အခန်း (၁၀၀၃-၁၀၀၅)
Vol. 67 Ch. 1003-1005
အခန်း (၁၀၀၃) ထူးခြားဆန်းပြားသော ပွဲတော်၊ ပြပွဲကြီး စတင်ပြီ
ထိုစကားလုံးများကို ကြားလိုက်ရသောအခါ ယခင်က မောက်မာဝင့်ကြွားနေသော ကျန်းထျန်ယွေ့၏ မျက်နှာထားမှာ ရုတ်တရက် အကြီးအကျယ် ပြောင်းလဲသွားလေသည်။
"မင်း... မင်း..."
"ငါက ဘယ်လိုလုပ် သိနေတာလဲလို့ မေးချင်တာမလား၊ တကယ်တော့ အစပိုင်းတုန်းက ငါ ဘာမှ သတိမထားမိပါဘူး... ဒါပေမဲ့ ပြိုင်ပွဲစပြီး မင်း တခြားလူတွေနဲ့ ကစားတဲ့အချိန်မှာပဲ တစ်ခုခု မှားနေတာကို ငါ အာရုံခံမိလိုက်တာ၊ ဘာလို့လဲဆိုတော့ လူတွေက လိမ်ပြောလို့ရပေမဲ့ သူတို့ရဲ့ စိတ်ဝိညာဉ်အာရုံက လိမ်လို့မရဘူးလေ"
ရွှယ်အန်းက တည်ငြိမ်စွာ ပြောလိုက်ပြီးနောက် ကျူကောရွှမ်ချင်းဘက်သို့ လှည့်ကြည့်လိုက်သည်။
"မိန်းကလေးကျူကော... ခင်ဗျားအစ်ကို ဘယ်ရောက်သွားလဲဆိုတာ သိချင်နေခဲ့တညမလား"
"အခု ကျွန်တော် ပြောပြနိုင်တာကတော့... ဒီ ကျန်းထျန်ယွေ့ရဲ့ စိတ်ဝိညာဉ်အာရုံထဲက ဉာဏ်ပညာထက်ဝက်ကျော်လောက်က ခင်ဗျားအစ်ကို ကျူကော်ပန်ဇန်ဆီက ရထားတာပဲ"
ဒိန်း!
ကျူကောရွှမ်ချင်းမှာ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ သူမ၏ ခန္ဓာကိုယ်သည် ယိမ်းယိုင်သွားပြီး လဲကျလုမတတ် ဖြစ်သွားကာ မျက်နှာဖြူဖျော့လျက် ရွှယ်အန်းကို ကြည့်လိုက်သည်။
"ရှင်... ရှင်ပြောတာ တကယ်ပဲလား"
ရွှယ်အန်းက ဖျော့တော့စွာ ပြုံးလိုက်သည်။
"အမှန်တကယ် ဟုတ်မဟုတ် ခင်ဗျားစိတ်ထဲမှာ သိနေပြီးသားပဲ မဟုတ်ဘူးလား"
ကျူကောရွှမ်ချင်း၏ ရင်ထဲတွင် ခံစားချက်များ လှိုင်းထန်လာပြီး မျက်ဝန်းများထဲတွင် ရှုပ်ထွေးသော အရိပ်အယောင်များ ဖြတ်သန်းသွားသည်။ သူမ၏ အစ်ကိုသည် စစ်တုရင်၏ အမြင့်ဆုံးသစ္စာတရားကို ရှာဖွေရန် ထွက်သွားသည်ဟု အမြဲပြောနေကြသော်လည်း နှစ်ပေါင်းများစွာ တိတ်ဆိတ်ပျောက်ကွယ်နေမှုက ကျူကောမိသားစုကို သံသယဝင်စေခဲ့ပြီဖြစ်သည်။
ကျူကောရွှမ်ချင်း ကိုယ်တိုင်လည်း နေ့တိုင်းလိုလို အစ်ကိုဖြစ်သူအကြောင်း တွေးတောပူပန်နေခဲ့ရသည်။ သို့သော် ရှာမတွေ့နိုင်ခဲ့သော သူမ၏ အစ်ကိုသည် ထျန်းကျောက် ကြယ်တာရာနယ်မြေတွင် ရှိနေလိမ့်မည်ဟု သူမ တစ်ခါမှ ထင်မထားခဲ့မိပေ။ ရွှယ်အန်း၏ စကားများက တံခါးတစ်ချပ်ကို ဖွင့်ပေးလိုက်သည့်ပမာ ဖြစ်သွားသည်။ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များက ကျူကောရွှမ်ချင်း၏ ခေါင်းထဲတွင် လျင်မြန်စွာ ဖြတ်သန်းသွားသည်။ အရေးမပါဟု ထင်ရသော အသေးစိတ်အချက်အလက် အများအပြားသည် ယခုအခါတွင် တစ်ခုနှင့်တစ်ခု ဆက်စပ်သွားလေသည်။
ဥပမာအားဖြင့် ကျန်းထျန်ယွေ့သည် ယခင်က အတိုင်းအတာတစ်ခုအထိ နာမည်ကျော်ကြားခဲ့သော်လည်း သူ၏ စစ်တုရင်ကျင့်ကြံမှုအဆင့်မှာ သာမန်မျှသာ ဖြစ်သည်။ သို့သော် သူမ၏ အစ်ကို ပျောက်သွားပြီး မကြာမီအချိန်အတွင်း သူ၏ ကျင့်ကြံမှုအဆင့် ရုတ်တရက် ထိုးတက်သွားပြီး စစ်တုရင်ပြိုင်ပွဲတွင် ချန်ပီယံဆုကို ချက်ချင်း ရယူနိုင်ခဲ့သည်။ ထိုသံသယများအားလုံးအတွက် ယခုအခါ ပြီးပြည့်စုံသော ဖြေရှင်းချက်တစ်ခု ရှိသွားပြီဖြစ်သည်။ ကျူကောရွှမ်ချင်းသည် တုန်ရီနေခြင်းကို မရပ်တန့်နိုင်တော့ဘဲ မျက်ရည်များ စီးကျလာသည်။
"ငါက တကယ် အရူးပဲ... ငါ့အစ်ကိုက နင်တို့ကောင်တွေ လက်ချက်နဲ့ ဒုက္ခရောက်ခဲ့ရတာကိုး"
ကျူကောရွှမ်ချင်းက တိုးညှင်းစွာ ရေရွတ်လိုက်သည်။ နေရာတစ်ခုလုံး၏ အခြေအနေမှာ အလွန်အမင်း တင်းမာသွားသည်။ အထူးသဖြင့် စစ်တုရင်အကယ်ဒမီမှ အကြီးအကဲများ၏ မျက်နှာများမှာ သွေးဆုတ်ဖြူလျော်နေကြသည်။ ထျန်းကျောက် စစ်တုရင်အကယ်ဒမီသည် အင်အားကြီးမားသော်လည်း ကျူကောမိသားစုကိုလည်း လျှော့တွက်၍ မရပေ။ ဤကိစ္စသာ ပေါက်ကြားသွားပါက ကျုကောမိသားစုသည် သေချာပေါက် အကြီးအကျယ် ကလဲ့စားချေကြပေလိမ့်မည်။ ထိုအခါကျလျှင် အခြေအနေက တကယ်ပင် ကြီးထွားလာလိမ့်မည်။
ထို့ကြောင့် အကြီးအကဲများ အချင်းချင်း အကြည့်ဖလှယ်လိုက်ကြပြီးနောက် အကြီးအကဲခေါင်းဆောင် တိုက်ချင်ရှင်းက မဲ့ပြုံးပြုံးလိုက်သည်။
"ကောင်းလိုက်တဲ့ ဇာတ်လမ်းဆင်မှုပဲ... ငါတောင် ခဏလောက် ယုံသွားမလို့၊ ဒါပေမဲ့ သက်သေမရှိဘဲနဲ့ ငါတို့ စစ်တုရင်အကယ်ဒမီကို ဒီလိုမျိုး ဘယ်လိုလုပ် စွပ်စွဲရဲရတာလဲ၊ ကျန်းထျန်ယွေ့ရဲ့ စိတ်ဝိညာဉ်အာရုံကို ကြည့်ပြီး ပြောလိုက်တာနဲ့ပဲလား"
"ပြီးတော့ နင်ကိုယ်တိုင်ကလည်း ဒီပြိုင်ပွဲမှာ လိမ်ကစားပြီး နိုင်ထားတာလေ၊ ငါတို့ကို မေးခွန်းထုတ်ဖို့ မင်းမှာ ဘာအခွင့်အရေး ရှိလို့လဲ"
တိုက်ချင်ရှင်းက ပြင်းထန်သော လေသံဖြင့် မေးလိုက်သော်လည်း သူမ၏ ရင်ထဲတွင် စိုးရိမ်ထိတ်လန့်နေသည်။ သို့သော် ရွှယ်အန်းက ထိုတုံ့ပြန်မှုကို ကြိုတင်မျှော်လင့်ထားသည့်အလား ပြုံးရုံသာ ပြုံးလိုက်သည်။
"ခင်ဗျားတို့ လုပ်တာလို့ ကျွန်တော် ပြောမိလို့လား"
ဟင်...
နေရာရှိ လူအားလုံး အံ့အားသင့်သွားကြသည်။ သူ ဘာကို ဆိုလိုတာလဲ...။ ကျုကောရွှမ်ချင်း ရုတ်တရက် မော့ကြည့်လိုက်ပြီး မျက်လုံးအဝိုင်းသားဖြင့် ရွှယ်အန်းကို စိုက်ကြည့်နေသည်။ ရွှယ်အန်းက တည်ငြိမ်စွာ ပြောလိုက်သည်။
"ခင်ဗျားတို့ရဲ့ အင်အားအဆင့်လောက်နဲ့ ကျူကောပန်ဇန်ကို ဖမ်းချုပ်ပြီး သူ့ရဲ့ စိတ်ဝိညာဉ်အာရုံ ဉာဏ်ပညာကို ခွဲထုတ်ယူဖို့ဆိုတာ မဖြစ်နိုင်ပါဘူး"
"ဒါကြောင့် တရားခံအစစ်က တခြားတစ်ယောက်ဆိုတာ ရှင်းနေပါတယ်၊ ကျွန်တော် ခန့်မှန်းကြည့်ရမလား... အဲ့ဒါ ဟို စစ်တုရင်သူတော်စင်ရဲ့ လက်ချက်ပဲ ဖြစ်ရမယ် ဟုတ်တယ်မလား"
ရွှယ်အန်း၏ ယခင်စကားများက မိုးကြိုးပစ်သကဲ့သို့ ဖြစ်ခဲ့လျှင် ယခုစကားများကမူ ဗုံးတစ်လုံး ပေါက်ကွဲသွားသကဲ့သို့ ဖြစ်သွားပြီး ရှိနေသူအများအပြားကို ထိတ်လန့်သွားစေသည်။
စစ်တုရင်သူတော်စင်...
ထိုအရာသည် ထျန်းကျောက် ကြယ်တာရာနယ်မြေတွင်သာမက စစ်တုရင်လောကတစ်ခုလုံးတွင်ပါ အမြင့်ဆုံးသော တည်ရှိမှုဖြစ်သည်။ အကယ်၍သာ တကယ်ပဲ သူ့လက်ချက်ဆိုလျှင် အရာအားလုံးက အဓိပ္ပာယ်ရှိသွားပြီဖြစ်သည်။ ကျူကောရွှမ်ချင်းသည် နှုတ်ခမ်းကို သွေးထွက်သည်အထိ ကိုက်ထားမိသော်လည်း သွေးထွက်နေသည်ကို ဂရုမစိုက်နိုင်တော့ပေ။ သူမ၏ မျက်ဝန်းများတွင် ကြီးမားသော နာကြည်းမှုများ ပြည့်နှက်နေပြီး တိုက်ချင်ရှင်းနှင့် အခြားသူများကို စိုက်ကြည့်လိုက်သည်။
"ကောင်းပြီလေ... ရှင်တို့ ထျန်းကျောက် ကြယ်တာရာနယ်မြေက လူတွေက ဒီလို ယုတ်မာတဲ့ လုပ်ရပ်မျိုးကို လုပ်ရဲကြတယ်ပေါ့၊ ကျွန်မတို့ ကျူကောမိသားစုက ရှင်တို့ကို လုံးဝ အလွတ်ပေးမှာ မဟုတ်ဘူး"
ကျူကောရွှမ်ချင်းသည် လက်ကို မြှောက်လိုက်ရာ စိတ်ဝိညာဉ်အာရုံတစ်ခု ပစ်လွှတ်လိုက်ပြီး သတင်းပို့ရန် ပြင်လိုက်သည်။ သို့သော် စိတ်ဝိညာဉ်အာရုံ အခန်းထဲမှ မထွက်နိုင်ခင်မှာပင် တိုက်ချင်ရှင်းက လက်လှမ်းဖမ်းယူလိုက်ပြီး လက်ထဲတွင် ချေမွပစ်လိုက်သည်။
"မိန်းကလေးကျူကော... စိတ်အေးအေးထားဖို့ အကြံပေးချင်ပါတယ်၊ လူတစ်ချို့ရဲ့ လုပ်ဇာတ်တွေကို နားယောင်ပြီး မဆင်မခြင် မလုပ်သင့်ဘူးလေ"
ကျူကောရွှမ်ချင်း၏ မျက်လုံးများမှ မီးတောက်များ ထွက်လာတော့မတတ် ဖြစ်နေသည်။
"တိုက်ချင်ရှင်း... ရှင် ဘာသဘောလဲ"
တိုက်ချင်ရှင်းက အနည်းငယ် ပြုံးလိုက်သည်။
"ဘာမှ မဟုတ်ပါဘူး၊ မင်း နည်းနည်း ပင်ပန်းနေပုံရလို့ စစ်တုရင်အကယ်ဒမီမှာ ရက်နည်းနည်းလောက် အနားယူသင့်တယ်လို့ ထင်လို့ပါ၊ မင်း စိတ်ငြိမ်သွားရင် ငါတို့က မင်းကို ကျူကောမိသားစုဆီ ပြန်ပို့ပေးမှာပါ"
ကျူကောရွှမ်ချင်း ဒေါသထွက်သွားသည်။
"ရှင်တို့ လုပ်ရဲလုပ်ကြည့်လေ... ထျန်းကျောက် စစ်တုရင်အကယ်ဒမီက ကျွန်မကို တစ်ခုခုလုပ်ရဲရင် ကျွန်မအဖေနဲ့ ကျူကောမိသားစုက လူတွေက ရှင်တို့ကို လုံးဝ ခွင့်လွှတ်မှာ မဟုတ်ဘူး"
"ငါတို့က မင်းကို တစ်ခုခုလုပ်မယ်လို့ ပြောမိလို့လား၊ ဒီမှာ ရက်နည်းနည်းလောက် နေစေချင်ရုံပါ၊ ပြီးရင် မင်းရဲ့ မပျော်ရွှင်စရာ အတိတ်တချို့ကို မေ့ပျောက်သွားအောင် ကူညီပေးမလို့လေ"
တိုက်ချင်ရှင်းက တခစ်ခစ် ရယ်မောရင်း ပြောလိုက်သည်။ သို့သော် ထိုအပြုံးထဲတွင် အေးစက်မှုများ ပါဝင်နေသည်။ ကျူကောရွှမ်ချင်း ရုတ်တရက် လန့်သွားသည်။
တိုက်ချင်ရှင်းနှင့် အခြားသူများ ဘာလုပ်ရန် ကြံစည်နေသည်ကို နောက်ဆုံးတွင် သူမ နားလည်သွားသည်။ သူမ၏ အင်အားက မနည်းသော်လည်း အကယ်၍ ဖမ်းဆီးခံရပြီး အတင်းအဓမ္မ မှတ်ဉာဏ်ဖျက်ခံလိုက်ရလျှင် သူမ ဘာမှ ခုခံနိုင်တော့မည် မဟုတ်ပေ။
ကျုကောရွှမ်ချင်း၏ စိတ်နှလုံးသည် မျှော်လင့်ချက်မဲ့စွာဖြင့် တွေးတောရင်း အောက်ဆုံးအထိ ထိုးကျသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူမ၏ အစ်ကိုနှင့်ပတ်သက်သော ကိစ္စက ဒီအတိုင်းပဲ ပျောက်ကွယ်သွားတော့မည်လား...
တိုက်ချင်ရှင်းသည် ဘေးမှလူများကို မျက်လုံးဖြင့် အချက်ပြလိုက်ပြီး လှုပ်ရှားရန် ပြင်လိုက်သည်။ ထိုအချိန်တွင် ရွှယ်အန်းက လက်ခုပ်တီးလိုက်သည်။
"စိတ်ဝင်စားစရာကောင်းတဲ့ ပြဇာတ်လေးပဲ... ကိုယ့်အပြစ်ကို ဖုံးကွယ်ဖို့ တခြားသူရဲ့ မှတ်ဉာဏ်ကို အတင်းအဓမ္မ ဖျက်ပစ်မယ်ပေါ့၊ ခင်ဗျားတို့ ဒီနည်းလမ်းကို ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်ပုံရတယ်၊ ကြည့်ရတာ ဒါ ပထမဆုံးအကြိမ် လုပ်တာတော့ မဟုတ်လောက်ဘူး"
ကျူကောရွှမ်ချင်း အံ့အားသင့်သွားပြီး အလိုအလျောက် ရွှယ်အန်းကို ဆွဲလိုက်သည်။
"မစ္စတာရွှယ်... ရှင့်ရဲ့ ကျေးဇူးကြီးမားမှုကို နောက်မှ ပြန်ဆပ်ပါ့မယ်၊ အခုတော့ ကျေးဇူးပြုပြီး ထွက်သွားပါတော့"
သူမသည် ပြောရင်းဆိုရင်း ရွှယ်အန်းကို ဆွဲခေါ်သွားရန် ကြိုးစားသည်။
"ထွက်သွားမယ် ဟုတ်လား... ဟက်... သူ ထွက်ပြေးလို့ လွတ်မယ်များ ထင်နေလား"
တိုက်ချင်ရှင်းက ယုတ်မာစွာ ရယ်မောလိုက်သည်။ သူမ၏ နောက်တွင် အကြီးအကဲအချို့ကလည်း တိတ်တဆိတ် မတ်တပ်ရပ်လိုက်ကြသည်။
"ကောင်လေး... အမှန်အတိုင်း ပြောရရင် ငါ မင်းကို တကယ် လေးစားမိတယ်၊ မင်းရဲ့ အရှိန်အဝါနဲ့ ပါရမီက ထူးခြားလွန်းလို့ ငါတောင် မင်းအကြောင်းကို အကုန် မမြင်နိုင်ဘူး ဒါပေမဲ့ မင်းက မဆိုင်တဲ့ကိစ္စကို ဝင်မပါခဲ့သင့်ဘူး"
"အခု မင်းက မသိသင့်တာတွေ သိသွားပြီဆိုတော့... မင်းကို ထာဝရ နှုတ်ပိတ်ထားဖို့ပဲ ရှိတော့တယ်"
တိုက်ချင်ရှင်း၏ အသံတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။ အစောင့်အများအပြားသည်လည်း ရွှယ်အန်းနှင့် အပေါင်းအပါများကို တိတ်တဆိတ် ဝိုင်းရံထားလိုက်ကြသည်။ လေထုအခြေအနေမှာ အစွန်းဆုံးအထိ တင်းမာနေပြီး အချိန်မရွေး ပေါက်ကွဲထွက်သွားနိုင်သည်။ သို့သော် ဤအရေးကြီးသော အချိန်တွင် ရွှယ်အန်း၏ မျက်နှာထားမှာ တည်ငြိမ်နေဆဲဖြစ်ပြီး ပြုံးပင် ပြုံးလိုက်သေးသည်။
"ခင်ဗျားတို့ ခုနက ကျွန်တော် လိမ်ကစားတယ်လို့ စွပ်စွဲခဲ့တယ်မလား၊ အခုက အဲ့ကိစ္စကိုပါ တစ်ခါတည်း ရှင်းဖို့ အခွင့်ကောင်းပဲ"
သူ ဘာကို ဆိုလိုတာလဲ၊ သူ ဘာလုပ်မလို့လဲ...
လူတိုင်း နားမလည်နိုင်စွာ ကြည့်နေကြစဉ် ရွှယ်အန်းက လူအားလုံးကို လက်ညှိုးထိုးပြပြီး ကြေညာလိုက်သည်။
"ဒီအခြေအနေထိ ရောက်မှတော့ ပွဲကြီးပွဲကောင်း ဖြစ်အောင် လုပ်ပေးရတာပေါ့"
"ဒီနေ့... ကျွန်တော်က ထျန်းကျောက် စစ်တုရင်အကယ်ဒမီ တစ်ခုလုံးကို စိန်ခေါ်လိုက်မယ်”
အခန်း (၁၀၀၄) အခု... မင်းတို့ ပွဲဝင်ရမယ့်အလှည့်ရောက်ပြီ
သူ၏ စကားများကြောင့် ကွင်းပြင်တစ်ခုလုံး စက္ကန့်အနည်းငယ်ကြာအောင် တိတ်ဆိတ်ငြိမ်သက်သွားပြီးနောက် တိုက်ချင်ရှင်းနှင့် အခြားအကြီးအကဲအများအပြားမှာ ပြိုင်တူ ရယ်မောလိုက်ကြလေသည်။
"ဘာမှမသိနားမလည်တဲ့ ကောင်လေး... ဒီလောက် ရိုင်းစိုင်းတဲ့ စကားမျိုးကိုတောင် ပြောရဲတယ်ပေါ့"
အကြီးအကဲကူက မဲ့ပြုံးပြုံးရင်း ပြောလိုက်သည်။ တိုက်ချင်ရှင်းက အထင်သေးစွာ ခေါင်းခါရင်း ပြောလိုက်သည်။
"မစ္စတာရွှယ်... ရှင်က ရှင့်ရဲ့အင်အားလောက်နဲ့ တစ်ခုခုကို ပြောင်းလဲနိုင်မယ်လို့ တကယ် ယုံကြည်နေတာတော့ မဟုတ်ပါဘူးနော်၊ ရှင် သိထားဖို့က... စစ်တုရင်လမ်းစဉ်မှာ ကျွန်မတို့ ထျန်းကျောက် စစ်တုရင်အကယ်ဒမီကို ဘယ်သူမှ ယှဉ်နိုင်မှာ မဟုတ်ဘူး... ရှင်က စစ်တုရင်သူတော်စင် မဟုတ်ရင်ပေါ့လေ"
ရွှယ်အန်းက ဂရုမစိုက်သောဟန်ဖြင့် ပြန်ပြောလိုက်သည်။
"စိတ်မပူပါနဲ့၊ ခင်ဗျားတို့ရဲ့ စစ်တုရင်သူတော်စင်လည်း လွတ်မှာ မဟုတ်ပါဘူး... ခင်ဗျားတို့အတွက်ကတော့..."
ရွှယ်အန်းက ကြက်သီးထဖွယ် ပြုံးလိုက်သည်။
"ခင်ဗျားတို့က မလိုအပ်တော့ဘူး"
"သေချင်နေတာပဲ"
တိုက်ချင်ရှင်း၏ နောက်တွင် ရပ်နေပြီး အစမှအဆုံး စကားတစ်ခွန်းမျှ မပြောခဲ့သော အကြီးအကဲ ယွမ်သိန်ထျန်းသည် ရုတ်တရက် ဒေါသတကြီး အော်ဟစ်လိုက်သည်။ စစ်တုရင်မှတစ်ဆင့် လမ်းစဉ်သို့ ဝင်ရောက်လာသော စိတ်ဝိညာဉ်ကျင့်ကြံသူတစ်ဦး ဖြစ်သည့်အားလျော်စွာ သူ၏ တိုက်ခိုက်မှုအားလုံးသည် စစ်တုရင်နှင့် ဆက်စပ်နေသည်။
ရုတ်တရက် ကြီးမားသော စစ်တုရင်ခုံကြီးတစ်ခုသည် ရွှယ်အန်း၏ ခေါင်းပေါ်တွင် ပေါ်လာပြီး သူ့ကို လုံးဝ လွှမ်းခြုံထားလိုက်သည်။ ထို့နောက် ထပ်နေသော ထိုစစ်တုရင်ခုံများသည် ကြိတ်ဆုံကျောက်များကဲ့သို့ လည်ပတ်လာပြီး၊ လေထုကိုပင် ကြိတ်ချေပစ်လောက်အောင် ပြင်းထန်ကာ ကျယ်လောင်သော မြည်ဟည်းသံများ ထွက်ပေါ်လာသည်။ ဤမျှ ပြင်းထန်သော တိုက်ခိုက်မှုမျိုးအောက်တွင် ရုပ်ပိုင်းဆိုင်ရာ အားကောင်းသော ရွှေအင်မော်တယ်အဆင့်ပင်လျှင် ချက်ချင်း သေဆုံးသွားနိုင်သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ လူအုပ်ထဲမှ အများအပြားမှာ ကျေနပ်ပီတိဖြစ်သော အပြုံးများ ပြုံးလိုက်ကြသည်။
အထူးသဖြင့် ကျန်းထျန်ယွေ့ဖြစ်သည်။ သူသည် ကောင်းကင်ကို မော့ကြည့်ကာ ကျယ်လောင်စွာ ရယ်မောပစ်ချင်စိတ် ပေါက်နေသည်။
'မင်း တော်တော် စွမ်းတယ်ဆို... အခုတော့ အကြီးအကဲယွမ်ရဲ့ လက်ချက်နဲ့ အသားကြိတ်စက်ထဲ ရောက်သွားသလို ဖြစ်သွားပြီမလား'
သို့သော် သူ၏ ကျေနပ်မှုမှာ တစ်စက္ကန့်မျှပင် မခံလိုက်ပေ။ ကျောက်တုံးကဲ့သို့ မာကျောသော စစ်တုရင်ခုံများ ရုတ်တရက် ပြင်းထန်စွာ တုန်ခါလာသည်ကို သူ မြင်လိုက်ရသည်။ ထို့နောက် ကျောက်စိမ်းဖြင့် ထွင်းထုထားသကဲ့သို့သွယ်လျသော လက်တစ်စုံ ထွက်ပေါ်လာသည်။ ထိုလက်များ ဆန့်ထွက်လာပြီးနောက် စစ်တုရင်ဗျူဟာကို ဘေးနှစ်ဖက်သို့ ဆွဲဖြဲလိုက်သည်။ ရွှယ်အန်းသည် ထိုအထဲမှ ဖြည်းညှင်းစွာ လမ်းလျှောက်ထွက်လာပြီး ခေါင်းကို ဖြည်းညှင်းစွာ ခါလိုက်သည်။
"ခင်ဗျားရဲ့ တိုက်ကွက်တွေက ဆန်းသစ်ပေမဲ့ မလုံလောက်သေးဘူး"
ထိုအခိုက်အတန့်သည် ကွင်းပြင်တစ်ခုလုံးကို မှင်သက်သွားစေသည်။ ယွမ်သိန်ထျန်း၏ မျက်လုံးများမှာ ထိတ်လန့်မှုကြောင့် ပြူးကျယ်ထွက်လာလုမတတ် ဖြစ်သွားသည်။
"ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ရွှယ်အန်းက အနည်းငယ် ပြုံးလိုက်သည်။
"မယုံနိုင်စရာ ဖြစ်နေတာလား... စိတ်မပူပါနဲ့၊ ကျွန်တော့်ကို လှုပ်ရှားအောင် လုပ်နိုင်မလားဆိုတာ ကြည့်ဖို့ နောက်ထပ် အခွင့်အရေးတစ်ခု ပေးပါ့မယ်"
ယွမ်တိန်ထျန်းသည် လျင်မြန်စွာ စိတ်ကို ပြန်ထိန်းလိုက်ပြီး တိုက်ချင်ရှင်းနှင့် အခြားအကြီးအကဲများနှင့် အကြည့်ချင်း ဖလှယ်ကာ သေမင်းတမန် တိုက်ကွက်ကို ပူးပေါင်း ထုတ်ဖော်လိုက်ကြသည်။
ယခင်ထက် ဆယ်ဆမျှ ပိုမို အားကောင်းသော နောက်ထပ် စစ်တုရင်ဗျူဟာတစ်ခုသည် မိုးကြိုးပစ်သကဲ့သို့ ကျဆင်းလာပြီး ရွှယ်အန်းကို ဖိနှိပ်လိုက်သည်။ တိုက်ချင်ရှင်းသည် တုံ့ဆိုင်းခြင်းမရှိဘဲ တိုက်ခိုက်လိုက်ရာ လှပသော စစ်တုရင်ရုပ်များ ဆက်တိုက် ထွက်ပေါ်လာသည်။ သို့သော် ထိုစစ်တုရင်ရုပ်များသည် အေးစက်သော သတ်ဖြတ်လိုစိတ်များကို ထုတ်လွှတ်နေပြီး ရွှယ်အန်း၏ ပတ်ဝန်းကျင်ရှိ လေဟာနယ်ကို ချက်ချင်း ပိတ်ဆို့လိုက်သည်။
အခြားအကြီးအကဲများကလည်း သူတို့၏ အပြင်းထန်ဆုံး တိုက်ကွက်များကို အသုံးပြုလိုက်ကြသည်။ သူတို့အတွက် ဂုဏ်သိက္ခာကိစ္စ မဟုတ်တော့ဘဲ ရွှယ်အန်းကို ချက်ချင်း သုတ်သင်ပစ်ရန်သာ အဓိက ဖြစ်တော့သည်။ မြင်ကွင်းတစ်ခုလုံး တောက်ပသော အလင်းရောင်များ လွှမ်းခြုံသွားပြီး စိတ်ဝိညာဉ်အာရုံများ ဟိန်းထွက်လာသဖြင့် အားနည်းသူများမှာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသည်။
ထိုသို့သော ဗျူဟာအောက်တွင် မည်သူမှ အသက်ရှင်လွတ်မြောက်နိုင်မည် မဟုတ်ပေ။ ယခုမှသာ ထျန်းကျောက် စစ်တုရင်အကယ်ဒမီမှ လူများ အသက်ရှူချောင်သွားကြသည်။ ထိုအချိန်တွင် ကျူကောရွှမ်ချင်းက အော်ဟစ်လိုက်သည်။
"မစ္စတာရွှယ်..."
သူမ ရှေ့သို့ ပြေးထွက်လာရန် ပြင်လိုက်သည်။ သို့သော် ထိုအချိန်မှာပင် သူမ၏ အမြင်အာရုံ ဝေဝါးသွားပြီး ကျန်းထျန်ယွေ့က အောင်နိုင်သူအမူအရာဖြင့် သူမရှေ့တွင် ပေါ်လာသည်။
"မိန်းကလေးကျူကော... ငြိမ်ငြိမ်လေးနေဖို့ အကြံပေးချင်တယ်... အဲ့လိုမဟုတ်ရင် တိုက်ပွဲကြားညပ်ပြီး ထိခိုက်သွားတဲ့အခါ မင်းမိသားစုကို ပြန်ရှင်းပြဖို့ ခက်နေလိမ့်မယ်... ဟုတ်တယ်မလား"
သူ၏ လှောင်ပြောင်သံများကြောင့် ကျူး
ကောရွှမ်ချင်း ဒေါသထွက်လွန်း၍ မျက်လုံးများ နီရဲလာသည်။
"ကျန်းထျန်ယွေ့... ငါ နင့်ကို သတ်မယ်"
ပြောပြီးသည်နှင့် သူမ လက်ကို ဝှေ့ယမ်းလိုက်ရာ ရွှေဒင်္ဂါးသုံးပြား ကျန်းထျန်ယွေ့ထံသို့ ပျံသန်းသွားသည်။ ကျန်းထျန်ယွေ့၏ မျက်နှာထား လေးနက်သွားသော်လည်း ပေါ့ပေါ့ပါးပါး လက်ဝှေ့ယမ်းလိုက်ရာ ရွှေဒင်္ဂါးသုံးပြား ကြေမွသွားသည်။
"ကျူကောမိသားစုရဲ့ ရွှေဒင်္ဂါးတွေက စကြဝဠာအနှံ့ နာမည်ကြီးပေမဲ့... ဝမ်းနည်းစရာကောင်းတာက မင်းက သိပ်အားနည်းနေသေးတာပဲ"
သူသည် ကျူကောရွှမ်ချင်းကို ဖမ်းရန် လက်လှမ်းလိုက်သည်။ ထိုအချိန်တွင် ကျူကောရွှမ်ချင်းဘေး၌ ရပ်နေသော ကုန်းချန်ယွဲ့က ရုတ်တရက် အော်ဟစ်လိုက်သည်။
"ကောင်းကင်ထက်က ချန်ယွဲ့"
ကျူကောရွှမ်ချင်း၏ ရှေ့တွင် လပြည့်ဝန်းတစ်ခု ရုတ်တရက် ပေါ်လာသည်။ ကျန်းထျန်ယွေ့က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး တုံ့ဆိုင်းခြင်းမရှိဘဲ ထိုလပြည့်ဝန်းကို ရိုက်ချလိုက်သည်။
ဘုန်း...
လပြည့်ဝန်းသည် ချက်ချင်း ကွဲကြေသွားသည်။ ကုန်းချန်ယွဲ့၏ ခန္ဓာကိုယ် ပြင်းထန်စွာ တုန်ခါသွားပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရကာ ပါးစပ်ထောင့်မှ သွေးများ စီးကျလာသည်။
"ကုန်းချန်ယွဲ့..."
ကျူကောရွှမ်ချင်း လန့်ဖျပ်ကာ အော်လိုက်သည်။
"ကုန်းချန်ယွဲ့... ဒီလို သောက်တလွဲ ကစားကွက်တွေနဲ့ မင်းက သူရဲကောင်းလုပ်ပြီး မိန်းကလေးကို ကယ်နိုင်မယ် ထင်နေတာလား၊ ဝမ်းနည်းစရာပဲကွာ... မင်းမှာ အခွင့်အရေး မရှိတော့ဘူး၊ ငါ ကျူကောရွှမ်ချင်းကို ဖမ်းမိတာနဲ့ သူ့ရဲ့ စိတ်ဝိညာဉ်အာရုံကို ပြုပြင်လိုက်ပြီး ငါ့ကို အရူးအမူး ချစ်လာအောင် လုပ်ပစ်မယ်... ညီမဖြစ်သူက သူ့အစ်ကိုကို သတ်တဲ့ လူသတ်သမားကို ချစ်နေရတယ်ဆိုတဲ့ အတွေးက တော်တော်လေး စိတ်လှုပ်ရှားဖို့ ကောင်းတယ်ကွ... ဟားဟားဟား"
ကျန်းထျန်ယွေ့က မာန်မာနအပြည့်ဖြင့် ရယ်မောလိုက်သည်။ ကျူကောရွှမ်ချင်း၏ မျက်နှာမှာ ချက်ချင်းပင် သွေးဆုတ်ဖြူလျော်သွားသည်။ အဘယ်ကြောင့်ဆိုသော် ကျန်းထျန်ယွေ့က ပြောရဲလျှင် လုပ်ရဲကြောင်း သူမ သိသောကြောင့် ဖြစ်သည်။
ထိုအခြေအနေထိ ရောက်မည့်အစား သူမ သေလိုက်တာကမှ ပိုကောင်းဦးမည်။ ထိုအတွေးကြောင့် ကျူကောရွှမ်ချင်း၏ မျက်နှာတွင် သေခြင်းတရားကို ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်သည့် အရိပ်အယောင်များ ပေါ်လာသည်။
"မိန်းကလေးကျူကော... မလုပ်ပါနဲ့"
ကုန်းချန်ယွဲ့က ထိတ်လန့်တကြား အော်လိုက်သည်။
"ချန်ယွဲ့... တောင်းပန်ပါတယ်"
ကျူကောရွှမ်ချင်းက တိုးညှင်းစွာ ပြောလိုက်ပြီးနောက် မျက်လုံးများ မှိတ်ကာ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပစ်ရန် ပြင်လိုက်သည်။ သို့သော် ထိုအချိန်မှာပင်
မုန်တိုင်းထန်နေသော အလယ်ဗဟိုမှ အသံတစ်သံ ထွက်ပေါ်လာသည်။
"ငါ မင်းကို ခုနက သတ်မလို့ပဲ ဒါပေမဲ့ အခု ရုတ်တရက် ခံစားလိုက်ရတာက မင်းကို သတ်လိုက်တာက မင်းအတွက် အရမ်း သက်သာလွန်းသွားမယ်"
ထိုစကားသံ ထွက်လာသည်နှင့် မျှော်လင့်ချက်မဲ့နေသော ကျူကောရွှမ်ချင်း ရုတ်တရက် မော့ကြည့်လိုက်သည်။ သူတို့ကို ဖိနှိပ်ထားသော စစ်တုရင်ခုံကြီး ရပ်တန့်သွားပြီး တစစီ ကွဲအက်ကာ နောက်ဆုံးတွင် ကျယ်လောင်သောအသံနှင့်အတူ ပျက်စီးသွားသည်ကို တွေ့လိုက် သည်။ တိုက်ချင်ရှင်း၏ နေရာပိတ်ဆို့ထားသော စစ်တုရင်အရုပ်များလည်း မြည်တမ်းသံနှင့်အတူ ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် မုန်တိုင်းကြီး ရုတ်တရက် ပြီးဆုံးသွားသည်။ ရွှယ်အန်းသည် အေးစက်သော မျက်နှာထားဖြင့် အလယ်တွင် မတ်မတ်ရပ်နေသည်။
"မစ္စတာရွှယ်..."
ကုန်းချန်ယွဲ့က ဝမ်းသာအားရ အော်လိုက်သည်။ ရွှယ်အန်းက သူ့ကို အနည်းငယ် ပြုံးပြရင်း ပြောလိုက်သည်။
"ကောင်းတယ်၊ ကောင်မလေးတစ်ယောက်ကို လိုက်ချင်ရင် မျက်နှာပြောင်တိုက်တတ်တဲ့ စိတ်ဓာတ်တော့ ရှိရမယ်"
တစ်ချိန်တည်းမှာပင် တိုက်ချင်ရှင်း အပါအဝင် စစ်တုရင်အကယ်ဒမီမှ အကြီးအကဲများအားလုံး အံ့အားသင့်သွားကြသည်။
"မင်းရဲ့ ကျင့်ကြံမှုအဆင့်က ဘယ်လောက်လဲ... ဘာလို့ ဒီလောက်တောင် အစွမ်းထက်နေရတာလဲ"
အကြီးအကဲကူက မယုံကြည်နိုင်စွာ အော်မေးလိုက်သည်။ ရွှယ်အန်းက ဝန်ခံခြင်းမရှိသလို ငြင်းလည်း မငြင်းပေ။ သူ၏ လက်ကို ဖြည်းညှင်းစွာ ဆန့်ထုတ်လိုက်ပြီး အေးဆေးစွာ ပြောလိုက်သည်။
"ကျွန်တော် သိတာတစ်ခုကတော့... ကျွန်တော့်မျက်လုံးထဲမှာ ဒီစကြဝဠာကြီးက စစ်တုရင်ခုံတစ်ခုပဲ... ခင်ဗျားတို့က စစ်တုရင်အရုပ် ဖြစ်ဖို့တောင် အရည်အချင်း မပြည့်မီဘူး"
စကြဝဠာ...
ထိုစကားလုံးကြောင့် တိုက်ချင်ရှင်း၏ ခန္ဓာကိုယ် ပြင်းထန်စွာ တုန်ခါသွားပြီး ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
"မင်းက ဒီပတ်ဝန်းကျင် ကြယ်တာရာနယ်မြေက မဟုတ်ဘူး... မင်းက..."
ရွှယ်အန်းက ခေါင်းညိတ်လိုက်ပြီး ဖြူဖွေးသော သွားများကို ပေါ်အောင်ဟပြကာ မကောင်းဆိုးဝါးဆန်ဆန် ပြုံးလိုက်သည်။
"ခင်ဗျား ထင်တာ မှန်ပါတယ်... ဒါပေမဲ့ ကံဆိုးတာက ဆုချဖို့ မရှိတာပဲ"
ရွှယ်အန်း၏ လက်ဖဝါးပေါ်တွင် စစ်တုရင်ခုံတစ်ခု ဖြည်းညှင်းစွာ ပေါ်လာသည်။ ထိုစစ်တုရင်ခုံသည် သာမန်အတိုင်း ပြောင်ချောနေသည်။ ထိုအချိန်တွင် ရွှယ်အန်းက တိုးညှင်းစွာ ပြောလိုက်သည်။
"အခု... ခင်ဗျားတို့ ပွဲဝင်ရမယ့်အလှည့် ရောက်ပြီ"
သူ့စကားသံအဆုံးတွင် စစ်တုရင်ခုံသည် ရုတ်တရက် ကြီးမားလာပြီး အခန်းတစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွားသည်။
"မဟုတ်ဘူး..."
တိုက်ချင်ရှင်းသည် တစ်စုံတစ်ခုကို အာရုံခံမိလိုက်သည့်အလား လှည့်ထွက်ပြေးရန် ကြိုးစားသည်။ သို့သော် ကြီးမားသော အင်အားတစ်ခုက အခန်းတစ်ခုလုံးကို ဖြတ်သန်းသွားသည်။ ထိုမျှ ကြီးမားသော အင်အားရှေ့တွင် ရုန်းကန်မှုအားလုံးက အချည်းနှီးသာ ဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် တိုက်ချင်ရှင်းနှင့် စစ်တုရင်အကယ်ဒမီမှ အကြီးအကဲများအားလုံး စစ်တုရင်ခုံထဲသို့ ဆွဲသွင်းခြင်း ခံလိုက်ရလေသည်။
အခန်း (၁၀၀၅) စစ်တုရင်သူတော်စင် ထျန်းကျောက်
နေရာတစ်ခုလုံး ချက်ချင်း ရှင်းလင်းသွားပြီး ကျင်ထျန်းရွီနှင့် အခြားသူများသာ ကြက်သေသေ၍ ကျန်ရစ်ခဲ့သည်။
ရွှယ်အန်းက ခေါင်းကို လှည့်လာပြီး ကျင်ထျန်းရွီကို ပါးပါးလေး ပြုံးပြလိုက်သည်။
"အခု... မင်းအလှည့်ရောက်ပြီ"
ကျင်ထျန်းရွီ၏ ခန္ဓာကိုယ် ပြင်းထန်စွာ တုန်ခါသွားပြီးနောက် အလွန်အမင်း ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
"မလုပ်ပါနဲ့... ငါက..."
သူ့စကားမဆုံးခင်မှာပင် ရွှယ်အန်းက လက်တစ်ချောင်း ထောင်ပြလိုက်ရာ ထွက်ပြေးရန် ပြင်နေသော ကျင်ထျန်းရွီမှာ လေထဲတွင် တွဲလောင်းဖြစ်သွားသည်။
"ငါ့ကို မသတ်ပါနဲ့... တောင်းပန်ပါတယ်၊ မသတ်ပါနဲ့ကွာ၊ မင်း ဘာပြောပြော ငါ အကုန်လက်ခံပါ့မယ်၊ ငါ့ကိုတော့ မသတ်ပါနဲ့"
ကျင်ထျန်းရွီက ဟစ်အော်သံမျိုးဖြင့် အော်ဟစ်တောင်းပန်နေသည်။ ရွှယ်အန်းက ဂရုမစိုက်သော ဟန်ပန်ဖြင့် နားပင်နှိုကါနေလိုက်သည်။
"ကဲပါ... အဲ့လောက် ကျယ်ကျယ် အော်စရာ မလိုပါဘူး၊ မင်းပြောတာ ငါ သေချာ ကြားပါတယ်"
ကျင်ထျန်းရွီ ချက်ချင်း ပါးစပ်ပိတ်သွားပြီး ရွှယ်အန်းကို သနားစဖွယ် မျက်လုံးများဖြင့် ကြည့်နေရှာသည်။
"မင်းကို ဘာလို့ ခုနက စစ်တုရင်ပွဲထဲ ဆွဲမထည့်ခဲ့တာလဲ သိလား"
ကျင်ထျန်းရွီက ကမန်းကတန်း ခေါင်းခါပြလိုက်သည်။
"ဘာလို့လဲဆိုတော့... မင်းက ပါဝင်ယှဉ်ပြိုင်ဖို့ အရည်အချင်းတောင် မပြည့်မီလို့လေ"
ကျင်ထျန်းရွီ၏ မျက်ဝန်းများတွင် မျှော်လင့်ချက်မဲ့မှုများ ပြည့်နှက်သွားသည်။ ရွှယ်အန်း လှုပ်ရှားတော့မည်ကို မြင်လိုက်ရသောအခါ သူ ရုတ်တရက် အရာတစ်ခုကို သတိရသွားပြီး အမြန်အဆန် အော်ပြောလိုက်သည်။
"မသတ်ပါနဲ့... ငါ့ကို သတ်လိုက်ရင် ကျူကောပန်ဇန်ရဲ့ စိတ်ဝိညာဉ်အာရုံပါ ပျက်စီးသွားလိမ့်မယ်၊ အဲ့ဒါဆိုရင် သူ တကယ် အသက်ရှင်နိုင်မှာ မဟုတ်တော့ဘူး"
ထိုစကားကို ကြားသောအခါ ကျူကောရွှမ်ချင်း လန့်ဖျပ်သွားသည်။
"ဘာပြောလိုက်တာလဲ... ငါ့အစ်ကိုက အသက်ရှင်နေတုန်းပဲလား"
ကျင်ထျန်းရွီသည် အသက်ရှင်လိုစိတ် ပြင်းပြနေသဖြင့် နောက်ဆက်တွဲ အကျိုးဆက်များကို ဂရုမစိုက်နိုင်တော့ဘဲ ကမန်းကတန်း ခေါင်းညိတ်လိုက်သည်။
"ဒါပေါ့... မင်းအစ်ကို အသက်ရှင်နေတာပေါ့၊ ဒီလောက် အစွမ်းထက်တဲ့ စိတ်ဝိညာဉ်ကျင့်ကြံသူတစ်ယောက် တကယ်သေသွားရင် ကျူကောမိသားစုက သေချာပေါက် အာရုံခံမိမှာပဲလေ... ဒါကြောင့် ငါတို့ သူ့ကို မသတ်ခဲ့ပါဘူး"
ကျူကောရွှမ်ချင်း၏ မျက်လုံးများတွင် မျက်ရည်များ ပြန်လည် ပြည့်အိုင်လာပြီး ရှိုက်ကြီးတငင် ငိုကြွေးလေသည်။
"အစ်ကို..."
ကျင်ထျန်းရွီက ကယ်တင်ရှင်ကို တွေ့လိုက်ရသကဲ့သို့ ကမန်းကတန်း ပြောလိုက်သည်။
"မိန်းကလေးကျူကော... ကျေးဇူးပြုပြီး ကျွန်တော့်ကို မသတ်ဖို့ ပြောပေးပါဦး..."
ကျူကောရွှမ်ချင်း ရွှယ်အန်းဘက်သို့ လှည့်ကြည့်လိုက်သည်။
"မစ္စတာရွှယ်..."
ရွှယ်အန်းက ဖျော့တော့စွာ ပြုံးပြလိုက်သည်။
"စိတ်မပူပါနဲ့၊ ကျွန်တော် သူ့ကို အခု သတ်ဖို့ အစီအစဉ် မရှိပါဘူး"
ထိုစကားကို ကြားသောအခါ ကျင်ထျန်းရွီသည် တိတ်တဆိတ် သက်ပြင်းချလိုက်ပြီး သူတစ်ပါး ဒုက္ခရောက်မှ ကျေနပ်တတ်သော စိတ်မျိုးဖြင့် ကျိတ်ပျော်သွားသည်။
အခု ကျူကောပန်ဇန်ရဲ့ စိတ်ဝိညာဉ်အာရုံက ငါနဲ့ ပေါင်းစပ်ထားပြီးပြီ... မင်းသာ ကောင်းကင်ဘုံကို အာခံနိုင်တဲ့အစွမ်း မရှိဘူးဆိုရင် အင်မော်တယ်တောင်မှ ငါတို့နှစ်ယောက်ကို ခွဲထုတ်နိုင်မှာ မဟုတ်ဘူး၊ ဒါကြောင့် မင်း လိုချင်တာကို မဖျက်ဆီးချင်ရင် ငါ့ကို အရှင်ထားထားမှ ဖြစ်မှာပဲ
ပြီးတော့ စစ်တုရင်ဆရာကြီးသာ ဒီအကြောင်းကို သိသွားရင် ငါ့ကို သေချာပေါက် လာကယ်လိမ့်မယ်... အဲ့ဒီအချိန်ကျရင် မင်းရဲ့ ဇာတ်သိမ်းခန်း ရောက်ပြီသာ မှတ်
ကျင်ထျန်းရွီသည် သူ့အစီအစဉ်နှင့်သူ ကျိတ်ပြီး ပျော်နေလေသည်။ သို့သော် ရွှယ်အန်း၏ စကားတစ်ခွန်းက ကျင်ထျန်းရွီကို လုံးဝ ကြောင်အမ်းသွားစေသည်။
"ငါ ခုနက ပြောတယ်လေ... သူ့ကို သတ်လိုက်ရင် သူ့အတွက် အရမ်းသက်သာလွန်းသွားမယ်လို့"
ဘာအဓိပ္ပာယ်လဲ...
ကျင်ထျန်းရွီသည် ရုတ်တရက် သူ့ရင်ထဲတွင် မကောင်းသော နိမိတ်တစ်ခုကို ခံစားလိုက်ရသည်။ ထိုအချိန်တွင် ရွှယ်အန်းက ဂရုမစိုက်စွာ လက်ဝှေ့ယမ်းလိုက်ရာ ဓားသွားအလင်းတန်းတစ်ခုသည် ကျင်ထျန်းရွီ၏ ခေါင်းကို တိုက်ရိုက် ရိုက်ခွဲပစ်လိုက်သည်။ ကျူကောရွှမ်ချင်း အော်ဟစ်လိုက်သည်။
"မစ္စတာရွှယ်..."
ရွှယ်အန်းက တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။
"ကိစ္စမရှိဘူး... ငါ ဘာလုပ်နေလဲ ငါသိပါတယ်"
ယခုအချိန်တွင် ကျင်ထျန်းရွီ၏ ခေါင်းပြတ်နေသော အလောင်းကောင်ကြီးသည် မြေကြီးပေါ်သို့ လဲကျသွားပြီဖြစ်ပြီး အမည်းနှင့် အဖြူရောင် ရောယှက်နေသော အလင်းလုံးတစ်လုံး လေထဲတွင် ပေါ်လာသည်။ ထို့နောက် တစ်စုံတစ်ခုကို သတိထားမိသွားသည့်အလား ထိုအလင်းလုံးသည် ရှေ့သို့ ထိုးထွက်ပြေးလေသည်။
ရွှယ်အန်းက လိုက်ပင် မလိုက်ဘဲ တိုးညှင်းစွာ ပြောလိုက်သည်။
"ပြန်လာခဲ့"
အလင်းလုံးသည် နာကျင်စွာ အော်မြည်သံ ထွက်ပေါ်လာပြီး ရွှယ်အန်း၏ လက်ဖဝါးပေါ်သို့ ပြန်ရောက်လာသည်။ ထို့နောက်တွင် ကျင်ထျန်းရွီ၏ ပုံစံငယ်လေး ထိုအလင်းလုံးပေါ်တွင် ပေါ်လာသည်။
"ရွှယ်... မင်း ဘာလုပ်တာလဲ... မင်းပဲ ငါ့ကို မသတ်ဘူးဆို... ကျူကောပန်ဇန်ပါ သေသွားမှာကို မကြောက်ဘူးလား"
ကျင်ထျန်းရွီ၏ ဝိညာဉ်က ရူးသွပ်စွာ အော်ဟစ်လိုက်သည်။ ရွှယ်အန်းက အနည်းငယ် ပြုံးလိုက်သည်။
"မင်းသေရင် သူပါ သေရမယ်လို့ ဘယ်သူ ပြောလဲ"
ကျင်ထျန်းရွေ့၏ ဝိညာဉ် ကြောင်သွားသည်။ ထိုအချိန်တွင် ရွှယ်အန်း၏ မျက်လုံးများ တောက်ပသွားပြီး ကြီးမားသော စိတ်ဝိညာဉ်အာရုံလှိုင်းတစ်ခု ကျင်ထျန်းရွီ၏ ဝိညာဉ်ကို လုံးဝ လွှမ်းခြုံသွားသည်။ ကျင်ထျန်းရွီ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"မင်း ဘာလုပ်မလို့... အား.... မလုပ်ပါနဲ့"
ဝိညာဉ်၏ နက်ရှိုင်းသော နေရာအထိ ထိုးဖောက်သွားသော နာကျင်မှုက ကျင်ထျန်းရွီအား အရှင်လတ်လတ် ထက်ပိုင်း ဆွဲဖြဲခံရသကဲ့သို့ ခံစားလိုက်ရစေသည်။ တစ်ခဏချင်းစီမှာပင် ကျင်ထျန်းရွီ၏ ဝိညာဉ်သည် အမည်းရောင်နှင့် အဖြူရောင် နှစ်ပိုင်းအဖြစ် ရက်စက်စွာ ခွဲထုတ်ခြင်း ခံလိုက်ရသည်။ အမည်းရောင် အပိုင်းအစသည် အသက်ငွေ့ငွေ့သာ ကျန်တော့ပြီး လေထဲတွင် ပေါလောပေါ်နေသည်။
အဖြူရောင် အလုံးလေးကမူ ထိုနေရာမှ ထွက်ခွာရန် ဟိုဟိုဒီဒီ ရူးသွပ်စွာ ပြေးလွှားနေသည်။ ရွှယ်အန်းက လက်ကို ဆုပ်လိုက်ရာ အဖြူရောင်အလုံးလေးလည်း တဖြည်းဖြည်း ငြိမ်သက်သွားသည်။ ထိုအလုံးလေးမှ နူးညံ့သော အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။ ကျူကောရွှမ်ချင်း၏ မျက်လုံးများ ပြူးကျယ်လာပြီး မျက်ရည်များ စီးကျလာသည်။
"ဒါ... ဒါ အစ်ကိုရဲ့ အရှိန်အဝါပဲ"
ရွှယ်အန်းက အနည်းငယ် ပြုံးလိုက်သည်။
"ဟုတ်တယ်... ဒါ ကျင်ထျန်းရွီ လုယူထားတဲ့ စိတ်ဝိညာဉ်အာရုံပဲ၊ အခု ခင်ဗျား ထိန်းသိမ်းထားနိုင်ဖို့ ပေးလိုက်မယ်"
ရွှယ်အန်းက ထိုအလုံးလေးကို ကျုကောရွှမ်ချင်းထံသို့ ပစ်ပေးလိုက်သည်။ ကျူကောရွှမ်ချင်း ကမန်းကတန်း ဖမ်းယူလိုက်ပြီး လက်ထဲတွင် ဂရုတစိုက် ပွေ့ပိုက်ကာ ငိုကြွေးလေသည်။
"အစ်ကို... ညီမလေး အစ်ကို့ကို အိမ်ပြန်ခေါ်သွားပေးမယ်နော်"
ရွှယ်အန်းက သက်ပြင်းအနည်းငယ်ချလိုက်ပြီး ကျင်ထျန်းရွီ၏ ဝိညာဉ်ကို ငုံ့ကြည့်လိုက်သည်။
"ခုနက အရသာ ဘယ်လိုနေလဲ... ထပ်ပြီး မြည်းစမ်းချင်သေးလား"
အမည်းရောင် အလုံးလေး လိမ်တွန့်သွားပြီး အလွန်အမင်း ထိတ်လန့်နေသော ကျင်ထျန်းရွီ၏ အသံ ထွက်ပေါ်လာသည်။
"ဟင့်အင်း... မလုပ်ပါနဲ့တော့..."
သို့သော် သူ စကားပြောလိုက်သည်နှင့် ယခင်ကထက် အဆတစ်ရာ ပိုမို ပြင်းထန်သော နာကျင်မှုကြောင့် ကျင်ထျန်းရွီ၏ ဝိညာဉ်မှာ လုံးဝ ကျုံ့ဝင်သွားသည်။ လက်ဖက်ရည်တစ်ခွက်သောက်စာ အချိန်ခန့်ကြာမှ နာကျင်မှု သက်သာသွားသည်။
ထိုအချိန်တွင် ကျင်ထျန်ရွီ၏ ဝိညာဉ်မှာ ပြိုကွဲလုနီးပါး ဖြစ်နေပြီး တိုးညှင်းသော ညည်းတွားသံကို ကြားနေရသည်။
"ငါ့ကို သတ်လိုက်ပါ... ကျေးဇူးပြုပြီး ငါ့ကို သတ်လိုက်ပါတော့"
ရွှယ်အန်းက ပြုံးရင်း တုံ့ပြန်လိုက်သည်။
"သတ်လိုက်ရမယ် ဟုတ်လား ငါ ပြောပြီးသားပဲလေ၊ သေတာက မင်းအတွက် အရမ်း သက်သာလွန်းသွားမယ်လို့... ဖြည်းဖြည်းချင်း ခံစားပါဦး၊ ဒီလို နာကျင်မှုမျိုးက ပြီးဖို့ လိုပါသေးတယ်"
စကားဆုံးသည်နှင့် ကျင်ထျန်းရွီ၏ ဝိညာဉ် ရုတ်တရက် ဖောင်းကားလာသည်။
"သတိထား... သူ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲတော့မယ်"
ကုန်းချန်ယွဲ့က ထိတ်လန့်တကြား အော်လိုက်သည်။ စိတ်ဝိညာဉ်ကျင့်ကြံသူတစ်ဦး၏ နောက်ဆုံးလက်နက်မှာ မိမိကိုယ်ကိုယ် ဖောက်ခွဲခြင်းဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် မိမိကိုယ်ကိုယ် သေကြောင်းကြံနိုင်ရုံသာမက ပြင်းထန်သော အင်အားဖြင့် ပြိုင်ဘက်ကိုပါ ထိခိုက်စေနိုင်သည်။ သို့သော် ရွှယ်အန်း၏ ရှေ့မှောက်တွင် ကျင်ထျန်းရွီ သေချင်လျှင်တောင် မဖြစ်နိုင်ပေ။ သူ ပေါ့ပေါ့ပါးပါး လက်ဆုပ်လိုက်ရုံဖြင့် ကျင်ထျန်းရွီ၏ ဖောက်ခွဲမှုက ရုတ်တရက် ရပ်တန့်သွားသည်။
"မလုပ်ပါနဲ့..."
ကျင်ထျန်းရွီသည် မျှော်လင့်ချက်မဲ့စွာ စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။ထိုအချိန်မှာပင် လေဟာနယ်ထဲမှ သက်ပြင်းချသံတစ်ခု အဝေးမှ ပဲ့တင်ထပ်ကာ ထွက်ပေါ်လာသည်။
"မိတ်ဆွေ... ခွင့်လွှတ်ခြင်းဆိုတာ မွန်မြတ်တဲ့အရာပဲ၊ ဘာလို့ ဒီလောက်တောင် ရက်စက်ရတာလဲ"
ထိုစကားကို ကြားသောအခါ ရွှယ်အန်း ရယ်မောလိုက်သည်။
"ခင်ဗျား ကြောက်လွန်းလို့ ထွက်မလာရဲတော့ဘူးလို့ ထင်နေတာ... ကြည့်ရတာ ဒီ ကျင်ထျန်းရွီက ခင်ဗျားအတွက် တော်တော် အရေးပါပုံရတယ်၊ သူ့ရဲ့ ကျင့်ကြံမှုအဆင့် တက်ဖို့အတွက် သူများရဲ့ အရည်အချင်းကို ခွဲထုတ်ယူပေးဖို့တောင် ဝန်မလေးခဲ့ဘူးဆိုတော့လေ၊ ကျွန်တော် ထင်တာ မမှားဘူးဆိုရင်... သူက ခင်ဗျားရဲ့ သွေးသားရင်း ဖြစ်ရမယ် ဟုတ်တယ်မလား စစ်တုရင်သူတော်စင် ထျန်းကျောက်"
စစ်တုရင်သူတော်စင် ထျန်းကျောက်...
စကားပြောနေသူက တကယ်ပဲ စစ်တုရင်သူတော်စင် ထျန်းကျောက်လား...
ကျူကောရွှမ်ချင်းရော ကုန်းချန်ယွဲ့ပါ အကြီးအကျယ် တုန်လှုပ်သွားကြသည်။ ထိုစကားကို ကြားသောအခါ လေဟာနယ်တစ်ခုလုံး တိတ်ဆိတ်သွားပြီးနောက် သက်ပြင်းချသံ ထွက်ပေါ်လာသည်။
"မင်းက တကယ် ဉာဏ်ကောင်းတယ်လို့ ပြောရမှာပဲ၊ ဟုတ်တယ်... ဒီ ကျင်ထျန်းရွီက ငါ့ရဲ့ တစ်ဦးတည်းသော သားအရင်းပဲ"
ထိုအချိန်တွင် ကျင်ထျန်းရွီ၏ ဝိညာဉ်မှာ အသိပြန်ဝင်လာပြီး အကူအညီ ရူးသွပ်စွာ တောင်းခံလေသည်။
"ကယ်ပါဦး... အဖေ... ကျွန်တော့်ကို ကယ်ပါဦး"
ထိုအော်သံကို ကြားသောအခါ လေဟာနယ်ထဲမှ အသံသည် ပို၍ စိုးရိမ်တကြီး ဖြစ်လာသည်။
"မိတ်ဆွေ... ငါတို့ လုပ်ခဲ့တာ မှားမှန်း ဝန်ခံပါတယ် ဒါပေမဲ့ မင်းရဲ့ ဒေါသတွေလည်း လုံလလောက်လောက် ထွက်ပြီးပါပြီ၊ သူ့ကို လွှတ်ပေးလိုက်ပါတော့"
"ပြီးတော့ ငါ ကတိပေးပါတယ်၊ မင်းသာ သူ့ကို လွှတ်ပေးမယ်ဆိုရင် ကျူကောပန်ဇန်ကို ငါ ပြန်လွှတ်ပေးပါ့မယ်... ပြီးတော့ ကျူကောမိသားစုဆီ ကိုယ်တိုင်သွားပြီး အပြစ်ဝန်ခံကာ အပြစ်ပေးတာကို ခံယူပါ့မယ်... ဘယ်လိုလဲ”