အခန်း (၁၉၄)
Vol. 20 Ch. 194
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၁၉၄
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
ပြီးခဲ့သော အကြိမ်က လီကျင်းဌာနသည် အရှေ့ဘက်ကွပ်ကဲရေးရုံးကို တိုက်ခိုက်ရာတွင် ကျောက်ခဲပစ်စက်များနှင့် အဆိပ်ဆီဗုံးများကို အသုံးပြုခဲ့သဖြင့် ကြောက်မက်ဖွယ်ရာ အကျိုးဆက်များ ဖြစ်ပေါ်ခဲ့ပြီး လူတိုင်း၏ စိတ်ထဲတွင် ထိုမှတ်ဉာဏ်မှက လတ်ဆတ်နေဆဲ ဖြစ်သည်။ လီကျင်းဌာန ကွပ်ကဲရေးမှူး တစ်ဦး ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့ပြီး တပ်စောင့်ကွပ်ကဲရေးမှူးသည် သူ့ကိုယ်သူ ကြိုးတုပ်ကာ အပြစ်ဝန်ခံရန် မြို့တော်သို့ သွားရောက်ခဲ့ရသည်။
ယခု အရှေ့ဘက်ကွပ်ကဲရေးရုံးသည်လည်း လီမိသားစု အပန်းဖြေစံအိမ်ကို တိုက်ခိုက်ရန် ဤပြင်းထန်သော လက်နက်များကို အသုံးပြုတော့မည် ဖြစ်သည်။
“ ကောင်းပြီ။ ” ကျန်းနန်နယ်စားကတော်က ပြောလိုက်သည်။ “ ၁၅ မိနစ် အတွင်း ကျန်းနန်နယ်စားမင်း အိမ်တော်က ထိပ်တန်းစစ်သည် ၁၅၀၀ လုံး သံချပ်ကာ မဝတ်ဘဲ။ ဓားမပါဘဲ ခင်ဗျားကို လာတွေ့လိမ့်မယ်။ ”
“ ဟုတ်ကဲ့။ ” ဝူချန်ချိုက ပြောလိုက်သည်။ “ ကျွန်တော် ပြန်ခွင့်ပြုပါဦး။ ” ထို့နောက် လျန်ကျိုး အရှေ့ဘက်ကွပ်ကဲရေးရုံး ကွပ်ကဲရေးမှူး ပြန်လည် ထွက်ခွာသွားလေသည်။
ဝူချန်ချို ထွက်ခွာသွားပြီးနောက် နယ်စားကတော်က ပြောလိုက်သည်။ “ ယွီကျန့်။ ခုနက သား မတုံ့ဆိုင်းခဲ့သင့်ဘူး။ အဲဒါက မိန်းမစိုး လီဝမ်ဟွေ့နဲ့ တခြားသူတွေကို စိတ်ပျက်စေပြီး သားကို သန်မာပြတ်သားတဲ့ မဟာမိတ် မဟုတ်ဘူးလို့ ထင်သွားစေနိုင်တယ်။ ”
“ ဟုတ်ကဲ့။ ” ဆုန်ယွီကျန့် ဦးညွှတ်ပြီး ပြောလိုက်သည်။ “ သားက ဒီကိစ္စက အရမ်း ကြီးလေးပြီး ကျွန်တော်တို့ မိသားစု တစ်ခုလုံးကို မျိုးဖြုတ်သတ်ဖြတ်ခံရနိုင်တယ်လို့ ခံစားမိလို့ပါ။ ပြီးတော့ တုပိုင် တစ်ယောက်တည်းအတွက်နဲ့ ဒီလိုလုပ်တာ တကယ်ပဲ များလွန်းနေမလားလို့...။ ”
“ တုပိုင် တစ်ယောက်တည်း မဟုတ်ဘူး။ လီဝမ်ဟွေ့နဲ့ အရှေ့ဘက်ကွပ်ကဲရေးရုံး တစ်ခုလုံးအတွက်ပါ။ ” နယ်စားကတော်က ပြောလိုက်သည်။ “ ဒါက ကြီးမားတဲ့ ထောင်ချောက်တစ်ခုပဲ။ မကြာခင် တစ်ကမ္ဘာလုံးက လီဝမ်ဟွေ့နဲ့ အရှေ့ဘက်ကွပ်ကဲရေးရုံးကို ဝိုင်းရံပိတ်ဆို့ကြတော့မယ်။ လီဝမ်ဟွေ့က ဓားတောင်ကိုတတ် မီးပင်လယ်ကူးခတ်ပြီး အရာအားလုံးကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ပြီး အရိုးတခြားအသားတခြားဖြစ်တဲ့အထိ အသေအကြေတိုက်ခိုက်ဖို့ ဆန္ဒရှိနေတာ။ အမေတို့က ကူညီဖို့ လက်ကမ်းပေးဖို့တောင် သတ္တိ မရှိဘူးလား။ အမေတို့မှာ ဒီလောက် တာဝန်ယူစိတ် မရှိရင် နောင်ကျရင် ဘယ်သူက သားရဲ့ ဘေးနားမှာ ရပ်တည်ပြီး ကူညီပေးရဲတော့မှာလဲ။ ဘယ်သူက သားနဲ့အတူ ယှဉ်တွဲ တိုက်ခိုက်ရဲတော့မှာလဲ။ ”
ဆုန်ယွီကျန့် ဦးညွှတ်ပြီး ပြောလိုက်သည်။ “ ဟုတ်ကဲ့ပါ အမေ။ သား မှားသွားပါတယ်ဗျ။ ”
**--**--**--**--**--**--**--**
တစ်နာရီခွဲ ကြာပြီးနောက် အရှေ့ဘက်ကွပ်ကဲရေးရုံး စစ်သည်များအဖြစ် ဝတ်ဆင်ထားသော ထိပ်တန်းစစ်သည် သုံးထောင်ကျော်သည် လျန်ကျိုးစီရင်စု မြောက်ဘက်ဂိတ်ပေါက်တွင် စုဝေးပြီး သပ်ရပ်စွာ တန်းစီနေကြသည်။
ဤနေရာတွင် ဧရာမ ဒူးလေး ရာပေါင်းများစွာ၊ ကျောက်ခဲပစ်စက် ဒါဇင်ပေါင်းများစွာနှင့် မရေမတွက်နိုင်သော ငါးကြီးဆီဗုံးများနှင့် အဆိပ်ဆီဗုံးများ ရှိနေသည်။
ဤစစ်တပ်တွင် ခေါင်းဆောင် သုံးဦး ရှိသည်။ ဝူချန်ချို၊ ကျုံးထိန်နှင့် သွေးကွမ်ရင်မယ်တော် တို့ ဖြစ်ကြသည်။
“ ချီတက်။ လီမိသားစု အပန်းဖြေစံအိမ်ကို ပျက်စီး။ လီချန်ချန်ကို ဖမ်းဆီးကြ။ ” အမိန့်ပေးလိုက်သည်နှင့် တပြိုင်နက် ထိပ်တန်းစစ်သည် သုံးထောင်သည် မြောက်ဘက်ဂိတ်ပေါက်မှတစ်ဆင့် မြို့ထဲသို့ ဝင်ရောက်လာပြီး လီမိသားစု အပန်းဖြေစံအိမ်ဆီသို့ အားကောင်းမောင်းသန် ချီတက်သွားကြလေသည်။
ည ၉ နာရီခန့်တွင် လီဝမ်ဟွေ့သည် ကွေ့လင်စီရင်စုရှိ ကိစ္စအဝဝကို ဖြေရှင်းပြီးသွားခဲ့ပြီ ဖြစ်သည်။ အချိန်တစ်ခဏမျှ မဖြုန်းတီးဘဲ သူသည် လီမိသားစု အပန်းဖြေစံအိမ်ကို ဝိုင်းရံပိတ်ဆို့ရန်အတွက် လူယုံအချို့ကို ဦးဆောင်ကာ လျန်ကျိုးစီရင်စုဆီသို့ တောင်ဘက်သို့ ဦးတည်၍ အမြန်ဆုံး ထွက်ခွာသွားလေသည်။
အရှေ့ဘက်ကွပ်ကဲရေးရုံး၏ စခန်းအားလုံးတွင် ခြောက်သွေ့သော ရိက္ခာများ၊ မြင်းများနှင့် ရေများကို အသင့် ပြင်ဆင်ထားကြသည်။ သူတို့သည် လီသုံးဆယ်ခရီး ရောက်တိုင်း မြင်းလဲလှယ်ကြသည်။ သူတို့သည် အိပ်စက်ခြင်း၊ အနားယူခြင်း မရှိဘဲ လီထောင်ပေါင်းများစွာ ဝေးကွာသော ခရီးကို အသည်းအသန် နှင်ခဲ့ကြသည်။
**--**--**--**--**--**--**--**
လျန်ကျိုးစီရင်စု၊ လီမိသားစု အပန်းဖြေစံအိမ်။
လီချန်ချန်သည် အလွန် လှပပြီး သူမ၏ ချောမွတ်ဖြူဝင်းသော အသားအရေကို မြတ်နိုးသောကြောင့် အိပ်စက်ရသည်ကို နှစ်သက်သည်။
အိပ်ရာမှ နှိုးခြင်းခံရသောအခါ သူမ၏ ပထမဆုံး အလိုအလျောက် တုံ့ပြန်မှုမှာ ဘေးရှိ ဓားကို ဆွဲယူကာ သူမကို နှိုးသူအား ထိုးစိုက်ရန် ဖြစ်သည်။
ကံကောင်းထောက်မစွာ သူမသည် အိပ်ချင်မူးတူး ဖြစ်နေပြီး သူမ၏ လူယုံဓားသမားသည် ဓားကို လျင်မြန်စွာ ရှောင်တိမ်းနိုင်လောက်အောင် ကျွမ်းကျင်သောကြောင့် ဖြစ်သည်။ သို့မဟုတ်ပါက သူမ၏ သေဆုံးမှုသည် အလကား ဖြစ်သွားပေလိမ့်မည်။
“ သခင်မလေး။ ကွေ့လင်ကနေ လျှို့ဝှက်စာတစ်စောင် ခုလေးတင် ရောက်လာပါတယ်။ လီဝမ်ဟွေ့က အရှေ့ဘက်ကွပ်ကဲရေးရုံး စစ်သည်တွေကို ဦးဆောင်ပြီး ဝမ်ရှန်းမျှော်စင်ကို တိုက်ခိုက်ကာ ဖျက်ဆီးပစ်လိုက်ပါပြီ။ ”
“ ကွေ့လင်စီရင်စုမှာ ရှိတဲ့ ကျွန်မတို့ လီမိသားစုရဲ့ လျှို့ဝှက် အမာခံစခန်း အားလုံး သုတ်သင်ရှင်းလင်းခံရပြီး အဖွဲ့ဝင် အားလုံး အသတ်ခံလိုက်ရပါတယ်။ ”
“ သေဆုံးသူ အရေအတွက်က နှစ်ထောင်အထိ ရှိလာပြီး ဆက်တိုက် တိုးလာနေပါတယ်။ ”
ထိုစကားကို ကြားသောအခါ လီချန်ချန်သည် ချက်ချင်း လန့်နိုးသွားပြီး ရုတ်တရက် ထထိုင်ကာ သူမ၏ နားကို သူမ မယုံနိုင်လောက်အောင် ဖြစ်သွားသည်။
“ နင် သေချာလို့လား။ မဖြစ်နိုင်ဘူး။ ” လီချန်ချန်က ပြောလိုက်သည်။ “ ဝမ်ရှန်းမျှော်စင်က ကွမ်ရှီးမှာ ရှိတဲ့ လီမိသားစု စော်ဘွားရဲ့ အရေးအကြီးဆုံး အမာခံစခန်းတွေထဲက တစ်ခုလေ။ ဝမ်ရှန်းမျှော်စင်ကို တိုက်ခိုက်တာက လီမိသားစု စော်ဘွားကို တိုက်ခိုက်တာနဲ့ အတူတူပဲ။ ဒီအချိန်မှာ ဘယ်သူမှ အဲဒီလို လုပ်ရဲမှာ မဟုတ်ဘူး။ ”
လူယုံက ပြောလိုက်သည်။
“ အကုန်လုံးက မှန်တာ သေချာပါတယ်။ ကွေ့လင်ကနေ ခိုစာ တစ်ဒါဇင်ကျော် ရောက်လာပါတယ်။ အားလုံးက သတင်းတစ်ခုတည်း ပါဝင်ပြီး ကျွန်မတို့ လီမိသားစုရဲ့ လျှို့ဝှက်ကုဒ်ကို အသုံးပြုထားပါတယ်။ ”
လီချန်ချန်၏ လှပသော မျက်နှာသည် သွေးဆုတ်ဖြူရော်သွားပြီး ပြောလိုက်သည်။
“ လီဝမ်ဟွေ့ ရူးသွားပြီလား။ သူ ရူးသွားပြီလား။ ဘာလို့ ဒီလို လုပ်ရတာလဲ။ ”
“ လက်စားချေတာ။ သူက လက်စားချေနေတာ။ ” ဓားမိစ္ဆာ လီတောက်ကျိန်း၏ အသံသည် အပြင်ဘက်မှ ထွက်ပေါ်လာသည်။
သူမသည် ခုလေးတင်မှ လန့်နိုးလာခြင်း ဖြစ်ပြီး သူမ၏ စိတ်အာရုံများသည် တုန်လှုပ်ဖွယ်ရာ သတင်းကြောင့် လုံးဝ ရှုပ်ထွေးနေသည်။
လူယုံ အစေခံမလေးသည် လီချန်ချန်၏ ပခုံးပေါ်သို့ ဝတ်ရုံတစ်ထည် လျင်မြန်စွာ လွှမ်းခြုံပေးပြီးနောက် တိုးတိုးလေး ချောင်းဟန့်လိုက်သည်။ ထို့နောက် လီတောက်ကျိန်းနှင့် ကန်ရှန်တို့ ဝင်ရောက်လာကြသည်။
“ လီဝမ်ဟွေ့က တကယ်ကိုရူးနေပြီ။ ” လီတောက်ကျိန်းက ပြောလိုက်သည်။ “ တုပိုင် မသေသေးဘူး။ အဆိပ်မိရုံပဲ ရှိသေးတာ။ ဒါပေမဲ့ သူက ဒီလောက် ရူးသွပ်တဲ့ကိစ္စတွေကို လုပ်ရဲတယ်။ ကွေ့လင်က လီမိသားစု အမာခံစခန်းကို သုတ်သင်ရှင်းလင်းရဲပြီး သတ်ဖြတ်ပွဲ ဆင်နွှဲရဲတယ်။ ”
ထိုအချိန်တွင် ကန်ရှန်သည် မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်နေပြီး ရှူးရှူးရှားရှား ပြောလိုက်သည်။
“ ဝမ်ရှန်းမျှော်စင်ကို ကယ်တင်ဖို့နဲ့ အရှေ့ဘက်ကွပ်ကဲရေးရုံးကို အသေခံ တိုက်ခိုက်ဖို့ ကျွန်တော် အခုချက်ချင်း စစ်သည်တွေကို ဦးဆောင်ပြီး ကွေ့လင်ကို သွားမယ်။ ”
“ နောက်ကျသွားပြီ...။ ” လီချန်ချန် ခေါင်းခါလိုက်သည်။
ထို့နောက် လီချန်ချန်၏ လှပသော မျက်လုံးများတွင် ထိတ်လန့်မှုနှင့် ဒေါသများ ပြည့်နှက်သွားသည်။
“ ဘာလို့လဲ။ ဘာလို့လဲ။ ”
“ လောကကြီးမှာ ဘယ်သူမှ လီမိသားစုကို မပြစ်မှားရဲကြဘူး။ ကျန်းနန်နယ်စားမင်းတောင် လီမိသားစုရဲ့ ပိုင်ဆိုင်မှုကို မထိရဲဘူး။ ဘာလို့ လီဝမ်ဟွေ့က လုပ်ရဲတာလဲ။ ” လီချန်ချန်သည် တုန်ရီသော အသံဖြင့် ပြောလိုက်သည်။
သူမ ပြင်းထန်စွာ စော်ကားခံရသလို ခံစားလိုက်ရသည်။
သူမသည် မောက်မာပြီး လူများကို တွေ့ကရာ သတ်ဖြတ်ခြင်းသည် သူမအတွက် တရားမျှတသည်။ အသတ်ခံရသူများနှင့် တုပိုင်ပင်လျှင် နှိမ့်ချစွာဖြင့် သူတို့၏ ဒေါသကို မြိုသိပ်ထားသင့်သည်။
လီဝမ်ဟွေ့က အဘယ်ကြောင့် ကွမ်ရှီးရှိ လီမိသားစုကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ပြီး ဝမ်ရှန်းမျှော်စင်ကိုပါ တိုက်ခိုက်ခဲ့သနည်း။ သူက အဘယ်ကြောင့် လီမိသားစုကို မကြောက်ရသည်နည်း။
“ တုပိုင်က သူ့ရဲ့ အားနည်းချက် ဖြစ်ပြီး သူ့ကို ထိတဲ့ ဘယ်သူမဆို သေရမယ် ဆိုတာကို ကမ္ဘာလောကကြီးကို သူ ပြောပြချင်နေတာ။ ” လီတောက်ကျိန်းသည် တုန်ရီသော အသံဖြင့် ပြောလိုက်သည်။
ရိုးရိုးသားသား ပြောရလျှင် သူမသည် ကျော်ကြားသော ဓားသိုင်းပညာရှင် တစ်ဦး ဖြစ်သော်လည်း လီဝမ်ဟွေ့ကြောင့် လုံးဝ တုန်လှုပ်သွားခဲ့သည်။ လောကကြီးတွင် ဤကဲ့သို့ ရူးသွပ်နေသော ဝံပုလွေများရှိကြောင်း သူမသိလိုက်ရသည်။
လီချန်ချန်က ပြောလိုက်သည်။ “ သူ သေမှာ မကြောက်ဘူးလား။ ငါတို့ လီမိသားစု စော်ဘွားအိမ်တော်ရဲ့ လက်တုံ့ပြန်မှုကို မကြောက်ဘူးလား။ ငါတို့ အရှေ့ဘက်ကွပ်ကဲရေးရုံးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ပြီး လီဝမ်ဟွေ့ကို အမှုန့်ကြိတ်ပစ်မှာ မကြောက်ဘူးလား။ ”
လီတောက်ကျိန်းက ပြောလိုက်သည်။ “ မင်းတို့ လီမိသားစုက လှုပ်ရှားစရာ မလိုပါဘူး။ နောက်တစ်ဆင့် အနေနဲ့ အရပ်ဘက် အရာရှိတွေ၊ စစ်ဘက် ဗိုလ်ချုပ်တွေနဲ့ မိန်းမစိုးဂိုဏ်းတွေက သူတို့အပေါ် အပြင်းအထန် တိုက်ခိုက်ကြလိမ့်မယ်။ အရှေ့ဘက်ကွပ်ကဲရေးရုံးက လီဝမ်ဟွေ့နဲ့ လီလျန်တင်းကို စွပ်စွဲပြစ်တင်တဲ့ အသနားခံစာတွေက နှင်းပွင့်တွေလို နန်းတော်ကို လွှမ်းမိုးသွားလိမ့်မယ်။ တိုင်းပြည်ရဲ့ အင်အားအကြီးဆုံး အဖွဲ့အစည်းတွေက လီဝမ်ဟွေ့ကို အမှုန့်ကြိတ်ပစ်လိုက်မှာ ဖြစ်ပြီး အရှေ့ဘက်ကွပ်ကဲရေးရုံး အကြီးအကဲ လီလျန်တင်းတောင် အရှင်လတ်လတ် အရေခွံခွာခံရလိမ့်မယ်။ မကြာခင် တစ်နိုင်ငံလုံးက အရှေ့ဘက်ကွပ်ကဲရေးရုံးကို ဝိုင်းရံပိတ်ဆို့ကြတော့မယ်။ ”
လီချန်ချန်က ပြောလိုက်သည်။ “ ဒါဆို လီဝမ်ဟွေ့က သေလမ်းရောက်ပြီပေါ့။ ”
“ သူ သေလမ်းရောက်ပြီ။ ” လီတောက်ကျိန်းက ပြောလိုက်သည်။ “ ဘုရားသခင်တောင် သူ့ကို မကယ်နိုင်ဘူး။ ဧကရာဇ်မင်းမြတ်က သူ့ကို မသတ်ချင်ပေမဲ့ တစ်နိုင်ငံလုံးက သူ့ကို ဝိုင်းရံပိတ်ဆို့ထားရင် သမိုင်းတစ်လျောက်က အာဏာစက်ပြင်းတယ်ဆိုတဲ့ ဧကရာဇ်တောင် လီဝမ်ဟွေ့ရဲ့ အသက်ကို ကယ်တင်နိုင်မှာ မဟုတ်ဘူး။ လက်ရှိ ဧကရာဇ် ဆိုရင် ပိုဆိုးတာပေါ့။ လီမိသားစု စော်ဘွားအိမ်တော်ရဲ့ စစ်သည် သောင်းချီ မြောက်ဘက်ကို မိုင်အနည်းငယ် ချီတက်လာတာနဲ့ လီဝမ်ဟွေ့ သေမယ့်နေ့ပဲ။ သူ အသားတခြားအရိုးတခြားဖြစ်သွားပြီ.ရက်ရက်က်စက် သတ်ဖြတ်ခံရလိမ့်မယ်။ ”
လီချန်ချန်က ပြောလိုက်သည်။ “ ဘာလို့လဲ။ သူ သေတော့မယ် ဆိုတာ သိရက်နဲ့ ဘာလို့ လုပ်ခဲ့တာလဲ။ သာမန်မိန်းမစိုးလေးတုပိုင်တစ်ယောက်တည်းအတွက်နဲ့ တန်လို့လား။ ”
လီတောက်ကျိန်း သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။
“ ဒီလောကကြီးမှာ သေရမှာ မကြောက်တဲ့ လူတချို့ တကယ် ရှိကြတယ်။ ဂုဏ်သိက္ခာအတွက် ဓားတောင် မီးပင်လယ် ဆိုတာ သိရင်တောင် သူတို့ ရှေ့ဆက်တိုးကြတယ်။ ”
“ အရူးကောင်။ တန်ဖိုးမရှိတဲ့ အသက်ပဲ။ ” လီချန်ချန် စူးရှစွာ အော်ဟစ်လိုက်သည်။ “ လီဝမ်ဟွေ့ သေရင်လည်း သေပါစေတော့။ ငါ့ လီမိသားစုက လူကို ဘာလို့ သတ်တာလဲ။ သူ့ကို အပိုင်းပိုင်းအစစ ဆွဲဖြဲပစ်လိုက်ရင်တောင် ငါတို့ ဆုံးရှုံးလိုက်ရတဲ့ မျက်နှာကို ပြန်ရမှာ မဟုတ်ဘူး။ တုပိုင်တစ်ယောက်အတွက်နဲ့လား။ အဲဒီ ခွေးချေးတုံးကောင် သေရင်လည်း သေပါစေတော့။ ဘာလို့ ငါတို့ကို လာပြီး လက်စားချေရတာလဲ။ ”
ဤစကားများသည် ယုံကြည်နိုင်စရာ မရှိလောက်အောင် မောက်မာသော်လည်း လီချန်ချန်၏ ပါးစပ်မှ ထွက်လာသောအခါ လုံးဝ ပုံမှန်ဟု ထင်ရသည်။ ထိတ်လန့်မှု ပြီးနောက် အဆုံးမဲ့ ဒေါသများ ရောက်ရှိလာသည်။
လီချန်ချန်သည် စားပွဲကို လက်ဖြင့် ရိုက်ချလိုက်ပြီး ရှူးရှူးရှားရှား ပြောလိုက်သည်။
“ လီမိသားစု အိမ်တော်က စစ်သည် အားလုံးကို စုစည်းပြီး သွေးကွမ်ရင်မယ်တော်ရဲ့ နေအိမ်ကို တိုက်ခိုက်ဖို့ အမိန့်ပေးလိုက်။ ငါ တုပိုင်ကို အပိုင်းပိုင်းအစစ ဆွဲဖြဲချင်တယ်။ အရိုးတွေကို အမှုန့်ကြိတ်၊ အသားတွေကို ဟင်းရည်ထဲထည့်ချက်၊ ခေါင်းကို ချက်ပြုတ်၊ သေတ္တာထဲ ထည့်ပြီး လီဝမ်ဟွေ့ဆီ ပို့လိုက်ချင်တယ်။ လီမိသားစုကို ပြစ်မှားရင် ဘာဖြစ်မလဲ။ လီချန်ချန်ကို ပြစ်မှားရင် ဘာဖြစ်မလဲ ဆိုတာ သူ့ကို သိစေချင်တယ်။ ”
“ ဟုတ်ကဲ့။ ” လက်ဖြောင့်တပ်သား ကန်ရှန်က စိတ်လှုပ်ရှားစွာ ပြန်ပြောလိုက်သည်။
လီမိသားစု၏ အိမ်ထောင်စု တစ်သောင်း တပ်မတော်မှ တပ်မှူးတစ်ဦးနှင့် လက်ဖြောင့်တပ်သား တစ်ဦး အနေဖြင့် သူသည် သဘာဝကျကျ အလွန် ဂုဏ်ယူတတ်ပြီး အားနည်းသော တာ့နင်အင်ပါယာကို အထင်သေးသည်။
ကွမ်ရှီးရှိ လီမိသားစု အမာခံစခန်းကို လီဝမ်ဟွေ့က အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းသည် ကန်ရှန်ကို လုံးဝ ဒေါသထွက်စေခဲ့သည်။ အထူးသဖြင့် သူ့အစ်ကို ကန်လော့သည် ဝမ်ရှန်းမျှော်စင် ပိုင်ရှင် ဖြစ်သောကြောင့် ဖြစ်သည်။
ထို့ကြောင့် သူသည် မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး သွားတစ်ချောင်းအတွက် သွားတစ်ချောင်း လက်တုံ့ပြန်ရန် တောင်းဆိုခဲ့သည်။
လီဝမ်ဟွေ့က ဝမ်ရှန်းမျှော်စင်ကို တိုက်ခိုက်သောအခါ သူက လူများကို ဦးဆောင်ပြီး တုပိုင်ကို အရိုးတခြားအသားတခြားဖြစ်အောင် သတ်ဖြတ်မည် ဖြစ်သည်။
လီတောက်ကျိန်း တားဆီးချင်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် တုပိုင်ကို သတ်ရန် အကြောင်းပြချက် လိုအပ်ပြီး တရားဝင်သော အကြောင်းပြချက် ဖြစ်ရန် လိုအပ်သောကြောင့် ဖြစ်သည်။
အပိုင်း ၁၉၄ ပြီး။