလုံးပဲ အရင်စကြပါ"

ဝုန်း!

ထိုစကားလုံးများက ခန်းမထဲတွင် နောက်ထပ် လှုပ်လှုပ်ရှားရှား ဖြစ်သွားစေပြန်သည်။ အချို့လူများမှာ ရွှယ်အန်း၏ ဆက်တိုက်ဆိုသလို လုပ်ဆောင်နေသော အံ့မခန်းလုပ်ရပ်များကြောင့် ကြက်သေသေနေကြသည်။ လူတစ်ယောက်တည်းက အဆင့်၉ စစ်တုရင်ဆရာ ခြောက်ဦးကို ရင်ဆိုင်ရုံသာမက ပြိုင်ဘက်ကိုပါ အရင်စခိုင်းသည်ဆိုတော့ ရွှယ်အန်းက ဘယ်လောက်တောင် ယုံကြည်ချက် ရှိနေသနည်း။

လူအများအပြားက ခေါင်းခါလိုက်ကြသည်။ ရွှယ်အန်း ရူးသွားခြင်းမဟုတ်လျှင် တမင်တကာ လူရာဝင်ချင်လို့ လုပ်နေသည်ဟု ထင်မြင်မိကြသည်။ မည်သို့ပင်ဖြစ်စေ ရွှယ်အန်း နိုင်လိမ့်မည်ဟု မည်သူမှ မထင်ကြပေ။ ယခုအချိန်တွင် ကျန်းထျန်ယွေ့သည်လည်း ရွှယ်အန်း၏ အပြုအမူကြောင့် အကြီးအကျယ် ဒေါသထွက်နေပြီ ဖြစ်သည်။ သူက မဲ့ပြုံးပြုံးကာ ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီလေ... မင်းက သေလမ်းရှာနေမှတော့ ငါ ဖြည့်ဆည်းပေးရတာပေါ့"

ထျန်းကျောက် စစ်တုရင်ဆရာ ခြောက်ဦးအနက် အသန်မာဆုံးမှာ အမှန်စင်စစ် ကျန်းထျန်ယွေ့ပင် ဖြစ်သည်။ သို့သော် ကျန်ငါးဦးမှာလည်း အားနည်းသူများ မဟုတ်ကြပေ။ သူတို့ထဲမှ တစ်ယောက်ယောက်ကို ထုတ်နုတ်လိုက်လျှင်ပင် သာမန်လူများ မော့ကြည့်ရမည့် အဆင့်အတန်းမျိုး ရှိသူများ ဖြစ်သည်။ ထို့အပြင် လူခြောက်ယောက်၏ ကစားပုံကစားကွက်များမှာလည်း လုံးဝ ကွဲပြားခြားနားကြသည်။ ထို့ကြောင့် ကစားပွဲစသည်နှင့် သူတို့၏ ပုံစံကွဲပြားမှုများ ထင်ရှားလာလေသည်။

စစ်တုရင်ပွဲ ခြောက်ခုတွင် ရွေ့ကွက်တိုင်း၌ အသေကောင်ချမည့်သူများ၊ ထောင့်ကွက်များမှ လှည့်စားတိုက်ခိုက်သူများနှင့် ဗျူဟာများကို စေ့စပ်သေချာစွာ ခင်းကျင်းသူများ ပါဝင်နေသည်။ ကွဲပြားခြားနားသော အဖွင့်ဗျူဟာများက ကစားသမားကို မဆိုထားနှင့် ကြည့်ရုံကြည့်နေသော သူများကိုပင် ထိတ်လန့်သွားစေနိုင်သည်။ သို့သော် ရွှယ်အန်းက ပြုံးရုံသာပြုံးလိုက်ပြီး အားကစားရုပ် ခြောက်လုံးကို သူ၏ စိတ်ဝိညာဉ်အာရုံဖြင့် တစ်ပြိုင်နက် ထိန်းချုပ်ကာ ပြန်လည် ရွှေ့လိုက်လေသည်။ သူ့ရှေ့တည့်တည့်တွင် ထိုင်နေသူမှာ ကျန်းထျန်ယွေ့ ဖြစ်ပြီး အေးစက်စက် ရယ်မောလိုက်သည်။

"ကောင်လေး... ဒါ အစပဲ ရှိသေးတယ်နော်... မင်း ရှုံးတဲ့အခါကျရင် ငါတို့ကို အပြစ်မတင်နဲ့"

ထိုသို့ ပြောပြီးနောက် ကျန်းထျန်ယွေ့၏ ကစားနှုန်းမှာ သိသိသာသာ မြန်ဆန်လာသည်။ သူ၏ အရှိန်မြှင့်လိုက်မှုကြောင့် ကျန်ကစားသမား ငါးဦးမှာလည်း လိုက်ပါ အရှိန်မြှင့်လိုက်ကြသည်။ ရွှယ်အန်းသည် စကားတစ်ခွန်းမျှ မပြောဘဲ ပြုံးသယောင်ယောင် မျက်နှာထားဖြင့် ကျန်းထျန်ယွေ့ကို ကြည့်ကာ ပို၍ပင် လျင်မြန်စွာ တုံ့ပြန်လိုက်သည်။

ပြိုင်ဘက်များမှာ တိတ်ဆိတ်သော တိုက်ပွဲတစ်ခုကို စတင်လိုက်ကြပြီး ကစားပွဲအရှိန်မှာ ဆက်လက် မြင့်တက်လာသည်။ နောက်ပိုင်းတွင် ရွေ့ကွက်များ၏ အရှိန်မှာ မြန်လွန်းသဖြင့် သေချာမမြင်ရတော့ဘဲ စစ်တုရင်ခုံပေါ်တွင် အလင်းတန်းများ ကူးလူးသွားလာနေသည်ကိုသာ တွေ့မြင်ရတော့သည်။ အခန်းတစ်ခုလုံး တိတ်ဆိတ်သွားပြီး လူတိုင်း ပါးစပ်အဟောင်းသားဖြင့် ကြောင်ငေးနေကြသည်။ ကျူကောရွှမ်ချင်းပင်လျှင် မျက်လုံးပြူးသွားပြီး ကြောက်မက်ဖွယ်ကောင်းသော အမှန်တရားတစ်ခုကို ရုတ်တရက် သဘောပေါက်လိုက်သည်။ ထိုအချိန်မှာပင် တစ်စုံတစ်ယောက်က တုန်ရီသောအသံဖြင့် ပြောလိုက်သည်။

"ခင်ဗျားတို့ သတိထားမိလား... မစ္စတာရွှယ်ရဲ့ ကစားကွက်တွေက..."

သူတို့ သတိပေးစရာ မလိုတော့ပေ။ စစ်တုရင်ဆရာ အများအပြား၏ မျက်နှာထားများမှာ အလွန်အမင်း တည်ကြည်လေးနက်နေကြပြီ ဖြစ်သည်။

ရွှယ်အန်းသည် စစ်တုရင်ဆရာ ခြောက်ဦးကို မတူညီသော ပုံစံခြောက်မျိုးဖြင့် ယှဉ်ပြိုင်နေသည်ကို တွေ့လိုက်ရသောအခါ သူတို့ ထိတ်လန့်သွားကြသည်။

ထို့အပြင် ပုံစံတစ်ခုချင်းစီသည် ပြိုင်ဘက်တစ်ဦးစီ ကျွမ်းကျင်သော ပုံစံအတိုင်း ထပ်တူကျနေခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ ရွှယ်အန်းသည် အသေကောင်ချသော ဂိုဏ်း၏ သေမင်းတမန်ရွေ့ကွက်များကို ထိုနည်းတူ တန်ပြန်ပြီး၊ လှည့်စားတတ်သော ဂိုဏ်းကို ပရိယာယ်ဖြင့် ယှဉ်ကာ၊ ဗျူဟာခင်းသော ဂိုဏ်းကို ဗျူဟာချင်း ပြိုင်ဆိုင်နေခြင်း ဖြစ်သည်။ ထို့အပြင် သူသည် ထိတ်လန့်သော အရိပ်အယောင် အနည်းငယ်မျှမပြဘဲ စနစ်တကျ ယှဉ်ပြိုင်နေခြင်း ဖြစ်သည်။ မြင်ကွင်းမှာ ဒဏ္ဍာရီပုံပြင်ထဲမှ အရာတစ်ခုကဲ့သို့ပင်။ မျက်မြင်ကိုယ်တွေ့သာ မမြင်ခဲ့ရလျှင် လူတစ်ယောက်က စစ်တုရင်ကို ဒီလိုပုံစံမျိုး ကစားနိုင်လိမ့်မည်ဟု သူတို့ ယုံကြည်ကြမည် မဟုတ်ပေ။

လေထုအခြေအနေမှာ ပိုမို တင်းမာလာသည်။ အခြားဒေသများမှ စစ်တုရင်ဆရာ အများအပြား၏ မျက်လုံးများထဲတွင် မျှော်လင့်ချက်ရောင်ခြည်များ ပြန်လည် တောက်ပလာသည်။ ရွှယ်အန်း ပြသနေသော အင်အားက ကျန်းထျန်ယွေ့နှင့် အခြားသူများကို တကယ်ပင် နိုင်ကောင်းနိုင်လိမ့်မည်ဟု ခံစားလာရစေသည်။ ကျန်းထျန်ယွေ့နှင့် အခြားခြောက်ဦးအတွက်မူ ကြီးမားသော ဖိအားကို ခံစားနေကြရသည်။ အထူးသဖြင့် ဗျူဟာခင်းရာတွင်ဖြစ်စေ၊ လက်တွေ့ကစားရာတွင်ဖြစ်စေ ရွှယ်အန်းက ခြေတစ်လှမ်း အမြဲသာနေပြီး သူ့ကို လုံးဝ လွှမ်းမိုးထားသည်ကို တွေ့လိုက်ရသော ကျန်းထျန်ယွေ့မှာ ကြောက်လန့်တကြား ဖြစ်နေရှာသည်။

ဒါ မဖြစ်နိုင်ဘူး၊ ငါက စစ်တုရင်သူတော်စင်ကိုယ်တိုင် သင်ကြားပြသပေးတာကို ခံယူထားတာ၊ ဒီကောင်က ဘယ်လိုလုပ် ဒီလောက်ကြောက်စရာကောင်းတဲ့ စစ်တုရင်စွမ်းရည်မျိုး ရှိနေရတာလဲ

ကျန်းထျန်ယွေ့မှာ စိတ်ထဲမှ အော်ဟစ်နေပြီး မျက်လုံးများ နီရဲလာကာ ရွှယ်အန်းကို အစွမ်းကုန် တိုက်ခိုက်တော့သည်။ သို့သော် ထိုမျှ ကြီးမားသော ဖိအားကို ရင်ဆိုင်နေရသော်လည်း ရွှယ်အန်းမှာ အေးဆေးတည်ငြိမ်နေဆဲပြီး ပျင်းရိသည့်အလား သန်းဝေလိုက်ပြီး ခေါင်းခါလိုက်သေးသည်။

"ဒါအကုန်ပဲလား၊ မင်းတို့က သိပ်နှေးတာပဲ... ဒီထက် ပိုမမြန်နိုင်ကြတော့ဘူးလား"

ထိုစကားလုံးများက ကျန်းထျန်ယွေ့နှင့် အခြားသူများကို ဒေါသကြောင့် သွေးအန်လုမတတ် ဖြစ်သွားစေသည်။

"မောက်မာလိုက်တာ... ဒီနေ့ ထျန်းကျောက် စစ်တုရင်ဆရာတွေ ဘယ်လောက် ကြောက်စရာကောင်းလဲဆိုတာ ပြရသေးတာပေါ့"

ကျန်းထျန်ယွေ့က မဲ့ပြုံးပြုံးရင်း သူ တိတ်တဆိတ် စီစဉ်ထားသော ကစားကွက်ကို အဆုံးသတ်လိုက်သည်။ သို့သော် သူ့၏ ကျေနပ်ပီတိဖြစ်မှုမှာ တစ်စက္ကန့်မျှပင် မခံလိုက်ပေ။ ရွှယ်အန်းက စိတ်ဝင်စားမှု လျော့နည်းသွားသည့်ဟန်ဖြင့် ခေါင်းခါလိုက်သည်။

"ပျင်းစရာကောင်းလိုက်တာ၊ မင်းတို့ဆီမှာ အသစ်အဆန်း ဘာမှမရှိတော့ဘူးပဲ၊ ဒါဆိုလည်း သေလိုက်ကြတော့... အားလုံးပဲ"

ထိုသို့ပြောပြီးနောက် ရွှယ်အန်းသည် စစ်တုရင်ခုံ ခြောက်ခုလုံးပေါ်တွင် အားကစားရုပ်တစ်လုံးစီ တပြိုင်နက် ချလိုက်လေသည်။ အရာအားလုံးကို အုပ်စိုးသော ဘုရင်တစ်ပါးကဲ့သို့ ထိုရွေ့ကွက်သည် ဘုတ်ပြားပေါ်သို့ ဝင်ရောက်လာပြီး ချက်ချင်းပင် ပြတ်ပြတ်သားသား အဆုံးသတ်လိုက်သည်။ စစ်တုရင်ခုံ ခြောက်ခုလုံးတွင် ထျန်းကျောက် စစ်တုရင်ဆရာများကို ကိုယ်စားပြုသော အရုပ်များမှာ ရူးသွပ်ဖွယ်ရာ ပျောက်ကွယ်ကုန်ကြသည်။ ခဏချင်းစီမှာပင် ကျန်းထျန်ယွေ့နှင့် သူ့အပေါင်းအပါ ခြောက်ဦးမှာ ဘုတ်ပြားပေါ်တွင် အရုပ်တစ်ရုပ်မျှ မကျန်တော့သည်အထိ သုတ်သင်ရှင်းလင်းခြင်း ခံလိုက်ရသည်။

တစ်ချိန်က ရှုံးပွဲမရှိဟု ထင်မှတ်ခဲ့ရသော ကျန်းထျန်ယွေ့နှင့် အခြားသူများသည် ရွှယ်အန်း၏ ရွေ့ကွက် ခြောက်ကွက်တည်းဖြင့် အပြတ်အသတ် ချေမှုန်းခြင်း ခံလိုက်ရလေသည်။

အခန်း (၁၀၀၁) စစ်တုရင်အကယ်ဒမီတွင် လိမ်လည်ကစားမှု သံသယကြောင့် ထိပ်တိုက်တွေ့ဆုံခြင်း

တိတ်ဆိတ်ငြိမ်သက်သွားပုံမှာ

သေခြင်းတရားကဲ့သို့ နက်ရှိုင်းသော တိတ်ဆိတ်မှုမျိုး ဖြစ်သည်။ လူတိုင်း ပါးစပ်အဟောင်းသားဖြစ်ကာ မယုံနိုင်စွာဖြင့် ငေးကြည့်နေမိကြသည်။

ကျန်းထျန်ယွေ့နှင့် အခြားသူများသည် သူတို့မျက်စိရှေ့တွင် ဖြစ်ပျက်သွားသည်များကို မယုံနိုင်သည့်ဟန်ဖြင့် စစ်တုရင်ခုံကို ငုံ့ကြည့်နေကြသည်။ ထိုအချိန်တွင် ရွှယ်အန်းသည် ပျင်းရိစွာ အကြောဆန့်လိုက်ပြီး မတ်တပ်ရပ်ကာ ကြက်သေသေနေသော ကျူကောရွှမ်ချင်းကို ပြုံးပြလိုက်သည်။

"ငါ ပြောသားပဲ... ငါ့မျက်လုံးထဲမှာတော့ သူတို့က အင်အားကြီးသူဆိုတဲ့ ဂုဏ်ပုဒ်နဲ့ မတန်ပါဘူးလို့"

"မဟုတ်ဘူး... ဒါ မဖြစ်နိုင်ဘူး... လုံးဝ မဖြစ်နိုင်ဘူး"

ကျန်းထျန်ယွေ့သည် ရုတ်တရက် ခေါင်းမော့လာပြီး ရွှယ်အန်းအား အော်ဟစ်လိုက်သည်။

"ငါက စစ်တုရင်ဘုရင်အလောင်းအလာကွ... စစ်တုရင်သူတော်စင်ကိုယ်တိုင် သင်ပေးထားတာ၊ မင်းလိုကောင်ကို ငါက ဘယ်လိုလုပ် ရှုံးနိုင်မှာလဲ၊ မင်း သေချာပေါက် လိမ်ကစားထားတာပဲ ဖြစ်ရမယ်... ဟုတ်တယ်... သေချာပေါက် လိမ်ထားတာ"

ကျန်းထျန်ယွေ့သည် ရွှယ်အန်းအား လက်ညှိုးထိုးစွပ်စွဲလိုက်ပြီး နာကြည်းမှုကြောင့် မျက်နှာကြီး ရှုံ့မဲ့နေလေသည်။

"အစောင့်တွေ... ဒီကောင် လိမ်ကစားထားတာ... သူ့ကို ဖမ်းစမ်း"

ရုတ်တရက် ပြောင်းလဲသွားသော အခြေအနေများကြောင့် ပရိသတ်ကြီးမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ စစ်တုရင်ဆရာ အများအပြား ဒေါသထွက်သွားကြပြီး အထူးသဖြင့် အခြားနယ်ပယ်မှ လာသူများမှာ ဒေါသထွက်လွန်း၍ ဆူပွက်နေကြပြီဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ရွှယ်အန်းသည် လူတိုင်း၏ မျက်စိရှေ့မှောက်တွင် ကျန်းထျန်ယွေ့နှင့် အခြား ခြောက်ဦးကို တစ်ယောက်တည်း ရင်ဆိုင်ခဲ့ခြင်း ဖြစ်သောကြောင့်ဖြစ်သည်။ မျက်လုံးပေါင်းများစွာ ကြည့်နေသည့်ကြားမှ သူက ဘယ်လိုလုပ် လိမ်ကစားလို့ ရနိုင်မည်နည်း။

ကျန်းထျန်ယွေ့သည် ရှုံးနိမ့်မှုကို လက်မခံနိုင်သဖြင့် ဖုံးကွယ်ရန် ဆင်ခြေပေးနေခြင်းဖြစ်ကြောင်း လူအများ နားလည်လိုက်ကြသည်။ ထိုအချိန်တွင် မရေမတွက်နိုင်သော စစ်တုရင်အကယ်ဒမီမှ အစောင့်များသည် စင်မြင့်ပေါ်သို့ တက်လာပြီး ရွှယ်အန်းကို ဝိုင်းထားလိုက်ကြသည်။ ကုန်းချန်ယွဲ့သည် တုံ့ဆိုင်းခြင်းမရှိဘဲ ရွှယ်အန်း၏ ရှေ့သို့ ဝင်ရပ်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

"ဘယ်သူ ရှေ့တိုးရဲလဲ ကြည့်ရသေးတာပေါ့"

ကျူကောရွှမ်ချင်း၏ မျက်နှာတွင် ရှုပ်ထွေးသော ခံစားချက်များ ပေါ်လာသော်လည်း နောက်ဆုံးတွင် ရှေ့တိုးလာပြီး ရွှယ်အန်းကို သူမ၏ နောက်တွင်ကွယ်ကာ အေးစက်စွာ ပြောလိုက်သည်။

"ကျန်းထျန်ယွေ့... ရှင် ဘာလုပ်မလို့လဲ"

ကျန်းထျန်ယွေ့က ယုတ်မာစွာ မဲ့ပြုံးပြုံးလိုက်သည်။

"ကျူကောရွှမ်ချင်း... ဒီကိစ္စက မင်းနဲ့ မဆိုင်ဘူး၊ မင်း ဝင်မပါဖို့ အကြံပေးချင်တယ်... ဒီကောင်က ပြိုင်ပွဲမှာ လိမ်ကစားသွားတာ၊ ဒါကြောင့် ငါ သူ့ကို ဖမ်းကို ဖမ်းရမယ်"

"လိမ်ကစားတယ်ဟုတ်လား... မစ္စတာရွှယ် လိမ်ကစားတယ်ဆိုတာ ရှင် ဘယ်လိုသက်သေပြမလဲ၊ ခုနက လူတိုင်း ကြည့်နေကြတာပဲ၊ ရှင်ကအလကားသက်သက် လျှောက်ပြောနေတာ"

ကုန်းချန်ယွဲ့က ဒေါသတကြီး ပြန်အော်လိုက်သည်။ ကျန်းထျန်ယွေ့က အေးစက်စွာ ရယ်မောလိုက်သည်။

"သူ လိမ်ကစားတာ ဟုတ်မဟုတ်ကို စစ်တုရင်အကယ်ဒမီဆီ ခေါ်သွားပြီး အကြီးအကဲတွေကို စစ်ဆေးခိုင်းလိုက်ရင် အမှန်တရား ပေါ်လာမှာပဲ၊ အခု မင်းပြောနေတာတွေက ဘာမှ အရာမရောက်ဘူး"

"နင်..."

ကုန်းချန်ယွဲ့ ဒေါသထွက်သွားသည်။ ကျန်းထျန်ယွေ့ ညစ်ပတ်နေမှန်း သိသာလှသည်။ စစ်တုရင်အကယ်ဒမီသို့ ပြန်ခေါ်သွားပြီး အကြီးအကဲများနှင့် စစ်ဆေးမည်ဟုတ်လား။ အကယ်ဒမီကို ထျန်းကျောက်ကြယ်တာရာနယ်မြေက ထိန်းချုပ်ထားမှန်း မည်သူက မသိဘဲနေမည်နည်း။ ထိုသို့ လိုက်သွားခြင်းသည် ကျားများ၏ သားရဲတွင်းထဲသို့ တည့်တည့်ဝင်သွားခြင်းနှင့် တူနေသည်။ ထိုအချိန်တွင် ရွှယ်အန်းသည် ကုန်းချန်ယွဲ့၏ ပခုံးကို ပုတ်ကာ ငြိမ်နေရန် အချက်ပြလိုက်ပြီးနောက် ခေါင်းမော့ကာ တဖက်မှ ကျန်းထျန်ယွေ့ကို ပြုံးပြလိုက်သည်။

"မင်းက ငါ့ကို စစ်တုရင်အကယ်ဒမီဆီ ခေါ်သွားချင်နေတာလား"

ကျန်းထျန်ယွေ့သည် မကောင်းဆိုးဝါးဆန်သော အကြည့်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။

"ပြိုင်ပွဲမှာ လိမ်ကစားမှတော့ ငါက မင်းကို သေချာပေါက် ပြန်ခေါ်သွားရမှာပေါ့၊ ရွှယ်အန်း... မင်းသာ အပြစ်ကင်းတယ်ဆိုရင် ငါနဲ့ ငြိမ်ငြိမ်လေး လိုက်ခဲ့၊ အဲ့လိုမဟုတ်ရင်တော့..."

သူ၏ စကားများကြောင့် လူအုပ်ကြီး ဆူညံသွားပြီး စစ်တုရင်ဆရာ အများအပြားက မုန်းတီးရွံရှာစွာ ကြည့်လိုက်ကြသည်။ ဒါက ရွှယ်အန်းကို သိသာထင်ရှားစွာ ခြိမ်းခြောက်လိုက်ခြင်းဖြစ်သည်။ သို့သော် ရွှယ်အန်းသည် ထိုအရာများကို ရင်ဆိုင်နေရသော်လည်း တည်ငြိမ်မှု မပျက်ပေ။ ထို့အစား သူက ပါးပါးလေး ပြုံးကာ တုံ့ပြန်လိုက်သည်။

"နားထောင်လို့တော့ အတော်လေး အဆင်ပြေသားပဲ"

"မစ္စတာရွှယ်..."

ကုန်းချန်ယွဲ့ စိတ်လှုပ်ရှားသွားသည်။ ရွှယ်အန်းက ကိစ္စမရှိကြောင်း လက်ကာပြလိုက်ပြီးနောက် ကျန်းထျန်ယွေ့ကို ကြည့်ကာ ပြောလိုက်သည်။

"အဲ့တော့ မင်းနောက်ကို မလိုက်ဘူးဆိုရင် ငါက လိမ်ကစားတယ်လို့ သတ်မှတ်မှာပေါ့"

ကျန်းထျန်ယွေ့က မောက်မာစွာ ခေါင်းညိတ်လိုက်သည်။

"ဒါပေါ့"

ရွှယ်အန်းသည် စိတ်ပါလက်ပါ ရယ်မောလိုက်သည်။

"ကောင်းပြီလေ... နာမည်ကျော် ထျန်းကျောက် စစ်တုရင်အကယ်ဒမီက ဘယ်လောက်တောင် ကြောက်စရာကောင်းလဲဆိုတာ ငါ ကိုယ်တိုင်လည်း သိချင်နေတာ... လိုက်ခဲ့ပေးမယ်"

ရွှယ်အန်း၏ အဖြေကြောင့် ကျန်းထျန်ယွေ့ အလွန် ကျေနပ်သွားသည်။ သို့သော် စစ်တုရင်ဆရာ အများအပြားမှာ ရွှယ်အန်း ဆုံးဖြတ်ချက်ချ မြန်လွန်းသည်ဟု တွေးကာ ခေါင်းခါမိကြသည်။ ထျန်းကျောက် စစ်တုရင်အကယ်ဒမီသည် စစ်တုရင်လောကတွင် ဧရာမအဖွဲ့အစည်းကြီး ဖြစ်သော်လည်း ဝင်ဖို့လွယ်ပြီး ပြန်ထွက်ဖို့ ခက်ခဲသော နေရာဖြစ်သည်။ လူအများအပြား နက်ရှိုင်းစွာ နောင်တရနေမိကြချိန် ကျန်းထျန်ယွေ့က မဲ့ပြုံးပြုံးကာ ပြောလိုက်သည်။

"ကောင်းပြီ... မင်းက အလိုက်သိသားပဲ၊ လာ လိုက်ခဲ့"

ရွှယ်အန်းက ခေါင်းခါလိုက်သည်။

"ဒါပေမဲ့ ငါ့မှာ ကမ်းလှမ်းချက်တစ်ခု ရှိတယ်"

"ဘာကမ်းလှမ်းချက်လဲ"

ရွှယ်အန်းသည် လူအုပ်ကြီးနောက်တွင် ပုန်းကွယ်နေသော ချိုက်မိသားစုဝင်များကို လှည့်ကြည့်ပြီး ပြုံးလိုက်သည်။

"ချိုက်ယုံရှင်း ... အရင်တုန်းက လောင်းကြေးထပ်ထားတာကို မှတ်မိသေးရဲ့လား"

ချိုက်ယုံရှင်း၏ ခန္ဓာကိုယ် တုန်သွားသော်လည်း လျင်မြန်စွာ ပြန်လည် ထိန်းချုပ်လိုက်ပြီး နှာခေါင်းရှုံ့လိုက်သည်။

"မှတ်မိတာပေါ့၊ ဒါပေမဲ့ မစ္စတာရွှယ်... ခင်ဗျား နိုင်သေးတာမှ မဟုတ်တာ... ပြီးတော့ ခင်ဗျား လိမ်ကစားထားတာ ပေါ်သွားရင်တော့ ကိုယ့်အဖြစ်ကိုယ်သာ တွေးထားလိုက်တော့"

သူက ရယ်မောရင်း ပြောလိုက်သည်။ ချိုက်ယုံရှင်း စကားပြောလေလေ ယုံကြည်မှု ပိုရှိလာလေလေဖြစ်ပြီး မျက်နှာထားက ပိုမောက်မာလာလေလေ ဖြစ်သည်။ အမှန်တော့ ရွှယ်အန်းက ကျန်းထျန်ယွေ့နှင့် အခြားသူများကို ခြောက်ကွက်တည်းနှင့် အနိုင်ယူလိုက်စဉ်က ချိုက်ယုံရှင်းမှာ ကြောက်လွန်း၍ သေးပါမတတ် ဖြစ်ခဲ့ရသည်။ သို့သော် ကျန်းထျန်ယွေ့ ထွက်လာပြီး ရွှယ်အန်းကို လိမ်ကစားသည်ဟု စွပ်စွဲလိုက်သောအခါမှ သူ စိတ်ပြန်အေးသွားရခြင်း ဖြစ်သည်။

သခင်လေးကျန်းက ရွှယ်အန်း လိမ်ကစားသည်ဟု ဆုံးဖြတ်လိုက်သမျှ ကာလပတ်လုံး ဤပွဲသည် ရွှယ်အန်းနိုင်သည်ဟု သတ်မှတ်၍ မရနိုင်ပေ။ ထို့ကြောင့် ယခု ချိုက်ယုံရှင်းမှာ အနိုင်ပိုင်းလိုစိတ်များ ပြည့်နှက်နေသည်။

ထိုစကားများကို ကြားသောအခါ ရွှယ်အန်း ပြုံးလိုက်သည်။

"လိမ်ကစားတယ်ဆိုတဲ့ ကိစ္စကို ပြောဖို့ စောပါသေးတယ်၊ ဒါပေမဲ့ မင်း လောင်းကြေးကို မှတ်မိနေရင် ပြီးတာပါပဲ... ခဏနေ စစ်တုရင်အကယ်ဒမီထဲ ဝင်သွားရင် ချိုက်မိသားစုဝင်တွေလည်း ရှိနေစေချင်တယ်"

ချိုက်ယုံရှင်း အနည်းငယ် အံ့အားသင့်သွားပြီးနောက် သူ့အဖေဖြစ်သူ ချိုက်မိသားစုခေါင်းဆောင်ကို လှည့်ကြည့်လိုက်ရာ ခေါင်းဆောင်က ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းပြီလေ... ငါတို့ ချိုက်မိသားစု သေချာပေါက် လာခဲ့မယ်၊ ဘာပဲဖြစ်ဖြစ် မင်း ဘယ်လိုဇာတ်သိမ်းမျိုးနဲ့ အဆုံးသတ်သွားမလဲဆိုတာ ငါလည်း မြင်ချင်သေးတယ်"

ချိုက်ယုံရှင်းက မဲ့ပြုံးပြုံးရင်း ပြောလိုက်သည်။ ရွှယ်အန်း ထပ်မံ လှည့်ကြည့်လိုက်ပြန်သည်။ ကုန်းချန်ယွဲ့က စိုးရိမ်တကြီးဖြင့်ပြောလိုက်သည်။

"မစ္စတာရွှယ်..."

ရွှယ်အန်းက ပြုံးလိုက်သည်။

"စိတ်မပူပါနဲ့... ငါ ဘာလုပ်နေလဲ ငါသိပါတယ်"

ထို့နောက် သူက ကျူကောရွှမ်ချင်းကို ကြည့်လိုက်သည်။

"မိန်းကလေးကျူကော... ပြန်ဖို့ မလောသေးဘူးဆိုရင် ကျွန်တော်တို့နဲ့အတူ စစ်တုရင်အကယ်ဒမီကို လိုက်ခဲ့ပါလား၊ ဘာလို့လဲဆိုတော့... အဲ့ဒီမှာ ခင်ဗျားနဲ့ပတ်သက်တဲ့ ကိစ္စတစ်ခု ရှိနေနိုင်လို့ပါ"

ရွှယ်အန်း မပြောလျှင်ပင် ကျူကောရွှမ်ချင်း ထွက်သွားမည် မဟုတ်ပေ။ ယခု ရွှယ်အန်းက သူမနှင့်ပတ်သက်သော ကိစ္စရှိသည်ဟု ပြောလိုက်သောအခါ သူမ ပို၍ အံ့သြသွားပြီး ခေါင်းညိတ်လိုက်သည်။

"မစ္စတာရွှယ်... ရွှမ်ချင်း သေချာပေါက် လိုက်ခဲ့ပါ့မယ်"

"ကောင်းပြီ"

ထို့နောက်မှ ရွှယ်အန်းသည် ကျန်းထျန်ယွေ့ဘက်သို့ ခေါင်းညိတ်ပြလိုက်သည်။

"သွားကြတာပေါ့... ငါ မင်းနဲ့အတူ စစ်တုရင်အကယ်ဒမီကို လိုက်ခဲ့မယ်"

စစ်တုရင်ပြိုင်ပွဲ ကျင်းပရာနေရာသည် စစ်တုရင်အကယ်ဒမီနှင့် အလွန်နီးကပ်သည်။ ရွှယ်အန်း သူ့ကိုယ်သူ အဆင့် ၉ ရှိကြောင်း သက်သေပြခဲ့သော နေရာသည် အကယ်ဒမီ၏ ဝင်ပေါက်တွင် ဖြစ်သည်။ ယခု ပြိုင်ပွဲတွင် မမျှော်လင့်ထားသော အဖြစ်အပျက်တစ်ခု ကြုံတွေ့လိုက်ရသဖြင့် စစ်တုရင်အကယ်ဒမီက သတင်းရပြီးဖြစ်ရာ ကျန်းထျန်ယွေ့နှင့် အခြားသူများ ရောက်ရှိလာချိန်တွင် ပင်မတံခါးကြီးမှာ ပွင့်လျက်သား ဖြစ်နေပြီဖြစ်သည်။

တံခါးဝတွင် ရင်းနှီးနေသော မျက်နှာတစ်ခု ရှိနေသည်။ ထိုသူမှာ ရွှယ်အန်းကို ရှုံးနိမ့်ခဲ့ဖူးသော တစ္ဆေစစ်တုရင် ဆရာကြီး ကျူဖေးပင်ဖြစ်သည်။ ကျူဖေး၏ မျက်နှာတွင် မထီမဲ့မြင် အပြုံးတစ်ခု ရှိနေသည်။ လူများ ရောက်လာသည်ကို မြင်သောအခါ သူက အေးစက်စွာ ပြောလိုက်သည်။

"အကြီးအကဲအသီးသီးက သတင်းရပြီးကြပြီမို့ ဒီကို လာနေကြပြီ၊ အခု ငါ့နောက်လိုက်ခဲ့ပြီး တင်းချီဆောင်မှာ စောင့်နေကြ"

သူသည် ထိုသို့ပြောပြီးနောက် ရွှယ်အန်းကို အေးစက်စွာ တစ်ချက်ကြည့်ပြီး ရှေ့မှ ဦးဆောင်သွားလေသည်။ ရွှယ်အန်းက တုန်လှုပ်ခြင်းမရှိသော အပြုံးဖြင့် တုံ့ပြန်လိုက်ပြီး လူအုပ်ကြီးနှင့်အတူ စစ်တုရင်အကယ်ဒမီထဲသို့ ဝင်သွားလေသည်။ ရွှယ်အန်း၏ပုံရိပ်သည် တံခါးနောက်သို့ ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသောအခါ နေရာတစ်ခုလုံး ဆူညံပွက်လောရိုက်သွားသည်။ လာရောက်ကြည့်ရှုသော ပရိသတ်များလည်း ပြန်မသွားကြဘဲ ဤကိစ္စ မည်သို့အဆုံးသတ်မလဲဆိုတာကို သိချင်နေကြသည်။ ထို့ကြောင့် လူများ စုရုံးကာ အချင်းချင်း ဆွေးနွေးနေကြသည်။

"ဘယ်ကမှန်းမသိ ပေါ်လာတဲ့ မစ္စတာရွှယ်က စစ်တုရင်စွမ်းရည် ကောင်းမွန်ပေမဲ့ အရမ်း ရိုးအလွန်းအားကြီးတယ်၊ သူတို့နဲ့ ရင်ဆိုင်ဖို့ အထဲထိ ဝင်သွားတယ်ဆိုတော့ အကယ်ဒမီနောက်မှာ ထျန်းကျောက် ရှိနေတယ်ဆိုတာ သူ မသိဘူးလား"

တစ်စုံတစ်ယောက်က စိတ်ပျက်စွာ ခေါင်းခါရင်း ပြောလိုက်သည်။

"ထျန်းကျောက် စစ်တုရင်အကယ်ဒမီက အမြဲတမ်း ဗိုလ်ကျပြီး ရန်လိုတတ်တာ၊ သူ သွားလိုက်ရင်တော့ အဆုံးသတ်သွားပြီလို့ ငါ ထင်တာပဲ"

အခြားတစ်ယောက်က စာနာသော မျက်နှာထားဖြင့် ပြောလိုက်သည်။ အတိုချုပ်ပြောရလျှင် ရွှယ်အန်း၏ ခရီးစဉ်အပေါ် အကောင်းမြင်သူ တစ်ယောက်မျှ မရှိပေ။ ထိုအချိန်တွင် ယွဲ့ကျန်းသည် ကြယ်တာရာထက်တွင် အလင်းတန်းများ ယှက်သန်းနေသည်။ စစ်တုရင်အကယ်ဒမီ၏ အကြီးအကဲအသီးသီးသည် ထျန်းကျောက် ကြယ်တာရာနယ်မြေ၏ အရပ်ရပ်မှ ဤနေရာသို့ အလျင်အမြန် လာနေကြပြီဖြစ်သည်။

အခန်း (၁၀၀၂) အပြစ်ရှာချင်ရင် အကြောင်းပြချက်ဆိုတာ အမြဲရှိရတယ်

ထျန်းကျောက် စစ်တုရင်အကယ်ဒမီသည် ကျယ်ဝန်းလှသော ဧရိယာကို ပိုင်ဆိုင်ထားပြီး အတွင်းဝင်းနှင့် အပြင်ဝင်းဟူ၍ ခွဲခြားထားသည်။

စစ်တုရင်နားဆင်ဆောင်သည် ထိုဝင်းနှစ်ခုကြားတွင် တည်ရှိပြီး အကယ်ဒမီမှ အကြီးအကဲများ စုဝေးရာနေရာ ဖြစ်သည်။ ယခုအချိန်တွင် စစ်တုရင်နားဆင်ဆောင်၏ အပြင်ဘက်၌ လူအုပ်ကြီးမှာ ဆူညံပွက်လောရိုက်နေသည်။ အပြင်ဘက်တွင် ဖြစ်ပျက်ခဲ့သော ကိစ္စရပ်များနှင့်ပတ်သက်သည့် သတင်းစကားများမှာ အကယ်ဒမီတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့ပြီး ထိုအဖြစ်အပျက်ကို မျက်မြင်ကိုယ်တွေ့ ကြည့်ရှုရန် ဂိုဏ်းသားအများအပြား ရောက်ရှိလာကြသည်။

"ဟေ့ရောင်... အဲ့ဒါ အစ်ကိုကြီးကျင်းကို နိုင်သွားတဲ့သူလား၊ ကြည့်ရတာ ငယ်ငယ်လေး ရှိသေးတာပဲ"

တစ်စုံတစ်ယောက်က အံသြသံဖြင့် ပြောလိုက်သည်။ သို့သော် သူ စကားမဆုံးခင်မှာပင် ဘေးမှတစ်ယောက်က သူ့ကို တံတောင်နှင့် တွတ်ကာ တိုးတိုးပြောလိုက်သည်။

"ရှူး... တိုးတိုးပြောစမ်းပါ... အစ်ကိုကြီးကျင်း ကြားသွားရင် မင်းတော့ ပြဿနာအကြီးကြီး တက်တော့မှာ"

စကားပြောလိုက်သူမှာ ချက်ချင်းပင် ပါးစပ်ပိတ်သွားပြီး နောက်ထပ် စကားတစ်ခွန်းမျှပင် မဟရဲတော့ပေ။ ဤတုံ့ပြန်မှုကို ကြည့်ခြင်းအားဖြင့် ဂျူနီယာညီငယ်၊ ညီမငယ်များ၏ မျက်လုံးထဲတွင် ကျန်းထျန်ယွေ့သည် မည်မျှအထိ ကြောက်စရာကောင်းကြောင်း သိသာထင်ရှားနေသည်။ စစ်တုရင်နားဆင်ဆောင်အတွင်းသို့ ဝင်ရောက်လိုက်သောအခါ နံရံကပ်လျက်တွင် မြင့်မားသော ထိုင်ခုံငါးလုံးကို စီတန်းထားသည်ကို တွေ့ရပြီး အလယ်ခုံတွင် ဖြူဖွေးသော ဆံပင်နှင့် သက်ကြီးရွယ်အိုတစ်ဦးသာ ထိုင်နေသည်။

ထိုအဘိုးအိုကို မြင်လိုက်ရသောအခါ ကျန်းထျန်ယွေ့၏ မျက်နှာပေါ်ရှိ မောက်မာမှုများ သိသိသာသာ လျော့ကျသွားပြီး လေးစားစွာ နှုတ်ဆက်လိုက်သည်။

"ဂိုဏ်းတူဦးလေး"

လက်ဖက်ရည် သောက်နေသော ထိုအဘိုးအိုသည် နှုတ်ဆက်ခြင်းကို မည်သို့မျှ မတုံ့ပြန်ပေ။ အချိန်အတော်ကြာမှ သူသည် ခေါင်းကို ဖြည်းညှင်းစွာ မော့လာပြီး ကျန်းထျန်ယွေ့ကို တစ်ချက်ကြည့်ကာ ရွှယ်အနနှင့် ကျူကောရွှမ်ချငတို့ဘက်သို့ အကြည့် ရွှေ့လိုက်သည်။

အဘိုးအို၏ အကြည့်မှာ ဓားသွားကဲ့သို့ စူးရှနေသဖြင့် ကျူကောရွှမ်ချင်း၏ မျက်နှာမှာ ဖြူဖပ်ဖြူရော် ဖြစ်သွားပြီး မရည်ရွယ်ဘဲ ခြေတစ်လှမ်း နောက်ဆုတ်လိုက်မိသည်။ အဘိုးအိုသည် အဓိပ္ပာယ်ဖော်ရခက်သော အပြုံးမျိုးဖြင့် ပြုံးလိုက်သော်လည်း ရွှယ်အန်းက တိတ်ဆိတ်စွာ ရှေ့တိုးလာပြီး ကျူကောရွှမ်ချင်း၏ ရှေ့မှ ကာရပ်လိုက်သည်။ ထိုအပြုအမူကို မြင်လိုက်ရသောအခါ အဘိုးအို၏ မျက်နှာထားမှာ အံ့သြသွားသည့်ပုံစံ ဖြစ်သွားပြီးနောက် အေးစက်သော အသံဖြင့် ပြောလိုက်သည်။

"ဒီနေ့ စစ်တုရင်ပြိုင်ပွဲမှာ လိမ်ကစားတယ်လို့ စွပ်စွဲခံထားရတဲ့သူက မင်းလား"

ရွှယ်အန်းက ဖျော့တော့စွာ ပြုံးလိုက်သည်။

"အပြစ်ရှာချင်ရ်ု အကြောင်းပြချက်ဆိုတာ အမြဲရှိတက်တယ်၊ ဘာလဲ... ခင်ဗျားတို့က သက်သေအထောက်အထားမရှိဘဲ ကျွန်တော် လိမ်ကစားတယ်လို့ ဆုံးဖြတ်လိုက်ကြပြီလား"

"ရိုင်းစိုင်းလိုက်တာ... အကြီးအကဲကို မင်းက ဘယ်လိုလုပ် ဒီလောက် မလေးမစား ပြောရဲရတာလဲ"

အဘိုးအိုဘေးတွင် ရပ်နေသော အစောင့်တစ်ဦးက ဒေါသတကြီး အော်ဟစ်လိုက်သည်။ အကြီးအကဲကူက လက်ကာပြလိုက်ပြီး ရွှယ်အန်းကို ယုတ်မာသော အကြည့်ဖြင့် စိုက်ကြည့်ကာ ပြောလိုက်သည်။

"လူလေး... စကားပြောတာ တော်တော်လေး ထက်သားပဲ၊ ဒါပေမဲ့ မမေ့နဲ့ဦး... ဒီနေရာက စစ်တုရင်အကယ်ဒမီဆိုတာ"

"အဲ့တော့ ဘာဖြစ်လဲ... ဒီနေရာမှာ တခြားလူတွေ စကားမပြောရဘူးလို့ တားမြစ်ထားလို့လား"

ရွှယ်အန်းက တည်ငြိမ်စွာ ပြောလိုက်သည်။

"ဟွန်း..."

အကြီးအကဲကူသည် စိတ်ပျက်သွားသည့်ဟန်ဖြင့် နှာခေါင်းရှုံ့လိုက်သော်လည်း ရုတ်တရက် လေသံပြောင်းသွားပြီး ကျူကောရွှမ်ချင်းဘက်သို့ လှည့်ကာ အနည်းငယ် ပြုံးပြလိုက်သည်။

"မိန်းကလေးကျူကော... သုံးနှစ်တောင် ရှိသွားပြီပဲ၊ မင်းရဲ့ စစ်တုရင်စွမ်းရည်တွေ တော်တော် တိုးတက်လာတာပဲ၊ ကျူကောမိသားစုက စစ်တုရင်အင်အားကြီး မိသားစုဆိုတဲ့ ဂုဏ်ပုဒ်နဲ့ တကယ် လိုက်ဖက်ပါတယ်၊ မျိုးဆက်ဆက်ခံသူတိုင်းက ခေတ်အလိုက် ထူးချွန်ထက်မြက်သူတွေ ချည်းပါပဲလား"

သူ၏ စကားလုံးများမှာ အလွန်ယဉ်ကျေးနေသဖြင့် ကျူကောရွှမ်ချင်းကလည်း ယဉ်ကျေးစွာပင် ပြန်ပြောလိုက်သည်။

"ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ် အကြီးအကဲကူ"

အကြီးအကဲကူက တခစ်ခစ် ရယ်မောလိုက်သည်။

"ဒါနဲ့ နေပါဦး... ဉာဏ်ကြီးရှင်လို့ နာမည်ကြီးတဲ့ မင်းအစ်ကိုက အခု ဘယ်ရောက်နေလဲ၊ သူ့သတင်းမကြားရတာ ငါးနှစ်၊ ခြောက်နှစ်လောက်တောင် ရှိနေပြီပဲ"

ကျူကောရွှမ်ချင်း၏ မျက်နှာမှာ ဖြူဖျော့သွားပြီး တိုးညှင်းစွာ ပြောလိုက်သည်။

"အစ်ကိုက စစ်တုရင်ရဲ့ အမြင့်ဆုံးသစ္စာတရားတွေကို ရှာဖွေဖို့ ထွက်သွားတာ ပြန်မရောက်လာသေးပါဘူး"

"အော်... ဟုတ်လား"

အကြီးအကဲဂူက ခေါင်းညိတ်လိုက်သည်။

"မင်းအစ်ကိုက တစ်ချိန်တုန်းက လူငယ်သူရဲကောင်းလေးပဲ၊ စစ်တုရင်ရဲ့ အမြင့်ဆုံးသစ္စာတရားတွေကို ရှာဖွေတဲ့ ခရီးလမ်းမှာ အောင်မြင်မှုတွေ ရလာမှာ သေချာပါတယ်... ကျူကောမိသားစုမှာ နောက်ထပ် စစ်တုရင်အကျော်အမော်တစ်ယောက် ထပ်ပေါ်လာဦးမှာပဲ"

ကျူကောရွှမ်ချင်း စိတ်ရှုပ်ထွေးသွားသည်။ ကျူကောမိသားစုနှင့် ထျန်းကျောက် စစ်တုရင်အကယ်ဒမီတို့သည် ရန်ဘက်များဟု သတ်မှတ်၍ ရသည်။ သူမ၏ အစ်ကို ကျူကောပန်ဇန်သည် ထျန်းကျောက် စစ်တုရင်အကယ်ဒမီကို ဖိနှိပ်ထားခဲ့ပြီး ဆယ်စုနှစ်များစွာ ခေါင်းမထောင်နိုင်အောင် လုပ်ထားခဲ့သူဖြစ်သည်။

ဤနေရာမှာရှိသည့် လူတိုင်းက ကျူး

ကောမိသားစုကို မုန်းတီးနေကြရမ

သည် မဟုတ်ပါလား။

သို့သော် ယခု အကြီးအကဲကူ၏ စကားများတွင် ချီးကျူးမှုများ ပြည့်နှက်နေသည်ကို ကြားလိုက်ရသောအခါ ဒါက မည်သည့်အဓိပ္ပာယ်လဲဟု တွေးမိလိုက်သည်။

ထျန်းကျောက် စစ်တုရင်အကယ်ဒမီက လူတွေ သဘောထား ပြောင်းသွားကြတာလား...

ဤမေးခွန်းက ကျူကောရွှမ်ချင်းကို ဇဝေဇဝါ ဖြစ်စေသည်။ ထိုအချိန်တွင် ရွှယ်အန်းက ရုတ်တရက် ရယ်မောလိုက်သည်။

"ဒါပေမဲ့ ကျွန်တော် ထင်တာကတော့... မိန်းကလေးကျူကောရဲ့ အစ်ကိုက... ပြန်လာဖို့ တော်တော်လေး ခက်ခဲလိမ့်မယ်"

ပြာကျသွားစေသော မိုးကြိုးတစ်စင်းကဲ့သို့ ထိတ်လန့်ဖွယ်ကောင်းသော ထိုစကားများကြောင့် ကျူကောရွှမ်ချင်း တုန်လှုပ်သွားသည်။

"မစ္စတာရွှယ်... ရှင် ဘာကို ဆိုလိုတာလဲ"

"ကျွန်တော် ဘာဆိုလိုတာလဲဆိုတာက ဒီ စစ်တုရင်အကယ်ဒမီက ဂုဏ်သရေရှိ အကြီးအကဲကြီးကို မေးကြည့်ရမယ့် မေးခွန်းပဲ... ဟုတ်တယ်မလား"

ရွှယ်အန်းက အကြီးအကဲကူကို ကြည့်ကာ မဲ့ပြုံးပြုံးရင်း ပြောလိုက်သည်။ အကြီးအကဲကူ၏ မျက်ဝန်းများ လှုပ်ရှားသွားသော်လည်း လျင်မြန်စွာ ပြန်လည် ထိန်းချုပ်လိုက်ပြီး နှာခေါင်းရှုံ့လိုက်သည်။

"လူလေး... မင်းက ကိုယ့်ပြဿနာကိုတောင် မရှင်းရသေးဘဲနဲ့ အခုလို အသုံးမကျတဲ့ ဆင်ခြေတွေပေးပြီး လမ်းကြောင်းလွှဲဖို့ ကြိုးစားနေတာလား"

ရွှယ်အန်းက လက်ခုပ်တီးလိုက်ပြီး သက်ပြင်းချလိုက်သည်။

"ဒီလောက်တိုတောင်းတဲ့ အချိန်လေးအတွင်းမှာ ဒီလောက်ကောင်းတဲ့ ဆင်ခြေတစ်ခုပေးနိုင်တာ ခင်ဗျား တော်တော် အထင်ကြီးဖို့ ကောင်းတာပဲ"

"ရိုင်းစိုင်းလိုက်တာ"

"မောက်မာလိုက်တာ"

ခန်းမထဲတွင် ဆူပူကြိမ်းမောင်းသံများ တရစပ် ထွက်ပေါ်လာသည်။ ရွှယ်အန်းကမူ တုပ်တုပ်မျှ မလှုပ်ဘဲ အဝေးတွင် ထိုင်နေသော ရှေးဟောင်းအကြီးအကဲကိုသာ အေးစက်စွာ စိုက်ကြည့်နေသည်။ ရှေးဟောင်းအကြီးအကဲ၏ မျက်နှာမှာ တဖြည်းဖြည်း မဲမှောင်လာပြီး စကားပြောရန် ပြင်လိုက်သည်။ ထိုစဉ် လေဟာနယ်ထဲမှ အမျိုးသမီးတစ်ဦး၏ အေးစက်သော ရယ်သံ ထွက်ပေါ်လာသည်။

"စစ်တုရင်ပြိုင်ပွဲကြီးမှာ ဘယ်သူကများ လိမ်ကစားရဲလဲဆိုတာ ငါ တကယ်သိချင်နေပြီ"

သူမ၏ စကားသံအဆုံးတွင် နံရံကပ် ထိုင်ခုံမြင့်များပေါ်၌ လူရိပ်အများအပြား တဖြည်းဖြည်း ပေါ်လာကြသည်။ ထိုလူများကို ဦးဆောင်လာသူမှာ ညှို့ဓာတ်ပြင်းသော လှပသည့် အမျိုးသမီးတစ်ဦး ဖြစ်သည်။ ထိုလူများကို မြင်လိုက်ရသောအခါ ကျန်းထျန်ယွေ့နှင့် အခြားသူများ ချက်ချင်း အရိုအသေ ပေးလိုက်ကြသည်။

"အကြီးအကဲတိုက်၊ အကြီးအကဲယွမ်၊ အကြီးအကဲချန်တို့ကို ဂါရဝပြုပါတယ်"

ထိုင်နေသော ရှေးဟောင်းအကြီးအကဲပင်လျှင် မတ်တပ်ရပ်လိုက်သည်။

"ညီမလေးနဲ့ ဂိုဏ်းတူညီအစ်ကိုတို့ပါလား"

ဟုတ်ပေသည်။ ထျန်းကျောက် စစ်တုရင်မှ အကြီးအကဲအများအပြား ရောက်ရှိလာခြင်း ဖြစ်သည်။ သူတို့ ရောက်လာမှုကြောင့် ခန်းမထဲရှိ လေထုအခြေအနေမှာ ရုတ်တရက် တင်းမာသွားသည်။ ပထမအကြီးအကဲဖြစ်သော တိုက်ချင်ရှင်းသည် ရွှယ်အန်းကို စိတ်ဝင်တစား အကြည့်ဖြင့် အကဲခတ်လိုက်ပြီး အတော်ကြာမှ မဲ့ပြုံးပြုံးလိုက်သည်။

"ကောင်လေး... စစ်တုရင်ပြိုင်ပွဲမှာ လိမ်ကစားတာ နင်လား"

သူမ၏ မေးခွန်းကြောင့် လူအုပ်ကြီးမှာ လုံးဝ တိတ်ဆိတ်သွားသည်။ ရွှယ်အန်းသည် မည်သည့် ခံစားချက်မျှ မပြဘဲ ရပ်နေပြီး အသစ်ရောက်လာသော အကြီးအကဲများကို ဂရုမစိုက်သလို တစ်ချက်ကြည့်လိုက်သည်။

"ကျွန်တော် လိမ်မကစားခဲ့ဘူးလို့ ပြောရင်ရော"

"မင်း အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောမနေနဲ့"

ကျန်းထျန်ယွေ့က ပထမဆုံး ခုန်ထွက်လာပြီး စင်ပေါ်မှ အကြီးအကဲများကို လှည့်ကာ အရိုအသေပြုလိုက်သည်။

"အရှင်တို့... ဒီကောင်က အရင်တုန်းက ဘာနာမည်ဂုဏ်သတင်းမှ မရှိခဲ့ပါဘူး၊ ဒါပေမဲ့ ပြိုင်ပွဲမှာ ကျွန်တော်တို့ ခြောက်ယောက်လုံးကို တစ်ယောက်တည်း ယှဉ်ပြိုင်ပြီး အပြတ်အသတ်တောင် အနိုင်ယူသွားပါတယ်၊ ဒါက သံသယဖြစ်စရာ မကောင်းလွန်းဘူးလား"

"အော်... ဟုတ်လား"

အကြီးအကဲတိုက်၏ မျက်ခုံးများ အနည်းငယ် တွန့်သွားသည်။

"ဟုတ်တာပေါ့... အခု ကျွန်တော်တို့ဆီမှာ ရေမျက်နှာပြင် မှတ်တမ်းတင်ထားတဲ့ သက်သေရှိတယ်"

ထိုသို့ပြောပြီးနောက် ကျန်းထျန်ယွေ့သည် ရေမျက်နှာပြင် ပုံရိပ်တစ်ခုကို ပြသလိုက်ရာ ရွှယ်အန်းက သူတို့ ခြောက်ယောက်ကို ယှဉ်ပြိုင်နေသည့် မြင်ကွင်း ဖြစ်နေသည်။

ရွှယ်အန်းက ကျန်းထျန်ယွေ့နှင့် အခြားသူများကို မတူညီသော ပုံစံခြောက်မျိုးဖြင့် ယှဉ်ပြိုင်ပြီး အနိုင်ယူသွားသည်ကို မြင်လိုက်ရသောအခါ အကြီးအကဲတိုက်၏ မျက်နှာထားမှာ တဖြည်းဖြည်း တည်ကြည်လေးနက်လာသည်။

"ဒါက... မင်း ဘယ်လိုရှင်းပြမလဲ"

ရွှယ်အန်း ရယ်မောလိုက်သည်။

"ရှင်းပြရမယ် ဟုတ်လား... သူတို့ အရည်အချင်းမရှိလို့ ကျွန်တော့်ကို ရှုံးသွားတာလေ၊ အဲ့ဒါက ရှင်းပြနေစရာ လိုလို့လား"

"အဓိပ္ပာယ်မရှိတာ... မင်းမှာသာ တကယ် အဲ့လောက် အရည်အချင်းရှိရင် အရင်တုန်းက ဘာလို့ နာမည်မကြီးခဲ့တာလဲ၊ မင်းက ဂုဏ်တွေ၊ ငွေတွေကို မက်မောတဲ့သူ မဟုတ်လို့ပါလို့တော့ လာမပြောနဲ့နော်၊ ဟက်... အကြီးအကဲတွေတောင် ငါတို့ အဆင့်၉ စစ်တုရင်ဆရာ ခြောက်ယောက်လုံးကို တစ်ပြိုင်နက် မနိုင်ဘူး၊ မင်းလို နာမည်မရှိ၊ အခြေခံမရှိတဲ့ သာမန်လူတစ်ယောက်က နိုင်တယ်ဆိုတာ ဖြစ်နိုင်ပါ့မလား"

ကျန်းထျန်ယွေ့က မုန်းတီးမှုအပြည့်ရှိသော မျက်နှာဖြင့် ပြောလိုက်သည်။ သူ၏ မေးခွန်းများကြောင့် လူတိုင်း၏ အာရုံက ရွှယ်အန်းထံသို့ ရောက်ရှိသွားသည်။

ကျူကောရွှမ်ချင်း၏ မျက်လုံးထဲတွင်ပင် သံသယအရိပ်အယောင် အနည်းငယ် ပေါ်လာသည်။

ဟုတ်သားပဲ...

မစ္စတာရွှယ်နှင့်ပတ်သက်သော လျှို့ဝှက်ချက်တွေက များလွန်းသည်။ သူသာ တကယ် ထိုမျှလောက် အင်အားကြီးလျှင် အဘယ့်ကြောင့် ယခင်တုန်းက ဘယ်သူမှ မသိခဲ့ကြသနည်း။ လူတိုင်း၏ အကြည့်အောက်တွင် ရွှယ်အန်းသည် ခေါင်းငုံ့လျက် တိတ်ဆိတ်နေသည်။ သူ၏ အပြုအမူကို မြင်သောအခါ ကျန်းထျန်ယွေ့ ပို၍ အောင်နိုင်သူအထာ ပေါက်လာသည်။

"ဘာဖြစ်လို့လဲ... ပြောစရာစကား ကုန်သွားပြီလား"

စစ်တုရင်အကယ်ဒမီမှ အကြီးအကဲများ အချင်းချင်း ကြည့်လိုက်ကြပြီးနောက် အဓိကခုံတွင် ထိုင်နေသော အကြီးအကဲဒိုင်က စကားပြောရန် ပြင်လိုက်သည်။

သို့သော် ထိုအချိန်မှာပင် ရွှယ်အန်းက တိုးညှင်းစွာ ရယ်မောလိုက်သည်။

"ဒီလို ယုတ်မာတဲ့ သဘောသဘာဝတွေ ဘယ်ကနေ ရောက်လာလဲဆိုတာ နောက်ဆုံးတော့ ကျွန်တော် နားလည်သွားပြီ"

သူ့အသံက တိုးလွန်းသဖြင့် လူအများစု သေချာမကြားလိုက်ကြပေ။ ကျန်းထျန်ယွေ့ ခေတ္တမျှ ကြောင်သွားပြီးနောက် ယုတ်မာသော လေသံဖြင့် တုံ့ပြန်လိုက်သည်။

"မစ္စတာရွှယ်... အခုထိ ဆင်ခြေတွေ ဖန်တီးဖို့ ကြိုးစားနေတုန်းလား"

ရွှယ်အန်းသည် ခေါင်းကို ဖြည်းညှင်းစွာ မော့လာပြီး ကျန်းထျန်ယွေ့ကို ကြည့်ကာ ခပ်ပါးပါး ပြောလိုက်သည်။

"အခု ခင်ဗျားကို ကျွန်တော် မေးစရာ မေးခွန်းတစ်ခုပဲ ရှိတယ်၊ သူများဆီကနေ လုယူထားတဲ့ ဉာဏ်ပညာကို သုံးရတာ ဘယ်လိုခံစားရလဲ”

All Chapters