← Chapters

အခန်း (၁၉၃)

Vol. 20 Ch. 193

အခန်း (၁၉၃)

Vol. 20 Ch. 193

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၁၉၃

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

“ လီတောက်ကျိန်းက ဆရာသခင်ကြီး နင်ဇောင်ဝူ ဒဏ်ရာ ပြင်းထန်နေတဲ့အတွက် သူ နိုင်ရင်တောင် တရားမျှတမှု မရှိဘူးလို့ ပြောလိမ့်မယ်။ ဒါကြောင့် ဆရာသမားတွေ အစား တပည့်နှစ်ယောက်ကို တိုက်ခိုက်ခိုင်းမယ်။ တိုက်ပွဲကို သခင်လေး တုပိုင်နဲ့ လီချန်ချန်ကြား ပြောင်းလဲ ကျင်းပလိမ့်မယ်။ ”

သွေးကွမ်ရင်မယ်တော်က ပြောလိုက်သည်။ “ ဒါပေမဲ့ ဆရာနင်က သဘောတူမှာ မဟုတ်ဘူး။ တုပိုင်ကို စင်ပေါ်တက်ပြီး လီချန်ချန်နဲ့ တိုက်ခိုက်ခိုင်းမယ့်အစား လီတောက်ကျိန်းရဲ့ ဓားချက်အောက်မှာ အသေခံလိုက်မှာ။ ”

ကျုံးထိန်က ပြောလိုက်သည်။ “ ဆရာသခင်ကြီး နင်ဇောင်ဝူရဲ့ သဘောတူညီချက် မလိုပါဘူး။ လီချန်ချန်က သခင်လေး တုပိုင်ကို သတ်လိုက်ရုံပါပဲ။ ပြီးရင် ဒါက နင်ဇောင်ဝူနဲ့ လီတောက်ကျိန်းကြားက အစားထိုး တိုက်ပွဲပါလို့ ပြောလို့ ရတယ်။ ဒါက အကြောင်းပြချက် သက်သက်ပါပဲ။ ဘာပဲဖြစ်ဖြစ် သူက သခင်လေးကို သတ်မှာပဲ။ ”

သွေးကွမ်ရင်မယ်တော် ခေါင်းညိတ်ပြီး ပြောလိုက်သည်။ “ ဟုတ်တယ်။ လီမိသားစုမှာ လူသတ်ဖို့ အကြောင်းပြချက် ရှိသွားတာ မဆိုးပါဘူး။ ”

အခြေအနေ မည်သို့ပင် ရှိစေကာမူ လီချန်ချန်သည် တုပိုင်ကို သတ်ပေလိမ့်မည်။ သွေးကွမ်ရင်မယ်တော်က မေးလိုက်သည်။ “ ဒါဆို ငါတို့ တုပိုင်ကို ဘယ်လို ကယ်ရမလဲ။ ”

ကျုံးထိန်က ပြောလိုက်သည်။ “ ကွမ်ရှီးမှာ ရှိတဲ့ လီမိသားစုရဲ့ အမာခံစခန်း အားလုံးကို အမြစ်ပြတ် သုတ်သင်ရှင်းလင်းပြီး လီမိသားစုဝင် အားလုံးကို သတ်ပစ်ရမယ်။ သတ်ဖြတ်ခြင်းကို သတ်ဖြတ်ခြင်းနဲ့ပဲ တားဆီးရမယ်။ သွေးကိုသွေးနဲ့တားစီးရမယ် ”

သွေးကွမ်ရင်မယ်တော်က မေးလိုက်သည်။ “ လီမိသားစု အပန်းဖြေစံအိမ်နဲ့ အထဲမှာ ရှိနေတဲ့ လီချန်ချန်လည်း ပါလား။ ”

ကျုံးထိန်က ပြောလိုက်သည်။ “ ဟုတ်တယ်။ လီမိသားစု အပန်းဖြေစံအိမ်နဲ့ လီချန်ချန်လည်း ပါတယ်။ ”

ချက်ချင်းပင် သွေးကွမ်ရင်မယ်တော်သည် ကျောချမ်းသွားသလို ခံစားလိုက်ရပြီးနောက် ကြည်နူးမှုနှင့် အကန့်အသတ်မဲ့သော လေးစားမှုတို့ ဖြစ်ပေါ်လာသည်။

‘ဒါကမှ တကယ့် လီဝမ်ဟွေ့။ ဒါကမှ တကယ့် သူရဲကောင်း။’

“ ဒါက မွေးစားအဖေ။ အရှင်မင်းကြီး လီဝမ်ဟွေ့ရဲ့ ဆန္ဒလား။ ” သွေးကွမ်ရင်မယ်တော် ရုတ်တရက် မေးလိုက်သည်။

စကားဆုံးသည်နှင့် တပြိုင်နက် သူမ၏ မျက်နှာ ရဲခနဲ ဖြစ်သွားပြီး မြေကြီးအထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားချင်စိတ် ပေါက်သွားသည်။ လီဝမ်ဟွေ့သည် တုပိုင်၏ မွေးစားဖခင် ဖြစ်သည်။ သူမက အဘယ်ကြောင့် လိုက်ပြီး ခေါ်ရသနည်း။

ကျုံးထိန်သည် ဘာမှ နားမလည်သလို ဟန်ဆောင်ပြီး ပြောလိုက်သည်။ “ ဟုတ်ပါတယ်။ ဒါက အရှင်မင်းကြီး လီဝမ်ဟွေ့ရဲ့ ဆန္ဒပါ။ ”

သွေးကွမ်ရင်မယ်တော်သည် ချက်ချင်း စိတ်လှုပ်ရှားမှုများ ပြည့်နှက်သွားပြီး လီဝမ်ဟွေ့အပေါ် ကြီးမားသော လေးစားအားကျမှုကို ခံစားလိုက်ရသည်။ ယခင်က သူမသည် အရှေ့ဘက်ကွပ်ကဲရေးရုံးနှင့် ပဋိပက္ခ အများအပြား ရှိခဲ့ဖူးသော်လည်း စစ်မှန်သော အမျိုးသား တစ်ယောက်သည် ဤကဲ့သို့ ပြုမူသင့်သည်ဟု သူမ ခံစားမိသည်။

ချက်ချင်းပင် သူမ မတ်တတ်ရပ်လိုက်ပြီး ပြောလိုက်သည်။ “ ဒီတိုက်ပွဲမှာ ကျွန်မကူညီနိုင်တာ ဘာရှိလဲ။ ”

ကျုံးထိန်က ပြောလိုက်သည်။ “ ကျွန်တော်တို့ လီမိသားစု အပန်းဖြေစံအိမ်ကို ဝိုင်းရံပိတ်ဆို့ရမယ်။ တုပိုင်ကို မြားနဲ့ပစ်ပြီး ဒဏ်ရာရစေခဲ့တဲ့ ကန်ရှန်ကို ဖမ်းဆီးပြီး အရိုးတခြားအသားတခြားဖြစ်အောင် သတ်ဖြတ်ရမယ်။ လီချန်ချန်ကိုလည်း ဖမ်းဆီးရမယ်။ ဒါမှ သူ သခင်လေး တုပိုင်ကို သတ်ဖို့ အခွင့်အရေး မရမှာ။ ”

“ ကောင်းတယ်။ ” သွေးကွမ်ရင်မယ်တော် ဝမ်းသာအားရ ပြောလိုက်သည်။ လီချန်ချန်အပေါ် ထားရှိသော သူမ၏ မုန်းတီးမှုကို စကားလုံးဖြင့် ဖော်ပြ၍ မရနိုင်ပေ။

ကျုံးထိန်က ပြောလိုက်သည်။ “ ဒါပေမဲ့ ကျွန်တော်တို့ အရှေ့ဘက်ကွပ်ကဲရေးရုံးမှာ လျန်ကျိုးစီရင်စု အနီးတစ်ဝိုက်အတွက် လုံလောက်တဲ့ စစ်သည် အင်အား မရှိဘူး။ အနီးနားက စီရင်စု အများအပြားက စစ်သည်တွေကို စုစည်းရင်တောင် စစ်သည် ၈၀၀ လောက်ပဲ ရှိတယ်။ ဒါကြောင့် သွေးနဂါးဂိုဏ်းက ထိပ်တန်းစစ်သည်တွေကို ငှားရမ်းပြီး အရှေ့ဘက်ကွပ်ကဲရေးရုံးရဲ့ ဝတ်စုံတွေ ဝတ်ဆင်စေချင်ပါတယ်။ ”

“ ဟုတ်ပြီ။ ကျွန်မကိုစိတ်ချထားလို​​က်။ ” သွေးကွမ်ရင်မယ်တော်က ပြောလိုက်သည်။ “ သွေးနဂါးဂိုဏ်းက ထိပ်တန်းစစ်သည် အယောက် ၈၀၀ လောက်ကို ကျွန်မ ချက်ချင်း စုစည်းလိုက်မယ်။ ဒါပေမဲ့ အဲဒီလို လုပ်ရင်တောင် အရှေ့ဘက်ကွပ်ကဲရေးရုံး စစ်သည်တွေနဲ့ ပေါင်းလိုက်ရင် ၁၆၀၀ လောက်ပဲ ရှိဦးမှာ။ လီမိသားစု အပန်းဖြေစံအိမ်ကို သိမ်းပိုက်ဖို့ ဆိုတာ လွယ်ကူတဲ့ အလုပ် မဟုတ်ဘူး။ ”

အဘယ်ကြောင့်ဆိုသော် လီမိသားစု အပန်းဖြေစံအိမ်သည် အခြားသော အဓိက နေရာတစ်ခု ဖြစ်ပြီး တရားမဝင် ရောင်းဝယ်ထားသော ဆားနှင့် သံ ပစ္စည်းများစွာ သိုလှောင်ထားသဖြင့် စစ်သည် အများအပြား စောင့်ကြပ်ထားသောကြောင့် ဖြစ်သည်။

ထို့အပြင် လီမိသားစုသည် အချို့သော ဂိုဏ်းများကိုလည်း လျှို့ဝှက်စွာ ထိန်းချုပ်ထားပြီး လိုအပ်ပါက သူတို့၏ အင်အားစု အားလုံးကို စုစည်းလိုက်လျှင် လီမိသားစု အပန်းဖြေစံအိမ်တွင် စစ်သည် နှစ်ထောင်ကျော် ရှိနိုင်သည်။

အရှေ့ဘက်ကွပ်ကဲရေးရုံးနှင့် သွေးနဂါးဂိုဏ်းမှ လူ ၁၆၀၀ သာ ရှိသဖြင့် သူတို့အတွက် အနိုင်ရရန် မလွယ်ကူလှပေ။

ကျုံးထိန်က ပြောလိုက်သည်။ “ စိတ်မပူပါနဲ့။ လျန်ကျိုး အရှေ့ဘက်ကွပ်ကဲရေးရုံး ကွပ်ကဲရေးမှူး ဝူချန်ချိုက နောက်ထပ် စစ်တပ်တစ်ခုကို ငှားရမ်းဖို့ သွားနေပါပြီ။ ”

“ ဒါဆို ကောင်းပြီ။ ” သွေးကွမ်ရင်မယ်တော်က ပြောလိုက်သည်။ “ အချိန်မဖြုန်းသင့်တော့ဘူး။ စစ်သည်တွေကို ကျွန်မ အခုချက်ချင်း သွားစုစည်းလိုက်မယ်။ ”

ကျုံးထိန်က ပြောလိုက်သည်။ “ ဂိုဏ်းချုပ်သွေး။ ဒီကိစ္စကို ကျွန်တော်တို့ သခင်လေး တုပိုင် လုံးဝ မသိစေရဘူး။ ဒီကိစ္စက အရေးကြီးဆုံးပဲ။ ကောင်းကင်ကို ဆွဲဖြဲပစ်လိုက်သလိုမျိုး လီမိသားစု စော်ဘွားကို ပုန်ကန်အောင် ဖိအားပေးနိုင်တယ်။ ကျွန်တော်တို့ သခင်ကြီး လီဝမ်ဟွေ့ ပါဝင်ပတ်သက်နေပြီမို့ သခင်လေး တုပိုင် ထပ်ပြီး မပါဝင်စေသင့်တော့ဘူး။ ”

သွေးကွမ်ရင်မယ်တော် ခေါင်းညိတ်ပြီး ပြောလိုက်သည်။ “ ကျွန်မ နားလည်ပါတယ်။ ”

ကျုံးထိန်က ပြောလိုက်သည်။ “ ဒီတိုက်ပွဲမှာ အသေအပျောက် ရှိနိုင်တယ်။ ပြီးသွားလို့ စုံစမ်းစစ်ဆေးမှု လုပ်ရင် ခင်ဗျားနဲ့ ကျွန်တော် နှစ်ယောက်စလုံး သေနိုင်တယ်။ နန်းတွင်းက ကျွန်တော်တို့ကို အရိုးတခြားအသားတခြားလုပ်ပြစ်နိုင်တယ်။ သခင်ကြီးနဲ့ သခင်လေးအတွက် အသေခံရတာ မှန်ကန်ပေမဲ့ ဂိုဏ်းချုပ်သွေးကတော့...။ ”

သွေးကွမ်ရင်မယ်တော်၏ နူးညံ့သော ခန္ဓာကိုယ် အနည်းငယ် ပူနွေးသွားပြီး ပြောလိုက်သည်။ “ ကျွန်မ... ကျွန်မ သေရင်တောင် နောင်တမရပါဘူး။ ”

ကျုံးထိန်သည် သွေးကွမ်ရင်မယ်တော်ကို လေးလေးနက်နက် ဦးညွှတ်လိုက်သည်။ ထိုအချိန်တွင် သွေးကွမ်ရင်မယ်တော်သည် သွေးနဂါးဂိုဏ်းမှ ထိပ်တန်းစစ်သည်များကို စုစည်းရန် အိမ်တော်မှ ထွက်ခွာသွားလေသည်။

**--**--**--**--**--**--**--**

လျန်ကျိုးစီရင်စု မြို့ပြင်။

ခမ်းနားထည်ဝါသော်လည်း ဟောင်းနွမ်းနေသော ကျန်းနန်နယ်စားမင်း အိမ်တော်သို့ လျှို့ဝှက်ဧည့်သည်တစ်ဦး ရောက်ရှိလာသည်။ ထိုသူမှာ လျန်ကျိုးစီရင်စု အရှေ့ဘက်ကွပ်ကဲရေးရုံး၏ ကွပ်ကဲရေးမှူး ဝူချန်ချို ဖြစ်သည်။

သခင်လေး ဆုန်ယွီကျန့်က သူ့ကို လက်ခံတွေ့ဆုံခဲ့ပြီး သူသောက်သော လက်ဖက်ရည်မှာ တစ်ထုပ်လျှင် ငွေတုံး တစ်တုံးတန် လက်ဖက်ရည် ဖြစ်သည်။ ဝူချန်ချိုကို အထင်သေး၍ မဟုတ်ဘဲ ကျန်းနန်နယ်စားမင်း ကိုယ်တိုင် ဤလက်ဖက်ရည်မျိုးကို သောက်လေ့ ရှိသည်။ အိမ်တော်မှာ ခမ်းနားထည်ဝါသော်လည်း ဘိုးဘေးများ လက်ထက်ကတည်းက လက်ဆင့်ကမ်းလာခဲ့ခြင်း ဖြစ်သည်။

ယခုအချိန်တွင် နယ်စားမင်းအိမ်တော်သည် ငွေကြေး အခက်အခဲ ရှိနေပြီး စစ်တပ်အတွက် ပေးချေရန် ငွေတုံးတိုင်းကို ချစ်ခြစ်ကုတ်ကုတ် သုံးစွဲနေရသည်။ အရှေ့ဘက်ကွပ်ကဲရေးရုံး ကွပ်ကဲရေးမှူး ဝူချန်ချိုသည် ပြေစာတစ်စောင်ကို လက်နှစ်ဖက်ဖြင့် ပေးအပ်လိုက်သည်။

သခင်လေး ဆုန်ယွီကျန့် ယူကြည့်လိုက်ရာ လီဝမ်ဟွေ့ ကိုယ်တိုင် ရေးသားထားပြီး ငွေတုံး ၅ သိန်း တန်ဖိုးရှိကြောင်း ဖော်ပြထားကာ တံဆိပ်တုံးအကြီး တစ်ဝက် ခတ်နှိပ်ထားသည်ကို တွေ့လိုက်ရသည်။

“ ဒါက ဘာအဓိပ္ပာယ်လဲ။ ” သခင်လေး ဆုန်ယွီကျန့် မေးလိုက်သည်။

အရှေ့ဘက်ကွပ်ကဲရေးရုံး ကွပ်ကဲရေးမှူး ဝူချန်ချိုက ပြောလိုက်သည်။ “ ဒါက ကျွန်တော့်သခင် လီဝမ်ဟွေ့က ကျန်းနန်နယ်စားမင်းဆီ လှူဒါန်းတဲ့ စစ်ဘက် ရန်ပုံငွေပါ။ ဒီည ကိစ္စ ပြီးသည်ဖြစ်စေ မပြီးသည်ဖြစ်စေ ဒီငွေတုံး ၅ သိန်းကို တောင်ပိုင်း စစ်ဆင်ရေးတပ်ဖွဲ့ရဲ့ စစ်စရိတ်အတွက် လှူဒါန်းတယ်လို့ သူ ပြောပါတယ်။ ”

သခင်လေး ဆုန်ယွီကျန့်က ပြောလိုက်သည်။ “ အရှင်မင်းကြီး လီဝမ်ဟွေ့ကို ကျေးဇူးတင်ပါတယ်။ ဒီငွေတုံး ၅ သိန်းက ဘယ်က ရတာလဲ ဆိုတာ မေးလို့ ရမလား။ အရှင်လီက ဆင်းရဲပြီး ငွေအများကြီး မထုတ်ပေးနိုင်ဘူးလေ။ ”

ဝူချန်ချိုက ပြောလိုက်သည်။ “ အရှင်မင်းကြီး လီဝမ်ဟွေ့က သူ့တပ်ဖွဲ့ကို ဦးဆောင်ပြီး ကွမ်ရှီးမှာ ရှိတဲ့ လီမိသားစု အမာခံစခန်း အားလုံးကို အမြစ်ပြတ် သုတ်သင်ရှင်းလင်းခဲ့သလို ကွမ်ရှီးက လီမိသားစုဝင် အားလုံးကိုလည်း သတ်ပစ်ခဲ့ပါတယ်။ သူက ဝမ်ရှန်းမျှော်စင်ကို သိမ်းပိုက်ပြီး သူတို့ရဲ့ ဘဏ္ဍာတိုက်ကိုပါ သိမ်းယူခဲ့ပါပြီ။ အဲဒီငွေတုံး ၅ သိန်းက အဲဒီက ရတာပါ။ ”

ထိုစကားကို ကြားသောအခါ ဆုန်ယွီကျန့်သည် သူ့နားသူ မယုံနိုင်သလို ဖြစ်သွားသည်။ လောကကြီးမည်သည်တို့ဖြစ်နေသနည်း။ နေမင်းကြီးအနောက်ဘက်မှ ထွက်လာပြီလော။ သောက်ကျိုးနည်းလှ၏။

ဝူချန်ချိုက ပြောလိုက်သည်။ “ သခင်လေး။ ကျေးဇူးပြုပြီး စိတ်ချပါ။ အရှင်မင်းကြီး လီဝမ်ဟွေ့က သူသေရင်တောင် ငွေတုံး ၅ သိန်းကို ပေးမယ်လို့ ပြောထားပါတယ်။ ဒီပြေစာကို ပြလိုက်တာနဲ့ ငွေကို ချက်ချင်း လွှဲပေးပါလိမ့်မယ်။ ဒါပေမဲ့ ဒါက လီမိသားစုရဲ့ မသမာတဲ့ ငွေတွေပါ။ သခင်လေး လက်ခံချင်ပါ့မလား။ ”

“ လက်ခံမှာပေါ့။ ” သခင်လေး ဆုန်ယွီကျန့်က ပြောလိုက်သည်။ “ အရှင်မင်းကြီး လီဝမ်ဟွေ့က သစ္စာဖောက်ကို ရှင်းပစ်ဖို့ အသက်စွန့်ရဲသေးတာ ကျွန်တော်တို့က ငွေသုံးဖို့တောင် မရဲဘဲ နေမလား။ ”

ထို့နောက် သခင်လေး ဆုန်ယွီကျန့်က ပြောလိုက်သည်။ “ ဘာကိစ္စ ရှိလို့လဲ။ ပြောပါ။ ကျန်းနန်နယ်စားမင်း အိမ်တော်က ဘာကူညီပေးဖို့ လိုသလဲ။ ”

ဝူချန်ချိုက ပြောလိုက်သည်။ “ လီမိသားစု အပန်းဖြေစံအိမ်ကို တိုက်ခိုက်ဖို့ စစ်သည် ငှားချင်ပါတယ်။ အနီးနားက စီရင်စုတွေမှာ ရှိတဲ့ အရှေ့ဘက်ကွပ်ကဲရေးရုံး စစ်သည် အားလုံး စုစည်းရင်တောင် ၈၀၀ ပဲ ရှိတယ်။ ကွေ့လင်က အရှေ့ဘက်ကွပ်ကဲရေးရုံး စစ်သည်တွေ လာဖို့က အရမ်း နောက်ကျနေပြီ။ အချိန်က အရေးကြီးတယ်။ ”

သခင်လေး ဆုန်ယွီကျန့်က မေးလိုက်သည်။ “ ဘာလို့ လီမိသားစု အပန်းဖြေစံအိမ်ကို တိုက်ခိုက်မှာလဲ။ ”

ဝူချန်ချိုက ပြောလိုက်သည်။

“ ပထမအချက်က လက်စားချေဖို့။ ဒုတိယအချက်က ကျွန်တော်တို့ သခင်လေး တုပိုင်ကို ကယ်တင်ဖို့ပါ။ တစ်စုံတစ်ယောက်က လီချန်ချန်ကို အသုံးပြုပြီး သခင်လေးကို သတ်ချင်နေတယ်။ သူတို့ဘက်​က မနက်မိုးလင်းတာနဲ့ လှုပ်ရှားတော့မယ်။ ဒါကြောင့် မိုးမလင်းခင် ကျွန်တော်တို့က လက်ဦးမှု ရယူပြီး လီမိသားစု အပန်းဖြေစံအိမ်ကို သိမ်းပိုက်ရမယ်။ လီချန်ချန်ကို ဖမ်းဆီးရမယ်။ လိုအပ်ရင် သူ့ကို သတ်ပစ်ရမယ်။ ကျွန်တော်တို့ သေမင်းနဲ့ ပြိုင်ရသလို အချိန်နဲ့လည်း ပြိုင်နေရတယ်။ ကျန်းနန်နယ်စားမင်း အိမ်တော်ရဲ့ လုံခြုံရေးကို စောင့်ရှောက်ပေးနေတဲ့ ထိပ်တန်းစစ်သည် တစ်ထောင် ရှိတယ် ဆိုတာ ကျွန်တော် သိပါတယ်။ အဲဒီစစ်သည် တစ်ထောင်ကို အရှေ့ဘက်ကွပ်ကဲရေးရုံး စစ်သည်တွေအဖြစ် ရုပ်ဖျက်ပြီး အသုံးပြုချင်ပါတယ်။ ”

ထိုစကားကို ကြားသောအခါ သခင်လေး ဆုန်ယွီကျန့်၏ မျက်နှာထား ချက်ချင်း လေးနက်သွားပြီး စိတ်ထဲတွင် ဗျာများသွားသည်။ လီမိသားစု၏ မောက်မာမှုကို ကျန်းနန်နယ်စားမင်း အိမ်တော်က အသိဆုံး ဖြစ်သည်။ လွန်ခဲ့သော ရက်အနည်းငယ်ကပင် သူနှင့် သူ့မယ်တော်သည် တုပိုင်၏ အသက်ကို ချမ်းသာပေးရန် လီမိသားစု အပန်းဖြေစံအိမ်သို့ သွားရောက် တောင်းပန်ခဲ့ကြသည်။ ထိုအခါက လီချန်ချန်၏ မောက်မာမှုကို အခုထိ မမေ့နိုင်သေးဘဲ အရှက်ကွဲမှုကို ခံစားခဲ့ရသည်။

သို့သော် ဤကိစ္စသည် အလွန် အရေးကြီးသည်။ လီမိသားစု စော်ဘွား ပုန်ကန်မှုကို ဖြစ်ပေါ်စေနိုင်ပြီး အနောက်တောင်ပိုင်းတွင် စစ်ပုန်ကန်မှု ဖြစ်ပွားစေနိုင်သည်။ ထိုအချိန်တွင် ကျန်းနန်နယ်စားမင်း အိမ်တော်ပင်လျှင် ဤကြီးလေးသော ပြစ်မှုကို ခံနိုင်ရည် ရှိမည် မဟုတ်ပေ။ ကျန်းနန်နယ်စားမင်း အိမ်တော်၏ သခင်လေး အနေဖြင့် ဆုန်ယွီကျန့်သည် တာဝန်မဲ့သူ တစ်ဦး မဟုတ်သော်လည်း ဤဆုံးဖြတ်ချက်ကို ချရန် အလွန် ခက်ခဲနေသည်။

ဝူချန်ချိုက ပြောလိုက်သည်။ “ စိတ်မပူပါနဲ့။ နောက်ပိုင်း ကျွန်တော်တို့ အားလုံး ခေါင်းဖြတ်ခံရရင်တောင် ဒီကိစ္စက ကျန်းနန်နယ်စားမင်း အိမ်တော်နဲ့ ဘာမှ မသက်ဆိုင်ပါဘူး။ ကျန်းနန်နယ်စားမင်း အိမ်တော်ကို ပါဝင်ပတ်သက်အောင် လုပ်ရဲတဲ့သူ ရှိရင် ကျွန်တော်တို့ ညီအစ်ကိုတွေ ကိုယ့်ခေါင်း ကိုယ်ဖြတ်ပြမယ်။ ”

သို့သော်လည်း ယင်းသည် အရေးကြီးဆုံး ကိစ္စရပ် တစ်ခု ဖြစ်နေဆဲ ဖြစ်ပြီး သခင်လေးသည် ဆုံးဖြတ်ချက် မချနိုင်ဘဲ ဖြစ်နေသည်။ ထိုအချိန်တွင် ကျက်သရေရှိပြီး လှပသော အမျိုးသမီး တစ်ဦး ရှေ့ထွက်လာပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။

“ ငါတို့ သဘောတူတယ်။ နယ်စားမင်းအိမ်တော်ကို စောင့်ကြပ်နေတဲ့ ထိပ်တန်းစစ်သည် ၁၅၀၀ လုံးကို ငှားမယ်။ ”

သူမသည် ကျန်းနန်နယ်စားကတော် ဖြစ်ပြီး မင်းသမီးယွီကျိန်း၏ မွေးမိခင် ဖြစ်သည်။ ဝူချန်ချို ချက်ချင်း ဒူးထောက်လိုက်ပြီး ပြောလိုက်သည်။ “ ကျေးဇူးတင်ပါတယ် နယ်စားကတော်။ ”

နယ်စားကတော်က မေးလိုက်သည်။ “ အရှေ့ဘက်ကွပ်ကဲရေးရုံး စစ်သည်တွေရဲ့ သံချပ်ကာဝတ်စုံတွေ အဆင်သင့် ဖြစ်ပြီလား။ ”

ဝူချန်ချိုက ပြောလိုက်သည်။ “ အားလုံး အဆင်သင့် ဖြစ်ပါပြီ။ ”

နယ်စားကတော်က ပြောလိုက်သည်။ “ စလုပ်မှတော့ အဆုံးထိ လုပ်ကြတာပေါ့။ ”

ဝူချန်ချိုက ပြောလိုက်သည်။ “ အရှင်မင်းကြီး လီဝမ်ဟွေ့လည်း အဲဒီလိုပဲ ပြောပါတယ်။ ကျွန်တော်တို့ဘက်က အသေအပျောက် နည်းနိုင်သမျှ နည်းအောင်နဲ့ ရန်သူကို အကြီးမားဆုံး အတိုင်းအတာအထိ သုတ်သင်နိုင်အောင် ကျောက်ခဲပစ်စက်တွေနဲ့ အဆိပ်ဆီဗုံးတွေကို အသုံးပြုဖို့ ညွှန်ကြားထားပါတယ်။ ”

အပိုင်း ၁၉၃ ပြီး။

All Chapters