အခန်း (၁၉၅)
Vol. 20 Ch. 195
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၁၉၅
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
သို့သော် သူမသည် ရူးသွပ်နေသော တပည့်ကို မတားဆီးနိုင်ခဲ့ပေ။
သို့သော် ကန်ရှန် အပြင်ထွက်ပြီး လီမိသားစု အပန်းဖြေစံအိမ်မှ စစ်သည် အားလုံးကို စုစည်းရန် ပြင်ဆင်နေစဉ်မှာပင် သက်လတ်ပိုင်း အမျိုးသား တစ်ဦး အလျင်အမြန် ဝင်ရောက်လာသည်။
“ အရှင်လီ။ ” ဧည့်သည်ကို မြင်သောအခါ ကန်ရှန်သည် လေးလေးနက်နက် ဦးညွှတ်လိုက်သည်။
ဤသူသည် လျန်ကျိုးစီရင်စုရှိ လီမိသားစု အပန်းဖြေစံအိမ် ပိုင်ရှင် ဖြစ်သည်။ သူ့အမည်မှာ လီထျန်နန် ဖြစ်ပြီး လီရူဟိုင်၏ ဖခင် မွေးစားခဲ့သော သားများထဲမှ တစ်ဦး ဖြစ်သည်။ ထို့ကြောင့် လီရူဟိုင်၏ သွေးသောက် ညီအစ်ကိုလည်း ဖြစ်သည်။
ကွမ်ရှီးရှိ လီမိသားစု၏ အရေးအကြီးဆုံး အမာခံစခန်း နှစ်ခုမှာ ကွေ့လင်ရှိ ဝမ်ရှန်းမျှော်စင်နှင့် လျန်ကျိုးစီရင်စုရှိ လီမိသားစု အပန်းဖြေစံအိမ် တို့ ဖြစ်ကြသည်။
အရောင်းအဝယ် အားလုံးကို ကွေ့လင်ရှိ ဝမ်ရှန်းမျှော်စင်တွင် ညှိနှိုင်းကြပြီး ရွှေနှင့် ငွေ အားလုံးကို ထိုနေရာသို့ လွှဲပြောင်းကြသည်။
သို့သော် သံ၊ ဆား၊ လက်နက်နှင့် ကောက်ပဲသီးနှံများ အပါအဝင် ကုန်ပစ္စည်းများ၏ လက်တွေ့ ကုန်သွယ်မှုကို လျန်ကျိုးစီရင်စု၊ အထူးသဖြင့် လီမိသားစု အပန်းဖြေစံအိမ်တွင် ပြုလုပ်ကြသည်။
အဘယ်ကြောင့်ဆိုသော် လျန်ကျိုးစီရင်စုသည် ဆိပ်ကမ်းနှင့် နီးကပ်သောကြောင့် ကုန်ပစ္စည်း အားလုံးကို ဤနေရာမှ တိုက်ရိုက် တင်ပို့နိုင်သောကြောင့် ဖြစ်သည်။
ကွမ်ရှီးရှိ လီမိသားစု၏ အရေးအကြီးဆုံး ပုဂ္ဂိုလ် နှစ်ဦးမှာ ခေါင်းဆောင် လီထျန်နန်နှင့် ဒုတိယခေါင်းဆောင် ကန်လော့ တို့ ဖြစ်ကြသည်။
“ သခင်မလေးကို ဂါရဝပြုပါတယ်။ ” လီထျန်နန်သည် လီချန်ချန်ကို ဦးညွှတ်လိုက်သည်။
“ မလုပ်ပါနဲ့။ ဦးလေးထျန်နန်က လူကြီးလေ။ ဒီလို ယဉ်ကျေးစရာ မလိုပါဘူး။ ” လီချန်ချန်က ပြောလိုက်သည်။
လီထျန်နန်က ပြောလိုက်သည်။
“ လီဝမ်ဟွေ့က ဝမ်ရှန်းမျှော်စင်ကို တိုက်ခိုက်ပြီး ကွေ့လင်မှာ ရှိတဲ့ လီမိသားစု အမာခံစခန်း အားလုံးကို အမြစ်ပြတ် သုတ်သင်ရှင်းလင်းလိုက်ပြီ။ သခင်မလေးက ဒီကိစ္စကို ဘယ်လို ကိုင်တွယ်ဖို့ စီစဉ်ထားလဲ။ ”
လီချန်ချန်က ပြောလိုက်သည်။
“ အပန်းဖြေစံအိမ်တွေက စစ်သည် အားလုံးကို စုစည်းဖို့ ကန်ရှန်ကို ခိုင်းလိုက်မယ်။ ပြီးရင် သွေးကွမ်ရင်မယ်တော်ရဲ့ နေအိမ်ကို သွားပြီး တုပိုင်ကို အသားစဉ်းကော ဖြစ်အောင် ခုတ်မယ်။ သူ့ခေါင်းကို ရေနွေးထဲ ထည့်ပြုတ်ပြီး လီဝမ်ဟွေ့ဆီ ပို့လိုက်မယ်။ ကျွန်မက ထပ်တူ လက်တုံ့ပြန်ချင်တယ်။ ကျွန်မကို ဒေါသထွက်အောင် လုပ်ရင် ဘာဖြစ်မလဲ ဆိုတာ လီဝမ်ဟွေ့ကို ပြချင်တယ်။ ”
လီထျန်နန်က ပြောလိုက်သည်။
“ မလိုတော့ဘူး။ လီဝမ်ဟွေ့ မကြာခင် ဒီကို ရောက်လာတော့မယ်။ ပြီးတော့ သူ ဒါကို ကြိုပို့လိုက်တယ်။ ”
ထို့နောက် သူသည် လက်ထဲမှ သေတ္တာကို ဖွင့်လိုက်သည်။
ချက်ချင်းပင် သွေးညှီနံ့များ အခန်းတစ်ခန်းလုံး ပြည့်နှက်သွားသည်။
သေတ္တာထဲတွင် ဝမ်ရှန်းမျှော်စင် ပိုင်ရှင်နှင့် လီရူဟိုင်၏ လူယုံ ကန်လော့၏ ခေါင်း ရှိနေသည်။ ခေါင်းသည် နှစ်ပိုင်း ဆွဲဖြဲခံထားရပြီး ပြန်လည် ချုပ်ထားသည်။ ယင်းသည် အလွန်ရက်စက်ပြီး ကြောက်မက်ဖွယ် ကောင်းနေသည်။
ချက်ချင်းပင် ကန်ရှန်၏ မျက်လုံးများ ပြူးကျယ်သွားပြီး ထိတ်လန့်တကြား ဟိန်းဟောက်လိုက်သည်။ “ လီဝမ်ဟွေ့။ ငါ မင်းကို အပိုင်းပိုင်းအစစ ဆွဲဖြဲပစ်မယ်။ အပိုင်းပိုင်းအစစ ဆွဲဖြဲပစ်မယ်။ ” ကန်လော့သည် သူ့အစ်ကို ဖြစ်ပြီး သူတို့ နှစ်ဦး ဆက်ဆံရေး အလွန် ကောင်းမွန်သည်။
လီတောက်ကျိန်းက မေးလိုက်သည်။
“ လီဝမ်ဟွေ့က ကွေ့လင်က ဝမ်ရှန်းမျှော်စင်ကို ဘယ်အချိန် သိမ်းပိုက်လိုက်တာလဲ။ ”
လီထျန်နန်က ပြောလိုက်သည်။
“ ခိုစာကတစ်ဆင့် ပေးပို့တဲ့ လျှို့ဝှက်သတင်းအရ ညရောက်ပြီး သုံးနာရီခွဲပဲ ရှိသေးတယ်။ ”
လီချန်ချန်က ပြောလိုက်သည်။
“ သုံးနာရီ ကျော်ကျော်လေး အတွင်းမှာ လီဝမ်ဟွေ့က ကန်ရှန်ရဲ့ ခေါင်းကို ကွေ့လင်ကနေ လျန်ကျိုးစီရင်စုဆီ ပို့ပေးလိုက်တာလား။ ”
ကွေ့လင်သည် လျန်ကျိုးနှင့် မိုင်တစ်ထောင်ကျော် ဝေးကွာသော်လည်း ကန်ရှန်၏ ခေါင်းကို ပို့ဆောင်ရန် ခြောက်နာရီ၊ ခုနစ်နာရီသာ ကြာခဲ့သည်။
လီထျန်နန်က ပြောလိုက်သည်။
“ သူတို့က ယဉ်ပါးအောင် သင်ထားတဲ့ လင်းတတွေကို အသုံးပြုပြီး စခန်း တစ်ခုနဲ့ တစ်ခု လက်ဆင့်ကမ်း ပျံသန်းစေခဲ့တာ။ ဒါကြောင့် ကန်ရှန်ရဲ့ ခေါင်းကို ကျွန်တော်တို့ဆီ သုံးနာရီ ကျော်ကျော်လေးနဲ့ ပို့ပေးနိုင်ခဲ့တာ။ ”
ထို့နောက် လီထျန်နန်က ပြောလိုက်သည်။
“ ဒီမှာ နောက်ထပ် စာတစ်စောင် ရှိသေးတယ်။ ”
လီချန်ချန်က အေးစက်စွာ ပြောလိုက်သည်။
“ ဖတ်လိုက်။ ”
လီထျန်နန်သည် လီဝမ်ဟွေ့၏ လက်ရေးစာကို ဖတ်ပြလိုက်သည်။
“ မင်းတို့ ငါ့သား တုပိုင်ကို ဒုက္ခပေးရဲရင် အကျိုးဆက်အနေနဲ့ ကွမ်ရှီးမှာ ရှိတဲ့ မင်းတို့ရဲ့ အမာခံစခန်းတွေနဲ့ စီးပွားရေး လုပ်ငန်း အားလုံးကို ငါ အမြစ်ပြတ် သုတ်သင်ရှင်းလင်းမယ်။ မင်းတို့ လီမိသားစုဝင် အားလုံးကို ငါ သတ်ပစ်မယ်။ ”
ဤစကားများသည် ရောက်ရှိနေသူ အားလုံးကို တုန်လှုပ်သွားစေသည်။ ကွေ့လင်စီရင်စု တစ်ခုတည်း သုတ်သင်ရှင်းလင်းခံရခြင်း မဟုတ်ဘဲ ကွမ်ရှီးပြည်နယ်ရှိ အခြား စီရင်စုများနှင့် ခရိုင်များလည်း ပါဝင်ကြောင်း သိလိုက်ရသည်။
လူဘယ်လောက် သေဦးမည်နည်း သုံးထောင်လော။ လေးထောင်လော။.ချက်ချင်းပင် ရောက်ရှိနေသူ အားလုံး ကျောချမ်းသွားကြသည်။ လီချန်ချန်ပင်လျှင် ကျောချမ်းသွားသလို ခံစားလိုက်ရသည်။ လီဝမ်ဟွေ့၏ လက်စားချေမှုသည် ဤမျှ ရက်စက်လိမ့်မည်ဟု သူမ လုံးဝ မမျှော်လင့်ထားခဲ့ပေ။
“ တုပိုင်ကို အဆိပ်မြားနဲ့ ပစ်ခဲ့တဲ့ လူနာမည်က ကန်ရှန်ဆိုတာ ငါသိတယ်။ သူ့ကို ငါ့ဆီ လွှဲပေး။ ငါ သူ့ကို အရှင်လတ်လတ် အရေခွံခွာ၊ အပိုင်းပိုင်းအစစ ဆွဲဖြဲပြီး အသားတခြားအရိုးတခြားလုပ်ပြစ်မယ်။ ”
ထိုစကားကို ကြားသောအခါ ကန်ရှန်၏ မျက်နှာထား ပြောင်းလဲသွားပြီး ဟိန်းဟောက်လိုက်သည်။
“ အိပ်မက် မက်နေလိုက်။ အိပ်မက် မက်နေလိုက်။ ငါ အခုချက်ချင်း မြောက်ဘက်ကို စစ်ချီပြီး လီဝမ်ဟွေ့ကို အပိုင်းပိုင်းအစစ ဆွဲဖြဲပစ်မယ်။ ”
လီမိသားစု အပန်းဖြေစံအိမ် ပိုင်ရှင် လီထျန်နန်သည် သူ့ကို လစ်လျူရှုပြီး လီဝမ်ဟွေ့၏ စာကို ဆက်ဖတ်လိုက်သည်။
“ ကန်ရှန်ကို လွှဲပေး။ ပြီးရင် လီချန်ချန်က အပြစ်ဝန်ခံဖို့ ငါ့ရဲ့ အရှေ့ဘက်ကွပ်ကဲရေးရုံးကို လာခဲ့။ ငြင်းဆန်ရင် မင်းတို့ လီမိသားစု အပန်းဖြေစံအိမ်ကို အပျက်အစီးပုံ ဖြစ်အောင် လုပ်ပစ်ပြီး အထဲက လူအကုန်လုံးကို သတ်ပစ်မယ်။ ”
စာဖတ်ပြီးသွားပြီ နောက်ကန်ရှန်၏ မျက်နှာသည် နီရဲသွားပြီး ဟိန်းဟောက်လိုက်သည်။
“ သူ ရဲလို့လား။ သူလုပ်ရဲလို့လားကွ။ လီဝမ်ဟွေ့မှာ အသက်တစ်ရာ ရှိရင်တောင် ငါ့ လီမိသားစု အပန်းဖြေစံအိမ်ကို မတိုက်ခိုက်ရဲသလို သခင်မလေးရဲ့ ဆံခြည်တစ်မျှင်ကိုလည်း မထိရဲဘူး။ သူက ထိုက်တန်လို့လား။ ”
လီထျန်နန်က ပြောလိုက်သည်။
“ လီဝမ်ဟွေ့က ဝမ်ရှန်းမျှော်စင်ကို တိုက်ခိုက်လိုက်တဲ့ အချိန်ကစပြီး ကောင်းကင်ကြီးကို အဓိကအားဖြင့် ဆွဲဖြဲလိုက်တာပဲ။ သူ သေရတော့မယ် ဆိုတာ သူ သိတယ်။ သေရမှာ မကြောက်တဲ့သူက ဘာကို မလုပ်ရဲဘဲ နေမှာလဲ။ ”
ထိုစဉ် အပြင်ဘက် လမ်းမပေါ်မှ အသံများ ဆက်တိုက် ထွက်ပေါ်လာသည်။ သေချာ နားထောင်လိုက်သောအခါ မရေမတွက်နိုင်သော စစ်စည်များ၏ ခြေသံများ ဖြစ်နေသည်။
မနက်လေးနာရီ ဖြစ်သည်။ လမ်းဘေးတစ်ဖက်တစ်ချက်ရှိ လူများသည် ခြေသံများနှင့် သံချပ်ကာချင်း ရိုက်ခတ်သံများကြောင့် နိုးလာကြသည်။ သူတို့သည် တိတ်တဆိတ် ထပြီး ပြတင်းပေါက်မှ အပြင်သို့ ချောင်းကြည့်လိုက်ကြသည်။
ချက်ချင်းပင် လီမိသားစု အပန်းဖြေစံအိမ်ဆီသို့ လျင်မြန်စွာ ချီတက်လာနေကြသော လက်နက်အပြည့်အစုံ တပ်ဆင်ထားပြီး သပ်ရပ်စွာ တန်းစီထားသည့် အရှေ့ဘက်ကွပ်ကဲရေးရုံး စစ်သည်များကို မြင်တွေ့လိုက်ရသည်။
သူတို့ အားလုံး ကြောက်လန့်သွားကြပြီး စောင်အောက်တွင် အမြန် ပုန်းအောင်းကာ အသံမထွက်ရဲကြပေ။
**--**--**--**--**--**--**--**
နာရီဝက် ကြာပြီးနောက် အရှေ့ဘက်ကွပ်ကဲရေးရုံး စစ်သည် သုံးထောင်သည် လီမိသားစု အပန်းဖြေစံအိမ်ကို လုံးဝ ဝိုင်းရံပိတ်ဆို့ထားလိုက်သည်။ အားကောင်းသော ဒူးလေး ရာပေါင်းများစွာ၊ ကျောက်ခဲပစ်စက် ဒါဇင်ပေါင်းများစွာနှင့် မရေမတွက်နိုင်သော အဆိပ်ဆီဗုံးများက စံအိမ်ကိုချိန်ရွယ်ထားသည်ယ
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ လီထျန်နန်၏ ဆံပင်များ ထောင်မတ်သွားပြီး ဟိန်းဟောက်လိုက်သည်။
“ လီဝမ်ဟွေ့ ရူးသွားပြီ။ သူ ရူးသွားပြီ။ သူက ကျောက်ခဲပစ်စက်ကို တကယ် အသုံးပြုနေတာပဲ။ ”
လွန်ခဲ့သော အချိန်အတန်ကြာက လီကျင်းဌာနနှင့် အရှေ့ဘက်ကွပ်ကဲရေးရုံးတို့၏ ပြည်တွင်းရေး ပဋိပက္ခတွင် ကျောက်ခဲပစ်စက်များ အသုံးပြုခဲ့ကြပြီး မင်းသမီးယွီကျိန်း ကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။ ရလဒ်အနေဖြင့် အိမ်ထောင်စု တစ်သောင်း တပ်မတော်မှ လီကျင်းဌာန တပ်မှူးသည် ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့ပြီး တပ်စောင့်ကွပ်ကဲရေးမှူးသည် ရာထူးဝတ်ရုံကို ချွတ်၊ ကိုယ့်ကိုယ်ကိုယ် ကြိုးတုပ်ကာ အပြစ်ဝန်ခံရန် မြို့တော်သို့ သွားရောက်ခဲ့ရသည်။
ယခုအခါ လီမိသားစု အပန်းဖြေစံအိမ်ကို တိုက်ခိုက်ရန်အတွက် အရှေ့ဘက်ကွပ်ကဲရေးရုံးသည် ကျောက်ခဲပစ်စက်များကိုပါ အသုံးပြုနေ၏။ ထို့အပြင် အဆိပ်ဆီဗုံးတွေကပင် အဆစ်ပါလာသေးသည်။ လီဝမ်ဟွေ့ တကယ် ရူးသွားပြီလော။
လီတောက်ကျိန်းသည် အပြင်ဘက်ရှိ အုံလိုက်ကျင်းလိုက်ကြီးရှိသော အရှေ့ဘက်ကွပ်ကဲရေးရုံး စစ်သည်များကို ကြည့်ကာ ပြောလိုက်သည်။
“ လျန်ကျိုးစီရင်စုရဲ့ ဘယ်နေရာမှာ အရှေ့ဘက်ကွပ်ကဲရေးရုံး စစ်သည် ဒီလောက်အများကြီး ရှိလို့လဲ။ အနီးနားက စီရင်စု အားလုံးက လူတွေကို ဒီကို ပြောင်းရွှေ့လာရင်တောင် ဒီလောက် ရှိမှာ မဟုတ်ဘူး။ အများဆုံး ၈၀၀ ပဲ ရှိမယ်။ ”
မှန်ပါသည်။ အများဆုံး ၈၀၀ သာ ရှိသည်။
ကျန်ရှိသော ၂၂၀၀ တွင် ၈၀၀ သည် သွေးကွမ်ရင်မယ်တော်၏ သွေးနဂါးဂိုဏ်းမှ ဖြစ်ပြီး ၁၅၀၀ သည် ကျန်းနန်နယ်စားမင်း အိမ်တော်မှ ဖြစ်သည်။
လီဝမ်ဟွေ့၏ လျှို့ဝှက်စာနှင့် စစ်စရိတ်အတွက် ငွေတုံး ၅ သိန်း ရရှိပြီးနောက် သခင်လေးနှင့် နယ်စားကတော်တို့သည် နယ်စားမင်းအိမ်တော် အစောင့်အားလုံးကို ငှားရမ်းပေးရန်နှင့် အရှေ့ဘက်ကွပ်ကဲရေးရုံး စစ်သည်များ၏ သံချပ်ကာများဖြင့် လဲလှယ်ဝတ်ဆင်စေရန် ပြတ်သားစွာ ဆုံးဖြတ်ခဲ့ကြသည်။
ထို့ကြောင့် သူတို့သည် လီမိသားစု အပန်းဖြေစံအိမ်ကို ဝိုင်းရံထားသော အရှေ့ဘက်ကွပ်ကဲရေးရုံး စစ်သည် သုံးထောင်ကျော် အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
အသံကျယ်သော အရှေ့ဘက်ကွပ်ကဲရေးရုံး မိန်းမစိုး အများအပြား အော်ဟစ်လိုက်ကြသည်။
“ ကွမ်ရှီး အရှေ့ဘက်ကွပ်ကဲရေးရုံး ကွပ်ကဲရေးမှူး လီဝမ်ဟွေ့ရဲ့ အမိန့်အရ လူသတ်သမား ကန်ရှန်ကို ဖမ်းဆီးရမယ်။ လီချန်ချန်နဲ့ လီထျန်နန်။ ကန်ရှန်ကို အခုချက်ချင်း လွှဲပေး။ မဟုတ်ရင် မင်းတို့ရဲ့ လီမိသားစု အိမ်တော်ကို အပျက်အစီးပုံ ဖြစ်အောင် လုပ်ပစ်ပြီး အကုန်လုံးကို သတ်ပစ်မယ်။ ”
“ လီမိသားစု အပန်းဖြေစံအိမ်ဟာ ရန်သူ့နိုင်ငံတွေနဲ့ ပူးပေါင်းကြံစည်ပြီး တရားမဝင် ဆားနဲ့ သံ ကုန်သွယ်မှု ပြုလုပ်ခဲ့တယ်။ နိုင်ငံတော်ပုန်ကန်မှုနဲ့ ညီမျှတဲ့ ပြစ်မှုပဲ။ အထဲက လူတိုင်း တံခါးဖွင့်ပြီး အခုချက်ချင်း လက်နက်ချ အညံ့ခံကြ။ မဟုတ်ရင် သတ်ဖြတ်ခြင်းကို ခံရလိမ့်မယ်။ ”
လူသုံးထောင် ဆိုသည်မှာ သိပ်မများလှဟု ထင်ရသော်လည်း လီမိသားစု အပန်းဖြေစံအိမ်ကို လုံးဝ ဝိုင်းရံပိတ်ဆို့ရန် လုံလောက်သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ လီချန်ချန် ဒေါသထွက်သွားသည်။ သူမသည် ယခင်က ဤကဲ့သို့ အနိုင်ကျင့်ခံရခြင်း မရှိခဲ့ဖူးပေ။
သူမသည် မိုးလင်းလျှင် တုပိုင်ကို သတ်ရမည် ဖြစ်သော်လည်း ယခုအခါ ဤခြံဝင်းထဲတွင် ပိတ်မိနေသည်။
သေချာသည်မှာ ဓားမိစ္ဆာ လီတောက်ကျိန်းအတွက် သူမကို ခေါ်ထုတ်သွားရန် မခက်ခဲသော်လည်း ယင်းသည် ထွက်ပြေးခြင်း ဖြစ်မည် ဖြစ်ပြီး သူမ၏ မျက်နှာကို လုံးဝ ပျက်စီးစေလိမ့်မည်။
ည ၉ နာရီခန့်တွင် လီဝမ်ဟွေ့သည် ကွေ့လင်စီရင်စုရှိ ကိစ္စအဝဝကို ဖြေရှင်းပြီးသွားခဲ့ပြီ ဖြစ်သည်။ အချိန်တစ်ခဏမျှ မဖြုန်းတီးဘဲ သူသည် လီမိသားစု အပန်းဖြေစံအိမ်ကို ဝိုင်းရံပိတ်ဆို့ရန်အတွက် လူယုံအချို့ကို ဦးဆောင်ကာ လျန်ကျိုးစီရင်စုဆီသို့ တောင်ဘက်သို့ ဦးတည်၍ အမြန်ဆုံး ထွက်ခွာသွားလေသည်။
အရှေ့ဘက်ကွပ်ကဲရေးရုံး၏ စခန်းအားလုံးတွင် ရိက္ခာခြောက်များ၊ မြင်းများနှင့် ရေများကို အသင့် ပြင်ဆင်ထားကြသည်။
သူတို့သည် လီသုံးဆယ်ခရီး ရောက်တိုင်း မြင်းလဲလှယ်ကြသည်။ သူတို့သည် အိပ်စက်ခြင်း၊ အနားယူခြင်း မရှိဘဲ လီထောင်ပေါင်းများစွာ ဝေးကွာသော ခရီးကို အသည်းအသန် နှင်လျက်ရှိသည်။
**--**--**--**--**--**--**--**
လျန်ကျိုးစီရင်စု၊ လီမိသားစု အပန်းဖြေစံအိမ်။
လီမိသားစု အပန်းဖြေစံအိမ် ပိုင်ရှင် လီထျန်နန်သည် တံတိုင်းပေါ်သို့ တက်ကာ ပြောလိုက်သည်။
“ ဒီနေရာက ဘာနေရာလဲ ဆိုတာ မင်းတို့ သိရဲ့လား။ ဒါက တာ့နင်အင်ပါယာမှာ ရှိတဲ့ လီမိသားစု စော်ဘွားအိမ်တော်ရဲ့ အာဏာအရှိဆုံး နေရာပဲ။ မင်းတို့က ဒီနေရာကို ဝိုင်းရံပိတ်ဆို့ရဲတာ နိုင်ငံတော်ပုန်ကန်မှုနဲ့ အတူတူပဲ။ ”
အရှေ့ဘက်ကွပ်ကဲရေးရုံး စစ်သည်သုံးထောင်သည် မကြားချင်ယောင် ဆောင်နေကြသည်။ ထိုအမျိုးသားများသည် ထိုစကားတစ်ခွန်းတည်းကိုသာ ထပ်ခါတလဲလဲ အော်ဟစ်နေကြသည်။ လီမိသားစု အပန်းဖြေစံအိမ်အနေဖြင့် တုပိုင်ကို သတ်ဖြတ်ရန် ကြိုးစားခဲ့သော လူသတ်သမား ကန်ရှန်ကို လွှဲပေးရန်နှင့် လီချန်ချန်အား အဖမ်းခံရန် တောင်းဆိုသည်။
လီမိသားစု အပန်းဖြေစံအိမ်သည် ရန်သူ့နိုင်ငံနှင့် ပူးပေါင်းကြံစည်နေသည်။ လူတိုင်း ခုခံမှုကို စွန့်လွှတ်ပြီး တံခါးဖွင့်ပေးရမည်။ သို့မဟုတ်ပါက အသနားခံခြင်း မရှိဘဲ သတ်ဖြတ်ခြင်း ခံရမည်။
ထိုအချိန်တွင် လီမိသားစု အပန်းဖြေစံအိမ်မှ စစ်သည် ရာပေါင်းများစွာသည် လေးနှင့် မြားများကို ဆွဲယူကာ တံတိုင်းပေါ်သို့ တက်ပြီး ခံစစ်စည်းကြောင်းတစ်ခု တည်ဆောက်လိုက်ကြသည်။
အပြင်ဘက်ရှိ အရှေ့ဘက်ကွပ်ကဲရေးရုံး စစ်သည် သုံးထောင်သည် ချက်ချင်း မတိုက်ခိုက်ဘဲ ဝိုင်းရံထားရုံသာ ဝိုင်းရံထားကြောင်း လီထျန်နန် တွေ့ရှိလိုက်ရသည်။
ချက်ချင်းပင် နှစ်ဖက်စလုံးသည် တင်းမာသော အခြေအနေသို့ ရောက်ရှိသွားကြသည်။
“ သူတို့ လီဝမ်ဟွေ့ကို စောင့်နေကြတာ။ ” လီတောက်ကျိန်းက ပြောလိုက်သည်။
ကန်ရှန်က ပြောလိုက်သည်။
“ သူတို့က စစ်မတိုက်ချင်ဘဲ ငါတို့ကို ဖိအားပေးပြီး ညှိနှိုင်းချင်နေတာ ဖြစ်မယ်။ ငါတို့ တုပိုင်ကို လွှတ်ပေးဖို့ မျှော်လင့်နေတာ။ ”
လီထျန်နန်က ပြောလိုက်သည်။
“ အဲဒါ အကောင်းဆုံးပဲ။ ငါတို့ ထိန်းချုပ်ထားတဲ့ ဂိုဏ်းတွေကို စုစည်းပြီး ငါတို့ကို လာကူညီခိုင်းကြမယ်။ ”
ခဏအကြာတွင် အထူးအရောင်ရှိသော မီးရှူးမီးပန်း ငါးခုသည် လီမိသားစု အပန်းဖြေစံအိမ် အထက် ကောင်းကင်ယံသို့ ပျံတက်သွားသည်။
ဤသည်မှာ အမြင့်ဆုံးအဆင့် အချက်ပြမှု ဖြစ်သည်။ ဤအချက်ပြမှုကို မြင်လျှင် လီမိသားစုဝင် အားလုံး၊ လီမိသားစု ထိန်းချုပ်ထားသော ဂိုဏ်းအားလုံးနှင့် လီမိသားစု၏ မဟာမိတ် အားလုံးသည် လာရောက် ကူညီကြရမည်။
မနက် ငါးနာရီ ရှိနေပြီ ဖြစ်သဖြင့် လူအများအပြား နိုးထလာကြပြီး လီမိသားစု အပန်းဖြေစံအိမ်မှ အချက်ပြမှုကို မြင်တွေ့လိုက်ရသည်။
စစ်သည်များသည် တစ်ယောက်ပြီး တစ်ယောက် ဓားများကို ဆွဲယူကာ အပြေးအလွှား ရောက်ရှိလာကြသည်။
အပိုင်း ၁၉၅ ပြီး။